အခန်း (၆၅၂-၆၅၄)
Vol. 44 Ch. 652-654
အခန်း (၆၅၂) - ဝါးမြိုခြင်း
“သခင်လေး... မြန်မြန် ထွက်ပြေး”
အကြီးအကဲကြီး၏ ကိုယ်ပွားက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ်သည် လေဟာနယ်ထဲတွင် ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။ ထို့နောက် ကိုယ်ပွားသည် ဝူမီးတောက်ထံသို့ တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်လေတော့၏။
“ဝုန်း...”
“ဝီ...”
အလွန် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအား နှစ်ခု ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားကြရာ ကောင်းကင်နှင့် မြေကြီးပင် သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်း သွားတော့သည်။ ပတ်ဝန်းကျင်ရှိ ပေသောင်းချီ မြင့်မားသော တောင်ကုန်း တောင်တန်းကြီးများ အားလုံး အမှုန့်အဖြစ် ပြိုကွဲ ပျက်စီးသွားလေ၏။ ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းကြီးများက ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားပြီး လေဟာနယ် အလွှာများ တစ်ခုပြီးတစ်ခု ပြိုကျသွားကာ လောကကြီး တစ်ခုလုံး လျှပ်တစ်ပြက် အတွင်း မှောင်မိုက်သွားတော့သည်။
ပြင်းထန်လှသော ထိပ်တိုက် ရင်ဆိုင်မှု အတွင်း၌ အကြီးအကဲကြီး၏ စွမ်းအင် ကိုယ်ပွားမှာ အပိုင်းပိုင်း အစစ ကွဲအက် ပျက်စီးသွား၏။
“ဟွန်း... သာမန် စွမ်းအင် ကိုယ်ပွားလေး တစ်ခုကများ ဒီအရှင်ကို လာယှဉ်ရဲသေးတယ်ပေါ့လေ”
ဝူမီးတောက်က အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်၏။ သူ၏ အမည်းရောင် မီးတောက်များဖြင့် ကြောက်မက်ဖွယ် ကောင်းလှသော မျက်နှာကြီး တစ်ခုကို ပုံဖော် ဖန်တီးလိုက်လေသည်။
ပိုင်လီ မျိုးနွယ်စု ၏ ခမ်းနား ကြီးကျယ်လှသော နန်းတော်ကြီး အတွင်း၌မူ အကြီးအကဲကြီး၏ မျက်နှာမှာ တည်ကြည်လေးနက် နေပေသည်။
“ဒါက ဝူမီးတောက် ဆိုတာလား... တကယ့်ကို ရှေးဦး ကမ္ဘာဦးခေတ် မီးတောက်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်... သူ့ဆီမှာ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ တကယ်ပဲ ရှိနေတာပဲ”
“အကြီးအကဲကြီး... ဖုန်းအာ ရဲ့ အခြေအနေ ဘယ်လိုနေလဲ”
မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သူ လူလတ်ပိုင်း အရွယ် အမျိုးသားက စိုးရိမ်တကြီး မေးလိုက်လေ၏။
“ခေါင်းဆောင်ကြီး စိတ်ချပါ... သခင်လေး ဘာမှမဖြစ်ပါဘူး... ဒဏ်ရာ အပြင်းအထန် ရသွားပေမဲ့ သူ လွတ်မြောက်သွားပါပြီ”
အကြီးအကဲကြီးက ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ဖြေလိုက်သည်။
စကားဆုံးသည်နှင့် အကြီးအကဲကြီးသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး...ရေရွတ်လိုက်၏
“ဒီ ဝူမီးတောက် ဆိုတဲ့ ကောင်ဆီမှာ ဘယ်လို စွမ်းရည်တွေ ရှိနေလဲဆိုတာ ငါကိုယ်တိုင် သွားပြီး စမ်းသပ်ကြည့်ရမယ်”
ဝူမီးတောက်၏ အထင်အမြင်သေးမှုက ပိုင်လီ မျိုးနွယ်စု အကြီးအကဲကြီး၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီပင်
စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အကြီးအကဲကြီး၏ ခန္ဓာကိုယ်သည် လေဟာနယ်ထဲတွင် ရုတ်ချည်း ပျောက်ကွယ် သွားတော့၏။
မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားသော အကြီးအကဲများ အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံးမှာ မတတ်နိုင်စွာဖြင့် ခေါင်းခါယမ်းရုံမှလွဲ၍ မည်သူကမျှ ဝင်ရောက် ဟန့်တားခြင်း မပြုကြချေ။
...
မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အတွင်းရှိ တောင်ထွတ်တစ်ခု ပေါ်တွင် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သော တောင်တန်းကြီးများကို ကြည့်ရင်း သွေးဆုတ်ဖြူရော် နေကြလေ၏။
“ဝူမီးတောက်ရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်...”
ပေတိုယန်မှာ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေတော့သည်။
“ခုနက နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ရဲ့ စွမ်းအားက ဘယ်သူ့ဆီကလဲ... ပိုင်လီ မျိုးနွယ်စု က အစွမ်းထက် ပညာရှင် တစ်ယောက်ယောက် များလား”
ယီထျန်းချင်းက အံ့အားသင့်စွာဖြင့် ခန့်မှန်းကြည့်လိုက်လေ၏။
“ဟော... ပိုင်လီယွီဖုန်း ထွက်လာပြီ”
လျိုချင်းယန်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“သူ အသက်ရှင်နေသေးတာလား”
ပေတိုယန် အံ့အားသင့်စွာ ပြောလိုက်မိ၏။
“ဝူး...”
ပိုင်လီယွီဖုန်းသည် နေရာရွှေ့ပြောင်းခြင်း ကျင့်စဉ်ဖြင့် သူတို့အနီးသို့ ရောက်ရှိလာလေသည်။ သူ၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်နေပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော် နေပေ၏။
“ဟူး... တော်သေးတာပေါ့... ငါ့ အသက်လေး သွားတော့မလို့...မထင်ထားဘဲ ဝူမီးတောက်က ဒီလောက်တောင် ကြောက်စရာ ကောင်းနေတယ်ဟ”
ပိုင်လီယွီဖုန်းက သက်ပြင်း တစ်ချက်ကို ပြင်းပြင်း ချလိုက်လေသည်။
“ခင်ဗျား အဆင်ပြေရဲ့လား”
ဖုန်းဝူချန်က ဒဏ်ရာ အပြင်းအထန် ရနေသော ပိုင်လီယွီဖုန်းကို လှမ်းကြည့်ကာ မေးလိုက်၏။
ပိုင်လီယွီဖုန်းက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ခက်ခဲစွာဖြင့် ဖြေလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်... နည်းနည်းလောက် အရိုက်ခံလိုက်ရရုံပါ”
“ဟီးဟီး... အစ်ကိုဖုန်း စကားကို နားမထောင်ရင် အဲဒီလိုပဲ ဖြစ်တတ်တယ်ဗျ”
ဟု လျိုချင်းယန်က နောက်ပြောင်လိုက်လေ၏။
ထိုအခါ၊ ပိုင်လီယွီဖုန်းက လျိုချင်းယန်ကို ဂျိုကြည့် ကြည့်လိုက်တော့သည်။
“ဝူမီးတောက်ကို နှိမ်နင်း ဖို့ နည်းလမ်း စဉ်းစားရမယ့် အချိန်မှာ မင်းက လာပြီး နောက်ပြောင်နေသေးတယ်ပေါ့လေ”
“ဝူမီးတောက်ကို နှိမ်နင်း မယ် ဟုတ်လား... သူက နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ အဆင့် ပညာရှင် တစ်ယောက်နဲ့ တန်းတူပဲလေ... သေချင်လို့ သွားယှဉ်မှာလား... ခင်ဗျားတို့ ပိုင်လီ မျိုးနွယ်စု က ဆဋ္ဌမအလွှာ ပညာရှင်ကြီး လာကူညီဖို့ပဲ ဆုတောင်းနေလိုက်တော့”
ပိုင်လီယွီဖုန်း၏ စကားကြောင့် ယီထျန်းချင်းမှာ ကြောက်လန့်သွားရလေ၏။
“ဖုန်းဝူချန်... ခင်ဗျားရဲ့ ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားကရော ဝူမီးတောက်ကို မဖိနှိပ်နိုင်ဘူးလား”
ပိုင်လီယွီဖုန်းက မေးလိုက်သည်။
ဖုန်းဝူချန် စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ သူ၏ မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့၏။
“ဘယ်သူလဲ”
ပိုင်လီယွီဖုန်း လည်း တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အေးစက်စွာ အော်ဟစ်လိုက်လေသည်။
“ဖုန်းဝူချန်... ငါတို့ ထပ်တွေ့ကြပြန်ပြီနော်”
ကောင်းကင်ယံမှ ကျောချမ်းဖွယ် လှောင်ပြောင် ရယ်သံ ထွက်ပေါ်လာတော့၏။
“ဖူယန်”
ထိုအသံကို ကြားသည်နှင့် ပိုင်လီယွီဖုန်းက ဘယ်သူဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိလိုက်သည်။
“နတ်ဆိုးမျိုးနွယ် က ဟို ငတုံးကြီးပါလား”
လျိုချင်းယန်၏ မျက်နှာမှာ မည်းမှောင်သွားလေ၏။
ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ၏ မျက်နှာများလည်း အလွန် အရုပ်ဆိုး အကျည်းတန်သွားကြသည်။ နတ်ဆိုးမျိုးနွယ် မှ ဖူယန် သည် သူတို့ သွားလေရာ နေရာတိုင်းသို့ သည်းကြီးမည်းကြီး ခြေရာခံ လိုက်လာသည်ဟုပင် ခံစားနေကြရပေသည်။
“တကယ့်ကို တစ္ဆေသရဲတွေလို လိုက်နှောင့်ယှက်နေတာပဲ”
မြောင်ချင်းချင်းက ရေခဲတမျှ အေးစက်သော လေသံဖြင့် ရေရွတ်လိုက်လေ၏။
ရောက်လာသူများမှာ အခြားသူများ မဟုတ်ပေ။ နတ်ဆိုးမျိုးနွယ် မှ ဖူယန် နှင့် ဖန်ရွှီဟွိုင် တို့ပင် ဖြစ်တော့သည်။
“ဖုန်းဝူချန်... ငါတို့ရဲ့ အကြွေးဟောင်းတွေ ရှင်းရမယ့် အချိန် ရောက်ပြီ”
ဖူယန်က ရက်စက်စွာ ကြိမ်းဝါးလိုက်သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့၏။
“ကျွန်မရဲ့ အကာအကွယ်ကို အရင်ချိုးဖျက်နိုင်မှ အကြွေးရှင်းမယ့် အကြောင်း လာပြောပါ”
လင်ရှောင်ရှောင်က ဖူယန်အား တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အေးစက်စွာ တုံ့ပြန်လိုက်လေသည်။
လက်ရှိအချိန်တွင် အကြောက်ဆုံး အရာမှာ ဖူယန် မဟုတ်ဘဲ ဝူမီးတောက် ပင် ဖြစ်ချေ၏။
ဝူမီးတောက် နိုးထလာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားမှာ နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ နှင့် ညီမျှနေပြီး၊ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှသော မီးတောက်များကိုလည်း ပိုင်ဆိုင်ထားပေသည်။
“ဟွန်း”
ဖူယန်က မဲ့ပြုံး ပြုံး ကာ နှာခေါင်းရှုံ့လိုက်သော်လည်း စကားပြန်မပြောသကဲ့သို့ တိုက်ခိုက်ရန်လည်း အလျင်စလို မပြုလုပ်ချေ။
ထိုအခိုက်အတန့်၌ပင် ဝူမီးတောက်သည် မြေအောက် အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ဖြည်းညင်းစွာ တက်လာလေ၏။ အမည်းရောင် မီးတောက်များဖြင့် ပုံဖော်ထားသော လူသဏ္ဍာန် တစ်ခု အဖြစ်သို့ ဖွဲ့တည်သွား၏။ ၎င်း၌ သွေးရောင် လွှမ်းနေသော မျက်လုံးများသာ ရှိကာ အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းမျှ မရှိချေ။
ဝူမီးတောက် ထွက်ပေါ်လာမှုနှင့်အတူ ရူးသွက်ဖွယ် အရှိန်အဝါ တစ်ခု သိပ်သည်းလာတော့သည်။
“နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ပါလား... ရှေးဦး ကမ္ဘာဦးခေတ် မီးတောက်ဆိုတာ တကယ်ပဲ သာမန် မဟုတ်ဘူးပဲ”
ဖူယန် မျက်မှောင်ကြုတ်ကာ အတွေးနက်နေ မိလေ၏။ ဝူမီးတောက်ကို မြင်လိုက်ရသောအခါ သူ၏ ရင်တွင်း၌လည်း ကြောက်ရွံ့ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရသည်။
“အဲဒါ ဝူမီးတောက်လား”
ဖန်ရွှီဟွိုင်မှာ အလွန်အမင်း ထိတ်လန့်သွားကာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော် နေပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရလေ၏။
ဝူမီးတောက်သည် ဖူယန်နှင့် ဖန်ရွှီဟွိုင် တို့ကို ရက်စက်သော အကြည့်ဖြင့် တစ်ချက်မျှသာ ကြည့်ပြီးနောက် သူတို့ကို လုံးဝ လျစ်လျူရှုကာ ပိုင်လီယွီဖုန်းထံသို့သာ အကြည့်များကို စူးစိုက်လိုက်လေတော့သည်။
“ကောင်လေး... မင်း သေရမယ့် အချိန် ရောက်ပြီ... မင်းတို့ အားလုံး ရောက်နေကြမှတော့... ဒီအရှင် အားလုံးကို ဝါးမြိုပစ်ရမှာပေါ့.. နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ကို ထိုးဖောက် ဝင်ရောက် ဖို့ လုံလောက်သွားပြီပဲ”
ဝူမီးတောက်က အေးစက်စွာ ကြိမ်းဝါးလိုက်၏။
“ငါတို့ အားလုံး ပါတာလား”
ဖူယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ထွက်သွားစမ်း”
ဝူမီးတောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူသည် ဖုန်းဝူချန်နှင့် သူတို့ အဖွဲ့ကိုသာ ဝါးမြိုရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
ဖူယန်သည် ပခုံးကို အသာအယာ တွန့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ခပ်လှမ်းလှမ်းသို့ အေးအေးဆေးဆေးပင် နောက်ဆုတ် သွားလေတော့သည်။
‘ဟီးဟီး၊ ပိုင်လီယွီဖုန်း... မင်း ဘယ်လောက်တောင် ဆက်ပြီး မောက်မာနိုင်ဦးမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်... ဒီနေ့က မင်း သေရမယ့် နေ့ပဲ’
ဖန်ရွှီဟွိုင် ကြိတ်၍ အပျော်ကြီး ပျော်သွားကာ ရက်စက်စွာ လှောင်ပြုံး ပြုံးလိုက်၏။ သူ၏ အကြည့်များက ပိုင်လီယွီဖုန်းထံသို့ စူးစိုက် ကျရောက်နေတော့သည်။
ဝူမီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားကို ဖန်ရွှီဟွိုင် လုံးဝ ယုံကြည်ထားပေသည်။ ဝူမီးတောက် အနေဖြင့် ပိုင်လီယွီဖုန်းသည် မည်သူဖြစ်ကြောင်းကို ဂရုစိုက်နေမည် မဟုတ်ဘဲ သတ်ချင်လျှင် သတ်ပစ်မည်သာ ဖြစ်ကြောင်း သူ သေချာ သိနေ၏။
“အသိဉာဏ်မဲ့တဲ့ သောက်ကလေးတွေ... သေဖို့သာ ပြင်ထားကြတော့”
ဝူမီးတောက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားများ ထပ်မံ ပေါက်ကွဲထွက်လာပြီး ထိတ်လန့်ဖွယ် အမည်းရောင် မီးတောက်များက ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
“ပိုင်လီယွီဖုန်း... မြန်မြန် ဒီထဲ ဝင်လာခဲ့”
လင်ရှောင်ရှောင်က အရေးတကြီး အော်ဟစ်လိုက်လေသည်။
ပိုင်လီယွီဖုန်းသည် အချိန်မဆွဲရဲတော့ချေ။ ဝူမီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ထားပြီး ဖြစ်ရာ ၎င်းအား အထင်သေး၍ မရကြောင်း ကောင်းစွာ နားလည်ထားပြီး ဖြစ်ပေသည်။
“နတ်ဘုရား အသွင်ပြောင်း အကာအကွယ် ဟုတ်လား... ဟွန်း”
ဝူမီးတောက်က လင်ရှောင်ရှောင်၏ နတ်ဘုရား အသွင်ပြောင်း အကာအကွယ် ကို အပ်ဖျားခန့်မျှပင် ဂရုမစိုက်ချေ။
ထိတ်လန့်ဖွယ် အမည်းရောင် မီးတောက်များက အကာအကွယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ဧရာမ အမည်းရောင် စက်လုံးကြီး တစ်ခု အဖြစ် ဖန်တီးလိုက်လေ၏။ လင်ရှောင်ရှောင်၏ အကာအကွယ်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ဝူမီးတောက်၏ ဝါးမြိုခြင်းကိုမူ ခံလိုက်ရပြီ ဖြစ်သည်။
အကာအကွယ် အတွင်းတွင် လုံးဝ မှောင်မည်းသွားပြီး မည်သူက မည်သူ့ကိုမျှ မမြင်နိုင်ကြတော့ချေ။
“ရှောင်ရှောင် ရဲ့ အကာအကွယ်က ဝူမီးတောက်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး... ဝူမီးတောက်က အကာအကွယ်ရဲ့ စွမ်းအားတွေကို ဝါးမြိုနေတယ်”
ဖုန်းဝူချန် မျက်မှောင်ကြုတ်သွားပြီး ဝူမီးတောက်၏ ကြောက်မက်ဖွယ် ကောင်းပြီး အနိုင်ကျင့် လွှမ်းမိုးနိုင်သော ဝါးမြိုခြင်း စွမ်းအားကို တွေးကာ လျှို့ဝှက်စွာ အံ့အားသင့် နေမိလေ၏။
ဝူမီးတောက်၏ ဝါးမြိုခြင်း စွမ်းအားမှာ ဖုန်းဝူချန်၏ ရွှေရောင် နဂါး တံဆိပ်တုံး ထက်ပင် ပို၍ အစွမ်းထက်နေသေးသည်။
“အကာအကွယ်ရဲ့ စွမ်းအားတွေက အရမ်း မြန်မြန် ကျဆင်းနေတယ်”
ပိုင်လီယွီဖုန်းမှာလည်း မျက်မှောင်ကြီး ကုတ်သွားတော့၏။
“ရွှီး... ရွှီး...”
မိနစ်ဝက်မျှပင် မကြာလိုက်ချေ။ လင်ရှောင်ရှောင် ဖန်တီးထားသော အကာအကွယ်မှာ အက်ကွဲလာပြီး၊ စုတ်ပြဲသွားသော အသံများကို ဖုန်းဝူချန်နှင့် အခြားသူများ အားလုံး ရှင်းလင်းစွာ ကြားလိုက်ကြရလေသည်။
လင်ရှောင်ရှောင်မှာ အလွန်အမင်း အံ့အားသင့် သွားလေ၏။ ဤအရာသည် နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ ပညာရှင် တစ်ဦး ဖန်တီးထားသော အကာအကွယ် ဖြစ်သော်ငြားလည်း ဝူမီးတောက်က ဤမျှ အစွမ်းထက်သော အကာအကွယ် စွမ်းအားကိုပင် ဝါးမြိုပစ်နိုင်နေတော့၏။
“ဒုက္ခပဲ... အကာအကွယ်က ဆက်ပြီး တောင့်မခံနိုင်တော့ဘူး”
လျိုချင်းယန်နှင့် အခြားသူများ အားလုံး အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့သွားကြပြီး သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်း များက အလုံးအရင်းဖြင့် ထိုးတက်လာတော့၏။
အကာအကွယ်သာ ပြိုကျသွားပါက သူတို့ အားလုံး ဝူမီးတောက်၏ ဝါးမြိုခြင်းကို ခံရတော့မည်မှာ သေချာနေပေပြီ။
“ဟွန်း... မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့”
ဝူမီးတောက်က လှောင်ပြောင်လိုက်သည်။ ၎င်း၏ ထိတ်လန့်ဖွယ် အမည်းရောင် မီးတောက်များက အကာအကွယ်ကို ရူးသွပ်စွာ ဝါးမြိုနေပြီး ဝူမီးတောက်၏ အရှိန်အဝါမှာလည်း ဆက်လက်၍ မြင့်တက်လာနေတော့၏။
“ဖျောင်း...”
ခဏအကြာတွင် အကာအကွယ် တစ်ခုလုံး အက်ကြောင်းများဖြင့် ပြည့်နှက်သွားပြီးနောက် စူးရှသော ကွဲအက်သံ ပဲ့တင်ထပ်သွားလေတော့၏။
အခန်း (၆၅၃) - နေရာဒေသ ကူးပြောင်းခြင်း
~“အကာအကွယ် ကျိုးပျက်သွားပြီ”
“ဒီ ဝူမီးတောက် က အရမ်း ကြောက်စရာ ကောင်းလွန်းတယ်”
“ဒီလောက် အစွမ်းထက်တဲ့ အကာအကွယ်ကိုတောင် ဝူမီးတောက်က ဝါးမြိုပစ်လိုက်တာ... ငါတို့ လုံးဝ တောင့်မခံနိုင်တော့ဘူး... အားလုံး ပြီးသွားပြီ”
လျိုချင်းယန်နှင့် အပေါင်းအပါများမှာ ထိတ်လန့်မှု အထွတ်အထိပ်သို့ ရောက်ရှိနေကြ၏။ ပြိုကွဲသွားသော အကာအကွယ်ကြားမှ ထိုးဖောက်ဝင်ရောက် လာသော ကြောက်မက်ဖွယ် အမည်းရောင် မီးတောက်များကို သူတို့ ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရ၏။
“ဖျောင်း... ဖျတ်...”
နတ်ဘုရား အသွင်ပြောင်းဘုံ အကာအကွယ်ကြီးမှာ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် နောက်ဆုံးတွင် လုံးဝ ပြိုကျ ပျက်စီးသွားလေတော့သည်။
“ဟွန်း... ဘယ်လောက်ပဲ အစွမ်းထက်တဲ့ အကာအကွယ် ဖြစ်နေပါစေ... ဒီအရှင် ဝူမီးတောက် ရှေ့မှာတော့ ဝါးမြိုခံရဖို့ပဲ ရှိတယ်ကွ”
ဝူမီးတောက်က အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်လေသည်။
ဝူမီးတောက်သည် အမည်းရောင် မီးတောက် လက်မောင်းကြီးများကို ဖြန့်ကားလိုက်၏။ ထို့နောက် လွှမ်းမိုးဖိနှိပ်နိုင်သော အမြင့်တစ်နေရာမှနေ၍ မောက်မာစွာ ပြောလိုက်လေသည်။
“မင်းတို့ အားလုံး ဒီအရှင်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာတော့မယ်... ဒီအတွက် ဂုဏ်ယူသင့်တယ်”
ထိုအခိုက်အတန့်၌ ပိုင်လီယွီဖုန်း ပင်လျှင် ကြောက်လန့်တကြားဖြစ်ကာ မျက်နှာ ကွက်ခနဲ ပျက် သွားလေတော့သည်။
ပိုင်လီ မျိုးနွယ်စု ၏ သခင်လေး တစ်ယောက်အနေဖြင့် ပိုင်လီယွီဖုန်း မမြင်ဖူးသောအရာ ဟူ၍ မရှိသလောက် ရှားပါးလှပေသည်။ သို့သော် ဤမျှ ပြင်းထန်သော အမည်းရောင် မီးတောက်များကိုမူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ဝူမီးတောက်ကား အလွန်တရာမှ ကြောက်စရာ ကောင်းလွန်းလှပေ၏။ ၎င်းသည် နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားသော်ငြားလည်း ဤမီးတောက်ကိုယ်နှိုက်က အလွန် အနိုင်ကျင့် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ပညာရှင်ပင်လျှင် ဝူမီးတောက်ကို အနိုင်ယူနိုင်ရန် မသေချာချေ။
“အစ်ကိုဖုန်း... ခင်ဗျားဆီမှာ နည်းလမ်း မရှိတော့ဘူးလား... မြန်မြန် လုပ်ပါဗျာ”
လျိုချင်းယန်သည် အလွန်အမင်း စိုးရိမ်တကြီးဖြင့် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ သူ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အလား ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။
“ဝူမီးတောက်ရဲ့ စွမ်းအားက ငါ့ရဲ့ မှန်းဆချက်တွေထက် အများကြီး သာလွန်နေတယ်... သူ့ရဲ့ ဝိညာဉ် ခန္ဓာကိုယ်ကလည်း အရမ်း အစွမ်းထက်လွန်းတယ်... ငါ့ရဲ့ နည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး”
ဖုန်းဝူချန်က တည်ကြည်လေးနက် စွာ ပြောလိုက်လေသည်။ ဤအခိုက်အတန့်တွင် ဖုန်းဝူချန် တစ်ယောက်တည်းသာလျှင် တည်ငြိမ်မှုကို ဖိနှိပ် ထိန်းသိမ်းထားနိုင်စွမ်း ရှိပေ၏။
ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ လျိုချင်းယန်နှင့် အခြားသူများ အားလုံး လုံးဝ စိတ်ပျက်အားငယ် သွားကြကာ မျှော်လင့်ချက်မဲ့ သွားကြလေတော့သည်။
ဖုန်းဝူချန်၌ပင် နည်းလမ်း မရှိတော့ပါက သူတို့အတွက် ပို၍ပင် မျှော်လင့်ချက် မရှိနိုင်တော့ချေ။
သို့ဖြစ်သော်ငြားလည်း ဖုန်းဝူချန်သည် မည်သည့်အခါမျှ အလွယ်တကူ လက်လျှော့တတ်သူ မဟုတ်ပေ။ အခြေအနေများ ပိုမို ဆိုးရွားလာပြီး စိုးရိမ်ပူပန်မှုများ ပြင်းထန်လာလေလေ၊ သူသည် ပိုမို၍ တည်ငြိမ်အောင် နေရလေလေ ဖြစ်ပေသည်။
ဖုန်းဝူချန်သည် သေမင်းတံခါးဝမှ ရုန်းထွက်နိုင်ရန် ကြိုးစားရမည် ဖြစ်၏။ ဝူမီးတောက်၏ အားနည်းချက်ကို ရှာဖွေပြီး ထွက်ပြေး လွတ်မြောက်နိုင်မည့် လမ်းစကို မရရအောင် ရှာဖွေရပေမည်။
သို့သော် အမည်းရောင် မီးတောက်များက ဆုတ်ခွာရန် လမ်းကြောင်း အားလုံးကို အသေအချာ ပိတ်ဆို့ထားပြီး ဖြစ်ကာ အပ်ဖျားစာမျှ ကွက်လပ်ပင် မကျန်ရှိတော့ချေ။
လျင်မြန်စွာ ချဉ်းကပ်လာသော အမည်းရောင် မီးတောက်များကို ကြည့်ရင်း ဖုန်းဝူချန်မှာ ပို၍ စိုးရိမ်လာရသည်။ ဒါသည် သေမင်းနှင့် အပြေးပြိုင်နေရခြင်း ဖြစ်ကြောင်း ယုံမှားဖွယ်မရှိ ပေ။
'ငါ အားလုံးကို ပုံအောပြီး လောင်းကြေးထပ်ရတော့မယ်'
ဖုန်းဝူချန်၏ မျက်လုံးများထဲတွင် ရက်စက်မည့်ဟန်ရှိသော အပြုံး တစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွား၏။ ထို့နောက် သူသည် ကမ္ဘာပျက် စွမ်းအား ကို အစွမ်းကုန် ထုတ်ဖော် လည်ပတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ရွှေရောင် နဂါး တံဆိပ်တုံး ကိုပါ အသက်သွင်းလိုက်လေတော့သည်။
“ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအား ပါလား... နောက်ပြီး ရွှေရောင် နဂါး တံဆိပ်တုံး”
ဝူမီးတောက်၏ သွေးရောင် မျက်လုံးများထဲတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည် ။ ထို့နောက် အနည်းငယ် မှင်သက် သွားလေ၏။
'နေရာဒေသ ကူးပြောင်းခြင်း'
ဖုန်းဝူချန်က စိတ်ထဲမှ ပြင်းထန်စွာ အော်ဟစ်လိုက်လေသည်။
အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ် သွား၏။ ထိတ်လန့်ဖွယ် အမည်းရောင် မီးတောက်ကြီးများက ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ အားလုံးကို လုံးဝ ဝါးမြိုပစ်လိုက်လေသည်။
“အသိဉာဏ်မဲ့တဲ့ ကလေးတွေ... သေချင်လို့ မြောင်းထဲ ဝင်တာပဲ”
ဝူမီးတောက်က အလွန်တရာ ကျေနပ် အားရနေလေ၏။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမည်းရောင် မီးတောက်များက ဧရာမ လက်ဝါးကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ဖုန်းဝူချန်တို့ကို ဝါးမြိုထားသော မီးတောက် အစုအဝေးကြီးကို အမိအရ ဆုပ်ကိုင်လိုက်လေတော့သည်။
ဝူမီးတောက် ထိုသို့ ပြုလုပ်လိုက်သည့် အခိုက်အတန့်၌ပင် ၎င်း၏ သွေးရောင် လွှမ်းနေသော မျက်လုံးကြီးများမှာ ကျောက်ရုပ်ကြီးပမာဖြစ် သွားတော့၏။
“သူတို့... သူတို့ ဘယ်ရောက်သွားတာလဲ”
ဝူမီးတောက် ထိတ်လန့်တကြား ရေရွတ်လိုက်လေသည်။ ၎င်း၏ သွေးရောင် မျက်လုံးကြီးများမှာ ပြူးကျယ်နိုင်သမျှ ပြူးကျယ် သွားတော့၏။
လက်တစ်ချက် ပွတ်ဆွဲလိုက်ရာ ဖုန်းဝူချန်တို့ကို ဝါးမြိုထားသော အမည်းရောင် မီးတောက် စက်လုံးကြီးမှာ ကွဲအက် လွင့်စင်သွား၏။ သို့သော် စက်လုံး အတွင်း၌ မည်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေတော့ချေ။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝူမီးတောက်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချား သွားလေ၏။ သေချာပေါက် သေရမည့် အခြေအနေမှ ဖုန်းဝူချန်တို့လို လူငယ်လေးများ ထွက်ပြေး လွတ်မြောက်သွားနိုင်သည် ကို ၎င်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။
“အံ့မခန်းပဲ... သူတို့ တကယ်ကြီး ထွက်ပြေး လွတ်မြောက်သွားကြတာပါလား”
အဝေးမှနေ၍ စောင့်ကြည့်နေသော ဖူယန် ပင်လျှင် မှင်သက် ဆွံ့အ သွားရလေသည်။
“ဒီလောက် ကြောက်စရာကောင်းတဲ့ မီးတောက်ကြီးဆီကနေ ပိုင်လီယွီဖုန်းတို့ ဘယ်လိုမှ ထွက်မပြေးနိုင်ပါဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ဖန်ရွှီဟွိုင်မှာ နားမလည်နိုင်စွာဖြင့် ခေါင်းခါယမ်းရင်း ကြောင်အ နေလေ၏။
အစပိုင်းတွင် ပိုင်လီယွီဖုန်းတို့ သေချာပေါက် သေရတော့မည်ကို တွေးကာ အပျော်ကြီး ပျော်နေခဲ့သော်လည်း၊ ပျော်ရွှင်မှု အဆုံးမသတ်ရသေးခင်မှာပင် သူ၏ မျက်နှာ အမူအရာကြီး တောင့်တင်း သွားရလေတော့သည်။
ဤမျှ မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေမျိုးမှ ဖုန်းဝူချန်တို့ အဖွဲ့ ထွက်ပြေး လွတ်မြောက်သွားနိုင်သည် ဆိုသည်ကို မည်သူကမျှ မယုံကြည်နိုင်ကြချေ။
ဒုတိယ စက္ကန့်တွင် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ၏ အထက် ကောင်းကင်ယံ တစ်နေရာ၌ လေဟာနယ်များ လိမ်ကောက် ကွေးညွတ်သွားပြီးနောက်၊ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် ထိုလိမ်ကောက်နေသော လေဟာနယ် အတွင်းမှ အလွန်တရာ ဆန်းကြယ် ထူးဆန်းစွာ ထိုးထွက်လာကြလေသည်။
'အောင်မြင်သွားပြီ'
ဖုန်းဝူချန်၏ ရင်ထဲတွင် အပျော်ကြီး ပျော်သွား၏။ မိစ္ဆာနဂါး ၏ မှတ်ဉာဏ်များ ရှိနေသဖြင့်သာ နေရာဒေသ ကူးပြောင်းခြင်း သိုင်းကွက်ကို ကြိုးစား ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ ကြက်သေ သေနေကြလေ၏။ ဘာတွေ ဖြစ်သွားမှန်း သူတို့ လုံးဝ နားမလည်ကြသကဲ့သို့ သူတို့ သေနေပြီလား၊ ရှင်နေသလား ဆိုသည်ကိုပင် သေချာ မဝေခွဲတတ်အောင် ဖြစ်နေကြသည်။
“ဒါက... နဂါးမျိုးနွယ် ရဲ့ နေရာဒေသ ကူးပြောင်းခြင်း ပဲ... ဘာလို့ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ထဲမှာပဲ ရှိနေသေးတာလဲ”
လင်ရှောင်ရှောင်၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်မှုများ ပြည့်နှက်နေပြီး သူမ၏ မျက်လုံးလေးများ တဖျတ်ဖျတ် ခတ်နေလေ၏။
“နေရာဒေသ ကူးပြောင်းခြင်း”
ပိုင်လီယွီဖုန်း၏ ရင်ထဲတွင် သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားတော့သည်။
နဂါးမျိုးနွယ် ၏ နေရာဒေသ ကူးပြောင်းခြင်း ကို တိုက်ကြီး တစ်ခုလုံးတွင် ကျော်ကြားလှပြီး ဆန်းကြယ်သော အင်အားကြီး ပညာရှင်များ အားလုံး သိရှိထားကြပေသည်။
“ဒီကောင်လေးက ဒီလို အခြေအနေမျိုးမှာ နဂါးမျိုးနွယ် ရဲ့ နေရာဒေသ ကူးပြောင်းခြင်း ကို နားလည် သဘောပေါက်သွားတာပါလား”
ဟု ဖူယန်က အံ့အားသင့်စွာ ပြောလိုက်လေ၏။
ပါးရည်နပ်ရည် ရှိပြီး စွန့်စားတတ်သောဖူယန်၏ အကဲခတ်နိုင်စွမ်းဖြင့် ဖုန်းဝူချန်သည် သေရေးရှင်ရေး အကျပ်အတည်း ကြားတွင် ဤသိုင်းကွက်ကို ရုတ်တရက် အလင်းပွင့်သွားခြင်း ဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်သည်။ သို့မဟုတ်ပါက ဤနတ်ဘုရား သိုင်းကွက်ကို အသုံးပြု၍ အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားမည်လေ။ ယခုတိုင် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တွင် ရှိနေစရာ အကြောင်း မရှိပါ။
ဖုန်းဝူချန် အနေဖြင့် ဤသိုင်းကွက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ရုံသာမက အရေးပေါ် အခြေအနေတွင် ဖိနှိပ် ထုတ်ဖော် အသုံးပြုလိုက်ရခြင်း ဖြစ်ရာ ထိန်းချုပ်နိုင်စွမ်းမှာ အလွန်တရာ အားနည်းလှပေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဘေးအန္တရာယ်မှ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ပြီ ဖြစ်ချေ၏။
“ဝုန်း...”
“ဝီ... ဝီ...”
ရုတ်တရက် ဝူမီးတောက် တဟုန်ထိုး ထွက်ပေါ်လာ၏။ လေဟာနယ် တစ်ခုလုံး ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ပဲ့တင်ထပ်သွားကာ လေဟာနယ် အလွှာများ သိမ့်သိမ့်ခါသွားအောင် တုန်လှုပ်ချောက်ချား သွားတော့သည်။
ရှေးဦး ကမ္ဘာဦးခေတ် ၏ အစွမ်းအထက်ဆုံး မီးတောက် တစ်ခု အနေဖြင့်၊ နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားပါလျက်နှင့် လူငယ်လေးများ မိမိ လက်ထဲမှ လွတ်ထွက်သွားသည်ကို ကြုံတွေ့လိုက်ရသဖြင့် ဝူမီးတောက်၏ ဒေါသအမျက်မှာ ကောင်းကင်ယံသို့ ထိုးတက်သွားလေတော့၏။
“ဝူမီးတောက်... သိပ်ပြီး မောက်မာမနေနဲ့... ငါတို့ ပိုင်လီ မျိုးနွယ်စု မှာ အစွမ်းထက်တဲ့ လူတွေ မရှိဘူးလို့ မင်းက တကယ် ထင်နေတာလား”
ဝူမီးတောက် ထွက်ပေါ်လာသည်ကို အာရုံခံမိသောအခါ ပိုင်လီယွီဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
သို့သော် ဝူမီးတောက်သည် ပိုင်လီယွီဖုန်းအား အပ်ဖျားခန့်မျှ အာရုံမစိုက်ချေ။ ၎င်း၏ သွေးရောင် လွှမ်းနေသော မျက်လုံးကြီးများက ဖုန်းဝူချန်ထံသို့သာ စူးစိုက် ကျရောက်နေတော့သည်။
အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသော ဝူမီးတောက်ကို စိမ်းစိမ်းကြည့် ကာ ဖုန်းဝူချန်သည် သူ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်၏။ အလွန်တရာ အစွမ်းထက်လှသော ဝိညာဉ် စွမ်းအားများကို အစွမ်းကုန် လည်ပတ်လိုက်ရာ မုန်တိုင်းကဲ့သို့သော အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးသို့ တရဟော လွှမ်းခြုံသွားလေတော့သည်။
“တကယ့်ကို လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိတဲ့ ဝိညာဉ် စွမ်းအားပဲ”
ပိုင်လီယွီဖုန်းသည် အံ့အားသင့်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ဖုန်းဝူချန်ကို ကြည့်လိုက်၏။ ထိုလွှမ်းမိုးဖိနှိပ်နိုင်သော ဝိညာဉ် စွမ်းအားက သူ၏ ရင်ထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့စိုးရိမ်မှုများကိုပင် ဖြစ်ပေါ်လာစေလေသည်။
“အင်မော်တယ် ကျင့်စဉ်... ဝိညာဉ် ဝါးမြိုခြင်း”
ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားမည့် မုန်တိုင်း ဒီရေလုံးကြီးအလား ဝိညာဉ် စွမ်းအားများ တဟုန်ထိုး ပေါက်ကွဲထွက်လာချိန်တွင် ဖုန်းဝူချန်က ရက်စက်စွာ အော်ဟစ်လိုက်လေသည်။
ဝူမီးတောက်၏ အရှိန်အဟုန်မှာ အလွန် ကြောက်စရာ ကောင်းလှပြီး ဖုန်းဝူချန်၏ အနီးသို့ လျှပ်တစ်ပြက် အတွင်း ရောက်ရှိလာ၏။ သို့သော် ရုတ်တရက် တစ်စုံတစ်ခု၏ ဖိနှိပ် ချုပ်နှောင်ခြင်းကို ခံလိုက်ရသည့်အလား ၎င်းမှာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
“ဒါက... ဝိညာဉ် စွမ်းအားပဲ... မင်းက ဆေးပညာရှင် တစ်ယောက်လား”
ဖုန်းဝူချန်ကို ကြည့်ကာ ဝူမီးတောက်က အံ့အားသင့်စွာ လွှတ်ခနဲ အော်ဟစ်လိုက်လေသည်။
“မင်းက စကြာဝဠာ ကနေ မွေးဖွားလာပြီး ဝိညာဉ် နဲ့ အသိဉာဏ် ကို ပိုင်ဆိုင်ထားတယ် မဟုတ်လား... ကွက်တိပဲ... မင်းကို ချုပ်နှောင် ဖို့ ငါ့ဆီမှာ နည်းလမ်း ရှိတယ်”
ဖုန်းဝူချန်က ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ် စွမ်းအားများကို အသုံးပြု၍ ဝူမီးတောက်၏ ဝိညာဉ် ခန္ဓာကိုယ်ကို ဖမ်းဆီး ချုပ်နှောင်လိုက်လေသည်။
“မင်းရဲ့ စုတ်ပြတ်နေတဲ့ ဝိညာဉ် စွမ်းအားလေးနဲ့ ဒီအရှင်ကို ချုပ်နှောင်နိုင်မယ် ထင်နေတာလား”
ဝူမီးတောက် ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအင်များ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ထိုချုပ်နှောင်မှုမှ ဖိနှိပ် ရုန်းထွက်ရန် ကြိုးစားလေတော့သည်။
ဝူမီးတောက်၏ ဝိညာဉ် ခန္ဓာကိုယ်မှာ အလွန်တရာမှ အစွမ်းထက်လွန်းလှပေသည်။ ၎င်း ရုန်းကန်လေလေ ထိန်းချုပ်ရန် ပို၍ ခက်ခဲလာလေလေ ဖြစ်၏။ ဖုန်းဝူချန်၏ ဝိညာဉ် ဝါးမြိုခြင်း သိုင်းကွက်သည် ဝူမီးတောက်ကို အချိန်အကြာကြီး ချုပ်နှောင်ထားနိုင်မည် မဟုတ်ချေ။
“အစ်ကိုဖုန်း... တောင့်ထားနော်”
လျိုချင်းယန်က စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်လေသည်။
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် နာကျင်မှုများ အထင်းသား ပေါ်လွင်နေပြီး သူ၏ စွမ်းအား ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရှင်းလင်းနေပေ၏။ သို့သော် သူသည် ဝိညာဉ် စွမ်းအားများကို အဆက်မပြတ် ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။
“ပိုင်လီယွီဖုန်း... ခင်ဗျားရဲ့ ဝိညာဉ် စွမ်းအားတွေကို ကျွန်တော့်ဆီ လွှဲပေးပါ”
ဖုန်းဝူချန်က အသံကုန် အော်ဟစ်လိုက်လေသည်။
ထိုအခါ.. ပိုင်လီယွီဖုန်းသည် သူ၏ ဝိညာဉ် စွမ်းအားများကို အလျင်အမြန် လည်ပတ်လိုက်ပြီး ဖုန်းဝူချန်၏ ကျောပြင်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။ သူ၏ ကိုယ်ပိုင် ဝိညာဉ် စွမ်းအားများ အားလုံးကို ဖုန်းဝူချန်၏ ခန္ဓာကိုယ် အတွင်းသို့ အလုံးအရင်းဖြင့် ရိုက်သွင်းပေးလိုက်လေတော့သည်။
“သူ့ရဲ့ ဝိညာဉ် ခန္ဓာကိုယ်ကို အားနည်းသွားအောင် လုပ်နိုင်သရွေ့ ငါတို့အတွက် အခွင့်အရေး ရှိတယ်”
ဖုန်းဝူချန်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။ ဤအရာသည် ယခင်က ဖုန်းဝူချန် ပြောခဲ့ဖူးသော နည်းလမ်းပင် ဖြစ်တော့သည်။
“နေ့ခင်းကြောင်တောင် အိပ်မက် မက်နေလိုက်စမ်း... ကျိုးပျက်သွားစမ်း”
ဝူမီးတောက် ကောင်းကင်ယံသို့ မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
“ဝုန်း...”
“ဝီ... ဝီ...”
မုန်တိုင်းကဲ့သို့ ပြင်းထန်သော အမည်းရောင် မီးတောက်များ အရပ်မျက်နှာ အသီးသီးသို့ လိမ့်ဆင်းသွားကာ လေဟာနယ်များ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြိုကျ ပျက်စီးသွားတော့၏။
၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ဝူမီးတောက်သည် ဝိညာဉ် ခန္ဓာကိုယ်၏ ချုပ်နှောင်မှုမှ ဖိနှိပ် ရုန်းထွက်သွားလေတော့၏။
“ဒုက္ခပဲ... သူ့ကို ငါ ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူး”
ဖုန်းဝူချန်၏ မျက်နှာ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
“ခွေးသားလေး... မင်း ခန္ဓာကိုယ်ကို ပေးစမ်း...တခါထဲ ဝါးမြိုပစ်မယ်”
ဝူမီးတောက် ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး ဖုန်းဝူချန်ထံသို့ ရူးသွပ်စွာ တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်လေတော့၏။
“ကောင်းကင် ချုပ်နှောင်ခြင်း လက်ဝါး”
ထိုအခိုက်အတန့်၌ပင် ဩဇာတိက္ကမ အပြည့်ပါသော အိုမင်းရင့်ရော်သည့် အသံ တစ်သံ ထွက်ပေါ်လာပြီးနောက်၊ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါ တစ်ခု ကောင်းကင်ယံမှ ဆင်းသက် လာလေတော့၏။
အခန်း (၆၅၄) - ပိုင်လီထျန်းလီ
~“နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ပါလား”
ရုတ်တရက် ထွက်ပေါ်လာသော ဩဇာတိက္ကမ အပြည့်ပါသည့် အော်ဟစ်သံကြောင့် ဝူမီးတောက်ပင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည် ။
ဖုန်းဝူချန်နှင့် ပိုင်လီယွီဖုန်းတို့၏ ရှေ့တွင် သက်ကြီးရွယ်အို ပုံရိပ်တစ်ခု လေဟာနယ်ထဲမှ ရုတ်ချည်း ထွက်ပေါ်လာ၏။ ထိုအဘိုးအိုက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားများကို လက်ဝါးတစ်ချက်တည်းဖြင့် အဟုန်ပြင်းစွာ ပစ်လွှင့် လိုက်လေသည်။
“ဝုန်း...”
“ဝီ... ဝီ...”
ထိတ်လန့်ဖွယ် လက်ဝါးရိုက်ချက် စွမ်းအားကြီးက အမည်းရောင် မီးတောက်များကို လွင့်စင်သွားစေပြီး ဝူမီးတောက်၏ စွမ်းအားကို ဖိနှိပ် ရိုက်ချိုးပစ်လိုက်၏။ ဝူမီးတောက်မှာ အမည်းရောင် တောင်ထွတ်ကြီးတစ်ခု ပြိုကျသွားသည့်အလား အဝေးသို့ လွင့်စင်သွားရလေတော့သည်။
လက်ဝါးတစ်ချက်တည်းဖြင့် ဝူမီးတောက်ကို နောက်ဆုတ်သွားစေနိုင်ခြင်းက ထိုအဘိုးအို၏ စွမ်းအား မည်မျှ ကြောက်စရာ ကောင်းကြောင်းကို သက်သေပြနေပေသည်။
“အကြီးအကဲကြီး”
အဘိုးအိုကို မြင်လိုက်ရသောအခါ ပိုင်လီယွီဖုန်းမှာ အပျော်ကြီး ပျော်သွားလေ၏။
“အကြီးအကဲကြီး ဟုတ်လား... ပိုင်လီ မျိုးနွယ်စု ရဲ့ အကြီးအကဲကြီးလား”
လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားကြပြီး ပိုင်လီ မျိုးနွယ်စု ၏ ကြောက်မက်ဖွယ် စွမ်းအားကို လျှို့ဝှက်စွာ လေးစား အံ့ဩနေမိကြတော့သည်။
ပိုင်လီ မျိုးနွယ်စု ၏ အကြီးအကဲကြီးသည် နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ အဆင့်တွင် ရှိနေပေသည်။ သို့ဆိုလျှင် ပိုင်လီ မျိုးနွယ်စု ခေါင်းဆောင်ဆိုပါက မည်မျှတောင် ထိတ်လန့်ဖွယ် ကောင်းနေမည်နည်း။
'ပိုင်လီထျန်းလီ... အဆင့် (၉) ဆေးပညာရှင် ပါလား'
မိစ္ဆာနဂါး ၏ မှတ်ဉာဏ်များမှတစ်ဆင့် ပိုင်လီ မျိုးနွယ်စု ၏ အကြီးအကဲကြီးကို ဖုန်းဝူချန် ချက်ချင်း မှတ်မိသွားကာ အတွေးနက်နေ မိလေ၏။
'ပိုင်လီ မျိုးနွယ်စု ရဲ့ အကြီးအကဲကြီး ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး... ပြဿနာပဲ... အခုတော့ ငါတို့ မျိုးနွယ်စုက အကြီးအကဲကြီးတွေ ကိုယ်တိုင် မပါဝင်ရင် ဝူမီးတောက်ကို လုယူဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး'
ဖူယန် မျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက် စွာ တွေးတောလိုက်လေသည်။
ဖူယန်သည် နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ တွင်သာ ရှိသေးရာ ပိုင်လီထျန်းလီကို လုံးဝ မယှဉ်နိုင်ချေ။ ယနေ့တွင် ဖုန်းဝူချန်ကို လက်စားချေ ရန် အခွင့်အရေးမှာ မဖြစ်နိုင်တော့ကြောင်း သူ သဘောပေါက်သွားပေသည်။
ရောက်ရှိလာသူမှာ ယခင်က စွမ်းအင်ကိုယ်ပွားဖြင့် လာရောက်ခဲ့သော အဘိုးအိုပင် ဖြစ်ပြီး ယခုအခါ ၎င်း၏ ခန္ဓာကိုယ် အစစ်အမှန် ကိုယ်တိုင် ဆင်းသက်လာခြင်း ဖြစ်ချေ၏။
“မင်း ပါလား”
ဝူမီးတောက်က ထိုအဘိုးအိုကို ချက်ချင်း မှတ်မိသွားလေသည်။
ပိုင်လီထျန်းလီသည် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏ သိမ်မွေ့သော ဟန်ပန်မှာ ခမ်းနားကြီးကျယ်မှု အပြည့် ရှိနေပေသည်။ ဆံပင်နှင့် မုတ်ဆိတ်မွေးများ အားလုံး ဖြူဖြူဆွတ်နေကာ လောကီအာရုံများကို စွန့်ပယ်ထားသော သူတော်စင် တစ်ပါးအလား အရှိန်အဝါများ ထွက်ပေါ်နေ၏။
“ငါ မဟုတ်လို့ ဘယ်သူ ဖြစ်ရမှာလဲ”
ပိုင်လီထျန်းလီက ခပ်ပြုံးပြုံး ဖြင့် အေးစက်စွာ ပြောလိုက်၏။ သူ၏ နက်ရှိုင်းလှသော မျက်လုံးအိုကြီးများက ဝူမီးတောက်ကို စိမ်းစိမ်းကြည့် နေလေသည်။
“ခွေးအိုကြီး... မင်းက သေချင်နေတာကိုး”
ဝူမီးတောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ဘယ်သူ သေမလဲဆိုတာ ကြည့်ကြသေးတာပေါ့... နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ အဆင့်လောက် ရှိတဲ့ ရှေးဦး ကမ္ဘာဦးခေတ် မီးတောက်လေးကများ ဒီလောက်တောင် ရဲတင်းနေရလား... ဒီနေ့ ငါတို့ ပိုင်လီ မျိုးနွယ်စု က မင်းကို သိမ်းပိုက်ရလိမ့်မယ်... ကွက်တိပဲ... ငါလည်း ဆေးဖော်စပ်ဖို့ အစွမ်းထက်တဲ့ မီးတောက် တစ်ခု လိုနေတာ”
ပိုင်လီထျန်းလီက ခက်ထန်စွာ ကြိမ်းမောင်းလိုက်လေသည်။
“မင်းက ဒီအရှင်ကို သိမ်းပိုက်နိုင်မယ် ထင်နေတာလား”
ဟု ဝူမီးတောက်က မထီမဲ့မြင်ကဲ့ရဲ့ လိုက်၏။
“စမ်းကြည့်လို့ ရတာပေါ့... ဒီအဘိုးကြီး တိုက်ပွဲမဝင်တာ နှစ်ပေါင်း ရာချီနေပြီ... အကြောအခြင် လျှော့ဖို့ အချိန်ကောင်းပဲ”
ပိုင်လီထျန်းလီက အေးစက်စွာ လှောင်ရယ်လိုက်သည်။ ပြောပြောဆိုဆို ပင် သူ၏ ခန္ဓာကိုယ် အတွင်းမှ ပိုင်လီ မျိုးနွယ်စု ၏ သွေးမျိုးဆက် စွမ်းအား များကို စတင် လှုံ့ဆော်လိုက်လေတော့၏။
“ဝီ... ဝီ...”
ပိုင်လီထျန်းလီ၏ ခန္ဓာကိုယ်မှ ကျယ်ပြန့်လှသော စွမ်းအင်များ အဆုံးအစမဲ့ ပေါက်ကွဲထွက်လာရာ လေဟာနယ်များ တုန်ခါ ပြိုကျသွားတော့သည်။ မျက်စိကျိန်းမတတ် တောက်ပလှသော အလင်းတန်းများက နတ်ဘုရား တစ်ပါး၏ ရောင်ဝါအလား ထိန်လင်းသွား၏။ ထိုလွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါကြောင့် အားလုံး အသက်ရှူဖို့ပင်မေ့ သွားကြလေသည်။
ထိုအခိုက်အတန့်၌ ပိုင်လီထျန်းလီ၏ အရှိန်အဝါသည် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် တစ်ဟုန်ထိုး တိုးတက်နေ၏။ နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ သို့ ခုန်တက် သွားပြီး သတ္တမအလွှာ အထွတ်အထိပ် သို့ပင် ရောက်ရှိသွားလေတော့သည်။
ပိုင်လီထျန်းလီကား အတိုင်းအဆမဲ့ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
“နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ အထွတ်အထိပ် ပါလား”
ဝူမီးတောက်၏ သွေးရောင် မျက်လုံးများထဲတွင် သတိထားရမည့် အရိပ်အယောင်များ ရိပ်ခနဲ ဖြတ်ပြေးသွား၏။
“လာစမ်းပါ... အစွမ်းအထက်ဆုံး မီးတောက် ဆိုတာ ဘယ်လောက် စွမ်းသလဲ ဆိုတာ ဒီအဘိုးအိုကို ပြစမ်းပါဦး”
ပိုင်လီထျန်းလီက မောက်မာစွာ ပြောလိုက်သည်။ သူသည် သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အလွန်တရာ ယုံကြည်မှု ရှိနေပေ၏။
ပိုင်လီထျန်းလီ၏ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ဆိုရလျှင် တိုက်ကြီး တစ်ခုလုံးတွင် သူသည် ထိပ်တန်း အဆင့်ရှိ ပညာရှင် တစ်ဦး ဖြစ်ကြောင်း ယုံမှားဖွယ်မရှိ ပေ။
“ဟွန်း”
ဝူမီးတောက်က ရက်စက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် ၎င်း၏ စွမ်းအား အားလုံးနှင့်အတူ ကြောက်မက်ဖွယ် အမည်းရောင် မီးတောက်များကို အစွမ်းကုန် ထုတ်ဖော်လိုက်လေသည်။ ဝူမီးတောက်၏ အရှိန်အဝါသည်လည်း နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ အထိ တစ်ဟုန်ထိုး တိုးတက် သွားတော့သည်။
ဝူမီးတောက်၏ အရှိန်အဝါကား အလွန်တရာ ရိုင်းစိုင်း ကြမ်းတမ်းလှပြီး ဝိညာဉ်များကိုပင် ဖမ်းစားနိုင်စွမ်း ရှိပေ၏။
၎င်း၏ အရှိန်အဝါသည် ပိုင်လီထျန်းလီလောက် မပြင်းထန်သော်ငြားလည်း ပိုင်လီထျန်းလီထက် အားနည်းခြင်း မရှိကြောင်းကို အထင်းသား ခံစားသိရှိနိုင်ပေသည်။
ကျယ်ပြန့်လှသော အမည်းရောင် မီးတောက်များ ပြန့်နှံ့သွားကာ လေဟာနယ် အတွင်း ပေသောင်းချီအထိ ကျယ်ပြန့်သွား၏။ အမည်းရောင် မီးတောက် ပင်လယ်ကြီး တစ်ခုအဖြစ် စုစည်းသွားပြီး လေဟာနယ် တစ်ခုလုံးကို လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဟုန်ဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
တစ်ခဏအတွင်းမှာပင် လောကကြီး တစ်ခုလုံး အမှောင်ထုထဲသို့ ကျဆင်းသွားပြီး လောကငရဲတစ်ခုပမာ ဖြစ်နေ ကာ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှပေသည်။
“ဆုတ်ကြ”
ဖုန်းဝူချန်က ပြင်းထန်စွာ အော်ဟစ်လိုက်၏။ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များ၏ တိုက်ပွဲကို သူတို့၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်များဖြင့် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ဝူမီးတောက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်ပြီး ပဉ္စမအလွှာ စွမ်းအားကိုပါ ပိုင်ဆိုင်ထားရာ ပို၍ပင် ပြောစရာ မလိုတော့ချေ။
ဝူမီးတောက်၏ ထိတ်လန့်ဖွယ် ကောင်းမှုကို ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ခဲ့ပြီး ဖြစ်ပေသည်။ အကယ်၍ ဖုန်းဝူချန်ကသာ အချိန်နှင့် နေရာ လေဟာနယ် စွမ်းအားကို ဖိနှိပ် မထုတ်သုံးခဲ့ပါက သူတို့အားလုံး အစောကြီးကတည်းက ပြာကျသွားပြီးလောက်ပြီ ဖြစ်ချေ၏။
နောက်ဆုတ်နေစဉ် လင်ရှောင်ရှောင်သည် အန္တရာယ်ကင်းစေရန်အတွက် နတ်ဘုရား အသွင်ပြောင်းဘုံ အကာအကွယ် တစ်ခုကို ထပ်မံ ဖန်တီးလိုက်လေသည်။
ကြောက်မက်ဖွယ် ကောင်းလှသော အမည်းရောင် ဝူမီးတောက် ပင်လယ်ကြီးကို ရင်ဆိုင်ရသော်လည်း ပိုင်လီထျန်းလီသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။ ထိုစွမ်းအားကို သူ၏ ခြိမ်းခြောက်မှု တစ်ခုအဖြစ် မသတ်မှတ်ထားကြောင်း ပေါ်လွင်နေပေသည်။
“သေစမ်း”
ဝူမီးတောက် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကျယ်ပြန့်လှသော မီးတောက် ပင်လယ်ကြီးကို ပိုင်လီထျန်းလီထံသို့ တဟုန်ထိုး လိမ့်ဆင်းသွားစေရန် အမိန့်ပေးလိုက်လေ၏။
“ရှေးဦး ကမ္ဘာဦးခေတ် မီးတောက် ဆိုတာ တကယ်ပဲ အားမနည်းဘူး... ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းက ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတာမို့လို့ သိုင်းကွက်တွေကို မကျင့်ကြံနိုင်ဘူးလေ... ဒီလောက် စွမ်းရည်လေးနဲ့တော့ ငါ့ မျက်စိထဲတောင် ထည့်စရာ မလိုသေးဘူးကွ”
“ဟင်းဟင်း..”
ပိုင်လီထျန်းလီက အေးစက်တည်ငြိမ်စွာ ရယ်လိုက်လေသည်။
“ရွှီး...”
“ဝီ... ဝီ...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပိုင်လီထျန်းလီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ စွမ်းအင် ပေါက်ကွဲမှုကြီး တစ်ခု လွင့်စင်ထွက်ပေါ်သွား၏။ ထိုစွမ်းအင်ကြီးက နယ်မြေတစ်ခုလုံးကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်း သွားစေနိုင်သော ဖျက်ဆီးခြင်း အဟုန်များ ပါဝင်နေပေသည်။
“ဝုန်း...”
“ဝီ... ဝီ...”
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်ကြီး ပေါက်ကွဲထွက်လာပြီး ပေသောင်းချီ မြင့်မားသော မီးတောက် ပင်လယ်ကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားလေ၏။ ကမ္ဘာပျက်မတတ် ကျယ်လောင်သော ပေါက်ကွဲသံကြောင့် အားလုံး နားကန်းမတတ် ဖြစ်သွားကြသည်။ နယ်မြေတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသဖြင့် ဖုန်းဝူချန်နှင့် အခြားသူများမှာ ဟိန်းညံသော ရယ်သံသည် နားစည်ကိုပြင်းထန်စွာ လာရောက်ရိုက်ခတ်သဖြင့်နားနှစ်ဖက်ကို လက်ဖြင့် အတင်းပိတ် ထားရပြီး သူတို့၏ မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားကြလေတော့သည်။
ဖျက်ဆီးခြင်း စွမ်းအင်များ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားရာ နယ်မြေအတွင်းရှိ အင်အားစု အားလုံးမှာ ဤကြောက်မက်ဖွယ် စွမ်းအားကို ရှင်းလင်းစွာ ခံစားသိရှိလိုက်ကြရပေ၏။
သို့ဖြစ်သော်ငြားလည်း ဤမျှ ထိတ်လန့်ဖွယ် စွမ်းအားကြီးက ပိုင်လီထျန်းလီကို အပ်ဖျားခန့်မျှပင် မတုန်လှုပ်စေနိုင်ခဲ့ချေ။
“မင်းရဲ့ စွမ်းအားက ဒီလောက်ပဲ ရှိတဲ့ပုံပဲ”
ပိုင်လီထျန်းလီက လှောင်ပြောင်လိုက်ရင်း သူ၏ မျက်နှာ အမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိ။ မျက်မှောင်ပင် မကြုတ်ခဲ့ချေ။
“သိပ်ပြီး မောက်မာမနေနဲ့ကွ”
ထိုစကားကို ကြားသောအခါ ဝူမီးတောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
“ဒိန်း... ဒိုင်း...”
“ဝီ... ဝီ...”
ဖျက်ဆီးခြင်း စွမ်းအင် နှစ်ခုမှာ တစ်ခဏမျှ ထိပ်တိုက် ရင်ဆိုင်မိပြီးနောက် နောက်ဆုံးတွင် အကြီးအကျယ် ပေါက်ကွဲသွားတော့၏။ ပေါက်ကွဲမှု စွမ်းအင်များက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်တော့မည့်အလား အရပ်မျက်နှာ အသီးသီးသို့ ပြင်းထန်စွာ တရကြမ်း တိုက်ခတ် သွားလေသည်။
ပေါက်ကွဲမှု ဖြစ်ပေါ်သည့် အခိုက်အတန့်၌ပင် ဝူမီးတောက်မှာ နောက်တစ်ကြိမ် လွင့်စင်သွားရပြန်၏။ ဤကြောက်မက်ဖွယ် စွမ်းအားကို ခုခံရန် ၎င်း၌ လုံးဝ အစွမ်းမရှိတော့ချေ။
အမည်းရောင် မီးတောက်များတွင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော ဝါးမြိုခြင်း စွမ်းရည်များ ရှိနေသည့်တိုင်အောင် ပိုင်လီထျန်းလီ၏ စွမ်းအားကိုမူ လုံးဝ တောင့်မခံနိုင်ခဲ့ပေ။
အခြားတစ်ဖက်တွင်မူ ပိုင်လီထျန်းလီသည် မူလနေရာ၌ပင် မတုန်မလှုပ် ရပ်တည်နေပေသည်။ ဖျက်ဆီးခြင်း စွမ်းအင်များက သူ၏ အနား တစ်လက်မခန့်သို့ပင် မကပ်နိုင်ချေ။ အလွန်တရာ အစွမ်းထက်လှသော စွမ်းအင် အကာအကွယ် တစ်ခုက သူ့ကို ကာကွယ်ပေးထားသည့်အလား ဖြစ်နေတော့၏။
မည်သူက ပို၍ အစွမ်းထက်ပြီး မည်သူက အားနည်းသည်ကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိရှိနိုင်ပေပြီ။
'ဒီအဘိုးကြီးက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်... မျိုးနွယ်စု ခေါင်းဆောင် ကိုယ်တိုင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး'
ဖူယန်က ခပ်တိုးတိုး ရေရွတ် လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရိပ်ခနဲ ဖြတ်ပြေးသွားလေသည်။
“အင်မော်တယ် ကျင့်စဉ်... လမ်းကြောင်း တစ်ထောင် ဝိညာဉ်ချေမှုန်း လက်ချောင်း”
ပိုင်လီထျန်းလီ ခပ်နှိမ့်နှိမ့် ဟိန်းဟောက်လိုက်ရာ သူ၏ လက်ချောင်းထိပ်များတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းမိသွား၏။ ထို့နောက် သူက အဝေးသို့ လက်ညှိုး ညွှန်ပြလိုက်လေသည်။
“ရွှီး...”
“ဝီ... ဝီ...”
နတ်ဘုရား အလင်းတန်း တစ်ခု လျှပ်စစ်ပမာ လျင်မြန်စွာ ပစ်လွှတ်လိုက်၏။ ထိုအလင်းတန်းတွင် ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှသော လွှမ်းမိုးဖိနှိပ်နိုင်သည့် အဟုန်များ ပါဝင်နေပြီး လေဟာနယ်ကို ခွင်းသွားသော ကျယ်လောင်သည့် အသံက လူတိုင်း၏ နားစည်ကို ဖောက်ထွင်းသွားမည့်အလား ဖြစ်နေပေသည်။
“မင်းရဲ့ သိုင်းကွက်က ဒီအရှင်ကို ထိမယ် ထင်နေတာလား”
ဝူမီးတောက်က မထီမဲ့မြင်ကဲ့ရဲ့ လိုက်၏။ တစ်ချိန်တည်းမှာပင် အမည်းရောင် မီးတောက်များသည် မရေမတွက်နိုင်သော အမည်းရောင် မီးတောက် အလင်းရောင်များအဖြစ် လျှပ်တစ်ပြက် အတွင်း ပြန့်ကျဲသွားလေတော့သည်။
ပိုင်လီထျန်းလီ၏ လက်ချောင်းမှ ကြောက်မက်ဖွယ် စွမ်းအင်ကြီးမှာ လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး ဝူမီးတောက်ကို အပ်ဖျားခန့်မျှပင် ဒဏ်ရာ မရစေခဲ့ချေ။
“အိုး... ဟုတ်လို့လား”
ပိုင်လီထျန်းလီက ခပ်ပြုံးပြုံး တုံ့ပြန်လိုက်လေ၏။
သို့သော် ထိုအခိုက်အတန့်၌ သူ၏ လက်ချောင်းထိပ်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လျှပ်တစ်ပြက် ဖြတ်သန်းသွားသော ပေါက်ကွဲမှုမှ ကြောက်မက်ဖွယ် စွမ်းအင်မှာ ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ယခင်ကထက် ပိုမို မြန်ဆန်သော အရှိန်အဟုန်ဖြင့် နောက်ပြန် ပစ်လွှတ်လာလေတော့၏။
“ဟာ”
ဝူမီးတောက် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
“ဝုန်း...”
“ဝီ... ဝီ...”
ကြောက်မက်ဖွယ် အမြန်နှုန်းရှိသော စွမ်းအင် လက်ချောင်းကြီးသည် မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း ရောက်ရှိလာသဖြင့် ဝူမီးတောက် အနေဖြင့် ရှောင်တိမ်းရန် လုံးဝ အခွင့်အရေး မရလိုက်ချေ။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖျက်ဆီးခြင်း စွမ်းအင်များက ဝူမီးတောက်ကို လုံးဝ တိုက်စားပစ်လိုက်လေတော့၏။