အခန်း (၁၅၂၅-၁၅၂၇)
Vol. 102 Ch. 1525-1527
အခန်း (၁၅၂၅)
စကြဝဠာ၏ အပြင်ဘက်သည် ဖရိုဖရဲ ဟင်းလင်းပြင် ဖြစ်သည်
လုချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဘာတွေ ဖြစ်နေတာလဲ။
ပြင်ပနယ်မြေသို့ ဝင်ရောက်ပြီးနောက် သူ၏ ကိုယ်ပွားအဆင့်က ဘာကြောင့် ရုတ်တရက် အရှိန်အဟုန်ဖြင့် မြင့်တက်လာရသနည်း။
မျက်စိတစ်မှိတ်အတွင်းသည်ပင် သူ၏ ကိုယ်ပွားအဆင့်သည် အဆင့်ငါး နယ်ပယ်သို့ ဖောက်ထွက်သွားခဲ့သည်။ ဤမျှ လျင်မြန်သော အဆင့်တိုးတက်မှုမျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ပေ။
ယုတ္တိဗေဒအရဆိုလျှင် သူ၏ စိတ်အာရုံ အင်အားက အဆင့်ခြောက် နယ်ပယ်ရှိ ပင်မခန္ဓာနှင့် အဆင့်ငါး နယ်ပယ်ရှိ ကိုယ်ပွားတို့ကို တစ်ပြိုင်နက်တည်း မထိန်းချုပ်နိုင်သင့်ပေ။ သို့သော် ထိုအဆင့်ငါး ကိုယ်ပွားကြောင့် သူ မည်သည့် နေရခက်မှုကိုမှ မခံစားရပေ။
စကြဝဠာ နိယာမများ၏ ကွာခြားချက်ကြောင့် ဖြစ်နိုင်သည်ဟု လုချန်း စိတ်ထဲမှ တွေးလိုက်၏။ ပြင်ပနယ်မြေသည် မူလစကြဝဠာ၏ အစိတ်အပိုင်း မဟုတ်သဖြင့် နိယာမများ ကွဲပြားနေခြင်းကြောင့် မူလစကြဝဠာ နိယာမများ၏ ကန့်သတ်ချက် မရှိတော့ပဲ ပိုအားနည်းသော စိတ်အာရုံဖြင့် အင်အားကြီးသော ခန္ဓာကိုယ်ကို သူ ထိန်းချုပ်နိုင်ခြင်း ဖြစ်ပေမည်။
သို့သော် ယခုအချိန်သည် ဤအချက်ကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ဤလမ်းကြောင်းမှတစ်ဆင့် ပြင်ပနယ်မြေသို့ တကယ် ရောက်ရှိနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်သဖြင့် ရှနိုင်ငံတော်၏ စူးစမ်းရေး ယာဉ်အုပ်စုကိုလည်း စတင်ထွက်ခွာစေသင့်ပြီ ဖြစ်သည်။
…….
ထိုအခိုက်အတန့်တွင်။
ဗဟိုကြယ်နယ်မြေ။
ဖေးဟုန် နတ်လှေပေါ်တွင် ထျန်းဟုန် ဧကရီ၏ ခါးကို ဖက်ထားသော လုချန်း ရုတ်တရက် ရပ်တန့်လိုက်သည်။ လုချန်း ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီက ခေါင်းကို အနည်းငယ် စောင်းကာ သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
လုချန်းက
“ကိုယ်တို့ အခု စထွက်လို့ ရပြီ”
ထိုသို့ ပြောပြီးနောက် လုချန်းက ထျန်းဟုန် ဧကရီကို လွှတ်လိုက်ပြီး အခြားသော နတ်လှေများပေါ်ရှိ ဧကရာဇ် အဆင့်များထံသို့ အသံလွှင့် အမိန့်ပေးလိုက်သည်။
“အချိန်တန်ပြီ။ ကျုပ်တို့ စထွက်လို့ ရပြီ။ အစက ခွဲပေးထားတဲ့ ကိုယ့်အဖွဲ့ကိုယ် မှတ်ထားကြပါ။ ပြင်ပနယ်မြေထဲ ရောက်လို့ လူချင်း ကွဲသွားရင် အဖွဲ့ခေါင်းဆောင်တွေက အဖွဲ့ဝင်တွေကို ရှာဖို့ တာဝန်ယူရမယ်။”
လုချန်း၏ အသံကို ကြားလျှင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေကြသည့် ဧကရာဇ် အဆင့် အားလုံးက မျက်လုံးများကို ဖွင့်လိုက်ကြသည်။ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးတွင် ပြင်ပနယ်မြေသို့ ဝင်ရောက်နိုင်တော့မည် ဖြစ်သဖြင့် သူတို့အားလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။
အချို့သော ဧကရာဇ်များ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အလင်းရောင်များ ဝင်းလက်နေသည်။
လုချန်း၏ အမိန့်သံ ပြီးဆုံးပြီးနောက် ထျန်းဟုန် ဧကရီက ဖေးဟုန် နတ်လှေကို အဝေးမှ တွင်းနက်ဆီသို့ စိတ်အားထက်သန်စွာဖြင့် မောင်းနှင်လိုက်သည်။
ဖေးဟုန် နတ်လှေ တွင်းနက်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ပတ်ဝန်းကျင်သည် ချက်ချင်း မှောင်အတိ ကျသွားသော်လည်း ထိုအခိုက်အတန့်တွင် နတ်လှေပေါ်ရှိ နည်းဗျူဟာ ပုံစံမှ ထွက်ပေါ်လာသော အလင်းရောင်က အနီးနား ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
တွင်းနက်အတွင်းသို့ ကြယ်ဖျက်ယာဉ်များ တစ်စတစ်စ တိုး၍ ဝင်ရောက်လာသည်နှင့် ထိုအထဲရှိ အလင်းစက် အရေအတွက်ကလည်း တဖြည်းဖြည်း များလာသည်။
……
တစ်ချိန်တည်းတွင်။
ပြင်ပနယ်မြေ၏ တစ်နေရာ။
ရွှမ်ထျန်းသည် ကြယ်တာယာဆောင်၏ အပေါ်ဘက်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ ထိုစဉ် ပိတ်ထားသော သူ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီးနောက် နှုတ်ခမ်းထောင့်စွန်းများလည်း အနည်းငယ် ကွေးညွတ်ကာ ပြုံးယောင်သန်းသွားသည်။
“အရမ်းကောင်းတယ်။ နောက်ဆုံးတော့ လုချန်း ငါ့အကွက်ထဲ ဆင်းလာပြီ။”
သူ၏ အသံတွင် ကျေနပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောနှောနေသည်။
အစောပိုင်းက လုချန်း၏ ဧကရာဇ် အဆင့် ကိုယ်ပွား တည်နေရာရွှေ့ပြောင်း လမ်းကြောင်းမှတစ်ဆင့် ရောက်လာစဉ်က ၎င်းကို လုချန်း၏ ပင်မခန္ဓာဟု သူ ထင်မှတ်လုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းသည်က သူ၏ စိတ်ကို ထိန်းချုပ်ကာ ချက်ချင်း အရေးမယူခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်ကတော့ အဆင့်လေး နယ်ပယ်ရှိ လုချန်း တစ်ဦး တည်နေရာရွှေ့ပြောင်း လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာသည်ကို သူ ခံစားလိုက်ရသဖြင့် ဤတစ်ခေါက်ကတော့ လုချန်း၏ ပင်မခန္ဓာ တကယ် လာနေခြင်း ဖြစ်ပေမည်။ ဤတစ်ကြိမ်တော့ မှားနိုင်စရာ အကြောင်းမရှိဟုလလည်း ရွှမ်ထျန်း ယုံကြည်သွားသည်။
လုချန်း၏ ပင်မခန္ဓာ ပြင်ပနယ်မြေသို့ လုံးဝ ရောက်ရှိလာသည်နှင့် သူသည် ရှနိုင်ငံတော်နှင့် ထိုနတ်လက်နက်ကို စကြဝဠာ ပြင်ပသို့ တစ်ပြိုင်နက်တည်း ပို့ဆောင်ပစ်မည် ဖြစ်သည်။
ထိုအချိန်တွင် ရှန်ဝူဧကရာဇ်၊ မဟာမြင့်မြတ်နယ်မြေသခင်နှင့် အသက်ကယ် ဧကရီတို့ ရွှမ်ထျန်း၏ ရှေ့သို့ ရောက်လာကြသည်။ ရွှမ်ထျန်း ပြုံးနေသည်ကို မြင်လျှင် ရှန်ဝူဧကရာဇ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ရွှမ်ထျန်းက လုချန်းကို နှိမ်နင်းရန်အတွက်သာ ဤအရာအားလုံးကို လုပ်ဆောင်နေခြင်းဟု အစောပိုင်းက သူ ယူဆခဲ့သော်လည်း ရွှမ်ထျန်း၏ နည်းလမ်းများနှင့် အင်အားကို မြင်တွေ့ပြီးနောက်တွင်မူ ရွှမ်ထျန်း၏ အစီအစဉ်က လုချန်းကိုသာမက သူတို့ကိုပါ ပစ်မှတ်ထားနေခြင်း ဖြစ်နိုင်သည်ဟု ရှန်ဝူဧကရာဇ် ပို၍ခံစားလာရသည်။
သို့သော် အမှန်တကယ်တော့ ရွှမ်ထျန်းသည် လုချန်းနှင့် ရွှမ်ချင်းယွမ်တို့မှလွဲ၍ အခြားမည်သူ့ကိုမှ အရေးမထားသောကြောင့် ဤအချက်သည် ရှန်ဝူဧကရာဇ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခြင်းသာ ဖြစ်၏။
“ရဲတိုက်သခင်ရွှမ် အခုလို ပျော်နေတာ အစီအစဉ် အောင်မြင်သွားလို့လား”
ဟု မဟာမြင့်မြတ်နယ်မြေသခင်က စမေးလိုက်သည်။
“ဟုတ်တယ်။ လုချန်းရဲ့ ပင်မခန္ဓာက ကျုပ်ရဲ့ တည်နေရာရွှေ့ပြောင်း လမ်းကြောင်းကနေတစ်ဆင့် ပြင်ပနယ်မြေဆီကို လာနေပြီ”
ဟု ရွှမ်ထျန်းက တုံ့ပြန်လိုက်သည်။
ထိုစဉ် အသက်ကယ် ဧကရီက သိလိုစိတ်ဖြင့်
“ရဲတိုက်သခင်ရွှမ်က တစ်နိုင်ငံလုံးကို ဒီစကြဝဠာထဲကနေ တကယ် ဖယ်ထုတ်နိုင်တာလား။”
ယခုလက်ရှိ ရှနိုင်ငံတော်သည် စကြဝဠာ အစွန်အဖျားရှိ တိုင်းပြည်ငယ်လေး မဟုတ်တော့ပေ။ စကြဝဠာ တစ်ခုလုံး၌ နယ်မြေအကျယ်ဝန်းဆုံး နိုင်ငံ ဖြစ်နေသည်။
ဤမျှ ကျယ်ပြန့်သော နယ်မြေကို ရွှေ့ပြောင်းရန်က စဉ်းစားကြည့်၍ပင် မဖြစ်နိုင်လောက်အောင် ကြီးမားသော အလုပ်ဖြစ်သည်။
ရှနိုင်ငံတော် တစ်ခုလုံးကို စကြဝဠာ ပြင်ပသို့ ပို့ဆောင်ရန်အတွက် အလွန်တရာ ကြောက်စရာကောင်းသည့် အင်အားမျိုး လိုအပ်မည် မဟုတ်ပါလား။
ရွှမ်ထျန်းသာ ထိုသို့ တကယ် လုပ်နိုင်ပါက သူသည် နတ်လက်နက်ကို တိုက်ရိုက် ဖျက်ဆီးနိုင်စွမ်းလည်း ရှိရမည် မဟုတ်ပါလား။
ဘာကြောင့် လုချန်း၏ ပင်မခန္ဓာကို မျှားခေါ်ရန်အတွက် ဤမျှ ရှုပ်ထွေးသော အစီအစဉ်များကို လုပ်နေရသနည်း။
ထိုသို့လုပ်ဆောင်ခြင်းက လိုတာထက် ပို၍ရှုပ်ထွေးမနေဘူးလား။
ရွှမ်ထျန်း၏ လုပ်ရပ်သည် တစ်ခုခု သံသယဖြစ်ဖွယ် ကောင်းနေသည်ဟု အသက်ကယ် ဧကရီလည်း ပို၍ခံစားလာရသည်။
သူ၏ ရှေ့ရှိ သုံးဦးစလုံး၌ သံသယများ တိုးပွားလာနေသည်ကို ရွှမ်ထျန်း ရိပ်မိသွားပြီး
“ကျုပ် အခုလို လုပ်နိုင်တာက ကျွန်တော့်အောက်က ကြယ်တာယာ ခန်းမကြောင့်ပါ”
ဟု ခပ်အေးအေးပင် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် မဟာမြင့်မြတ်နယ်မြေသခင်က အလွန် အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ဒီခန်းမဆောင်က နိုင်ငံကြီးတစ်နိုင်ငံလုံးကို စကြဝဠာ ပြင်ပကို ပို့နိုင်လောက်အောင် စွမ်းအားကြီးတယ်ဆိုရင် ကျုပ်တို့ကိုလည်း စကြဝဠာထဲကနေ ထုတ်ပေးပြီး ခေတ်ပျက်ကပ်ဘေးကနေ ရှောင်ရှားခိုင်းလို့ ရရမှာ မဟုတ်လား။”
ဤမေးခွန်းသည် သူတို့သုံးဦးစလုံး၏ စိတ်ထဲတွင် ရှိနေခဲ့သော အဓိက မေးခွန်းလည်းဖြစ်သည်။
ရွှမ်ထျန်း၏ အစီအစဉ်ကို ကြားကတည်းက မဟာမြင့်မြတ်နယ်မြေသခင် ဤအချက်ကို တွေးနေခဲ့ခြင်း ဖြစ်သည်။ ဤအစီအစဉ်အပေါ် သူ စိတ်အဝင်စားဆုံး အချက်သည်လည်း ဤနေရာပင် ဖြစ်သည်။
အစကမူ လုချန်း သူ့ထက်စော၍ ကောင်းကင်ဧကရာဇ် ဖြစ်မသွားစေရန်အတွက် ဖယ်ရှားပစ်လိုခြင်း သက်သက်သာ ဖြစ်၏။ သို့သော် နောက်ပိုင်းတွင် ရွှမ်ထျန်းက ရှနိုင်ငံတော်ကို စကြဝဠာ ပြင်ပသို့ ပို့နိုင်သည်ဟု ကြားလျှင် သံသယအချို့ ရှိသော်လည်း သူတို့နှင့် ပူးပေါင်းရန် သူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရွှမ်ထျန်း၌ ထိုသို့သော စွမ်းဆောင်ရည် တကယ် ရှိ မရှိ သူ သိလိုသည်။ တကယ် ရှိခဲ့လျှင် သူတို့သည် စကြဝဠာထဲမှ ထွက်သွားရုံဖြင့် ခေတ်ပျက်ကပ်ဘေးကို ရှောင်ကွင်းနိုင်မည် မဟုတ်ပါလား။
အခြား စကြဝဠာများသည်လည်း တစ်ချိန်တည်း ခေတ်ပျက်ကပ်ဘေးများနှင့် ကြုံတွေ့နေရမည် မဟုတ်ပေ။
မဟာမြင့်မြတ်နယ်မြေသခင်၏ မေးခွန်းကို ကြားလျှင် အသက်ကယ် ဧကရီနှင့် ရှန်ဝူဧကရာဇ်တို့ ခဏခန့် မှင်တက်သွားကြပြီးနောက် ရွှမ်ထျန်း၏ အဖြေကို စောင့်ဆိုင်းရင်း သူ့ကို ကြည့်လိုက်ကြသည်။
သူတို့ သုံးဦးစလုံး ကောင်းကင်ဧကရာဇ် အမှန်တကယ် ဖြစ်လိုကြသော်လည်း ထိုဆန္ဒထက် ပို၍အရေးကြီးသည်က မကြာမီ ရင်ဆိုင်ရမည့် ခေတ်ပျက်ကပ်ဘေး ဖြစ်သည်။
ရှေးခေတ် မှတ်တမ်းများအရ ကောင်းကင်ဧကရာဇ်သည် တစ်ဦးတည်းသာ ရှိနိုင်သဖြင့် အားလုံးက ကောင်းကင်ဧကရာဇ် မဖြစ်နိုင်ပေ။ သူတို့အနက် တစ်ဦး ကောင်းကင်ဧကရာဇ် ဖြစ်သွားခဲ့လျှင်ပင် ကျန်သူများကတော့ ကျန်ရစ်ခဲ့မည် ဖြစ်သည်။
ကောင်းကင်ဧကရာဇ်သည် ခေတ်ပျက်ကပ်ဘေးကို အလွယ်တကူ ရှောင်ကွင်းနိုင်သော်လည်း အခြားသော ဧကရာဇ် အဆင့်များကတော့ ထိုသို့ မလုပ်နိုင်ကြပေ။
ခေတ်ပျက်ကပ်ဘေးကို ရှောင်ရှားရန် ခေတ်ကူးနယ်မြေကို ရှာဖွေနိုင်သော်လည်း ဤနည်းလမ်းသည် ပြီးခဲ့သည့် ခေတ်မှ ကျန်ရစ်သော နည်းလမ်းဖြစ်သဖြင့် ဤခေတ်၏ ခေတ်ပျက်ကပ်ဘေးတွင် ကွဲပြားနေမလားဆိုတာ မည်သူမှ မသိနိုင်သောကြောင့် လုံးဝ စိတ်မချရပေ။
ဘေးကင်းရန်အတွက် တစ်ခုတည်းသော နည်းလမ်းသည် ဤစကြဝဠာထဲမှ ထွက်ခွာသွားရန်သာ ဖြစ်၏။ ထိုသို့သာ တကယ် ထွက်ခွာနိုင်ခဲ့လျှင် ခေတ်ပျက်ကပ်ဘေးသည် သူတို့နှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။
သူတို့၏ အတွေးများကို ရွှမ်ထျန်း မြင်နိုင်သဖြင့် ပြုံးလိုက်ပြီး
“စကြဝဠာ ပြင်ပမှာ ဘာရှိလဲဆိုတာ ခင်ဗျားတို့ သိလား”
“ရဲတိုက်သခင်ရွှမ်ကရော သိလို့လား”
ဟု ရှန်ဝူဧကရာဇ်က တည်ငြိမ်စွာပင် ပြန်မေးလိုက်သည်။
ရွှမ်ထျန်းက ပြုံးလျက်
“ကျုပ် တည့်တိုးပဲ ပြောပြပါ့မယ်။ စကြဝဠာ ပြင်ပမှာ ရှိတာက ဖရိုဖရဲ ဖြစ်နေတဲ့ ဟင်းလင်းပြင်ပဲ။ ဒီစကြဝဠာထဲကနေ ထွက်သွားရုံနဲ့ ခေတ်ပျက်ကပ်ဘေးကနေ လွတ်ပြီး အသက်ရှင်နိုင်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား။”
“စကြဝဠာ ပြင်ပမှာ ရှိတဲ့ ဖရိုဖရဲ စွမ်းအားတွေက ကျင့်ကြံသူတွေရဲ့ စွမ်းအားကို တိုက်စားနိုင်စွမ်း ရှိတယ်။ ကျင့်ကြံသူရဲ့အဆင့် ဘယ်လောက်မြင့်မြင့် မကာကွယ်နိုင်ဘူး။ ကျင့်ကြံသူ တစ်ယောက် အဲ့ဒီ ဖရိုဖရဲ ဟင်းလင်းပြင်ထဲကို ဝင်သွားတာနဲ့ ဆယ့်ငါးမမိနစ်အတွင်း သေဆုံးသွားလိမ့်မယ်။”
ဤစကားများက ရှန်ဝူဧကရာဇ်တို့သုံးဦးကို တစ်ခဏမျှ တိတ်ဆိတ်သွားစေသည်။
ထို့နောက် ရွှမ်ထျန်းက ဆက်လက်၍
“အဲဒီ အခြားလောကသားတွေက သူတို့ အသက်ကို ရင်းပြီး ပြင်ပနယ်မြေကနေတစ်ဆင့် ကျွန်တော်တို့ စကြဝဠာထဲကို ဝင်လာဖို့ ကြိုးစားနေကြတာ ဘာကြောင့်လို့ ခင်ဗျားတို့ ထင်လဲ။”
ထိုအရာကို ကြားလျှင် ရှန်ဝူဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး
“စကြဝဠာ ပြင်ပမှာ ဖရိုဖရဲ ဟင်းလင်းပြင်ပဲ ရှိတယ်ဆိုလျှင် အဲဒီ အခြားလောကသားတွေက ဘယ်ကနေ ရောက်လာတာလဲ”
ဟု ထပ်မံ မေးခွန်းထုတ်လိုက်သည်။
……………
အခန်း (၁၅၂၆)
ရွှမ်ထျန်း စတင်လှုပ်ရှားခြင်း
ရှန်ဝူဧကရာဇ် ဤမေးခွန်းကို မေးလိမ့်မည်ဟု ရွှမ်ထျန်းက ကြိုတင်မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။ သူက အေးအေးလူလူပင် အောက်ပါအတိုင်း တုံ့ပြန်လိုက်၏။
“အဲဒီ အခြားလောကက သတ္တဝါတွေက ဒီစကြဝဠာရဲ့ လက်အောက်ခံ စကြဝဠာတွေကနေလာကြတာ။ ဒီစကြဝဠာက ကပ်ဘေးနဲ့ ကြုံတွေ့ရတဲ့အခါ သူတို့လည်း ဘေးဒုက္ခနဲ့ ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် အဲဒီလက်အောက်ခံ စကြဝဠာ တော်တော်များများကလည်း စတင် ပြိုကွဲနေပြီဖြစ်လို့ သူတို့က ပြင်ပနယ်မြေကို ထွက်ပြေးလာပြီး ပြင်ပနယ်မြေကနေတစ်ဆင့် ကျုပ်တို့ စကြဝဠာဆီ ရောက်ဖို့ မျှော်လင့်နေကြတာပါ။”
ရွှမ်ထျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှန်ဝူဧကရာဇ် ရယ်ချင်သွားခဲ့သည်။ ရွှမ်ထျန်း ပြောသမျှကို သူ တစ်လုံးမှ မယုံကြည်ပေ။ ရွှမ်ထျန်း၏ စကားများသည် ယုတ္တိရှိသည်ဟု ထင်ရသော်လည်း သူ၏ ကိုယ်တွေ့အတွေ့အကြုံနှင့် လုံးဝ ဆန့်ကျင်နေသည်။
အကြောင်းရင်းက ရိုးရှင်း၏။ ထိုအခြားလောကမှ သတ္တဝါများနှင့် သူ ကိုယ်တိုင် တိုက်ခိုက်ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
သူတို့ထဲမှ အမြောက်အမြားသည် ဘာသာစကား မတူကြသဖြင့် သူတို့ ပြောဆိုသည်များကို သူ နားမလည်နိုင်သော်လည်း သူတို့၏ အင်အားကတော့ အလွန် ကြီးမားလှသည်။
ထိုသတ္တဝါများနှင့် ဆုံတွေ့တိုင်း သူတို့အား လုံး၏ အင်အားသည် သူ့ထက် မနည်းကြောင်းကို သူ ခံစားခဲ့ရသည်။
ထိုမျှ အင်အားကြီးမားသော အခြားလောကမှ သတ္တဝါများသည် သူတို့၏ လက်အောက်ခံ စကြဝဠာမှ လာသူများ မည်သို့ ဖြစ်နိုင်မည်နည်း။
သဘောတရားအရဆိုလျှင် ပင်မစကြဝဠာ၏ နိယာမသည် ပို၍ ပြည့်စုံသင့်ပြီး ထိုမှ မွေးဖွားလာသော အစွမ်းထက်သူများသည်လည်း ပိုမိုအင်အားကြီးသင့်သည်။ လက်အောက်ခံ စကြဝဠာမှ လူများ၏ ပျမ်းမျှအင်အားက ပင်မစကြဝဠာထက် မည်သို့ သာလွန်နိုင်မည်နည်း။
ရှန်ဝူဧကရာဇ် ထိုသို့ စဉ်းစားနေစဉ်မှာပင် ရွှမ်ထျန်းက
“အဲ့ဒီလက်အောက်ခံ စကြဝဠာက သူတွေဟာ အဲ့ဒီစကြဝဠာတွေထဲမှာ အင်အားအကြီးဆုံး သူတွေဖြစ်တာကြောင့် သူတို့က အလွန် အင်အားကြီးနေပုံ ပေါက်နေတာပါ။ သူတို့လောကက ပျမ်းမျှအင်အားပဲ ရှိတဲ့သူတွေဆိုရင် ပြင်ပနယ်မြေဆီကိုတောင် မရောက်နိုင်ကြပါဘူး။”
ထိုအရာကို ကြားလျှင် မဟာမြင့်မြတ်နယ်မြေသခင်နှင့် အသက်ကယ် ဧကရီတို့လည်း ယုတ္တိရှိသည်ဟု ထင်မြင်သွားကြသည်။ လက်အောက်ခံ စကြဝဠာများ ပြိုကွဲသွားသဖြင့် အင်အားနှင့် စွမ်းရည်ရှိသော အသက်ရှင်ကျန်ရစ်သူများသာလျှင် လွတ်မြောက်လာနိုင်ကြမည် မဟုတ်ပါလား။
ဤရှင်းလင်းချက်သည် သူတို့၏ သံသယများကို ခဏတာခန့် ပြေပျောက်သွားစေခဲ့သည်။
ရှန်ဝူဧကရာဇ်ကတော့ မျက်ခုံးတစ်ချက်တွန့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ရွှမ်ထျန်း၏ စကားများသည် အခြားလောကမှ သတ္တဝါများ၏ ပျမ်းမျှအင်အားအတွက် ဖြစ်နိုင်ခြေရှိသော ရှင်းပြချက်တစ်ခုသာ ဖြစ်သည်။
သို့သော် ရွှမ်ထျန်း ပြောသလို တကယ် ဟုတ်ရဲ့လား။
ရှန်ဝူဧကရာဇ်သည် ရွှမ်ထျန်းအပေါ် သံသယ ရှိနေဆဲဖြစ်၏။ ဤသံသယမျိုးစေ့များသည် စတင် စိုက်ပျိုးလိုက်သည်နှင့် နောက်ပိုင်းတွင် ဆက်လက် ကြီးထွား ရှင်သန်လာတော့မည်သာ ဖြစ်သည်။
တကယ်တော့ သူတို့ သူ့အပေါ် သံသယ ရှိ မရှိကို ရွှမ်ထျန်း ဂရုမစိုက်ပေ။ သူ့အတွက် ရှန်ဝူဧကရာဇ်တို့သည် အသုံးချခံ ကိရိယာများသာ ဖြစ်၏။ သူတို့တွင် တန်ဖိုးအချို့ ကျန်ရှိနေသေးသောကြောင့်သာ သူ စကားပြောနေခြင်း ဖြစ်သည်။ သူတို့၏ တန်ဖိုးကုန်ဆုံးသွားသည်နှင့် သူတို့အတွက် နေရာ ရှိတော့မှာ မဟုတ်တာ သေချာသည်။
…….
နောက်ထပ် ဆယ်နှစ်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ရှနိုင်ငံတော်သည် သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များကို အသုံးပြုကာ စကြဝဠာအနှံ့ နယ်မြေချဲ့ထွင်ခဲ့ပြီး နိုင်ငံ၏ ကံစွမ်းအားသည်လည်း ပိုမို ကြွယ်ဝလာခဲ့သည်။
ရှနိုင်ငံတော်မှ ကျင့်ကြံသူ တော်တော်များများသည်လည်း ဧကရာဇ် အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ကြသည်။ တစ်ခဏအတွင်းမှာပင် ရှနိုင်ငံတော်၏ ကြယ်နယ်မြေတိုင်းနီးပါးတွင် ဧကရာဇ် အဆင့်များ ရှိလာခဲ့သည်။
အထူးသဖြင့် ထျန်းချန်ကမ္ဘာရှိ ဧကရာဇ် အဆင့် အရေအတွက်သည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
ထိုအချိန်အထိ လုချန်း၏ နတ်အာရုံ သူခံစားနေရသော အတားအဆီးကို မဖောက်ထွက်နိုင်သေးသော်လည်း သူ့အပေါ် ကျရောက်လာသော ဖိအားများကိုတော့ ထင်ရှားစွာ ခံစားနေရသည်။ သူ့ အပေါ်တွင် ချည်နှောင်မှုအချို့ ရှိနေသည်ဟု တဖြည်းဖြည်း ခံစားလာရပြီး သူ၏ အတွင်းစိတ်ထဲမှ သံသယအချို့ကို အတည်ပြုပေးသကဲ့သို့ ဖြစ်ခဲ့သည်။
……
ရှနိုင်ငံတော်၏ ပြင်ပနယ်မြေ စူးစမ်းရေး ယာဉ်အုပ်စုသည် နောက်ဆုံးတွင် ပြင်ပနယ်မြေသို့ ရောက်ရှိခဲ့သည်။
ကံကောင်းသည်က ယာဉ်အုပ်စု ရောက်ရှိလာသောအခါ လုချန်း မျှော်လင့်ထားသလို လူစုကွဲမသွားပဲ ကြယ်ဖျက်ယာဉ်များနှင့် ဧကရာဇ် အဆင့်များ အားလုံး အကောင်းပကတိအတိုင်း ရှိနေခြင်း ဖြစ်သည်။ ဤဧကရာဇ်များ ရှိနေသဖြင့် သူ ကိုင်တွယ်နိုင်စွမ်း မရှိသော အခြားလောကမှ အင်အားကြီး သတ္တဝါများနှင့် ရင်ဆိုင်ရမည်ကို လုချန်း စိုးရိမ်ရန် မလိုတော့ပေ။
ထိုအခိုက်အတန့်တွင် ဖေးဟုန် နတ်လှေသည် ပြင်ပနယ်မြေ၏ ဟင်းလင်းပြင်ထဲ၌ ဖြည်းညှင်းစွာ ရပ်တန့်သွားခဲ့သည်။ ပြင်ပနယ်မြေတွင် ကြီးမားသော ကုန်းမြေထုကြီး ပါရှိသဖြင့် ပင်မစကြဝဠာနှင့် လုံးဝ ကွဲပြားသည်။
ထိုကုန်းမြေသည် ပျက်စီးနေသော်လည်း မြေမျက်နှာပြင် ရှိသည်။ သို့သော် ပြင်ပနယ်မြေ၏ အထက်တွင် ကြယ်အလင်းရောင် ကင်းမဲ့၏။ ဟင်းလင်းပြင်ကြီးသာ ရှိသဖြင့် ပြင်ပနယ်မြေသည် ပင်မစကြဝဠာထက် သိသိသာသာ ပို၍မှောင်မိုက်နေသည်။
ပြင်ပနယ်မြေရှိ အလင်းရောင်သည် မြေပြင်အနှံ့ ပြန့်ကျဲနေသော အလင်းထွက်သည့် ကျောက်တုံးအချို့မှ အဓိက လာခြင်း ဖြစ်သည်။ ထိုအလင်းထွက်သော ကျောက်တုံးများ မရှိလျှင် ပြင်ပနယ်မြေသည် အမှောင်အတိ ကျနေပေလိမ့်မည်။
ယခင်က လုချန်း၏ ကိုယ်ပွား ပြင်ပနယ်မြေသို့ ဝင်ရောက်ခဲ့စဉ်ကကဲ့သို့ပင် သူ၏ အဆင့်လေး ကိုယ်ပွား ပြင်ပနယ်မြေသို့ ဝင်ရောက်သည်နှင့် အဆင့်တက်သွားခဲ့သည်။ သို့သော် တစ်ဆင့်သာ တိုးတက်ခဲ့ပြီး အဆင့်ငါးတွင် ရပ်တန့်သွားကာ ထပ်မံ တိုးတက်ခြင်း မရှိတော့ပေ။
ထို့ကြောင့် လုချန်းတွင် ပြင်ပနယ်မြေ၌ အဆင့်ငါး ကိုယ်ပွား နှစ်ခု ရှိလာခဲ့သည်။ လက်ရှိတွင် လုချန်း အစောဆုံး ပို့ထားသော ပထမကိုယ်ပွားသည် ပြင်ပနယ်မြေအနှံ့ စူးစမ်းရှာဖွေရန် ပို၍နက်ရှိုင်းစွာ သွားရောက်နေသော်လည်း မည်သည့် သတ္တဝါကိုမှ မတွေ့ရသေးပေ။
ပြင်ပနယ်မြေ ဟင်းလင်းပြင်၏ ဟာလာဟင်းလင်းဖြစ်မှုသည် စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေသဖြင့် အခြားလောကမှ သတ္တဝါများကို မဆိုထားနှင့် ပင်မစကြဝဠာမှ ဧကရာဇ် အဆင့်များ၏ နတ်လှေများကိုပင် သူ မတွေ့ရသေးပေ။
လုချန်း၏ ကိုယ်ပွားသည် ခရမ်းရောင် အလင်းများ ထွက်နေသော ကျောက်တုံးတစ်တုံး ပေါ်တွင် ရပ်ကာ မှော်ပင်များ ဖုံးလွှမ်းနေသည့် အဝေးမှ မှောင်မိုက် ခြောက်သွေ့သော မြေရိုင်းပြင်ကို ကြည့်နေခဲ့သည်။ ထိုလောကသည် ခြောက်သွေ့ နေသော်လည်း သက်ရှိအချို့ကိုတော့ အထောက်အပံ့ ပေးထားဆဲ ဖြစ်သည်။
လုချန်းအလွန် ဇဝေဇဝါ ဖြစ်နေသည်။ သူသည် ပြင်ပနယ်မြေတွင် ဤမျှ ကြာမြင့်စွာ ရှိနေသော်လည်း လူသားများကို မဆိုထားနှင့် သက်ရှိ တိရစ္ဆာန် သို့မဟုတ် ပိုးမွှားများကိုပင် သူ မတွေ့ရသေးပေ။ ထိုကမ္ဘာသည် မှော်ပင်များဖြင့်သာ ပြည့်နှက်နေပုံရပြီး လေထုထဲတွင်လည်း မှော်ပင်နံ့များသာ ရနေသည်။
သူ၏ စိတ်အာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးကြည့်သော်လည်း သူ၏ ဧကရာဇ် အဆင့် သိမြင်နိုင်စွမ်း နယ်ပယ်အတွင်း ဘာမှ မရှိသေးပေ။
ထိုအခိုက်အတန့်သည် ထျန်းဟုန် ဧကရီ၏ အနီး၌ ရှိနေသော လုချန်းက
“ ဒီလို ကျယ်ပြောလှတဲ့ နေရာကြီးမှာ အခြားလောကမှ သတ္တဝါတွေကို ဘယ်လိုများ တွေ့ခဲ့တာလဲ။ ကိုယ့်ရဲ့ ကိုယ်ပွားက ပြင်ပနယ်မြေထဲ ရောက်နေတာ ဒီလောက်တောင် ကြာနေပြီ။ အခြားလောကမှ သတ္တဝါတွေ မပြောနဲ့ ဘာသက်ရှိကိုမှ မတွေ့ရသေးဘူး။”
လုချန်း၏ စကားကို ကြားလျှင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ထျန်းဟုန် ဧကရီက ခေါင်းကို အနည်းငယ် စောင်းကာ သူမ၏ အနောက်မှ လုချန်းကို ကြည့်ပြီး
“မဖြစ်နိုင်တာ”
အတိတ်ဘဝ၌ သူမ ပြင်ပနယ်မြေ ရောက်ခဲ့စဉ်က လဝက် မပြည့်မီမှာပင် အခြားလောကမှ သတ္တဝါများနှင့် တွေ့နိုင်ခဲ့သည်ကို ထျန်းဟုန် ဧကရီ ပြန်လည် အမှတ်ရမိသည်။ လုချန်း၏ ပထမကိုယ်ပွားသည် ပြင်ပနယ်မြေတွင် ဤမျှ ကြာမြင့်စွာ ရှိနေသော်လည်း မည်သည့် သက်ရှိနှင့်မှ မတွေ့ရခြင်းက အဓိပ္ပာယ် မရှိပေ။ သူမ၏ အတိတ်ဘဝ အတွေ့အကြုံနှင့် လုံးဝ ကွဲလွဲနေသောကြောင့် ထျန်းဟုန် ဧကရီလည်း စိတ်ရှုပ်ထွေးသွားသည်။
ထျန်းဟုန် ဧကရီက သူ့ကို မယုံကြည်သည်ကို မြင်လျှင် လုချန်းက
“မင်း မကြာခင် သိရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ပွားက ဒီနှစ်တွေအတွင်း တကယ်ပဲ ဘာမှ မတွေ့ခဲ့ဘူး။ ကိုယ်က အခြားလောကက သတ္တဝါ တစ်ယောက်လောက်ကို တွေ့ပြီး သူတို့ရဲ့ စကြဝဠာအကြောင်း မေးကြည့်ချင်နေတာ။”
လုချန်း စကားပြောပြီးသည်နှင့် သူမ၏ စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရာ တကယ်ပင် ဘာမှ ရှာမတွေ့ခဲ့ပေ။ လုချန်းက
“တခြားနေရာတွေကို သွားကြည့်ကြရအောင်။ ပြင်ပနယ်မြေထဲက လူတွေ ရတနာတစ်ခုကို တွေ့သွားလို့ စုဝေးနေကြတာများလား”
ထို့နောက် သူမ၏ လက်ကို ညင်သာစွာ မြှောက်ကာ ဖေးဟုန် နတ်လှေကို ပြင်ပနယ်မြေ၏ ပို၍နက်ရှိုင်းသော နေရာများသို့ ပျံသန်းစေလိုက်သည်။
တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ လမ်းကြောင်းထဲရှိနေစဉ် အချိန်တစ်လျှောက်လုံး လုချန်းက သူမအပေါ် ဖိနှိပ်ထားခဲ့သဖြင့် သူမ အတော်လေး စိတ်မကျေမချမ်း ဖြစ်နေ၏။ ယခု သူမ၏ မကျေနပ်ချက်များကို ထုတ်ဖော်ရန် တိုက်ပွဲတစ်ခု လိုအပ်နေသည်။
…..
ပြင်ပနယ်မြေ၏ တစ်နေရာ။
ထျန်းကျိရဲတိုက်၏ ကြယ်တာယာခန်းမဆောင်ပေါ်တွင်။
လုချန်း၏ နတ်လှေ တည်နေရာရွှေ့ပြောင်း လမ်းကြောင်းအတွင်းမှ လုံးဝ ထွက်ခွာသွားသည်ကို ခံစားမိသည်နှင့် ရွှမ်ထျန်း ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။ ရွှမ်ထျန်း မတ်တပ်ရပ်သည်ကို မြင်လျှင် အသက်ကယ် ဧကရီက
“လုချန်းရဲ့ ပင်မခန္ဓာ ပြင်ပနယ်မြေကို ရောက်လာပြီလား”
ဟု လျင်မြန်စွာ မေးလိုက်သည်။
“ဟုတ်တယ်။ အစီအစဉ်ကို အခု စတင်လို့ ရပြီ”
ဟု ရွှမ်ထျန်းက တုံ့ပြန်လိုက်သည်။
စကားပြောပြီးသည်နှင့် ရွှမ်ထျန်းထံမှ အရှိန်အဝါ ရုတ်တရက် မြင့်တက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ထျန်းထံမှ ထွက်ပေါ်လာသော ဖိအားများကြောင့် ရှိနေကြသော အဆင့်ကိုး ဧကရာဇ် အဆင့် သုံးဦးစလုံး သူတို့ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို မလှုပ်ရှားနိုင်တော့သလို ခံစားလိုက်ရသည်။
ယင်းက ရှန်ဝူဧကရာဇ်၏ သံသယများကို ပိုမို ခိုင်မာသွားစေခဲ့သည်။ ရွှမ်ထျန်းသည် တကယ်ပင် ဖုံးကွယ်ထားသော ကောင်းကင်ဧကရာဇ် တစ်ဦးဖြစ်ပြီး သူတို့ကို တစ်ချိန်လုံး လှည့်ဖြားနေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရွှမ်ထျန်း၏ ခန္ဓာကိုယ်သည် ပြင်ပနယ်မြေ ကုန်းမြေထု၏ အထက် ကောင်းကင်သို့ ပျံတက်သွားပြီး နိယာမများဖြင့် ဝန်းရံခြင်း ခံထားရကာ ထိုကမ္ဘာ၏ အုပ်စိုးသူ တစ်ဦးကဲ့သို့ ဖြစ်နေသည်။
......
တစ်ချိန်တည်းမှာပင်။
ပင်မစကြဝဠာ။
ရှနိုင်ငံတော်၌။
လုချန်း၏ ပင်မခန္ဓာသည် ယွမ်ချင်းရှုအပေါ် အတင်းအကြပ် လုပ်ဆောင်မှုများ ပြုလုပ်သင့် မသင့်ကို ယွမ်ရှန်ရှန်နှင့် ဆွေးနွေးနေစဉ် ရှနိုင်ငံတော်ကို ရိုက်ချရန် လာနေသည့် ကြီးမားသော လက်ဝါးကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
…………
အခန်း( ၁၅၂၇ )
အန္တရာယ်ရှိသော စကြဝဠာအက်ကြောင်း
ထိုကြီးမားလှသော လက်ကြီးကို အာရုံခံမိပြီးနောက် ပင်မခန္ဓာဖြစ်သော လုချန်းလည်း ယွမ်ရှန်ရှန်ထံမှ ချက်ချင်းခွာလိုက်ပြီး ထျန်းချန်ကမ္ဘာ၏ အပြင်ဘက်သို့ ပျံသန်းသွားသည်။
သူသိမြင်လိုက်သည့်အတိုင်း ရှနိုင်ငံတော်တစ်ခုလုံးသည် ကြီးမားလှသော အင်အားတစ်ခု၏ တွန်းပို့ခြင်းကို ခံနေရပြီး ရှနိုင်ငံတော်နှင့် အခြားကြယ်နယ်မြေများ ဆုံရာနေရာတွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ ရှနိုင်ငံတော်သည် ဤစကြဝဠာမှ ထွက်ခွာသွားတော့မလိုဖြစ်နေသည်။
ရှနိုင်ငံတော်၏ အထက်တွင် မူလအစစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လက်ကြီးတစ်ဖက် ရှိနေသည်။ ထိုလက်ကြီးကို သာမန်လူများ မမြင်နိုင်သကဲ့သို့ ဧကရာဇ်အဆင့်ရှိသူများပင် ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ ထိုလက်ကြီး ရှိနေခြင်းကို လုချန်းတစ်ယောက်သာ ရှင်းရှင်းလင်းလင်း ခံစားမိ နေခြင်းဖြစ်သည်။
မမြင်နိုင်သော ထိုလက်ကြီးကို အမျိုးမျိုးသော နိယာမစွမ်းအားများက ဝန်းရံထားပြီး ထိုနိယာမများသည် ရှနိုင်ငံတော်ကို တွန်းထုတ်နေကြသည်။
ထိုအခိုက်အတန့်တွင် လုချန်းလည်း ဖြစ်ပျက်နေသည့် အရာကို နားမလည်နိုင်ပဲ အနည်းငယ် ဇဝေဇဝါဖြစ်နေဆဲ ဖြစ်သည်။ ယုတ္တိဗေဒအရ ဤအရာသည် ခေတ်ကူးကပ်ဘေး မဖြစ်သင့်ပေ။
ကပ်ဘေးဆိုပါက တစ်စကြဝဠာလုံးကို လွှမ်းခြုံသင့်၏။ ဤမျှ တိကျသော ပစ်မှတ်မျိုး မဖြစ်နိုင်ပေ။
သူ၏ မှတ်ဉာဏ်များအရ ခေတ်ကူးကပ်ဘေး ဖြစ်ပေါ်ချိန်၌ ဤကဲ့သို့သော အရာမျိုး မဖြစ်ပေါ်ခဲ့ဟု ထင်ရသည်။
စကြဝဠာတစ်ခုသည် ကမ္ဘာမြေ၏ တိုက်ကြီးများ ရွေ့လျားသကဲ့သို့ ရွေ့လျားနိုင်ပါသလား။
တစ်ခုခုတော့ မှားနေသည်။
တစ်စုံတစ်ယောက်က ရှနိုင်ငံတော်ကို ရန်ပြုနေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
မူလအစစွမ်းအားများကို စုစည်းပြီး လက်ကြီးတစ်ဖက် ဖန်တီးခဲ့သူသည် နောက်ကွယ်မှ ကြိုးကိုင်သူပင် ဖြစ်သည်။
ဤမျှ ကြီးမားသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသူမျိုး ဤစကြဝဠာတွင် ရှားပါးလှသည်။
မူလအစစွမ်းအားအကြောင်း တွေးမိလျှင် ထျန်းကျိရဲတိုက်မှ ရဲတိုက်သခင် ရွှမ်ထျန်းကို လုချန်း ရုတ်တရက် သတိရသွားသည်။
ရွှမ်ထျန်းသည် ပြင်ပနယ်မြေသို့ တည်နေရာရွှေ့ပြောင်းသည့် လမ်းကြောင်းကို ဖန်တီးစဉ်က များပြားလှသော မူလအစစွမ်းအားကို အသုံးပြုခဲ့သည်။ ဤစကြဝဠာထဲတွင် တစ်စုံတစ်ယောက်က မူလအစစွမ်းအားကို ဤမျှအထိ အသုံးချနိုင်သည်ဆိုပါက ထိုသူသည် ရွှမ်ထျန်းသာ ဖြစ်နိုင်သည်။
သို့သော် ရွှမ်ထျန်းက ပြင်ပနယ်မြေသို့ သွားနှင့်ပြီ မဟုတ်ပါလား။ သူက ရှနိုင်ငံတော်ကို အဝေးမှ တိုက်ခိုက်ရန် မူလအစစွမ်းအားကို အသုံးချနိုင်တုန်းလား။
ရွှမ်ထျန်းတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်မျိုး ရှိနေသနည်း။
ရွှမ်ထျန်းက တကယ်ပဲ ကောင်းကင်ဧကရာဇ် ဖြစ်နေနိုင်သလား။
ထိုသို့တွေးမိလျှင် လုချန်း၏ မျက်နှာ အလွန် တည်သွားသည်။ လက်ကြီးထဲတွင် ပါရှိသော စွမ်းအားသည် သူ လောလောဆယ် ခုခံနိုင်စွမ်းထက် ကျော်လွန်နေကြောင်း သူ ခံစားရသည်။
အနည်းငယ် ကူကယ်ရာမဲ့သလို လုချန်း ခံစားလိုက်ရ၏။ ဤခံစားချက်မျိုးကို သူရှင်သန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သည်။
ယခုတော့ ရှနိုင်ငံတော်ကို တွန်းထုတ်ရန် ကြိုးစားနေသည့် ထိုလက်ကြီးကို သူ ဘာမှမတတ်နိုင်ပဲ ကြည့်နေရုံသာ ရှိတော့သည်။
သို့သော် ရှနိုင်ငံတော် တစ်ခုလုံး ဤစကြဝဠာမှ လုံးဝကွဲထွက်သွားတော့မည်ဟု လုချန်း ထင်နေချိန်တွင် လက်ကြီး မည်မျှပင် ကြိုးစားပါစေ ရှနိုင်ငံတော်ကို ဆက်လက်တွန်းထုတ်နိုင်ခြင်း မရှိတော့သည်ကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။
ထိုစဉ် လက်ကြီး၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားပြီး တုန်ခါမှုများ ဖြစ်ပေါ်လာသည်။
ဘာဖြစ်နေတာလဲ။
လုချန်းသည် ဖြစ်ပျက်သမျှကို ဘာမှမလုပ်ပဲ ကြည့်နေမိ၏။ ဤအရာသည် သူနှင့် ဆက်စပ်နေသည်ဟုလည်း မယုံကြည်နိုင် ဖြစ်နေသည်။
လက်ကြီးထဲတွင် ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားသည် ရှနိုင်ငံတော်ကို လုံးဝခွာထုတ်နိုင်ရမည် ဖြစ်သော်လည်း လက်ကြီးသည် တစ်စုံတစ်ခုသော ခုခံမှုကို ကြုံတွေ့နေရသကဲ့သို့ ရှနိုင်ငံတော်ကို ဆက်၍ ဆွဲမထုတ်နိုင်တော့ကြောင်း သူ ခံစားရသည်။
ရှနိုင်ငံတော်သည် ယခုထိ ဤစကြဝဠာတွင် အမြစ်တွယ်နေသည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ခိုင်မြဲနေဆဲဖြစ်သည်။
…….
တစ်ချိန်တည်းမှာပင်။
ပြင်ပနယ်မြေ၌။
ခုခံမှုကို ခံစားမိလိုက်လျှင် ရွှမ်ထျန်း၏ မျက်နှာသည် ချက်ချင်း ပျက်ယွင်းသွားသည်။ သူ၏ အတွင်းစကြဝဠာမှ အစိတ်အပိုင်းတစ်ခုကို ဖယ်ထုတ်ရန် ကြိုးစားစဉ် ဤမျှကြီးမားသော ခုခံမှုနှင့် တွေ့ရမည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ဒါက ဘယ်လိုအခြေအနေလဲ။
အရှုံးမပေးလိုသဖြင့် ရွှမ်ထျန်းသည် စကြဝဠာ၏ နိယာမစွမ်းအားများကို တစ်ဖန်ပြန်၍ စုစည်းကာ ရှနိုင်ငံတော်နှင့် နတ်ဝိညာဉ်ထီး နှစ်ခုလုံးကို နှင်ထုတ်ရန် ထပ်မံကြိုးစားလိုက်သည်။
သို့သော် သူ မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ ရှနိုင်ငံတော်သည် ဤစကြဝဠာတွင် တွယ်ကပ်နေသကဲ့သို့ ဖြစ်နေပြီး ခွာထုတ်၍ မရနိုင်ပေ။
သူသည် အမြင့်ဆုံး စွမ်းအားဖြစ်သည့် မူလအစစွမ်းအားကို ပိုင်ဆိုင်ထားပြီး စကြဝဠာ၏ နိယာမစွမ်းအားများကိုပင် အသုံးပြုနေပါလျက်နှင့် အကျိတ်တစ်ခုသဖွယ် ဖြစ်နေသော ရှနိုင်ငံတော်ကို အဘယ်ကြောင့် ဖယ်ရှား၍ မရနိုင်သည်ကို ရွှမ်ထျန်း မယုံကြည်နိုင်ဖြစ်နေသည်။
တစ်နှစ်ပတ်လုံး အချိန်ကုန်ခံ၍ အကြိမ်များစွာ ရွှမ်ထျန်း ထပ်မံကြိုးစားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းသည်ပင် တစ်နှစ်ကုန်ဆုံးသွားခဲ့၏။ သို့သော် ရှနိုင်ငံတော်ကတော့ ဤစကြဝဠာအတွင်း၌ ရှိနေဆဲ ဖြစ်သည်။
ထို့ပြင် ရှနိုင်ငံတော်နှင့် စကြဝဠာကြားရှိ အက်ကြောင်းသည်လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး ရှနိုင်ငံတော်သည် စကြဝဠာနှင့် အဆင်ပြေချောမွေ့စွာ ပြန်ဆက်သွယ်နေပုံရသည်။
ရွှမ်ထျန်း၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသသည့်အပြင် သူ တစ်နှစ်ပတ်လုံး အစွမ်းထုတ်နေသည်ကိုလည်း သိသောကြောင့် ရွှမ်ထျန်း၏ အစီအစဉ် ကျရှုံးသွားပြီဖြစ်ကြောင်း ရှန်ဝူဧကရာဇ်တို့ ချက်ချင်း သိလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ရွှမ်ထျန်းသည် သူ၏ အစွမ်းထုတ်ဖော်မှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မူလအစစွမ်းအား အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ရွှမ်ထျန်း ကြယ်တာယာခန်းမဆောင်၏ ခေါင်မိုးပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်ကို ကြည့်ရင်း အသက်ကယ် ဧကရီက
“ရဲတိုက်သခင် ရွှမ်။ အခြေအနေ ဘယ်လိုလဲ”
ဟု ချက်ချင်း မေးလိုက်သည်။
ရွှမ်ထျန်းက မျက်မှောင်ကြုတ်လျက်
“ရှနိုင်ငံတော်ရဲ့ ကံစွမ်းအားက လုချန်းနဲ့ အရမ်းနက်နက်ရှိုင်းရှိုင်း ပတ်သက်နေတယ်။ ရှနိုင်ငံတော်ကို ဒီစကြဝဠာကနေ ဖြတ်တောက်ဖို့ဆိုရင် အရင်ဆုံး လုချန်းကို ရှင်းပစ်ရမယ်။”
ရွှမ်ထျန်းကိုယ်တိုင်လည်း တိကျသော အကြောင်းရင်းကို မသိပေ။ ထိုအရာက သူ လောလောဆယ် ခန့်မှန်းနိုင်သမျှသာ ဖြစ်သည်။
လက်ရှိတွင် ဤစကြဝဠာ ပြင်ပမှ အရာဝတ္ထုကို လုံးဝနှင်ထုတ်မည့် သူ၏ လုပ်ငန်းစဉ်ကို ရွှမ်ချင်းယွမ်နှင့် ရှနိုင်ငံတော်တို့ကသာ ခုခံနိုင်သည်။
ရွှမ်ချင်းယွမ်သည် သက်ရှိတစ်ဦးဖြစ်ပြီး ဤစကြဝဠာတွင် ဆက်လက်ရှိနေရန် အချို့သော စွမ်းရည်များ ရှိသော်လည်း ရှနိုင်ငံတော်နှင့် ထိုနတ်လက်နက်ကတော့ သက်မဲ့အရာများ ဖြစ်သဖြင့် ယုတ္တိဗေဒအရ ဤမျှအထိ ဒုက္ခမပေးသင့်ပေ။
ထိုသို့ဖြစ်ရခြင်းက လုချန်း အသက်ရှင်နေသေးခြင်းနှင့် ရှနိုင်ငံတော်၏ ကံစွမ်းအားက လုချန်းနှင့် အလွန်နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေခြင်းတို့ကြောင့်သာ ဖြစ်နိုင်သည်ဟု အဆုံးတွင် ရွှမ်ထျန်း ကောက်ချက်ချ လိုက်ရသည်။
ရှနိုင်ငံတော်ကို ဤစကြဝဠာမှ မောင်းထုတ်ရန် လုချန်းကို အရင်ဆုံး ကိုင်တွယ်ရမည် ဖြစ်သည်။
ထိုအရာကို ကြားလျှင် မဟာမြင့်မြတ်နယ်မြေသခင်က
“လုချန်းက အခု ရှနိုင်ငံတော်ရဲ့ အကာအကွယ်အတားအဆီး မရှိတော့တဲ့ ပြင်ပနယ်မြေကို ရောက်လာပြီဆိုတော့ ကျုပ်တို့ အရေးယူရမယ့်အချိန် ရောက်ပြီပေါ့။”
အသက်ကယ် ဧကရီကလည်း
“ဒါပေမဲ့ ပြင်ပနယ်မြေက အရမ်းကျယ်တာ။ သူ့နေရာကို ရှာဖို့ ခက်ခဲမယ် မဟုတ်လား။”
ရွှမ်ထျန်းက တည်ငြိမ်စွာပင်
“ဒီနေရာကနေ သူ့ရဲ့နေရာကို တွက်ချက်နိုင်တယ်။ ကျုပ်နောက်ကိုသာ လိုက်ခဲ့ကြ။”
ထိုသို့ပြောပြီးနောက် ကြယ်တာယာ ခန်းမကို ပြင်ပနယ်မြေအတွင်းရှိ တိကျသော လားရာတစ်ခုသို့ ပျံသန်းရန် ရွှမ်ထျန်း အမိန့်ပေးလိုက်သည်။
ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင် ဖြစ်သဖြင့် အသက်ကယ် ဧကရီနှင့် မဟာမြင့်မြတ်နယ်မြေသခင်တို့သည် သူ၏ ဟောကိန်းထုတ်နိုင်စွမ်းကို အလွန်ယုံကြည်ကြ၏။ သူတို့သည် မဆိုင်းမတွင်ပင် သူတို့၏ ဧကရာဇ်များကို ခေါ်ဆောင်ကာ လုချန်းရှိရာသို့ ဦးတည်သွားကြသည်။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှန်ဝူဧကရာဇ်၏ မျက်နှာ ပို၍လေးနက်လာသည်။ ရွှမ်ထျန်း၏ စွမ်းရည်ဖြင့်ဆိုလျှင် သူသည် လုချန်းကို အလွယ်တကူ သတ်ဖြတ်နိုင်ရမည် ဖြစ်သည်။
လုချန်း မည်မျှ အစွမ်းထက်ပါစေ သူသည် ဧကရာဇ်အဆင့်ငါး သို့မဟုတ် ခြောက်တွင်သာ ရှိ၏။ သူသည် ကောင်းကင်ဧကရာဇ် မဟုတ်သကဲ့သို့ အဆင့်ကိုးသို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိသေးဟု ယူဆရသည်။
ရွှမ်ထျန်းသည် များပြားလှသော မူလအစစွမ်းအားကို ပိုင်ဆိုင်ထားပြီး ပြင်ပနယ်မြေမှ ရှနိုင်ငံတော်ကိုပင် အဝေးမှ တိုက်ခိုက်နိုင်စွမ်း ရှိသူဖြစ်၏။ သို့ပါလျက် သူ၏ နည်းလမ်းများ၊ စွမ်းအားများဖြင့် လုချန်းတစ်ယောက်တည်းကို သတ်ရန် ဤမျှအထိ ဒုက္ခခံစရာ လိုအပ်ပါသလား။
ထိုပုန်ကန်တတ်သော သားတွင် ရွှမ်ထျန်း၏ အာရုံစိုက်မှုကို ဤမျှအထိရရှိရန် မည်သည့်အရာက ထူးခြားနေသနည်း။
စိတ်ထဲ အတွေးများစွာ ရှိနေသော်လည်း သူတို့၏ ပတ်သက်မှုကို ရှန်ဝူဧကရာဇ် မစဉ်းစားနိုင်သေးသဖြင့် အလွန် စဉ်းစားမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာသို့ ရောက်လျှင် အမှန်တရား ပေါ်လာလိမ့်မည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ရှန်ဝူဧကရာဇ်သည်လည်း ရှန်ယွဲ့နိုင်ငံ၏ နတ်လှေကို ယူဆောင်ကာ သူတို့နောက်သို့ လိုက်သွားတော့သည်။
……
ရှနိုင်ငံတော်။
ရှနိုင်ငံတော်နှင့် စကြဝဠာကြားရှိ နယ်နိမိတ်သို့ လုချန်း၏ ပင်မခန္ဓာ ရောက်ရှိလာပြီး သူ၏ ရှေ့တွင်ရှိသော ကြီးမားလှသည့် အက်ကြောင်းကြီးကို ကြည့်လိုက်သည်။ အက်ကြောင်း၏ အောက်ခြေတွင် ကျယ်ပြောလှသော အမှောင်ထုသာ ရှိနေ၏။
သို့သော် ရှနိုင်ငံတော်နှင့် စကြဝဠာကြားရှိ အက်ကြောင်းသည် တဖြည်းဖြည်း လျော့နည်းလာပြီး အချို့နေရာများတွင် ပျောက်ပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အက်ကြောင်း လုံးဝ ပျောက်ကွယ်သွားသည်နှင့် ရှနိုင်ငံတော်သည် ဤစကြဝဠာနှင့် တစ်ဖန်ပြန်၍ ပေါင်းစည်းသွားမည် ဖြစ်သည်။
ထိုအက်ကြောင်း၏ အောက်တွင် မည်သည့်အရာ ရှိနေသနည်းဟု လုချန်း စဉ်းစားမိသည်။
ပြင်ပနယ်မြေ ဖြစ်နိုင်မလား။
ထိုသို့တွေးမိရင်း ဧကရာဇ်လောင်း အဆင့်ရှိ ကိုယ်ပွားတစ်ခုကို လုချန်း ချက်ချင်း ဖန်တီးလိုက်ပြီး အောက်ဘက်ရှိ အဆုံးမရှိသော စကြဝဠာ ချောက်နက်ထဲသို့ ဆင်းသက်ရန် ညွှန်ကြားလိုက်သည်။
သူ၏ ဧကရာဇ်လောင်း ကိုယ်ပွား အဆုံးမရှိသော စကြဝဠာ ချောက်နက်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကြီးမားသော အင်အားတစ်ခု၏ ဆွဲငင်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။ ခဏအတွင်းသည်ပင် သူ၏ ကိုယ်ပွားသည် အမှောင်ထုထဲသို့ ဆွဲခေါ်သွားခြင်း ခံရကာ သူ၏ စိတ်အာရုံ ထိန်းချုပ်မှုနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
ဒါက...
ဤစကြဝဠာ ချောက်နက်၏ အန္တရာယ်ကို သတိပြုမိလျှင် လုချန်း၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။
ဤမျှအန္တရာယ်များလှအောင် အောက်ခြေတွင် မည်သို့သော လောကမျိုး ရှိနေသနည်း။