← Chapters

အခန်း (၁၅၂၈-၁၅၃၀)

Vol. 102 Ch. 1528-1530

အခန်း (၁၅၂၈-၁၅၃၀)

Vol. 102 Ch. 1528-1530

အခန်း (၁၅၂၈ )

ချင်းယွဲ့မြင့်မြတ်နယ်မြေ စစ်တပ်၏ ဆိုက်ရောက်လာခြင်း

ဤစကြဝဠာအက်ကြောင်းထဲတွင် အသက်ရှင်သန်နိုင်ရန် မည်သည့်အဆင့်လိုအပ်သည်ကို အတည်ပြုရန်အတွက် နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို လုချန်း ဖန်တီးခဲ့၏။ ဤတစ်ကြိမ်သည် ဧကရာဇ် အဆင့်နှစ် ကိုယ်ပွားဖြစ်သည်။

ယခင်စမ်းသပ်မှုအရ ဧကရာဇ်လောင်းအဆင့်သည် ဤနေရာတွင် လုံးဝအသုံးမဝင်ကြောင်း ပြသနေပြီဖြစ်သောကြောင့် ယခုတစ်ကြိမ်တွင် ပိုမိုမြင့်မားသော အဆင့်ဖြင့် စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ခန္ဓာကိုယ်ကို ဖန်တီးပြီးသည်နှင့် လုချန်းသည် ဧကရာဇ် အဆင့်နှစ် ကိုယ်ပွားကို ထိုစကြဝဠာအက်ကြောင်းဆီသို့ ဂရုတစိုက် ထိန်းချုပ်မောင်းနှင်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ယခင်ကကဲ့သို့ပင် ဧကရာဇ် အဆင့်နှစ် ကိုယ်ပွားသည် အက်ကြောင်းအနီးသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ကြီးမားသော ဆွဲငင်အားကို ခံစားလိုက်ရသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် မိမိကိုယ်ကို တည်ငြိမ်စေရန်နှင့် ခန္ဓာကိုယ်အား အထဲသို့ အဆွဲမခံရစေရန်အတွက် သူ၏ မူလအစစွမ်းအားကို ချက်ချင်း လုချန်း အသုံးချလိုက်သည်။

မူလအစစွမ်းအားက ဆွဲငင်အားကို ခုခံနိုင်စွမ်းရှိမည်ဟု သူ ယူဆထားသော်လည်း လက်တွေ့တွင် ထိုစွမ်းအားသည် အလွန်လျှင်မြန်စွာ ကုန်ဆုံးသွားသည်။ လုချန်း ခဏတာခန့်သာ တောင့်ခံနိုင်ခဲ့၏။

ဆွဲအားသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ ခဏအတွင်းပင် ဧကရာဇ် အဆင့်နှစ် ကိုယ်ပွားသည် မခုခံနိုင်တော့ပဲ အထဲသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရသည်။

ယခင်က ဧကရာဇ်လောင်း ခန္ဓာကိုယ်ကဲ့သို့ပင် ဧကရာဇ်အဆင့်နှစ် ကိုယ်ပွား ထိုမှောင်မိုက်သော ချောက်ကမ်းပါးထဲသို့ ကျရောက်သွားသည်နှင့် လုချန်း၏ စိတ်အာရုံ နှင့် အဆက်အသွယ် ချက်ချင်း ပြတ်တောက်သွားခဲ့သည်။

ဒါက...

ဧကရာဇ် အဆင့်နှစ် ကိုယ်ပွားတောင် မခံနိုင်တဲ့ ဒီချောက်ထဲမှာ ဘာတွေ ရှိနေတာလဲ။

ထိုချောက်ကို စူးစမ်းရန် ဧကရာဇ် အဆင့်ငါးကိုယ်ပွားကို ထပ်မံစေလွှတ်ပြီး လုချန်းကြိုးပမ်းခဲ့သော်လည်း ရလဒ်ကတော့ ‌မပြောင်းပေ။ ဤချောက်ကြီး၏ အတွင်းသို့ ဝင်ရောက်သွားသည့် မည်သည့်သက်ရှိမဆို ချက်ချင်း သေဆုံးသွားနိုင်ပုံရသည်။ ၎င်းသည် အသက်ရှင်သန်ရန် တားမြစ်ထားသော နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဤစကြဝဠာအက်ကြောင်း၏ အန္တရာယ်ကို သတိပြုမိသွားသဖြင့် ရှနိုင်ငံရှိ လူတိုင်းကို ဤစကြဝဠာအက်ကြောင်းနှင့် ဝေးဝေးတွင် နေထိုင်ကြရန် ချက်ချင်း အသိပေးချက် ထုတ်ပြန်ခဲ့သည်။

ဟင်းလင်းပြင်ကို လုချန်း နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ရှိ လက်ဝါးကြီး လုံးဝ ပျောက်ကွယ်သွားပြီဖြစ်၏။ ရှနိုင်ငံကို စကြဝဠာမှ ခွဲထုတ်၍မရနိုင်ကြောင်း ၎င်း၏ နောက်ကွယ်မှ ပုဂ္ဂိုလ် သိသွားပြီး လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် အပြီးအပိုင် လက်လျှော့ခြင်းလား သို့မဟုတ် ခဏတာလား ဆိုသည်ကိုတော့ မသိရသေးပေ။

ထိုလက်ဝါးနောက်ကွယ်မှ ဖြစ်တည်မှုကို လုချန်း အလွန် သတိထား၏။ လက်ရှိအချိန်တွင် သူသည် ထိုသူ၏ ပြိုင်ဘက်မဟုတ်ကြောင်း ကောင်းစွာ သိထားသည်။

…….

တစ်ချိန်တည်းမှာပင်။

ချင်းယွဲ့မြင့်မြတ်နယ်မြေမှ နတ်လှေဖြင့် စကြဝဠာအက်ကြောင်း အနီးသို့ ထိုက်ခန်းဧကရာဇ် ရောက်ရှိလာ၏။ ရှနိုင်ငံကို စကြဝဠာမှ ခွဲထုတ်ထားသည့် ဤစကြဝဠာအက်ကြောင်းကို မြင်လိုက်ရလျှင် ထိုက်ခန်းဧကရာဇ် အလွန် အံ့အားသင့်သွားခဲ့သည်။

ရှနိုင်ငံသို့ လာရာလမ်းတွင် သူတို့သည် ထိုကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခံစားခဲ့ရပြီး ရှနိုင်ငံသည် ဤစကြဝဠာမှ ဝေးကွာသွားနေကြောင်း သိခဲ့ကြသည်။

ရှနိုင်ငံက စကြဝဠာမှ လုံးဝ ခွဲထွက်ရန် ရည်ရွယ်နေသည်ဟု ထိုအချိန်က သူတို့ ထင်ခဲ့ကြခြင်းဖြစ်သည်။

အက်ကြောင်းသည် အဝေးမှ ကြည့်ရုံနှင့်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။ ယခု အက်ကြောင်းကို အနီးကပ် မြင်တွေ့‌ရတော့ ပို၍ပင် တုန်လှုပ်စရာ ကောင်း နေသည်။

ထိုက်ခန်းဧကရာဇ်က မျက်မှောင်ကြုတ်ကာ

“ရှနိုင်ငံကို စကြဝဠာကနေ ခွဲထုတ်နိုင်တဲ့ အင်အားမျိုးက ဘယ်လိုတောင် ကြောက်စရာ အင်အားမျိုးလဲ။”

ထိုအခိုက်အတန့်တွင် ထိုက်ခန်းဧကရာဇ်၏ ဘေးနားရှိ ဧကရာဇ်တစ်ပါးက

“ဒါ လုချန်းရဲ့ လက်ချက်များလား”

ဟု မေးလိုက်သည်။

ထိုက်ခန်းဧကရာဇ်က

“ကျုပ် စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ လုချန်းရဲ့ ပင်မခန္ဓာဟာ ရှနိုင်ငံက ဧကရာဇ် အမြောက်အမြားကို ပြင်ပနယ်မြေဆီ ခေါ်သွားပြီးပြီ။”

လမ်းတွင် ရှနိုင်ငံ၏ နတ်လှေတပ်နှင့် မဆုံခဲ့သော်လည်း ဗဟိုကြယ်နယ်မြေတွင် ဖြစ်ပျက်နေသမျှကို ထိုက်ခန်းဧကရာဇ် အနီးကပ် စောင့်ကြည့်နေခဲ့ပြီး ထိုနေရာရှိ ဖြစ်ပျက်မှု အားလုံးကို သိထားသည်။

လုချန်းသည် ရှနိုင်ငံ၏ ထိုနတ်လှေများကို ဗဟိုကြယ်နယ်မြေသို့ တိုက်ရိုက် ပို့ဆောင်ရန် အဆင့်မြင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးပြုခဲ့တာ ထင်ရှား၏။ ထို့ကြောင့် သူတို့နှင့် မဆုံခဲ့တာက အံ့သြစရာ တော့ မဟုတ်ပေ။

ထိုက်ခန်းဧကရာဇ် စကားဆုံးသည်နှင့် သူ၏ဘေးမှ နောက်ထပ် ဧကရာဇ်တစ်ပါးက

“ဒါ လုချန်း မဟုတ်ရင် ဒီလို အင်အားမျိုး ပိုင်ဆိုင်တဲ့သူမျိုး နောက်ထပ် ဘယ်သူ ရှိနိုင်ဦးမလဲ။”

“ကောင်းကင်ဧကရာဇ် တစ်ပါးပဲ ဒါတွေအားလုံးကို လုပ်နိုင်တာ မဟုတ်လား။”

ထိုအခိုက်အတန့်တွင် လုချန်း၏ ကိုယ်ပွား

ချန်းလုက

“စကြဝဠာ နိယာမတွေက ရှနိုင်ငံကို ငြင်းပယ်နေတာများလား။”

ထိုအရာကို ကြားလျှင် ထိုက်ခန်းဧကရာဇ်နားလည်သွားပြီး

“ဒါလည်း ဖြစ်နိုင်တာပဲ။”

“ရှနိုင်ငံက အရမ်း ကျယ်ပြန့်နေပြီ။ လုချန်းဟာ ပြန်လည်ဝင်စားလာတဲ့ ကောင်းကင်ဧကရာဇ် ဖြစ်နိုင်တာကြောင့် သူ ဆက်လက် တိုးချဲ့ခွင့် ရနေမယ်ဆိုရင် မင်းဆက်ကံအင်အားတွေ စုဆောင်းမှုက လုချန်းရဲ့ ကြီးထွားမှုကို မြန်ဆန်စေလိမ့်မယ်။”

“လုချန်း ကြီးထွားလာတာနဲ့ သူဟာ စကြဝဠာရဲ့ အမြင့်ဆုံး ကောင်းကင်ဘုံ နိယာမ လမ်းစဉ်ကို ခြိမ်းခြောက်လာနိုင်တယ်။ ဒါကြောင့် ကောင်းကင်ဘုံ လမ်းစဉ်က ရှနိုင်ငံကို လုံးဝ အဆက်ဖြတ်ပစ်ချင်နေတာပဲ။”

သို့ပြောရင်း ထိုက်ခန်းဧကရာဇ်သည် အဝေးမှ စကြဝဠာအက်ကြောင်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး

“ဒါပေမဲ့ ငါ့အမြင်အရတော့ ကောင်းကင်ဘုံ လမ်းစဉ် ရှုံးနိမ့်သွားပုံရတယ်။”

ရှနိုင်ငံနှင့် စကြဝဠာအကြား ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသော်လည်း ၎င်းသည် ထပ်မံ ကျယ်ပြန့်လာခြင်း မရှိတော့ပေ။

၎င်းသည် ကျယ်ပြန့်မလာရုံတင်မဟုတ်ပဲ အဆက်မပြတ် ပြန်လည် ပေါင်းစပ်နေခြင်းဖြစ်သည်။

ထိုနှုန်းအတိုင်း ဆက်သွားပါက ရှနိုင်ငံ တည်ရှိရာ ကြယ်နယ်မြေသည် စကြဝဠာနှင့် ပြန်လည် ပေါင်းစည်းနိုင်ဖို့ သိပ်မလိုတော့ပေ။

ထိုအရာက ကောင်းကင်လမ်းစဉ် ရှုံးနိမ့်သွားတယ်ဆိုတဲ့ သဘော မဟုတ်ပါလား....

ကောင်းကင်လမ်းစဉ်က ရှုံးနိမ့်နိုင်လို့လား..

ဧကရာဇ်တစ်ပါးက

“ဒါဆို အခု ကျုပ်တို့ ဘာလုပ်သင့်လဲ။ ကောင်းကင်လမ်းစဉ်တောင် လုချန်းနဲ့ ရှနိုင်ငံကို မကိုင်တွယ်နိုင်ဘူးဆိုရင် ကျုပ်တို့က ဘယ်လိုလုပ် သူတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင် တော့မှာလဲ။”

ဤဧကရာဇ်၏ အသံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး အခြားဧကရာဇ်အချို့လည်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

ထိုက်ခန်းဧကရာဇ်က

“ဒီမှာပဲ နားနေကြမယ်”

“အခု ကျုပ်တို့နဲ့ ရှနိုင်ငံကြားမှာ ကြီးမားတဲ့ ချောက်ကြီးတစ်ခု ရှိနေတော့ ဖြတ်ကျော်လို့ မရနိုင်သေးဘူး။”

“ကျုပ်တို့ ရှနိုင်ငံကို တိုက်ခိုက်မယ် ဆိုရင်တောင် ရှနိုင်ငံဘက်က ကြယ်နယ်မြေ ဒီစကြဝဠာနဲ့ ပြန်ချိတ်ဆက်တာကို စောင့်ရမယ်။”

ထိုက်ခန်းဧကရာဇ် စကားပြောပြီးသည်နှင့် ဧကရာဇ်တစ်ပါး သူ၏ထံသို့ အပြေးအလွှား ရောက်ရှိလာပြီး

“သူတော်စင်အမွေခံ။ မြင့်မြတ်နယ်မြေသခင်က လူတစ်ယောက် လွှတ်လိုက်ပါတယ်။”

ထိုအရာကို ကြားလျှင် ထိုက်ခန်းဧကရာဇ်၏ မျက်နှာ ထိုအခိုက်အတန့်တွင် ချက်ချင်း မှောင်မည်းသွားသည်။

ယခုကဲ့သို့ အချိန်မျိုးတွင် လူတစ်ယောက် လွှတ်လိုက်ခြင်းက တိုက်ပွဲကို ကြီးကြပ်ရန်အတွက် ဖြစ်ကြောင်း ထင်ရှားသည်။ ချင်းယွဲ့မြင့်မြတ်နယ်မြေသခင်သည် သူ့အပေါ် အပြည့်အဝ ယုံကြည်မှု မရှိကြောင်း ထိုက်ခန်းဧကရာဇ် သဘောပေါက်လိုက်ပြီး ယခုလာမည့်သူ မည်သူဖြစ်မည်ကိုလည်း ခန့်မှန်းကြည့်မိသည်။

နောက်တစ်ခဏတွင် ရှိနေသူ အားလုံး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။

ထိုက်ခန်းဧကရာဇ်ကတော့ ၎င်းကို အလွယ်တကူ ခံနိုင်ရည်ရှိသော်လည်း အခြားဧကရာဇ်များကတော့ ထိုဖိအားအောက်တွင် ချွေးများပြန်ကာ မသက်မသာ ဖြစ်နေကြသည်။

ထို့နောက် ဟင်းလင်းပြင်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“သူတော်စင်အမွေခံ။ ရှနိုင်ငံကို ရောက်နေပြီပဲ။ ဘာလို့ အချိန်ဆွဲနေတာလဲ။”

ထို့နောက် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး သူတို့၏အထက်တွင် ပေါ်လာပြီး ဧကရာဇ်များကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် သူ၏အကြည့်က ထိုက်ခန်းဧကရာဇ်ထံတွင် ရပ်တန့်သွားသည်။

လာရောက်သူကို မြင်လိုက်ရလျှင် ထိုက်ခန်းဧကရာဇ်၏ မျက်နှာ ပို၍ပင် ညိုမှောင်သွား၏။ ရောက်လာသူသည် ပျောက်ဆုံးသွားပြီဟု ယူဆထားကြသည့် ကွမ်းကျယ်ဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားပေ။

မျက်မှောင်ကြုတ်လျက် ထိုက်ခန်းဧကရာဇ်က

“ဘာလို့ ခင်ဗျား ဖြစ်နေတာလဲ။ ခင်ဗျား ပျောက်ဆုံးသွားပြီ မဟုတ်လား။”

ကွမ်းကျယ်ဧကရာဇ်က ပြုံးကာ

“ကျုပ်ကို အဆင့်ကိုး နယ်ပယ်ကို ရောက်စေပြီး ကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်စေခဲ့တဲ့ ဘိုးဘေးရဲ့ လျှို့ဝှက်ကျင့်စဉ်ကို ကျေးဇူးတင်ရမှာပဲ။”

“ကျုပ်အကြောင်းကိုတော့ နောက်မှ ပြောကြတာပေါ့။ အဲ့ဒီအစား ရှနိုင်ငံကို ဘယ်လို တိုက်ခိုက်မလဲဆိုတာကိုပဲ သူတော်စင်အမွေခံ စဉ်းစားသင့်တယ်။”

“လုချန်းရဲ့ ပင်မခန္ဓာက အခု ပြင်ပနယ်မြေမှာ ရှိနေတာကြောင့် ရှနိုင်ငံကို ဖျက်ဆီးဖို့ အကောင်းဆုံးအချိန်ပဲလို့ ဘိုးဘေးက အမိန့်ပေးထားတယ်။”

ထိုက်ခန်းဧကရာဇ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“ရှနိုင်ငံကို ဖျက်ဆီးဖို့ အကောင်းဆုံးအချိန် ဟုတ်လား။ အဆင့်ကိုး ဧကရာဇ်တစ်ပါးတောင် ရှနိုင်ငံရဲ့ အကာအကွယ်ကို မဖောက်နိုင်ဘူးဆိုသည်ကို ဘိုးဘေး မသိဘူးလား။”

ကွမ်းကျယ်ဧကရာဇ်က တည်ငြိမ်စွာပင်

“ဒါ ကျုပ်အလုပ် မဟုတ်ဘူး။ ဒါ ခင်ဗျား စဉ်းစားရမယ့် အလုပ်ပဲ။ ကျုပ် က သတင်းလာပေးရုံသက်သက်ပဲ။”

ချင်းယွဲ့နယ်မြေသခင်သည် သူ၏ အတွေးများကို ကြိုတင်ခန့်မှန်းထားပြီး သူ့အား ကြီးကြပ်ရန်နှင့် သတိပေးရန် ရည်ရွယ်ချက်ဖြင့် ကွမ်းကျယ်ဧကရာဇ်ကို စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ထိုက်ခန်းဧကရာဇ် သိသွားသည်။ ဤသည်မှာ သူ့အတွက် သတိပေးချက်တစ်ခုဖြစ်ပြီး သူ မအောင်မြင်ပါက သူ၏ နေရာကို အစားထိုးရန် အခြားသူတစ်ဦး အဆင်သင့်ရှိနေကြောင်း ပြသနေသည်။

အမှန်စင်စစ် ကွမ်းကျယ်ဧကရာဇ်သည် တစ်ချိန်က ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ သူတော်စင်အမွေခံ လောင်းလျာ တစ်ဦးဖြစ်ခဲ့သော်လည်း သူသည် ဧကရာဇ် အဆင့်၏ အဆင့်ကိုး နယ်ပယ်သို့ မဖောက်ထွက်နိုင်ခဲ့ပဲ လမ်းစဉ်ဒဏ်ရာများ ခံစားခဲ့ရသောကြောင့် အချိန်များ ကုန်ဆုံးသွားခဲ့ရသည်။

နောက်ဆုံးတွင် သူတော်စင်အမွေခံ ရာထူးသည် ထိုက်ခန်းဧကရာဇ်ထံသို့ ရောက်ရှိသွားခဲ့သည်။

ယခု ဤသူတော်စင်အမွေခံ လောင်းလျာဟောင်းကို စေလွှတ်လိုက်ခြင်း အဓိပ္ပာယ်က ထိုက်ခန်းဧကရာဇ် သူ၏ အမိန့်ကို မနာခံပါက ချင်းယွဲ့မြင့်မြတ်နယ်မြေ အနေနှင့် အခြားသော သူတော်စင်အမွေခံ တစ်ဦးကို ရွေးချယ်နိုင်ကြောင်း ရှင်းလင်းစွာ အချက်ပြလိုက်ခြင်း ဖြစ်သည်။

…………..

အခန်း (၁၅၂၉)

ကျင့်ကြံသူမှ ဘဝ ကောင်းကင်နတ်ဆိုးဘဝသို့ ပြောင်းလဲခြင်း

ခေတ္တခဏ တိတ်ဆိတ်သွားပြီးနောက် အဝေးရှိ အာကာသ အက်ကြောင်းကို ထိုက်ခန်းဧကရာဇ် စိုက်ကြည့်ကာ

“ရှနိုင်ငံကို တိုက်ခိုက်ဖို့ဆိုရင် ဒီအာကာသအက်ကြောင်းကို အရင် ဖြတ်ကျော်ရမယ်။ ကံမကောင်းတာက အခုတော့ အဲဒါကို ဖြတ်လို့မရသေးဘူး။ ရှနိုင်ငံရဲ့ ကြယ်နယ်မြေက ဒီစကြဝဠာနဲ့ ပေါင်းစည်းသွားတဲ့အထိ စောင့်ရလိမ့်မယ်။ အဲဒီကျမှပဲ ကျုပ်တို့ သွားလို့ရမယ်။”

ထိုက်ခန်းဧကရာဇ်၏ လေသံတွင် သတိတရားနှင့် တွက်ချက်မှုတို့ အပြည့်အဝ ပါဝင်နေ၏။

ထိုက်ခန်းဧကရာဇ်၏ စကားကို ကြားလျှင် မလှမ်းမကမ်း၌ အောက်ခြေကို မမြင်ရသည့် နက်ရှိုင်းလှသော ချောက်ကြီးတစ်ခု ရှိနေသည်ကို ကွမ်းကျယ် ဧကရာဇ် နောက်ဆုံးတွင် သတိပြုမိသွားသည်။

ထို့နောက် အဝေးမှ ချောက်ကြီးကို ကြည့်ကာ သူက ခပ်တိုးတိုး ရယ်မောလိုက်သည်။

“ထိုက်ခန်း... ခင်ဗျားက ဆင်ခြေကောင်းကောင်းတောင် မပေးတတ်တော့ဘူးပဲ။ ဒါက အက်ကြောင်းတစ်ခုပဲလေ။ ခင်ဗျား အပေါ်ကနေ ပျံသွားလိုက်ရုံပဲ။ ဒီလို ချောက်လေးတစ်ခုကြောင့်နဲ့ တကယ်ပဲ ရပ်နေတော့မလို့လား။”

ထိုက်ခန်းဧကရာဇ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ဒီချောက်က အခုမှ ဖြစ်လာတာ။ ဘယ်လို အန္တရာယ်တွေ ရှိနေမလဲဆိုတာ ဘယ်သူမှ မသိဘူး။ ချင်းယွဲ့မြင့်မြတ်နယ်မြေရဲ့ သူတော်စင်အမွေခံ တစ်ယောက်အနေနဲ့ ချင်းယွဲ့မြင့်မြတ်နယ်မြေက လူတွေရဲ့ အသက်ကို အန္တရာယ်ထဲ မထည့်နိုင်ဘူး။”

စစ်တပ်စေလွှတ်ရန် ထိုက်ခန်း စိတ်မပါကြောင်း မြင်သောအခါ ကွမ်းကျယ် ဧကရာဇ်က တိုက်ရိုက်ပင်

“ကောင်းပြီလေ။ ခင်ဗျားက ဒါကို အန္တရာယ်ရှိတယ်လို့ ထင်နေရင် ကျုပ်ကိုယ်တိုင် ခင်ဗျားအတွက် လမ်းသွားကြည့်ပေးမယ်။ တကယ်လို့ ဘေးကင်းတယ်ဆိုရင် ခင်ဗျား ဒီနေ့ပဲ ရှနိုင်ငံကို တိုက်ခိုက်ရမယ်။”

လုချန်း၏ ပင်မခန္ဓာ ရှနိုင်ငံတွင် မရှိတော့လျှင်တောင် သူတို့၏ အကာအကွယ်အတားအဆီးက ချိုးဖျက်ရန် မလွယ်ကူကြောင်း ကွမ်းကျယ်ဧကရာဇ်က တွေးလိုက်သည်။ ထိုက်ခန်းဧကရာဇ် အောင်မြင်မှုမရပဲ ပြန်လာခဲ့လျှင် ချင်းယွဲ့နယ်မြေသခင် စိတ်ပျက်သွားမှာ အသေအချာပင် ဖြစ်သည်။ ထိုအချိန်တွင် သူ မီးလောင်ရာလေပင့်ပေးလိုက်လျှင် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ သူတော်စင်အမွေခံနေရာအား မကြာခင် အစားထိုးဖို့ လိုအပ်လာလိမ့်မည်။

ခေတ်ကူးကပ်ဘေး နီးကပ်နေပြီ ဖြစ်သော်လည်း ချင်းယွဲ့မြင့်မြတ်နယ်မြေကို ထိန်းချုပ်ရန် ကွမ်းကျယ်ဧကရာဇ် အစွဲအလမ်းကြီးနေဆဲ ဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့်ပင် သူသည် ယခုနှစ်များတစ်လျှောက် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကွမ်းကျယ်ဧကရာဇ်သည် အဝေးရှိ အာကာသချောက်ကြီးဆီသို့ တုံ့ဆိုင်းခြင်းမရှိပဲ ပျံသန်းသွားလိုက်သည်။ ကွမ်းကျယ်ဧကရာဇ်၏ ကျောပြင်ကို ကြည့်ကာ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

ဤအာကာသချောက်ကြီးက မည်မျှအင်အားကြီးသည့် သတ္တဝါကို ဝါးမြိုနိုင်သလဲဆိုတာ ကို စမ်းသပ်ရန်အတွက် ဤအရာက အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

မကြာမီ ကွမ်းကျယ်ဧကရာဇ် အာကာသချောက်ကြီး၏ အပေါ်ဘက်သို့ ရောက်ရှိသွားသည်။ သူက တုံ့ဆိုင်းမှု အနည်းငယ်မှမရှိပဲ ၎င်း၏အပေါ်မှ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။

သို့သော်လည်း ကွမ်းကျယ်ဧကရာဇ် ချောက်ကြီး၏ အပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ပတ်ဝန်းကျင်ရှိ အာကာသ ဆွဲငင်အား စတင် ပြောင်းလဲလာသည်။

မကြာမီမှာပင် သူ၏ခန္ဓာကိုယ်သည် အောက်ဘက်မှ တစ်စုံတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဆက်လက် ပျံသန်းနိုင်ခြင်း မရှိတော့ပေ။

ကွမ်းကျယ်ဧကရာဇ်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်အချို့ စတင် ပေါ်ထွက်လာ၏။ ဤချောက်ကြီးသည် သူတွေးထားသည်ထက် များစွာ ပိုအန္တရာယ်ကြီးကြောင်းလည်း သဘောပေါက်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် လူတိုင်း၏ မျက်နှာအမူအရာများ လေးနက်သွားကြသည်။ ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများသည် ကွမ်းကျယ်ဧကရာဇ် ဒုက္ခရောက်သည်ကို မြင်ချင်ကြသော်လည်း အကယ်၍ သူသာ ဤနေရာတွင် အမှန်တကယ် သေဆုံးသွားပါက ချင်းယွဲ့မြင့်မြတ်နယ်မြေ ပြန်ရောက်သည့်အခါ ရှင်းပြရန် ခက်ခဲလိမ့်မည်။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုက သူ့ကို ပြင်းပြင်းထန်ထန် ဆွဲငင်လာသကဲ့သို့ ကွမ်းကျယ်ဧကရာဇ် ခံစားလိုက်ရပြီး သူ၏အတွင်းရှိ ဧကရာဇ်အဆင့် စွမ်းအားများလည်း လျင်မြန်စွာ လျော့နည်းသွားသည်။

ခန္ဓာကိုယ်မှ စွမ်းအင်များ လျင်မြန်စွာ ကုန်ခန်းလာသဖြင့် ထိုဆွဲငင်အားကို တဖြည်းဖြည်းနှင့် ခုခံနိုင်စွမ်း လုံးဝမရှိသလောက် ဖြစ်လာသည်။

ချောက်ကြီး၏ ဆွဲအားမှ လွတ်မြောက်ရန် သူ၏လမ်းစဉ်စွမ်းအားကို ကွမ်းကျယ်ဧကရာဇ် အပြင်းအထန် အသုံးချခဲ့သော်လည်း သူ မည်မျှပင် ရုန်းကန်ပါစေ သူ၏ခန္ဓာကိုယ်က လှုပ်ရှားနိုင်ခြင်း မရှိပေ။

ဤအခြေအနေကို လက်မခံနိုင်သဖြင့် ကွမ်းကျယ်ဧကရာဇ်လည်း သူ၏စိတ်အာရုံကို တိုက်ရိုက် လောင်ကျွမ်းစေလိုက် တော့သည်။ ကွမ်းကျယ်ဧကရာဇ် ထံမှ နီရဲသော အလင်းတန်းများ ပေါ်ထွက်လာသောအခါ ထိုနေရာရှိ စိတ်ခံစားမှု လေထု ပိုမိုလေးလံလာသည်။

ကွမ်းကျယ်ဧကရာဇ် ဘာတွေကြုံတွေ့နေရသည်ကို မည်သူမှ မသိကြသော်လည်း သူ၏စိတ်အာရုံကို လောင်ကျွမ်းစေလိုက်ခြင်းက သူ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို ဖော်ပြနေသည်။

ဤအာကာသအက်ကြောင်းကို ဖြတ်ကျော်ရုံမျှနှင့် သေရေးရှင်ရေး အကျပ်အတည်း ဖြစ်နိုင်လား။

ဤအချက်က ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများကို ချွေးစေးများ ထွက်လာစေ၏။ စောစောက မဆင်မခြင် မဝင်မိတာ ကံကောင်းသည်ဟု အားလုံး တွေးလိုက်မိကြသည်။ မဟုတ်ပါက ယခုအချိန်တွင် သူတို့၏ စိတ်အာရုံများကိုလည်း လောင်ကျွမ်းစေနေရလိမ့်မည်။

ကွမ်းကျယ်ဧကရာဇ် သူ၏ဦးခေါင်းကို ခက်ခဲစွာ လှည့်လိုက်ပြီး သူ၏နောက်မှ ကြည့်နေသူများအား ကြည့်လိုက်သည်။ သူ၏မျက်နှာသည် ရှုံ့တွနေပြီး အလွန်အမင်း နာကျင်နေပုံရသည်။

ထို့နောက် ရှိသမျှအင်အားကို သုံးကာ

“ကယ်... ပါဦး”

ဟု တောင်းပန်လိုက်သည်။

ကွမ်းကျယ်ဧကရာဇ်၏ အသံက တိုးသော်လည်း ထိုနေရာရှိ ဧကရာဇ်များ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သို့သော်လည်း မည်သူတစ်ဦး တစ်ယောက်မှ မလှုပ်ရှားကြပေ။

သူတို့ထဲ၌ ကွမ်းကျယ်ဧကရာဇ်နှင့် ထိုက်ခန်းဧကရာဇ်တို့ နှစ်ဦးသာ ဧကရာဇ်အဆင့် ကိုးတွင် ရှိကြ၏။ ယခုအခါ ဧကရာဇ်အဆင့် ကိုး တစ်ဦးဖြစ်သည့် ကွမ်းကျယ်ဧကရာဇ်ပင် ချောက်ကြီးထဲတွင် ပိတ်မိနေခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် ဝင်ရောက် ကူညီပေးနိုင်သူက ထိုက်ခန်းဧကရာဇ် တစ်ဦးတည်းသာ ရှိသည်။

သို့သော်လည်း ထိုက်ခန်းဧကရာဇ်သည် ကွမ်းကျယ်ဧကရာဇ်အတွက်နှင့် သူ့ကိုယ်သူ အန္တရာယ်ထဲ အရောက်ခံမည် မဟုတ်ပေ။ ဤချောက်ကြီးသည် ဧကရာဇ်အဆင့် ကိုး တစ်ဦး သူ၏စိတ်အာရုံကို လောင်ကျွမ်းစေပြီးတာတောင် လွတ်မြောက်အောင် မစွမ်းဆောင်နိုင်သည့် နေရာမျိုး ဖြစ်သည်။

ထိုက်ခန်းဧကရာဇ်တို့၏ လျစ်လျူရှုမှုကို မြင်သောအခါ ကွမ်းကျယ်ဧကရာဇ်၏ ဒေါသ အထွတ်အထိပ်သို့ ရောက်သွားသည်။

“ကျုပ် သေရင်တောင် ခင်ဗျားတို့ကို အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် ကွမ်ကျဲ့ဧကရာဇ်သည် ချောက်ကြီး၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် သူ၏စိတ်အာရုံကို ရူးသွပ်စွာ လောင်ကျွမ်းစေလိုက်သည်။ ထိုအချိန်တွင် ချောက်ကြီးအတွင်းမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး ကွမ်ကျဲ့ဧကရာဇ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။

မည်သူမှ တုံ့ပြန်ခြင်းမပြုနိုင်မီ ကွမ်းကျယ်ဧကရာဇ်၏ ခန္ဓာကိုယ်သည် အနက်ရောင်မြူခိုးများအတွင်း တဆတ်ဆတ် တုန်ခါသွားပြီး နောက်ခဏတွင် ဧကရာဇ်အဆင့်ကိုး ကောင်းကင်နတ်ဆိုး တစ်ကောင် သူတို့ရှေ့၌ ပေါ်လာသည်။

ဤမိစ္ဆာပုံရိပ်ကို မြင်လျှင် လူတိုင်း အံ့အားသင့်သွားကြသည်။ ကောင်းကင်နတ်ဆိုးများက ဤကဲ့သို့ ပေါ်ထွက်လာနိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။

ထိုက်ခန်းဧကရာဇ်က သတိဝင်လာပြီး

“မကောင်းတော့ဘူး။ ဒါက ဧကရာဇ်အဆင့် ကောင်းကင်နတ်ဆိုးပဲ။ ကျုပ်တို့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အခုချက်ချင်း ဆုတ်ကြ”

ဟု အော်ဟစ်လိုက်သည်။

ကွမ်းကျယ်ဧကရာဇ်သည် နဂိုကတည်းက ဧကရာဇ်အဆင့် ကိုး ဖြစ်ပြီး ယခုအခါ တူညီသော အဆင့်ရှိ ကျင့်ကြံသူများကို ချေမှုန်းနိုင်သည့် ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ဧကရာဇ်အဆင့် ကိုး ရှိသော ကောင်းကင်နတ်ဆိုးကို ယခုအချိန်တွင် သူတို့ ကိုင်တွယ်နိုင်စွမ်း လုံးဝမရှိပေ။

ထိုက်ခန်းဧကရာဇ်၏ စကားအဆုံးတွင် ချင်းယွဲ့မြင့်မြတ်နယ်မြေမှ နတ်လှေများလည်း ဤနေရာမှ ထွက်ပြေးရန် အလျင်အမြန် လှည့်ထွက်သွားကြသည်။

ထိုအချိန်တွင် လုချန်းသည် ကွမ်းကျယ်ဧကရာဇ်မှ ပြောင်းလဲသွားသည့် ကောင်းကင်နတ်ဆိုးကို ကြည့်ကာ အတွေးထဲ နစ်မြောလျက် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ချူးယုချင်၏ ရင်သွေးကမ္ဘာတွင် ကောင်းကင်နတ်ဆိုးများ ပထမဆုံး ပေါ်လာစဉ်က အချို့သော ကောင်းကင်နတ်ဆိုးများသည် ဤစကြဝဠာမှ ပြောင်းလဲသွားသည့် ကျင့်ကြံသူများ ဖြစ်နိုင်သလားဟု သူ တွေးတောခဲ့ဖူးသည်။ ယနေ့တွင် ဤကဲ့သို့ ဖြစ်ရပ်မျိုးကို မြင်တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဧကရာဇ် အဆင့်ကိုး ကောင်းကင်နတ်ဆိုး တစ်ကောင်သည် အင်အားကြီးသော်လည်း ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို ကျင့်ကြံထားသည့် လုချန်းအတွက်မူ ကွမ်းကျယ်ဧကရာဇ်ကို ကိုင်တွယ်ရန်က လွယ်ကူလှသည်။

ကွမ်းကျယ်ဧကရာဇ်သည် ချောက်ကြီးထဲမှ ရုတ်တရက် လွတ်မြောက်လာပြီး ရှနိုင်ငံ၏ အကာအကွယ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။ ကွမ်းကျယ်ဧကရာဇ် လိုက်မလာသည်ကို သတိပြုမိသောအခါ ထိုက်ခန်းဧကရာဇ်နှင့် အဖွဲ့လည်း ပြန်လှည့်ကြည့်လိုက်ကြသည်။

“သူ လိုက်မလာဘူး။ ရှနိုင်ငံကို တိုက်ခိုက်ဖို့ သွားနေတာပဲ”

ဟု သူတို့ထဲမှ ဧကရာဇ် တစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။

ထို့နောက် ချင်းယွဲ့မြင့်မြတ်နယ်မြေမှ လူအုပ်ကြီးသည် အဆင့်ကိုး ကောင်းကင်နတ်ဆိုးက ရှနိုင်ငံ၏ အကာအကွယ်ကို ဖျက်ဆီးနိုင်မလားဆိုတာကို ကြည့်ရန် ဆုတ်ခွာခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့တွင် ရှနိုင်ငံကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသော်လည်း ထိုနိုင်ငံသည် စကြဝဠာအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။

အကယ်၍ အသစ်ပြောင်းလဲသွားသည့် ကောင်းကင်နတ်ဆိုး ကွမ်းကျယ်ဧကရာဇ်က ၎င်းကို ချေမှုန်းနိုင်ခဲ့လျှင် ချင်းယွဲ့မြင့်မြတ်နယ်မြေနှင့် စကြဝဠာ တစ်ခုလုံးအတွက် အကျိုးရှိပေလိမ့်မည်။

လူတိုင်းက ရလဒ်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေစဉ်မှာပင် ရှနိုင်ငံအတွင်းမှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အလင်းတန်း ရပ်တန့်သွားသောအခါ ဧကရာဇ်အဆင့်ငါး၏ အငွေ့အသက်နှင့် သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်နေသည့် ပုံရိပ်တစ်ခုကို လူတိုင်း မြင်တွေ့လိုက်ရသည်။

လုချန်း၏ အဆင့်ငါး ကိုယ်ပွားကို မြင်သောအခါ ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများ ဆွံ့အသွားကြသည်။

သတ်ဖြတ်ခြင်းစွမ်းအားလား။

သူတို့ရရှိထားသော သတင်းအချက်အလက်များအရ ရှနိုင်ငံ တစ်ခုလုံးတွင် သတ်ဖြတ်ခြင်း လမ်းစဉ် ဧကရာဇ် နှစ်ဦးသာ ရှိ၏။ တစ်ဦးမှာ လုချန်းဖြစ်ကာ နောက်တစ်ဦးမှာ ဧကရီ တစ်ဦး ဖြစ်သည်။

လုချန်း၏ ပင်မခန္ဓာက ပြင်ပနယ်မြေသို့ သွားရောက်ပြီ မဟုတ်ပါလား။

ယခု အဘယ်ကြောင့် အဆင့်ငါး သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦး ရှိနေရသနည်း။

ပို၍ အရေးကြီးသည်က ထိုသတ်ဖြတ်ခြင်း ဧကရာဇ်၏ စိတ်အာရုံသည် ကိုယ်ပွားတစ်ခုနှင့် မတူပဲ ပြည့်စုံနေပုံရခြင်း ဖြစ်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုချန်းက ပြင်ပနယ်မြေကို သွားတာ မဟုတ်ဘူးလား။ သူက ဘာလို့ ဒီမှာ ရှိနေတာလဲ။”

ဟု ဧကရာဇ် တစ်ဦးက မှတ်ချက်ပြုလိုက်သည်။

…………..

အခန်း (၁၅၃၀)

ဓားတစ်ချက်ဖြင့် ကောင်းကင်နတ်ဆိုးကို ပိုင်းဖြတ်ခြင်း

ရှနိုင်ငံ၏ အတားအဆီး ပြင်ပတွင် လုချန်း ပေါ်လာသည်ကို အားလုံး အံ့အားသင့်နေကြစဉ် ဧကရာဇ် တစ်ပါးက

“ဟမ်... ဒီလုချန်းက ချန်းလုနဲ့ အတော်လေး တူနေတယ်လို့ ခင်ဗျားတို့ မထင်ဘူးလား”

ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုဧကရာဇ်၏ စကားကြောင့် အနီးရှိ အခြားသူများလည်း လုချန်းနှင့် ချန်းလုကို ယှဉ်ကြည့်မိကြပြီး နှစ်ဦးစလုံး၏ မျက်နှာသွင်ပြင်နှင့် ကိုယ်ဟန်အမူအရာများ သိသိသာသာ တူညီနေသည်ကို သတိပြုမိသွားကြသည်။

ထိုဧကရာဇ်၏ အသံသည် တိုးသော်လည်း ထိုက်ခန်းဧကရာဇ် ကြားလိုက်၏။ထွက်မပြေးပဲ နေရာတွင် ရှိနေဆဲဖြစ်သော လုချန်းထံသို့ ထိုက်ခန်းဧကရာဇ်က ရုတ်တရက် ကြည့်လိုက်ရာ လုချန်း၏ ရုပ်သွင်သည် ရှနိုင်ငံ အတားအဆီး ပြင်ပရှိ လုချန်းနှင့် တကယ် ဆင်တူနေသည်ကို တွေ့လိုက်ရသည်။

ဤမျှ ဆင်တူနေခြင်းသည် တိုက်ဆိုင်မှု သက်သက် မဖြစ်နိုင်ကြောင်း ထိုက်ခန်းဧကရာဇ် ချက်ချင်း သဘောပေါက်လိုက်ပြီး ချန်းလုဟူသော လူငယ်နှင့် လုချန်းကြားတွင် ဆက်နွှယ်မှု တစ်စုံတစ်ရာ ရှိနေမည်ဟု ယူဆလိုက်သည်။

နယ်ပယ်အဆင့် ကွာခြားမှုကြောင့် ထွက်ပေါ်လာသော အငွေ့အသက်နှင့် ဖိအားများ ကွဲပြားနေသဖြင့် သူတို့၏ အမူအရာ အနည်းငယ် ကွဲပြားနေခြင်းသာ ဖြစ်သည်။ အဝေးမှ လုချန်းသည် သွေးနီရောင် သတ်ဖြတ်ခြင်း အင်အားများကို ထုတ်ဖော်နေပြီး စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေသော်လည်း “ချန်းလု” သည် ယဉ်ကျေးသော လူကြီးလူကောင်း တစ်ဦးနှင့် ပိုတူသည်။

သူတို့နှစ်ဦးလုံး၏ ဝိညာဉ်များသည် ပြည့်စုံနေပုံရသော်လည်း အလွန် ဆင်တူနေ၏။ ချန်းလုကဲ့သို့ လူငယ်တစ်ဦးသည် ယခုကဲ့သို့ ငယ်ရွယ်သော အသက်အရွယ်နှင့် သူတော်စင်အဆင့် ဖြစ်နေခြင်းသည်လည်း စကြဝဠာတွင် မကြုံစဖူး ဖြစ်ရပ်တစ်ခုဖြစ်သည်။

ထိုက်ခန်းဧကရာဇ်က မျက်မှောင်ကြုတ်ကာ

“ချန်းလု... မင်း ဆရာ့ကို ဖုံးကွယ်ထားတာ တစ်ခုခု ရှိနေတာလား”

ဟု တိုက်ရိုက် မေးလိုက်သည်။

လုချန်းက ခပ်ပါးပါး ပြုံးလိုက်ပြီးနောက် နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် ပြိုကွဲသွားကာ မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ထိုက်ခန်းဧကရာဇ် အလုံးစုံ နားလည်သွားသည်။

ဤချန်းလု ဆိုသူသည် တကယ်တော့ လုချန်းပင် ဖြစ်သည်။

မိမိ၏ ပေါ့ဆမှုကြောင့် လုချန်း၏ လှည့်ကွက်ထဲသို့ ကျရောက်ခဲ့ရသည်ကိုလည်း ထိုက်ခန်းဧကရာဇ် သဘောပေါက်လိုက်သည်။

ချန်းလု ဆိုသည့် နာမည်ကို ပြောင်းပြန်လှန်လိုက်လျှင် လုချန်း ဖြစ်နေသည် မဟုတ်လား...

လုချန်းက ကိုယ်ပွားတစ်ခုကို အသုံးပြု၍ သူတို့နောက်သို့ တောက်လျှောက် လိုက်လာခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ချန်းလု၏ မည်သူမည်ဝါဖြစ်ကြောင်းကို နားလည်သွားပြီးနောက် ရှနိုင်ငံ အတားအဆီး ပြင်ပတွင် ရပ်နေသော လုချန်းထံသို့ အားလုံး၏ အကြည့်များ ရောက်သွားကြသည်။

လုချန်းသည် အဆင့်ငါးမျှသာ ရှိသော်လည်းသူ၏ အေးဆေးတည်ငြိမ်သော အမူအရာက အဆင့်ကိုး ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ပြသနေသည်။

အဆင့်ငါး ဧကရာဇ် တစ်ပါးဖြစ်သော လုချန်းက အဆင့်ကိုး ကောင်းကင်နတ်ဆိုး တစ်ကောင်ကို မည်သို့ ရင်ဆိုင်မလဲ ဆိုသည်ကို သူတို့ သိချင်နေကြသည်။

အဆင့်ကိုး ကောင်းကင်နတ်ဆိုးနှင့် ရင်ဆိုင်ရချိန်တွင် လုချန်းသည် ရှနိုင်ငံ အတားအဆီး အတွင်းသို့ ဆုတ်မသွားသည့်အပြင် အပြင်သို့ ထွက်လာရန် ရွေးချယ်ခဲ့၏။ ထို့ကြောင့် သူ့၌ ထိုကောင်းကင်နတ်ဆိုးကို ကိုင်တွယ်နိုင်ရန် ယုံကြည်ချက် ရှိနေခြင်းသာ ဖြစ်ရမည်။

မလှမ်းမကမ်းရှိ ကွမ်းကျယ်ဧကရာဇ်ဘဝမှ ပြောင်းလဲသွားသော ကောင်းကင်နတ်ဆိုးကို လုချန်း လှမ်းကြည့်လိုက်ပြီးနောက် သူ၏ လက်ထဲတွင် ငွေဖြူရောင် ဓားရှည်တစ်လက် ရုတ်တရက် ပေါ်လာသည်။

ထိုဓားရှည် လုချန်း၏ လက်ထဲသို့ ရောက်ရှိသွားလျှင် ဓားသွားသည် ချက်ချင်း သွေးနီရောင် ပြောင်းသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်လိုက်သည်။

ထိုဖိအားကြောင့် အဝေးရှိ ချင်းယွဲ့ မြင့်မြတ်နယ်မြေမှ ဧကရာဇ်များ မတ်တပ်ပင် မရပ်နိုင်ကြတော့ပေ။ အဆင့်ကိုး ဧကရာဇ် တစ်ပါးဖြစ်သော ထိုက်ခန်းဧကရာဇ်ပင်လျှင် မခုခံနိုင်ပေ။

ထို့ပြင် ဤမျှ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နိုင်သည့် လက်နက်မျိုး သူတို့ တစ်ခါမှ မမြင်ဖူးပေ။

ထိုက်ခန်းဧကရာဇ် မျက်နှာပျက်သွားသည်။ ဤမျှ ထိတ်လန့်ဖွယ် ဖိအားမျိုး ရှိနေစေရန် ၎င်းသည် မည်သည့် အဆင့်ရှိသော လက်နက်ဖြစ်သနည်း။

ခက်ခဲစွာ ခေါင်းကို မော့လိုက်ရင်း အဝေးမှ လုချန်းကို ထိုက်ခန်းဧကရာဇ် ကြည့်လိုက်ရာ အဆင့်ကိုး ကောင်းကင်နတ်ဆိုးသည် အလွန် ကြောက်လန့်ကာ တဖြည်းဖြည်း နောက်ဆုတ်နေသည်ကို မထင်မှတ်ပဲ တွေ့လိုက်ရသည်။

ထိုအရာသည် အဆင့်ကိုး ကောင်းကင်နတ်ဆိုး ဖြစ်သော်လည်း လုချန်းက လက်နက် တစ်ခုကို ထုတ်လိုက်ရုံဖြင့် ၎င်းကို ကြောက်လန့်သွားစေသည်။ ကောင်းကင်နတ်ဆိုး တစ်ကောင် ကြောက်လန့်နေသည်ကို ထိုက်ခန်းဧကရာဇ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

ကွမ်းကျယ်ဧကရာဇ် ထွက်ပြေးရန် ကြံစည်နေသည်ကို မြင်လျှင် လုချန်းက ရယ်မောပြီး

“ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့... ခင်ဗျားကို လွတ်မြောက်အောင် ကျုပ် ကူညီပေးမယ်။”

ထိုသို့ပြောရင်း လုချန်းက သူ၏ ခန္ဓာကိုယ်ပေါ်တွင် သတ်ဖြတ်ခြင်း စွမ်းအားများကို စုစည်းလိုက်ပြီးနောက် နောက်တစ်ခဏတွင် သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကွမ်းကျယ်ဧကရာဇ် ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ ထို့နောက် သူက ဓားကို လွှဲယမ်းလိုက်ရာ နတ်ဘုရားချေမှုန်းဓားမှ သွေးနီရောင် အလင်းတန်းများစွာ ထွက်ပေါ်လာသည်။

ထိုသွေးနီရောင် အလင်းတန်းများသည် ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်ပြီး မလွတ်မြောက်နိုင်အောင် ချုပ်နှောင်ထားလိုက်သည်။

သွေးဝိညာဉ်ဓားသိုင်း...။

နောက်တစ်ခဏတွင် ကွမ်းကျယ်ဧကရာဇ်၏ ခန္ဓာကိုယ် ပေါက်ပြဲသွားပြီး အက်ကွဲကြောင်းများကြားမှ သွေးနီရောင် အလင်းတန်းများ ပိုမို တောက်ပစွာ ထွက်ပေါ်လာသည်။ ကွမ်းကျယ်ဧကရာဇ်သည် တုံ့ပြန်ချိန်ပင် မရလိုက်ပဲ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

ဤတကြိမ်သည် သူတော်စင် အဆင့် ဓားသိုင်းကို လုချန်း ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်၏။ ၎င်း၏ အင်အားသည် ဤမျှ ပြင်းထန်လိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားပေ။

အဆင့်ကိုး ကောင်းကင်နတ်ဆိုးကို သူ ကိုင်တွယ်နိုင်သည်ကို သိသော်လည်း ဤမျှ လွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ စကြဝဠာ ချောက်နက်ကြီး၏ အခြားတစ်ဖက်မှ လူများလည်း ထိုနည်းတူပင် ဖြစ်သည်။

ကွမ်းကျယ်ဧကရာဇ်မှ ပြောင်းလဲသွားသော အဆင့်ကိုး ကောင်းကင်နတ်ဆိုးကို လုချန်းက ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်သည်ကို မြင်လျှင် ချင်းယွဲ့ မြင့်မြတ်နယ်မြေမှ လူတိုင်းလည်း မယုံကြည်နိုင်သော အမူအရာဖြင့် လုချန်းကို စိုက်ကြည့်နေကြသည်။

ထိုအရာသည် အဆင့်ကိုး ကောင်းကင်နတ်ဆိုး တစ်ကောင် ဖြစ်သော်လည်း ဓားတစ်ချက်တည်းဖြင့် အပိုင်းပိုင်း ပြတ်သွားရသလား။

သူတို့ဘက်က အဆင့်ကိုး ဧကရာဇ် တစ်ပါးကို စေလွှတ်လျှင်ပင် ထိုကောင်းကင်နတ်ဆိုးကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ အဆင့်ငါး ဧကရာဇ် တစ်ပါးသာဖြစ်သော လုချန်းကတော့ အဆင့်ကိုး ကောင်းကင်နတ်ဆိုးကို အားစိုက်စရာမလိုပဲ သတ်ဖြတ်နိုင်ခဲ့သည်။

သူ၏ အင်အား မည်မျှ ထိတ်လန့်စရာ ကောင်းသနည်း။

အကယ်၍ သူက အဆင့်ကိုး ကောင်းကင်နတ်ဆိုးကို အလွယ်တကူ သတ်ဖြတ်နိုင်လျှင် အဆင့်ကိုး ဧကရာဇ် တစ်ပါးကိုလည်း အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ထိုဖြစ်နိုင်ခြေကို တွေးမိလိုက်လျှင် ထိုက်ခန်းဧကရာဇ် အပါအဝင် ချင်းယွဲ့ မြင့်မြတ်နယ်မြေမှ ဧကရာဇ်များ ချွေးပြန်သွားကြသည်။ ထိုအခိုက်အတန့်တွင် သူ၏ အဆုံးသတ် ရောက်လာပြီဟု ထိုက်ခန်းဧကရာဇ်၏ စိတ်ထဲမှ ခံစားလိုက်ရသည်။ သတ်ဖြတ်ခြင်း ဧကရာဇ်သည် သတ်ဖြတ်ခြင်းထက် ပို၍ မည်သည့်အရာကိုမှ မမြတ်နိုးပေ။

ယခု လုချန်းက သူတို့ကို ပစ်မှတ်ထားနေပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။

သတိပြန်ဝင်လာလျှင် ထိုက်ခန်းဧကရာဇ်က “ပြေးကြ”

ဟု ချက်ချင်း အော်လိုက်သည်။

သူ ပြောပြီးသည်နှင့် ချင်းယွဲ့ မြင့်မြတ်နယ်မြေမှ ဧကရာဇ်များ သတိဝင်လာကာ အနောက်သို့ အမြန်လှည့်၍ အဝေးသို့ ထွက်ပြေးကြသည်။ သူတို့သည် လုချန်းနှင့် တိုက်ခိုက်ရန် အနည်းငယ်မျှပင် ဆန္ဒမရှိကြပေ။

တစ်ဖက်လူသည် အဆင့်ကိုး ကောင်းကင်နတ်ဆိုးကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခဲ့ရာ လုချန်းကို တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်လိမ့်မည်။ ယခု သူတို့ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းသည် စကြဝဠာ ချောက်နက်ကြီး၏ အကူအညီရှိတုန်း လုချန်းလိုက်မလာနိုင်ခင် ထွက်ပြေးရန် ဖြစ်သည်။

ထိုက်ခန်းဧကရာဇ်တို့ ပျာပျာသလဲလဲ ထွက်ပြေးနေသည်ကို မြင်လျှင် လုချန်း ရယ်မောလိုက်၏။ သူတို့နောက်သို့ သူ လိုက်မသွားပေ။

ဤစကြဝဠာ ချောက်နက်ကြီး ခြားနေသောကြောင့် သူ လိုက်မသွားနိုင်တာ မှန်သော်လည်း ဗဟိုကြယ်နယ်မြေတွင် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှိနေသဖြင့် သူတို့လမ်းကို ပိတ်ရန် ချောက်ကိုကျော်ဖြတ်၍ လိုက်သွားစရာ မလိုပေ။

တစ်ရက်နှင့် တစ်ည ထွက်ပြေးပြီးနောက် မည်သူမှ လိုက်မလာသည်ကို ထိုက်ခန်းဧကရာဇ်တို့ ရုတ်တရက် သတိပြုမိလိုက်သည်။

ထိုအခိုက်အတန့်တွင် ဧကရာဇ် တစ်ပါးက

“သူတော်စင် အမွေခံ... ထိုစကြဝဠာ ချောက်နက်ကြီး ရှိနေတဲ့အတွက် လုချန်းက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ကျုပ်တို့နောက်ကို လိုက်ရဲမှာ မဟုတ်ပါဘူး။”

ထိုနေရာသည် အဆင့်ကိုး ဧကရာဇ် တစ်ပါးကိုပင် လွတ်မြောက်ခွင့် မပေး‌ပေ။ အထူးဆန်းဆုံး အချက်က ထိုချောက်နက်သည် လူများကို ကောင်းကင်နတ်ဆိုးများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားစေနိုင်ခြင်း ဖြစ်သည်။

လုချန်းသည် သူတို့ကို သတ်ရန်အတွက် ဤမျှ ကြီးမားသော စွန့်စားမှုမျိုး လုပ်လိမ့်မည်မဟုတ်ဟု သူတို့ မယုံကြည်ကြပေ။

ထိုစဉ် ထိုက်ခန်းဧကရာဇ်သည် ရှနိုင်ငံ ဘက်သို့ လှည့်ကြည့်လိုက်ရင်း စိတ်အာရုံကို လွှတ်၍ စမ်းသပ်ကြည့်ရာ လုချန်း၏ အငွေ့အသက်ကို တကယ်ပင် မတွေ့ရပေ။

ထိုက်ခန်းဧကရာဇ် သက်ပြင်းတစ်ချက် အသာအယာ ချလိုက်သည်။ အကယ်၍ ထိုစကြဝဠာ ချောက်နက်ကြီးသာ မရှိခဲ့လျှင် သူတို့အားလုံး ထိုနေရာတွင် သေဆုံးသွားနိုင်သည်။

စိတ်လျှော့လိုက်ပြီးနောက် ထိုက်ခန်းဧကရာဇ်က အသက်ကို ပြင်းပြင်းရှူကာ

“လုချန်း ဒီလောက်အထိ စိတ်ရှည်လိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး”

ထိုက်ခန်းဧကရာဇ်၏ စကားထဲတွင် လုချန်း၏ စိတ်ရှည်မှုကို အံ့အားသင့်မိကြောင်း ဖော်ပြရုံမျှမက သူ၏ အမှားကို ဝန်ခံလိုက်ခြင်းလည်း ပါဝင်နေသည်။

ယုတ္တိရှိရှိ ပြောရလျှင် လုချန်းကဲ့သို့ အင်အားကြီးသောသူ၌ မာန်မာနတစ်မျိုး ရှိသင့်သည်။ သို့သော် သူသည် ကိုယ်ပွားတစ်ခု ဖန်တီး၍ ချင်းယွဲ့ မြင့်မြတ်နယ်မြေ၏ နတ်လှေနောက်သို့ လိုက်လာခဲ့ပြီး သူ့ကို ဆရာအဖြစ်ပင် အသိအမှတ်ပြုခဲ့၏။ အင်အားကြီးသူတစ်ဦး၏ မာန်မျိုး လုံးဝ မပြခဲ့ပေ။

ထိုက်ခန်းဧကရာဇ် ဘေးရှိ ဧကရာဇ် တစ်ပါးက

“လုချန်းက ကျုပ်တို့နောက်ကို ကိုယ်ပွား လွှတ်ပြီး လိုက်ဖို့ ဘာကြောင့် လိုအပ်တာလဲဆိုတာ တကယ်ကို စဉ်းစားမရနိုင်ဘူး။”

ထိုက်ခန်းဧကရာဇ်က

“ဒါက တပည့်မွေးချင်လွန်းတဲ့ ကျုပ်ရဲ့အမှားပဲ... သူ့ရဲ့ ထူးချွန်တဲ့ ပါရမီကို မြင်ပြီး ထူးချွန်တဲ့ တပည့်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ချင်စိတ်ကြောင့်သာ မဟုတ်ရင် ဒီထောင်ချောက်ထဲကို ကျမှာ မဟုတ်ဘူး... သူက အဲ့ဒီ အစီအစဉ်အတိုင်း လိုက်လုပ်သွားတာပဲ။”

“ထားပါတော့... ဘာပဲဖြစ်ဖြစ် တကယ်တမ်း ဆုံးရှုံးမှု ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး”

အခြား ဧကရာဇ် တစ်ပါးက

“သူတော်စင် အမွေခံ... ကျုပ်တို့ ရှနိုင်ငံကို မသိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဒီလောက် မြန်မြန်ဆုတ်ခွာခဲ့ရတော့ ဘိုးဘေးက စိတ်ဆိုးနိုင်ပါတယ်။”

“နောက်ပြီး ကွမ်းကျယ်ဧကရာဇ်ရဲ့ ကိစ္စကလည်း ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်။”

ကွမ်းကျယ်ဧကရာဇ်သည် ကြီးကြပ်သူအဖြစ် လိုက်ပါလာခြင်းဖြစ်သော်လည်း အားလုံးထဲတွင် အဆင့်ကိုး ဧကရာဇ် ဖြစ်သော ကြီးကြပ်သူ ကွမ်းကျယ်ဧကရာဇ် တစ်ဦးသာ သေဆုံးသွားခဲ့ရသည်။ ယခုကဲ့သို့ ရလဒ်မျိုးနှင့် ပြန်သွားလျှင် သူတို့က ကွမ်းကျယ်ဧကရာဇ်ကို ပူးပေါင်းကြံစည်ခဲ့သည်ဟု အစကတည်းက သံသယများတတ်သော ချင်းယွဲ့နယ်မြေသခင် ဧကန်မုချ တွေးတောလိမ့်မည်။

All Chapters