ထျန်းယွမ် အမတဧကရာဇ်မင်း
Vol. 60 Ch. 788
တစ်ချိန်တည်းမှာပင်။
နတ်ဘုရားလက်နက် အမတမျှော်စင် ၊ အပြင်ဘက်ပိုင်းတွင်။
အာကာသ ဟင်းလင်းပြင်တွင် လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်နှင့် အမျှ ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမ မှ ပါရမီရှင်တပည့်အများအပြားသည် ထောင်းထောင်း ထနေသော ဖုန်မှုန့်များကြား ထွက်ပေါ်လာကြသည်။
ယခင်က တိုက်ပွဲကြီးအပြီးတွင် ၊ ၎င်းတို့ အင်အားစုကြီးနှစ်ဖွဲ့မှ တပည့်တော်တော်များများ ဆုံးရှုံးခဲ့ရသည်။
“ ကွေးယွမ်အမတဂိုဏ်း နဲ့ ယောင်ကွမ်အမတဂိုဏ်းက သေနာကောင်တွေ!”
ကျန်းယွီကျင်းက ဦးစွာ ကျိန်ဆဲလိုက်သည်။
“ပြီးတော့ သေနာကောင် စူးချန်ကဲ !”
“ဒီတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်မှာ ငါတို့ ဘာမှတောင် စူးစမ်းမရှာဖွေရသေးဘူး... အတင်းအကြပ် ဆုတ်ခွာလာခဲ့ရတယ်...ဂိုဏ်းချုပ်မှာထားတဲ့ တာဝန်ကိုလည်း မပြီးမြောက်ခဲ့ဘူး၊ တကယ်ကို မုန်းစရာကောင်းတယ်!”
“ဟားဟား..... မင်းတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက ဒီကိစ္စကို အတော်လေး စိတ်ဝင်စားနေပုံရတယ်”
ရုတ်တရက် ၊ လူအုပ်ထဲမှ ရှောင်ဝူရှန်းသည် ပြုံးရယ်ကာ ပြောဆိုလိုက်သည်။
“ အဲ့ကောင်တွေ နတ်ဘုရားလက်နက် အမတမျှော်စင်ထဲကနေ ထွက်မလာကြသေးဘူး ၊ ငါတို့ ဒီတစ်ခေါက် ကောင်းကောင်း ပူးပေါင်းပြီး ဒီထွက်ပေါက်မှာ ချုံခိုတိုက်ခိုက်ကြရင် မကောင်းဘူးလား”
“အရင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီးမှာ ငါတို့ရဲ့ တပည့်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်.. ဒီကိစ္စကို ဒီလိုနဲ့ ပြီးသွားရင် ...ငါ့ရဲ့ တာအိုစိတ်နှလုံးသားက ကျေနပ်နိုင်မှာ မဟုတ်ဘူး”
ထိုစကားသံများ ထွက်ပေါ်လာသည်နှင့် ၊ ကျန်ရှိနေကြသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဤအဆိုပြုချက်ကို စဉ်းစားနေပုံရသည်။
အကြောင်းမှာ သူတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် မည်သည့်တန်ဖိုးမဆို ပေးဆပ်ရပါစေ ၊ အာရှင်းကို ဂိုဏ်းသို့ ခေါ်ဆောင်လာရန် အမိန့်ပေးထားသည်။
ယခုတွင်မူ ၊ တာဝန်ကို မပြီးမြောက်ရုံသာမက လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ သူတို့အနေဖြင့် ဤရလဒ်ကို လက်ခံရန်မှာ ခက်ခဲလှပေသည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ လူများ၏ စိတ်ဝင်စားနေသော အကြည့်များကို မြင်ပြီးနောက် ၊ ရှောင်ဝူရှန်းသည် ကျန်ရှိနေသော ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ လူများထံ အကြည့်ပြောင်းလိုက်သည်။
“ဘယ်လိုလဲ? ခင်ဗျားတို့အနေနဲ့ ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ပြီး ဒီအင်အားစုကြီးနှစ်ဖွဲ့ကို လက်စားချေဖို့ ဆန္ဒရှိကြလား”
“ဟမ်! မလိုဘူး၊ ငါတို့ ထျန်းယွမ်နတ်ဘုရားမင်းဆက်မှာ တခြားအစီအစဉ်ရှိတယ်!”
ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ အစွမ်းထက်ဆုံး ပါရမီရှင်တစ်ဦးသည် အေးစက်စွာ ငြင်းဆန်လိုက်ပြီး ၊ ရှောင်ဝူရှန်း၏ အဆိုပြုချက်ကို ပယ်ချလိုက်သည်။
ဤသကောင့်သားများ၏ စိတ်ဓာတ်သည် အလွန်ပင် အောက်တန်းကျသည်။ ယခင်က တိုက်ပွဲကြီးတွင် ၊ ပထမဆုံး ထွက်ပြေးသွားသူများမှာ ဤသကောင့်သားများပင် ဖြစ်သည်။
အင်အားစုကြီးငါးဖွဲ့စလုံး မှ ပါရမီရှင်များသည် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့သော်လည်း ၊ သို့သော် အဆုံးတွင် ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ လူအများအပြား ဆုံးရှုံးခံလိုက်ရရုံသာမက ခေါင်းဆောင်ဖြစ်သူ ယွမ်ချန်းဟုန်သည်ပင် စူးချန်ကဲ၏ လက်ချက်ဖြင့် ထိုနေရာတွင် သေဆုံးခဲ့ရသည်။ ထိုသူမှာ သူတို့ မင်းဆက်ဘုရင်၏ အငယ်ဆုံးသား ဖြစ်နေသည်။
နတ်ဘုရားလက်နက် အမတမျှော်စင်အတွင်း ညီနောင်များစွာ သေဆုံးခဲ့ရုံသာမက ၊ ကောင်းကောင်းမွန်မွန် ကျစ်ရစ်ခဲ့သော အလောင်းတစ်လောင်းပင် မရှိခဲ့ပေ။
ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် ၊ ယှဉ်ပြိုင်ရမည့်အရာမှာ အစွမ်းသတ္တိ နှင့် အရည်အချင်းဖြစ်ပြီး ၊ အရည်အချင်း မပြည့်မီသူသည် ရှုံးနိမ့်မှုကို ဝန်ခံရမည်။
မျိုးဆက်သစ် လူငယ်များကြား ပြိုင်ဆိုင်မှုနှင့် ရန်ငြိုးများကို မျိုးဆက်ဟောင်းများအနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။
သို့သော်လည်း ၊ ဒေါသကြီးသော မိမိတို့၏ မင်းဆက်ဘုရင်အတွက် ဤကဲ့သို့သော ရလဒ်ကို လက်ခံရန် အတော်လေး ခဲယဉ်းနိုင်သည်။
ရှောင်ဝူရှန်းသည်လည်း ဤအချက်ကို သိရှိထားပုံရကာ ၊ အခြားသူများက သူ၏ အဆိုပြုချက်ကို ငြင်းပယ်ခဲ့သော်လည်း သူသည် ထပ်မံ ပြောဆိုခြင်း မပြုခဲ့ပေ။
“ဟားဟား..... အမတနယ်မြေရဲ့ ကောင်းကင်ကြီး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲ”
……….
တစ်ချိန်တည်းမှာပင်။
ကျယ်ပြောလှပြီး အကန့်အသတ်မရှိသော နတ်ဘုရားနယ်မြေအတွင်း၌ ၊
မိုးကုပ်စက်ဝိုင်းအထက်တွင် ကြီးမားလှသော နတ်ဘုရားကျောင်းများနှင့် အဆောက်အအုံများစွာ တည်ရှိကာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးလို့နေသည်။
ဤနေရာသည် အမတနယ်မြေ၏ ကိုးခုမြောက် တားမြစ်အင်အားစုကြီးအဖြစ် ၊ အသစ်ခန့်အပ်ခံထားရသော ထျန်းယွမ်နတ်ဘုရားမင်းဆက် တည်ရှိရာ နယ်မြေဖြစ်သည်။
ခမ်းနားသော ဗဟိုခန်းမဆောင်ကြီးတစ်ခုအတွင်း၌။
ဤအခိုက်အတန့်တွင်၊ အစွမ်းထက်သော ပုံရိပ်များစွာ စုဝေးနေကြပြီး ၊ ၎င်းတို့၏ ခန္ဓာကိုယ်တဝိုက်ရှိ အမတစွမ်းအင်များသည် တဟုန်းဟုန်း တောက်လောင်လျက် ရှိသည်။
ဤသူများသည် ထျန်းယွမ်နတ်ဘုရားမင်းဆက်၏ အကြီးတန်းအရာရှိများ ဖြစ်ကြသော်လည်း ၊ လူတိုင်း တိတ်ဆိတ်နေကြပြီး လေထုသည် အလွန်ပင် လေးလံလျက်ရှိသည်။
သို့သော်လည်း သူတို့အားလုံး၏ အကြည့်များသည် ခန်းမဆောင်၏ အမြင့်ဆုံးနေရာတွင် ရှိသော ပုံရိပ်ထံ စုပြုံကျရောက်နေသည်။
ထိုသူသည် နဂါးပလ္လင်ပေါ်တွင် စံမြန်းနေပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံး အမတအလင်းများဖြင့် တဖိတ်ဖိတ် တောက်ပလျက် ရှိသည်။ ယင်းကြောင့် ၎င်း၏ မျက်နှာသွင်ပြင်ကို မြင်ရန် ခဲယဉ်းသော်လည်း ၊ သို့သော် ပြင်းထန်သော အာဏာစက် အရှိန်အဝါကို ပေးစွမ်းနေသည်။
ဤသူသည် ထျန်းယွမ်နတ်ဘုရားမင်းဆက်၏ မင်းဆက်ဘုရင် ၊ ထျန်းယွမ် အမတဧကရာဇ်မင်း ဖြစ်ပြီး ယွမ်ချန်းဟုန်၏ ဖခင်လည်း ဖြစ်ပေသည်။
ယခုအချိန်တွင် ထျန်းယွမ် အမတဧကရာဇ်မင်းသည် သူ့မျက်လုံးများကို မှိတ်ထားသည်။ သူသည် တစ်စုံတစ်ခုကို တွေးတောဆင်ခြင်နေပုံရသည်။
သို့သော်လည်း သူ၏ ရောင်ဝါသည် တည်ငြိမ်လွန်းသဖြင့် အနည်းငယ် မငြိမ်မသက် ဖြစ်နေသော ခံစားချက်များကို တွေ့မြင်ရန် ခဲယဉ်းပေသည်။
အောက်က အကြီးအကဲများမှာ အသက်ပင် ကောင်းကောင်း မရှုရဲကြပေ။
မိမိတို့၏ ဘုရင်မင်းမြတ်သည် အပြင်ပန်းတွင် ငြိမ်သက်နေသည့်အလျောက် ၊ အတွင်းစိတ်တွင် အကြီးအကျယ် ဒေါသထွက်နေမှန်း လူတိုင်း သိကြသည်။
ယွမ်ချန်းဟုန် သေဆုံးသည့် အခိုက်အတန့်မှာပင် သူတို့အားလုံးသည် ထိုသတင်းကို လက်ခံရရှိခဲ့သည်။
ထိုဖြစ်ရပ်သည် နတ်ဘုရားမင်းဆက်တစ်ခုလုံးကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ဒေဝလောက ပြန်လည်စတင်ရာခေတ်သည် ယခုမှစတင်ရုံသာ ရှိသေးသည်။ သူတို့၏ မင်းသားငယ်သည် အမတနယ်မြေသို့ စတင်ခြေချကာစပဲ ရှိသေးသော်လည်း ၊ ဤသို့ သေဆုံးသွားခဲ့ရသည်။ ဤအရာကို သူတို့ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
သို့သော်လည်း နောက်ပိုင်း ပေးပို့လာသော သတင်းအချက်အလက်အရ ၊ သူတို့၏ မင်းသားငယ်ကို သတ်ဖြတ်ခဲ့သူမှာ စူးချန်ကဲဖြစ်ကြောင်း သိလိုက်ရချိန်တွင် လူတိုင်း မလွှဲမရှောင်သာ နှုတ်ဆိတ်သွားကြသည်။
စူးချန်ကဲ ဟူသော နာမည်သုံးလုံးသည် အမတနယ်မြေတစ်ခုလုံးတွင် ကျော်ကြားလှပေသည်။
တားမြစ်အင်အားစုကြီး သုံးဖွဲ့၏ တစ်ဦးတည်းသော ဆက်ခံသူ ၊ ကိုယ်ထည်ခြောက်ခုကို ပိုင်ဆိုင်ထားသူ ၊ ပါရမီစွမ်းရည် မြင့်မားပြီး ကောင်းကင်ဘုံကို အန်တုနိုင်သည့် နောက်ခံအင်အားကို ပိုင်ဆိုင်ထားသည်။
သူတို့ ထျန်းယွမ်နတ်ဘုရားမင်းဆက်သည် ယခုအခါ တားမြစ်အင်အားစုကြီး ကိုးခုအနက်မှ တစ်ခုအပါအဝင် ဖြစ်သော်လည်း ၊
သို့သော် အမတသခင် တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့ တို့၏ လျို့ဝှက်ထောက်ပံ့မှုကြောင့်သာ တားမြစ်အင်အားစုကြီး တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု အခြေပင် မခိုင်သေးဘဲ နှစ်ကာလပေါင်းများစွာ တည်ရှိလာသော တားမြစ်အင်အားစုကြီးများနှင့် ပဋိပက္ခဖြစ်ခြင်းသည် ကိုယ့်သေလမ်းကို ရှာခြင်းသာ ဖြစ်သည်။
ထို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် ဤအတွေးများ ရှိကြသည်။ ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် မူလကတည်းက မျိုးဆက်ဟောင်းများ မပါဝင်သင့်ပေ။ သူတို့၏ မင်းသားငယ်သည် စူးချန်ကဲ၏လက်ချက်ဖြင့် သေဆုံးသွားရခြင်းမှာ ၊ တစ်နည်းအားဖြင့် အစွမ်းအစမရှိလို့သာလျှင် ဤကဲ့သို့သော ရလဒ်ဖြင့် တွေ့ကြုံခဲ့ရခြင်း မဟုတ်လော။
သို့သော်လည်း ဤအတွေးများကို မည်သူမှ ထုတ်ဖော်မပြောဝံ့ကြပေ။ အကြောင်းမှာ ယွမ်ချန်းဟုန်သည် ဘုရင်မင်းမြတ်၏ အငယ်ဆုံးသား ဖြစ်ပေသည်။
မိမိ၏ ရင်သွေးသည် ကြေကွဲဖွယ်ရာ ကောင်းသော နည်းလမ်းဖြင့် သေဆုံးခဲ့ရပြီး အလောင်းအစအနပင် မကျန်ရစ်ခဲ့ပေ။ ဖခင်တစ်ယောက်အနေဖြင့် ဤအမုန်းတရားကို မည်သို့ လွယ်လင့်တကူ လွှတ်ချနိုင်မည်နည်း။
လူတိုင်း မိမိတို့ဘုရင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဉ် ၊
“ဒီကိစ္စကို လက်တလော ရပ်နားထားမယ်”
ထိုအချိန်တွင် မျက်လုံးများကို တင်းကြပ်စွာမှိတ်ထားသော ထျန်းယွမ် အမတဧကရာဇ်မင်းသည် ရုတ်တရက် ပြောဆိုလာခဲ့သည်။
ထိုစကားသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် မူလက တိတ်ဆိတ်ငြိမ်သက်နေသော လေထုသည် လုံးဝ အေးခဲသွားသည်။
ခန်းမဆောင်အတွင်းရှိ ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ ဝန်ကြီးအားလုံးသည် မိမိတို့၏ ဘုရင်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။
ဟမ်?
ရပ်နားထားမယ်တဲ့လား?
မိမိတို့၏ ဘုရင်သည် ဒေါသအိုးအဖြစ် နာမည်ကြီးသည်။ သားရင်းတစ်ယောက်လုံးကို ဆုံးရှုံးထားသည့်တိုင်အောင် ၊ သူသည် ဤစကားများကို အဘယ့်ကြောင့် အေးအေးလူလူ ပြောဆိုနိုင်သနည်း။
ပြီးတော့ ‘ လတ်တလော ‘ ဆိုတဲ့ စကားလုံး နှစ်လုံးကရော ဘာအဓိပ္ပာယ်တုန်း ?
လက်တလော စုံစမ်းခြင်း မပြုဘဲ ၊ အချိန်တန်မှ လုပ်ဆောင်မယ် ဆိုတဲ့သဘောလား ?
ဤစကားများသည် ဝန်ကြီးအများအပြားကို ထိတ်လန့်သွားစေသည့်အပြင် ၊ ရလဒ်ကို မှန်းဆ၍ မရသကဲ့သို့ စိတ်ထဲတွင် ရှုပ်ထွေးနေကြသည်။
မည်သို့ပင်ဆိုစေကာမူ ၊ သူတို့၏ စိုးရိမ်ပူပန်နေသော စိတ်နှလုံးသားသည် ယခုအခါ အေးချမ်းသွားပြီဟု ဆိုရပေမည်။
တားမြစ်အင်အားစုကြီး သုံးဖွဲ့နှင့် အမှန်တကယ်ပင် ပဋိပက္ခဖြစ်ခဲ့မည်ဆိုပါက ၊ သူတို့ ထျန်းယွမ်နတ်ဘုရားမင်းဆက်သည် တားမြစ်ကုန်းပြင်မြင့်ကဲ့သို့ ဇာတ်သိမ်းသွားနိုင်သည်။