← Chapters

သားအဖနှစ်ယောက် ပြန်လည်တွေ့ဆုံခြင်း (Part-1)

Vol. 60 Ch. 791

သားအဖနှစ်ယောက် ပြန်လည်တွေ့ဆုံခြင်း (Part-1)

Vol. 60 Ch. 791

အားရှင်း၏ အသံကို ကြားလိုက်ရသော စူးချန်ကဲသည်လည်း အံ့အားသင့်သွားခဲ့သည်။

“သခင်....? သက်စောင့် အမတလက်နက်....?”

အားရှင်း၏ သခင်မှာ မည်သူနည်း။

နတ်ဘုရားလက်နက် အမတမျှော်စင်၏ အရှင်သခင်၊ လက်နက်သွန်းလုပ်ခြင်း မဟာလမ်းစဉ်တွင် အထွတ်အထိပ်သို့ ရောက်ရှိထားသူ၊ ကျောက်ဟွ အမတ်ဧကရာဇ်မင်းပင် မဟုတ်လော။

ဤရုတ်တရက် ပေါ်ထွက်လာသော စေတီကြီးသည် အမတဧကရာဇ်မင်း၏ လက်နက် ဖြစ်နေသလော။

“ဒီလမ်းကြောင်းကို ကြည့်ရတာ....”

ထိုစဉ် ၊ အားရှင်းက ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဒါက ငါနဲ့ သခင်......”

စကားသံသည် ခဏတာ ရပ်တန့်သွားပြီး ၊ ထို့နောက်တွင် အားရှင်း၏ စက်ကိရိယာသံမှ လူသားဆန်သော ဝမ်းမြောက်သည့် အရိပ်အယောင်တစ်ခုကို ဖော်ပြလာခဲ့သည်။

“သခင် က မပျက်စီးခဲ့ဘူးလား....!?”

လွင့်ပျံလာသော အဆိုပါ ကြောက်မက်ဖွယ်ရာ ကောင်းပြီး အကျွမ်းတဝင်ရှိလှသော ရောင်ဝါသည် အားရှင်း၏ မှန်းဆချက်ကို အတည်ပြုနေသကဲ့သို့ ရှိနေကာ ၊ အားရှင်းသည် စူးချန်ကဲဘက်သို့ အလျင်အမြန် ခေါင်းလှည့်ကာ တောင်းဆိုလိုက်သည်။

“ လူကြီးမင်း ၊ အားရှင်းကို အဲ့နေရာကို ခေါ်သွားပေးနိုင်မလား”

“အဲ့နေရာက အားရှင်းနှင့် သခင် ချိန်းဆိုထားတဲ့ နေရာပဲ!”

အားရှင်း၏ စကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲမှာ ပို၍ပင် အံ့အားသင့်သွားသည်။

ဤချိန်းဆိုထားသော နေရာသို့ ရောက်ရှိသွားပါက ၊ သူသည် သခင်ဖြစ်သူ ကျောက်ဟွ အမတဧကရာဇ်မင်းကို ပြန်လည် ပြုပြင်နိုင်မည်ဟု အားရှင်း တစ်ချိန်က ပြောခဲ့ဖူးသည်။

ယခုတွင်မူ ၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ သက်စောင့်အမတလက်နက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ၊ ၎င်း၏ တည်နေရာသည် ချိန်းဆိုထားသော နေရာနှင့် ထပ်တူကျနေခဲ့သည်။

ယင်းက စူးချန်ကဲ၏ စိတ်ထဲတွင် မဖြစ်နိုင်သော အတွေးတစ်ခုကို ဖြစ်ပေါ်လာစေသည်။

မဟုတ်မှလွဲရော.. ကျောက်ဟွ အမတဧကရာဇ်မင်းက မသေသေးတာလား?

ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ မဟာလမ်းစဉ် စွမ်းအားနဲ့ အဲ့တုန်းက ဘေးဒုက္ခကို ရှောင်နိုင်ခဲ့ပြီး ၊ ဒီနေ့ထိတိုင် အသက်ရှင်နေခဲ့တာ ဖြစ်နေမလား?

……..

စက္ကန့်အနည်းငယ် ကုန်လွန်သွားပြီးနောက်၊ စူးချန်ကဲသည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီးနောက် ဝမ်မင်တို့အား မှာကြားလိုက်သည်။

“ဝမ်မင်၊ မင်းတို့ ဒီနေရာမှာပဲ ငါ့ကို စောင့်နေကြ၊ ရန်ယွီနတ်ဘုရားမကို စောင့်ရှောက်ပေးထား”

“ငါနဲ့ အားရှင်းမှာ ကတိပေးထားတာ ရှိတယ်၊ ငါ နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အတွင်းပိုင်းထဲကို သွားရလိမ့်မယ်”

ဤနတ်ဘုရားလက်နက် အမတမျှော်စင်၏ အတွင်းပိုင်းထဲတွင် ထိုနှစ်က အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များ သေချာပေါက် ရှိနေမည်ကို သူ သိသည်။

အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ ကြံစည်မှု....

နတ်ဘုရားလက်နက် အမတမျှော်စင် ပျက်စီးရခြင်း၏ နောက်ကွယ်က အမှန်တရား.....

ဤမျှ ကြီးမားသော လှိုင်းလေမုန်တိုင်းဒဏ်ကို ဖြတ်သန်းပြီးနောက်တွင် ၊ အဆုံးတွင် သူသည် အမှန်တရားကို ဖော်ထုတ်နိုင်ပေတော့မည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ စကားကို ကြားပြီးနောက် ဝမ်မင်တို့အဖွဲ့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် စူးချန်ကဲ နှင့် အားရှင်းတို့ကို ကြည့်ရှုလိုက်သည်။

အမှန်အားဖြင့် ၊ သူတို့သည် အားရှင်း၏ အထောက်အထားကို ယခင်ကတည်းက မှန်းဆထားပြီး ဖြစ်သည်။

ဤမျှ နက်နဲဆန်းကြယ်သော သံမဏိစက်ရုပ် တစ်ကောင်ကို ဖန်တီးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်သည် ဒဏ္ဍာရီလာ ထိုပုဂ္ဂိုလ်ကြီးမှတစ်ပါး အခြားမည်သူ ရှိနိုင်မည်နည်း။

ထို့အပြင် အားရှင်းသည် ဤရုတ်တရက် ပေါ်ထွက်လာသော စေတီမှာ သူ့သခင်၏ သက်စောင့်အမတလက်နက် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ၊ ဤအရာကို ကြည့်ရုံဖြင့် တန်းသိနိုင်သည်။

သူတို့ သုံးယောက်သည် စူးချန်ကဲနှင့်အတူ လိုက်ပါ၍ ဘေးဒုက္ခကို အတူတကွ ရင်ဆိုင်လိုကြောင်း ပြောချင်မိသည်။

သို့သော်လည်း ၊ သူတို့သည် ကြီးမားသော တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲပြီးကာစ ဖြစ်ကာ ၊ ထို့အပြင် စူးချန်ကဲ ကဲ့သို့သော မိမိဘာသာ ကုစားနိုင်စွမ်းရှိသည့် ထူးခြားသော ခန္ဓာကိုယ်များကို မပိုင်ဆိုင်ထားသဖြင့် ၊ သူတို့အနေဖြင့် ဆန္ဒရှိသော်လည်း ခွန်အားမလုံလောက်ပေ။

“ချန်ကဲ ဆက်ခံသူ စိတ်ချပါ၊ ကျွန်တော်တို့ ရန်ယွီနတ်ဘုရားမကို သေချာစောင့်ရှောက်ပြီး ... ဆက်ခံသူ ဘေးကင်းစွာနဲ့ အောင်ပွဲခံပြန်လာမယ့်နေ့ကို စောင့်မျှော်နေပါ့မယ်”

ဝမ်မင်တို့အဖွဲ့သည် ဦးညွတ်နှုတ်ဆက်ခဲ့ကြသည်။

စူးချန်ကဲသည် ခေါင်းညိတ်ပြလိုက်ပြီး ၊ ညွှန်ကြားချက်အနည်းငယ် မှာကြားလိုက်သည်။

ထို့နောက် သူ၏ လက်တစ်ဖက်ဖြင့် အားရှင်းကို ပွေ့ဖက်ကာ ၊ ရှည်လျားသော သက်တန့်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ တည်ရှိရာ နေရာဆီသို့ ပျံသန်းသွားခဲ့လေသည်။

သူ တစ်ယောက်တည်းသာမက၊ ကျန်ရှိနေသေးသော မထွက်ခွာရသေးသည့် အင်အားစုများမှ ပါရမီရှင်တပည့်များသည်လည်း ထိုဖြစ်ရပ်ကို သတိပြုမိခဲ့ကြသည်။

ရဲရင့်သော ပုဂ္ဂိုလ်များသည် ၎င်းတို့ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို လှုံ့ဆော်ကာ ၊ ရုတ်ရုတ်သဲသဲ ဖြစ်သွားသော ထိုနေရာဆီသို့ အပြေးအလွှား သွားရောက်ကြလေသည်။

………..

တစ်ချိန်တည်းမှာပင်။

နတ်ဘုရားလက်နက် အမတမျှော်စင်၏ အတွင်းပိုင်း၌ ။

ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ ပေါ်ထွက်လာခြင်းနှင့်အတူ ၊ ဖုန်မှုန့်များထောင်းထောင်း ထကာ ၎င်း၏ ဖိနှိပ်စွမ်းအားများသည် မိုးကောင်းကင်တစ်ဆုံး ပျံ့နှံ့သွားသည်။

မိုးကောင်းကင်ထိ မြင့်မားသော ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ၏ အောက်ဘက်တွင်၊ ထောင်းထောင်း ထနေသော ဖုန်မှုန့်များကြား တစ်ခေါင်းလုံး ဖြူဆွတ်ကာ အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော ရုပ်သွင်တစ်ခုကို မြင်တွေ့နိုင်သည်။

ထိုသူမှာ စူးချန်ကဲ၏ ဖခင် စူးရွှမ်ပင် ဖြစ်သည်။

“ ငါ ဒီကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီကို အတင်းအကြပ် နှိုးဆော်လိုက်တာ.... ဒီလောက်ထိ ကြီးမားတဲ့ လှုပ်ရှားမှုတွေ ဖြစ်သွားမယ်လို့ ထင်မထားဘူး”

ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအောက်တွင် ရှိနေသော စူးရွှမ်သည် မိုးကောင်းကင်အထိ မြင့်မားသော စေတီကြီးကို မော့ကြည့်ရင်း ၊ ကူကယ်ရာမဲ့စွာ ညည်းညူလိုက်သည်။

“ လူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တဲ့ပုံပဲ.... ဒီတိုင်းသာဆို ခက်ပြီ.....”

နတ်ဘုရားလက်နက် အမတမျှော်စင် ပျက်စီးခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ ၊ စူးရွှမ် သိရှိထားသည်မှာ သိပ်မများပေ။

နောက်ကွယ်မှ ကြံစည်သူသည် မည်သူဖြစ်ကြောင်း အကြမ်းဖျဉ်း သိရှိထားသော်လည်း ၊ ပို၍ နက်နဲသော လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ သူ ရှင်းရှင်းလင်းလင်း သိမထားပေ။

ဟွရှင်းရှေးဟောင်းမြို့တွင် အင်အားစုအသီးသီးမှ ပါရမီရှင်တပည့်များ ရောထွေးတိုက်ခိုက်နေစဉ် ၊ သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ နေရာအနှံ့အပြားသို့ လှည့်လည်သွားလာပြီး ဖြစ်သည်။

အဆက်မပြတ် စူးစမ်းရှာဖွေလာရင်း ၊ နောက်ဆုံးတွင် သူသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

ထို့အပြင် သူ ရှာဖွေလိုသော ရှင်ခြင်းသေခြင်း သံသရာစက်ဝန်းစွမ်းအားများ ပါရှိသော မူလ အမတလက်နက်သည် ဤကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်း၌ ဝှက်ထားနိုင်ခြေ ရှိသည်။

သူသည် သူ့ကိုယ်ပိုင် အမတစွမ်းအားများဖြင့် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ၏ အပြင်ဘက် အတားအဆီးများကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ သူ၏ ကျင့်ကြံစွမ်းအားကို ချုပ်တည်းထားသော်လည်း ၊ သို့သော် ယင်းအတွင်း၌ ပါဝင်သော စွမ်းအားများသည် အမတဧကရာဇ်အဆင့်ရှိ စွမ်းအားများ ဖြစ်နေသည်။

သူ၏ လုပ်ဆောင်မှုသည် ဤကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီကို တိုက်ရိုက် အသက်ဝင်စေခဲ့လိမ့်မည်ဟု သူကိုယ်တိုင်လည်း ထင်မထားခဲ့ပေ။

“ ထားပါတော့လေ ၊ အနည်းငယ် မတော်တဆမှု ဖြစ်ခဲ့ပေမယ့် ဒါပေမဲ့ ထိန်းချုပ်ထားနိုင်ခဲ့တာပဲ”

အခန်း (၇၉၁) - သားအဖနှစ်ယောက် ပြန်လည်တွေ့ဆုံခြင်း (Part-2)

ထို့နောက် ၊ စူးရွှမ်၏ မျက်လုံးများသည် နတ်အလင်းများဖြင့် တောက်ပသွားကာ ၊ သူ၏ လက်ချောင်းများဖြင့် လက်သင်္ကေတ တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလျက် အာကာသ ဟင်းလင်းပြင်တွင် လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများကို ဖန်တီးလိုက်သည်။

“ဖွင့်!”

နောက်ဆုံးတွင် သူ၏လက်ချောင်းကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ဆီသို့ ညင်သာစွာ တို့ထိလိုက်သည်နှင့် ၊ နတ်အလင်းတန်းတစ်ခုသည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီတော်ဆီသို့ ပြေးဝင်သွားသည်။

ချက်ချင်းပင်၊ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီကို ဝန်းရံထားသော စွမ်းအင်များသည် ဒီရေအလား ပြန်လည် ဆုတ်ခွာသွားသည်။

ပိတ်ထားသော ရှေးဟောင်း တံခါးကြီး၏ တကျွီကျွီ မြည်သံနှင့်အတူ ၊ တံခါးသည် လူတစ်ဦးစာ ဝင်နိုင်သော အနေအထားဖြင့် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါးး အမတစေတီအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ်၊ စူးရွှမ်၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ၊ ထို့နောက် သူ၏ နှုတ်ခမ်းသားများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ သို့သော် ထိုအပြုံးသည် အံ့ဩခြင်းလား ၊ လှောင်ပြောင်ကဲ့ရဲ့ခြင်းလား မသိနိုင်ပေ။

နောက်ဆုံးတွင် မည်သည့် စကားတစ်ခွန်းမျှ မပြောဘဲ ၊ သူ၏ နောက်ကျောရိပ်သည် အမှောင်ထုအတွင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေတော့သည်။

………..

စူးရွှမ်၏ အငွေ့အသက်သည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်း ပျောက်ကွယ်သွားပြီးနောက် ၊

အနက်ရောင် အရိပ်တစ်ခုသည် ကွဲအက်နေသော မြေကြီးထဲမှ အပြင်သို့ ပျံ့နှံ့ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် ၎င်းသည် အမျိုးသားတစ်ယောက်၏ ပုံသဏ္ဍာန်အဖြစ် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ မည်းနက်ပြီး ရှည်လျားသော ဆံနွယ်များကို အနက်ရောင် ခေါင်းဆောင်းအောက်တွင် ဖုံးကွယ်ထားပြီး ၊ သူ၏ အနက်ရောင် ဝတ်ရုံသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားလေရာ သူ၏ နက်မှောင်တောက်ပသော မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့နိုင်သည်။

ဤသူမှာ အမှောင်ထု အမတခန်းမဆောင်၏ အရှင်သခင် ရှစ်ထျန်းတိ့ပင် ဖြစ်သည်။

ထို့အပြင် ဤအမျိုးသားသည် သူ၏ ဒုတိယမြောက် အမှောင်ထုရုပ်သေး ဖြစ်သည်။ ယခင်က သူ၏ အမှောင်ထုရုပ်သေးသည် စူးရွှမ်၏ လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

သူသည် နတ်ဘုရားလက်နက် အမတ်မျှော်စင်သို့ လာရောက်ရသော စူးရွှမ်၏ ရည်ရွယ်ချက်ကို သိချင်ခဲ့သည်။ ထို့ကြောင့် ရှစ်ထျန်းတိ့သည် သူ့ရောင်ဝါကို အဆုံးစွန်ထိ လျှော့ချကာ စူးရွှမ်၏ နောက်သို့ ခြေရာခံလိုက်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူ့လက်ထဲတွင် ထူးဆန်းသော အနက်ရောင် စွမ်းအင်များ ရစ်ပတ်နေသည့် ပုလဲလုံးတစ်လုံးကို ကိုင်ဆောင်ထားကာ ၊ မှော်နက်သင်္ကေတများသည် ၎င်းထံမှ ဖြာထွက်နေသည်။ ပျံ့နှံ့ထွက်ပေါ်လာသော ၎င်း၏ စွမ်းအင်လှိုင်းသည် လေထုကိုပင် အနည်းငယ် အေးစက်သွားစေသည်။

အဆိုပါစွမ်းအား၏ ရစ်ပတ်ဝန်းရံမှုအောက်တွင် ၊ ဝတ်ရုံနက် အမျိုးသားကို ဗဟိုပြုလျက် မိုင်အနည်းငယ်အတွင်းရှိ ဧရိယာသည် ပိတ်ဆို့ခံထားရသကဲ့သို့ သူ၏တည်ရှိမှုကို အာရုံခံရန် ခဲယဉ်းနိုင်သည်။

ထိုအရာမှာ ချောက်နက် နတ်ဘုရားပုလဲဖြစ်သည်။ ရှစ်ထျန်းတိ့သည် သူ၏ မူလ သွေးအနှစ်သာရကို အသုံးပြုကာ အမှောင်ထု နတ်ဘုရားပစ္စည်းများဖြင့် ပေါင်းစပ်ကာ ဖန်တီးထားခြင်း ဖြစ်သည်။

၎င်းသည် မိမိ၏ ရောင်ဝါကို ဖုံးကွယ်နိုင်ရုံသာမက ၊ လူတို့အား သတိထားမိစေရန် ခဲယဉ်းစေသည်။ ဒါတင်မက ၊ မိမိ၏ ခွန်အားကိုပင် မြှင့်တင်နိုင်သေးသည်။

စူးရွှမ်ကို ရင်ဆိုင်ရန်အတွက် ၊ မဟာလမ်းစဉ်၏ တန်ပြန်မှုကိုပင် ခုခံကာ သူ၏ မူလခန္ဓာဖြင့် အမှောင်မူလရင်းမြစ် ကမ္ဘာမှ ဆင့်ခေါ်ခဲ့သော ရတနာတစ်ခု ဖြစ်သည်။

စူးရွှမ်၏ ခွန်အားသည် အလွန် အားကောင်းလွန်းသည်။

သူ၏ ပထမဆုံး အမှောင်ထုရုပ်သေးမှာ မည်သည့်လှုပ်ရှားမှုမှ မလုပ်ရသေးခင် ပျောက်ကွယ်သွားခဲ့ရသည်။

ရှစ်ထျန်းတိ့ကို ပို၍ ဒေါသဖြစ်စေသည်မှာ ထိုလူယုတ်မာကောင်သည် မိမိ၏ မူလအမတလက်နက်ကိုပါ ထိခိုက်အောင် ကြံရွယ်လိုက်သေးသည်။

ဤတစ်ကြိမ်တွင် သူ့အနေဖြင့် သတိထားပြီး မလှုပ်ရှားပါက ၊ ထို့သကောင့်သားလက်ချက်ဖြင့် ထပ်ပြီး ပျောက်ကွယ်သွားနိုင်သည်။

“ဟားဟား.... စူးရွှမ်၊ မင်း ဘယ်လောက်ပဲ တွေးခေါ်နိုင်ပါစေ... ငါ့မှာ နောက်ထပ် အမှောင်ထု ရုပ်သေး ရှိဦးမယ်လို့ မင်း ထင်မထားဘူးမလား “

“ဟမ်! မင်း ငါ့အစီအစဉ်ကို ဖျက်ဆီးခဲ့တယ်၊ အဲ့လိုဆိုမှတော့ မင်းလည်း ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ မမျှော်လင့်နဲ့တော့!”

သူသည် ဤနေရာသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့သော်လည်း ၊ စူးရွှမ်၏ ရောက်ရှိလာမှုကြောင့် မည်သည့်အကျိုးကျေးဇူးမှ မရရှိခဲ့ပေ။

သို့ဖြစ်ရာ၊ သူသည် ရန်သူဟောင်းကြီး စူးရွှမ်၏ အစီအစဉ်ကို နောက်ကနေ လိုက်လံဖျက်ဆီးခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။

သို့သော်လည်း ဤသည်မှာ ဒုတိယအစီအစဉ်သာ ဖြစ်သည်။

ထိုနှစ်က သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ အဆင့်မြင့် ပုဂ္ဂိုလ်အချို့ကို အမှောင်ထုဖြင့် တိုက်စားကာ ဖျက်ဆီးခဲ့ဖူးသည်။ ထို့ကြောင့် သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်နှင့် ပတ်သတ်သော နက်နဲသော လျှို့ဝှက်ချက်အချို့ကို သိရှိထားခဲ့သည်။

ကျောက်ဟွ အမတဧကရာဇ်မင်း မသေဆုံးမီ ၊ သူသည် နတ်ဘုရားသံမဏိ ကိုယ်ထည်တစ်ခုကို အထူး ဖန်တီးခဲ့သည်။

ဤအတောအတွင်း စူးစမ်းရှာဖွေမှုများအရ ၊ သူသည် ၎င်းနှင့် ပတ်သက်သော သဲလွန်စတစ်စုံတစ်ရာမျှ ရှာမတွေ့ခဲ့ပေ။

ယခုတွင်မူ ၊ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသည် ရုတ်တရက် ပေါ်ထွက်လာပြီး ၊ စူးရွှမ်သည် ၎င်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ရှစ်ထျန်းတိ့တွင် ကြီးမားသော ကြိုတင်ခံစားချက် တစ်ခု ရှိထားသည်။ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ထိုသံမဏိကိုယ်ထည်သည် ဤကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်း၌ ဝှက်ထားနိုင်ဖွယ်ရာ ရှိသည်။

အကယ်၍ မိမိသည် ထိုသံမဏိကိုယ်ထည်ကို အမှောင်ထုအောက်တွင် ထိန်းချုပ်နိုင်ခဲ့မည်ဆိုပါက ၊ ဤစစ်ဆင်ရေးတွင် သူသည် ကြီးမားသော အကျိုးကျေးဇူး ရရှိခဲ့သည်ဟု ဆိုရပေမည်။

“ ဒါပေမဲ့..... စူးရွှမ် ဒီကောင်က လွယ်လွယ်နဲ့ အရှုံးပေးမယ့် ကောင်မဟုတ်ဘူး ငါ့မှာ ချောက်နက် နတ်ဘုရားပုလဲရှိပေမဲ့....”

“သူ သတိမထားမိဘူးလို့ အတပ်မပြောနိုင်ဘူး... ဒီလိုနဲ့ ငါ့ အစီအစဉ် ပျက်သွားခဲ့ရင်......”

ရှစ်ထျန်းတိ့သည် အစီအစဉ်ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို စဉ်းစားနေစဉ်၊

သူသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး ၊ တစ်နေရာကို လှမ်းကြည့်မိလိုက်သည်။

ရှစ်ထျန်းတိ့သည် အကျွမ်းတဝင်ရှိသော ရောင်ဝါတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဤဘက်သို့ ချဉ်းကပ်လာနေသည်။

မိုးကုတ်စက်ဝိုင်း၏ အစွန်းတွင် ၊ အဖြူရောင် ဝတ်စုံဖြင့် မှုန်ဝါးဝါးအသွင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ၊ ၎င်းသည် ဖြည်းဖြည်းချင်း ထင်ရှားလာသည်။

“စူးချန်ကဲ!”

ရှစ်ထျန်းတိ့၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူ၏လက်ရှိ ခွန်အားဖြင့် စူးချန်ကဲကို ရင်ဆိုင်ရန် နည်းလမ်းရှိသော်လည်း ၊ သို့သော် စူးရွှမ်၏ အာရုံစိုက်မှုကို ခံရမည်ဆိုပါက မိမိ၏ အစီအစဉ်သည် မစတင်ခင်မှာပင် ပြီးဆုံးသွားနိုင်သည်။

စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ၊ ရှစ်ထျန်းတိ့သည် သူ့ခန္ဓာကိုယ်တွင်းရှိ ကျင့်ကြံစွမ်းများကို စတင် လှုံ့ဆော်လိုက်သည်။

ဟူး——

လေပြင်း တစ်ချက် တိုက်ခတ်သွားသည်နှင့် အမျှ ၊ ရှစ်ထျန်းတိ့သည် အနက်ရောင် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားကာ မြေကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

All Chapters