← Chapters

အခန်း (၁၅၁၉-၁၅၂၁)

Vol. 102 Ch. 1519-1521

အခန်း (၁၅၁၉-၁၅၂၁)

Vol. 102 Ch. 1519-1521

အခန်း (၁၅၁၉ )

ပြင်ပနယ်မြေတွင် လျှို့ဝှက်ချက်များစွာ ရှိနိုင်သည်

ရောက်ရှိနေသော ဧကရာဇ်များ အားလုံး ပြင်ပနယ်မြေသို့ သွားချင်ကြသည်ကို လုချန်း သိသည်။ သို့သော် အားလုံး သွားရောက်ရန်က မဖြစ်နိုင်သော ကိစ္စပင်။

သူတို့ နေရစ်ခဲ့ရန် ဆန္ဒပြုကြခြင်းမှာ မိုးကြိုးဧကရာဇ်မှ အစပြု၍ အခြားသူများပါ လိုက်လံ ဆန္ဒပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အများနှင့်အတူ ရှနိုင်ငံ၌ နေခဲ့ရန် ဆန္ဒမဖော်ပြပါက ရှနိုင်ငံအပေါ် သစ္စာမရှိသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အားလုံးက သစ္စာရှိကြောင်း ပြသနေကြသဖြင့် မည်သူတို့ကို သူနှင့်အတူ ပြင်ပနယ်မြေသို့ ခေါ်ဆောင်ရမည်ကို သူကိုယ်တိုင်သာ ဆုံးဖြတ်ရတော့မည်ဖြစ်ကြောင်း လုချန်း သဘောပေါက်လိုက်သည်။ လောက၌ အခွင့်အရေးဟူသည် လူတိုင်းအတွက် တန်းတူမရနိုင်သည်မှာ သဘာဝတရားပင် ဖြစ်သည်။

လုချန်းအတွက်မူ မည်သည့် ဧကရာဇ်က လိုက်ပါလာသည်ဖြစ်စေ အရေးမကြီးလှပေ။ အားလုံးမှာ အတူတူပင် ဖြစ်သည်။ သူတို့သည် အခြေခံအားဖြင့် သူ ပိုမို အစွမ်းထက်လာစေရန် အသုံးပြုမည့် ကိရိယာများသာ ဖြစ်ကြ၏။

ဤဧကရာဇ်အဆင့်များ၏ အကြီးမားဆုံး အခန်းကဏ္ဍမှာ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန်နှင့် သူ့ကို စွမ်းအားများ ထောက်ပံ့ပေးရန်သာ ဖြစ်သည်။

“ဒီလိုဆိုတော့လည်း မဲနှိုက်ကြတာပေါ့။ မဲပေါက်တဲ့သူက သွားရမယ်။”

လုချန်း စကားပြောပြီးနောက် ထိုနေရာရှိ ဧကရာဇ်အဆင့်များ အားလုံးက

“ကျွန်တော်တို့ ကောင်းကင်ဧကရာဇ်ရဲ့ အစီအစဉ်ကို စောင့်ဆိုင်းနေပါတယ်”

ဟု ဆိုကြ၏။

လုချန်းလည်း အချိန်ဆွဲမနေတော့ပဲ လက်ကို ဝှေ့ယမ်းလိုက်ကာ စိတ်ဝိညာဉ်စွမ်းအားကို သုံး၍ မဲနှိုက်ရန် ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။

ဧကရာဇ်အဆင့် အားလုံး၏ ပုံတူများကို ထိုပုံရိပ်တွင် ဖော်ပြထား၏။ ဘောင်ခတ်ခြင်း ခံရသည့် ပုံတူပိုင်ရှင် ဧကရာဇ်သည် ပြင်ပနယ်မြေသို့ လုချန်းနှင့်အတူ လိုက်ပါရမည် ဖြစ်သည်။

ထို့နောက် ပုံရိပ်ပေါ်ရှိ ဧကရာဇ်အဆင့်များ၏ ပုံတူများ တဖျတ်ဖျတ် စတင်လှုပ်ရှားလာသည်။ ခဏအကြာတွင် ၎င်းတို့ ရပ်တန့်သွားကြသည်။ ကံတရား၏ လှည်းဘီးသည် တရွေ့ရွေ့ လည်ပတ်နေ၏။ မည်သူတွေ လိုက်ပါခွင့် ရမည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။

မိမိ၏ ပုံတူ ရွေးချယ်မခံရသည်ကို မြင်လျှင် မိုးကြိုးဧကရာဇ် စိတ်ထဲမှ သက်ပြင်းချလိုက်၏။ သူသည် ရှနိုင်ငံအတွက် နယ်မြေချဲ့ထွင်ရန် ကျန်ရစ်ခဲ့လိုကြောင်း ပထမဆုံး ရှေ့ထွက်၍ ဖော်ပြခဲ့သူ ဖြစ်သော်လည်း ရိုးရိုးသားသား ပြောရလျှင် မဲပေါက်၍ လုချန်းနှင့်အတူ ပြင်ပနယ်မြေသို့ သွားရန် ရွေးချယ်ခံရဖို့ သူ မျှော်လင့်ခဲ့မိသည်။

သို့သော် မဲရလဒ်များ ထွက်ပေါ်လာပြီ ဖြစ်သဖြင့် ဘာမှ လုပ်စရာ မရှိတော့ပေ။

လုချန်းက မဲရလဒ်များကို ကြည့်လိုက်ပြီး

“ကောင်းပြီ...ဒီလူတွေက ကျုပ်နဲ့အတူ ပြင်ပနယ်မြေကို လိုက်ကြမယ်။ ကျန်တဲ့သူတွေကတော့ ရှစစ်တပ်ကို ဦးဆောင်ပြီး နယ်မြေတွေ ဆက်ပြီး ချဲ့ထွင်ဖို့ ရှနိုင်ငံမှာ ကျန်ရစ်ခဲ့ရမယ်။”

“ဒီနေ့ အစည်းအဝေးကို ဒီမှာပဲ ရပ်နားမယ်။ ပြင်ပနယ်မြေကို သွားမယ့် ဧကရာဇ်တွေ ပြင်ဆင်ထားကြပါ။ နောက်တစ်လကြာရင် ကျုပ်နဲ့အတူ ထွက်ခွာကြမယ်။”

သူ၏ စကားအဆုံးတွင် လုချန်း၏ ခန္ဓာကိုယ်ပျောက်ကွယ်သွားတော့သည်။ လုချန်း ထွက်ခွာသွားပြီးနောက် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များထဲတွင် စိတ်လှုပ်ရှားနေသူများရှိသကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေသူများလည်း အမြောက်အမြား ရှိနေကြတော့သည်။

ရွေးချယ်ခံရသော ဧကရာဇ်များကတော့ အတော်လေး စိတ်လှုပ်ရှားနေကြသော်လည်း ရှနိုင်ငံ၌ ကျန်ရစ်ခဲ့ရမည့်သူများမှာမူ စိတ်ပျက်လက်ပျက် အမူအရာများ ရှိနေကြ၏။

ထိုအချိန်တွင် ဧကရာဇ်အုပ်စုကြားမှ မျက်နှာသေဖြင့် ထျန်းဟုန်ဧကရီ ဖြတ်လျှောက်သွားသည်။ သူမ၏ အရှိန်အဝါကို ခံစားမိလျှင် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များ တိတ်ဆိတ်သွားကြ၏။ သူမ ခန်းမထဲမှ ထွက်ခွာသွားပြီးမှသာ သူတို့၏ ဆွေးနွေးမှုများကို ပြန်လည် စတင်ကြသည်။

ထျန်းဟုန်ဧကရီသည် ကောင်းကင်ဧကရာဇ်ခန်းမမှ ထွက်လာပြီးပြီးချင်းမှာပင် အာကာသလမ်းကြောင်းတစ်ခုအတွင်းသို့ ဆွဲခေါ်သွားသော အင်အားတစ်ခုကို ခံစားလိုက်ရသည်။

ရှနိုင်ငံတွင် ဤကဲ့သို့သော စွမ်းအားမျိုးကို အမျိုးသားတစ်ဦးတည်းသာ ပိုင်ဆိုင်နိုင်သည်။ ထျန်းဟုန်ဧကရီသည် မည်သည့် ခုခံမှုမှ မပြုလုပ်ပဲ သူမ၏ အဆောင်အတွင်းသို့ လုချန်း ဆွဲခေါ်သွားခြင်းကို ခွင့်ပြုလိုက်သည်။

သူမ၏ အဆောင်သို့ ပြန်ရောက်လျှင် လုချန်းသည် လက်တစ်ဖက်ကို ခေါင်းခု၍ ကုတင်ပေါ်တွင် လဲလျောင်းလျက် လှပသော အနီရောင် ကန့်လန့်ကာများကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ အဆောင်တွင်းရှိ လေထုသည်လည်း တိတ်ဆိတ်အေးစက်နေကာ ပဟေဠိဆန်သော အငွေ့အသက်များ ဖုံးလွှမ်းနေ၏။

ထျန်းဟုန်ဧကရီက

“ဘာကိစ္စလဲ”

ဟု အေးစက်စွာ မေးလိုက်သည်။

လုချန်း သူမကို ဤနေရာသို့ အလျင်အမြန် ဆွဲခေါ်လာသဖြင့် အရေးကြီးသော ကိစ္စတစ်ခုခု ရှိရမည်ဟု ဆိုလိုသည်။ လုချန်းက အခန်းထဲရှိ ထျန်းဟုန်ဧကရီကို လှည့်ကြည့်ကာ

“မင်းက ပြင်ပနယ်မြေအကြောင်းကို ရင်းနှီးသင့်တယ် မဟုတ်လား”

ဟု မေးလိုက်သည်။

လုချန်း၏ အတိတ်ဘဝ မှတ်ဉာဏ်ထဲ၌ ပြင်ပနယ်မြေ မရှိပေ။ ဤဘဝမှသာ ပေါ်လာခြင်း ဖြစ်၏။ သူ၏ ယခင်ဘဝတွင် ထိုအကြောင်းကို မကြားဖူးခဲ့ပေ။

ထျန်းဟုန်ဧကရီသည် ယခင်ဘဝက ပြင်ပနယ်မြေ၌ ကျဆုံးခဲ့ဖူးသဖြင့် ထိုနေရာအကြောင်းကို များစွာ သိလိမ့်မည်ဟု လုချန်း တွေးမိသည်။ ပြင်ပနယ်မြေသို့ ဝင်ရောက်လျှင် ဘာမျှမသိပဲ မဖြစ်နေစေရန်နှင့် ပြင်ပနယ်မြေ၏ အခြေအနေကို နားလည်ရန် သူမကို မေးမြန်းထားသင့်သည်ဟု လုချန်း ယူဆသည်။

ထိုသို့ပြောအပြီးတွင် လုချန်းက လက်ကို အသာအယာ မြှောက်လိုက်ရာ နောက်တစ်ခဏ၌ ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရပဲ ကုတင်ပေါ်သို့ ပျံတက်သွားပြီး လုချန်း၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်။

ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စွမ်းအားများ ပွင့်ထွက်လာသော်လည်း လုချန်းက သတ်ဖြတ်ခြင်း စွမ်းအားကို ထိန်းချုပ်နိုင်သဖြင့် သူ့ကို မထိခိုက်နိုင်ပေ။ သူက ၎င်းကို တိုက်ရိုက် စုပ်ယူလိုက်ပြီးနောက် ထျန်းဟုန်ဧကရီအား ပွေ့ဖက်လိုက်သည်။

ထျန်းဟုန်ဧကရီ၏ အနီရောင် မျက်လုံးများက လုချန်းကို စူးစိုက်ကြည့်နေရင်း

“ရှင့်မှာ မေးစရာရှိရင် မေးပါ...လက်ပါစရာ မလိုဘူး။”

လုချန်းက ရယ်မောလိုက်သည်။

“ကိုယ် မေးလည်း မေးနိုင်သလို လက်လည်း ပါနိုင်တာပဲ။ အဲဒါ့က ဆိုင်မှမဆိုင်တာ။”

ထိုစကားနှင့်အတူ ထျန်းဟုန်ဧကရီ၏ အဝတ်စုတ်ပြဲသံကို ကြားလိုက်ရသည်။ သူမ၏ အမူအရာမှာလည်း ပို၍ အေးစက်လာခဲ့၏။ ဤလူသည် တစ်နေ့ထက်တစ်နေ့ ပို၍ ဆိုးသွမ်းလာနေသည်။

ထျန်းဟုန်ဧကရီ တစ်ခုခု မလုပ်နိုင်ခင်မှာပင် လုချန်းက သူမ၏ နားသို့ ကပ်ကာ

“ကိုယ် အဲဒီ တခြားကမ္ဘာက သတ္တဝါတွေအကြောင်းကို အရမ်း စိတ်ဝင်စားနေတာ။”

“မင်း အရင်က သူတို့နဲ့ တိုက်ခဲ့ဖူးတယ် မဟုတ်လား။ သူတို့က ဘယ်လောက် အစွမ်းထက်လဲ။”

လုချန်းက လှုပ်ရှားမှုများကို စတင်ရင်း မေးမြန်းလိုက်ခြင်းဖြစ်သည်။ ထျန်းဟုန်ဧကရီသည် လုချန်း၏ အပြုအမူများကို ငြီးငွေ့နေပြီ ဖြစ်၏။ သူသည် သူမ၏ စည်းမျဉ်းများကို အကြိမ်ကြိမ် ကျော်လွန်ခဲ့သည်ဟု တွေးတောရင်း

“ကျွန်မ သူတို့နဲ့ တိုက်ဖူးတယ်။ သူတို့က အရမ်း အစွမ်းထက်တယ်။”

ဟု ဖြေလိုက်သည်။

လုချန်းက ထပ်မေးပြန်၏။

“အဲဒီ တခြားလောကက သတ္တဝါတွေ သုံးတဲ့ စွမ်းအားနဲ့ ကိုယ်တို့ သုံးတဲ့ စွမ်းအားက ဘာကွာခြားချက် ရှိလဲ။”

ထျန်းဟုန်ဧကရီက

“ဘာမှ မကွာခြားဘူး”

တခြားလောကတွင် မတူညီသော နိယာမများ ရှိနေပါလျက်နှင့် သူတို့ အသုံးပြုသော စွမ်းအားများ အဘယ်ကြောင့် သူတို့နှင့် အတူတူ ဖြစ်နေရသနည်းဟု လုချန်း တွေးမိသည်။

လုချန်းက ဆက်လက်၍

“ပြင်ပနယ်မြေမှာ ကောင်းကင်နတ်ဆိုးတွေ ရှိလား”

ထျန်းဟုန်ဧကရီက

“ရှိတယ်”

ဟု ခပ်ပြတ်ပြတ် တုံ့ပြန်၏။

ထျန်းဟုန်ဧကရီ၏ အဖြေများက တိုတောင်းနေဆဲ ဖြစ်သည်။ ဤအခြေအနေမျိုးတွင် လုချန်း၏ မေးခွန်းများကို သူမ စိတ်ရှည်လက်ရှည် ဖြေဆိုနေခြင်းကပင် တော်လှပြီ ဖြစ်၏။

သူမ ဤလူနှင့် လုံးဝ စကားမပြောချင်ပေ။ လုချန်းက ဆက်လက်၍

“အခြား လောကက သတ္တဝါတွေ ပြင်ပနယ်မြေထဲကို ဝင်လာဖို့ သုံးတဲ့ လမ်းကြောင်းတွေကို မြင်ဖူးလား။”

ထျန်းဟုန်ဧကရီက

“မမြင်ဖူးဘူး။”

လုချန်းသည် ခဏခန့် တိတ်ဆိတ်သွားပြီး သူ၏ လုပ်ဆောင်ချက်များကိုသာ အာရုံစိုက်လိုက်သည်။ အချိန်မည်မျှ ကြာသွားသည်မသိ လုချန်းက

“ပြင်ပနယ်မြေမှာ မင်းအတွက် နက်နက်ရှိုင်းရှိုင်း မှတ်မိနေစေမယ့် အရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်နဲ့ ဆုံခဲ့ဖူးလား။”

ထျန်းဟုန်ဧကရီက မရှိဟု ပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားကာ

“ကျွန်မကို တစ်ခုခု ပြောခဲ့ဖူးတဲ့ အခြားလောကက သတ္တဝါ တစ်ကောင်နဲ့တော့ ဆုံခဲ့ဖူးတယ်။”

လုချန်းက စူးစမ်းလိုစိတ်ဖြင့်

“သူက ဘာပြောခဲ့တာလဲ”

ထျန်းဟုန်ဧကရီအပေါ် နက်ရှိုင်းသော စွဲထင်မှုကို ဖြစ်စေသည့် အကြောင်းအရာဟု ကြားသဖြင့် လုချန်း၏ စူးစမ်းလိုစိတ်များ ထက်သန်လာပြန်သည်။

ထျန်းဟုန်ဧကရီက တိုက်ရိုက်ပင်

“အဲ့ဒီလူက ပြောတယ်။ ကျွန်မတို့က ကစဉ့်ကလျား သားရဲအတွက် အစာတွေပဲတဲ့။ ဒါပေမဲ့ ကျွန်မက ကျွန်မတို့ရဲ့ အမျိုးအနွယ်တွေကို သတ်ဖို့ အဲဒီသားရဲတွေကို ကူညီပေးနေတယ်တဲ့။”

ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။

ကစဉ့်ကလျား သားရဲအတွက် အစာ ဟုတ်လား။

ပြီးတော့ အမျိုးအနွယ်များ...။

ကစဉ့်ကလျား သားရဲဆိုတာ ဘာများလဲ။

တခြားကမ္ဘာမှ သတ္တဝါက ထျန်းဟုန်ဧကရီသည် သူမ၏ အမျိုးအနွယ်များကို သတ်ဖြတ်ရန် ကစဉ့်ကလျား သားရဲကို ကူညီပေးနေသည်ဟု ပြောဆိုချက်၌ ဆိုလိုချင်သည့် ‘အမျိုးအနွယ်’ ဆိုသည်မှာ တခြားလောကမှ သတ္တဝါများကို ရည်ညွှန်းနေခြင်းလား။

တခြားကမ္ဘာမှ သတ္တဝါများက ထျန်းဟုန်ဧကရီကို သူတို့၏ အမျိုးအနွယ်ဝင် တစ်ဦးအဖြစ် သတ်မှတ်နေခြင်း ဖြစ်နိုင်ပါ့မလား။

ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။

လုချန်း အတွေးများထဲတွင် နစ်မျောလျက် ထပ်မံ တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာသွားပြီး ထျန်းဟုန်ဧကရီက လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်ကို ရုတ်တရက် အသက်သွင်းလိုက်မှသာ လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာသည်။

သူက သက်ပြင်းကို ပြင်းပြင်းရှူလိုက်ပြီး

“အဲဒီ အခြား လောကက သတ္တဝါတွေက မင်းကို သူတို့ အမျိုးအနွယ်လို့ သတ်မှတ်တာက မင်းက သူတို့နဲ့ ရုပ်ချင်းဆင်နေလို့ မင်းကိုလည်း အခြားလောကက သတ္တဝါလို့ ထင်နေတာများလား။”

ထျန်းဟုန်ဧကရီက

“ကျွန်မ မသိဘူး”

ဟု အေးစက်စွာ တုံ့ပြန်၏။

အခြားလောကမှ သတ္တဝါများက အဘယ်ကြောင့် ထိုသို့ ပြောခဲ့သည်ကို သူမ အမှန်တကယ်ပင် မသိသကဲ့သို့ ထိုကိစ္စကိုလည်း အထူးတလည် ဂရုမစိုက်ခဲ့ပေ။ သို့သော် ထိုအခြားလောကမှ သတ္တဝါ၏ စကားလုံးများသည် သူမအပေါ် သိသာထင်ရှားသော စိတ်ဝင်စားမှုတစ်ခု ဖြစ်စေခဲ့သည်ကိုတော့ သူမ ဝန်ခံရပေမည်။

သူမကို အစဉ်အမြဲ မေးခွန်းထုတ်စေသည့် အရာသည် ထိုသူပြောခဲ့သည့် ကစဉ့်ကလျား သားရဲအကြောင်း ဖြစ်၏။

အဘယ်ကြောင့် ထိုအခြားလောကမှ သတ္တဝါက သူမသည် ကစဉ့်ကလျား သားရဲကို ကူညီပြီး ကိုယ့်အမျိုးအနွယ်များကို သတ်ဖြတ်နေသည်ဟု ထင်ခဲ့ရသနည်း။

ကစဉ့်ကလျား သားရဲအကြောင်းကို သူမ တစ်ခါမှပင် မကြားဖူးခဲ့ပေ။

ပြင်ပနယ်မြေတွင် လျှို့ဝှက်ချက်များစွာ ရှိနေပုံရသည်ဟု လုချန်းက တွေးလိုက်သည်။ လျှို့ဝှက်ချက်တို့သည် အချိန်တန်လျှင် ပေါ်ထွက်လာစမြဲ ဖြစ်သည်ဟု လုချန်း ယုံကြည်ထား၏။ ဤပြင်ပနယ်မြေ ခရီးစဉ်သည် စနစ် သို့မဟုတ် ဘဝသံသရာ ကျောက်တုံးနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ဖော်ထုတ်ပေးနိုင်ပေလိမ့်မည်။

p

…………

အခန်း (၁၅၂၀)

အဆင့်တက်ခြင်း

ထျန်းဟုန် ဧကရီ၏ စကားများကို နားထောင်ပြီးနောက် ပြင်ပနယ်မြေ ခရီးစဉ်အတွက် လုချန်း၏ မျှော်လင့်ချက်များ ပို၍ ပြင်းထန်လာခဲ့သည်။

ထျန်းဟုန် ဧကရီကဲ့သို့ပင် လုချန်းလည်း ကစဉ့်ကလျား သားရဲနှင့် ပတ်သက်၍ အလွန် စိတ်ဝင်စားမိ၏။ ထိုသားရဲအကြောင်းကို တစ်ခါမှလည်း သူ မကြားဖူးခဲ့ချေ။

ထိုအခြားလောကမှ သတ္တဝါ၏ စကားအရ ဤစကြဝဠာအတွင်းရှိ လူသားအားလုံးသည် ကစဉ့်ကလျား သားရဲ၏ လက်ပါးစေများ ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိသည်။

ထို့ကြောင့် ထျန်းဟုန် ဧကရီနှင့် တိုက်ခိုက်ခဲ့သော အခြားလောကမှ သတ္တဝါ၏စိတ်ထဲ၌ ဤလူသားများသည် အဘယ်ကြောင့် ထိုကစဉ့်ကလျား သားရဲဘက်မှ ရပ်တည်နေကြသည်ကို နားမလည်နိုင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

လှုပ်ရှားရင်း ကစဉ့်ကလျား သားရဲဆိုသည်မှာ မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်းဟု လုချန်း အဆက်မပြတ် စဉ်းစားနေခဲ့သည်။ သူ သိထားသော မှတ်ဉာဏ်များအတွင်း ရှာဖွေကြည့်သော်လည်း မည်သည့်သဲလွန်စမှ မရခဲ့ပေ။

ဤစကြဝဠာအတွင်း၌ ကစဉ့်ကလျား သားရဲဟူ၍ တကယ် မရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုအခြားလောကမှ သတ္တဝါများ ပြောဆိုသော သားရဲသည် ကောင်းကင်နတ်ဆိုးများကို ဆိုလိုခြင်းလား။

ထားလိုက်ပါတော...

အလွန်အကျွံ စဉ်းစားမနေခြင်းက ပိုကောင်းပေသည်။ ပြင်ပနယ်မြေသို့ ရောက်ရှိသွားပါက အခြားလောကမှ သတ္တဝါတစ်ကောင်ကို ဖမ်းဆီး၍ မေးမြန်းလိုက်ရုံသာ ဖြစ်သည်။

ထိုအတွေးနှင့်အတူ လုချန်းလည်း ဆက်လက် စဉ်းစားမနေတော့ပဲ သူ၏ အလုပ်ကိစ္စများ၌သာ အာရုံစိုက် လုပ်ဆောင်လေတော့သည်။ လုချန်းက သူမကို မေးခွန်းများ ဆက်မမေးတော့ပဲ အလုပ်ကိစ္စများ၌သာ အာရုံစိုက်နေသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီ၏ နီမြန်းနေသော ပါးပြင်များ ပို၍ အေးစက်သွားခဲ့သည်။

‘ဒီလူယုတ်မာက ငါ့ကို မေးချင်တာ လာမေးပြီး အခုကျတော့ မေးခွန်းနည်းနည်းလောက်နဲ့တင် ရပ်လိုက်တာလား။ ဒါက ဘယ်လို မေးမြန်းတာမျိုးလဲ။ သူ တစ်ခုခုကို ကြံစည်နေတာ ထင်ရှားနေတာပဲ။ ထားလိုက်ပါတော့...ငါတို့မှာ ရင်သွေးလည်း ရှိနေပြီပဲ။ သူ အလိုရှိသလိုသာ လုပ်ပါစေတော့’

ဟူသာ သူမတွေးလိုက်တော့သည်။

ထျန်းဟုန် ဧကရီသည် လုချန်းကို အနှောင့်အယှက် မပြုခဲ့သော်လည်း နောက်ပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အသုံးပြု၍ သူ့ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ခဲ့သည်။

…..

တစ်လဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

ရှနိုင်ငံတော်မှ ပြင်ပနယ်မြေသို့ မထွက်ခွာမီ သူ၏ ကျင့်စဉ်အဆင့် အတားအဆီး လျော့ရဲလာသည်ကို လုချန်း ရုတ်တရက် သတိပြုမိလိုက်သည်။ ရှနိုင်ငံတော်သည် နယ်မြေများစွာကို ချဲ့ထွင်နိုင်ခဲ့ပြီး အားကောင်းသော ကံစွမ်းအားများကို စုဆောင်းနိုင်ခဲ့သော်လည်း ထိုအချိန်အတွင်း၌ သူ၏ အဆင့်အတားအဆီးများ မည်သို့မှ လျော့ရဲမလာခဲ့သဖြင့် လုချန်း အနည်းငယ် အံ့အားသင့်ခဲ့ရသည်။

မထင်မှတ်ပဲ ပြင်ပနယ်မြေသို့ မသွားမီ ထျန်းဟုန် ဧကရီနှင့် ရင်းနှီးခဲ့ခြင်းက သူ၏ အဆင့်အတားအဆီးကို လျော့ရဲသွားစေခဲ့သည်။ အဆင့်တက်လှမ်းခြင်းသည် အလျင်စလို လုပ်၍မရပေ။ သဘာဝအတိုင်း လွှတ်ထားခြင်းကသာ ပို၍မြန်ဆန်စွာ တက်လှမ်းစေနိုင်ပုံရသည်။

……

ထိုအခိုက်အတန့်တွင်။

ထျန်းဟုန် ဧကရီ၏ အဆောင်အတွင်း၌။

လုချန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ထျန်းဟုန် ဧကရီ၏ မျက်နှာအမူအရာသည် အလွန် တည်သွားခဲ့သည်။

‘ဒီလူယုတ်မာက ဒီလိုအချိန်မျိုးမှာ တကယ်ပဲ အဆင့်တက်သွားတာလား။ အခုတော့ ငါတို့ရဲ့ အဆင့်တွေက ပြန်တူသွားပြန်ပြီ။ ဒါတော့ မဖြစ်ဘူး။’

ပြင်ပနယ်မြေသို့ သွားသည့်အခါ လုချန်း၏ အဆင့်ကို ကျော်လွန်နိုင်စေရန်အတွက်သတ်ဖြတ်မှုများကို သူမ အကြီးအကျယ် ပြုလုပ်ရပေမည်။ ပစ္စည်းကပ်ဝိညာဉ် စာချုပ်ကြောင့် လက်ရှိတွင် လုချန်းကို ဘာမှ မလုပ်နိုင်သော်လည်း အနည်းဆုံးတော့ သူ့ထက် အဆင့် ကျော်လွန်နေခြင်းက သူမကို ကျေနပ်မှုအချို့ ပေးစွမ်းနိုင်သည်။

သူမ၏ အဆင့် လုချန်းထက် နိမ့်ကျနေပါက သူမ၏ စိတ်အခြေအနေ ပို၍ ဆိုးရွားလာပေမည်။ စိတ်ဓာတ်ကြံ့ခိုင်သော ဧကရီတစ်ပါးအနေနှင့် မိမိ၏ အင်အား ထိုလူယုတ်မာ လုချန်းထက် နိမ့်ကျနေခြင်းကို သူမ လုံးဝ ခွင့်မပြုနိုင်ချေ။

ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီကို လုချန်းက ပြုံးလျက် ကြည့်လိုက်ပြီး

“ဟုန်ဟုန်... ဒီတစ်ကြိမ်သည်တော့ မင်းကြောင့် ကိုယ် အချိန်တိုအတွင်းသည် ဧကရာဇ် အဆင့်ခြောက် နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။”

“မင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်က ကိုယ့်အမျိုးသမီးတွေအားလုံးထဲမှာ အကောင်းဆုံးပဲလို့ ပြောရလိမ့်မယ်။”

ထျန်းဟုန် ဧကရီက လုချန်းကို ဘာစကားမှ မဆိုပဲ အေးစက်က် စိုက်ကြည့်နေခဲ့သည်။

လုချန်းက

“အချိန်က တော်တော်လေး သင့်တော်နေပြီ။ ကိုယ်တို့ အပြင်ထွက်ကြရအောင်”

ထိုသို့ပြောရင်း လုချန်း ဖြည်းညှင်းစွာ ထရပ်လိုက်ရာ ထျန်းဟုန် ဧကရီက

“ရှင့်ရဲ့ ပင်မခန္ဓာက သွားမှာလား”

ဟု သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

လုချန်း၏ ပင်မခန္ဓာသည် အဆင့်ခြောက်တွင် ရှိနေပြီးဖြစ်သည့်အပြင် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာကလည်း သူ့အပေါ် ဆိုးကျိုးမသက်ရောက်သဖြင့် သူ၏ ပင်မခန္ဓာသာ ပြင်ပနယ်မြေသို့ ရောက်ရှိသွားပါက မည်သူမှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။

“မလိုပါဘူး”

ဟု လုချန်းက ပြောလိုက်သည်။

အဆင့်တက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်သည် နောက်ထပ် ကိုယ်ပွား တစ်ခု ပို၍ထိန်းချုပ်နိုင်ကြောင်း သူ သိသော်လည်း လုချန်းတွင် စိုးရိမ်ပူပန်မှု အချို့ ရှိနေဆဲ ဖြစ်သည်။

အကယ်၍ သူ၏ ကိုယ်ပွားသာ ပြင်ပနယ်မြေသို့ သွားပါက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါဦးမလား။

သူ၏ ကိုယ်ပွားသည် အခြားသူများနှင့် မတူပဲ စိတ်ဝိညာဉ် တစ်ခုတည်းမှ တစ်ချိန်တည်း၌ ထိန်းချုပ်ထားသော ရုပ်သေးရုပ်နှင့် ပိုတူသည်။ ဤစကြဝဠာအတွင်း၌ ထိုအရာကို သူပြုလုပ်နိုင်သော်လည်း ပြင်ပနယ်မြေသည် ဤစကြဝဠာ၏ အစိတ်အပိုင်း ဟုတ်တော့ပုံ မရပေ။

သူ၏ ကိုယ်ပွား ပြင်ပနယ်မြေသို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်နှင့် အဆက်အသွယ် ပြတ်တောက်သွားပါက ထိုကိုယ်ပွားသည် အလောင်းတစ်ခုကဲ့သို့ အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။

ထိုအချက်ကို လောလောဆယ် လျစ်လျူရှုထားရန် လုချန်း ဆုံးဖြတ်လိုက်သည်။ ပြင်ပနယ်မြေသို့ ရောက်ရှိသွားပါက ထိုသို့လုပ်၍ ရမရ သူ သိရပေမည်။

ပြင်ပနယ်မြေ၌ ကိုယ်ပွားကို မထိန်းချုပ်နိုင်ပါက ပြင်ပနယ်မြေသို့ သွားရန်အတွက် သူ၏ စိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်၍ အခြားသူများကဲ့သို့ တကယ့် ကိုယ်ပွားတစ်ခု ဖန်တီးရပေမည်။

လက်ရှိတွင် အရေးကြီးဆုံးက ကိုယ်ပွားအသစ် တစ်ခုကို ဖန်တီးရန် ဖြစ်သည်။ အဆင့်တက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်သည် သိသိသာသာ ပို၍ အားကောင်းလာသဖြင့် ပို၍ အစွမ်းထက်သော ကိုယ်ပွားများကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်စွမ်း ရှိလာလိမ့်မည်။

ထိုအချိန်တွင် ဖန်တီးခြင်း စွမ်းအားကို အသုံးပြု၍ ဧကရာဇ် အဆင့် ခန္ဓာကိုယ်ကို လုချန်း ဖန်တီးလိုက်၏။ ထိုဧကရာဇ် ခန္ဓာကိုယ်သည် ဧကရာဇ် အဆင့်‌လေးတွင် ရှိသည်။

ထိုခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသော အဆင့်လေး ဧကရာဇ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ထျန်းဟုန် ဧကရီ၏ စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့သည်။

လုချန်း၏ ကိုယ်ပွားများသည် အခြားသူများနှင့် မတူကြောင်းကို သူမ ကောင်းစွာ သိထားသည်။ သူ၏ ကိုယ်ပွား သေဆုံးသွားလျှင်ပင် လုချန်း၏ စိတ်ဝိညာဉ်ကို ထိခိုက်မှု မရှိစေပေ။ ၎င်းတို့သည် အခြေခံအားဖြင့် ရုပ်သေးရုပ်များသာ ဖြစ်ကြသည်။

ယခု လုချန်းသည် ဧကရာဇ် အဆင့်လေး ကိုယ်ပွားများကိုပင် ထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့် ကိစ္စတော်တော်များများကို ကိုယ်တိုင် သွားရောက်ရန် မလိုပဲ ကိုင်တွယ်နိုင်ပြီ ဖြစ်၏။ သူသည် အခြားသူများနှင့် ယှဉ်လျှင် အံ့ဩဖွယ်ကောင်းလောက်အောင် ဘေးကင်းလှသည်။

လုချန်း၏ အခြေအနေမျိုးတွင် ပင်မခန္ဓာသည် သက်သောင့်သက်သာ ပုန်းကွယ်နေနိုင်ပြီး ရန်သူများ အင်အားကုန်ခမ်း၍ သေဆုံးစေရန် ကိုယ်ပွားများကိုသာ အားကိုးနိုင်သည်။

ထျန်းဟုန် ဧကရီက

“ရှင့်ရဲ့ ရုပ်သေး အတတ်ပညာကို ကျွန်မကို သင်ပေးနိုင်မလား။”

လုချန်းသည် ကိုယ်ပွားများကို ဖန်တီးရန်အတွက် ဖန်တီးခြင်း စွမ်းအားကို အသုံးပြုနေခြင်းဖြစ်ကြောင်း ထျန်းဟုန် ဧကရီ မသိ ပေ။ ၎င်းသည် လုချန်း၏ အဆင့်မြင့် ရုပ်သေး အတတ်ပညာဟုသာ သူမ ယုံကြည်နေခဲ့သည်။

ယခင်က သူတော်စင် အဆင့် ရုပ်သေး အတတ်ပညာကို သူမအား လုချန်း သင်ကြားပေးခဲ့ဖူးသည်။ သို့သော် ရုပ်သေး အတတ်ပညာ၏ အစွမ်းသည် အသုံးပြုသူပေါ် မူတည်၍ များစွာ ကွဲပြားခြားနားသည်။

အဝေးမှ ထိန်းချုပ်နိုင်သော ရုပ်သေးရုပ်များကို သူမ ပြုလုပ်နိုင်သော်လည်း လုချန်းကဲ့သို့ ရုပ်သေးများ အသက်ဝင်လှုပ်ရှားစေရန် မပြုလုပ်နိုင်သလို စိတ်ဝိညာဉ်သို့ တိုက်ရိုက် ပို့ဆောင်နိုင်စွမ်းလည်း မရှိပေ။

လုချန်းက သဘောကျစွာ ရယ်မောလိုက်ပြီး

“ဒါက ရိုးရိုး ရုပ်သေး အတတ်ပညာ မဟုတ်ဘူး။ ရုပ်သေး အတတ်ပညာကို အခြေခံပြီး ဖန်တီးခြင်း စွမ်းအားနှင့် ပေါင်းစပ်ထားတဲ့ ဖန်တီးမှုပါ။”

“မင်းက သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေတာဆိုတော့ ဒါကို သင်ယူနိုင်မှာ မဟုတ်ဘူး။”

ထိုအရာကို ကြားလျှင် ထျန်းဟုန် ဧကရီ ဆက်လက် စကားမဆိုတော့ပေ။ ထိုကဲ့သို့သော ကောင်းကင်ဘုံ ဆန္ဒကို ဆန့်ကျင်သည့် မှော်အတတ်မျိုးသည် လူတိုင်း အသုံးပြုနိုင်သော အရာမဟုတ်ကြောင်း သူမ သိသဖြင့် လုချန်း သူမကို လိမ်ညာနေသည်ဟုလည်း သံသယ မဖြစ်မိပေ။ လူတိုင်းသာ လုချန်းကဲ့သို့သော မှော်အတတ်ကို တတ်မြောက်ပါက ဤစကြဝဠာသည် တကယ်ပင် ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။

လုချန်း စကားပြောပြီးသည်နှင့် သူ၏ ဧကရာဇ် အဆင့်လေး ခန္ဓာကိုယ် စတင် လှုပ်ရှားလာခဲ့သည်။ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ရွှေနက်ရောင် နဂါးဝတ်ရုံသတစ်ခု ကိုယ်ပွား၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပြီးနောက် ထျန်းဟုန် ဧကရီ၏ အဆောင်အတွင်းမှ ထွက်ခွာသွားခဲ့သည်။ လုချန်း၏ ကိုယ်ပွား ထွက်ခွာသွားပြီးနောက် သူ၏ ပင်မခန္ဓာသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

လုချန်း၏ ခန္ဓာကိုယ် နှစ်ခုလုံး ထွက်ခွာသွားသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ လုချန်းသည် သူမအပေါ် ပို၍ အေးစက်လာခဲ့ပြီး အားလုံး ပြီးဆုံးသွားသည့်အခါ သူမကို နှစ်သိမ့်ရန် သို့မဟုတ် အနည်းဆုံးတော့ အတူတူ ရေချိုးရန်ပင် ဂရုမစိုက်တော့ပေ။

သူတို့တွင် ဧကရာဇ် အဆင့် ခန္ဓာကိုယ်များ ရှိနေသဖြင့် အညစ်အကြေးများကို စွမ်းအားဖြင့် သန့်စင်နိုင်သော်လည်း ရေချိုးခြင်းသည် သံယောဇဉ်ကို ပို၍ခိုင်မြဲစေသော လှုပ်ရှားမှု ဖြစ်သည်။ ယခင်က လုချန်းသည် ထိုသို့သော အရာများကို ပြုလုပ်ခဲ့သော်လည်း ယခုတော့ လုချန်းသည် အဝတ်အစားများ ဝတ်ဆင်ပြီး ချက်ချင်း ထွက်ခွာသွားတတ်သည်။

ထျန်းဟုန် ဧကရီလည်း ထိုအကြောင်းကို များစွာ စဉ်းစားမနေတော့ပေ။ ထွက်သွားခြင်းသည် ထွက်သွားခြင်းသာ ဖြစ်၏။

သူမနှင့် သံယောဇဉ် ပိုမိုခိုင်မြဲအောင် လုချန်း ပြုလုပ်ပေးရန် သူမ အတွက် မလိုအပ်ချေ။ မကြာမီတွင် ထျန်းဟုန် ဧကရီသည်လည်း ကုတင်ပေါ်မှ ထရပ်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ ရွှေချည်ထိုးထားသော အနီရောင် ဖီးနစ်ဝတ်ရုံတစ်ခု သူမ၏ ကိုယ်ပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် သူမသည်လည်း အဆောင်အတွင်းမှ ထွက်ခွာကာ ကောင်းကင်ဧကရာဇ် ခန်းမသို့ ဦးတည် သွားရောက်လိုက်တော့သည်။

…………..

အခန်း (၁၅၂၁)

ဤဒီစကြဝဠာက လူတစ်ယောက် မဟုတ်

ကောင်းကင်ဧကရာဇ် ခန်းမသို့ လုချန်း ရောက်ရှိလာလျှင် ပြင်ပနယ်မြေသို့ သွားကြမည့် ဧကရာဇ်များ အားလုံး စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ရှိနေသော ဧကရာဇ်များကို လုချန်းက တစ်ချက်ကြည့်လိုက်ပြီး

“ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ပြင်ပနယ်မြေကို ရောက်ဖူးသလဲ။ လက်ထောင်ပြကြပါ။”

ထို့နောက် ဧကရာဇ်အဆင့် ဆယ်ဦးက လက်ထောင်ပြကြရာ လုချန်းက သူတို့ကို ကြည့်ပြီး

“မျှော်လင့်ထားတာထက် နည်းနေတာပဲ”

ဧကရာဇ်အဆင့် တစ်ရာနီးပါးထဲတွင် ဆယ်ဦးသာလျှင် ပြင်ပနယ်မြေသို့ ရောက်ရှိဖူးခြင်း ဖြစ်သည်။ ဧကရာဇ်အဆင့် အများစု ပြင်ပနယ်မြေသို့ ရောက်ဖူးလိမ့်မည်ဟု လုချန်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအရာက အရေးမကြီးပေ။ ထျန်းဟုန် ဧကရီက လမ်းပြမည် ဖြစ်သဖြင့် အဆင်ပြေ၏။ သူမသည် ပြင်ပနယ်မြေနှင့် ပတ်သက်၍ အလွန် ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်လိမ့်မည်။

လုချန်းက ဆက်လက်၍

“အခု အဖွဲ့တွေ ခွဲကြမယ်။ ပြင်ပနယ်မြေကို ရောက်ဖူးတဲ့သူတွေက အသင်းခေါင်းဆောင် လုပ်ရမယ်။ တစ်ဖွဲ့ကို လူဆယ်ယောက်စီ ခွဲပြီး ပြင်ပနယ်မြေ ရောက်တာနဲ့ အားလုံးက အသင်းခေါင်းဆောင်ရဲ့ စကားကို နားထောင်ရမယ်။”

ထိုအရာကို ကြားလျှင် ပြင်ပနယ်မြေသို့ ရောက်ဖူးသည့် ဧကရာဇ်အဆင့် ဆယ်ဦး အလွန် စိတ်လှုပ်ရှားသွားကြသည်။ ပြင်ပနယ်မြေသို့ ရောက်ဖူးရုံမျှဖြင့် လုချန်းထံမှ ထိုကဲ့သို့ တာဝန်ပေးအပ်ခြင်း ခံရလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ယာယီ အသင်းခေါင်းဆောင်မျှသာ ဖြစ်သော်လည်း ဤရာထူးကြောင့် လုချန်း၏ ရှေ့မှောက်တွင် စွမ်းဆောင်ရည် ပြသရန် အခွင့်အရေး ပိုမိုရရှိစေမှာ ထင်ရှားသည်။

ထို့နောက် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့် ကျင့်ကြံသူများသည် အဖွဲ့များ စတင်ဖွဲ့စည်းကြရာ မကြာမီသည်ပင် အဖွဲ့ဆယ်ဖွဲ့ ထွက်လာခဲ့သည်။ အဖွဲ့များ ဖွဲ့စည်းပြီးသည်ကို မြင်လျှင် လုချန်းက

“ကောင်းပြီ...ထွက်ခွာကြစို့”

ထိုစကားများနှင့်အတူ ခန်းမအတွင်းရှိ ဧကရာဇ် တစ်ရာကျော်တို့သည် ကောင်းကင်ဧကရာဇ် ခန်းမအတွင်းမှ ထွက်ခွာကာ အပြင်ဘက်ရှိ သူတော်စင် အဆင့် ကြယ်ဖျက်ယဉ်များပေါ်သို့ တက်ရောက်ခဲ့ကြသည်။

ဤပြင်ပနယ်မြေ ခရီးစဉ်အတွက် ရှနိုင်ငံတော်က သူတော်စင် အဆင့် ကြယ်ဖျက်ယဉ် တစ်ရာကျော်ကို စေလွှတ်ခဲ့ပြီး ဧကရာဇ်အဆင့် တစ်ဦးလျှင် ယာဉ်တစ်စီးစီကို ကွပ်ကဲစေခဲ့သည်။

ရှနိုင်ငံတော်တွင် ရှိသော သူတော်စင် အဆင့် ကြယ်ဖျက်ယဉ် စုစုပေါင်း အရေအတွက်သည် ငါးရာနီးပါး ရှိလာခဲ့ပြီ ဖြစ်သည်။ ရှနိုင်ငံတော်က ဆက်လက် နယ်မြေချဲ့ထွင်လာသည်နှင့်အမျှ ပိုင်ဆိုင်သော အရင်းအမြစ်များသည်လည်း ပို၍ပေါများလာကာ ကြယ်ဖျက်ယဉ်များ ထုတ်လုပ်သည့် နှုန်းသည်လည်း သိသိသာသာ မြန်ဆန်လာခဲ့သည်။ သူတော်စင် အဆင့် ကြယ်ဖျက်ယဉ် တစ်ရာကျော် ထွက်ခွာသွားခြင်းက ရှနိုင်ငံတော်၏ ပြင်ပနယ်မြေ ချဲ့ထွင်မှုများအပေါ် မည်သို့မှ သက်ရောက်မှု ရှိမည် မဟုတ်ချေ။

………

ထိုအခိုက်အတန့်တွင်။

ဗဟိုကြယ်နယ်မြေ။

လွန်ခဲ့သော တစ်လအတွင်း ဗဟိုကြယ်နယ်မြေသည် အလွန် စည်ကားနေခဲ့ပြီး ထိပ်တန်း အဖွဲ့အစည်းများကလည်း သူတို့၏ အင်အားစုများကို လှုပ်ရှားစေခဲ့ကြသည်။ ရှန်ယွဲ့နိုင်ငံ၊ ထျန်းကျိရဲတိုက်၊ မဟာမြင့်မြတ်နယ်မြေနှင့် ယန်ယန် နန်းတော်တို့သည် သူတို့၏ အထူးအင်အားစုများကို အခြေခံအားဖြင့် စုစည်းခဲ့ကြပြီး ဖြစ်သည်။ ထိုအဓိက အင်အားကြီး လေးခု စုစည်းနေကြသည်ကို မြင်လျှင် ၎င်းတို့သည် ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသည် လူများထင်မှတ်ခဲ့ကြသည်။

နောက်ပိုင်းတွင် ပြင်ပနယ်မြေ၌ အဆင့်ကိုး ဧကရာဇ်တစ်ဦးကို ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းစေနိုင်သည့် ရတနာတစ်ခု ပေါ်ထွက်လာကြောင်း ထျန်းကျိရဲတိုက်က သတင်းထုတ်ပြန်ခဲ့သည်။ ထိုအဖွဲ့အစည်း လေးခုသည် ပြင်ပနယ်မြေသို့ အတူတကွ သွားရောက်ကာ ထိုရတနာကို ရှာဖွေရန် စီစဉ်နေကြပြီး အခြား စိတ်ဝင်စားသော အဖွဲ့အစည်းများလည်း ပူးပေါင်းနိုင်ကြောင်း သိရသည်။

ထျန်းကျိရဲတိုက်၏ ထုတ်ပြန်ချက်ကို ကြားပြီးနောက် ရှေးဟောင်း မြင့်မြတ်နယ်မြေ အချို့သည်လည်း ထျန်းကျိရဲတိုက်၏ အဖွဲ့နှင့် ပူးပေါင်းကာ ပြင်ပနယ်မြေသို့ အတူတကွ သွားရောက်ရန် ရွေးချယ်ခဲ့ကြသည်။

အဆင့်ကိုး ဧကရာဇ်တစ်ဦးကို ထိုအဆင့်သို့ တက်လှမ်းစေနိုင်သော ရတနာသည် မည်သည့် အဆင့်ကိုး ဧကရာဇ်အတွက်မဆို မငြင်းဆန်နိုင်သော ဆွဲဆောင်မှု တစ်ခုပင် ဖြစ်သည်။

အရေးကြီးဆုံး အချက်က ထိုသတင်းသည် ထျန်းကျိရဲတိုက်ထံမှ လာခြင်းပင် ဖြစ်သည်။ စကြဝဠာအတွင်း၌ ထျန်းကျိရဲတိုက်၏ အဆင့်အတန်းသည် သံသယဖြစ်ဖွယ် မရှိပေ။

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ရှိစဉ်က ထျန်းကျိရဲတိုက်သည် အရာအားလုံးကို သိမြင်သည်ဟူသော အထင်အမြင်ကို စွဲထင်ကျန်ရစ်စေခဲ့သည်။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ထျန်းကျိရဲတိုက်မှ ထွက်ခွာသွားခဲ့သော်လည်း ထျန်းကျိရဲတိုက်သည် အရာအားလုံးကို သိနေဆဲဟု လူများက ယုံကြည်နေကြဆဲ ဖြစ်သည်။

ထျန်းကျိရဲတိုက်၏ ဒုတိယခေါင်းဆောင် ဖြစ်ခဲ့သော ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုပင် ထိုမျှ အစွမ်းထက်သော ဟောကိန်းထုတ် အတတ်ပညာများ ရှိပါက ရဲတိုက်သခင်၏ စွမ်းရည်ဆိုလျှင် ပြောနေရန်ပင် မလိုတော့သဖြင့် ဧကရာဇ်အဆင့် အများစုက ထျန်းကျိရဲတိုက်၏ ထုတ်ပြန်ချက်ကို ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအရာကို ယုံကြည်သော်လည်း ထျန်းကျိရဲတိုက်နှင့်အတူ ပြင်ပနယ်မြေသို့ လိုက်မသွားလိုသည့် ဧကရာဇ်အဆင့် အချို့လည်း ရှိ၏။ ယွမ်ချင်းရှုသည်လည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

……

အနီရောင်မိုးစက်ကမ္ဘာ။

ယွမ်ချင်းရှု၏ စံအိမ်။

ယွမ်ချင်းရှုသည် ကုတင်ပေါ်တွင် ထိုင်လျက် မျက်လုံးမှိတ်ကာ ကျင့်ကြံနေဆဲ ဖြစ်ပြီး ထိုအရှက်မရှိသော လူသည်လည်း အကွာအဝေးတစ်ခုတွင် တရားထိုင်နေခဲ့သည်။ မကြာသေးမီက အဖွဲ့အစည်းများစွာ၏ နတ်လှေများသည် အနီရောင်မိုးစက်ကမ္ဘာကို ဖြတ်ကျော်သွားခဲ့ကြပြီး ထိုနတ်လှေအားလုံးသည် ထျန်းကျိရဲတိုက်အဖွဲ့နှင့် ပူးပေါင်းရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

ထိုလှေများပေါ်ရှိ ဧကရာဇ်အဆင့် ကျင့်ကြံသူများသည် အနီရောင်မိုးစက်ကမ္ဘာ၌ ခဏခန့်သာ အနားယူကြပြီး မည်သည့် ပြဿနာမှ မရှာခဲ့ကြပေ။ သူတို့၏ ပန်းတိုင်သည် အဆင့်ကိုး ဧကရာဇ်တစ်ဦးကို ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းစေနိုင်သည်ဟု ကောလာဟလ ထွက်နေသော ရတနာပင် ဖြစ်သည်။

ပြင်ပနယ်မြေသို့ မရောက်မီတွင် မည်သည့် ပြဿနာမှ သူတို့မဖြစ်လိုကြပေ။ အဘယ်ကြောင့်ဆိုသော် ပြင်ပနယ်မြေသို့ မရောက်မီ အင်အား ဆုံးရှုံးမှု ရှိခဲ့ပါက ရတနာကို လုယူရန် အခွင့်အရေးလည်း ဆုံးရှုံးသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုအချိန်အတွင်း၌ စကြဝဠာ တစ်ခုလုံးသည် တစ်မျိုးတစ်ဖုံ ငြိမ်းချမ်းနေခဲ့ပြီး အဖွဲ့အစည်းတိုင်းသည် သူတို့၏ အင်အားကို ထိန်းသိမ်းနေခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် လုချန်းက မျက်လုံးဖွင့်လိုက်ပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသော ယွမ်ချင်းရှုကို ကြည့်ကာ

“လူတိုင်းက ကောင်းကင်ဧကရာဇ်ရဲ့ အစွမ်းကို ပေးနိုင်တဲ့ ရတနာအတွက် ပြိုင်ဆိုင်ဖို့ စိတ်အားထက်သန်နေကြတာ။ မင်းက ဘာလို့ မသွားတာလဲ”

“ဒီလို မြင့်မြတ်တဲ့ ရတနာကို မင်း စိတ်မဝင်စားဘူးလား။”

ယွမ်ချင်းရှုက လုချန်း၏ စကားကို လျစ်လျူရှုထားခဲ့သည်။ ယခုအချိန်တွင် ထိုမျက်နှာပြောင်လှသော လူနှင့် သူမ စကားမပြောလိုပေ။

လုချန်းက ဆက်လက်၍

“ကိုယ့်ရဲ့ နတ်လှေတပ်နဲ့ ဘာလို့ မပူးပေါင်းတာလဲ။ ကိုယ်လည်း ပြင်ပနယ်မြေကို ဧကရာဇ်အဆင့် တစ်ရာလောက် စေလွှတ်ထားတယ်။”

“မလိုပါဘူး”

ဟု ယွမ်ချင်းရှုက ပြောလိုက်သည်။

လုချန်းသည်လည်း ပြင်ပနယ်မြေသို့ သွားရန် ရည်ရွယ်ထားကြောင်း သိရသောအခါ သူမ အံ့အားသင့်သွားခဲ့သည်။

လုချန်းက ကောင်းကင်ဧကရာဇ် ပြန်လည်ဝင်စားလာသူ မဟုတ်ဘူးလား။

ထိုကဲ့သို့သော ရတနာများက သူ့အတွက် ဘာဆွဲဆောင်မှု ရှိနိုင်မည်နည်း။

သို့သော် သူ ကောင်းကင်ဧကရာဇ် ပြန်လည်ဝင်စားလာသူ ဆိုတာကလည်း အခြေအမြစ်မရှိသော ကောလာဟလ တစ်ခုလည်း ဖြစ်နိုင်သည်။

ထိုသို့ တွေးမိရင်း ယွမ်ချင်းရှုက

“ဒါက ထောင်ချောက်တစ်ခု ဖြစ်နေမှာကို ရှင်မကြောက်ဘူးလား။”

လုချန်းက ရယ်မောလိုက်ပြီး

“ဘာထောင်ချောက်လဲ”

ယွမ်ချင်းရှုက ဘာမှပြန်မဖြေပဲ တိတ်ဆိတ်နေခဲ့သည်။ ယွမ်ချင်းရှု တိတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းက

“ဒါက ကိုယ့်အတွက် ရည်ရွယ်ထားတဲ့ အကြံအစည်တစ်ခုလား ဆိုတာကိုလည်း ကိုယ် စဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဒါက ထောင်ချောက်တစ်ခု ဖြစ်နေရင်တောင် အရေးမကြီးပါဘူး။”

“ပြင်ပနယ်မြေမှာ အချက်အလက် အများကြီးကို ကိုယ်ကိုယ်တိုင် စစ်ဆေးဖို့ လိုအပ်တယ်။ ပြီးတော့ ဒါက ဘဝသံသရာ စက်ဝန်းကို ဖြတ်တောက်ဖို့အတွက် သော့ချက်လည်း ဖြစ်နိုင်တယ်လေ။”

“ဘဝသံသရာ ဟုတ်လား။”

ထိုစကားကို ကြားလျှင် ယွမ်ချင်းရှု ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

လုချန်းက

“အခု ဘဝမှာ ရှိနေတဲ့ ကိုယ့်ရဲ့ အမျိုးသမီးတွေက အရင် ဘဝတွေတုန်းကလည်း ကိုယ့်ရဲ့ အမျိုးသမီးတွေ ဖြစ်ခဲ့တယ်လို့ မင်းကို ကိုယ် ပြောဖူးတယ်နော်။”

“တကယ်တော့ ကိုယ်က တစ်ခါ၊ နှစ်ခါတင် မဟုတ်ပဲ အကြိမ်ကြိမ် ဘဝသံသရာ လည်ခဲ့တာ။ အဲ့ဒီ ဘဝသံသရာ မှတ်ဉာဏ်တွေ အားလုံးကလည်း ချိပ်ပိတ်ခံထားရတယ်။ ဘဝတစ်ခု ရောက်တိုင်း ကိုယ့်ရဲ့ မှတ်ဉာဏ်တွေ ချိပ်ပိတ်ခံလိုက်ရတာပဲ။ ဘဝတိုင်းမှာ အရင့်အရင် ဘဝက မှတ်ဉာဏ်တွေကို ပြန်ရဖို့ အချိန်နဲ့ အင်အား အများကြီး သုံးခဲ့ရတယ်။ ဒါကြောင့် ကိုယ်က အစဦးဆုံး မှတ်ဉာဏ်တွေကို ဘယ်တော့မှ ပြန်မရခဲ့ပဲ စကြဝဠာကပ်ဘေး စက်ဝန်းထဲ အမြဲတမ်း ပတ်ချာလည်နေခဲ့ရတာပဲ။

လုချန်း၏ စကားများကို ကြားလျှင် ယွမ်ချင်းရှု အလွန် အံ့အားသင့်သွားခဲ့သည်။

အကြိမ်ကြိမ် ဘဝသံသရာ လည်ခဲ့တာလား။

စကြဝဠာ ပျက်စီးလိုက်၊ ပြန်လည် ဖြစ်ပေါ်လာလိုက် ဖြစ်နေတဲ့ ကြားထဲ တစ်စုံတစ်ယောက်က အကြိမ်ကြိမ် ဘဝသံသရာ လည်နေတယ် ဆိုတာက တကယ်ပဲ ဖြစ်နိုင်လို့လား။

အကယ်၍ လုချန်း ပြောတာသာ မှန်ရင် လုချန်း အဖြစ်က တကယ့်ကို ဝမ်းနည်းစရာ ကောင်းနေတာပဲ။

ယခင် ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် သေခြင်းတရားကို ကြောက်ရွံ့ရခြင်းအား သူမ ထပ်မရင်ဆိုင်ချင်တော့ပေ။ သို့သော် လုချန်းကတော့ ထိုအရာကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတာလား။

လုချန်း အမှန်အတိုင်း ပြောနေတာ ဆိုရင်တော့ သူအဖြစ်က တကယ်ကို သနားစရာပင်။

ယခုတစ်ကြိမ်တွင်တော့ လုချန်း အမှန်အတိုင်း ပြောနေသည်ဟု သူမ ခံစားလိုက်ရသည်။

လုချန်းက ဆက်လက်၍

“ကိုယ်က ဒီစကြဝဠာထဲက သတ္တဝါ တစ်ဦး မဟုတ်ပဲ တစ်နည်းနည်းနဲ့ ဒီထဲကို ရောက်လာပြီး ပိတ်မိနေတာလို့ သံသယရှိတယ်။”

လုချန်း၏ အဆင့် ပိုမိုမြင့်မားလာသည်နှင့်အမျှ ပြင်းထန်သော ကန့်သတ်ချက် တစ်ခုကို သူ ခံစားလာရ၏။ တစ်စုံတစ်ခုက သူ၏ အင်အားကို ဖိနှိပ်ထားသည်ဟု အမြဲ ခံစားနေရခြင်း ဖြစ်သည်။

ပြင်ပနယ်မြေနှင့် ပတ်သက်၍ ထျန်းဟုန် ဧကရီ၏ ပြောပြချက်များနှင့် ပေါင်းစပ်လိုက်လျှင် သူသည် ဤစကြဝဠာမှ မဟုတ်ပဲ အခြားလောကမှ သတ္တဝါများနှင့် တစ်နေရာတည်းမှ လာသူဖြစ်ကြောင်း သူ ပိုသေချာလာခဲ့သည်။ ကစဉ့်ကလျား သားရဲဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကိုတော့ သူ မသိသေးသော်လည်း ဤပြင်ပနယ်မြေ ခရီးစဉ်တွင် အဖြေကို တွေ့ရှိလိမ့်မည်ဟု သူ ယုံကြည်နေသည်။

All Chapters