← Chapters

ငါးမရ ရေချိုးပြန်မည့်သူ

Vol. 93 Ch. 1288

ငါးမရ ရေချိုးပြန်မည့်သူ

Vol. 93 Ch. 1288

မြို့စားလု သားရဲအသွင်ပြောင်းလိုက်သော အခိုက်အတန့်တွင် မန်ဟိုသည် စက္ကန့်နှင့်အမျှ ပိုမိုရှင်းလင်းပြတ်သား၍ အားကောင်းလာနေသော တောင်ပင်လယ်လောကမှ အမျက်ဒေါသကို ခံစားလိုက်ရ၏။ အခြားသူများအတွက် ၎င်းမည်မျှပြင်းထန်ကြောင်း ခံစားသိရှိဖို့ ဖြစ်နိုင်မည်မဟုတ်သလို၊ ယုံလည်း ယုံကြည်ကြမည်မဟုတ်ပေ။ မည်သို့ဆိုစေ ၎င်းက တောင်ပင်လယ်လောကသားများ၏ ရင်ထဲ၌ အပြင်သူများအပေါ် မုန်းတီးစိတ်တို့ အလိုအလျောက် ဖြစ်ပေါ်လာစေသည်။

မှန်သည်၊ မန်ဟိုကတော့  ဤအပြင်သူအပေါ် သတ်လိုစိတ်တို့ ပြင်းထန်လာစေသော ဤအမျက်ဒေါသကို ရှင်းရှင်းဘွင်းဘွင်း ခံစားရနိုင်၏။ တစ်ချိန်တည်းမှာပင် .... ကြယ်တာရာကောင်းကင်၏အလွန်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံမှ လာနေသော ဤအပြင်သူ၏ ကိုယ်အစစ်ထံမှ အငွေ့အသက်များကိုလည်း ခံစားနေရလေသည်။

“တောင်ပင်လယ်လောကရဲ့ အမျက်ဒေါသတဲ့လား ဟမ်” မန်ဟိုက ရှောင်ရိဟန်၏ အနှစ်သာရ ၅ ခုအဆင့်ထက် သာလွန်သော ကျင့်ကြံခြင်းအခြေခံဖြင့် အပြင်သူကို ကြည့်လိုက်သည်။ “ဒါက ပူးကပ်ထားတာမျိုးဆိုပေမယ့် ပူးကပ်ထားတာလည်း မဟုတ်ပြန်ဘူး ... ဒါဟာ မြို့စားလုကို ပူးကပ်လိုက်တဲ့ ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ အလွန်က အစွမ်းထက်ပညာရှင်တစ်ဦးရဲ့ ပုံရိပ်တစ်ခုပဲ။ ဒါပေမဲ့ အဲဒီသတ္တဝါ သူ့ကို ဒီလောက်မြန်မြန် ပူးကပ်နိုင်လိုက်တာကို ကြည့်ရင် သူက ဒီကောင်ကြီးရဲ့ လက်ခံကိုယ် ဖြစ်နေခဲ့တာ ကြာပြီပဲ ဖြစ်ရမယ်” မန်ဟိုသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် ရှေ့တက်သွားပြီး သူ၏အပြင်အားကိုယ်ခွန်အားကို အသုံးပြုကာ အပြင်သူကို ဝင်တိုက်လိုက်၏။

အုန်းခနဲ မြည်ဟည်းသွားပြီး နှစ်ယောက်သား လူချင်းကွာသွားသည်။ မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသလို၊ အပြင်သူလည်း ထိုနည်းတူပင်။ ထို့အပြင် အပြင်သူ၏ရင်ဘတ်မှာ ချိုင့်ဝင်သွား၍ ခရမ်းရောင်သွေးများ စီးကျလာ၏။

“အစွမ်းထက်လိုက်တဲ့ အပြင်အားကိုယ်ပါလား.... ဒါပေမဲ့ ဒါက အပြင်သူရဲ့ ခန္ဓာကိုယ်အစစ်ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိသေးတာ... အခု စဉ်းစားကြည့်တော့မှ ဒီအရာကြီးကို ထိန်းချုပ်နေတဲ့ ကောင်းကင်ဘုံ ၃၃ ဘုံက အပြင်သူဟာ ထင်ရှားကျော်ကြားတဲ့သူပဲ ဖြစ်ရမယ်" မန်ဟို၏မျက်လုံးများသည် လင်းလက်တောက်ပသွား၏။ သူက မုဒြာလက်ကွက်ဖော်ရင်း အနှစ်သာရမီးတောက်ကို ထုတ်လွှတ်ကာ အပြင်သူအား ချက်ချင်း လွှမ်းခြုံသွားစေသည်။

အပြင်သူသည် မာန်သွင်းဟိန်းဟောက်ရင်း မျက်နှာပြင်ထက်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ ရေးထွင်းထားသည့် ဧရာမသစ်သားချောင်းကြီးများအား ပေါ်လာစေသည်။ သစ်သားချောင်းများသည် အနှစ်သာရစွမ်းအားဖြင့် တောက်လောင်နေလျက် မန်ဟို၏ နတ်မီးတောက်အနှစ်သာရကို ရင်ဆိုင်ရန် ထွက်သွားလေ၏။

တခဏကြာတွေးပြီးသော် မန်ဟိုက လက်ကို ဝှေ့ယမ်းကာ နတ်မီးတောက်အား လွင့်စင်ပြိုကွဲသွားစေသည်။ ထို့နောက် သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီး သူ၏လက်ချောင်းဖြင့် လက်ညှိုးထိုးလိုက်၏။ ချက်ချင်းပင် မရေမတွက်နိုင်သော တောင်များ ကျဆင်းစပြုလာသည်။ သို့သော် မန်ဟိုကား ရွေ့လျားနေခြင်းကို မရပ်။ သူသည် မှော်သိုင်းကွက်တစ်ကွက်ပြီးတစ်ကွက် ထုတ်လွှတ်ကာ အပြင်သူကို ထိုးနှက်ရင်း ၎င်း၏ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံကို ကောင်းမွန်စွာ နားလည်လာဖို့ ကြိုးစားနေ၏။

အပြင်သူက နတ်ဘုရားစွမ်းရည်များ၏ ထိုးနှက်မှုအောက်ဝယ် မာန်သွင်းဟိန်းဟောက်သည်။ ထို့နောက် ၎င်း၏မျက်လုံးများသည် တောက်ပလာပြီး ၎င်းက မန်ဟို့ထံ လက်လှမ်းကာ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ထိုလှုပ်ရှားမှုက မန်ဟို၏နှလုံးသားကို တုန်ရီသွားစေ၍ သူက ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။ တခဏကြာသော် စောစောက သူ ရှိခဲ့သော နေရာမှာ ရုတ်တရက် မီးမိုးကြိုးပစ်ချမှုကြောင့် ပြိုကျသွား၏။

သို့သော် ထိုမျှနှင့်မပြီးသေး။ မန်ဟို အဝေး၌ ပေါ်လာရုံရှိသေးသည်၊ အပြင်သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်သွားပြီး သူက မိုးကောင်းကင်ကို ဂါဝရပြုနေသည့်အလား ၎င်း၏လက်နှစ်ဖက်လုံးကို ခေါင်းအထက်၌ ဖြန့်ကားရင်း ဟိန်းဟောက်သည်။

ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်သည် တဝုန်းဝုန်း တုန်ရီလာပြီး တောင်ပင်လယ်လောကမှ မဟုတ်ကြောင်း ထင်ရှားသည့် အရှိန်အဝါတစ်ခုက အရပ်လေးမျက်နှာသို့ ဖြာထွက်စပြုလာလေသည်။ ထို့နောက် အရှိန်အဝါသည် စုစည်းလာပြီးနောက် .... ဧရာမအိမ်မြှောင်ကြီးတစ်ကောင်၏ပုံစံ ဖြစ်လာ၏။

အိမ်မြှောင်ကြီးကား မီတာသုံးသောင်းတိတိ ရှည်လျားပြီး မိုးထိုးနေသောစွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ မန်ဟိုသည် တောင်ပင်လယ်လောကမှ အသတ်အဖြတ်စိတ်ဆန္ဒ အမြင့်အသစ်တစ်ခုကို ထိုးတက်သွားသည်ကို အာရုံရလိုက်ရ၏။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ၎င်းမှာ ထုတ်ဖော်မပြသနိုင်အောင် ဖိနှိပ်ခံနေရပုံပေါ်သည်။ ၎င်းသည် အင်မော်တယ်အပျက်အစီးများနယ်တွင် အပြင်သူများ ပေါ်လာတုန်းက တုံ့ပြန်ခဲ့သလို တောင်ပင်လယ်များအတွင်း ပြောင်းလဲမှုများအား ဖြစ်ပေါ်စေနိုင်စွမ်း မရှိတော့ပေ။

“အစစ်အမှန်ကိုယ် ပျက်စီးစမ်း" အပြင်သူက ဟိန်းဟောက်သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများက ကြေမွလာရင်း သွေးများကို ပန်းထုတ်ပေးနေသည်။ ထို့နောက် သွေးများသည် အာကာသထဲ စီးကျသွားပြီး မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ်အိမ်မြှောင်ကြီး၏ ညာမျက်လုံးအပေါ်တွင် စုဝေးလာ၏။ ထိုကြက်သွေးရောင်မျက်လုံးကား အသိစိတ်ရှိလာသည့်အလားပင်။

မျက်လုံးကြီးသည် မန်ဟို့ကို လှည့်ကြည့်လိုက်၏။ စိတ်ထဲတွင် ပြင်းထန်သောဖိအားကြီးကို ခံစားလိုက်ရသဖြင့် မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။

“ပါရာဂွန် ... အနှစ်သာရ ၉ ခု မဟုတ်ဘူး။ အနည်းဆုံး အနှစ်သာရ ၇ ခု” သူက တုန်လှုပ်စွာဖြင့် တွေးလိုက်သည်။ သေစေနိုင်သောအန္တရာယ်အာရုံက ကြီးထွားလာပြီး သူ၏မျက်ဝန်းများ လင်းလက်လာသည်။ ထို့နောက် သူသည် သူ့ကိုယ်သူ ကာကွယ်ရန် ဖမ်းဆုပ်သည့်ဟန်လုပ်ရင်း တောင်ပင်လယ်များ၏စွမ်းအားကို ဆင့်ခေါ်လိုက်၏။

ထိုအခိုက်အတန့်တွင် ကြောက်ခမန်းလိလိ အဖျက်စွမ်းအားတို့ ပြည့်ဝနေသော သွေးနီရောင်အလင်းတန်းတစ်တန်းက အိမ်မြှောင်ကြီး၏မျက်လုံးထဲမှ ထွက်လာသည်။ ၎င်းက မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်၍ တောင်ပင်လယ်များ၏ စုပေါင်းစွမ်းအားကို ဝင်တိုက်လိုက်သည်။

ထိတ်လန့်ဖွယ်လှိုင်းဂယက်များ အနီရောင်အလင်းမှ ဖြာထွက်နေသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ တောင်ပင်လယ်များ၏ စွမ်းအား မှေးမှိန်ပျောက်ကွယ်သွားပြီး အိမ်မြှောင်ကြီး၏ ညာလက်မျက်လုံးထဲရှိ အနီရောင်အလင်းလည်း မှိန်ကျသွားသည်။

မန်ဟိုက ညာလက်ကို ဝှေ့ယမ်းကာ ပါရာဂွန်တံတားကို ဆင့်ခေါ်၍ အိမ်မြှောင်ကြီး၏ခန္ဓာကိုယ်အပေါ် ဝုန်းခနဲ ကျရောက်သွားစေသည်။ သူ၏အတိုက်အခိုက်စွမ်းရည် ပေါက်ကွဲထွက်လာစဉ် သူက ညာလက်ချောင်းကို လေကိုဖြတ်၍ ဝှေယမ်းရင်း တောင်ပင်လယ်များ၏စွမ်းအားကို အပြင်သူကို ဝင်တိုက်စေလိုက်ပြီး သွေးများအား နေရာအနှံ့ လွင့်စင်ထွက်သွားစေသည်။

ထိုလက်ချောင်းတစ်ချောင်း၏ ဝှေ့ယမ်းမှုသည် ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေ၏။ အပြင်သူတစ်ဦးအသွင်ဖြင့် မြို့စားလုမှာ တဆတ်ဆတ် တုန်ရီလာပြီး သွေးပျက်စွာ အော်ဟစ်လိုက်ရသည်။ သူက ပြန်တိုက်ခိုက်ဖို့ မုဒြာလက်တစ်ကွက် ဖော်ရင်း ရှိရှိသမျှစွမ်းအားအကုန် ထုတ်လွှတ်လိုက်သည်။ သို့သော် တခဏကြာသော် တောင်ပင်လယ်များ၏စွမ်းအားမှ စုဝေးဖြစ်တည်လာခဲ့ပုံရသည့် မမြင်ရသော ဧရာမလက်ချောင်းကြီးတစ်ချောင်းသည် သူ့အပေါ် ဖိနှိပ်လိုက်သလို ခံစားလိုက်ရ၏။

သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ နောက်ဆုတ်လိုက်သည့်အခါ သူ၏လက်မောင်းနှစ်ဖက်လုံး ကြေသွားပြီး သူ၏ရင်ဘတ်လည်း အသားစများသွေးများ ရဲပလောင်းခတ်နေလျက် ချိုင့်ဝင်ပေါက်ကွဲသွားသည်။ အိမ်မြှောင်ပုံရိပ်ကြီးမှာမူ ပါရာဂွန်တံတား၏ ဖိခြေခြင်းခံလိုက်ရ၍ ပျောက်ကွယ်နေလေသည်။

“ခင်ဗျားကို ဒီအတိုင်း သေခွင့်ပေးလိုက်ရင် နှမြောစရာကောင်းလိမ့်မယ်” မန်ဟိုက ပြောသည်။ အပြင်လူအသွင်နှင့် မြို့စားလု တစစီ ပြိုကွဲစပြုလာသည့်အချိန်မှာပင် မန်ဟိုသည် သူ့အနား၌ ပေါ်လာခဲ့ပြီး သူ၏ကြေနေသော ခေါင်းပေါ် လက်လှမ်းတင်လိုက်သည်.... ဝိညာဉ်ဖွေရှာခြင်း။

သို့သော် သူ ဝိညာဉ်ဖွေရှာနေသည်ကား မြို့စားလု၏ဝိညာဉ်သာ မဟုတ်။ အပေါ်က ကောင်းကင်ဘုံ ၃၃ ဘုံရှိ အစွမ်းထက်ပညာရှင်၏ဝိညာဉ်နှင့် ဆက်သွယ်ဖို့ … ၎င်းကို တံတားအဖြစ် အသုံးပြုနေခြင်းလည်း ဖြစ်သည်။

ထိုပညာရှင်သည် ပါရာဂွန်ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် မန်ဟိုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ဖွေရှာဦးမည်သာ။ သူသည် .... သူ၏ နတ်ဘုရားအာရုံနှင့် ပါရာဂွန်တစ်ဦး၏ နတ်ဘုရားအာရုံအကြား မည်မျှကွာခြားသလဲ အတိအကျ သိချင်နေ၏။

ဝုန်း

မြို့စားလုမှာ အကြောဆွဲသလို တုန်ရီနေပြီး သူ၏မျက်လုံးများက မန်ဟို့ကို စိုက်ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုသည် ထိုလူ၏မှတ်ဉာဏ်အားလုံးကို မြင်လိုက်ရသည့်အပြင် တစ်ချိန်တည်းမှာပင် မြို့စားလုကို ကြယ်တာရာကောင်းကင်၏ အထက်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံနှင့် ဆက်သွယ်ပေးထားသော ပါးလျပ်လျပ်အမျှင်လေးတစ်မျှင်ကိုလည်း အာရုံရလိုက်သည်။ သူက တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ထိုအမျှင် နောက်စလိုက်တော့သည်။

အမျှင်၏အနောက် စလိုက်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်သည် တုန်ခါသွားပြီး သူ့အနေဖြင့် ဆယ်ရာခိုင်နှုန်းလေးမျှပင် မယှဉ်နိုင်သော အခြားတစ်ဖက်ရှိ အစွမ်းထက်သောစိတ်ဆန္ဒကို ခံစားလိုက်ရ၏။

ထိုဖြစ်တည်မှုနှင့် နတ်ဘုရားအာရုံမှတစ်ဆင့် တဒင်္ဂလေးမျှသာ ထိတွေ့လိုက်ရသည့်တိုင် တန်ပြန်ရိုက်ခတ်မှုက သူ့ကို ဖျက်စီးလုနီးပါး ဖြစ်သွားသည်။ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် နောက်ဆုတ်လိုက်သည်။ သူ့ခေါင်းထဲတွင် မည်ကဲ့သို့အဖျက်စီးခံရတော့မလို ဖြစ်သွားရလဲ တွေးမနေသလို၊ ဒဏ်ရာများကိုလည်း ထည့်တွက်မနေပေ..... သူတွေးနေသည်ကား သူ ရရှိခဲ့သည့် ရှားမှရှားသောအခွင့်အရေးကိုသာ ဖြစ်သည်။

၎င်းက သူ့နတ်ဘုရားအာရုံ၏ စွမ်းအားကို များစွာ မြှင့်တင်နိုင်မည့် အခွင့်အရေးတစ်ခုပင်။

မန်ဟို ဆောင်ရွက်နေသော ဝိညာဉ်ဖွေရှာခြင်းက ကောင်းကင်ဘုံ ၃၃ ဘုံ ရှိ ပါရာဂွန်ကို ဆွေ့ဆွေ့ခုန်သွားအောင် ရန်စခဲ့သည့်အလား ထိုအံ့မခန်းလိလိနတ်ဘုရားအာရုံမှ ဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။

နတ်ဘုရားအာရုံသည် မန်ဟို့ကို သုတ်သင်ဖို့ လိမ့်ထွက်လာ၏။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း ဤနတ်ဘုရားအာရုံတိုက်ပွဲသည် တစ်စက္ကန့်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မန်ဟို၏နတ်ဘုရားအာရုံမှာ ချက်ချင်းဆိုသလို ပြိုကွဲသွားပြီး သူက ကျန်ရှိသောအမျှင်သေးသေးလေးအတိုင်း တောင်ပင်လယ်လောကသို့ ပြန်ဆုတ်ခွာနေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ ၃၃ ဘုံ၏ ပါရာဂွန်ထံမှ နတ်ဘုရားအာရုံက သူ့နောက်လိုက်နေသည်။

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏မျက်နှာမှာ လူသေကောင်ကြီးလို ဖြူဆုပ်သွားလေသည်။ သူ နောက်ဆုတ်လိုက်သည့်အခါ မြို့စားလု၏ခေါင်းသည် သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွား၏။ တစ်ဆက်တည်းမှာပင် သွေးထဲမှ အဆုံးမဲ့နတ်ဘုရားအာရုံက မန်ဟို့ထံ ပြေးဝင်လာသည်။

မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားစဉ် အသတ်အဖြတ်စိတ်ဆန္ဒက အရာအားလုံးကို လွှမ်းမိုးရင်း အရပ်လေးမျက်နှာ ဖြာထွက်သွားသည်။ နတ်ဘုရားအာရုံသည် ချက်ချင်း ဖိနှိပ်ခံလိုက်ရပြီး နောက်ဆက်တွဲအနေဖြင့် ကောင်းကင်ဘုံ ၃၃ ဘုံနှင့် ၎င်းကို ဆက်သွယ်ပေးထားသော အမျှင်လည်း မြို့စားလု၏သေဆုံးမှုကြောင့် ပြတ်တောက်သွား၏။

တောင်ပင်လယ်လောကတစ်ခုလုံးမှ ဖိအားက ၎င်း၏အစစ်အမှန်ကိုယ်မှ နတ်ဘုရားအာရုံကို ဖြတ်တောက်ပစ်ခဲ့သည်။ ထို့နောက် မန်ဟိုသည် မျက်လုံးတလက်လက်တောက်ပနေလျက် ရုတ်တရက် ပါးစပ်ဟကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

ထိုသို့လုပ်လိုက်သည့်အခါ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်လာပြီး နတ်ဘုရားအာရုံသည် သူ၏ကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။ သူ့စိတ်မှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရပြီး သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သို့သော် တစ်ချိန်တည်းမှာပင် တာအိုနတ်ဘုရားကျမ်းစာမှ စွမ်းအားက သူ့ကိုယ်ထဲတွင် ဝုန်းဒိုင်းကြဲ လည်ပတ်နေ၏။

တာအိုနတ်ဘုရားကျမ်းစာကို ကျင့်ကြံပြီးနောက် ၎င်းက တကယ်တမ်း ကျင့်ကြံသူကို အခြားသူ၏နတ်ဘုရားအာရုံအား စားသုံး၍ ကိုယ်ပိုင်ဖြစ်အောင် လုပ်နိုင်စေသော အဆင်မြင့်တာအိုကျမ်းစာတစ်ခုဖြစ်ကြောင်း မန်ဟို သဘောပေါက်ခဲ့သည်။

သို့သော် ဤတစ်ခေါက်တွင် သူ စားနေသည်ကား ပါရာဂွန်တစ်ဦး၏ နတ်ဘုရားအာရုံပင်။ ၎င်းက အပြည့်အဝမဟုတ်ဘဲ အနည်းအကျဉ်းလေးသာ ဖြစ်သော်လည်း မန်ဟို့အတွက် ... ကြီးမားသောတိုးတက်မှုကြီးအဖြစ် သတ်မှတ်နိုင်သည်။ သူ့မှာ တဆတ်ဆတ် တုန်နေပြီး သူ၏ဒွါရပေါက်များမှ သွေးများ စီးကျလာသည်။ သွေးမြူများက သူ့ကို ဝန်းရံရစ်သိုင်းလျက်ရှိကာ နာကျင်မှုသည် သူ၏ခန္ဓာကိုယ်ကို နှိပ်စက်နေ၏။ သူ့မှာ ပေါက်ကွဲတော့မလို ခံစားနေရလေသည်။

သူက သွေးတစ်လုပ်ပြီးတစ်လုပ် အန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါနေတော့သည်။ သူ၏ထာဝရအလွှာက ဝုန်းဒိုင်းကြဲ အလုပ်လုပ်ရင်း သူ အသက်ဆက်ရှင်နေနိုင်အောင် ထိန်းထားပေးနေသည်။ သွေးများက သူ့ပါးစပ်မှ ထပ်တလဲလဲ ပန်းထွက်နေပြီး သူ့မှာ မပြိုကွဲသွားအောင် မနည်းအားတင်းထားရလေသည်။

သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြင့် စုတ်ပြတ်သပ်နေပြီး သူ၏အသက်စွမ်းအားမီးတောက်သည် ငြိမ်းတော့မလို တဖျတ်ဖျတ် လူးလွန့်နေ၏။ သို့ထိတိုင် သူ၏မျက်လုံးများက လင်းလက်စွာ တောက်ပနေဆဲပင်။

ထို့နောက် ကြယ်တာရာကောင်းကင်၏အလွန်၊ ကောင်းကင်ဘုံ ၃၃ ဘုံထံမှ မိုးနှင့်မြေကို ဖျက်စီးပစ်နိုင်လောက်အောင် အမျက်တချောင်းချောင်း ထွက်နေသော ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာသည်။

တခဏကြာသော် မန်ဟိုသည် တုန်ရီလာပြီးနောက် ခန္ဓာကိုယ်ပြိုကွဲနေမှု ရပ်တန့်သွားသည်။ ပါရာဂွန်၏နတ်ဘုရားအာရုံမှာ အတင်းအဓမ္မ အစုပ်ယူခံခဲ့ရပြီး ဖိနှိပ်ခံရထားသော်လည်း ယာယီသာ ခံမည်။ သူ့အနေဖြင့် ၎င်းနှင့် တစ်သားတည်းဖြစ်အောင် အားထုတ်ဖို့ နေရာတစ်နေရာ အမြန်ဆုံးရှာဖို့ လိုအပ်သည်။

သူ၏မျက်လုံးများက သွေးချင်းနီးနေပြီး သူ၏ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် အားနည်းနေ၏။ သို့သော် သူ၏နတ်ဘုရားအာရုံမှာတော့ ကြောက်မက်ဖွယ်တိုးတက်မှုကို ကြုံတွေ့ခဲ့ပြီး အနည်းဆုံး မူလထက် နှစ်ဆအစွမ်းထက်နေလေပြီ... ထို့အပြင် ၎င်းက စုပ်ယူခြင်းကို စတင်ရုံသာ ရှိသေးသည်။

ထိုမျှအဆုံးမဲ့အစွမ်းကြီးမားသော နတ်ဘုရားအာရုံဖြင့် သူက သူ့ကို ကြည့်ပင်မကြည့်ရဲဘဲ ကြောက်ဒူးတုန်လျက် ရပ်နေကြသော သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ အများစုသည် ခေါင်းငုံ၍ ဒူးထောက်အရိုအသေပေးနေကြလေ၏။

မန်ဟိုက ပါးစပ်မှ သွေးများကို သုတ်ပြီးနောက် ကောင်းကင်၏အနက်ပိုင်းထဲသို့ အေးစက်စွာ မော့ကြည့်လိုက်သည်။ သူ့မှာ ယခုလေးတင် သေဘေးမှ ပွတ်ကာသီကာ လွတ်လာခဲ့၏။ ပါရာဂွန်တစ်ဦး၏ နတ်ဘုရားအာရုံကို စားသုံးခြင်းက အလွန်မိုက်ရူးရဲဆန်သောအရာ ဖြစ်ပေသည်။

ကောင်းကင်ဘုံ ၃၃ ဘုံထဲရှိ ပါရာဂွန်ပင်လျှင် ထိုမျှရူးမိုက်သောအရာတစ်ခုကို လူတစ်ယောက် လုပ်ဝံ့လိမ့်မည်ဟုပင် တစ်ခါမှ မတွေးခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် ထိုဖြစ်တည်မှုမှာ မန်ဟို့ကို မသိသလို၊ ‘တစ်စုံတစ်ခုကို အရမယူလျှင် ဆုံးရှုံးရသည်နှင့် အတူတူသာ’ ဟူသော သူ၏ခံယူချက်ကိုလည်း မသိ၍ပင်။

မန်ဟိုသည် သူ မသတ်နိုင်သော ပါရာဂွန်တစ်ဦးကို ရင်ဆိုင်ရသည့်အချိန်တွင် ထိုလူ၏နတ်ဘုရားအာရုံကို စားဖို့ ကြံစည်ရဲသော လူစားမျိုး၊ ငါးမရ ရေချိုးပြန်မည့် လူစားမျိုးပင်။

“အနာခံမှ အသာစံရမှာတဲ့ ။ ဘယ်လောက်မှန်လိုက်သလဲ” မန်ဟိုက နှုတ်ခမ်းပါးနားသပ်လိုက်သည်။

All Chapters