လူ့လောကဓား နှင့် မိုးကောင်းကင်၊ ဓားသက်တံ့ ပေါ်ပေါက်ခြင်း
Vol. 60 Ch. 793
အကယ်၍ အားရှင်း၏ လမ်းညွှန်ပေးမှုသာ မရှိခဲ့ပါက ၊ သူသည် ဟွရှင်းအပိုင်းအစနှင့် ပတ်သတ်၍ သိနိုင်ခဲ့မည် မဟုတ်ပေ။
“နတ်ဘုရားလက်နက် အမတ်မျှော်စင်ရဲ့ သမိုင်းကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကနေ ဟွရှင်းအပိုင်းအစအကြောင်း သိခဲ့တာ “
လင်းဟန်သည် အေးစက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ဟွရှင်းအပိုင်းအစတွေကို ငါ ဘာလို့စုဆောင်းရတာနဲ့ ပတ်သတ်ပြီးကတော့ ပြန်မဖြေနိုင်ဘူး “
“ မိတ်ဆွေချန်ကဲ အနေနဲ့ သိချင်ရင် ၊ ဒါဆို ငါ့ကို အနိုင်ယူလိုက် “
ထိုစကားသံအဆုံးတွင် ၊ လင်းဟန်သည် သူ့လက်ကို ဆန့်ထုတ်ကာ နောက်ကျောတွင် ထမ်းပိုးထားသည့် ‘ လူ့လောကဓား’ ဟု ထွင်းထုထားသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ချွင်——
ဓားသည် ဓားအိမ်မှ ထွက်လာသည်နှင့် ၊ ကြည်လင်ပြတ်သားသော ဓားအော်သံသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားပြီး ၊ နဂါးငွေ့တန်းပမာ တောက်ပသော ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
ပြင်းထန်သော အဖြူရောင်အလင်းတန်းသည် ခဏအတွင်း ပျောက်ကွယ်သွားပြီး ၊ လင်းဟန်သည် လူ့လောကဓား ကို ကိုင်ဆောင်လျက် စူးချန်ကဲအား ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။
“ဒီဓားကို လူ့လောကဓား လို့ ခေါ်တယ်”
“ စူး မိတ်ဆွေ ဓားကို ထုတ်လိုက်ပါတော့”
တောက်ပသော ဓားစွမ်းအင်များသည် သူ၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး ၊ သူ၏ မူလက အေးစက်သော မျက်နှာအသွင်ကို ရောင်ပြန်ဟပ်နေသည်မှာ ကောင်းကင်ဘုံမှ ဓားအမတရှင်အလား ထင်မှတ်ရသည်။
“လူ့လောက ဓား တဲ့လား....”
စူးချန်ကဲသည် ခံစားချက်ပါပါ ရေရွတ်လိုက်သည်။
“လူ့လောက၌ လှည့်လည်သော ဧည့်သည်တစ်ယောက်အနေနဲ့ ဘဝရဲ့ အတက်အကျတွေကို ရင်ဆိုင်ဖြတ်သန်းမယ် ၊ နာမည်ကောင်းပဲ”
သူ့စိတ်ထဲတွင် လေးစားမိသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤလူ့လောက ဓားသည် နတ်ဘုရားလက်နက်တစ်ခုဟု ဆိုနိုင်ပြီး ၊ ထက်မြက်မှုအရ မိမိ၏ ကောင်းကင်လမ်းစဉ် အာဏာစက် ဓားနှင့် သိပ်မကွာလှပေ။
၎င်း၏ ရှေးကျသော အငွေ့အသက်နှင့် လင်းဟန်၏ လောကအပေါ် မာန်မာနထောင်လွှားသော စရိုက်တို့ကို ပေါင်းစပ်လိုက်သောအခါ ၊ ဤပေါင်းစပ်မှုသည် အတော်လေး ထူးခြားသည်ဟု ဆိုရမည်။
စူးချန်ကဲသည် အပြုံးမပျက် ပြန်ပြောလိုက်သည်။
“မင်း ဆန္ဒအတိုင်းပါပဲ “
ဓားကျင့်ကြံသူများကြားတွင် အကြီးမားဆုံး ရိုသေလေးစားမှုမှာ ပထမဆုံးတွေ့ဆုံမှုမှာပင် ဓားများကို ဆွဲထုတ်တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
အကြောင်းမှာ ဓားကျင့်ကြံသူများ၏အမြင်တွင် ဓားသည် လင်းယုန်ကဲ့သို့ ၎င်းတို့၏ တစ်ကိုယ်တော် မာန်မာနကို ကိုယ်စားပြုသည်။ အမှန်တကယ် အရည်အချင်းပြည့်မီသော ပြိုင်ဘက်ကို ဆုံတွေ့မှသာလျှင် ၎င်းတို့၏ ဓားများကို ဆွဲထုတ်ရန် ရွေးချယ်ကြလိမ့်မည်။
စူးချန်ကဲသည် သူ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
အဆုံးမရှိသော ဓားစွမ်းအင်များသည် သူ၏ လက်ဝါးထဲသို့ စုဝေးရောက်ရှိလာကာ ကောင်းကင်လမ်းစဉ် အာဏာစက် ဓား၏ ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဓားအမည်က မိုးကောင်းကင် ၊ မိတ်ဆွေရဲ့ သွန်သင်ချက်ကို ခံယူပါရစေ”
ဓားသည် သူ့လက်ထဲသို့ ရောက်ရှိသည်နှင့် ၊ စူးချန်ကဲ၏ ရောင်ဝါသည် ဤအခိုက်အတန့်တွင် လုံးဝ ပြောင်းလဲသွားပုံရသည်။ သူ၏ အစွမ်းထက်သော ဓားဆန္ဒသည် တောင်ကြီးပြိုကျသကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည်ပင် အနည်းငယ် ယိုယွင်းသွားသည်။
လောကကြီးသည် ဆိတ်ငြိမ်လျက် ၊ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကြပြီး အကြည့်များသည် အေးစက်လွန်းသည်။
အပြင်ပန်းခံစားချက်ကို ထုတ်မပြသော်လည်း၊ အမှန်တကယ်တွင် သူတို့နှစ်ယောက်သည် စိတ်ထဲ၌ အကြိမ်ပေါင်းများစွာ တွက်ချက်မှုများ ပြုလုပ်ပြီးဖြစ်သည်။
မည်သည့် ထောင့်မှ ဓားကို ဆွဲထုတ်ရမည်နည်း။
မည်သည့် ဓားဟန်ဖြင့် ထိုးနှက်ရမည်နည်း။
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအထက်မှ ကျောက်ခဲတစ်လုံးသည် အောက်သို့ ပြုတ်ကျလာသည့် အခိုက်အတန့်တွင်ပင် ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါသွားသည်။
ဝုန်း! !
ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ အသံနှစ်ခုသည် မိုးမြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
လူနှစ်ယောက်၏ ပုံရိပ်သည် မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိလိုက်ရချေ။
ကောင်းကင်ယံ၌ တောက်ပသော အဖြူရောင် နှင့် အပြာရောင် အလင်းတန်းနှစ်ခုသာ ရှိသည်။ကမ္ဘာမြေပေါ်သို့ ကြွေကျလာသော ကြယ်များကဲ့သို့ပင် မတူညီသော လမ်းကြောင်းနှစ်ခုမှ တစ်ခုနှင့်တစ်ခု ဆုံတွေ့လေသည်။
“အလင်းနောက်လိုက်ခြင်း!”
“ ချန်းဟုန် !”
ဝုန်း ဝုန်း ဝုန်း! !
ချွင် ချွင် ——
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားမုန်တိုင်း နှစ်ခုသည် လေဟာနယ်အထက်တွင် ပေါက်ကွဲထွက်ပေါ်လာပြီး ၊ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။ အာကာသ ဟင်းလင်းပြင်သည် တွန့်လိမ်ကွေးကောက်ကာ ဓားအလင်းများ ဖြာထွက်ကျဆင်းလာသည်။
ဓားအလင်း အရိပ်များစွာသည် ဓားမုန်တိုင်းအတွင်း တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်ကာ ၊ လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်ဖော်ပြသလျက်ရှိသည်။
တစ်ဖက်နှင့် တစ်ဖက် ထိပ်တိုက်တွေ့ဆုံလေတိုင်း ၊ ဓားစွမ်းအင် မီးပွားများ လွင့်ထွက်သွားသည်မှာ ကောင်းကင်ယံတွင် လွင့်ပျံနေသော နှင်းပွင့်များကဲ့သို့ပင်။
မြင်ကွင်းသည် အလွန်လှပသည်ဟု ထင်ရသော်လည်း ၊ ကြည့်ရှုနေကြသော ကျင့်ကြံသူအချို့မှာ ဤကြောက်ခမမ်းလိလိ ဓားစွမ်းအင် နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုကို ကြောက်ရွံ့တုန်လှုပ်လျက် ရှိသည်။
ကျင့်ကြံဆင့် နိမ့်သော ကျင့်ကြံသူများအဖို့ စိတ်ဝိညာဉ်၏ တုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့ဘဲ ဤနေရာမှ ဝေးရာသို့ အလျင်အမြန် ထွက်ပြေးကြလေသည်။
နွေဦးရာသီတွင် ပေါက်ကွဲထွက်လာသော နွေဦးမိုးကြိုးကဲ့သို့ ၊ ငါးရောင်ခြယ် ဓားစွမ်းအင် အလင်းတန်းများသည် အဆက်မပြတ် ပေါက်ကွဲထွက်လာသည်မှာ အစုအပြုံလိုက် ပွင့်လန်းလာသော ဓားကြာပန်းများအလား ထင်မှတ်ရသည်။
ဤသည်မှာ အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။ ဓားအလင်းတစ်ချက် ဝင်းလက်သွားသည်နှင့် ဓားစွမ်းအင်မြစ်သည် အဆုံးမရှိ စီးဆင်းထွက်ပေါ်လာတတ်သည်။
၎င်းတို့ကို ဗဟိုပြုထားသော မြေပြင်သည် ဓားစွမ်းအင်ကြောင့် နက်ရှိုင်းစွာ ကွဲအက်နေပြီး၊ ယင်း၌ ကျန်ရစ်နေခဲ့သော ဓားစွမ်းအင်သည် အချိန်အတော်တန် ကြာသည့်အထိ ပျောက်ကွယ်မသွားခဲ့ပေ။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ဤလူနှစ်ယောက်သည် ဓား အရေအတွက် မည်မျှ ထုတ်သုံးခဲ့သည်ကိုပင် မသိနိုင်တော့ပေ။
ဧရိယာတစ်ခုလုံးကို ဓားစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး ၊ လူတို့အား အသက်ရှုကျပ်စေသည့် ဖိအားမျိုးကို ပေးစွမ်းနေသည်။
“ဒါ.... ငါတို့ အမတနယ်မြေရဲ့ ထိပ်တန်း ဓားကျင့်ကြံသူတွေလား....”
လူတိုင်း မယုံကြည်နိုင်ဖြစ်နေကြသည်။
“ဒီဓားတစ်ချက်စီတိုင်းဟာ စစ်မှန်အမတကိုတောင် သတ်ပစ်နိုင်လောက်တယ်”
“ အရင်က အမတနယ်မြေရဲ့ လူငယ်မျိုးဆက်တွေထဲမှာ လင်းဟန် ထွက်ပေါ်လာပြီဆိုတော့ ဓားလမ်းစဉ်ဟာ ထာဝရ တောက်ပလိမ့်မယ်လို့ ငါ ထင်ခဲ့တယ်”
“ဒါပေမယ့် အခု စူးချန်ကဲရဲ့ ဓားဟာ.... ဓားလမ်းစဉ်ကို ပိုပြီး တောက်ပလာအောင် လုပ်ဆောင်နေတာပဲ”
လူတိုင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှု များ ရှိသော်လည်း ၊ လေးစားကြည်ညိုမှုက ပို၍ များပြားသည်။
ဤသည်မှာ သူတို့ တောင့်တသော သန်မာမှုပင် ဖြစ်သည်။
……
တစ်ချိန်တည်းမှာပင် ၊
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီတော်အတွင်း။
လှေကားထစ်များအတိုင်း လျှောက်လှမ်းလာသော စူးရွှမ်သည် တစ်စုံတစ်ခုကို ခံစားမိကာ၊ သူ့ခြေလှမ်းများသည် မရည်ရွယ်ဘဲ ရပ်တန့်သွားသည်။
သေချာအာရုံစူးစိုက်လိုက်ပြီးနောက် ၊ သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ချန်ကဲရဲ့ ဓားလမ်းစဉ်ဟာ ဒီအဆင့်ထိ ရောက်ရှိနေပြီလား “
“ငါ့သားလို့ မပြောရဘူး ၊ ငါ ငယ်ငယ်က အတိုင်းပဲ!”