မင်းက ယဲ့ဖန်လား
Vol. 114 Ch. 1707
“ဟုတ်တယ် ဟုတ်တယ်၊ ငါ စိတ်ပြောင်းသွားပြီ၊ ဒီစားသောက်ပွဲ ပြီးသွားရင် ငါကိုယ်တိုင် ချက်ချင်း လက်နှစ်ဖက်နဲ့ ဆက်သမယ်”
လျန့်ဝမ်ကျန်းက ဘာမှမဖြစ်သလို ပြုံးနေသော်လည်း စိတ်ထဲ၌ အေးစက်စွာ ခနဲ့တဲ့တဲ့ ပြောနေသည်။
*မင်း သေခါနီးမှာတောင် ဟန်ကိုယ့်ရဲသေးတယ်ပေါ့လေ၊ မင်း ခဏတော့ ပျော်ထားလိုက်ဦးပေါ့ကွာ”
ထို့နောက် လျန့်ဝမ်ကျန်းက တစ်ဖက်လှည့်၍ လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“အားလုံးပဲ၊ ဒါက ယဲ့ဖန်လေ၊ အိုးရန်မျိုးနွယ်ရဲ့ လူငယ် သူရဲကောင်း ပြီးတော့ အိုးရန်မျိုးနွယ်ရဲ့ မိသားစု ခေါင်းဆောင် အလောင်းအလျာပေါ့”
*ယဲ့ဖန်လား*
လူတိုင်း တအံ့တဩ လှမ်းကြည့်လာကြသည်။ ယခုအခါတွင် ထိုနာမည်က ကျင်းဟွာလမ်း၌ အလွန် နာမည်ကျော် နေပြီ ဖြစ်သည်။ အိုးရန်မျိုးနွယ်မှ လူငယ် သူရဲကောင်းတစ်ယောက်အကြောင်းကို ဘယ်သူက မသိဘဲ နေမည်နည်း။
မိသားစုခေါင်းဆောင် ငါးယောက်အား သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် လွှမ်းမိုးခဲ့ပြီး မည်သို့သော အခွင့်အရေးမှ မပေးခဲ့သူ။
သန်မာသော နဂါးတစ်ကောင်က နယ်မြေခံ မြွေတစ်ကောင်ကို မဖိနှိပ်နိုင်သော်လည်း တစ်ဖက်လူကမူ နယ်မြေခံ မြွေငါးကောင်ကို ဖိနှိပ်ရဲလေသည်။
လက်ရှိအချိန်၌ လူတိုင်းက ယဲ့ဖန်ကို ကြောက်လန့်သော မျက်လုံးများနှင့် ကြည့်နေကြပြီး ဤသို့ သာမန်ပုံသာ ပေါက်နေသည့် လူငယ်လေးတစ်ယောက်က အလွန် နာမည်ကျော်နေသူ ဖြစ်လိမ့်မည်ဟု မယုံနိုင် ဖြစ်နေ သည့်ပုံပင်။
“မင်းက ယဲ့ဖန်လား”
ရုတ်တရက် လူအုပ်ထဲမှနေ၍ ရင့်သီးသော အသံတစ်သံ ထွက်လာပြီး လူငယ်တစ်ယောက် ထရပ်လာသည်။ ထိုလူသည် အရပ်ရှည်ပြီး ပိန်ပါးကာ ချောမောသော မျက်နှာ ရှိသည်။ သူက ယဲ့ဖန်အား သတ်တော့ဖြတ်တော့မည့် အကြည့်ဖြင့် ကြည့်နေသည်။
ယဲ့ဖန်သည် စားသောက်ပွဲကြီး ရှိလိမ့်မည်ဟု သိထားသော်လည်း တစ်ဖက်လူက ဘယ်သူလဲ သူ မသိပေ။
ယဲ့ဖန် ပြန်ဖြေလိုက်သည်။
“ငါက ယဲ့ဖန်ပဲ၊ မင်းက …”
ဤသည်ကိုမြင်သော် လူတိုင်း မချိုမချဉ် ပြုံးလာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့၌ ရပ်နေသောသူက ဘယ်သူလဲ သူတို့ သိနေသောကြောင့်ပင်။
ထိုလူသည် နတ်ဘုရားမျိုးနွယ်၏ တစ်မူထူးခြားသော မြေးများထဲမှ တစ်ယောက်ဖြစ်သော တိဝူယန်ကျီ ဖြစ်သည်။
“သေချာနားထောင်၊ ငါက တိဝူယန်ကျီ၊ နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက် ပြီးတော့ တိဝူလုံချန်ရဲ့ အစ်ကိုကြီးပဲ”
တိဝူယန်ကျီက သူ့ညီကို သတ်ခဲ့ပြီး သူ့မိသားစုကို အရှက်ရအောင် လုပ်ခဲ့သည့် ယဲ့ဖန်အား စူးစိုက်ကြည့်နေသည်။ သူ ယဲ့ဖန်ကို အရှင်လတ်လတ် အရေခွံစုတ်၍ နုတ်နုတ်စင်းချင်စိတ် ပေါက်နေလေသည်။
ယဲ့ဖန်က လျန့်ဝမ်ကျန်းကို အပြုံးနှင့် ပြောလိုက်သည်။
“လျန့်မိသားစုခေါင်းဆောင် ကျုပ်ကို စားသောက်ပွဲ ဖိတ်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ခင်ဗျားက နတ်ဘုရားမျိုးနွယ်က လူတွေကိုပါ လာခွင့်ပေးတာတာပဲ၊ ခင်ဗျားရဲ့ လုပ်ရပ်က သံသယ ဝင်စရာပဲ”
“အာ … ယဲ့သခင်လေးကတော့ မဟုတ်တာတွေ ပြောနေပါပြီ၊ နတ်ဘုရားမျိုးနွယ်က လူ ရောက်လာလိမ့်မယ်လို့ ကျုပ် မသိထားပါဘူး”
လျန့်ဝမ်ကျန်းက ချက်ချင်း တုံးအချင်ယောင်ဆောင်သော်လည်း သူ့မျက်နှာတွင် စဉ်းလဲသော အပြုံးတစ်ခု တွဲခို နေ၏။
“အဲ့လိုဆိုရင်လည်း ခင်ဗျား သူ့ကို နှင်ထုတ်လိုက်ပါလား”
ယဲ့ဖန် အမိန့်ပေးလိုက်သည်။ သို့သော် လျန့်ဝမ်ကျန်းက ပို၍ စဉ်းလဲစွာ ပြုံး၍ ပြန်ပြောသည်။
“မကောင်းဘူးလေ၊ အားလုံးက ဧည့်သည်တွေပဲကို၊ ဘယ်လိုလုပ် ဧည့်သည်ကို အကြောင်းပြချက်မရှိ နှင်ထုတ်လို့ ရမှာလဲ၊ ခင်ဗျား နားလည်မှာပါ၊ သခင်လေးယဲ့ ဟုတ်တယ်မလား …”
ယခု ယဲ့ဖန်က သူ့ပိုက်ကွန်ထဲ ရောက်နေသော လိပ်တစ်ကောင်သဖွယ် ဖြစ်နေပြီး ဤနေရာမှ အသက်ရှင်လျက် ထွက်သွားရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူ ဘယ်လိုလုပ် ယဲ့ဖန်ကို မျက်နှာသာ ပေးမည်နည်း။
သူ့စိတ်ရင်းအမှန် ပေါ်လာလေပြီ။
တိယူယန်ကျီက ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေ၏။
“မင်း ငါ့ညီကို သတ်ခဲ့တယ်၊ ဒီနေ့ ငါ မင်းအသက်ကို ပြန်ယူမယ်’
“မင်းညီက ဘယ်သူလဲ”
“မင်း သိရဲ့သားနဲ့ မေးနေတာပဲ၊ တိဝူလုံချန်က ငါ့ညီကွ”
တိဝူယန်ကျီ ဒေါသထွက်သွားသည်။
*ဒီလိုအချိန်မှာတောင် ဒီကောင်က တုံးအချင်ယောင်ဆောင်နေတာလား*
*တုံးချင်ယောင်ဆောင်လို့ အသုံးဝင်မှာလား*
*ဟာသပဲ*
“ဪ ငါ မသိဘူးပဲ”
ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“မင်း …”
မျက်လုံးဖွင့်လျက်သားဖြင့် မဟုတ်တမ်းတရားကို ပြောရဲသည့် ဤမျှ အရှက်မရှိသောလူကို တိဝူယန်ကျီ တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ချက်ချင်းဆိုသလိုပင် တိဝူယန်ကျီက တစ်စုံတစ်ရာကို တွေးမိသွားပြီး ချက်ချင်း လှောင်ရယ်လေသည်။
“ဒီလို အူကြောင်ကြောင် ဆင်ခြေပေးလို ငါ မင်းကို လွှတ်ပေးမယ် ထင်နေလား၊ အခုမှ ကြောက်နေလည်း နောက်ကျ သွားပြီ”
ယဲ့ဖန်က ခေါင်းကိုငုံ့၍ စဉ်းစားဟန် ပြုနေပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ငါ တွေ့ခဲ့ဖူးတယ် ထင်တယ်”
“ပြီးတော့ရော”
“သတ်လိုက်တယ်လေ”
*ဟမ်*
တိဝူယန်ကျီ မျက်လုံးပြူးသွားပြီး ယဲ့ဖန်အား စိုက်ကြည့်နေသည်။ ဤမျိုးမစစ်ကောင်က ထိုကိစ္စကို ပေါ့ပေါ့ တန်တန် သဘောထားလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။
*သတ်လိုက်တယ် ဟုတ်လား*
*သူ့ကို သတ်လိုက်တာကို မလိမ့်တပတ်နဲ့ အေးအေးလူလူ ပြောနိုင်တယ်ပေါ့လေ*
“ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”
တိဝူယန်ကျီ၏ မျက်လုံးများက ပေါက်ထွက်မတတ် ဖြစ်နေပြီး ယဲ့ဖန်အား လက်ညှိုးငေါက်ငေါက် ထိုးကာ နုတ်နုတ်စင်းချင်နေသည်။
သို့သော် ယဲ့ဖန်က လျန့်ဝမ်ကျန်းကိုသာ ကြည့်လိုက်သည်။
“ခင်ဗျား ဦးညွှတ်နေပင်မယ့် သူက ကျုပ်ကို သတ်ချင်နေတယ်၊ ခင်ဗျားရော ဘယ်လိုထင်လဲ”
လျန့်ဝမ်ကျန်း လှောင်ရယ်လိုက်သည်။
*ဒီကောင်က ငါ့ကို သူ့အတွက် ကာပေးစေချင်တာလား*
*ရယ်ချင်စရာပဲ*
*သူက တကယ် အရူးလား*
လျန့်ဝမ်ကျန်းက ပခုံးတွန့်၍ ဖြူစင်သော မျက်နှာထားနှင့် ပြောလေသည်။
“လူသတ်ရင် ပြန်ပေးဆပ်ရတာက အမှန်တရားပဲ”
လူတိုင်း အံ့ဩသွားပြီး လျန့်ဝမ်ကျန်းအား မယုံနိုင်သလို ကြည့်နေကြသည်။ လျန့်ဝမ်ကျန်းက အိုးရန်မျိုးနွယ်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ရဲလိမ့်မည်ဟု သူတို့ မထင်ထားသည့်ပုံပင်။
*ဒါ အိုးရန်မျိုးနွယ်ကို တမင် မျက်နှာ ဖြတ်ရိုက်သလို ဖြစ်မနေဘူးလား*
*လျန့်ဝမ်ကျန်းနဲ့ နတ်ဘုရားမျိုးနွယ်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတဲ့ ကောလာဟလတွေက တကယ် ဖြစ်နေတဲ့ပုံပဲ*
အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည် သူတို့ပါ ထိခိုက်မည်စိုး၍ ယဲ့ဖန်နှင့် ဝေးရာသို့ ဆုတ်ထားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လှောင်ပြုံး ပြုံးနေကြလေသည်။
*ဒီနေ့ အဲ့ကောင် သေချာပေါက် သေမှာ*
*ဟုတ်တယ် အသေဆိုးနဲ့ကို သေမှာ*
ဘယ်လိုပဲဖြစ်ဖြစ် ဤကိစ္စအားလုံးက သူတို့နှင့် ဘာမှမပတ်သက်ချေ။ ဤသည်ကို နတ်ဘုရားမျိုးနွယ်နှင့် လျန့်ဝမ်ကျန်းတို့ ပေါင်းကြံသည်ဟု ပြောပြီး သူတို့ အိုးရန်မျိုးနွယ်ကို အေးအေးလူလူ ကိုင်လှုပ်နိုင်ပေသည်။
“ငါ နားလည်ပြီ”
ယဲ့ဖန် သက်ပြင်းချလိုက်ပြီးမှ တိဝူယန်ကျီကို ကြည့်၍ ပြောလိုက်သည်။
“မင်းရဲ့ညီက ငါ့ကို သတ်ချင်တယ်၊ သူ ကောင်းကောင်း မသင်ခဲ့တာ ကံဆိုးတာပဲ၊ အဲ့ဒါကြောင့် သူ ငါ့ကို မသတ်နိုင်ဘဲ ငါ့လက်ထဲမှာ သေသွားခဲ့တာ၊ အဲ့ဒါကလည်း ငါ့အမှားပဲလား”
ယဲ့ဖန်၏ စကားကြောင့် တိဝူယန်ကျီ ဒေါသနှင့် ရယ်လိုက်ပြီး အထက်စီးဖြင့် ပြောလိုက်သည်။
“နတ်ဘုရားမျိုးနွယ်ဝင်ဖြစ်တဲ့ ငါက ငါ သတ်ချင်တဲ့ ဘယ်သူ့ကိုမဆို သတ်နိုင်တယ်၊ ဘာလို့ ငါက အကြောင်းပြချက် လိုမှာလဲ၊ ငါ သတ်ချင်တယ်ဆိုရင် မင်း သေသင့်တယ်”
“ဆိုတော့ မင်းတို့ နတ်ဘုရားမျိုးနွယ်ကပဲ လူသတ်လို့ရပင်မယ့် မင်းတို့ကိုတော့ ပြန်သတ်လို့ မရဘူးပေါ့ အဲ့လို့လား”
ယဲ့ဖန် ပြုံး၍ မေးလိုက်သည်။
ထိုစကားကိုကြားသော် ဧည့်သည်များ၏ အမူအရာများလည်း ပျက်ယွင်းလာသည်။ အဘယ်ကြောင့်ဆိုသော် တိဝူယန်ကျီ၏ စကားက မောက်မာလွန်းပြီး ရက်စက်လွန်းသည်ဟု သူတို့ ခံစားမိသောကြောင့်ပင်။
“အဲ့တော့ ဘာဖြစ်လဲ၊ ဒီထဲက ဘယ်သူက ငါ့ကို ထိရဲလဲ၊ ကြည့်ကြသေးတာပေါ့”
တိဝူယန်ကျီက တံတွေးထွေး၍ ပတ်ဝန်းကျင်မှ လူများကို မာမာထန်ထန် ဝေ့ကြည့်လိုက်သည်။ ရန်လိုစိတ်နှင့် မောက်မာစိတ်တို့က အပြည့်ပင်။
ဤလူတော်တော်များများက သူ့ကို မနှစ်မြို့မှန်း သိပါသည်။ သို့သော် သူ ဘာလုပ်ရမည်နည်း။ ဘယ်သူက သူ့ကို ထိရဲသလဲ။
“လာလေ၊ လာကြ၊ ငါ့ကို သတ်လေ၊ ဘယ်သူ ငါ့ကို အဲ့လိုလုပ်နိုင်လဲ၊ ငါ သေမတတ် တောင်းပန်တယ်ကွာ၊ ဟားဟားဟား”
တိဝူယန်ကျီသည် လူတိုင်း မပြောရဲသည်ကို မြင်သောအခါ ပို၍ မောက်မာလာ၏။ နတ်ဘုရားမျိုးနွယ်ဝင် များသည်လည်း ထီမထင်သော အမူအရာမျိုး ဖြစ်လာကြပြီး ပြောင်စပ်စပ် အပြုံးများနှင့် ဧည့်သည်များအား တင်စီးစွာ ကြည့်နေကြသည်။
“ရွှစ်”
ထိုစဉ် ရွှေရောင် အလင်းတန်းတစ်ခုက တိဝူယန်ကျီနားသို့ လှစ်ခနဲ ရောက်လာပြီး သူ့အား ပွဲချင်းပြီး ရိုက်သတ် လိုက်သည်။ အသားစများ လွင့်စဉ်လာကာ နေရာ၌ သွေးများ အိုင်ထွန်းလာပြီး ကြမ်းပြင် စိုစွတ်သွားလေသည်။
ဧည့်သည်များအားလုံး ငြိမ်ကျသွားကြသည်။ အားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။
ယခုလိုအချိန်၌ ဘယ်သူက တိဝူယန်ကျီကို တိုက်ခိုက်ရဲသနည်း။
တိဝူယန်ကျီ သေလုနီးပါး တိုက်ခိုက်ခံလိုက်ရသည်။ လူမြင်ကွင်း၌ နတ်ဘုရားမျိုးနွယ်၏ သခင်လေးကို ဘယ်သူက ရိုက်နှက်ရဲသနည်း။
အားလုံး ယဲ့ဖန်ကို ပြိုင်တူ ကြည့်လာကြသည်။ လက်ရှိတွင် ယဲ့ဖန်က သံသယ ဝင်စရာ အကောင်းဆုံး မဟုတ်ပါလော။
သို့သော် ယဲ့ဖန်သည်လည်း အံ့ဩနေ၏။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းက တိုက်ခိုက်လိုက်သူက သူ မဟုတ်သောကြောင့်ပင်တည်း။
ထို့နောက် ယဲ့ဖန်က သူ့အနောက်ကို လှည့်ကြည့်လိုက်သောအခါ နက်ဗျူလာက သူမလက်များအား ပုတ်ခါ နေသည်ကို တွေ့လိုက်ရသည်။
နက်ဗျူလာသည်လည်း အားလုံးက သူမကို ကြောက်လန့်တကြား ကြည့်နေသည်ကို မြင်သွားပြီး ဖြူစင်သော မျက်နှာလေးနှင့် ပြန်မေးလေသည်။
“သူ့ကို ဘယ်သူ သတ်ရဲလို့ သူပဲ မေးတာ မဟုတ်ဘူးလား၊ အဲ့ဒါကြောင့် ငါ သူ့ကို ကူညီပေးလိုက်တာလေ၊ မရဘူးလား”
*သူ့ကို ကူညီပေးတယ် ဟုတ်လား*
လူတိုင်း ရယ်လည်း မရယ်နိုင်သလို ငိုလည်း မငိုနိုင်ချေ။
*ဒီကောင်မလေး တမင်လုပ်တာ၊ သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်တာ*
ထိုစဉ် နက်ဗျူလာက ယဲ့ဖန်ကို ကြည့်လေသည်။
“ငါ အမှားတစ်ခုခု လုပ်မိတာလား”
“မဟုတ်ဘူး၊ မင်း လုပ်တာ ကောင်းတယ်”
ယဲ့ဖန်သည်လည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ လူတိုင်းက နက်ဗျူလာ တမင်လုပ်သည်ဟု ထင်နေကြသည်။ သို့သော် သူမ တမင်လုပ်တာ မဟုတ်ကြောင်းကို ယဲ့ဖန်သာလျင် သိသည်။
အဘယ်ကြောင့်ဆိုသော် ဤကောင်မလေးက မတွေးတတ်သောကြောင့်ပင်။ လောကကြီးအကြောင်း သူမ မသိချေ။ ထို့ကြောင့် တိဝူယန်ကျီ၏ စကားက ဘယ်လို ဆိုလိုသလဲ သူမ နားမလည်နိုင်ပါ။
“မင်းတို့ တော်တော် အတင့်ရဲတာပဲ”
“ရွှစ် ရွှစ် ရွှစ်”
အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက် ပြိုင်တူ ထွက်လာကြပြီး ယဲ့ဖန်တို့အား ဝိုင်းလာကြသည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်နေပြီး မျက်နှာများက ခက်ထန်နေသည်။
ယဲ့ဖန်တို့အား တစ်စစီ ခုတ်ပိုင်းချင်စိတ် ပေါက်နေကြသည်။
တိဝူယန်ကျီက သူတို့ မျက်စိအောက်မှာပင် ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရသည်။ နတ်ဘုရားမျိုးနွယ်က သူတို့ကို သေချာပေါက် အသက်ချမ်းသာပေးမည် မဟုတ်တော့ပါ။
ကိုယ်ရံတော်က တာဝန်မကျေသဖြင့် အသက်ဆုံးရှုံးရလောက်သည်။
အဓိက အကြောင်းရင်းမှာ နက်ဗျူလာက အလွန် လျင်မြန်စွာ တိုက်ခိုက်လာခြင်းပင်။ သူတို့ တုံ့ပြန်ချိန် လုံးတ မရလိုက်ပေ။
*ပွဲကြီးပွဲကောင်းတော့ စပြီ*
အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည် စိတ်လှုပ်ရှားမှုကြောင့် တုန်နေသည်။ နောက်ဆုံး၌ သူတို့ ယနေ့ ရောက်စေချင်သော အခြေအနေသို့ ရောက်လာလေပြီ။
*အဲ့ကောင် အတောင်ပေါက်နေရင်တောင် ပြေးလို့ မလွတ်တော့ဘူး*
လျန့်ဝမ်ကျန်းသည်လည်း ရက်စက်သော အပြုံးမျိုး ပြုံးနေပြီး အစောကတည်းက ယဲ့ဖန်ကို ဘယ်လို သတ်ရမလဲ တွေးနေခဲ့သည်။
“သူ့ခြေတွေလက်တွေကို ဖြတ်လိုက်၊ သူ့ကို နတ်ဘုရားမျိုးနွယ်ဆီ ခေါ်သွားပြီး အပြစ်ပေးရမယ်”
“အဲ့မျိုးမစစ်ကောင်ကို နုတ်နုတ်စင်းသင့်တယ်”
အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်က အော်ဟစ်ပြောဆိုပြီး နက်ဗျူလာထံ ပြေးသွားကာ သူမကို ဝိုင်းလိုက်ကြသည်။
ပထမ ပစ်မှတ်က နက်ဗျူလာပင်။ သူမကို ထိန်းချုပ်နိုင်မှသာလျင် ယဲ့ဖန်ကို သတ်နိုင်မည့် အခွင့်အရေး ရပေမည်။
ထိုစဉ် အိုးရန်ယွင်က ချက်ချင်း နောက်ဆုတ်သွားသည်။ အကြောင်းမှာ သူမ ဘာမှ မကူညီနိုင်မှန်း သိနေ သောကြောင့်ပင်။ အကယ်၍ သူမ ရှေ့တက်လျင်လည်း သေရန်သာ ရှိပြီး ယဲ့ဖန်ကိုပါ ဆွဲချမိသွားလောက်သည်။
ဤသည်ကိုမြင်သော် အိုးရန်မိန်လင်က ချက်ချင်း သရော်လေသည်။
“နင့်ဆရာကို နင် အရမ်း လေးစားတာ မဟုတ်ဘူးလား၊ ဘာလို့ အခုအချိန်ကျမှ ပြေးရတာလဲ”
“ဟုတ်တယ်၊ မင်းက တကယ် သစ္စာရှိတယ်လို့ ငါ ထင်နေတာ၊ လတ်စသက်တော့ ဒီ့ထက်မပိုပါလား”
အိုးရန်ရှောက်ကျွင်း ကျယ်လောင်စွာ ရှိမောလိုက်သည်။
*လတ်စသက်တော့ သစ်ပင် ပြိုတာနဲ့ မျောက်တွေ အသိုက်ပျက်တာပါပဲလား*
အိုးရန်ယွင်က အခြေအနေ မကောင်းသည်ကို မြင်သည်နှင့် ထွက်ပြေးလိုက်သည် မဟုတ်ပါလော။
အိုးရန်ယွင်က သူတို့ကို ဒေါသတကြီး စိုက်ကြည့်လေသည်။
“နင်တို့နှစ်ယောက်လည်း ဒီကိစ္စမှာ ပါတယ် မဟုတ်လား”
“အဲ့တော့ ဘာဖြစ်လဲ၊ ငါတို့က ယဲ့ဖန်ကို သတ်မှာ”
“ဟုတ်တယ်၊ ဘယ်သူက သူ့ကို မောက်မာခိုင်းလို့လဲ၊ သူ အသတ်ခံရသင့်တယ်၊ သူမှမသေရင် ဘယ်သူ သေမှာလဲ”
အိုးရန်ရှောက်ကျွင်းက အိုးရန်ယွင်ကို သေချာ စိုက်ကြည့်၍ လှောင်သံနှင့် ပြောလိုက်သည်။
“သေမှာက ယဲ့ဖန်တင် မဟုတ်ဘူး၊ မင်းလည်း သေရမှာ”
အိုးရန်ယွင်ကို ဤနေရာ၌ ထာဝရ နေသွားရအောင် လုပ်ရန် သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ အချိန်ကျလာလျင် အားလုံးကို နတ်ဘုရားမျိုးနွယ်များထံ ပုံချလိုက်ပေမည်။
“နင်တို့ လုပ်ရပ်ကို နင်တို့ နောင်တမရပါစေနဲ့လို့ ငါ မျှော်လင့်ပါတယ်”
အိုးရန်ယွင် သက်ပြင်းချလိုက်သည်။ အိုးရန်မိန်လင်တို့က သူ့ဆွေမျိုးသားချင်း ဖြစ်သောကြောင့် ယဲ့ဖန် အကြိမ်ကြိမ် သည်းခံခဲ့မှန်း သူမ သိပါသည်။ သို့သော် ယခု သူတို့နှစ်ယောက်၏ လုပ်ရပ်က ယဲ့ဖန်၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေခဲ့လေပြီ။
အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်၏ ဝိုင်းခြင်း ခံလိုက်ရသောကြောင့် နက်ဗျူလာ၏ အမူအရာ ချက်ချင်း မည်းမှောင်သွားသည်။
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က တစ်ကိုယ်တည်း ရပ်နေပြီး အလွန် သနားစရာ ကောင်းနေသည်။
ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု လူတိုင်းနီးပါး ခန့်မှန်းထားကြသည်။
သူ့မိခင်ထက် မလျော့သော အောင်မြင်မှုများ ရရှိလာနိုင်သည့် ဤသို့သော လူမျိုးက ဤနေရာ၌ ယခုကဲ့သို့ ကျဆုံးသွားတော့မည်က သနားစရာပင်။
တစ်ခဏကြာသော် အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်က ယဲ့ဖန်ထံ တည့်တည့်ကြီး လျှောက်လာ၏။