← Chapters

အခန်း (၁၅၁၆-၁၅၁၈)

Vol. 102 Ch. 1516-1518

အခန်း (၁၅၁၆-၁၅၁၈)

Vol. 102 Ch. 1516-1518

အခန်း (၁၅၁၆)

ထောင်ချောက်တစ်ခု ဖြစ်နိုင်ခြေ

ထိုက်ခန်းဧကရာဇ်၏ အဖြေကို ကြားလျှင် လုချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ရှစစ်တပ်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘူးတဲ့လား။

ရှစစ်တပ်ဆီသို့ ဦးတည်၍ ခမ်းနားကြီးကျယ်စွာ ချီတက်နေပြီးမှ တိုက်ခိုက်ရန် အစီအစဉ် မရှိဟု သူက ဆိုနေ၏။

ဒါဆို ဘာ့ကြောင့် ဧကရာဇ် အမြောက်အမြားကို စေလွှတ်ခဲ့သနည်း။

သူတို့က အားလပ်ရက် အပန်းဖြေခရီး ထွက်လာကြတာလား။

နတ်လှေပေါ်ရှိ စိတ်ခံစားမှု လေထုသည် စစ်ချီနေသော အငွေ့အသက်ထက် အပျော်ခရီးတစ်ခုကဲ့သို့ ငြိမ်သက်အေးချမ်းလွန်း‌ နေသည်ကိုလည်း လုချန်း သတိထားလိုက်မိသည်။ လုချန်း သိလိုစိတ်ပြင်းပြနေစဉ် ထိုက်ခန်းဧကရာဇ်က ဆက်လက်၍

“အခု ရှစစ်တပ်က ကံစွမ်းအားတွေ တိုးနေတော့ ငါတို့ရဲ့ ရှေးဟောင်း မြင့်မြတ်နယ်မြေတွေကို ယှဉ်နိုင်တဲ့ အင်အား ရှိနေပြီ။ ငါတို့ သူတို့ကို အနိုင်ရနိုင်တယ်လို့ ထားဦးတော့ အဲဒါက နှစ်ဦးနှစ်ဖက် အကျအဆုံးများတဲ့ အောင်ပွဲပဲ ဖြစ်လိမ့်မယ်။”

“မကြာခင် ကပ်ဘေးတစ်ခု ကျရောက်တော့မယ်။ ဒီတိုက်ပွဲက ချင်းယွဲ့မြင့်မြတ်နယ်မြေအတွက် ဘာမှ အကျိုးမရှိဘူး။ ဒါ့ပြင် မင်းရဲ့ ဆရာတစ်ယောက်အနေနှင့် ငါ့ရဲ့ အင်အားကို ထိန်းသိမ်းထားရမယ်။”

“အရေးကြီးဆုံး အချက်ကတော့ ရှစစ်တပ်ရဲ့ ပင်မတပ်တွေကို အနိုင်ယူနိုင်ရင်တောင် သူတို့ရဲ့ အကာအကွယ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီလိုစစ်ပွဲမှာ အနိုင်ရတာက ဘာအဓိပ္ပာယ်မှ မရှိဘူး။”

လုချန်းက

“ဒါဆိုရင် ဆရာက ဘာလို့ ရှစစ်တပ်ဆီကို စစ်အင်အားတွေ စေလွှတ်နေရတာလဲ”

ဗဟိုကြယ်နယ်မြေ၏ အချက်အချာဒေသဘက်ကို ကြည့်ရင်း နတ်လှေ၏ ဦးပိုင်းသို့ ထိုက်ခန်းဧကရာဇ် လျှောက်သွား၏။ ထိုက်ခန်းဧကရာဇ်၏ ခြေလှမ်းများသည် တည်ငြိမ်လှသော်လည်း သူ၏ ဦးနှောက်ထဲ၌မူ နက်ရှိုင်းသော အတွေးများ ရှိနေသည်။

“ဒါက ငါ သွားရမယ့် ခရီးစဉ်တစ်ခုပဲ”

“ချင်းယွဲ့မြင့်မြတ်နယ်မြေက ငါ့အာဏာတည်တဲ့ နေရာမဟုတ်ဘူး။ ငါက ချင်းယွဲ့မြင့်မြတ်နယ်မြေရဲ့ သူတော်စင် အမွေခံ တစ်ယောက်ပဲ ဖြစ်တယ်။”

လုချန်းက

“တပည့် နားလည်ပါပြီ”

အခြေအနေကို လုချန်း လျင်မြန်စွာ နားလည်သွားသည်ကို မြင်လျှင် ထိုက်ခန်းဧကရာဇ်၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူက ဆက်လက်၍

“မင်း ချင်းယွဲ့မြင့်မြတ်နယ်မြေကို ပြန်ရောက်တဲ့အခါ အဲ့ဒီလူနှင့် မနီးစပ်အောင် နေဖို့ ကြိုးစားပါ”

ဟု သတိပေးလိုက်သည်။

ချင်းယွဲ့နယ်မြေသခင်သည် အသက်ရှင်သန်လိုစိတ်ကြောင့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ လုချန်း၏ ပါရမီကြောင့် ချင်းယွဲ့နယ်မြေသခင်က လုချန်းအပေါ် သိမ်းပိုက်ခြင်းကျင့်စဉ်ကို အသုံးပြုမလားဟု ထိုက်ခန်းဧကရာဇ် မသေချာပေ။

စိတ်ဝိညာဉ် သက်တမ်းကုန်ဆုံးတော့မည့် ဧကရာဇ် အဆင့်ကိုး တစ်ဦးအတွက် သာမန် သိမ်းပိုက်ခြင်း နည်းလမ်းများက အသုံးမဝင်သော်လည်း ချင်းယွဲ့နယ်မြေသခင်သည် နည်းလမ်းမျိုးစုံကို စမ်းသပ်ထားဖူးသူဖြစ်သဖြင့် နောက်ထပ်တစ်ကြိမ် စမ်းသပ်ရန်လည်း ဝန်လေးလိမ့်မည် မဟုတ်ပေ။

လုချန်းကဲ့သို့ အလားအလာရှိသော ပါရမီရှင်တစ်ဦးကို ချင်းယွဲ့နယ်မြေသခင်က ဖျက်ဆီးလိုက်မည်ကို ထိုက်ခန်းဧကရာဇ် မတွေ့လိုပေ။ အလားအလာရှိသော မျိုးဆက်သစ် တပည့်တစ်ယောက်အား သူ အချည်းနှီး မဆုံးရှုံးလိုပေ။

ထို့နောက် လုချန်းက

“ဆရာ။ ကျွန်တော် သိချင်တာ တစ်ခုလောက် မေးပါရစေ”

ထိုက်ခန်းဧကရာဇ်က

“ဘာမေးခွန်းလဲ”

လုချန်းက

“ရှန်ယွဲ့နိုင်ငံက ရှစစ်တပ်ကို အစောကတည်းက တိုက်ခိုက်ခဲ့တာမို့ သူတို့ကြားမှာ ပဋိပက္ခတွေ ရှိခဲ့တယ်။ အခု ဘာလို့ ရှန်ယွဲ့နိုင်ငံက ရှစစ်တပ် နယ်မြေချဲ့ထွင်တာကို ဒီအတိုင်း ခွင့်ပြုထားရတာလဲ။”

ထိုက်ခန်းဧကရာဇ်က

“ရှစစ်တပ်ကို ကိုင်တွယ်ရ သိပ်မလွယ်ဘူး။ အဓိကကတော့ သူတို့ရဲ့ အကာအကွယ်က အရမ်းခိုင်မာလွန်းတယ်။ ဧကရာဇ် အဆင့်ကိုးတောင် အဲ့ဒီအကာအကွယ်ကို မကျော်ဖြတ်နိုင်ဘူး။”

လုချန်းက

“ဒါဆိုရင် ရှစစ်တပ်ကို ဒီအတိုင်း ဆက်ပြီး နယ်မြေချဲ့ခွင့် ပေးထားရမှာလား”

ဟု မေးပြန်သည်။

ထိုက်ခန်းဧကရာဇ်က ခပ်အေးအေးပင် ပြန်တုံ့ပြန်၏။

“အခွင့်အရေးက အမြဲတမ်း ရှိနေမှာပါ။ အဲဒါက ငါတို့ စိုးရိမ်ရမယ့် အရာ မဟုတ်ဘူး။ တခြားလူတွေက ငါတို့ထက် ပိုပြီး ပူပန်နေကြတယ်။”

ရှန်ဝူဧကရာဇ်သည် ထိုအဆင့်ကို တက်လှမ်းရန် အလိုလားဆုံးသူ ဖြစ်သည်။ သူ၏ သားဖြစ်သူက သူ၏ရှေ့တွင် ကောင်းကင်ဧကရာဇ် ဖြစ်သွားသည်ကို သူ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

ထို့ကြောင့် မကြာမီတွင် ရှန်ဝူဧကရာဇ်ဘက်က အရေးယူ ဆောင်ရွက်မှုများ ဧကန်မုချ လုပ်ဆောင်လာလိမ့်မည်။ သူတို့ မည်သို့ လုပ်ဆောင်မည်ကို ထိုက်ခန်းဧကရာဇ် ဂရုမစိုက်ပေ။

ချင်းယွဲ့မြင့်မြတ်နယ်မြေကို ထိန်းချုပ်ပြီး စစ်မှန်သော နယ်မြေသခင်ဖြစ်လာရန်သာ သူ အာရုံစိုက်ထားသည်။ ရှေးဟောင်းခေတ်မှ မှတ်တမ်းများကို ဖတ်ရှုဖူးသဖြင့် ထိုက်ခန်းဧကရာဇ်သည် ထိန်းသိမ်းစောင့်ရှောက်သည့် ဘက်သို့ ပို၍ ယိမ်းသည်။

လက်ရှိ ချင်းယွဲ့နယ်မြေသခင်သည် ယခင်ခေတ်မှ ကျန်ရစ်သူတစ်ဦး ဖြစ်သဖြင့် အကြောင်းအရာ အမြောက်အမြားကို သိရှိပြီး ဤခေတ်သို့ ရှေးဟောင်း မှတ်တမ်းများစွာကို ယူဆောင်လာခဲ့သည်။

ထိုရှေးဟောင်း မှတ်တမ်းစာအုပ်များမှတစ်ဆင့် ခေတ်ကူးနယ်မြေ တည်ရှိမှုကို ထိုက်ခန်းဧကရာဇ် သိခဲ့သည်။ ချင်းယွဲ့မြင့်မြတ်နယ်မြေကို ကာကွယ်ထားနိုင်ပါက ခေတ်ကူးပြောင်းမှု စတင်သည်နှင့် ခေတ်ကူးနယ်မြေကို ချက်ချင်း ရှာဖွေနိုင်မည် ဖြစ်၏။

ထို့ကြောင့် ကပ်ဘေးမကျရောက်မီ စစ်ပွဲများတွင် လူအင်အားနှင့် အရင်းအမြစ်များကို အသုံးပြုရန် မလိုဟု သူက တွေးတောထားသည်။ စစ်ပွဲကြောင့် သူတို့၏ တစ်ခုတည်းသော ခိုလှုံရာဖြစ်သည့် ချင်းယွဲ့မြင့်မြတ်နယ်မြေ ပျက်စီးသွားပါက ဗဟိုကြယ်နယ်မြေမှ နှင်ထုတ်ခံရပြီး ရှင်သန်ရန် ပို၍ ခက်ခဲသွားလိမ့်မည်။

သို့သော် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ အင်အားကို ထိန်းသိမ်းရန် ပြဿနာတစ်ခုကို ရင်ဆိုင်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချင်းယွဲ့မြင့်မြတ်နယ်မြေတွင် မငြိမ်မသက် ဖြစ်နေသော လူတစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။

ယခင်တုန်းကပင် မြင့်မြတ်နယ်မြေမှ ဧကရာဇ်အဆင့်များကို ချင်းယွဲ့နယ်မြေသခင်က စမ်းသပ်မှုများ လုပ်ဆောင်ခဲ့၏။ ယခု သူ၏ သက်တမ်းကုန်ဆုံးရန် နီးကပ်လာသောအခါ ရှင်သန်ရန်အတွက် သူ ပို၍ ရူးသွပ်လာမည်မှာ သေချာသည်။

ချင်းယွဲ့နယ်မြေသခင်သည် အလွန် မတည်ငြိမ်သော အချက်တစ်ခု ဖြစ်သဖြင့် တစ်နည်းနည်းဖြင့် ကိုင်တွယ်ရမည် ဖြစ်သည်။ ထိုသူသည် မြင့်မြတ်နယ်မြေ၏ အကြီးဆုံး အန္တရာယ်တစ်ခု ဖြစ်လာမည်ဟုလည်း ထိုက်ခန်းဧကရာဇ် ကြိုတင် တွက်ဆထားခဲ့သည်။

ထိုအခိုက်တွင် လုချန်းက

“မဟာမြင့်မြတ်နယ်မြေက ရှန်ယွဲ့နိုင်ငံနှင့် မဟာမိတ်ဖွဲ့ထားတယ်လို့ တပည့် ကြားမိပါတယ်။ ဧကရာဇ် အဆင့်ကိုး တွေကို ကောင်းကင်ဧကရာဇ်အဆင့် ရောက်အောင် ကူညီပေးနိုင်တဲ့ အရာတွေကို ပြင်ပနယ်မြေမှာ သူတို့ ရှာတွေ့ခဲ့တယ်လို့ ဆိုကြတယ်။ ကျွန်တော်တို့ မြင့်မြတ်နယ်မြေက အဲဒီပစ္စည်းတွေကို သွားရှာဖို့ အစီအစဉ် မရှိဘူးလား။”

ထိုက်ခန်းဧကရာဇ်က

“ဒီသတင်းက ဗဟိုကြယ်နယ်မြေ တစ်ခုလုံးကို ပျံ့နှံ့နေပြီပဲ။ မင်းရဲ့ ဆရာဖြစ်တဲ့ ငါက ဒါကို ဘယ်လိုလုပ် မသိပဲ နေမှာလဲ။ ဒါပေမဲ့ ထျန်းကျိရဲတိုက်တောင် ဘာမှ မလှုပ်ရှားသေးတာမို့ ငါတို့ လောစရာ မလိုသေးဘူး။”

“ထျန်းကျိရဲတိုက်နှင့် ရှန်ယွဲ့နိုင်ငံတို့ ပြင်ပနယ်မြေကို သွားတဲ့အခါမှ ငါတို့က နောက်က လိုက်သွားရုံပဲ။”

ထို့နောက် တစ်စုံတစ်ခုကို ထိုက်ခန်းဧကရာဇ်က ရုတ်တရက် သတိရသွားဟန်နှင့် ဆက်ပြောလိုက်သည်။

“ပြန်စဉ်းစားကြည့်ရင် ဧကရာဇ် အဆင့်ကိုး ကနေ ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်တဲ့ ရတနာမျိုး တကယ်ရှိနေမယ်ဆိုရင် ရှန်ဝူဧကရာဇ်နှင့် မဟာမြင့်မြတ်နယ်မြေသခင်တို့ ပြင်ပနယ်မြေကို သွားနေကြပြီ။ အခုထိ စောင့်နေမှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် ထိုက်ခန်းဧကရာဇ် အတွေးထဲ နစ်မြောသွားသည်။ ထိုက်ခန်းဧကရာဇ်၏ သတိပေးချက်ကြောင့် လုချန်းလည်း စဉ်းစားခန်း ဝင်သွား၏။ ဧကရာဇ် အဆင့်ကိုးမှ ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်သည့် နည်းလမ်း တကယ်ရှိခဲ့လျှင် ရှန်ဝူဧကရာဇ်သည် ပြင်ပနယ်မြေသို့ သွားနှင့်နေပြီ ဖြစ်သည်။

သူက အဘယ်ကြောင့် ဤမျှ အေးဆေးနေရသနည်း။

ဤနေရာတွင် တစ်ခုခု လွဲချော်နေပုံရသည်။

ခဏခန့် စဉ်းစားပြီးနောက်

“ဒါက ပရိယာယ်တစ်ခု ဖြစ်နိုင်ခြေ များတယ်”

ဟု ထိုက်ခန်းဧကရာဇ်က ထပ်လောင်း ပြောလိုက်သည်။

ထိုက်ခန်းဧကရာဇ်က ထိုအတွေးကို ထုတ်ဖော်ပြောဆိုစဉ်မှာပင် လုချန်းလည်း ဖြစ်နိုင်ခြေတစ်ခုကို သတိထားမိလိုက်သည်။ ထိုသတင်းသည် သူ့ကို ရှစစ်တပ်၏ အကာအကွယ်အတွင်းမှ ထွက်လာစေရန် ရည်ရွယ်ချက်ရှိရှိ လွှင့်ထားသည့် သတင်း ဖြစ်နိုင်သည်။

သူ ပြင်ပနယ်မြေသို့ သွားရောက်ပါက ရှန်ယွဲ့နိုင်ငံ၏ ထိပ်တန်း အဖွဲ့အစည်းများက သူ့ကို ဧကန်မုချ တိုက်ခိုက်လာကြလိမ့်မည်။

သို့သော် ဒါကလည်း ခန့်မှန်းချက်သာ ဖြစ်သည်။

သူတို့ ပြင်ပနယ်မြေသို့ သွားရန် နှောင့်နှေးနေခြင်း၌ အခြားအကြောင်းရင်းများလည်း ရှိနိုင်သည်။

ထိုစဉ် ထိုက်ခန်းဧကရာဇ်က ခန့်မှန်းချက်တစ်ခု ပေးလိုက်သည်။

“ဒီသတင်းက လုချန်းရဲ့ ပင်မခန္ဓာကို ပြင်ပနယ်မြေကို ဆွဲဆောင်ဖို့ ထျန်းကျိရဲတိုက်က တမင် ဖန်တီးထားတဲ့ ထောင်ချောက် ဖြစ်နိုင်တယ်။ လုချန်း ရှစစ်တပ်ရဲ့ အကာအကွယ်ကနေ ထွက်လိုက်တာနှင့် သူ့ကို တိုက်ခိုက်ဖို့ ပိုလွယ်သွားပြီလေ။”

လုချန်းက

“ဆရာ...ဒါတို ကျွန်တော်တို့ မြင့်မြတ်နယ်မြေကရော ပြင်ပနယ်မြေကို သွားဦးမှာလား။”

ထိုက်ခန်းဧကရာဇ်က

“သွားကြည့်သင့်တုန်းပါပဲ။ ကပ်ဘေးကြီးက နီးကပ်နေပြီဆိုတော့ တခြားလောကက ပစ္စည်းတွေကို ရထားတာက ငါတို့ရဲ့ ခုခံရေးကို ပိုပြီး အားကောင်းစေတယ်။”

“ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့က ရှစစ်တပ်ကို တိုက်ဖို့ ကြံစည်နေတာကတော့ ငါတို့နှင့် မဆိုင်ဘူး။”

ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ ပြဿနာများကိုယ်၌က ရှုပ်ထွေးနေသဖြင့် ရှစစ်တပ်နှင့် ရှန်ယွဲ့နိုင်ငံတို့အကြား ပဋိပက္ခတွင် ဝင်မပါရန် ထိုက်ခန်းဧကရာဇ် ဆုံးဖြတ်ထားသည်။ ရှစစ်တပ်နှင့် ပဋိပက္ခဖြစ်ခြင်းက ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ ပြဿနာများကိုသာ ပို၍ ကြီးထွားစေလိမ့်မည်။

သူသည် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နယ်နိမိတ်ကိုသာ ကာကွယ်လို၏။ ကျန်သည့်ကိစ္စများမှာ ချင်းယွဲ့မြင့်မြတ်နယ်မြေနှင့် မသက်ဆိုင်ပေ။ အဆုံးသတ်တွင် မိမိ၏ အကျိုးစီးပွားသာလျှင် အရေးအကြီးဆုံးဖြစ်ကြောင်း သူ၏ ရပ်တည်ချက်က မီးမောင်းထိုးပြနေသည်။

အခြားသူများ၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ထိုက်ခန်းဧကရာဇ် စိတ်မဝင်စားကြောင်း သူ၏ စကားများမှတစ်ဆင့် လုချန်း သိလိုက်သည်။ အကယ်၍ ဤအရာသည် ထိုက်ခန်းဧကရာဇ်၏ စစ်မှန်သော ရပ်တည်ချက်သာ ဖြစ်ပါက သူ့ကို ရှနိုင်ငံဘက်ပါအောင် ဆွဲဆောင်နိုင်မည်ဟု လုချန်းက တွေးတောလိုက်မိသည်။

………..

အခန်း (၁၅၁၇)

ယွမ်ချင်းရှုအတွက် အနှောင့်အယှက်

ထိုက်ခန်းဧကရာဇ်က လုချန်းကို ဆက်လက် စကားပြောရန် ပြင်ဆင်နေစဉ်မှာပင် ဧကရာဇ်အဆင့် တစ်ဦးက ထိုက်ခန်းဧကရာဇ်၏ အနီးသို့ ချဉ်းကပ်လာသည်။

“သူတော်စင် အမွေခံ... အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ။ အခုပဲ စတင် ထွက်ခွာနိုင်ပါပြီ”

ဟု ထိုသူက တင်ပြသည်။

ထိုက်ခန်းဧကရာဇ်က

“ကောင်းပြီ...ဒါဆို ထွက်ကြတာပေါ့။ ကျုပ်တို့က ရှနိုင်ငံကို တကယ် မတိုက်ဘူး ဆိုရင်တောင် ရှနိုင်ငံ စစ်တပ်ရှိတဲ့ အနီးအနားက ကြယ်နယ်မြေကိုတော့ ရောက်အောင် သွားရမယ်။”

ထို့နောက် ထိုက်ခန်းဧကရာဇ်သည် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နတ်လှေများကို ရှနိုင်ငံ ရှိရာသို့ ဦးဆောင်၍ ထွက်ခွာခဲ့သည်။

ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးမပြုသဖြင့် ဤခရီးစဉ်သည် အနည်းဆုံး နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ခန့်ပင် ကြာမြင့်နိုင်သည်။

သို့သော် ဤကိစ္စအတွက် သူတို့ကို အပြစ်တင်၍ မရနိုင်ပေ။ ထျန်းကျိရဲတိုက်၏ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို လွယ်လင့်တကူ ငှားရမ်းနိုင်သည့် ရှန်ယွဲ့နိုင်ငံနှင့် မတူပေ။ သူတို့၏ မြင့်မြတ်နယ်မြေနှင့် ထျန်းကျိရဲတိုက်တို့ကြား မည်သည့် ဆက်ဆံရေးမှ မရှိကြပေ။

ထို့ကြောင့် သူတို့သည် နတ်လှေကိုသာ အသုံးပြု၍ ရှနိုင်ငံသို့ သွားကြရခြင်း ဖြစ်သည်။ ထိုက်ခန်းဧကရာဇ်နှင့် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နတ်လှေတို့ အနီရောင် မိုးစက်ကမ္ဘာမှ ထွက်ခွာသွားတော့မှသာ ယွမ်ချင်းရှု တကယ် သက်ပြင်းချနိုင်တော့သည်။

…..

ထိုအခိုက်အတန့်တွင်။

အနီရောင် မိုးစက်ကမ္ဘာ။

လျှို့ဝှက်လဝန်းနန်းတော်။

အဆောင်တစ်ခုအတွင်းရှိ ကုလားထိုင်ပေါ်တွင် ယွမ်ချင်းရှု မှီလျက် ထိုင်နေသည်။ အခန်းထဲတွင် ပန်းရနံ့များ ပျံ့လွင့်နေပြီး နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ပင် ထင်မှတ်ရသည်။

ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နတ်လှေများ အနီရောင် မိုးစက်ကမ္ဘာမှ ထွက်ခွာသွားသည့် ပုံရိပ်များကို အခန်းအတွင်းရှိ ပုံရိပ်ဖမ်း နံရံများမှ တစ်ဆင့် ယွမ်ချင်းရှု ကြည့်နေခဲ့ခြင်းဖြစ်သည်။ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နတ်လှေများသာမက သူမကို အမြဲ နှောင့်ယှက်နေသည့် အမျိုးသားပါ ပါသွားသောကြောင့် ယွမ်ချင်းရှု စိတ်အေးသွားသည့်အပြင် အနည်းငယ်ပင် ပျော်ရွှင်နေမိသည်။

လုချန်း၏ ကိုယ်ပွားသည် အနီရောင် မိုးစက်ကမ္ဘာတွင် ယင်ကောင်တစ်ကောင်ကဲ့သို့ အမြဲ ရှိနေခဲ့သည်။ လုချန်းကို ထိခိုက်အောင် လုပ်ခြင်းက ကြီးမားသော ကံကြမ္မာ အကျိုးဆက်များကို ဖြစ်စေနိုင်သည်ဟု အမြဲ ခံစားနေရသဖြင့် သူမက လုချန်းကို မည်သို့မှ အရေးယူ၍ မရခဲ့ပေ။

ယခု လုချန်း၏ ကိုယ်ပွား ပါသွားပြီ ဖြစ်ရာ သူမကို နှောင့်ယှက်မည့်သူ မရှိတော့ပေ။ သို့သော် ယွမ်ချင်းရှု ထိုသို့ တွေးနေစဉ်မှာပင် သူမ၏ အဆောင်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည့် ဧကရာဇ်အဆင့် တစ်ဦး၏ အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဤအငွေ့အသက်က အလွန် ကြမ်းတမ်းပြီး သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦး၏ အငွေ့အသက် ဖြစ်ကြောင်း ထင်ရှားလှသည်။

ရှန်ဝူဧကရာဇ်ကို ယွမ်ချင်းရှု ဦးစွာ တွေးမိလိုက်သည်။

သို့သော် ရှန်ဝူဧကရာဇ်က ဤကဲ့သို့သော နေရာမျိုးသို့ အဘယ်ကြောင့် ရောက်လာရမည်နည်း။

ဤနေရာသည် ဗဟိုကြယ်နယ်မြေ ဖြစ်သော်လည်း ဝေးလံခေါင်သီသော ဒေသတစ်ခု ဖြစ်သည်။ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ စစ်နတ်‌လှေများ ဤနေရာ၌ လာရောက် နားခိုခြင်းကပင် တိုက်ဆိုင်လွန်းလှပြီ ဖြစ်၏။

ရှန်ဝူဧကရာဇ်ကတော့ ဤနေရာ၌ လာရောက် နားခိုနိုင်စရာ အကြောင်းမရှိပေ။ ယွမ်ချင်းရှုသည် ကုလားထိုင်ပေါ်မှ ချက်ချင်း ထရပ်ပြီး လမ်းစဉ် စွမ်းအားများကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ ထို့နောက် လမ်းစဉ်၏ အငွေ့အသက်များ အဆောင်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

ယွမ်ချင်းရှုက တိုက်ပွဲအတွက် ပြင်ဆင်လိုက်စဉ်မှာပင် သူမ၏ အခန်းထဲ၌ ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူထံမှ ထွက်ပေါ်လာသော ဖိအားသည် အဆောင်အတွင်းရှိ လေထုကို လေးလံသွားစေသည်။

ထိုသူကား လုချန်းပင် ဖြစ်သည်။

တိတိကျကျ ပြောရလျှင် လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွား ဖြစ်သည်။

လုချန်းထံမှ ထွက်ပေါ်နေသော ဧကရာဇ်အဆင့် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ယွမ်ချင်းရှုက မျက်မှောင်ကြုတ်ကာ

“ဒီတစ်ခါတော့ ရှင်ရဲ့ ပင်မခန္ဓာလား”

လုချန်းက ပြုံး၍

“ဒါလည်း ကိုယ်ပွားပါပဲ”

ထိုအခါ ယွမ်ချင်းရှုက အေးစက်စွာဖြင့်

“ရှင် ဘာလာလုပ်တာလဲ။ ကျွန်မကို အတင်းအကျပ် ခေါ်သွားဖို့ ကြံနေတာလား။”

ယခင်က လုချန်းသည် သူမကို သူတော်စင်အဆင့် ကိုယ်ပွားဖြင့် စောင့်ကြည့်နေခဲ့ပြီး ယခုတော့ ဧကရာဇ်အဆင့် ကိုယ်ပွားဖြင့် တိုက်ရိုက် ရောက်လာခြင်း ဖြစ်ရာ လုချန်း၏ ရည်ရွယ်ချက်ကို သူမ သံသယ ဝင်လာသည်။

လုချန်းက

“ဘာတွေ ပြောနေတာလဲ။ ကိုယ်က သူတစ်ပါးကို အတင်းအကျပ် လုပ်တဲ့သူ မဟုတ်ပါဘူး။ ကိုယ်က မင်းကို ကာကွယ်ပေးဖို့ လာတာပါ။”

သူ၏ စကားလုံးများသည် ရိုးရှင်းသော်လည်း ငြင်းပယ်ရန် ခက်ခဲသော အရှိန်အဝါ တစ်ခု ပါဝင်နေသည်။ ယွမ်ချင်းရှုက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် သူမ၏ အပြာနုရောင် ဝတ်စုံရှည်ကို အသာအယာ ခါလိုက်ကာ ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်သည်။

ထို့နောက် လုချန်းကို လျစ်လျူရှုပြီး ကျင့်စဉ်ကိုသာ ဆက်လက် ကျင့်ကြံနေသည်။ လုချန်းက ဆက်လက်၍

“ဗဟိုကြယ်နယ်မြေက ပိုပြီးတော့ ရှုပ်ထွေးလာပြီ။ မင်းက ဗဟိုကြယ်နယ်မြေရဲ့ အစွန်အဖျားမှာ ရှိနေရင်တောင် ထိပ်တန်း မြင့်မြတ်နယ်မြေတွေရဲ့ စစ်ပွဲတွေကြားမှာ ထိခိုက်လာနိုင်တယ်။”

“တကယ်လို့ ဒီတစ်ခါ ချင်းယွဲ့မြင့်မြတ်နယ်မြေက စစ်ပွဲကို ရှောင်ဖို့ မဆုံးဖြတ်ခဲ့ရင် အနီရောင် မိုးစက်ကမ္ဘာလည်း အခုလောက်ဆို ပျက်စီးသွားလောက်ပြီ။”

“နောက်တစ်ခါ တခြား မြင့်မြတ်နယ်မြေ ဒါမှမဟုတ် ရှန်ယွဲ့နိုင်ငံက ရောက်လာမယ်ဆိုရင် အနီရောင် မိုးစက်ကမ္ဘာ တကယ် ပျက်စီးသွားလိမ့်မယ်။”

လုချန်း၏ စကားများကို ကြားလျှင် ကျင့်ကြံနေသော ယွမ်ချင်းရှုက အေးစက်စွာဖြင့်

“ရှင် ဘာတွေ ကြံစည်နေလဲဆိုတာ ကျွန်မ မသိဘူးလို့ ထင်နေလား”

“ဒါတွေအားလုံးက ကျွန်မကို ရှနိုင်ငံကို လိုက်လာအောင် စည်းရုံးနေတာပဲ မဟုတ်လား”

“ကျွန်မ နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်။ ကျွန်မ ရှနိုင်ငံကို ဘယ်တော့မှ လိုက်မှာ မဟုတ်ဘူး။ ရှင် အဲ့ဒီအတွေးကို စွန့်လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်”

“ကျွန်မရဲ့ ကိုယ်ပွားက ရှင့်ရဲ့ မိန်းမ ဖြစ်နေရုံနဲ့ ကျွန်မရှေ့မှာ ရှင်လုပ်ချင်တာ လုပ်လို့ရတယ်လို့ မထင်နဲ့။”

လုချန်းက ပို၍ ပို၍ ရဲတင်းလာသည်ဟု ယွမ်ချင်းရှုက ယူဆသည်။ ယခင်က လုချန်းသည် အနီရောင် မိုးစက်ကမ္ဘာ၏ တစ်နေရာတွင်သာ ပုန်းအောင်းနေပြီး သူမကို လာရောက် မနှောင့်ယှက်ခဲ့ပေ။

သို့သော် ယနေ့တွင်မူ သူမ ကျင့်ကြံရာ နေရာသို့ တိုက်ရိုက် ရောက်လာသည်။ သူမ သတိမပေးလျှင် နောက်တစ်ခါတွင် ဤလူက သူမအပေါ် လက်ပါလာနိုင်သည်။

ယွမ်ရှန်ရှန်၏ မှတ်ဉာဏ်များ ရှိနေသဖြင့် လုချန်း မည်သို့သော လူစားမျိုး ဖြစ်ကြောင်း သူမ အသိဆုံး ဖြစ်သည်။ သူသည် အမျိုးသမီးတစ်ဦးကို ကုတင်ပေါ်သို့ မခေါ်နိုင်မချင်း ထိုအမျိုးသမီး၏ သည်းခံနိုင်စွမ်းကို အမြဲ စမ်းသပ်နေမည့်သူ ဖြစ်သည်။

ယွမ်ချင်းရှုက သူ့ကို အလွန် ခုခံနေသည်ကို မြင်လျှင် လုချန်းက ပြုံးလိုက်ပြီး

“တကယ်လို့ ကိုယ်က မင်းကို အနှောင့်အယှက် ပေးနေတယ်လို့ ခံစားရရင် မင်း ကိုယ့်ကို တိုက်ခိုက်ပြီး မောင်းထုတ်လိုက်လို့ ရပါတယ်။”

လုချန်း၏ ရဲတင်းမှုကို မြင်လျှင် ယွမ်ချင်းရှု မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

လုချန်း ယူဆောင်လာသော ကိုယ်ပွားထံမှ အလွန် ပြင်းထန်သော သတ်ဖြတ်ခြင်း စွမ်းအားများ ထွက်ပေါ်နေသည်။ ဤကိုယ်ပွားသည် ဧကရာဇ်အဆင့်တစ်မှာသာ ရှိသေးသော်လည်း အဆင့်တစ် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦးကို သတ်ရန်က လွယ်ကူသည့် အလုပ် မဟုတ်ပေ။

သို့သော် သူမ၏ ပင်ကိုယ်အသိစိတ်က ဤလူကို တိုက်ခိုက်လျှင် ကြီးမားသော ကံကြမ္မာ အကျိုးဆက်များကို ဖြစ်စေလိမ့်မည်ဟု သတိပေးနေသည်။ မည်သည့် ရှုထောင့်မှ ကြည့်ကြည့် သူမ လုချန်းကို တိုက်ခိုက်၍ မရနိုင်ပေ။

ယခု သူမသည် လုချန်း၏ အတင့်ရဲမှုကို လွှတ်ထားပြီး သူ့ကို လျစ်လျူရှုထားရုံသာ တတ်နိုင်သည်။ ထိုအခိုက်တွင် ယွမ်ချင်းရှု၏ ပတ်ပတ်လည်၌ လခြမ်းပုံစံ အကာအကွယ်တစ်ခု ပေါ်လာပြီး သူမကို လုံးဝ ဖုံးအုပ်လိုက်သည်။ လခြမ်းပုံစံ အလင်းတန်းများသည် သူမ၏ ခန္ဓာကိုယ်ကို နူးညံ့စွာ ဝန်းရံထား၏။

ဤအကာအကွယ်နှင့်ဆိုလျှင် သူမ လုချန်း၏ အသံကို ကြားနိုင်တော့မည် မဟုတ်ပေ။ ယွမ်ချင်းရှုက အကာအကွယ် ပြုလုပ်လိုက်သည်ကို မြင်လျှင် လုချန်းလည်း ဘာမှ ထပ်မပြောတော့ပဲ နေရာတစ်ခု ရှာကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ထို့နောက် ကျင့်ကြ၌ခြင်း အခြေအနေသို့ ဝင်ရောက်သွား၏။ မည်သို့ပင်ဖြစ်စေ ယွမ်ချင်းရှုက သူ့ကို မောင်းမထုတ်ခဲ့သဖြင့် သူ၏ ကိုယ်ပွားက ဤနေရာ၌ပင် နေသွားမည် ဖြစ်သည်။

ပြီးလျှင်အခွင့်အရေး ရသည်နှင့် ယွမ်ချင်းရှုကို ထျန်းချန်ကမ္ဘာသို့ ခေါ်သွားမည် ဖြစ်သည်။

လုချန်းက သူမ၏ အခန်းထဲ၌ တကယ် ထိုင်နေသည်ကို ယွမ်ချင်းရှု သတိပြုမိသွားသဖြင့် သူမ၏ မျက်ခုံးများ တွန့်သွားသည်။ သူမ၏ ခန္ဓာကိုယ်ထံမှ အေးစက်သော အငွေ့အသက်များလည်း မရည်ရွယ်ပဲ ပျံ့နှံ့ထွက်ပေါ်လာသည်။

ခဏချင်းမှာပင် အခန်းတစ်ခုလုံး အေးခဲသွားပြီး ရေခဲလိုဏ်ဂူတစ်ခုကဲ့သို့ ဖြစ်သွားသည်။ သို့သော် လုချန်းသည် ဧကရာဇ်အဆင့် တစ်ဦး ဖြစ်ပြီး လမ်းစဉ် စွမ်းအားအားလုံးကို တတ်မြောက်ထားသူ ဖြစ်ရာ ဤမျှလောက် ရေခဲစွမ်းအားက သူ၏အတွက် ဘာမှ မဟုတ်ပေ။

ရေခဲစွမ်းအားများ လုချန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော်လည်း သူကို မည်သို့မှ မသက်ရောက်ပေ။

ယွမ်ချင်းရှု လက်လျှော့သွားစေရန် လုချန်းက သူ၏ လမ်းစဉ် စွမ်းအားကို ထုတ်ဖော်လိုက်ပြီး ယွမ်ချင်းရှု ထုတ်လွှတ်ထားသော ရေခဲစွမ်းအားအားလုံးကို စုပ်ယူလိုက်သည်။ ခဏအကြာတွင် အဆောင်အတွင်းရှိ ရေခဲများ အရည်ပျော် ပျောက်ကွယ်သွားသည်။

အခန်းထဲတွင် ဖြစ်ပျက်သွားသည်ကို သိသွားလျှင် ယွမ်ချင်းရှု၏ လှပသော မျက်လုံးများ ချက်ချင်း ပွင့်လာပြီး ဇဝေဇဝါ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းသည့် လုချန်းက သူမ၏ ရေခဲစွမ်းအားကို အဘယ်ကြောင့် စုပ်ယူနိုင်ရသနည်း။

သူက သတ်ဖြတ်ခြင်း စွမ်းအားကိုသာ ထိန်းချုပ်ရမှာ မဟုတ်လား။

သူက တခြား စွမ်းအားတွေကိုပါ တကယ် စုပ်ယူနိုင်တာလား။

ဤဖြစ်ရပ်သည် လောကနိယာမများကို စိန်ခေါ်နေသကဲ့သို့ ထူးဆန်းလွန်းလှသည်။ သူ၏ ပုံစံအရလည်း သူ့အပေါ် မည်သည့် ထိခိုက်မှုမှ မရှိပေ။ ရေခဲစွမ်းအားကြောင့် မသက်မသာ ဖြစ်ရသည့် အရိပ်အယောင်ပင် မရှိပေ။

ယွမ်ချင်းရှု၏ အမူအရာကို သိမြင်လိုက်သော်လည်း လုချန်းက မျက်လုံးမှိတ်လျက် ခပ်အေးအေးပင်

“အလကား အားကုန်မခံပါနဲ့။ ကိုယ် မင်းကို ပြောဖို့ မေ့သွားတယ်။ ကိုယ်က လမ်းစဉ်ရဲ့ စွမ်းအားအားလုံးကို သုံးလို့ရတယ်” ဟု ဆိုလိုက်သည်။

………

အခန်း (၁၅၁၈)

ရှနိုင်ငံမှာ ဘယ်သူနေခဲ့မလဲ

ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန်၏ အတိတ်မှတ်ဉာဏ်အချို့ကိုသာ ရရှိထားခြင်းဖြစ်၏။ သူတို့နှစ်ဦး အဆက်အသွယ် ပြတ်တောက်သွားပြီးနောက်တွင် ယွမ်ရှန်ရှန်နှင့် ဆက်သွယ်ရန်အတွက် သူမ၏ နတ်အာရုံကို ထပ်မံ အသုံးမပြုခဲ့ပေ။ ထို့ကြောင့် လုချန်း လမ်းစဉ်စွမ်းအား အားလုံးကို အသုံးပြုနိုင်သည်ဆိုသောအချက်ကို သူမ မသိခဲ့ခြင်း ဖြစ်သည်။

လုချန်း၏ စကားများကို ကြားရသောအခါ ယွမ်ချင်းရှု၏ အေးစက်သော မျက်နှာပြင်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

လူတစ်ယောက်က လမ်းစဉ်စွမ်းအားအားလုံးကို သုံးနိုင်တယ် ဟုတ်လား။

အဲ့ဒါ ဖြစ်နိုင်ပါ့မလား။

လွန်ခဲ့သော ခေတ်ကာလများတွင်ပင် လမ်းစဉ်စွမ်းအား နှစ်မျိုးထက် ပို၍ အသုံးပြုနိုင်သည့် ဧကရာဇ်အဆင့် တစ်ဦးတစ်ယောက်အကြောင်းကို သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။

ယခုခေတ်တွင် သူမသည် လွန်ခဲ့သောခေတ်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်သည့်အတွက် လမ်းစဉ်စွမ်းအား နှစ်မျိုးကို အသုံးပြုနိုင်သော်လည်း ထိုသို့ အသုံးပြုနိုင်စွမ်း ရှိလျှင်ပင် လမ်းစဉ်နှစ်မျိုးကို သူမ မဆင်မခြင် အသုံးမပြုဝံ့ပေ။

ယွမ်ချင်းရှု၏ စိတ်တွင်း အတွေးများနေသော်လည်း အပြင်ပန်းတွင်မူ အေးစက်ငြိမ်သက်နေဆဲဖြစ်၏။ လွန်ခဲ့သောခေတ်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်သော သူမကိုယ်တိုင်ပင် လမ်းစဉ်စွမ်းအား နှစ်မျိုးကို ခဲခဲယဉ်းယဉ်း အသုံးပြုနိုင်ခြင်းကြောင့် လုချန်းအနေနှင့် လမ်းစဉ်နှစ်မျိုးကို အသုံးပြုနိုင်ခြင်းက သိပ်တော့ မထူးဆန်းဟု မကြာခင်မှာပင် ယွမ်ချင်းရှု တွေးတောမိလာသည်။

သို့သော် သူပြောသကဲ့သို့ လမ်းစဉ်စွမ်းအားအားလုံးကို ထုတ်ဖော်နိုင်သည်ဆိုတာကိုတော့ သူမ မယုံကြည်ပေ။ ယွမ်ချင်းရှုသည် လုချန်း၏ စကားများကို လျစ်လျူရှုလိုက်ပြီးနောက် သူမ၏ မျက်လုံးများကို ပိတ်ကာ ဆက်လက် ကျင့်ကြံနေလိုက်သည်။

ယွမ်ချင်းရှု သူ့စကားကို မယုံကြည်ကြောင်း လုချန်း သတိပြုမိသွား၏။ နောက်တစ်ခဏတွင် လုချန်းက ဓားလမ်းစဉ်၏ စွမ်းအားကို အသုံးချလိုက်ရာ အခန်းအတွင်း၌ ရေတွက်၍မရနိုင်သော ဓားရိပ်များ ပေါ်ထွက်လာသည်။ ဓားရိပ်တို့သည် အခန်းငယ်လေးအတွင်း ပဲ့တင်ထပ်လျက်ရှိပြီး လျှို့ဝှက်လဝန်းနန်းတော်ရှိ နတ်ဝိညာဉ်ဓားအားလုံးသည် ဆင့်ခေါ်ခြင်း ခံရသကဲ့သို့ တုန်ခါသွားကြ၏။

လုချန်းထံမှ ထွက်ပေါ်လာသော တတိယမြောက် လမ်းစဉ်စွမ်းအားကို ခံစားလိုက်ရသဖြင့် ယွမ်ချင်းရှု မျက်မှောင်ကြုတ်သွားသည်။ အတိတ်ခေတ်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်သော သူမပင် လမ်းစဉ်စွမ်းအား နှစ်မျိုးကို ခဲခဲယဉ်းယဉ်း ထုတ်ဖော်နိုင်ချိန်တွင် လုချန်းက လမ်းစဉ်စွမ်းအား သုံးမျိုးကို လွယ်လင့်တကူ အသုံးပြုနိုင်နေတာလား။

“သူပြောတာတွေက တကယ်ပဲ အမှန်တွေလား။”

ယွမ်ချင်းရှု ထိုသို့ တွေးတောနေစဉ်မှာပင် လုချန်း၏ ခန္ဓာကိုယ်မှ ရေတွက်၍မရသော အစိမ်းရောင် အလင်းကွင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအစိမ်းရောင် အလင်းကွင်းများ ယွမ်ချင်းရှု၏ ခန္ဓာကိုယ်ကို ထိတွေ့မိသောအခါ အတိတ်ခေတ်မှ သူမ၏ နတ်ဝိညာဉ်တွင် ရရှိထားသော ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာသည်ကို သူမ ချက်ချင်း ခံစားလိုက်ရသည်။ နတ်ဝိညာဉ်၏ နာကျင်မှုများ လျော့ပါးသွားခြင်းက သူမကို များစွာ အံ့အားသင့်စေခဲ့သည်။

“ဒါက ဖန်တီးခြင်း စွမ်းအားလား။”

ယွမ်ချင်းရှု တုံ့ပြန်ရန် အချိန်မရမီမှာပင် လုချန်းက အခြားသော လမ်းစဉ်စွမ်းအားများကို ပြသလိုက်ရာ ခဏချင်းမှာပင် ယွမ်ချင်းရှု၏ အဆောင်အတွင်း၌ အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။

ဤလမ်းစဉ်စွမ်းအားများသည် တစ်ခုနှင့်တစ်ခု ရောယှက်နေသော်လည်း ပဋိပက္ခဖြစ်သည့် အရိပ်အယောင်များ မရှိချေ။ ထို့နောက် လမ်းစဉ်စွမ်းအားများ စုစည်းသွားပြီး ရောင်စုံလမ်းစဉ်စွမ်းအား သက်တံတစ်ခုအဖြစ် ပေါ်ပေါက်လာသည်။

ယွမ်ချင်းရှုသည် ဆက်၍ မကြည့်လိုတော့သဖြင့် တိုက်ရိုက်ပင်

“တော်ပြီ။ ရှင် ကြွားချင်တယ်ဆိုရင် အဲ့ဒီ ထိပ်တန်း အင်အားစုတွေရှေ့မှာ သွားကြွားပါ။”

လုချန်းသည် သူမ၏ရှေ့တွင် သူ မည်မျှ အစွမ်းထက်ကြောင်း ကြွားဝါပြသနေခြင်း ဖြစ်သည်ကို ယွမ်ချင်းရှုက အဘယ်ကြောင့် မသိဘဲ နေမည်နည်း။

အခြားအရာများကို ထည့်မတွက်လျှင်ပင် ဤမျှများပြားသော လမ်းစဉ်စွမ်းအားများကို ထိန်းချုပ်နိုင်သည့် အချက်တစ်ချက်တည်းနှင့်ပင် လုချန်းသည် သာမန် ဧကရာဇ်အဆင့် တစ်ဦး မဟုတ်နိုင်ပေ။ လုချန်းသည် ကောင်းကင်ဧကရာဇ် ဝင်စားသူ ဖြစ်နိုင်ခြေ အလွန်များကြောင်း ယခုအခါ အခြေခံအားဖြင့် ယွမ်ချင်းရှု ယုံကြည်သွားသည်။

သို့သော် လုချန်းသည် ကောင်းကင်ဧကရာဇ် ဝင်စားသူ ဖြစ်နေလျှင်ပင် ထိုအရာက သူမနှင့် မသက်ဆိုင်ပေ။ သူမ၏ ကိုယ်ပွားကို လုချန်း၏ နံဘေးတွင် ထားရှိခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။ သူမသည် ပင်မခန္ဓာ ဖြစ်သည့်အတွက် ကိုယ်ပွားကဲ့သို့ သူမကိုယ်သူမ အဆင့်နိမ့်ကျအောင် ပြုလုပ်မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။

ယွမ်ချင်းရှု စိတ်ဆိုးသွားသည်ကို မြင်သောအခါ လုချန်းက လမ်းစဉ်စွမ်းအားအားလုံးကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် မျက်လုံးများကို ဖွင့်ကာ ပြုံး၍

“မင်း မယုံမှာ စိုးလို့ ကိုယ် ပြလိုက်တာပါ။”

ယွမ်ချင်းရှု ဘာမှ ထပ်မပြောတော့ပေ။ ဤလူကို နောက်ထပ် စကားတစ်ခွန်း ပြောမိခြင်းကပင် သူမ၏ စိတ်နှလုံးအား လှုပ်ခတ်စေမည်ကို သူမ သိသွားသည်။ ဤလူသည် အခွင့်အရေးရလျှင် အမြတ်ထုတ်တတ်သူ ဖြစ်သောကြောင့် အကောင်းဆုံးနည်းလမ်းမှာ သူ့ကို လျစ်လျူရှုထားရန်သာ ဖြစ်သည်။

ယွမ်ချင်းရှု ထပ်မံ တိတ်ဆိတ်သွားသည်ကို မြင်လျှင် လုချန်းလည်း သူမကို ဆက်၍ မနှောင့်ယှက်တော့ပေ။ သူသည် မျက်လုံးများကို ပြန်လည် ပိတ်လိုက်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်သည်။

…….

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်အနည်းငယ် ကုန်ဆုံးသွား၏။

နွေ၊ မိုး၊ ဆောင်း ရာသီများ ပြောင်းလဲလာသည်နှင့်အမျှ စကြဝဠာကြီးလည်း အဆက်မပြတ် ပြောင်းလဲလာသည်။

ယခုတော့ စစ်ပွဲ၏ မီးလျှံများက နိုင်ငံများကို ဝါးမြိုနေကြပြိီဖြစ်၏။ အမျိုးမျိုးသော နိုင်ငံများနှင့် အင်အားစုများအကြား စစ်ပွဲများ ပိုစိတ်လာပြီး ကောင်းကင်နတ်ဆိုးများ၏ အရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည်။

ယခုအခါ မည်သည့်နိုင်ငံမဆို ကောင်းကင်နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကို ခံစားနေကြရပြီး အင်အားစုတိုင်းနီးပါးလည်း ဆုံးရှုံးမှုများ ကြုံတွေ့ကြရသည်။ ယခု ရှနိုင်ငံသည်သာလျှင် ကောင်းကင်နတ်ဆိုးတစ်ကောင်မှ မဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။

ထို့ကြောင့် စကြဝဠာအတွင်းရှိ ထိပ်တန်း အင်အားစုများသည် ရှနိုင်ငံ၏ နည်းဗျူဟာပုံစံကို ပို၍ လိုချင်တပ်မက်လာကြသည်။ ကံမကောင်းစွာဖြင့် ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့သည် နှစ်ပေါင်းများစွာ မဟာမိတ် ဖွဲ့ခဲ့ကြသော်လည်း ရှနိုင်ငံအပေါ် မည်သည့် အရေးယူဆောင်ရွက်မှုမျှ မပြုလုပ်ခဲ့ကြပေ။

ချင်းယွဲ့မြင့်မြတ်နယ်မြေက ရှနိုင်ငံကို တိုက်ခိုက်မည်ဟု စောစီးစွာ ကြေညာခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ချင်းယွဲ့မြင့်မြတ်နယ်မြေစစ်တပ်သည် ရှေ့တန်း ကြယ်နယ်မြေသို့ပင် ရောက်ရှိခြင်း မရှိသေးပေ။ သူတို့၏ နတ်လှေများ အစအနမကျန် ပျောက်ကွယ်သွားပုံရသည်။

……

ထျန်းချန်ကမ္ဘာ။

ကောင်းကင်ဧကရာဇ် ခန်းမ။

လုချန်းသည် နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် ခန်းမအတွင်းရှိ ပုံရိပ်များကို ကြည့်ကာ ရောက်ရှိနေသော ဧကရာဇ်အဆင့်များအား ပြောလိုက်သည်။

“ရှန်ယွဲ့နိုင်ငံနဲ့ ထျန်းကျိရဲတိုက်တို့က ပြင်ပနယ်မြေကို သွားဖို့ ပြင်ဆင်နေကြပြီလို့ ကျုပ်သတင်းရထားတယ်။ ဒါကြောင့် ကျုပ်တို့လည်း ထွက်ခွာရမယ်။”

ထိုစကားကို ကြားသောအခါ မိုးကြိုးဧကရာဇ်က ချက်ချင်း ထရပ်၍

“မင်းကြီး......ဧကရာဇ်အဆင့် အားလုံးက ပြင်ပနယ်မြေကို သွားကြမှာ မဟုတ်ဘူး မဟုတ်လား။”

လုချန်းက

“ကျုပ်တို့ရဲ့ နယ်မြေတွေကို ဆက်လက် ချဲ့ထွင်ဖို့အတွက် ဧကရာဇ်အဆင့် ငါးဆယ်ကို ချန်ထားခဲ့ဖို့ စဉ်းစားထားတယ်။”

လုချန်း စကားပြောပြီးသည်နှင့် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့ထဲမှ မည်သူမှ မကျန်ရစ်ခဲ့လိုကြောင်း ထင်ရှားလှသည်။

နယ်မြေချဲ့ထွင်ခြင်းဖြင့် ကြီးမားသော အကျိုးဆောင်မှုကို ရရှိနိုင်ပုံရသော်လည်း ရှနိုင်ငံသည် စကြဝဠာတွင် အကြီးမားဆုံး ကြယ်နယ်မြေကို ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာခဲ့ပြီးဖြစ်ရာ ကြယ်နယ်မြေ လိုအပ်ချက် မရှိတော့ပေ။

ထို့ကြောင့် ကောင်းကင်ဧကရာဇ်၏ နံဘေးတွင် ရှိနေခြင်းက ပို၍ မျက်နှာသာရနိုင်ပြီး ပို၍ အကျိုးပြုနိုင်မည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ဧကရာဇ်အဆင့်များ အားလုံး ပြင်ပနယ်မြေသို့ သွားရန်သာ လိုလားနေကြခြင်းဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ပြင်ပနယ်မြေသည် အမျိုးမျိုးသော အခွင့်အရေးများဖြင့် ပြည့်နှက်နေခြင်း ဖြစ်၏။ ယခင်က အချို့သော ဧကရာဇ်များသည် ပြင်ပနယ်မြေရှိ အင်အားကြီး ပုဂ္ဂိုလ်များကြောင့် တစ်ဦးတည်း မသွားဝံ့ခဲ့ကြပေ။ ထိုသူများကို သူတို့ အနိုင်မယူနိုင်ပဲ ပြင်ပနယ်မြေ၌ အလွယ်တကူ ကျဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့သည် အုပ်စုလိုက် သွားကြမည် ဖြစ်သောကြောင့် ယခင်ကနှင့် နှိုင်းယှဉ်လျှင် များစွာ ပိုမို ဘေးကင်းပေသည်။ ဤအချက်သည် မည်သည့် ဧကရာဇ်အဆင့်အတွက်မဆို ပြင်ပနယ်မြေသို့ သွားရန် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။

လုချန်းသည်လည်း ခန်းမအတွင်းရှိ ဧကရာဇ်များ၏ အတွေးများကို သတိပြုမိသဖြင့်

“ရှနိုင်ငံအတွက် နယ်မြေတွေ ဆက်လက် ချဲ့ထွင်ပေးဖို့ ဒီမှာ နေခဲ့ချင်တဲ့သူ ရှိလား။”

ဤမေးခွန်းကို ကြားသောအခါ ခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာသည့်တိုင် မည်သူမှ စကားမပြောကြပေ။

လုချန်းက

“ခင်ဗျားတို့အားလုံးက ပြင်ပနယ်မြေကို သွားချင်ကြတာပဲ”

လုချန်းက ဆက်ပြောရန် ပြင်စဉ်မှာပင် မိုးကြိုးဧကရာဇ်က ရုတ်တရက် ထရပ်ပြီး

“မင်းကြီး.....ကျွန်တော်ရှနိုင်ငံအတွက် နယ်မြေတွေ ဆက်လက် ချဲ့ထွင်ပေးဖို့ နေခဲ့ပါမယ်။”

ထိုအရာကို ကြားလျှင် လုချန်းက မိုးကြိုးဧကရာဇ်ကို ကြည့်ကာ

“ခင်ဗျားက ပြင်ပနယ်မြေကို မသွားချင်ဘူးလား။”

မိုးကြိုးဧကရာဇ်က

“သွားချင်ပါတယ်။ ဒါပေမဲ့ မင်းကြီးအတွက် နယ်မြေချဲ့ထွင်ပေးဖို့ တစ်စုံတစ်ယောက်ကတော့ ကျန်ရစ်ခဲ့ရမှာပါ။”

မိုးကြိုးဧကရာဇ် ပြောပြီးနောက် သူ၏ လက်အောက်ငယ်သားဟောင်းများ အားလုံးက ထရပ်ကြပြီး

“မင်းကြီး... ရှနိုင်ငံရဲ့ ကြယ်နယ်မြေ အကျယ်အဝန်းကို တိုးမြှင့်ပြီး ရှနိုင်ငံရဲ့ ကံစွမ်းအားကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဖို့အတွက် ကျွန်တော်တို့လည်း ကျန်ရစ်ခဲ့ပါ့မယ်။”

ဤမျှများပြားသော ဧကရာဇ်များ ထရပ်သည်ကို မြင်သောအခါ ပြင်ပနယ်မြေသို့ သွားချင်သူများလည်း လိုက်၍ ထရပ်ကြသည်။ ထို့နောက် ဧကရာဇ် အားလုံးနီးပါးက ရှနိုင်ငံအတွက် နယ်မြေများ ဆက်လက် ချဲ့ထွင်ပေးရန် ကျန်ရစ်ခဲ့လိုကြောင်း ဖော်ပြကြ၏။

သို့သော် ခန်းမအတွင်း၌ ဘာကိုမှ မမြင်သကဲ့သို့ ဘာမှမပြောပဲ ငြိမ်သက်စွာ ရပ်နေသူ တစ်ဦးရှိသည်။ ထျန်းဟုန် ဧကရီ ပင်ဖြစ်သည်။ သူမသည် ပြင်ပနယ်မြေသို့ သွားရန် ဆုံးဖြတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူမနှင့် အသင့်တော်ဆုံး စစ်တလင်း ဖြစ်သောကြောင့် ဖြစ်သည်။

လုချန်းက ခန်းမအတွင်းရှိ ဧကရာဇ်များကို ကြည့်လိုက်ပြီးနောက် “ခင်ဗျားတို့အားလုံး ကျန်ခဲ့မယ်ဆိုရင် ကျုပ်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ။”

“ထားလိုက်ပါတော့။ အဲ့ဒါအစား မဲနှိုက်ပြီး ဆုံးဖြတ်ကြတာပေါ့”

ကံတရား၏ ဆုံးဖြတ်ချက်ကိုသာ နာခံရန်မှတစ်ပါး အခြားမရှိတော့ပေ။

All Chapters