← Chapters

အခန်း (၆၅၈-၆၆၀)

Vol. 44 Ch. 658-660

အခန်း (၆၅၈-၆၆၀)

Vol. 44 Ch. 658-660

အခန်း (၆၅၈) - သတိကြီးစွာ ထားခြင်း

~“ရပ်စမ်း...”

ဝူမီးတောက်၏ ရူးသွပ်သော ဟိန်းဟောက်သံ ပဲ့တင်ထပ်သွား၏။ သို့သော် ၎င်းသည် အားအင်ကုန်ခမ်းကာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ ကင်းမဲ့နေ‌၏။

“ရှေးဦး ဝူမီးတောက် ဆိုတာ လူတိုင်း အိပ်မက်မက်ရတဲ့ ရတနာပဲ... ငါက ဆေးပညာရှင် တစ်ယောက် ဖြစ်နေမှတော့ ဒီအခွင့်အရေးကို လက်လွှတ်ခံမယ် ထင်နေလား”

ဖုန်းဝူချန်က အေးစက်ရက်စက်စွာ ပြောလိုက်၏။ သူ၏ မျက်ဝန်းထဲတွင် သနားညှာတာမှု အရိပ်အယောင်မျှ မရှိချေ။

ရွှေရောင် နဂါး တံဆိပ်တုံး သည် သနားညှာတာမှု ကင်းမဲ့စွာ ဝါးမြိုနေပြီး ဝူမီးတောက်အား အခွင့်အရေး တစ်စက်မျှ မပေးချေ။ ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော ဝူမီးတောက်မျိုးကို တစ်ခါ လက်လွှတ်လိုက်ပါက နောက်နောင်တွင် ဘယ်သောအခါမှ ပြန်တွေ့နိုင်တော့မည် မဟုတ်ပေ။

သည်းကြီးမည်းကြီး ဝါးမြိုပြီးနောက် သိပ်မကြာလိုက်ချေ။ ဝူမီးတောက်၏ အသံများ ငြိမ်သက်သွားကာ ဖုန်းဝူချန်၏ ရွှေရောင် နဂါး တံဆိပ်တုံး အတွင်းသို့ အလုံးစုံ ဝါးမြိုခြင်း ခံလိုက်ရလေတော့သည်။

“တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ... သူတော်စင်ကြီး က ဖုန်းဝူချန် ကို သိနေတာလား... ဝူမီးတောက် ကို ဖုန်းဝူချန် က ဝါးမြိုနေတာတောင် သူက ဘာလို့ ငြိမ်နေရတာလဲ”

လှုပ်ရှားမှု မရှိသော သူတော်စင်ကြီး ကို ကြည့်ပြီး အဝေးမှ စောင့်ကြည့်နေသော ဖူယန် တစ်ယောက် စိုးရိမ်တကြီး ဖြစ်နေ၏။ သူသည် လောဘသားကောင် ပီပီ ဝူမီးတောက်ကို ဖုန်းဝူချန်၏ လက်ထဲသို့ မကျရောက်စေလိုချေ။

ပိုင်လီထျန်းလီ မှာလည်း အံ့အားသင့်မှုများ ပြည့်နှက်နေပြီး သူတော်စင်ကြီး ဘာကို ကြံစည်နေသနည်း ဟူသည်ကို နားမလည်နိုင်အောင် ဖြစ်ရလေသည်။

ဖုန်းဝူချန် ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေပေ၏။ သူ ဝင်ရောက် လှုပ်ရှားလိုက်ခြင်းမှာ ပိုင်လီယွီဖုန်းကို ကယ်တင်ရန်သာမက ဝူမီးတောက်ကို ရယူရန်လည်း ဖြစ်ပေသည်။

“ကျေးဇူးတင်ပါတယ်... ကယ်တင်ပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်”

ပိုင်လီယွီဖုန်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ကပျာကယာပင် ကျေးဇူးတင် စကား ဆိုလိုက်လေသည်။

ဝူမီးတောက်ကို ဖုန်းဝူချန် ဝါးမြိုလိုက်သဖြင့် ပိုင်လီယွီဖုန်း နောက်ဆုံးတော့ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ သို့မဟုတ်ပါက ဝူမီးတောက်၏ ထိန်းချုပ်မှုကို ခံရပြီး ခန္ဓာကိုယ်ပါ သိမ်းပိုက်ခံရမည်ဆိုလျှင် ဖုန်းဝူချန် ဝါးမြိုနိုင်မည် မဟုတ်သကဲ့သို့ ပိုင်လီယွီဖုန်းလည်း သေဆုံးသွားမည်မှာ သေချာလှပေသည်။

“ခင်ဗျားရဲ့ အတွင်းဒဏ်ရာတွေက ပြင်းထန်တယ်... ဆေးလုံးကို အခုချက်ချင်း သောက်လိုက်ပါ”

ဖုန်းဝူချန်က အကြံပြုလိုက်ရင်း သူတော်စင်ကြီး ထံသို့ သတိကြီးစွာဖြင့် စိမ်းစိမ်းကြည့် လိုက်၏။

သူတော်စင်ကြီး ဘာကြောင့် ဝင်မပါသလဲဆိုသည်ကို ဖုန်းဝူချန် မသိသော်လည်း သူတော်စင်ကြီးသည် တစ်စုံတစ်ခုကို သတိထား စိုးရိမ်နေကြောင်းကိုမူ သူ သေချာပေါက် သိရှိလိုက်သည်။

သူတော်စင်ကြီး၏ တောင့်တင်းနေသော မျက်နှာ အမူအရာကို ကြည့်ရုံဖြင့် သိနိုင်ပေ၏။ သူတော်စင်ကြီးသည် စကားတစ်ခွန်းမျှ မပြောသကဲ့သို့ မည်သည့် လှုပ်ရှားမှုမျှလည်း မပြုလုပ်ဘဲ ဖုန်းဝူချန်ကိုသာ ကြောင်အစွာ စိုက်ကြည့်နေမိလေသည်။

“ယွီဖုန်း... ဆေးကို မြန်မြန်သောက်လိုက်”

ပိုင်လီထျန်းလီက ကပျာကယာ ဆေးလုံးတစ်လုံး ထုတ်ယူကာ ပိုင်လီယွီဖုန်းကို တိုက်ကျွေးလိုက်၏။ ဖုန်းဝူချန်က ဝူမီးတောက်ကို အချိန်မီ ဝါးမြိုပေးလိုက်သဖြင့် ပိုင်လီထျန်းလီလည်း စိတ်အေးသွားရလေသည်။

“ညီငယ်လေး... ကျုပ် တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ပိုင်လီထျန်းလီက အနည်းငယ် ဦးညွှတ်လိုက်၏။ ဖုန်းဝူချန်သည် လူငယ်လေး တစ်ဦး ဖြစ်သော်လည်း သူ၏ သခင်လေးကို ကယ်တင်ပေးခဲ့ခြင်းက သူ၏ လေးစားမှုကို ရရှိရန် လုံလောက်ပေသည်။

“စီနီယာ ပိုင်လီ... အားနာစရာ မလိုပါဘူး”

ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။

“ပိုင်လီယွီဖုန်း... ငါတို့မှာ ကတိရှိတယ်နော်... ကိုယ့်စွမ်းရည်နဲ့ကိုယ် ဝူမီးတောက် ကို လုကြမယ်လို့... အခုတော့ ဝူမီးတောက် က ငါ့လက်ထဲ ရောက်သွားပြီ”

ဖုန်းဝူချန်က ပိုင်လီယွီဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ပိုင်လီယွီဖုန်းက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး...

“အခု မင်း ငါ့ကို ပေးမယ်ဆိုရင်တောင် ငါ မယူရဲတော့ပါဘူးကွာ... ဒါပေမဲ့ ကတိဆိုတာ ကတိပဲလေ... ငါ့ဘက်က ပြန်ပြင်မှာ မဟုတ်ဘူး”

ပိုင်လီထျန်းလီ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သော်လည်း ပိုင်လီယွီဖုန်းက ကပျာကယာပင် တားဆီးလိုက်၏။

“အကြီးအကဲကြီး... ဒါက ဖုန်းဝူချန် နဲ့ ကျွန်တော့်ကြားက ကတိပါ... သူသာ မပါရင် ဝူမီးတောက် ကို ရှာတွေ့မှာ မဟုတ်သလို... သူက ကျွန်တော့် အသက်ကိုလည်း ကယ်ထားတာလေ”

ထိုစကားကြောင့် ပိုင်လီထျန်းလီမှာ ပြောစရာ စကား မရှိတော့ချေ။ သူ မည်မျှပင် နှမြောတသ ဖြစ်နေပါစေ၊ သခင်လေး ဖြစ်သူ ပိုင်လီယွီဖုန်း ကိုယ်တိုင် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။

စကားမပြောဘဲ ရပ်နေသော သူတော်စင်ကြီး ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပိုင်လီယွီဖုန်းက ဆိုလိုက်သည်။

“ဖုန်းဝူချန်... မင်း အရင် သွားနှင့်လိုက်တော့”

“ကျေးဇူးပါပဲ”

ဖုန်းဝူချန် ခေါင်းညိတ်လိုက်၏။ ပိုင်လီယွီဖုန်း၏ စေတနာကို သူ နားလည်လိုက်သဖြင့် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိလေသည်။ ပိုင်လီယွီဖုန်းသည် ဖုန်းဝူချန်အား အရင် ထွက်ခွာစေချင်ခြင်းမှာ သူတော်စင်ကြီးက အခွင့်ကောင်းယူ တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပြီး၊ ပိုင်လီ မျိုးနွယ်စု၏ အကြီးအကဲများ ရှိနေခြင်းက သူတော်စင်ကြီးကို ဟန့်တားရာ ရောက်ပေလိမ့်မည်။

အမှန်စင်စစ် ပိုင်လီထျန်းလီ မရှိလျှင်ပင် ဖုန်းဝူချန်တို့ အဖွဲ့အတွက် ဘေးအန္တရာယ် မရှိနိုင်ချေ။ လင်ရှောင်ရှောင်၏ နတ်ဘုရား အသွင်ပြောင်း အကာအကွယ် သည် အလကား မဟုတ်ပေ။

“သွားကြစို့”

ဖုန်းဝူချန်က အေးစက်တည်ငြိမ်စွာ ပြောလိုက်၏။ အနည်းငယ်မျှ တုံ့ဆိုင်းမနေတော့ဘဲ သူတို့ အဖွဲ့သည် အမြန်ဆုံး အရှိန်အဟုန်ဖြင့် ပျံသန်း ထွက်ခွာသွားကြတော့သည်။

ဖုန်းဝူချန်တို့ အဖွဲ့ အဝေးသို့ ရောက်သွားမှသာ ပိုင်လီယွီဖုန်းနှင့် ပိုင်လီထျန်းလီတို့သည် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် မှ ထွက်ခွာသွားကြပြီး၊ ဖူယန်နှင့် ဖန်ရွှီဟွိုင် တို့လည်း နောက်မှ လိုက်ပါသွားကြလေသည်။ အကယ်၍ ဖူယန်သာ ထိုနေရာတွင် ရှိမနေပါက ပိုင်လီယွီဖုန်းသည် ဖန်ရွှီဟွိုင်ကို သေချာပေါက် သတ်ပစ်ခဲ့မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များ ပါဝင်သော တိုက်ပွဲတစ်ခုတွင် ထိခိုက်ကျဆုံးမှု ရှိလာပါက ကြီးမားသော စစ်ပွဲကြီး တစ်ခုကို ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

သူတော်စင်ကြီး ဝင်ရောက် မလှုပ်ရှားခြင်းမှာ ထူးဆန်းနေသော်လည်း ပိုင်လီယွီဖုန်းတို့မှာ ဆက်လက် မမေးမြန်းတော့ချေ။

နောက်ဆုံးတွင်တော့ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် တစ်ခုလုံးတွင် သူတော်စင်ကြီး တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။ ယခုအခါ ဝူမီးတောက် ဝါးမြိုခံလိုက်ရသဖြင့် ကျယ်ပြန့်လှသော အမည်းရောင် မီးတောက် ပင်လယ်ကြီးလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ မြောက်ပိုင်း နယ်နိမိတ် ချောက်နက် မှာလည်း မှတ်မိစရာ မရှိအောင် ပျက်စီးသွားခဲ့‌၏။ ချောက်နက်ကြီး မရှိတော့ဘဲ ဧရာမ တွင်းနက်ကြီး တစ်ခုသာ ကျန်ရစ်တော့၏။

“ဟူး...”

အချိန် မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်လည်း သူတော်စင်ကြီးသည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော် နေပြီး ချွေးစက်များဖြင့် ဖုံးလွှမ်းနေ၏။

“ဝှစ်...”

ငြိမ်သက်နေသော မြောက်ပိုင်း နယ်နိမိတ် ချောက်နက်၏ ကောင်းကင်ထက်သို့ လူရိပ်တစ်ခု လျှပ်တစ်ပြက် ရောက်ရှိလာသည်။

“ဘာတွေ ဖြစ်သွားတာလဲ... မင်း ဘာလို့ ဝင်မပါတာလဲ”

ရောက်လာသူက သူတော်စင်ကြီး ကို စိမ်းစိမ်းကြည့် ကာ အေးစက်သော လေသံဖြင့် မေးလိုက်၏။ ဤပုဂ္ဂိုလ်ကား ဖုန်းဝူချန် ယခင်က ပြောခဲ့ဖူးသော ယင်ယန် မိသားစု ၏ သူတော်စင်ချုပ် ပင် ဖြစ်တော့သည်။

သူတော်စင်ချုပ် ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ စွမ်းအင် လှုပ်ရှားမှုမျှ မရှိဘဲနှင့်ပင် ပတ်ဝန်းကျင်ကို ထိတ်လန့်သွားစေပြီး လေဟာနယ်ကိုပင် စုတ်ပြဲသွားစေမည့်အလား ခံစားရစေပေသည်။

သူတော်စင်ကြီး က မျက်မှောင်ကြုတ်လိုက်ရင်း...

“လုံကျန့်...”

“လုံကျန့် ဟုတ်လား...”

သူတော်စင်ချုပ် ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။ လုံကျန့် ဆိုသော အမည်ကပင် သူ့ကို သတိထား စိုးရိမ် သွားစေသည်မှာ ရှင်းလင်းလှပေသည်။

“ဖုန်းဝူချန် က နဂါးမျိုးနွယ် မဟုတ်ပေမဲ့ သူက နဂါးမျိုးနွယ် ရဲ့ သွေးမျိုးဆက် စွမ်းအား ကို ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ အရေးပေးမှုကိုလည်း ခံထားရတယ်... ပြီးခဲ့တဲ့ တစ်ခါကလည်း လုံကျန့် က သူတော်စင် အငယ်စား ကို ဟန့်တားခဲ့သေးတယ်... အခုလည်း ငါ့ကို ထပ်ပြီး လာတားပြန်ပြီ”

သူတော်စင်ကြီးက အံကို ကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်လေသည်။

လုံကျန့်၏ ခွန်အားမှာ အလွန်တရာမှ ကြောက်စရာ ကောင်းလွန်းလှပေသည်။ သူ ကိုယ်တိုင် ပေါ်မလာဘဲနှင့်ပင် သူတော်စင်ကြီးအား လှုပ်မရအောင် ခြိမ်းခြောက်နိုင်ခြင်းက လုံကျန့် မည်မျှ ကြောက်စရာ ကောင်းကြောင်းကို ပြသနေပေသည်။

“နဂါးမျိုးနွယ် က ငါတို့ ယင်ယန် မိသားစု ရဲ့ ကိစ္စတွေကို အကြိမ်ကြိမ် ဝင်နှောင့်ယှက်နေတာပဲ... သူတို့က ငါတို့ကို မျက်စိထဲတောင် မထည့်တော့တာလား”

သူတော်စင်ချုပ် က ရက်စက်သော သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်ရင်း အေးစက်စွာ ပြောလိုက်၏။

“သူတော်စင်ချုပ်... ရှေးဦး ဝူမီးတောက် ကို ဖုန်းဝူချန် ယူသွားပြီ... နဂါးမျိုးနွယ် ကလည်း ဖိနှိပ် ဝင်စွက်ဖက်နေတယ်... ကျုပ်တို့ ဘယ်လောက်အထိ ဆက်ပြီး သည်းခံနေရဦးမှာလဲ”

သူတော်စင်ကြီးက မျက်နှာ ပျက်ပျက်ဖြင့် မေးလိုက်သည်။

သူတော်စင်ချုပ် က တည်ကြည်လေးနက်စွာဖြင့်...

“ဝူမီးတောက် ကိစ္စက မလောပါဘူး... ဖုန်းဝူချန် သန့်စင်လိုက်ရင်တောင် ငါတို့ ပြန်လုလို့ ရသေးတာပဲ... အခုလောလောဆယ် နဂါးမျိုးနွယ် က သူ့ကို ကာကွယ်ပေးနေမှတော့ သွားပြီး မဆွတာ အကောင်းဆုံးပဲ... အချိန်တန်လို့ အကွက်စေ့သွားတဲ့ အခါကျရင်တော့ နဂါးမျိုးနွယ် က ဘာမို့လို့လဲ”

သူက ခေတ္တမျှ ရပ်လိုက်ပြီးနောက် ဆက်လက်၍...

“ဝူမီးတောက် က အခု လောကထဲကို ရောက်လာပြီ... နဂါးမျိုးနွယ် ရဲ့ အကာအကွယ်အောက်မှာ ရှိနေတဲ့ ဖုန်းဝူချန် ဆီကနေ တခြားသူတွေ ဝူမီးတောက်ကို လုသွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး... မင်း ပြန်သွားပြီး နောက်ထပ် ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအား တစ်မျိုးကို ရှာဖို့သာ ပြင်ဆင်တော့”

“သူတော်စင်ချုပ်... ဖုန်းဝူချန် ပိုင်ဆိုင်ထားတဲ့ ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအား က ဘယ်လိုမျိုးလဲ ခင်ဗျာ”

သူတော်စင်ကြီးက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

သူ့မေးခွန်းအား သူတော်စင်ချုပ် က ခေါင်းခါယမ်းလိုက်ပြီး...

“ငါလည်း သေချာ မဝေခွဲတတ်သေးဘူး... သူ့ရဲ့ ရှေးဦး စွမ်းအား က နဂါးမျိုးနွယ် ရဲ့ သွေးမျိုးဆက် စွမ်းအား နဲ့ ပေါင်းစပ်သွားတာ ဆိုတော့ အရှိန်အဝါက တော်တော်လေး ထူးဆန်းတယ်... သူ့ရဲ့ စွမ်းအားထဲမှာ အရှိန်အဝါ (၃) မျိုးလောက် ပါနေပုံရတယ်... ဘာစွမ်းအားလဲ ဆိုတာ ငါ မပြောတတ်ဘူး”

“ဖုန်းဝူချန် က နဂါးမျိုးနွယ် မဟုတ်ဘဲနဲ့ သူတို့က ဒီလောက်အထိ အရေးပေးနေတယ် ဆိုတော့... ဒီ ဖုန်းဝူချန် က သာမန်တော့ မဟုတ်လောက်ဘူး”

သူတော်စင်ကြီးက ခန့်မှန်းကြည့်လိုက်လေ၏။

“ဖုန်းဝူချန် မှာ ဘယ်လို နောက်ခံပဲ ရှိရှိ... သူ့ရဲ့ တည်ရှိမှုက ငါတို့ အတွက် ရှေးဦး စွမ်းအားတွေနဲ့ ဝူမီးတောက် ကို သိမ်းဆည်းပေးထားသလို ဖြစ်နေတာပဲ... သူတော်စင်ကြီး... တခြား ရှေးဦး စွမ်းအားတွေကို အမြန်ဆုံး ရှာဖွေပါ”

ဟု သူတော်စင်ချုပ် က အမိန့်ပေးလိုက်လေသည်။

“စိတ်ချပါ သူတော်စင်ချုပ်... ကျွန်တော် အမြန်ဆုံး ရှာတွေ့အောင် လုပ်ပါ့မယ်”

သူတော်စင်ကြီးက ရိုသေစွာ ဦးညွှတ်ကာ အာမခံလိုက်လေတော့၏။

အခန်း (၆၅၉) - သန့်စင်ခြင်း စတင်ခြင်း

~နဂါးနတ်ဘုရား နန်းတော်ဝယ်..၊

မြောက်ပိုင်း နယ်နိမိတ် ချောက်နက် မှ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာကြသော ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် ယခုမှပင် စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။

ကြောက်မက်ဖွယ် ကောင်းလှသော ပညာရှင်ကြီးများနှင့် ကမ္ဘာပျက်မတတ် ပြင်းထန်သည့် စွမ်းအင်လှိုင်းများကို ပြန်လည် တွေးတောမိတိုင်း သူတို့၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များက ကပ်ငြိနေဆဲ ဖြစ်ပေ၏။

“သားလေး... အားလုံး အဆင်ပြေပြေ ဖြစ်ခဲ့ရဲ့လား”

နန်းတော် ခန်းမကြီးအတွင်း၌ ဖုန်းဝူချန်နှင့် အခြားသူများ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုနှင့်အတူ တစ်စုံတစ်ခုကို စိုးရိမ်နေသည့် အမူအရာများကို မြင်တွေ့လိုက်ရသဖြင့် ရှောင်ချင်ချင်က စိုးရိမ်တကြီး မေးမြန်းလိုက်လေသည်။

“ဘာများ ဖြစ်ခဲ့လို့လဲ သား”

ဖုန်းကျန့်ရှုံး ကလည်း မျက်မှောင်ကြုတ်ကာ ဝင်ရောက် မေးမြန်းလိုက်၏။

ဖုန်းဝူချန်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး...

“ဘာမှ မဖြစ်ပါဘူး မေမေ... အားလုံး အဆင်ပြေပါတယ်”

ဖုန်းဝူချန်က မြောက်ပိုင်း နယ်နိမိတ် ချောက်နက် အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းများကို အကျဉ်းချုပ် ရှင်းလင်းပြောပြလိုက်သောအခါ ဖုန်းကျန့်ရှုံးနှင့် ကျန်ရှိနေသော အကြီးအကဲများ အားလုံးမှာ အံ့အားသင့် ထိတ်လန့်သွားကြရလေသည်။ သို့ဖြစ်သော်ငြားလည်း အားလုံး ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခြင်းကပင် သူတို့အတွက် အကောင်းဆုံး သတင်း ဖြစ်ချေ၏။

“ဒီလောက် ပြင်းထန်တဲ့ စွမ်းအားတွေ ပေါက်ကွဲထွက်ခဲ့တယ် ဆိုရင် နယ်မြေတစ်ခုလုံးက အင်အားကြီး ဂိုဏ်းတွေ အားလုံး သတိထားမိသွားကြမှာပဲ... ဒါပေမဲ့ နတ်ဘုရား ဘုရင် နန်းတော် ကတော့ အခုထိ ဘာသံမှ ထွက်မလာသေးဘူး... သူတို့လည်း ယင်ယန် မိသားစု နဲ့ ပိုင်လီ မျိုးနွယ်စု ကို သတိထား စိုးရိမ် နေကြတာ ထင်တယ်”

ဟန်ခွန်းက တည်ကြည်လေးနက် စွာ ပြောလိုက်လေသည်။ ဖုန်းဝူချန်သာ ဖွင့်ဟဝန်ခံ ပြောပြခြင်း မရှိပါက ဤတိုက်ကြီးပေါ်တွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော ရှေးဟောင်း မိသားစုကြီးများ ရှိနေကြောင်းကို ဟန်ခွန်း သိရှိလိုက်ရမည် မဟုတ်ချေ။

“ဒါနဲ့ ဝူမီးတောက် ကရော... ဘယ်သူက အဲဒီ ကြောက်စရာကောင်းတဲ့ ဝူမီးတောက် ကို ယူသွားတာလဲ”

ယဲ့ထျန်းဝေက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ပြောဖို့ လိုသေးလို့လားဗျာ... အဲဒီလူတွေရဲ့ စွမ်းအားက အရမ်း ကြောက်စရာကောင်းတာ... ကျွန်တော်တို့ သူတို့ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး”

လျိုချင်းယန်က လက်နှစ်ဖက်ကို ဖြန့်ကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြန်လည် ချေပလိုက်လေသည်။

“ဒါဆို ပိုင်လီ မျိုးနွယ်စု က ယူသွားတာလား... ဒါမှမဟုတ် ယင်ယန် မိသားစု လား”

ဟွမ်ယန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် သည်းသည်းမည်းမည်း မေးမြန်းနေတော့၏။

“မင်းတို့ကလည်း.. ဝူမီးတောက် ကို အစ်ကိုဖုန်းက ဝါးမြိုပစ်လိုက်တာဟ.. ဟားဟား”

လျိုချင်းယန်က ရုတ်တရက် အားရပါးရ ရယ်ကာ အမှန်တရားကို ဖွင့်ဟလိုက်လေသည်။

“နန်းတော်သခင် ကလား”

အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး ဖုန်းဝူချန်ထံသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။ ယင်ယန် မိသားစု နှင့် ပိုင်လီ မျိုးနွယ်စု တို့၏ ပညာရှင်များမှာ ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေပါလျက်နှင့် ဖုန်းဝူချန်က ဝူမီးတောက်ကို မည်သို့မည်ပုံ ရယူနိုင်ခဲ့ပါသနည်း။

လင်ရှောင်ရှောင်က အဖြစ်အပျက် အသေးစိတ်ကို ရှင်းပြလိုက်မှသာ အားလုံး နားလည် သဘောပေါက်သွားကြတော့သည်။

အချုပ်အားဖြင့် ဆိုရသော် မြောက်ပိုင်း နယ်နိမိတ် ချောက်နက် ခရီးစဉ်သည် သေမင်းတံခါးဝသို့ ရောက်ရှိခဲ့သည့် အန္တရာယ်များနှင့် ပြည့်နှက်နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဝူမီးတောက်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

“နဂါးနတ်ဘုရား သွေးမျိုးဆက် တွေ အများကြီး ကျန်ပါသေးတယ်... အချိန်မဖြုန်းကြနဲ့တော့... အားလုံး ကိုယ့်ရဲ့ ခွန်အားတွေကို တစ်ဟုန်ထိုး တိုးတက် အောင် ကြိုးစားကြပါ... ငါလည်း ဝူမီးတောက် ကို ချက်ချင်း သန့်စင်ရမယ်... မဟုတ်ရင် နောင်ကျရင် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်”

ဖုန်းဝူချန်က တည်ကြည်လေးနက် စွာ ပြောလိုက်၏။ ထို့နောက် သူ၏ ကိုယ်သည် နေရာတင် ရုတ်ချည်း ပျောက်ကွယ် သွားလေတော့သည်။

ဖုန်းဝူချန် ပြန်လည် ထွက်ပေါ်လာသောအခါ သူသည် ကိုးထပ် ချန်ခွင်း မျှော်စင် ၏ သတ္တမအလွှာ ရှိ လေဟာနယ် အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ သတ္တမအလွှာသည် ပြင်ပကမ္ဘာထက် အချိန်စီးဆင်းမှု နှစ်ဆ ပိုမို မြန်ဆန်သဖြင့် ဝူမီးတောက်ကို သန့်စင်ရန်အတွက် အသင့်တော်ဆုံး နေရာပင် ဖြစ်ပေသည်။

ဝူမီးတောက်သည် လက်ရှိအချိန်တွင် အလွန်တရာ အားနည်းနေသော်ငြားလည်း ၎င်းပိုင်ဆိုင်ထားသော စွမ်းအင်များမှာ အလွန် ကြီးမားလှသဖြင့် သန့်စင်ရန်မှာ ဖုန်းဝူချန်အတွက် လွယ်ကူလှမည် မဟုတ်ချေ။ အကယ်၍သာ အပြည့်အဝ သန့်စင်နိုင်ခဲ့ပါက ဖုန်းဝူချန်သည် ဝူမီးတောက်ကို စိတ်ကြိုက် ထိန်းချုပ်နိုင်ရုံသာမက သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း တစ်ဟုန်ထိုး တိုးတက် လာမည်မှာ ယုံမှားဖွယ်မရှိ ပေ။

လေဟာနယ် အတွင်း၌ ဖုန်းဝူချန်သည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရွှေရောင် နဂါး တံဆိပ်တုံး ကို အသက်သွင်းလိုက်လေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ တောက်ပလှသော ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး၊ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဝိညာဉ်သိုင်း စွမ်းအားများက သတ္တမအလွှာ တစ်ခုလုံးကို ပြည့်နှက်သွားတော့၏။

ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ရွှေရောင် နဂါး တံဆိပ်တုံး အတွင်း ဝါးမြိုခံထားရသော ဝူမီးတောက်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်လေသည်။

“ဝုန်း...”

ဝူမီးတောက်ကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်သည် နဂါးမျိုးနွယ် မီးတောက် ကိုပါ ထုတ်ဖော်လိုက်ပြီး ဝူမီးတောက်၏ ပတ်ပတ်လည်တွင် ကပျာကယာ ဝန်းရံ ပိတ်ဆို့လိုက်၏။

“နဂါးမျိုးနွယ် မီးတောက် ပါလား... ခွေးသားလေး.. တော်တော် ရဲတင်းနေပါလား... ဒီအရှင်ကိုတောင် သန့်စင်ဖို့ ကြိုးစားရဲတယ်ပေါ့လေ”

ဝူမီးတောက်က ဒေါသတကြီး ဟိန်းဟောက်ကာ ရူးသွပ်စွာ ရုန်းကန်နေတော့သည်။

ဖုန်းဝူချန်က ခပ်ပြုံးပြုံး အေးစက်စက် တုံ့ပြန်လိုက်၏။

“ငါ့ရဲ့ စစ်မှန်သော မီးတောက် ဖြစ်လာရတာက မင်းအတွက် ဂုဏ်ယူစရာပဲလေ... မင်းကို သန့်စင်ပြီးရင် နဂါးမျိုးနွယ် မီးတောက် နဲ့ ဝူမီးတောက် ကို ပေါင်းစပ်လိုက်မယ်... အဲဒီအချိန်ကျရင် အခုထက် အများကြီး ပိုပြီး အစွမ်းထက်လာမှာ ”

“အောက်တန်းစား”

ဝူမီးတောက် ဒေါသအမျက် ခြောင်းခြောင်းထွက် ကာ ဖုန်းဝူချန်ကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေပေသည်။

သို့သော် ဖုန်းဝူချန်ကမူ စိုးစဉ်းမျှ ဂရုမစိုက်ဘဲ ကမ္ဘာပျက် စွမ်းအား များကို လှုံ့ဆော်လိုက်ပြီး လက်ဟန်များ ရေးဆွဲကာ စတင်သန့်စင်လိုက်လေတော့၏။

“အား... ရပ်လိုက်စမ်း... အခုချက်ချင်း ရပ်လိုက်စမ်း”

သန့်စင်ခြင်း လုပ်ငန်းစဉ် စတင်သည်နှင့်တစ်ပြိုင်နက် ဝူမီးတောက်သည် အစွန်းရောက်သော ဝေဒနာကြောင့် အသံကုန် အော်ဟစ်နေတော့သည်။

“မင်းရဲ့ အားနည်းနေတဲ့ အခြေအနေနဲ့တော့ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ အလကားပဲကွ... လိမ္မာလိမ္မာနဲ့ အညံ့ခံလိုက်တာက ပိုကောင်းလိမ့်မယ်”

ဖုန်းဝူချန်က အေးစက်စွာ ရယ်လိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်လေသည်။

“အား...”

ဖုန်းဝူချန်က သည်းကြီးမည်းကြီး သန့်စင်နေစဉ်အတွင်း ဝူမီးတောက်၏ နာကျင်စွာ အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။

နာရီဝက်ခန့် ကြာပြီးနောက် ဖုန်းဝူချန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်မိလေသည်။

'ရှေးဦး ဝူမီးတောက် ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်... သန့်စင်ရတာ တကယ့်ကို ခက်ခဲတာပဲ'

နာရီဝက်ခန့် သည်းသည်းမည်းမည်း ကြိုးစားခဲ့သော်လည်း ဝူမီးတောက် သန့်စင်သွားသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိသေးချေ။ တစ်နာရီလုံးလုံး အချိန်ဖြုန်းလိုက်ရသကဲ့သို့ ခံစားနေရ၏။

“သောက်ကောင်လေး... မင်းရဲ့ ဒီလောက် ကျင့်ကြံခြင်း အဆင့်လေးနဲ့ ဒီအရှင်ကို သန့်စင်ဖို့ ဆိုတာ အိပ်မက် မက်မနေနဲ့... မင်းမှာ အဲဒီ အရည်အချင်း မရှိဘူးကွ”

ဝူမီးတောက်က ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီးနောက် နာကျင်စွာဖြင့် ထပ်မံ အော်ဟစ်ပြန်လေသည်။

ဖုန်းဝူချန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

“ဒါက အစပဲ ရှိသေးတာပါကွာ... ငါ မင်းကို သန့်စင်နိုင်မလား၊ မသန့်စင်နိုင်ဘူးလား ဆိုတာ မင်း ဘယ်လိုလုပ် သိမှာလဲ”

“တစ်လနဲ့ မပြီးရင် နှစ်လ... နှစ်လနဲ့ မရရင် သုံးလ... သုံးနှစ်လောက် ကြာရင်တောင် ဘာဖြစ်လဲ... ငါကတော့ မင်းကို သေချာပေါက် သန့်စင်ပြီး ငါ့ရဲ့ စစ်မှန်သော မီးတောက် ဖြစ်အောင် လုပ်မှာပဲ”

ဖုန်းဝူချန်က ပြတ်သားစွာ ပြောလိုက်လေသည်။

“မင်း...”

ဝူမီးတောက်မှာ အလွန်တရာ ဒေါသထွက်နေသော်လည်း အားအင်ကုန်ခမ်းနေသဖြင့် ဘာမှ မတတ်နိုင်ရှာပေ။

ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် ဉာဏ်များသော အပြုံး တစ်ခု ပေါ်ပေါက်လာပြီးနောက် သူက ဆက်၍ ဆိုလိုက်၏။

“ဝူမီးတောက်... တစ်နေ့ကျရင် အားပြန်ပြည့်လာပြီး ငါ့ကို ပြန်ဝါးမြိုမယ်လို့တော့ အိပ်မက် မက်မနေနဲ့... ငါက ဆေးပညာရှင် တစ်ယောက် ဆိုတာ မမေ့နဲ့ဦး... မင်းရဲ့ ဝိညာဉ် ခန္ဓာကိုယ် ပြန်ကောင်းမလာအောင် လုပ်ဖို့ ငါ့မှာ နည်းလမ်းပေါင်း တစ်သောင်းလောက် ရှိတယ်... ငါ့လက်ထဲ ရောက်လာမှတော့ မင်းအတွက် ကံကြမ္မာ တစ်ခုပဲ ရှိတယ်... အဲဒါက ငါ့ရဲ့ သန့်စင်တာကို ခံရဖို့ပဲ... တခြား ထွက်ပေါက် မရှိဘူး လို့သာ မှတ်ထားလိုက်တော့”

“ကောင်လေး... ငါတို့ အပေးအယူ တစ်ခု လုပ်ကြရင်ရော ဘယ်လိုလဲ... မင်း ငါ့ကို သန့်စင်ဖို့ မလိုပါဘူး... မင်း လိုအပ်တဲ့ အချိန်တိုင်း ငါ့ရဲ့ ဝူမီးတောက် ကို မင်းဆီ ပေးမယ်လေ... ဒါဆိုရင် ငါက မင်းကို ကာကွယ်ပေးနေသလို ဖြစ်သွားမှာပေါ့... အနည်းဆုံးတော့ ယင်ယန် မိသားစု က မင်းကို လာမထိရဲတော့ဘူးလေ”

ဝါးမြိုခံရသည့် ဝေဒနာကို ခါးစည်းခံရင်း ဝူမီးတောက်က ဖုန်းဝူချန်အား အပေးအယူ တစ်ခု ကမ်းလှမ်းလိုက်လေသည်။

“ဟားဟား”

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်မှာ အားရပါးရ ရယ်လိုက်၏။

“မင်းရဲ့ ကာကွယ်မှုကို ငါက လိုအပ်လို့လား...ပေါက်ကရ စကားတွေကို ငါက ယုံမယ် ထင်နေတာလား... ငါ..မင်းထင်သလောက် မအပါဘူးကွ”

“ခွေးသားလေး... ဒါဆိုရင် ငါ့ကို လွှတ်ပေးဖို့ ဘာလိုချင်လဲ ပြောစမ်း”

ဝူမီးတောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်းသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီးမှ စကားပြောနိုင်သည့် အသိဉာဏ်နှင့် ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အဆင့်ကို ရရှိထားခြင်းပင်။ ထို့ကြောင့် တစ်စုံတစ်ယောက်၏ လက်ခုပ်ထဲက ရေအဖြစ် လွယ်လွယ်ကူကူ အညံ့မခံလိုချေ။

“အဲဒီ အတွေးကို အခုချက်ချင်း ဖျက်ပစ်လိုက်စမ်းပါ”

ဖုန်းဝူချန်က သနားညှာတာမှု ကင်းမဲ့စွာဖြင့် ရက်စက်စွာ ပြန်ဖြေလိုက်ပြီး သန့်စင်ခြင်းကို ဆက်လက် ပြုလုပ်ရန် ပြင်ဆင်လိုက်၏။

“နေဦး... ကောင်လေး... ငါ ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအား ရှိတဲ့ နေရာတစ်ခုကို သိတယ်... ငါကိုယ်တိုင်လည်း ကျင့်ကြံခြင်း မြှင့်တင်ဖို့ အဲဒီ စွမ်းအားကို သွားပြီး သန့်စင်ဖို့ ကြံစည်ထားတာ... ဒါပေမဲ့ အဲဒီကို သွားဖို့ အခွင့်အရေး မရသေးခင်မှာပဲ မင်းနဲ့ တွေ့သွားတာ... ငါ့ကိုသာ လွှတ်ပေးမယ် ဆိုရင် အဲဒီ နေရာကို ငါ ပြောပြမယ်”

ဝူမီးတောက်က ကမန်းကတန်း ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန် အံ့အားသင့်သွားပြီး...

“ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားလား”

“ဟုတ်တယ်... ငါက ရှေးဦး ကမ္ဘာဦးခေတ် မီးတောက် တစ်ခု ဖြစ်နေမှတော့ ရှေးဦး စွမ်းအား ရဲ့ တည်ရှိမှုကို အာရုံခံနိုင်တာပေါ့... ဘယ်လိုလဲ... ငါ့ကို လွှတ်ပေးရင် အဲဒီ နေရာကို ပြောပြမယ်”

ဖုန်းဝူချန် စိတ်ဝင်စားသွားသည်ကို မြင်လိုက်ရသဖြင့် ဝူမီးတောက်သည် ကြိတ်၍ ကျေနပ်သွားလေသည်။

“ကောင်းပြီလေ... ဒါပေမဲ့ အရင် ပြောပြရမယ်... မဟုတ်ရင် မင်း စကားကို ငါက ဘယ်လို ယုံရမှာလဲ... မင်းမှာ ငါနဲ့ အပေးအယူ လုပ်ဖို့ အရည်အချင်း မရှိဘူး ဆိုတာ မမေ့နဲ့ဦး”

ဖုန်းဝူချန်က ဝူမီးတောက်၏ စကားကို သံသယ ရှိနေသဖြင့် ပြောလိုက်လေသည်။

“ငါလည်း မအပါဘူးကွ... အကယ်၍ ငါက.. ပြောပြလိုက်လို့ မင်း...ငါ့ကို ဆက်ပြီး သန့်စင်နေမယ် ဆိုရင် အကျိုးနည်းသွားမှာပေါ့”

ဝူမီးတောက်ကလည်း အေးစက်စွာ တုံ့ပြန်လိုက်၏။ ဖုန်းဝူချန်ဘက်မှ အာမခံချက် တစ်ခုခု မရရှိဘဲ အလျှော့ပေးမည့် ပုံမပေါ်ချေ။

“ဒါဆိုလည်း မင်းသဘောပဲ”

ဖုန်းဝူချန်က ပခုံးကို အသာအယာ တွန့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် သန့်စင်ခြင်းကို ဆက်လက် ပြုလုပ်ရန် ပြင်ဆင်လိုက်ပြန်သည်။

အမှန်စင်စစ် ဖုန်းဝူချန်သည် ဝူမီးတောက်၏ စကားကို လုံးဝ မယုံကြည်ချေ။

“ကောင်းပြီ... ငါ ပြောပြမယ်... ဒါပေမဲ့ မင်း ကတိတည်မယ်လို့ ငါ မျှော်လင့်တယ်နော်”

သန့်စင်ခံရသည့် ဝေဒနာကို ဆက်လက် မခံစားနိုင်တော့သဖြင့် ဝူမီးတောက်က ကပျာကယာပင် ပြောလိုက်လေတော့သည်။

“ဝူကျိနယ်မြေ... ဝူကျိဘုံ... ခွန်လွန် တောင်ကြား ပဲ”

“ခွန်လွန် တောင်ကြား ဟုတ်လား”

ဖုန်းဝူချန် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ သူသည် ဝူကျိဘုံ သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော်လည်း မိစ္ဆာနဂါး ၏ မှတ်ဉာဏ်များမှတစ်ဆင့် ထိုနေရာနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ နားလည် သိရှိထားပြီး ဖြစ်ပေတော့၏။

အခန်း (၆၆၀) - ဆန်းကြယ်သော အမည်းရောင် အခိုးအငွေ့

~“အမှန်ပဲ... အဲဒါ ခွန်လွန် တောင်ကြား ပဲ”

ဝူမီးတောက်၏ အဖြေမှာ အလွန်ပင် ယတိပြတ်နိုင်လှပေသည်။ သို့သော် သူက ဆက်လက်၍ စကားဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ဖုန်းဝူချန်က ကြားဖြတ်၍ ဟန့်တားလိုက်လေ၏။

ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်အေးဆေးစွာပင် ဆိုလိုက်သည်။

“မင်း ဘာမှ ထပ်ပြောနေဖို့ မလိုတော့ဘူး... အဲဒီနေရာကို ငါ ရောက်ဖူးတယ်... အဲဒီမှာ ဘာမှ မရှိဘူး... ကြည့်ရတာ တကယ်ပဲ လိမ်ညာနေတာပဲ”

စကားပြောနေစဉ်မှာပင် ဖုန်းဝူချန်သည် သူ၏ သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ပြတ်သားစွာ ဆက်လက် လုပ်ဆောင်လိုက်လေတော့သည်။

“ဘာ... ငါက မင်းကို လိမ်တယ် ဟုတ်လား... မင်းလို ကောင်စုတ်လေးက... အား...”

ဝူမီးတောက် စကားမဆုံးခင်မှာပင် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာချေ၏။

“ခွေးသားလေး... ကတိဖျက်ရဲတယ်ပေါ့လေ”

ဝူမီးတောက်သည် ဒေါသအမျက် ခြောင်းခြောင်းထွက် လာကာ ဟိန်းဟောက်လေတော့သည်။

“မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိပေမဲ့... ငါ့ကိုတော့ (၃) နှစ်သား ကလေးလို့ လာမတွက်နဲ့”

ဖုန်းဝူချန်က ရေခဲတမျှ အေးစက်သော လေသံဖြင့် တုံ့ပြန်လိုက်၏။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်ကာ ဝူမီးတောက်အား အပ်ဖျားခန့်မျှ ဂရုမစိုက်တော့ချေ။

“ကောင်စုတ်လေး...သေဖို့ ပြင်ထား”

မိမိ လှည့်စားခံလိုက်ရကြောင်း သိရှိသွားသောအခါ ဝူမီးတောက်သည် အစွန်းရောက်သော ဒေါသများဖြင့် ရူးသွပ်စွာ ကြိမ်းမောင်းနေတော့သည်။

သို့သော် ဖုန်းဝူချန်ကမူ ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ဝူမီးတောက်မှာ အလွန်တရာ အားနည်းနေပြီ ဖြစ်သဖြင့် မိမိအတွက် မည်သို့မျှ ခြိမ်းခြောက်မှု မရှိနိုင်သောကြောင့်ပင် ဖြစ်၏။

“အား...”

ကိုးထပ် ချန်ခွင်း မျှော်စင် ၏ သတ္တမအလွှာ ရှိ လေဟာနယ် တစ်ခုလုံးတွင် ဝူမီးတောက်၏ နာကျင်စွာ အော်ဟစ်သံများဖြင့်သာ ပြည့်နှက်နေလေတော့သည်။

ဖုန်းဝူချန်သည် ဝူမီးတောက်အား မယုံကြည်ဟန်ဖြင့် သန့်စင်နေသော်ငြားလည်း စိတ်ထဲတွင်မူ အလေးအနက် မှတ်သားထားလေ၏။

'ခွန်လွန် တောင်ကြား ဆိုတာ ပျက်စီးသွားတာ ကြာလှပြီပဲ... အဲဒီမှာ တကယ်ပဲ ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအား တွေ ပုန်းကွယ်နေနိုင်မလား'

ဖုန်းဝူချန် စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိလေသည်။ သူသည် ဝူမီးတောက်ကို မယုံကြည်ခြင်း မဟုတ်ဘဲ မိစ္ဆာနဂါး ၏ မှတ်ဉာဏ်များအရ ခွန်လွန် တောင်ကြား သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ပွဲကြီးအတွင်းမှာပင် ပျက်စီးသွားခဲ့ကြောင်း သိရှိထားသောကြောင့် ဖြစ်ပေသည်။

သို့သော် ဝူမီးတောက်က အတိအကျ ပြောဆိုလာခဲ့သဖြင့် အချိန်ရပါက ထိုနေရာသို့ တစ်ခေါက်လောက် သွားရောက် စူးစမ်းကြည့်ရမည်။

...

ဝင်္ကပါပင်လယ်နယ်မြေ ရှိ ကျူးကော့ မိသားစုဝယ်၊

ကျူးကော့လျန်ချန် သည် နန်းတော် ခန်းမကြီးအတွင်း၌ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ဟိုမှသည် လမ်းလျှောက်နေလေ၏။

“ဖုန်းဝူချန်... ဖုန်းဝူချန်... ဖုန်းဝူချန်”

ကျူးကော့လျန်ချန်သည် ဖုန်းဝူချန်၏ အမည်ကို သွားကြားထဲမှ ထွက်သော လေသံဖြင့် ရေရွတ်နေပြီး၊ ထိုသူ့အား အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်ချင်နေသည့် အမူအရာမျိုး ရှိနေပေသည်။

“သခင်လေး”

ထိုအခိုက်အတန့်၌ အစေခံမလေး တစ်ဦး ခန်းမအတွင်းသို့ ဝင်ရောက်လာ၏။

အစေခံမလေးကို မြင်သည်နှင့် ကျူးကော့လျန်ချန် ကပျာကယာ.. မေးလိုက်လေသည်။

“ဘယ်လိုလဲ... လင်းအာ အဆင်ပြေရဲ့လား”

“သခင်လေး... မမလေးလင်းအာ က ကျွန်မကို အခုထိ အထဲဝင်ခွင့် မပေးသေးဘူး ရှင့်”

“ဒါက... ဘယ်လို ဆက်လုပ်ကြမလဲ”

ထိုအခါ၊ ကျူးကော့လျန်ချန် ခေါင်းခဲမတတ် စဉ်းစား ရင်း ရေရွတ်လိုက်လေသည်။

“လင်းအာ က သူ့ကိုယ်သူ အခန်းထဲမှာ ပိတ်ထားတာ (၁) လ ကျော်နေပြီ... ဒီအတိုင်း ဆက်သွားရင်တော့ ငါ စိုးရိမ်မိတယ်...”

“စုစု... မင်း နည်းလမ်း တစ်ခုခု မြန်မြန် စဉ်းစားစမ်းပါဦး”

ကျူးကော့လျန်ချန်က စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်ပြန်သည်။

စုစု ဟု အမည်ရသော အစေခံမလေးက မတတ်နိုင်ဟန်ဖြင့်...

“သခင်လေးရယ်... မမလေးက အထဲဝင်ခွင့် မပေးရင် ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူးလေ... အကယ်၍ မမလေးသာ ဒေါသထွက်သွားရင် ကျွန်မပဲ...”

“ဖုန်းဝူချန်... လင်းအာ သာ တစ်ခုခု ဖြစ်သွားရင် ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

ကျူးကော့လျန်ချန်သည် ဒေါသကြောင့် အံကို ကြိတ်လိူက်ပြီး၊ သူ၏ မျက်ဝန်းများထဲတွင် ရက်စက်လှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့၏။

ကျူးကော့လျန်ချန်သည် ဖုန်းဝူချန်ကို အရိုးထဲထိ နာကျည်းနေသူ ဖြစ်ပေသည်။ အကယ်၍ ဖုန်းဝူချန်သာ မရှိခဲ့ပါက မော့လင်အာ သည် ယခုကဲ့သို့ အခြေအနေမျိုးသို့ ကျရောက်သွားမည် မဟုတ်ချေ။

ဝင်္ကပါပင်လယ်နယ်မြေ ရှိ တိုက်ပွဲကြီး ပြီးကတည်းက မော့လင်အာ သည် လုံးဝ ပြောင်းလဲသွားခဲ့လေသည်။ သူမသည် ငိုင်၍ စိတ်ဓာတ်ကျနေကာ အားကိုးရာမဲ့နေသည့် ပုံစံမျိုး ဖြစ်နေတော့၏။

ကျူးကော့ မိသားစု တွင် ကြာမြင့်စွာ နေထိုင်ခဲ့သော်လည်း ယခုအခါ သူမသည် အခန်းအတွင်းမှ မထွက်သည်မှာ (၁) လကျော်ခဲ့‌၏။ မော့လင်အာသည် မိမိကိုယ်ကို အခန်းထဲတွင် ပိတ်လှောင်ထားပြီး မည်သူ့ကိုမျှ အထဲဝင်ခွင့် မပေးသဖြင့် သူမ၏ လက်ရှိ အခြေအနေကို မည်သူမျှ မသိရှိနိုင်ကြချေ။ ဤအချက်က ကျူးကော့လျန်ချန်ကို အကြီးအကျယ် စိုးရိမ်စေခဲ့ခြင်း ဖြစ်ပေသည်။

ဝင်္ကပါပင်လယ်နယ်မြေ တိုက်ပွဲအတွင်း၌ သန့်ရှင်းသော နေမင်းဂိုဏ်း မှာ မြေလှန်ဖျက်ဆီးခြင်း ခံလိုက်ရပြီး၊ ၎င်း၏ နံပါတ်တစ် ပါရမီရှင် သွမ့်မိုမင် မှာလည်း ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ထိုအရာက မော့လင်အာအား အကြီးအကျယ် စိတ်ဒဏ်ရာ ရစေခဲ့ပြီး သူမကို ချောက်နက်ကြီး တစ်ခုထဲသို့ ပစ်ချလိုက်သည့်အလား ဖြစ်သွားစေခဲ့ခြင်းပင်။

မော့လင်အာသည် မိမိ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း ကောင်းစွာ သိရှိနေပေသည်။ လုံးဝ ဥဿုံ ရှုံးနိမ့်သွားခြင်း ဖြစ်ပြီး၊ ဤဘဝတွင် ပြန်လည် ထူထောင်နိုင်စွမ်း မရှိတော့လောက်အောင်ပင် ဖြစ်ချေ၏။

မော့လင်အာ၏ စိတ်အာရုံထဲတွင် ဖုန်းဝူချန်၏ ပုံရိပ်များက အမြဲတစေ ခြောက်လှန့်နေပြီး မည်သို့မျှ ဖျက်ဆီး၍ မရနိုင်တော့ချေ။ အတိတ်ကို ပြန်လည် စဉ်းစားမိတိုင်း သူမသည် အရှက်တရားများကြောင့် မျက်နှာများ ပူလောင်နေရလေသည်။

အခန်းအတွင်း၌မူ မော့လင်အာသည် ငိုင်၍ ထိုင်နေလေ၏။ သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက် အရိပ်အယောင်မျှ မရှိဘဲ၊ စိတ်ပျက်အားငယ် နေသည့် ကျောက်ရုပ်ကြီးပမာ ဖြစ်နေတော့သည်။ ဘဝ၏ အနှစ်သာရ အားလုံး ပျောက်ဆုံးသွားသည့်အလား သူမသည် အသက်မဲ့နေသော လူသေကဲ့သို့ ဖြစ်နေတော့၏။

“လင်းအာ...ကိုယ်ပါ... မြန်မြန် တံခါးဖွင့်ပေးပါဦး”

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းရှေ့သို့ ကျူးကော့လျန်ချန် ရောက်ရှိလာပြီး အော်ဟစ်လိုက်လေသည်။

မော့လင်အာကမူ ထုံးစံအတိုင်း မည်သို့မျှ မလှုပ်ရှားချေ။ ကျူးကော့လျန်ချန်၏ အသံကို မကြားသည့်အလား ၊ ဂရုမစိုက်တော့သည့်အလား ရှိနေပေသည်။ ကျူးကော့လျန်ချန် မည်မျှပင် အော်ဟစ်နေပါစေ၊ မော့လင်အာထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ချေ။

ထိုအခိုက်အတန့်၌ ဆန်းကြယ်သော အမည်းရောင် အခိုးအငွေ့ အမျှင်တန်းလေးများ အခန်းအတွင်းသို့ မည်သည့်နေရာမှန်းမသိ စတင် သိပ်သည်းလာတော့သည်။

မော့လင်အာက ထိုအရာကို သတိပြုမိလိုက်သော်ငြားလည်း .. အမှုမထားဘဲ နေမြဲအတိုင်းသာ နေလေ၏။

ထိုထူးဆန်းသော အမည်းရောင် အခိုးအငွေ့များက အခန်းတစ်ခုလုံးကို ပိတ်ဆို့လိုက်ပြီးနောက်၊ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာ အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

“ဟီးဟီး၊ မိန်းမတစ်ယောက်ရဲ့ အမုန်းတရားက ယောကျ်ားတစ်ယောက်ရဲ့ ဖခင်သတ်တဲ့ လက်စားချေမှု ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းပါလား”

အက်ကွဲသောရယ်သံတစ်ခု နှင့်အတူ သြရှရှ အသံ တစ်ခုက ထိုဆန်းကြယ်သော အမည်းရောင် အခိုးအငွေ့များကြားမှ ထွက်ပေါ်လာလေသည်။

ထိုစကားကို ကြားသောအခါ မတုန်မလှုပ် ထိုင်နေသော မော့လင်အာ၏ လှပသော မျက်ဝန်းလေးများတွင် အပြောင်းအလဲ အချို့ စတင် ဖြစ်ပေါ်လာတော့၏။

“ရှင်... ရှင် ဘယ်သူလဲ”

မော့လင်အာက အခန်းအတွင်းသို့ ရုတ်တရက် ရောက်ရှိလာသော အမည်းရောင် အခိုးအငွေ့များကို ယခုမှ သတိထားမိသည့်အလား မေးမြန်းလိုက်လေသည်။

ထိုကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာ အရှိန်အဝါကြောင့် မော့လင်အာမှာ ချက်ချင်းပင် ထိတ်လန့်သွားရပြီး သူမ၏ မျက်နှာလေးမှာ သွေးဆုတ်ဖြူရော် သွားတော့၏။

“ငါက မင်းကို ကူညီဖို့ လာတဲ့သူပါ”

အမည်းရောင် အခိုးအငွေ့များကြားမှ သြရှရှ အသံက ထူးဆန်းသော ဆွဲဆောင်မှု တစ်ခုနှင့်အတူ ပြန်လည် ပြောဆိုလိုက်လေသည်။

“ကျွန်မကို ကူညီဖို့ ဟုတ်လား”

မော့လင်အာ မှာ ကြောင်အ သွားရလေသည်။

“မင်းက ခွန်အားနဲ့ အာဏာကို မလိုချင်ဘူးလား... အဲဒီ အရာအားလုံးကို ငါ မင်းဆီ ပေးနိုင်တယ်”

ထိုအမည်းရောင် အခိုးအငွေ့က အေးအေးဆေးဆေးပင် ဆိုလိုက်၏။ ထိုအရာအားလုံးမှာ သူ၏ အတွက် အလွန်တရာ လွယ်ကူလှသည့်အလားပင်။

“ရှင်က... အဲဒါတွေကို ကျွန်မဆီ ပေးနိုင်လို့လား”

မော့လင်အာ အံ့အားသင့်စွာဖြင့် အမည်းရောင် အခိုးအငွေ့များကို စိုက်ကြည့်လိုက်မိလေသည်။ သူမသည် အိပ်မက် မက်နေသည်ဟုပင် ထင်မှတ်ရသော်လည်း၊ တစ်ဖက်လူတွင် တစ်စုံတစ်ခုသော ရည်ရွယ်ချက် ရှိနေနိုင်ကြောင်းလည်း ရိပ်မိနေပေသည်။

“မှန်တယ်... ငါ ပေးနိုင်တယ်... မင်း လိုချင်သရွေ့ ငါ အကုန် ပေးမယ်”

အမည်းရောင် အခိုးအငွေ့များကြားမှ သြရှရှ အသံက ယုံကြည်မှု အပြည့်ဖြင့် ထွက်ပေါ်လာပြန်၏။

“ကျွန်မက ဘာလို့ ရှင့်ကို ယုံရမှာလဲ”

မော့လင်အာ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

“ဘာလို့လဲဆိုတော့... ငါက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အင်မော်တယ် လက်နက် စံအိမ် ကို မြေလှန်ပစ်နိုင်သလို၊ ဝူကျိနယ်မြေ တစ်ခုလုံးကိုလည်း ဖျက်ဆီးပစ်နိုင်စွမ်း ရှိလို့ပဲ”

ထိုအမည်းရောင် အခိုးအငွေ့က အလွန်တရာ မောက်မာလှပေသည်။ သူသည် အင်မော်တယ် လက်နက် စံအိမ် ကိုပင် အပ်ဖျားခန့်မျှ မျက်စိထဲ ထည့်ထားပုံ မရချေ။

မော့လင်အာ ယုံကြည်လာစေရန်အတွက် ထိုဆန်းကြယ်သော အမည်းရောင် အခိုးအငွေ့များမှာ ခရမ်းရောင် အလင်းတန်းများ ရုတ်တရက် တဖျတ်ဖျတ် လက်သွားပြီးနောက်၊ အစွန်းရောက်သော ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခုက မော့လင်အာ၏ ခန္ဓာကိုယ် အတွင်းသို့ စတင် စီးဝင်သွားလေတော့သည်။

“ရှင်... ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

မော့လင်အာမှာ အလွန်တရာ ထိတ်လန့်သွားရလေသည်။

“မခုခံနဲ့”

အမည်းရောင် အခိုးအငွေ့က အေးစက်စွာ ကြိမ်းမောင်းလိုက်ရာ ၎င်း၏ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါကြောင့် မော့လင်အာ၏ ဝိညာဉ်ပင် သိမ့်သိမ့်ခါသွားရ၏။

သို့သော် ထိုအခိုက်အတန့်၌ မော့လင်အာမှာ အံ့အားသင့်ဖွယ် အချက်တစ်ခုကို တွေ့ရှိလိုက်ရလေသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားကြီး သူမ၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်လာသည်နှင့်အမျှ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး တိုးတက် လာလေတော့၏။

(ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ)

(ထျန်းယွမ်ဘုံ နဝမအလွှာ)

(ကောင်းကင်ဘုံလူသား အဆင့် ပထမအလွှာ)

(ကောင်းကင်ဘုံလူသား အဆင့် တတိယအလွှာ)

...

ဤမျှ ထိတ်လန့်ဖွယ် ကောင်းလှသော မြင့်တက်မှုကြောင့် မော့လင်အာမှာ ဆွံ့အ မှင်သက်သွားရလေတော့၏။

ဒါသည်ကား အိပ်မက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် ထျန်းယွမ်ဘုံ သတ္တမအလွှာ တွင် ရှိနေသော သူတစ်ဦးအား ကောင်းကင်ဘုံလူသား အဆင့် ပဉ္စမအလွှာ ရှိ ပညာရှင် တစ်ဦးအဖြစ် ပြောင်းလဲပစ်နိုင်သော ဤမျှ ထိတ်လန့်ဖွယ် စွမ်းအင်မျိုးကို ကမ္ဘာပေါ်တွင် မည်သူများ ပိုင်ဆိုင်ထားနိုင်ပါမည်နည်း။

ဒါက ဘယ်လို နတ်ဘုရား သိုင်းကွက်များလဲ။

အကယ်၍ သည်လောက် ကြောက်စရာကောင်းသော နတ်ဘုရား သိုင်းကွက်များကိုသာ တတ်မြောက်ထားပါက အချိန်မရွေး အစွမ်းထက်သော စစ်သည်တော် မြောက်မြားစွာကို မွေးထုတ်ပေးနိုင်မည် မဟုတ်ပါလော။

“ကောင်းကင်ဘုံလူသား အဆင့် .. ပဉ္စမအလွှာ ပါလား...မဖြစ်နိုင်ဘူး...”

မော့လင်အာ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး သူမ၏ ခန္ဓာကိုယ် အတွင်းရှိ အတိုင်းအဆမဲ့ စွမ်းအားကြီးကို ရှင်းလင်းစွာ ခံစားသိရှိနေပေသည်။

“ဘယ်လိုလဲ... အခုတော့ ယုံပြီလား”

အမည်းရောင် အခိုးအငွေ့က မေးလိုက်၏။

“ရှင် တကယ်ပဲ ဘယ်သူလဲ... ရှင်က ဘာလို့ ကျွန်မကို ကူညီချင်ရတာလဲ”

မော့လင်အာက အမည်းရောင် အခိုးအငွေ့များကို မေးမြန်းလိုက်လေသည်။ ကောင်းကင်ယံမှ မုန့်လုံးများ အလကား ပြုတ်ကျလာလိမ့်မည် မဟုတ်ကြောင်းကို သူမ ကောင်းစွာ သိရှိထား၏။

ထိုအမည်းရောင် အခိုးအငွေ့ကြီးက မော့လင်အာအား သွေးဆောင်ဖြားယောင်းသော လေသံဖြင့် ဆက်လက် ပြောဆိုလိုက်လေတော့၏။

“ဘာလို့လဲဆိုတော့... ငါက မင်းလိုမျိုး အဆုံးမရှိတဲ့ အမုန်းတရားတွေ ကိန်းအောင်းနေတဲ့ သူတစ်ယောက်ကို အသည်းအသန် လိုအပ်နေလို့ပဲ... အကယ်၍ မင်းက မင်းရဲ့ ကျင့်ကြံခြင်းကို အခုထက် ပိုမြန်မြန် တိုးတက်စေချင်တယ် ဆိုရင်၊ ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်သလို... ငါက မင်းကို အစွမ်းထက်တဲ့ သိုင်းကွက်တွေလည်း သင်ပေးနိုင်သေးတယ်”

All Chapters