အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
(373)အနိုင်ရရှိခြင်း
"ဒီမြို့နော်.." "ဟုတ်တယ် ဒီမြို့ပါပဲ" စစ်သူကြီးကိုး ဖြေလိုက်သည်။ သူ၏စိတ်တွင်လည်း လေယာဥ်ပျံဆိုသော အရာအား အလွန်မင်းအံသြနေသည်။သူဖြေလိုက်သောမြို့သည် လက်ရှိမိမိ တပ်စွဲရာမြို့နဲ့အနီးဆုံးဖြစ်ရုံသာမက ဆေးဝါးများရှိသောနေရာလည်း ဖြစ်သည်။ ထိုမြို့သို့ရောက်ရန် အမြန်ဆုံးတစ်ပတ်မျှသွားရသော်လည်း လေယာဥ်ပျံဖြင့် သွားလာသောအခါ တစ်နာရီမပြည့်မိအချိန်၌ရောက်ရှိသွားလေတော့သည်။ ထို့ကြောင့် ကိုးသည်အံသြနေသည်လည်းဖြစ်သည်။ "ကဲ ဒီမြို့ဆိုတော့ အညင်သာဆုံးဗျူဟာသုံးမယ်" လျူသည် သူ၏နားကြပ်ကိုသုံး၌ ကျန်သောလေယာဥ်ပျံများအား မည်သည့် နည်းဗျူဟာသုံးမည်ဖြစ်ကြောင်း အသိပေးလိုက်လေသည်။ လေယာဥ်ပျံများသည် အမြင့်ပေတစ်သောင်းခွဲကျော်ကျော်၌ပျံသန်းနေသည် ဖြစ်ပြီး အသံလုံအစီရင်များပါရှိသည်။ထို့ကြောင့် လေယာဥ်များရောက်ရှိလာ သည်ကို အောက်၌ရှိနေကုန်သောလူများသိနိုင်မည်မဟုတ်ပေ။ ဟုတ်ပေသည်။လေယာဥ်ပျံများ၏အောက်၌ရှိနေသောမြို့သည် စစ်သူကြီး ကိုးမှ ပြောထားသောမြို့ပင်ဖြစ်သည်။လက်ရှိ၌ထိုမြို့အား မြွေဟောက် စစ်သည်တော်များက သိမ်းပိုက်ထားပြီး ကြီးစိုးနေသည်ဖြစ်သည်။ အညင်သာဆုံးဗျူဟာ၌ ပထမဆုံးလုပ်ဆောင်ခြင်းသည် အရင်ဆုံး ထောက်လှမ်းသည်ဖြစ်သည်။ ထောက်လှမ်းရာ၌ ထောက်လှမ်းရေးအမျိုး စားဒရုန်းနှစ်ခုကို ဥိီးစွာထောက်လှမ်းစေသည်။ ထိုဒရုန်းနှစ်စင်းသည် ကောင်းကင်ယံမှနေ၍ စတင်ထောက်လှမ်းတော့သည်။ ထောက်လှမ်းရာ၌ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားသည်။အပူ အာရုံခံစွမ်းရည်ကို အသုံးပြုထားသောကြောင့် မြို့ထဲ၌လူမည်မျှရှိသည်ကို လည်း အသေးစိတ်တွက်ချက်နိုင်စွမ်းရှိလေသည်။ နောက်တစ်နည်းကတော့ ရန်သူမိတ်ဆွေခွဲခြားနည်းပင်ဖြစ်သည်။ ထိုသို့ခွဲခြားရာ၌ အရင်ဆုံးအပူအာရုံခံနည်းစနစ်ဖြင့်အသုံးပြုပြီးသောအခါ လူ၏ကိုယ်တွင်း၌ရှိသောချာက္က ရာအပေါ်တွက်ချက်ပြီး ပိုင်းခြားသည် ဖြစ်သည်။ ထောက်လှမ်းရေးဒရုန်းများ ငါးမိနစ်မျှကြာအောင် ပတ်ပြီးသောအခါ လျူ၏ရှေ့၌ရှိနေသောဖန်သားပြင်၌ အသေးစိတ်တိကျလှသော အချက် လက်များပေါ်ပေါက်လာလေတော့သည်။ ရရှိထားသောအချက်လက်များ မြွေဟောက်စစ်သည်များ-56203ယောက် စွန်ရဲစစ်သည်တော်များ-3210ယောက် သာမန်ပြည်သူများ-34527ယောက် စသည်ဖြင့် အတိကျပေါ်လာလေတော့သည်။ "ဟင်" စစ်သူကြီးကိုး အံသြတုန်လှုပ်သွားလေတော့သည်။ဂရိတ်တိုင်းပြည်၏နည်း ပညာကထိုမျှအထိ တိုးတက်နေကြောင်း မထင်ထားမိသည်မှာ အမှန်ပင်ဖြစ် လေသည်။ "ရပြီ ဗျူဟာရဲ့အစီစဥ်ကို အမှတ်စဥ်အတိုင်းဆက်သွားတော့" လျူမှ တိကျသောစာရင်းရရှိပြီးဖြစ်ရာ ဗျူဟာ၏နောက်ထပ်အစီစဥ်များကို ဆက်လက်လုပ်ဆောင်စေသည်။ နောက်တစ်ဆင့်ကတော့ တခြားမဟုတ် သတ်ဖြတ်ခြင်းအစီစဥ်သာဖြစ်ပေ သည်။အရင်ဆုံးထောက်လှမ်းပြီးသောအခါ ရန်သူမိတ်ဆွေပိုင်းခြားစစ်ဆေး ပြီးဖြစ်သောကြောင့် သတ်ဖြတ်ရမည့်အချိန်ကျရောက်လာခဲ့လေပြီ။ "ပစ်" တိုက်လေယာဥ်သုံးစင်းမှ ဒုံးကျည်သုံးစင်းပစ်ခွင်းလိုက်လေသည်။ "ကျွီ ...." ထိုဒုံးကျည်သုံးစင်းသည် မြန်ဆန်စွာပင် ပျံသန်းသွားပြီးလျှင် ပစ်မှတ်ထားရာ မြို့ထဲသို့ကျရောက်လာ လေတော့၏။ ထိုဒုံးကျည်များသည် မြို့ထဲရောက်သည် နဲ့ "ဝုန်း" ကြီးစွာသောဓာတ်ငွေ့ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေသည်။ထိုကြီးစွာသော ဓာတ်ငွေ့ပေါက်ကွဲရခြင်းသည် တစ်မိနစ်ဟူသောအချိန်အတွင်း၌ တစ်မြို့လုံး ပြန့်နှံသွားလေသည်။ ("ဘာတွေလဲ") စစ်သူကြီးကိုး တွေး၍မရပေ။ပစ်ခတ်လိုက်သော ဒုံးကျည်မှအဘယ်ကြောင့် တစ်မြို့လုံးပြန့်နှံစေသောဓာတ်ငွေ့ဖြစ်အောင်လုပ်ရသနည်း။ထိုအပိုင်းက သူ သိသောအရာမဟုတ်သောကြောင့် ငြိမ်၍သာနေလိုက်လေသည်။ "ဘယ်ကောင်တွေလုပ်တာလဲကွ" မြို့ထဲ၌ရှိနေကြသောမြွေဟောက်စစ်သည်တော်များသည် လန့်ဖြတ်ပြီး ဒေါသ ထွက်ကုန်လေသည်။ရုတ်ခြည်းဆိုသလို မိမိတို့ရှိရာမြို့ထဲသို့ ထူးဆန်းသော အရာဝင်ပြီး အမျိုးမည်မသိရသည့်ဓာတ်ငွေ့များဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ထိုဓာတ်ငွေ့များသည် အဆိပ်မဟုတ်သလို မိမိတို့အားထိခိုက်မှုမရှိကြောင်း မြွေဟောက်စစ်သည်တော်များသိရှိသောအခါ စိတ်သက်သာရာရသွားကြလေ သည်။ထိုအခါမှ လျူသည် ပြုံးလိုက်ပြီး "နောက်တစ်ဆင့်" ထိုသို့အမိန့်ပေးလိုက်သည်နဲ့ တိုက်လေယာဥ်များမှ နောက်ထပ်ဒုံးကျည်များ ပစ်ခတ်လိုက်ကြလေသည်။ အစောပိုင်း၌သုံးခုသာပစ်သည်ဆိုသော်လည်း လက်ရှိအကြိမ်တွင်တော့ သုံးခုထက်မကသောအရေတွက်ဖြင့်ပစ်လိုက်ခြင်း ဖြစ်လေသည်။ "ကျွီ "... များစွာသော ဒုံးကျည်များက မြို့ထဲသို့ဦးတည်ကာ ပြေးဝင်သွားကြလေ သည်။ "ဘာတွေလဲဟ" ဒီတစ်ခါတွင်တော့ မြို့ထဲ၌ရှိနေကုန်သော မြွေဟောက်စစ်သည်တော်များက မြို့ ထဲဝင်လာသော ဒုံးကျည်များစွာကိုမြင်လိုက်လေသည်။ "ကာကွယ်ကြစမ်း" ထိုဒုံးကျည်များ မြို့ထဲပြေးဝင်လာသောကြောင့် မြွေဟောက်စစ်သည်များမှ စုပေါင်းပြီး ချာက္က ရာအကာကွယ်ဒိုင်းကာကြီး ဖန်တီးလိုက်ကြလေသည်။ "ဝုန်း" မြို့ထဲ၌ကြီးမားသော ချာက္က ရာဒိုင်းကာကြီး တစ်ခုပေါ်ပေါက်လာပြီး ထိုဒိုင်း ကာကြီးသည် မြို့ထဲပြေးဝင်လာသော ဒုံးကျည်များအား ကာကွယ်ရန်အသင့် ရည်ရွယ်ထားလေသည်။ထိုအခိုက်မှာ ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာ တော့သည်။ "ဂျုန်း....ဂျုန်းးးး" မြို့ထဲပြေးဝင်လာသော ဒုံးကျည်များသည် မြို့ထဲရောက်သည်ဆိုသည်နဲ့ အလိုလိုအပိုင်းပိုင်းအစစဖြစ်သွားတော့သည်။ထိုသို့အပိုင်းစအသေးလေး များစွာသည် သေးငယ်သောကျည်ဆံပမာဏအရွယ်ရှိသော သေးငယ်လွန်း သော ဒုံးကျည်ဆန်များအဖြစ် သို့အသွင်ပြောင်းလဲသွားပြီး ဆက်လက်ဝင်ရောက်လာကြလေသည်။ "ဟင်" ထိုသေးငယ်လွန်းလှသော ကျည်ဆန်အရွယ်ရှိသော ဒုံးကျည်ငယ်လေးများသည် ကာကွယ်ထားသည့်ဆိုသော ချာက္က ရာဒိုင်းကာ အား အသာယာပင် ဖြတ်သန်းသွားကြလေသည်။ဖြတ်သန်းသွားပြီးသည်နဲ့ သူတို့၏ပစ်မှတ်ဖြစ်သည့် မြွေဟောက်စစ်သည်များထံသို့ ပြေးဝင်မိတ်ဆက် လိုက်ကြသည်။ "အား" တစ်ချက်မျှသာအော်ဟစ်နိုင်ကြပြီးသေဆုံးသွားကြတော့သည်။ချာက္က ရာဒိုင်း ကာအား ဖြတ်သန်းပြီး ထိုကျည်ဆံအရွယ်ဒုံးကျည်များသည် မြွေဟောက် စစ်သည်များကို သုတ်သင်လိုက်ကြလေသည်။ ချာက္က ရာဒိုင်းကာအား ဖောက်နိုင်ကြောင်းမြင်သောအခါ တစ်ချို့သော မြွေဟောက်စစ်သည်တော်တို့သည် ချာက္က ရာဒိုင်းကာအား ဆက်လက်အားဖြ ည့်ခြင်းမရှိပဲ မိမိကိုယ်မိမိသာ ချာက္က ရာချပ်ဝတ်တန်ဆာများ ဖန်တီး၍သော်လည်းကောင်း၊ ထွက်ပြေး၍သော်လည်းကောင်း ရှောင်တိမ်း ကြလေသည်။သို့သော်လည်း ပြေးလွတ်ခြင်းမရှိပေ။ သေကြေခြင်းဟူသော ရလာဒ်သာပေါ်ပေါက်ပေသည်။ "အလိုလေး" စစ်သူကြီးကိုးသည် လျူနဲ့အတူ ဖန်သားပြင်မှ ကြည့်ရှုနေသောကြောင့် ရန်သူ များမည်သို့မည်ပုံသေဆုံးသွားသည်ကို တပ်အပ်မြင်နေရလေသည်။ထိုသို့ မြင်ရလေ လေယာဥ်ပျံ၏အစွမ်းကို အထင်ကြီးလေးစားမိလေဖြစ်သည်။ "သူတို့က အစောပိုင်းဓာတ်ငွေ့ကိုရှုမိကတည်းက သူတို့ကသေလမ်းပဲရွေးဖို့ရှိ တယ်ဆိုတာသူတို့မသိဘူး" လျူမှ စစ်သူကြီးအားနားလည်အောင်ရှင်းပြသည်။ ဓာတ်ငွေ့များမြို့ထဲပစ် လွတ်ရခြင်းသည် ရန်သူနဲ့မိတ်ဆွေခွဲစေရုံသာမက ရန်သူများ၏ချာက္က ရာ အစွမ်းကိုလည်း ပျော့ညံအောင်လုပ်ပစ်လိုက်လေသည်။ ထို့ကြောင့် သေးငယ်သောဒုံးကျည်ငယ်များလာရောက်သောအခါ ဓာတ်ငွေ့ များရှုရှိုက်မိပြီးဖြစ်သည့် စစ်သည်တော်များ၏ချာက္က ရာဒိုင်းက အဘယ် အသုံးဝင်တော့မည်နည်း။သေလမ်းသို့သာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ကြ လေသည်။ ထွက်ပြေးသောလူများလည်းမလွတ်ပေ။အကြောင်းမှာ သေးငယ်သော ဒုံးကျည်များတွင် အပူအာရုံခံစနစ်ပါရှိသည်ဖြစ်ရာ ရန်သူအဖြစ်သတ်မှတ် ထားသော မြွေဟောက်စစ်သည်များနောက်သို့ လိုက်ပါသတ်ဖြတ်ပစ်လိုက် သည်ဖြစ်သည်။ ထိုဗျူဟာကိုအသုံးချတိုက်ခိုက်လိုက်ရာ နာရီဝက်ဟူသောပမာဏအတွင်း၌ မြို့ ထဲ၌ရှိသမျှသော ရန်သူဖြစ်သည့်မြွေဟောက်စစ်သည်တော်များ အားလုံး သေဆုံးသွားကြပြီလည်းဖြစ်သည်။ ဖန်သားပြင်၌ထိုသို့သောအချက်လက်ပေါ်လာလေတော့၏။ တိုက်ပွဲအောင်မြင်..ရန်သူအားလုံးသေဆုံး..တိုက်ပွဲကြာချိန် နှစ်ဆယ့်ကိုးမိနစ် "ကျနော်တို့ပထမတိုက်ပွဲအောင်မြင်သွားပါပြီ" လျူမှ စစ်သူကြီးကိုးအား ဝမ်းမြောက်စွာပြောလိုက်သည်။ "လခွမ်း" စစ်သူကြီးကိုးအနေဖြင့် အံသြလွန်း၍ဆဲရေးမိလိုက်တော့သည်။
(374)တုန်လှုပ်ခြင်း
"အခြေနေဘယ်လိုရှိပြီလဲ" ထိုစကားကို မေးလိုက်သူကတော့ စွန်ရဲအင်ပါယာအား အုပ်ချုပ်သောဘုရင် ကြီးဖြစ်လေသည်။ သူသည် လက်ရှိအချိန်၌ စိတ်ကောင်းဝင်နေသောကြောင့် သူ့အကြိုက်ဆုံးသောနှစ်တစ်ထောင်အသီးဖျော်ရည်အား သောက်နေရင်း လည်း ဖြစ်သည်။ "သတင်းကောင်းပါ ဘုရင်ကြီး...အခုဆိုကျနော်တို့ရဲ့နယ်မြေတွေအကုန် နီးပါးပြန်ရထားပါတယ်...နောက်ဆုံးလေးမြို့လောက်ပဲကျန်ပါတော့မယ်" "ဒါဆို တော်တော်တန်တယ်တန်တယ်" ဘုရင်ကြီးသည် ပြုံးပြုံးကြီးဖြင့် ဝမ်းသာအားရပြောလိုက်ပြီး သူ၏ခွက်မှ ဖျော်ရည်အား အရသာခံသောက်သုံးလိုက်လေသည်။ သူသည် ကြေးကြီးကြီးပေးပြီး ဂရိတ်တိုင်းပြည်မှကြေးစားလေတပ်ကို သုံး လကြာအောင်ငှားရမ်းထားသည်လည်းဖြစ်သည်။ထိုသုံးလတာကာလ၌ ဂရိတ်လေတပ်သည် သူအလိုရှိရာအား စိတ်တိုင်းကျလုပ်ဆောင်ပေးမည် လည်းဖြစ်သည်။ လက်ရှိအချိန်တွင် ငှားရမ်းကာလသည် တစ်လမျှသာရှိသေးသည်ဖြစ်သည်။ ထိုတစ်လဟူသောကာလ၌ သူ၏လက်လွတ်ဆုံးရှုံးလိုက်ရသောနယ်မြေများ ကို ခေတ္တ အတွင်းပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဖြစ်သည်။ တစ်လအတွင်းလုပ်ပြသွားသည်ဖြစ်ရာ နှစ်လဟူသောအချိန်တန်အချိန်ကြီး ကို စွန်ရဲအင်ပါယာဘုရင်မှအသုံးပြုခွင့်ရှိသေးသည်ဖြစ်သည်။ ..................
"ငါဒီလိုဖြစ်လာမယ်လို့တစ်ခါမှမတွေးမိဘူး" စစ်သူကြီးကိုးသည် လျူအား ပြောပြနေသည်။လျူ၏လေယာဥ်များသည် တိုက်ပွဲများ၌များစွာအစွမ်းထက်ကြောင်းပြသပေးခဲ့လေသည်။ထိုအရာများ ကြောင့် မဖြစ်နိုင်ဟုထင်ရသော နယ်မြေများကို တစ်လဖြင့်ပြန်လည် သိမ်းပိုက်နိုင်ခဲ့လေသည်။ စစ်သူကြီးလျူဝမ်းသာနေရသည့်အကြောင်းမှာ ဂရိတ်တိုင်းပြည်၏တပ် ကြောင့် မိမိတို့ဘက်မှစစ်သည်အင်အားထိခိုက်ကျဆုံးခြင်းလုံးဝမရှိပဲ အသာအယာနဲ့မြန်တန်စွာ တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ တကယ်တမ်းလုပ်စရာဟူ၍ မြို့ကိုသိမ်းပိုက်ပြီးသွားသောအခါ မူလအုပ်ချုပ် ရေးပုံစံအတိုင်းပြန်လည်ရောက်ရှိလာစေရန် ခေတ္တ မျှလူလွတ်စီမံကြီးကြပ်ရ သည်သာရှိ၏။ "မပူပါနဲ့ ကျနော်တို့က ခင်ဗျားတို့နဲ့သုံးလလုံးလုံးအတူရှိနေမှာလေ" လျူ၏ပြောစကားကြောင့် စွန်ရဲစစ်သည်များလည်း ပျော်ရွှင်သွားကြလေ သည်။မပျော်ပဲ ရှိမည်လား။ လျူတို့လျှောက်လာကတည်းမှစ၍ သေတယ်ဆိုတာ ဘာကြီးလဲ ဟုမေးရ လောက်သည်အထိ အတော်ကြီးသိသိသာသာလျော့ပါးပျောက်ကွယ်သွား သောကြောင့်ဖြစ်သည်။ တိုက်ပွဲတိုင်းကိုလွယ်ကူစွာအောင်နိုင်သည်ကလည်း သူတို့အားကြီးမားသော စိတ်တက်ကြွမှုကြီးတစ်ရပ်ဖြစ်စေသည်။နောက်ပြီး ဂရိတ်တိုင်းပြည်မှလေ ယာဥ်စစ်သည်များနဲ့တခြားသောစစ်သည်များစားသောက်သည့်ပုံစံမျိုး စား သောက်ရသောအခါတွင်လည်း အလွန်ကြိုက်နှစ်သက်ကြလေသည်။ အထူးသဖြင့် စွန်ရဲအင်ပါယာစစ်သည်တော်တို့သည် တိုက်ပွဲနိုင်တိုင်း ည၌အမဲကင်များကင်၍ သေရည်များသောက်၍အောင်ပွဲခံလေ့ရှိတတ်၏။ ထိုသို့အောင်ပွဲခံတိုင်း ဂရိတ်တိုင်းပြည်မှစစ်သည်များကပါ သူတို့အား သေ ရည်အစားဘီယာနဲ့အကောင်းစားဝိုင်အရက်များဖြင့်အစားထိုး တည့်ခင်း တိုက်လေ့ရှိရာ ကြာတော့ စွန်ရဲစစ်သည်များလည်း ထိုအရာများကို အတော် ပင်နှစ်ခြိုက်သဘောကျလေသည်။ မိမိတို့သောက်နေကြသေရည်များက ဂရိတ်တိုင်းပြည်စစ်သည်များပေးသော အရာများဖြင့်ယှဥ်သောအခါ နံသာဖြူနဲ့အီးမျှကွာခြားနေသောကြောင့် ဖြစ်သည်။ ဘုရင်ကြီးအားသတင်းစကားပြောပြီး ငါးရက်မြောက်နေ့၌ စွန်ရဲအင်ပါ ယာ၏နယ်မြေပိုင်နက်ဖြစ်သော နောက်ဆုံးမြို့ကို သိမ်းပိုက်ရရှိလေသည်။ ထိုမြို့ကိုလည်း အညင်သာဆုံးဗျူဟာဖြင့်ပေါင်စပ်အသုံးချပြီး အောင်နိုင်ခဲ့ သည်လည်းဖြစ်သည်။ အောင်နိုင်ရခြင်းမှာလည်း ရန်သူများသည် နေရာဝေးကွာသောနေရာများသို့ ချက်ချင်းသတင်းပို့နိုင်သော ဆက်သွယ်ရေးကိရိယာမရှိခြင်း၊ခေတ်မှီ လက်နက်ကိရိယာများမရှိခြင်းနဲ့ တစ်ခါမှမမြင်မကြားဖူးသောနည်းစနစ်သစ် ဗျုဟာတို့ဖြင့် အလစ်ငိုက်တိုက်ခိုက်ခြင်းခံရသောကြောင့်ဖြစ်သည်။ ထိုသို့တိုက်ခိုက်တိုင်း သတင်းပေးနိုင်မည့်လူ တစ်နည်းအားဖြင့် တိုက်ခိုက်ခံရ ကြောင်းသတင်းပေးမည့်လူလည်း အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမရှိရာ ထို အချက်သည်လည်း မြွေဟောက်အင်ပါယာ၏ကျူးကျော်စစ်ကို ဆုတ်ယုတ် ဆုံးရှုံးစေခဲ့သည်ဖြစ်သည်။ "ဘုရင်ကြီး ကျနော်တို့နယ်မြေတွေအကုန်လုံးပြန်လည်ရရှိပါပြီ...အထိခိုက် အကျဆုံးရမရှိပါ..." သတင်းပေးပို့သူစစ်သည်မှ စွန်ရဲဘုရင်အား သတင်းစကားပေးပို့သည်။ ထိုသို့ပေးပို့ရာ၌ အထိခိုက်အကျဆုံးမရှိဟူသောနေရာ၌ အသံမြင့်၍ပြော လိုက်သည်ဖြစ်သည်။ သူ၏လက်ထဲတွင်လည်း ဂရိတ် တိုင်းပြည်၏အထူးထုတ်ဝေါ်ကီတော်ကီလိုအရာကို ကိုင်ဆောင်ထား၏။ ထိုဝေါ်ကီတော်ကီသည် စွန်ရဲအင်ပါယာနယ်မြေ၏ကြိုက်သည့်နေရာ၌ရှိ နေပါစေ ဆက်သွယ်နိုင်သော ကိရိယာတစ်မျိုးဖြစ်လေသည်။ထိုအရာဖြင့် မိုင် ပေါင်းသောင်းချီဝေးနေပါစေ စက္က န့်ပိုင်းအတွင်း၌သတင်းပေးပို့သိရှိနိုင် မည်ဖြစ်သည်။ "ကောင်းပြီ ဒါဆို...ငါတို့ဖက်က ပြန်ကျူးကျော်ပေးလိုက်ကြတာပေါ့...ဘာတို့ ဘာကောင်လဲဆိုတာသသူတို့မေ့နေပုံရတယ်" "ဟုတ်ကဲ့ပါအရှင်မင်းကြီး" သတင်းသမားစစ်သည်တော်ကလည်း ဘုရင်ကြီး၏အလိုတော်အတိုင်း မိမိ တို့ဖက်မှ စစ်ပွဲဆင်နွှဲမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်လေသည်။ ("ဟူး....မြွေဟောက်အင်ပါယာ မင်းတို့ဘယ်လောက်တောင့်ခံနိုင်မယ်ဆိုတာ ငါသိချင်မိပါတယ်") ................. "ငါကောင်တို့ စလိုက်ကြစို့" "ဟေး......" "နောက်ဆုံးတော့ ငါတို့အလှည့်ရောက်လာပြီကွ" စစ်သူကြီးကိုးတို့စစ်သည်တော်အုပ်စုမှ ပျော်ရွှင်နေသည်ကိုကြည့်ပြီး လျူမှ ပြုံးမိသညိ။သူတို့၏ဘုရင်ကြီးမှ သူတို့အင်ပါယာကို ကျူးကျော်လာသော မြွေဟောက်အင်ပါယာကို ပြန်လည်တိုက်ခိုက်ခွင့်ပေးလိုက်သောကြောင့် ဖြစ်သည်။ တိုက်ခိုက်ခွင့်ပေးရာ၌ ငှားရမ်းထားသောဂရိတ်တိုင်းပြည်လေတပ်နဲ့ ထို လေတပ်နဲ့အနီးကပ်ရှိသော စစ်သူကြီးကိုးတို့ကိုသာ တိုက်ခိုက်စေခြင်းကြော င့်လည်းဖြစ်ပေသည်။ "တိုက်ကြမယ်ဟေ့" စစ်သူကြီးကိုး၏အမိန့်ပေးသံထွက်ပေါ်ပြီး နောက်ထပ်သောဆယ်မိနစ် အချိန်၌ စစ်သူကြီးနဲ့သူ၏စစ်သည်တော်တိုင်းသည် လေယာဥ်အသီးသီးပေါ် သို့ရောက်ရှိသွားကြလေသည်။ထိုလေယာဥ်များသည်လည်း စွန်ရဲအင်ပါယာမှ နေ၍ မြွေဟောက်အင်ပါယာသို့ ချီတက်ပျံသန်းသွားကြလေသည်။ မြေပြင်ပေါ်ကနေသာကြည့်မည်ဆိုပါက ကြီးမားလှသောငှက်ကြီးများသည် အုပ်စုလိုက်ကြီးကောင်းကင်ပေါ်၌ မြန်ဆန်စွာ ပျံသန်းနေကြသည့်ပုံစံကို တွေ့ မြင်ရမည်ဖြစ်သည်။ "ဘယ်မြို့ကိုအရင်တိုက်မလဲ" လျူမှမေးလိုက်သည်။သိသာစွာပင် မြွေဟောက်အင်ပါယာ၏မြို့များမ တိုက်ခိုက်ခင် အရင်ဆုံးထောက်လှမ်းရေးဒရုန်းများစေလွတ်၍ သတင်း အချက်လက်များကြိုတင်လေ့လာစေခဲ့သည်လည်းဖြစ်သည်။ "အပြစ်မဲ့ပြည်သူတွေ မရှိတဲ့မြို့ဒါမှမဟုတ် နည်းတဲ့မြို့တွေကို တိုက်ခိုက်ကြ မယ် ပြီးတော့ ဆုံးရှုံးသွားသမျှကိုပြန်ယူကြမယ်" "ကောင်းပြီ" လျူသည် ခေါင်းညိတ်လိုက်သည်။စစ်သူကြီးကိုးသည် မိမိတို့စစ်သည်များ သေဆုံးရခြင်းသည် မြွေဟောက်အင်ပါယာ၏လက်ချက်ကြောင့် ပြန်လည် လက်တုံ့ပြန်စိတ်ပြင်းပြသူဖြစ်သော်လည်း ဆင်ခြင်တုံတရားရှိသေးသူ ဖြစ်သည်။ သူ၏တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများမသေစေလိုသောစိတ်ဆန္ဒက ရန်သူနဲ့လူကောင်းစိတ်ရှိသေးကြောင်းပြသနေသည်။ "တွက်ချက်ပြီးပြီ...ဆယ်မြို့ကနေထိုင်တဲ့ပြည်သူတွေနည်းပါးလွန်းတယ်..ပြီး တော့သုံးမြို့ကစစ်သည်တော်တွေနဲ့ပြည့်နှက်နေတာ အဲ့ဆယ့်သုံးမြို့က အခုချိန် တိုက်ခိုက်လို့အကောင်းဆုံးပဲ" လျူ၏တွက်ချက်မှုကို စစ်သူကြီးကိုးကလည်း လက်ခံပြီး တိုက််ခိုက်ရန်အမိ န့်ပေးလိုက်သည်။ထိုသို့အမိန့်ပေးလိုက်သည်နဲ့ ကောင်းကင်ယံ၌ငှက်အုပ်ကြီး သဖွယ်ပျံသန်းနေသော လေယာဥ်များသည် မိမိတို့တိုက်ခိုက်ရမည့် ပစ်မှတ်မြို့ များအသီးသီးသို့ ဖြန့်ကျက်ပျံသန်းသွားကြလေသည်။ "ကျနော်စစ်သူကြီးကိုးကိုပြောဖူးတာ မှတ်မိလား...မပျံပဲကျန်ခဲ့တဲ့လေယာဥ် သုံးစင်းအကြောင်းလေ" "သိတယ် အဲ့လေယာဥ်တွေက တော်တော်လေးကြောက်ဖို့ကောင်းတယ်လို့ မင်းပြောဖူးတယ်" "အမှန်ပဲ အခုကျနော်အဲ့လေယာဥ်အစွမ်းပြမလို့" လျူမှပြောဆိုပြီး သူ၏ရှေ့မှဖန်သားပြင်မှ တစ်ဆင့်မြို့တစ်မြို့အား တိုက်ခိုက် ရန်အမိန့်ပေးလိုက်လေသည်။ကိုးကလည်းထိုဖန်သားပြင်အား မျက်ခြေမ ပြတ်စောင့်ကြည်နေသည်။ ဗုံးကြဲလေယာဥ်သည် မြန်ဆန်စွာပျံသန်းသွားပြီး လျူပစ်မှတ်ပေးသတ်မှတ် ထားသောမြို့သို့ဦးတည်ပျံသန်းသွားလေသည်။ထိုမြို့သည် စစ်သည်တော်များ ဖြင့်ပြည့်နှက်နေသော မြို့သုံးမြို့ထဲမှတစ်မြို့ဖြစ်သည်။ "ပစ်" ထိုအသံနဲ့အတူ ဗုံးကြဲလေယာဥ်မှ တန်ချိန်အလေးများလှသော ဗုံးတစ်လုံး အား ကောင်းကင်ယံမှနေ၍ပစ်ချလိုက်လေသည်။ထိုဗုံးသည်လည်း ပစ်မှတ် ထားရာမြို့၏အလယ်ဗဟိုတည့်တည့်သို့ အရှိန်ပြင်းစွာဖြင့်ကျဆင်းသွားလေ သည်။ ကျဆင်းသွားပြီး အချိန်ငါးစက္က န့်ကြာသောအခါ "ဝုန်း" ကြီးမားကျယ်လောင်လွန်းလှသည့်အသံကြီးနဲ့အတူ တစ်မြို့လုံးပေါက်ကွဲသွား ကြောင်း စစ်သူကြီးကိုးတွေ့လိုက်ရလေသည်။ပေါက်ကွဲအား ပြင်းထန်သော ကြောင့် ထိုမြို့၌နေကုန်ကြသော စစ်သည်တော်တို့သည် လွတ်မြောက်နိုင်ခြင်း မရှိပဲ သေကြေလေတော့သည်။ ပေါက်ကွဲမှုကြီးပြီးသွားသောအခါ ကြီးကျယ်လှသောချိုင့်တွင်းကျယ်ကြီးတစ် ခုသာ မြို့အစားနေရာယူထားလျက်ရှိလေသည်။ "အဲ့ဒါ သူရဲ့အစွမ်းပဲ" "မယုံနိုင်စရာပဲ...ရန်သူတွေအကုန်သေကုန်တယ်" စစ်သူကြီးကိုးသည် စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်လုံးခြင်းသာပြောနိုင် လေသည်။ဗုံးကြဲလေယာဥ်၏ဗုံးတစ်လုံးပေါက်ကွဲမှုသည် တစ်မြို့လုံးပျက်စီး စေခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့မြင်လိုက်ရရာ တုန်လှုပ်သွားလေ တော့သည်။
(375)ငြိမ်းချမ်းရေးဆွေးနွေးခြင်း
တစ်ခုသော အခန်းထဲ၌ လူများစွာသည် စုဝေးကာထိုင်နေကြလေ၏။သူတို့ ထိုင်သောအခန်းသည် လွန်စွာမှာအဆင့်တန်းမြင့်မားပေသည်။ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသောတိုင်များ၊ နံရံ၌အလှပြထားသောပန်းချီက အစ ရွှေစင်ရွှေသားများဖြင့် ပြုလုပ်ထားလေသည်။ရုပ်တုလည်း ရွှေသားဖြင့် သာဖြစ်သည်။ နတ်ပြည်၏ပျော်မွှေ့ရာဘုံဗိမာန်သဖွယ်ပင်ဖြစ်၏။ သူတို့သောက်သုံးနေသော ရေမှာလည်း ချာက္က ရာစွမ်းအားမြင့်တင်အောင် စွမ်းဆောင်ပေးနိုင်သော အာနိသင်ရှိပြီးထိုရေကို ကျောက်စိမ်းအိုးဖြင့် ထည့် ထားသည်။သို့သော်လည်း လက်ရှိအခန်းထဲ၌ထိုအရာများကို ဘယ်သူကမှ အာရုံဝင်စားခံစားမည့်သူမရှိကြပေ။ သူတို့အားလုံးသည် မြွေဟောက်အင်ပါယာ၏စစ်သည်တော်များဖြစ်ပြီး အနိ မ့်ဆုံးသူသည်ပင် ပလက်တီနမ်အဆင့်ငါးထက်မနိမ့်ပေ။ "တောက်..ဒါဘယ်လိုဖြစ်တာလဲ" နှုတ်ခမ်းမွှေးကားကား နဲ့စစ်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသော လူကြီး က ဒေါသထွက်စွာအော်ဟစ်လိုက်လေသည်။ သူ၏ရုပ်ရည်ကြမ်းတမ်းမှုနဲ့ ကြီးမားတုတ်ခိုင်သော ကိုယ်ခန္ဓာကြီးကလည်း သိသာထင်ရှားစွာပင်။ပိုပြီး ထင်ရှားသည်ကတော့ သူ၏လက်မောင်း၌မြွေဟောက်ကြီးတစ်ကောင်ကို ရစ်ပတ်ထားခြင်းပင်ဖြစ်သည်။ ထိုသူသည် မြွေဟောက်အင်ပါယာ၏စစ်သူကြီး ဒေါ့ဖီးလ် သာဖြစ်ပေသည်။ သူ၏ဒေါသထွက်မှုအောက်၌ စစ်သည်များအားလုံးငြိမ်နေကြသည်။ စစ်သူကြီးဒေါ့ဖီးလ် ဒေါသထွက်ရသည့်အကြောင်းရင်းမှာ လက်ရှိရထား သောသတင်းများကြောင့်ဖြစ်၏။စွန်ရဲအင်ပါယာနယ်မြေများအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ခြေကုပ်ယူထားသောစစ်သည်တော်များမှ မည်သည့် သတင်းကိုမျှမရရှိသောကြောင့်ဖြစ်သည်။ မြွေဟောက်စစ်သည်များမှသည် တပ်စည်းမျဥ်းအရ သတင်းပို့လွှတ်မှုအား တစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် အကြာဆုံးသတ်မှတ်ချိန် တစ်လလျှင်တစ် ကြိမ်သတင်းပေးပို့ရစမြဲ ဖြစ်သည်။လက်ရှိမှာ ထိုသို့သတင်းပို့မှုမရှိသော ကြောင့်ဖြစ်သည်။ နောက်တစ်ခုကတော့ မိမိတို့မြွေဟောက်အင်ပါယာမှ မြို့များတိုက်ခိုက်ခံထား ရသောကြောင့် ဖြစ်သည်။ တိုက်ခိုက်ခံရသောမြို့တိုင်းသည် အလစ်ခိုက်တိုက် ခိုက်ခြင်းခံရသည်ဆိုကလွှဲလျှင် တခြားသောသတင်းမပို့နိုင်ကြသောကြောင့် ပို၍ဒေါသထွက်မိသည်။ "နောက်ထပ်သတင်းရလာပါတယ်" စစ်သည်တော်တစ်ယောက်မှ ဒေါ့ဖီးလ်အား စာပို့၏။ထိုစာကို ဒေါ့ဖီးလ်ဖတ် ပြီးသည်နဲ့ သူ၏တစ်ကိုယ်လုံးအငွေ့များထွက်လာလေသည်။ထို့နောက် လေသံတုံးတိတိဖြင့် "ငါတို့စစ်သည်တော်မြို့သုံးမြို့လုံးမရှိတော့ဘူး" ."ဘာ" ဒေါ့ဖီးလ်၏စကားကြောင့် ကျန်သောစစ်သည်တော်များအားလုံး တုန်လှုပ် သွားကြလေသည်။ ထိုစကားအရ မြို့များတွင် အားကောင်းပေ့ဟူသော မြို့သုံး မြို့ပျက်စီးသွားသည်ဆိုသည်ဖြစ်ရာ လက်မခံနိုင်ပဲ ဖြစ်လေသည်။ "ဟိုကောင်တွေ စစ်စည်းမျဥ်းချိုးဖောက်ပြီးလုပ်သွားတာလား" စစ်သည်တစ်ယောက်မှပြောသည်။ "ဒါလည်းမဖြစ်နိုင်ဘူး စည်းချိုးဖောက်ပြီဆိုတာနဲ့ ငါတို့ကသိသိသာသာကိုသိ ရမှာ အခုဟာက ဘာမှမသိရဘူးလေ" မြွေဟောက်စစ်သည်တော်များ ခေါင်းစားသွားကြလေသည်။စွန်ရဲအင်ပါယာ မှ မည်သည့်နည်းသုံးသွားကြောင်းမသိရသလို မိမိတို့၏စစ်တပ်အင်အားဟု ဆိုရမည့် စစ်သည်တော်မြို့သုံးမြို့လည်း အငွေ့ပျံသွားသလို ပျောက်ကွယ်သွား သောကြောင့်ဖြစ်သည်။ ထိုမြို့သုံးမြို့သည် စစ်မက်ဖြစ်ပွားသောအခါ အလွန်အရေးပါသော နေရာ၌တာဝန်ထမ်းဆောင်နိုင်သော မြို့များဖြစ်သည်။ဤသည်ကို စစ်သူကြီး ကိုးနဲ့လျူတို့မှ မသိသော်လည်း ဖျက်စီးပစ်ခဲ့ကြသည်ဖြစ်သည်။ "စစ်သူကြီး အခြေနေမကောင်းဘူး ကျနော်တို့တိုက်ခိုက်ခံနေရပြီ" ထိုသတင်းပေးပို့မှုနဲ့အတူ ကြီးမားသောပေါက်ကွဲသံများ မြို့မှထွက်ပေါ်လာ ကြောင်း အားလုံးကြားလိုက်ကြရလေသည်။ "ဝုန်း...ဝုန်း" အသံများသည်ကြီးမားကျယ်ပြန့်လွန်းလှသလို မြေကြီးများပင်တုန်ခါသွား ကြလေသည်။ "သွားပြီး ရန်သူကိုတိုက်ခိုက်ကြ" စစ်သူကြီးဒေါ့ဖီးလ်၏အမိန့်အောက်၌ စစ်သည်တော်များအားလုံး မိမိ တို့၏လက်နက်များစွဲကိုင်ကာ အသံထွက်ပေါ်ရာ နေရာသို့ မှန်းဆထွက်ခွာ သွားကြလေသည်။ မိမိတို့၏မြို့အလစ်ငိုက်တိုက်ခိုက်ခံရသောအခါ ရှောင်တိမ်းခြင်းမရှိပဲ တိုက်ခိုက်ရန်ထွက်ခွာလာကြသည်။ "ဟင်..ဘယ်မှာလဲဟ" အခင်းဖြစ်ရာနေရာသို့ရောက်သောအခါ မည်သည့်အရာမျှမတွေ့သောကြောင့် တွေဝေ သွားကြလေသည်။ သူတို့မြင်သည်ကတော့ အဆောက်ဦးများသာ ပေါက်ကွဲမှုအားကြောင့် လောင်ကျွမ်းပြာကျနေသောကျန်ရစ်ပစ္စည်းများကို သာ ဖြစ်လေသည်။ "မင်းမေလင်တွေက ခေါင်းပေါ်မှာဝဲနေတာဟေ့" ထိုသတိပေးသံလည်း အနည်းငယ်နောက်ကျသည်ဟုဆိုရမည်ဖြစ်သည်။ "ဒက်...ဒက်...ဒက်..." ထိုအသံများဖြင့်အတူ မြွေဟောက်စစ်သည်တော်များသည် သူတို့၏ကိုယ် များပေါက်ကွဲပြီး သေဆုံးကြလေသည်။ "ကာကွယ်ကြဟေ့" ချက်ချင်းပင် ရန်သူလာရာနေရာအားသိသွားပြီဖြစ်သောကြောင့် မိမိတို့ကိုမိမိ တို့ ချာက္က ရာအကာကွယ်များဖန်တီးပြီး လွှမ်းခြုံပြီး ကောင်းကင်ပေါ်သို့ကြည့် လိုက်လေသည်။ "အလိုလေး..ဘာတွေလဲဟ" သူတို့မြင်နေရသောအမြင်ကိုမယုံနိုင်စရာဖြစ်သွားကြပေ။ကြီးမားပြီး ထူးဆန်းလွန်းလှသည့် အရာကြီးများသည် လေထဲ၌ပျံသန်းနေကြသော ကြောင့်ဖြစ်သည်။ ထိုအရာများသည် မိမိတို့အားသေစေနိုင်သောတိုက်ခိုက်မှုများလုပ်သည့် အပြင် မြို့အားဖျက်စီးစေသောတရားခံလည်းဖြစ်ကြောင်းတွေ့ရလေသည်။ "ဝီး..." တစ်ခုသောမြှားမှ အနီရောင်အသွင်ဖြင့် ကောင်းကင်ပေါ်သို့မြန်ဆန်စွာပျံ တက်သွားလေသည်။ "ငါတို့စစ်သူကြီးမြှားပဲ" စစ်သည်တော်များ ပျော်ရွှင်သွားကြလေသည်။စစ်သူကြီး၏လေးပစ်ခြင်း သည် ရန်သူများအားချေဖျက်နိုင်ကြောင်း မျက်မြင်တွေ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော်လည်း အမှန်တရားသည် ခါးသီးလွန်းလှသည်။ စစ်သူကြီး၏မြှား သည် ကောင်းကင်၌ပျံသန်းနေသောအရာနဲ့တွေ့သောအခါ ပြန်လည်ပြုတ်ကျ လာသောကြောင့်ဖြစ်သည်။ မြှားပစ်ခြင်းခံရသောလေယာဥ်သည်လည်း မြှားပစ်ရာစစ်သူကြီးဒေါ့ဖီးလ် ဘက်သို့ပစ်မှတ်ထားပြီး ဒုံးကျည်များပစ်ခွင်းလိုက်လေသည်။ "ဝီး....ဝီး..." ဒုံးကျည်များသည်လည်း လေကိုခွင်းပြီး ဒေါ့ဖီးလ်ရှိရာသို့ ပြေးဝင်လာကြ လေသည်။ "မြွေဟောက်အကာကွယ်" စစ်သူကြီးဒေါ့ဖီးလ်မှ သူ၏အစွမ်းဖြင့် အကာကွယ်ဖန်တီးလိုက်သည်။ ထိုအခါ ဒေါသတရှူးရှုးထွက်နေသော ခရမ်းရောင်အသွင်ရှိသောမြွေဟောက် ကြီးပေါ်လာပြီး ပြေးဝင်လာသောဒုံးကျည်များအား ဝါးမြိုပစ်လေသည်။ ထိုသို့ဝါးမြိုပစ်သည်နဲ့ မြွေဟောက်ပါးစပ်ကြီးသည် ပေါက်ကွဲသွားလေ တော့သည်။ထိုပေါက်ကွဲအားသည် အလွန်တရာပြင်းထန်လှသည်ဖြစ်ရာ အနီး နား၌ရှိနေသော စစ်သည်တော်တို့သည်လည်း ထိခိုက်သွားကြလေသည်။ ပေါက်ကွဲမှု၏အများစုသည် မြွေဟောက်ကြီးမှခံယူသွားသည်ဖြစ်ရာ စစ်သည်တော်များသည် ထိခိုက်ခြင်းသာဖြစ်၍သေကြေခြင်းမရှိပေ။ "ပြန်ဆုတ်မယ် ဒီမြို့မှာအစီရင်ရှိမယ်လို့မထင်မိလိုက်ဘူး" စစ်သူကြီးကိုးသည် လျူအားပြောလိုက်သည်။လျူကလည်း ကိုးစကား အတိုင်း တပ်ပြန်ဆုတ်ရန်ပြောလိုက်ရာ လေယာဥ်များအားလုံးတပ်ပြန်ခေါက် သွားလေတော့သည်။ အစောပိုင်း၌ လေယာဥ်မှဗုံးများကြဲ၍တိုက်ခိုက်မှုကြီးတစ်ခုဖန်တီးပြီး အနိုင် ယူရန်ဖြစ်သည်။သို့သော်လည်း မြို့၌ရှိနေသောအစီရင်က ရုတ်ခြည်းဆိုသလို အသက်ဝင်လာလေရာ ပေါက်ကွဲမှု၏70%အား စုပ်ယူသွားလေသည်။ 30%သောပေါက်ကွဲအားကသာ မြို့ထဲသို့ကျရောက်လေသည်ဖြစ်ရာ စီစဥ်သွား သောအစီစဥ်ပျက်သွားသည်ဖြစ်ပြီး တပ်ပြန်ဆုတ်ခွာသွားကြသည်လည်း ဖြစ်သည်။ ပြန်ဆုတ်ရာတွင်လည်း လေယာဥ်မှအားရအောင်ပစ်ခတ်ပြီးမှသာ ပြန်တပ် ခေါက်သွားကြသည်လည်းဖြစ်သည်။ "ဒါဘယ်ကတွေလဲလို့သေချာစုံစမ်းပါ" စစ်သူကြီးဒေါ့ဖီးလ်သည် ရှုံမဲ့နေသောမျက်နှာအသွင်ပြင်ဖြင့် အမိန့်ပေးလိုက် လေသည်။နောက်တစ်ပတ်မျှကြာသောအခါ ထိုတိုက်ခိုက်မှုသည် စွန်ရဲအင်ပါ ယာမှဖြစ်ကြောင်း သတင်းရသောအခါ ဒေါ့ဖီးလ်အတော်ပင်ပေါက်ကွဲလေ တော့သည်။ အတော်လေးဒေါသထွက်လွန်းသောကြောင့် သူ၏တပ်ထိုင်ရာနေရာပင် အတော်လေးဗြောင်းဆန်သွားသည်လည်းဖြစ်သည်။ "ငလူးမ စွန်ရဲသားတွေ." ................ "အရှင်မင်းကြီး အဖွဲ့တစ်ဖွဲ့လာတွေ့ချင်ကြောင်း သတင်းရပါတယ်" "ဘယ်သူတွေလဲ" စွန်ရဲအင်ပါယာဘုရင်သည် ထိုသတင်းကြောင့်ပြန်လည်မေးလိုက်သည်။ "သူတို့က မြွေဟောက်အင်ပါယာကပါ ငြိမ်းချမ်းရေးဆွေးနွေးချင်လို့ပါတဲ့" "အို" စွန်ရဲအင်ပါယာဘုရင်ကြီးသည် အံသြမင်သက်သည့်အမှုရာဖြင့် ပြန်လည်တုံ ပြန်လိုက်လေသည်။