← Chapters

ဓားနှင့်ဓား ဆုံတွေ့ခြင်း

Vol. 60 Ch. 792

ဓားနှင့်ဓား ဆုံတွေ့ခြင်း

Vol. 60 Ch. 792

ရှစ်ထျန်းတိ့ပျောက်ကွယ်သွားပြီး သုံးစက္ကန့်အကြာတွင် ၊

မိုးကုတ်စက်ဝိုင်းမှ လာသော စူးချန်ကဲသည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ၏ ရှေ့တွင် ဆင်းသက်လာခဲ့သည်။

ဆင်းသက်လာပြီးနောက်တွင် ၊ စူးချန်ကဲသည် အကျွမ်းတဝင်ရှိသော ရောင်ဝါတစ်ခုကို ခံစားမိလိုက်ရာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သို့သော်လည်း ၊ ထိုရောင်ဝါသည် ရှင်းမပြနိုင်အောင် မှိန်ဖျော့ပြီး ဖုံးကွယ်ထားပုံရကာ ပိုင်ရှင်ဖြစ်သူကို စဉ်းစား၍မရအောင် ဖြစ်စေသည်။

“ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီက ဘယ်လိုလုပ်ပြီး ပွင့်နေတာလဲ”

ရုတ်တရက်ဆိုသလို ၊ အားရှင်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

“ဒါ ဘယ်လိုဖြစ်တာလဲ!?”

အားရှင်း၏ အော်ဟစ်သံကို ကြားပြီးနောက်၊ စူးချန်ကဲ၏ လွင့်ပျံ့ နေသော အတွေးများသည် ပြန်လည် ရောက်ရှိလာခဲ့သည်။

အားရှင်း၏ အသံအတိုင်း လှမ်းကြည့်လိုက်ရာ ၊ ပွင့်ဟနေသော ရှေးဟောင်း ကျောက်တံခါးတစ်ချပ်ကို တွေ့လိုက်ရသည်။

မြင်ကွင်းမျိုးစုံကို မြင်တွေ့ဖူးသော စူးချန်ကဲအဖို့ ၊ သဲလွန်စများကို ချက်ချင်း တွေ့မြင်နိုင်ခဲ့သည်။

ဤရှေးဟောင်း တံခါးကြီးပေါ်တွင် ရှေးဟောင်း ကမ္ဗည်းစာမျိုးစုံကို ထုဆစ်ထားသည်မှာ အတားအဆီးများကို ဖွဲ့စည်းထားသော အထူး မှော်သင်္ကေတတစ်ခုလိုပင်။

ယခုမူ ၊ ဤသင်္ကေတ အတားအဆီးများစွာသည် ကြောက်ခမန်းလိလိ စွမ်းအင်တစ်ခုဖြင့် ဖျက်ဆီးခြင်းကို ခံထားရသကဲ့သို့ မှော်စွမ်းအင်များ ကုန်ခမ်းကာ သာမန် နံရံဆေးရေးပန်းချီများကဲ့သို့ ဖြစ်နေသည်။

ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသည် ကျောက်ဟွ အမတ်ဧကရာဇ်မင်း၏ သက်စောင့်အမတလက်နက် ဖြစ်သည်။

သို့ဖြစ်ရာ ၊ မည်သူသည် အမတဧကရာဇ်မင်းတစ်ပါး၏ လက်နက် အတားအဆီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိမည်နည်း။

ဒဏ္ဍာရီလာ အမတဧကရာဇ်မင်းမှတပါး ၊ ကျိုးကြောင်းဆီလျော်သော ရလဒ်တစ်ခုကို သူ မတွေးတတ်တော့ပေ။

“ မဟုတ်မှလွဲရော.... ကျောက်ဟွ အမတဧကရာဇ်မင်း က တကယ်ပဲ မသေသေးဘူးလား.... သူက ဒီနေရာကို ပြန်လာခဲ့ပြီး သူ့ရဲ့ သက်စောင့်အမတလက်နက်ကို ဆင့်ခေါ်လိုက်တာလား “

စူးချန်ကဲသည် ဆက်မတွေးရန် ခေါင်းခါလိုက်သည်။

အကယ်၍ ကျောက်ဟွ အမတ်ဧကရာဇ်မင်းသာ အမှန်တကယ်ပင် အသက်ရှင်နေသေးမည်ဆိုပါက ၊ သူ့အတွက် ခေါင်းကိုက်စရာများကို လျော့ချပေးနိုင်လိမ့်မည်။

စူးချန်ကဲသည် အားရှင်းကို ခေါ်ကာ ၎င်းအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ်၊

အမျိုးသားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“စူးချန်ကဲ၊ မင်းကို ငါ စောင့်နေတာ ကြာပြီ”

ထိုအသံသည် အလွန် အေးစက်သော်လည်း ၊ စကားလုံးတိုင်းက မာန်ပါလွန်းသည်။

စူးချန်ကဲသည် အသံလားရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ထက်မြက်ပြီး အစွမ်းထက်လှသော ဓားဆန္ဒတစ်ခုသည် မိုးကုတ်စက်ဝိုင်းမှ ဒီရေအလား ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

၎င်းသည် မိုးတိမ်များကို ပြန့်ကျဲစေကာ ၊ ကောင်းကင်ကြီးကိုပင် ထိတ်လန့်စေနိုင်စွမ်းရှိပုံရသည်။

“အဲ့တာက......”

စူးချန်ကဲသည် မိုးကုတ်စက်ဝိုင်းဘက်သို့ မော့ကြည့်ရာ ၊ ရိုက်ခတ်လှုပ်ရှားနေသော ဓားစွမ်းအင်လှိုင်းတံပိုးများကြား အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဓားရှည်တစ်လက်ကို နောက်ကျောတွင် ထမ်းပိုးကာ သူ့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

ခမ်းနားထည်ဝါလှသော ဓားစွမ်းအင်များသည် သက်တံ့တံတားတစ်စင်းကဲ့သို့ ထိုအမျိုးသား၏ ခြေထောက်အောက်တွင် စုဝေးနေသည်။

“ ဓားအရှိန်အဟုန်သည် တောင်တစ်စင်းလို ခမ်းနားပေသည် ၊ ဓားဆန္ဒသည် သမုဒ္ဒရာကဲ့သို့ နက်နဲကာ ဓားစိတ်နှလုံးသည် ဖြူစင် ကြည်လင်လှပေသည် ...”

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ ဒီလူက ဓားလမ်းစဉ်အရာမှာ အလွန်မြင့်မားတဲ့ အောင်မြင်မှုကို ရရှိထားပြီး ၊ ငါ့ထက် မနိမ့်လောက်ဘူး...”

ဓားလမ်းစဉ်တွင် အဓိက ကြည့်ရှုရမည့်အချက် သုံးချက် ရှိသည်။

ဓားစွမ်းအင်၊ ဓားဆန္ဒ၊ ဓားစိတ်နှလုံး။

ဓားလမ်းစဉ်သို့ ဝင်ရောက်လာသူသည် ဦးစွာအနေဖြင့် ကျွမ်းကျင်ရမည့်အရာမှာ ဓားပညာရပ်ဖြစ်ပြီး ၊ ၎င်းသည် ဓားစွမ်းအင်ကို စုစည်းရန် အခြေခံအုတ်မြစ် ဖြစ်သည်။

ဓားဆန္ဒသည် ဓားကျင့်ကြံသူများ ကျွမ်းကျင်ပိုင်နိုင်သော မဟာလမ်းစဉ်၏ နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုများမှ စုစည်းထားသော ဓားလမ်းစဉ်မှ စွမ်းအားများ ဖြစ်သည်။

ကြည်လင်သော ဓားစိတ်နှလုံးသားကို ပိုင်ဆိုင်သူသည် ဓားလမ်းစဉ်အရာ၌ မိမိ၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို ချိုးဖျက်ကာ ဓားလမ်းစဉ်အရာတွင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်သည်။

သူ့မျက်စိ‌ရှေ့တွင် ရှိနေသော ဤသူသည် အလွန်အစွမ်းထက်သော ဓားကျင့်ကြံသူတစ်ယောက် ဖြစ်မည်မှာ သံသယမရှိပေ။

အမတနယ်မြေတစ်ခုလုံးရှိ လူငယ် ဓားကျင့်ကြံသူများထဲတွင် သူသည် ထိပ်တန်းအဆင့်ဝင် ဖြစ်မည်မှာ သေချာသည်။

စူးချန်ကဲ၏ မှတ်ဉာဏ်ထဲတွင် ၊ ဓားလမ်းစဉ်အရာတွင် ဤမျှအောင်မြင်မှုကို ရရှိထားပြီး နတ်ဘုရားလက်နက် အမတမျှော်စင်အတွင်း ရှိနေနိုင်သူမှာ ထျန်းဟိုင်ဓားဂိုဏ်းမှ ကောင်းကင်ဓား အမွေခံ လင်းဟန်မှတစ်ပါး အခြားသူမရှိနိုင်ပေ။

စူးချန်ကဲနှင့် လင်းဟန်တို့သည် အချင်းချင်း စိုက်ကြည့်နေကြသည်။

ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာကြသော အခြားသော ကျင့်ကြံသူများမှာ နေရာတွင် ကြက်သေသေလျက် ၊ ၎င်းတို့နှစ်ယောက်အပေါ် အာရုံစူးစိုက်နေကြသည်။

သူတို့သည် ဤနေရာသို့ လာရောက်ခဲ့ရခြင်းမှာ အခွင့်အလမ်းများကို ရှာမတွေ့ခဲ့သည့် နောင်တတရားကို ဖြည့်ဆည်းပေးရန်သာ ဖြစ်သည်။

သို့သော် ကံဆိုးမိုးမှောင်ကျကာ ဓားလမ်းစဉ်အရာတွင် ထိပ်တန်းဝင်ဖြစ်ကြသော ဓားသမားနှစ်ဦး၏ ယှဉ်ပြိုင်မှုကို မြင်တွေ့လိုက်ရသည်။

ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲမှတစ်ဆင့် သူတို့သည် ကောင်းကင်ဘုံကို အန်တုနိုင်သည့် စူးချန်ကဲ၏ ဓား‌လမ်းစဉ် ပါရမီစွမ်းရည်ကို သိရှိထားပြီး ဖြစ်သည်။

ထိုနည်းတူစွာ လင်းဟန်၏ ပါရမီစွမ်းရည်ကိုလည်း သိရှိထားပြီး ဖြစ်သည်။ သူသည် ကောင်းကင်ဓား အမွေခံဖြစ်ပြီး ၊ မတော်တဆ မသေဆုံးသွားခဲ့ပါက ဓားဧကရာဇ်မင်း တစ်ပါး မလွဲဧကန် ဖြစ်လာပေလိမ့်မည်။

“စူးချန်ကဲ၊ မင်းရော ငါရော စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိထားပြီးပြီပဲ”

လင်းဟန်သည် ကွယ်ဝှက်ခြင်း မရှိဘဲ လိုရင်းတိုရှင်း ပြောဆိုလိုက်သည်။

“အဲ့တော့ ငါတို့ ဓားလမ်းစဉ်နဲ့ပဲ အနိုင်အရှုံး ဆုံးဖြတ်ကြရအောင်”

“ ရှုံးနိမ့်သူက ဟွရှင်းအပိုင်းအစကို ပေးအပ်ရမယ်”

ထိုစကားကို ကြားသည်နှင့် စူးချန်ကဲသည် ခေါင်းညိတ်ကာ အပြုံးမပျက် ဆိုလိုက်သည်။

“ ကောင်းပြီ”

ဟွရှင်းအပိုင်းအစနှင့် ပတ်သက်၍ ၊ သူတို့ နှစ်ယောက်စလုံး၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိထားကြပြီးဖြစ်ရာ ၊ ဖုံးကွယ်နေစရာ မလိုတော့ချေ။

သို့သော်လည်း လင်းဟန်သည် သေးငယ်သော ကြွေပုလင်းတစ်လုံးကို စူးချန်ကဲအား လှမ်းပစ်ပေးလိုက်သည်။

“ ဒါက ရှန်းယန်ဝိညာဉ်အားဖြည့်ဆေးပဲ ..ရိုးတွင်းခြင်ဆီကို သန့်စင်ပေးပြီး သွေးကြောကို အားဖြည့်ပေးတယ် .. စိတ်ဝိညာဉ်ကိုလည်း သန်မာစေတဲ့ အကျိုးအာနိသင်ရှိတယ် .. မင်း အရင်က ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ငါကြားတယ်၊ မင်း အပြည့်အဝ ပြန်ကောင်းမလာသေးဘူးလို့ ငါ ထင်တယ်”

“ငါတို့ ဓားကျင့်ကြံသူတွေက မျှတမှုကို အလေးထားတယ် .. ငါ မင်းအပေါ် အခွင့်ကောင်းမယူချင်ဘူး”

“မင်း ဒီရှန်းယန်ဝိညာဉ်အားဖြည့်ဆေးကို အရင်သောက်လိုက် ...ပြီးမှ ငါတို့ ယှဉ်ပြိုင်ကြမယ်”

“ရှန်းယန်ဝိညာဉ်အားဖြည့်ဆေး ?”

လက်ထဲရှိ အိုးငယ်လေးသည် သေချာ အလုံပိတ်ထားသော်လည်း ၊ အတွင်းပိုင်းမှ သင်းပျံ့သော မွှေးရနံ့သည် လူကို စိတ်ရွှင်လန်းစေသည့် ခံစားမှုမျိုးကို ပေးစွမ်းနေသည်။

ခဏတာ အံ့အားသင့်သွားပြီးနောက် ၊ စူးချန်ကဲသည် ခေါင်းခါကာ ပြုံးလိုက်မိသည်။

ဤလင်းဟန်သည် သူ ထင်ထားသည့်အတိုင်းပင် ၊ ဖြောင့်မတ်တည်ကြည်သော ဓားသမားတစ်ဦးဖြစ်သည်ဟု ဆိုရမည်။

ဤနှစ်များအတွင်း သူသည် လူမျိုးပေါင်းစုံကို ကြုံတွေ့ခဲ့ရပြီး ၊ လင်းဟန်ကဲ့သို့သော ဖြောင့်မတ်သူသည် အမှန်တကယ်ပင် ရှားပါးလွန်းသည်။

“မလိုအပ်ဘူး”

စူးချန်ကဲသည် ကြွေပုလင်းကို လင်းဟန်ထံ ပြန်လည် ပစ်ပေးလိုက်သည်။

“ငါ အရင်က ရခဲ့တဲ့ ဒဏ်ရာတွေက ပျောက်ကင်းသွားပြီ၊ ငါတို့ နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုကို ထိခိုက်စေမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ငါ သိချင်တာ ရှိတယ်၊ မင်းက ဟွရှင်းအပိုင်းအစအကြောင်း ဘယ်လိုလုပ်ပြီး သိနေခဲ့တာလဲ”

“ ပြီးတော့ နတ်ဘုရားလက်နက် အမတမျှော်စင်ကို အထူးတလည် လာရောက်ပြီး ဘာကြောင့် စုဆောင်းနေရတာလဲ”

ဤမေးခွန်းသည် စူးချန်ကဲ၏ စိတ်ထဲတွင် ဟိုးအရင်ကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။

All Chapters