← Chapters

ပထမဆုံးမီးအိမ်ကို ငြှိမ်းခြင်း

Vol. 93 Ch. 1289

ပထမဆုံးမီးအိမ်ကို ငြှိမ်းခြင်း

Vol. 93 Ch. 1289

မန်ဟိုသည် သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများ၏ ဂါဝရပြုအရိုအသေပေးခံနေရသည်ကို အဖက်မလုပ်ပေ။ သူက တစ်ယောက်မှ မသတ်ဘဲ လှည့်၍ ပျောက်ကွယ်သွား၏။ အပြင်သူတစ်ယောက် ဘွားခနဲ ပေါ်လာခဲ့မှုကြောင့် သူတို့ အံ့အားသင့်သောအချက်က များစွာသိသာလေသည်။

သို့သော် အံ့အားသင့်သွားပုံဖမ်းခဲ့သော်လည်း လေးစားကြည်ညိုသော အရိပ်အယောင်များကို ဖော်ပြခဲ့မိသူတချို့ ရှိခဲ့သည်။ ထိုလူများမှာမူ တခဏကြာသော် သူတို့၏ခေါင်းအားလုံး ပေါက်ကွဲသွားကြပြီး ခန္ဓာနှင့်တကွ စိတ်ဝိညာဉ်ပါ အသတ်ခံလိုက်ကြရတော့သည်။

အသက်ရှင်ကျန်ခဲ့သူများက ဘေးဘီဝဲယာကို တအံ့တဩ လှည့်ပတ်ကြည့်ပြီးနောက် အလျှိုလျှို ထွက်သွားကြသည်။ တစ်ယောက်မှ ကောင်းကင်နတ်ဘုရားမဟာမိတ်ရှိ စစ်တလင်းများသို့ ပြန်မသွားကြပေ။ သူတို့အတွက် မြို့စားလု အပြင်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းက လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်စရာဖြစ်သည်။ အပြင်သူများအပေါ် မုန်းတီးစိတ်က သူတို့၏နှလုံးသားများထဲတွင် အမြစ်တွယ်နေခဲ့သည့်အတွက် သူတို့သည် ဖြစ်ပျက်ခဲ့သောအရာနှင့်ပတ်သက်၍ ရိပ်စားမိလာကြတော့သည်။

မန်ဟို ပြန်ပေါ်လာသောအခါ ခပ်ဝေးဝေး တစ်နေရာတွင် ဖြစ်သည်။ သူ့မှာ သွေးတစ်လုပ် ထပ်အန်လိုက်ရပြန်သည်။ ပါရာဂွန်၏နတ်ဘုရားအာရုံက ဖိနှိပ်ခံထားရာမှ ရုန်းထွက်ရင်း သူ့ကိုယ်ထဲတွင် ခေါင်းပြန်ထောင်လာခဲ့၏။ ထို့နောက် တာအိုနတ်ဘုရားကျမ်းစာက နတ်ဘုရားအာရုံကို စားရင်း အသည်းအသန် အလုပ်လုပ်သည်။ ဒဏ်ရာများမှ သွေးများ ပန်းထွက်နေပြီး ခန္ဓာကိုယ်မှာ ပြိုကွဲတော့ခါနီးနေသဖြင့် မန်ဟိုမှာ အံတင်းတင်းကြိတ်ထားရလေသည်။

ထို့နောက် သူသည် ခဲရာခဲဆစ် နေရာရွှေ့ပြောင်းရင်း တစ်နေရာရှိ ဂြိုဟ်သိမ်တစ်လုံးအပေါ်တွင် ပြန်ပေါ်လာ၏။ သူက ဂြိုဟ်သိမ်၏အူတိုင်အထိ လျင်မြန်စွာ ဖောက်ထွင်းသွားပြီးနောက် တင်ပျဉ်ခွေထိုင်၍ မျက်လုံးပိတ်ကာ တရားစထိုင်တော့သည်။

တရားထိုင်ဈာန်မဝင်စားခင် သူက သူ၏ပတ်ပတ်လည်တွင် တားမြစ်မန္တန်အထပ်ထပ်အား လျင်မြန်စွာ စီရင်လေသည်။ တစ်ယောက်ယောက်သာ အပြင်မှကြည့်နေခဲ့လျှင် ဂြိုဟ်သိမ်တစ်ခုလုံး ပုံပျက်ရှုံ့တွလာပြီးနောက် ပျောက်ကွယ်သွားသည်ကို မြင်ရလိမ့်မည်။ တကယ်တော့ ၎င်းမှာ ဖုံးကွယ်ခံလိုက်ရခြင်းသာ ဖြစ်သည်။

မန်ဟို့ထက် နတ်ဘုရားအာရုံနှင့် ကျင့်ကြံခြင်းအခြေခံအဆင့် မမြင့်မားသရွေ့ မည်သူမှ ဂြိုဟ်သိမ်ကို တွေ့ရှိမည်မဟုတ်ပေ။

ခုနစ်ရက်သည် လျှပ်တပြက် ကုန်ဆုံးသွား၏။ ထိုအချိန်အတောအတွင်း မန်ဟိုမှာ သေဘေးအန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသည်။ သူ့ခန္ဓာကိုယ်မှာ အကြိမ်ပေါင်းများစွာ ပြိုကွဲတော့မလို ဖြစ်ခဲ့ပြီး သူ၏ထာဝရအလွှာနှင့် ဆေးလုံးများစားခြင်းကြောင့် ဆက်နေသည်ဆိုရုံကလေး ဆက်နေခဲ့၏။

သူ့မှာ အရိုးပေါ်အရေတင်လျက်သာ ရှိတော့သည့်တိုင်အောင် လျင်မြန်စွာ ပိန်ချုံးလာခဲ့သည်။ သို့သော် သူ၏မျက်လုံးများက လင်းလက်တောက်ပနေ၏။ အကြောင်းရင်းမှာ ထိုခုနစ်ရက်အတွင်း သူ၏နတ်ဘုရားအာရုံက ကြောက်စရာကောင်းလောက်အောင် အစွမ်းကြီးမားလာခဲ့၍ပင်။

အမှန်တွင် ယခုဆိုလျှင် ၎င်းသည် မူလထက် ဆယ်ဆတိုးတက်လာခဲ့ပြီဖြစ်၏။

ထိုကဲ့သို့ နတ်ဘုရားအာရုံ၏ ကြောက်ခမန်းလိလိ တိုးတက်မှုက မန်ဟို့ကို သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ပတ်သက်၍ ယုံကြည်ချက်များစွာ ရှိလာစေသည်သာမက သူ၏နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များလည်း ထဲထဲဝင်ဝင် နားလည်လာအောင် ကူညီပေးသည်။ သူသည် ၎င်းတို့ကို ပို၍ကျွမ်းကျင်စွာ ထိန်းချုပ်လာနိုင်သည့်အပြင် အရေးအကြီးဆုံးအနေဖြင့် နတ်ဘုရားအာရုံတိုးတက်မှုက ... သူ့ကို ရှေးဟောင်းနယ်ပယ်၏ ဝိညာဉ်မီးအိမ်များကို ငြှိမ်းသတ်ဖို့ ဖြစ်နိုင်ခြေရှိလာသော နေရာသို့ ရောက်ရှိသွားစေခဲ့သည်။

ခုနစ်ရက်ကြာသော် မန်ဟိုက မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ပြိုကွဲခါနီးဖြစ်မနေတော့ပေ။ သူ့မှာ အားနည်းသေးသော်လည်း ယခုတွင် သူ၏အသက်စွမ်းအားမီးတောက်ကား မီးပြင်းပြင်းဖြင့် တောက်လောက်နေသလို၊ ပို၍တည်ငြိမ်နေခဲ့လေပြီ။

“နောက်ဆုံးတော့ အကုန်စုပ်ယူပြီးသွားပြီ” သူက မျက်လုံးများ စူးရှတောက်ပနေလျက် ဖြေးညင်းစွာ ပြောသည်။ “အခု ငါ့ရဲ့နတ်ဘုရားအာရုံက ပါရာဂွန်တစ်ဦးရဲ့ နတ်ဘုရားစွမ်းရည်ရဲ့ သုံးဆယ်ရာခိုင်နှုန်းနဲ့ ညီမျှပြီ...”

သူ အင်္ကျီလက်စကို ခါရင်း ဝိညာဉ်မီးအိမ် ၃၃ လုံးအား သူ၏ပတ်ပတ်လည်တွင် ပေါ်လာစေလိုက်စဉ် အပြုံးတစ်စက သူ့နှုတ်ခမ်းထက်တွင် ဖြစ်ထွန်းလာသည်။

၎င်းတို့ကို တခဏ စစ်ဆေးပြီးနောက် သူသည် အံတင်းတင်းကြိတ်၍ မျက်လုံးပိတ်လိုက်၏။ သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း သူ့ကိုယ်သူ စတင်ကုစားသည်။ နတ်ဘုရားအာရုံအင်အားကြီးမားလာမှုကြောင့် သူ၏ထာဝရအလွှာသည် ယခုတွင် ပိုမိုသန်မာလာရာ သူ့အား ပို၍ပင်လျင်မြန်စွာ သက်သာလာစေတော့၏။

ဤတစ်ကြိမ်တွင် သူ့အတွက် ပိန်ချုံးနေသောအခြေအနေမှ အကောင်းပကတိပြန်ဖြစ်ရန် တစ်ရက်တည်းသာ ကြာလိုက်သည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားကိုယ်မှာ အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်သွားသလို၊ သူ၏ဝိညာဉ်နှင့် နတ်ဘုရားအာရုံလည်း ထိုနည်းတူပင်။

နောက်ဆုံးတွင် သူက မျက်လုံးဖွင့်ပြီး သူ၏ပထမဆုံး ဝိညာဉ်မီးအိမ်ကို ကြည့်လိုက်သည်။ ထိုမီးအိမ်က အလင်းဆုံးအဆင့်တွင် ရှိပြီး ကောင်းကင်နှင့် မြေကြီး၏စွမ်းအင်စုပ်ယူခြင်းကို ရပ်တန့်ခဲ့သော မီးအိမ်များအထဲမှ ပထမဆုံးအလုံး ဖြစ်သည်။

မန်ဟိုက ဝိညာဉ်မီးအိမ်ကို အတန်ကြာ လေ့လာပြီးနောက် သူ့မျက်ဝန်းထဲရှိ ခိုင်မာပြတ်သားမှုသည် တဖြည်းဖြည်း တွေဝေတွန့်ဆုတ်မှုလာသည်။ သို့သော် တခဏကြာသည့်အခါ ခိုင်မာပြတ်သားမှု ပြန်လည်ပေါ်လာပြီး သူက စိတ်ပိုင်းဖြတ်လိုက်၏။

သူ၏ ပထမဆုံးဝိညာဉ်မီးအိမ်ကို ငြှိမ်း၍ .... ဝိညာဉ်မီးအိမ်ငြှိမ်းခြင်းနှင့်အတူ ဖြစ်ပေါ်လာသော ရှင်ခြင်းနှင့်သေခြင်းစမ်းသပ်မှု သူ ရင်ဆိုင်မည်။

“ဘယ်လိုပဲနေနေ နောက်ကျ ဒီဝိညာဉ်မီးအိမ်တွေကို ငြှိမ်းကို ငြှိမ်းရမှာပဲ။ အခု ငါဟာ အပြင်အားကိုယ်နဲ့ နတ်ဘုရားစွမ်းရည်အရာမှာ မယုံနိုင်လောက်အောင် အစွမ်းထက်နေပြီ။ ဒါ့အပြင် နတ်ဘုရားအာရုံရဲ့ စွမ်းအားနဲ့ ဝိညာဉ်ရဲ့ ခွန်အားဟာ ဝိညာဉ်မီးအိမ်တွေကို ငြှိမ်းရာမှာ အဓိကကျတယ်

“တစ်ချိန်တည်းမှာပဲ ... ပထမဆုံးဝိညာဉ်မီးအိမ်ကို ငြှိမ်းတာက နောက်မီးအိမ်တွေရဲ့ မိုးနဲ့မြေစွမ်းအင် စုပ်ယူနိုင်စွမ်းအပေါ်မှာ သက်ရောက်မှုရှိမလား ငါ စမ်းကြည့်နိုင်တယ်” မန်ဟိုက ပထမဆုံးမီးအိမ်ကို ကြည့်ပြီးနောက် အံတင်းတင်းကြိတ်ကာ တွန့်ဆုတ်မနေဘဲ သူ၏လက်ကို မီးအိမ်ရှိရာသို့ ဝှေ့ယမ်းလိုက်သည်။

ပထမဆုံး ဝိညာဉ်မီးအိမ်သည် ချက်ချင်း ရှေ့နောက်ယမ်းခါသွားပြီး အထဲရှိ မီးတောက်မှာ အချိန်မရွေး ငြိမ်းတော့မည့်အလား တဖျပ်ဖျပ် လှုပ်နေသည်။ ထိုသက်ရောက်မှုမှာ မန်ဟို့လက်၏ဝှေ့ယမ်းမှုကြောင့် မဟုတ်ဘဲ သူ၏စိတ်စွမ်းအားအားလုံး မီးအိမ်ကို ငြှိမ်းရာတွင်သာ စုဆုံနေခြင်းကြောင့် ဖြစ်သည်။

လူတစ်ယောက်၏ စိတ်ဆန္ဒနှင့် ခန္ဓာကိုယ် တစ်သားတည်းဖြစ်နေမှသာလျှင် မီးအိမ်များကို မီးငြှိမ်းနိုင်သည်။

“ငြိမ်းစမ်း” သူက အသာအယာ ပြောသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ပထမဆုံးဝိညာဉ်မီးအိမ်၏ မီးတောက်သည် ... ဝှစ်ခနဲ ငြိမ်းသွား၏။

၎င်းငြိမ်းသွားသော အခိုက်အတန့်တွင် မန်ဟိုက တုန်ရီသွားသည်။ ဝိညာဉ်မီးအိမ်သည် သူ့အသက်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည့်အလား သူ၏ဝိညာဉ်ထဲသို့ စုပ်ယူခံလိုက်ရပြီး သူ့သွေးနှင့်လည်း ဆက်သွယ်သွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် သေမင်းအရိပ်သည် သူ့အပေါ် စိုးမိုးလာ၏။

သူ၏အသက်စွမ်းအားမီးတောက် လျင်မြန်စွာ မှိန်ကျသွားသဖြင့် မန်ဟိုမှာ တုန်ရီလာသည်။ သူ၏သိမြင်ကြားစိတ်အားလုံး အားနည်းသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း မလည်ပတ်နိုင်တော့ပေ။ သူ့နတ်ဘုရားအာရုံ၏စွမ်းအားပင်လျှင် လည်ပတ်၍ ခက်နေပြီး သူ၏အတွေးများမှာ ဝေးဝါးစပြုလာသည်။

သေခြင်းအရှိန်အဝါသည် သူ့ထံမှ တမြေ့မြေ့ထလာရင်း အားကောင်းသထက် အားကောင်းလာနေသည်။ သူ၏ဝိညာဉ်လည်း ခြောက်ကပ်သွားပြီး သူ၏အပြင်အားကိုယ်မှာ ပုပ်သိုးဆွေးမြည့်တော့မည့်ပုံရသည်။

၎င်းက ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်၏။ မန်ဟိုမှာ သေတော့မည့်အလား အရှိန်အဝါ အားနည်းသထက် အားနည်းလာခဲ့လေပြီ။

အခြားသူတစ်ယောက်သာ သူ့ကို ကြည့်နေလျှင် အထက်ပါအတိုင်း မြင်ရလိမ့်မည်။

သို့သော် ဖြစ်ရပ်မှန်က ... မန်ဟို၏မျက်လုံးများသည် ပိတ်ထားသော်လည်း ... တခြားကမ္ဘာတစ်ခုကို ကြည့်နေခြင်းဖြစ်၏။ ဂြိုဟ်သိမ်၏အတွင်းမှာ မီးခိုးရောင်ပြည့်နေ၍ သူ မြင်မြင်သမျှမှာလည်း မီးခိုးရောင်သမ်းနေသည်။

သူက ထရပ်လိုက်ရာ သူ့ခန္ဓာကိုယ်သည် တင်ပျဉ်ခွေထိုင်လျက်သား ကျန်ခဲ့ကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။ ထရပ်ခဲ့သောအရာကား ပြိုကွဲနေသောခုလတ်တွင် ဖြစ်သည့် သူ၏ဝိညာဉ်ဖြစ်နေသယောင်ပင်။

သူသည် ရှေ့သို့ လျှောက်သွားပြီး တရားထိုင်နေသော သူ၏အပြင်အားကိုယ်ကို ပြန်လှည့်ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ် ပိန်ချုံးနေပြီး သူ၏သွေးတို့ ခမ်းခြောက်နေသည်ကို သူ မြင်လိုက်ရသည်။ သိပ်သည်းသော သေခြင်းအရှိန်အဝါကိုလည်း တွေ့လိုက်ရ၍ သူ့ဝိညာဉ်ပြိုကွဲနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထိုအခြင်းအရာအားလုံးက မန်ဟို့ကို သေမင်းတံခါးဝရှေ့တည့်တည့် ရောက်နေသလို ခံစားလိုက်ရစေသည်။

“ဆိုတော့ ရှေးဟောင်းနယ်ပယ်ရဲ့ ဝိညာဉ်မီးအိမ်တွေကို မီးငြှိမ်းရတာ ဒါမျိုးပေါ့လေ...” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဖန်မျိုးနွယ်စုမှာတုန်းက ဝိညာဉ်မီးအိမ် မီးငြှိမ်းခြင်းများနှင့်စပ်လျဉ်း၍ သူ လေ့လာခဲ့ဖူးသည်။ သူ သိရှိခဲ့ရသည်မှာ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတိုင်း မီးငြှိမ်းသောအခိုက်အတန့်တွင် မတူညီသည့်အရာတစ်ခုကို ကြုံတွေ့ရသည်ဆိုသောအကြောင်းပင်။ လူတစ်ယောက်ချင်းစီသာမက ဝိညာဉ်မီးအိမ်တိုင်းလည်း မတူညီပေ။

သို့သော် နှစ်ပေါင်းများစွာတစ်လျှောက်လုံး ယေဘုယျစည်းမျဉ်းတချို့သည် ကျင့်ကြံသူများအတွက် ထင်ရှားလာခဲ့၏။

“ငါရဲ့ ရှေးဟောင်းနယ်ပယ် ဝိညာဉ်မီးအိမ်တွေကို မီးငြိမ်းတဲ့ဖြစ်စဉ်ကို ပျက်စီးခြင်းခုနစ်မျိုးနဲ့ ဖွဲ့စည်းထားတယ်” သူက မျက်လုံးများ တောက်ပနေလျက် ရေရွတ်သည်။

“မီးအိမ်ငါးလုံးတိုင်းက ပျက်စီးခြင်းတစ်ခုကို သယ်ဆောင်လာတယ်။ စတုတ္ထပျက်စီးခြင်းကိုတော့ ကြုံတွေ့ဖူးတဲ့သလို နည်းသလို၊ ပဉ္စမပျက်စီးခြင်းက ပိုလို့တောင် ရှားပါးသေးတယ်။ တချို့တလေပဲ တတိယပျက်စီးခြင်းကို ကြုံတွေ့ရတယ်... ဝေးဝေးသွားလေလေ၊ အန္တရာယ်ပိုများလာလေလေပဲ...

“ပထမဆုံးပျက်စီးခြင်းကို ယုံမှားသံသယပျက်စီးခြင်းလို့လည်း ခေါ်တယ်....

“ကဲ ဒါဆိုရင် ဒါဟာ ယုံမှားသံသယပျက်စီးခြင်းပဲ ဖြစ်ရမယ်” မန်ဟိုသည် နောက်ပြန်လျှောက်သွားပြီး သူ၏အပြင်အားကိုယ် ထိုင်နေသော နေရာတွင် တင်ပျဉ်ခွေပြန်ထိုင်ပြီး သူ၏ဝိညာဉ်နှင့် ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားသည်။

သို့သော် အလုပ်မဖြစ်ပေ။ သူ၏ခန္ဓာကိုယ်က ဝိညာဉ်ကို လက်မခံသကဲ့သို့ ဖြစ်နေ၏။ မန်ဟိုက မျက်မှောင်ကြုတ်ပြီးနောက် ထရပ်လိုက်ပြန်သည်။ သူ၏အပြင်အားကိုယ်မှာ ယခင်ထက်ပင်ပို၍ ပိန်ချုံးလာရာ သူ့အမူအရာအား တင်းမာခက်ထန်လာစေသည်။ သူသည် ရုတ်တရက် လှစ်ခနဲ လှုပ်ရှားရင်း ဂြိုဟ်သိမ်၏အပြင်တွင် ပေါ်လာ၏။ သူ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သောအခါ တဖွေးဖွေးလှုပ်နေသော အဆုံးမဲ့မြူများမှအပ ဘာကိုမှ မမြင်ရပေ။ အရာအားလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။

“ယုံမှားသံသယပျက်စီးခြင်း....” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ယုံမှားသံသယပျက်စီးခြင်း... ‘ယုံမှားသံသယ’ဆိုတဲ့အပိုင်းက ဘယ်က လာတာလဲ...” သူသည် ဂြိုဟ်သိမ်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ဂြိုဟ်သိမ်ပြောင်းလဲသွားခဲ့ကြောင်း သတိထားမိလိုက်၏။ ၎င်းကား ယခုတွင် တဒိတ်ဒိတ်ခုန်နေသော အနီရောင်နှလုံးသားကြီး ဖြစ်နေလေပြီ။ မန်ဟို့ကို ဟိန်းဟောက်နေကြသည့် မရေမတွက်နိုင်သော မျက်နှာများကို ၎င်း၏မျက်နှာပြင်အပေါ်၌ မြင်ရနိုင်သည်။ ထိုမျှသာမက ထိုမျက်နှာများသည် ... ရင်းနှီးနေသောပုံစံရှိ၏။

သူတို့ကား သူ့တစ်ဘဝလုံးတွင် သတ်ခဲ့သည့်လူတိုင်း ဖြစ်နေသည်။

သူက မျက်နှာများကို အေးစက်စွာ ကြည့်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။ ထိုအခိုက်အတန့်တွင် သွေးရောင်အကြေးခွံများ ဖုံးနေသော ဧရာမလက်ကြီးတစ်ဖက် ပေါ်လာသည်။ ၎င်းက နှလုံး၏အထဲမှ ထိုးထွက်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြေမွနေစေရင်း သူ့ကို ဖိခြေဖို့ ပြင်နေသည်။

၎င်း၏စွမ်းအားက ပတ်ပတ်လည်ရှိ မြူများကို လူးလွန့်လှုပ်ရှားလာစေပြီး ၎င်း ဆန့်ထွက်လာစဉ် နှလုံး၏အတွင်းထဲမှ ရက်စက်ကြမ်းကြုတ်သောအသံကြီးတစ်သံ လိုက်ပါလာသည်။

“မန်ဟို ... ငါ စောင့်နေခဲ့တာ ကြာပြီ... မင်း ဝိညာဉ်မီးအိမ်တွေကို ငြှိမ်းတဲ့အခါကျရင် ငါ ပြန်လာမယ်လို့ မပြောခဲ့ဘူးလား” ဟိန်းဟောက်သံကြီးသည် အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေပြီး နှလုံးသည် ကျုံ့စပြုလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ကြေမွသွားပြီး လက်ကြီးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

သို့သော် အေးစက်စက်အသံကြီးက ဆက်လက်ပဲ့တင်ထပ်နေဆဲပင်။

“ငါ မင်းအပြင်အားကိုယ်ရဲ့ပုံရိပ်ကို ဖယ်ရှားပြီးပြီ။ မင်း အပြန်လမ်းကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်တော့ဘူး။ ဒီမှာပဲ ပိတ်မိနေလိမ့်မယ်။ မကြာခင် မင်းရဲ့အပြင်အားကိုယ်ဟာ လုံးဝခြောက်ကပ်သွားပြီး မင်းရဲ့သွေးတွေလည်း ခမ်းသွားလိမ့်မယ်။ မင်းရဲ့နတ်ဘုရားအာရုံပျောက်ကွယ်သွားပြီး မင်းရဲ့ဝိညာဉ်ဟာလည်း ... ဒီနေရာထဲမှာ လွင့်စင်ပြိုကွဲသွားရလိမ့်မယ်”

မန်ဟို၏မျက်နှာ မည်းမှောင်သွားပြီး သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်း လွင့်စင်ပြန့်ကြဲနေခဲ့သော နှလုံးအစအနများသည် ပြုတ်ကျနေခြင်း ရပ်တန့်သွား၏။

“ယုံမှားသံသယပျက်စီးခြင်းဟာ ဒီတစ်နေရာလုံးပဲ...” သူက တွေးသည်။ “ပထမဆုံးဝိညာဉ်မီးအိမ်ကို မီးငြှိမ်းပြီးတဲ့နောက်မှာ ပျက်စီးနေတဲ့ ပုံရိပ်ယောင်ကမ္ဘာတစ်ကမ္ဘာပေါ်လာတယ်။ ငါ့ဝိညာဉ်ဟာ ဒီနေရာကို ဆွဲသွင်းခံခဲ့ရပြီး ငါ ငါ့ခန္ဓာကိုယ်မခြောက်ကပ်ခင် ကိုယ်ထဲ ပြန်မဝင်နိုင်ရင် သေချာပေါက် သေရလိမ့်မယ်။ ပထမဆုံးဝိညာဉ်မီးအိမ်ကို ငြှိမ်းတာက ဒါမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ

“ကောင်းကင်ဘုံ ၃၃ ဘုံက ပါရာဂွန်ရဲ့ နတ်ဘုရားအာရုံကိုသာ မစားခဲ့ရင် အခြေအနေက တစ်မျိုးဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ အခုကတော့ ....” မန်ဟိုက သွေးအေးအေး ရယ်လိုက်သည်။ ဝိညာဉ်သာ ဖြစ်နေသည့်တိုင် သူ၏နတ်ဘုရားအာရုံက ရှိနေသေးသည်မဟုတ်ပါလော။ ရုတ်တရက် ထိုနတ်ဘုရားအာရုံသည် သူထံမှ အရပ်လေးမျက်နှာသို့ ဖြန့်ကျက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း သူ၏နတ်ဘုရားအာရုံကား မူလနတ်ဘုရားအာရုံ၏ နောက်ဆုံးအကန့်အသတ်ဖြစ်သော ဧရိယာတစ်ခုကို လွှမ်းခြုံသွားခဲ့လေပြီ။ သို့သော် သူ့အတွက် ယင်းက သူ၏စုစုပေါင်းနတ်ဘုရားပေါင်းအာရုံမှ သုံးဆယ်ရာခိုင်နှုန်းမျှသာ ရှိသေးသည်။

“ထပ်ပျံ့နှံ့စမ်း” သူက သူ၏နတ်ဘုရားအာရုံကို အရပ်လေးမျက်နှာတွင် ပို၍ပင်ပျံ့နှံ့သွားစေလိုက်ရာ မြူများကို တဖွေးဖွေး လှုပ်သွားစေသည့် အဆုံးမဲ့လှိုင်းများ ဖြာထွက်လာသည်။

“တွေ့ပြီ” သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူသည် မြူအတွင်း၌ သူ၏အပြင်အားကိုယ် တည်ရှိနေသော ဂြိုဟ်သိမ်တစ်လုံးကို မြင်ခဲ့ရလေပြီ။

“မဖြစ်နိုင်ဘူး” မြူအတွင်းမှ တစ်စုံတစ်ယောက်က အရူးကြီးလို အော်သည်။ ထိုအသံက စောစောက စကားပြောခဲ့သောအသံ၊ သူ ရှေးဟောင်းနယ်ပယ်ပြစ်ဒဏ်ကို ရင်ဆိုင်နေစဉ်တုန်းက ကြားခဲ့ရသော အသံလည်း ဖြစ်၏။

All Chapters