← Chapters

ဟင်းလင်းပြင် နယ်မြေ၏ အဓိပ္ပာယ်

Vol. 46 Ch. 484

ဟင်းလင်းပြင် နယ်မြေ၏ အဓိပ္ပာယ်

Vol. 46 Ch. 484

တိမ်ပင်လယ်၏ အထက်တွင် ကျော့ရှင်းလှပသော အဆောင် လေး တစ်ခု ရှိနေသည်။

ထိုအဆောင် လေး၏ အောက်တွင် ထန်ထျန်းနှင့် မင်ရွှမ်အင်မော်တယ်အရှင်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ယခုအချိန်တွင် မင်ရွှမ်အင်မော်တယ်အရှင်ကို ကြည့်ရသည်မှာ အရင်ကထက် အနည်းငယ် ပို၍ ငယ်ရွယ်သွားသကဲ့သို့ပင်။

"ထန်ထျန်း"

"မင်း ဖန်တီးလိုက်တဲ့ ဒီဟင်းလင်းပြင် နယ်မြေက ငါ့စိတ်ကြိုက်ပဲကွာ၊ ဟားဟားဟား..."

မင်ရွှမ်အင်မော်တယ်အရှင်က အကျယ်ကြီး ရယ်မောလိုက်သည်။

ထန်ထျန်းကလည်း ပြုံးလျက် ပြောလိုက်သည်။ "အရှင် နှစ်သက်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ"

ဤနေရာမှာ ဟင်းလင်းပြင် နယ်မြေအတွင်း ရှိနေခြင်း ဖြစ်သည်။

ကမ္ဘာ၏ မြို့တော်တွင် ထန်ထျန်းက ရှောင်ကျိကို သီးခြားလွတ်လပ်သော မြင်ကွင်း မြောက်မြားစွာကိုလည်း ဖန်တီးခိုင်းထားသည်။

ဤတိမ်ပင်လယ်မှာ ၎င်းတို့အနက် တစ်ခု ဖြစ်သည်။

ကျင့်ကြံသူများက လျှို့ဝှက်ချက် လုံခြုံမှုကို အလွန် အလေးထားကြသဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ ကျင့်ကြံသူများ သီးသန့် တွေ့ဆုံနိုင်ရန် အထူး ဖန်တီးပေးထားခြင်း ဖြစ်သည်။

ခုနက ထန်ထျန်းနှင့် မင်ရွှမ်အင်မော်တယ်အရှင်တို့ ဆက်သွယ်ခဲ့ကြစဉ် ဟင်းလင်းပြင် နယ်မြေအတွင်းရှိ အချို့သော အရာများကို မင်ရွှမ်အင်မော်တယ်အရှင်က အလွန် စိတ်ဝင်စားနေသဖြင့် နှစ်ဦးသား တိုင်ပင်ကာ ဟင်းလင်းပြင် နယ်မြေထဲတွင် လူကိုယ်တိုင် တွေ့ဆုံ စကားပြောရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"အရှင့်ရဲ့ အခြေအနေတွေ အဆင်ပြေရဲ့လား"

ထန်ထျန်းက မေးလိုက်သည်။

မင်ရွှမ်အင်မော်တယ်အရှင်က လက်ခါပြရင်း ရယ်မောကာ "ရာထူးကလည်း နုတ်ထွက်ပြီးပြီဆိုတော့ ငါ့ကို အရှင်လို့ မခေါ်ပါနဲ့တော့"

"ပြီးခဲ့တဲ့အကြိမ်က မင်း ငါ့ကို တာအို ကျောက်စိမ်း နှစ်ထရီလီယံ ကူညီပေးလိုက်လို့ ငါ့ရဲ့ နောက်ဆုံး အလုပ်တွေကို အကုန် ဖြေရှင်းနိုင်ခဲ့တာ။"

"ဒါကြောင့် အခု ငါက လမ်းလျှောက်လိုက်၊ အနားယူလိုက်နဲ့ အငြိမ်းစားယူထားတဲ့ လူအိုကြီးတစ်ယောက် လုပ်သင့်တာတွေကိုပဲ လုပ်နေတာပါ"

ထန်ထျန်းက ရယ်မောကာ ပြောလိုက်၏။ "ဒါဆို ကျွန်တော့်အမှားပေါ့"

"ဒါပေမဲ့ အရှင့်ကို ကြည့်ရတာ အနားယူမယ့် ပုံစံမျိုး တစ်စက်ကလေးမှ မရှိဘူးနော်။ ကျွန်တော် အထင်မမှားဘူးဆိုရင် ဒီနေ့ အရှင် ကျွန်တော်နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စက ကျန့်ဟွမ်းတောင် နဲ့ ပတ်သက်နေမှာ သေချာတယ်"

မင်ရွှမ်အင်မော်တယ်အရှင်က ထန်ထျန်းကို လက်ညှိုးလေး ထိုးပြကာ မငြင်းဆိုဘဲ ထိုပြောစကားကို လက်ခံလိုက်သည်။

ထို့နောက် သူက သက်ပြင်းအသာချကာ "ကျန့်ဟွမ်း တောင်ရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ ငါ မင်းကို အရင်က ပြောပြဖူးတယ် ထင်တယ်"

ထန်ထျန်းက ခေါင်းအသာ ညိတ်လိုက်သည်။

ပြီးခဲ့သည့်အကြိမ် ကျန့်ဟွမ်း တောင်ပေါ်တွင် ရှိစဉ်က မင်ရွှမ်အင်မော်တယ်အရှင်က သူ့ကို ကိစ္စများစွာ ပြောပြခဲ့သည်။

ကျန့်ဟွမ်း တောင်ရှိ စစ်သည်တော် အပေါင်းတို့က ထျန်းဖူနန်းတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော စစ်မှုထမ်း အောင်မြင်မှုများကို ရရှိခဲ့ကြပြီး ထျန်းဖူနန်းတော် ၏ နာမည်ဂုဏ်သတင်းကိုလည်း အောင်မြင်စွာ တည်ဆောက်ပေးခဲ့ကြသည်။

သို့သော် ထိုနည်းတူစွာပင် သူတို့က ကြီးမားသော ပေးဆပ်မှုများကိုလည်း လုပ်ခဲ့ကြရသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော စစ်ပွဲများအတွင်း ကျဆုံးသွားခဲ့သူများမှာ မရေမတွက်နိုင်အောင် များပြားလှပြီး အရိုးပုံများ ဖြစ်ခဲ့ကြရသည်။

သို့သော် ရဲရဲဝံ့ဝံ့ အသက်ပေးသွားခဲ့သူများထက် ပို၍ သနားစရာကောင်းသူများမှာ စစ်ပွဲအတွင်း ကုသ၍မရနိုင်သော တာအိုအတွင်းဒဏ်ရာများ ရရှိကာ ရောဂါဝေဒနာများဖြင့် ကျန်ရစ်ခဲ့သည့် စစ်ပြန်ကြီးများပင် ဖြစ်သည်။

သူတို့တွင် တိုက်ပွဲဝင်လိုသည့် စိတ်ဆန္ဒ ရှိနေဆဲ ဖြစ်သော်လည်း ကျန့်ဟွမ်း တောင်ပေါ်တွင်သာ အတင်းအကျပ် အနားယူနေကြရသည်။ နေ့စဉ် ဖြတ်သန်းနေရသည့် ဘဝမှာ အေးဆေးတည်ငြိမ်နေသကဲ့သို့ ထင်ရသော်လည်း သူတို့၏ စိတ်အတွင်း၌ ပုန်းကွယ်နေသော အထီးကျန်မှု၊ ဟာလာဟင်းလင်း ဖြစ်မှုနှင့် မကျေနပ်မှုများကို မည်သူ့ကိုမှ ဖွင့်ဟပြောပြ၍ မရနိုင်ကြပေ။

နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော စစ်သည်တော် တစ်ဦးအတွက်မူ ဤသည်မှာ အသတ်ခံရသည်ထက်ပင် ပို၍ ခံရခက်လှသည်။

ထိုခံစားချက်များကို မဖြေဖျောက်နိုင်သဖြင့် သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားသူများမှာ နေရာအနှံ့ ရှိနေပြီး မင်ရွှမ်အင်မော်တယ်အရှင်ပင်လျှင် တားဆီးနိုင်စွမ်း မရှိခဲ့ပေ။

နှစ်ပေါင်းများစွာ ကြာလာသောအခါ ကျန့်ဟွမ်း တောင်တွင် ဤကဲ့သို့သော အခြေအနေရှိသည့် စစ်ပြန်အရေအတွက်မှာ သောင်းနှင့်ချီ ရှိနေပြီ ဖြစ်ကာ ၎င်းမှာ မင်ရွှမ်အင်မော်တယ်အရှင်၏ အကြီးမားဆုံးသော စိတ်ဒဏ်ရာလည်း ဖြစ်သည်။

ဒါက ငွေဘယ်လောက်ရှိရှိ ဖြေရှင်းပေးလို့ မရနိုင်တဲ့ ပြဿနာတစ်ခုပင်။

"ဟူး..."

မင်ရွှမ်အင်မော်တယ်အရှင်က ထပ်မံ သက်ပြင်းချကာ "အရင်က ငါနဲ့အတူ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့တဲ့ ညီအစ်ကိုတွေအပေါ်မှာ ငါ အမြဲတမ်း အပြစ်ရှိသလို ခံစားနေရတယ်။"

"သူတို့ကြောင့်သာ ငါ ဒီအခြေအနေကို ရောက်လာတာ၊ ဒါပေမဲ့ သူတို့ရဲ့ နောက်ဆုံး လက်ကျန် ဘဝတွေကိုတောင် ငါ ကောင်းကောင်း မစီစဉ်ပေးနိုင်ခဲ့ဘူး။"

"အမှန်တော့ ကျန့်ဟွမ တောင်က ဆက်ပြီး တည်ရှိနေဖို့ မလိုတော့တာ ကြာပါပြီ၊ ငါကပဲ အတင်းအကျပ် ဆွဲထားလို့ အခုထိ ရှိနေသေးတာ။"

"ဒါပေမဲ့ အားလုံးက ရှင်းရှင်းလင်းလင်း သိကြပါတယ်၊ အဆုံးသတ်ရမယ့် နေ့တစ်နေ့ကတော့ ရောက်လာမှာပဲဆိုတာကိုလေ"

ရာထူးမှ နုတ်ထွက်ပြီးနောက် မင်ရွှမ်အင်မော်တယ်အရှင်က သူ၏ ဟန်ဆောင်မှုများကို ဖယ်ခွာကာ ထန်ထျန်းကို ရင်ဖွင့်နေခြင်း ဖြစ်သည်။

အရေးအကြောင်းများ ပြည့်နေသော သူ၏ မျက်ဝန်းများအတွင်း၌ နက်ရှိုင်းလှသော ဝမ်းနည်းမှုများ ပုန်းကွယ်နေသည်။

"အရှင် အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ"

ထန်ထျန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

မင်ရွှမ်အင်မော်တယ်အရှင်က လက်ခါပြကာ "တကယ်လို့ ငါသာ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် ကျန့်ဟွမ်း တောင်က အခုလို အကြပ်အတည်းမျိုးထဲ ရောက်မှာ မဟုတ်ဘူး။"

"အမှန်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မဝာအကြီးအကဲက ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ခုကို တင်ပြခဲ့ဖူးတယ်၊ လူအတော်များများကို သင့်တော်တဲ့ နေရာတွေ ပေးနိုင်မယ့် နည်းလမ်းပေါ့။"

"ဒါပေမဲ့ ငါ ငြင်းပယ်ခဲ့တယ်၊ ကျန့်ဟွမ်း တောင်ကို သမိုင်းထဲမှာ ဒီအတိုင်း အလွယ်တကူ ပျောက်ကွယ်သွားတာမျိုး ငါ မလိုချင်ခဲ့ဘူး၊ ဒါကြောင့် ငါ့အတ္တအတိုင်းပဲ လုပ်ခဲ့တာ။"

"အခု ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းကသာ ငါ မဟာအကြီးအကဲရဲ့ စကားကို နားထောင်ခဲ့ရင် လူအတော်များများရဲ့ ကံကြမ္မာက အခုလို ဝမ်းနည်းစရာ ကောင်းနေမှာ မဟုတ်ဘူး"

သူ့အသံထဲတွင် သူ့ကိုယ်သူ အပြစ်တင်မှုများ ပြည့်နှက်နေသည်။

ထန်ထျန်းလည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။

ကျန့်ဟွမ်း တောင်က ယခု အခြေအနေသို့ ရောက်ရှိသွားခြင်းမှာ မင်ရွှမ်အင်မော်တယ်အရှင်တွင် တာဝန်မရှိဟု ပြော၍ မရပေ၊ သူ မလုပ်ဆောင်နိုင်ခဲ့သည့် အပိုင်းများစွာ ရှိနေမှာ သေချာပါသည်။

ဒါပေမဲ့ ဒါက သူ့အမှားလို့ရော ပြောလို့ရမလား

ဘယ်လောက်ပဲ တော်တဲ့လူဖြစ်ဖြစ် ရွေးချယ်မှု မှားယွင်းတတ်တာပဲ မဟုတ်ပါလား။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မင်ရွှမ်အင်မော်တယ်အရှင်က လက်ခါပြရင်း"ထားပါတော့... အတိတ်က ကိစ္စတွေကို ထပ်မပြောတော့ဘူး။"

"သူတို့အတွက် အရင်းအမြစ်တွေ ပိုပေးတာကလွဲရင် တခြား ကုစားပေးနိုင်မယ့် နည်းလမ်း မရှိတော့ဘူးလို့ ငါ ထင်ထားတာ။"

"ဒါပေမဲ့ ဒီနေ့မှာတော့ မင်းက ငါ့ကို နောက်ထပ် မျှော်လင့်ချက်တစ်ခု မြင်အောင် ပြလိုက်ပြီပဲ"

သူက ပတ်ဝန်းကျင်ရှိ တိမ်ပင်လယ်ကို ညွှန်ပြကာ သက်ပြင်းချလျက် ပြောသည်။ "မင်း ဖန်တီးလိုက်တဲ့ ဒီဟင်းလင်းပြင် နယ်မြေက တကယ်ကို အံ့သြဖို့ ကောင်းလွန်းတယ်"

"ဒါက တကယ့်ကို ပါရမီရှင်တစ်ယောက်ရဲ့ စိတ်ကူးပဲ"

"ကျန့်ဟွမ်း တောင်မှာ သူတို့ရဲ့ ကျင့်ကြံခြင်း အခန်းထဲကနေတောင် မထွက်နိုင်တဲ့လူ ဘယ်လောက်များလဲဆိုတာ မင်း သိလား"

"ဒါပေမဲ့ သူတို့သာ ဒီနေရာကို ဝင်လာနိုင်မယ်ဆိုရင် အရင်က ဆုံးရှုံးခဲ့ရတာတွေ အကုန်လုံး ပြန်ရလာနိုင်ပြီ"

"စစ်တုရင် ထိုးတာ၊ ဖျော်ဖြေတာ၊ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ရှာတာ၊ ကျင့်ကြံတာ၊ တိုက်ခိုက်တာတွေအထိ..."

"မင်း ဟင်းလင်းပြင် နယ်မြေကို ဒုတိယကမ္ဘာ လို့ ခေါ်တာကို ငါ မှတ်မိတယ်၊ ဒါက အရမ်းကို တိကျတဲ့ တင်စားချက်ပဲ။"

"သူတို့အတွက်တော့ ဒါက ဒုတိယမြောက် လက်တွေ့ကမ္ဘာပဲ၊ သူတို့ရဲ့ ယုံကြည်မှုကို ပြန်ရစေပြီး ဘဝသစ်ကို ပြန်ပေးနိုင်မယ့် ကမ္ဘာပဲ"

"ဒါကြောင့် ထန်ထျန်း..."

မင်ရွှမ်အင်မော်တယ်အရှင်က ထန်ထျန်းကို ကြည့်ကာ အလွန် တည်ကြည်စွာ ပြောလိုက်သည်။ "ငါ့မှာ ဒီအစီအရင်ပြားတွေ လိုအပ်တယ်၊ ဟင်းလင်းပြင် နယ်မြေထဲ ဝင်ခွင့်ရမယ့် အခွင့်အရေးတွေ လိုအပ်တယ်။"

"ငါ အစီအရင်ပြားကို ကြည့်ပြီးပြီ၊ ဒါကို သွန်းလုပ်တဲ့ နည်းလမ်းက အရမ်း ခက်ခဲနက်နဲတယ်၊ ဒါကြောင့် ဒါက တကယ့်ကို အဖိုးတန်မှာ သေချာတယ်။"

"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီလူတွေအတွက် ဘဝသစ် ရနိုင်မယ့် ဒီအခွင့်အရေးကို ငါ အရယူပေးရမယ်။"

"မင်း ဘာပဲ လိုအပ်လိုအပ် ပြောပါ၊ တကယ်လို့ မင်း မဝာအကြီးအကဲကိုပဲ သတ်ချင်တာဆိုရင်တောင် ငါ့အစွမ်းရှိသမျှ မင်းကို ကူညီပေးမယ်"

"ဒါက ငါ့ရဲ့ နောက်ဆုံး ဆန္ဒ ပဲ"

သူက အတည်ပေါက် ပြောလိုက်သည်။

မင်ရွှမ်အင်မော်တယ်အရှင်၏ အလွန် တည်ကြည်လှသော အကြည့်ကို ကြည့်ရင်း ထန်ထျန်းက နှာခေါင်းကို ပွတ်ကာ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး "ကျွန်တော် မဟာအကြီးအကဲကို လေးစားပါတယ်၊ သူ့ကို သတ်ဖို့ စိတ်ကူး လုံးဝ မရှိပါဘူး..."

"ဒါပေမဲ့ အရှင်က ဒီလောက်အထိ ပြောလာမှတော့ ကျွန်တော်လည်း အားမနာတော့ပါဘူး။"

"ကျွန်တော် လိုအပ်တဲ့ အရာကတော့..."

မင်ရွှမ်အင်မော်တယ်အရှင်၏ မျှော်လင့်တကြီး အကြည့်အောက်တွင် ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။ "ကျွန်တော် လိုအပ်တာက ဟင်းလင်းပြင် နယ်မြေထဲမှာ နေထိုင်မယ့် လူအမြောက်အမြားပဲ ။"

"ကျွန်တော်ကိုယ်တိုင်ကလည်း ဟင်းလင်းပြင် နယ်မြေကို အင်တိုက်အားတိုက် ဖြန့်ချိဖို့ ရည်ရွယ်ထားတာပါ။"

"ကျန့်ဟွမ်း တောင်က စစ်သည်တော်တွေကို ကူညီပေးနိုင်မယ်ဆိုတာကတော့ မထင်မှတ်ထားတဲ့ ဝမ်းသာစရာ ကိစ္စတစ်ခုပေါ့။"

"ဒါဆို ကျွန်တော့်ဘက်က အရှင့်ကို ငြင်းပယ်ဖို့ အကြောင်းပြချက် ဘာရှိဦးမှာလဲ"

ထန်ထျန်း၏ စကားကို ကြားသောအခါ မင်ရွှမ်အင်မော်တယ်အရှင်မှာ မှင်တက်သွားတော့သည်။

သူက မျက်မှောင်ကြုတ်ကာ "မင်းပြောတာကို ငါ သိပ်နားမလည်ဘူး..."

"ဒါကိုပဲ တိုက်ရိုက်ပြောစမ်းပါ၊ အစီအရင်ပြား ရဖို့အတွက် ဘာပေးရမလဲဆိုတာကိုပဲ"

ထန်ထျန်းက ရယ်မောကာ လျှို့ဝှက်မနေတော့ဘဲ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဘာမှ ပေးစရာ မလိုပါဘူး။"

"အစီအရင်ပြား အားလုံးကို အလကား ဖြန့်ပေးမှာပါ။"

"အကယ်လို့ အရှင် တကယ်ကို အရေးတကြီး လိုအပ်နေတယ်ဆိုရင် နောက်ထပ် ထွက်လာမယ့် ပထမဆုံး အစီအရင်ပြား အသုတ်ကို အရှင့်ဆီ အရင်ဆုံး ပေးပို့ပေးပါ့မယ်"

မင်ရွှမ်အင်မော်တယ်အရှင်က မျက်လုံးပြူးကာ ထိုနေရာမှာတင် လုံးဝ မှင်တက်သွားတော့သည်။

All Chapters