ရှန်းယွမ်ပင်လယ်
Vol. 46 Ch. 490
အမည်မသိ နယ်မြေတစ်ခု
လူရိပ်နှစ်ခုမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
သူတို့၏ ပတ်ဝန်းကျင်တွင် အဆုံးအစမဲ့သော စကြဝဠာ ကြယ်တာရာပင်လယ်ကြီး ရှိနေသည်။
သူတို့၏ ခြေထောက် အောက်တွင်မူ အဆုံးမဲ့သော အရပ်မှ လာ၍ အဆုံးမဲ့သော အရပ်သို့ စီးဆင်းသွားသည့် ခမ်းနားထည်ဝါသော မြစ်ကြီးတစ်စင်း ရှိနေသည်။
အကယ်၍ ထန်ထျန်းသာ ဤနေရာ၌ ရှိနေပါက ထိုနှစ်ယောက်ထဲမှ အဖြူရောင်ပိတ်ချောဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးမှာ ဝမ့်ယွဲ့လှိုဏ်ဂူတွင် သူတွေ့ခဲ့ဖူးသော လနတ်သမီး ဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။
လနတ်သမီး၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး အနီရောင်ဆံပင်ရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။
သို့သော် ယခု လနတ်သမီးမှာ ထန်ထျန်း တွေ့ခဲ့စဉ်ကထက် ပို၍ အားနည်းနေပုံရပြီး ပျော့ပျောင်းနွဲ့နှောင်းစွာဖြင့် ပျင်းရိငြီးငွေ့ဖွယ် ထိုင်နေသည်။
"ရက်တွက်ကြည့်ရသလောက်တော့ သူ ပြန်လာမယ့်အချိန်က နီးနေပြီပဲ။"
အနီရောင်ဆံပင်နှင့် လူငယ်က လနတ်သမီးကို ကြည့်ပြီး ပြောလိုက်သည်။
လနတ်သမီးက ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး "အင်း... နီးနေပြီ။"
"သူ ပြန်လာမယ့်နေ့က ဒီကမ္ဘာရဲ့ နောက်ဆုံးကံကြမ္မာကို ဆုံးဖြတ်မယ့် အချိန်ပဲ။"
"ရှင်သန်ခြင်းလား၊ သေဆုံးခြင်းလားဆိုတာ တစ်ချက်တည်းသော စိတ်ကူးပေါ်မှာပဲ မူတည်နေလိမ့်မယ်။"
အနီရောင်ဆံပင်နှင့် လူငယ်က သက်ပြင်းချကာ "ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် အဖြေတစ်ခု ထွက်လာတာပဲ ကောင်းပါတယ်။"
"နှစ်သန်းပေါင်း ရာချီတဲ့အထိ ငါတို့ လောကဓံတွေကို အများကြီး ကြုံခဲ့ရပြီးပြီ၊ သေခြင်းရှင်ခြင်းတွေကိုလည်း အများကြီး ဖြတ်သန်းခဲ့ရပြီးပြီ။"
"အမှန်အတိုင်း ပြောရရင် ငါလည်း ပင်ပန်းနေပြီ။"
"ရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ကိုယ်တိုင် ပို့ဆောင်ပေးခဲ့သလို သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတာကိုလည်း ကိုယ်တိုင် မြင်ခဲ့ရတယ်။"
"နောက်ဆုံးတော့ ရန်သူတွေက အရင်အတိုင်း များနေတုန်းပဲ၊ သူငယ်ချင်းတွေကတော့ တဖြည်းဖြည်း နည်းလာခဲ့ပြီ။"
"အခု မင်းပါ ထွက်သွားတော့မယ်ဆိုတော့ ငါတော့ တကယ်ပဲ တစ်ကိုယ်တည်း ကျန်ခဲ့တော့မှာပေါ့။"
"တစ်ခါတလေကျရင် ဟိုဓားလိုပဲ ဒီလို စိတ်ပျက်စရာကောင်းတဲ့ နေရာကနေ အပြီးအပိုင် ထွက်သွားလိုက်ချင်မိတယ်၊ မမြင်ရတော့ရင် စိတ်မညစ်ရတော့ဘူးပေါ့။"
လူငယ်၏ မျက်ဝန်းထဲတွင် အဆုံးစမဲ့သော လောကဓံနှင့် အထီးကျန်မှုများဖြင့် ပြည့်နှက်နေသည်။
လနတ်သမီးက အနည်းငယ် ပြုံးလိုက်ပြီး "ဒါတော့ မရဘူးလေ၊ ရှင်က ကျွန်မတို့ဘက်က နောက်ဆုံး တောင့်ခံပေးနေတဲ့သူပဲ။"
"ရှင်သာ မရှိရင် သူ အောင်မြင်စွာ ပြန်လာနိုင်ခဲ့ရင်တောင် အရာအားလုံး အဆင်ပြေချောမွေ့မယ်လို့ မပြောနိုင်ဘူး။"
"ပြီးတော့... ဟိုဓား ထွက်သွားပြီးရင် ပြန်မလာတော့ဘူးလို့ ဘယ်သူပြောလဲ။"
လနတ်သမီး၏ စကားကို ကြားသောအခါ အနီရောင်ဆံပင်နှင့် လူငယ်က ထပ်မံ သက်ပြင်းချလိုက်ပြန်သည်။
"ဟုတ်ပါရဲ့၊ ဒီလို နောက်ဆုံး ဆုံးဖြတ်ချက်ချရမယ့် အချိန်မှာ လူဟောင်းတွေ အများကြီး ပြန်လာကြမှာပဲ။"
"သူသာ တကယ် အောင်မြင်စွာ ပြန်လာနိုင်ရင် ဖြစ်ပေါ်လာမယ့် ဂယက်ရိုက်ခတ်မှုက အရမ်းကို ကြီးမားလွန်းတယ်။"
"အဲဒီအချိန်ကျရင်..."
စကားပြောရင်း သူက လနတ်သမီးကို ရုတ်တရက် ကြည့်ကာ မေးလိုက်သည်။ "မင်းရဲ့ အခြေအနေက အဲဒီအချိန်အထိ စောင့်နိုင်ပါဦးမလား။"
လနတ်သမီးက ကောင်းကင်ကို လှမ်းကြည့်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။ "မသိဘူး။"
"ဒါမှမဟုတ် စောင့်နိုင်ရင် စောင့်နိုင်မယ်၊ ဒါမှမဟုတ်လည်း... မစောင့်နိုင်ဘဲ ဖြစ်ရင် ဖြစ်သွားလိမ့်မယ်။"
အနီရောင်ဆံပင်နှင့် လူငယ်၏ မျက်ဝန်းတွင် ဝမ်းနည်းမှုရိပ် အနည်းငယ် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ထို့နောက် သူက ပုခုံးတွန့်ကာ ရယ်မောလိုက်ပြီး "မင်း မစောင့်နိုင်တာကိုပဲ ငါက ပိုပြီး မျှော်လင့်မိတယ်။"
လနတ်သမီးမှာ ခဏမျှ မှင်တက်သွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
အနီရောင်ဆံပင်နှင့် လူငယ်က ပြုံးစစဖြင့် "စဉ်းစားကြည့်လေ၊ အဲဒီအချိန်ကျရင် ထွက်သွားခဲ့တဲ့ လူဟောင်းတွေ အများကြီး ပြန်လာကြလိမ့်မယ်။"
"ဒါမှမဟုတ်... အဲဒီညီမလေးလည်း ပြန်လာနိုင်တယ်။"
"သူနဲ့အတူ ပြန်လာတာလည်း ဖြစ်နိုင်တာပဲ။"
"အဲဒီအချိန်ကျရင် သူတို့နှစ်ယောက်က လက်ချင်းတွဲပြီး တစ်ဦးကိုတစ်ဦး အချစ်တွေ ပိုပြနေကြတာကို မင်း မြင်လိုက်ရင် စိတ်ဆင်းရဲပြီး သေသွားနိုင်တယ်လေ။"
လနတ်သမီးက မျက်စောင်း ထိုးလိုက်သည်။
"ဟေ့... ငါနဲ့ သူက အချစ်ဆုံးသူငယ်ချင်း တွေပဲ၊ ချစ်သူတွေ မဟုတ်ဘူး။"
"ဒါကြောင့် သူ ဘယ်သူ့ကိုပဲ ခေါ်လာခေါ်လာ ငါ စိတ်မဆင်းရဲပါဘူး။"
"တကယ်လို့ ရှင်ပြောသလိုသာဆိုရင် သူတို့ အသက်ရှိစဉ်ကတည်းက ငါ စိတ်ဆင်းရဲပြီး သေခဲ့တာ အကြိမ်ပေါင်း မရေမတွက်နိုင်တော့ဘူးပေါ့။"
အနီရောင်ဆံပင်နှင့် လူငယ်က မင်းပြောတာ ငါယုံမလား ဆိုသည့် ရုပ်မျိုးဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။
"ဟားဟား တကယ်သာ တွေ့လိုက်ရရင် သံပုရာ သီးစားလိုက်ရသလိုမျိုး မျက်နှာကြီး ချဉ်မသွားအောင်သာ လုပ်ထားပေါ့ ။"
စကားပြောရင်း သူက ခွက်ထဲရှိ ရှန်းယွမ် သေရည်ကို ကောက်ယူကာ ပါးစပ်ထဲ လောင်းထည့်လိုက်သည်။
သို့သော် သောက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်သွားသည်။
"အရသာက တကယ် မကောင်းတော့ဘူးပဲ။"
"မင်းက ဘာဖြစ်လို့ ဝိုင် တွေအားလုံးကို အဲဒီ ကပ်ဘေးရိတ်သိမ်းသူ ဆီ ပေးလိုက်ရတာလဲ။"
"ငါ့အတွက် အနည်းဆုံးတော့ ချန်ထားပေးသင့်တာပေါ့။"
"နှစ်သန်းပေါင်း ရာချီ သောက်လာတဲ့အရာကို ဒီအတိုင်း ဖြတ်ပစ်ခိုင်းတာက တကယ်ကို ရက်စက်လွန်းရာ ကျတယ်။"
လူငယ်၏ စိတ်မသက်မသာ ဖြစ်နေသည့် ပုံစံကို ကြည့်ပြီး လနတ်သမီးက ရယ်မောလိုက်သည်။ "ဒါဆိုရင်လည်း အဲဒီ ကပ်ဘေးရိတ်သိမ်းသူ ဆီ သွားရှာလေ၊ ကျွန်မမှ မတားထားတာ။"
"အို... ရှင်က ရှာမတွေ့တာလား၊ ရှင်က အမြင့်မြတ်ဆုံး နေနတ်ဘုရား ပဲလေ။"
"ဪ ဒါနဲ့၊ ငါ အဲဒီလူကို ဝိုင် တွေ ပေးတုန်းက ဘယ်သူ့ကိုမှ မတိုက်ဖို့ သေချာ မှာထားခဲ့တယ်လေ။"
"အထူးသဖြင့် ဆံပင်အနီနဲ့ လူမျိုးကိုပေါ့။"
အနီရောင်ဆံပင်နှင့် လူငယ်မှာ မျက်လုံး ပြူးသွားတော့သည်။
"ဟေ့... ငါက ဒီအတိုင်း ပြောလိုက်တာကို၊ မင်းက ဒီလောက်အထိ လုပ်ဖို့ လိုလို့လား။"
"ဒါမှမဟုတ် သူတို့နှစ်ယောက် အတူရှိနေတာကို မြင်ရင် မင်း တကယ်ပဲ စိတ်နာသွားမှာမို့လို့လား။"
လနတ်သမီးက သွားလေးကို တင်းတင်းစိလိုက်ပြီး "ကျွန်မ အခု ယွဲ့ရှင်း(လနှလုံးသား) ကို ပေးလိုက်မိတာ နည်းနည်း နောင်တရနေပြီ။"
"ဒါမှမဟုတ်ရင်... ရှင့်ကို သေအောင် ရိုက်သတ်လိုက်မှာ..."
......
ယန်ရှို့အင်မော်တယ်အရှင်နှင့် ရင်ဖွင့်စကားပြောပြီး နောက်ပိုင်း ရက်အနည်းငယ်အကြာတွင် ထန်ထျန်းက ယန်ရှို့နှင့် မင်ရွှမ်အင်မော်တယ်အရှင်တို့၏ တွေ့ဆုံပွဲကို စီစဉ်ပေးခဲ့သည်။
နေရာကိုမူ ဟင်းလင်းပြင် နယ်မြေထဲတွင်ပင် စီစဉ်ထားခြင်း ဖြစ်သည်။
တွေ့ဆုံပွဲမှာ ထင်ထားသည်ထက် ပို၍ ချောမွေ့သွားခဲ့သည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ကိစ္စများစွာ ဖြတ်သန်းခဲ့ပြီးနောက် လူနှစ်ယောက်စလုံးမှာ အမှန်တကယ် စိတ်ပြေလျော့နေကြပြီ ဖြစ်ရာ စေ့စပ်ညှိနှိုင်းပေးမည့် အခွင့်အရေးတစ်ခုကိုသာ စောင့်နေကြခြင်း ဖြစ်သည်။
ထန်ထျန်းက ထိုအခွင့်အရေး ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ လက်ဆွဲနှုတ်ဆက်ကာ ပြန်လည်သင့်မြတ်သွားကြပြီး ကျန့်ဟွမ်းတောင်၏ ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် နေရာအသစ်တွင် ဖြစ်သည်။
ထိုနေရာအသစ်မှာ ကမ္ဘာသစ်ဖြစ်သော ဟင်းလင်းပြင် နယ်မြေ ပင် ဖြစ်သည်။
ထန်ထျန်းအနေဖြင့် ဤအခြေအနေကို မြင်တွေ့ရသည်မှာ အလွန် ဝမ်းသာလှသည်။ အင်မော်တယ်အရှင် နှစ်ဦးစလုံးမှာ ကျန့်ဟွမ်းတောင်အတွက် သူတို့၏ အရာအားလုံးကို ပေးဆပ်ခဲ့ကြသူများ ဖြစ်ရာ သူတို့၏ နောက်ဆုံးအချိန်များကို လေးလံသော ဖိအားများနှင့် အပြစ်ရှိစိတ်များဖြင့် မကုန်ဆုံးသင့်ပေ။
သူကိုယ်တိုင်က ထိုကဲ့သို့သော လူမျိုးဖြစ်ရန် မရွေးချယ်သော်လည်း ထိုသို့သော လူမျိုးကို အလွန် လေးစားမိသည်။
လက်လှမ်းမီသလောက် ကူညီပေးနိုင်သည်ကို သူ အလွန် ဝမ်းမြောက်မိပါသည်။
ဆက်လက်၍ ထန်ထျန်းက ထျန်းချီတောင်၌ ဆက်လက် ကျင့်ကြံနေခဲ့သည်။
ဟင်းလင်းပြင် နယ်မြေဘက်မှာ လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်ရာ သူ ထပ်မံ ပူပန်နေစရာ မလိုတော့ပေ။
ယခု သူ လိုအပ်သည်မှာ မြင့်မြတ် သားတော် စမ်းသပ်ပွဲ ရောက်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းရန်သာ ဖြစ်သည်။
ခန့်မှန်းခြေ တစ်လခွဲခန့် ကြာပြီးနောက် ယန်ရှို့အင်မော်တယ်အရှင် ထပ်မံ ရောက်ရှိလာပြီး သတင်းတစ်ခုကို ယူဆောင်လာခဲ့သည်။
မြင့်မြတ် သားတော် စမ်းသပ်ပွဲ မတိုင်မီ ပြုလုပ်မည့် ဖန်တီးခြင်း စမ်းသပ်ပွဲအတွက် ရက်သတ်မှတ်ချက် ထွက်လာပြီ ဖြစ်သည်။
ငါးရက်အကြာတွင် စမ်းသပ်ပွဲ ဝင်ရောက်မည့် မြင့်မြတ် သားတော်လောင်းလျာ အားလုံး ထျန်းချီတောင် ထိပ်တွင် စုရပ်ပြုလုပ်ပြီးနောက် စမ်းသပ်ရာ နေရာသို့ ထွက်ခွာကြမည် ဖြစ်သည်။
ထိုနေရာမှာ ရှန်းယွမ်ပင်လယ် ဖြစ်သည်။
"ဒီနေရာက ငါတို့ တိမ်တိုက် ထျန်းဖူနန်းတော်ရဲ့ အလွန် ဆန်းကြယ်ပြီး အစွမ်းထက်လှတဲ့ ဖန်တီးခြင်း နယ်မြေပဲ။"
ယန်ရှို့အင်မော်တယ်အရှင်က ပြောလိုက်သည်။ "ဒီတစ်ခါမှာ အဲဒီနေရာကို ဖန်တီးခြင်း စမ်းသပ်ပွဲအတွက် ရွေးချယ်လိုက်တာဟာ ထျန်းဖူနန်းတော်ရဲ့ သမိုင်းမှာ အလွန် ရှားပါးတဲ့ ကိစ္စပဲ။"
"မင်းအနေနဲ့ ဒီလို ထူးခြားလှတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ထားရမယ်။"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
ရှန်းယွမ်ပင်လယ် ဆိုသည့် နာမည်ကို သူ မကြာသေးမီက သတင်းများ စုံစမ်းစဉ်ကပင် သိရှိထားခဲ့သည်။ ယန်ရှို့အင်မော်တယ်အရှင် ပြောသကဲ့သို့ပင် ထိုနေရာ၌ ပါရမီရှင်များစွာမှာ အလွန် အစွမ်းထက်သော ကံကောင်းခြင်း များကို ရရှိခဲ့ကြပြီး အချို့မှာ အင်မော်တယ်ဧကရာဇ် အဆင့်အထိပင် တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ကြသည်။
သို့သော် ထျန်းဖူနန်းတော်အပေါ် ကြီးမားသော အကျိုးပြုမှု ရှိသူများသာ ထိုနေရာသို့ ဝင်ရောက်ခွင့် ရရှိကြခြင်း ဖြစ်သည်။
ယခု မြင့်မြတ် သားတော်လောင်းလျာ အားလုံး ဝင်ရောက်ခွင့် ရသည်မှာ တကယ်ပင် ပထမဆုံးအကြိမ် ဖြစ်သည်။
ထန်ထျန်း ခန့်မှန်းကြည့်သည်မှာ ရှင်းဟယ်အင်မော်တယ်ဧကရာဇ်က အထူး စီစဉ်ပေးလိုက်ခြင်း ဖြစ်နိုင်ပေသည်။
"အဲဒီ ရှန်းယွမ်ပင်လယ်က အတိအကျ ဘယ်နေရာမှာ ရှိတာလဲ"
ထန်ထျန်းက မေးလိုက်သည်။
ယန်ရှို့အင်မော်တယ်အရှင်က ပြုံးကာ ပြောလိုက်သည်။ "မင်း မြင်ဖူးပါတယ်။"
"နောက်ဆုံးအကြိမ် ရှန်လင် သန့်စင်မှု တုန်းက မင်း အပြည့်အစုံရှိတဲ့ တားမြစ်ရုပ်တုကြီးကို မြင်ခဲ့တယ် မဟုတ်လား။"
"ရှန်လင်သန့်စင်မှု ပြုလုပ်တဲ့နေရာက တားမြစ်ရုပ်တုရဲ့ ညာဘက် လက်ညှိုးအောက်ခြေမှာ ရှိတာ။"
"ရှန်းယွမ်ပင်လယ်ကတော့ တားမြစ်ရုပ်တုရဲ့ ဘယ်ဘက် လက်ဖဝါးအပေါ်မှာ ရှိတယ်"
ထန်ထျန်း ခဏမျှ မှင်တက်သွားပြီးနောက် ပြန်လည် စဉ်းစားမိသွားသည်။
ထိုစဉ်က သူက ထိုကျောပြင်ကြီး၏ ညာဘက်လက်က အောက်သို့ ညွှန်ပြနေပြီး မြေဝါရောင် အလုံးကြီးတစ်လုံးကို ညွှန်ပြနေသည်ကို မြင်ခဲ့ရသည်။
သူ၏ ဘယ်ဘက်လက်မှာမူ အပေါ်သို့ အနည်းငယ် ဖြန့်ထားပြီး တစ်စုံတစ်ယောက်အား ဖိတ်ခေါ်နေသကဲ့သို့ ရှိနေသည်။
ခံစားချက်အရ ချစ်သူ၏ လက်ကို ဆွဲရန် ပြင်နေသကဲ့သို့ပင်။
ထန်ထျန်း ခေါင်းကို ခါယမ်းလိုက်သည်။
ဘယ်သူပဲ ဖြစ်ဖြစ်၊ သူ ကံကောင်း ခြင်းကို ရရှိဖို့အတွက် မထိခိုက်လျှင် ပြီးတာပါပဲ။