← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း ၂၅ - လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက လူဆိုးကြီးရီယွင်

“ဟားဟား... စီနီယာအစ်မ... အခုတော့ စီနီယာအစ်မ ဆိုလိုတာကို ကျွန်တော် နားလည်သွားပြီ...”

ဂျွန်မော့ရှောင်သည် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ သူသည် သူ၏လက်သီးများကို တင်းတင်းဆုပ်ကာ ရယ်မောရင်း ပြောလိုက်သည်။

“စီနီယာအစ်မ... အခုကစပြီး ကျွန်တော်တို့က လုယက်သတ်ဖြတ်ပြီး မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ကြတော့မှာလား...”

လော့လီက သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဂျူနီယာမောင်လေး... ငါပြောတာကို နင်က အဲ့ဒီလိုပဲ အဓိပ္ပာယ်ကောက်တာလား...”

“မဟုတ်ပါဘူး... မဟုတ်ပါဘူး...”

ဂျွန်မော့ရှောင်က သူ၏ခေါင်းကိုကုတ်ကာ ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။

ထိုအခိုက်၌ ရီယွင်သည် ဂျွန်မော့ရှောင်ထံသို့ ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် လော့လီကိုကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။

“ဂျွန်မော့ရှောင် ပြောတာကလည်း လုံးဝကြီး မမှားပါဘူး... ကျင့်ကြံခြင်းလောကဆိုတာ တကယ်ပဲ အားနည်းသူကို အားကြီးသူက အနိုင်ယူစတမ်းပဲ... နင်က သူတို့ကို မလုယက်ရင် သူတို့က နင့်ကို လုယက်ကြလိမ့်မယ်... တကယ်လို့ နင်က သူတို့ကို လုယက်လိုက်ရင် သူတို့က သေချာပေါက် ကလဲ့စားချေဖို့ ကြိုးစားကြလိမ့်မယ်... အဲ့ဒီအခါ နင်က သူတို့ကို မသတ်ရင် သူတို့က နင့်ကို မလွဲမသွေ သတ်ကြလိမ့်မယ်...”

လော့လီသည် တစ္ဆေတစ်သောင်းတောင်တန်း၌ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်အမှတ်ရမိပြီး သဘောတူသည့်အနေဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

‘ဘိုးဘေးကြီး ပြောတာ မှန်တယ်...’

ဤလောကသည် အလွန်ပင် ရက်စက်ပြီး လက်တွေ့ဆန်လှသည်။ အစပိုင်းတွင် နဂါးနတ်ဘုရားဂိုဏ်းမှာ အလွန်အားနည်းနေခဲ့သဖြင့် ပို၍အင်အားကြီးမားသူများ၏ အမြဲတမ်း နှိပ်စက်ခြင်းကို ခံခဲ့ရသည်။

ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူနှင့် သူ၏ ဂျူနီယာမောင်လေးတို့က အခြားသူများကို နှိပ်စက်မည့်သူများ ဖြစ်လာကြတော့မည်။

ဆေးလုံးများ၊ ကျင့်စဉ်များ၊ နတ်ဘုရားလက်နက်များနှင့် ကောင်းကင်နှင့်မြေကြီးမှ ရတနာအားလုံးကို လုယူရမည်။

အကုန်လုံးကို အစအဆုံး လုယူပစ်ရမည်။

လော့လီ၏ အမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး သူမ၏မျက်လုံးများမှာ ဝင်းလက်တောက်ပလာကာ သူ၏ အရှိန်အဝါများမှာလည်း ပို၍သန်မာလာသည်ကို မြင်သောအခါ ရီယွင်က အသာအယာ ပြုံးလိုက်သည်။ သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ လက်စွပ်နှစ်ကွင်း ထွက်ပေါ်လာခဲ့သည်။

သူသည် တစ်ကွင်းကို ဂျွန်မော့ရှောင်ထံသို့ ပေးလိုက်ပြီး ကျန်တစ်ကွင်းကို လော့လီထံသို့ ပေးအပ်လိုက်သည်။ သူက တိုးညင်းစွာ မှာကြားလိုက်သည်။

“ဒါတွေက နတ်ဘုရားအဆင့် သိုလှောင်လက်စွပ်တွေပဲ... ငါ ဒါတွေရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ထားတယ်... လက်စွပ်တစ်ကွင်းစီရဲ့ အတွင်းခန်းက အတိုင်းအဆမရှိ ကျယ်ဝန်းတယ်... မင်းတို့ လုယက်လာတဲ့ အရင်းအမြစ်တွေနဲ့ ဒီလက်စွပ်တွေကို အပြည့်ဖြည့်ထားနိုင်မယ်လို့ ငါ မျှော်လင့်တယ်...”

“ဒါက ဘယ်လောက်တောင် ကျယ်လို့လဲဟင်...”

လော့လီသည် သိချင်စိတ်ပြင်းပြစွာဖြင့် သိုလှောင်လက်စွပ်ကို အမြန်ပင် စွပ်လိုက်သည်။ သူသည် သူ၏သိစိတ်အာရုံကို လက်စွပ်ထဲသို့ ပို့လွှတ်လိုက်ရာ အဆုံးမရှိသကဲ့သို့ ထင်ရသည့် ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးကို ချက်ချင်းပင် တွေ့လိုက်ရသည်။

“ဘုရားရေ... ဘိုးဘေးကြီး... အတွင်းထဲမှာ အရမ်းကျယ်တာပဲ... ဒီဟင်းလင်းပြင်တစ်ခုလုံး အပြည့်ဖြည့်ဖို့ဆိုရင် ကျွန်မတို့ ဘယ်လောက်တောင် အချိန်ယူရမှာလဲ...”

လော့လီသည် လျှာလေးထုတ်ကာ ထိတ်လန့်သွားသည့်အမူအရာ ဖြစ်သွားပြီးနောက် အားရပါးရ ရယ်မောလိုက်တော့သည်။

“တကယ်ပါပဲ ဘိုးဘေးကြီး...”

ဂျွန်မော့ရှောင်ကလည်း အံ့ဩတုန်လှုပ်သည့် အပြုံးနှင့်အတူ ထောက်ခံလိုက်သည်။

ရီယွင်သည် အားရပါးရ ရယ်မောလိုက်သည်။

“ကျင့်ကြံခြင်းလမ်းခရီးဆိုတာ အဆုံးမရှိဘူး... ဒါကြောင့် ဆက်ပြီးတော့သာ လုယူကြ... နောင်အနာဂတ်မှာ ငါတို့ နဂါးနတ်ဘုရားဂိုဏ်းက ချန်းနန်ကုန်းမြေကြီးပေါ်မှာ ထိပ်တန်းရောက်လာမှာတင်မကဘဲ တခြားနေရာတွေမှာလည်း အမြစ်တွယ်နိုင်ရမယ်...”

လော့လီ၏ ရင်ခုန်သံမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ သူမက ထိတ်လန့်တကြား မေးလိုက်သည်။

“ဘိုးဘေးကြီး... ဘိုးဘေးကြီး ဆိုလိုတာက တခြားကုန်းမြေကြီးတွေလည်း ရှိသေးတာလား...”

ဂျွန်မော့ရှောင်ကလည်း ရီယွင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ဤလောက၌ ချန်းနန်ကုန်းမြေကြီး တစ်ခုတည်းသာ ရှိသည်ဟု ထင်ထားခဲ့သည်။ ထိုကုန်းမြေကြီးမှာပင် တစ်ဘဝလုံး ပတ်သွားလျှင်တောင် အကုန်ရောက်နိုင်မည်မဟုတ်လောက်အောင် ကျယ်ပြောလှသည် မဟုတ်ပါလား။

“မှန်တယ်... ချန်းနန်ကုန်းမြေကြီးဆိုတာ ကျွန်းလေးတစ်ကျွန်းမျှသာပဲ... ဒီကျွန်းရဲ့ အလွန်မှာ ဒီထက်ပိုပြီး ကြီးမားတဲ့ ကုန်းမြေကြီးတွေ ရှိသေးတယ်... အဲ့ဒီမှာဆိုရင် ဒီထက်ပိုပြီး သန်မာတဲ့သူတွေကို မင်းတို့ တွေ့ရလိမ့်မယ်...”

ရီယွင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝေးလံသော ဟင်းလင်းပြင်သို့ ငေးကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်၌ သူ၏အကြည့်မှာ ထာဝရကာလကို ဖြတ်သန်းသွားသကဲ့သို့ပင်။ ချန်းနန်ကုန်းမြေကြီးတစ်ခုလုံးကို ကျော်လွန်ကာ ပင်လယ်ပြင်၏ အခြားတစ်ဖက်ရှိ ခန့်ညားထည်ဝါသော မြင်ကွင်းကို မြင်တွေ့နေရဟန် ရှိသည်။

“ဝိုး... ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ...”

လော့လီသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးရင်း အော်ဟစ်လိုက်သည်။

ဘိုးဘေးကြီး၏ စကားများက သူမ၏ရင်ထဲတွင် ခိုင်မာသော ယုံကြည်ချက်တစ်ခုကို မွေးဖွားပေးလိုက်သည်။

နဂါးနတ်ဘုရားဂိုဏ်းသည် ချန်းနန်ကုန်းမြေကြီးပေါ်တွင် ထိပ်တန်းအဆင့် အနှိုင်းမဲ့ဂိုဏ်းအဖြစ် ဖွံ့ဖြိုးလာရုံတင်မကဘဲ နောင်အနာဂတ်တွင် အခြားကုန်းမြေကြီးများပေါ်၌လည်း အခိုင်အမာ ခြေကုတ်ယူနိုင်ရမည်။

ဤသည်မှာ သူမအား ကြီးမားသော တွန်းအားတစ်ရပ် ပေးစွမ်းလိုက်ခြင်းပင် ဖြစ်သည်။

“ကဲ... အခုလောလောဆယ်တော့ အများကြီး လျှောက်မတွေးပါနဲ့ဦး... ဒီကူယွဲ့အင်ပါယာသေးသေးလေးထဲမှာပဲ မင်းတို့ကိုယ်မင်းတို့ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထားကြဦး... တစ်နေ့နေ့မှာ မင်းတို့တွေ တာအိုနယ်ပယ်ကို ထိုးဖောက်နိုင်တဲ့အခါကျမှ ကမ္ဘာ့အပြင်ဘက်က တခြားနေရာတွေကို သွားဖို့ စဉ်းစားကြတာပေါ့...”

ရီယွင်သည် လက်လှမ်းကာ ၎င်းတို့နှစ်ယောက်၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။ ထို့နောက် လက်ကို ပြန်ရုပ်လိုက်ပြီး နူးညံ့သောအပြုံးဖြင့် ကြည့်နေခဲ့သည်။

... ... ...

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းခန့်က ဖြစ်သည်။

သူသည် နဂါးနတ်ဘုရားဂိုဏ်းတွင် တာအိုနယ်ပယ်သို့ ရောက်ရှိပြီးနောက် ကျယ်ပြောလှသော ချန်းနန်ကုန်းမြေကြီးကျွန်း၏ အပြင်ဘက်သို့ တစ်ခါ ပျံသန်းဖူးသည်။

သို့သော် ထိုကျွန်း၏ အခြားတစ်ဖက်တွင် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသော အန္တရာယ်များ ပြည့်နှက်နေခဲ့သည်။ သူသည် ထိုအန္တရာယ်ရှိသော ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး အခြားတစ်ဖက်ရှိ ကုန်းမြေကြီးသို့ ရောက်အောင် မသွားနိုင်ခဲ့ပေ။

ရီယွင်၏ ခန့်မှန်းချက်အရ စစ်မှန်သောနတ်ဘုရားနယ်ပယ် သို့မဟုတ် ထိုထက်မြင့်သော နယ်ပယ်သို့ ရောက်ရှိမှသာလျှင် ထိုတားမြစ်ထားသော ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး အခြားကုန်းမြေကြီးသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် လော့လီနှင့် ဂျွန်မော့ရှောင်တို့အား အဆင့်တစ်ခုအထိ ရောက်အောင် ကူညီပေးပြီးလျှင် သူသည် ဤနေရာမှ ထွက်ခွာကာ ပင်လယ်ပြင်၏ အခြားတစ်ဖက်သို့ သွားရန် စီစဉ်ထားသည်။

“ဘိုးဘေးကြီး...”

လော့လီသည် သူမ၏ခေါင်းကို ကိုင်ကာ ကလေးဆန်စွာ ပြုံးရင်း မေးလိုက်သည်။

“ကျွန်မတို့ရဲ့ ပထမဆုံးမှတ်တိုင်အနေနဲ့ ဘယ်အင်အားစုကို သွားပြီး စိန်ခေါ်ကြမှာလဲဟင်...”

ရီယွင်သည် ခေါင်းခါပြလိုက်ပြီး ရှေ့ရှိ မြို့ကြီးကို ပြုံးလျက် ကြည့်နေခဲ့သည်။

“မလောပါနဲ့ဦး... ငါတို့ရှေ့မှာ မြို့တစ်မြို့ ရှိတယ်လေ... ငါ ဗိုက်ဆာနေပြီ... အဲ့ဒီကို အရင်သွားပြီး တစ်ခုခု စားကြတာပေါ့...”

“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး...”

လော့လီသည် သူမ၏ ပန်းရောင်လျှာလေးကို ထုတ်လိုက်မိသည်။

‘ဘိုးဘေးကြီးက စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ရောက်နေပြီဆိုတာတောင် လူ့လောကက အရသာတွေကို နှစ်သက်နေတုန်းပဲလား...’

သူမကဲ့သို့ မူလပင်လယ်နယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးအတွက် တစ်နှစ်ပတ်လုံး ဘာမှမစားဘဲ မသောက်ဘဲ နေလျှင်တောင် အဆင်ပြေလှသည် မဟုတ်ပါလား။

လော့လီကိုယ်တိုင်မှာမူ သာမန်လူသားတို့၏ အစားအစာများကို စိတ်ဝင်စားမှု မရှိသည်မှာ ကြာလှပြီ ဖြစ်သည်။

ရီယွင်က ရထားလုံးထဲသို့ ပြန်ဝင်သွားပြီးနောက် ဂျွန်မော့ရှောင်က ဇက်ကြိုးကို ကိုင်လိုက်သည်။ အနက်ရောင်ရထားလုံးသည် ခရီးဆက်ခဲ့ပြီး ခဏအကြာတွင် ရှေ့ရှိ မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤမြို့ကို ကူးယွမ်မြို့ဟု ခေါ်သည်။ အနက်ရောင်ရထားလုံးသည် စည်ကားလှသော လမ်းမထက်တွင် မောင်းနှင်လာခဲ့ပြီး စားသောက်ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။

လော့လီနှင့် ဂျွန်မော့ရှောင်သည် ရထားလုံးရှေ့မှ ခုန်ဆင်းလိုက်ကြပြီး ရီယွင်ကို ရိုသေစွာ တံခါးဖွင့်ပေးလိုက်သည်။

သူတို့ သုံးယောက်လုံး စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သောအခါ ဆိုင်အတွင်း၌ လူများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် စည်ကားနေသည်ကို တွေ့လိုက်ရသည်။

“အလေးအမြတ်ထားရတဲ့ ဧည့်သည်တော်တို့... အခုလောလောဆယ် ဆိုင်မှာ လူပြည့်နေလို့ပါ... ခဏလောက် စောင့်ပေးကြပါဦးခင်ဗျာ...”

ဆိုင်အကူလူငယ်လေးတစ်ဦးက ပြုံးလျက် အနားသို့ လျှောက်လာပြီး ရိုသေပျူငှာစွာ ဂါရဝပြုရင်း ပြောလိုက်သည်။

“သီးသန့်ခန်း မရှိဘူးလား...”

လော့လီ၏ အမူအရာမှာ ညိုမှောင်သွားပြီး သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူမ၏ဘိုးဘေးကြီးကဲ့သို့ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးအတွက် ဤကဲ့သို့ ဆူညံရှုပ်ထွေးသော နေရာမျိုး၌ မည်သို့ စားသောက်နိုင်မည်နည်း။

“သီးသန့်ခန်း တစ်ခန်းတော့ ရှိပါတယ်... ဒါပေမဲ့ အဲ့ဒါက ကြိုတင်မှာထားတာမို့လို့ပါ... ခဏလောက် စိတ်ရှည်လက်ရှည် စောင့်ပေးဖို့ တောင်းပန်ပါရစေခင်ဗျာ...”

ဆိုင်အကူလေးက ပြုံးရင်း ပြောလိုက်သည်။

“ကြိုမှာထားတဲ့သူက မရောက်သေးဘူးဆိုမှတော့ ဒီသီးသန့်ခန်းက ငါတို့အတွက်ပဲ... တကယ်လို့ အဲ့ဒီလူ ရောက်လာရင် ငါ့ဆီကိုပဲ လွှတ်လိုက်ပါ...”

လော့လီသည် ဆိုင်အကူလေးကို လက်ဖြင့် အသာအယာ ဖယ်လိုက်ပြီး ဒုတိယထပ်ဆီသို့ လျှောက်သွားခဲ့သည်။

စီနီယာအစ်မလော့လီ၏ ထိုကဲ့သို့ ရဲတင်းသော အပြုအမူကို ကြည့်ရင်း ဂျွန်မော့ရှောင်သည် လျှာလေးထုတ်ကာ နောက်ပြောင်သည့်အမူအရာ ဖြစ်သွားခဲ့သည်။

စီနီယာအစ်မလော့လီ အစောပိုင်းက ပြောခဲ့သည်များကို ပြန်လည်အမှတ်ရမိသောအခါ ဂျွန်မော့ရှောင်အနေနှင့် သူမ၏ လက်ရှိအပြုအမူကို နားလည်နိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ယခုမှစ၍...

သူတို့သည် “လူဆိုးများ” ဖြစ်လာကြတော့မည် မဟုတ်ပါလား။

ကျင့်ကြံခြင်းလောကသည် အားကြီးသူက အစိုးရသော လောကဖြစ်သည်။

သာမန်မြို့လေးတစ်မြို့က စားသောက်ဆိုင်လေးမှာ ခွန်အားသာရှိလျှင် သီးသန့်ခန်းတစ်ခု လုယူခြင်းမှာ ဘာဆန်းသနည်း။

အထူးသဖြင့် စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ ဘိုးဘေးကြီးအတွက် သီးသန့်ခန်းတစ်ခု လုယူပေးရခြင်းမှာ အမြင့်ဆုံးသော ဂုဏ်ယူမှုတစ်ရပ်ပင် ဖြစ်သည်။

ရီယွင်သည် ဤအရာအားလုံးကို အသာအယာ ပြုံးလျက် စောင့်ကြည့်နေခဲ့သည်။ လော့လီ၏ လျင်မြန်သော ပြောင်းလဲမှုအပေါ် သူသည် အတော်ပင် ကျေနပ်မိသည်။ သန်မာသူဆိုသည်မှာ သန်မာသူ၏ ဟန်ပန်မျိုး ရှိရမည် ဖြစ်သည်။ မည်သည့်နေရာသို့သွားသွား အရှုံးမခံရဘဲ မိမိ၏ခွန်အားကို အပြည့်အဝ ပြသရမည် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က မိမိအား လာရောက်စိန်ခေါ်ရဲလျှင် ညှာတာနေစရာ မလိုဘဲ ထိုသူ ကျေကျေနပ်နပ် အရှုံးပေးသွားသည်အထိ ရိုက်နှက်ဆုံးမရမည် ဖြစ်သည်။

ယခင်က ရီယွင်သည်လည်း ချန်းနန်ကုန်းမြေကြီးပေါ်တွင် နာမည်ကျော် လူမိုက်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးသည်။

သူသည် နဂါးနတ်ဘုရားဂိုဏ်းကဲ့သို့ပင် နာမည်ကြီးလှသော နှင်းခဲဖီးနစ်ဂိုဏ်းမှ သူတော်စင်မလေးကိုပင် နှောင့်ယှက်ခဲ့ဖူးသေးသည်။ သူမ ရေချိုးနေသည်ကို တိတ်တဆိတ် ချောင်းကြည့်ရုံတင်မကဘဲ သူမ၏ရှေ့တွင် ရဲတင်းစွာ ကိုယ်ထင်ပြခဲ့သေးသည်။

ဤသည်မှာ သူသည် မည်မျှအထိ ရဲတင်းပြီး မောက်မာခဲ့သည်ကို ပြသနေခြင်းပင် ဖြစ်သည်။

အခန်း ၂၅ ပြီးပါပြီ။

အခန်း ၂၆ - နှင်းခဲဖီးနစ်ဂိုဏ်းမှ သူတော်စင်မလေးအား သတိရခြင်း

နှင်းခဲဖီးနစ်ဂိုဏ်းမှ သူတော်စင်မလေးကို ပြန်လည်အမှတ်ရမိသောအခါ ရီယွင်၏ မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတသည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာသည်။

မှန်ပေသည်၊ ထိုမိန်းကလေးမှာ တကယ့်ကို ပါရမီထူးသူလေးပင်။ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် လမင်းကိုပင် အရှက်ရစေပြီး ပန်းများကိုပင် ညှိုးနွမ်းသွားစေနိုင်သည့် အလှတရားမှာ တကယ့်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သို့သော် သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အမြဲတမ်း အေးစက်ပြီး တည်ကြည်သော အမူအရာကိုသာ ပြသလေ့ရှိသည်။ လူတိုင်းက သူမကို တမ်းတမ်းစွဲနေသကဲ့သို့ ဖြစ်နေတတ်ခြင်းမှာ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ ထို့ကြောင့် ရီယွင်သည် အားနေသည့် အချိန်တိုင်းတွင် ထိုသူတော်စင်မလေးကို သွားရောက်၍ စနောက်လေ့ရှိသည်။

ထိုစဉ်က အနှိုင်းမဲ့ဂိုဏ်းကြီး နှစ်ဂိုဏ်းကြားရှိ ဆက်ဆံရေးမှာ အလွန်ပင် တင်းမာလှပြီး မကြာခဏဆိုသလို စစ်မက်များ ဖြစ်ပွားလေ့ရှိသည်။ ကံကောင်းသည်မှာ နှစ်ဖက်စလုံးက အထိန်းအကွပ် ရှိကြပြီး အသေအလဲ တိုက်ခိုက်ခြင်းမျိုး မလုပ်ဆောင်ခဲ့ကြသဖြင့် ဂိုဏ်းနှစ်ခုစလုံး၏ အင်အားကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

မဟုတ်လျှင် ဤကဲ့သို့သော ထိပ်သီးအနှိုင်းမဲ့ဂိုဏ်းကြီး နှစ်ခုသာ အစွမ်းကုန် စစ်ခင်းကြမည်ဆိုပါက ချန်းနန်ကုန်းမြေကြီးတစ်ခုလုံးသည် ထိုပျက်စီးမှုဒဏ်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

တတိယထပ်သို့ ရောက်သောအခါ လော့လီသည် ဆိုင်အကူတစ်ဦးကို ရှာတွေ့ခဲ့ပြီး အားလပ်သည့် သီးသန့်ခန်းတစ်ခုကို မေးမြန်းကာ ဦးဆောင်ဝင်ရောက်ခဲ့သည်။ သူမသည် အခန်း၏ အပြင်အဆင်မှာ ကျော့ရှင်းနေသည်ကို တွေ့လိုက်ရသဖြင့် ရီယွင်ထံသို့ အပြေးအလွှား ပြန်လာခဲ့သည်။ သူမက ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဘိုးဘေးကြီး... ဒီသီးသန့်ခန်းရဲ့ ပတ်ဝန်းကျင်က တော်တော်လေး ကောင်းပါတယ်... ကျွန်မတို့ ဒီမှာပဲ စားကြမလား...”

ရီယွင်သည် ခေါင်းညိတ်လိုက်ပြီး အတွင်းသို့ လှမ်းဝင်လိုက်သည်။

“ကောင်းပြီ...”

ဂျွန်မော့ရှောင်ကတော့ ဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားရင်း အလွန်ပင် နိုးနိုးကြားကြားရှိသော အမူအရာနှင့် အခန်းဝ၌ ရပ်နေခဲ့သည်။

အခြားတစ်ဖက်တွင် လော့လီသည် သီးသန့်ခန်းအတွင်းသို့ ဝင်ကာ ရီယွင်၏ ဘေး၌ရပ်ရင်း ရိုသေပျူငှာစွာ မေးလိုက်သည်။

“ဘိုးဘေးကြီး... ဘာစားချင်လဲဟင်... ကျွန်မ သွားပြီး မှာပေးပါ့မယ်...”

ရီယွင်က ပြုံးလိုက်သည်။

“အဲ့ဒီလောက်အထိ အပင်ပန်းခံနေစရာ မလိုပါဘူး... ဒီဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာတွေအားလုံးကိုပဲ ယူလာခိုင်းလိုက်ပါ...”

“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး...”

လော့လီသည် ချက်ချင်းပင် လှည့်ထွက်သွားပြီး ဆိုင်အကူတစ်ဦးနှင့် ဟင်းလျာများမှာယူရန် စီစဉ်လိုက်သည်။

ရီယွင်၏ အကြည့်မှာ နံရံကို ထိုးဖောက်သွားခဲ့သည်။ အခန်းဝတွင် ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ နိုးနိုးကြားကြားရှိနေသော ဂျွန်မော့ရှောင်ကို မြင်လိုက်ရသည့်အခါ သူသည် ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။ ရီယွင်က အမိန့်ပေးလိုက်သည်။

“ဂျွန်မော့ရှောင်... အဲ့ဒီမှာ ကျောက်ရုပ်ကြီးလို မတ်တတ်ရပ်မနေပါနဲ့... အတွင်းကို ဝင်လာခဲ့...”

ဂျွန်မော့ရှောင်က ပြတ်သားစွာ ခေါင်းခါပြလိုက်သည်။

“ဘိုးဘေးကြီး... ဘိုးဘေးကြီးသာ အေးအေးဆေးဆေး စားသုံးပါ... တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ သီးသန့်ခန်းကို လာလုမှာ စိုးလို့ပါ...”

ဂျွန်မော့ရှောင်၏ မယိမ်းယိုင်သော သစ္စာရှိမှုကို မြင်သောအခါ ရီယွင်က ဆက်မပြောတော့ဘဲ လွှတ်ထားလိုက်သည်။

စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ရောက်နေသည့် ရီယွင်အတွက် လူသားတို့၏ အစားအစာကို စားချင်ရခြင်းမှာ ကမ္ဘာမြေပေါ်က အချိန်များကို ပြန်လည်တမ်းတမိရုံမျှသာ ဖြစ်သည်။

ထိုစဉ် လော့လီက အခန်းထဲသို့ အပြေးပြန်ဝင်လာပြီး ရီယွင်၏ ဘေး၌ ရပ်လိုက်သည်။ ရီယွင်က ခေါ်လိုက်သည်။

“လော့လီ... နင်လည်း လာထိုင်ပြီး တစ်ခုခု စားပါဦး...”

လော့လီသည် လက်ကို အကြိမ်ကြိမ် ဝေ့ယမ်းကာ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားရင်း ပြန်ပြောလိုက်သည်။

“ဘိုးဘေးကြီး... ကျွန်မ လုံးဝ ဗိုက်မဆာသေးပါဘူး... ပြီးတော့ တကယ်ပြောရရင် လူ့လောကက အစားအစာတွေကို သိပ်ပြီး စိတ်မဝင်စားတော့ဘူး...”

အမှန်တကယ်တွင် သူမသည် လမ်းခရီး၌ ကျားနဂါးဆေးလုံး တစ်လုံးကို သောက်သုံးထားပြီး ဖြစ်သည်။ ဆေးလုံး၏ ပြင်းထန်သော အာနိသင်က သူမအား အလွန်အမင်း ဗိုက်ပြည့်နေသကဲ့သို့ ခံစားရစေသဖြင့် ထိုအခိုက်အတန့်တွင် သူမ ဘာမှ စား၍ မရနိုင်ချေ။

ရီယွင်သည် သဘာဝကျကျပင် နားလည်သွားသဖြင့် အသာအယာ ပြုံးလိုက်ပြီး ထုတ်မပြောခဲ့ပေ။

“ဒါဆိုရင်လည်း ပြီးတာပါပဲ...”

မကြာမီမှာပင် လက်ရာပြောင်မြောက်သော ဟင်းလျာမျိုးစုံကို စားပွဲပေါ်သို့ တည်ခင်းလိုက်သည်။

ဟင်းလျာများ လာချပေးသည့် ဆိုင်အကူလူငယ်လေးမှာ ထိတ်လန့်နေပုံရပြီး ဤသီးသန့်ခန်းကို အလွန်အမင်း ကြောက်ရွံ့နေသည်ကို ရီယွင်က သတိပြုမိလိုက်သည်။ ထို့နောက် သူသည် လူ့လောက၏ အရသာရှိသော ဟင်းလျာများကို အေးအေးလူလူ စတင်စားသုံးနေခဲ့သည်။

ကြည့်ရသည်မှာ... ဤသီးသန့်ခန်းကို ကြိုတင်မှာထားသည့် ပုဂ္ဂိုလ်မှာ အတော်ပင် အဆင့်အတန်း မြင့်မားပုံရသည်။ ထိုဆိုင်အကူလေးသည်လည်း ၎င်းတို့၏ အဆင့်အတန်းကို ကြောက်ရွံ့နေခြင်း ဖြစ်ရပေမည်။

ရီယွင်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဝင်းခနဲ ဖြစ်သွားပြီး သူ၏အကြည့်မှာ ပထမထပ်ရှိ ငွေကိုင်စားပွဲသို့ ရောက်သွားခဲ့သည်။ စားသောက်ဆိုင်၏ ဆိုင်ရှင်အိုကြီးမှာ ယခုအခါ ပူပြင်းလှသော အိုးကင်းပူပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွန်ပင် ပူပန်နေခဲ့သည်။

ထိုအခိုက်အတန့်၌ သွေးနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်အချို့ အပြင်ဘက်မှ လျှောက်ဝင်လာကြသည်။ ထိုလူငယ်များမှာ ရဲရင့်ထက်မြက်ကြပြီး တစ်ဦးစီတိုင်းထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်းတို့သည် သွေးစိမ်းရှင်ရှင်များဖြင့် ဖုံးလွှမ်းနေသည့် အရှိန်အဝါမျိုး ရှိနေသဖြင့် လွယ်လွယ်နှင့် စနောက်၍ရမည့်သူများ မဟုတ်သည်မှာ ထင်ရှားလှသည်။

အသက် ၁၇ နှစ် သို့မဟုတ် ၁၈ နှစ်ခန့်ရှိကာ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော အသားအရေရှိသည့် လူငယ်က မေးလိုက်သည်။ သူသည် ငယ်ရွယ်သော်လည်း မူလပင်လယ်နယ်ပယ် အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဆိုင်ရှင်... ကျွန်တော်တို့ရဲ့ သီးသန့်ခန်းက ဘယ်အထပ်မှာလဲ...”

ဆိုင်ရှင်အိုကြီး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားခဲ့သည်။ သူက အမြန်ပင် ရှေ့သို့ တိုးလာပြီး ဖားချင်သည့် အပြုံးမျိုးနှင့် ပြောလိုက်သည်။

“သခင်လေးပိုင်... အချိန်ကိုက် ရောက်လာတာပဲခင်ဗျာ... အပေါ်ထပ်မှာ ကျိုးကြောင်းမဆင်ခြင်တတ်တဲ့ ဧည့်သည်သုံးယောက်က သခင်လေးတို့ရဲ့ သီးသန့်ခန်းကို ဝင်ယူထားကြတယ်...”

မျိုးရိုးအမည် ပိုင်ဖြစ်သည့် လူငယ်က ဘာမှမပြောရသေးခင်မှာပင် သူ၏နောက်က လူငယ်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“ဘာ... ဘယ်သူက ငါတို့ရဲ့ သီးသန့်ခန်းကို ယူဝံ့တာလဲ...”

ပိုင်ယုဖုန်း၏ လှပပြီး ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် အေးစက်သော အကြည့်တစ်ခု ဝင်းခနဲ ဖြစ်သွားသည်။ သူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကူးယွမ်မြို့မှာ ငါ့ရဲ့ သွေးဝတ်ရုံဂိုဏ်းက ကြိုမှာထားတဲ့ သီးသန့်ခန်းကို လုရဲတဲ့သူ ရှိနေတယ်ပေါ့လေ... တကယ့်ကို ကောင်းတယ်...”

လူငယ်တစ်ဦးက သူ၏မျက်လုံးများ နီမြန်းနေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အမူအရာနှင့် ပြောလိုက်သည်။

“စီနီယာအစ်ကိုပိုင်... ဒီ မျက်စိမပါတဲ့ လူမိုက်တွေက ဘယ်သူတွေလဲဆိုတာ သွားကြည့်ရအောင်... သူတို့ရဲ့ ခြေထောက်တွေကို သေချာပေါက် ရိုက်ချိုးပစ်မယ်...”

ပိုင်ယုဖုန်းသည် ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဂျူနီယာညီငယ်များကို ဦးဆောင်ကာ တတိယထပ်သို့ တက်လာခဲ့သည်။

“သွားကြစို့...”

လှေကားထိပ်သို့ ရောက်သည်နှင့် ပိုင်ယုဖုန်းသည် ဆိုင်အကူတစ်ဦးကို ဖမ်းဆွဲကာ မေးလိုက်သည်။

“ဆိုင်အကူ... ငါတို့ရဲ့ သီးသန့်ခန်းက ဘယ်မှာလဲ...”

ဆိုင်အကူလူငယ်လေးမှာ သွေးနီရောင်ဝတ်စုံနှင့် လူငယ်များကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားကာ နေရာတစ်ခုဆီသို့ အမြန်ပင် လက်ညွှန်ပြလိုက်သည်။

ပိုင်ယုဖုန်းသည် ခေါင်းကို စောင်းကာ ထိုနေရာသို့ ကြည့်လိုက်သည်။ ထိုသီးသန့်ခန်း၏ အဝင်ဝတွင် လူငယ်တစ်ဦးက ဓားကို ကိုင်ထားရင်း နိုးကြားသော အမူအရာနှင့် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။ သူသည် ထိုသူကို အထက်အောက် စူးစမ်းကြည့်လိုက်ရာ ကျင့်ကြံမှုနယ်ပယ်မှာ မနိမ့်လှဘဲ မူလပင်လယ်နယ်ပယ် အဆင့် ၄ ရှိနေသည်ကို တွေ့ရှိလိုက်သည်။

သို့သော်လည်း ဘာဖြစ်သနည်း။ သူတို့၏ သွေးဝတ်ရုံဂိုဏ်းသည် ကူယွဲ့အင်ပါယာ၏ ထိပ်သီးအင်အားကြီး ဆယ်ဂိုဏ်းထဲမှ တစ်ခု ဖြစ်ပြီး ယခုရောက်နေသည့် သူများအားလုံးမှာလည်း မူလပင်လယ်နယ်ပယ်၌ ရှိနေသူများ ဖြစ်ကြသည်။ သွေးဝတ်ရုံဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုသည် ကူးယွမ်မြို့၌ပင် ရှိနေသေးသည်။ ပိုင်ယုဖုန်းအနေနှင့် ၎င်းတို့၏ နယ်မြေအတွင်း၌ ၎င်းတို့၏ မျက်စိရှေ့တွင်ပင် သီးသန့်ခန်းတစ်ခုကို လုယူရဲသည့်သူ ရှိလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။ ဤသည်မှာ သွေးဝတ်ရုံဂိုဏ်း၏ မျက်နှာကို တိုက်ရိုက် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

သူ၏ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်လာခဲ့သည်။ ပိုင်ယုဖုန်း၏ မျက်နှာမှာ ညိုမှောင်သွားပြီး ရှေ့သို့ အရှိန်ပြင်းပြင်း လှမ်းလာခဲ့သည်။

ထိုစဉ် ဂျွန်မော့ရှောင်သည်လည်း ထိုလူအုပ်စုကို မြင်လိုက်ရသည်။ သူ၏ နှုတ်ခမ်းများမှာ တွန့်ချိုးသွားခဲ့ပြီး သူ၏ နုနယ်သော မျက်နှာလေးပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ထို့ကြောင့် ရောက်လာသူများမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးဝတ်ရုံဂိုဏ်းမှ တပည့်များ ဖြစ်နေကြသည်။

ပိုင်ယုဖုန်းသည် သုံးမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ဓားရိုးကို လက်ဖြင့်ကိုင်ကာ ဂျွန်မော့ရှောင်ကို အေးစက်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

“မင်းက သီးသန့်ခန်းကို လုယူရဲတာလား...”

ဂျွန်မော့ရှောင်က မျက်တောင်ကို အသာချကာ အမူအရာမပျက်ဘဲ ပြန်ပြောလိုက်သည်။

“အရင်ရောက်တဲ့သူက အရင်ရတာပဲလေ... ဒါကို ဘယ်လိုဖြစ်ပြီး လုယူတယ်လို့ ခေါ်နိုင်မှာလဲ...”

သူ့ဘေးရှိ သွေးဝတ်ရုံဂိုဏ်း တပည့်အချို့က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“သူက ငါတို့ သွေးဝတ်ရုံဂိုဏ်းဆီကနေ လုယူရဲတယ်ပေါ့လေ... သူ့ကို သတ်ပစ်ကြစမ်း...”

၎င်းတို့အားလုံးက ဓားများကို ဆွဲထုတ်လိုက်ကြပြီး ဂျွန်မော့ရှောင်ထံသို့ အော်ဟစ်ကာ ပြေးဝင်လာကြသည်။

“ဂျူနီယာမောင်လေး... ငါ ကူညီမယ်...”

လော့လီသည် ဓားကို ကိုင်ဆွဲလျက် ရုတ်တရက် အပြင်သို့ ပြေးထွက်လာခဲ့သည်။ သူနှင့် ဂျွန်မော့ရှောင်တို့သည် ဘေးချင်းယှဉ်ကာ ၎င်းတို့၏ ဓားအလင်းတန်းများကို ထိန်းချုပ်ပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

ခုနစ်ယောက်နှင့် နှစ်ယောက်...။

ခဏအတွင်းမှာပင် နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတော့သည်။

ဂျွန်မော့ရှောင်သည် မူလပင်လယ်နယ်ပယ် အဆင့် ၆ ရှိသည့် ပိုင်ယုဖုန်းကို ရင်ဆိုင်နေရသည်။ တစ်ချိန်တည်းမှာပင် လော့လီသည် ကျန်ရှိသည့် သွေးဝတ်ရုံဂိုဏ်းမှ မူလပင်လယ်နယ်ပယ် တပည့် ခြောက်ယောက်ကို တစ်ဦးတည်း ရင်ဆိုင်နေခဲ့သည်။

“ရှူး... ရှူး...”

ဓားအလင်းတန်းများမှာ ဟင်းလင်းပြင်ကို ဖြတ်သန်း ပျံသန်းနေကြသည်။ ဆက်တိုက်ဆိုသလို နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သွေးဝတ်ရုံဂိုဏ်း တပည့်များသည် တစ်ဦးပြီးတစ်ဦး ဓားချက်များ ထိမှန်ကုန်ကြပြီး ၎င်းတို့၏ ဒဏ်ရာများမှ သွေးများ ပန်းထွက်လာခဲ့သည်။ ၎င်းတို့သည် လုံးဝ ပြိုင်ဘက် မဟုတ်ကြချေ။

တတိယထပ် တစ်ခုလုံးတွင် ပရမ်းပတာ ဖြစ်နေသော ဓားချီများကြောင့် စားပွဲများ၊ ကုလားထိုင်များနှင့် အခန်းအများစုမှာ ပျက်စီးကုန်သည်။ စားသောက်ဆိုင်၏ ဆုံးရှုံးမှုမှာ တကယ့်ကို ဆိုးဝါးလှသည်။

ပိုင်ယုဖုန်းသည် သူ၏ ပုခုံးပေါ်မှ သွေးထွက်နေသော ဒဏ်ရာကို ဖိထားရင်း ထိုလူငယ်နှစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

“နင်တို့က ဘယ်သူတွေလဲ...”

ဤနှစ်ယောက်မှာ ကျင့်ကြံမှုနယ်ပယ် မြင့်မားခြင်း မရှိသော်လည်း ၎င်းတို့၏ ဓားသိုင်းပညာမှာ နတ်ဘုရားကဲ့သို့ ထူးကဲလှသည်။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ မယုံနိုင်လောက်အောင် မြင့်မားလှသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤသူများမှာ အင်အားကြီးဂိုဏ်းအချို့မှ ပြုစုပျိုးထောင်ထားသည့် ထူးကဲသော ပါရမီရှင်တပည့်များ ဖြစ်ကြောင်း ထင်ရှားလှသည်။

လော့လီသည် သူမ၏ အနှိုင်းမဲ့ရွှေနဂါးဓားကို နှုတ်ခမ်းနားသို့ ကပ်ကာ ဓားသွားကို အသာအယာ မှုတ်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်နေပြီး ပြောလိုက်သည်။

“နင်တို့ရဲ့ ဓားတွေနဲ့ သိုလှောင်လက်စွပ်တွေကို ထားခဲ့ပြီး အခုပဲ ထွက်သွားကြတော့... မဟုတ်ရင်တော့ နင်တို့ထဲက တစ်ယောက်မှ ဒီကနေ ဒေါင်လိုက် ထွက်သွားနိုင်မှာ မဟုတ်ဘူး... နားလည်လား...”

အခန်း ၂၆ ပြီးပါပြီ။

အခန်း ၂၇ - ဘိုးဘေး၏ သွန်သင်ချက်

“အိပ်မက် မက်နေတာပဲ...”

ပိုင်ယုဖုန်း၏ မျက်နှာမှာ ရှုံ့မဲ့သွားခဲ့သည်။ သူသည် သွားကို တင်းတင်းကြိတ်ကာ ရက်စက်စွာ ပြောလိုက်သည်။

“ငါတို့ရဲ့ ဓားတွေနဲ့ သိုလှောင်လက်စွပ်တွေကို ထားခဲ့ရမယ် ဟုတ်လား... အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သွားကြစို့...”

ပြောပြီးသည်နှင့် သူသည် သူ၏လူများကို ခေါ်ဆောင်ကာ စားသောက်ဆိုင်ထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။

“စေတနာကို အလွဲသုံးစားလုပ်တဲ့ အရှက်မရှိတဲ့ လူမိုက်တွေပဲ...”

လော့လီ၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် ဖြူလျော်သွားခဲ့သည်။ ဤသည်မှာ သူမအနေနှင့် “လူဆိုး” အဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်ဖူးခြင်း ဖြစ်သည်။ သို့သော် သူမ၏ ပြတ်သားသော စကားများက ၎င်းတို့အား ခြောက်လှန့်နိုင်ခြင်း မရှိသည့်အတွက် သူမ တကယ့်ကို စိတ်တိုသွားမိသည်။

“စီနီယာအစ်မ... သူတို့ကို လုံးဝ အလွတ်မပေးနိုင်ဘူး...”

ဂျွန်မော့ရှောင်က အော်ဟစ်လိုက်ပြီး ပိုင်ယုဖုန်းနှင့် သူ၏နောက်လိုက်များနောက်သို့ လိုက်လံဖမ်းဆီးတော့သည်။ လော့လီ၏ အမူအရာမှာလည်း တည်ကြည်သွားပြီး သူမကလည်း အမြန်ပင် နောက်မှ လိုက်သွားခဲ့သည်။

“ရှူး... ရှူး...”

ဓားအလင်းတန်းများမှာ ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာခဲ့သည်။

သွေးဝတ်ရုံဂိုဏ်းမှ တပည့်များသည် ရှိရင်းစွဲဒဏ်ရာများအပြင် နောက်ထပ် ဒဏ်ရာအမြောက်အများ ရရှိသွားခဲ့ကြပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဂျွန်မော့ရှောင်သည် ၎င်းတို့၏ လက်ထဲမှ သိုလှောင်လက်စွပ်များနှင့် ဓားများကို အတင်းအဓမ္မ လုယူလိုက်သည်။

“အခုတော့ သွားလို့ရပြီ...”

လော့လီက မျက်မှောင်ကြုတ်လိုက်သည်။ တတိယထပ် တစ်ခုလုံးမှာ သွေးအိုင်များဖြင့် ရှုပ်ပွနေခဲ့သည်။ ဤစားသောက်ဆိုင်မှာ သာမန်လူသားများ ဖွင့်လှစ်ထားသည့် ဆိုင်ငယ်လေးမျှသာ ဖြစ်သည်။ ထို့ပြင် ဘိုးဘေးကြီးကလည်း အထဲ၌ စားသောက်နေဆဲဖြစ်ရာ ဤနေရာ၌ လူသတ်ခြင်းမှာ မကောင်းနိုင်ချေ။ ထို့ကြောင့် သူမသည် သူမ၏ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ထားလိုက်သည်။

ပိုင်ယုဖုန်းသည် ဓားချက် ခုနစ်ချက်၊ ရှစ်ချက်ခန့် ထိမှန်ထားသဖြင့် ပို၍ ဖြူလျော်နေသော်လည်း သူ၏မျက်လုံးများထဲ၌မူ ရူးသွပ်သော မောက်မာမှုများ ရှိနေဆဲ ဖြစ်သည်။ သူက ခြိမ်းခြောက်စကား ဆိုလိုက်သည်။

“နင်တို့... စောင့်နေလိုက်ကြဦးပေါ့...”

သူသည် ထိုစကားကို ထွေးထုတ်လိုက်ပြီး သူ၏ ဂျူနီယာညီငယ်များကို ဦးဆောင်ကာ စားသောက်ဆိုင်ထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့သည်။

“စောင့်နေမှာပေါ့... နင်တို့ ဘာတွေ ထပ်လုပ်နိုင်ဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့...”

ဂျွန်မော့ရှောင်က သူ၏ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ရင်း အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သီးသန့်ခန်းအတွင်းသို့ ပြန်ရောက်သောအခါ ရီယွင်က ၎င်းတို့အား နူးညံ့စွာ ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လော့လီက ရှက်ရွံ့သော အမူအရာနှင့် ပြောလိုက်သည်။

“ဘိုးဘေးကြီး... စောစောက အပြင်မှာ ဆူညံသွားတဲ့အတွက် တောင်းပန်ပါတယ်... ဘိုးဘေးကြီးရဲ့ အစားအသောက်ကို အနှောင့်အယှက် ဖြစ်သွားစေမိပါတယ်...”

ရီယွင်က တူကို ချလိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေပြီး တိုးညင်းစွာ မေးလိုက်သည်။

“ဒီမြို့မှာ သွေးဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းခွဲ ရှိသလား...”

“ရှိမှာပါ...”

လော့လီက ခေတ္တမျှ စဉ်းစားလိုက်ပြီး အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။ ကူးယွမ်မြို့သည် သွေးဝတ်ရုံဂိုဏ်း၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေပြီး ၎င်းတို့၏ ဂိုဏ်းခွဲတစ်ခု ဤနေရာ၌ ရှိနေသည်ကို သူမ သတိရသွားသည်။ ရီယွင်က အသာအယာ ပြုံးရင်း ထပ်မံမေးမြန်းလိုက်သည်။

“သူက နင့်ကို နောက်ဆုံး ဘာပြောသွားသလဲ...”

“သူက ကျွန်မကို စောင့်နေလိုက်ပါတဲ့...”

လော့လီက သူမ၏ ရင်ဘတ်ကို မတ်လိုက်ပြီး ဂုဏ်ယူသော အမူအရာနှင့် ပြောလိုက်သည်။

“ကျွန်မ မကြောက်ပါဘူး... သူတို့ လူတွေ ထပ်ခေါ်လာရင်ကော ဘာဖြစ်မှာလဲ...”

“လော့လီ...”

ရီယွင်က မော့ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ နူးညံ့နေသော်လည်း တည်ငြိမ်စွာ ပြောလိုက်သည်။

“အချိန်ဆိုတာ ဘယ်သူ့ကိုမှ မစောင့်ဘူး... နင်လည်း စောင့်နေစရာ မလိုပါဘူး... သွေးဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းခွဲဆီကို တိုက်ရိုက်သာ သွားလိုက်ပါ... ဘာလို့ စောင့်နေမှာလဲ... အဓိပ္ပာယ် မရှိတာ...”

လော့လီသည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် တစ်ခုခုကို နားလည်သွားသည့် အရိပ်အယောင်များ ဝင်းခနဲ ဖြစ်သွားသည်။ သူမသည် ရှက်ကိုးရှက်ကန်းနှင့် အပြင်းအထန် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ မှားသွားပါတယ်... ဘိုးဘေးကြီး ပြောတာ မှန်တယ်... အချိန်ဆိုတာ ဘယ်သူ့ကိုမှ မစောင့်ဘူးဆိုမှတော့ ကျွန်မက ဘာလို့ စောင့်နေရမှာလဲ... ကျွန်မတို့က ရန်သူဖြစ်သွားပြီဆိုမှတော့ တိုက်ရိုက်ပဲ သွားရောက် တိုက်ခိုက်သင့်တာပေါ့...”

“ဒါမှ ဆုံးမရတာ တန်မှာပေါ့...”

ရီယွင်က တဟားဟား ရယ်မောလိုက်ပြီး သူ၏တူကို ပြန်ကိုင်လိုက်သည်။ သူ၏ စိတ်ထဲတွင်မူ မိမိအား လာရောက်စော်ကားသူ မည်သူ့ကိုမဆို ချေမှုန်းပစ်မည်ဟု ဆုံးဖြတ်ထားသည်။ အကယ်၍ ကောင်းကင်တာအိုကိုယ်တိုင်က သူ့ကို လာရောက်ဒေါသထွက်စေလျှင်တောင် သူက အမှုန့်ကြိတ်ပစ်မည် ဖြစ်သည်။

ဘိုးဘေးကြီး၏ ခွင့်ပြုချက်ကို ရရှိသွားသဖြင့် လော့လီနှင့် ဂျွန်မော့ရှောင်တို့သည် အောက်ထပ်သို့ အလောတကြီး ဆင်းသွားကြသည်။ ၎င်းတို့ အပေါက်ဝသို့ ရောက်သည့်အခါမှာပင် နူးညံ့သော အသံတစ်ခုက ၎င်းတို့၏ နားထဲသို့ ရောက်ရှိလာသည်။

“ရထားလုံးကို ယူသွားလိုက်...”

“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး...”

လော့လီက တဟဲဟဲ ရယ်မောလိုက်သည်။ ကြည့်ရသည်မှာ ဘိုးဘေးကြီးက ၎င်းတို့အတွက် ကြိုတင်ပြင်ဆင်ပေးထားခြင်း ဖြစ်ရပေမည်။ ဤ အနက်ရောင်ရထားလုံးမှာ အံ့ဩဖွယ်ကောင်းသည့် နတ်ဘုရားလက်နက်တစ်ခုဖြစ်ပြီး ၎င်းကို ဆွဲနေသည့် မြင်းနက်ကြီးမှာလည်း ထပ်တူပင်၊ လျှို့ဝှက်ဆန်းပြားကာ ကြောက်စရာကောင်းလှသည်။ ယနေ့တိုင်အောင် လော့လီအနေနှင့် ဤမြင်းနက်ကြီးမှာ မည်မျှအထိ ကြောက်စရာကောင်းသော ကျင့်ကြံမှုနယ်ပယ်သို့ ရောက်နေသည်ကို မသိနိုင်သေးပေ။ အကယ်၍ နတ်ဘုရားအာရုံနယ်ပယ်မှ သန်မာသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်တောင် ထိုမြင်းနက်ကြီး၏ ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ပေ။

လော့လီနှင့် ဂျွန်မော့ရှောင်တို့သည် ရထားလုံးပေါ်သို့ တက်လိုက်ကြပြီး သွေးဝတ်ရုံဂိုဏ်းခွဲဆီသို့ အရှိန်နှင့် မောင်းနှင်သွားတော့သည်။ မကြာမီမှာပင် သူမသည် ရင်းနှီးနေသော လူပုံရိပ်အချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ အနက်ရောင်ရထားလုံးမှာ ထိုလူများအနားမှ ဖြတ်ကျော်မောင်းနှင်သွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လှပသော မျက်နှာလေးတစ်ခုမှာ ရထားလုံးပြတင်းပေါက်မှ ထွက်ပေါ်လာသည်။

လော့လီကို မြင်လိုက်ရသည့်အခါ ပိုင်ယုဖုန်းမှာ ထိတ်လန့်သွားခဲ့သည်။ သူက အော်ဟစ်လိုက်သည်။

“ငါတို့က နင်တို့ကို ဓားတွေနဲ့ သိုလှောင်လက်စွပ်တွေ ပေးပြီးပြီလေ... နင်တို့က အခုထိ မကျေနပ်နိုင်သေးဘူးလား...”

“လူတွေ ထပ်ခေါ်ဖို့ မလိုတော့ဘူး... ငါတို့က နင်တို့ရဲ့ သွေးဝတ်ရုံဂိုဏ်းခွဲဆီကို တိုက်ရိုက် လာခဲ့မယ်...”

လော့လီက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“ခွပ်... ခွပ်...”

မြင်းခွာသံများ ဟိန်းထွက်သွားခဲ့သည်။ အနက်ရောင်ရထားလုံးသည် ရုတ်တရက် အရှိန်နှင့် ထွက်ခွာသွားခဲ့ပြီး လူတိုင်း၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

“စီနီယာအစ်ကိုပိုင်... ဒီလူနှစ်ယောက်က တကယ်ကြီး ဂိုဏ်းခွဲဆီကို သွားဝံ့တာလား...”

ဘေးရှိ ဂျူနီယာတပည့်တစ်ဦးက မေးလိုက်သည်။

“ဒီလူမိုက်နှစ်ယောက်က အတော်လေး သန်မာကြပေမဲ့ ငါတို့ရဲ့ သွေးဝတ်ရုံဂိုဏ်းခွဲမှာ နတ်ဘုရားအာရုံနယ်ပယ်က အကြီးအကဲတစ်ယောက် အုပ်ချုပ်နေတာလေ...”

ပိုင်ယုဖုန်းက သွားကို တင်းတင်းကြိတ်ကာ နာကျည်းစွာ ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ ထိုနှစ်ယောက် ဂိုဏ်းခွဲဆီသို့ သွားပြီး အသတ်ခံရရန် တိတ်တဆိတ် ဆုတောင်းနေမိသည်။

“ဟားဟားဟား...”

ပတ်ဝန်းကျင်ရှိ တပည့်များက ရယ်မောလိုက်ကြသော်လည်း ထိုသို့ လှုပ်ရှားလိုက်ခြင်းက ၎င်းတို့၏ ဒဏ်ရာများကို ပိုမိုဆိုးဝါးသွားစေကာ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။

သွေးဝတ်ရုံဂိုဏ်းခွဲသည် ကူးယွမ်မြို့၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ၎င်းတို့ စောစောက ရှိနေခဲ့သည့် စားသောက်ဆိုင်မှာမူ တောင်ဘက်ပိုင်းတွင် ဖြစ်သည်။ အနက်ရောင်ရထားလုံးပေါ်တွင် လိုက်ပါရင်း လော့လီနှင့် ဂျွန်မော့ရှောင်တို့သည် သွေးဝတ်ရုံဂိုဏ်းခွဲဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

“ဘယ်သူလဲ... ရပ်လိုက်စမ်း...”

အနက်ရောင်ရထားလုံးတစ်စီး အရှိန်နှင့် ချဉ်းကပ်လာသည်ကို မြင်သောအခါ သွေးဝတ်ရုံဂိုဏ်း၏ တံခါးဝတွင် စောင့်ကြပ်နေသည့် အနှစ်သာရစုစည်းမှုနယ်ပယ် တပည့်နှစ်ဦးသည် ချက်ချင်းပင် လမ်းကို ပိတ်လိုက်ကြသည်။

“ဖယ်စမ်း...”

လော့လီက သူမ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားချီလှိုင်းနှစ်ခု ထွက်ပေါ်လာသည်။ ထို အနှစ်သာရစုစည်းမှုနယ်ပယ် တပည့်နှစ်ဦးမှာ ဓားချီနှင့် ထိမှန်သွားပြီး ပြန်မထနိုင်တော့ဘဲ လဲကျသွားခဲ့သည်။

“ဘုန်း...”

အနက်ရောင်ရထားလုံးသည် သွေးဝတ်ရုံဂိုဏ်းခွဲ၏ ပင်မတံခါးကြီးကို ဝင်တိုက်ကာ ချိုးဖျက်ပြီး အတွင်းသို့ အရှိန်နှင့် ဝင်ရောက်သွားသည်။ မြင်းနက်ကြီး၏ ပြင်းထန်လှသော အရှိန်အဟုန်ကို မြင်လိုက်ရသည့်အခါ ဂျွန်မော့ရှောင်မှာ ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးသည့် အရိပ်အယောင်များ ဝင်းလက်လာသော်လည်း သူ၏ခန္ဓာကိုယ်မှာမူ အနည်းငယ် တုန်ရီနေခဲ့သည်။

“စီနီယာအစ်မ... ကျွန်တော် ဘာလို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေရတာလဲ...”

“ဘာလို့ဆို နင်က လူကောင်းတစ်ယောက် မဟုတ်လို့ပေါ့...”

လော့လီက ဓားကို ကိုင်ထားရင်း တဟဲဟဲ ရယ်မောကာ ပြန်ပြောလိုက်သည်။ ဂျွန်မော့ရှောင်သည် ၎င်းတို့ထံသို့ စုပြုံလာသည့် လူအုပ်ကြီးကို ကြည့်ရင်း သဘောကျစွာ ရယ်မောလိုက်သည်။

“ဖြစ်နိုင်တာကတော့ ကျွန်တော်တို့က အရင်က အားနည်းခဲ့ပြီး အမြဲတမ်း နှိပ်စက်ခံခဲ့ရလို့ နေမှာပါ... ဒီတစ်ခါ... နောက်ဆုံးတော့ ကျွန်တော်တို့ ခေါင်းမော့နိုင်ခဲ့ပြီပေါ့...”

လော့လီက ပြုံးလိုက်သည်။

“ငါတို့က လူသတ်ရတာကို ဝါသနာပါတဲ့သူတွေ မဟုတ်ဘူး... တကယ်လို့ ဒီလူတွေက အခြေအနေကို နားလည်ပြီး သူတို့ရဲ့ လက်နက်တွေနဲ့ သိုလှောင်လက်စွပ်တွေကို ရိုရိုသေသေ ပေးအပ်မယ်ဆိုရင် သူတို့ရဲ့ အသက်တွေကို ချန်ထားပေးလို့ ရပါတယ်...”

“ဒါပေမဲ့ တကယ်လို့ သူတို့ဘက်က သတ်ဖြတ်လိုစိတ် ပြလာရင်တော့ ညှာမနေနဲ့... ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်...”

“ဟုတ်ကဲ့ပါ...”

ဂျွန်မော့ရှောင်က သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။

“ဂျူနီယာမောင်လေး...”

လော့လီက နေရာတစ်ခုဆီသို့ ကြည့်လိုက်ရင်း သူမ၏ မျက်နှာပေါ်တွင် ချီးကျူးဂုဏ်ပြုသည့် အမူအရာများ ပြည့်နှက်နေသည်။

“ဘိုးဘေးကြီးက လေတစ်ချက် မှုတ်ထုတ်လိုက်ရုံနဲ့ တစ္ဆေတစ်သောင်းတောင်တန်းက လူတိုင်းကို ပြာအဖြစ် ပြောင်းလဲပစ်ခဲ့တယ်... ငါတို့မှာလည်း အဲ့ဒီလိုမျိုး ပြတ်သားမှုနဲ့ ခွန်အားတွေ ရှိရမယ်...”

“စီနီယာအစ်မ ပြောတာ မှန်တယ်...”

ဂျွန်မော့ရှောင်၏ မျက်နှာပေါ်တွင် နက်ရှိုင်းစွာ နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ၏ ဓားနှလုံးသားမှာ ပိုမိုကြည်လင် သန့်စင်လာခဲ့သည်။

အနက်ရောင်ရထားလုံးမှာ ပင်မရင်ပြင်အတွင်းသို့ မောင်းဝင်လာပြီးနောက် သွေးဝတ်ရုံဂိုဏ်းမှ တပည့်များစွာမှာ အရပ်ရပ်မှ စုပြုံထွက်လာကြသည်။ လူတိုင်းက ထိုအနက်ရောင်ရထားလုံးကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။ ၎င်းတို့၏ ရင်ထဲ၌ ဒေါသများ ဟုန်းဟုန်းတောက်လာခဲ့သည်။ မူလပင်လယ်နယ်ပယ်မှ ဤလူငယ်နှစ်ယောက်မှာ အလွန်ပင် မောက်မာလွန်းလှသည် မဟုတ်ပါလား။ ၎င်းတို့က ရထားလုံးကို မောင်းဝင်လာပြီး ၎င်းတို့၏ ဂိုဏ်းခွဲတံခါးကြီးကိုပါ ချိုးဖျက်ခဲ့ကြသည်လေ။ ဤသည်မှာ တကယ့်ကို ကြီးမားသော စော်ကားမှုပင် ဖြစ်သည်။

“နင်တို့က ဘယ်သူတွေလဲ...”

သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပိန်လှီလှသော အကြီးအကဲတစ်ဦးမှာ လူအုပ်ထဲမှ လျှောက်ထွက်လာခဲ့သည်။ သူ၏ မျက်နှာမှာ အေးစက်ပြီး တည်ကြည်နေကာ ထိုနှစ်ယောက်ကို စိုက်ကြည့်နေခဲ့သည်။

“နင်က သိဖို့ မတန်သေးဘူး...”

လော့လီ၏ အကြည့်မှာ ဆီးနှင်းများကဲ့သို့ အေးစက်နေပြီး သူမ၏ လေသံမှာ ပြတ်သားလှသည်။ သူမသည် နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၁ ရှိသော ထိုအကြီးအကဲကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“သွေးဝတ်ရုံဂိုဏ်း တပည့်တွေက မောက်မာပြီး ရက်စက်ကြတယ်၊ ဒါကြောင့် ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့ ထိုက်တန်တယ်... တကယ်လို့ နင်တို့ရဲ့ အသက်ကို နှမြောတယ်ဆိုရင် လက်နက်တွေကို အမြန်ချ၊ သိုလှောင်လက်စွပ်တွေကို ပေးအပ်ပြီး ထွက်ပြေးကြတော့...”

လော့လီ၏ စကားများကို ကြားလိုက်ရသည့်အခါ နတ်ဘုရားအာရုံနယ်ပယ်မှ ထိုသွေးဝတ်ရုံဂိုဏ်း အကြီးအကဲမှာ ဒေါသကြောင့် တုန်ရီလာခဲ့သည်။ သူ၏ ညိုမှောင်ပြီး အိုမင်းနေသော မျက်နှာမှာ ချက်ချင်းပင် ဆီးနှင်းများကဲ့သို့ ဖြူလျော်သွားတော့သည်။

အခန်း ၂၇ ပြီးပါပြီ။

All Chapters