အမတ ဧကရာဇ်မင်း၏ လက်နက်တော်၊ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ
Vol. 60 Ch. 790
ယောင်ကွမ်အမတဂိုဏ်း၏ သီးသန့် မူလဖွဲ့စည်းပုံ ဖြစ်သော ယောင်ကွမ်စိတ်ကူးယဉ်မျက်ဝန်းနှင့် ပတ်သတ်၍ ၊ စူးချန်ကဲသည်လည်း သဘာဝကျကျ သိရှိထားသည်။
အမတနယ်မြေ၏ ရှေးဟောင်းစာအုပ်မှတ်တမ်းများအရ ၊ အမှောင်ထုကာလတွင် အမတ နယ်မြေ၌ အမှောင်ထု၏ ရန်သူအဖြစ် ချီးကျူးခံခဲ့ရသည့် နတ်ဘုရားခန္ဓာ တစ်ခု ရှိခဲ့ဖူးသည်။
ယင်းမှာ ယောင်မင်နတ်ဘုရား ခန္ဓာဟု အမည်တွင်သော ယောင်ကွမ်စိတ်ကူးယဉ်မျက်ဝန်းပင် ဖြစ်သည်။
ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် လောက၏ အနှစ်သာရအရှိဆုံး အလင်းသန့်စင်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည်။
နတ်ဆိုးများကို တွန်းလှန်ကာ အမှောင်ထုကို ဖယ်ရှားပေးနိုင်သည်။
ကောလဟလများအရ ၊ ရှေးယခင်က ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းကို ပိုင်ဆိုင်ထားသော အမတဧကရာဇ်မင်းတစ်ပါးသည် အမှောင်ထု အမတ ဧကရာဇ်မင်း သုံးပါးကို သူ တစ်ဦးတည်းဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး ၊ နောက်ဆုံးတွင် သူ၏ အစွမ်းအစဖြင့် အမှောင်ထု အမတဧကရာဇ်မင်း သုံးပါးကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။
အမတ ဧကရာဇ်မင်းများသည် မူလကတည်းက လောက၏ အထွတ်အထိပ် စွမ်းအားရှင်များ ဖြစ်ကြပြီး ၊ တစ်ယောက်နှင့် တစ်ယောက် ကွာဟချက် မရှိပေ။
တစ်ယောက်တည်းဖြင့် ပြိုင်ဘက်နှစ်ယောက်ကို ရင်ဆိုင်ခြင်းသည်ပင် ရှားပါပေသည်။ ထိုသူသည် သူတစ်ယောက်တည်းဖြင့် ပြိုင်ဘက် သုံးယောက်ကို ရင်ဆိုင်ကာ အဆုံးတွင် သတ်ဖြတ်နိုင်ခဲ့သည်ကို ကြည့်လျှင်ဖြင့် ၊ ယောင်ကွမ်စိတ်ကူးယဉ်မျက်ဝန်းသည် အမှောင်စွမ်းအားကို မည်မျှအထိ ချေဖျက်နိုင်စွမ်းရှိသည်ကို သိနိုင်သည်။
စူးချန်ကဲကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ချစ်တင်းနှောပြီးနောက် ၊ သူ၏ ကျင့်ကြံမှုသည် စစ်မှန်အမတနယ်ပယ် အဆင့် (၈) သို့ ရောက်ရှိသွားရုံသာမက ၊ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော အဆိပ်တစ်သောင်းစွမ်းအားသည်လည်း လုံးဝ ပျောက်ကွယ်သွားပြီး အခြေခံအုတ်မြစ်သည်ပင် ပို၍ ခိုင်မာလာခဲ့သည်။
“ ရန်ယွီလည်း ပင်ပန်းသွားရောပေါ့...”
စူးချန်ကဲသည် အိပ်မောကျဆဲ ဖြစ်သော လော့ရန်ယွီကို တစ်ချက်ကြည့်ကာ သူမအတွက် စောင်ခြုံပေးလိုက်ပြီးနောက် ၊ အကာအကွယ် အစီအရင်ကို ဖယ်ရှားကာ အပြင်သို့ ထွက်လာခဲ့သည်။
ဝမ်မင်တို့ အုပ်စုသည် ကြိုတင်မှန်းဆထားသကဲ့သို့ ဆိုးညစ်သော အပြုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ချန်ကဲ ဆက်ခံသူ ၊ နှစ်ရက်နှစ်ည ကြာသွားပြီ၊ နောက်ဆုံးတော့ ထွက်လာပြီပေါ့!”
“အမ်....?”
အပြင်တွင် စောင့်ဆိုင်းနေသော အာရှင်းသည်လည်း စူးချန်ကဲကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ၊ သူသည် ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။
“ချန်ကဲ လူကြီးမင်း..... ဒီနှစ်ရက်အတွင်း ဘာတွေ လုပ်နေခဲ့တာလဲ...လူကြီးမင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ အဆိပ်တစ်သောင်းစွမ်းအားက လုံးဝ ပျောက်ကွယ်သွားသလိုပဲ “
“ဒါပေမဲ့ လူကြီးမင်းကို ကြည့်ရတာ နည်းနည်း အားနည်းနေသလိုမျိုး... ခွန်အားမရှိသလိုမျိုး ခံစားမိတယ် “
သံမဏိစက်ရုပ် တစ်ကောင်ဖြစ်သော အားရှင်းသည် ရွက်ဖျင်တဲအတွင်း၌ မည်သည့်အရာများ ဖြစ်ခဲ့သည်ကို သိရှိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဤကဲ့သို့ ထူးဆန်းသော ဖြစ်စဉ်သည် သူ့ကို စိုးရိမ်ပူပန်စေမိသည်။ ဤသည်မှာ အဆိပ်တစ်သောင်း၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်မည်ဟု ထင်မှတ်သွားခဲ့သည်။
သို့သော်လည်း ပါရမီရှင်တပည့်များသည် အချင်းချင်း ကြည့်ကာ နားလည်သဘောပေါက်သော အမူအရာများဖြင့် ပြုံးလိုက်ကြသည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် စူးချန်ကဲ၏ အေးစက်သော မျက်နှာပေါ်တွင် အနည်းငယ် နီရဲသွားပြီး ၊ သူသည် လည်ချောင်းရှင်းကာ ပြန်ဖြေလိုက်သည်။
“စိတ်ပူဖို့မလိုဘူး အာရှင်း၊ ငါ သက်သာသွားပြီ”
ထို့နောက် သူသည် ဝမ်မင်တို့ကို လှည့်ကြည့်ကာ စကားအကြောင်းအရာ ပြောင်းလဲလိုက်သည်။
“ငါ မင်းတို့ကို ရှာခိုင်းခဲ့တဲ့ ဟွရှင်းအပိုင်းအစတွေ.... သဲလွန်စ တစ်ခုခု ရှာတွေ့ပြီလား “
“ ကျွန်တော်တို့ ချန်ကဲဆက်ခံသူ အပ်နှံထားတဲ့ တာဝန်ကို မပျက်ကွက်ရဲပါဘူး “
ဝမ်မင်က ခေါင်းညိတ်လိုက်သည်။
“ ကျွန်တော်တို့ ဂိုဏ်းကြီးနှစ်ခုစလုံးက တပည့်တွေ နှစ်ရက်နှစ်ည စုံစမ်းစစ်ဆေးမှုအပြီးမှာ .. ဟွရှင်းအပိုင်းအစ နှစ်ခုကို တွေ့ရှိထားတယ်..အားလုံးကို အားရှင်းကို ပေးအပ်ပြီးပါပြီ”
“ဒါပေမယ့်...... ဒါက ငါးခုပဲ ရှိသေးတယ်....”
အားရှင်းက ရုတ်တရက် ပြောဆိုလိုက်သည်။
“ဒါပေမဲ့ သခင်က ဟွရှင်းအပိုင်းအစ ကိုးခု ရှိတယ်လို့ ပြောခဲ့တာ.....”
“သုံးခု လိုနေတာလား”
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ၊ သူသည် တစ်စုံတစ်ခုကို တွေးမိသွားသည်။
“ ကြည့်ရတာ ကျန်တဲ့ ဟွရှင်းအပိုင်းအစ သုံးခုက လင်းဟန်ဆီမှာ ရှိရမယ်......”
ထို့နောက် စူးချန်ကဲသည် ဝမ်မင်ကို ဆက်မေးလိုက်သည်။
“လင်းဟန် ဘယ်မှာလဲ...နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အတွင်းပိုင်းထဲမှာလား “
“ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုအရ ထျန်းဟိုင်ဓားဂိုဏ်းက တပည့်တွေအားလုံး အရင်ထွက်ခွာသွားကြပြီး ...လင်းဟန်တစ်ယောက်တည်း နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အတွင်းပိုင်းထဲကို ဝင်ရောက်သွားခဲ့တယ် “
ဝမ်မင်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ သူလည်း ဟွရှင်းအပိုင်းအစကို ရှာနေပုံပဲ၊ အရင်က သူ ဟွရှင်းအပိုင်းအစ တစ်ခုကို ရှာတွေ့သွားတာကို ကျွန်တော်တို့ မတော်တဆ မြင်လိုက်တယ် “
“ အစကတော့ ကျွန်တော်တို့ဘက်က အခွင့်အလမ်းတွေနဲ့ လဲလှယ်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ဒီကောင်လေးက လုံးဝ ငြင်းဆန်ခဲ့တယ်လေ”
“ ပြီးတော့ ပြောလိုက်သေးတယ် ...ချန်ကဲ ဆက်ခံသူ လိုချင်တယ်ဆိုရင် ၊ နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အတွင်းပိုင်းထဲမှာ လာရှာပါတဲ့ “
ထိုသို့ပြောရင်း ၊ ဝမ်မင်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။
မူလက သူတို့သည် ကျင့်ဝတ်တရားကို ထည့်မတွေးဘဲ အတင်းအကြပ် လုယူရန် စီစဉ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၊ ဤဟွရှင်းအပိုင်းအစသည် သူတို့၏ဆက်ခံသူ ကိုယ်တိုင် တောင်းဆိုထားသော အရာဖြစ်သည်။
သို့သော်လည်း လင်းဟန်၏ အစွမ်းသတ္တိကို အထင်သေးလို့ မရချေ။ ထို့အပြင်၊ သူတို့သည် ကြီးမားသော တိုက်ပွဲတစ်ခုကို ကြုံတွေ့ထားသောကြောင့် လင်းဟန်ကို ချုပ်နှောင်ထားနိုင်မည်ဟု ယုံကြည်ချက် မရှိချေ။
ထိုစကားကို ကြားပြီးနောက် စူးချန်ကဲသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ စကားစမပြောခင်မှာပင် ။
ဝုန်း ဝုန်း ........
ခြေထောက်အောက်က မြေပြင်သည် အနည်းငယ် တုန်ခါလာပြီး ၊ နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့သည်။
ကွဲအက်သံ!
ပင့်ကူအိမ်ကဲ့သို့သော နက်ရှိုင်းသော အက်ကွဲကြောင်းများသည် မိုးကုတ်စက်ဝိုင်းမှ ပျံ့နှံ့ဖြာထွက်လာကာ ၊ ယင်းအတွင်း၌ ပြင်းထန်သော ဖိအားတစ်ခု ပါဝင်နေခဲ့သည်။
ဤရုတ်တရက် အပြောင်းအလဲသည် ပါရမီရှင် တပည့်အများအပြား၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ၊ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်ရာနေရာဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
ထိုအချိန်မှာပင် ၊ လူတိုင်း၏ နှလုံးသားကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကြီးမားလှသော နေတစ်စင်းသည် မိုးကုပ်စက်ဝိုင်းအစွန်းတွင် ကျရောက်လာသည့်အတိုင်း ၊ ဖုန်မှုန့်များ လွင့်စင်ကာ ကျောက်တုံးကျောက်ခဲများ လိမ့်ဆင်းလာကြသည်။
အလွန်ဝေးကွာသော အကွာအဝေးတွင် ရှိနေသော်လည်း ၊ ထိုနေရာရှိ မြင်ကွင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထို့နောက် ကျယ်လောင်သော ဆူညံသံများအတွင်း ၊ ဧရာမ သတ္တဝါကြီးတစ်ကောင်သည် ပြိုကျပျက်စီးနေသော မြေကြီးထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပုံရသည်။
“ဒါက.......”
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊ မပျက်စီးနိုင်သော သံမဏိဖြင့် ပြုလုပ်ထားပုံရသော ဧရာမ စေတီကြီး တစ်ဆူသည် ပြိုကျပျက်စီးနေသော မြေကြီးထဲမှ ထိုးထွက်လာသည်။
အကွာအဝေးကြောင့် ၊ ၎င်း၏ အကြမ်းဖျင်း ပျက်စီးနေသော ပုံသဏ္ဍာန်ကိုသာ မြင်တွေ့နိုင်သည်။ သို့သော် အလွန်ပြင်းထန်သော ဖိအားတစ်ခုသည် သူတို့အပေါ်သို့ လွှမ်းခြုံလာကာ လူတိုင်းကို အသက်ရှုကျပ်လုနီးပါး ဖြစ်သွားစေသည်။
“မဟုတ်မှလွဲရော.... နောက်ထပ် လျှို့ဝှက်နယ်မြေတစ်ခု ထွက်ပေါ်လာတာလား”
ဟွရှင်း ရှေးဟောင်းမြို့ကဲ့သို့သော လျှို့ဝှက်နယ်မြေတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြီဟု လူတိုင်း မှတ်ယူနေစဉ် ၊
အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သော အားရှင်း၏ အသံကို ကြားလိုက်ရသည်။
“ဒါ.... ဒါက... သခင့်ရဲ့ သက်စောင့် အမတလက်နက် ... နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အမွေခံ အမတလက်နက်.....”
“ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီပဲ.....!”