← Chapters

အခန်း (၆၄၆-၆၄၈)

Vol. 44 Ch. 646-648

အခန်း (၆၄၆-၆၄၈)

Vol. 44 Ch. 646-648

အခန်း (၆၄၆) - ပူးပေါင်းမှု ပျက်ပြားခြင်း

~“ငါက ဘာလို့ မလုပ်ရမှာလဲ”

ဖန်ရွှီဟွိုင်က လှောင်ပြောင်သော အပြုံးဖြင့် ခနဲ့တဲ့တဲ့ တုံ့ပြန်လိုက်လေသည်။ ဖုန်းဝူချန်၏ စကားများကို သူက အပ်ဖျားခန့်မျှပင် ဂရုမစိုက်ကြောင်း သူ၏ မျက်နှာအမူအရာက သက်သေပြနေပေ၏။

“ဝှစ်... ဝှစ်...”

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို ထုတ်သုံးလိုက်ကြသည်။ သူတို့ နှစ်ဦး ဖန်ရွှီဟွိုင်၏ ရှေ့သို့ ရောက်ရှိသွားကာ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေ၏။

“နတ်ဘုရား ဝိညာဉ် ကျောက်တုံးကို အခုချက်ချင်း ထုတ်ပေးစမ်း”

ဖုန်းဝူချန် ခက်ထန်စွာ ကြိမ်းမောင်းလိုက်သည်။ ရေခဲတမျှ အေးစက်လှသော သူ၏ သတ်ဖြတ်လိုစိတ်များက ဖန်ရွှီဟွိုင်ထံသို့ တန်းတန်းမတ်မတ် ကျရောက်သွားလေ၏။ ထိုအရာက လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်ပင် ပြင်းထန်လွန်းလှပေသည်။

“မင်းလို ကောင်စုတ်လေးရဲ့ စွမ်းအားနဲ့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ် ထင်နေလား... ငါ့ရှေ့လာပြီး အသံမကျယ်နဲ့ကွ... ယန်ဟွမ် သဲကန္တာရတုန်းက ‌ကောင်းကင်နတ်ဆိုး သူတော်စင်မလေးရဲ့ နတ်ဘုရား အသွင်ပြောင်း အကာအကွယ်သာ မရှိရင် မင်းတို့ အသက်ရှင်မယ် ထင်နေလား”

ဖန်ရွှီဟွိုင်က အထင်အမြင်သေးစွာဖြင့် ကဲ့ရဲ့လိုက်လေ၏။

“ယင်ယန် မိသားစုကသာ ဝင်မစွက်ဖက်ရင် ဖူယန် လို ငတုံးက ငါတို့ကို ဒုက္ခပေးနိုင်မယ် ထင်လို့လား”

ဖုန်းဝူချန်က မထီမဲ့မြင် ပြန်လည် ချေပလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ပိုင်လီယွီဖုန်းထံသို့ လျှို့ဝှက် သတင်းစကား ပါးလိုက်လေ၏။

“ဖန်ရွှီဟွိုင်... မင်းက တော်တော် ရဲတင်းနေပါလား”

ဖုန်းဝူချန် စကားဆိုနေခိုက်မှာပင် ပိုင်လီယွီဖုန်း၏ အေးစက်စက် အသံ ထွက်ပေါ်လာတော့သည်။ ထိုအသံထဲတွင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ကိန်းအောင်းနေ၏။

ထိုအသံကို ကြားသောအခါ ဖန်ရွှီဟွိုင် မျက်မှောင်ကြုတ်သွား၏။ သူ၏ မျက်နှာ အမူအရာမှာ အလွန်တရာ မှောင်မိုက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ပိုင်လီယွီဖုန်း... မင်းရဲ့ သခင်လေး အဆင့်အတန်းကို သုံးပြီး ငါ့ကို လာအမိန့်မပေးနဲ့... မင်းကိုယ်မင်း ဘယ်သူ မှတ်နေလဲ... ငါတို့ နတ်ဆိုးမျိုးနွယ်က အနိုင်ကျင့်ရ လွယ်တယ် ထင်နေလား... ရတနာ ရှာဖို့ ငါ သဘောကောင်းပြီး ပူးပေါင်းပေးတာကို မင်းက ငါ့ကို မင်းရဲ့ အစေခံလို ဆက်ဆံနေတယ်”

“ဖုန်းဝူချန် ရောက်မလာခင်အထိ ငါ့ဆီကနေ အများကြီး ဖုံးကွယ်ထားမှန်း ငါ မသိခဲ့ဘူး... ပိုင်လီယွီဖုန်း... သေချာ မှတ်ထား... ငါ မရရင် မင်းလည်း မရစေရဘူး... နောက်ပြီး ငါတို့ရဲ့ ပူးပေါင်းမှုက ဒီမှာတင် ပြီးပြီ... ဟိုကောင်စုတ်လေး ဖုန်းဝူချန်နဲ့သာ ဆက်ပြီး ပူးပေါင်းလိုက်တော့”

ဖန်ရွှီဟွိုင်က ပိုင်လီယွီဖုန်းကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ကြိမ်းဝါးလိုက်သည်။

ယခုတော့ ဖန်ရွှီဟွိုင် ဆက်လက် သည်းမခံနိုင်တော့ချေ။

အစပိုင်းတွင် သူသည် ပိုင်လီယွီဖုန်းကို သတိထားရသဖြင့် လည်းကောင်း၊ ဝူမီးတောက်ကို အမြန်ဆုံး ရှာဖွေတွေ့ရှိလိုသဖြင့် လည်းကောင်း ပူးပေါင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် မိမိ၏ မာနကို မျိုသိပ်ထားခဲ့ရပေသည်။

သို့သော် ဖုန်းဝူချန်တို့ အဖွဲ့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ပိုင်လီယွီဖုန်းသည် သူတို့နှင့် ချက်ချင်း ပူးပေါင်းလိုက်၏။ သူ သဘောတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ အပ်ဖျားခန့်မျှ ဂရုမစိုက်ခဲ့ချေ။

မည်မျှပင် သည်းခံနိုင်စွမ်းရှိသော သူဖြစ်စေကာမူ ပိုင်လီယွီဖုန်း၏ ဤကဲ့သို့ လျစ်လျူရှုမှုမျိုးကိုမူ လုံးဝ ခံအံ့နိုင်မည် မဟုတ်ပေ။

နတ်ဆိုးမျိုးနွယ်၏ အင်အားသည် ပိုင်လီ မျိုးနွယ်စုလောက် မကြီးမားသော်ငြားလည်း တကယ့် စစ်ပွဲကြီးသာ ဖြစ်ပွားလာပါက မည်သူ နိုင်မည်ကို ကြိုတင် ခန့်မှန်း၍ မရနိုင်ချေ။

ဤမျှ အစွမ်းထက်သော မျိုးနွယ်စု ကျောထောက်နောက်ခံ ရှိနေသဖြင့် ဖန်ရွှီဟွိုင်သည် ပိုင်လီယွီဖုန်းကို အလျဉ်းကြောက်ရွံ့နေမည် မဟုတ်ပေ။ သူသည် တစ်ဖက်လူကို အနိုင်မယူနိုင်ရုံသာ ရှိလေ၏။

“ဒါဆိုရင်လည်း... အခုပဲ မင်းကို တမလွန် ပို့ပေးရတာပေါ့”

ပိုင်လီယွီဖုန်းက ခက်ထန်စွာ ရေရွတ်လိုက်သည်။ သူ၏ ကိုယ်မှ သတ်ဖြတ်လိုစိတ် အရှိန်အဝါများ ရုတ်တရက် အဆမတန် ထိုးတက်လာတော့၏။

“တမလွန် ပို့မယ် ဟုတ်လား...”

ဖန်ရွှီဟွိုင်က လှောင်ပြုံး ပြုံးလိုက်ရင်း ခက်ထန်စွာ တုံ့ပြန်လိုက်လေသည်။

“ပိုင်လီယွီဖုန်း... မင်းက ငါ့ကို အရမ်း အထင်သေးနေတာပဲ... ငါက မင်းကို တကယ် ကြောက်နေတယ်လို့ ထင်နေတာလား”

“မင်း အကာအကွယ် လုပ်ထားတာက ငါ့ရဲ့ နတ်ဆိုးမျိုးနွယ်ဆီ သတင်းပို့ပြီး အစွမ်းထက် ပညာရှင်တွေ ခေါ်လိုက်မှာကို စိုးရိမ်လို့ မဟုတ်လား... အခု ငါ့ကို နှုတ်ပိတ်ချင်နေတာလား... ငါ့ကို ဖူယန် လို့များ မှတ်နေသလားကွ”

ဖန်ရွှီဟွိုင်သည် စကားပြောရင်း ပို၍ ဒေါသထွက်လာကာ နောက်ဆုံးတွင် သည်းကြီးမည်းကြီး အော်ဟစ်လိုက်တော့သည်။

“ဝုန်း... ဝုန်း...”

ထျန်းကျီဘုံ အဋ္ဌမအလွှာ၏ အလွန် ပြင်းထန်သော စွမ်းအားကြီး ပေါက်ကွဲထွက်လာ၏။ အပြာရောင် အလင်းတန်းများ လျှပ်တစ်ပြက် တောက်ပသွားသည်။ ကောင်းကင်ယံ တစ်ခုလုံး လင်းထိန်သွားတော့သည်။ တောင်ကုန်း တောင်တန်းကြီးများ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားသည်။ ပြိုကျပျက်စီးကုန်တော့၏။

ဖန်ရွှီဟွိုင်သည် သူ၏ မှော်လက်နက်ကို ဆင့်ခေါ်လိုက်သည်။ သူ၏ အစစ်အမှန် ယွမ်များကို အစွမ်းကုန် ထုတ်ဖော် လည်ပတ်လိုက်လေသည်။ စွမ်းအားများ အဆုံးအစမဲ့ အဟုန်ဖြင့် ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာတော့၏။

“တကယ့်ကို ကြောက်စရာ ကောင်းတဲ့ စွမ်းအားကြီးပဲ”

ယီထျန်းချင်းက ရေရွတ်လိုက်ရင်း မြောက်ပိုင်း နယ်နိမိတ် ချောက်နက်ကြီးဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။

“ဒုက္ခပဲ... နန်းတော်သခင်”

ပေတိုယန်၊ လျိုချင်းယန်နှင့် အခြားသူများအားလုံး ထိုကြောက်မက်ဖွယ် စွမ်းအားကြီးကို ခံစားလိုက်ရသည်။ သူတို့ အားလုံး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြတော့၏။

“ဝှစ်... ဝှစ်... ဝှစ်...”

မျက်တောင်တစ်ခတ် အတွင်းမှာပင် လျိုချင်းယန်နှင့် အခြားသူများ အားလုံး ပြန်လည် ရောက်ရှိလာကြ‌၏။

“အားလုံး စုံသွားပြီပေါ့လေ... အတော်ပဲ”

ဖန်ရွှီဟွိုင်က ရက်စက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ သူ၏ မျက်နှာ အမူအရာမှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်နေပေတော့သည်။

“ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား... မင်း အများကြီး လိုပါသေးတယ်ကွာ”

ပိုင်လီယွီဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည်လည်း ထျန်းကျီဘုံ သတ္တမအလွှာ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်လေ၏။

ပိုင်လီ မျိုးနွယ်စု၏ သခင်လေး တစ်ယောက်အနေဖြင့် ပိုင်လီယွီဖုန်းသည် ဖန်ရွှီဟွိုင်ကို တစ်ကြိမ်တစ်ခါမျှ မကြောက်ရွံ့ခဲ့ဖူးချေ။ သူ၏ စိတ်ထဲတွင် ဖန်ရွှီဟွိုင်အား အရေးတယူပင် မလုပ်ခဲ့ပေ။

“မင်း တွေးတာ လွန်နေပြီ... ငါက မင်းတို့ အားလုံးကို နှုတ်ဆက် လက်ဆောင်လေး ပေးချင်ရုံတင်ပါ... ဆုံတွေ့ရတာ ရေစက်ပဲလေ... ရေစက်ပါလို့ ဆုံတွေ့ရမှတော့ ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ စေတနာကို ပြတဲ့အနေနဲ့ နှုတ်ဆက် လက်ဆောင်လေး ပေးရမှာပေါ့”

ဖန်ရွှီဟွိုင်က ရက်စက်စွာ လှောင်ရယ်လိုက်လေသည်။

“မင်းရဲ့ စေတနာကို ငါ ကျေးဇူးတင်စွာနဲ့ လက်ခံရရှိပါတယ်ကွာ”

ပိုင်လီယွီဖုန်း၏ ရေခဲတမျှ အေးစက်သော အသံက ဖန်ရွှီဟွိုင်၏ အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ သူ၏ လက်ဝါးထဲတွင် အလွန် ပြင်းထန်သည့် စွမ်းအားများ စုစည်းမိနေပြီ ဖြစ်၏။

“ဟွန်း... ပိုင်လီယွီဖုန်း... ငါ့ကို အထင်မသေးစမ်းနဲ့”

ဖန်ရွှီဟွိုင်က အေးစက်စက် လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်သည်။ ပိုင်လီယွီဖုန်း သူ၏ အနောက်တွင် ရောက်ရှိလာသည်ကို သူ ချက်ချင်း သတိပြုမိသွား၏။

“အရိပ်မဲ့ ကျင့်စဉ်”

ဖန်ရွှီဟွိုင် အေးစက်စွာ မာန်သွင်းလိုက်သည်။ သူ၏ ကိုယ်က လေဟာနယ်ထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

“သူ ပျောက်သွားပြီ”

လျိုချင်းယန် အံ့အားသင့်စွာ လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။

“သူ့ရဲ့ တည်ရှိမှုကို လုံးဝ အာရုံခံလို့ မရဘူး... တကယ်ကို အံ့မခန်း ကိုယ်ဖော့သိုင်းပဲ”

ယီထျန်းချင်းက မှင်သက်စွာ ရေရွတ်လိုက်၏။

“အားလုံး သတိထားကြ... ရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်တာကို ခံရမယ်”

ဖုန်းဝူချန်က လေးနက်သော လေသံဖြင့် သတိပေးလိုက်လေသည်။

ဖန်ရွှီဟွိုင်၏ ကိုယ်ဖော့သိုင်းမှာ အလွန်တရာ အစွမ်းထက်လွန်းလှပေသည်။ သူ၏ ကိုယ်သည် အရိပ်အယောင်မျှပင် မချန်ရစ်ဘဲ လုံးဝ ပျောက်ကွယ်သွား၏။ သူ၏ တည်နေရာကိုဖြစ်စေ၊ တည်ရှိမှုကိုဖြစ်စေ မည်သူမျှ ခွဲခြား သိမြင်နိုင်ခြင်း မရှိတော့ချေ။

“မင်းရဲ့ အရိပ်မဲ့ ကျင့်စဉ်က ငါ့ဆီမှာ အသုံးမဝင်ဘူးကွ”

ပိုင်လီယွီဖုန်းက မထီမဲ့မြင် ပြောလိုက်လေသည်။

“တကယ်ပဲ အသုံးမဝင်တာ သေချာလို့လား”

ဖန်ရွှီဟွိုင်၏ ရက်စက်သော အသံ ထွက်ပေါ်လာသည်။ သို့သော် ထိုအသံမှာ လေဟာနယ်ထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေကာ မည်သည့် နေရာမှ လာသည်ကို အတိအကျ ခွဲခြား၍ မရနိုင်ပေ။

“ရွှီး...”

“ဝုန်း...”

ပိုင်လီယွီဖုန်း လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲမှုကြီး တစ်ခု လေဟာနယ်ထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ စွမ်းအင် လှိုင်းလုံးကြီးများ လေထဲတွင် ဂယက်ထသွားသည်။ သို့တိုင်အောင် ဖန်ရွှီဟွိုင်၏ အရိပ်အယောင်ကိုမူ မည်သည့် နေရာတွင်မျှ မတွေ့ရချေ။

ထိုစွမ်းအင် လှိုင်းလုံးကြီးသည်ကား ဖန်ရွှီဟွိုင်ကို ထောင်ချောက်ဆင် ဖမ်းဆီးရန် ပိုင်လီယွီဖုန်း ဖန်တီးထားသော အကာအကွယ် အခင်းအကျင်းပင် ဖြစ်တော့သည်။

“ပိုင်လီယွီဖုန်း... ငါ ဘယ်မှာ ရှိနေလဲဆိုတာ မင်း လုံးဝ မသိဘူးလေ... ဒီလို ကမူးရှူးထိုး တိုက်ခိုက်နေတော့ရော ဘာထူးမှာလဲ... အရိပ်မဲ့ ကျင့်စဉ်ကို မင်း ဖောက်ထွင်း မြင်နိုင်တယ် ဆိုရင်တောင် ငါ ငြိမ်ငြိမ်လေး ရပ်နေတဲ့ အချိန်မှပဲ မြင်နိုင်မှာပေါ့ကွာ”

ဖန်ရွှီဟွိုင်၏ အထင်အမြင်သေးသော လှောင်သံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ရွှီး...”

“ဝုန်း...”

ပိုင်လီယွီဖုန်း သူ၏ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ပိုမို ပြင်းထန်သော စွမ်းအား၊ ပိုမို ထိတ်လန့်ဖွယ် ကောင်းသော အရှိန်အဟုန်တို့ ပါဝင်နေပေ၏။ သို့သော် အလကားပင်။ ဖန်ရွှီဟွိုင်၏ တည်နေရာကို အတိအကျ ရှာဖွေနိုင်ခြင်း မရှိသေးချေ။

“နှမြောစရာပဲ... အရမ်း နှေးနေတုန်းပဲ... ပိုင်လီယွီဖုန်း... မင်းမှာ ဒီလောက်ပဲ စွမ်းရည် ရှိတာလား၊ ဟီးဟီးဟီး”

ဖန်ရွှီဟွိုင်၏ မောက်မာသော ရယ်သံ ထပ်မံ ပဲ့တင်ထပ်သွားလေသည်။

ထိုစကားကို ကြားသောအခါ ပိုင်လီယွီဖုန်း မျက်မှောင်ကြုတ်သွား၏။ သူ၏ မျက်ဝန်းထဲတွင် ရက်စက်မှု တည်ရှိမှုများ ပိုမို ပြင်းထန်လာတော့သည်။

“သူ့ရဲ့ လှုပ်ရှားမှုက အရမ်း မြန်လွန်းတယ်... တည်နေရာကို အတိအကျ ခန့်မှန်းဖို့ အရမ်း ခက်ခဲနေတယ်”

ဟု နန်းကုန်းကျန့်က လေးနက်သော လေသံဖြင့် သုံးသပ်လိုက်လေသည်။

“တကယ့်ကို အံ့မခန်း ကိုယ်ဖော့သိုင်းပဲ... သူနဲ့ တိုက်ခိုက်ရရင် ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး”

ပေတိုယန်က မျက်ခုံးများ ကျုံ့နေသည်။

“ကောင်လေး... မင်း ပြောတာ မမှားဘူး... ငါ့ရဲ့ အရိပ်မဲ့ ကျင့်စဉ်အောက်မှာ လူဘယ်နှစ်ယောက် သေခဲ့ပြီလဲဆိုတာ ဘယ်သူ သိမှာလဲ... ကဲ... နှုတ်ဆက် လက်ဆောင်လေး ပေးရမယ့် အချိန် ရောက်ပြီ”

ဖန်ရွှီဟွိုင်၏ ကျောချမ်းဖွယ် ရယ်သံ ထွက်ပေါ်လာတော့၏။

“မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... မိုးကြိုး ဖိနှိပ်ခြင်း”

ဖန်ရွှီဟွိုင် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ သူ၏ မိုးကြိုး စွမ်းအင်များ အစွမ်းကုန် ပေါက်ကွဲထွက်လာ၏။ ကြီးမားလှသော အရှိန်အဝါက မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

“ဂျိမ်း...ဂျုန်း...”

ကောင်းကင်ယံတွင် မိုးကြိုးများ ထစ်ချုန်းနေ၏။ လျှပ်စီး နဂါးကြီးများ တောက်ပလျက်ရှိ၏။ ကျယ်ပြောလှသော လေဟာနယ်ကြီး တစ်ခုလုံး အလွန် ပြင်းထန်သော မိုးကြိုး စွမ်းအားများဖြင့် ပြည့်နှက်သွားလေတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဝီ... ဝီ...”

ခဏအကြာတွင် ထိတ်လန့်ဖွယ် မိုးကြိုးပစ်ခတ်မှု ထောင်ပေါင်းများစွာ ကောင်းကင်မှ ကျဆင်းလာသည်။ ခမ်းနားကြီးကျယ်သလို ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းလှပေသည်။ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံး တုန်လှုပ်ချောက်ချားသွား၏။ တောင်ကုန်း တောင်တန်းကြီးများပေါ်တွင် ကြီးမားသော အက်ကြောင်းကြီးများ ထွက်ပေါ်လာတော့သည်။

“တကယ့်ကို ကြောက်စရာ ကောင်းတဲ့ မိုးကြိုး စွမ်းအားကြီးပါလား”

လျိုချင်းယန်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေပြီး သွေးဆုတ်ဖြူရော်သွားလေ၏။

“နတ်ဘုရား ဝိညာဉ် အကာအကွယ်”

လင်ရှောင်ရှောင် ချက်ချင်းပင် အေးစက်စွာ အော်ဟစ်လိုက်သည်။ အပြာရောင် အကာအကွယ် ကြီးမားကြီး တစ်ခု ဖန်တီးလိုက်ပြီး ဖုန်းဝူချန်နှင့် သူတို့ အဖွဲ့အားလုံးကို ဖုံးလွှမ်း ကာကွယ်လိုက်လေ၏။

ထိုအခိုက်အတန့်၌ပင် ပိုင်လီယွီဖုန်း စတင် လှုပ်ရှားလေတော့သည်။

ကြောက်မက်ဖွယ် မိုးကြိုးပစ်ခတ်မှု ထောင်ပေါင်းများစွာ ကျဆင်းလာချိန်တွင် ပိုင်လီယွီဖုန်း ကောင်းကင်ယံသို့ ပျံတက်သွား၏။ သူ၏ ကြီးမားလှသော အရှိန်အဝါ လေထဲတွင် တဟုန်ထိုး လွင့်စင်ထွက်ပေါ်သွားတော့သည်။

“ဖန်ရွှီဟွိုင်... ငါ့ရဲ့ စွမ်းအားက ဘယ်လောက်အထိ ရှိလဲဆိုတာ မင်း ကြည့်ချင်နေတာလား... ငါ့ရှေ့မှာ မင်းရဲ့ စွမ်းအားက ဘယ်လောက်တောင် အရေးမပါဘူးလဲဆိုတာ အခု မင်းကို သိစေရမယ်”

ပိုင်လီယွီဖုန်းက အေးစက်စွာ ကြိမ်းမောင်းလိုက်လေတော့၏။

အခန်း (၆၄၇) - ထွက်ပြေး လွတ်မြောက်ခြင်း

~ပိုင်လီယွီဖုန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိတ်လန့်ဖွယ်ကောင်းသော မိုးကြိုးပစ်ခတ်မှု ထောင်ပေါင်းများစွာကို တစ်ကိုယ်တည်း ရင်ဆိုင်လိုက်လေ၏။

သူ၏ ခန္ဓာကိုယ်ကို ကြက်ခြေခတ်ပုံစံ ဖြန့်ကျက်လိုက်ကာ ဖျက်ဆီးခြင်း စွမ်းအင်များကို ပတ်ဝန်းကျင် အရပ်ရပ်မှ စုစည်းလိုက်သည်။ မျက်စိကျိန်းမတတ် တောက်ပလှသော ရွှေရောင် အလင်းတန်းကြီးက လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

ထိုအခိုက်အတန့်၌ပင် အလွန်တရာ ပြင်းထန်သော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာချေသည်။

ထိတ်လန့်ဖွယ် မိုးကြိုး လျှပ်စီးတန်း ထောင်ပေါင်းများစွာသည် သံလိုက်ဓာတ် ဆွဲငင်ခံရသည့်အလား ပိုင်လီယွီဖုန်းထံသို့ ပြင်းထန်စွာ စုပြုံ ကျဆင်းလာကြလေ၏။

ထိုမိုးကြိုးများ အားလုံးသည် သူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

ယီထျန်းချင်းနှင့် အခြားသူများအားလုံး ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ရှူဖို့ပင်မေ့ သွားကြသည်။ သူတို့၏ မျက်ဝန်းများ ပြူးကျယ်သွားကာ မိမိတို့ ကိုယ်တိုင် မိုးကြိုးအပစ်ခံရသည့်အလား ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ယင်လာကြလေ၏။

မိုးကြိုးအပစ်ခံရခြင်း၏ အရသာက မည်သို့ ရှိမည်နည်း။

“ဟွန်း... သေချင်လို့ မြောင်းထဲ ဝင်တာပဲ”

မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ဖန်ရွှီဟွိုင်က မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။ သူ၏ စိတ်ထဲတွင်မူ အလွန် ကျေနပ် အားရနေတော့၏။

သို့သော် ဖန်ရွှီဟွိုင်၏ စကားသံ အဆုံးတွင် ပို၍ အံ့အားသင့်ဖွယ် ကောင်းသော မြင်ကွင်းကြီး ထပ်မံ ဖြစ်ပေါ်လာပြန်လေသည်။

ထောင်ပေါင်းများစွာသော မိုးကြိုးစွမ်းအားများသည် ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် စုစည်းသွားကာ လျှပ်စီးကြိုးတန်းများအဖြစ် ရစ်ပတ်နေကြ၏။ သို့ဖြစ်သော်ငြားလည်း သူသည် အပ်ဖျားခန့်မျှပင် ထိခိုက် ဒဏ်ရာရခြင်း မရှိပေ။

ထိုမျှ မကသေးချေ။ ကြောက်မက်ဖွယ် မိုးကြိုး စွမ်းအားများသည် ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

တိတိကျကျ ဆိုရလျှင် အားနည်းသွားခြင်းပင် ဖြစ်ချေ၏။

“သူက မိုးကြိုး စွမ်းအားတွေကို စုပ်ယူနေတာပဲ”

ဖုန်းဝူချန်ပင်လျှင် အံ့အားသင့်သွားကာ လွှတ်ခနဲ ရေရွတ်လိုက်လေသည်။

“တကယ်ကြီး စုပ်ယူနေတာလား”

ယီထျန်းချင်းနှင့် ကျန်လူများအားလုံး မှင်သက် အံ့ဩသွားကြကာ ကျောက်ရုပ်ကြီးပမာ ဖြစ်သွားကြတော့သည်။

ထိုအရာသည် ထျန်းကျီဘုံ အဋ္ဌမအလွှာ ပညာရှင်တစ်ဦး အစွမ်းကုန် ထုတ်ဖော်ထားသော သိုင်းကွက် ဖြစ်ပေသည်။ မည်မျှ စွမ်းအားကြီးမားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေ၏။

သို့သော် ပိုင်လီယွီဖုန်းသည် ထိုကြောက်မက်ဖွယ် စွမ်းအားကြီးကို လုံးဝ လျစ်လျူရှုထားရုံသာမက မိမိကိုယ်တိုင်ပင် စုပ်ယူပစ်လိုက်လေသည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မှောင်ရိပ်ထဲမှ ဖန်ရွှီဟွိုင်၏ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ သူသည် ပိုင်လီယွီဖုန်းကို မမှိတ်မသုန်ကြည့်ရင်း ကိုယ်လုံးကြီး တောင့်တင်း သွားတော့၏။

အလွန် ကြီးမားလှသော မိုးကြိုး စွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သူ ရှင်းလင်းစွာ အာရုံခံ သိရှိနေပေသည်။

မိနစ်ဝက်မျှပင် မကြာလိုက်ချေ။ ပိုင်လီယွီဖုန်း၏ ကိုယ်ပေါ်တွင် စုစည်းနေသော မိုးကြိုး စွမ်းအင်များ အားလုံး လုံးဝ စုပ်ယူခံလိုက်ရ‌၏။

“အားလုံးကို စုပ်ယူပစ်လိုက်တာလား”

နန်းကုန်းကျန့်မှာ ဆွံ့အသွား၏။ ဤမျှ များပြားလှသော မိုးကြိုး စွမ်းအားများကို မည်သို့မည်ပုံ စုပ်ယူသွားကြောင်းကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရလေသည်။

“တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်”

ပေတိုယန် တံတွေး တစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်မိသည်။

“ဒါကိုများ နှုတ်ဆက် လက်ဆောင်လို့ ခေါ်တာလား... အရမ်းကို စုတ်ချာလွန်းနေတယ် ... ပိုစွမ်းတဲ့ သိုင်းကွက်တွေ ရှိသေးရင် အကုန် ထုတ်သုံးလိုက်စမ်း”

ပိုင်လီယွီဖုန်းက အေးစက်စွာ ပြောလိုက်သည်။ ဤမျှ ကြီးမားသော မိုးကြိုး စွမ်းအားများကို စုပ်ယူထားသော်လည်း သူ၏ အရှိန်အဝါသည် အပ်ဖျားခန့်မျှ ပြောင်းလဲသွားခြင်း မရှိချေ။

မိုးကြိုး စွမ်းအားများကို စုပ်ယူလိုက်ပါလျက်နှင့် အဘယ်ကြောင့် သူ၏ အရှိန်အဝါ မြင့်တက်မလာရသနည်း။

“မိုးကြိုး စွမ်းအားတွေ ဘယ်ရောက်သွားတာလဲ... အကယ်၍ စုပ်ယူလိုက်တယ်ဆိုရင်တောင် သူ့ရဲ့ အရှိန်အဝါက မြင့်တက်လာရမှာလေ”

လျိုချင်းယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

“သူက မိုးကြိုး စွမ်းအားတွေကို အသွင်ပြောင်းပြီး သူ့ရဲ့ ကိုယ်ပိုင် ခွန်အားအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ”

ဖုန်းဝူချန်က တည်ကြည်လေးနက် သော လေသံဖြင့် ရှင်းပြလိုက်၏။

“ဘယ်လို ဖြစ်နိုင်မှာလဲ... ဒီလောက် ကြီးမားတဲ့ မိုးကြိုး စွမ်းအားတွေကို ချက်ချင်း ကိုယ်ပိုင် ခွန်အားအဖြစ် ပြောင်းပစ်လိုက်တယ် ဟုတ်လား”

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ယီထျန်းချင်းနှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြကာ ချွေးအေးများပင် ပြန်လာကြတော့သည်။

ပိုင်လီယွီဖုန်း၏ ကြောက်မက်ဖွယ် ကောင်းမှုသည် သူတို့၏ တွေးခေါ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေတော့၏။

“ဘာလို့ ရုတ်တရက်ကြီး ငြိမ်ကျသွားရတာလဲ... ခုနကတော့ အရမ်း ဟန်ရေးပြနေတယ် မဟုတ်လား”

ပိုင်လီယွီဖုန်းက ခက်ထန်စွာ မေးခွန်းထုတ်လိုက်သည်။

မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ဖန်ရွှီဟွိုင်၏ မျက်နှာပေါ်တွင် ရုပ်ရည် ခက်ထန်ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေး သော အမူအရာများ ပေါ်လွင်နေကာ အံကို ကြိတ်ထားမိလေသည်။

ပိုင်လီယွီဖုန်း ဤမျှအထိ အစွမ်းထက်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ပေ။

“ဝှစ်...”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပိုင်လီယွီဖုန်း၏ ကိုယ်သည် လေဟာနယ်ထဲတွင် ရုတ်ချည်း ပျောက်ကွယ် သွားတော့၏။ အလွန် မြန်ဆန်လွန်းသဖြင့် မည်သူမျှ အာရုံမခံနိုင်ကြချေ။

“ဒုက္ခပဲ”

ဖန်ရွှီဟွိုင်၏ မျက်နှာ ကွက်ခနဲ ပျက်သွားကာ သွေးဆုတ်ဖြူရော် သွားလေသည်။

ပိုင်လီယွီဖုန်းသည် လျှပ်တစ်ပြက် ဝင်ရောက်လာကာ လေဟာနယ်ထဲသို့ လက်ဝါးဖြင့် ပြင်းထန်စွာ ဆုပ်ကိုင် ဖမ်းဆွဲလိုက်၏။

ဒုတိယ စက္ကန့်တွင် ဖန်ရွှီဟွိုင်၏ ကိုယ်ကြီး ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ လည်ပင်းသည် ပိုင်လီယွီဖုန်း၏ လက်ထဲတွင် အမိအရ ဆုပ်ကိုင်ခံလိုက်ရတော့သည်။

“ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဖန်ရွှီဟွိုင်သည် ကြောက်လန့်တကြား ရေရွတ်လိုက်သည်။ သူ၏ နောက်ကျောတစ်ခုလုံး ချွေးများ ရွှဲနစ်နေကာ ပိုင်လီယွီဖုန်းကို အလွန်တရာ ထိတ်လန့်သော မျက်ဝန်းများဖြင့် ကြည့်နေမိလေ၏။

ပိုင်လီယွီဖုန်းသည် မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း ရောက်ရှိလာကာ ဖန်ရွှီဟွိုင်ကို အတိအကျ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“အံ့မခန်းပဲ”

လျိုချင်းယန်နှင့် အခြားသူများ ထပ်မံ၍ အံ့အားသင့် သွားကြပြန်သည်။

“ဖန်ရွှီဟွိုင်ရဲ့ နေရာကို သူက ချက်ချင်း အတိအကျ ဖမ်းဆွဲနိုင်ခဲ့တယ်... ဒါ ဘယ်လို လုပ်လိုက်တာလဲ”

ယီထျန်းချင်းက ထိတ်လန့်စွာဖြင့် အော်ဟစ် လိုက်လေသည်။

တည်ရှိမှု အနည်းငယ်မျှပင် မရှိဘဲ ပိုင်လီယွီဖုန်းသည် မည်သို့များ ဖန်ရွှီဟွိုင်၏ တည်နေရာကို အတိအကျ သိရှိနိုင်ခဲ့ပါသနည်း။

“ဒါက သူ့ရဲ့ သွေးမျိုးဆက် စွမ်းအားနဲ့ ပတ်သက်နေလိမ့်မယ်”

ဖုန်းဝူချန် မျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက် စွာ သုံးသပ်လိုက်၏။

ပိုင်လီယွီဖုန်း၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး သူတို့၏ စိတ်ကူးထက် များစွာ သာလွန်နေပေသည်။

“အရိပ်မဲ့ ကျင့်စဉ် ဆိုတာလည်း သိပ်ပြီး အထင်ကြီးစရာ မကောင်းပါဘူးကွာ”

ပိုင်လီယွီဖုန်းက အေးစက်စွာ ပြောလိုက်သည်။ ပြောပြောဆိုဆို ပင် သူ၏ လက်မှ စွမ်းအားများကို ရုတ်တရက် ပေါက်ကွဲထုတ်လိုက်လေ၏။

“အွတ်... အွတ်...”

ဖန်ရွှီဟွိုင် အသက်ရှူရ ကြပ်လာသည်။ သူ၏ ကြောက်ရွံ့မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားကာ အသေအလဲ ရုန်းကန်နေတော့၏။

“နတ်ဘုရား ဝိညာဉ် ကျောက်တုံးကို အခုပေးစမ်း”

ပိုင်လီယွီဖုန်း ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

အလွန်အမင်း ကြောက်ရွံ့နေသော ဖန်ရွှီဟွိုင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့ကို သတ်ပြီးလျှင်လည်း ပိုင်လီယွီဖုန်းသည် ထိုရတနာကို အလွယ်တကူ ရယူနိုင်ကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပေ၏။

ကပျာကယာ ဖြင့် ဖန်ရွှီဟွိုင်သည် ဘတ်စကက်ဘောလုံး အရွယ်အစားရှိသော နတ်ဘုရား ဝိညာဉ် ကျောက်တုံးကြီးကို ထုတ်ပေးလိုက်သည်။ ထိုအရာကို မြင်သောအခါ ပိုင်လီယွီဖုန်းပင် စိတ်ထဲတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည် ။

“မင်းက ပါးရည်နပ်ရည် ရှိသားပဲ... အသက်ရှင်ချင်တယ် ဆိုရင် လည်လည်ဝယ်ဝယ် နေပါ... မင်းကို သတ်ရတာက ငါ့အတွက် လက်တစ်ဖက် လှန်ရသလောက်ပဲ လွယ်တယ်”

ပိုင်လီယွီဖုန်းက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ ထို့နောက် ဖန်ရွှီဟွိုင်ကို အောက်သို့ အဟုန်ပြင်းစွာ ပစ်လွှင့် လိုက်လေတော့၏။

“ဝှစ်...”

“ဝုန်း...”

ဖန်ရွှီဟွိုင်၏ ခန္ဓာကိုယ်သည် အမည်းရောင် မျဉ်းကြောင်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားကာ အောက်ဘက်သို့ ထိုးဆင်းသွားပြီး တောင်ထွတ်တစ်ခုကို ပြင်းထန်စွာ ဝင်တိုက်မိလေသည်။ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ တောင်ထွတ်ကြီး တစ်ခုလုံး ပေါက်ထွက်သွားကာ မြေပြင်ပေါ်တွင် ကြီးမားလှသော တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်သွား၏။ ဖုန်တေအလူးလူး လွင့်စင်သွားပြီး ကျောက်စကျောက်န မြောက်မြားစွာ ပြန့်ကျဲသွားတော့သည်။ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျ သွားခြင်းပင်။

ထျန်းကျီဘုံ အဋ္ဌမအလွှာ ပညာရှင် တစ်ဦးကို ရင်ဆိုင်ရာတွင် ပိုင်လီယွီဖုန်းအတွက် ပုရွက်ဆိတ် တစ်ကောင်ကို ဖိချေရသကဲ့သို့ အလွန်တရာ လွယ်ကူနေပေသည်။

“ဖန်ရွှီဟွိုင်... မင်းရဲ့ စွမ်းရည် အစုတ်ပလုတ်လေးနဲ့တော့ ငါ့လက်ထဲမှာ သေဖို့တောင် အရည်အချင်း မပြည့်မီဘူးကွ”

ပိုင်လီယွီဖုန်းက မထီမဲ့မြင်ကဲ့ရဲ့ ကာ အေးစက်စွာ ပြောလိုက်သည်။ သူ၏ မောက်မာလှသော အရှိန်အဝါများက ပတ်ဝန်းကျင် တစ်ခုလုံးသို့ တိတ်တဆိတ် ပျံ့နှံ့သွားလေ၏။

ဒါသည် လုံးဝကို စော်ကားလိုက်ခြင်းပင် ဖြစ်ချေသည်။

“ခွေးသား... မင်းကများ ငါ့ကို စော်ကားရဲတယ်ပေါ့လေ”

တောင်တန်းများကြားထဲမှ ဖန်ရွှီဟွိုင်၏ ဒေါသတကြီး ငေါက်ငမ်းသံ ထွက်ပေါ်လာတော့သည်။

“ဝီ... ဝီ...”

“ဝုန်း...”

ဖန်ရွှီဟွိုင် ပြုတ်ကျသွားသော တွင်းနက်ကြီး ပတ်ဝန်းကျင်ရှိ မြေပြင်သည် ရုတ်တရက် တုန်ခါလာပြီးနောက် ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာကာ မြေပြင်ကြီး စုတ်ပြဲသွားသည်။ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများ အားလုံး ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် အမှုန့်ဖြစ်သွားရလေသည်။ ထို့နောက် မျက်စိကျိန်းမတတ် တောက်ပလှသော အပြာရောင် အလင်းတန်းကြီး တစ်ခု ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားတော့၏။

ထိုအပြာရောင် အလင်းတန်းအောက်တွင် ရုပ်ရည် ခက်ထန်ကြမ်းတမ်း နေသော ဖန်ရွှီဟွိုင် ရှိနေပြီး သူ၏ အရှိန်အဝါများက လွှမ်းမိုးဖုံးအုပ်ထားလေသည်။

“ပိုင်လီယွီဖုန်း”

ဖန်ရွှီဟွိုင် ခပ်နှိမ့်နှိမ့် ဟိန်းဟောက်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံအထိ ထိုးတက်သွားတော့၏။

ပိုင်လီယွီဖုန်း၏ အထင်အမြင်သေးမှုနှင့် စော်ကားမှုတို့က ဖန်ရွှီဟွိုင်ကို လုံးဝ ဒေါသအမျက် ခြောင်းခြောင်းထွက်သွားစေခဲ့ပြီ ဖြစ်သည်။

“လာစမ်းပါ... မင်းရဲ့ အစွမ်းကုန်သာ တိုက်ခိုက်လိုက်စမ်း... ဒါက မင်းရဲ့ နောက်ဆုံး တိုက်ပွဲပဲ... ဘာလို့လဲဆိုတော့ ဒီနေ့ မင်း သေချာပေါက် သေရတော့မှာမို့လို့ပဲ”

ပိုင်လီယွီဖုန်းက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက ဖန်ရွှီဟွိုင်ထံသို့ တန်းတန်းမတ်မတ် ကျရောက်နေပြီ ဖြစ်ပေ၏။

“မင်းမှာ အဲဒီ အရည်အချင်း ရှိတယ်ဆိုတာ ငါ လုံးဝ မယုံဘူးကွ”

ထိုစကားကို ကြားသောအခါ ဖန်ရွှီဟွိုင်က ရက်စက်စွာ ဟိန်းဟောက်လိုက်လေသည်။

“ဟွန်း”

ပိုင်လီယွီဖုန်းက မဲ့ပြုံးတစ်ချက် ပြုံး ကာ နှာခေါင်းရှုံ့လိုက်ပြီး တိုက်ခိုက်ရန် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ချေ။

“ထိုက်ရိ မြေလျှိုးကျင့်စဉ်”

ပိုင်လီယွီဖုန်း လှုပ်ရှားလိုက်သည့် အခိုက်အတန့်၌ပင် ဖန်ရွှီဟွိုင်သည် သူ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်လေသည်။

“မင်း လွတ်မယ် ထင်နေတာလား”

ပိုင်လီယွီဖုန်း မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ ဖန်ရွှီဟွိုင်၏ ဘေးသို့ ရုတ်ချည်း ရောက်ရှိလာ၏။ ထို့နောက် သူ၏ ရက်စက်လှသော လက်ဝါးဖြင့် ဖန်ရွှီဟွိုင်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

“ငါ သွားချင်ရင် မင်း တားနိုင်မှာမို့လို့လား”

ဖန်ရွှီဟွိုင်က ရက်စက်စွာ ပြန်လည် ချေပလိုက်သည်။ သူသည် သူ၏ စွမ်းရည်များကို အလွန် ယုံကြည်မှု ရှိနေပေ၏။

စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ပိုင်လီယွီဖုန်း၏ လက်ဝါးကြီး မိုးကြိုးပမာ ရိုက်ချလိုက်ချိန်တွင် ဖန်ရွှီဟွိုင်၏ ခန္ဓာကိုယ်သည် မြေအောက်သို့ အလွန်တရာ ဆန်းကြယ်သော ပုံစံဖြင့် ပျောက်ကွယ်သွားလေတော့သည်။

“ဝုန်း...”

“ဝီ... ဝီ...”

ပိုင်လီယွီဖုန်း၏ လက်ဝါး ရိုက်ချက် ကျရောက်သွားသောအခါ ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် တွင်းနက်ကြီး ပြိုကျသွား၏။ ပေါက်ကွဲသံသည် တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားကာ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားသည့်အလား ထင်မှတ်ရပေသည်။ ထိုဖျက်ဆီးခြင်း စွမ်းအားကြီးကား အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေတော့၏။

အခန်း (၆၄၈) - ကြောက်မက်ဖွယ် အအေးဓာတ်

~“ဟင်”

ပိုင်လီယွီဖုန်း မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

ဤလက်ဝါးရိုက်ချက်သည် အလွန်တရာ ပြင်းထန်ပြီး ဖျက်ဆီးခြင်း စွမ်းအားများ အပြည့်အဝ ပါဝင်နေပေသည်။ အကယ်၍ ဖန်ရွှီဟွိုင်ကိုသာ ထိမှန်သွားခဲ့ပါက တစ်ဖက်လူမှာ သေချာပေါက် အသက်ပျောက်သွားမည်သာ ဖြစ်၏။

သို့သော်ငြားလည်း ပိုင်လီယွီဖုန်းမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့‌၏။ သူ၏ လက်ဝါးကြီး မိုးကြိုးပမာ ရိုက်ချလိုက်သည့် အခိုက်အတန့်၌ပင် ဖန်ရွှီဟွိုင်သည် ပွတ်ကာသီကာလေး ရှောင်တိမ်း သွားခဲ့ခြင်း ဖြစ်ပေသည်။

“ပိုင်လီယွီဖုန်း... မင်းရဲ့ အကာအကွယ်က ငါ့ကို မလှောင်ပိတ်ထားနိုင်ပါဘူးကွာ... ငါ့ကို သတ်ချင်နေတာလား... မင်း အများကြီး လိုပါသေးတယ်”

ဖန်ရွှီဟွိုင်၏ ရုပ်ရည် ခက်ထန်ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေး သော အသံက တောင်တန်းများကြားထဲမှ ပဲ့တင်ထပ် ထွက်ပေါ်လာတော့၏။

“ထွက်ပြေးတဲ့ နေရာမှာတော့ မင်းက တော်တော်လေး ကျွမ်းကျင်တာပဲ”

ပိုင်လီယွီဖုန်းက မထီမဲ့မြင်ကဲ့ရဲ့ လိုက်လေသည်။

“ပိုင်လီယွီဖုန်း... ဒီနေ့ မင်း ငါ့ကို စော်ကားခဲ့တဲ့ အရှက်ကွဲမှုအတွက် နောက်တစ်နေ့ကျရင် ဆယ်ဆပြန်ပြီး လက်စားချေ ပြမယ်... စောင့်သာ ကြည့်နေလိုက်... မင်းက ဝူမီးတောက်ကို ယူနိုင်မယ် ထင်နေတာလား... ဟွန်း... အိပ်မက် မက်နေလိုက်စမ်းပါ”

ဖန်ရွှီဟွိုင်က ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ ထို့နောက် ဆက်လက်၍ အသံကုန် အော်ဟစ်လိုက်ပြန်သည်။

“ဒီနေ့ မင်း ကံကောင်းသွားတယ်... နောက်တစ်ခါကျရင်တော့ ဒီလောက် ကံကောင်းမှာ မဟုတ်တော့ဘူး”

ထိုက်ရိ မြေလျှိုးကျင့်စဉ် နှင့် အရိပ်မဲ့ ကျင့်စဉ် ကို ပေါင်းစပ် အသုံးပြုကာ ဖန်ရွှီဟွိုင် ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီ ဖြစ်ရာ ပိုင်လီယွီဖုန်း အနေဖြင့်လည်း ဆက်လက် တားဆီးနိုင်ခြင်း မရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ဖန်ရွှီဟွိုင်သည် ထျန်းကျီဘုံ အဋ္ဌမအလွှာ တွင် ရှိနေသူ ဖြစ်ပြီး အလွန်တရာ အစွမ်းထက်လှပေသည်။ သူကသာ ထွက်ပြေးရန် ရည်ရွယ်ထားပါက ပိုင်လီယွီဖုန်းအတွက် တားဆီးရန်မှာ အလွန် ခက်ခဲလှပေ၏။

“နောက်တစ်ခါ တွေ့ရင် မင်း သေရမယ့် နေ့ပဲ”

ဖန်ရွှီဟွိုင်၏ ရက်စက်သော အသံ ထပ်မံ ထွက်ပေါ်လာပြန်လေသည်။

“ဘယ်သူ သေမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့... ငါ့ကို အထင်သေးရင် မင်း နောင်တရလိမ့်မယ်”

ပိုင်လီယွီဖုန်းက အေးစက်စက် တုံ့ပြန်လိုက်၏။

“ပိုင်လီယွီဖုန်း... ဝူမီးတောက် သတင်းကိုသာ အပြင်မှာ ဖြန့်လိုက်ရင် ဘယ်လိုနေမလဲ... ဟားဟားဟား”

ဖန်ရွှီဟွိုင်၏ ကျောချမ်းဖွယ် ရယ်သံ ပဲ့တင်ထပ်သွားတော့သည်။

“မင်းတို့ နတ်ဆိုးမျိုးနွယ် ကလည်း ဝူမီးတောက်ကို လိုချင်နေတာပဲလေ... သတင်းဖြန့်ချင်တယ် ဆိုရင်လည်း မင်းသဘောပဲ”

ပိုင်လီယွီဖုန်းက အနည်းငယ်မျှပင် ဂရုမစိုက်သော လေသံဖြင့် ပြန်လည် ချေပလိုက်လေ၏။

“ဒီခွေးသားက တကယ့်ကို အရှက်မရှိတဲ့ ကောင်ပဲ”

လျိုချင်းယန် သွားကို ကျိတ်ကာ ဆဲရေး တိုင်းထွာလိုက်သည်။

ဖုန်းဝူချန်သည် ပိုင်လီယွီဖုန်းအား စိမ်းစိမ်းကြည့်ကာ ပြောလိုက် ၏။

“ကျွန်တော်သာ ခင်ဗျား နေရာမှာ ဆိုရင် သူ့ကို အရင်ဆုံး သုတ်သင်ပစ်လိုက်ပြီ... ရန်သူ ဖြစ်နေမှတော့ ဘာလို့ ညှာတာနေရဦးမှာလဲ”

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ပိုင်လီယွီဖုန်း အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည် ။

'ဒီကောင်လေး ဖုန်းဝူချန်က တော်တော်လေး ရက်စက်တတ်တဲ့ ပုံပဲ...'

သူ၏ စိတ်ထဲတွင် အတွေးနက်နေ မိလေ၏။

“အစ်ကိုကြီးဖုန်း... ဂရုစိုက်မနေပါနဲ့... သူက အောက်တန်းကျပြီး အရှက်မရှိတဲ့ သတ္တိကြောင်လေး ပါ... ကျွန်မတို့ ဝူမီးတောက်ကို ဆက်ရှာကြရအောင်”

လင်ရှောင်ရှောင်က ဝင်ရောက် ပြောဆိုလိုက်သည်။

“မင်းလို ကောင်စုတ်လေး... ‌ကောင်းကင်နတ်ဆိုး သူတော်စင်မလေးရဲ့ အကာအကွယ်သာ မပါရင် မင်း ဘယ်နှစ်ခါ သေပြီးနေပြီလဲ ဆိုတာတောင် သိမှာ မဟုတ်ဘူး... မင်းကို သတ်ရတာက ငါ့အတွက် ပုရွက်ဆိတ် တစ်ကောင်ကို ဖိချေရသလိုပဲ လွယ်တယ်ကွ”

အဝေးမှ ဖန်ရွှီဟွိုင်၏ အေးစက်စက် အသံ ထွက်ပေါ်လာပြန်၏။ သူက ဖုန်းဝူချန်အား အပ်ဖျားခန့်မျှပင် အရေးမလုပ်ကြောင်း ပေါ်လွင်နေပေသည်။

ဖုန်းဝူချန်သည် မည်သို့မျှ တုံ့ပြန်ခြင်း မရှိသကဲ့သို့ သူ၏ မျက်နှာ အမူအရာကလည်း အနည်းငယ်မျှ မပြောင်းလဲသွားချေ။

“သွားကြစို့... ဝူမီးတောက်ကို ဆက်ရှာကြတာပေါ့”

ဖုန်းဝူချန်က အေးစက်တည်ငြိမ်စွာ ပြောလိုက်၏။ ဖန်ရွှီဟွိုင် အပေါ်တွင် သူ အချိန်မဖြုန်းလိုတော့ချေ။

ပိုင်လီယွီဖုန်းသည်လည်း ဖန်ရွှီဟွိုင်အား ဆက်လက်၍ အာရုံမစိုက်တော့ပေ။ သူတို့ အဖွဲ့သည် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အတွင်းရှိ နေရာအနှံ့အပြားသို့ ထပ်မံ လူစုခွဲလိုက်ကြပြီး ဝူမီးတောက်၏ သဲလွန်စများကို ဆက်လက် ရှာဖွေကြလေတော့သည်။

ဖုန်းဝူချန် အကြံပြုထားသော နည်းလမ်းအတိုင်း မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အတွင်းရှိ နေရာအသီးသီးကို စတင် စူးစမ်းကြလေ၏။ မြေအောက်မှ နွေးထွေးသော တည်ရှိမှုကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်က တစ်နေရာပြီး တစ်နေရာ မလွတ်တမ်း လိုက်လံ စစ်ဆေးလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ မြေအောက်တွင် နွေးထွေးသော နေရာမြောက်မြားစွာကို တွေ့ရှိခဲ့ရသော်ငြားလည်း မည်သည့် နေရာတွင်မှ ဝူမီးတောက်၏ တည်ရှိမှုကို အာရုံခံနိုင်ခြင်း မရှိခဲ့ချေ။ အချိန်ကုန်ရုံ သက်သက်သာ ဖြစ်နေတော့သည်။

ဤနည်းလမ်းက အလုပ်မဖြစ်ကြောင်း ရှင်းလင်းနေပေပြီ။ ဝူမီးတောက်၏ အရိပ်အယောင်ကိုမျှ သူတို့ ရှာမတွေ့နိုင်ကြသေးပေ။

“အစ်ကိုဖုန်း... ကျွန်တော်တို့ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံး နီးပါးကို ရှာပြီးသွားပြီ... ဒါပေမဲ့ ဝူမီးတောက်ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး... အခု ဘယ်လို ဆက်လုပ်ကြမလဲ”

လျိုချင်းယန်က အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။

“ဖုန်းဝူချန်... ခင်ဗျားမှာ တခြား နည်းလမ်း မရှိတော့ဘူးလား”

ပိုင်လီယွီဖုန်းကလည်း ဝင်ရောက် မေးမြန်းလိုက်သည်။

“ဝူမီးတောက်က ဒီ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ထဲမှာ တကယ် ရှိမရှိ ဆိုတာတောင် သေချာ မသိရသေးဘူးလေ”

ပေတိုယန်က မဲ့ပြုံး ပြုံး ကာ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်လေ၏။

ပိုင်လီယွီဖုန်း မျက်မှောင် အနည်းငယ် ကြုတ်သွားပြီးနောက် ယုံကြည်မှု အပြည့်ဖြင့် အခိုင်အမာ ပြောလိုက်သည်။

“ဝူမီးတောက်က မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ထဲမှာ သေချာပေါက် ရှိနေတုန်းပဲ... ငါတို့ ရှာမတွေ့သေးတာပါ”

“ဝူမီးတောက်က ကျွန်တော်တို့နဲ့ တူတူပုန်းတမ်း ကစားနေတဲ့ ပုံပဲ... အရင်က အာရုံခံတုန်းက ဝူမီးတောက်ရဲ့ တည်ရှိမှုကို မဖမ်းမိခဲ့ပေမဲ့ သူက ဒီ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ထဲမှာ ရှိနေသင့်တယ်”

ဟု ဖုန်းဝူချန်က တည်ကြည်လေးနက် စွာ သုံးသပ်လိုက်လေ၏။

“နန်းတော်သခင်... သူ့ကို မြှူဆွယ်ပြီး အပြင်ထွက်လာအောင် လုပ်ကြည့်ရင်ရော မရဘူးလား”

လန်ယွဲ့က အကြံပြုလိုက်သည်။

“မြှူဆွယ်မယ် ဟုတ်လား... ဘာနဲ့ သွားပြီး မြှူဆွယ်ရမှာလဲ”

နန်းကုန်းကျန့်က ပြန်လည် မေးခွန်းထုတ်လိုက်၏။

“အခုလောလောဆယ် တခြား နည်းလမ်း မရှိတော့ဘူး... ငါတို့ ခုနက ထွက်လာခဲ့တဲ့ ချောက်နက်ဆီကိုပဲ ပြန်သွားကြတာပေါ့... စောစောက မြေအောက်ထဲကနေ ကြောက်စရာကောင်းတဲ့ အအေးဓာတ် တစ်ခုကို ငါ အာရုံခံမိလိုက်တယ်”

ဖုန်းဝူချန်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။ ဝူမီးတောက်ကို ရှာဖွေရန် အခြား နည်းလမ်း မရှိတော့သဖြင့် အောက်ခြေရှိ ချောက်နက်သည် မည်သို့သော နေရာဖြစ်ကြောင်းကို အရင်ဆုံး သွားရောက် စစ်ဆေးကြည့်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

“ကြောက်စရာကောင်းတဲ့ အအေးဓာတ် …”

ပိုင်လီယွီဖုန်း၊ လျိုချင်းယန်နှင့် အခြားသူများ အားလုံး ဖုန်းဝူချန်ထံသို့ လှမ်းကြည့်လိုက်ကြလေ၏။

ထိုချောက်နက်ကြီးမှာ ဖုန်းဝူချန်၏ ဖျက်ဆီးမှုကြောင့် အများစု ပျက်စီးနေခဲ့ပြီ ဖြစ်ကာ ဘေးဘက်ရှိ မိုးထိမတတ် မြင့်မားသော တောင်ကုန်းကြီးများမှာလည်း ကြာမြင့်စွာကပင် ပြိုကျ ပျက်စီးသွားခဲ့ပြီ ဖြစ်ချေသည်။

မြေလျှိုးကျင့်စဉ် ကို အသုံးပြုကာ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် မြေအောက်သို့ ဝင်ရောက်သွားကြပြီး အအေးဓာတ် လာရာ လမ်းကြောင်းအတိုင်း လိုက်ပါ သွားကြလေတော့၏။ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ထိုအအေးဓာတ်မှာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်ပေသည်။

“ဒီအအေးဓာတ်က နှစ်တစ်ထောင် ရေခဲထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေပါလား”

ပိုင်လီယွီဖုန်း အံ့အားသင့်စွာဖြင့် လွှတ်ခနဲ အော်ဟစ်လိုက်လေ၏။

“သေချာ အာရုံမခံဘူး ဆိုရင် သတိထားမိဖို့ တော်တော်လေး ခက်တယ်... ကျွန်တော်လည်း မတော်တဆ တွေ့သွားတာပါ”

ဖုန်းဝူချန်က ရှင်းပြလိုက်သည်။

မိနစ်အနည်းငယ် အကြာတွင် ဖုန်းဝူချန်နှင့် အဖွဲ့သည် သဘာဝအတိုင်း ဖြစ်ပေါ်နေသော မြေအောက် ဂူတစ်ဂူသို့ ရောက်ရှိသွားကြလေ၏။

ဂူမှာ သိပ်မကြီးမားလှဘဲ စတုရန်းမီတာ ငါးဆယ်၊ ခြောက်ဆယ်ခန့်သာ ကျယ်ဝန်းပေသည်။ သို့သော် ထိုနေရာသည် အလွန်တရာမှ ဆန်းကြယ်လှပေ၏။

အလွန် ကြောက်မက်ဖွယ် ကောင်းလှသော အအေးဓာတ်ကြီးက သူတို့အပေါ်သို့ ရုတ်တရက် လွှမ်းခြုံလာတော့သည်။ ပိုင်လီယွီဖုန်းနှင့် လင်ရှောင်ရှောင်မှအပ ဖုန်းဝူချန် အပါအဝင် ကျန်လူများ အားလုံးမှာ အရိုးထဲထိ စိမ့်ဝင်သွားသော အအေးဒဏ်ကို ပြင်းထန်စွာ ခံစားလိုက်ကြရ၏။ သူတို့၏ ဆံပင်များနှင့် အဝတ်အစားများပေါ်တွင် ရေခဲလွှာများ လျင်မြန်စွာ ကပ်ငြိလာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြရလေသည်။

ထိုထိတ်လန့်ဖွယ် အအေးဓာတ်ကြီးက သူတို့၏ မျက်နှာများကို ဓားဖြင့် မွှန်းခံနေရသည့်အလား အလွန်တရာ စူးရှ နာကျင်လှပေ၏။

“တကယ့်ကို ကြောက်စရာကောင်းတဲ့ အအေးဓာတ်ကြီးပဲ”

ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများအားလုံး အလွန် ထိတ်လန့်သွားကြကာ အအေးဒဏ်ကို ခုခံရန်အတွက် သူတို့၏ အစစ်အမှန် ယွမ် များကို ကပျာကယာ ထုတ်ဖော်လိုက်ကြတော့သည်။

ထိုဂူကြီးသည် ရေခဲဂူကြီး တစ်ခုဖြစ်ပြီး အဖြူရောင် ရေခဲလွှာများက နေရာအနှံ့ ဖုံးလွှမ်းနေပေ၏။ စူးရှလှသော အအေးဒဏ်နှင့် ရေခဲ တည်ရှိမှုများကြောင့် သူတို့အားလုံး ရေခဲကမ္ဘာ တစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ကြရလေသည်။

“မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အောက်မှာ ဒီလို အံ့သြစရာကောင်းတဲ့ ဂူကြီး တစ်ဂူ ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“ဒီလောက် ကြောက်စရာကောင်းတဲ့ အအေးဓာတ်က ဘယ်ကများ လာတာလဲ... ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တွေတောင် ဒီလောက် အအေးဒဏ်ကို ခံစားနေရတယ်ဆိုတော့... ဆန်းကြယ်တဲ့ စွမ်းအား တစ်ခုခုများ ရှိနေတာလား”

“နန်းတော်သခင်... အစွမ်းထက်တဲ့ ရတနာ တစ်ခုခုများ ရှိနေတာ ဖြစ်နိုင်မလား”

ယီထျန်းချင်းနှင့် အခြားသူများ အားလုံး အလွန်အမင်း အံ့အားသင့် နေကြလေ၏။ အရိုးကွဲမတတ် အေးစက်လှသော အအေးဒဏ်ကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ မထိန်းချုပ်နိုင်အောင် တဆတ်ဆတ် တုန်ယင်နေကြသည်။ အစစ်အမှန် ယွမ် များကို အချိန်မီ ထုတ်ဖော် ခုခံနိုင်ခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ လျှို့ဝှက်စွာ ကျေးဇူးတင် နေမိကြချေ၏။ သို့မဟုတ်ပါက မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့အားလုံး ရေခဲတုံးများအဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိပေသည်။

မြေအောက်တွင် ဤမျှ ပြင်းထန်သော အအေးဓာတ်များ ပြည့်နှက်နေသည့် ရေခဲဂူကြီး ရှိနေလိမ့်မည်ဟု မည်သူကမျှ တွေးထင် မထားခဲ့ကြချေ။ ဖုန်းဝူချန်နှင့် ပိုင်လီယွီဖုန်း နှစ်ဦးစလုံးပင် မှင်သက် အံ့ဩသွားကြလေတော့၏။

မြောက်ပိုင်း နယ်နိမိတ် ချောက်နက် သည် ရေခဲပြင်လည်း မဟုတ်သကဲ့သို့ အလွန်အမင်း အေးချမ်းသော နေရာလည်း မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် မြေအောက်တွင် ရေခဲဂူကြီး ရှိနေရပါသနည်း။ ဤမျှ ပြင်းထန်သော ရေခဲ တည်ရှိမှုများသည် မည်သည့် နေရာမှ မြစ်ဖျားခံ လာလေသနည်း။

“ဒီအအေးဓာတ်က ငါ့ရဲ့ ရေခဲ ဝိညာဉ် စွမ်းအား ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေပါလား”

လင်ရှောင်ရှောင်မှာ ထိုနေရာတွင်ပင် ကျောက်ရုပ်ကြီးပမာဖြစ်ကာ ဆွံ့အသွားလေတော့၏။

“ဒီအအေးဓာတ်တွေက ပိုပြီး နက်ရှိုင်းတဲ့ အောက်ခြေကနေ လာနေတာပဲ”

ဤမျှ ရှားပါးလှသော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးသဖြင့် ပိုင်လီယွီဖုန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

“အစ်ကိုဖုန်း... ဒီမှာ လမ်းကြောင်း တစ်ခု ရှိတယ်... အအေးဓာတ်တွေက ဒီအပေါက်ထဲကနေ စီးထွက်လာတာပဲ”

ဂူ၏ ရေခဲနံရံပေါ်ရှိ အပေါက်တစ်ခုကို မတော်တဆ တွေ့ရှိသွားသဖြင့် လျိုချင်းယန်က အော်ဟစ်လိုက်လေ၏။

“ဒီအအေးဓာတ် စွမ်းအားက သာမန် မဟုတ်ဘူး... ဆန်းကြယ်တဲ့ စွမ်းအား တစ်ခုခုများ ဖြစ်နိုင်မလား... ဒါပေမဲ့ ဒီတည်ရှိမှုက အဲဒီလိုလည်း မတူပြန်ဘူး... အင်မော်တယ် လက်နက် နဲ့လည်း မတူဘူး... အင်မော်တယ် လက်နက် မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အအေးဓာတ်မျိုး လုံးဝ မရှိနိုင်ဘူးလေ”

မည်သို့သော စွမ်းအားမျိုးက ဤမျှ ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်နိုင်သနည်း ဆိုသည်ကို သေချာ မသိသဖြင့် ဖုန်းဝူချန်က ခေါင်းခဲမတတ် စဉ်းစား ရင်း တွေးတောစွာ ပြောလိုက်၏။

ကြောက်မက်ဖွယ် အအေးဓာတ်ကြောင့် ဖုန်းဝူချန် ကိုယ်တိုင်ပင်လျှင် ၎င်းသည် ဆန်းကြယ်သော စွမ်းအားတစ်ခုလော၊ သို့မဟုတ် အခြား ရတနာ တစ်ခုခုလော ဆိုသည်ကို တိကျစွာ မဆုံးဖြတ် နိုင်တော့ချေ။

“ငါတို့ အောက်ဆင်းပြီး သွားကြည့်ကြတာပေါ့”

ပိုင်လီယွီဖုန်းက မည်သည့် အရာဖြစ်ကြောင်းကို သိချင်စိတ် ပြင်းပြနေလေသည်။

ပို၍ ဆန်းကြယ်လေလေ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ အနေဖြင့် ပို၍ သိချင်စိတ် ပြင်းပြလာလေလေ ဖြစ်ပြီး၊ ၎င်းသည် မည်သည့် အရာဖြစ်ကြောင်းကို ပို၍ သိလိုလာကြလေလေ ဖြစ်ပေ၏။

သို့သော် လမ်းကြောင်းအောက်တွင် မည်မျှ ကြီးမားသော အန္တရာယ်များ ခိုအောင်းနေနိုင်ကြောင်းကိုမူ မည်သူမျှ မသိရှိကြသေးချေ။

“အစ်ကိုကြီးဖုန်း... အရမ်း သတိထားမှ ရမယ်နော်... ဒီအအေးဓာတ်က ကျွန်မရဲ့ ရေခဲ ဝိညာဉ် စွမ်းအား ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေတယ်”

လင်ရှောင်ရှောင်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ ကပျာကယာ သတိပေးလိုက်လေတော့၏

All Chapters