အခန်း (၆၅၅-၆၅၇)
Vol. 44 Ch. 655-657
အခန်း (၆၅၅) - မျှော်လင့်ချက် ကင်းမဲ့ခြင်း ချောက်ကမ်းပါး
~“ဝီ... ဝီ...”
လေဟာနယ် တစ်ခုလုံး ဖျက်ဆီးခြင်း စွမ်းအင် ဂယက်များဖြင့် ပြည့်နှက်သွား၏။ ထိုစွမ်းအားများမှာ နတ်ဘုရား အသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထိ ရောက်ရှိနေပြီ ဖြစ်ပေသည်။
နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ အထွတ်အထိပ် အဆင့် ကျင့်ကြံခြင်းဖြင့် အင်မော်တယ် ကျင့်စဉ် များကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ရာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေ၏။
သို့သော် ထိုမျှ ပြင်းထန်သော စွမ်းအင်များသည် ဝူမီးတောက်၏ ဝါးမြိုခြင်းအောက်တွင် ရူးသွပ်စွာ မြင့်တက်လာနေချေသည်။ ဝူမီးတောက်သည် ဤစွမ်းအင် ဂယက်များကို သည်းကြီးမည်းကြီးတိုက်ခိုက် ကာ ဝါးမြိုနေ၏။ အဆုံးအစမဲ့ ဝါးမြိုခြင်းပင် ဖြစ်တော့သည်။
“ခွေးအိုကြီး... မင်းရဲ့ စွမ်းအားတွေက အခု ဒီအရှင် ပိုင်ဆိုင်မှု ဖြစ်သွားပြီကွ”
စွမ်းအင် ဂယက်များ အလယ်မှ ဝူမီးတောက်၏ ကျောချမ်းဖွယ် ရယ်သံ ထွက်ပေါ်လာလေသည်။
နောက်ဆုံးတွင်တော့ ပိုင်လီထျန်းလီ၏ မျက်နှာ ကွက်ခနဲ ပျက် သွားကာ မျက်မှောင် အနည်းငယ် ကြုတ်သွားတော့၏။
'တခြားသူရဲ့ စွမ်းအားကို စုပ်ယူပြီး ကိုယ်ပိုင် အဖြစ် ပြောင်းလဲပစ်တာပဲ... အထူးသဖြင့် ကျင့်ကြံခြင်းကို မြှင့်တင်ဖို့အတွက် သုံးတာပါလား'
ပိုင်လီထျန်းလီ မျက်မှောင်ကြီး ကုတ်ကာ တည်ကြည်လေးနက် စွာဖြင့် အတွေးနက်နေ မိလေသည်။
ဖျက်ဆီးခြင်း စွမ်းအင်များကို ဝါးမြိုကာ မိမိ၏ ကျင့်ကြံခြင်းကို မြှင့်တင်နေသော ဝူမီးတောက်၏ ဖြစ်တည်မှုကား တကယ့်ကို ကောင်းကင်ဘုံကို အာခံသော ဖြစ်တည်မှုမျိုး ဖြစ်ရာ ပိုင်လီထျန်းလီကို အကြီးအကျယ် တုန်လှုပ်ချောက်ချား သွားစေတော့သည်။
“ဝူမီးတောက်ရဲ့ စွမ်းအားက ပိုပိုပြီး ကြောက်စရာ ကောင်းလာပြီ”
ယီထျန်းချင်းမှာ ထိတ်လန့်တကြား ပြိုင်တူ လွှတ်ခနဲ အော်ဟစ် လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားလေ၏။
ပေတိုယန်မှာ တံတွေး တစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်ရင်း ကြောက်လန့်တကြား ရေရွတ်လိုက်သည်။
“ဝူမီးတောက်က ပိုင်လီ မျိုးနွယ်စု အကြီးအကဲကြီးရဲ့ စွမ်းအားကို ဝါးမြိုပြီး သူ့ကိုယ်သူ မြှင့်တင်နေတာပါလား... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒုက္ခပဲ... ဝူမီးတောက်ရဲ့ အရှိန်အဝါက အကြီးအကဲကြီးကို ကျော်လွန်တော့မယ်”
ပိုင်လီယွီဖုန်း မှင်သက်စွာ ပြောလိုက်လေ၏။
“ဝေါ့...”
“ဝီ... ဝီ...”
“ရွှီး... ရွှီး... ရွှီး...”
ဝူမီးတောက်သည် ရက်စက်စွာ ဟိန်းဟောက်လိုက်၏။ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါများက တရကြမ်း တိုက်ခတ်သော မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး၊ ကြောက်မက်ဖွယ် လေဓားသွားများ ပါဝင်ကာ အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ တိုက်ခတ်သွားလေသည်။ ဖြတ်သန်းသွားရာ လေဟာနယ် တစ်လျှောက်တွင် ကြီးမား ကျယ်ပြန့်သော အက်ကြောင်းကြီးများ အဟဟ ကွဲအက်သွားတော့၏။
အရှိန်အဝါ သက်သက်ကပင် ဤမျှ ကြောက်စရာ ကောင်းနေပြီ ဖြစ်ရာ ၎င်း၏ စစ်မှန်သော စွမ်းအားဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ချေ။
“ခွေးအိုကြီး... မင်း ခုနကလို ဆက်ပြီး မောက်မာနိုင်သေးလား ကြည့်ရသေးတာပေါ့... အိုမင်းရင့်ရော်နေတဲ့ ကောင်... ဝူမီးတောက်ရဲ့ အစစ်အမှန် မီးတောက်ကို မင်း မြင်ဖူးသလား”
ဝူမီးတောက်က ရက်စက်စွာ လှောင်ပြောင်လိုက်ပြီး ၎င်း၏ သွေးရောင် မျက်လုံးကြီးများက ပိုင်လီထျန်းလီထံသို့ စိမ်းစိမ်းကြည့် ကာ စူးစိုက် ကျရောက်သွားလေသည်။
စကားပြောနေစဉ်မှာပင် မိုးထိမတတ် မြင့်မားသော အမည်းရောင် မီးတောက်များ တဟုန်ထိုး တောက်လောင်လာ၏။ ဝူမီးတောက်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ အမည်းရောင် မီးတောက် အစုအဝေးကြီးက ဘေးနှစ်ဖက်သို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး လေဟာနယ် တစ်ခုလုံးကို မီးရှို့ပစ်လိုက်သည့်အလား ဖြစ်သွားတော့သည်။
ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်မှာ အမည်းရောင် မီးတောက်များ ဖြတ်သန်းသွားရာ လေဟာနယ် တစ်လျှောက်လုံး မျက်စိရှေ့တင် ကျယ်ပြန့်လှသော ရေခဲပြင်ကြီးအဖြစ် အေးခဲသွားပြီး ပေထောင်ချီအထိ ရေခဲမြစ်ကြီး တစ်ခုပမာ ပြန့်နှံ့သွားခြင်းပင် ဖြစ်ချေသည်။
ထိုမြင်ကွင်းကား အလွန်တရာ ခမ်းနား ကြီးကျယ်လှပြီး အားလုံးကို ရင်ထဲထိတိုင် ထိတ်လန့် တုန်လှုပ် သွားစေလေသည်။
ပိုင်လီယွီဖုန်း၊ လျိုချင်းယန်တို့ အဖွဲ့နှင့် အဝေးမှ ဖူယန်၊ ဖန်ရွှီဟွိုင် တို့ အားလုံး မျက်နှာများ တောင့်တင်း သွားကြကာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး မည်သူမျှ စကားတစ်ခွန်းပင် မဟနိုင်ကြတော့ချေ။
“ရှေးဦး ကမ္ဘာဦးခေတ် မီးတောက်မှာ တကယ်ပဲ အစွမ်းအစ ရှိတာပဲ... နှစ်ထောင်ချီပြီး ဘယ်သူမှ ရှာမတွေ့ဘဲ ပုန်းကွယ်နေနိုင်ခဲ့တာ မဆန်းပါဘူး... နောက်ဆုံးတော့ လူငယ်လေး တစ်ယောက်က မတော်တဆ တွေ့သွားတာကိုး”
မှောင်ရိပ်ထဲမှ ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးက မသိမသာ ရေရွတ် လိုက်လေသည်။
မကြာမီမှာပင် အမည်းရောင် မီးတောက်များသည် ပေသောင်းချီ ကျယ်ဝန်းသော ဧရာမ မီးလုံးကြီး တစ်လုံး အဖြစ် စုစည်းသွားကာ ဝူမီးတောက်နှင့် ပိုင်လီထျန်းလီ တို့ကို မီးလုံးကြီး အတွင်းသို့ လှောင်ပိတ်ပစ်လိုက်လေ၏။
ထိုဧရာမ မီးလုံးကြီး ဖြစ်ပေါ်လာသည့် အခိုက်အတန့်၌ လူတိုင်းကို ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ဖြစ်ပေါ်စေသော မီးတောက် အရှိန်အဝါ တစ်ခုက ရူးသွပ်စွာ တိုက်ခတ်လာတော့သည်။
ကျယ်ပြန့်လှသော ရေခဲပြင်ကြီးမှာ မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း ရေပြင်ကြီး အဖြစ် ပြောင်းလဲသွားပြီး ပေထောင်ချီ မြင့်မားသော ရေတံခွန်ကြီးအလား ကောင်းကင်မှ အဟုန်ပြင်းစွာ ကျဆင်းလာလေ၏။
အတိုင်းအဆမဲ့ ကြောက်မက်ဖွယ် ကောင်းလှသော အပူချိန်က ရူးသွပ်စွာ လှည့်ပတ်နေပြီး လေဟာနယ် တစ်ခုလုံး ပွက်ပွက်ဆူနေသည့်အလား ထင်မှတ်ရပေသည်။
“ပြေး... မြန်မြန် ပြေးကြ”
ဖုန်းဝူချန်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ လင်ရှောင်ရှောင်ကို ဖမ်းဆွဲလိုက်ပြီး လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အစွမ်းကုန် ထုတ်ဖော်ကာ ဒရောသောပါး ပြေးလွှား ဆုတ်ခွာလေတော့သည်။
ကြောက်လန့်နေသော လျိုချင်းယန်နှင့် အခြားသူများလည်း မြောက်ပိုင်း နယ်နိမိတ် ချောက်နက် မှ အသေအလဲ ထွက်ပြေးကြရလေသည်။
ဝူမီးတောက်၏ အပူချိန်မှာ အလွန်တရာမှ ထိတ်လန့်ဖွယ် ကောင်းလွန်းလှပြီး မည်သူ့ စိတ်ကူးမှန်းဆချက်ထက်မဆို ကျော်လွန်နေတော့၏။
“ဒါ... ဒါက...”
ဖန်ရွှီဟွိုင်မှာ လုံးဝ တုန်လှုပ်ချောက်ချား သွားပြီး ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ ကာ မလှုပ်ရှားနိုင်တော့ချေ။
“မပြေးဘဲ ဘာလုပ်နေတာလဲ... မင်း သေချင်လို့လား”
ဖူယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဖန်ရွှီဟွိုင်ကို ဆွဲကာ ထွက်ပြေး လွတ်မြောက်ရန် လျှပ်တစ်ပြက် ပျောက်ကွယ်သွားတော့၏။
နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ အဆင့်ရှိသော ဖူယန် ပင်လျှင် ဤအခိုက်အတန့်၌ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေတော့၏။
ကြောက်မက်ဖွယ် ပူလောင်လှသော မီးတောက်များက လမ်းကြောင်း တစ်လျှောက်ရှိ အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီး ပေသောင်းချီ ကျယ်ဝန်းသော လေဟာနယ်ကို မီးစွဲစေခဲ့သည်။ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်လာပြီး ကျယ်ပြန့်လှသော အမည်းရောင် မီးတောက် ပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေတော့၏။
ထိတ်လန့်ဖွယ် ဝူမီးတောက်၏ လောင်ကျွမ်းမှုမှာ အလွန် မြန်ဆန်လွန်းလှရာ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အတွင်းရှိ ပန်းမန်၊ သစ်ပင်၊ သစ်တောများ၊ ငှက်များနှင့် သားရဲများ အားလုံး မျက်တောင်တစ်ခတ် အတွင်း ပြာကျသွားကြပြီး မြင်ရက်စရာ မရှိအောင် အလွန်တရာ ကြေကွဲဖွယ် ကောင်းလှပေသည်။
ဝူမီးတောက်၏ ဖျက်ဆီးခြင်း စွမ်းအားကား အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေတော့သည်။
“ဝီ... ဝီ...”
မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ပြင်းထန်စွာ တုန်ခါသွားပြီး ခမ်းနားလှသော တောင်ထွတ်ကြီးများ တစ်ခုပြီးတစ်ခု ပြိုကျ ပျက်စီးသွားလေ၏။ ကျောက်သားများ ပင်လျှင် ဤမျှ ကြောက်စရာကောင်းသော အပူချိန်ကို တောင့်မခံနိုင်တော့ချေ။ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံး ပြိုကျလာပြီး မြေပြင်ပေါ်တွင် ကြီးမားလှသော အက်ကြောင်းကြီးများ အဟဟ ကွဲအက်လာတော့သည်။
ထိုမြင်ကွင်းမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် မျက်စိပသာဒ ဖြစ်စေပြီး၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် မျှော်လင့်ချက် ကင်းမဲ့သော အမည်းရောင် အရှိန်အဝါများ ပြည့်နှက်နေသည့် အဆုံးမဲ့ ချောက်နက်ကြီး တစ်ခုအလား ခံစားရစေပေသည်။
“အကြီးအကဲကြီး”
ပိုင်လီယွီဖုန်းက ကြောက်ရွံ့ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်လေ၏။ ဝူမီးတောက်ကို လာရောက် ရှာဖွေခဲ့မိသည်ကိုပင် သူ နောင်တရနေမိပြီ ဖြစ်သည်။ ဤအရာသည် မိမိကိုယ်ကို သေတွင်းထဲ ပို့လိုက်ခြင်း သက်သက်သာ ဖြစ်ပေ၏။
ဝူမီးတောက်၏ မီးတောက်များမှာ အလွန်တရာ ကြောက်စရာ ကောင်းလွန်းလှရာ ပိုင်လီထျန်းလီ တောင့်ခံနိုင်မည်လား ဆိုသည်ကို ပိုင်လီယွီဖုန်း လုံးဝ မသေချာတော့ချေ။
“ဒါ... ဒါ အိပ်မက်တော့ မဟုတ်ပါဘူးနော်”
နန်းကုန်းကျန့်၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူရော်သွားပြီး ကြောက်စိတ်ကြောင့် သွေးပျက်နေတော့သည်။
“ဂလု...”
ယီထျန်းချင်းနှင့် အခြားသူများမှာ အလွန် ကြောက်လန့်နေကြသဖြင့် တံတွေးကိုသာ ခက်ခဲစွာ မျိုချနေရပြီး စကားတစ်ခွန်းမျှပင် မဟနိုင်ကြတော့ချေ။
လျိုချင်းယန်တို့ အဖွဲ့ကို ထားလိုက်ပါတော့၊ ဖုန်းဝူချန် ကိုယ်တိုင် ပင်လျှင် ဤကြောက်မက်ဖွယ် မီးတောက်များကြောင့် ပြင်းထန်စွာ တုန်လှုပ်နေရတော့၏။
ဝူမီးတောက်၏ ထိတ်လန့်ဖွယ် အပူချိန်က ပေသောင်းချီ ကျယ်ဝန်းသော လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ၎င်း၏ ဗဟိုချက်တွင် ဧရာမ အမည်းရောင် မီးလုံးကြီး တစ်လုံး ရှိနေလေ၏။ ထိုမီးလုံးကြီး အတွင်းမှ အမည်းရောင် မီးတောက်များ ထပ်မံ ထွက်ပေါ်လာကာ အမည်းရောင် မီးတောက် ပင်လယ်ကြီး အဖြစ်သို့ စုစည်းသွားပြန်သည်။
“ဝူမီးတောက်ရဲ့ မီးတောက် စွမ်းအားတွေ စတင် ထွက်ပေါ်လာပြီ”
ဖုန်းဝူချန်က မှင်သက်စွာ ရေရွတ်လိုက်လေ၏။ သူ၏ စိတ်ကူးမှန်းဆချက်ထက် များစွာ သာလွန်နေသော ဝူမီးတောက်၏ ကြောက်မက်ဖွယ် ကောင်းမှုကြောင့် သူပင်လျှင် လန့်ဖြန့်သွားရသည်။
ဤမျှ ထိတ်လန့်ဖွယ် ကောင်းသော ဖြစ်တည်မှုကို ဝါးမြိုရန် ကြိုးစားရာတွင် အနည်းငယ်လေး သတိလွတ်သွားသည်နှင့် မိမိကိုယ်ကို ပြန်လည် ထိခိုက်စေနိုင်သည်မှာ သေချာလှပေသည်။
ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများကို နတ်ဘုရား အသွင်ပြောင်းဘုံ အကာအကွယ် တစ်ခုက ကာကွယ်ပေးထားသည့်တိုင်အောင် ဝူမီးတောက်၏ ကြောက်မက်ဖွယ် အပူချိန်ကို တားဆီးရန် အခက်တွေ့နေဆဲ။ အကာအကွယ်ကပင် မီးစွဲလောင်တော့မည့်အလား ခံစားနေကြရ၏။
“မျိုး... မျိုးနွယ်စု ခေါင်းဆောင်... ဒီမီးတောက်က အရမ်း ကြောက်စရာ ကောင်းမနေဘူးလား”
ဖန်ရွှီဟွိုင်က ကြောက်လန့်တကြား မေးလိုက်လေသည်။ သူတို့သည် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် မှ အတော်လေး ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်ငြားလည်း အပူဒဏ်ကို မခံမရပ်နိုင်အောင် ခံစားနေရဆဲ ဖြစ်ပေ၏။
အလျှံငြီးငြီး အမည်းရောင် မီးတောက် ပင်လယ်ကြီးကို ကြည့်ရင်း ဖန်ရွှီဟွိုင်မှာ အသက်ရှူ ရပ်မလို ခံစားနေရတော့သည်။
ဖူယန် စကားတစ်ခွန်းမျှ ပြန်မပြောချေ။ သူလည်း အလားတူပင် တုန်လှုပ် ချောက်ချားနေပြီး သူ၏ နောက်ကျော တစ်လျှောက်တွင် ချွေးအေးများ စီးကျနေ၏။
ဤအခိုက်အတန့်တွင် ဧရာမ အမည်းရောင် မီးလုံးကြီး အတွင်းရှိ ကြောက်မက်ဖွယ် အပူချိန်ကို ပိုင်လီထျန်းလီ တောင့်ခံနိုင်မည်၊ မခံနိုင်မည်ကို မည်သူမျှ မသိကြချေ။
ထိတ်လန့်ဖွယ် အမည်းရောင် မီးတောက် ပင်လယ်ကြီး ဝန်းရံထားသော အမည်းရောင် မီးလုံးကြီး အနီးသို့ မည်သူ တစ်ဦးတစ်ယောက်မျှ အနားမကပ်ရဲကြပေ။
မြောက်ပိုင်း နယ်နိမိတ် ချောက်နက် သည် မိမိ၏ ပိုင်နက် ဖြစ်ကြောင်း အမည်းရောင် မီးတောက် ပင်လယ်ကြီးက လူတိုင်းကို သတိပေးနေသည့်အလား ဖြစ်နေတော့၏။
အမည်းရောင် မီးလုံးကြီး အတွင်းတွင်မူ ပိုင်လီထျန်းလီသည် ဝူမီးတောက်ကို အစွမ်းကုန် ရုန်းကန် ခုခံနေရသည်။ သူသည် သူ၏ အင်မော်တယ် လက်နက် ကို ထုတ်ယူ အသုံးပြုထားပြီး နတ်ဘုရား အသွင်ပြောင်းဘုံ အကာအကွယ် တစ်ခုကိုပင် ဖန်တီးထားလိုက်ရ၏။
ပိုင်လီထျန်းလီ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ကျလာသော ချွေးများမှာ ချက်ချင်း အငွေ့ပျံသွားပြီး၊ သူ၏ အသားအရေ မျက်နှာပြင်ပေါ်မှ အဖြူရောင် အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
အရိုးကွဲမတတ် အေးစက်လှသော အမည်းရောင် မီးတောက်များသည် ၎င်းတို့၏ အပူဓာတ်ကို ထုတ်လွှတ်လိုက်သောအခါ ဤမျှ ကြောက်စရာ ကောင်းလိမ့်မည်ဟု ပိုင်လီထျန်းလီ လုံးဝ ထင်မှတ် မထားခဲ့ချေ။
“ခွေးအိုကြီး... အခုတော့ ဒီအရှင် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်း သိသွားပြီ မဟုတ်လား... မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ဝူမီးတောက်က ရက်စက်စွာ ရယ်လိုက်လေ၏။ ချက်ချင်း ဝင်ရောက် တိုက်ခိုက်ရန် အလျင်စလို ပြုလုပ်ခြင်း မရှိချေ။
“ဝူမီးတောက်က ငါ့ရဲ့ စွမ်းအားတွေကို အဆက်မပြတ် ဝါးမြိုနေတယ်... ဒီအတိုင်း ဆက်သွားနေလို့တော့ မဖြစ်ဘူး... ငါ စွမ်းအင် ခန်းခြောက်ပြီး သေသွားလိမ့်မယ်”
ပိုင်လီထျန်းလီ မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်လေသည်။
ပိုင်လီထျန်းလီ အနားသို့ ကပ်စရာ မလိုဘဲနှင့်ပင် ဝူမီးတောက်သည် အမည်းရောင် မီးလုံးကြီး အတွင်း အဝေးမှနေ၍ သူ၏ အစစ်အမှန် ယွမ် များကို လှမ်း၍ ဝါးမြိုနိုင်စွမ်း ရှိနေပေသည်။
ဝူမီးတောက်၏ အရှိန်အဝါမှာ အဆက်မပြတ် မြင့်တက်လာနေပြီး ပို၍ပို၍ ကြောက်စရာ ကောင်းလာတော့၏။
ယခုအခါတွင်မူ ပိုင်လီထျန်းလီကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်ချေသည်။
“သောက်အဘိုးကြီး... ပွဲကြည့်လို့ ဝပြီလား... ဝင်မပါတော့ဘူးလား... ငါ သေသွားရင် မင်းကော ဝူမီးတောက်ကို ရနိုင်မယ် ထင်နေလို့လား”
အရေးပေါ် အခြေအနေ ကြောင့် ပိုင်လီထျန်းလီက ဒေါသတကြီးဖြင့် လျှို့ဝှက် အသံလွှင့်ကာ အော်ဟစ်လိုက်လေတော့၏။
အခန်း (၆၅၆) - ပူးပေါင်းခြင်း
~“ပိုင်လီထျန်းလီ... မင်းက ငါ့ဆီမှာ အသက်ချမ်းသာပေးဖို့ အသနားခံနေတာလား”
ပိုင်လီထျန်းလီ၏ လျှို့ဝှက် သတင်းစကား အဆုံးတွင် အေးစက်ခက်ထန်သော အသံတစ်သံက သူ၏ နားထဲသို့ ရိုက်ခတ်လာလေ၏။
“ပိုင်လီ မျိုးနွယ်စု က လောကကို အုပ်စိုး နိုင်လောက်အောင် အစွမ်းထက်တဲ့သူတွေချည်းပဲ... ဘာကိစ္စ ငါ့ဆီမှာ အကူအညီ လာတောင်းနေရတာလဲ... ပိုင်လီ မျိုးနွယ်စု က နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် တစ်ယောက် သေသွားရင် ငါတို့ ယင်ယန် မိသားစု အတွက် ခွန်အားကြီးတဲ့ ရန်သူ တစ်ယောက် လျော့သွားတာပဲလေ”
အေးစက်သော အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထိုစကားများကို ကြားသောအခါ ပိုင်လီထျန်းလီ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားတော့၏။
“ဒါပေမဲ့ ဝူမီးတောက် ကို လိုချင်တဲ့ အတွက်ကြောင့်တော့ ငါ ဝင်ပါပေးမယ်”
ထိုအသံက အေးအေးဆေးဆေးပင် ထပ်မံ ဆိုလိုက်လေသည်။
“ဝီ... ဝီ...”
သူ့စကားသံ အဆုံးတွင် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ၏ ကောင်းကင်ယံထက်၌ မိုးထိမတတ် ကြီးမားသော စွမ်းအင်ကြီး တစ်ခု ပေါက်ကွဲထွက်လာ၏။ ကမ္ဘာပျက် စွမ်းအား နှင့် တူသော ဖျက်ဆီးခြင်း အဟုန်ကြီးက အဆင့် (၁၂) မုန်တိုင်းကြီး တစ်ခုအလား တရကြမ်း တိုက်ခတ်လာပြီး လေသည် မြည်ဟိန်းသံပေး၍ တရကြမ်းတိုက်ခတ် နေသည်။ နယ်မြေတစ်ခုလုံး မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း သိမ့်သိမ့်ခါသွားအောင်လှုပ်ယမ်းခြင်း ကို ခံလိုက်ရလေတော့သည်။
နောက်ထပ် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းကြီး တစ်ခုက နယ်မြေကို ထပ်မံ တုန်လှုပ်သွားစေပြီး အင်အားစု အငယ်အကြီး အားလုံးနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ် သွားစေတော့၏။
“နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ ပါလား”
ကြောက်မက်ဖွယ် စွမ်းအားကြီးကို ခံစားလိုက်ရပြီးနောက် လျိုချင်းယန်နှင့် အခြားသူများ ပြိုင်တူ လွှတ်ခနဲ အော်ဟစ် လိုက်ကြလေသည်။ သူတို့၏ မျက်နှာများမှာ ကျောက်ရုပ်ကြီးပမာဖြစ် နေကြတော့၏။
ဖုန်းဝူချန် မျက်မှောင်ကြုတ်သွားကာ “ဒါက ယင်ယန် မိသားစု ရဲ့ အရှိန်အဝါပဲ” ဟု မသိမသာ ရေရွတ် လိုက်လေသည်။
“သူက ယင်ယန် မိသားစု ရဲ့ သူတော်စင်ကြီး ပဲ... သူ့ရဲ့ စွမ်းအားက သူတော်စင်ချုပ် ပြီးရင် ဒုတိယ အစွမ်းအထက်ဆုံးပဲ”
လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်၏။ သူမသည် ထိုအရှိန်အဝါကို ကောင်းစွာ မှတ်မိနေပေသည်။
“သူ... သူတော်စင်ကြီး ပါလား”
ယီထျန်းချင်းမှာ ကြောင်အစွာ ရေရွတ်လိုက်လေ၏။ ယနေ့ သူတို့ မြင်တွေ့ခဲ့ရသော ကြောက်မက်ဖွယ် အဖြစ်အပျက်များက များပြားလွန်းနေပြီ ဖြစ်ချေသည်။
“သူတော်စင်ကြီး ဟုတ်လား... နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ လေ... သူတော်စင် အငယ်စား ထက်တောင် အများကြီး ပိုကြောက်စရာ ကောင်းသေးတယ်”
လျိုချင်းယန်၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အလား အပြင်းအထန် ခုန်ပေါက်နေတော့သည်။
“ယင်ယန် မိသားစု ရဲ့ သူတော်စင်ကြီး ပါလား”
ဖူယန်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ တဖျတ်ဖျတ် လက်သွားပြီး သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော် သွားလေ၏။ သာမန် သူတော်စင် အငယ်စား ပင်လျှင် ဖူယန်ကို အလွန်အမင်း ထိတ်လန့်စေခဲ့ရာ ပို၍ ကြောက်စရာကောင်းသော သူတော်စင်ကြီး ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေ။
သူတော်စင်ကြီး ကိုယ်တိုင် ပါဝင်လာသဖြင့် ပိုင်လီထျန်းလီ၏ ရင်ထဲတွင် လျှို့ဝှက်စွာ သက်ပြင်းချနိုင်သွား၏။ သူတို့နှစ်ဦး ပူးပေါင်းလိုက်ပါက ဝူမီးတောက်ကို သေချာပေါက် နှိမ်နင်း နိုင်မည် ဖြစ်ပေသည်။
“နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ ဟုတ်လား”
ဝူမီးတောက် အနည်းငယ် အံ့အားသင့်သွားသည် ။ ထို့နောက် အထင်အမြင်သေးစွာဖြင့်
ရှုံ့ချလိုက်၏။
“သေမယ့်ကောင် နောက်တစ်ကောင် ထပ်ရောက်လာပြန်ပြီပဲ... သြော် မဟုတ်သေးဘူး... ဒီအရှင် ဝါးမြိုဖို့ နောက်ထပ် သားကောင် တစ်ကောင် ရောက်လာတာလို့ ပြောရမလားပဲ”
“အိုး... ဟုတ်လို့လား”
စကားသံနှင့်အတူ သူတော်စင်ကြီး သည် လေဟာနယ်ထဲမှ လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။ သူ၏ မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းစားသော အပြုံး တစ်ခု ချိတ်ဆွဲထားလေသည်။ သန်သန်စွမ်းစွမ်း ဝတ်ရုံကြီးနှင့် ခန့်ညား သော သူ၏ ဟန်ပန်က အားလုံးကို လွှမ်းမိုးထား၏။
“သူတော်စင်ကြီး... ကျုပ်တို့ ပူးပေါင်းပြီး ဒီဝူမီးတောက်ကို ချိုးဖျက်ကြရအောင်”
ပိုင်လီထျန်းလီက အသံကုန် အော်ဟစ်လိုက်ပြီး ကောင်းကင်ယံသို့ လျှပ်စစ်ပမာ ပျံတက်သွားလေသည်။ အရိပ်တခု ပျံတက် သွားသည့်အလား မြန်ဆန်လှပေသည်။
“ဟွန်း... လာခဲ့ကြစမ်း... ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားတွေကို ဝါးမြိုရတာ ဒီအရှင် အတွက် အကွက်ပဲကွ”
ဝူမီးတောက်သည် အပ်ဖျားခန့်မျှပင် မဖြုံချေ။
“မင်းက ဘယ်လောက်အထိများ ဝါးမြိုနိုင်မှာမို့လို့လဲ... ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းနဲ့”
သူတော်စင်ကြီး က ရေခဲတမျှ အေးစက်စွာ ကြိမ်းမောင်းလိုက်၏။ သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေး သည့် အသွင်သို့ ပြောင်းလဲသွားကာ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံအထိ ထိုးတက်သွားတော့သည်။
“ဒိန်း... ဒိုင်း...”
“ဝီ... ဝီ...”
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီး နှစ်ခု ပေါက်ကွဲထွက်လာ၏။ သူတော်စင်ကြီး က လေဟာနယ်ထဲမှနေ၍ လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ပိုင်လီထျန်းလီကလည်း သူ၏ အစွမ်းကုန် ခွန်အားများဖြင့် ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်လေသည်။
သူတို့နှစ်ဦး၏ ပူးပေါင်း လက်ဝါးရိုက်ချက်များက ကမ္ဘာမြေကို တုန်လှုပ်သွားစေသော အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားကြ၏။ ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းလုံးကြီးများ အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ စီးဆင်းသွားပြီး ဧရာမ အမည်းရောင် မီးလုံးကြီးကို လျှပ်တစ်ပြက် အတွင်း ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေတော့သည်။
မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း ပေသောင်းချီ ကျယ်ပြန့်လှသော မီးတောက် ပင်လယ်ကြီးသည် လုံးဝ ဖျက်ဆီးခံလိုက်ရ၏။ ဖျက်ဆီးခြင်း စွမ်းအင်ကြီးက တားဆီး၍ မရနိုင်သော ဆူနာမီလှိုင်းလုံးကြီးအလား တရဟော တိုက်ခတ်လာပြီး ဝူမီးတောက်ကို လျှပ်တစ်ပြက် အတွင်း ဝါးမြိုပစ်လိုက်လေတော့သည်။ အသံတစ်သံပင် မထွက်နိုင်ဘဲ မီးတောက်၏ ဝါးမြိုခြင်းကို ခံလိုက်ရ သည့်အလား ဖြစ်သွား၏။
မျက်စိကျိန်းမတတ် တောက်ပလှသော ပေါက်ကွဲမှု အလင်းတန်းကြီးက လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံသွားရာ ကြည့်ရှုနေသူ အားလုံး မျက်စိပြာကျသွားကြလေသည်။
နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် နှစ်ဦး၏ စွမ်းအားကား အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ထိတ်လန့်ဖွယ် ကောင်းလွန်းလှပေသည်။
သူတို့၏ အောက်ဘက်ရှိ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် မှာ လုံးဝ ပြိုကျ ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ ပေသောင်းချီ ကျယ်ဝန်းသော ဧရာမ တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်နေ၏။ ထိုမြင်ကွင်းက လူတိုင်း၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေပေသည်။
လေဟာနယ် တစ်ခုလုံး နားကန်းမတတ် ဆူညံသော ဟိန်းဟောက်သံများဖြင့် ပြည့်နှက်နေတော့၏။
အချိန် မည်မျှ ကုန်ဆုံးသွားသည်ကို မသိရချေ။ နောက်ဆုံးတွင်တော့ ကြောက်မက်ဖွယ် စွမ်းအင်ကြီးများ တဖြည်းဖြည်း လွင့်စင်သွားပြီး တုန်လှုပ်နေသော လေဟာနယ်မှာလည်း ပြန်လည် တည်ငြိမ်သွားလေတော့သည်။ စောစောဖက်မှာပဲ သဲသဲရုတ်ရုတ်ဆူညံမြည်ဟည်းခဲ့သည်ဟု ပြောလျှင် ယုံနိုင်ဖွယ် မရှိအောင် ငြိမ်သက်သွားလေသည်။
ဖုန်မှုန့်များ ဖုံးလွှမ်းနေသော မှောင်မိုက်သည့် ကောင်းကင်ယံသည်လည်း တဖြည်းဖြည်း ပြန်လည် လင်းထိန်လာ၏။
“ဝူမီးတောက် ရှုံးသွားပြီလား”
“အပူဓာတ်တွေလည်း မရှိတော့ဘူး... ဝူမီးတောက်ရဲ့ တည်ရှိမှုလည်း လုံးဝ ပျောက်ကွယ်သွားပြီပဲ”
“ဝူမီးတောက် လုံးဝ ဖျက်ဆီးခံလိုက်ရတာလား... ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကြီးကို ဝူမီးတောက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူးထင်တယ်”
လျိုချင်းယန်တို့ အဖွဲ့သည် လေဟာနယ်ကို မမှိတ်မသုန်ကြည့် ရင်း အံ့အားသင့် နေကြလေ၏။ ရလဒ် မည်သို့ ဖြစ်သွားသည်ကို မည်သူမျှ သေချာ မသိကြချေ။
“မသေသေးဘူး... ဝူမီးတောက် မပျက်စီးသွားသေးဘူး”
ဖုန်းဝူချန်က ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ပြောလိုက်၏။
ဝူမီးတောက် မည်မျှပင် အစွမ်းထက်နေပါစေ၊ ၎င်း၏ ဝါးမြိုခြင်း စွမ်းအင် မည်မျှပင် ထူးကဲနေပါစေ၊ ဤမျှ ပြင်းထန်သော စွမ်းအင်ကြီးကို လျှပ်တစ်ပြက် အတွင်း ဝါးမြိုပြီး ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲပစ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ဤကြောက်မက်ဖွယ် စွမ်းအင်ကြီး၏ ဖိနှိပ်မှုအောက်တွင် ဝူမီးတောက်သည် အလွန်တရာ အားနည်းသွားခဲ့ပြီ ဖြစ်ကာ ၎င်း၏ တည်ရှိမှုကို အာရုံခံရန်ပင် မဖြစ်နိုင်လောက်အောင် အားပျော့သွားခဲ့သည်။
မိနစ်အနည်းငယ် အကြာတွင် စွမ်းအင် ဂယက်များ လုံးဝ ပျောက်ကွယ်သွားပြီးနောက် မှေးမှိန်သော အမည်းရောင် မီးတောက် အမျှင်တန်းလေး တစ်ခု ထွက်ပေါ်လာလေသည်။
ယုံမှားဖွယ်မရှိ ၎င်းသည် ဝူမီးတောက်ပင် ဖြစ်တော့သည်။
ဝူမီးတောက်၏ အရှိန်အဝါမှာ အလွန်တရာ အားနည်းနေလေပြီ။ ပိုင်လီထျန်းလီနှင့် သူတော်စင်ကြီး တို့၏ ကြောက်မက်ဖွယ် စွမ်းအားကြီးကို ရင်ဆိုင်ရာတွင် ၎င်း အနေဖြင့် တောင့်ခံနိုင်စွမ်း လုံးဝ မရှိခဲ့ချေ။ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်၍ လောကငရဲတစ်ခုပမာ ဖြစ်နေ တော့သည်။
အမည်းရောင် မီးတောက်များ၏ အကာအကွယ်နှင့် ဝါးမြိုခြင်း စွမ်းအားများ ရှိနေသည့်တိုင်အောင် အချည်းနှီးသာ ဖြစ်ခဲ့ရပေသည်။
ကောင်းကင်ယံ ထက်တွင် ပိုင်လီထျန်းလီနှင့် သူတော်စင်ကြီး တို့သည် လေဟာနယ် အတွင်း မောက်မာစွာ မတ်တတ်ရပ်နေကြလေ၏။
ခပ်လှမ်းလှမ်းတွင်မူ အလွန်တရာ အားနည်းသွားပြီ ဖြစ်သော ဝူမီးတောက်သည် လူသဏ္ဍာန် ဖန်တီးနိုင်စွမ်း ပင် မရှိတော့ဘဲ အမည်းရောင် မီးတောက် အမျှင်တန်းလေး တစ်ခုအဖြစ်သာ ကျန်ရစ်နေတော့သည်။
ဝူမီးတောက်၏ မောက်မာမှုများ အားလုံး လုံးဝ ပျောက်ကွယ်သွားချေပြီ။
“ပိုင်လီထျန်းလီ... ဝူမီးတောက်က တော်တော်လေး အားနည်းသွားပြီ... ငါတို့ ဘယ်လို ခွဲယူကြမလဲ”
သူတော်စင်ကြီး က အေးစက်စွာ မေးလိုက်၏။ သူ၏ မှောင်မိုက်နေသော မျက်လုံးများက ပိုင်လီထျန်းလီကို စိမ်းစိမ်းကြည့် လိုက်လေသည်။
“ငါတို့ တစ်ဝက်စီ ယူကြတာပေါ့”
“တစ်ဝက်စီ ဟုတ်လား... ငါသာ မပါရင် မင်း သေနေလောက်ပြီကွ”
သူတော်စင်ကြီး က ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြန်လည် ချေပ လိုက်၏။ သူသည် တစ်ဝက်စီ ခွဲယူရန် လုံးဝ သဘောမတူကြောင်း ရှင်းလင်းနေပေသည်။
“မင်းရဲ့ စွမ်းအားက ငါ့ထက် သာတာ အမှန်ပဲ... ဒါပေမဲ့ မင်း တစ်ယောက်တည်း အင်အားနဲ့ဆိုရင်လည်း ဝူမီးတောက်ကို နှိမ်နင်း နိုင်ဖို့ မလွယ်ပါဘူး”
ပိုင်လီထျန်းလီက အေးတိအေးစက် ပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။
“ငါက မင်းထက် ပိုအစွမ်းထက်တယ် ဆိုတာကို မင်း သိနေမှတော့... ဝူမီးတောက်ကို ငါ အကုန်ယူမယ် ဆိုရင် မင်း တားနိုင်မှာမို့လို့လား”
သူတော်စင်ကြီး ၏ မျက်နှာမှာ အလွန်တရာ ပုက်သိုးသွား၏။
“သူတော်စင်ကြီး အနေနဲ့ စမ်းကြည့်ချင်ရင်လည်း ရပါတယ်”
ပိုင်လီထျန်းလီက အပ်ဖျားခန့်မျှပင် အလျှော့မပေးချေ။ သူသည် သူတော်စင်ကြီး ကို မယှဉ်နိုင်ကြောင်း သိထားသော်ငြားလည်း လုံးဝ နောက်ဆုတ်မည် မဟုတ်ပေ။
“မင်းက သေချင်နေတယ် ဆိုရင်လည်း... ငါ အခုပဲ မင်းကို တမလွန် ပို့ပေးရတာပေါ့”
သူတော်စင်ကြီး က ရက်စက်စွာ ပြောလိုက်ရာ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ တိုက်ခတ်သွားတော့၏။
ပိုင်လီထျန်းလီ အနေဖြင့် စွမ်းအား မလုံလောက်ခြင်းက ပိုင်လီ မျိုးနွယ်စု မှ အစွမ်းထက် ပညာရှင်များ အနိုင်မရနိုင်ဘူးဟု ဆိုလိုခြင်း မဟုတ်ချေ။
ပိုင်လီထျန်းလီသည် တစ်ဝက်စီ ခွဲယူရန် သဘောတူသော်ငြားလည်း သူတော်စင်ကြီး အား အားလုံး ပေးလိုက်ရန်ကိုမူ လုံးဝ လက်ခံမည် မဟုတ်ပေ။
တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦးကြားတွင် တင်းမာမှုများ မြင့်တက်လာကာ ပေါက်ကွဲတော့မည့် ယမ်းငွေ့များ အပြည့် လွှမ်းမိုးနေတော့သည်။ ယတိပြတ် မဆုံးဖြတ် နိုင်သော အခြေအနေပင် ဖြစ်ချေ၏။
“အစ်ကိုဖုန်း... ကျွန်တော်တို့ ဒီအတိုင်း ရပ်ကြည့်နေတော့မလို့လား... ဝူမီးတောက်ကို ပိုင်လီ မျိုးနွယ်စု က ယူသွားတော့မယ်နော်”
လျိုချင်းယန်က စိုးရိမ်တကြီးဖြင့် ခပ်တိုးတိုး မေးလိုက်လေသည်။
“ဟုတ်တယ် အစ်ကိုဖုန်း... ဝူမီးတောက်ကို အစ်ကိုဖုန်း ရှာတွေ့ခဲ့တာလေ... ပိုင်လီ မျိုးနွယ်စု ကို ဒီအတိုင်း အလကား ပေးလိုက်လို့ မဖြစ်ဘူးမလား”
မြောင်ချင်းချင်းကလည်း ဝင်ရောက် ပြောဆိုလိုက်၏။
ဖုန်းဝူချန်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး တည်ကြည်လေးနက်စွာ ဖြေလိုက်လေသည်။
“ဝူမီးတောက် အတွက်နဲ့ အသက်ကို အဆုံးရှုံးခံဖို့ မတန်ပါဘူး”
ပိုင်လီ မျိုးနွယ်စု ၏ ဖြုံရသည့် စွမ်းအားကို ဖုန်းဝူချန် ကောင်းစွာ သိရှိထားပေသည်။
ဝူမီးတောက်ကို သူ ရှာတွေ့ခဲ့သည် မှန်သော်လည်း ဖုန်းဝူချန်တို့ အဖွဲ့တွင် ၎င်းကို နှိမ်နင်း ရန် စွမ်းရည် မရှိခဲ့ချေ။ ယခုအခါ ပိုင်လီ မျိုးနွယ်စု အကြီးအကဲကြီး ကိုယ်တိုင် ဝင်ရောက် နှိမ်နင်း ခဲ့ပြီဖြစ်ရာ ပိုင်လီထျန်းလီက ဝူမီးတောက်ကို ယူမည်ဆိုပါက ဖုန်းဝူချန် အနေဖြင့် ပြောစရာ အကြောင်း မရှိတော့ပေ။
သို့ဖြစ်သော်ငြားလည်း ဖုန်းဝူချန်သာ ဝူမီးတောက်ကို ရှာမတွေ့ခဲ့ပါက မည်မျှပင် အစွမ်းထက်သော ပညာရှင် ဖြစ်ပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
“ဟွန်း... အစ်ကိုကြီးဖုန်း သာ ဝူမီးတောက်ကို လိုချင်တယ် ဆိုရင် ရှောင်ရှောင်တို့ မျိုးနွယ်စုက အကြီးအကဲကြီးကို အခုချက်ချင်း လှမ်းခေါ်လိုက်မယ်”
လင်ရှောင်ရှောင်မှာ ဒေါသကို မထိန်းနိုင်တော့ချေ။ ခက်ခက်ခဲခဲ ရှာတွေ့ထားသော ဝူမီးတောက်ကို ပိုင်လီ မျိုးနွယ်စု အား ဒီအတိုင်း အလွယ်တကူ ပေးမလိုက်နိုင်ပေ။
“အစ်ကို ပြောတာက အဲဒီ အကြောင်း မဟုတ်ဘူး... တခြား တစ်ယောက်ယောက် ကို ပြောတာ... ပိုင်လီ မျိုးနွယ်စု ရဲ့ အကြီးအကဲကြီးလည်း သတိထားမိလောက်ပြီလေ”
ဖုန်းဝူချန်က လေးနက်သော လေသံဖြင့် ပြောလိုက်လေ၏။
“တခြား တစ်ယောက်ယောက် ဟုတ်လား”
လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့မှာ ခဏမျှ ငိုင် သွားကြပြီး ဖုန်းဝူချန် မည်သူ့ကို ရည်ရွယ်နေကြောင်း နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
“စောင့်ကြည့်ကြတာပေါ့”
ဖုန်းဝူချန်က တည်ငြိမ်စွာ ပြောလိုက်၏။
ဖုန်းဝူချန် ဝင်ရောက် စွက်ဖက်ရန် မရဲသကဲ့သို့ အဝေးမှ ဖူယန်နှင့် ဖန်ရွှီဟွိုင် တို့လည်း ဝင်မပါရဲကြချေ။
သို့သော် ထိုအခိုက်အတန့်၌ပင် အမျှင်တန်းလေး အဖြစ်သာ ကျန်ရှိတော့သော ဝူမီးတောက်သည် တဖြည်းဖြည်း ပျော်ဝင်သွားပြီးနောက် မရေမတွက်နိုင်သော အမည်းရောင် အစက်အပြောက်လေးများ အဖြစ် .. ရုတ်ချည်း ပျောက်ကွယ် သွားလေတော့သည်။
အခန်း (၆၅၇) - ဝူမီးတောက်ကို ဝါးမြိုခြင်း
~“အစ်ကိုဖုန်း... ဝူမီးတောက် ပျောက်သွားပြီ”
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဝူမီးတောက် လုံးဝ ပျက်စီးသွားတာလား”
“ဝူမီးတောက်ရဲ့ တည်ရှိမှုလည်း လုံးဝ မရှိတော့ဘူး”
ဝူမီးတောက်ကို မမှိတ်မသုန်ကြည့် နေသော လင်ရှောင်ရှောင်က ပထမဆုံး သတိပြုမိသွားလေ၏။ အားလုံး လှမ်းကြည့်လိုက်သောအခါ သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားကြတော့သည်။
ဝူမီးတောက်သည် အမည်းရောင် အလင်းစက်လေးများ အဖြစ် အသွင်ပြောင်းသွားပြီးနောက် တဖြည်းဖြည်း လွင့်စင် ပျောက်ကွယ် သွားခဲ့၏။
“အကြီးအကဲကြီး... ဝူမီးတောက် ပျက်စီးသွားပြီဗျ”
ခဏမျှ မှင်သက် သွားပြီးနောက် ပိုင်လီယွီဖုန်းက ရုတ်တရက် အသံကုန် အော်ဟစ်လိုက်လေ၏။
တိုက်ပွဲစတင်ရန် ဟန်ပြင်နေကြသော ပိုင်လီထျန်းလီနှင့် ယင်ယန် မိသားစု ရဲ့ သူတော်စင်ကြီး တို့သည် ပိုင်လီယွီဖုန်း၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်နှာ အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
“ဝူမီးတောက် ပျက်စီးသွားပြီ ဟုတ်လား”
ပိုင်လီထျန်းလီသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် နောက်သို့ ချာခနဲ လှည့်ထွက် ကြည့်လိုက်လေ၏။
“ရှေးဦး ကမ္ဘာဦးခေတ် ရဲ့ အစွမ်းအထက်ဆုံး မီးတောက်က... ဘယ်လိုလုပ်ပြီး...”
သူတော်စင်ကြီး ၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေပေသည်။
ပိုင်လီယွီဖုန်းက စိုးရိမ်တကြီးဖြင့် ဆက်ပြောလိုက်၏။
“ဝူမီးတောက်ရဲ့ တည်ရှိမှု တကယ်ပဲ လုံးဝ ပျောက်ကွယ်သွားပြီ”
ထိုနေရာတွင် ရှိနေသူ အားလုံးမှာ ဝူမီးတောက် လွင့်စင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အလွန်အမင်း တုန်လှုပ်ချောက်ချား နေကြလေသည်။
ရှေးဦး ကမ္ဘာဦးခေတ် ၏ အစွမ်းအထက်ဆုံး မီးတောက်ကြီးက ဒီလိုပဲ လွယ်လွယ်ကူကူ ပျက်စီးသွားပြီတဲ့လား။
သေချာစွာ အာရုံခံကြည့်သောအခါ ပိုင်လီထျန်းလီနှင့် သူတော်စင်ကြီး တို့လည်း ဝူမီးတောက်၏ တည်ရှိမှုကို အပ်ဖျားခန့်မျှပင် မခံစားရတော့ချေ။
“အဲဒါ ရှေးဦး ကမ္ဘာဦးခေတ် က မီးတောက်လေ... ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်လေး ပျက်စီးသွားရတာလဲ”
ပေတိုယန်မှာ လုံးဝ ယုံကြည်နိုင်ခြင်း မရှိချေ။
“ဝူမီးတောက် ပြာကျသွားပြီ... လုံးဝကို ပျောက်ကွယ်သွားပြီ”
လျိုချင်းယန်မှာလည်း ကြောင်အ နေလေတော့၏။
ဝူမီးတောက်၏ ကြောက်မက်ဖွယ် ကောင်းမှုမှာ အကြွင်းမဲ့ ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအား ဖြစ်ပေသည်။ အကယ်၍ ၎င်းက ပိုင်လီထျန်းလီနှင့် သူတော်စင်ကြီး တို့ကို အနိုင်မယူနိုင်လျှင်တောင်မှ အဆိုးဆုံး အခြေအနေတွင် ဒဏ်ရာ အပြင်းအထန် ရရုံသာ ဖြစ်သင့်ပြီး လုံးဝ ပျက်စီးသွားစရာ အကြောင်း မရှိချေ။
သို့သော် ဝူမီးတောက်၏ တည်ရှိမှု လုံးဝ ပျောက်ကွယ်သွားခြင်းက ၎င်း ပျက်စီးသွားပြီ ဖြစ်ကြောင်းကို ယုံမှားဖွယ်မရှိ သက်သေပြနေပေသည်။
လူတိုင်း ယုံကြည်ရန် ခက်ခဲနေကြလေ၏။
သို့သော် သေချာ ပြန်လည် စဉ်းစားကြည့်မည် ဆိုပါက ဝူမီးတောက်သည် နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ သို့သာ ကျင့်ကြံထားနိုင်သေးသည်။ ၎င်း၏ စွမ်းအားက သတ္တမအလွှာ အထွတ်အထိပ် သို့မဟုတ် ထို့ထက် ပိုမို အစွမ်းထက်လာလျှင်ပင် ပိုင်လီထျန်းလီနှင့် သူတော်စင်ကြီး တို့၏ ကြောက်မက်ဖွယ် ပူးပေါင်း တိုက်ခိုက်မှုကိုမူ လုံးဝ တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
လူတိုင်း အံ့အားသင့်ကာ မယုံကြည်နိုင် ဖြစ်နေကြစဉ်မှာပင် ပိုင်လီယွီဖုန်း၏ နောက်ကျောဘက်၌ အမည်းရောင် အလင်းစက်လေးများ တဖြည်းဖြည်း စတင် ထွက်ပေါ်လာတော့၏။
မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း ထိုအမည်းရောင် အလင်းစက်လေးများက အမည်းရောင် မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုအရာကို သတိပြုမိလိုက်သော ပိုင်လီယွီဖုန်း၏ မျက်နှာ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူ၏ ရင်ထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ရူးသွပ်စွာ ထိုးတက်လာတော့၏။
“ယွီဖုန်း... သတိထား”
အမည်းရောင် မီးတောက်များကို အာရုံခံမိလိုက်သော ပိုင်လီထျန်းလီက ထိတ်လန့်တကြား အော်ဟစ် သတိပေးလိုက်လေသည်။
“ဝူမီးတောက်”
ဖုန်းဝူချန် အံ့အားသင့်စွာ အော်လိုက်၏။
“သတိထားနော်”
ရုတ်တရက် ထွက်ပေါ်လာသော အမည်းရောင် မီးတောက်များကြောင့် လင်ရှောင်ရှောင်လည်း လန့်ဖြန့်သွားကာ အော်ဟစ်လိုက်လေသည်။
“ငါ ထင်တဲ့အတိုင်းပဲ”
သူတော်စင်ကြီး က မျက်မှောင်ကြုတ်ကာ ရေရွတ် လိုက်၏။
ဆန်းကြယ်စွာ ထွက်ပေါ်လာသော အမည်းရောင် မီးတောက်များသည် ပိုင်လီယွီဖုန်းထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး သူ့ကို လျှပ်တစ်ပြက် အတွင်း လွှမ်းခြုံသွားလေသည်။ တစ်ချိန်တည်းမှာပင် အမည်းရောင် မီးတောက်များက ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ် အတွင်းသို့ စတင် ထိုးဖောက်ဝင်ရောက် လာတော့၏။
“ယွီဖုန်း”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပိုင်လီထျန်းလီမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ဝိညာဉ်လွင့်ထွက်သွားမတတ် ဖြစ်သွားရလေသည်။ သူသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း ဖြင့် ထိုနေရာသို့ ချက်ချင်း ရောက်ရှိသွားတော့၏။
“အသိဉာဏ်မဲ့တဲ့ ကလေးတွေ... ဒီအရှင်က ဒီလောက် လွယ်လွယ်လေး ပျက်စီးသွားလိမ့်မယ်လို့ ထင်နေတာလား...ဟိုလူတွေရဲ့ မဖြစ်စလောက် စွမ်းရည်လေးနဲ့များ”
ဝူမီးတောက်က မထီမဲ့မြင်ကဲ့ရဲ့လိုက်လေသည်။
“ခွေးသား... ငါ့ ကိုယ်ထဲကနေ အခု ထွက်သွားစမ်း”
ပိုင်လီယွီဖုန်းက အသေအလဲ ရုန်းကန်ရင်း သူ၏ စွမ်းအား အားလုံးကို လည်ပတ်ကာ ဝူမီးတောက်ကို ခန္ဓာကိုယ် အပြင်ဘက်သို့ တွန်းထုတ်ရန် ကြိုးပမ်းလေတော့သည်။
သို့သော် ကံဆိုးစွာဖြင့် ပိုင်လီယွီဖုန်း၏ ခုခံမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရပေ၏။
ဝူမီးတောက်သည် ယခုအချိန်တွင် အလွန်တရာ အားနည်းနေသော်ငြားလည်း ပိုင်လီယွီဖုန်း၏ စွမ်းအားဖြင့်မူ ၎င်းကို လုံးဝ မယှဉ်နိုင်ချေ။
“အား...”
အမည်းရောင် မီးတောက်များ အားလုံး ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ် အတွင်းသို့ ကျူးကျော် ဝင်ရောက်သွားပြီး ထိန်းချုပ်မှုကို ဖိအားပေး ရယူလိုက်လေသည်။ ပိုင်လီယွီဖုန်းသည် သူ၏ အတွင်းကလီစာများ အားလုံး မီးလောင်ကျွမ်းနေသကဲ့သို့ နာကျင်မှုကို ပြင်းထန်စွာ ခံစားရကာ အသံကုန် အော်ဟစ်နေတော့၏။
“ထွက်သွားစမ်း”
ပိုင်လီထျန်းလီ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဝူမီးတောက်ကို ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ် အတွင်းမှ ဖိနှိပ် ဆွဲထုတ်ရန် ကြိုးပမ်းလေတော့၏။
“ဟွန်း... ဒီအရှင်ကို အတင်း ဆွဲထုတ်မယ် ဟုတ်လား... အရမ်း အထင်သေးနေတာပဲ”
ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ် အတွင်းမှ ဝူမီးတောက်၏ ကျောချမ်းဖွယ် လှောင်ပြုံးသံ ထွက်ပေါ်လာလေသည်။
“တကယ့်ကို သောက်အဓိပ္ပာယ် မဲ့တာပဲ”
ပိုင်လီထျန်းလီမှာ ဒေါသအမျက် ခြောင်းခြောင်းထွက် နေတော့၏။
သို့သော် ပိုင်လီထျန်းလီကို အံ့အားသင့်စေခဲ့သည်မှာ သူ မည်မျှပင် ပြင်းထန်သော စွမ်းအားများကို လည်ပတ် အသုံးပြုစေကာမူ အမည်းရောင် မီးတောက်များကို ဖိနှိပ် ဆွဲထုတ်၍ မရနိုင်ခြင်းပင် ဖြစ်ပေသည်။
“အား...”
ပိုင်လီယွီဖုန်းမှာ ပြင်းထန်သော ဝေဒနာကို ခံစားရကာ အဆက်မပြတ် အော်ဟစ်နေလေ၏။
“ခွေးအိုကြီး... မအခု မရပ်ဘူး ဆိုရင် ဒီကောင်လေးရဲ့ အတွင်းကလီစာတွေ အားလုံး ဒီအရှင်ရဲ့ မီးတောက်တွေ အောက်မှာ လောင်ကျွမ်းသွားပြီး... နောက်ဆုံးကျရင် သူ သေချာပေါက် ပြာကျသွားလိမ့်မယ်”
ဝူမီးတောက်၏ အေးစက်စက် လှောင်ပြောင်သံ ပိုင်လီယွီဖုန်း၏ ကိုယ်တွင်းမှ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ရွှီး...”
“ဝုန်း...”
“ဝေါ့...”
ပိုင်လီထျန်းလီသည် ဝူမီးတောက်ကို ဖိနှိပ် ဆွဲထုတ်ရန် ကြိုးပမ်းနေဆဲ အခိုက်အတန့်၌ပင် လူရိပ်တစ်ခု လျှပ်တစ်ပြက် ရောက်ရှိလာသည်။ ပိုင်လီထျန်းလီ၏ နောက်ကျောကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။ ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သော စွမ်းအားများကြောင့် ပိုင်လီထျန်းလီမှာ ထိုနေရာတွင်ပင် သွေးများ ဝေါ့ခနဲ အန်ချ လိုက်ရလေတော့သည်။
“အောက်တန်းကျတဲ့ ခွေးသား”
ပိုင်လီထျန်းလီ မေးရိုးများ တင်းမာနေကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ရက်စက်သော အကြည့်များက သူတော်စင်ကြီး ထံသို့ စူးစိုက် ကျရောက်နေတော့သည်။
“ဝူမီးတောက်... ပိုင်လီထျန်းလီ ကတော့ ပိုင်လီယွီဖုန်း ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေတာပေါ့... ဒါပေမဲ့ ငါ သူတော်စင်ကြီး ကတော့ သူ သေသေ ရှင်ရှင် ဂရုမစိုက်ဘူးကွ”
သူတော်စင်ကြီး က အေးစက်စွာ လှောင်ပြုံး ပြုံး ရင်း ပြောလိုက်၏။
တိုက်ခိုက်လိုက်သူမှာ အခြားသူ မဟုတ်ပေ။ ယင်ယန် မိသားစု ၏ သူတော်စင်ကြီး ပင် ဖြစ်တော့သည်။
ဝူမီးတောက်ကို လုယူရန် ဤမျှ ကောင်းမွန်သော အခွင့်အရေးကို သူတော်စင်ကြီး အနေဖြင့် မည်သို့များ လက်လွှတ်ခံနိုင်မည်နည်း။
“ပိုင်လီထျန်းလီ... ဝူမီးတောက်ကို ငါ သူတော်စင်ကြီး ယူသွားမယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... ပိုင်လီယွီဖုန်း ရဲ့ အသက်ကိုတော့ ချမ်းသာပေးခဲ့ပါမယ်... ငါတို့ မိသားစု နှစ်ခု လုံးဝ ပြတ်စဲရမယ့် အချိန် မရောက်သေးဘူးလေ”
သူတော်စင်ကြီး က ခပ်ပြုံးပြုံး ဖြင့် လှောင်ပြောင် ပြောဆိုလိုက်ပြီး ပိုင်လီယွီဖုန်းကို ခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေ၏။
ထိုအခိုက်အတန့်၌ပင် ဖုန်းဝူချန်သည်လည်း လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အသုံးပြုကာ ထိုနေရာသို့ တစ်ချိန်တည်း ရောက်ရှိလာတော့သည်။
“အစ်ကိုဖုန်း... သတိထားနော်”
လင်ရှောင်ရှောင်က စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်လေ၏။ သူတော်စင်ကြီး က အခွင့်ကောင်းယူ၍ ဖုန်းဝူချန်ကို တိုက်ခိုက်မည်ကို သူမ အလွန် စိုးရိမ်နေပေသည်။
ဖုန်းဝူချန်သည် ရွှေရောင် နဂါး တံဆိပ်တုံး ကို အသက်သွင်းလိုက်ရာ ရွှေရောင် အလင်းတန်းများ တဖျတ်ဖျတ် တောက်ပလာပြီး အလွန် အစွမ်းထက်ကာ ကျယ်ပြန့်လှသော ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာတော့၏။
“ရွှေရောင် နဂါး တံဆိပ်တုံး... ဝါးမြိုစမ်း”
ဖုန်းဝူချန်သည် ပိုင်လီယွီဖုန်း၏ ဦးခေါင်းထက်သို့ သူ၏ လက်ဝါးကို တင်လိုက်ပြီး အသံကုန် ဟိန်းဟောက်လိုက်လေသည်။
“ရွှေရောင် နဂါး တံဆိပ်တုံး ပါလား”
သူတော်စင်ကြီး ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဖုန်းဝူချန်ကို စိမ်းစိမ်းကြည့် လိုက်၏။ သူ၏ မျက်လုံးများထဲတွင် သတိထားရမည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
လွှမ်းမိုးဖိနှိပ်နိုင်သော ဝါးမြိုခြင်း စွမ်းအားများက ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ် အတွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားတော့၏။
“ရွှေရောင် နဂါး တံဆိပ်တုံး”
ဝူမီးတောက်ကလည်း အလွန် သတိထားနေပုံရကာ အော်ဟစ်လိုက်လေသည်။
လက်ရှိအချိန်တွင် ဝူမီးတောက်မှာ အလွန်တရာ အားနည်းနေပြီး၊ ဖုန်းဝူချန်၏ ရွှေရောင် နဂါး တံဆိပ်တုံး တွင်လည်း လွှမ်းမိုးဖိနှိပ်နိုင်သော ဝါးမြိုခြင်း စွမ်းအားများ ရှိနေသဖြင့် အမည်းရောင် မီးတောက်ကို အလွယ်တကူ ဝါးမြိုပစ်နိုင်လေ၏။
အစွမ်းထက်လှသော ဝါးမြိုခြင်း စွမ်းအားကြောင့် ဝူမီးတောက် အနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။
ဝါးမြိုခြင်းနှင့် ပိုင်လီထျန်းလီ၏ စွမ်းအားဖြင့် ဖိနှိပ် ဆွဲထုတ်ခြင်းမှာ လုံးဝ ကွဲပြားခြားနားသော အယူအဆ နှစ်ခု ဖြစ်ပေသည်။
ဤမျှ ပြီးပြည့်စုံသော အခွင့်အရေးကို ဖုန်းဝူချန် အနေဖြင့် မည်သို့များ လက်လွှတ်ခံနိုင်မည်နည်း။
ဖုန်းဝူချန်၏ ဘေးတွင် ရပ်နေသော သူတော်စင်ကြီး သည် သူ့ကို မတိုက်ခိုက်ရဲတော့ဘဲ ဖုန်းဝူချန် ဝူမီးတောက်ကို ဝါးမြိုနေသည်ကို မျက်စိသူငယ်ဖြင့်သာ ကြည့်နေရလေ၏။ သို့သော် သူတော်စင်ကြီး မည်သည့်အရာကို ဤမျှ ကြောက်ရွံ့နေသည်ကိုမူ ရှင်းလင်းစွာ မသိရချေ။
သူတော်စင်ကြီး ကြောက်ရွံ့နေသည်မှာ နဂါးမျိုးနွယ် ကို ဖြစ်ပြီး၊ တိတိကျကျ ဆိုရလျှင် လုံကျန့် ကို ဖြစ်ပေသည်။
“သူတော်စင်ကြီး က တကယ်ကြီး ဝင်မတားဘူးလား... ဖုန်းဝူချန်ကို ဝူမီးတောက် အလွယ်လေး ယူခွင့်ပေးလိုက်တော့မလို့လား”
အဝေးမှ စောင့်ကြည့်နေသော ဖူယန်မှာ မှင်သက်နေလေတော့၏။
လျိုချင်းယန်နှင့် အခြားသူများလည်း အံ့အားသင့် နေကြလေသည်။ ဖုန်းဝူချန် အန္တရာယ် ကြုံရမည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ သူတော်စင်ကြီး က ဝင်ရောက် မစွက်ဖက်ချေ။
“ခွေးမသား... ရပ်လိုက်စမ်း... အခုချက်ချင်း ရပ်လိုက်စမ်း”
ဝူမီးတောက်က ကြောက်လန့်တကြား အော်ဟစ်နေလေ၏။ ၎င်း အလွန်အမင်း ထိတ်လန့်နေကြောင်း ရှင်းလင်းနေပေသည်။
အကယ်၍ ၎င်းသာ အစွမ်းအထက်ဆုံး အချိန်တွင် ရှိနေပါက ရွှေရောင် နဂါး တံဆိပ်တုံး ကို ကြောက်ရွံ့မည် မဟုတ်ချေ။
သို့သော် ယခုအခါ ဝူမီးတောက်မှာ အလွန်တရာ အားနည်းနေပြီး ရွှေရောင် နဂါး တံဆိပ်တုံး ၏ ဝါးမြိုခြင်းကို ရင်ဆိုင်ရာတွင် လုံးဝ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
ရွှေရောင် နဂါး တံဆိပ်တုံး သည် အရာအားလုံးကို ဝါးမြိုနိုင်စွမ်း ရှိပြီး အားနည်းနေသော ဝူမီးတောက်ကိုလည်း ခြွင်းချက် မရှိ ဝါးမြိုနိုင်ပေသည်။
ရွှေရောင် နဂါး တံဆိပ်တုံး ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ဝူမီးတောက်သည် ဖုန်းဝူချန်၏ လက်အောက်သို့ ကျရောက်သွားမည် ဖြစ်ပြီး၊ ဖုန်းဝူချန် အနေဖြင့် ၎င်းကို အချိန်မရွေး သန့်စင်ကာ ကိုယ်ပိုင် အဖြစ် ပြောင်းလဲပစ်နိုင်မည် ဖြစ်ချေ၏။
ဆေးပညာရှင် တစ်ယောက် ဖြစ်သော ဖုန်းဝူချန်သည် ဝိညာဉ် စွမ်းအားများကို အသုံးပြု၍ အင်မော်တယ် ကျင့်စဉ် များကို ထုတ်ဖော်နိုင်ပြီး ဝူမီးတောက်၏ ဝိညာဉ် ခန္ဓာကိုယ်ကို ချုပ်နှောင်ထားနိုင်ပေသည်။
အားနည်းနေသော ဝူမီးတောက်က ဖုန်းဝူချန်ကို မည်သို့များ ယှဉ်ပြိုင်နိုင်မည်နည်း။
မိနစ်ဝက်မျှပင် မကြာလိုက်ချေ။ ဖုန်းဝူချန်သည် ပိုင်လီယွီဖုန်း၏ ခန္ဓာကိုယ် အတွင်းသို့ ကျူးကျော် ဝင်ရောက်နေသော အမည်းရောင် မီးတောက်များ အားလုံးကို ရွှေရောင် နဂါး တံဆိပ်တုံး အတွင်းသို့ အပြည့်အဝ ဝါးမြိုပစ်လိုက်လေတော့သည်။
ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် သူတော်စင်ကြီး သည် အနည်းငယ်မျှပင် မလှုပ်ရှားရဲဘဲ မျက်နှာတစ်ခုလုံး ချွေးများ ရွှဲနစ်နေကာ ဖုန်းဝူချန် ဝူမီးတောက်ကို ဝါးမြိုနေသည်ကိုသာ ရပ်ကြည့်နေရလေတော့၏။