အိမ်မက်ထဲမှာ လက်ချင်းတွဲလို့ ၊ လူငယ်ဘဝရဲ့ နွေဦးကို အချည်းနှီး မဖြစ်စေလင့်
Vol. 60 Ch. 786
စိတ်ထဲကနေပင် ဤကဲ့သို့ ရဲရဲတင်းတင်း ဆဲဆိုရဲသည့် တည်ရှိမှုမျိုးသည် မဟာလမ်းစဉ်၏ တုံ့ပြန်ခြင်းကြောင့် အမှုန့်ပင်မကျန် ပျောက်ကွယ်သွားနိုင်သည်။
သို့သော် စူးချန်ကဲသည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ဖြစ်သည့်အတွက် ၊ သူသည် အကြောင်းအကျိုးတရား၏ အပြင်ဘက်တွင် ရှိနေပြီး အခြားသူများ၏ အထူး သတိထားခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။
ထပ်ပြီးဆိုရလျှင်ဖြင့် ၊ ဒေဝလောက တစ်ခုလုံးတွင် မည်သည့်ထိခိုက်မှုမှ မရှိဘဲ ဖန်ဆင်းရှင်တစ်ပါးကို ဤကဲ့သို့ ပြောင်ပြောင်တင်းတင်း ဆဲဆိုနိုင်သူမှာ စူးချန်ကဲတစ်ဦးတည်းသာ ရှိပေမည်။
ကပ်ဘေးနတ်ဘုရားကို ပြင်းပြင်းထန်ထန် ရှုတ်ချရင်း ၊ စူးချန်ကဲသည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ မူလပိုင်ရှင်ကိုပင် အချောင်ဆွဲထည့်ကာ ပြောဆိုလိုက်သေး၏။
“ ခင်ဗျားပြောတော့ ဗလာနိတ္ထိ ဖန်ဆင်းရှင်ဆို....ကျုပ် ခင်ဗျားကြောင့် ဒုက္ခရောက်ရတာ ဒါကို ဒင်းက ကျုပ်ကို ကယ်ဖို့ ထွက်မလာဘူးလား”
“ငါ စူးချန်ကဲ ဘယ်လို ကောင်းမှုကုသိုလ်တွေများ လုပ်ထားလို့ ခင်ဗျားရဲ့လှည့်စားမှုကို ခံနေရတာလဲ”
…
တစ်ချိန်တည်းမှာပင်။
အလွန်လျှို့ဝှက်သော မဟာလမ်းစဉ် အာကာသ တစ်ခုအတွင်း၌။
ခန္ဓာကိုယ်တစ်ခုလုံး ဗလာနိတ္ထိစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ၊ အဆုံးမဲ့ ရှည်လျားသော အချိန်ကာလ မြစ်ရေစီးကြောင်းအတွင်း လျှောက်လှမ်းနေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ၏ မျက်နှာအသွင်အပြင်နှင့် ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၊ သို့သော် တစ်ဖက်လူ၏ ရပ်တန့်သွားသော လှုပ်ရှားမှုကို ကြည့်ရလျှင်ဖြင့် ၊ သူသည် ကိုယ့်ကိုယ်ကိုယ် သံသယရှိနေသကဲ့သို့ ရေရွတ်လိုက်သည်။
“အမ်.... ငါ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဝင်ရောက်လာသလိုပဲ ...”
“တစ်စုံတစ်ယောက်က ငါ့နောက်ကွယ်မှာ ကဲ့ရဲ့ပြောဆိုနေသလိုပဲ “
“ မဟုတ်မှလွဲရော ...ငါလုပ်ခဲ့တဲ့ အရာအားလုံးကို သူတို့ လေးယောက်စလုံး သတိထားမိသွားတာလား....”
“မဖြစ်နိုင်ဘူး၊ ငါက အကြွင်းမဲ့ စကြဝဠာကို ယဇ်ပူဇော်ပြီး အားလုံးကို ပြန်လည်စတင်ပြီးသားပဲ ၊ ဒီလူတွေ ဘယ်လောက်ပဲ တွက်ဆကြည့်ကြည့်၊ ငါ့ကို သတိထားမိဖို့ မဖြစ်နိုင်ဘူး”
ခဏတာ ညည်းတွားပြီးနောက် ၊ ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်သည် သူ့ခြေလှမ်းကို ပြန်လည် စတင်လိုက်ပြီး အချိန်မြစ်ကြောင်းတစ်လျှောက် လျှောက်လှမ်းလိုက်သည်။
“ဒီဘဝကတော့ အရင်ဘဝတွေနဲ့ မတူတော့ဘူး၊ စူးချန်ကဲ ဆိုတဲ့ ဒီကောင်လေး ဘယ်လို ပြောင်းလဲမှုတွေ ယူဆောင်လာမလဲဆိုတာ မသိနိုင်ဘူး “
ပေါ့ပါးသော ပြုံးရယ်သံနှင့်အတူ၊ အချိန်နှင့်အာကာသ အပိုင်းအစများသည် ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်ကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားခဲ့သည်။
“ဟားဟား.... ဒီငြီးငွေ့စရာကောင်းတဲ့ ကမ္ဘာကြီးက စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ”
…….
တစ်ချိန်တည်းမှာပင်။
စူးရွှမ်ယွမ်၏ ရှင်းပြမှုကြောင့် စူးချန်ကဲ၏ စိတ်ထဲက သံသယများသည်လည်း တဖြည်းဖြည်း ပြေလည်သွားခဲ့သည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ မိမိ၏အဘိုး ပြောပြသော လျှို့ဝှက်ချက်များကို နားထောင်ပြီးနောက် ၊ တစ်ခေါင်းလုံး အနည်းငယ် ဗြောင်းဆန်သွားပြီး စိတ်ကူးယဉ်ဆန်လွန်းသည်ဟုပင် ခံစားလိုက်ရသည်။
မိမိသည် လက်ရှိတွင် အမတဧကရာဇ်မင်း မဟုတ် ၊ သေးနုပ်သော စစ်မှန်အမတအဆင့်သာ ရှိသေး၏။ ဤအရာများကို သိရှိထားခြင်းသည် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားရန်မှတပါး အခြားမရှိ။
“ ကြည့်ရတာ .. အနာဂတ်လမ်းက ရှည်လျားသေးတာပဲ “
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုလိုက်သည်။
“ဟားဟား..... ချန်ကဲ၊ ငါ အစကတည်းက ပြောခဲ့သလိုပဲ.. ဒီကိစ္စအတွက် မင်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေဖို့မလိုဘူး “
စူးရွှမ်ယွမ်သည် စူးချန်ကဲ၏ ပခုံးကို ပုတ်ကာ ဖော်ရွေသော လေသံဖြင့် ဆိုလိုက်သည်။
“ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအထိ အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ လိုတယ် “
“အမတနယ်မြေရဲ့ အထက်လောကကို ငါတို့ ဆက်ပြီး စူးစမ်းလေ့လာမယ်”
“မင်း သန်မာလာတဲ့အချိန်ထိ ၊ ငါတို့ လူကြီးတွေက မင်းရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံ ဖြစ်နေမှာပဲ “
“မင်းမှာ အပြစ်ရှိသလို ခံစားနေဖို့ မလိုဘူး... မိသားစုအတွက် ဝမ်းနည်းဖို့လည်း မလိုဘူး.. ဘာလို့လဲဆိုတော့ မင်းက စူးချန်ကဲပဲ... ပြီးတော့ မင်းဟာ ငါတို့ တားမြစ် စူးမိသားစု ရဲ့ သခင်ငယ်ပဲ “
“ဒါတွေအားလုံးက ငါတို့ လုပ်သင့်တဲ့အရာ.. ငါတို့ မဖြစ်မနေ လုပ်ရမယ့်အရာတွေပဲ “
“မင်းက ရှေ့ကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်ဖို့ပဲ လိုတယ်၊ ကြောက်စရာမလိုဘူး... ဘာပဲဖြစ်ဖြစ် ငါတို့ရှိတယ် “
“အဘိုး...”
နွေးထွေးသော ခံစားချက်တစ်ခုသည် စူးချန်ကဲ၏ စိတ်နှလုံးသားထဲသို့ သူ့အလိုလို စီးဆင်းဝင်ရောက်လာခဲ့သည်။
ဤကဲ့သို့သော မိသားစုမျိုး ရှိနေသရွေ့၊ ဘာကိုများ ထပ်တောင်းဆိုစရာ ရှိဦးမည်နည်း။
အနာဂတ်တွင် ဤမျှ ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရရင်တောင် ၊ မိသားစုသည် မိမိအတွက် ဝန်လေးသောအရာများကို ထမ်းပိုးထားဆဲ ဖြစ်သည်။
အကယ်၍ မိမိသည် အောင်မြင်မှုကို မရယူနိုင်ခဲ့ပါက ၊ ဝန်ထုတ်ဝန်ပိုးကို တိတ်တဆိတ် ထမ်းရွက်ပေးထားသော သူတို့ကို မည်သို့ မျက်နှာပြရမည်နည်း။
“ အဘိုး စိတ်ချပါ၊ ချန်ကဲ ဘယ်တော့မှ....”
“ ခဏ ခဏ ... ရပ်လိုက်”
သို့သော် သူ့စကားမဆုံးခင်မှာပင် ၊ စူးရွှမ်ယွမ်က ကြားဖြတ် ပြောဆိုလိုက်သည်။
“ မင်းရဲ့ ဒီစကားတွေကို မင်းအဖေ ဟိုးတုန်းက မနည်းမနှော ပြောခဲ့ပြီးပြီ ၊ ဒါတွေကို နားထောင်ရတာ မင်းအဘိုး ငါ ငြီးငွေ့နေပြီ “
ထိုစကားများ ထွက်လာသည်နှင့် ၊ စူးချန်ကဲတစ်ယောက် ဆွံ့အနေမိသည်။ မိမိအဘိုး၏ စရိုက်သည် အတော်လေး ထူးဆန်းပေသည်။
ထိုစဉ် ၊ စူးရွှမ်ယွမ်က ဆက်ပြောသည်။
“ဒီလို အကျိုးမရှိတာတွေ ပြောနေမယ့်အစား လက်တွေ့ကျတဲ့ အရာတစ်ခုခုကို လုပ်တာက ပိုကောင်းမယ် “
“ ငါ့အမြင်အရ ၊ မင်းလည်း သိပ်ငယ်တော့တာ မဟုတ်ဘူး၊ မင်းအဖေက ငယ်ငယ်တုန်းက ပုန်ကန်တတ်ပြီး ရိုက်နှက်သင့်တဲ့ ကလေးဆိုးထဲ ပါပေမယ့် ၊ မင်းအရွယ်မှာတော့ သူက မင်းရဲ့ အမေနဲ့ လက်ချင်းတွဲပြီး အမတနယ်မြေတစ်ခွင် လှည့်လည်ပျော်ပါးတတ်နေပြီ “
“နောက်ဆုံး အမတဘုရင် အဆင့်မှာတင် မင်းကို ကိုယ်ဝန်ဆောင်ခဲ့တာပေါ့ “
“ငါ ကြားရသလောက် ၊ မင်းနဲ့ ယောင်ကွမ် အမတဂိုဏ်းက နတ်ဘုရားမနဲ့က ဆက်ဆံရေးကောင်းတယ်ဆိုပဲ ... ပြီးတော့ မိသားစုက ပို့ပေးတဲ့ အချက်အလက်တွေအရ ၊ အဘိုးလည်း အဲ့ကလေးမကို သဘောကျတယ်”
“ နေ့ကောင်းရက်မြတ် တစ်ခုခု သတ်မှတ်ပြီး ၊ မင်းတို့ စေ့စပ်လိုက်ရင် ဘယ်လိုလဲ “
အဘိုးဖြစ်သူ၏ ဆက်တိုက် ထိုးနှက်မှုသည် စူးချန်ကဲကို လုံးဝ ဆွံ့အသွားစေသည်။
မျိုးဆက်ဟောင်းက လူအိုကြီးတွေက မျိုးဆက်သစ် လူငယ်တွေရဲ့ ကိစ္စကို အတော်လေး စိတ်ဝင်စားနေကြတာပဲ မဟုတ်လား?
သူ့ခမျာ အခုမှ အမတလမ်းစဉ်ကို စတင် လျှောက်လှမ်းတုန်းပဲ ရှိသေးတယ် ၊ စေ့စပ်ကြောင်းလမ်းဖို့ ပြောဖို့ နည်းနည်း စောလွန်းမနေဘူးလား !?
“ ဆိုရိုးစကားအတိုင်း ၊ မျိုးဆက်ပြတ်ခြင်းဟာ အကြီးမားဆုံးသော မလိမ္မာမှုပဲ”
စူးချန်ကဲ၏ အတွေးကို သိနေသည့်အလား စူးရွှမ်ယွမ်က ဆက်ပြောလေသည်။
“အနာဂတ်မှာ ဘယ်လို အကျပ်အတည်းမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး.. နောင်တ နဲ့ အလှတရား ဘယ်သူက အရင်ရောက်မယ်ဆိုတာ မပြောနိုင်ဘူး “
စူးရွှမ်ယွမ်၏ စကားများ ကျရောက်လာသည်နှင့်အမျှ ၊ ဟင်းလင်းပြင်သည် ရုတ်တရက် ရွဲ့စောင်းသွားပြီး ၊ အချိန်နှင့် အာကာသ အစိတ်အပိုင်းများသည် နေရာအနှံ့ ပြန့်ကျဲသွားကာ ယခင်က သိပ်သည်းသော မဟာလမ်းစဉ် စွမ်းအားသည် ဒီရေအလား ပျောက်ကွယ်သွားခဲ့သည်။
ပုံစံအရ ၊ ဤအသိစိတ်နယ်မြေရှိ အာကာသကို ထိန်းသိမ်းထားသော စွမ်းအင်များသည် ကုန်ဆုံးသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်နေသည်။
“ အိမ်မက်ထဲမှာ လက်ချင်းတွဲလို့ ၊ လူငယ်ဘဝရဲ့ နွေဦးကို အချည်းနှီး မဖြစ်စေလင့် “
“ချန်ကဲ၊ အိမ်ထောင်ဖက်ကောင်း တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရင် ၊ လက်မလွှတ်လိုက်နဲ့ “
ခဏအကြာတွင် ၊ ဆန်းကြယ်သော အသိစိတ်နယ်မြေသည် မိုးနှင့်မြေကြား ပျောက်ကွယ်သွားလေတော့သည်။
………
ပြင်ပလောကတွင် ၊
ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသော စူးချန်ကဲသည် သူ့ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ၊ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ မဟာလမ်းစဉ် အမှတ်အသားများဖြင့် ပြည့်နှက်နေသော ရွက်ဖျင်တဲ၏ အတွင်းပိုင်းသာ ဖြစ်သည်။
“ငါ ဒါက....”
စူးချန်ကဲသည် စက္ကန့်အနည်းငယ်ကြာ ငေးမောနေမိပြီး ၊ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်း ဒီရေအလား ဝင်ရောက်လာသော နာကျင်ကိုက်ခဲမှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
အဆိပ်တစ်သောင်း၏ စွမ်းအားကို စတင်အဆိပ်သင့်ခဲ့စဉ်ကထက် နာကျင်မှု မပြင်းထန်သော်လည်း ၊ သို့သော် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများသည် ယခုထိတိုင် ဖောင်းကြွနေဆဲ ဖြစ်သည်။
အသက်ပြင်းပြင်း ရှူရှိုက်ပြီးနောက်မှသာ ၊ ဤပြင်းထန်သော နာကျင်မှုသည် တဖြည်းဖြည်း သက်သာလာခဲ့သည်။