← Chapters

အခန်း (၅၅၁-၅၅၂)

Vol. 42 Ch. 551-552

အခန်း (၅၅၁-၅၅၂)

Vol. 42 Ch. 551-552

အပိုင်း ၅၅၁ - လူမိုက်

၎င်းက သခင်ကြီးလု သေဆုံးသွားပြီဆိုသော အဓိပ္ပာယ်ဖြစ်ကာ ဤသည်မှာ လောကတွင် အမြန်ဆန်ဆုံး သေဆုံးမှု ဖြစ်နိုင်ပြီး ပစ်မှတ်ကိုယ်တိုင် ထိုအဖြစ်အပျက်ကို အလွန်အံ့အားသင့်နေစဉ်မှာပင် အရာအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သေဆုံးသွားကြောင်းကိုပင် ကိုယ်တိုင် မသိလိုက်ဘဲ ဤသို့ဖြင့် လောကမှ ပျောက်ကွယ်သွားခဲ့သည်။

"ကောင်းကင်ဘုံ အပြစ်ပေးတာပဲ"

ပတ်ဝန်းကျင်ရှိ လူအများအပြားသည် ဤမြင်ကွင်းကို တွေ့ခဲ့ရပြီး အလွန်ထိတ်လန့်သွားကာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိတော့ဘဲ အချို့ဆိုလျှင် ဒူးထောက်ချလိုက်ကြသည်။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဟူသော အသံသည် မိုးကြိုးဌာန တစ်ခွင် ပျံ့နှံ့သွားပြီး သခင်ကြီးလု တစ်ယောက်တည်း အံ့အားသင့်သွားသည် မဟုတ်ဘဲ ယွမ်ရှောင်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။

" အိပ်မက်မက်နေတာလား။ ငါက မိုးကြိုး အင်မော်တယ် အစီအရင်ရဲ့ စွမ်းအားကို သုံးပြီး သခင်ကြီးလုကို သတ်ပစ်လိုက်တာလား"

ထိုခံစားချက်မှာ အိပ်မက်ထဲတွင် အလှမယ်လေးတစ်ဦးနှင့် ရစ်ပတ်နေခဲ့ပြီးနောက် နိုးထလာသောအခါ သူမက ကုတင်ပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသကဲ့သို့ပင်။

"မဖြစ်နိုင်ဘူး"

သူ၏ မူလဝိညာဉ်သည် တစ်နည်းနည်းဖြင့် ပြုစားခံလိုက်ရခြင်း ဖြစ်ရမည်ဟု ယုံကြည်နေသည်။

"ငါ့ဝိညာဉ်က ဒီလို လက်နက်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။ ဒါက ကောင်းကင်ဥပဒေတွေကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတဲ့ အစီအရင်တစ်ခုမလား"

ထိုစဉ်မှာပင် သူ၏စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

"စွမ်းအားတွေနဲ့ ရှုပ်နေတာကို ရပ်လိုက်တော့။ အစီအရင်ရဲ့ ဗဟိုချက်ကနေ နောက်ဆုတ်ပြီး ပြန်လာခဲ့"

၎င်းမှာ ကြယ်ပြာ၏ အသံဖြစ်ကာ တစ်နည်းနည်းဖြင့် ဤစကားများကို ယွမ်ရှောင်၏ ဝိညာဉ်ထံ တိုက်ရိုက် ပေးပို့နိုင်ခဲ့သည်။

"ဒါက ဘာတွေဖြစ်နေတာလဲ"

"မျက်လုံးမှိတ်ထား။ မင်းရဲ့စိတ်ကို စုစည်းပြီး ဝိညာဉ်ကို ပြန်ခေါ်လိုက်"

"ကောင်းပြီ"

စိတ်ရှုပ်ထွေးနေသည့်ကြားမှပင် ယွမ်ရှောင်သည် ကြယ်ပြာ၏ ညွှန်ကြားချက်များကို လိုက်နာခဲ့၍ မူလဝိညာဉ်သည် ခန္ဓာကိုယ်နှင့် သက်ဆိုင်ပြီး စိတ် တည်ငြိမ်သွားသောအခါ ပြန်လည်ဝင်ရောက်ခြင်းက လွယ်ကူသွားသည်။ နောက်ဆုံးတွင် မူလဝိညာဉ် ပြုတ်ကျသွားသည်ကို ခံစားလိုက်ရပြီး ဝှစ်ခနဲ အသံနှင့်အတူ ၎င်းသည် နောက်ဆုံးတွင် သူ၏ ဒန်တန်ထဲသို့ ပြန်လည်ရောက်ရှိသွား၏။

"မျက်နှာကြီး ပျောက်သွားပြီ"

"မိုးကြိုး အင်မော်တယ် အစီအရင် ပုံမှန်ပြန်ဖြစ်သွားပြီ"

ထိုအချိန်မှသာလျှင် အာမေဍိတ်သံများသည် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာကာ အိပ်မက်ဆန်ဆန် အတွေ့အကြုံကို ဖြတ်သန်းခဲ့ရပြီးနောက် သူ၏ စိတ်အာရုံ ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာသည်ကို ခံစားမိပြီး ကမ္ဘာကြီးမှာ ပြန်လည် အသက်ဝင် မှန်ကန်လာသည်။

"ကြယ်ပြာ၊ ဘာတွေဖြစ်သွားတာလဲ"

"မင်းရဲ့ဝိညာဉ် ပုံဖော်လိုက်တဲ့အချိန်မှာ မိုးကြိုး အင်မော်တယ် အစီအရင်ရဲ့ ဗဟိုချက်ကို ဆွဲသွင်းခံလိုက်ရပြီး ပဲ့တင်ထပ် ချိတ်ဆက်သွားစေတယ်။ မင်းရဲ့ စိတ်ဆန္ဒက ထိန်းချုပ်မှုထက် ခဏတာ ကျော်လွန်သွားပြီး သခင်ကြီးလုကို ပစ်ချလိုက်တာပဲ"

ကြယ်ပြာက မဲ့ပြုံးတစ်ချက်ဖြင့် ရှင်းပြလိုက်သည်။

"ဒါ တကယ်ဖြစ်နိုင်လို့လား"

၎င်းသာ ဝင်မပြောခဲ့လျှင် ယွမ်ရှောင် က သူ့ကိုယ်သူ အိပ်မက်မက်နေဆဲဟု ထင်ကောင်းထင်နေနိုင်သည်။

"သနားစရာ သခင်ကြီးလုက အဖြစ်ဆိုးလွန်းပါတယ်။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုနဲ့ ဖျက်ဆီးခံလိုက်ရတာဆိုတော့ ရေနဲ့ဆေးရင်တောင် သန့်စင်သွားမှာ မဟုတ်ဘူး"

ကြယ်ပြာ က နောက်ပြောင်လိုက်သည်။

ယွမ်ရှောင် သည် ခေါင်းမော့ကာ ကြမ်းတမ်းသော လျှပ်စီးပင်လယ်ကြီးကို နောင်တအနည်းငယ်ရနေဟန်ဖြင့် စိုက်ကြည့်သည်။

"ငါ အစီအရင်ရဲ့ ဗဟိုချက်ထဲကို ထပ်ဝင်လို့ရနိုင်မလား။ တကယ်ကို စိတ်လှုပ်ရှားစရာပဲ"

"ရတယ်။ ဖန်ဆင်းရှင် အင်မော်တယ် ဝိညာဉ်က အဲဒီဗဟိုချက်မှာ အမှတ်အသား ချန်ထားခဲ့ပြီးပြီ။ အခုကစပြီး မင်းက အခြားသူတွေကို ပစ်ချဖို့ မိုးကြိုး အင်မော်တယ် အစီအရင်ကို ထိန်းချုပ်ရာမှာ ကိုးကောင်းကင် မိုးကြိုးဧကရာဇ်နဲ့တောင် ပူးပေါင်းနိုင်ပြီ"

ကြယ်ပြာ က ရှင်းပြသည်။

"ဒါဆို ငါက တစ်လှမ်းတည်းနဲ့ ကောင်းကင်ကို တက်လှမ်းသွားတာ မဟုတ်ဘူးလား။ မိုးကြိုးဌာနမှာဆို ဘယ်သူ့ကိုမဆို သတ်ပစ်နိုင်ပြီပေါ့"

ယွမ်ရှောင်က အံ့သြစွာဖြင့် ရေရွတ်လိုက်သည်။

"အဲဒါတော့ မှန်ပေမယ့် မင်းက ကိုယ့်ကိုယ်ကိုယ် ခုလေးတင် ထုတ်ပြလိုက်တာလေ။ လူတွေ မင်းနောက်ကို လိုက်လာကြဖို့ သိပ်မကြာတော့ဘူး။ ပထမဆုံး တိုက်ခိုက်မှုက ဒါတွေအားလုံးကို ဖြစ်စေတာ မင်းရဲ့ဆန္ဒလို့ တခြားသူတွေ ကောက်ချက်ချဖို့ မဖြစ်နိုင်ပေမယ့် နောက်ထပ် နည်းနည်း ထပ်သတ်လိုက်ရင်တော့ မင်းလက်ချက်ဆိုတာ ထင်ရှားသွားလိမ့်မယ်"

ကြယ်ပြာက လေးနက်စွာ ပြောလိုက်၍ ယွမ်ရှောင်လည်း ဖြည်းဖြည်းချင်း တည်ငြိမ်သွားပြီး အကျိုးအပြစ်များကို အလျင်အမြန် ခွဲခြားသိမြင်သွားသည်။ အခြားသူများကို စိတ်ကြိုက် ပစ်ချနိုင်သော်လည်း ဤကိရိယာသည် ကောင်းကင်ရုံးတော် ၏ အရေးပါသော ရှေးဟောင်း အစီအရင်တစ်ခု ဖြစ်သည်။ လူငယ်စီရင်သူတစ်ယောက်က ကောင်းကင်ရုံးတော် ၏ ခွင့်ပြုချက်များကို ကျော်ဖြတ်ကာ ၎င်းကို ထိန်းချုပ်ခြင်းသည် ဥပဒေများနှင့် အာဏာကို လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်၏။

အာဏာရှိသူများက ဤကဲ့သို့ စိန်ခေါ်သူကို သည်းခံနိုင်မည် မဟုတ်သောကြောင့် အရေးကြီးသော အချိန်တွင် မရှိမဖြစ် လိုအပ်လာသည်မှလွဲ၍ ဤကိစ္စကို အပြင်သို့ မပေါက်ကြားစေရန် အရူးတစ်ယောက်တောင် နားလည်ပေသည်။

"နားလည်ပြီ။ ဒါကို လျှို့ဝှက်လက်နက် တစ်ခုအနေနဲ့ သိမ်းထားလိုက်မယ်။ ငါ့ရဲ့ ဝိညာဉ်က သေမျိုးလူသား ဖြစ်ခဲ့တုန်းက ပုံစံအတိုင်းပဲလေ။ ငါ့ကိုယ်ငါ ပြလိုက်ရင်တောင် ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး"

သူသည် အသေးစိတ် အချက်အလက်တစ်ခုကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"မင်းပြလိုက်တဲ့ မျက်နှာက အခုရှိနေတဲ့ မျက်နှာပဲ။ အရင်မျက်နှာဟောင်း မဟုတ်ဘူး"

လနီ က အားရပါးရ ရယ်မောလိုက်သည်။

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ မင်း ခုလေးတင် ဝိညာဉ် အနှစ်သာရ ပုံဖော်ပြလိုက်လို့ပဲ"

ယွမ်ရှောင်၏ အတွေးများ လှုပ်ခတ်သွားကာ အရှေ့ရှိ မူလဝိညာဉ်သည် တိမ်တိုက်များမှ ပေါင်းစည်းလာပြီး ပိုမို ထင်ရှားသော ပုံစံတစ်ခုအဖြစ် ဖြည်းဖြည်း ပြောင်းလဲလာကာ ခန္ဓာကိုယ်နှင့် မျက်နှာတို့ ပြောင်းလဲသွားခဲ့၍ နောက်ဆုံးတွင် ဖန်ဆင်းရှင် အင်မော်တယ် ဖြစ်လာခဲ့၏။

"လခွမ်း"

ယွမ်ရှောင်သည် မိုးကြိုး တက်လှမ်းခြင်း ကွင်းပြင်အတွင်း၌ ထိုင်နေဆဲဖြစ်ပြီး လန့်သွားသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။

" ငါ့ဝိညာဉ်က ဖန်ဆင်းရှင် အင်မော်တယ် အဖြစ် ဘာကြောင့် ပေါ်လာရတာလဲ"

သူက ကြယ်ပြာ နှင့် လနီ တို့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

ယွမ်ရှောင်ကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း ကြယ်ပြာ က လေးနက်စွာ ပြောလိုက်သည်။

"မင်းက ဖန်ဆင်းရှင် အင်မော်တယ် မဟုတ်ဘဲ တခြားခန္ဓာကိုယ်တစ်ခုမှာ ပြန်လည်မွေးဖွားလာတဲ့ ဝိညာဉ်တစ်ခုသက်သက်ပဲလို့ ထင်နေခဲ့တာ။ ကဲ၊ အခု ကိုယ်ထင်ပြလာတဲ့ မူလဝိညာဉ်ရဲ့ မျက်နှာကို သေချာကြည့်လိုက်။ အခု မင်းဘယ်သူလဲဆိုတာ သိပြီလား"

ယနေ့မတိုင်မီက ယွမ်ရှောင်သည် ကိုယ့်ကိုကိုယ် ကံကောင်း၍ ပြန်လည်မွေးဖွားလာသော ဝိညာဉ်တစ်ခုဟု ယုံကြည်နေခဲ့သော်လည်း ယခုအချိန်တွင် ဇဝေဇဝါ ဖြစ်နေသည်။ အမှန်တရားကို သူ မဆုံးဖြတ်နိုင်ခဲ့သည့်တိုင်အောင် ကိုယ်ထင်ပြလာသော မူလဝိညာဉ်၏ မျက်နှာက သတိပေးနေခဲ့၏။

“ထားလိုက်ပါတော့။ ဒါကို စိတ်ပူနေလည်း အဓိပ္ပာယ်မရှိပါဘူး။ ဒီမူလဝိညာဉ်က ဘာ အသုံးဝင်လဲ"

ယွမ်ရှောင်က မူလဝိညာဉ်ကို ပြန်သိမ်းပြီး အတွေးနက်နေသည်။ မိုးကြိုး အင်မော်တယ် အစီအရင်ကို ထိန်းချုပ်ခြင်းက တိုက်ဆိုင်မှုတစ်ခုဖြစ်ကာ မူလဝိညာဉ်၏ အဓိက လုပ်ဆောင်ချက် မဟုတ်‌ပေ။ အနှစ်ချုပ်ရလျှင် ပထမအချက်၊ မူလဝိညာဉ် အောင်မြင်စွာ ကိုယ်ထင်ပြနိုင်ခြင်းသည် ဝိညာဉ်အနှစ်သာရ နယ်ပယ်သို့ ရောက်ပြီဟု ဆိုလိုခြင်းဖြစ်ကာ ဒုတိယအချက်၊ သူသည် ကောင်းကင်လက်နက်တစ်ခုကို ထိန်းချုပ်နိုင်လာ၍ ဤအရာအားလုံးသည် သတင်းကောင်းများသာ ဖြစ်သည်။

"ဒါပေမယ့် ကိုယ်ထင်ပြလာတဲ့ ဝိညာဉ်မျက်နှာက အခု မျက်နှာဖြစ်နေတော့ လာရှုပ်ကြတော့မယ်"

ယွမ်ရှောင် သည် အပြင်ဘက်မှ ဆူညံသံများကို ကြားနေ၍ လှမ်းကြည့်လိုက်ရာ ကျန်းဟိုင်ယန် နှင့် ကျန်းဟယ်ချင်းတို့၏ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကာ ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။

"အများကြီး လျှောက်မတွေးနဲ့၊ အဲဒါက သူနဲ့ ဘာမှမဆိုင်ဘူး။ လုယောင်၊ အဲဒီမှာ ကြောင်တောင်တောင်နဲ့ ရပ်မနေနဲ့၊ မြန်မြန်ပြန်လာပြီး အဖွဲ့ထဲ ပြန်ဝင်လေ"

ကျောက်တန်မင်က လက်ပိုက်ပြောပြီးနောက် ယွမ်ရှောင်ဘက် လှည့်လိုက်သည်။

"အစ်မ၊ ဒါက သူနဲ့ မဆိုင်လောက်ဘူးမလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျန်းဟယ်ချင်းက ကျန်းဟိုင်ယန် ၏ လက်ကို ဆုပ်ကိုင်၍ ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် ယွမ်ရှောင်သည် သူတို့အနီးသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

"ဟေ့၊ မိုးကြိုးတွေကြားထဲကနေ ပျံသန်းရတာ ဘယ်လိုခံစားရလဲ"

ကျန်းဟယ်ချင်းက တီးတိုးမေးလိုက်သည်။

"အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတယ်"

ယွမ်ရှောင်က ပြန်ဖြေသည်။

" အင်မော်တယ် ကျောက်စိမ်း ၁,၀၀၀ တောင် ကုန်တာပဲ။ ဘယ်လိုလုပ် မကောင်းဘဲ နေမလဲ။ ဒါနဲ့ နေပါဦး၊ ထူးဆန်းတာတစ်ခုခုရော ခံစားမိသေးလား"

"ထူးဆန်းတာလား။ စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့တော့ ပြောလို့ရပေမယ့် ထူးထူးဆန်းဆန်းတော့ ဘာမှ မခံစားရပါဘူး"

ယွမ်ရှောင် က ပြုံးလိုက်သည်။

"ကျေးဇူးတင်စကားလေး တစ်ခွန်းတောင် မပြောဘူး။ ပိုက်ဆံကုန်ရကျိုး မနပ်လိုက်တာ"

အမှန်တကယ်တွင် ယွမ်ရှောင်က သူမကို ကျေးဇူးတင်ချင်နေခဲ့ပြီး ကျန်းညီအစ်မနှစ်ယောက်သာ မရှိလျှင် မဟာအစီအရင်အား ထိန်းချုပ်ခွင့် ရမည် မဟုတ်ချေ။

ထိုအချိန်တွင် လျှပ်စီးများ ရုတ်တရက် လက်သွားကာ စစ်သူကြီးချောင် ‌ရောက်လာသဖြင့် လူအုပ်ကြီးက လမ်းဖယ်ပေးကာ အရိုအသေပေးလိုက်ကြသည်။

"မြန်မြန်၊ အရိုအသေပေးကြ"

သူ၏ဖခင် တစ်ဖက်လူကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေသည်ကို သိသော တုန်ဖန်ယုံက အရင်ဆုံး တုံ့ပြန်ကာ ဉီးညွှတ်လိုက်သည်။ စစ်သူကြီးချောင် ၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှ၍ ထွက်ပေါ်လာရုံနှင့်ပင် အနီးအနားရှိ လူတိုင်းကို အကြောက်တရားနှင့် ရိုသေမှုတို့ကြောင့် တောင့်တင်းသွားစေသည်။

"အဖေနဲ့ စစ်သူကြီးချောင်က ဒီမှာ ဘာလာလုပ်ကြတာလဲ"

ကျန်းဟယ်ချင်းက ဤသို့ တွေးနေစဉ် အဆင့်မြင့် အင်မော်တယ် အရာရှိများသည် ချဉ်းကပ်လာချိန်တွင် စိတ်လှုပ်ရှားနေပုံရသောကြောင့် သူတို့အားလုံး အံ့ဩကုန်၏။

"ဘာတွေဖြစ်နေတာလဲ"

တုန်ဖန်ယုံ၊ ကျောက်တန်မင် နှင့် ချန်ယုတို့ ဒူးထောက်ကာနီးတွင် စစ်သူကြီးချောင်က သူတို့ကို ကျော်ဖြတ်သွားပြီး ယွမ်ရှောင်၏ ရှေ့တွင် ရပ်တန့်ကာ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ပြုံးရွှင်စွာဖြင့် ချိုချိုသာသာ မေးလိုက်လေသည်။

"လုယောင်၊ မိုးကြိုးကို အမိန့်ပေးပြီး ကောင်းကင်ကို တုန်လှုပ်သွားစေတာ မင်းရဲ့ မူလဝိညာဉ်လား"

အပိုင်း ၅၅၂ - စစ်သူကြီးချောင်၏ ကမ်းလှမ်းချက်

ယွမ်ရှောင်သည် လူအုပ်ကြီးကို အကဲခတ်၍ ရှေ့မှောက်သို့ ရောက်ရှိလာသော အရာရှိထံ ကျန်းထိုက်ပင်း သူ့အကြောင်း သတင်းပို့ခဲ့သည်ကို နားလည်သွားသည်။

"မဟာအစီအရင်မှာ ပေါ်လာတာ သူ့ မျက်နှာ မဟုတ်ဘူးလား"

တစ်စုံတစ်ယောက်က ဤသို့ မှတ်ချက်ချလိုက်သောအခါ လူအုပ်ကြီးအကြား ဂယက်ရိုက်၍ မျက်လုံးတိုင်း သူ့ထံ ရောက်လာကြ၏။

"အစီအရင်မှာ အပြောင်းအလဲ ဖြစ်အောင် လုပ်လိုက်တာ ဒီလူငယ်လေးလား"

"စစ်သူကြီးချောင်ကိုယ်တိုင် ရောက်လာမှတော့ သေချာပါတယ်"

တင်းမာပြင်းထန်သူဟု ကျော်ကြားသော်လည်း လက်ရှိတွင် စစ်သူကြီးချောင်၏ မျက်နှာ၌ အပြုံးတစ်ခု ရှိနေပြီး အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြောင်း ပေါ်လွင်သည်။

"အစ်မ ဘာတွေ ဖြစ်ကုန်တာလဲဟင်"

ကျန်းဟယ်ချင်းမှာ ဇဝေဇဝါ ဖြစ်သွားကာ ကျန်းဟိုင်ယန်၏ လှပသော မျက်ဝန်းများ တုန်ခါသွား၏။

"ငါ မှန်းတာသာ မမှားရင် သူက အမြင့်ရောက်တော့မှာပဲ။ အဖေကိုယ်တိုင် ဝမ်းသာအားရ ထောက်ခံပေးနေတာ ကြည့်ရင် ကျန်းမျိုးနွယ်အတွက် ကံကောင်းမှု ဖြစ်လိမ့်မယ်"

ထိုစကားကြောင့် ညီမဖြစ်သူမှာ လုယောင်အပေါ် မကျေနပ်မှုများ ချက်ချင်း ပျောက်ကွယ်သွားကာ ကံကောင်းစေသော ကြယ်ပွင့်လေးအဖြစ် သတ်မှတ်လိုက်ပေသည်။

"သူ့ပါရမီကို စစ်သူကြီးချောင်က သဘောကျတယ်။ ရုပ်ရည်လည်း ရှိတယ်။ နောက်ခံမရှိပေမယ့် အနာဂတ် အလားအလာ ကောင်းမွန်တယ်။ ညီမလေး သူ့ကို နင့်ယောက်ျား တကယ် ဖြစ်လာအောင် ကြိုးစားလိုက်ပါလား"

"ဟင့်အင်း။ အစ်မတောင် အိမ်ထောင်မပြုရသေးဘူး။ ငါက ဘယ်လိုလုပ် အရင် ယူရမှာလဲ။ နင် သူ့ကို ကြိုက်ရင် ယူလိုက်လို့ ရတာပဲ။ ရွယ်တူချင်းဆိုတော့ ပိုပြီး သင့်လျော်တယ်"

ထိုအကြံပေးစကားကြောင့် ကျန်းဟိုင်ယန် တွေဝေသွားပြီး ယွမ်ရှောင်ထံ စိတ်ဝင်စားသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ အနောက်တွင် ရပ်နေသော လူငယ်စီရင်သူ သုံးယောက်သည် စကားလုံးတိုင်းကို ပီပီသသ ကြားလိုက်ရပြီး တစ်သက်လုံး ပိုးပန်းလာခဲ့သော်လည်း အပြင်လူတစ်ယောက် ရှေ့ရောက်သွားခြင်းအား မနာလိုမရှုစိမ့်ကြပေ။ ကျောက်တန်မင်၏ မျက်နှာထား မည်းမှောင်သွားကာ ဝတ်ရုံအောက်တွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မျက်လုံးများ နီရဲလာ၏။ တုန်ဖုန်ယုံသည် ခံစားချက်ကို ထိန်းချုပ်ရာ၌ ထူးချွန်သောကြောင့် မျက်နှာထား မပြောင်းလဲသော်လည်း ဒေါသူပုန်ထနေသည်။ ချန်ယု၏ မျက်နှာက အေးစက်စက် ဖြစ်နေပြီး ယွမ်ရှောင်ထံ ဒေါသမျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သည်။

"လုယောင် ဒါက မိုးကြိုးဌာနရဲ့ စစ်သူကြီးချောင်ပဲ။ သူက အဆင့်သုံး ကောင်းကင်အရာရှိ ဖြစ်ပြီး နတ်စစ်သည်တွေကို ကွပ်ကဲတယ်။ စစ်သူကြီးမေးတာကို မြန်မြန် ဖြေလိုက်ပါ"

ကျန်းထိုက်ပင်းက ဝင်ရောက် မိတ်ဆက်ပေးပြီး တိုက်တွန်းလိုက်သော်လည်း ယွမ်ရှောင်မှာ ကိစ္စများကို အကဲခတ်နေခြင်း ဖြစ်သည်။

"ကျုပ်က သာမန် အင်မော်တယ် တစ်ယောက် ဖြစ်ပြီး မိုးကြိုးတွေနဲ့ မသက်ဆိုင်ဖူးပါဘူး။ ဒါပေမယ့် မိုးကြိုးခုန်ပျံတာကို စီးနင်းပြီး မူလဝိညာဥ်က အစီအရင်ထဲ ရောက်သွားတာ ထင်ပါတယ်"

ထိုစကားကို ကြားသောအခါ တစ်ဖက်လူက ပို၍ စိတ်ဝင်စားလာကာ အတွေးများကို အတည်ပြုလိုက်နိုင်သည်။

"လုယောင် မင်းက မိုးကြိုးကို အမိန့်ပေးနိုင်တယ်။ အနာဂတ်မှာ ရုံးတော်ရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာလိမ့်မယ်။ အချိန်သာ လုံလောက်ရင် မင်းလည်း ငါ့လို စစ်သူကြီး ဖြစ်လာမှာ သေချာတယ်။ လူတိုင်းရဲ့ အရှေ့မှာ ငါ အာမခံနိုင်တယ်"

သူက ယွမ်ရှောင်၏ ပခုံးကို လက်ဖြင့် ပုတ်၍ အားပါးတရ ရယ်မောကာ ပြောလိုက်သကဲ့သို့ အခြားအရာရှိများလည်း ဝင်ရောက် ထောက်ခံနေကြ၏။

"ဒါ တကယ် ပြောတာလား"

ယွမ်ရှောင်၏ ရိုးရိုးအအ ပုံစံသည် ပုံသွင်းရလွယ်ကူပြီး မြင့်မားသော ပါရမီနှင့် အမိန့်နာခံမှုကြောင့် အမြင့်ဆုံးအလားအလာဟု သူတို့ ထင်နေကြသည်။

"မင်းရဲ့ မိသားစုအဆက်ဆက် စီရင်သူတွေ ဖြစ်လာကြပြီး ဖခင်က ကောင်းကင်ရုံးတော်အတွက် အသက်စွန့်ခဲ့တယ်လို့ ငါ ကြားတယ်။ ငါက ပါရမီရှင်တွေကို တန်ဖိုးထားပေမယ့် ပညာရပ်ကို လက်ဆင့်ကမ်းပေးဖို့ အမွေခံ မရှိဘူး။ ကံတရားအရ ငါတို့ ဆုံပြီဆိုမှတော့ မွေးစားသားအဖြစ် အတည်ပြုချင်တယ်။ ဒီအင်မော်တယ်ကို မွေးစားအဖေ အဖြစ် လက်ခံပြီး နဂါးတစ်ကောင် ဖြစ်လာဖို့ စိတ်ဝင်စားလား"

စစ်သူကြီးချောင်၏ ကမ်းလှမ်းချက်သည် လူအုပ်ကြီး၏ စိတ်ကို မနာလိုအားကျခြင်းဖြင့် ပေါက်ကွဲသွားစေသည်။ အဆင့် ကိုး စီရင်သူတစ်ယောက်က အဆင့်သုံး ကောင်းကင်အရာရှိ၏ မွေးစားသား ဖြစ်လာမည်မှာ အလွန်မြန်ဆန်သော တက်လှမ်းခြင်း မဟုတ်ပါလော။ သားသမီးမရှိသော စစ်သူကြီးချောင်၏ မွေးစားသား ဖြစ်လာလျှင် သွေးသားအရင်းအချာကဲ့သို့ ပစားပေးခံရပြီး ကျန်းညီအစ်မများကဲ့သို့ သခင်လေး သခင်မလေးများထက် များစွာ ကျော်တက်သွားပေလိမ့်မည်။ ကောင်းကင်ရုံးတော်၌ အဆင့်သုံး အရာရှိတစ်ဦးသည်လည်း အာဏာကြီးမားကာ ကြယ်သခင်များနောက်တွင် လိုက်ပေသည်။

"သွားပြီ အစ်မရေ ငါတို့ သူ့ကို လိုက်မမီတော့ဘူး"

ကျန်းဟယ်ချင်းက နှုတ်ခမ်းကိုက်၍ စိတ်ပျက်လက်ပျက် ညည်းညူနေသည်။

"စစ်သူကြီး ချောင်က ဘာကြောင့် ဒီလောက်စိတ်အားထက်သန်နေရတာလဲ"

စစ်သူကြီးချောင်က ယွမ်ရှောင်ကို မွေးစားသားအဖြစ် အလွန် လိုချင်နေသည်အား ကျန်းဟိုင်ယန် မြင်နိုင်ပြီး ချက်ချင်း လိုက်လာ၍ ဤသို့ ကမ်းလှမ်းလိုက်သည်မှာ သေချာပေါက် သိမ်းသွင်းလိုကြောင်း ပေါ်လွင်၏။ ဤအခြေအနေအောက်တွင် စစ်သူကြီးချောင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို လူသိရှင်ကြား ငြင်းဆန်လိုက်လျှင် အရှက်ရသွားစေမည်ဖြစ်ကာ ကိုယ့်ပြဿနာကို မီးခွက်ထွန်းရှာသည်နှင့် မခြားပေ။

"လုယောင် ဒါက မင်းအတွက် အကြီးဆုံး အခွင့်အရေးနော်။ စစ်သူကြီးက ကောင်းကင်အထိ ဆွဲခေါ်သွားပေးမှာကို အရယူလိုက်"

ကျန်းထိုက်ပင်းက အနားမှ နေ၍ တတွတ်တွတ် တိုက်တွန်းနေသဖြင့် နယ်နမိတ်သတ်မှတ်ရေး နတ်အပ်ကို ငှားရမ်းရန် ယွမ်ရှောင် အတွေးပေါက်လာ၏။ စစ်သူကြီးချောင်၏ နောက်ခံဖြင့် ဆိုလျှင် ၎င်းက အလွန်လွယ်ကူပြီး တစ်နေ့တခြား အန္တရာယ်များလာသော သေမျိုးလောကများအတွက် ဤအခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ချေ။ သို့သော် ယခုမှ တွေ့ဖူးသူတစ်ယောက်ကို မွေးစားဖခင်အဖြစ် အသိအမှတ်ပြုရန် မလွယ်ကူသည့်အပြင် စစ်သူကြီးချောင်ရော ကျန်းထိုက်ပင်းပါ လူကောင်းများ မဟုတ်ဟု မသိစိတ်က သတိပေးနေခဲ့သည်။

"စစ်သူကြီး ဒီလို ကမ်းလှမ်းချက်က ကျုပ်ကို ထိတ်လန့်သွားစေပါတယ်။ ကိုယ့်ကိုကိုယ်တောင် ဘယ်လောက် အရည်အချင်းရှိမလဲဆိုတာ ကျုပ် မသိပါဘူး။ တစ်​နေ့မှာ စစ်သူကြီးရဲ့ ဂုဏ်သိက္ခာ ကျုပ်ကြောင့် ပျက်စီးသွားမှာကို စိုးရိမ်မိပါတယ်"

"မင်းက ငါ ကမ်းလှမ်းတာကို ငြင်းလိုက်တာလား"

ယွမ်ရှောင်၏ စကားကြောင့် စစ်သူကြီးချောင်၏ မျက်နှာထား ချက်ချင်း တင်းမာသွား၏။

"မဟုတ်ပါဘူး။ မွေးစားသားဆိုတဲ့ ဂုဏ်ပုဒ်က ကျုပ် လက်ခံဖို့ ကြီးမားလွန်းနေပါတယ်။ အရင်ဆုံး စစ်သူကြီးကို ဆရာအဖြစ် အသိအမှတ်ပြုပါရစေ။ ကျုပ်က အောင်မြင်မှုတွေ ရယူပြီး စစ်သူကြီးကို ဂုဏ်ဆောင်နိုင်ပြီဆိုမှ မွေးစားသားအဖြစ် အဆင့်တက်ချင်တယ်"

ယွမ်ရှောင်က လေးနက်စွာ တောင်းဆိုလိုက်သောအခါ တစ်ဖက်လူမှာ အငြင်းခံရမည်ကို စိုးရိမ်နေသည့်အလား ပြတ်ပြတ်သားသား လက်ခံလိုက်သည်။

"ကောင်းပြီ။ ငါ သဘောတူတယ်"

သူက ငြင်းဆန်၍ အရှက်ခွဲခြင်း မဟုတ်ဘဲ နှိမ့်ချမှုကို ပြသလိုက်သောကြောင့် တပည့်ဖြစ်ဖြစ် မွေးစားသားဖြစ်ဖြစ် သစ္စာစောင့်သိလျှင် စစ်သူကြီးချောင် လက်ခံနိုင်ပေသည်။

"တပည့်လုယောင်က ဆရာကို အရိုအသေပေးပါတယ်"

ယွမ်ရှောင်က အချိန်ဆိုင်းမနေဘဲ အလျင်အမြန် ဦးညွှတ်၍ နောက်ခံကောင်းကောင်းကို လက်ခံလိုက်သည်။ လျူမူသည် ကျင့်ကြံရေးကို လမ်းညွှန်ပေးနိုင်သော်လည်း လျူအိမ်တော်ရှိ အရင်းအမြစ်များကိုမူ ထုတ်ပေးနိုင်စွမ်း မရှိချေ။ စစ်သူကြီးချောင်ကမူ ရတနာများမှ စ၍ အရင်းအမြစ်ပေါင်းစုံအထိ ထောက်ပံ့ပေးနိုင်သည်ဖြစ်ရာ သူ့အတွက် စစ်မှန်သော လှေကားတစ်ခုပင်။

"စစ်သူကြီးချောင်အတွက် ဂုဏ်ပြုပါတယ်"

"သခင်လေးလု ဂုဏ်ယူပါတယ်။ ကောင်းကင်အထိ တက်လှမ်းနိုင်ပါစေ"

စုရုံးရောက်ရှိလာသော အရာရှိများက အလိုက်သိစွာ ဝိုင်းဝန်း အားပေးလိုက်ကြပြီး မျက်မြင်အဖြစ် သက်သေခံပေးနေကြသည်။

"လုယောင်မှာ ဘယ်လိုပါရမီမျိုး ရှိနေလို့ မဟာအစီအရင်က တုံ့ပြန်ရတာလဲ"

ကျောက်တန်မင်၏ မျက်နှာသည် မစ္ဆိရိယ မနာလိုစိတ်ကြောင့် ရှုံ့မဲ့သွား၏။ သူ၏ ဖခင်မှာ အဆင့်ခြောက် အရာရှိတစ်ယောက်သာ ဖြစ်ကြောင့် စစ်သူကြီးချောင်၏ မျက်လုံးအတွင်း တုန်ဖုန်ရှန်းလောက်ပင် အရေးမပါဘဲ တစ်စားပွဲတည်း ထိုင်ရန် အခွင့်အရေး လုံးဝ မရှိချေ။ တုန်ဖုန်ယုံနှင့် ချန်ယုသည်လည်း သူတို့အောက် နိမ့်ကျသည်ဟု သတ်မှတ်ထားသော လုယောင်က အဆင့်အတန်း လျင်မြန်စွာ မြင့်တက်သွားသဖြင့် မကျေမနပ် ဖြစ်သွားကြ၏။

"အစ်မ လုယောင်က အခု စစ်သူကြီးရဲ့ တပည့်ဆိုပေမယ့် အနာဂတ်မှာ မွေးစားသား သေချာပေါက် ဖြစ်လာမှာပဲ။ ငါတို့ ပူးပေါင်းလိုက်ရအောင်။ မိုးကြိုးဌာနထဲမှာ မိန်းမလှတွေ အများကြီး ရှိတယ်။ ငါတို့က သူနဲ့ ရင်းနှီးတယ်ဆိုတော့ လက်ဦးအောင် လှုပ်ရှားသင့်တယ်။ နောက်ကျလို့ မဖြစ်ဘူး"

ကျန်းဟယ်ချင်းက အစ်မဖြစ်သူကို မျက်ရိပ်ပြကာ အလျင်အမြန် အကြံပေးလိုက်သည်။

"နင် ပြောတာ မှန်တယ်။ မိုးကြိုးဌာနမှာ သူ့ကို ဆွဲဆောင်မယ့် မိန်းမတွေ အများကြီးပဲ။ အဖေကလည်း ငါတို့ကို လှုပ်ရှားစေချင်လောက်တယ်။ ဒီနေ့ သူ့အတွက် မိုးကြိုး ခုန်ပျံတာကို ငါတို့ ရှင်းပေးလိုက်တာဆိုတော့ ကျေးဇူးတင်မှာပါ။ အခွင့်အရေးကို အားသာချက်နဲ့ အရယူလိုက်ကြတာပေါ့"

ကျန်းဟိုင်ယန်သည် လူအုပ်အကြား ထင်းထွက်နေသော ယွမ်ရှောင်ထံ လှမ်းကြည့်ကာ စိတ်လှုပ်ရှားစွာ လက်ခံလိုက်သဖြင့် အနားရှိ လူငယ်စီရင်သူ သုံးယောက်၏ မျက်နှာများ ရှုံ့မဲ့တွန့်လိမ်သွားကြလေသည်။

All Chapters