အခန်း (၅၅၃-၅၅၄)
Vol. 42 Ch. 553-554
အပိုင်း ၅၅၃ - ကိုယ်ပွားဝိညာဥ်
တုန်ဖုန်ယုံ၊ ကျောက်တန်မင်နှင့် ချန်ယုတို့သည် လက်ခံရန် ခက်ခဲသော အခြေအနေတွင် ပိတ်မိနေကြပြီး မည်သို့ ဖြစ်ပါစေ၊ တစ်ဖက်လူ၏ သတင်းက မိုးကြိုးဌာနတစ်ခုလုံး ပျံ့နှံ့ သွားပြီ ဖြစ်ရာ သေချာပေါက် မြင့်တက်လာပေလိမ့်မည်။
"အဖိုးတန်တပည့် တစ်ယောက် ရလိုက်တာ ဂုဏ်ပြုပါတယ် စစ်သူကြီးချောင်"
ကျန်းထိုက်ပင်းက ကျယ်လောင်စွာ အော်ဟစ်၍ ပထမဆုံး ဂုဏ်ပြုပေးလိုက်သောအခါ စစ်သူကြီးချောင် ရယ်ရယ်မောမော တုံ့ပြန်လိုက်၏။
"မင်း ကြိုးစားပေးလို့ ဒီလိုတပည့်လေး ရလိုက်တာပါ"
"မကြာသေးခင်က အရှိန်အဝါကောင်းကောင်းနဲ့ အင်မော်တယ်တွေ ရောက်လာကြသေးတယ်။ စစ်သူကြီး လက်ဦးသွားလို့ သူတို့အားလုံး ပြန်သွားကြတာပါ"
သူက စစ်သူကြီးချောင်အနားကပ်၍ တီးတိုး သတင်းပို့လိုက်ခြင်း ဖြစ်သည်။
"ဒီအဘိုးကြီးတွေ အတော်နားပါးတာပဲ။ ပါရမီရှင်တွေကို လုဖို့ဆိုရင် အမြဲတမ်း အသင့် ဖြစ်နေကြတယ်"
ကျန်းထိုက်ပင်း ဤသို့ ပြောလိုက်ခြင်းမှာ သူ၏ အကျိုးဆောင်မှု ထင်ပေါ်စေရန် အရိပ်အမြွက် ပြလိုသောကြောင့် ဖြစ်ကာ မိုးကြိုးဌာနတွင် တက်လမ်း ဖြောင့်ဖြူးသွားပေတော့မည်။ အရာရှိများ၏ ဂုဏ်ပြုစကားသံများအကြား စစ်သူကြီးချောင်က တက်ကြွနေပြီး မဟာအစီအရင်ရှိ မိုးကြိုးမျက်နှာကြီးနှင့် တစ်ထပ်တည်း တူညီသော တပည့်လေးကို ကြည့်မဝ ဖြစ်နေပုံပေါ်၏။
"ရှေးဟောင်းမိုးကြိုးမျိုးစေ့ ပါရမီရှင်တစ်ယောက်ကို ငါ လက်ဦးလိုက်နိုင်တယ်။ ကံကောင်းလိုက်တာကွာ။ လာပါဦး တပည့်လေး"
သူက လက်ဟန်ပြ၍ ယွမ်ရှောင်ကို ခေါ်လိုက်ရာ ခေါင်းညိတ်ပြီး ရောက်လာခဲ့သည်။
"အခု မင်းရဲ့ မိုးကြိုးမျိုးစေ့ကို လူတိုင်း မြင်ရမယ့် အချိန်တန်ပြီ"
ယွမ်ရှောင်က စစ်သူကြီးချောင်၏ စကားကြောင့် နားမလည်နိုင် ဖြစ်သွားသော်လည်း အရာရှိများကမူ မျှော်လင့်တကြီး စောင့်ကြည့်နေကြ၏။
"မင်းကိုယ်မင်း အခုထိ သတိမထားမိသေးရင်လည်း ပြဿနာ မရှိဘူး။ မူလဝိညာဥ်ကိုသာ ထုတ်ပြလိုက်။ ဒီလူတွေမှာ အမြင်ကျဥ်းတဲ့သူ မရှိဘူး"
အစွမ်းထက်ကျင့်ကြံသူများက မိုးကြိုးမျိုးစေ့၏ ထူးခြားသော အလားအလာကို ခွဲခြားသိမြင်နိုင်ပုံရပြီး စစ်သူကြီးချောင်မှာ အကျွမ်းတဝင်ပင်။ ထို့ကြောင့် မရေမတွက် နိုင်သော မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင် သူသည် မူလဝိညာဥ်ကို ဆင့်ခေါ်၍ ပုံဖော်လိုက်သောအခါ ရှေ့တစ်ပေအကွာ၌ အဖြူရောင် မြူခိုးများ စတင်စုစည်းလာသည်။ အပြည့်အဝ ရုပ်လုံးမပေါ်ခင်မှာပင် လူအုပ်ကြီးက ဂနာမငြိမ်ဖြစ်နေကာ နောက်ဆုံးတွင် သူနှင့် တစ်ထပ်တည်း တူညီသော မူလဝိညာဥ် ထွက်ပေါ်လာ၏။ ၎င်းက နတ်ဘုရားဆန်ဆန် ကျက်သရေရှိစွာ ရပ်နေပြီး လောကီအညစ်အညေး ကင်းစင်သော အဖြူရောင် ဝတ်ဆင်ထားကာ မွေးကင်းစကလေးတစ်ယောက်ပမာ စင်ကြယ်၍ မြင်ရသူတိုင်း စိတ်အေးချမ်းစေသည်။
"ဒါက ရှေးဟောင်းမိုးကြိုးမျိုးစေ့လား"
"ချောလိုက်တာ"
"သူက လုယောင်နဲ့ တစ်ပုံစံတည်းပါလား"
အံ့သြတကြီး ချီးကျူးသံများက ဟိန်းထွက်လာကာ လူတိုင်း အမှန်တကယ် အထင်ကြီး လေးစားနေကြ၍ ယွမ်ရှောင်ကိုပင် အံ့အားသင့်စေသည်။ ဤအင်မော်တယ်အားလုံးက ဖန်ဆင်းရှင်ဝိညာဥ်ကို သိနိုင်ကြသည်လားဟု သူ ဇဝေဇဝါ ဖြစ်နေစဥ်မှာပင် ပတ်ဝန်းကျင် အပူချိန် ရုတ်တရက် ကျဆင်းသွားသည်။ ထို့ကြောင့် သူ သတိထား ကြည့်လိုက်သောအခါ စစ်သူကြီးချောင်၊ ကျန်းထိုက်ပင်းနှင့် တုန်ဖုန်ရှန်းတို့သည် အပြုံးများ အေးခဲသွားကာ မျက်ဝန်းများတွင် တုန်လှုပ်သော၊ မယုံကြည်နိုင်သော ခံစားချက်နှင့် ဒေါသများပင် ရောယှက်နေ၏။ လူအုပ်ကြီးက အော်ဟစ် အားပေးနေကြသော်လည်း စစ်သူကြီးချောင်၏ မျက်လုံးများ မီးဝင်းဝင်းတောက်၍ မူလဝိညာဥ်ကို မျက်တောင်မခတ်ဘဲ ရန်လိုစွာ ကြည့်နေခဲ့သည်။
"ဒါက ရှေးဟောင်းမိုးကြိုးမျိုးစေ့လား။ ဘာလို့ ကိုယ်ပွားဝိညာဥ်နဲ့ တစ်ပုံစံတည်း တူနေရတာလဲ။ သူနဲ့ တစ်ထပ်တည်းပဲလေ။ အဲ့လို ကိုယ်ပွားဝိညာဥ်က ကောင်းကင်ရုံးတော်မှာ အသုံးမကျဆုံးလို့ လူကြီးတွေ ပြောဖူးတယ်။ ရုပ်ရည်အတိုင်း မူလဝိညာဥ် ထွက်လာတယ်ဆိုတာ မျိုးရိုးအဆက်ဆက် အကုန်လုံး သူ့ထက် တစ်ယောက်မှ မသာခဲ့ဘူးလို့ ဆိုလိုတာပဲ"
ထိုအချိန်တွင် ခပ်စူးစူး အသံတစ်ခု ထွက်ပေါ်လာပြီး ကလေးတစ်ယောက်သည် ဝေခွဲမရသော ပုံစံမျိုးဖြင့် ပြောလိုက်သောအခါ ဆူညံပွက်လောရိုက်နေသည်များ ချက်ချင်း တိတ်ကျသွားခဲ့၏။ လူတိုင်းက စစ်သူကြီးချောင်ကို တစ်လှည့် ၊ ယွမ်ရှောင်ကို တစ်လှည့် ကြည့်ရင်း စိုးရိမ်စရာကောင်းသော အခြေအနေမျိုး ဖြစ်ပေါ်လာသည်။
"ဘာတွေ လျှောက်ပြောနေတာလဲ။ ကလေးက ကိုယ့်နေရာကိုယ်နေ"
ကလေးငယ်၏ ဖခင်ဖြစ်သူက အလျင်အမြန် ရောက်ရှိလာ၍ ပါးစပ်ပိတ်စေကာ စစ်သူကြီးချောင်ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေသည်။
"စစ်သူကြီးချောင် သားလေးက ဘာမှမသိဘဲ လျှောက်ပြောမိတာပါ။ အပြစ်မယူဖို့ တောင်းပန်ပါတယ်"
တစ်ဖက်လူကမူ သူတို့ကို ဂရုမစိုက်အားဘဲ ဒေါသတကြီး လှည့်ထွက်သွားကာ ကျန်းထိုက်ပင်းကို အေးစက်စက် စိုက်ကြည့်၍ ခေါ်ထုတ်သွားသည်။
"စစ်သူကြီး မိုးကြိုးမျိုးစေ့က ကိုယ်ပွားဝိညာဥ်ထဲမှာ ပုန်းအောင်းနေတာ ဖြစ်နိုင်ပါတယ်"
တစ်ကိုယ်လုံး ချွေးများ ရွှဲစိုလာသော ကျန်းထိုက်ပင်းက ဆင်ခြေပေးရန် ကြိုးစားနေသည်။ စစ်သူကြီးချောင်ကမူ ပုံတူပန်းချီကို နောက်လိုက်များထံ ပစ်ပေးကာ တူညီသော နောက်ထပ် ကျင့်ကြံသူ တစ်ယောက် ထပ်မံ ရှာဖွေရန် အမိန့်ပေးပြီး ယွမ်ရှောင်အား တစ်ချက်ပင် မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
"ပါရမီရှင်တစ်ယောက်ကို အသည်းအသန် လုပြီးမှ လူရယ်စရာ ဖြစ်သွားတာလား"
လူအုပ်ကြီးမှာ ဤမြင်ကွင်းကြောင့် နေရာ၌ ကြောင်အမ်းအမ်း ဖြစ်နေကြစဥ် ကျောက်တန်မင်ကမူ လှောင်ပြောင်ရန် မမေ့သကဲ့သို့ တုန်ဖုန်ယုံနှင့် ချန်ယုတို့လည်း ဝင်ရောက်ထောက်ခံနေကြသည်။
"အခု ဘာဆက်ဖြစ်မှာလဲ။ ဒီလောက်အထိ အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်ပြီးမှ ဒေါင်းယောင်ဆောင်တဲ့ ကျီး ဖြစ်နေတာပဲ။ ရယ်စရာကောင်းလိုက်တာ ဟား ဟား"
"အစ်မ ဒါဆိုရင် ငါတို့က လုယောင်ကို ထပ်ဖားနေရဦးမှာလား"
"ဘာမှဂရုမစိုက်နဲ့။ အင်မော်တယ်ပြိုင်ပွဲ လူရွေးပွဲကိုပဲ အာရုံစိုက်ထားတော့"
အခြေအနေကို နားမလည်နိုင်သေးသော ကျန်းဟယ်ချင်းက အကြံတောင်းလိုက်ရာ မျက်နှာတစ်ခုလုံး မည်းနက်သွားသည့် ကျန်းဟိုင်ယန်မှာ ခေါင်းယမ်းပြလိုက်ပြီး ညီအစ်မ နှစ်ယောက် ထွက်ခွာသွားကြ၏။
"ဘယ်လိုခံစားရလဲ"
ကြယ်ပြာပင် မရယ်ဘဲ မနေနိုင်တော့ပေ။
"မိုးကြိုးခုန်ပျံတာ အလကား စီးလိုက်ရသလိုပေါ့။ အပေါ်တက်လိုက် အောက်ဆင်းလိုက်"
ယွမ်ရှောင်ကိုယ်တိုင်လည်း ထိုကိစ္စကို အလေးထားလှသည် မဟုတ်ရာ အရေးပင်မစိုက်ချေ။ သူ့အတွက် နင်းတက်စရာ လှေကား ပျောက်ကွယ်သွားလျှင်လည်း ကိုယ်တိုင် ဖန်တီးမည် ဖြစ်သောကြောင့် အဝေးသို့ မျှော်ကြည့်ရင်း ပြုံးနေခဲ့လေသည်။
"ငါ့ရဲ့မူလဝိညာဥ်က ဘာဆိုတာ မင်းတို့ နောက်တစ်ခါ မြင်ရဦးမှာပေါ့ကွာ"
အပိုင်း ၅၅၄ -
မိုးကြိုးခန်းမရှိ တည်းခိုဆောင်သို့ သူတို့ ပြန်ရောက်လာကြသည့်တိုင်အောင် အပြင်လောကတွင် မုန်တိုင်းထန်နေဆဲ ဖြစ်ပြီး စစ်သူကြီးချောင်နှင့် လုယောင်အကြားမှ ငါးကြင်းကို နဂါး အထင်မှားမိသော ကိစ္စကို လူအုပ်ကြီးက မရပ်မနား ပြောဆိုနေကြသဖြင့် လုယောင်ဆိုသော အမည်မှာ ဟာသကြီး ဖြစ်လာခဲ့၏။ အခြားမြို့များမှ လာသော လူငယ်စီရင်သူများလည်း ဤသတင်းကို ကြားမိကြသဖြင့် စကားဝိုင်းတိုင်းအတွက် ဟာသလုပ်စရာ ခေါင်းစဥ် ဖြစ်နေသည်။ လက်ရှိတွင် လူပြောအများဆုံးမှာ လုယောင်သည် စစ်သူကြီးချောင်၏ တပည့် ဆက်လက် ဖြစ်နေသလားဟုပင်။ စစ်သူကြီးချောင်က စကားတစ်ခွန်းမှ မပြောဘဲ ဒေါသတကြီး လျင်လျင်မြန်မြန် ထွက်ခွာသွားသည် မဟုတ်ပါလော။
"ဟိုင်ယန် ငါတို့ စကားပြောလို့ရမလား"
တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ကောင်းကင်ပျံသန်းမြို့တော်၏ စီရင်သူ တပ်မှူးငါးယောက် စုဝေးလိုက်ကြပြီး တုန်ဖုန်ယုံက စကားစသည်။
"ဘာကိစ္စလဲ"
ကျန်းဟိုင်ယန်က တည်ငြိမ်စွာ လှည့်ကြည့်၍ မေးလိုက်သောအခါ လူငယ်သုံးယောက်တွင် ဆွေးနွေးစရာများ ရှိနေပုံပင်။
"လုယောင်နဲ့ ပတ်သက်ပြီး ငါတို့ သိချင်တယ်"
ကျောက်တန်မင်က အနည်းငယ် ရိုကျိုးသော လေသံဖြင့် တောင်းဆိုလိုက်ရာ သူမက စိတ်ပျက်လက်ပျက် လေသံမာမာနှင့် တုံ့ပြန်သည်။
"ဘာသိချင်တာလဲ။ မှတ်တမ်းထဲမှာ အကုန်ရှိတယ်"
"ဖုံးကွယ်ထားတာမျိုး မရှိဘူးလား။ အစွမ်းထက် ကျောထောက်နောက်ခံမျိုးရော..."
"မရှိဘူး"
ထိုစကားကို ကြားလိုက်ရသော်လည်း လူငယ်သုံးယောက် အကြည့်ချင်းဖလှယ်၍ သံသယဖြစ်နေကြောင်း ထင်ရှား၏။
"ဆန်ဂျူမြို့ လူသတ်မှုမှာ သူက သံသယ တရားခံပဲ။ အစွမ်းထက် နောက်ခံ မရှိဘူးဆိုရင် ဘာကြောင့် မစုံစမ်းရတာလဲ"
တုန်ဖုန်ယုံက လေးနက်သော အမူအရာဖြင့် ထပ်မံ မေးခွန်းထုတ်သည်။
"နင်တို့က အမှန်တရားကို တကယ် သိချင်ကြတာလား"
"ငါတို့က မင်းတို့ညီအစ်မနောက်ကို ကလေးတည်းက လိုက်ခဲ့ကြတာပါ။ အနာဂတ်မှာလည်း ဓားနဲ့ ဒိုင်း ဖြစ်ပေးမယ်။ အမှန်တရားကို ပြောပါ"
"ဟုတ်တယ်"
သူ၏ စကားကို ကျောက်တန်မင်နှင့် ချန်ယုသည်လည်း ဝင်ရောက် ထောက်ခံလိုက်သည်။
"အရင်က သူ့မှာ ဖုံးကွယ်ထားတာ ရှိမယ်ထင်လို့ ငါတို့ လွှတ်ပေးထားခဲ့တယ်။ ဒါပေမယ့် ခုနက ဘာဖြစ်နေလဲဆိုတာ နင်တို့ မျက်မြင်ပဲ"
သူမ၏ လေသံက ပျော့ပြောင်းလာကာ တစ်ချက်စဥ်းစား၍ မရေမရာ ပြောလိုက်သော်လည်း လူငယ်သုံးယောက်မှာ ကောက်ချက်ကိုယ်စီ ဆွဲလိုက်ကြ၏။
"ဒါဆိုရင် ဒီကောင်က ငါတို့အားလုံးကို လှည့်စားနေတဲ့ လူလိမ်ပေါ့"
ကျောက်တန်မင်၏ အကြည့်မှာ ရန်လို တင်းမာသွားစဥ် ကျန်းဟယ်ချင်းကမူ အစ်မဖြစ်သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသည့်အလား အံ့သြနေပုံရသည်။
"အစ်မ အဖေက လုယောင်မှာ နောက်ခံကောင်းကောင်း ရှိမရှိ သေချာ မဆုံးဖြတ်ရသေးဘူးလေ"
ကျန်းညီအစ်မနှစ်ယောက် ထိုနေရာမှ ထွက်လာသောအခါ သူမက အစ်မဖြစ်သူထံ တီးတိုး မေးခွန်းထုတ်လိုက်၏။
"ဟုတ်တယ်လေ"
"ဒါပေမယ့် သူတို့ကို အစ်မ ပြောလိုက်တဲ့ ပုံစံအရ နောက်ခံ မရှိဘူးလို့ ဆုံးဖြတ်ထားပြီးသားပုံ ပေါက်နေတယ်"
"ငါက သူတို့ဘာသာ စဥ်းစားခိုင်းလိုက်တာပါ။ လုယောင်က အသုံးမကျတဲ့ကောင်လို့ မပြောမိပါဘူး"
ကျန်းဟိုင်ယန်၏ လှပသော မျက်နှာအထက်တွင် ကောက်ကျစ်သော အပြုံး ထွက်ပေါ်လာပြီး လုယောင်ကို စမ်းသပ်ရန် လူငယ်သုံးယောက်မှာ အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်သွားခဲ့သည်။ ထိုငတုံးကောင်များက သူတို့အတွက် မည်သို့လုပ်ရလုပ်ရ လက်ရှောင်မည် မဟုတ်သောကြောင့် လုယောင်တွင် နောက်ခံ မရှိလျှင် ကောင်းကောင်း ပြဿနာတက်ပေလိမ့်မည်။ အကယ်၍ နောက်ခံရှိနေလျှင်လည်း စော်ကားမိမည်မှာ တုန်ဖုန်ယုံတို့ သုံးယောက်သာ ဖြစ်၍ ကျန်းညီအစ်မနှင့် သက်ဆိုင်မည် မဟုတ်တော့ပေ။
"အစ်မလည်း ဟိုကိစ္စကြောင့် အရှက်ရနေတာမလား"
"တော်တော်ရွံစရာကောင်းတယ်"
စစ်သူကြီးချောင်နှင့် လုယောင်အကြားမှ ကိစ္စနှင့် ပတ်သက်၍ သူတို့နှစ်ယောက်မှာ အရှက်တကွဲ ဖြစ်ခဲ့ရသည်။
"ဒါပေမယ့် အဖေရဲ့ ဆုံးဖြတ်ချက်ကို စောင့်တာ မကောင်းဘူးလား"
ကျန်းဟယ်ချင်းက ကိုယ်တိုင်ဆုံးဖြတ်ချက် ချတတ်ပုံ မပေါ်ချေ။
"ညွှန်ကြားတာတွေကို စောင့်နေရင် ဘယ်လိုလုပ် တိုးတက်မှာလဲ"
ကျန်းဟိုင်ယန်က ပြောပြောဆိုဆိုနှင့် အထပ်မြင့် အဆောက်အအုံတစ်ခုသို့ တက်ကာ တည်းခိုဆောင် ဝင်ပေါက်ထံ စောင့်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ယွမ်ရှောင် ပြန်ရောက်လာပြီး ရန်ငြှိုးထားသော လူငယ်စီရင်သူ သုံးယောက်က လမ်းပိတ်ထားသည်နှင့် ကြုံနေရ၏။ သူက လက်ကျန်အချိန်များကို ကျင့်ကြံရန် စဥ်းစားထားသော်လည်း လမ်းလာပိတ်သော နောက်လိုက်ခွေးထီးသုံးကောင်နှင့် ရင်ဆိုင်လိုက်သည်။
"စစ်သူကြီးချောင်ရဲ့ မွေးစားသားပါလား ဟား ဟား"
ကျောက်တန်မင်က အော်ဟစ် ရယ်မောရင်း အဆက်မပြတ် လှောင်ပြောင်သည်။
"မင်း ဘာလိုချင်လို့လဲ"
"ကဲ အပိုတွေ မပြောတော့ဘူး။ လုယောင် မင်းက ငါတို့ လမ်းလျှောက်ထွက်ဖို့ ခေါ်လာတဲ့ လမ်းပြခွေးတစ်ကောင်ထက် မပိုဘူး။ ကိုယ့်ကိုကိုယ် ငါတို့နဲ့ အဆင့်အတန်းချင်း တူတယ်လို့ ထင်မနေနဲ့"
"မင်းက ငါ ကိုယ့်ကိုကိုယ် အထင်ကြီးသွားမှာစိုးလို့ လာသတိပေးနေတာလား"
ယွမ်ရှောင်၏ နှုတ်ခမ်းများ အထက်သို့ ကွေးတက်သွားကာ တည်ငြိမ်စွာ ပြုံးပြလိုက်၏။
"မင်းကို သတိပေးနေတာပဲ။ မင်းလို အဆင့်မရှိတဲ့ အဆင့်၉ စီရင်သူတစ်ယောက်က ကံကောင်းလို့ ပါလာတာ။ ငါတို့နဲ့ အပြင်တစ်ခေါက်လောက် လိုက်ဖူးတာနဲ့ အသိုင်းအဝိုင်းထဲ ဝင်ချင်မနေနဲ့။ ငါ့ရှေ့မှာ ခေါင်းငုံ့ပြီး အမြှီးနန့်နေရမယ်။ တန်းတူလာလုပ်ချင်ရင်တော့ သတ်ပစ်မယ်"
ကျောက်တန်မင်၏ အကြည့်က အေးစက်သွားကာ ရိုင်းစိုင်းခက်ထန်စွာ ခြိမ်းခြောက်နေသည်။
"ဒါက မိုးကြိုးဌာနရဲ့ ကျောက်စိမ်းရုံးတော်ပဲ။ မင်းတို့က စီရင်သူတစ်ယောက်ကို တကယ် သတ်ရဲလို့လား။ ကောင်းကင်က ပြစ်ဒဏ် ကျဆင်းလာမှာ မကြောက်ဘူးလား"
သူက ပခုံးတွန့်၍ ပြန်လည် သတိပေးခဲ့သည်။
"မင်းကို မသတ်ရင်တောင် မျက်ကန်း အဘွားကြီး တစ်ခုခု ဖြစ်သွားနိုင်တယ်နော်"
ထိုအချိန်တွင် တိတ်ဆိတ်နေသော ချန်ယုက ကောက်ကျစ်စွာ ခြိမ်းခြောက်လာသောအခါ သူ၏ လေသံကို မကြုံစဖူး လေးနက်သွားစေခဲ့လေသည်။
"ငါ့ကို အခုလို အရင်သတိပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်။ အခု ငါ တကယ် ကြောက်သွားပြီ ထင်တယ်"