အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အခန်း ၁၆ - နဂါးတံခါးကို ခုန်ကျော်သည့် ငါးနှင့် နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၄
နဂါးဘိုးဘေး အနှစ်သာရသွေးကို စတင်သန့်စင်လိုက်သည်နှင့်အမျှ ဂျွန်မော့ရှောင်၏ ဘိုးဘေးနဂါးနတ်ဘုရား အရှိန်အဝါမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
ချီစုစည်းမှုနယ်ပယ် အဆင့် ၆...
ချီစုစည်းမှုနယ်ပယ် အဆင့် ၇...
ချီစုစည်းမှုနယ်ပယ် အဆင့် ၈...
ချီစုစည်းမှုနယ်ပယ် အဆင့် ၁၀...
အနှစ်သာရစုစည်းမှုနယ်ပယ်...
အနှစ်သာရစုစည်းမှုနယ်ပယ် အဆင့် ၁...
အနှစ်သာရစုစည်းမှုနယ်ပယ် အဆင့် ၂...
...
မူလပင်လယ်နယ်ပယ်...
မူလပင်လယ်နယ်ပယ် အဆင့် ၁...
မူလပင်လယ်နယ်ပယ် အဆင့် ၂...
မူလပင်လယ်နယ်ပယ် အဆင့် ၃...
...
နဂါးဘိုးဘေး အနှစ်သာရသွေးကို သန့်စင်နေစဉ်အတွင်း ဂျွန်မော့ရှောင်၏ ကျင့်ကြံမှုနယ်ပယ်မှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
လော့လီသည် သူမ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူမ၏ဂျူနီယာမောင်လေးကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ သူမသည် မိမိကိုယ်ကိုယ်သာ ကြားနိုင်သည့် အသံဖြင့် တိုးညင်းစွာ ရေရွတ်နေမိသည်။
“မောင်လေး... တောင့်ခံထားစမ်းပါ... မူလပင်လယ်နယ်ပယ်ကို တစ်ခါတည်း ကျော်ဖြတ်ပြီး နတ်ဘုရားအာရုံနယ်ပယ်ကို ရောက်အောင် ကြိုးစားစမ်းပါ...”
ရီယွင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဤမောင်နှမနှစ်ဦးကို ပြုံးလျက် ကြည့်နေပြီး သူ၏ရင်ထဲတွင် များစွာ ကျေနပ်ပီတိဖြစ်နေမိသည်။
နဂါးဘိုးဘေး အနှစ်သာရသွေးဖြင့် ဆေးကြောသန့်စင်ပြီးနောက်တွင် သူတို့နှစ်ဦးလုံးမှာ ကူယွဲ့အင်ပါယာ၏ ကျင့်ကြံသူကြီးများ ချက်ချင်း ဖြစ်လာကြပေလိမ့်မည်။ အကယ်၍ မထင်မှတ်ထားသောအရာများ ဖြစ်မလာခဲ့လျှင် ဂျွန်မော့ရှောင်သည် နတ်ဘုရားအာရုံနယ်ပယ်သို့ ဧကန်မုချ ချိုးဖျက်ဝင်ရောက်နိုင်ပေလိမ့်မည်။ နောက်တစ်ဆင့်မှာမူ သူ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်ပေသည်။ အကယ်၍ ကံကောင်းလျှင် သူသည် နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၅ သို့ပင် ရောက်ရှိသွားနိုင်သည်။ ဤသည်မှာ လော့လီထက်ပင် ပိုမိုကြီးမားသော တိုးတက်မှုမျိုး ဖြစ်ပေလိမ့်မည်။ အမှန်အတိုင်း ပြောရလျှင် ဂျွန်မော့ရှောင်၏ ပါရမီမှာ လော့လီထက် သာလွန်နေခြင်းမျိုး မဟုတ်ပေ။ ရီယွင်သည် သူတို့နှစ်ဦးလုံး၏ ပါရမီကို အကဲဖြတ်ကြည့်ဖူးပြီးသား ဖြစ်သည်။ သူတို့မှာ တန်းတူပင် ဖြစ်သော်လည်း လော့လီမှာ အသိဉာဏ်ပိုင်းတွင် ပိုမိုရင့်ကျက်ကာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုချောမွေ့လှသဖြင့် အတွေ့အကြုံမရှိသော ဂျွန်မော့ရှောင်ထက် များစွာ သာလွန်လှပေသည်။
...
ဂျွန်မော့ရှောင်သည် မျက်လုံးများကို မှိတ်ကာ ထိုင်နေပြီး သူ၏မျက်နှာမှာ နီမြန်းနေကာ ပြင်းထန်စွာ အသက်ရှူနေမိသည်။ သူ၏နှာခေါင်းပေါက်များအတွင်းမှ သွေးနီရောင်အလင်းတန်း နှစ်တန်းမှာ အဆက်မပြတ် ဝင်ထွက်နေသည်။
သူ၏ နဂါးနတ်ဘုရား အရှိန်အဝါမှာလည်း လျင်မြန်စွာ မြင့်တက်နေဆဲ ဖြစ်သည်။
မူလပင်လယ်နယ်ပယ် အဆင့် ၈။
မူလပင်လယ်နယ်ပယ် အဆင့် ၉။
မူလပင်လယ်နယ်ပယ် အဆင့် ၁၀။
...
“ဘုန်း...”
ဂျွန်မော့ရှောင်၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် အနည်းငယ် တုန်ရင်သွားခဲ့ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ မထင်မှတ်ဘဲ နတ်ဘုရားအာရုံနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။
“ကောင်းတယ်... ငါတို့မောင်လေးက နတ်ဘုရားအာရုံနယ်ပယ်ကို ပထမဆုံး ရောက်သွားတဲ့သူပဲ... ဒါက ငါတို့ နဂါးနတ်ဘုရားဂိုဏ်းအတွက် တကယ့်ကို ဝမ်းမြောက်စရာ ကိစ္စပဲ...”
လော့လီသည် အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း ကျယ်လောင်စွာ အော်ဟစ်ရန် မဝံ့သဖြင့် သူမ၏လက်သီးများကိုသာ ဆက်တိုက် ဆုပ်ထားမိသည်။
ဂျွန်မော့ရှောင်၏ ဘိုးဘေးနဂါးနတ်ဘုရား အရှိန်အဝါမှာ လျင်မြန်စွာ မြင့်တက်နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၄ ၌ ရပ်တန့်သွားခဲ့သည်။
၎င်းမှာ ရီယွင် ခန့်မှန်းထားသည်ထက် အဆင့်ငယ်တစ်ခုမျှသာ နိမ့်ကျနေခြင်း ဖြစ်သည်။
ရီယွင်မှာ များစွာ ကျေနပ်သွားမိသည်။
ထိုအခိုက်အတန့်တွင် ဂျွန်မော့ရှောင်သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏မျက်လုံးများမှာ တောက်ပသော အလင်းတန်းများဖြင့် ဝင်းလက်နေပြီး သူ၏ ဘိုးဘေးနဂါးနတ်ဘုရား အရှိန်အဝါမှာလည်း ပြင်းထန်လှရာ လူသားတို့အား အလွန်အမင်း စွမ်းအားကြီးမားသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
သူသည် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး ရီယွင်ကို ရိုသေစွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးတိုက်လိုက်သည်။
“ဘိုးဘေးကြီးရဲ့ ကျေးဇူးတရားတွေအတွက် အများကြီးကျေးဇူး တင်ပါတယ်...”
“ထပါဦး...”
ရီယွင်က အသာအယာ ပြုံးလိုက်သည်။ စွမ်းအားအလျဉ်တစ်ခုမှာ တိုးထွက်သွားပြီး ဂျွန်မော့ရှောင်ကို ထူပေးလိုက်သည်။
“မောင်လေး... မင်းရဲ့ ဆင်းရဲဒုက္ခတွေကတော့ နောက်ဆုံးမှာ ပြီးဆုံးသွားပြီပဲ... အခုဆိုရင် မင်းက နတ်ဘုရားအာရုံနယ်ပယ်က သန်မာသူတစ်ယောက် ဖြစ်လာပြီ...”
လော့လီသည် ဝမ်းမြောက်စွာ လှမ်းလာခဲ့ပြီး ဂျွန်မော့ရှောင်၏ ပုခုံးကို ပုတ်ကာ ဂိုဏ်းချုပ်တစ်ဦးနှင့် လျော်ညီသော အမူအရာမျိုးကို ပြသလိုက်သည်။
ဂျွန်မော့ရှောင်က ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။
“မမ... ဒါတွေအားလုံးက ဘိုးဘေးကြီးရဲ့ အကူအညီကြောင့်ပါ...”
“ဟုတ်တာပေါ့...”
လော့လီမှာ များစွာ စိတ်လှုပ်ရှားသွားမိသည်။ သူမသည် ရီယွင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏အကြည့်များတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။
ရီယွင်ကမူ မမြင်ချင်ယောင်ဆောင်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
“ဂျွန်မော့ရှောင်... မင်းရဲ့ နဂါးနတ်ဘုရား ဓားသိုင်းကျင့်စဉ် စွမ်းရည်တွေက ဘယ်လိုလဲ...”
ဘိုးဘေးကြီးက ဤသို့မေးသည်ကို ကြားလိုက်ရသဖြင့် ဂျွန်မော့ရှောင်၏ ငယ်ရွယ်သော မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားခဲ့သည်။
“ဘိုးဘေးကြီးကို တင်ပြပါရစေ... နဂါးနတ်ဘုရား ဓားသိုင်းကျင့်စဉ်ကို... ကျွန်တော် သိပ်ပြီး ကောင်းကောင်း မသင်ယူထားရသေးပါဘူး...”
“ဒါဆို မင်းတို့ အားလုံးက နဂါးနတ်ဘုရား အသွင်ကိုးပါး ပုံရိပ်ယောင်နဂါးခြေလှမ်းသိုင်းကိုပဲ အမြင့်ဆုံးအဆင့်အထိ တတ်မြောက်ထားကြတာလား...”
ရီယွင်က ရယ်မောလိုက်သည်။
ဂျွန်မော့ရှောင်က ခေါင်းညိတ်လိုက်ပြီး မျက်နှာမှာ နီမြန်းနေဆဲ ဖြစ်သည်။
သူတို့ မောင်နှမ သုံးဦးလုံးမှာ နဂါးနတ်ဘုရား အသွင်ကိုးပါး ပုံရိပ်ယောင်နဂါးခြေလှမ်းသိုင်းကို ချီစုစည်းမှုနယ်ပယ်၏ အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ထားခဲ့ကြခြင်း ဖြစ်သည်။
မဟုတ်လျှင် ထို အနှစ်သာရစုစည်းမှုနယ်ပယ်နှင့် မူလပင်လယ်နယ်ပယ်မှ လူများ၏လက်ထဲမှ သူတို့ လွတ်မြောက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
“မင်းတို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်တော်လေး ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပုံပဲ...”
ရီယွင်က သက်ပြင်းချလိုက်ပြီး ဂျွန်မော့ရှောင်၏ ပုခုံးကို ပုတ်လိုက်သည်။
သူက လက်ကောက်ဝတ်ကို အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် တန်ဖိုးကြီးလှသော ဓားတစ်စင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။
“ဒီဓားကို မင်းယူလိုက်...”
လော့လီသည် ထိုဓား၏ ဘိုးဘေးနဂါးနတ်ဘုရား အရှိန်အဝါကို ခံစားမိသွားပြီး စိတ်လှုပ်ရှားစွာ ချက်ချင်း ပြောလိုက်သည်။
“မောင်လေး... အမြန်ပဲ ဘိုးဘေးကြီးကို ကျေးဇူးတင်လိုက်စမ်း... ဒါက ဧကရာဇ်အဆင့် နတ်ဘုရားဓားတစ်စင်းပဲ...”
“ဘာ... ဧကရာဇ်အဆင့် နတ်ဘုရားဓား ဟုတ်လား...”
ဂျွန်မော့ရှောင်မှာ ထိုနေရာတွင်ပင် မှင်တက်မိသွားရသည်။
သူသည် ထိုဓား၏ ဘိုးဘေးနဂါးနတ်ဘုရား အရှိန်အဝါကို အမြန်ပင် အာရုံခံကြည့်လိုက်သည်။ သူ၏ပါးစပ်မှာ ဟသွားခဲ့ပြီး မျက်လုံးများမှာ ပြူးထွက်သွားကာ ထိုနေရာတွင်ပင် ရုပ်တုတစ်ခုအလား တောင့်ခဲသွားခဲ့သည်။
“ဧကရာဇ်အဆင့် နတ်ဘုရားဓား... ဘိုးဘေးကြီးက ဒီလောက်အထိ အဆင့်မြင့်တဲ့လက်နက်ကို ဘယ်လိုဖြစ်ပြီး ပိုင်ဆိုင်ထားတာလဲ...”
ထိုအခိုက်အတန့်တွင် လော့လီသည် သူမ၏ အနှိုင်းမဲ့ရွှေနဂါးဓားကို မြှောက်ပြလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“မောင်လေး... ကြည့်စမ်း... ဘိုးဘေးကြီးက ငါ့ကိုလည်း တစ်စင်း ပေးထားတာ... အဲ့ဒါက နင့်ဓားထက်တောင် ပိုကောင်းသေးတယ်...”
ဂျွန်မော့ရှောင်က လော့လီ၏ဓားကို အာရုံခံကြည့်လိုက်ပြီး နှုတ်ခမ်းကို မဲ့လိုက်ကာ ပြောလိုက်သည်။
“အဲ့ဒါက ကျွန်တော့်ဓားလောက် မကောင်းပါဘူး... မမရဲ့ဓားက ကောင်းကင်အဆင့်ပဲ ရှိတာပါ...”
လော့လီသည် အနည်းငယ် စိတ်တိုသွားပြီး နှုတ်ခမ်းကို ဆူကာ ပြောလိုက်သည်။
“အဲ့ဒါက မလိုအပ်တဲ့ နားလည်မှုလွဲတာတွေ မဖြစ်အောင်လို့ ဘိုးဘေးကြီးကို ငါ့ဓားကို ချိပ်ပိတ်ခိုင်းထားလို့လေ... ငါ့ရဲ့ ကျင့်ကြံမှု တိုးတက်လာတာနဲ့အမျှ ဒီဓားပေါ်က ချိပ်တံဆိပ်တွေက ဖြည်းဖြည်းချင်း ပွင့်လာမှာ... ဒါနဲ့ နင်လည်း နင့်ရဲ့ဓားကို ငါ့လိုပဲ ချိပ်ပိတ်ပေးဖို့ ဘိုးဘေးကြီးကို တောင်းဆိုလိုက်ပါလား... မကောင်းဘူးလား...”
လော့လီ၏စကားကို ကြားပြီးနောက် ဂျွန်မော့ရှောင်မှာ များစွာ သဘောတူသွားမိပြီး ရီယွင်ကို အမြန်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ဘိုးဘေးကြီး... ကျွန်တော့်အတွက်လည်း ဒီဓားကို ချိပ်ပိတ်ပေးပါဦး...”
“မင်းလည်း သိုသိုသိပ်သိပ် နေရတာကို ကြိုက်တာလား...”
ရီယွင်က ပြုံးလျက် မေးလိုက်သည်။
“ဘိုးဘေးကြီး... ကျွန်တော်တို့က ငယ်ငယ်ကတည်းက ဆရာ့နောက်ကို လိုက်ပြီး ထွက်ပြေးနေခဲ့ရတာဆိုတော့ သိုသိုသိပ်သိပ် နေရတာကို ကျင့်သားရနေပါပြီ... ဒါကြောင့် ဒီဓားက ပုံမှန်အတိုင်း ဖြစ်နေတာက ပိုကောင်းပါလိမ့်မယ်...”
ဂျွန်မော့ရှောင်က မျက်နှာလေး နီမြန်းလျက် ပြောလိုက်သည်။
“ကောင်းပြီလေ...”
ရီယွင် ခေါင်းညိတ်လိုက်သည်။
သူသည် ဤမောင်နှမနှစ်ဦး၏ စိတ်အခြေအနေကို နားလည်နိုင်ပေသည်။
သူတို့နှစ်ဦးလုံးမှာ လူသိမများအောင် နေထိုင်ခြင်းက သူတို့ကို ပိုပြီး အသက်ရှည်ရှည် နေနိုင်စေလိမ့်မည်ဟု ယုံကြည်နေကြသော ထွက်ပြေးတိမ်းရှောင်နေရသူများ ဖြစ်ကြသည်။
ရီယွင်က လက်ချောင်းဖြင့် ဓားကို အသာအယာ တောက်လိုက်ရာ ၎င်း၏ အရည်အသွေးမှာ ကောင်းကင်အဆင့်သို့ ချက်ချင်း ကျဆင်းသွားခဲ့သည်။
“ဒါနဲ့ ဘိုးဘေးကြီး... မောင်လေးရဲ့ဓားနာမည်က ဘယ်လိုခေါ်လဲ...”
လော့လီက ဘေးမှနေ၍ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
“ဒီဓားကို မူလစကြဝဠာအကန့်အသတ်မဲ့ဓား လို့ ခေါ်တယ်”
ရီယွင်က တိုးညင်းစွာ ပြောလိုက်သည်။
“နာမည်က ကောင်းလိုက်တာ... နာမည်တစ်ခုတည်းနဲ့တင် တကယ်ကို ခန့်ညားလှတာပဲ... ဟားဟား... ဒါပေမဲ့ မောင်လေး... နင့်ရဲ့လက်နက်က ငါ့ထက်တော့ တစ်ဆင့် နိမ့်နေသေးတယ်နော်...”
လော့လီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မမ... ဧကရာဇ်အဆင့်ဆိုတာတောင် တကယ်ကို ကောင်းလှပါပြီ... နတ်ဘုရားအဆင့်ဆိုတာကတော့ ကျွန်တော် အိပ်မက်တောင် မမက်ဖူးဘူး... နောက်ပြီး မမက ကျွန်တော်တို့ နဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ပဲလေ... ကျွန်တော့်ဓားက မမရဲ့ဓားထက် နည်းနည်း နိမ့်နေတာက ပုံမှန်ပါပဲ...”
ဂျွန်မော့ရှောင်က ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။
သူသည် မူလစကြဝဠာအကန့်အသတ်မဲ့ဓားကို မြတ်မြတ်နိုးနိုးဖြင့် ပွတ်သပ်နေမိပြီး သူ၏ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေမိသည်။
တစ်ချိန်က ချီစုစည်းမှုနယ်ပယ်မှ ကျင့်ကြံသူလေး ဖြစ်ခဲ့စဉ်က သူသည် ဧကရာဇ်အဆင့် ရတနာဓားတစ်စင်းကို ပိုင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။ ယခုအခါ သူ၏ ဆန္ဒများ ပြည့်ဝသွားခဲ့ပြီ ဖြစ်ရာ သူသည် အိပ်မက်ထဲမှာတောင် အားရပါးရ ရယ်မောမိတော့မည် ဖြစ်သည်။
အရာအားလုံးက အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ တစ္ဆေတစ်သောင်းတောင်တန်းရှိ ကောင်းကင်မီးအိမ် ပူဇော်မှုတွင် ဒုက္ခခံခဲ့ရပြီးနောက် ဘိုးဘေးကြီးနှင့် တွေ့ဆုံခဲ့ရရာ သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၄ သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ဧကရာဇ်အဆင့်ရှိသော မူလစကြဝဠာအကန့်အသတ်မဲ့ဓားကိုလည်း ရရှိခဲ့သည်။ ဤအရာအားလုံးက အိပ်မက်တစ်ခုလိုပင် ခံစားနေရသည်။
“ကောင်လေး...”
ရီယွင်က ဘေးမှနေ၍ ရယ်မောလိုက်ပြီးနောက် အနက်ရောင်ဝတ်စုံတစ်ခုကို ထုတ်ကာ ဂျွန်မော့ရှောင်ထံသို့ ပစ်ပေးလိုက်သည်။
“မင်းရဲ့အဝတ်အစားတွေက ပျက်စီးနေပြီပဲ... ဒါလေးကိုပဲ လဲဝတ်လိုက်ပေရော့...”
ဂျွန်မော့ရှောင်သည် အနက်ရောင်ဝတ်စုံကို လှမ်းယူလိုက်သည်။ ထိုဝတ်စုံပေါ်ရှိ ဘိုးဘေးနဂါးနတ်ဘုရား အရှိန်အဝါကို သူ အာရုံခံမိလိုက်သောအခါ သူ၏ရင်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး ဝတ်စုံပင် လွတ်ကျမိလုနီးပါး ဖြစ်သွားခဲ့သည်။
၎င်းမှာ ဧကရာဇ်အဆင့်ဝတ်စုံ ဖြစ်ပေသည်။ ဘိုးဘေးကြီး၏ စုဆောင်းမှုများမှာ ဘယ်လောက်တောင် များပြားလှသနည်း။ ဧကရာဇ်အဆင့် လက်နက်တစ်ခုကို ပေါ့ပေါ့ပါးပါး ပေးအပ်ခဲ့သည့်အပြင် ယခုလည်း ဧကရာဇ်အဆင့်ဝတ်စုံကိုပါ ထပ်မံ ပေးအပ်လိုက်ပြန်ပြီ။ ဂျွန်မော့ရှောင်အတွက်တော့ တကယ်ကို ထိတ်လန့်စရာပင်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက နဂါးနတ်ဘုရားဂိုဏ်းက ဒီလောက်အထိ တကယ်ကြီး အစွမ်းထက်ခဲ့တာလား။ နဂါးနတ်ဘုရားဂိုဏ်းက အဲ့ဒီအချိန်တုန်းက တာအိုနယ်ပယ်အဆင့်ရှိတဲ့ ထိပ်သီးဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့ရင်တောင်မှ နတ်ဘုရားအဆင့်နဲ့ ဧကရာဇ်အဆင့် လက်နက်တွေကိုတော့ မပိုင်ဆိုင်ထားသင့်ဘူး မဟုတ်လား...။
ဂျွန်မော့ရှောင် ဝေခွဲမရ ဖြစ်နေသော်လည်း သူ၏သံသယများကိုမူ စိတ်ထဲမှာသာ ထားလိုက်သည်။
လော့လီက ကျောပေးကာ တစ်ဖက်သို့ လှည့်လိုက်သည်။
ဂျွန်မော့ရှောင်သည် သူ၏ စုတ်ပြတ်နေသော အဝတ်အစားများကို ဖယ်ရှားလိုက်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။
ဂျွန်မော့ရှောင်၏ နုနယ်နေဆဲဖြစ်သော မျက်နှာလေးကို ကြည့်ရင်း ရီယွင်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး တိုးညင်းစွာ မေးလိုက်သည်။
“ဂျွန်မော့ရှောင်... မင်းကို အဲ့ဒီ မျက်နှာဖုံးစွပ်ထားတဲ့လူက တစ္ဆေတစ်သောင်းတောင်တန်းဆီ ခေါ်သွားတုန်းက သူ့ဆီမှာ ထူးခြားတဲ့ အမူအရာမျိုး တစ်ခုခု သတိထားမိတာမျိုး ရှိလား”
ဘိုးဘေးကြီး၏ မေးခွန်းကို ကြားလိုက်ရသဖြင့် ဂျွန်မော့ရှောင်သည် ထိုဖြစ်ရပ်တစ်ခုလုံးကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဘိုးဘေးကြီး... အဲ့ဒီလူက အရမ်းကို သတိကြီးပြီး တစ်လမ်းလုံးနီးပါး ဘာစကားမှ မပြောခဲ့ပါဘူး ဘိုးဘေးကြီး... ဒါပေမဲ့ တစ်ခါတုန်းက ကျွန်တော် အပေါ့သွားဖို့ အပြင်ထွက်လိုက်တဲ့အချိန်မှာ အဲ့ဒီ ရထားလုံးမောင်းသူရဲ့ အဝတ်အစားအောက်မှာ ဝှိုက်ယွမ်ဓားဂိုဏ်းရဲ့ အမှတ်အသားကို မတော်တဆ မြင်လိုက်ရပါတယ်... အဲ့ဒါက ဝှိုက်ယွမ်ဓားဂိုဏ်းနဲ့ တစ်ခုခု ပတ်သက်နေမလားတော့ ကျွန်တော် မသေချာပါဘူး”
“ဝှိုက်ယွမ်ဓားဂိုဏ်း ဟုတ်လား...”
ရီယွင်က လော့လီကို ကြည့်လိုက်သည်။
အခန်း ၁၆ ပြီးပါပြီ။
အခန်း ၁၇ - အနောက်ဘက်သို့ ဦးတည်ခြင်းနှင့် တိမ်လွှာများကြားမှ ဓားသွား
ဘိုးဘေးကြီးက မေးမြန်းလိုက်သည်နှင့် လော့လီက အမြန်ပင် ရှင်းပြလိုက်သည်။
“ဘိုးဘေးကြီး... ဝှိုက်ယွမ်ဓားဂိုဏ်းက ကူယွဲ့အင်ပါယာရဲ့ ထိပ်သီးအင်အားကြီးဆယ်ဂိုဏ်းထဲက တစ်ခုပါ... အနောက်ဘက်က ဝှိုက်ယွမ်တောင်ပေါ်မှာ တည်ရှိပြီး တစ္ဆေတစ်သောင်းတောင်တန်းနဲ့ မိုင်ပေါင်းတစ်သောင်းလောက် ဝေးပါတယ်...”
“ကောင်းပြီ... ဒါဆိုရင် ငါတို့ ဝှိုက်ယွမ်ဓားဂိုဏ်းဆီကို သွားလည်ကြတာပေါ့...”
ရီယွင်သည် သူ၏မျက်ခုံးကို အသာအယာထိရင်း ပြုံးလိုက်သည်။ ထို့နောက် သူ၏လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရာ အနက်ရောင်ရထားလုံးတစ်စီး ထွက်ပေါ်လာခဲ့သည်။
ထို အနက်ရောင်ရထားလုံး ပေါ်ထွက်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
“ဖြောက်... ဖြောက်...”
ရထားလုံး၏ တည်ရှိမှုကို ဟင်းလင်းပြင်ကပင် တောင့်ခံနိုင်စွမ်းမရှိတော့သကဲ့သို့ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များမှာ ဖိသိပ်ခံလိုက်ရပြီး လှိုင်းတွန့်လွှာများ ဖြစ်ပေါ်လာခဲ့သည်။
“ပြန် ရုပ်သိမ်းစမ်း...”
ရီယွင်၏ လက်ညှိုးကို အသာအယာ တောက်လိုက်ရုံမျှဖြင့် ထိုကြီးစိုးနေသော အရှိန်အဝါမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
“ဘုရားရေ... ဒါက တကယ့်ကို နတ်ဘုရားအဆင့် ရထားလုံးကြီးပဲ...”
ထိုအခိုက်အတန့်တွင် လော့လီသည် အနက်ရောင်ရထားလုံး၏ အဆင့်အတန်းကို ထက်မြက်စွာ အာရုံခံမိသွားခဲ့သည်။ သူမသည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ဂျွန်မော့ရှောင်သည်လည်း ထိုနည်းတူပင် ခံစားလိုက်ရသည်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးထဲတွင် တုန်လှုပ်မှုများမှာ အထင်အသား ပေါ်လွင်နေသည်။
ဂျွန်မော့ရှောင်သည် ဘိုးဘေးကြီးအပေါ် ပိုမို၍ပင် သိချင်စိတ် ပြင်းပြလာခဲ့သည်။ နတ်ဘုရားအဆင့် ယာဉ်တစ်စီးကို ပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်သည်ဆိုလျှင် ဘိုးဘေးကြီး၏ စုဆောင်းမှုများမှာ မည်မျှပင် နက်နဲလိုက်မည်နည်း။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းခန့်က နဂါးနတ်ဘုရားဂိုဏ်းသည် ချန်းနန်ကုန်းမြေကြီးပေါ်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်ပြီး တာအိုနယ်ပယ်အထိ ရောက်ရှိခဲ့သည်ဆိုသည်မှာ တကယ့်ကို ပုံကြီးချဲ့ပြောခြင်း မဟုတ်နိုင်ပေ။
အနက်ရောင်ရထားလုံး ပေါ်ထွက်လာပြီးနောက်တွင် မြင်းများမှာမူ ပါမလာခဲ့ပေ။ ရီယွင်က သူ၏လက်ကို နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်ပြန်ရာ မြင့်မားသော မြင်းနက်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ထိုမြင်းကြီးသည် နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ဦးခေါင်းပေါ်တွင် ဦးချိုတစ်ခုတည်း ရှိကာ အလွန်အမင်း ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ လော့လီနှင့် ဂျွန်မော့ရှောင်တို့သည် မြင်းနက်ကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရပြီး ကိုယ်ကိုပင် မထိန်းနိုင်ဘဲ တုန်ရင်သွားခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် သူတို့၏ဘေးနားသို့ ကြီးမားလှသော ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင် ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ရပြီး သေမင်း၏ ခြိမ်းခြောက်မှုကိုပါ ခံစားနေရသည်။
“ဘုရားရေ... ဒီမြင်းနက်ကြီးက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ သားရဲကြီးလဲ...”
ရီယွင်သည် အနားသို့ လျှောက်သွားပြီး မြင်းနက်ကြီး၏ ဦးခေါင်းကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။
“မြင်းကလေး... မင်းက ဒီလိုပုံစံမျိုးနဲ့ဆိုရင် လူတွေကို ကြောက်လန့်အောင် လုပ်သလို ဖြစ်နေလိမ့်မယ်... ပုံမှန်အတိုင်းပဲ နေတာက ပိုကောင်းပါတယ်...”
“ဟီး...”
မြင်းနက်ကြီးသည် သူ၏ဦးခေါင်းကို ရုတ်တရက် မြှောက်လိုက်ပြီး ရှည်လျားစွာ ဟီလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရင်သွားခဲ့ပြီး ဖုံးလွှမ်းထားသော နဂါးအကြေးခွံများမှာ ပျောက်ကွယ်သွားခဲ့သည်။ ဦးခေါင်းပေါ်ရှိ တစ်ခုတည်းသောဦးချိုမှာလည်း ပျောက်ကွယ်သွားခဲ့ပြီး ကြောက်မက်ဖွယ် ဖိအားများမှာလည်း မရှိတော့ပေ။ သူသည် သာမန်မြင်းနက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“သိပ်ကောင်းတယ်...”
ရီယွင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“သခင်... စိတ်ချပါ... ကျွန်တော် ဒီကလေးတွေကို မခြောက်လှန့်တော့ပါဘူး...”
မြင်းနက်ကြီးသည် ရုတ်တရက်ဆိုသလို ဖြူဖွေးသော သွားတန်းများကို ပေါ်အောင်ပြုံးလိုက်ပြီး လူသားစကားဖြင့် ပြောလိုက်သည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့...”
ရီယွင်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် မှင်တက်မိနေကြသော စီနီယာအစ်မနှင့် ဂျူနီယာမောင်လေးတို့ဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။
“ဘာတွေ စောင့်နေကြတာလဲ... ရထားပေါ် တက်ကြစို့...”
ပြောပြီးသည်နှင့် ရီယွင်သည် ရထားပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ရထားခန်းအတွင်းသို့ ဝင်သွားခဲ့သည်။ ဂျွန်မော့ရှောင်နှင့် လော့လီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချက်ချင်းပင် သတိပြန်ဝင်လာခဲ့ကြသည်။ သူတို့သည် ရထားလုံးပေါ်သို့ အပြေးအလွှား ခုန်တက်လိုက်ကြပြီး မြင်းမောင်းသူများအလား ရထားလုံး၏ အရှေ့ဘက် ဘယ်ညာတွင် ထိုင်လိုက်ကြသည်။
“ဘိုးဘေးကြီး... ကျွန်တော် ဘိုးဘေးကြီးအတွက် ရထားမောင်းပေးပါရစေ...”
ဂျွန်မော့ရှောင်သည် ဇက်ကြိုးကို တုန်တုန်ရင်ရင်ဖြင့် လှမ်းယူလိုက်ပြီး သတိထားကာ မေးလိုက်သည်။
“ပြဿနာမရှိပါဘူး...”
ရီယွင်၏အသံမှာ ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဂျွန်မော့ရှောင်သည် ဇက်ကြိုးကို အသာအယာ ဆွဲလိုက်သည်။ မြင်းနက်ကြီးက သူ့အား ပြုံးနေသကဲ့သို့ နှုတ်ခမ်းကို မဲ့ကာ လှည့်ကြည့်လိုက်သည်။
“သွားကြစို့...”
ဂျွန်မော့ရှောင်က သူ၏အသံမှာ အနည်းငယ် တုန်ရင်နေဆဲဖြစ်သော်လည်း ပြောလိုက်သည်။ မြင်းနက်ကြီးသည် ကဆုန်ပစ်ကာ စတင်ထွက်ခွာခဲ့ပြီး ခဏချင်းမှာပင် တစ္ဆေတစ်သောင်းတောင်တန်းကို နောက်တွင် ချန်ထားရစ်ခဲ့သည်။ သူ၏ လှုပ်ရှားမှုများမှာ မမြန်လှသော်လည်း ခြေတစ်လှမ်းချင်းစီတိုင်းမှာ ပေပေါင်းများစွာကို ကျော်လွန်နေသကဲ့သို့ ရှိရာ သူ၏အရှိန်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။
သူတို့ တစ္ဆေတစ်သောင်းတောင်တန်းမှ ထွက်ခွာပြီးနောက်တွင် ရထားလုံးအတွင်းမှ ရီယွင်၏အသံ ထွက်ပေါ်လာခဲ့သည်။
“မင်းတို့ မောင်နှမနှစ်ယောက်က ငါတို့ဂိုဏ်းရဲ့ သိုင်းပညာတွေကို သိပ်ပြီး ကျွမ်းကျွမ်းကျင်ကျင် မရှိကြသေးဘူး... ဒါကြောင့် ငါတို့ ရထားလုံးနဲ့ သွားကြမယ်... ဒီလိုမျိုး သွားခြင်းအားဖြင့် လမ်းမှာ မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို ပိုပြီး ပြန်လည်ရရှိလာနိုင်လိမ့်မယ်... ငါတို့ ဝှိုက်ယွမ်ဓားဂိုဏ်းကို ရောက်တဲ့အခါကျရင်တော့ မင်းတို့နှစ်ယောက်ပဲ လှုပ်ရှားကြရမှာ ဖြစ်တယ်...”
“စိတ်ချပါ ဘိုးဘေးကြီး... ကျွန်တော်တို့ သေချာပေါက် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်...”
ဂျွန်မော့ရှောင်နှင့် လော့လီတို့သည် အမြန်ပင် ခေါင်းညိတ်လိုက်ကြသည်။
ထိုအခါမှသာ ထိုနှစ်ဦးမှာ ဘိုးဘေးကြီး၏ စဉ်းစားပေးတတ်သော စေတနာကို နားလည်သွားကြသည်။ သူသည် လမ်းခရီးတစ်လျှောက်တွင် နဂါးနတ်ဘုရားဂိုဏ်း၏ အထွတ်အထိပ် စွမ်းရည်များကို သူတို့အား လမ်းညွှန်ပြသပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ နောက်ဆုံးတော့ သူတို့၏ ကျွမ်းကျင်မှုမှာ အပေါ်ယံမျှသာ ရှိနေသေးသည် မဟုတ်ပါလား။ နဂါးနတ်ဘုရား အသွင်ကိုးပါး ပုံရိပ်ယောင်နဂါးခြေလှမ်းသိုင်းနှင့် ဆိုလျှင်တော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိနေကြသော်လည်း ဘိုးဘေးကြီး၏ ထက်မြက်သော အမြင်တွင်မူ များစွာ လိုအပ်နေသေးသည်မှာ အမှန်ပင် ဖြစ်သည်။
ရထားဘီးများမှာ တကျွီကျွီမြည်ဟည်းနေပြီး အနက်ရောင်ရထားလုံးမှာ ဖြည်းဖြည်းချင်း စတင်ရွေ့လျားလာခဲ့သည်။ နှေးကွေးသည်ဟု ထင်ရသော်လည်း ၎င်းမှာ မိုးကုပ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး အနောက်ဘက်ရှိ ဝှိုက်ယွမ်ဓားဂိုဏ်းဆီသို့ ဦးတည်သွားခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက်...
ကျင့်ကြံသူများသည် တစ္ဆေတစ်သောင်းတောင်တန်းသို့ ရောက်ရှိလာကြသည်။ ကြီးမားသော ပြောင်းလဲမှုများကို တွေ့ရှိလိုက်ရသောအခါ သူတို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသဖြင့် ခေါင်းကို လက်ဖြင့်အုပ်ကာ သူတို့၏မျက်နှာများမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
အားလုံးက တစ္ဆေတစ်ကောင်မှ မတွေ့ရတော့ပေ။ တစ္ဆေတစ်သောင်းတောင်တန်းတစ်ခုလုံးမှာ လုံးဝ ဆိတ်သုဉ်းနေခဲ့ပြီး လူသားကျင့်ကြံသူတစ်ဦးမျှပင် ရှိမနေခဲ့ပေ။
“ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ...”
ထိုစဉ်မှာပင် လူများ ထပ်မံရောက်ရှိလာခဲ့ကြသည်။ သူတို့အထဲတွင် သွေးဝတ်ရုံဂိုဏ်းမှ တပည့်တစ်ဦးလည်း ပါဝင်သည်။ တစ္ဆေတစ်သောင်းတောင်တန်းသို့ ရောက်ရှိလာသောအခါ သူသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ပြီး မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ... ဒုတိယဂိုဏ်းချုပ်က ဂိုဏ်းကို ခုထိ ပြန်မလာသေးဘူးလား...”
မကြာမီမှာပင် ကျင့်ကြံသူများ ပိုမိုရောက်ရှိလာခဲ့ကြသည်။ အရင်ရောက်ရှိနေခဲ့သော သူတို့၏ ဂိုဏ်းသားများအားလုံးမှာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူတို့အားလုံးမှာ ထိတ်လန့်သွားကြသည်။
ဤနေရတွင် ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း။ ဆိုးယုတ်လှသော ဝိညာဉ်များ ပျောက်ကွယ်သွားခဲ့သည့်အပြင် အင်အားကြီးဂိုဏ်းများမှ တပည့်များမှာလည်း မရှိတော့ပေ။ သူတို့အားလုံးမှာ လေထဲတွင် အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်နေကြသည်။ ခဏတာ ဆွေးနွေးကြည့်ကြသော်လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့သဖြင့် သူတို့အားလုံးမှာ သူတို့၏ သက်ဆိုင်ရာဂိုဏ်းများသို့ ပြန်လည်သတင်းပို့ရန် ထွက်ခွာသွားခဲ့ကြသည်။
တစ္ဆေတစ်သောင်းတောင်တန်းတွင် ဖြစ်ပျက်ခဲ့သော ဤ ထိတ်လန့်ဖွယ် သတင်းမှာ ကူယွဲ့အင်ပါယာတစ်ခုလုံးသို့ တောမီးအလား ပျံ့နှံ့သွားခဲ့ပြီး အနီးနားရှိ ဒေသများသို့ပင် ရောက်ရှိသွားခဲ့သည်။ လူတိုင်းမှာ တစ္ဆေတစ်သောင်းတောင်တန်းမှ ကြီးမားသော အပြောင်းအလဲအကြောင်းကို အဆုံးမရှိ ငြင်းခုန်ဆွေးနွေးနေကြသည်။ အမျိုးမျိုးသော ထင်မြင်ချက်များမှာ ပျံ့နှံ့နေပြီး အငြင်းပွားမှုများ ရှိနေသော်လည်း နောက်ဆုံးတွင် မည်သူမျှ ယုတ္တိတန်သော ရှင်းပြချက်ကို မတွေ့ရှိခဲ့ကြပေ။
တစ္ဆေတစ်သောင်းတောင်တန်း ဖြစ်ရပ်မှာ မဖြေရှင်းနိုင်သော ပဟေဠိတစ်ခု ဖြစ်လာခဲ့သည်။ ကျင့်ကြံသူ အများအပြားမှာ အားလပ်သည့် အချိန်များတွင် အရက်သောက်ရင်း ဤဖြစ်ရပ်အကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးရသည်ကို နှစ်သက်လာကြသည်။
ကူယွဲ့အင်ပါယာတစ်ခုလုံး ဤပဟေဠိအကြောင်းဖြင့် ဆူညံနေချိန်မှာပင်...
လဝက်ခန့် ကြာပြီးနောက်တွင် အနက်ရောင်ရထားလုံးမှာ ဝှိုက်ယွမ်တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။
“ဘိုးဘေးကြီး... ဒါက ဝှိုက်ယွမ်တောင်ပါပဲ...”
ဂျွန်မော့ရှောင်က ရိုသေစွာ ပြောလိုက်သည်။
“ကောင်းပြီ... မရပ်နဲ့ဦး... အပေါ်ကို ဆက်သွားစမ်း... တကယ်လို့ တစ်ယောက်ယောက်က လာတားမယ်ဆိုရင် ဓားတစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်စမ်း...”
ရီယွင်၏အသံမှာ ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“နားလည်ပါပြီ ဘိုးဘေးကြီး...”
ဂျွန်မော့ရှောင်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွားခဲ့ပြီး သူ၏ မူလစကြဝဠာအကန့်အသတ်မဲ့ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ လမ်းခရီးတစ်လျှောက်တွင် သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ မတိုးတက်ခဲ့သော်လည်း ဘိုးဘေးကြီး၏ လမ်းညွှန်မှုများကြောင့် သူ၏ စစ်မှန်သော ခွန်အားမှာမူ များစွာ မြင့်တက်လာခဲ့သည်။ နဂါးနတ်ဘုရားဂိုဏ်း၏ အထွတ်အထိပ် စွမ်းရည်သုံးခုအပေါ် သူ၏ နားလည်မှုမှာလည်း သိသိသာသာ နက်နဲလာခဲ့သည်။
သူ၏ဘေးရှိ စီနီယာအစ်မ လော့လီ၏ ကျင့်ကြံမှုနယ်ပယ်မှာလည်း နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၁ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း ထိုနည်းတူပင် တိုးတက်လာခဲ့သည်။ သူတို့နှစ်ဦးလုံးမှာ ဧကရာဇ်အဆင့်ဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် သာမန်တိုက်ခိုက်မှုများမှာ သူတို့အပေါ် လုံးဝ သက်ရောက်မှု မရှိတော့ပေ။ ထို့ပြင် သူတို့မှာ နတ်ဘုရားအဆင့် လက်နက်များနှင့် နဂါးနတ်ဘုရားဂိုဏ်း၏ အမြင့်ဆုံး ကျင့်စဉ်များကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ သူတို့နှစ်ဦး၏ ပေါင်းစပ်တိုက်ခိုက်ရေးစွမ်းအားမှာ သူတို့နှင့် ရွယ်တူ ကျင့်ကြံသူများကြားတွင် ယှဉ်နိုင်သူ မရှိတော့ဟုပင် ဆိုနိုင်သည်။
ယခုတစ်ကြိမ်တွင် သူတို့သည် မိမိတို့၏ စစ်မှန်သော စွမ်းရည်များကို စမ်းသပ်ရန်အတွက် ဝှိုက်ယွမ်ဓားဂိုဏ်းကို ဓားသွေးကျောက်အဖြစ် အသုံးချရန် အသင့်ပြင်ထားကြပြီ ဖြစ်သည်။
အခန်း ၁၇ ပြီးပါပြီ။
အခန်း ၁၈ - ဝှိုက်ယွမ်ဓားဂိုဏ်းထံသို့ အားမာန်ပါပါ ရောက်ရှိလာခြင်း
ဝှိုက်ယွမ်တောင်ခြေတွင် မြင်းရထားတစ်စီးသည် ဖြည်းညင်းစွာ ရွေ့လျားနေပြီး မကြာမီမှာပင် ဝှိုက်ယွမ်ဓားဂိုဏ်း၏ တောင်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
ဝှိုက်ယွမ်ဓားဂိုဏ်း၏ တောင်တံခါးဝ၌ တပည့်နှစ်ဦးသည် ကင်းစောင့်နေကြသည်။
သူတို့သည် အဝေးမှ ချဉ်းကပ်လာသော အနက်ရောင်ရထားလုံးကို မြင်လိုက်ရသဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားကြသည်။
“ဘယ်သူလဲ... အခုချက်ချင်း ရပ်လိုက်စမ်း...”
တပည့်တစ်ဦးသည် ဓားကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ဝင်ရောက်လာသည့် အနက်ရောင်ရထားလုံးကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။
ရထားလုံး၏ အရှေ့တွင် လုလင်ပျိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦး ထိုင်နေကြပြီး နှစ်ဦးလုံးမှာ အတော်ပင် ငယ်ရွယ်ကြသည်။ သို့သော် အစောင့်တပည့်နှစ်ဦးသည် လာရောက်သူများ၏ ကျင့်ကြံမှုနယ်ပယ်ကို အာရုံခံမိလိုက်သောအခါ အသက်ရှူပင် မှားသွားကြရသည်။
မိန်းကလေးမှာ နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၁ ၌ ရှိနေသည်။
သူမ၏ဘေးရှိ လူငယ်လေးမှာမူ မထင်မှတ်ဘဲ နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ သူတို့၏ ဝှိုက်ယွမ်ဓားဂိုဏ်းတွင် နတ်ဘုရားအာရုံနယ်ပယ်အထိ ကျင့်ကြံနိုင်သူများမှာ အသက် ၅၀ ကျော်မှသာ ရောက်ရှိနိုင်သည့် စီနီယာအဆင့် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။
“မင်းတို့ဂိုဏ်းချုပ်ကို ထွက်လာခိုင်းလိုက်စမ်း...”
ဂျွန်မော့ရှောင်သည် တောင်တံခါးကို စောင့်နေသော တပည့်များအား ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ဂိုဏ်းချုပ်ကို ထွက်လာခိုင်းရမည်တဲ့လား...။
တပည့်နှစ်ဦးမှာ နောက်တစ်ကြိမ် မှင်တက်မိသွားကြပြန်သည်။ ဤလူငယ်၏ လေသံမှာ အတော်ပင် မောက်မာလွန်းသည် မဟုတ်ပါလား။ စတင်တွေ့ဆုံချိန်မှာပင် သူတို့၏ ဂိုဏ်းချုပ်ကို ထွက်လာရန် တောင်းဆိုနေသည်။ အမှန်တော့ တောင်းဆိုခြင်းထက် အမိန့်ပေးနေသည်ဟုသာ ပြောရပေမည်။
“မင်းတို့က ဘယ်ဂိုဏ်းကလဲဆိုတာ သိပါရစေ... မင်းတို့ကိုယ်မင်းတို့ အရင် မိတ်ဆက်ဦးလေ...”
တပည့်တစ်ဦးသည် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး တည်ကြည်သော မျက်နှာဖြင့် မေးလိုက်သည်။ မိမိတို့၏ ဂိုဏ်းချုပ်သည် ရာထူးမြင့်မားသူဖြစ်ပြီး တစ်နေကုန် အလုပ်ရှုပ်နေသူ ဖြစ်သည်။ အကယ်၍ လာရောက်သူများမှာ မည်သည့်ဂိုဏ်းက ဖြစ်သည်ကို မသိဘဲ တိုက်ရိုက်သွားရောက် သတင်းပို့လိုက်လျှင် မိမိတို့မှာ ပေါ့လျော့မှုကြောင့် ဂိုဏ်းချုပ်၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရပေလိမ့်မည်။
“ငါတို့က နဂါးနတ်ဘုရားဂိုဏ်းကပဲ...”
လော့လီက သူမ၏ဂိုဏ်းအမည်ကို အေးစက်သော မျက်နှာထားဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။ တပည့်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အနည်းငယ် ဝေခွဲမရ ဖြစ်နေကြသည်။
နဂါးနတ်ဘုရားဂိုဏ်း ဆိုသည်မှာ အဘယ်နည်း။ အဘယ်ကြောင့် တစ်ခါမျှ မကြားဖူးရသနည်း။
“တောင်းပန်ပါတယ်... ကျွန်တော်တို့ နဂါးနတ်ဘုရားဂိုဏ်းဆိုတာကို တစ်ခါမှ မကြားဖူးပါဘူး...”
တပည့်တစ်ဦးက ပွင့်ပွင့်လင်းလင်းပင် ငြင်းဆိုလိုက်သည်။ အကယ်၍ ၎င်းမှာ ကူယွဲ့အင်ပါယာ၏ ထင်ရှားသော ဂိုဏ်းတစ်ခု ဖြစ်ပါက မိမိတို့ သေချာပေါက် သိပေလိမ့်မည်။ သို့သော် ဤ နဂါးနတ်ဘုရားဂိုဏ်းမှာမူ သူတို့အတွက် အသစ်အဆန်း ဖြစ်နေသည်။
လော့လီ၏ နုနယ်သော မျက်နှာလေးမှာ ပိုမိုအေးစက်လာခဲ့သည်။ နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေနှင့် အနှစ်သာရစုစည်းမှုနယ်ပယ် ကျင့်ကြံသူလေးနှစ်ဦး၏ တားဆီးခြင်းကို ခံနေရခြင်းမှာ သူမအတွက် စိတ်ကို တည်ငြိမ်အောင် ထိန်းရန် ခက်ခဲလှသည်။
လော့လီ၏ ကိုယ်ဟန်မှာ လှုပ်ခါသွားပြီး ပုံရိပ်ယောင်တစ်ခုအလား ရထားလုံးပေါ်မှ ဆင်းသက်လိုက်သည်။ သူမသည် အစောင့်တပည့်နှစ်ဦး၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိသွားပြီး သူမ၏ အနှိုင်းမဲ့ရွှေနဂါးဓားကို ဆွဲထုတ်လိုက်ကာ ပြင်းထန်သော ဝေ့ယမ်းမှုနှင့်အတူ ဓားဦးကို တပည့်တစ်ဦး၏ မျက်မှောင်ရှေ့တွင် ရပ်တန့်လိုက်သည်။
“မင်းတို့ အရင်က မကြားဖူးတာ ပြဿနာမရှိဘူး... ဒါပေမဲ့ နောင်ဆိုရင်တော့ မင်းတို့ သိလာလိမ့်မယ်... အခုချက်ချင်း မင်းတို့ဂိုဏ်းချုပ်ကို သွားသတင်းပို့စမ်း... မဟုတ်ရင်တော့ နဂါးနတ်ဘုရားဂိုဏ်းချုပ်ဖြစ်တဲ့ ငါက ဒီမှာ သတ်ဖြတ်မှုတွေ လုပ်မိတော့မှာကို အပြစ်မတင်နဲ့...”
ဓားဦးမှ ထွက်ပေါ်နေသော အေးစက်လှသော သတ်ဖြတ်လိုသည့် ဆန္ဒမှာ သူ၏မျက်ဝန်းများကို ထိုးဖောက်တော့မတတ် ခံစားရသဖြင့် တပည့်ဖြစ်သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး နဖူးတွင် ချွေးအေးများ စီးကျလာခဲ့သည်။ သူသည် အနှစ်သာရစုစည်းမှုနယ်ပယ် အဆင့် ၃ မျှသာရှိသော ကျင့်ကြံသူလေးတစ်ဦးသာ ဖြစ်သည်။ နတ်ဘုရားအာရုံနယ်ပယ်မှ အစွမ်းထက်သန်မာသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ထိုသူ့ထံမှ ထွက်ပေါ်နေသော ပြင်းထန်သော ဖိအားကြောင့် သူသည် အသက်ရှူပင် ခက်ခဲနေမိသည်။
“ခဏလေး စောင့်ပါဦး... ကျွန်တော် ဂိုဏ်းချုပ်ဆီ သွားသတင်းပို့ပါ့မယ်...”
တပည့်ဖြစ်သူမှာ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဂိုဏ်းဝင်ပေါက်ဆီသို့ အမြန်ပြေးသွားတော့သည်။ သူ၏ဘေးမှ အခြားတပည့်မှာလည်း ချွေးများ တရဟောထွက်နေသည်။ သူသည် ရှေ့မှ လှပသော မိန်းကလေးငယ်ကို ကြောက်လန့်တကြား ကြည့်ရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
နတ်ဘုရားအာရုံနယ်ပယ်၏ စွမ်းအားမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုစဉ်မှာပင် သတင်းပို့ရန် သွားသော တပည့်မှာ အတွင်းဘက် ဝင်းခြံဆီသို့ ပြေးဝင်သွားရာ ဝတ်စုံဖြူဝတ်ထားသော စီနီယာတစ်ဦးကို တွေ့ရှိလိုက်သည်။
“စီနီယာမူ... အပြင်မှာ နဂါးနတ်ဘုရားဂိုဏ်းက လူတွေရောက်နေပြီး ဂိုဏ်းချုပ်နဲ့ တွေ့ချင်နေကြပါတယ်... ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ကို သွားပြောပေးပါဦး...”
တပည့်ဖြစ်သူက အလောတကြီး ပြောလိုက်သည်။
“နဂါးနတ်ဘုရားဂိုဏ်း.... ဟုတ်လား... ဒါက ဘယ်လိုဂိုဏ်းလဲ... ငါ တစ်ခါမှ မကြားဖူးပါဘူး... မင်းက ဘယ်လိုတောင် ရဲတင်းနေရတာလဲ...”
စီနီယာမူက မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကြိမ်းမောင်းလိုက်သည်။
“စီနီယာမူ... အဲ့ဒီလူနှစ်ယောက်က အရမ်းသန်မာလွန်းတယ်... နှစ်ယောက်လုံးက နတ်ဘုရားအာရုံနယ်ပယ်တွေပါ...”
တပည့်ဖြစ်သူက ငိုမတတ် အသံဖြင့် အော်ပြောလိုက်သည်။
“ဘာ... နတ်ဘုရားအာရုံနယ်ပယ်တွေ ဟုတ်လား...”
စီနီယာမူသည် သိသိသာသာ ထိတ်လန့်သွားခဲ့သည်။ ကူယွဲ့အင်ပါယာတွင် နတ်ဘုရားအာရုံနယ်ပယ်တစ်ဦးဆိုသည်မှာ မြေပြင်ကို တစ်ချက်နင်းရုံဖြင့် တုန်ခါသွားစေနိုင်သော အစွမ်းထက်လှသည့် ကျင့်ကြံသူကြီး ဖြစ်သည်။ မိမိတို့၏ ဝှိုက်ယွမ်ဓားဂိုဏ်းတွင်ပင် နတ်ဘုရားအာရုံနယ်ပယ် ရှစ်ဦးသာ ရှိသည် မဟုတ်ပါလား။
“မင်း သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကို သေချာ သိခဲ့လား...”
စီနီယာမူက ထပ်မံမေးမြန်းလိုက်သည်။ တပည့်ဖြစ်သူက အမြန်ပင် ပြန်ဖြေလိုက်သည်။
“သိခဲ့ပါတယ် စီနီယာမူ... တစ်ယောက်က အသက် ၁၆၊ ၁၇ နှစ်လောက်ရှိမယ့် မိန်းကလေးငယ်တစ်ဦးပါ... သူက နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၁ ကို ရောက်ရှိနေပြီး နဂါးနတ်ဘုရားဂိုဏ်းချုပ်လို့ ပြောပါတယ်... နောက်တစ်ယောက်ကတော့ အသက် ၁၅၊ ၁၆ နှစ်လောက်ရှိမယ့် လူငယ်လေးတစ်ဦးပါ... သူက ပိုတောင် အစွမ်းထက်ပါသေးတယ်... နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၄ ကို ရောက်နေပါပြီ...”
“မင်း ဘာပြောလိုက်တယ်...”
တပည့်၏ သတင်းပို့ချက်ကို ကြားလိုက်ရသောအခါ စီနီယာမူမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် မူးလဲမတတ် ဖြစ်သွားခဲ့ရသည်။ အသက် ၁၅၊ ၁၆ နှစ်နှင့် နတ်ဘုရားအာရုံနယ်ပယ်သို့ ရောက်ရှိနေသည် ဟုတ်လား။ ဤသည်မှာ တကယ့်ကို အံ့မခန်း ပါရမီရှင်များပင် ဖြစ်ရမည်။ ကူယွဲ့အင်ပါယာတစ်ခုလုံးမှာပင် ထိုကဲ့သို့သော ပါရမီရှင်မျိုး မရှိနိုင်ပေ။ သူတို့သည် အင်ပါယာ၏ ပြင်ပမှ လာသူများ ဖြစ်နိုင်မည်လော။
အခြေအနေ၏ ကြီးလေးမှုကို နားလည်သွားသဖြင့် စီနီယာမူသည် ပင်မခန်းမဆောင်ရှိရာသို့ အမြန်သွားကာ ဂိုဏ်းချုပ်ထံ သတင်းပို့လိုက်သည်။ ဂိုဏ်းချုပ်လီချင်းရှန်းနှင့် တွေ့ဆုံချိန်တွင် သူသည် သတင်းအားလုံးကို ချက်ချင်း တင်ပြလိုက်သည်။ သတင်းကို ကြားပြီးနောက် လီချင်းရှန်း၏ အမူအရာမှာ အလွန်အမင်း တည်ကြည်သွားခဲ့သည်။ နတ်ဘုရားအာရုံနယ်ပယ် သန်မာသူနှစ်ဦး ရောက်ရှိလာခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။
“လာ... ငါ့နောက်က လိုက်ခဲ့... ဘာတွေ ဖြစ်နေတာလဲဆိုတာ သွားကြည့်ကြရအောင်...”
လီချင်းရှန်းသည် ပင်မခန်းမဆောင်မှ ထွက်ကာ တောင်တံခါးဝဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ စီနီယာမူသည်လည်း သူ၏နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။ တောင်တံခါးဝသို့ ရောက်ရှိသောအခါ လီချင်းရှန်းသည် အပြင်ဘက်တွင် ရပ်နေသော လူနှစ်ဦးကို မြင်လိုက်ရသည်။ လူငယ်လေးတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး နှစ်ဦးလုံးမှာ ထူးထူးခြားခြား ချောမောလှပကြသည်။
အနီးကပ် ကြည့်ရှုလိုက်သောအခါ လီချင်းရှန်းမှာ မှင်တက်မိသွားခဲ့ရသည်။ စီနီယာမူ ပြောခဲ့သည့်အတိုင်းပင် တစ်ဦးမှာ နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၄ ဖြစ်ပြီး အခြားတစ်ဦးမှာ နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၁ ဖြစ်သည်။ နှစ်ဦးလုံးမှာ နတ်ဘုရားအာရုံနယ်ပယ်မှ သန်မာသူများ ဖြစ်ကြသည်။
ထိုနှစ်ဦးကို ကြည့်ရင်း လီချင်းရှန်းသည် ရင်ထဲတွင် သက်ပြင်းချမိတော့သည်။ မိမိသည် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော်လည်း နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၅ သို့သာ ရောက်ရှိသေးသည်။ သို့သော် မိမိရှေ့မှ ဤမျှငယ်ရွယ်လှသော လူငယ်လေးများမှာမူ နတ်ဘုရားအာရုံနယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အထူးသဖြင့် ထိုလူငယ်လေးမှာ အချိန်အနည်းငယ် ထပ်ပေးလိုက်လျှင် မိမိကိုပင် ကျော်လွန်သွားနိုင်ပေသည်။
လီချင်းရှန်း၏ အကြည့်မှာ ထိုနှစ်ဦး၏ အနောက်မှ အနက်ရောင်ရထားလုံးပေါ်သို့ ကျရောက်သွားသည်။ ရထားလုံးမှာ သာမန်ဟု ထင်ရသော်လည်း သူ့အား ထူးဆန်းသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ ရထားလုံးအတွင်း၌ အခြားသန်မာသူတစ်ဦး ရှိနေနိုင်မည်လောဟု လီချင်းရှန်းက စဉ်းစားနေမိသည်။
သတိကြီးလှသော လီချင်းရှန်းသည် သူ၏ သိစိတ်အာရုံကို ချက်ချင်းပင် ထုတ်လွှတ်လိုက်ပြီး ရထားလုံးကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ရထားလုံးအတွင်း၌ မည်သူမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ဤအချက်က သူ၏ တင်းမာမှုများကို အနည်းငယ် လျော့ကျသွားစေသည်။ ဤရထားလုံးမှာ ထိုမိန်းကလေးငယ်၏ ပိုင်ဆိုင်မှု ဖြစ်ပုံရသည်။
စီနီယာမူက ဤမိန်းကလေးမှာ နဂါးနတ်ဘုရားဂိုဏ်းချုပ်ဟု ပြောခဲ့သည်ကို သူ သတိရလိုက်သည်။ ထိုမျှ ငယ်ရွယ်သော မိန်းကလေးမှာ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်ဟူသော အချက်မှာ ရယ်စရာကောင်းလှသော်လည်း လီချင်းရှန်းကမူ မရယ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၁ နှင့် ဂိုဏ်းချုပ်တစ်ဦး ဖြစ်လာနိုင်သူမှာ သေချာပေါက် အရည်အချင်းရှိသူ ဖြစ်ရပေမည်။
“ဝေးလံတဲ့ နေရာက လာတဲ့ မိတ်ဆွေတို့ကို နှုတ်ခွန်းဆက်သပါတယ်... ငါက ဝှိုက်ယွမ်ဓားဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ် လီချင်းရှန်းပါ... မင်းတို့က ဘယ်သူတွေလဲဆိုတာ သိပါရစေ...”
လီချင်းရှန်းက လက်သီးလက်ဝါးဆုပ်ကာ ဂါရဝပြုရင်း ပြုံးလျက် နှုတ်ဆက်လိုက်သည်။ လော့လီကလည်း တည်ငြိမ်သော မျက်နှာဖြင့် ဂါရဝပြန်ပြုလိုက်ပြီး တိုးညင်းစွာ ပြန်ဖြေလိုက်သည်။
“ကျွန်မက လော့လီပါ... နဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ...”
လော့လီသည် ဂိုဏ်းချုပ်တစ်ဦးကဲ့သို့ ကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူနေသည်ကို မြင်လိုက်ရသဖြင့် ရထားလုံးအတွင်းရှိ ရီယွင်မှာ ကျေနပ်စွာ ပြုံးမိတော့သည်။ သူမသည် ငယ်ရွယ်သော်လည်း စစ်မှန်သော ဂိုဏ်းချုပ်တစ်ဦး၏ ခန့်ညားသော အရှိန်အဝါမျိုး ရှိပေသည်။
လီချင်းရှန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလျက် မေးလိုက်သည်။
“ငါတို့ ဝှိုက်ယွမ်ဓားဂိုဏ်းဆီကို ဘာကိစ္စနဲ့ လာရောက်တာလဲဆိုတာ သိပါရစေဦး...”
“ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ မင်းတို့ ဝှိုက်ယွမ်ဓားဂိုဏ်းကနေ အပြင်ကို ထွက်သွားခဲ့တဲ့သူတွေ အားလုံးကို ဆင့်ခေါ်ပေးပါ... ကျွန်မ ရန်သူတစ်ယောက်ကို ရှာဖို့ လိုအပ်နေလို့ပါ...”
လော့လီက သူမ၏မျက်လုံးများကို မှေးကြည့်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
‘ရန်သူကို ရှာဖွေရန်တဲ့လား...’
လီချင်းရှန်း၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။ မိမိတို့ ဝှိုက်ယွမ်ဓားဂိုဏ်းမှ နတ်ဘုရားအာရုံနယ်ပယ်ရှိ စီနီယာအချို့သည် ဤနဂါးနတ်ဘုရားဂိုဏ်းကို စော်ကားမိခဲ့ကြလေသလော။
အခန်း ၁၈ ပြီးပါပြီ။