အခန်း (၁၅၂၂-၁၅၂၄)
Vol. 102 Ch. 1522-1524
အခန်း (၁၅၂၂)
မူလအစစွမ်းအား တုန်ခါမှု
လုချန်း၏ သုံးသပ်ချက်များကို နားထောင်ပြီးနောက် ယွမ်ချင်းရှု တိတ်ဆိတ်သွားပြန်၏။ သူမ ဘာပြောရမည်မှန်း မသိဖြစ်နေခဲ့သည်။
လုချန်း၏ စကားများသည် သူမ၏ အတိတ်ဘဝနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများစွာ ဖြစ်ပေါ်စေခဲ့သည်။
သူမ၏ မှတ်ဉာဏ်များထဲတွင် သူမသည် တစ်ကြိမ်သာ ဝင်စားခဲ့ဖူးသည်။ ထိုတစ်ကြိမ်သည် ယခင် စကြဝဠာကပ်ဘေးမှ လွတ်မြောက်လာပြီးနောက် ဖြစ်သည်။သို့သော် လုချန်း၏ ပြောဆိုချက်များအရ သူမသည် ထိုထက်မက အကြိမ်ကြိမ် လူဝင်စားခဲ့ရဖူးပုံရသည်။
သူမသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီး ခေတ်သစ်၏ စကြဝဠာ နိယာမများနှင့် အသားကျစေရန် ရွေးချယ်စရာ မရှိပဲ လူဝင်စားခဲ့ရခြင်း ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် မည်သည့် အမျိုးသားနှင့်မှ မပတ်သက်ခဲ့ပေ။
သို့သော်လည်း လုချန်း၏ စကားများက အတိတ်ဘဝများစွာတွင် သူနှင့် ဆက်စပ်မှုရှိခဲ့ဖူးသည်ဟု အဓိပ္ပာယ်ရနေသည်။
သူမ၏ ယခင်ခေတ် မှတ်ဉာဏ်များထဲတွင် လုချန်း ဆိုသူသည် အမှန်တကယ်ပင် လုံးဝ တည်ရှိခြင်း မရှိခဲ့ချေ။ ဤအချက်သည် သူမအတွက် စိတ်ရှုပ်ထွေးစရာ အကောင်းဆုံး အချက်ဖြစ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သော ယွမ်ချင်းရှုကို ကြည့်နေခဲ့သည်။ သူမ၏ တိတ်ဆိတ်မှုကို နားလည်နိုင်သကဲ့သို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပုံရသည်။ ခဏအကြာမှ လုချန်းက ဆက်လက်၍
“ဒီဘဝက ဘဝသံသရာ စက်ဝန်းကို ဖြတ်တောက်ဖို့အတွက် ကိုယ့်အတွက် အနီးစပ်ဆုံး ဖြစ်လိမ့်မယ်။ ဒါကြောင့် အရင်ဘဝတွေတုန်းက ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့ ဘယ်အမျိုးသမီးကိုမဆို ကိုယ်နဲ့အတူ ခေါ်သွားမယ်။ မင်းအပါအဝင်ပေါ့။”
လုချန်း၏ အသံထဲတွင် သဘာဝကျကျ ပါဝင်လာသော ပြတ်သားမှုတစ်မျိုး ရှိနေသည်။
လုချန်း၏ ပြတ်သားသော စကားများကို ကြားလျှင် ယွမ်ချင်းရှု၏ ဖြူစင်သော နဖူးပြင် အနည်းငယ် ရှုံ့တွသွားခဲ့သည်။ သူ၏ လေသံအရ ဤလူသည် သူမနှင့်အတူ ရှိနေရန် အခိုင်အမာ ဆုံးဖြတ်ထားပုံ ရသည်။
ယွမ်ချင်းရှုက “ရှင်ပြောတာ မှန်တယ်ပဲ ထားပါဦး။ ရှင်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ကျွန်မ ပြန်မရမချင်း ရှင့်နောက်ကို လိုက်မလာဘူး။”
သူမ၏ လေသံသည် ခိုင်မာသော်လည်း အတွင်း၌မူ မသေချာမရေရာမှုများ ရှိနေပုံရသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ယွမ်ချင်းရှု စကားကို အပြတ် မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် လုချန်း၏ စကားများက အမှန်တရားများ ဖြစ်နိုင်သည်ဟု သူမ တကယ် ခံစားမိသောကြောင့် ဖြစ်သည်။
သူမသည် တစ်ဘဝ သို့မဟုတ် တစ်ဘဝထက်မကသော အချိန်များတစ်လျှောက် လုချန်းနှင့် သံယောဇဉ် သို့မဟုတ် ကံကြမ္မာ ဆက်နွယ်မှု အချို့ ရှိခဲ့ကောင်း ရှိနိုင်သော်လည်း သူမ၏ မှတ်ဉာဏ်များသည် ချိပ်ပိတ်ခံထားရသဖြင့် သူမကိုယ်တိုင်ပင် မသိခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ထိုသို့ အမှန်ဖြစ်နေလျှင်ပင် ထိုမှတ်ဉာဏ်များကို ပြန်မရပါက သူမသည် သူမသာ ဖြစ်နေဆဲ ဖြစ်သည်။ ရှိနိုင်ဖွယ်ရှိသော ထိုမှတ်ဉာဏ်များအတွက်နှင့် လုချန်းနှင့် စုံတွဲကျင့်စဉ် သူမ မကျင့်နိုင်ပေ။
ယွမ်ချင်းရှု၏ စကားကို ကြားလျှင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီး
“ဒါဆို မင်းဆိုလိုတာက ကိုယ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်အချို့ကို ပြန်ရတာနဲ့ ရှနိုင်ငံတော်ကို လိုက်လာမယ်လို့ ဆိုလိုတာလား။”
ယွမ်ချင်းရှုက မတုံ့ပြန်ခဲ့ပေ။ အကယ်၍ လုချန်း ပြောတာ အမှန်ဖြစ်ပါက သူနှင့်အတူ လိုက်သွားခြင်းက တကယ်ပင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
သူမ၏ တိတ်ဆိတ်ခြင်းသည် သဘောတူညီချက်တစ်ခုအဖြစ် အဓိပ္ပာယ်သက်ရောက်နိုင်သည်။
သူမကိုယ်တိုင်လည်း ဤစကြဝဠာမှ မဟုတ်တာ ဖြစ်နိုင်သည်။ ထို့ကြောင့် စကြဝဠာကပ်ဘေးကို လုံးဝ ရှောင်ရှားနိုင်ရန်အတွက် ဤစကြဝဠာမှ ထွက်ခွာသွားခြင်းက တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်နိုင်သည်။
ထိုအတွေးများ သူမ၏ စိတ်ထဲတွင် ဖြတ်သန်းနေသော်လည်း ထိုအရှက်မရှိသော လူအား သူမ၏ အတွေးများကို သိစေရန် အသံထွက် ပြောပြမည် မဟုတ်ပေ။ သူသာ သိသွားပါက မည်မျှအထိ ဘဝင်မြင့်သွားမည်ကို မည်သူ သိနိုင်မည်နည်း။
ထိုအချိန်တွင် ယွမ်ချင်းရှုက “အခု သွားတာက ရှင့်ရဲ့ ပင်မခန္ဓာလား”
လုချန်းက ပြုံးလိုက်ပြီး
“မင်း ကိုယ့်အတွက် စိတ်ပူနေတာလား”
ယွမ်ချင်းရှုက ဘာမှ မပြောခဲ့သော်လည်း လုချန်းသည် အရှက်မဲ့လှသူဟုသာ သူမ ခံစားနေရသည်။ အေးစက်နေသော ယွမ်ချင်းရှု၏ မျက်နှာကို မြင်လျှင် လုချန်းက ဆက်လက်၍
“ကိုယ်က ပင်မခန္ဓာကို ဘယ်လိုလုပ် သွားခိုင်းမှာလဲ။ ကိုယ့်ရဲ့ ဧကရာဇ် အဆင့်လေး ကိုယ်ပွားကိုပဲ လမ်းပြအဖြစ် သွားခိုင်းထားတာပါ။”
ယွမ်ချင်းရှုက
“အဆင့်ကိုး ဧကရာဇ်အဆင့်တွေ အမြောက်အမြားက ပြင်ပနယ်မြေကို သွားနေကြတာ။ ရှင့်ရဲ့ အဆင့်လေး ကိုယ်ပွားက သူတို့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား။”
လုချန်းက
“ကိုယ်က လမ်းစဉ် အစွမ်းအားလုံးကို ထိန်းချုပ်နိုင်သလို ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကိုလည်း အသုံးချနိုင်တယ်။ ကိုယ်ခေါ်သွားတဲ့ ဧကရာဇ်တစ်ရာက ကိုယ့်ကို ကောင်းကင်ဧကရာဇ် တစ်ပါးရဲ့ အစွမ်းကို ချက်ချင်း ရရှိစေနိုင်သလို အဲ့ဒီထက်တောင် ကျော်လွန်နိုင်သေးတယ်။”
ဒါက...
လုချန်း၏ စကားကို ကြားလျှင် ယွမ်ချင်းရှု၏ စိတ်ထဲ ထိတ်လန့်သွားခဲ့သည်။
ထိုအရာက တကယ်ပဲ ဖြစ်နိုင်လို့လား။
သို့သော် သေချာစဉ်းစားကြည့်လျှင် တကယ်ပင် ဖြစ်နိုင်ခြေ ရှိပေသည်။ သူမ၏ အရှေ့တွင် သူ၏ စွမ်းရည်များကို ပြသခဲ့ဖူး၏။ သူသည် လမ်းစဉ် အစွမ်းအားလုံးကို တကယ်ပင် ထိန်းချုပ်နိုင်သူ ဖြစ်သည်။
ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံသည် ကြာရှည် မခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ပုံစံ၏ အချက်အချာ အနေနှင့် ဆောင်ရွက်သော ဧကရာဇ်သည် အတွင်းပိုင်းရှိ လမ်းစဉ် အစွမ်းများကို ဟန်ချက်ညီမျှ အောင် မထိန်းနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ထိုဧကရာဇ်သည် လမ်းစဉ် အစွမ်း အားလုံးကို ထိန်းချုပ်နိုင်သူ ဖြစ်ခဲ့ပါက ဝိညာဉ်စုစည်းခြင်း ပုံစံမှ ရရှိလာသော အစွမ်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းသွားပေလိမ့်မည်။
ဤလူသည် တကယ့်ကို ထူးဆန်းသော လူတစ်ဦးပင်။
ဤသို့သော အစွမ်းထက်သူတစ်ယောက်၏ အာရုံစိုက်ခြင်းကို ခံရခြင်းက ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားဟု သူမ တွေးမိသည်။
ပြန်စဉ်းစားကြည့်လျှင် ထိုကဲ့သို့ ထူးဆန်းသော လူတစ်ယောက်နှင့် သူမ ပတ်သက်နေရခြင်းကလည်း မယုံနိုင်စရာပင် ဖြစ်သည်။
ထိုအချိန်တွင်ပင် ထူးဆန်းသော တုန်ခါမှုတစ်ခု သူတို့ဆီသို့ ဖြတ်သန်းသွားခဲ့၏။ ၎င်းသည် မူလအစစွမ်းအား ဖြစ်ကြောင်း လုချန်း ချက်ချင်း သိလိုက်သည်။
ထိုအစွမ်းကို ခံစားမိသည်နှင့် ယွမ်ချင်းရှု၏ မှိတ်ထားသော မျက်လုံးများလည်း ထိုအခိုက်အတန့်တွင် ပွင့်လာခဲ့သည်။ တစ်စုံတစ်ခုကို သိသွားပုံရကာ အနည်းငယ် တည်ကြည်လေးနက်နေသော လုချန်းကို သူမ ကြည့်လိုက်သည်။
ယွမ်ချင်းရှုသည် လုချန်းနှင့် မတူပေ။ ၎င်းသည် မူလအစစွမ်းအား ဖြစ်ကြောင်း လုချန်း သိသော်လည်း ယွမ်ချင်းရှုကတော့ သူမ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော ထူးဆန်းသည့် အစွမ်းတစ်ခုကိုသာ ခံစားမိပြီး မည်သည့် အစွမ်းမျိုး ဖြစ်ကြောင်း မသိပေ။
ယွမ်ချင်းရှုက
“ရှင်လည်း ခံစားမိတယ် မဟုတ်လား”
လုချန်းက
“အင်း”
ဟု ခပ်တိုးတိုး အဖြေပေးလိုက်၏။
လုချန်းက ဆက်လက်၍
“ဘယ်သူလဲဆိုတာ မသိပေမယ့် ဒီလောက် များတဲ့ မူလအစစွမ်းအား လှိုင်းလုံးကြီးကို တကယ်ပဲ လှုံ့ဆော်နိုင်တာပဲ။”
ထိုမူလအစစွမ်းအားသည် စကြဝဠာ၏ ထောင့်ပေါင်းစုံသို့ ပျံ့နှံ့သွားသည့် လှိုင်းတစ်ခု ကဲ့သို့ ဖြစ်နေသည်။ ထိုမျှ ကြီးမားသော မူလအစစွမ်းအား လှိုင်းကို လှုံ့ဆော်နိုင်သူ မည်မျှအထိ အစွမ်းထက်မည်ကို လုချန်းပင် စိတ်ကူးမကြည့်နိုင်ချေ။
လုချန်း၏ မျက်နှာ ပို၍တည်ကြည် လေးနက်လာခဲ့သည်။ တစ်စုံတစ်ယောက် ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားသဖြင့် ဤကဲ့သို့သော မူလအစစွမ်းအား လှိုင်းကို ဖြစ်ပေါ်စေခြင်းလားဟု သူ သံသယ ဖြစ်နေမိသည်။
လုချန်း၏ စကားကို ကြားလျှင် ယွမ်ချင်းရှု၏ မျက်ခုံးများလည်း အနည်းငယ် ရှုံ့တွသွားပြီး
“မူလအစစွမ်းအားလား”
“အခုလေးတင် ဖြစ်သွားတာက မူလအစစွမ်း အားလား။”
ယွမ်ချင်းရှုသည် ထိုအဆင့်သို့ တစ်ခါမှ မတက်လှမ်းဖူးသဖြင့် မူလအစစွမ်းအားနှင့် ပတ်သက်၍ အထူးတလည် သိထားခြင်း မရှိပေ။ သို့သော် မူလအစစွမ်းအားသည် စကြဝဠာ၏ အမြင့်ဆုံးသော အစွမ်းဖြစ်ပြီး စကြဝဠာအတွင်းရှိ စွမ်းအင် အားလုံးသည် မူလအစစွမ်းအားမှ ဆင်းသက်လာကြောင်းကိုတော့ သူမ သိထား၏။
မူလအစစွမ်းအားကို ဤမျှအထိ တုန်ခါစေရန်အတွက် ကြီးမားသော အရာတစ်ခု ဖြစ်ပွားခဲ့ရပေလိမ့်မည်။ အကယ်၍ ၎င်းသည် သဘာဝအလျောက် ဖြစ်ပေါ်ခဲ့ခြင်း ဆိုလျှင် တစ်မျိုး ဖြစ်သော်လည်း လူက ဖန်တီးခဲ့ခြင်း ဆိုပါက ထိုလူသည် ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်ရှိသွားပြီဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဧကရာဇ် တစ်ပါးသာလျှင် ထိုမျှ များပြားသော မူလအစစွမ်းအားကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။
လုချန်း ချက်ချင်း ထရပ်ကာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားခဲ့၏။ ယွမ်ချင်းရှုကလည်း သူ၏နောက်မှ လိုက်ပါရင်း အနီရောင်မိုးစက်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
အနီရောင်မိုးစက်ကမ္ဘာ အပြင်ဘက်တွင် နတ်လှေများသည် ဗဟိုကြယ်နယ်မြေ၏ အဓိက ဧရိယာသို့ ရူးသွပ်စွာ ဦးတည်နေကြသည်။ လုချန်းသည် တစ်ကိုယ်တော် ကျင့်ကြံသူ ဧကရာဇ်တစ်ဦးထံ ချဉ်းကပ်ကာ
“မိတ်ဆွေ... ခုနက ဘာဖြစ်သွားလဲ သိပါသလား။”
ထိုဧကရာဇ်က လုချန်းကို မကျေမနပ် တစ်ချက်ကြည့်လိုက်ပြီး
“ဘာလို့ ကျုပ်လမ်းကို ပိတ်နေတာလဲ။ ထျန်းကျိ ရဲတိုက်သခင်က ပြင်ပနယ်မြေကို တိုက်ရိုက်လမ်းကြောင်း တစ်ခု ဖွင့်လိုက်တာ ခင်ဗျားမသိဘူးလား။ အခု လူတိုင်းက ပြင်ပနယ်မြေကို သွားဖို့ အပြိုင်အဆိုင် ဖြစ်နေကြတာ။”
“ဖယ်စမ်းပါ။ ကျုပ်အချိန်ကို မဖြုန်းနဲ့။”
စကားပြောပြီးသည်နှင့် ထိုဧကရာဇ်သည် လုချန်းကို ချက်ချင်း ရှောင်ကွင်းကာ ဗဟိုကြယ်နယ်မြေ၏ အဓိက ဧရိယာသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
လုချန်း ခဏခန့် ကြောင်သွားခဲ့သည်။ ခုနက မူလအစစွမ်းအား တုန်ခါမှုက ထျန်းကျိ ရဲတိုက်သခင်ကြောင့် ဖြစ်ပေါ်လာတာလား။
ထျန်းကျိ ရဲတိုက်သခင်က ဒီလောက်တောင် အစွမ်းထက်တာလား။
သူက ကောင်းကင်ဧကရာဇ် တစ်ပါးများလား။
လုချန်း ထိုမေးခွန်းကို စဉ်းစားနေစဉ် အခိုက်အတန့်တွင်ပင် ရွှမ်ထျန်း၏ ဘေးနားရှိ အဆင့်ကိုး ဧကရာဇ်များသည်လည်း ရွှမ်ထျန်း၏ အဆင့်အတန်းအမှန်ကို သံသယ ဖြစ်လာကြတော့သည်။
…..
ဗဟိုကြယ်နယ်မြေ။
အဓိက ဧရိယာ။
အဓိက ဧရိယာ၏ ဟင်းလင်းပြင်ထဲတွင် အလင်းနှစ် သုံးနှစ်စာခန့် ကျယ်ဝန်းသော ကြီးမားသည့် အနက်ရောင် အပေါက်ကြီးတစ်ခု ရှိနေသည်။ ၎င်းသည် ရွှမ်ထျန်းက ခုနလေးတင် တည်ဆောက်ခဲ့သော ပြင်ပနယ်မြေသို့ တိုက်ရိုက်သွားရာ လမ်းကြောင်း ဖြစ်သည်။
အစက ပြင်ပနယ်မြေသို့ ရောက်ရှိရန် စကြဝဠာ၏ အစွန်းရှိ စကြဝဠာ အက်ကြောင်းသို့ သွားရသည်။ ထိုနေရာရောက်ရန်အတွက် စကြဝဠာ တစ်ခုလုံးကို ဖြတ်ကျော်သွားရန် လိုအပ်သည်။
စကြဝဠာသည် အလွန် ကျယ်ဝန်းလှသဖြင့် ထိုအက်ကြောင်းသို့ ရောက်ရှိရန် အနည်းဆုံး နှစ်တစ်ရာခန့် ကြာမြင့်မည် ဖြစ်သည်။ သို့သော် ရွှမ်ထျန်းကတော့ ပြင်ပနယ်မြေသို့ တိုက်ရိုက် လမ်းကြောင်း တစ်ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အရေးအကြီးဆုံးအချက်က ရှိနေသော အဆင့်ကိုး ဧကရာဇ်များ အားလုံး ရွှမ်ထျန်း လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် မူလအစစွမ်းအားကို ခံစားလိုက်ရခြင်း ဖြစ်သည်။
အဆင့်ကိုး နယ်ပယ်သည် ကောင်းကင်ဧကရာဇ် ဖြစ်လာရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သော နယ်ပယ် ဖြစ်သည်။ သူတို့သည် ကျင့်ကြံနေစဉ်အတွင်း မူလအစစွမ်းအား၏ အရိပ်အယောင် အချို့ကို မကြာခဏ ထိတွေ့မိတတ်သော်လည်း ခံစားရုံသာ တတ်နိုင်ပြီး ထိုအစွမ်းကို ဆင့်ခေါ် အသုံးချနိုင်ခြင်း မရှိပေ။
သို့သော် ရွှမ်ထျန်းကတော့ ထိုမျှ များပြားသော မူလအစစွမ်းအားကို တိုက်ရိုက် အသုံးချခဲ့သည်။ ထိုအခိုက်အတန့်တွင် ပြင်ပနယ်မြေ လမ်းကြောင်း၏ ရှေ့ရှိ ထိပ်တန်း အင်အားစုများမှ အဆင့်ကိုး ဧကရာဇ်များသည် ပြင်ပနယ်မြေသို့ ဝင်ရောက်ရန်အလျင်မလိုကြသေးပေ။
သူတို့သည် ကြယ်တာယာဆောင်၏ အထက်တွင် ရှိနေသော ရွှမ်ထျန်းကို အထူးအဆန်းသဖွယ် ကြည့်နေကြ၏။
အထူးသဖြင့် ရှန်ဝူ ဧကရာဇ် ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်သန်းသွားပြီး သူ၏ လက်သီးများကို မသိစိတ်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စွမ်းအားများသည်လည်း မထိန်းချုပ်နိုင်စွာ ထွက်ပေါ်လာခဲ့သည်။
အခန်း (၁၅၂၃)
ကောင်းကင်ဧကရာဇ် ပေါ်ပြီးပြီလား
ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ဖူးသူ ဖြစ်၏။ ထိုအတွေ့အကြုံများက သူ့အား အခြားသူများထက် မူလအစစွမ်းအား၏ သဘောသဘာဝကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေခဲ့သည်။
သူသည် သာမန် အဆင့်ကိုး ဧကရာဇ်များထက် မူလအစစွမ်းအားကို ပို၍ ခံစားနိုင်သူ ဖြစ်သည်။ ထို့ကြောင့် ရွှမ်ထျန်း ထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းကို ခံစားလိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ခိုင်မာသော သံသယတစ်ခု ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရွှမ်ထျန်း ခုနလေးတင် ထုတ်လွှတ်လိုက်သော မူလအစစွမ်းအားသည် အဆင့်ကိုး ဧကရာဇ်တစ်ဦး ထုတ်လွှတ်နိုင်သည့်အရာ မဟုတ်သည်တာ ထင်ရှား၏။ ၎င်းသည် ပိုမိုနက်ရှိုင်းပြီး စကြဝဠာ၏ အခြေခံအုတ်မြစ်ကို တုန်ခါစေနိုင်သည့် အစွမ်းမျိုးဖြစ်သည်။
ထိုအရာမျိုးသည် ကောင်းကင်ဧကရာဇ် တစ်ပါးသာလျှင် ကိုင်တွယ်နိုင်သည့် အစွမ်း ဖြစ်သည်။
ယင်းက ရွှမ်ထျန်းသည် တကယ်ပင် ကောင်းကင်ဧကရာဇ် တစ်ပါး ဖြစ်နေသည်ဟု အဓိပ္ပာယ်ရသည်။
ထိုသို့ဆိုလျှင် ဤမျှနှစ်ပေါင်းများစွာ သူတို့အားလုံး ရွှမ်ထျန်း၏ ဖုံးကွယ်မှုအောက်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့အားလုံးသည် ရွှမ်ထျန်း၏ လှည့်စားမှုကို ခံလိုက်ရခြင်း ဖြစ်နိုင်၏။
ရွှမ်ထျန်းကိုယ်တိုင်သည် ကောင်းကင်ဧကရာဇ် ဖြစ်နေပြီးသား ဖြစ်နိုင်မည်။
ထိုသို့ဆိုလျှင် ဤအရာအားလုံးသည် ရွှမ်ထျန်း အကွက်ချစီစဉ်ထားသော ကိစ္စတစ်ခုသာ ဖြစ်နိုင်သည်။ လုချန်းကို ကိုင်တွယ်ရန်က သူ့အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။
သူက တကယ်ပဲ ဤမျှအထိ အကွက်ချ စီစဉ်နေဖို့ လိုအပ်လို့လား။
ဤမေးခွန်းသည် ရှန်ဝူ ဧကရာဇ်၏ စိတ်ထဲတွင် အကြိမ်ကြိမ် ပျံဝဲနေခဲ့သည်။
ရွှမ်ထျန်း၏ လှုပ်ရှားမှုများတွင် အခြားသော ရည်ရွယ်ချက်များ ရှိနေနိုင်သည်။
သို့သော်လည်း ရွှမ်ထျန်းက ဘာကြောင့် ဤအခိုက်အတန့်တွင် သူ၏ အစွမ်းကို ထုတ်ပြရသနည်း။
လျှို့ဝှက်နေခဲ့သည်မှာ ဤမျှကြာမြင့်ပြီးမှ ယခုအချိန်တွင် ထုတ်ဖော်ရခြင်းက အကြောင်းရင်းကြီးကြီးမားမား ရှိရမည်သာဖြစ်သည်။
ရှန်ဝူ ဧကရာဇ် စိတ်ထဲ ရွှမ်ထျန်း၏ လှည့်ကွက်များကို နားမလည်နိုင် ဖြစ်နေသည်။
သို့သော် သူ ဧကန်မုချ သိထားသည့်အချက်တစ်ခုရှိသည်။ ရွှမ်ထျန်း၏ ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ ရွှမ်ထျန်းကို အပြတ်ရှင်းရမည့် ရန်သူအဖြစ် ရှန်ဝူ ဧကရာဇ်စိတ်ထဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ရွှမ်ထျန်းသည် တကယ်ပင် ကောင်းကင်ဧကရာဇ် ဖြစ်နေပြီး ဤစကြဝဠာတွင် ကောင်းကင်ဧကရာဇ် တစ်ပါးသာ ပေါ်ထွက်နိုင်သည် ဆိုပါက ရှန်ဝူ ဧကရာဇ်အနေနှင့် ကောင်းကင်ဧကရာဇ်သစ် ဖြစ်လာရန် ရွှမ်ထျန်းကို မဖြစ်မနေ ရှင်းလင်းပစ်ရမည် ဖြစ်သည်။
ယခု ရှန်ဝူ ဧကရာဇ်အတွက် လုချန်း၏ ရှင်ခြင်း သေခြင်းသည် ဒုတိယဦးစားပေးသာ ဖြစ်သွားခဲ့ပြီဖြစ်သည်။ လုချန်း မည်မျှပင် အင်အားကြီးစေကာမူ ကောင်းကင်ဧကရာဇ်တစ်ပါးရှေ့တွင် ဘာမှမဟုတ်ပေ။
ရွှမ်ထျန်းကို ဖယ်ရှားပစ်ရန်က သူ၏ အဓိက ပန်းတိုင် ဖြစ်လာခဲ့သည်။
သို့သော်လည်း အဆင့်ကိုး ဧကရာဇ်တစ်ဦးအနေနှင့် ကောင်းကင်ဧကရာဇ် တစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းက ပညာရှိရာ မကျပေ။
အင်အားချင်း မမျှချိန်၌ ယှဉ်ပြိုင်ခြင်းက မိုက်မဲရာရောက်မည်ကို သူ ကောင်းစွာ သိထားသည်။ အခြားသော အစီအစဉ်တစ်ခုကို စဉ်းစားရမည် ဖြစ်သည်။
ဖြစ်နိုင်ခြေ တစ်ခုက ပြင်ပနယ်မြေသို့ သွားရောက်ပြီးနောက် ထိုအခြားလောကမှ သတ္တဝါများကို အသုံးချကာ သူ့ကို ဖယ်ရှားပစ်ခြင်းဖြစ်မည်။
ထိုသို့ တွေးမိရင်း သူ၏ ခန္ဓာကိုယ်အတွင်းမှ လှုပ်ခတ်နေသော သတ်ဖြတ်ခြင်း အစွမ်းများကို တည်ငြိမ်အောင် ရှန်ဝူ ဧကရာဇ် ကြိုးစားလိုက်သည်။ သူ့ကို ရန်မူရမည့် အချိန် မရောက်သေးပေ။
ထိုအခိုက်အတန့်တွင် ရွှမ်ထျန်းက သူ့ကို စိုက်ကြည့်နေကြသော အဆင့်ကိုး ဧကရာဇ်များကို တစ်ချက်ကြည့်လိုက်ပြီး
“ခင်ဗျားတို့အားလုံး ကျုပ်ကို ဘာလို့ စိုက်ကြည့်နေကြတာလဲ။”
မည်သည့် ဧကရာဇ်ကမှ စကားတစ်ခွန်းမှ မပြောကြရာ ရွှမ်ထျန်းကပင် ဆက်လက်၍
“ကျုပ်ပြောဖို့ မေ့သွားတယ်။ ဒီအောက်ကကြယ်တာယာ ခန်းမက ပြင်ပနယ်မြေကနေ ကျုပ် ရခဲ့တဲ့ ရတနာတစ်ခုပဲ”
“ဒါကို သုံးပြီးတော့ ကောင်းကင်ဧကရာဇ် တစ်ပါးပဲ ကိုင်တွယ်နိုင်တဲ့ မူလအစစွမ်းအားကို ခဏတာ အသုံးချနိုင်တာပါ။”
ထိုရှင်းပြချက်ကို ကြားလျှင် အဆင့်ကိုး ဧကရာဇ်များ ရုတ်တရက် သဘောပေါက်သွားကြသည်။
ဪ... ဒါကြောင့်ကိုး။
ဤစကြဝဠာထဲတွင် မည်သည့်အချိန်က ကောင်းကင်ဧကရာဇ် တစ်ပါး လျှို့ဝှက်စွာ ပေါ်ထွက်လာသနည်းဟု သူတို့ တွေးတောနေခဲ့ကြခြင်း ဖြစ်သည်။ ရှေးဟောင်းခေတ်မှ လက်ဆင့်ကမ်းလာသော မှတ်တမ်းများအရ ကောင်းကင်ဧကရာဇ် တစ်ပါး ပေါ်ထွန်းလာသောအခါ စကြဝဠာ တစ်ခုလုံးသည် ကောင်းကင်ဧကရာဇ်၏ ဖိအားကို ခံစားရမည် ဖြစ်သည်။
ထို့ကြောင့် ဒါက မှော်ရတနာ တစ်ခုသာကြောင့်သာ ဖြစ်ပေမည်။ ရွှမ်ထျန်း၏ စကားများက အဆင့်ကိုး ဧကရာဇ် အားလုံးနီးပါးကို ယုံကြည်သွားစေခဲ့သည်။ ယုံကြည်ရုံမှလွဲ၍လည်း သူတို့၌ အခြားရွေးချယ်စရာ မရှိပေ။
အဆုံးမှာတော့ စကြဝဠာတစ်ခုတွင် ကောင်းကင်ဧကရာဇ် တစ်ပါးသာ ပိုင်ဆိုင်နိုင်စရာ ရှိသည်။ အကယ်၍ ရွှမ်ထျန်းသာ တကယ် ကောင်းကင်ဧကရာဇ် ဖြစ်နေပါက ဒုတိယ ကောင်းကင်ဧကရာဇ် ပေါ်ထွက်လာမည် မဟုတ်သလို ဤဧကရာဇ်များသည်လည်း ထိုခြေလှမ်းကို ဘယ်တော့မှ လှမ်းနိုင်တော့မည် မဟုတ်ချေ။
သို့သော် လူတစ်ယောက်ကတော့ ရွှမ်ထျန်းကို လုံးဝ မယုံကြည်ပေ။ ထိုသူသည် ရှန်ဝူ ဧကရာဇ် ဖြစ်သည်။
ရှန်ဝူ ဧကရာဇ်အတွက်မူ ခုနလေးတင် ဖြစ်ပေါ်ခဲ့သော မူလအစစွမ်းအားသည် ရွှမ်ထျန်း၏ ခန္ဓာကိုယ်မှ ထင်ရှားစွာ ပေါက်ကွဲထွက်လာခြင်း ဖြစ်၏။ ရွှမ်ထျန်း၏ ခြေထောက်အောက်ရှိ ခန်းမနှင့် မည်သို့မှ မသက်ဆိုင်ပေ။
သို့သော်လည်း ရှန်ဝူ ဧကရာဇ်က ရွှမ်ထျန်းကို ဖော်ထုတ်ရန် မကြိုးစားခဲ့ပေ။ ရွှမ်ထျန်း မည်သည့် အစီအစဉ် ဖော်ဆောင်နေသည်ကို သူ အတိအကျ သိလိုသည်။
ထိုအချိန်တွင် ရွှမ်ထျန်းက ဆက်လက်၍ “ကောင်းပြီ တည်နေရာရွှေ့ပြောင်း လမ်းကြောင်းကို အခု အပြည့်အစုံ တည်ဆောက်ပြီးသွားပြီ။ ပြင်ပနယ်မြေကို သွားချင်တဲ့သူတွေ တိုက်ရိုက် သွားနိုင်ပါပြီ။”
ရွှမ်ထျန်း စကားပြောပြီးသောအခါ မည်သည့် အဖွဲ့အစည်းကမှ စတင်ခြင်း မရှိကြပေ။ ပထမ အကြောင်းပြချက်တစ်ခုက ထိုလမ်းကြောင်းကို ထျန်းကျိရဲတိုက်က ဖန်တီးထားခြင်း ဖြစ်သဖြင့် ထျန်းကျိရဲတိုက်၏ နတ်လှေက ဦးဆောင်ခြင်းသည် ပို၍ သင့်လျော်သောကြောင့် ဖြစ်သည်။
နောက်တစ်ချက်က အချို့သော ဧကရာဇ်များသည် ပြင်ပနယ်မြေသို့ တိုက်ရိုက် ဦးတည်နေသော ဤလမ်းကြောင်း၏ တည်ငြိမ်မှုကို သံသယ ဖြစ်နေကြသည်။ ဤကဲ့သို့သော လမ်းကြောင်းနှင့် သူတို့ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်ရာ ထိုလမ်းကြောင်း ခံနိုင်ရည် ရှိ မရှိ မည်သူမှ မသိကြပေ။
မည်သည့် အင်အားစုကမှ တည်နေရာ ရွှေ့ပြောင်း လမ်းကြောင်းထဲသို့ အရင် မဝင်ရဲကြသည်ကို မြင်လျှင် ရွှမ်ထျန်းလည်း အချိန်ကုန်မခံတော့ပဲ ကြယ်တာယာ ခန်းမကို အဝေးရှိ အနက်ရောင် အပေါက်ကြီးဆီသို့ တိုက်ရိုက် ဦးတည်စေလိုက်တော့သည်။
ခဏအတွင်းမှာပင် ကြယ်တာယာခန်းမနှင့် ထျန်းကျိရဲတိုက်၏ နတ်လှေတို့ အနက်ရောင် အပေါက်ကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ထျန်းကျိရဲတိုက်မှ ဦးဆောင်၍ လမ်းကြောင်းထဲသို့ ဝင်သွားသည်ကို မြင်လျှင် အခြား အဖွဲ့အစည်းများ၏ နတ်လှေများလည်း ရွှမ်ထျန်း ဖန်တီးထားသော တည်နေရာရွှေ့ပြောင်းလမ်းကြောင်းထဲသို့ လိုက်ပါသွားကြသည်။
အနက်ရောင် အပေါက်ကြီးကို ကြည့်ရင်း ရှန်ဝူ ဧကရာဇ် ခဏခန့် တုံ့ဆိုင်းနေ၏။ သို့သော် ခဏအကြာ၌ အထဲသို့ ဝင်ရောက်ရန် သူ ဆုံးဖြတ်လိုက်သည်။
ရွှမ်ထျန်း၏ အစီအစဉ်အစစ်သည် ပြင်ပနယ်မြေတွင်သာ ရှိလိမ့်မည်ဟု သူ ယုံကြည်ထား၏။ ယခုအချိန်၌ သူတို့ကို ထောင်ချောက်ဆင်ရန် ကြံနေတာတော့ မဖြစ်နိုင်ပေ။
ခဏအတွင်းမှာပင် ဗဟိုကြယ်နယ်မြေ တစ်လျှောက်ရှိ ထိပ်တန်း အင်အားစုများ၏ နတ်လှေများလည်း အနက်ရောင် အပေါက်ကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြသည်။
……..
ထိုအတောအတွင်း။
အနီရောင်မိုးစက်ကမ္ဘာ၌။
အနီရောင်မေပယ်ချိုင့်ဝှမ်း အတွင်းတွင်။
အစက ဤနေရာကို ထုတ်ပြရန် လုချန်း၌ အစီအစဉ် မရှိခဲ့သော်လည်း ဗဟိုကြယ်နယ်မြေသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် သူ၏ နတ်လှေတပ်သည် သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြုရတော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယွမ်ချင်းရှုသည် ကျင့်ကြံရန်အတွက် သူမ၏ အဆောင်သို့ ပြန်သွားခဲ့သော်လည်း သူမ မျက်လုံးများ မှိတ်လိုက်သည်နှင့် အနီရောင်မိုးစက်ကမ္ဘာအတွင်း သူစိမ်း ဧကရာဇ်တစ်ဦး၏ အငွေ့အသက်တစ်ခု မထင်မှတ်ပဲ ရုတ်တရက် ပေါ်ထွက်လာသည်ကို သတိပြုမိလိုက်သည်။
ယွမ်ချင်းရှုသည် သူမ၏ မျက်ခုံးများကို တွန့်လိုက်ရင်း ဤဧကရာဇ်သည် ဘာလာလုပ်တာလဲဟု တွေးတောနေသည်။ သူမသည် အနီရောင်မိုးစက်ကမ္ဘာသို့ ရောက်ရှိလာကတည်းက တစ်ကမ္ဘာလုံးကို အသေးစိတ် စစ်ဆေးခဲ့ပြီး ဖြစ်၏။
ထိုစဉ်က မည်သည့် ဧကရာဇ်၏ အငွေ့အသက်မှ မရှိခဲ့သလို မည်သည့် ဧကရာဇ်ကမှလည်း ဤနေရာတွင် လာရောက် ပုန်းအောင်း ကျင့်ကြံနေခြင်း မရှိပေ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဧကရာဇ်တစ်ပါး ပိုထွက်လာရသနည်း။ ဒါက ထိုလူရဲ့ ကိုယ်ပွားများလား။
ထိုသို့ ဖြစ်နိုင်ခြေကို စဉ်းစားပြီးနောက် ယွမ်ချင်းရှုသည် မျက်လုံးပင် ဖွင့်မကြည့်တော့ပဲ ထိုဧကရာဇ်ကို လျစ်လျူရှုထားရန်သာ ရည်ရွယ်လိုက်သည်။ သို့သော် ခဏအကြာတွင် အခြားသော ဧကရာဇ်တစ်ဦး၏ အငွေ့အသက်တစ်ခု အနီရောင်မိုးစက်ကမ္ဘာ၌ ထပ်မံ ပေါ်ထွက်လာခဲ့၏။ ထိုဧကရာဇ်သည်လည်း ယခင် ဧကရာဇ်နှင့် တစ်နေရာတည်းတွင် ရှိနေသည်။
ဟင်...
တစ်ခုခု မှားယွင်းနေသည်ဟု ယွမ်ချင်းရှု ခံစားမိလိုက်၏။ ထို့ကြောင့် ဧကရာဇ် ပေါ်ထွက်လာသော နေရာကို စုံစမ်းရန် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
သူမ၏ စိတ်အာရုံကို လွှတ်တင်လိုက်သည်နှင့် အခြားသော ဧကရာဇ်များလည်း ပေါ်ထွက်လာသည်ကို တွေ့ရှိခဲ့ရပြီး ခဏအတွင်းမှာပင် ထိုနေရာ၌ ဧကရာဇ်အဆင့် အမြောက်အမြားနှင့်အတူ နတ်လှေ အတော်များများလည်း ပေါ်ထွက်လာခဲ့သည်။ ယွမ်ချင်းရှု၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
သို့သော် ဖြစ်ပျက်နေသည့် အရာကို သူမ ချက်ချင်းပင် နားလည်သွားခဲ့၏။ ထိုဧကရာဇ်များထဲတွင် လုချန်း၏ အငွေ့အသက်ကိုလည်း သူမ ခံစားမိလိုက်သည်။ ထိုဧကရာဇ်များသည် ရှနိုင်ငံတော်မှ ဖြစ်ကြောင်း ထင်ရှားသည်။
နောက်တစ်ခဏတွင် ယွမ်ချင်းရှု သူမ၏ အဆောင်မှ ပျောက်ကွယ်သွားခဲ့ပြီး အနီရောင်မေပယ်ချိုင့်ဝှမ်း၏ အထက်တွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
အနီရောင်မေပယ်ချိုင့်ဝှမ်း၏ အောက်ခြေရှိ ကြီးမားလှသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို ကြည့်ရင်း သူမ၏ ပတ်ဝန်းကျင်သို့ အေးစက်သော အငွေ့အသက်များကို မထုတ်လွှတ်ပဲ မနေနိုင်ခဲ့ချေ။ လုချန်းသည် ဤနေရာ၌ ထိုကဲ့သို့ ကြီးမားသော တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံ တည်ဆောက်ထားသည်ကို သူမ မသိခဲ့သဖြင့် ဒေါသထွက်နေခဲ့သည်။
ဤတည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံမှ ဧကရာဇ်များကို သယ်ယူပို့ဆောင်ပေးသည့် အရှိန်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အဆင့်သည် ထျန်းကျိရဲတိုက်၏ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံများထက် မနိမ့်ကျတာ ထင်ရှားသည်။
တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံတစ်ခု၏ အဆင့်သည် ပိုမြင့်လေလေ ပိုမိုမြန်ဆန်ပြီး ပိုမိုဝေးကွာသော နေရာသို့ ပို့ဆောင်နိုင်လေလေ ဖြစ်သည်။ ဤတည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံ၏ အဆင့်သည် ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံထက် မြင့်မားနေပါက ၎င်းပို့ဆောင်နိုင်သော အကွာအဝေး မည်မျှအထိ ကြောက်စရာ ကောင်းမည်ကို စိတ်ကူးကြည့်နိုင်သည်။
ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံသည် အနီးနားရှိ မဟာကြယ်နယ်မြေစုများသို့ ပို့ဆောင်နိုင်သော်လည်း ဤတည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံသည် ကောင်းကင်အဆင့်ထက် သာလွန်နေပါက အချိန်တိုအတွင်း စကြဝဠာတစ်ခုလုံးကို ဖြတ်၍ ပို့ဆောင်နိုင်ကောင်း ပို့ဆောင်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ရှနိုင်ငံတော်မှ လူများ အနီရောင်မိုးစက်ကမ္ဘာသို့ တိုက်ရိုက် ရောက်ရှိလာနိုင်သည်ဟု အဓိပ္ပာယ်ရသည် မဟုတ်ပါလား။
ဤအရာက ရှနိုင်ငံတော်သည် သူတို့၏ နယ်နိမိတ်ကို အနီရောင်မိုးစက်ကမ္ဘာတွင် လာရောက် သတ်မှတ်ထားခြင်းနှင့် တူနေပေသည်။
ယွမ်ချင်းရှုက အမိန့်ပေးနေသော လုချန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ဘေးနားသို့ ချက်ချင်း ပေါ်လာခဲ့သည်။ သူမ ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော အေးစက်လှသည့် လေထုကို ခံစားမိသဖြင့် လုချန်းက ယွမ်ချင်းရှုဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်ပြီး
“မင်း ဘာလို့ ဒီရောက်နေတာလဲ”
ယွမ်ချင်းရှုက ဘာမှ မပြောပဲ လုချန်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။ သူ့ဆီမှ ရှင်းပြချက်ကို တစ်ခုခု တောင်းဆိုနေပုံရသည်။
လုချန်းက ဆက်လက်၍
“ရှနိုင်ငံတော်ကနေ ဗဟိုကြယ်နယ်မြေကို သွားဖို့က သိပ်ဝေးလွန်းတယ်။ ကိုယ်တို့ အချိန်မီ မရောက်မှာ စိုးလို့ ဒီမှာ တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံတစ်ခု တည်ဆောက်လိုက်တာပါ”
“မင်း စိတ်မရှိလောက်ပါဘူး။ ဟုတ်တယ်မလား။”
……………
အခန်း (၁၅၂၄)
ပြင်ပနယ်မြေသို့ ကိုယ်ပွား စေလွှတ်ခြင်း
ယွမ်ချင်းရှုက လုချန်း၏ စကားများကို လျစ်လျူရှုလိုက်ပြီး
“ရှင့်ရဲ့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက ဘယ်အဆင့်လဲ”
ဟု အေးစက်စွာ မေးလိုက်သည်။
လုချန်းက
“သူတော်စင် အဆင့်”
ဤအဖြေက ယွမ်ချင်းရှု၏ မျက်လုံးများကို ခဏမျှ ကျယ်သွားစေခဲ့သည်။
ထိုစဉ် ယွမ်ချင်းရှု၏ ခန္ဓာကိုယ်ပေါ်ရှိ အအေးဓာတ်က ရုတ်တရက် မြင့်တက်လာပြီးနောက် သူမထံမှ အနက်ရောင်နှင့် ခရမ်းရောင် ဓာတ်ငွေ့များ ထွက်ပေါ်လာသည်။
သူတော်စင် အဆင့်လား။
ဤအချက်က လုချန်းသည် နီရဲသောမိုးစက်ကမ္ဘာကို ရှနိုင်ငံ၏ ထွက်ပေါက်တစ်ခုအဖြစ် တကယ်ပင် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ဆိုလိုနေသည်။ ထိုသို့ဆိုလျှင် နောင်တွင် ရှနိုင်ငံမှ မည်သူမဆို ဤကမ္ဘာသို့ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တော့မည် ဖြစ်သည်။
“အသုံးပြုပြီးတာနဲ့ ဒါကို ချက်ချင်း ဖျက်သိမ်းလိုက်ပါ”
ဟု ယွမ်ချင်းရှုက အေးစက်စွာ ပြောလိုက်သည်။
လုချန်းက
“ဘာလို့ ဖျက်သိမ်းရမှာလဲ။ ကိုယ်တို့ ပြင်ပနယ်မြေကနေ ပြန်လာရင် ဒီကနေပဲ ရှနိုင်ငံကို ပြန်သွားရမှာလေ။”
လုချန်း၏ လေသံမှာ အလွန်ပင် ပေါ့ပေါ့ဆဆ ရှိနေသည်။
ယွမ်ချင်းရှု တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း သူမကို အလွန် နေရခက်စေသည့် အန္တရာယ် အငွေ့အသက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံထဲမှ သွေးအငွေ့အသက်များ ထွက်ပေါ်နေသည့် အနီရောင် ဝတ်စုံဝတ် အမျိုးသမီး တစ်ဦး ထွက်လာသည်။ သူမသည် သူတို့ကို ဂရုမစိုက်ပဲ ကောင်းကင်ယံတွင် ပျံသန်းကာ ဗဟိုကြယ်နယ်မြေဆီသို့ ဦးတည်သွားသည်။
ထိုအမျိုးသမီး၏ ပုံရိပ်ကို မြင်လျှင် ယွမ်ချင်းရှု မျက်မှောင် ကြုတ်လိုက်သည်။
ထိုအမျိုးသမီးသည် သတ်ဖြတ်ခြင်း ဧကရာဇ်ဖြစ်ရုံသာမက အဆင့်ခြောက် ဧကရာဇ် တစ်ဦးပင်။
သတ်ဖြတ်ခြင်း လမ်းစဉ်သည် အခြားလမ်းစဉ်များထက် ပိုအစွမ်းထက်ပြီး အနိုင်ယူရန် ခက်ခဲသည်ကို သူမ ကောင်းစွာသိထားသည်။
ရှနိုင်ငံ၌ အဆင့်မြင့် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦး ရှိကြောင်း ကြားဖူးသော်လည်း လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းက အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းသည်။
သူမသည် ပြီးခဲ့သည့် ခေတ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး လမ်းစဉ်စွမ်းအား နှစ်မျိုးကို ခက်ခက်ခဲခဲ အသုံးပြုနိုင်သော်လည်း အဆင့်တူ သတ်ဖြတ်ခြင်း ဧကရာဇ်တစ်ဦးကို အနိုင်ရရန် အခွင့်အရေး မရှိပေ။
နီရဲသောမိုးစက်ကမ္ဘာမှ မထွက်ခွာမီ ထျန်းဟုန် ဧကရီက အနည်းငယ် လှည့်ကာ ယွမ်ချင်းရှုနှင့် လုချန်းကို ကြည့်လိုက်သည်။
သူမ၏ အကြည့်သည် ယွမ်ချင်းရှု၏ ခန္ဓာကိုယ်ပေါ်သို့ ဝေ့ဝဲသွားပြီး
“ဒီလူကတော့ ဘယ်သွားသွား မိန်းမ မပြတ်ဘူးပဲ”
ဟု စိတ်ထဲမှ လှောင်လိုက်သည်။
ထျန်းဟုန် ဧကရီက ဆက်လက် အချိန်မဖြုန်းတော့ပဲ တစ်ဖက်သို့ လှည့်ကာ ဗဟိုကြယ်နယ်မြေသို့ ဆက်လက် ထွက်ခွာသွားသည်။ ထျန်းဟုန် ဧကရီ၏ ပုံရိပ် နီရဲသောမိုးစက်ကမ္ဘာမှ ပျောက်ကွယ်သွားပြီးနောက် ယွမ်ချင်းရှု သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
သတ်ဖြတ်ခြင်း ဧကရာဇ်၏ ဖိအားပေးနိုင်သော အငွေ့အသက်သည် တကယ်ပင် ကြောက်စရာ ကောင်းလှသည်။ အထူးသဖြင့် သူမကို လှည့်ကြည့်လိုက်သော ထိုအကြည့်က သွေးပင်လယ် ဝေနေသည့် တောင်တန်းများကို မြင်ယောင်သွားစေသည်။
ထိုအမျိုးသမီးက သူမကို သတိပေးနေခြင်းလားဟု ယွမ်ချင်းရှုက စိတ်ထဲ တွေးလိုက်သည်။
သို့သော် သူမသည် ထိုအမျိုးသမီးနှင့် ဘာမှ မပတ်သက်ခဲ့ဖူးပေ။
ထိုဖြစ်နိုင်ခြေကို စဉ်းစားပြီးနောက် ယွမ်ချင်းရှု လုချန်းကို ထပ်မံ အနှောင့်အယှက် မပေးလိုတော့ပေ။ သူ၏ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို မဖျက်သိမ်းလိုပါကလည်း လွှတ်ထားပေးလိုက်တော့မည်။ မည်သို့ပင်ဖြစ်စေ သူမသည် ထိုနည်းဗျူဟာပုံစံမှတစ်ဆင့် ရှနိုင်ငံသို့ သွားမည်မဟုတ်ပေ။
ဤဆုံးဖြတ်ချက်သည် သူမ၏ စိတ်ကို အနည်းငယ် ပေါ့ပါးသွားစေ၏။
ယွမ်ချင်းရှုလည်း ထပ်မံ စကားမပြောတော့ပဲ အာကာသ ကူးပြောင်းခြင်းဖြင့် သူမ၏ အဆောင်သို့ ပြန်သွားကာ ကျင့်စဉ်အဆင့် တိုးတက်အောင် ဆက်လက် ကျင့်ကြံနေတော့သည်။
မကြာမီတွင် သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံမှတစ်ဆင့် ရှနိုင်ငံ၏ ပြင်ပနယ်မြေ စူးစမ်းရေး ကြယ်ဖျက်ယာဉ်အုပ်စုအားလုံး ဗဟိုကြယ်နယ်မြေဆီသို့ ရောက်ရှိသွားသည်။ ထိုအခိုက်အတန့်သည် လုချန်း၏ ဧကရာဇ် အဆင့် ကိုယ်ပွားသည် ရွှမ်ထျန်း တည်ဆောက်ထားသည့် ပြင်ပနယ်မြေ ရွှေ့ပြောင်းလမ်းကြောင်းသို့ ဦးတည်သွားနေပြီ ဖြစ်သည်။
အဝေးမှ ကြီးမားသော တွင်းနက်ကြီးနှင့် ၎င်းကို ထိန်းသိမ်းထားသည့် မူလအစစွမ်းအားကို ကြည့်ရင်း ရွှမ်ထျန်းသည် ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်နိုင်သည်ဟု လုချန်း တွေးလိုက်သည်။ သို့သော် သူ့တွင် တိကျသော သက်သေအထောက်အထားတော့ မရှိသေးပေ။
ထိုအချိန်သည် တွင်းနက် အနီးရှိ အချို့သော ဧကရာဇ် အဆင့်များ လမ်းကြောင်းအတွင်းသို့ မဝင်ကြသည်ကို လုချန်း သတိပြုမိသည်။ သူက တစ်ကိုယ်တော် ကျင့်ကြံသူ ဧကရာဇ် တစ်ဦးထံသို့ ချဉ်းကပ်ကာ
“ခင်ဗျား ဘာလို့ အထဲမဝင်တာလဲ”
ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
ထိုဧကရာဇ်က သက်ပြင်းချကာ
“ပြင်ပနယ်မြေက အရမ်း အန္တရာယ်များတယ်။ ပြီးတော့ ကျုပ်က အဆင့်ခြောက်ပဲ ရှိသေးတာ။ ကောင်းကင်ဧကရာဇ် အဆင့်ကို ရောက်နိုင်ဖို့ နေနေသာသာ ဒီတစ်သက် အဆင့်ကိုး နယ်ပယ်ကိုတောင် ရောက်ပါ့မလား မသိဘူး။ ဘာလို့ အဲ့ဒီ ရတနာကို သွားရှာနေတော့မှာလဲ။”
အခြား တစ်ကိုယ်တော် ကျင့်ကြံသူ ဧကရာဇ်များကို လုချန်း ကြည့်လိုက်သည်။ သူတို့၏ ကျင့်စဉ်အဆင့်သည်လည်း အတော်လေး နိမ့်ပါးနေကြသဖြင့် ပြင်ပနယ်မြေသို့ သွားကာ အသေမခံလိုကြသည့် သူတို့၏ စိတ်ဆန္ဒကို သူ နားလည်နိုင်သည်။
ထို့နောက် လုချန်းက
“ပြင်ပနယ်မြေ ရွှေ့ပြောင်း လမ်းကြောင်းကို ထျန်းကျိရဲတိုက်သခင်က တည်ဆောက်ခဲ့တာလို့ ကျုပ် ကြားတယ်။ အဲဒီတုန်းက ခင်ဗျား ဒီမှာ ရှိနေတာလား”
ဟု ထပ်မေးလိုက်သည်။
အန်ဖုန်း ဧကရာဇ် က လုချန်းကို တစ်ချက်ကြည့်ကာ
“ဒါပေါ့ ရှိနေတာပေါ့။ အဲဒီလို ခမ်းနားတဲ့ မြင်ကွင်းမျိုးကို မြင်ချင်လို့ ကျုပ်လာကြည့်တာ။ ခင်ဗျားက ဒီကို အခုမှ ရောက်လာတာလား။”
လုချန်းက
“ဟုတ်ပါတယ်”
အန်ဖုန်းဧကရာဇ်က
“ဒါဆိုရင်တော့ နှမြောစရာပဲ။ ခင်ဗျား ထျန်းကျိရဲတိုက်သခင်ရဲ့ ကြောက်စရာကောင်းသည့် အင်အားကို မမြင်လိုက်ရဘူးပေါ့။”
လုချန်းက
“ထျန်းကျိရဲတိုက်သခင်သည် အဲ့ဒီလို လမ်းကြောင်းမျိုးကို တည်ဆောက်နိုင်တယ်ဆိုလျှင် သူက ကောင်းကင်ဧကရာဇ် ဖြစ်ရမှာ မဟုတ်လား။ ကောင်းကင်ဧကရာဇ် တစ်ဦးကပဲ အဲ့ဒီလို အင်အားမျိုး ရှိနိုင်တာ။ အဲ့ဒီတုန်းက သူသည် ကောင်းကင်ဧကရာဇ် ဖြစ်နေပြီလို့ ဘယ်သူမှ မသင်္ကာဖြစ်ကြဘူးလား။”
ဤမေးခွန်းသည် လုချန်း၏ စိတ်ထဲ ကြာရှည်စွာ တည်ရှိနေခဲ့သော မေးခွန်းဖြစ်၏။
အန်ဖုန်းဧကရာဇ်က ရယ်မောကာ
“ကောင်းကင်ဧကရာဇ် တစ်ပါး ပေါ်ထွက်လာဖို့က အဲ့ဒီလောက် မလွယ်ပါဘူး။ ထျန်းကျိရဲတိုက်သခင်ဆီမှာ ပြင်ပနယ်မြေကနေ ရထားတဲ့ ရတနာတစ်ခု ရှိတယ်။ အဲ့ဒီရတနာက သူ့ကို မူလအစစွမ်းအား ခဏသုံးနိုင်အောင် ကူညီပေးတာပါ။”
အန်ဖုန်း ဧကရာဇ်၏ ထိုအဖြေကို လုချန်း သံသယ ဖြစ်မိသည်။ ဤလောက၌ စကြဝဠာ၏ အမြင့်ဆုံး အင်အားများကို ရရှိအောင် ကူညီပေးနိုင်သည့် ရတနာမျိုး ရှိသည်ဟု သူ မယုံကြည်သော်လည်း ထပ်မံ၍ အသေးစိတ် မမေးမြန်းတော့ပေ။
ထိုအခိုက်အတန့်တွင် အန်ဖုန်း ဧကရာဇ်က လုချန်းကို
“ခင်ဗျားလည်း ပြင်ပနယ်မြေကို သွားကြည့်ချင်တာလား”
“အသေမခံဖို့ ကျုပ် အကြံပေးချင်ပါတယ်။ အဆင့်တစ် ဧကရာဇ် အဆင့်နှင့်ဆိုလျှင် ခင်ဗျား ပြင်ပနယ်မြေမှာ တစ်နှစ်တောင် ခံမှာ မဟုတ်ဘူး။”
လုချန်းက ပြုံးလိုက်ပြီး
“ခေတ်ပျက်ကပ်ဘေးက ရောက်တော့မှာ ဆိုတော့ ပြင်ပနယ်မြေမှာ အဲဒီကပ်ဘေးကို ခုခံနိုင်မယ့် ပစ္စည်း တစ်ခုခု ရှိနိုင်မယ်လို့ ကျုပ် တွေးမိတယ်။ သေမယ့်ရက်ကို ထိုင်စောင့်နေတာထက်စာလျှင် သွားပြီး စူးစမ်းကြည့်တာက ပိုပြီး အဓိပ္ပာယ် ရှိတာပေါ့။”
ထိုအရာကို ကြားလျှင် အန်ဖုန်းဧကရာဇ် အံ့အားသင့်ကာ မှင်သက်သွား၏။ အဆင့်တစ် ဧကရာဇ်လေး တစ်ဦး၌ ဤကဲ့သို့ အမြင်မျိုး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
စကားပြောပြီးနောက် လမ်းကြောင်းဆီသို့ လုချန်း တိုက်ရိုက် ပျံသန်းသွားလိုက်သည်။ လက်ရှိသူ၏ ရည်ရွယ်ချက်က သူ၏ ဤကိုယ်ပွား ပြင်ပနယ်မြေသို့ ရောက်ရှိသွားပြီးနောက် သူ၏ စိတ်အာရုံက ကိုယ်ပွားကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း ရှိ မရှိ စမ်းသပ်ရန်အတွက်သာ အဓိက ဖြစ်သည်။
သူ တွင်းနက်ဝသို့ ရောက်ရှိသွားလျှင် သူ၏ ခန္ဓာကိုယ်သည် ကြီးမားသော ဆွဲငင်အားတစ်ခုကြောင့် ချက်ချင်းပင် အတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။ နောက်တစ်ခဏတွင် သူ၏ မြင်ကွင်း လုံးဝ မှောင်အတိ ကျသွား၏။ မည်သည့်အရာကိုမှ မမြင်ရတော့ပေ။
တွင်းထဲသို့ ရောက်ရှိပြီးနောက်တွင်လည်း သူ၏ စိတ်အာရုံသည် ကိုယ်ပွားကို ဆက်လက် ထိန်းချုပ်နိုင်ကြောင်း လုချန်း တွေ့ရှိလိုက်ရသဖြင့် အတော်လေး စိတ်သက်သာရာ ရသွားသည်။
သို့သော် တည်နေရာရွှေ့ပြောင်း လမ်းကြောင်းသည် အလွန်ပင် ရှည်လျားလှပြီး ထိုလမ်းကြောင်းအတွင်း ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေသည်ဟု သူ၏ ကိုယ်ပွား ခံစားနေရသည်။ သူ၏ ကိုယ်ပွားကို စိတ်အာရုံနှင့် တိုက်ရိုက် ထိန်းချုပ်ထားသောကြောင့် အပြင်ဘက်နှင့် လမ်းကြောင်းအထဲရှိ အချိန်စီးဆင်းမှု ကွာခြားချက်ကို သူ ခံစားသိနိုင်ခြင်း ဖြစ်သည်။
မကြာမီတွင် ရှနိုင်ငံ၏ ပြင်ပနယ်မြေ စူးစမ်းရေး ယာဉ်အုပ်စုသည် ထိုတွင်းနားသို့ ရောက်ရှိလာကြသည်။ ထျန်းဟုန် ဧကရီက လမ်းကြောင်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်ရန် ပြင်လိုက်စဉ် လုချန်း၏ အဆင့်လေး ကိုယ်ပွားက
“ခဏ နေဦး”
ဟု တားလိုက်သည်။
ထျန်းဟုန် ဧကရီက လုချန်းကို ဇဝေဇဝါ ဖြစ်လျက် လှည့်ကြည့်လိုက်သည်။ လမ်းကြောင်းနားသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ပြင်ပနယ်မြေအတွင်းသို့ အမြန်ဝင်ကာ သတ်ဖြတ်ရန် သူမ စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
“ကိုယ့် ကိုယ်ပွားက လမ်းကြောင်းထဲမှာ ရှိနေသေးတယ်။ သူ့ကို အရင်ဆုံး ပြင်ပနယ်မြေထဲ ဝင်ခိုင်းလိုက်ဦးမယ်။”
လုချန်း၏ စကားကို ကြားပြီးနောက် ထျန်းဟုန် ဧကရီလည်း သူမ၏ စိတ်မရှည်မှုကို ထိန်းချုပ်လိုက်ပြီး လမ်းကြောင်း၏ တည်ငြိမ်မှုကို အရင်ဆုံး အတည်ပြုသင့်သည်ဟု သဘောတူလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာသည် လူတစ်ဦး ဖန်တီးထားခြင်း ဖြစ်သောကြောင့် စကြဝဠာ အစွန်အဖျားရှိ အာကာသ အက်ကြောင်းများကဲ့သို့ တည်ငြိမ်မှု မရှိနိုင်ပေ။
သူတို့ တစ်နှစ်ခန့် စောင့်ဆိုင်းလိုက်ကြသည်။
ကံကောင်းသည်က ရွှမ်ထျန်း တည်ဆောက်ခဲ့သည့် လမ်းကြောင်းသည် အလွန်ပင် တည်ငြိမ်လှသည်။ လမ်းကြောင်း မျက်နှာပြင်ပေါ်ရှိ မူလအစစွမ်းအားသည် လမ်းကြောင်းကို ဆက်လက် ထိန်းသိမ်းထားပြီး တစ်နှစ် ကြာသွားသော်လည်း ပြိုလဲမည့် အရိပ်အယောင် မရှိပေ။
ဧကရာဇ် အဆင့်များအတွက် ဆယ်နှစ်ဆိုသည့် အချိန်သည် မရှည်လျားလှပေ။ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခြင်း ဖြစ်သည်။
သို့သော် မြေကမ္ဘာမှ မှတ်ဉာဏ်များ ရှိနေသည့် လုချန်းအတွက်မူ ဆယ်နှစ်ဆိုသည့် အချိန်သည် အတော်လေး ကြာမြင့်သည်ဟု ထင်ရသည်။ ကံကောင်းသည်က ထိုဆယ်နှစ်အတွင်း သူ၏ ကိုယ်ပွားကို ထိန်းချုပ်ကာ သူ၏ ဇနီးမယားများကို ကျင့်စဉ်ကျင့်ရာ၌ ကူညီပေးခဲ့သောကြောင့် အချိန်များ အဓိပ္ပာယ် ရှိနေခဲ့သည်။
…….
ဆယ်နှစ် ကြာပြီးနောက်။
ပြင်ပနယ်မြေ။
ရောင်စုံ ဖန်တီးခြင်းစွမ်းအားများ လွှမ်းခြုံထားသည့် အမျိုးသား တစ်ဦး ဝဲဂယက်အတွင်းမှ ထွက်ပေါ်လာသည်။ အလင်းရောင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ အလွန် သက်သောင့်သက်သာ ဖြစ်သွားသည်။
သူသည် အမှောင်အတိကျနေသည့် လမ်းကြောင်းအတွင်း ရာစုနှစ်ပေါင်းများစွာ နေခဲ့ရ၏။ ဤအရာသည် စိတ်အာရုံနှင့် ထိန်းချုပ်ထားသည့် ကိုယ်ပွားသာ မဟုတ်ခဲ့လျှင် သူ ရူးသွပ်သွားနိုင်သည်ဟု လုချန်း ခံစားလိုက်ရသည်။
ယခု လုချန်း၏ စိတ်အာရုံက ကိုယ်ပွား၏ အခြေအနေကို စစ်ဆေးလိုက်ရာ မမျှော်လင့်ပဲ အခြေအနေ ကောင်းမွန်နေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် သူ၏ ကိုယ်ပွား၏ ကျင့်စဉ် အဆင့်သည်လည်း ရုတ်တရက် မြင့်တက်လာပြီး တရစပ် တိုးတက်လာတော့သည်။