← Chapters

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉) - ကြောက်မက်ဖွယ်ရာ အရာဝတ္ထု

~လင်ရှောင်ရှောင်သည် သူမ၏ ရေခဲ ဝိညာဉ် စွမ်းအား မည်မျှ အစွမ်းထက်ကြောင်းကို အခြားသူများထက် ပို၍ ကောင်းစွာ သိရှိထားပေ၏။

ယခု ရေခဲဂူအတွင်းမှ ထွက်ပေါ်နေသော အအေးဓာတ်က သူမ၏ စွမ်းအားထက်ပင် ပိုမို ကြောက်စရာ ကောင်းနေသဖြင့် သူမ၏ ရင်တွင်း၌ စိုးရိမ်ပူပန်မှုများ အလိုအလျောက် ဖြစ်ပေါ်လာတော့သည်။

“ဒီလမ်းကြောင်းက မြေအောက်ကို ဆင်းသွားတာပဲ... အောက်မှာ ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေမလဲ ဆိုတာ ငါတို့ မသိသေးဘူး... ငါ အရင် ဝင်သွားမယ်... မင်းတို့ အားလုံး သတိထားကြ”

ပိုင်လီယွီဖုန်းက တည်ကြည်လေးနက်စွာ ပြောလိုက်ပြီး လမ်းကြောင်းထဲသို့ ဦးစွာ ဝင်ရောက်သွားလေသည်။

သူတို့အထဲတွင် ပိုင်လီယွီဖုန်းသည်သာ ကျင့်ကြံခြင်း အဆင့်အမြင့်ဆုံး ဖြစ်သဖြင့် သူက ရှေ့ဆောင်သွားခြင်းဖြင့် အန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချနိုင်မည် ဖြစ်ချေ၏။

လင်ရှောင်ရှောင်နှင့် အခြားသူများအား သတိပေးပြီးနောက် ဖုန်းဝူချန်သည်လည်း လမ်းကြောင်းထဲသို့ လိုက်ပါ ဝင်ရောက်သွားသည်။ ကျန်လူများကလည်း တစ်ယောက်ပြီးတစ်ယောက် နောက်မှ လိုက်ပါသွားကြတော့၏။

ဖုန်းဝူချန်တို့ အဖွဲ့ မြေအောက် လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ပင် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အထက်တွင် လူရိပ်တစ်ခု ရိပ်ခနဲ ထွက်ပေါ်လာလေသည်။

“မျိုးနွယ်စုခေါင်းဆောင်”

ဖန်ရွှီဟွိုင်က ရုတ်ချည်း ပေါ်လာပြီး ထိုသူ့အား ရိုသေစွာ အရိုအသေ ပေးလိုက်၏။

ထိုရောက်လာသူမှာ အခြားသူ မဟုတ်ပေ။ နတ်ဆိုးမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင် ဖူယန် ပင် ဖြစ်တော့သည်။

“ဖုန်းဝူချန် ဆိုတဲ့ ကောင်စုတ်လေးက ဒီ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ထဲမှာ တကယ် ရှိနေတာ သေချာရဲ့လား”

ဖူယန်က အဆိပ်ပြင်းလှသော လေသံဖြင့် မေးလိုက်လေသည်။

“သေချာပါတယ် ခင်ဗျာ... ဖုန်းဝူချန်ရယ်၊ ‌ကောင်းကင်နတ်ဆိုး သူတော်စင်မလေးရယ်၊ နောက်ပြီး ပိုင်လီယွီဖုန်းရယ် အားလုံး ဒီမှာ ရှိနေကြတယ်... ပိုင်လီယွီဖုန်း ကတော့ ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ကို အပ်ဖျားလောက်တောင် ဂရုမစိုက်ဘူး... ကျွန်တော်သာ ခြေမြန်လက်မြန် ထွက်မပြေးနိုင်ခဲ့ရင် သူက ကျွန်တော့်ကို တကယ် သတ်ပစ်မှာ”

ဖန်ရွှီဟွိုင်က နာကြည်းဒေါသထွက်နေသော လေသံဖြင့် ရိုသေစွာ တင်ပြလိုက်၏။

“ဟွန်း... သူတို့ပဲလား”

ဖူယန် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ၏ သတ်ဖြတ်လိုစိတ်များ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး နတ်ဘုရား အသွင်ပြောင်းဘုံ၏ ကြောက်မက်ဖွယ် အရှိန်အဝါက ပတ်ဝန်းကျင် တစ်ခုလုံးသို့ လွှမ်းခြုံသွားတော့၏။

မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အောက်ခြေသို့ စိမ်းစိမ်းကြည့်ကာ ဖူယန်သည် သူ၏ လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းကြီး တစ်ခု အဟုန်ပြင်းစွာ ကျဆင်းသွားလေတော့သည်။

“ဝုန်း...”

“ဂွပ်...”

မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဧရာမ အကာအကွယ်ကြီးသည် ကျယ်လောင်လှသော အသံနှင့်အတူ ရိုက်ချိုးခံလိုက်ရ‌၏။

ပိုင်လီယွီဖုန်း ဖန်တီးထားသော ထိုအကာအကွယ်မှာ လုံးဝ ခံနိုင်ရည် မရှိခဲ့ချေ။

“မျိုးနွယ်စုခေါင်းဆောင်... သူတို့ ဒီချောက်နက်ထဲမှာ ရှိနေကြတယ်”

ဖန်ရွှီဟွိုင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ ဖူယန် ကိုယ်တိုင် ပါဝင်လာပြီ ဖြစ်ရာ ပိုင်လီယွီဖုန်း အသက်ရှင်မည်ကို သူတို့ စိုးရိမ်စရာ လိုပါဦးမည်လော။ အကယ်၍ ဖူယန်သည် ပိုင်လီ မျိုးနွယ်စုနှင့် စစ်ပွဲဖြစ်မည်ကို စိုးရိမ်၍ ပိုင်လီယွီဖုန်းကို မသတ်လျှင်ပင် ဖုန်းဝူချန်နှင့် ကျန်လူများကိုမူ အသေအချာ သတ်ပစ်နိုင်ပေလိမ့်မည်။

နတ်ဘုရား အသွင်ပြောင်းဘုံ၏ ကြောက်မက်ဖွယ် နတ်ဘုရား အာရုံက မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ တစ်ချက် ဖမ်းယူလိုက်ရုံဖြင့် ချောက်နက်အတွင်းရှိ အရာအားလုံးသည် သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာတော့၏။

“သူတို့ရဲ့ တည်ရှိမှုကို ငါ လုံးဝ အာရုံခံလို့ မရပါလား”

ဖူယန် မျက်မှောင်ကြုတ်သွားကာ အသံသြသြဖြင့် ရေရွတ်လိုက်လေသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ... ကျွန်တော် သူတို့ကို အချိန်ပြည့် စောင့်ကြည့်နေခဲ့တာ... ဒီချောက်နက်ထဲကနေ သူတို့ လုံးဝ ထွက်မသွားသေးဘူး... နောက်ပြီး ဝူမီးတောက်ကို မတွေ့ဘဲနဲ့လည်း သူတို့ လွယ်လွယ်နဲ့ ထွက်သွားကြမှာ မဟုတ်ဘူး”

ဖန်ရွှီဟွိုင် ကပျာကယာ ပြန်ဖြေရင်း သူကိုယ်တိုင်လည်း စတင် အာရုံခံကြည့်လေတော့သည်။

“သူတို့ရဲ့ တည်ရှိမှုတွေက ဘယ်လိုလုပ်ပြီး လုံးဝ ပျောက်ကွယ်သွားရတာလဲ”

အာရုံခံကြည့်ပြီးနောက် ဖန်ရွှီဟွိုင်မှာလည်း စဉ်းစား၍ မရအောင် ဖြစ်သွားရလေ၏။

ဖူယန်၏ မျက်နှာပေါ်တွင် အလွန် မကျေနပ်သော အမူအရာများ ပေါ်လွင်နေသည်။ နတ်ဘုရား လက်နက်ကို လုယူပြီး ဖုန်းဝူချန်ကို သတ်ပစ်ရန် အခွင့်အရေး ရပြီဟု သူ ထင်မှတ်ထားခဲ့သော်ငြားလည်း ယခုအခါ မည်သူ့ကိုမျှ အာရုံမခံနိုင် ဖြစ်နေတော့၏။

“သွားမရှာဘဲ ဘာရပ်လုပ်နေတာလဲ”

ဖူယန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး ဖန်ရွှီဟွိုင်အား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ဖန်ရွှီဟွိုင်မှာ ကြောက်လန့်တကြားဖြင့် ပြေးလွှား ရှာဖွေရလေတော့၏။

“ဖုန်းဝူချန်... ဟို သေမင်းတမန် ဆိုတဲ့ မိစ္ဆာအိုကြီးသာ ဝင်မစွက်ဖက်ခဲ့ရင် ငါ နတ်ဘုရား လက်နက်ကို အစောကြီးကတည်းက ရနေပြီ... မင်းလည်း ပြာကျနေလောက်ပြီကွ”

ဖူယန်က အံကြိတ်ကာ ရေရွတ်လိုက်သည်။ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် တစ်ယောက်အနေဖြင့် အကြိမ်ကြိမ် အဟန့်အတား ခံခဲ့ရသဖြင့် ဖူယန်သည် ဖုန်းဝူချန်အပေါ် အလွန်တရာ နက်ရှိုင်းသော အမုန်းတရားများ ကိန်းအောင်းနေခဲ့ပြီ ဖြစ်ပေသည်။

ထို့နောက် ဖူယန် လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ ယခင်ကထက် ပိုမို ကြီးမား ပြင်းထန်သော အကာအကွယ် အခင်းအကျင်းကြီး တစ်ခု ဖြစ်ပေါ်လာပြီး မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံးကို ထပ်မံ ဖုံးလွှမ်းသွားတော့သည်။

ဤနည်းဗျူဟာသည် ယန်ဟွမ် သဲကန္တာရ တွင် တစ်ကြိမ် အသုံးပြုခဲ့ပြီး ဖြစ်ပေသည်။

“ဒီတစ်ခါတော့ မင်း လွတ်စရာ လမ်းမရှိတော့ဘူး”

ဖူယန်က ရက်စက်စွာ ကြိမ်းဝါးလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အရိုင်းစိုင်းဆုံး သားရဲတစ်ကောင်ပမာ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့၏။

မိမိ၏ အကာအကွယ် ဖျက်ဆီးခံလိုက်ရသည်ကို မြေအောက်လမ်းကြောင်းထဲမှ ပိုင်လီယွီဖုန်းက ပထမဆုံး သိရှိသွားလေသည်။

“အားလုံး သတိထားကြ... ငါ့ရဲ့ အကာအကွယ် ဖျက်ဆီးခံလိုက်ရပြီ... နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် ရောက်လာတာပဲ”

ပိုင်လီယွီဖုန်းက တည်ကြည်လေးနက်စွာ သတိပေးလိုက်၏။

“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် ဟုတ်လား... ဖန်ရွှီဟွိုင် ဆိုတဲ့ ခွေးသားက သူတို့ နတ်ဆိုးမျိုးနွယ်က အစွမ်းထက် ပညာရှင်ကို သွားခေါ်လာတာ သေချာတယ်”

လျိုချင်းယန် မျက်မှောင်ကြုတ်သွားကာ ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။

“သူတို့ ငါတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး... ဒီ ကြောက်စရာကောင်းတဲ့ ရေခဲ တည်ရှိမှုတွေက ငါတို့ရဲ့ တည်နေရာကို ဖုံးကွယ်ပေးထားပြီးသား ဖြစ်မှာပါ”

ယီထျန်းချင်းက ဝင်ရောက် သုံးသပ်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ”

ဖုန်းဝူချန်က ထပ်လောင်း သတိပေးလိုက်လေ၏။

လမ်းကြောင်း၏ ပိုမို နက်ရှိုင်းသော အောက်ခြေသို့ ဝင်ရောက်လာသည်နှင့်အမျှ အလင်းရောင်မှာ တဖြည်းဖြည်း မှေးမှိန်လာပြီး အအေးဒဏ်ကလည်း ပိုမို ကြောက်စရာ ကောင်းလာတော့သည်။

ပတ်ဝန်းကျင် အခြေအနေမှာ တဖြည်းဖြည်း ခြောက်ခြားဖွယ် ကောင်းလာ၏။ စိုးရိမ်ထိတ်လန့်မှုများ တိုးပွားလာသည်နှင့်အမျှ သူတို့ အားလုံး ခြေလှမ်းများကို နှေးကွေးလိုက်ကြလေသည်။

“ရှေ့မှာ ဘာတွေ ရှိနေတာလဲ... ဘာလို့ ပိုပို မှောင်လာတာလဲ”

လျိုချင်းယန်က အနည်းငယ် ကြောက်ရွံ့သော လေသံဖြင့် မေးလိုက်၏။ တစ်စုံတစ်ယောက်က သူ့အား စောင့်ကြည့်နေသကဲ့သို့ သူ ခံစားနေရပေသည်။

8“တစ္ဆေသရဲတွေများ ရှိနေတာလား”

မြောင်ချင်းချင်းမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။ အကယ်၍ အလင်းရောင်သာ လုံလုံလောက်လောက် ရှိနေပါက သူမ၏ ချောမောလှပသော မျက်နှာလေး သွေးဆုတ်ဖြူရော်နေသည်ကို သေချာပေါက် မြင်တွေ့ရမည် ဖြစ်ပေသည်။

အလင်းရောင် မှေးမှိန်လာပြီး ပတ်ဝန်းကျင်က ခြောက်ခြားဖွယ် ကောင်းလာသည်နှင့်အမျှ ပြင်းထန်လှသော အအေးဒဏ်၊ လှုပ်ရှားနေသော အမည်းရောင် အရိပ်များနှင့် ထူးဆန်းသော အသံများက ရောယှက်ကာ ကြောက်မက်ဖွယ် မြင်ကွင်း တစ်ခုကို ဖန်တီးနေကြ‌၏။ သူတို့၏ ရင်ထဲတွင် အကြောက်တရားများ အလုံးအရင်းဖြင့် ထိုးတက်လာတော့သည်။

“မကြောက်ကြနဲ့”

လင်ရှောင်ရှောင် မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်၏။ တစ်ချိန်တည်းမှာပင် အရေးပေါ် အခြေအနေအတွက် နတ်ဘုရား အသွင်ပြောင်းဘုံ အကာအကွယ် တစ်ခုကို ကပျာကယာ ဖန်တီးလိုက်လေသည်။

“ဝုန်း...”

“ဝှစ်...”

ပိုင်လီယွီဖုန်းသည် စစ်မှန်သော မီးတောက်ကို ထုတ်ဖော်လိုက်ပြီး လက်ချောင်းတစ်ချက် တောက်ကာ မီးတောက်တစ်တန်းကို ရှေ့သို့ ပစ်လွှတ်လိုက်လေ၏။ မီးတောက် ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်တွင် ရုတ်တရက် လင်းထိန်သွားတော့သည်။

လမ်းကြောင်းကြီး လင်းထိန်သွားသောအခါ ပိုင်လီယွီဖုန်း၏ လုပ်ရပ်ကြောင့် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ သူတို့ မျက်စိရှေ့တွင် ပေါ်လာသော အိပ်မက်ဆိုးပမာ မြင်ကွင်းကြီးကို ကြည့်ရင်း ဆွံ့အ မှင်သက်သွားကြလေတော့၏။

မီးတောက် လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီးနောက် အလင်းရောင်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

သို့သော် ဖုန်းဝူချန်နှင့် အခြားသူများ အားလုံး ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ‌၏။ လမ်းကြောင်းအတွင်းရှိ ထိတ်လန့်ဖွယ် ပုံရိပ်ကြီးကို အထင်းသား မြင်လိုက်ရခြင်းပင်။

ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ အားလုံး ကျောက်ရုပ်ကြီးပမာဖြစ် သွားကြကာ မှော်အတတ်ဖြင့် ချုပ်နှောင်ခံလိုက်ရသည့်အလား အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ကြတော့ချေ။

လမ်းကြောင်းကြီး တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်မှုမျိုး ကြီးစိုးသွားပြီး ပတ်ဝန်းကျင် အခြေအနေက ယခင်ကထက် ပိုမို ခြောက်ခြားဖွယ် ကောင်းလာတော့၏။

မှေးမှိန်နေသော အလင်းရောင်အောက်တွင်ပင် ဖုန်းဝူချန်တို့ အဖွဲ့၏ မျက်ဝန်းများထဲမှ ထိတ်လန့် တုန်လှုပ်မှုများကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။

“ မြင်လိုက်ကြလား... အားလုံး မြင်လိုက်ကြလား”

ဖုန်းဝူချန်က ပထမဆုံး စတင် စကားပြောလိုက်၏။ သူ၏ အသံမှာ တုန်ရီနေပြီး အလွန်အမင်း အံ့အားသင့်နေကြောင်း ပေါ်လွင်နေပေသည်။

“မြင်... မြင်လိုက်တယ်.... သူတို့ လှုပ်ရှားနိုင်ကြတယ်”

လျိုချင်းယန် အသံတုန်တုန်ရီရီဖြင့် ပြန်ဖြေလိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်လာ‌၏။

“အစ်ကိုဖုန်း... အဲဒါတွေက တစ္ဆေတွေလားဟင်”

မြောင်ချင်းချင်းက တံတွေး တစ်ချက်ကို ခက်ခဲစွာ မျိုချရင်း ကြောက်လန့်တကြား မေးလိုက်လေသည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပေတိုယန်က ထိတ်လန့်စွာ ခေါင်းခါယမ်းလိုက်ရင်း...

“မဟုတ်ဘူး... ကြောက်စရာကောင်းတဲ့ စွမ်းအား တစ်ခုခု ထင်ပါတယ်”

“ဒီ ကြောက်စရာကောင်းတဲ့ အအေးဓာတ်က သူတို့ဆီကနေ ထွက်လာတာပဲ... နောက်ပြီး ငါ့ရဲ့ နက်နဲခြင်း ကိုးပါး စစ်မှန်သော မီးတောက် ကိုတောင် ဝါးမြိုပစ်နိုင်တယ်”

ပိုင်လီယွီဖုန်းမှာ ပြင်းထန်စွာ တုန်လှုပ်ချောက်ချား သွားလေ၏။ ပိုင်လီ မျိုးနွယ်စု၏ ဆက်ခံသူ သခင်လေး တစ်ယောက်အနေဖြင့်ပင် ဤမျှ ထိတ်လန့်ဖွယ် မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသဖြင့် ဆွံ့အသွားရလေတော့သည်။

ပိုင်လီယွီဖုန်း၏ မီးတောက် လင်းထိန်သွားချိန်တွင် လမ်းကြောင်းရှေ့၌ မြင်တွေ့လိုက်ရသည်ကား အမည်းရောင် အရာဝတ္ထုများက နတ်သူငယ်လေးများအလား ခုန်ပေါက် လှုပ်ရှားနေကြပြီး ရေခဲနံရံများပေါ်တွင် တွယ်ကပ်နေကာ နေရာအနှံ့အပြားကို ဖုံးလွှမ်းထားခြင်းပင် ဖြစ်ချေသည်။

ထိုအမည်းရောင် အရာဝတ္ထုများသည် ခြောက်ခြားဖွယ် လမ်းကြောင်းကြီး တစ်ခုအဖြစ် ပေါင်းစပ် ဖွဲ့စည်းထားပြီး ရှေ့ရှိ အမှောင်ကမ္ဘာ တစ်ခုဆီသို့ ဦးတည်နေသကဲ့သို့ ဖြစ်နေပေ၏။

ထို့အပြင် ကျယ်ပြန့်လှသော အမည်းရောင် အရာဝတ္ထုများ အားလုံးသည် ရေခဲများကြားတွင် ရေထဲ၌ လွတ်လပ်စွာ ကူးခတ်နေသော ငါးများအလား လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ကြလေသည်။

ထိုအမည်းရောင် အရာဝတ္ထုကား အလွန်တရာ ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းလွန်းလှပေတော့၏။

အခန်း (၆၅၀) - ဝူမီးတောက်

~“အစ်ကိုဖုန်း... ကျွန်တော်တို့ ရှေ့ဆက် ဝင်ကြဦးမလား”

လျိုချင်းယန်သည် လည်ချောင်းထဲ တစ်ဆို့နေသော အကြောက်တရားများကို အတင်းမျိုချရင်း အသံတုန်တုန်ရီရီဖြင့် မေးလိုက်၏။

ထိုအမည်းရောင် အရာဝတ္ထုကြီးမှာ မည်သည့်အရာမှန်း သူတို့ ခွဲခြားမသိနိုင်သေးချေ။ ၎င်းထံမှ အရိုးကွဲမတတ် ကြောက်မက်ဖွယ် အအေးဓာတ်ကြီးက တရဟော စီးဆင်းနေသဖြင့် အားလုံး၏ ရင်ထဲတွင် ကြောက်စိတ်များက ကပ်ငြိနေတော့သည်။

“မလောနဲ့ဦး... အခြေအနေကို အရင် အကဲခတ်ရမယ်”

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။ ရင်တွင်း၌ ဆောင့်တက်လာသော တုန်လှုပ်မှုကို ဖိနှိပ်ရန် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေ၏။

“ဝုန်း...”

ပိုင်လီယွီဖုန်းသည် သူ၏ စစ်မှန်သော မီးတောက် ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။ လက်ဝါးပြင်ထက်တွင် ကခုန်နေသော မီးတောက်၏ အလင်းရောင်အောက်၌ ကျယ်ပြန့်လှသော အမည်းရောင် အရာဝတ္ထုကြီးကို ဝိုးတဝါး မြင်တွေ့နေရ၏။

“အနီးကပ် သွားကြည့်ကြစို့... အဲဒါ ဘာလဲဆိုတာ ကျွန်တော် သေချာ သိချင်တယ်”

ပြောပြောဆိုဆို ပိုင်လီယွီဖုန်းက မီးတောက်ကို ရှေ့သို့ ပစ်လွှတ်ရန် ဟန်ပြင်လိုက်သည်။ စောစောက ပေါ်ထွက်လာသော မီးတောက်မှာ လျှပ်တစ်ပြက်သာ ဖြစ်သဖြင့် ထိုအရာသည် မည်သည့်အရာ ဖြစ်ကြောင်းကို သူတို့ တိတိကျကျ မမြင်တွေ့ခဲ့ရချေ။

“ခဏနေဦး”

ဖုန်းဝူချန်က ကပျာကယာ တားလိုက်၏။

“ဒီအရာတွေက ခင်ဗျားရဲ့ မီးတောက်ကိုတောင် ဝါးမြိုနိုင်တယ်... ပြီးတော့ အခုက အိပ်မောကျနေတဲ့ အခြေအနေမှာ ရှိနေတာ... သူတို့ကို သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ... မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်က စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး”

ထိုအမည်းရောင် အရာဝတ္ထုသည် အိပ်မောကျနေသည့်တိုင်အောင် ဤမျှ ပြင်းထန်သော အအေးဓာတ်ကို ပိုင်ဆိုင်ထားပေသည်။ အကယ်၍သာ နိုးထလာခဲ့ပါက မည်မျှတောင် ထိတ်လန့်ဖွယ် ကောင်းလိုက်မည်နည်း။

ထိုစကားကို ကြားသောအခါ ပိုင်လီယွီဖုန်းသည် သူ၏ စစ်မှန်သော မီးတောက် ကို ချက်ချင်း ရုပ်သိမ်းလိုက်လေ၏။

ဖုန်းဝူချန်၏ စကားမှာ အကြောင်းပြချက် ခိုင်လုံလှပေသည်။ သူတို့ ကျူးကျော် ဝင်ရောက်လာသည်ကို အမည်းရောင် အရာဝတ္ထုများက တုံ့ပြန်ခြင်း မရှိသည်မှာ အိပ်မောကျနေသည့် အခြေအနေတွင် ရှိနေခြင်းကြောင့်သာ ဖြစ်တန်ရာ၏။ သို့မဟုတ်ပါက ဤမျှ ပြင်းထန်သော အရာသည် ဖုန်းဝူချန်တို့၏ တည်ရှိမှုကို အစောကြီးကတည်းက အာရုံခံမိပြီး သူတို့အားလုံး တိုက်ခိုက်ခံရပြီးလောက်ပြီ ဖြစ်ချေ၏။

“အိပ်ပျော်နေတာတောင် ဒီလောက် ကြောက်စရာကောင်းနေတာ... နိုးလာရင်တော့ တို့ အားလုံး သေပြီပဲ”

ပေတိုယန် သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြင့် ချွေးများကို သုတ်လိုက်လေသည်။

“ကျွန်တော့် ခြေထောက်တွေတောင် အမိန့်မနာခံတော့သလို ခံစားနေရတယ်”

လျိုချင်းယန်က ထိတ်လန့်တကြား ပြောလိုက်၏။

“သူတို့ နိုးလာမလာ ဆိုတာကို အခု စိုးရိမ်နေစရာ မလိုပါဘူး...ကျွန်တော် သိချင်တာက ဒီအရာ ဘာလဲဆိုတာပဲ”

ပိုင်လီယွီဖုန်းက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူသည် ထျန်းကျီဘုံ သတ္တမအလွှာ တွင် ရှိနေပြီး အလွန်တရာ အစွမ်းထက်လှသဖြင့် အမည်းရောင် အရာဝတ္ထု၏ စွမ်းအားကို ကြောက်ရွံ့နေခြင်း မရှိချေ။

ဖုန်းဝူချန်၏ လက်ဝါးပြင်ထက်မှ အလွန် သိမ်မွေ့ နူးညံ့လှသော အစစ်အမှန် ယွမ် အမျှင်တန်းလေး တစ်ခု ထွက်ပေါ်လာပြီး မှေးမှိန်သော ရွှေရောင် အလင်းတန်းလေး ဖြာထွက်လာတော့၏။

“ဝီ...”

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းလေးသည် အိပ်မောကျနေသော အရာဝတ္ထုများထံသို့ ညင်သာစွာ လွင့်မျောသွားလေသည်။ ဤမျှ အားနည်းသော စွမ်းအင်လေးဖြင့် သူတို့ကို နှောင့်ယှက်မိမည် မဟုတ်ပေ။

ရွှေရောင် အစစ်အမှန် ယွမ် လေး ဖြတ်သန်းသွားချိန်တွင် ဖုန်းဝူချန်နှင့် အခြားသူများ အားလုံး လမ်းကြောင်း၏ ရေခဲနံရံများကို မမှိတ်မသုန်ကြည့် နေကြလေ၏။

အမည်းရောင် အရာဝတ္ထုသည် သူတို့၏ မျက်စိရှေ့တွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။ ရှေ့ရှိ လမ်းကြောင်း တစ်လျှောက်တွင် လွင့်မျောနေသော အမည်းရောင် အရာဝတ္ထုများဖြင့် ပြည့်နှက်နေကာ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှပေ၏။

ရွှေရောင် စွမ်းအင်လေးသည် လျှပ်တစ်ပြက် အတွင်းမှာပင် သနားညှာတာမှု ကင်းမဲ့စွာ ဝါးမြိုခံလိုက်ရပြီး ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဖုန်းဝူချန်နှင့် ကျန်လူများ အားလုံး ထိုအရာကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ကြရ‌၏။

“ဒါ... မီးတောက်တွေလား”

ပိုင်လီယွီဖုန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားလေ၏။ မီးတောက် ဟုတ်မဟုတ် သူ သေချာ မဝေခွဲတတ်အောင် ဖြစ်သွားရသည်။

“အစ်ကိုဖုန်း... အဲဒါ ဝူမီးတောက်များ ဖြစ်နေမလား... ဒီအမည်းရောင် အရာကြီးက မီးတောက်နဲ့ တစ်ပုံစံတည်းပဲ”

လျိုချင်းယန် အံ့အားသင့်စွာ လွှတ်ခနဲ အော်လိုက်လေသည်။ ထို့နောက် သူ၏ အသံ ကျယ်လွန်းသွားမှန်း သတိပြုမိသွားကာ ပါးစပ်ကို လက်ဖြင့် ကပျာကယာ ပိတ်လိုက်တော့၏။

“မီးတောက်နဲ့ တူတာတော့ အမှန်ပဲ... ဒါပေမဲ့ မီးတောက် တစ်ခုက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အအေးဓာတ်ကို ထုတ်လွှတ်နိုင်မှာလဲ... မီးက အေးလို့လား”

ယီထျန်းချင်းမှာ အံ့ဩမှုနှင့်အတူ ခေါင်းခဲမတတ် စဉ်းစား ရင်း နားမလည်နိုင်အောင် ဖြစ်နေလေသည်။

“မီးတောက်က ဘယ်လိုလုပ် ရေခဲ တည်ရှိမှုကို ထုတ်လွှတ်နိုင်မှာလဲ”

လင်ရှောင်ရှောင်၊ မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့ အားလုံး မှင်သက် ဆွံ့အ နေကြလေ၏။

“ဝူမီးတောက်က လွဲပြီး တခြားအရာကို ငါ စဉ်းစားလို့ မရတော့ဘူး”

ဖုန်းဝူချန်က မှင်သက်စွာ ပြောလိုက်သည်။ သူ၏ ရင်တွင်း၌လည်း ပြင်းထန်စွာ တုန်လှုပ်ချောက်ချား နေပေ၏။

ဖုန်းဝူချန် ကိုယ်တိုင်လည်း ဝူမီးတောက်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော်ငြားလည်း မျက်စိရှေ့ရှိ ကျယ်ပြန့်လှသော အမည်းရောင် အရာဝတ္ထုကြီးမှာ ဝူမီးတောက်ပင် ဖြစ်ကြောင်းကို သူ လုံးဝ ယုံကြည်နေတော့၏။

အမည်းရောင် မီးတောက်များ။ ၎င်းသည် ဝူမီးတောက်၏ အဓိက လက္ခဏာရပ် မဟုတ်ပါလော။

“ဒါ သေချာပေါက် ဝူမီးတောက်ပဲ... လုံးဝ မမှားနိုင်ဘူး”

အံ့အားသင့်မှုများ လွန်ဆုံးသွားပြီးနောက် ပိုင်လီယွီဖုန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။

လမ်းကြောင်း နံရံများတွင် တွယ်ကပ်နေသော အရာသည် အမည်းရောင် ရှိပြီး ကြောက်မက်ဖွယ် အအေးဓာတ်ကို ထုတ်လွှတ်နေသော်လည်း ၎င်း၏ အခြားသော သဘာဝ လက္ခဏာရပ်များ အားလုံးမှာ မီးတောက်များနှင့် တစ်သဝေမတိမ်း တူညီနေပေသည်။ အမည်းရောင် မီးတောက်လေးများသည် ရေခဲများကိုပင် သူတို့၏ လောင်စာအဖြစ် အသုံးပြုနေသည့်အလား လုံးဝ ငြိမ်းသတ်သွားမည့်ပုံ မပေါ်ဘဲ ညင်သာစွာ တဖျတ်ဖျတ် တောက်လောင်နေကြလေ၏။

“အစ်ကိုကြီးဖုန်း... ဒါ ဝူမီးတောက်ဆိုတာ သေချာရဲ့လားဟင်”

လင်ရှောင်ရှောင်က မေးလိုက်သည်။ သူမ ကိုယ်တိုင်လည်း ဝူမီးတောက်နှင့် အလွန် တူညီကြောင်း ခံစားနေရသော်ငြားလည်း မီးတောက် တစ်ခုက ရေခဲ ဝိညာဉ် စွမ်းအား ထက်ပင် ပိုမို အေးစက်သော တည်ရှိမှုကို ထုတ်လွှတ်နိုင်မည် ဆိုသည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေချေ၏။

“ရှေးဟောင်း မှတ်တမ်းတွေအရ ဝူမီးတောက် ဆိုတာ အမည်းရောင် မီးတောက်ပဲ လို့ ရေးထားတယ်”

ပိုင်လီယွီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ သူသည် ဝူမီးတောက် ရှိနေကြောင်းကို ကြိုတင် သိရှိထားသူ ဖြစ်ရာ ၎င်းနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ နားလည် သိရှိထားပြီး ဖြစ်ပေ၏။

“တကယ်ကြီး ဝူမီးတောက်လား”

ယီထျန်းချင်းနှင့် အခြားသူများမှာမူ ယခုထက်တိုင် ယုံကြည်နိုင်ခြင်း မရှိကြသေးချေ။

ဝူမီးတောက် ဆိုသည်မှာ ရှေးဦး ကမ္ဘာဦးခေတ် မှ မီးတောက် တစ်ခု ဖြစ်ပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သီအိုရီအရ ဆိုရလျှင် ၎င်းသည် ဖျက်ဆီးခြင်း မီးတောက် စွမ်းအားများကို ပိုင်ဆိုင်ထားသင့်ပေ၏။ သို့သော် ယခုအခါတွင်မူ ထိုအရာက လမ်းကြောင်း တစ်ခုလုံးနှင့် အထက်ဘက်ရှိ ဂူကြီးကိုပါ ရေခဲများအဖြစ် ပြောင်းလဲသွားစေလောက်အောင် အေးစက်သော တည်ရှိမှုများကို ပျံ့နှံ့စေနေလေသည်။

ဤအရာကို မီးတောက်ဟု ခေါ်ဆိုနိုင်ပါဦးမည်လော။

“ဖုန်းဝူချန်... ဝူမီးတောက်က အခု အိပ်မောကျနေတဲ့ အချိန်ပဲ... ဒါက သူ့ကို သန့်စင်ပြီး ကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

ပိုင်လီယွီဖုန်းသည် စကားပြောရင်း ပိုမို စိတ်လှုပ်ရှားလာကာ အမည်းရောင် မီးတောက်ကို ယခုချက်ချင်းပင် သန့်စင်ပစ်လိုစိတ်များ ပြင်းပြလာတော့၏။

“ခင်ဗျားရဲ့ စွမ်းအားနဲ့ သူ့ကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူး... သူသာ နိုးလာရင် ခင်ဗျားကို ဝါးမြိုသွားလိမ့်မယ်... ဝူမီးတောက်ရဲ့ ဝါးမြိုခြင်း စွမ်းအားက အရမ်းကို ပြင်းလွန်းတယ်”

ဖုန်းဝူချန် မျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက် စွာ သတိပေးလိုက်လေသည်။

“ဟေး... ကျွန်တော့်ကို လာမခြောက်ပါနဲ့... အခုက ဝူမီးတောက် အားအနည်းဆုံး အချိန်ပဲ... အခုမှ သန့်စင်မယူရင် ဘယ်အချိန်ထိ စောင့်နေရမှာလဲ... ကျွန်တော်တို့ အရင်ကတည်းက သဘောတူထားပြီးသားလေ... ကိုယ့်စွမ်းရည်နဲ့ကိုယ် ရယူကြမယ် လို့”

ပိုင်လီယွီဖုန်းသည် ထိုရတနာကို ဖုန်းဝူချန်အား အလျဉ်း ပေးအပ်လိုခြင်း မရှိသဖြင့် ပြန်လည် ချေပလိုက်၏။

“ဒါက ဝူမီးတောက်ရဲ့ မူလ အနှစ်သာရ မဟုတ်သေးဘူး... ပြန့်ထွက်နေတဲ့ မီးတောက်တွေ သက်သက်ပဲ... သူ့ရဲ့ မူလအရင်းအမြစ်က အထဲမှာ ရှိမှာ သေချာတယ်... ပြန့်ထွက်နေတဲ့ မီးတောက်တွေတောင် ဒီလောက် ကြောက်စရာကောင်းနေမှတော့ မူလအရင်းအမြစ်က ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းမလဲ ဆိုတာ စဉ်းစားကြည့်ပါဦး... ခင်ဗျား မယုံရင်တော့ စမ်းကြည့်လို့ ရပါတယ်”

ဖုန်းဝူချန်က တည်ကြည်လေးနက်စွာ ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။

ဖုန်းဝူချန်နှင့် ပိုင်လီယွီဖုန်းတို့မှာ မိတ်ဆွေများ မဟုတ်ကြချေ။ သူတို့သည် ယခုမှသာ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်ရာ ပိုင်လီယွီဖုန်း စမ်းသပ်လိုပါကလည်း ဖုန်းဝူချန် အနေဖြင့် တားဆီးနေမည် မဟုတ်ပေ။

“ပိုင်လီယွီဖုန်း... ခင်ဗျား မစမ်းတာ အကောင်းဆုံးပဲ လို့ ထင်တယ်နော်... အသက်ပါ ဆုံးရှုံးသွားနိုင်တယ်... ဒီလောက် ကြောက်စရာကောင်းတဲ့ မီးတောက်ကြီး နိုးလာရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

လျိုချင်းယန်က ဝင်ရောက် ပြောဆိုလိုက်၏။

“ဒါတွေ မင်းတို့ စိုးရိမ်စရာ မလိုပါဘူး... ငါ့မှာ ငါ့နည်း ငါ့ဟန် ရှိတယ်”

ပိုင်လီယွီဖုန်းသည် သတိပေးချက်များကို အပ်ဖျားခန့်မျှ ဂရုမစိုက်ဘဲ လမ်းကြောင်း အတွင်းပိုင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာ သွားလေတော့သည်။

လျိုချင်းယန် ဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း ဖုန်းဝူချန်က လက်မြှောက်ကာ ဟန့်တား လိုက်လေ၏။

“သူ့ကို စမ်းပါစေ... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ကို လာခဲ့တာက ဝူမီးတောက် အတွက်ပဲလေ... အစောကြီး ဖြစ်ဖြစ်၊ နောက်ကျမှ ဖြစ်ဖြစ် သူ့ကို သွားနှောင့်ယှက်ရမှာပဲ... သွားကြစို့”

“နန်းတော်သခင်... ခင်ဗျားမှာ နည်းလမ်း ရှိလို့လား”

ပေတိုယန်က ဖုန်းဝူချန်အား ကြည့်ကာ မေးလိုက်သည်။

ဖုန်းဝူချန် ခေတ္တမျှ ငိုင် သွားပြီးနောက် ပြန်ဖြေလိုက်လေ၏။

“အလုပ်ဖြစ်မဖြစ်တော့ ငါလည်း သေချာ မသိသေးဘူး”

သို့နှင့်၊ ပိုင်လီယွီဖုန်းက ရှေ့မှ ဦးဆောင်သွားပြီး ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့က နောက်မှ လိုက်ပါသွားကြသည်။ အန္တရာယ်ကင်းစေရန်အတွက် လင်ရှောင်ရှောင်သည် နတ်ဘုရား အသွင်ပြောင်း အကာအကွယ် တစ်ခုကို ဖန်တီးထားလိုက်လေ၏။ အကယ်၍ သူတို့ မတော်တဆ ဝူမီးတောက်ကို နှောင့်ယှက်မိပါက အနည်းဆုံးတော့ နတ်ဘုရား အသွင်ပြောင်း အကာအကွယ် က ၎င်း၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။

မကြာမီမှာပင် ပိုင်လီယွီဖုန်း၊ ဖုန်းဝူချန်နှင့် အခြားသူများ အားလုံး လမ်းကြောင်း၏ အနက်ရှိုင်းဆုံး အပိုင်းရှိ ဂူကြီး တစ်ခုဆီသို့ ရောက်ရှိသွားကြလေသည်။

ထိုဂူကြီးမှာလည်း ရေခဲဂူကြီး တစ်ခုပင် ဖြစ်ပြီး ယခင်ဂူများထက် အနည်းငယ် ပို၍ ကျယ်ဝန်း၏။ သို့သော် အလင်းရောင် တစ်စက်မျှ မရှိဘဲ လုံးဝ မှောင်မည်းနေသဖြင့် မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်ချေ။

ဂူအတွင်းရှိ အအေးဓာတ်မှာ အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ အားလုံး ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားကြပြီး အအေးဒဏ်ကို ခုခံရန်အတွက် သူတို့၏ အစစ်အမှန် ယွမ် များကို အစွမ်းကုန် ထုတ်ဖော် စုစည်းလိုက်ကြရ၏။

မှောင်မည်းနေသော ဂူကြီးမှာ ပိုမို ခြောက်ခြားဖွယ် ကောင်းလာပြီး ဖုန်းဝူချန်နှင့် အဖွဲ့မှာ လောကငရဲတစ်ခုပမာ ဖြစ်နေ သော ငရဲပြည် အထပ် (၁၈) သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ကြရတော့သည်။

မျက်စိဖြင့် မမြင်ရသည့်တိုင်အောင် ဂူကြီး၏ အတွင်းပိုင်း မြင်ကွင်းသည် မည်သို့ ရှိနေမည်ကို ဖုန်းဝူချန်တို့ အဖွဲ့ ကောင်းစွာ ခန့်မှန်း မှန်းဆနိုင်နေပြီ ဖြစ်ပါသည်။

အခန်း (၆၅၁) - ဝူမီးတောက် နိုးထလာခြင်း

~“ဝူမီးတောက်ရဲ့ မူလအရင်းအမြစ်က ဂူထဲမှာ ရှိနေတယ်... အထူးသတိထားကြပါ”

ဖုန်းဝူချန်က တည်ကြည်လေးနက်စွာ သတိပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် သိမ်မွေ့သော အစစ်အမှန် ယွမ် အမျှင်တန်းလေး တစ်ခုကို ထုတ်ဖော်လိုက်ရာ ဂူကြီး တစ်ခုလုံး မှေးမှိန်သော ရွှေရောင် အလင်းတန်းဖြင့် လင်းထိန်သွားတော့သည်။

အမှန်တကယ်ပင်။ ဂူကြီး၏ အရပ်မျက်နှာ အသီးသီးရှိ ရေခဲနံရံများပေါ်တွင် အမည်းရောင် မီးတောက်များက ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ် အအေးဓာတ်ကြီးက ဖိနှိပ်လွှမ်းမိုးထားလေ၏။

“ဂလု...”

ဂူအတွင်းရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ယီထျန်းချင်းနှင့် အခြားသူများ အားလုံး ကြောက်လန့်တကြား တံတွေးမျိုချလိုက်မိကြသည်။ သူတို့၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော် နေပြီး ချွေးအေးများပင် ပြန်လာကြတော့၏။

“ဟို မီးတောက်အစုအဝေးက အစစ်အမှန် ဝူမီးတောက်ပဲ ဖြစ်ရမယ်”

ဖုန်းဝူချန်က မသိမသာ ရေရွတ် လိုက်ရင်း သူ၏ အကြည့်များက ဂူ၏ ဗဟိုချက်ဆီသို့ ရွှေ့လျားသွားလေသည်။

ပိုင်လီယွီဖုန်းနှင့် ကျန်လူများ အားလုံး ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ မူလအရင်းအမြစ် ဆိုသည်မှာ ဝူမီးတောက် ပင် ဖြစ်ချေ၏။ ဂူ၏ ဗဟိုချက်တွင် ကြောက်မက်ဖွယ် အအေးဓာတ်များ မြစ်ဖျားခံရာ အမည်းရောင် မီးတောက် အစုအဝေး တစ်ခု ရှိနေပေသည်။ လမ်းကြောင်းနှင့် ဂူအတွင်း ပြန့်ကျဲနေသော အမည်းရောင် မီးတောက်များ အားလုံးသည် ဤအစုအဝေးထံမှ ပြန့်ထွက်လာခြင်း ဖြစ်၏။ ဤမီးတောက် အစုအဝေးသည်ကား ဝူမီးတောက်၏ မူလအရင်းအမြစ်ပင် ဖြစ်ပေတော့သည်။

“အဲဒါက ဝူမီးတောက်လား... ကြောက်စရာကောင်းတဲ့ အအေးဓာတ် ရှိနေတာကလွဲရင် သိပ်ပြီး အစွမ်းထက်တဲ့ စွမ်းအား ရှိနေပုံ မပေါ်ပါဘူး”

နန်းကုန်းကျန့်က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

“သူ့ကို ဘယ်လို သန့်စင်ဖို့ စဉ်းစားထားလဲ”

ဖုန်းဝူချန်က ပိုင်လီယွီဖုန်းကို စိမ်းစိမ်းကြည့် ကာ မေးလိုက်၏။

“ခဏနေရင် ခင်ဗျား သိလာမှာပါ”

ပိုင်လီယွီဖုန်းက ခပ်ပြုံးပြုံး ဖြင့် ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်သည်။ ထို့နောက် သူက ဆက်၍

“ဖုန်းဝူချန်... ကိုယ့်စွမ်းရည်နဲ့ကိုယ် ယူရမယ် ဆိုမှတော့ ခင်ဗျား ဝင်မလုတော့ဘူးလား...ကျွန်တော့်ကို ဒီအတိုင်း အလွယ်တကူ ပေးလိုက်တော့မလို့လား”

“အခုလောလောဆယ်တော့ ခင်ဗျားကို ကျွန်တော် မယှဉ်နိုင်သေးဘူးလေ”

ဖုန်းဝူချန်က လက်နှစ်ဖက်ကို ဖြန့်ကာ ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟဝန်ခံ လိုက်လေသည်။

“ခင်ဗျားက ဝူကျိနယ်မြေ ကနေ ဝူမီးတောက် အတွက် ဒီအထိ လာခဲ့တာ မဟုတ်ဘူးလား... ဒီလောက် အလွယ်လေး လက်လျှော့မယ့်လူမျိုးနဲ့ မတူပါဘူး... ခင်ဗျားရဲ့ ဝိညာဉ် စွမ်းအား က ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိပါတယ်... ဘယ်လိုလဲ... တစ်ချက်လောက် စမ်းကြည့်ချင်သေးလား”

ပိုင်လီယွီဖုန်းက ရယ်ကာ စိန်ခေါ်လိုက်၏။

ဖုန်းဝူချန် စကားပြန်ပြောရန် ဟန်ပြင်လိုက်သော်လည်း သူ၏ မျက်နှာ ကွက်ခနဲ ပျက် သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ... ဘာလို့ အအေးဓာတ်က ရုတ်တရက်ကြီး မြင့်တက်လာရတာလဲ”

ဂူအတွင်းရှိ အအေးဓာတ်များ ရုတ်ချည်း တဟုန်ထိုး မြင့်တက်လာပြီး ထိုသို့ မြင့်တက်လာသော အရှိန်အဟုန်မှာ အလွန်တရာမှ ထိတ်လန့်ဖွယ် ကောင်းလွန်းလှပေသည်။

“ဒါက ရှေးဦး ကမ္ဘာဦးခေတ် ရဲ့ တည်ရှိမှုပဲ”

ဖုန်းဝူချန်မှာ အကြီးအကျယ် တုန်လှုပ်ချောက်ချား သွားလေ၏။

“ဘာ”

ပိုင်လီယွီဖုန်း၏ မျက်နှာ အမူအရာလည်း ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

“ကျစ်... အစ်ကိုဖုန်း... ဝူမီးတောက် နိုးလာပြီဗျို့”

လျိုချင်းယန်မှာ အလွန်အမင်း ထိတ်လန့်သွားကာ အသံကုန် အော်ဟစ်လိုက်မိလေသည်။

“ဝီ... ဝီ...”

“ရွှီး...”

ကြောက်မက်ဖွယ် အအေးဓာတ် မြင့်တက်လာမှုနှင့်အတူ အလွန်တရာ အစွမ်းထက်လှသော စွမ်းအားကြီး တစ်ခုကလည်း ဝူမီးတောက် အတွင်းမှ စတင် ပြန့်ထွက်လာ၏။ ဂူကြီး တစ်ခုလုံး သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်း လာကာ ရေခဲလွှာများ စတင် ကွဲအက်လာတော့သည်။

“မြန်မြန် ထွက်ပြေးကြ”

ဖုန်းဝူချန်က အမြန် အော်ဟစ်လိုက်လေသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားသည် သူတို့၏ မျှော်မှန်းထားမှု အားလုံးထက် များစွာ ကျော်လွန်နေတော့၏။

ပိုင်လီယွီဖုန်းကို အပ်ဖျားခန့်မျှ ဂရုမစိုက်တော့ဘဲ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် အမြန်ဆုံး အရှိန်အဟုန်ဖြင့် ဂူအတွင်းမှ နောက်ဆုတ် ထွက်ပြေးကြလေတော့၏။

ဝူမီးတောက်က မိမိ မျက်စိရှေ့တွင် ရှိနေပြီဖြစ်ရာ ပိုင်လီယွီဖုန်း အနေဖြင့် ယခုမှ လက်လျှော့ရန် အကြောင်းပြချက် မရှိတော့ချေ။ အထူးသဖြင့် သူသည် စနစ်တကျ အကွက်ချ ပြင်ဆင်လာခဲ့သူ ဖြစ်ပေသည်။

“ဝီ... ဝီ...”

ပိုင်လီယွီဖုန်းသည် သူ၏ သွေးမျိုးဆက် စွမ်းအား ကို အပြည့်အဝ လည်ပတ်စေလိုက်ရာ မုန်တိုင်းကဲ့သို့သော စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။ မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း ဂူကြီး တစ်ခုလုံး တောက်ပလှသော ရွှေရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားကာ ဝူမီးတောက်ထံမှ ထွက်ပေါ်လာသော စွမ်းအားကို ပြင်းထန်စွာ ပြန်လည် ခုခံလေတော့သည်။

သွေးမျိုးဆက် စွမ်းအား ၏ အစွမ်းကုန် ပေါက်ကွဲမှုကြောင့် ပိုင်လီယွီဖုန်း၏ အရှိန်အဝါသည် ထျန်းကျီဘုံ နဝမအလွှာအထိ ချက်ချင်း တစ်ဟုန်ထိုး တိုးတက် သွားလေသည်။ သူ၏ တိုက်ခိုက်ရေး စွမ်းအားကား အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေ၏။

“သန့်စင်စေ”

ပိုင်လီယွီဖုန်း၏ လက်များက လျင်မြန်စွာ လက်ဟန်များ ရေးဆွဲလိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် ဝူမီးတောက်ကို ချုပ်နှောင်လိုက်ကာ အသံကုန် ဟိန်းဟောက်လိုက်လေသည်။

“ဝီ... ဝီ...”

အလွန် အစွမ်းထက်လှသော စွမ်းအား နှစ်ခု ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားကြရာ ဂူကြီး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ထိုတုန်ခါမှုက တောင်တန်းကြီး တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားတော့၏။ ထူထပ်လှသော တောအုပ်အတွင်းရှိ ငှက်များနှင့် သားရဲများ အားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။

“မျိုးနွယ်စုခေါင်းဆောင်... အသံတွေ ကြားရတယ်... အဲဒါ ပိုင်လီ မျိုးနွယ်စု ရဲ့ သွေးမျိုးဆက် စွမ်းအား ပဲ... ပိုင်လီယွီဖုန်း ဖြစ်ရမယ်... ဟိုဘက်မှာ”

မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တောင်တန်းကြီး အတွင်းမှ ဖန်ရွှီဟွိုင်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။

“ရှေးဦး ကမ္ဘာဦးခေတ် ရဲ့ တည်ရှိမှုပဲ... သူတို့က ရှေးဦး ကမ္ဘာဦးခေတ် မီးတောက်ကို ရှာတွေ့သွားပုံရတယ်”

လောဘသားကောင် ပီပီ ဖူယန်၏ မျက်ဝန်းများထဲတွင် လောဘရမ္မက်များ ပြည့်နှက်သွားတော့၏။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ၏ မှောင်ရိပ်များ အတွင်း၌ လူရိပ်တစ်ခုက အသံတိတ် ထွက်ပေါ်လာကာ အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်လေသည်။

“နောက်ဆုံးတော့ ပေါ်လာပြီပေါ့”

မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ၏ တောင်ကုန်း တောင်တန်းများ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ထိုဆူညံသံမှာ အလွန် ကြီးမားလှပေသည်။ ထို့အပြင် ပိုင်လီ မျိုးနွယ်စု ၏ သွေးမျိုးဆက် စွမ်းအား နှင့် ရှေးဦး ကမ္ဘာဦးခေတ် ၏ တည်ရှိမှုများလည်း ပါဝင်နေပေ၏။

ဤအရာက ဖူယန်နှင့် ဖန်ရွှီဟွိုင် တို့ကိုသာမက မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အတွင်း လျှို့ဝှက်စွာ ပုန်းအောင်းနေသော အချို့သော ဆန်းကြယ်သည့် ပညာရှင်များကိုပါ အလန့်တကြား ဖြစ်စေခဲ့‌၏။

ဂူအတွင်း၌မူ စွမ်းအား နှစ်ခုမှာ ပို၍ပို၍ ကြောက်စရာ ကောင်းလာပြီး ရေခဲလွှာများ ပြိုကျစ ပြုလာကာ နောက်ကွယ်ရှိ ကျောက်သား နံရံများပင် အက်ကွဲလာတော့၏။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ပိုင်လီယွီဖုန်း၏ မျက်နှာ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး အလွန်အမင်း အံ့အားသင့် သွားလေသည်။

ပိုင်လီယွီဖုန်းသည် သူ၏ စွမ်းအား အားလုံးကို အစွမ်းကုန် ထုတ်ဖော်ထားသော်လည်း ဝူမီးတောက်၏ စွမ်းအားမှာ ရပ်တန့်ခြင်း အလျဉ်းမရှိဘဲ တဟုန်ထိုး မြင့်တက်လာကာ သူ့ကို လျင်မြန်စွာ ကျော်လွန်သွားပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပေသည်။

“အသိဉာဏ်မဲ့တဲ့ ကောင်လေး... မင်းက တော်တော် သတ္တိကောင်းနေပါလား... ဒီအရှင်ကိုတောင် သန့်စင်ဖို့ ကြိုးစားရဲတယ်ပေါ့လေ”

ထိုအခိုက်အတန့်၌ပင် အမည်းရောင် ဝူမီးတောက် အတွင်းမှ ဩဇာတိက္ကမ အပြည့်ပါသော ဟိန်းဟောက်သံ ထွက်ပေါ်လာတော့၏။

ထိုအသံကို ကြားသောအခါ ပိုင်လီယွီဖုန်း၏ မျက်နှာ ကွက်ခနဲ ပျက် သွားပြန်ပြီး မျက်နှာတစ်ခုလုံး ကြောင်အ သွားရလေသည်။

ဝူမီးတောက်က တကယ်ကြီး စကားပြောနေပါလား။ ထို့အပြင် မိမိကိုယ်ကိုယ် "ဒီအရှင်" ဟုပင် ခေါ်ဝေါ် သုံးနှုန်းနေသေး၏။

သူ တွေးတောနေရန် အချိန်မရှိတော့ချေ။ ပိုင်လီယွီဖုန်းသည် သူ၏ မှော်ရတနာ ကို ကပျာကယာ ထုတ်ယူလိုက်ပြီး အစွမ်းကုန် ကြိုးစား အားထုတ်လိုက်လေတော့သည်။

“ဟွန်း... မင်းရဲ့ စုတ်ပြတ်နေတဲ့ ကျင့်ကြံခြင်းလေးနဲ့ ဒီအရှင်ကို ခုခံချင်သေးတာလား”

ဝူမီးတောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ လွှမ်းမိုးဖိနှိပ်နိုင်သော အဟုန်ဖြင့် ကျယ်ပြန့်လှသော ကြောက်မက်ဖွယ် အမည်းရောင် မီးတောက်များက ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများအဖြစ် ပြောင်းလဲသွားကာ ပိုင်လီယွီဖုန်းထံသို့ သည်းကြီးမည်းကြီးတိုက်ခိုက် လာတော့သည်။

“ဝေါ့...”

ဝူမီးတောက်၏ စွမ်းအားများ တစ်ဖန် ထပ်မံ မြင့်တက်လာပြန်၏။ ပိုင်လီယွီဖုန်း အနေဖြင့် အင်မော်တယ် လက်နက် ကို ထုတ်ယူ အသုံးပြုထားသည့်တိုင်အောင် လုံးဝ တောင့်ခံနိုင်ခြင်း မရှိတော့ချေ။ သူသည် ထိုနေရာတွင်ပင် သွေးများ ဝေါ့ခနဲ အန်ချ လိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာရသွားလေတော့သည်။

'ကျစ်...'

ပိုင်လီယွီဖုန်း၏ ရင်တွင်း၌ ဒေါသများ ပေါက်ကွဲနေသကဲ့သို့ တစ်ချိန်တည်းမှာပင် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေမိလေ၏။

ဝူမီးတောက်တွင် ဤမျှ ပြင်းထန်သော စွမ်းအားများ ရှိနေလိမ့်မည်ဟုလည်းကောင်း၊ ၎င်း၏ အဆင့်မှာ နတ်ဘုရား အသွင်ပြောင်းဘုံ သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုလည်းကောင်း ပိုင်လီယွီဖုန်း တစ်ကြိမ်တစ်ခါမျှ တွေးထင် မထားခဲ့ဖူးချေ။

“ဖျောင်း...”

ပိုင်လီယွီဖုန်းသည် လက်နှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်ပြီး ပါးစပ်မှ တစ်စုံတစ်ရာကို မသိမသာ ရေရွတ် လိုက်လေသည်။

“ဟွန်း... အသိဉာဏ်မဲ့တဲ့ ကောင်လေး... ခုခံဖို့ တွေးနေတုန်းလား... ဒီအရှင် အခုပဲ မင်းကို ဝါးမြိုပြီး ပြာကျသွားအောင် လုပ်ပစ်မယ်”

ဝူမီးတောက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ပိုမို ပြင်းထန်သော အမည်းရောင် မီးတောက်များက ပိုင်လီယွီဖုန်းထံသို့ တဟုန်ထိုး ဝင်ရောက်လာပြီး သူ့ကို အရှင်လတ်လတ် ဝါးမြိုပစ်လိုက်လေတော့၏။

“ဝီ... ဝီ...”

ဝူမီးတောက်က ပိုင်လီယွီဖုန်းကို ဝါးမြိုတော့မည့် ဆဲဆဲတွင် အမည်းရောင် မီးတောက်များ အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မီးတောက်များကို လျှပ်တစ်ပြက် အတွင်း ဖယ်ရှားပစ်လိုက်လေသည်။

“နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ပါလား”

ရုတ်တရက် ပေါ်ထွက်လာသော ဤကြောက်မက်ဖွယ် စွမ်းအားကြီးကြောင့် ဝူမီးတောက်ပင် အကြီးအကျယ် တုန်လှုပ်သွားရလေ၏။

“ဟွန်း... သာမန် နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ လောက်ကတော့ ငါ့ မျက်စိထဲတောင် ထည့်စရာ မလိုဘူးကွ”

နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ၏ စွမ်းအားကို အပ်ဖျားခန့်မျှ ဂရုမစိုက်သော လေသံဖြင့် ဝူမီးတောက်က မထီမဲ့မြင် ပြောလိုက်သည်။

“အကယ်၍ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်သာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် မင်း ဒီလောက် ရဲတင်းရဲပါဦးမလား”

အိုမင်းရင့်ရော်သော အသံ တစ်သံ ထွက်ပေါ်လာတော့၏။

ဤပြင်းထန်သော စွမ်းအားကြီးမှာ သက်ကြီးရွယ်အို ပညာရှင် တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူသည် စွမ်းအင်ဖြင့် ဖန်တီးထားသော ကိုယ်ပွား ပုံရိပ်ယောင် သက်သက်မျှသာ ဖြစ်ပေသည်။

ထိုသက်ကြီးရွယ်အိုမှာ ပိုင်လီ မျိုးနွယ်စု ၏ အကြီးအကဲကြီး ဖြစ်ပြီး၊ ပိုင်လီယွီဖုန်း ကြိုတင် စနစ်တကျ အကွက်ချ ပြင်ဆင်ထားခဲ့သည် ဆိုသော အရာမှာလည်း သူပင် ဖြစ်တော့သည်။

အကယ်၍ ပိုင်လီ မျိုးနွယ်စု အကြီးအကဲကြီး၏ ကြောက်မက်ဖွယ် စွမ်းအားသာ မပါဝင်ခဲ့ပါက ပိုင်လီယွီဖုန်းမှာ အစောကြီးကတည်းက ပြာအဖြစ်သို့ ပြောင်းလဲသွားပြီးလောက်ပြီ ဖြစ်ချေသည်။

“အကြီးအကဲကြီး”

နောက်ဆုံးတွင်တော့ ပိုင်လီယွီဖုန်း၏ ရင်တွင်း၌ သက်ပြင်းတစ်ချက်ကို လွတ်လပ်စွာ ချလိုက်နိုင်လေတော့၏။

“မြန်မြန် ထွက်သွားကြ”

အိုမင်းသော ဟိန်းဟောက်သံက ပဲ့တင်ထပ်သွားသည်။

အမည်းရောင် မီးတောက်များနှင့် ဝူမီးတောက်၏ အစွမ်းထက်လှသော စွမ်းအားများကို ဖယ်ရှားလိုက်ပြီးနောက် ပုံရိပ်ယောင် ကိုယ်ပွားသည် ဒဏ်ရာ အပြင်းအထန် ရနေသော ပိုင်လီယွီဖုန်းကို သယ်ဆောင်ကာ အလျင်အမြန် ထွက်ပြေးလေတော့၏။

“ဝုန်း...”

“ဝီ... ဝီ...”

ထိုအခိုက်အတန့်၌ပင် ဂူကြီးသည် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ပြိုကျသွားလေသည်။ ကမ္ဘာပျက် စွမ်းအား ကဲ့သို့သော စွမ်းအင်ကြီးက ဂူကြီးကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး တောင်ကုန်းများ ပြိုကျကာ ချောက်နက်ကြီး တစ်ခုလုံး လောကငရဲတစ်ခုပမာ ဖြစ်နေ တော့သည်။

“ဟွန်း... ထွက်ပြေးဖို့ တွေးနေတာလား... အရင်ဆုံး ဒီအရှင် သဘောတူမတူ ဆိုတာကို မေးလိုက်ဦး”

ဝူမီးတောက် အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ အမည်းရောင် မီးတောက် အမျှင်တန်းတစ်ခုသည် အမည်းရောင် လျှပ်စီး အဖြစ် ပြောင်းလဲသွားကာ လျှပ်တစ်ပြက် အတွင်း ပျောက်ကွယ်သွားတော့၏။

ဝူမီးတောက်၏ အရှိန်အဟုန်မှာ အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း သူတို့ကို အမီလိုက်သွားကာ အကြီးအကဲကြီးနှင့် ပိုင်လီယွီဖုန်းတို့၏ ထွက်ပေါက်ကို ပိတ်ဆို့လိုက်လေတော့သည်။

“သေစမ်း”

ဝူမီးတောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြင်းထန်သော ဒေါသများ အတိုင်းအဆမဲ့ ထွက်ပေါ်လာကာ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားများကို အဟုန်ပြင်းစွာ ရူးသွပ်စွာ ပစ်လွှင့် တိုက်ခိုက်လေတော့၏။

All Chapters