အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အခန်း ၂၈ - တိုက်ပွဲအတွင်း အဆင့်ထိုးဖောက်တိုးတက်ခြင်းနှင့် မူလပင်လယ်နယ်ပယ် အဆင့် ၂
“သွေးဝတ်ရုံဂိုဏ်းရဲ့ မူလပင်လယ်နယ်ပယ် တပည့်အားလုံး နားထောင်ကြ...”
“ဒီကျူးကျော်သူနှစ်ယောက်ကို ချက်ချင်း သတ်ပစ်ကြစမ်း... ဘယ်သူက အရင်ဆုံး ဓားချက်ထိအောင် တိုက်ခိုက်နိုင်မလဲ၊ အဲ့ဒီလူကို ကောင်းကင်အဆင့် ကျင့်ကြံခြင်းဆေးလုံး တစ်ပုလင်း ဆုချမယ်...”
သွေးဝတ်ရုံဂိုဏ်း အကြီးအကဲက ခက်ထန်သော မျက်နှာထားနှင့် သတ်မိန့်ပေးလိုက်သည်။
ဆုလာဘ်က ကောင်းကင်အဆင့် ကျင့်ကြံခြင်းဆေးလုံး တစ်ပုလင်းဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ သွေးဝတ်ရုံဂိုဏ်း၏ မူလပင်လယ်နယ်ပယ် တပည့်များမှာ ဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့၏ စိတ်ဓာတ်များမှာ အရှိန်အဟုန်နှင့် တက်ကြွလာခဲ့ပြီး သားရဲကဲ့သို့ နီမြန်းနေသော မျက်လုံးများနှင့်အတူ ဓားများကို ကိုင်ဆွဲကာ သတ်ဖြတ်ရန် ပြေးဝင်လာကြတော့သည်။
“ဟားဟား... စီနီယာအစ်မ... ကျွန်တော်တို့ ဓားသွေးဖို့ အခွင့်အရေး ရောက်လာပြီ...”
အရပ်မျက်နှာ အသီးသီးမှ စုပြုံတိုးဝှေ့လာကြသည့် သွေးဝတ်ရုံဂိုဏ်း တပည့်များကို ရင်ဆိုင်ရသော်လည်း ဂျွန်မော့ရှောင်မှာ ကြောက်ရွံ့ခြင်း မရှိချေ။ အဲ့ဒီအစား သူက စိတ်လှုပ်ရှားနေပြီး သူ၏သွေးများမှာလည်း မျှော်လင့်ချက်များနှင့်အတူ ဆူပွက်နေခဲ့သည်။
၎င်းတို့၏ ပတ်ပတ်လည်တွင် မူလပင်လယ်နယ်ပယ် ကျင့်ကြံသူ လေးဆယ်မှ ငါးဆယ်ခန့်အထိ ရှိနေသည်။ ဤမျှ များပြားသော ရန်သူအရေအတွက်က ၎င်းတို့အပေါ် အမှန်တကယ်ပင် ကြီးမားသော ဖိအားကို ဖြစ်စေပေလိမ့်မည်။
သေခြင်းနှင့် ရှင်ခြင်းကြား ရင်ဆိုင်ရသည့် အခြေအနေမျိုး၌ ၎င်းတို့၏ ကျင့်ကြံမှုနယ်ပယ်နှင့် တိုက်ပွဲအတွေ့အကြုံမှာ လျင်မြန်သော ထိုးဖောက်တိုးတက်မှုများကို ရရှိနိုင်ပေသည်။
၎င်းတို့အား ဝိုင်းရံထားသည့် သွေးဝတ်ရုံဂိုဏ်း တပည့်များစွာ ရှိနေသော်လည်း ပိုင်ယုဖုန်းကဲ့သို့ မူလပင်လယ်နယ်ပယ် အဆင့် ၆ ရှိသူ တစ်ယောက်မျှ မပါဝင်ချေ။ အများစုမှာ မူလပင်လယ်နယ်ပယ် အဆင့် ၁ မှ အဆင့် ၅ အတွင်းသာ ရှိကြသည်။
“ဂျူနီယာမောင်လေး... ငါက အခုလေးတင် ကျားနဂါးဆေးလုံး သောက်ထားတာဆိုတော့ တိုက်ပွဲဝင်ဖို့ တကယ့်ကို လက်ယားနေတာ... လာ... နင့်ရဲ့ စီနီယာအစ်မနဲ့အတူ သွားသတ်ကြရအောင်...”
လော့လီက အားရပါးရ ရယ်မောလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ခုန်တက်လိုက်သည်။
ဓားအလင်းတန်းများမှာ အရပ်မျက်နှာ အသီးသီးသို့ လေတိုးသံများနှင့်အတူ ဝှေ့ယမ်းထွက်ပေါ်သွားခဲ့သည်။
ဂျွန်မော့ရှောင်သည်လည်း နဂါးနတ်ဘုရား အသွင်ကိုးပါးကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ ပုံရိပ်ယောင်များစွာအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဟင်းလင်းပြင်ထဲ၌ ရှိနေစဉ်မှာပင် သူက နဂါးနတ်ဘုရား ဓားသိုင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ ဓားအလင်းတန်းမှာ မြေပြင်ပေါ်၌ စီးဆင်းနေသော ငွေရောင်မြစ်တစ်စင်းကဲ့သို့ပင် အရပ်မျက်နှာ အသီးသီးသို့ တိုက်ခိုက်သွားခဲ့သည်။
ဤနှစ်ယောက်၏ ဓားတာအို စွမ်းပကားမှာ ၎င်းတို့၏ နဂါးနတ်ဘုရား အသွင်ကိုးပါး ပုံရိပ်ယောင်ခြေလှမ်းသိုင်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အားနည်းနေသေးသည်။
ထို့ကြောင့် မူလပင်လယ်နယ်ပယ် ကျင့်ကြံသူ လေးဆယ်၊ ငါးဆယ်ခန့်၏ ဝိုင်းရံခြင်းကို ခံနေရသော်လည်း ဤနှစ်ယောက်၏ လှုပ်ရှားမှုများမှာ သွက်လက်ထက်မြက်လွန်းလှသည်။ ဒီရေလှိုင်းကဲ့သို့ တိုက်ခိုက်မှုများကြား၌ ၎င်းတို့သည် လွယ်လွယ်ကူကူပင် ရှောင်တိမ်းနိုင်နေခဲ့သည်။
“ရှူး... ရှူး...”
ဓားအလင်းတန်းများမှာ ပတ်ပတ်လည်မှ ထွက်ပေါ်လာနေသည်။
ပုံရိပ်ယောင်များသည် ရင်ပြင်တစ်ခုလုံးတွင် ရှုပ်ယှက်ခတ်နေသည့်တိုင် တိုက်ခိုက်မှု တစ်ခုမျှပင် ၎င်းတို့နှစ်ယောက်ကို မထိမှန်နိုင်ချေ။
၎င်းတို့သည် တိုက်ခိုက်မှုလှိုင်းများကို တစ်ခုပြီးတစ်ခု ရှောင်တိမ်းနိုင်သော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုများ ပြိုင်ဘက်ထံသို့ ထိမှန်ရန်မှာလည်း မလွယ်ကူလှပေ။ နောက်ဆုံးတွင် ၎င်းတို့က တိုက်ခိုက်မှုတစ်ခု ပြုလုပ်တိုင်း ပြိုင်ဘက် တစ်ဒါဇင်ခန့်က တစ်ပြိုင်နက်တည်း ပြန်လည်တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်။
“ဘုန်း... ဘုန်း...”
နှစ်ဖက်စလုံး၏ ဓားချီများသည် ဟင်းလင်းပြင်ထဲ၌ ထိပ်တိုက်တွေ့ကာ ပေါက်ကွဲပျောက်ကွယ်သွားခဲ့သည်။
တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှသည်။
သွေးဝတ်ရုံဂိုဏ်းမှ နတ်ဘုရားအာရုံနယ်ပယ် အကြီးအကဲသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ကြည်သော မျက်နှာထားနှင့် ဤတိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။
‘ဒီလူငယ်နှစ်ယောက်က ကျင့်ကြံမှုနယ်ပယ် နိမ့်ပါးနေတာတောင်မှ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို မြင့်မားတာပဲ...’ သူက တွေးနေမိသည်။ ‘ဘယ်လိုအင်အားစုမျိုးကများ ဒီလိုပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးနိုင်တာလဲ... ကျန်တဲ့ ထိပ်သီးဆယ်ဂိုဏ်းထဲမှာလည်း ဒီနှစ်ယောက်အကြောင်း ကြားဖူးတာမျိုး မရှိပါဘူး...’
“ဟင်...”
အကြီးအကဲ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရထားသော တပည့်အချို့ ပြေးဝင်လာသည်ကို သတိပြုမိလိုက်သည်။
“မင်းတို့က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ဒဏ်ရာတွေ ရလာရတာလဲ...”
အကြီးအကဲလျူသည် ပိုင်ယုဖုန်းကို မြင်လိုက်ရသည့်အခါ မှင်တက်မိသွားပြီး သူ၏ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။
ပိုင်ယုဖုန်းမှာ ၎င်းတို့ဂိုဏ်း၏ ထိပ်သီးပါရမီရှင် တပည့်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ အဆင့်သတ်မှတ်ချက်မှာ နိမ့်ပါးနေသော်လည်း သူ ဤမျှအထိ ပြင်းထန်စွာ ဒဏ်ရာရလာခြင်းမှာ သာမန်ကိစ္စ မဟုတ်ချေ။
အကြီးအကဲလျူက စဉ်းစားနေစဉ်မှာပင် ပိုင်ယုဖုန်းက တိုက်ပွဲကို စိုက်ကြည့်နေခဲ့သည်။ သွေးဝတ်ရုံဂိုဏ်းခွဲအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုလူငယ်နှစ်ယောက်မှာ သူ၏တပည့်ချင်းများနှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည့်အခါ သူ တကယ့်ကို ထိတ်လန့်သွားခဲ့သည်။
ဤလူနှစ်ယောက်သည် ထူးကဲသော သွက်လက်မှုနှင့်အတူ ကူးခတ်နေသော နဂါးများကဲ့သို့ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေကြပြီး ၎င်းတို့၏ ဓားချက်များမှာ မိုးရေစက်များကဲ့သို့ လက်ခနဲ၊ လက်ခနဲ ဖြစ်နေသော်လည်း ၎င်းတို့အား တစ်ချက်မျှပင် မထိမှန်နိုင်ချေ။ လူအများအပြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသော်လည်း ၎င်းတို့မှာ ယခုအချိန်ထိ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိသေးပေ။
‘ဒါက ဘယ်လိုမျိုး လှုပ်ရှားမှုကျင့်စဉ်လဲ...’
ပိုင်ယုဖုန်းမှာ အလွန်အမင်း မှင်တက်မိသွားသည်။ ပါရမီရှင်တပည့်တစ်ဦးအနေနှင့် သူသည် ဗဟုသုတ ကြွယ်ဝလှသော်လည်း ဤမျှလောက် ထူးကဲသော လှုပ်ရှားမှုကျင့်စဉ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
“အကြီးအကဲလျူ... ကျွန်တော်တို့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ သူတို့နှစ်ယောက်ပါ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ဓားတွေနဲ့ သိုလှောင်လက်စွပ်တွေကိုလည်း လုယူသွားကြတယ်... ကျေးဇူးပြုပြီး အကြီးအကဲအနေနဲ့ ကျွန်တော်တို့အတွက် ဆုံးမပေးပါဦး...”
သွေးဝတ်ရုံဂိုဏ်း တပည့်တစ်ဦးက အကြီးအကဲလျူကို ဝမ်းနည်းပူဆွေးသော မျက်နှာနှင့် အော်ဟစ်ပြောဆိုလိုက်သည်။
“စိတ်အေးအေးထားပါ... သူတို့ လွတ်မှာ မဟုတ်ဘူး...”
အကြီးအကဲလျူက ညိုမှောင်သော မျက်နှာနှင့် ခေါင်းညိတ်ပြလိုက်သည်။
၎င်းတို့သည် သူ၏ သွေးဝတ်ရုံဂိုဏ်းခွဲအတွင်း၌ ရှုပ်ယှက်ခတ်အောင် လုပ်ခဲ့ကြပြီး ဂိုဏ်းတပည့်များကို ဒဏ်ရာရစေခဲ့ကာ ဓားများနှင့် သိုလှောင်လက်စွပ်များကိုပင် လုယူခဲ့ကြသည်။ သူက ၎င်းတို့အား မည်သို့ လွတ်မြောက်ခွင့် ပေးနိုင်မည်နည်း။ အကယ်၍ ၎င်းတို့ လွတ်သွားမည်ဆိုလျှင် သူသည် သွေးဝတ်ရုံဂိုဏ်း၏ အကြီးအကဲအဖြစ်မှ နုတ်ထွက်လိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
စားသောက်ဆိုင်ရှိ သီးသန့်ခန်းအတွင်း၌...
ရီယွင်သည် အစားအစာကို အေးအေးလူလူ တစ်ချက်စားလိုက်ပြီး နေရာတစ်ခုဆီသို့ လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်သည်။
လမ်းခရီး၌ လော့လီနှင့် ဂျွန်မော့ရှောင်တို့ နှစ်ဦးလုံးသည် ကျားနဂါးဆေးလုံး တစ်လုံးစီ သောက်သုံးထားခဲ့ကြသည်။ ဆေး၏ အာနိသင်မှာ လုံးဝ ပျံ့နှံ့သွားခြင်း မရှိသေးဘဲ အများစုမှာ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ သိုလှောင်ထားဆဲ ဖြစ်သည်။ လက်ရှိတွင် မူလပင်လယ်နယ်ပယ်ရှိ သွေးဝတ်ရုံဂိုဏ်း တပည့် လေးဆယ်၊ ငါးဆယ်ခန့်၏ တိုက်ခိုက်ခြင်းကို ခံနေရသဖြင့် ၎င်းတို့နှစ်ဦးလုံးမှာ ကြီးမားသော ဖိအားကို ခံစားနေရသည်။
‘ဖြစ်နိုင်တာက... သူတို့နှစ်ယောက်က ဒီအခွင့်အရေးကို အသုံးချပြီး ထိုးဖောက်တိုးတက်နိုင်လိမ့်မယ်...’
ရီယွင်က တွေးနေမိသည်။
ရီယွင်၏ ချိပ်ပိတ်မှုကြောင့် ၎င်းတို့မှာ မူလပင်လယ်နယ်ပယ်သို့ ရောက်နေသော်လည်း ၎င်းတို့ ရရှိမည့် မည်သည့်တိုးတက်မှုမဆိုမှာ နတ်ဘုရားအာရုံနယ်ပယ်၌ အဆင့်တစ်ခုလုံး တိုးတက်သွားခြင်းနှင့် ထပ်တူပင် ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ လော့လီနှင့် ဂျွန်မော့ရှောင်တို့၏ စစ်မှန်သော ကျင့်ကြံမှုနယ်ပယ်အပေါ် ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ပေ။ ရီယွင်သည် ထိုနှစ်ယောက်အား ပြင်ပအကူအညီမပါဘဲ မိမိထက်နယ်ပယ်မြင့်သော ပြိုင်ဘက်များကို မည်သို့ တိုက်ခိုက်ရမည်ဆိုသည်ကို သင်ယူစေလိုခြင်း ဖြစ်သည်။ ဤသို့ဖြင့် နောင်အခါတွင် ၎င်းတို့ နတ်ဘုရားလက်နက်များကို ပိုင်ဆိုင်လာသည့်အခါ မိမိတို့ထက် သာလွန်သန်မာသော ပြိုင်ဘက်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
“ရှူး...”
ဂျွန်မော့ရှောင်သည် သူ၏ဓားကို တစ်ချက်ဝှေ့ယမ်းကာ တပည့်အချို့ကို နောက်သို့ တွန်းထုတ်လိုက်ပြီးနောက် နဂါးနတ်ဘုရား ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။ ရုတ်တရက် သူ၏နားထဲ၌ တိုးညင်းသော အသံတစ်သံကို ကြားလိုက်ရသည်။
ပုံရိပ်ယောင်တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး မရေရာသော အခြေအနေမှနေ၍ အခိုင်အမာ ဖြစ်လာခဲ့သည်။ ထိုအခိုက်အတန့်၌ ဂျွန်မော့ရှောင်သည် သူ၏ စီနီယာအစ်မ၏ ကျင့်ကြံမှုနယ်ပယ်မှာ မူလပင်လယ်နယ်ပယ် အဆင့် ၂ သို့ ရောက်ရှိသွားသည်ကို အာရုံခံမိလိုက်သည်။
‘စီနီယာအစ်မက တကယ်ကြီး အဆင့်ထိုးဖောက်သွားပြီပဲ...’
ဂျွန်မော့ရှောင်မှာ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။
ထိုခဏ၌ သွေးဝတ်ရုံဂိုဏ်း တပည့် တစ်ဆယ်ကျော်၏ ဓားအလင်းတန်းများမှာ ပြဒါးရှင်များကဲ့သို့ သူ့ထံသို့ စုပြုံတိုးဝှေ့လာခဲ့သည်။ သူသည် အမြန်ပင် ရှေ့သို့ တိုးဝင်သွားပြီး ဤဓားအလင်းတန်းများကို တားဆီးလိုက်သည်။
လော့လီသည် ထိုးဖောက်တိုးတက်သွားပြီးနောက် သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာ မြင့်တက်လာခဲ့ပြီး ဓားအလင်းတန်းများစွာကို ပြင်းထန်စွာ ထုတ်ဖော်လိုက်သည်။
‘ဒီမိန်းကလေး... သူက တကယ့်ကို တိုက်ပွဲအလယ်မှာတင် ထိုးဖောက်သွားတာလား...’
ပိုင်ယုဖုန်းမှာ သွားကို တင်းတင်းကြိတ်ထားမိသည်။ သူလည်း တိုက်ပွဲထဲသို့ ဝင်ရောက်ချင်စိတ်များ ပြင်းပြနေမိသည်။ တိုက်ပွဲအတွင်းမှာတင် ထိုးဖောက်တိုးတက်နိုင်သူများမှာ... ၎င်းတို့အားလုံးသည် ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။
“အကြီးအကဲလျူ... အကြီးအကဲအနေနဲ့ ဒီအတိုင်း ကြည့်မနေသင့်တော့ဘူး... မဟုတ်ရင်တော့ အဲ့ဒီကောင်လေးလည်း အဆင့်ထိုးဖောက်သွားနိုင်တယ်...”
ပိုင်ယုဖုန်းက နာကျည်းစွာ ပြောလိုက်သည်။
အကြီးအကဲလျူ၏ မျက်နှာမှာ ညိုမှောင်နေခဲ့သည်။ သူလည်း အခြေအနေ၏ စိုးရိမ်ရမှုကို အာရုံခံမိနေသည်။ သူသည် သူ၏တန်ဖိုးကြီးဓားကို ဆွဲထုတ်လိုက်ပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်ကာ အမြန်ဆုံး အဆုံးသတ်ရန်နှင့် မူလပင်လယ်နယ်ပယ်မှ ဤကျူးကျော်သူနှစ်ယောက်ကို သတ်ပစ်ရန် ပြင်လိုက်သည်။
ရုတ်တရက် သူသည် ရင်ပြင်၏ တစ်ဖက်တွင်ရှိသော အနက်ရောင်ရထားလုံးကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။
“ခွပ်...”
မြင်းနက်ကြီးသည် သူ၏ခွာနှင့် မြေပြင်ကို အသာအယာ နင်းလိုက်ရာ ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ဤကြည်လင်သော အသံမှာ အကြီးအကဲလျူ၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ့အား နေရာ၌ပင် မှင်တက်မိသွားစေခဲ့သည်။ မြင်းနက်ကြီးသည် ခေါင်းကို မော့လိုက်ပြီး သူ့ကို တိုက်ရိုက် စိုက်ကြည့်နေခဲ့သည်။
ထိုခဏ၌ အကြီးအကဲလျူသည် အဆုံးမရှိသော မှောင်မိုက်သည့် ကမ္ဘာကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအတွင်း၌ တောင်ငယ်များကဲ့သို့ ကြီးမားလှသော သွေးနီရောင် မျက်လုံးကြီးနှစ်လုံးမှာ ပေါ်ထွက်လာခဲ့ပြီး သူ့ကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်နေခဲ့သည်။ ဤအခိုက်အတန့်၌ သူသည် အလွန်ပင် အရေးမပါလှသည်ကို ခံစားလိုက်ရသည်။ မှောင်မိုက်မှုထဲသို့ မော့ကြည့်လိုက်သည့်အခါ ကြောက်စရာကောင်းသော၊ ထွားကျိုင်းလှသော မိစ္ဆာဘုရင်ကြီးတစ်ပါးက ကောင်းကင်ဘုံကိုးဆင့်၏ အထက်မှနေ၍ သူ့ကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အကြီးအကဲလျူမှာ ချွေးအေးများဖြင့် စိုရွှဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးခဲသွားဟန် ရှိသည်။ သူသည် နေရာ၌ပင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားခဲ့ပြီး လက်ဖျားတစ်ချက်တောင် မလှုပ်ရဲတော့ချေ။
ပိုင်ယုဖုန်းမှာ ဤအရာကို ထူးဆန်းနေမိသည်။
‘အကြီးအကဲလျူ... သူက ထိုနှစ်ယောက်ကို သတ်တော့မလို့ မဟုတ်ပါလား... ဘာလို့ သူက ရုတ်တရက် ချွေးအေးတွေ ထွက်လာပြီး နေရာမှာတင် အေးခဲသွားပြီး မလှုပ်မယှက် ဖြစ်နေရတာလဲ...’
“အကြီးအကဲလျူ... ဘာဖြစ်လို့လဲ...”
ပိုင်ယုဖုန်းက ဘေးမှနေ၍ တီးတိုး မေးလိုက်သည်။
အကြီးအကဲလျူက ဘာတစ်ခွန်းမှ မပြောဘဲ သူ၏အမူအရာမှာ မှိုင်တွေနေခဲ့သည်။ သူသည် ထိုကြောက်စရာကောင်းသော မှောင်မိုက်သည့် ကမ္ဘာကြီးထဲ၌ နစ်မြုပ်နေဆဲ ဖြစ်သည်။
ပိုင်ယုဖုန်းသည် တစ်ခုခု မှားယွင်းနေပြီကို အာရုံခံမိလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သော်လည်း ထူးခြားသည်ကို ဘာမှမတွေ့ရချေ။ သူသည် အနည်းငယ် စိုးရိမ်လာသဖြင့် အနှစ်သာရစုစည်းမှုနယ်ပယ် တပည့်များကို အော်ဟစ်လိုက်သည်။
“အားလုံး တိုက်ခိုက်ကြစမ်း... ဒီကျူးကျော်လာတဲ့ ရန်သူတွေကို သတ်ပစ်ကြ...”
“ဟုတ်ကဲ့ပါ...”
သွေးဝတ်ရုံဂိုဏ်းမှ အနှစ်သာရစုစည်းမှုနယ်ပယ် တပည့်တစ်ရာခန့်မှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ၎င်းတို့၏ အသံများမှာ လှိမ့်တက်လာသော မိုးခြိမ်းသံများကဲ့သို့ပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ပြည့်နှက်နေကြသည်။
ဓားအလင်းတန်း လှိုင်းများသည် အရပ်မျက်နှာ အသီးသီးမှ မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့ပြီး အလယ်ဗဟိုသို့ စုပြုံသွားခဲ့သည်။
လော့လီနှင့် ဂျွန်မော့ရှောင်တို့အပေါ် ကျရောက်လာသော ဖိအားများမှာ အဆမတန် မြင့်တက်လာခဲ့သည်။
ခဏအတွင်းမှာပင် ရင်ပြင်ထက်က အခြေအနေမှာ ဆိုးဝါးစွာ ပြောင်းလဲသွားတော့သည်။
အခန်း ၂၈ ပြီးပါပြီ။
အခန်း ၂၉ - ဂျွန်မော့ရှောင် အဆင့်ထိုးဖောက်တိုးတက်ခြင်း
သွေးဝတ်ရုံဂိုဏ်း၏ အနှစ်သာရစုစည်းမှုနယ်ပယ် တပည့်များသည် အထူးတလည် သန်မာခြင်း မရှိကြသော်လည်း အရေအတွက်မှာမူ အဆမတန် များပြားလှသည်။ လူပေါင်းနှစ်ရာကျော်က အပြင်စည်းမှနေ၍ ဓားအလင်းတန်းများဖြင့် အဆက်မပြတ် အဝေးမှ တိုက်ခိုက်နေကြရာ လော့လီနှင့် ဂျွန်မော့ရှောင်တို့အပေါ် ကျရောက်နေသည့် ဖိအားများမှာ ပိုမိုပြင်းထန်လာခဲ့သည်။ လော့လီ အစောပိုင်းက ထိုးဖောက်တိုးတက်မှုကြောင့် ရရှိခဲ့သည့် အသာစီးရမှုမှာလည်း ယခုအခါ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ၎င်းတို့နှစ်ယောက်မှာ ခန့်မှန်းရခက်သော နဂါးနတ်ဘုရား အသွင်ကိုးပါး ပုံရိပ်ယောင်ခြေလှမ်းသိုင်းကိုသာ အားကိုး၍ လှုပ်ရှားရှောင်တိမ်းရင်း ခုခံနေကြရသည်။
ကလေးဘဝကတည်းက အတူတူ ကြီးပြင်းပြီး ကျင့်ကြံခဲ့ကြသူများဖြစ်ရာ လော့လီနှင့် ဂျွန်မော့ရှောင်တို့၏ တိုက်ပွဲအတွင်း အပေးအယူမှာ အလွန်ပင် ဟန်ချက်ညီလှသည်။ ၎င်းတို့သည် တိုက်ခိုက်မှုများကို ရှောင်တိမ်းနေစဉ်မှာပင် ကြိုတင်တိုင်ပင်ထားခြင်း မရှိဘဲ အပြင်စည်းရှိ အနှစ်သာရစုစည်းမှုနယ်ပယ် တပည့်များကို အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးများကို ဖမ်းဆုပ်လိုက်ကြသည်။
အစပိုင်းတွင် ၎င်းတို့ အောင်မြင်ခဲ့ပြီး အနှစ်သာရစုစည်းမှုနယ်ပယ် တပည့် ဒါဇင်ပေါင်းများစွာကို ရှင်းထုတ်နိုင်ခဲ့သည်။
သို့သော် သွေးဝတ်ရုံဂိုဏ်းသည် ၎င်းတို့၏ ဗျူဟာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ ၎င်းတို့သည် မူလပင်လယ်နယ်ပယ် တပည့်များကို ဓားအစီအရင် အများအပြားအဖြစ် ဖွဲ့စည်းလိုက်ပြီး ဂိုဏ်းသားများမှာ အလွန်ကျွမ်းကျင်စွာ ပူးပေါင်းဆောင်ရွက်လိုက်ကြသဖြင့် လော့လီနှင့် ဂျွန်မော့ရှောင်တို့၏ တိုက်ခိုက်မှုအားလုံးကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်။
စားသောက်ဆိုင်ရှိ သီးသန့်ခန်းအတွင်း၌...
ရီယွင်သည် ဝက်သားနီချက် တစ်တုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဝါးနေခဲ့သည်။ သူ၏ နှုတ်ခမ်းပေါ်တွင် အသာအယာ ပြုံးလျက် တိုက်ပွဲဖြစ်ပျက်နေပုံကို စောင့်ကြည့်နေခဲ့သည်။
၎င်းတို့၏ ကျင့်ကြံမှုနယ်ပယ်များ၊ ရတနာများနှင့် ဝတ်စုံများကို ချိပ်ပိတ်ပြီး ဖိနှိပ်ထားခြင်းမှာ ၎င်းတို့၏ ကျင့်ကြံမှုအတွက် အမှန်တကယ်ပင် ကြီးမားသော အထောက်အပံ့ ဖြစ်စေသည်။ လော့လီက ပထမဆုံး အဆင့်ထိုးဖောက်သွားခဲ့ပြီးပြီ ဖြစ်သည်။ ဂျွန်မော့ရှောင်ကို ကြည့်ရသည်မှာလည်း ထိုးဖောက်တိုးတက်ရန် အနီးစပ်ဆုံး အခြေအနေသို့ ရောက်နေပုံရသည်။ အဆုံးတွင် ၎င်းတို့နှစ်ယောက်လုံးမှာ နတ်ဘုရားတစ်ဝက်အဆင့် ကျားနဂါးဆေးလုံး တစ်လုံးစီကို သောက်သုံးထားကြသည် မဟုတ်ပါလား။ ဤဆေးလုံးသည် ကျင့်ကြံခြင်းအတွက် အမြင့်ဆုံးသော ရတနာတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော အဆင့်ရှိသည့် ဆေးလုံးမျိုး ချန်းနန်ကုန်းမြေကြီးပေါ်တွင် တစ်ခါမျှ မပေါ်ထွက်ဖူးချေ။ သာမန် ကျားနဂါးဆေးလုံးများကိုမူ ကောင်းကင်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ဂိုဏ်းများ၌သာ တွေ့ရှိနိုင်သည်။
ချန်းနန်ကုန်းမြေကြီးပေါ်တွင် ဂိုဏ်းအင်အားစုများကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ သာမန်ဂိုဏ်း၊ ထိပ်သီးဂိုဏ်း၊ အဆင့်မြင့်ပညာရှင်ဂိုဏ်း၊ ကောင်းကင်အဆင့်ဂိုဏ်းနှင့် အနှိုင်းမဲ့အဆင့်ဂိုဏ်းတို့ ဖြစ်ကြသည်။
ကူယွဲ့အင်ပါယာရှိ နာမည်ကျော် ထိပ်သီးဆယ်ဂိုဏ်းဆိုသည်မှာ သာမန်ဂိုဏ်း အဆင့်မျှသာ ရှိသည်။ ၎င်းတို့ထဲမှ တစ်ခုမျှပင် ထိပ်သီးဂိုဏ်း အဆင့်သို့ မမီကြချေ။ ချန်းနန်ကုန်းမြေကြီးပေါ်တွင် အမြင့်ဆုံးအဆင့်ဖြစ်သော အနှိုင်းမဲ့အဆင့်ဂိုဏ်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကပင် သုံးခုသာ ရှိခဲ့သည်။ ဤသည်မှာ အနှိုင်းမဲ့အဆင့်ဂိုဏ်းများ မည်မျှအထိ အင်အားကြီးမားကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ချန်းနန်ကုန်းမြေကြီးပေါ်တွင် တကယ့်ကို ဧရာမ သတ္တဝါကြီးများကဲ့သို့ပင်။ ထိုဂိုဏ်းများမှ သာမန်တပည့်တစ်ဦးသည်ပင် ကမ္ဘာပျက်မတတ် ပျက်စီးမှုများကို ဖြစ်စေနိုင်သည်။ သို့သော် အနှိုင်းမဲ့အဆင့်ဂိုဏ်းများသည် ယခုအခါ ဝိညာဉ်စွမ်းအင် အပေါများဆုံးဖြစ်သည့် ချန်းနန်ကုန်းမြေကြီး၏ ဗဟိုချက်ဒေသတွင်သာ တည်ရှိပေလိမ့်မည်။ ကူယွဲ့အင်ပါယာမှနေ၍ အကွာအဝေးမှာမူ... မိုင်ပေါင်း သန်းရာနှင့်ချီ၍ ဝေးကွာပေလိမ့်မည်။
တစ်ချိန်က အနှိုင်းမဲ့အဆင့်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးသော ရီယွင်၏ အမြင်တွင်မူ ကူယွဲ့အင်ပါယာ၏ ထိပ်သီးဆယ်ဂိုဏ်းဆိုသည်မှာ ပုရွက်ဆိတ်များမျှသာ ဖြစ်သည်။ ထို့အပြင် ရီယွင်သည် ယခုအခါ စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိထားပြီး ဖြစ်သည်။ သက်ရှိသတ္တဝါအားလုံးမှာ သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များကဲ့သို့ပင်။ သူသည် မည်သည့် သနားကြင်နာမှုကိုမျှ ခံစားရခြင်း မရှိပေ။
အချိန်ဟူသော မြစ်ကြောင်းရှည်ကြီးကို စောင့်ကြည့်မည်ဆိုပါက ဘဝဆိုသည်မှာ မျိုးဆက်တစ်ခုပြီးတစ်ခု အဆုံးမရှိ ကြီးထွားလာနေသည့် သံသရာစက်ဝန်းတစ်ခုသာဖြစ်ကြောင်း သဘောပေါက်ပေလိမ့်မည်။ မျိုးဆက်တစ်ခုကို သုတ်သင်ပစ်လျှင်တောင် အခြားမျိုးဆက်တစ်ခုမှာ မကြာမီ ပြန်လည် ပေါက်ဖွားလာမည်သာ ဖြစ်သည်။
ထို့ကြောင့် ပြိုင်ဘက်ကင်းသော စစ်မှန်သောနတ်ဘုရား ရီယွင်အတွက်မူ လူသတ်ခြင်းမှာ မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ ဖြစ်စေခြင်း မရှိပေ။ ပုရွက်ဆိတ်အချို့ကို နင်းခြေလိုက်ရသကဲ့သို့ပင်။ စစ်မှန်သောနတ်ဘုရားတစ်ပါး၏ ဘဝအဆင့်အတန်းမှာ သာမန်ကျင့်ကြံသူများ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ရင်ပြင်ထက်၌...
ဤနေရာမှ တိုက်ပွဲမှာ ယခုအခါ အလွန်ပင် အန္တရာယ်များနေခဲ့ပြီ ဖြစ်သည်။ ဂျွန်မော့ရှောင်နှင့် လော့လီတို့သည် ၎င်းတို့၏ သန်မာလှသော ခန္ဓာကိုယ်များကို အားကိုး၍ တောင့်ခံနေကြရသည်။
“ဘုန်း...”
ရုတ်တရက် ဂျွန်မော့ရှောင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီသွားခဲ့ပြီး သူသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ကျဆင်းလာခဲ့သည်။ ထိုအခိုက်အတန့်မှာပင် သူသည် မူလပင်လယ်နယ်ပယ် အဆင့် ၄ မှ အဆင့် ၅ သို့ အောင်မြင်စွာ ထိုးဖောက်တိုးတက်သွားခဲ့သည်။
ဤအရာကို မြင်လိုက်ရသည့်အခါ လော့လီသည် အမြန်ပင် ပြေးဝင်သွားပြီး ဂျွန်မော့ရှောင်ထံသို့ ဦးတည်လာသည့် တိုက်ခိုက်မှုများကို တားဆီးရန် ဓားအလင်းတန်း လှိုင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။
“ဟားဟား... ဂျူနီယာမောင်လေး... ဂုဏ်ယူပါတယ်... နင်လည်း ထိုးဖောက်သွားပြီပဲ...”
“ဟုတ်ကဲ့ပါ စီနီယာအစ်မ...”
ထိုးဖောက်တိုးတက်သွားပြီးနောက် ဂျွန်မော့ရှောင်၏ နဂါးနတ်ဘုရား အရှိန်အဝါမှာ ပိုမိုအားကောင်းလာခဲ့သည်။ သူသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ကာ အရပ်မျက်နှာ အသီးသီးသို့ ပြန်လည်တိုက်စစ်ဆင်လိုက်သည်။ သူသည် အဆင့်ငယ်တစ်ခုသာ တိုးတက်သွားခဲ့ခြင်းဖြစ်သော်လည်း သူ၏ မူလကျင့်ကြံမှုနယ်ပယ်မှာ နတ်ဘုရားအာရုံနယ်ပယ်သို့ ရောက်ရှိထားခဲ့သည်မဟုတ်ပါလား။ ယခုအခါ ကျင့်ကြံမှုနယ်ပယ်ကို ဖိနှိပ်ထားစဉ်မှာပင် ထိုးဖောက်တိုးတက်မှု ရရှိခဲ့ခြင်းဖြစ်ရာ တိုက်ခိုက်ရေးစွမ်းအား မြင့်တက်လာမှုမှာ သာမန်ထိုးဖောက်မှုများထက် များစွာ သာလွန်လှသည်။
ဤနေရာတွင် ဂျွန်မော့ရှောင်သည် ခုခံသည့်အခြေအနေမှ တိုက်စစ်ဆင်သည့် အခြေအနေသို့ ချက်ချင်း ပြောင်းလဲလိုက်သဖြင့် ယခင်ကကဲ့သို့ အထိနာနေပုံ မပေါ်တော့ချေ။
ဤအရာကို မြင်လိုက်ရသည့်အခါ ပိုင်ယုဖုန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်နေမိတော့သည်။
‘တကယ်တမ်း ဒီလူငယ်နှစ်ယောက်က ဘယ်သူတွေလဲ... သူတို့က ဘယ်လိုဖြစ်ပြီး တိုက်ပွဲအလယ်မှာတင် တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်တိုးတက်နိုင်ရတာလဲ...’
“အကြီးအကဲလျူ... အကြီးအကဲက ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ...”
ပိုင်ယုဖုန်းသည် ချွေးအေးများ ထွက်ကာ တုန်ရီနေသည့် သူ၏ဘေးမှ အကြီးအကဲလျူကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး စိတ်တိုတိုနှင့် တွန်းလိုက်သည်။
‘သူက ဘယ်လိုအချိန်မှာများ အိပ်ငိုက်နေရတာလဲ...’
“အော်...”
အကြီးအကဲလျူသည် အိပ်မက်မှ နိုးလာသကဲ့သို့ အသံတိုးတက် ထွက်ပေါ်လာခဲ့သည်။
သူသည် ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီး ဝေးလံသောနေရာမှ ကြောက်စရာကောင်းသော မြင်းနက်ကြီးကို စိုက်ကြည့်ရင်း ချွေးများကို အဆက်မပြတ် သုတ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရီနေဆဲ ဖြစ်သည်။
“အကြီးအကဲလျူ... အကြီးအကဲ ဘာတွေဖြစ်နေတာလဲ...”
ပိုင်ယုဖုန်း၏ မျက်နှာမှာ ညိုမှောင်သွားပြီး အလွန်အမင်း မကျေမနပ်ဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။
အကြီးအကဲလျူမှာ စကားလုံးများ ပျောက်ရှနေခဲ့သည်။ သူသည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လိုသော်လည်း ထိုကြောက်စရာကောင်းသော မြင်းနက်ကြီးကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။ အကယ်၍ သူ မပါဝင်ခဲ့လျှင်လည်း ဂိုဏ်း၏ အပြစ်ပေးမှုကို ခံရပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာကတော့ အတူတူပင် ဖြစ်သည်။
အကြီးအကဲလျူသည် သွားကို တင်းတင်းကြိတ်ကာ သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး လော့လီထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
“ခွပ်...”
မြင်းခွာသံ ကြည်လင်စွာ ထွက်ပေါ်လာသည့်အခါ ဟင်းလင်းပြင်ထဲသို့ ရောက်နေသည့် အကြီးအကဲလျူသည် သူ၏ဦးခေါင်းထဲ၌ ဘုန်းခနဲ အသံတစ်သံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသည်။ သူသည် ချက်ချင်းပင် သတိလစ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ အရှိန်နှင့် ကျဆင်းသွားတော့သည်။
“တောက်... ဒီအကြီးအကဲလျူက သေချင်ယောင်ဆောင်နေတာပဲ...”
ပိုင်ယုဖုန်းက သွားကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။ သူသည် ယုတ်မာသောစိတ်ဖြင့် ဓားတစ်လက်ကို ကောက်ယူကာ လဲကျနေသည့် အကြီးအကဲလျူကို ရက်စက်စွာ ထိုးစိုက်လိုက်သည်။ ဓားသည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွားကာ နှလုံးကို ကွဲကြေသွားစေခဲ့သဖြင့် သတိလစ်နေသည့် အကြီးအကဲလျူမှာ နေရာ၌ပင် သေဆုံးသွားခဲ့သည်။
“စီနီယာအစ်ကိုပိုင်... စီနီယာအစ်ကိုက ဘာလို့ အကြီးအကဲလျူကို သတ်လိုက်တာလဲ...”
ဘေးရှိ ဒဏ်ရာရထားသော တပည့်တစ်ဦးက တုန်ရီနေသောအသံနှင့် မေးလိုက်သည်။
“သူက တိုက်ပွဲကို ရင်မဆိုင်ဘဲ နောက်ဆုတ်သွားတာလေ... ဒီလို အကြီးအကဲမျိုးက ဘာအသုံးကျမှာလဲ... ငါက ဂိုဏ်းရဲ့ အညစ်အကြေးတွေကို ရှင်းလင်းလိုက်တာပဲ...”
လူတစ်ယောက်ကို သတ်လိုက်ရသဖြင့် ပိုင်ယုဖုန်း၏ ရဲတင်းမှုမှာ ပိုမိုကြီးထွားလာခဲ့ပြီး သူက ရက်စက်စွာ ပြောလိုက်သည်။
အခြားတပည့်များမှာ ဆောင်းရာသီက ပုရစ်များကဲ့သို့ တိတ်ဆိတ်သွားကြပြီး အသံကျယ်ကျယ်ပင် မထွက်ရဲကြတော့ချေ။ သို့သော် ၎င်းတို့သည်လည်း အမှန်တကယ်ပင် သတိပြုမိလိုက်သည်။ သွေးဝတ်ရုံဂိုဏ်းခွဲမှ နတ်ဘုရားအာရုံနယ်ပယ် ကျင့်ကြံသူ ဤအကြီးအကဲလျူမှာ အမှန်တကယ်ပင် တာဝန်ကို ရှောင်လွှဲနေခဲ့သဖြင့် သွေးဝတ်ရုံဂိုဏ်းခွဲအတွက် အကျအဆုံးများစွာ ဖြစ်စေခဲ့သည်။ ထို့ကြောင့် စီနီယာအစ်ကိုပိုင်က အကြီးအကဲလျူကို ရုတ်တရက် သတ်ဖြတ်လိုက်သည့်အပေါ် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။
“ညီငယ်တို့...”
ပိုင်ယုဖုန်းသည် ဓားကို လက်တစ်ဖက်နှင့် မြှောက်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ငါတို့ရဲ့ အသက်တွေကို ပေးဆပ်ရရင်တောင်မှ ဒီနှစ်ယောက်ကို သေချာပေါက် သတ်ရမယ်...”
ယနေ့... ဤတိုက်ပွဲမှာ ငြိမ်းချမ်းစွာ ပြီးဆုံးသွားနိုင်စရာ အကြောင်းမရှိတော့ချေ။
“တကယ်လို့ ငါတို့က ဒီနှစ်ယောက်ကို မသတ်ရင် ငါတို့အားလုံး သေကြရလိမ့်မယ်...”
ပိုင်ယုဖုန်း၏ စကားများကို ကြားရသောအခါ သွေးဝတ်ရုံဂိုဏ်း တပည့်များ၏ စိတ်ဓာတ်မှာ ပြန်လည်တက်ကြွလာခဲ့ပြီး ၎င်းတို့သည် လော့လီနှင့် ဂျွန်မော့ရှောင်တို့ကို ရူးသွပ်စွာဖြင့် ဝိုင်းရံတိုက်ခိုက်ကြတော့သည်။
သို့သော် ထိုနှစ်ယောက်မှာ ယိမ်းယိုင်သွားခြင်း မရှိချေ။ ၎င်းတို့သည် တည်ငြိမ်စွာဖြင့် တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ပြန်လည်တိုက်စစ်ဆင်နေခဲ့ကြသဖြင့် အခြေအနေမှာ သိပ်ပြီး နိမ့်ကျသွားခြင်း မရှိပေ။
နှစ်နာရီ ကြာပြီးနောက်...
သွေးဝတ်ရုံဂိုဏ်း တပည့်အများစုမှာ ဖြူလျော်နေကြပြီး ချွေးအေးများဖြင့် စိုရွှဲနေကြသည်။ ၎င်းတို့၏ ကြံ့ခိုင်မှုနှင့် စွမ်းအင်များမှာ အလွန်အမင်း ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ သို့သော် လော့လီနှင့် ဂျွန်မော့ရှောင်တို့မှာမူ ခွန်အားနှင့် တက်ကြွမှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။
“စီနီယာအစ်မ... သူတို့တွေ မခံနိုင်တော့ဘူး...”
ဂျွန်မော့ရှောင်က အားရပါးရ ရယ်မောလိုက်ပြီး သူ၏ဓားသိုင်းပညာမှာ ပိုမိုထက်ရှလာခဲ့သည်။
ဓားအလင်းတန်း လှိုင်းတစ်ခု ကျဆင်းလာခဲ့သည်။ ချက်ချင်းပင် မူလပင်လယ်နယ်ပယ်ရှိ သွေးဝတ်ရုံဂိုဏ်း တပည့်သုံးဦးမှာ ဓားချက်ထိမှန်သွားခဲ့ပြီး ၎င်းတို့သည် အော်ဟစ်ကာ နောက်သို့ ဆုတ်ခွာသွားကြသည်။
“သတ်စမ်း...”
လော့လီသည်လည်း ပြင်းထန်သော ပြန်လည်တိုက်စစ်ဆင်မှုကို စတင်လိုက်သည်။
ခဏအတွင်းမှာပင် ၎င်းတို့သည် သွေးဝတ်ရုံဂိုဏ်း တပည့်များကို အနိုင်ယူလိုက်ကြပြီး ၎င်းတို့အား အဆက်မပြတ် နောက်ဆုတ်သွားစေရန် ဖိအားပေးလိုက်သည်။ လူအများအပြားမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့ကြပြီး ဒဏ်ရာများမှ သွေးများ ပန်းထွက်နေခဲ့သည်။
ဤနေရာတွင် သွေးဝတ်ရုံဂိုဏ်း တပည့်များ၏ မျက်လုံးထဲ၌ အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။ တိုက်ပွဲမှာ လေးနာရီနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဤလူငယ်နှစ်ယောက်မှာ မောပန်းသည့် အရိပ်အယောင် လုံးဝ မပြသခဲ့သည် မဟုတ်ပါလား။
‘ဘာတွေလဲဟ... သူတို့က တကယ်ရော လူတွေမှ ဟုတ်ရဲ့လား...’
အခန်း ၂၉ ပြီးပါပြီ။
အခန်း ၃၀ - သူတော်စင်မလေးက ဂျွန်မော့ရှောင်ကို စိတ်ဝင်စားသွားခြင်း
ရီယွင်သည် စားပွဲခုံကို အသာအယာ တောက်လိုက်သည်။ သူ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းအိမ် နက်ရှိုင်းသောနေရာတွင်မူ ရယ်ချင်စိတ်တစ်ခု ဝင်းခနဲ ဖြစ်သွားခဲ့သည်။
ဤသည်မှာ နဂါးနတ်ဘုရားဂိုဏ်း ကျင့်ကြံသူများ၏ စွမ်းအားပင် ဖြစ်သည်။ နဂါးနတ်ဘုရား သွေးဗီဇကို ပိုင်ဆိုင်ထားကြသဖြင့် ၎င်းတို့မှာ သာမန်ထက် များစွာ ထူးကဲနေပြီး အံ့ဩဖွယ်ကောင်းကာ ကြာရှည်ခံသော တိုက်ခိုက်ရေးစွမ်းအား ရှိကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းခန့်က ဖြစ်သည်။ ရီယွင်သည် တာအိုနယ်ပယ်ရှိ သန်မာသူ အယောက်နှစ်ဆယ်ကျော်၏ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ခဲ့ရစဉ်က သူသည် ပို၍ပင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ ထက်ဝက်ခန့်ကို သုတ်သင်ပစ်ကာ ကျန်ထက်ဝက်ကိုမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးသွားစေခဲ့သည်။
လော့လီနှင့် ဂျွန်မော့ရှောင်တို့ နှစ်ဦးလုံးသည် နဂါးဘိုးဘေး သွေးဗီဇကို ဆက်ခံထားကြသည်။ ၎င်းမှာ အားနည်းနေပြီ ဖြစ်သော်လည်း ၎င်းတို့အား သက်တူရွယ်တူများထက် များစွာ သာလွန်စေခဲ့သည်။ ထို့ကြောင့် ဤအဆင့်ရှိ တိုက်ပွဲမျိုးမှာ ၎င်းတို့အတွက် ဘာမှမဟုတ်ပေ။ ၎င်းတို့က ပို၍ ကြာရှည်စွာ တောင့်ခံနိုင်လေလေ၊ အခြေအနေမှာ အားနည်းချက်မှနေ၍ အားသာချက်သို့ ပိုမိုပြောင်းလဲလာလေလေ ဖြစ်သည်။
“ဟင်...”
ရီယွင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ သူ၏အကြည့်မှာ ခေတ်အဆက်ဆက်ကို ဖောက်ထွင်းသွားနိုင်ဟန် ရှိသည်။
ငွေဖြူရောင် ဝိညာဉ်သင်္ဘောတစ်စီးသည် တိမ်တိုက်များကြားမှ ထွက်ပေါ်လာပြီး ကူးယွမ်မြို့၏ အထက်တွင် ရပ်တန့်သွားခဲ့သည်။ ဤငွေရောင်ဝိညာဉ်သင်္ဘောပေါ်တွင် တောက်ပသော အရောင်အသွေးရှိသည့် ဂါဝန်တိုများ ဝတ်ဆင်ထားသော လူငယ်အမျိုးသမီး အုပ်စုတစ်စု ရပ်နေကြသည်။ ထိုအမျိုးသမီး တစ်ဦးစီတိုင်းမှာ ရင်သပ်ရှုမောဖွယ် လှပကြပြီး ဆွဲဆောင်မှုရှိကာ မြူဆွယ်နိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ရီယွင်က အသာအယာ ပြုံးလိုက်သည်။ ရုတ်တရက် နောက်ထပ် အင်အားစုတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဤနှစ်ယောက်ကို ပို၍ ထက်ရှလာစေရန် နောက်ထပ် အုပ်စုတစ်စု ရောက်လာပြန်ပြီလား။ လော့လီနှင့် ဂျွန်မော့ရှောင်တို့မှာ နောက်ထပ် ဖောက်ထွင်းတိုးတက်မှု တစ်ခုကို ရရှိနိုင်ပုံရသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် အလွန်ပင် မျှော်လင့်ချက် ပြည့်နှက်နေခဲ့သည်။
သွေးဝတ်ရုံဂိုဏ်းခွဲအတွင်း၌ တိုက်ပွဲမှာ ပြင်းထန်နေဆဲ ဖြစ်သည်။ လော့လီနှင့် ဂျွန်မော့ရှောင်တို့သည် ၎င်းတို့၏ နတ်ဘုရားအရှိန်အဝါများကို ထုတ်ဖော်လိုက်သဖြင့် ပြိုင်ဘက်များကို အော်ဟစ်ငိုယိုသွားစေခဲ့သည်။
ငွေရောင်ဝိညာဉ်သင်္ဘောပေါ်၌...
ထိုအမျိုးသမီးငယ်များကြားတွင် အတော်ပင် ပွင့်လင်းစွာ ဝတ်ဆင်ထားသည့် ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ၏ ကျင့်ကြံမှုနယ်ပယ်မှာ မူလပင်လယ်နယ်ပယ် အဆင့် ၉ တွင် ရှိသည်။ ထိုအခိုက်အတန့်တွင် သူမသည် ငွေရောင်ဝိညာဉ်သင်္ဘော၏ အစွန်းတွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်နေပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အယောင်အချို့ ပေါ်နေခဲ့သည်။
“သခင်မလေး... သွေးဝတ်ရုံဂိုဏ်းခွဲကတော့ အထိနာနေပါပြီ...”
သူမ၏ဘေးရှိ အထိန်းတော်ကြီးတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။
ဤအထိန်းတော်ကြီးမှာ အလွန်မြင့်မားသော ကျင့်ကြံမှုနယ်ပယ်ကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားအာရုံနယ်ပယ် အဆင့် ၂ သို့ ရောက်ရှိထားသူ ဖြစ်သည်။
ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးငယ်သည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ယုတ်မာသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
“သွေးဝတ်ရုံဂိုဏ်းနဲ့ ငါတို့ရဲ့ ဟွမ်းဟွမ်းဂိုဏ်းက အမြဲတမ်း ရင်းနှီးခဲ့ကြတာပဲ... ဒီလို အခြေအနေမျိုးကို ရင်ဆိုင်ရတဲ့အခါ ငါတို့က ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူးလေ...”
သူမသည် တိုက်ပွဲကွင်းပြင်ထက်က ရဲရင့်ပြီး ချောမောလှသော လူငယ်လေးကို စိုက်ကြည့်နေခဲ့ရာ သူမ၏ မျက်လုံးများထဲ၌ ပန်းရောင် မြူခိုးများ ဖုံးလွှမ်းလာခဲ့သည်။ သူမသည် သူ့ကို မြင်မြင်ချင်းပင် သဘောကျသွားခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်လေးထံမှ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသော ယောက်ျားပီသသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူသည် အလွန်ပင် ချောမောလှပြီး မြင်မြင်ချင်းတွင်ပင် စွဲလမ်းသွားစေနိုင်သူ ဖြစ်သည်။
ဟွမ်းဟွမ်းဂိုဏ်းသည်လည်း ကူယွဲ့အင်ပါယာ၏ ထိပ်သီးဆယ်ဂိုဏ်းဝင် တစ်ခုပင် ဖြစ်သည်။ ဟွမ်းဟွမ်းဂိုဏ်း၏ သူတော်စင်မလေးအနေနှင့် ကျိုးမန်ရင်သည်လည်း ဤခရီးစဉ်တွင် ကျင့်ကြံခြင်းအတွက် အထောက်အပံ့ပေးမည့်သူများကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ သို့သော် လပေါင်းများစွာ ရှာဖွေခဲ့သော်လည်း သူမကို ကျေနပ်စေမည့်သူ တစ်ယောက်မျှ မတွေ့ခဲ့ရပေ။ မထင်မှတ်ဘဲ ကူးယွမ်မြို့ကို ဖြတ်ကျော်စဉ်တွင် ဤကဲ့သို့သော ထူးထူးခြားခြား ရဲရင့်ချောမောသည့် လူငယ်လေးကို တွေ့လိုက်ရသဖြင့် ကျိုးမန်ရင်၏ ရင်မှာ ချက်ချင်းပင် ခုန်လှုပ်သွားခဲ့ပြီး သူ့ကို ချစ်မိသွားခဲ့သည်။
အထိန်းတော်ကြီးသည် သူမ၏ သခင်မလေး မျက်လုံးထဲက ထူးဆန်းသော အကြည့်ကို သတိပြုမိလိုက်ပြီး အခြေအနေအားလုံးကို နားလည်သွားခဲ့သည်။ သူမက လက်ကို အသာအယာ မြှောက်လိုက်ရာ ငွေရောင်ဝိညာဉ်သင်္ဘောမှာ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။
ရိပ်ခနဲ ပုံရိပ်တစ်ခု ကျဆင်းလာခဲ့သည်။
“ဟွမ်းဟွမ်းဂိုဏ်း ရောက်လာပြီပဲ...”
ပိုင်ယုဖုန်းက မော့ကြည့်လိုက်သည်။ ငွေရောင်ဝိညာဉ်သင်္ဘောပေါ်ရှိ ရင်းနှီးနေသော တံဆိပ်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာမှာ ပျော်ရွှင်မှုနှင့်အတူ ဝင်းလက်သွားခဲ့သည်။ ဟွမ်းဟွမ်းဂိုဏ်းနှင့် သွေးဝတ်ရုံဂိုဏ်းတို့မှာ အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ကြသည်။ ၎င်းတို့သည် သမိုင်းတွင် မဟာမိတ်အဖြစ် အကြိမ်ပေါင်းများစွာ ပူးပေါင်းခဲ့ကြဖူးသည်။ ယခုတစ်ကြိမ်တွင် ဟွမ်းဟွမ်းဂိုဏ်း ရုတ်တရက် ရောက်ရှိလာခြင်းမှာ သွေးဝတ်ရုံဂိုဏ်းအား ဤဘေးဒုက္ခမှ ကျော်လွှားနိုင်ရန် ကူညီပေးဖို့ ပြင်ဆင်ထားပုံရသည်။
“သူတော်စင်မလေးကို ဂါရဝပြုပါတယ်ခင်ဗျာ...”
ပိုင်ယုဖုန်းသည် အလွန်ပင် ရိုသေစွာဖြင့် အနက်ရှိုင်းဆုံး ဦးညွှတ်လိုက်ပြီး ငွေရောင်ဝိညာဉ်သင်္ဘောပေါ်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာသော ဆွဲဆောင်မှုရှိကာ လှပသည့် ထိုအမျိုးသမီးငယ်ကို ကြည့်နေခဲ့သည်။ ဤသူမှာ ဟွမ်းဟွမ်းဂိုဏ်း၏ သူတော်စင်မလေး ဖြစ်သည်။ သူမ၏ အဆင့်အတန်းမှာ ဟွမ်းဟွမ်းဂိုဏ်းချုပ်ပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်သည်။ ထို့အပြင် သူတော်စင်မလေး၏ ကျင့်ကြံမှုနယ်ပယ်မှာ မူလပင်လယ်နယ်ပယ် အဆင့် ၉ တွင် ရှိနေသဖြင့် သူ့ထက် များစွာ သာလွန်လှသည်။
“စီနီယာအစ်ကိုပိုင်... ဒီမှာ ဘာတွေ ဖြစ်နေတာလဲဟင်...”
ကျိုးမန်ရင်က အံ့ဩသွားသည့် အမူအရာကို ဟန်ဆောင်ရင်း မေးလိုက်သည်။
“ဘယ်ကမှန်းမသိတဲ့ လေလွင့်နေတဲ့ လူနှစ်ယောက်က ကျွန်တော်တို့ရဲ့ သွေးဝတ်ရုံဂိုဏ်းခွဲမှာ ရှုပ်ယှက်ခတ်အောင် လုပ်နေကြတာပါ... ကျွန်တော်တို့ ဂိုဏ်းနှစ်ခုကြားက မျိုးဆက်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ခင်မင်မှုကို ထောက်ထားပြီး သူတော်စင်မလေးအနေနဲ့ ကျွန်တော်တို့ကို ကူညီပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ...”
ပိုင်ယုဖုန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အလေးအနက် တောင်းဆိုလိုက်သည်။
“အင်း...”
ကျိုးမန်ရင်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“စိတ်အေးအေးထားပါ... ငါတို့ ဂိုဏ်းနှစ်ခုက မိတ်ဆွေဟောင်းတွေပဲလေ... သွေးဝတ်ရုံဂိုဏ်း ဒုက္ခရောက်နေတာကို ငါ့ရဲ့ ဟွမ်းဟွမ်းဂိုဏ်းက ဒီအတိုင်း ကြည့်နေလို့ မဖြစ်ပါဘူး...”
သူသည် သူ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကို အသာအယာ မြှောက်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ အမူအရာတစ်ခု လုပ်လိုက်ရာ ချက်ချင်းပင် ဟွမ်းဟွမ်းဂိုဏ်းမှ မူလပင်လယ်နယ်ပယ် တပည့် အယောက်နှစ်ဆယ်၊ သုံးဆယ်ခန့် ပြေးထွက်လာကြသည်။
“အဲ့ဒီယောင်္ကျားလေးကို အရှင်ဖမ်း၊ မိန်းကလေးကိုတော့ သတ်ပစ်...”
သူမ၏ ဘေးရှိ အထိန်းတော်ကြီးက တိုးညင်းသောအသံနှင့် အမိန့်ပေးလိုက်သည်။
အထိန်းတော်ကြီး၏ စကားများကို ကြားလိုက်ရသည့်အခါ ကျိုးမန်ရင်၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာသွားခဲ့သည်။ သူမကို ကြီးပြင်းလာအောင် စောင့်ရှောက်ခဲ့သည့် ဤအထိန်းတော်ကြီးမှာ သူမ၏ အတွေးများကို အကုန်သိနေခဲ့သည် မဟုတ်ပါလား။ ကျိုးမန်ရင်သည် ထို ချောမောသော လူငယ်လေးကို သဘောကျသွားကြောင်း သူမ သိနေခဲ့သည်။
ယခုအခါ ရင်ပြင်ထက်တွင် ရပ်နေရင်း မီတာပေါင်းများစွာ ဝေးကွာနေသော်လည်း ကျိုးမန်ရင်သည် လူငယ်လေးထံမှ ထွက်ပေါ်နေသည့် အဆမတန် ကြီးမားသော ယောက်ျားပီသသည့် အရှိန်အဝါများကို ခံစားနေရသည်။ ဤအရှိန်အဝါများမှာ ရှေးဟောင်းနဂါးတစ်ကောင်ကဲ့သို့ သူမထံသို့ တိုးဝှေ့လာပြီး သူမအား လွှမ်းမိုးထားခဲ့သည်။ ဤအရာက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပူလောင်စေပြီး အားနည်းသွားစေကာ ထိုလူငယ်လေး၏ ရင်ခွင်ထဲသို့ တိုးဝင်ချင်စိတ်များ ပေါက်ဖွားလာစေခဲ့သည်။
လော့လီကတော့ ပါးနပ်သူတစ်ဦး ဖြစ်သည်။ ဟွမ်းဟွမ်းဂိုဏ်း၏ အမည်ကို ကြားလိုက်ရသည့် ခဏမှာပင် သူမသည် မကောင်းသော အငွေ့အသက်အချို့ကို ခံစားလိုက်ရသည်။ ဟွမ်းဟွမ်းဂိုဏ်း၏ သူတော်စင်မလေး ကျိုးမန်ရင်အကြောင်းကို သူမ သေချာပေါက် ကြားဖူးသည်။ ထိုသူတော်စင်မလေးမှာ ကျင့်ကြံခြင်းအတွက် သင့်တော်မည့်သူများကို အမြဲတမ်း လိုက်လံရှာဖွေနေသူဖြစ်ကြောင်း ပြောစမှတ် ရှိကြသည်။ သူမသည် နှစ်တိုင်းတွင် အချိန်အချို့ပေး၍ နေရာအနှံ့ ခရီးလှည့်လည်ကာ ရှာဖွေလေ့ရှိသည်။
“ဂျူနီယာမောင်လေး... တစ်စုံတစ်ယောက်က နင့်ကို ပစ်မှတ်ထားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး...”
လော့လီက ပြုံးစစနှင့် နောက်ပြောင်လိုက်ရင်း သူမ၏ ဓားကို ဝှေ့ယမ်းကာ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲပြီး ဂျွန်မော့ရှောင်၏ ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။
ဂျွန်မော့ရှောင်၏ နုနယ်သော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။ ဤဟွမ်းဟွမ်းဂိုဏ်း၏ သူတော်စင်မလေးက သူ့ကို ပစ်မှတ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ဟွမ်းဟွမ်းဂိုဏ်း၏ နာမည်ပျက်ကို ကြားဖူးသည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် သူက ဤကဲ့သို့သော အမျိုးသမီးမျိုးကို အဘယ်မှာ စိတ်ဝင်စားနိုင်မည်နည်း။
ဂျွန်မော့ရှောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်နှာမှာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်သွားခဲ့သည်။
“စီနီယာအစ်မ... စိတ်မပူပါနဲ့... တကယ်လို့ သူက ကျွန်တော့်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲမယ်ဆိုရင် ကျွန်တော် သူ့ကို ချက်ချင်း သတ်ပစ်မှာပါ...”
“ဂျူနီယာမောင်လေး... ပြောတာ တော်တယ်...”
လော့လီက အားရပါးရ ရယ်မောလိုက်ပြီး တိုက်ပွဲအတွင်းသို့ ပြန်လည်ဝင်ရောက်လိုက်သည်။
ဟွမ်းဟွမ်းဂိုဏ်းမှ မူလပင်လယ်နယ်ပယ် တပည့်များ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခြင်းနှင့်အတူ လော့လီနှင့် ဂျွန်မော့ရှောင်တို့အပေါ် ကျရောက်လာသော ဖိအားများမှာ ပိုမိုပြင်းထန်လာခဲ့သည်။
အထိန်းတော်ကြီးသည် ပတ်ဝန်းကျင်ကို သတိရှိစွာ စူးစမ်းကြည့်လိုက်သည်။ ရုတ်တရက် သူမသည် ထောင့်တစ်နေရာတွင် ထူးထူးခြားခြား ရှိနေသည့် အနက်ရောင်ရထားလုံးနှင့် မြင်းနက်ကြီးကို သတိပြုမိလိုက်သည်။ သူမသည် စစ်ဆေးရန် သူမ၏သိစိတ်အာရုံကို ပို့လွှတ်လိုက်သော်လည်း ၎င်းမှာ သာမန်ရထားလုံးနှင့် မြင်းနက်ကြီးမျှသာ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် နောက်ထပ် အာရုံမစိုက်တော့ပေ။
ထိုစဉ် သူသည် သူ၏ အကြည့်ကို အခြားတစ်နေရာသို့ လွှဲလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ သွေးအိုင်ထဲတွင် လဲကျနေသော သွေးဝတ်ရုံဂိုဏ်းမှ အကြီးအကဲလျူကို တွေ့လိုက်ရသည်။
“နင့်ရဲ့ သွေးဝတ်ရုံဂိုဏ်းက နတ်ဘုရားအာရုံနယ်ပယ် အကြီးအကဲလျူက ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ...”
အထိန်းတော်ကြီးက ပိုင်ယုဖုန်းကို မေးလိုက်သည်။
ပိုင်ယုဖုန်းသည် စိတ်ကို တင်းထားပြီး ရှင်းပြလိုက်သည်။
“အစ်မကြီး... အကြီးအကဲလျူက သန်မာတဲ့ ရန်သူရှေ့မှာ ကြောက်ရွံ့ပြီး သေချင်ယောင်ဆောင်နေတာပါ... ကျွန်တော်က ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း ဆောင်ရွက်လိုက်ရုံပါပဲ...”
“သေချင်ယောင်ဆောင်တာ ဟုတ်လား...”
အထိန်းတော်ကြီးမှာ မှင်တက်မိသွားခဲ့သည်။ သူသည် ကျိုးမန်ရင်ကို တစ်ချက်ကြည့်လိုက်ရာ နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်နေခဲ့သည်။
သိက္ခာရှိလှသော နတ်ဘုရားအာရုံနယ်ပယ် ကျင့်ကြံသူတစ်ဦးအနေနှင့် မူလပင်လယ်နယ်ပယ်မှ လူငယ်နှစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် အန္တရာယ်မှ လွတ်မြောက်ရန် သေချင်ယောင်ဆောင်ဖို့ တကယ်ကြီး လိုအပ်လို့လား။ ၎င်းတို့နှစ်ဦးစလုံးသည် ဤကိစ္စကို အလွန်ပင် ထူးဆန်းနေမိသည်။
ကျိုးမန်ရင်၏ အကြည့်မှာမူ ချောမောရဲရင့်သော လူငယ်လေးထံသို့သာ စွဲမြဲနေပြီး ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထံမှ ပြင်းထန်သော ယောက်ျားပီသသည့် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ သူမသည် အကြီးအကဲလျူ၏ ကိစ္စကို အမြန်ပင် မေ့ပျောက်လိုက်သည်။ သူမ၏ ကြယ်တာရာကဲ့သို့ မျက်ဝန်းများမှာ မြူခိုးများ ဖုံးလွှမ်းလာခဲ့ပြီး သူမ၏ မျက်နှာမှာ မက်မွန်ပန်းပွင့်ကဲ့သို့ နီမြန်းလာခဲ့သည်။
‘ဒီလူငယ်လေးရဲ့ ယောက်ျားပီသတဲ့ အရှိန်အဝါက ဘာလို့ ဒီလောက်အထိ ပြင်းထန်နေရတာလဲ...’
သူမက တွေးနေမိသည်။
ဤသို့ တွေးလိုက်သည့်အခါ ကျိုးမန်ရင်သည် သူမ၏ ခြေထောက်များကို တင်းတင်းစေ့လိုက်မိပြီး သူမ၏ ဆွဲဆောင်မှုရှိကာ နုနယ်သော ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ပိုမိုခက်ခဲလာတော့သည်။
အခန်း ၃၀ ပြီးပါပြီ။