အတုမရှိတဲ့ ကမ္ဘာလောကဖန်ဆင်းရှင်တွေ ဖြစ်နေတောင် သတ်ဖြတ်နိုင်ရမယ်
Vol. 60 Ch. 783
ဝုန်း ! !
ထိုစကားများထွက်လာသည်နှင့် ၊ မရေမတွက်နိုင်သော မိုးခြိမ်းသံများသည် စူးချန်ကဲ၏ ဦးနှောက်ထဲတွင် အဆက်မပြတ် ပေါက်ကွဲထွက်လာသကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် ၊ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် စူးချန်ကဲ၏စိတ်ထဲ၌ ဗလာဖြစ်ကာ ကြောင်အမ်းနေမိသည်။
“ဘ.....ဘယ်လို.... ဖြူဖပ်ဖြူရော်မျက်နှာကြီးက.....”
စူးချန်ကဲသည် သူ့ရင်ထဲက ထိတ်လန့်တုန်လှုပ်မှုကို အတင်းအကြပ် ချုပ်တည်းလိုက်ပြီး ၊ တုန်ယင်စွာဖြင့် ဆိုလိုက်သည်။
“ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးထဲက တစ်ပါးဖြစ်တဲ့... ကပ်ဘေးနတ်ဘုရား.....?”
ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးသည် မည်မျှတုန်လှုပ်စရာကောင်းသော တန်ခိုးစွမ်းအားများ ကို ပိုင်ဆိုင်ထားပြီး ထူးကဲသည်ကို ယခုလေးတင် အဘိုးဖြစ်သူထံမှ ကြားသိခဲ့ရသည်။
ထိုစဉ်က မိမိအပေါ်တွင် ရန်လိုသော သဘောထားကို ထင်ထင်ရှားရှား ပြသခဲ့သည့် ထိုဖြူဖပ်ဖြူရော်မျက်နှာကြီးသည် ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးထဲမှ တစ်ပါး ဖြစ်နေခဲ့လေသလော။
ယင်းက စူးချန်ကဲ၏ စိတ်နှလုံးသားကို ထိန်းမနိုင်သိမ်းမရ ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။
စူးချန်ကဲ၏ နှလုံးသားထဲတွင် ဖော်ပြရန်ခက်သည့် ကြောက်ရွံ့မှုသည် ပထမဆုံးအကြိမ်အဖြစ် ဖြစ်ပေါ်လာခဲ့သည်။
ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးမှ ပိုင်ဆိုင်ထားသော တန်ခိုးစွမ်းအားများသည် သူ့အနေဖြင့် စိတ်ကူးယဉ်ဖို့တောင် ခက်ခဲပြီး ၊ ၎င်း၏စွမ်းအားသည် တားမြစ်စူးမိသားစုထက် များစွာသာလွန်မည်မှာ သေချာသည်။
ဤကပ်ဘေးနတ်ဘုရားသည် မိမိအပေါ်တွင် ပစ်မှတ်ထားနေသည်။ နောက်တစ်ချိန်တွင် မိသားစုသည် ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရမည်ဆိုပါက ၊ မိမိနှင့်ပတ်သတ်မှု မကင်းပေ။
ထိုအရာကို တွေးမိလိုက်ချိန်တွင် ၊ စူးချန်ကဲ၏ မျက်နှာအမူအရာသည် အလွန် မှောင်မိုက်သွားပြီး၊ ထူးဆန်းသော စိတ်ခံစားချက်များ ဝင်ရောက်လာသကဲ့သို့ လက်သီးများကို တင်းကျစ်စွာ ဆုပ်ထားမိသည်။
ထိုကဲ့သို့သော ရလဒ်မျိုးကို သူ လက်မခံနိုင်ပေ။ မိသားစုဝင်များ၊ ချစ်ရသူများသည် သူ့ကြောင့် ဆိုးရွားသော အခြေအနေဖြင့် ကြုံတွေ့ရမည်ဆိုပါက ၊ သူ့ဘဝတစ်သက် မေ့ပျောက်နိုင်လိမ့်မည် မဟုတ်။
ထိုအချိန်မှာပင်။
သူ့ပခုံးကို တစ်စုံတစ်ယောက်က လာပုတ်လိုက်သည်ကို ခံစားလိုက်ရသည်။
ဘယ်အချိန်ကမှန်း မသိ၊ စူးရွှမ်ယွမ်သည် သူ့ရှေ့သို့ ရောက်လာခဲ့သည်။
အကွာအဝေး နီးကပ်နေခြင်းကြောင့် ဖြစ်နိုင်သလို သို့မဟုတ် စူးရွှမ်ယွမ်သည် သူ့မျက်နှာကို ဖုံးကွယ်ထားသော နတ်မြူခိုးများကို ဖယ်ရှားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
စူးချန်ကဲသည် တဖက်လူ၏ မျက်နှာအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ တစ်ခေါင်းလုံး ဖြူဖွေးဆွတ်နေပြီး ကျန်းမာသန်စွမ်းသော ဟန်ပန်မျိုးရှိကာ ၊ ရင့်သန်သော အတွေ့အကြုံများဖြင့် ပြည့်နှက်နေသော သူ၏ မျက်ဝန်းများသည် ဝင်းလက်တောက်ပနေသည်။
အထူးသဖြင့် ထိုမျက်နှာသည် စူးချန်ကဲအား အလွန်နွေးထွေးပြီး ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းနေကာ ၊ သူရုပ်ရည်နှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားမိသည်။
စကားတစ်ခွန်းမှ မပြောဘဲနဲ့တင်၊မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်စေနိုင်သော ကြောက်ခမန်းလိလိ အရှိန်အဝါများကို ထုတ်လွှတ်နေပြီး ၊လောကရှိ လမ်းစဉ်တိုင်းကို ဖိနှိပ်နိုင်သည့်အလား ထင်မှတ်ရသည်။
“ဘာဖြစ်တာလဲ... စောနကပဲ ငါ့ကို မင်းရဲ့ကိုယ်ပိုင်လမ်းစဉ် အတွေးအခေါ်တွေတောင် ထုတ်သုံးလာခဲ့တာ မဟုတ်လား”
“ရှေ့မှာရှိနေတဲ့အရာဟာ စိတ်ပျက်အားငယ်မှုရဲ့ ချောက်နက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အမှောင်ငရဲပဲဖြစ်ဖြစ် ၊ ချန်ကဲ ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ပြောခဲ့တာလေ ...”
စူးရွှမ်ယွမ်က အပြုံးမပျက် ဆိုလိုက်သည်။
“အခုတော့ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ဆိုးဝါးတဲ့ မျက်နှာအမူအရာမျိုး ဖြစ်နေတာတုန်း “
“ဘာလဲ? မင်းအဘိုးကို ပြောခဲ့တဲ့ စကားတွေဟာ လေချည်းသက်သက်လား”
စူးရွှမ်ယွမ်၏ အမူအရာထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အမြွက်များ ရှိနေခဲ့သည်။
“ဒါဆိုရင်တော့ အဘိုးတစ်ယောက်အနေနဲ့ မင်းကို ဆုံးမစကား ပြောရတော့မယ်!”
“ချန်ကဲ... မင်းက ငါ့တားမြစ် စူးမိသားစုရဲ့ သခင်ငယ်လေ ... ကိုယ့်ကိုယ်ကို နည်းနည်းလောက် ယုံကြည်မှုရှိစမ်း .. နည်းနည်းလောက် မာနကြီးလိုက်စမ်းပါ “
“ကမ္ဘာလောကဖန်ဆင်းရှင် ဆိုတော့ရော ဘာဖြစ်လဲ “
“အတွေးတစ်ချက်နဲ့ တင် မဟာစကြဝဠာလောကကြီးကို ဖန်တီးနိုင်တယ် ဆိုရင်ရော ဘာဖြစ်လဲ “
ထိုသို့ဆိုရင်း၊ စူးရွှမ်ယွမ်၏ နှုတ်ခမ်းထောင့်တွင် အတုမရှိသော ယုံကြည်ချက်များ ရှိနေသည့်အတိုင်း အပြုံးတစ်ခုကို ချိတ်ဆွဲထားလေ၏။
နောက်ဆုံးတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ၊ အသိစိတ်နယ်မြေအတွင်းမှ ဖြည်းညင်းစွာ ကျောခိုင်းထွက်ခွာခဲ့သည်။
“ငါတို့ တားမြစ် စူးမိသားစုဟာ မရေတွက်နိုင်တဲ့ ခေတ်ကာလများစွာကို အမွေဆက်ခံလာခဲ့သလို... မရေမတွက်နိုင်တဲ့ ထူးခြားတဲ့ပုဂ္ဂိုလ်တွေလည်း ပေါ်ထွက်လာခဲ့တယ်”
စူးရွှမ်ယွမ်သည် ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့်အမျှ ၊
အသိစိတ်နယ်မြေအတွင်း ဝင်းလက်တောက်ပသော မဟာလမ်းစဉ် ပန်းများပွင့်လန်းလာပြီး ၊ အချိန်နှင့် အာကာသ အပိုင်းအစများက လွင့်ကြဲကခုန်လျက်ရှိသည်။
ဤအချိန်နှင့် အာကာသ အပိုင်းအစများအတွင်း၌ မရေမတွက်နိုင်သော ပုံရိပ်များ ရေးထွင်းခံထားရသကဲ့သို့ ၊ တစ်ဖန် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားသည့် မရေမတွက်နိုင်သော မြင်ကွင်းများ ရှိနေခဲ့သလိုပင်။
အချိန်နှင့် အာကာသအတွက် တန်ဆာတစ်ခုကဲ့သို့ ၊ နှစ်ကာလပြောင်းလဲခြင်း၏သင်္ကေတတစ်ခုကဲ့သို့ မိုးမြေရှိ ယင်နှင့်ယန်ကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသည့် တာအိုစည်းချက်များကို ထုတ်ဖော်ပြသလျက်ရှိသည်။
………
စူးရွှမ်ယွမ်သည် နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့ဆက်သွားလေသည်။
ကခုန်နေသော အချိန်နှင့်အာကာသ အပိုင်းအစများ နှင့် ခံ့ညားထည်ဝါသော အသွင်ပုံရိပ်၏ ရောင်ပြန်ဟပ်မှုအောက်တွင်။
သူ၏ ပုံသဏ္ဍာန်သည် ကမ္ဘာကြီးကို ဖန်တီးနိုင်သကဲ့သို့ ၊ နှစ်ကာလအစဉ်အဆက်ကို ဖြတ်ကျော်နိုင်သကဲ့သို့ အတိုင်းမသိ ခံ့ညားထည်ဝါလွန်းပေသည်။
“မရေမတွက်နိုင်တဲ့ နှစ်ကာလတစ်လျှောက်..ငါတို့ တားမြစ်စူးမိသားစုဟာ မရေမတွက်နိုင်တဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတယ်... တစ်ချိန်က ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ ငါတို့ တားမြစ်စူးမိသားစုကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ဖူးတယ်”
“ဒါပေမယ့် ရလဒ်က ဘယ်လိုဖြစ်ခဲ့လဲ”
စူးရွှမ်ယွမ်သည် ရယ်မောလိုက်ရင်း ၊ သူ၏ ဝတ်ရုံလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ဟူး—
မူလက ငြိမ်သက်နေသော အသိစိတ်နယ်မြေတွင် မဟာလမ်းစဉ်၏ လေညင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားသည်။
တိုးဝှေ့လာသော လေညင်းနှင့်အတူ ၊ အာကာသအတွင်း စုဝေးနေသော အချိန်နှင့်အာကာသ အပိုင်းအစများသည် အလင်းမိုးများကဲ့သို့ ပြိုကွဲပျံ့နှံ့သွားသည်။
နောက်ဆုံးတွင် ၎င်းတို့သည် အာကာသ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ လွင့်စင်သွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲကို ကျောခိုင်းထားသော စူးရွှမ်ယွမ်သည် ပြန်လှည့်ကြည့်လာပြီး ၊ သူ့မျက်ခုံးများက အဆုံးမရှိသော ယုံကြည်မှုကို ဖော်ပြနေသကဲ့သို့ မာန်အပြည့်ဖြင့် ဆိုလိုက်သည်။
“ အတုမရှိဘူးလို့ ကြွေးကြော်ထားတဲ့ အင်အားစုတွေပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကောင်းကင်ဘုံကို အန်တုနိုင်တဲ့အထိ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ဖြစ် အရေးမကြီးဘူး “
“ငါ့ရဲ့ တားမြစ် စူးမိသားစုရှေ့မှာတော့ သူတို့အားလုံးဟာ ခေတ်ကာလရဲ့ ပြာမှုန်တွေ ဖြစ်လာပြီး ၊ အချိန်ရဲ့သမိုင်းကြောင်းမှာ ပျောက်ကွယ်သွားခဲ့ပြီးပြီ “
ဝုန်း ဝုန်း ! !
ရုတ်တရက်၊ ငြိမ်သက်နေခဲ့သော အာကာသဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ၊ မြေကြီးလှုပ်ရှားကာ တောင်တန်းများ လှုပ်ခတ်သွားသည့် အသံမျိုး ထွက်ပေါ်လာခဲ့သည်။
နောက်အခိုက်အတန့်တွင်၊ အဆုံးမရှိသော အချိန်နှင့်အာကာသ အလင်းမိုးများသည် စူးရွှမ်ယွမ်၏ နောက်ကွယ်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အထပ်လိုက် စုစည်းသွားပြီး အဆုံးတွင် အမတအလင်းများဖြင့် ပြိုးပျက်စွာ တောက်ပနေသော လူရိပ်များအဖြစ် ဖွဲ့စည်းသွားခဲ့သည်။
၎င်းတို့အားလုံးသည် ခံ့ညားထည်ဝါလွန်းပြီး ထူးကဲလှသည်။ အရှိန်အဝါသည် ယှဉ်နိုင်စရာမရှိအောင် မြင့်မားလွန်းပြီး ၊ နတ်ဘုရားများထဲက နတ်ဘုရား ၊ ဘုရင်များထဲမှ ဘုရင်တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
သူတို့၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ ယခင်က မှောင်မည်းနေသော အာကာသသည် တဖြည်းဖြည်း ထိန်လင်းတောက်ပလာသည်။
အမှောင်ထုသည် ဒီရေအလား ဆုတ်ခွာသွားပြီး၊ တောက်ပသော ရောင်ခြည်အလင်းများက အစားထိုးဝင်ရောက်လာခဲ့သည်။
အထူးသဖြင့် ဤမျှခံ့ညားထည်ဝါသော ပုဂ္ဂိုလ်များကြား အလယ်ပုဂ္ဂိုလ်သုံးဦးသည် လောကများစွာကို ပေါင်းစည်းနိုင်သော စစ်မှန်သော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရကာ ၊ သက်ရှိအပေါင်းနှင့် နိယာမတရားများပင်လျှင် သူတို့၏ ရှေ့တွင် ဦးညွှတ်ရပေလိမ့်မည်။
သူတို့သာ ဆန္ဒရှိလျှင်ဖြင့် ၊ အတွေးတစ်ချက်တည်းဖြင့် မဟာစကြဝဠာလောကကြီးကိုပင် ဖန်တီးနိုင်စွမ်း ရှိပုံရသည်။
“ဒါက.....!”
စူးချန်ကဲ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤပုဂ္ဂိုလ်သုံးဦးကို သူ ကောင်းကောင်း သိသည်။ ၎င်းတို့သည် တားမြစ်စူးမိသားစု၏ ဒဏ္ဍာရီလာ အဝေးဘိုးဘေး သုံးဦးပင် ဖြစ်သည်။
ထိုအချိန်တွင်၊ စူးရွှမ်ယွမ်သည် ဘယ်လက်ကို နောက်ပစ်လျက် ၊ ညာလက်ညိုးဖြင့် မိုးကောင်းကင်ကို ညွှန်ပြရင်း ဆိုလိုက်သည်။
“ငါတို့ တားမြစ် စူးမိသားစုဟာ ဘာလို့ နှစ်ကာလအစဉ်အဆက်တိုင်အောင် ကျော်ကြားနိုင်ခဲ့သလဲ...အမတနယ်မြေရဲ့ အထွတ်အထိပ်မှာ ဘယ်လိုလုပ်ပြီး ရပ်တည်နိုင်ခဲ့သလဲ... အချိန်သမိုင်းကြောင်းထဲကနေ ပျောက်ကွယ်မသွားဘဲ ဘာလို့ အခုထိတိုင် ရှိနေသေးတာလဲ”
“ ဒါတွေဟာလုံးဟာ အဘိုးရဲ့ အထက်မှာ ရှိနေတဲ့ အဲ့ပုဂ္ဂိုလ်တွေကြောင့်ပဲ”
“ လောကသားတိုင်းရဲ့ အမြင်မှာ ဖန်ဆင်းရှင်ဟာ အကြွင်းမဲ့အောင်နိုင်ခြင်းနှင့် ကြီးကျယ်ခမ်းနားခြင်းကို ကိုယ်စားပြုတယ်”
“သူတို့ဟာ အမြင့်မြတ်ဆုံး နတ်ဘုရားတွေ ဖြစ်တယ်၊ သူတို့ဟာ ဒေဝလောက တစ်ခုလုံးရဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူတွေ ဖြစ်တယ် ၊ သေခြင်းရှင်ခြင်း ၊ သာယာဝပြောခြင်းနဲ့ ဆုတ်ယုတ်ခြင်းဟာ သူတို့ရဲ့ အတွေးတစ်ချက်အောက်မှာပဲ ရှိတယ်”
“ငါတို့ စူးမိသားစုဟာ တားမြစ် ဆိုတဲ့အတိုင်း ၊ နှစ်ကာလအစဉ်အဆက်ကို တိုက်ခိုက်ဖြိုခွင်းပြီး၊ သက်ရှိအားလုံး လက်ခံထားတဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ရမယ်!”
စူးရွှမ်ယွမ်၏အသံသည် အာဏာစက်ကြီးမားလွန်းသည်။
“သက်ရှိအားလုံးရဲ့ မျက်စိထဲမှာ အတုမရှိတဲ့ ကမ္ဘာလောက ဖန်ဆင်းရှင်တွေ ဖြစ်နေတောင်၊ ငါတို့ တားမြစ် စူးမိသားစုဟာ တိုက်ရဲရမယ်... သတ်ဖြတ်နိုင်ရမယ်!”