← Chapters

လောကရှိ အနုတ်လက္ခဏာ စွမ်းအင်အားလုံးကို အုပ်စိုးသူ

Vol. 60 Ch. 784

လောကရှိ အနုတ်လက္ခဏာ စွမ်းအင်အားလုံးကို အုပ်စိုးသူ

Vol. 60 Ch. 784

စူးရွှမ်ယွမ်၏ စကားသံအဆုံးတွင် ၊

ဤနေရာရှိ အချိန်နှင့်အာကာသ ၊ နိယာမတရားများ ၊ မှော်သင်္ကေတများအပါအဝင် အရာအားလုံးသည် လုံးဝ တိတ်ဆိတ်သွားပုံရသည်။

စူးရွှမ်ယွမ်၏ ဦးခေါင်းထက်တွင် ပျံဝဲနေသော ထောင်ပေါင်းများစွာသော ပုံရိပ်များသည် ပို၍ပင် ခမ်းနားထည်ဝါနေပုံရသည်။

လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုသည် တဟုန်ထိုး တက်လာသော ဒီရေအလား အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

“သက်ရှိအားလုံးရဲ့ မျက်စိထဲက ဖန်ဆင်းရှင်ဟာ သူတို့ သတ်မှတ်ထားတဲ့ နယ်နိမိတ်မျှသာပဲ”

စူးရွှမ်ယွမ်၏ မျက်ဝန်းတစ်စုံသည် နတ်အလင်းများဖြင့် တောက်ပနေပြီး ၊ သူသည် ထပ်မံ၍ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“ငါတို့ တားမြစ်စူးမျိုးနွယ်စုဟာ သက်ရှိအားလုံးရဲ့ နယ်နိမိတ်ကို ချိုးဖျက်ဖို့ ၊ စည်းမျဉ်းတွေကို ချိုးဖျက်ဖို့ ၊ သိမြင် နားလည်မှုကို ချိုးဖောက်ဖို့၊ မဖြစ်နိုင်တာကို ဖြစ်နိုင်တဲ့အရာအဖြစ် ပြောင်းလဲဖို့ ၊ ဒါမှသာ...”

“ တားမြစ်ချက် လို့ ခေါ်ထိုက်မှာပေါ့”

ထိုအခိုက်အတန့်တွင် ၊ စူးချန်ကဲ၏ ကိုယ်ပိုင်ခံစားချက်များသည် မြင့်တက်လာပြီး ၊ စိတ်ဝိညာဉ်သည်ပင် ပဲ့တင်ထပ်လျက် ရှိသည်။

“ စည်းမျဉ်းတွေကို ချိုးဖျက်တာ...သိမြင်နားလည်မှုကို ချိုးဖောက်တာ...မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် လုပ်တာ....”

စူးချန်ကဲသည် အနည်းငယ် ကြောင်အမ်းသွားပုံရကာ တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။

“ ဒါမှသာ တားမြစ်ချက်လို့ ခေါ်ထိုက်မှာတဲ့လား”

မိမိ၏ မျိုးနွယ်စုသည် မိမိထင်ထားသည်ထက်ပင် များစွာ အာဏာကြီးမားပုံရသည်။

အချိန်အတော်တန် ကြာပြီးနောက် ၊ စူးချန်ကဲသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အကြောင်းအရာကို ဆက်လက် ဆွေးနွေးလိုက်သည်။

“အဘိုး...ချန်ကဲ နားမလည်တဲ့ ကိစ္စအချို့ ရှိသေးတယ်၊ ဒီကပ်ဘေးနတ်ဘုရား ဟာ ဖန်ဆင်းရှင်ငါးပါးထဲက တစ်ပါး ဖြစ်တယ်ဆိုတာ ဘယ်ကနေအတည်ပြုခဲ့တာလဲ”

“ ပြီးတော့ ဒီကပ်ဘေးနတ်ဘုရားဟာ တစ်ချိန်က ဖြူဖပ်ဖြူရော်မျက်နှာကြီး ဖြစ်တယ်ဆိုတာ ဘာလို့ ဒီလောက်ထိ သေချာနေရတာလဲ”

“ဖန်ဆင်းရှင်ငါးပါးဆိုတာကရော ဘယ်သူတွေလဲ”

စူးချန်ကဲသည် သူ့စိတ်ထဲက အကြီးမားဆုံး မေးခွန်းသုံးခုကို ထုတ်ဖော်မေးမြန်းလာခဲ့သည်။

ထိုစကားကို ကြားပြီးနောက် ၊ စူးရွှမ်ယွမ်သည် ခဏတာ အံ့အားသင့်သွားသော်လည်း ၊ ထို့နောက် သူသည် အတွေးထဲသို့ ခဏတာ နစ်မြုပ်သွားသည်။

သူသည် စူးချန်ကဲ၏ မေးခွန်းများကို မည်သို့ ဖြေကြားရမည်ကို စဉ်းစားနေပုံရသည်။

ဆယ်စက္ကန့် အကြာတွင် ၊ စူးရွှမ်ယွမ်သည် စကားစလိုက်သည်။

“ဒီထဲမှာ ပါဝင်ပတ်သက်နေတဲ့ အရာတွေက အရမ်းများတယ်... ​​မင်းရဲ့ လက်ရှိခွန်အားအရ ၊ မင်းဟာ အားနည်းလွန်းတယ် ၊ ကိစ္စတွေကို အလွန်အကျူး သိထားရင် မင်းအတွက် ဘာကောင်းကျိုးမှ မရှိဘူး”

“ငါ မင်းကို အရိုးရှင်းဆုံးနဲ့ အကြမ်းဖျင်း ပြောပြမယ်”

“ပထမမေးခွန်းကနေ စရှင်းရအောင်၊ ငါတို့ ဒီကပ်ဘေးနတ်ဘုရား ဟာ ဖန်ဆင်းရှင်ငါးပါးထဲက တစ်ပါးဖြစ်တယ်ဆိုတာ ဒီကျိုးပဲ့နေတဲ့ ယစ်ပူဇော်ခြင်း ကမ္မည်းကျောက်တိုင်ကနေ တဆင့် အသိအမှတ်ပြုနိုင်ခဲ့တာပဲ “

ထိုသို့ဆိုရင်း၊ စူးရွှမ်ယွမ်သည် သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင်အတွင်း မျောလွင့်နေသော တလက်လက် တောက်ပနေသော စာလုံးအက္ခရာများသည် စွမ်းအားတစ်ခု၏ လမ်းညွှန်မှုကို ခံလိုက်ရသည့်အလား သူတို့နှစ်ယောက်၏ ရှေ့မှောက်တွင် မျောလွင့်ကာ လှည့်ပတ်နေကြသည်။

စူးချန်ကဲသည် သေချာ အာရုံစူးစိုက်လိုက်သည်။ ဤပုံစံအရ ၊ မိမိ၏ အဘိုးဖြစ်သူသည် မိမိအား ကမ္မည်းကျောက်တိုင်ပေါ်ရှိ ထိုအက္ခရာများ၏ အဓိပ္ပါယ်ကို ရှင်းပြတော့မည့်ပုံရသည်။

သို့သော် စက္ကန့်သုံးဆယ်ခန့် ထပ်မံ စောင့်ဆိုင်းပြီးသည့်တိုင်အောင် ၊ အဘိုးဖြစ်သူမှာ လှုပ်ရှားမှု မရှိသေးပေ။

စူးရွှမ်ယွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် မှုန်ကုတ်နေပြီး၊ ဟင်းလင်းပြင်အတွင်း မျောလွင့်နေသော စာလုံးအက္ခရာများကို စိုက်ကြည့်ရင်း မျက်လုံးများက ပြူးသွားလိုက် မှေးသွားလိုက်ဖြင့် သူတစ်ယောက်တည်း အလုပ်ရှုပ်နေလေ၏။

“အဘိုး.... ခင်ဗျား.... မဟုတ်ဘူးမလား....”

စူးချန်ကဲသည် တစ်ခုခုမှားနေကြောင်း သတိပြုမိကာ သံသယဖြင့် မေးလိုက်သည်။

“မြေးကို အဲ့လိုမပြောနဲ့နော်.... ခင်ဗျား ဒီကမ္မည်းကျောက်တိုင်ပေါ်က အက္ခရာစာလုံးတွေကို နားမလည်ဘူးလား....”

ဤစကားများ ထွက်လာသည်နှင့် ၊ စူးရွှမ်ယွမ်သည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသည့်အလား လည်ချောင်းရှင်းလိုက်ရင်း ။

“ချန်ကဲ မင်းပြောတဲ့စကားကို ကြည့်စမ်း၊ ဒီမူလမဟာလမ်းစဉ် ရှေးဟောင်းအက္ခရာတွေရဲ့ အနက်ကို ဖော်ထုတ်ဖို့ တာဝန်ရှိတဲ့သူတွေက မင်း အဘိုး ( အဖေ့ရဲ့အဘိုး) နဲ့ အဝေးဘိုးဘေး နှစ်ယောက်ပဲ “

“ ငါနဲ့ သူတို့ လူကြီးသုံးယောက်ကြားက ဆက်ဆံရေးကို.... မင်းလည်း နားလည်မှာပါ”

အမှန်အားဖြင့် ၊ စူးရွှမ်ယွမ်သည် ထူးခြားသော အဓိပ္ပာယ်ရှိသည့် မူလရှေးဟောင်းစာလုံးများကို နားလည်နိုင်စွမ်း ရှိပေသည်။

သို့သော် ဤယစ်ပူဇော်ခြင်း ကမ္မည်းကျောက်တိုင်ပေါ်တွင် ရိုက်နှိပ်ထားသော မူလရှေးဟောင်းစာလုံးများမှ ဖော်ပြထားသော သတင်းအချက်အလက်သည် အလွန်ရှုပ်ထွေးလွန်းသည်။ အကယ်၍ တားမြစ်စူးမိသားစုထဲမှ အဝေးဘိုးဘေး ကဲ့သို့ ကျင့်ကြံမှုမျိုး မရှိပါက၊ မည်သူမျှ နားလည်နိုင်စွမ်း မရှိပေ။

“ဒါပေမဲ့ ဒီပေါ်ကစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို တိတိကျကျ မသိပေမယ့် အကြမ်းဖျင်း အဓိပ္ပာယ်ကိုတော့ ငါ သိတယ် “

စူးရွှမ်ယွမ် က ဆက်ပြောသည်။

“ဒီကမ္မည်းကျောက်တိုင်ဟာ တကယ်တော့ အမတနယ်မြေ အထက်လောကရဲ့ ရှေးကျတဲ့ အင်အားစုတစ်ခုက ကျန်ရှိခဲ့တာပဲ”

“သူတို့ခေတ်တုန်းက အင်အားစုအားလုံးနဲ့ သက်ရှိအပေါင်းတို့က ဖန်ဆင်းရှင်ငါးပါးကို ရိုသေလေးစားကြတယ်”

“သူတို့ရဲ့ အမြင်မှာ လောကရှိ မဟာလမ်းစဉ်အားလုံး၊ လောကရှိ သက်ရှိအားလုံးဟာ ဖန်ဆင်းရှင်ငါးပါးရဲ့ ဖန်တီးမှုပဲ ၊ သူတို့ကိုယ်တိုင်တောင် ဖန်ဆင်းရှင်ငါးပါးရဲ့ ဖန်ဆင်းခြင်းကို ခံခဲ့ရတယ်လို့ ယူဆခဲ့ကြတယ်”

“ အဲ့လိုနဲ့ မတူညီတဲ့ ဖန်ဆင်းရှင်တွေကို ကြည်ညိုတဲ့ အင်အားစုတွေနဲ့ တည်ရှိမှုတွေဟာလည်း သူ့အလိုလို စခန်းကွဲသွားကြတယ်”

“ဒီကမ္မည်းကျောက်တိုင်ကို ချန်ထားခဲ့တဲ့ အင်အားစုဟာ ကပ်ဘေးနတ်ဘုရား လို့ ခေါ်ဝေါ်တဲ့ ဖန်ဆင်းရှင်ကို ကိုးကွယ်ခဲ့ပုံပဲ”

“ ကမ္မည်းကျောက်တိုင် ထဲက သတင်းအချက်အလက်တွေအရ ၊ ကပ်ဘေးနတ်ဘုရား ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကံအဟန့်အတားအားလုံးကို ထိန်းချုပ်ပြီး ၊ ဘေးဒုက္ခ၊ ကပ်ဘေး ၊ ကမ္ဘာပေါ်မှာရှိတဲ့ အနုတ်လက္ခဏာစွမ်းအင်အားလုံးကို ထိန်းချုပ်သူအဖြစ် နားလည်နိုင်တယ်”

ဤစကားများ ထွက်ပေါ်လာသည်နှင့် ၊ စူးချန်ကဲ၏ ဦးနှောက်ထဲတွင် မိုးခြိမ်းသံတစ်ခု ထပ်မံ ပေါက်ကွဲသွားသည့်အလား ဖြစ်ခဲ့ရသည်။

ကံအဟန့်အတား ၊ အနုတ်လက္ခဏာ စွမ်းအင်အားလုံးကို ချုပ်ကိုင်ထားသူ ဟုတ်လား!?

သူ၏ မှန်းဆချက်သာ မှန်ကန်ခဲ့ပါက ၊ ထိုနှစ်က အမှောင်ထု မွေးဖွားလာရသည့် အကြောင်းရင်းမှာ အဆုံးမဲ့ကပ်ဘေး တိုက်ပွဲအပြီးတွင် ကျန်ရစ်ခဲ့သော ကံအကျိုးဆက်ကြောင့်ပင် မဟုတ်လော။

ထို့အပြင် အဆုံးမဲ့ကပ်ဘေးတိုက်ပွဲ ဖြစ်ပွားခဲ့ရသည်မှာ အလွန်ပင် ထူးဆန်းလှသည်။ အုပ်စိုးရှင်အင်အားစု ဆယ့်နှစ်ခုဖြစ်စေ၊ ထိပ်တန်းအမတဂိုဏ်း သုံးဆယ့်ခြောက်ခုဖြစ်စေ၊ ကောင်းကင်ဂူ ခုနစ်ဆယ့်နှစ်ခုဖြစ်စေ ၎င်းတို့အားလုံးသည် အမတနယ်မြေ၏ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။

၎င်းတို့ထဲတွင် အမတနယ်မြေထက် သာလွန်သော ပုဂ္ဂိုလ်များစွာ ထွက်ပေါ်လာခဲ့သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ရှားပါးပစ္စည်းနှင့် သယံဇာတများကို လုယူရန် နှင့် ကျော်ကြားမှုအတွက်စသော အကြောင်းပြချက်များဖြင့် လောကကြီးကို ဖျက်ဆီးနိုင်သည့် ဤမျှကြီးမားသော စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့သည်ဟု ဆိုကြသည်။

အဆုံးတွင် သက်ရှိအပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရုံသာမက ၊ အင်အားစုများစွာ ပျက်သုန်းခဲ့ရပြီး ၊ အမှောင်ထု မွေးဖွားခြင်းကိုပါ ဖြစ်ပေါ်စေခဲ့သည်။

စူးချန်ကဲ၏ အတွေးကို သိရှိနေသကဲ့သို့ စူးရွှမ်ယွမ်၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် သူ့စိတ်ထဲတွင် ပြုံးရယ်ကာ တွေးလိုက်မိသည်။

“ချန်ကဲ ဒီကောင်.... ရွှမ်အာ ငယ်ငယ်တုန်းကအတိုင်းပဲ”

ထိုနှစ်က အဆုံးမဲ့ကပ်ဘေးတိုက်ပွဲ ဖြစ်ခဲ့ရသည်နှင့် ပတ်သတ်၍ ၊ ပါဝင်ပတ်သတ်မှုသည် အလွန်ကို များပြားသည်။ သို့သော် အမတနယ်မြေ၏ မှတ်တမ်းများတွင် ဖော်ပြထားသည့်အတိုင်း မဟုတ်သည်မှာ သေချာပေါက် အတပ်ပြောနိုင်သည်။

ရှားပါးပစ္စည်းနှင့် သယံဇာတများကို လုယူရန် နှင့် ကျော်ကြားမှုအတွက်စသော အကြောင်းပြချက်များကြောင့် စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်ဟု ဆိုကြသည်။

ဤအကြောင်းကြောင့်ဟု ဆိုပါက ၊ သူတို့လို ထိပ်တန်းအင်အားစုများသည် တကယ်ကို ဂုဏ်သိက္ခာနိမ့်ကျပြီး အဆင့်အတန်း မရှိရာကျပေတော့မည်။

အရာအားလုံးတွင် အကြောင်းပြချက်ရှိပြီး ၊ နောက်ကွယ်တွင် အားကောင်းသော အင်အားတစ်ခုက ဤအရာအားလုံးကို တွန်းအားပေးကာ ထိန်းချုပ်ထားသည်။

ကနဦး ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးပင် ဖြစ်စေ၊ ထို့နောက် အဆုံးမဲ့ကပ်ဘေးတိုက်ပွဲကြီးပင် ဖြစ်စေ၊ သို့မဟုတ် နောက်ဆုံး ကမ္ဘာ့ကပ်ဘေးစစ်ပွဲပင် ဖြစ်စေ ဤအရာအားလုံးတွင် အမည်မသိ တစ်စုံတစ်ဦးက ထိန်းချုပ်ထားသည်။

စစ်မှန်သော အမှန်တရားသည် ဒေဝလောက၏ အနက်ရှိုင်းဆုံး ရေဝဲထဲ၌ ဟိုးအရင်ကတည်းက ဖုံးကွယ်ထားခံခဲ့ရသည်။

All Chapters