← Chapters

အခန်း (၂၀၁၁-၂၀၁၄)

Vol. 107 Ch. 2011-2014

အခန်း (၂၀၁၁-၂၀၁၄)

Vol. 107 Ch. 2011-2014

အခန်း (၂၀၁၁) - ဆုလက်ဆောင် ရရှိခြင်းနှင့် ကမ္ဘာကြီး တုန်လှုပ်သွားခြင်း

~ထို့နောက် အပြန်အလှန် ချီးကျူးခြင်းများနှင့် သရုပ်ဆောင် စွမ်းရည် ပြိုင်ဆိုင်ခြင်း ကဏ္ဍများ ပါဝင်လာလေ၏။

ယဲ့ဖန်၏ ထူးချွန်သော စွမ်းဆောင်ရည်ကြောင့် ဘုရင်မကြီးနှင့် မင်းသား ဝီလျံတို့မှာ အထူး ကျေးဇူးတင်ရှိသွားကြ၏။

ယဲ့ဖန် ပင်ပန်းနွမ်းနယ်နေဟန် ဆောင်ပြီး ဧည့်ခံပွဲ ဆက်မတက်နိုင်တော့ကြောင်း ပြောလိုက်သည့် အခါတွင်ပင်၊ ဘုရင်မကြီးက အားလုံးကို ယဲ့ဖန် ပြန်လည် ကျန်းမာလာမည့် အချိန်အထိ စောင့်ဆိုင်းပေးရန် အထူး တကူး မှာကြားလိုက်လေ၏။

ဘုရင်မကြီး မိသားစုနှင့် မြို့စားကြီး အချို့က ယဲ့ဖန်နှင့် အတူ အစာစားရန် စောင့်ဆိုင်းနေကြသည် ဆိုသော အခွင့်အရေးမျိုးကို အခြား မည်သူမျှ ရရှိနိုင်မည် မဟုတ်ပေ။

ဧည့်ခံပွဲ ပြီးဆုံးပြီးနောက်၊ ဆုချီးမြှင့်ပွဲကို တရားဝင် ကျင်းပသောအခါ၊ ဘုရင်မကြီးက သူမ၏ ကျေးဇူးတင်ရှိမှုကို ထုတ်ဖော် ပြောကြားလိုက်ပြီး၊ အကယ်၍ ယဲ့ဖန် တစ်နေ့နေ့တွင် စိတ်ပြောင်းသွားခဲ့လျှင် နေမဝင်အင်ပါယာ၏ တံခါးများသည် သူ့အတွက် အမြဲတမ်း ပွင့်နေမည် ဖြစ်ကြောင်း ပြောကြားလိုက်လေ၏။

...

အနည်းဆုံးတော့ သူ အာလ် အဆင့်အတန်းကို ရရှိမည် ဖြစ်ပြီး၊ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းနိုင်မည် ဖြစ်သည်။

ယဲ့ဖန်လည်း အကျိုးအကြောင်း သင့်တင့်စွာ ပြုမူလိုက်သည်။

ဧည့်ခံပွဲ ပြီးဆုံးသွားသောအခါ ဧည့်သည်များ အားလုံး ပြန်သွားကြပြီ ဖြစ်သည်။

ယဲ့ဖန်၊ ဘတ်ကင်ဟမ် မြို့စားကြီး၊ အန်းကျူပရင့်စ်၊ အာဂျိုင်း မြို့စားကြီး၊ အန်းကျူ မြို့စားကြီး၊ အစ္စဘယ်လ်လာ နှင့် အခြားသူများ အားလုံး အကျိုးကျေးဇူး အများအပြား ရရှိလိုက်ကြ၏။

ဧည့်ခံပွဲ ပြီးဆုံးချိန်တွင်၊ ဘုရင်မကြီး ကိုယ်တိုင် ယဲ့ဖန်၊ အန်းကျူပရင့်စ် နှင့် အခြားသူများကို တော်ဝင် နန်းတော် အဝင်ဝ အထိ လိုက်လံ ပို့ဆောင်ပေးလိုက်လေ၏။

ထို့နောက် ယဲ့ဖန်နှင့် အန်းကျူပရင့်စ် သူတို့၏ တိုက်ခန်းသို့ ပြန်ရောက်ပြီး နောက်တစ်ကြိမ် ရူးသွပ်စွာ ပျော်ပါးနေကြချိန်တွင်၊ တော်ဝင် မိသားစုနှင့် အင်ပါယာ၏ အာဏာပိုင် မီဒီယာ အဖွဲ့အစည်း အသီးသီးက သတင်းများကို ဆက်တိုက် ထုတ်ပြန် ကြေညာလိုက်တော့သည်။

[နဂါးနိုင်ငံမှ ကျွန်ုပ်တို့၏ မိတ်ဆွေ ယဲ့ဖန် သည် ဒီဗွန်ရှိုင်းယား မိသားစု၏ တရားမဝင် လုပ်ရပ်များစွာကို မတော်တဆ ရှာဖွေ တွေ့ရှိခဲ့ပါသည်။ ၎င်းတို့တွင် လူကုန်ကူးခြင်း၊ ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်ခြင်း၊ လက်နက် မှောင်ခိုရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခြင်း စသည်တို့ ပါဝင်ပါသည်။ ယနေ့မှ စ၍ အင်ပါယာ တော်ဝင် မိသားစုသည် ဒီဗွန်ရှိုင်းယား မိသားစု၏ မြို့စားကြီး ဘွဲ့ထူးဂုဏ်ထူးကို အပြီးအပိုင် ရုပ်သိမ်းလိုက်ပြီး၊ သက်ဆိုင်သူများကို အမြန်ဆုံး ဖမ်းဆီး စစ်ဆေးကာ လူသိရှင်ကြား တရားစီရင်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်]

[နဂါးနိုင်ငံမှ ကျွန်ုပ်တို့၏ မိတ်ဆွေ ယဲ့ဖန် သည် ဒီဗွန်ရှိုင်းယား မိသားစုနှင့် တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း၏ အထက်ပိုင်း ခေါင်းဆောင် အချို့ ပူးပေါင်း ကြံစည်ကာ၊ အကျိုးစီးပွား ကွန်ရက် တစ်ခု ဖွဲ့စည်းထားပြီး ကိုယ်ကျိုးရှာနေကြကြောင်းကိုလည်း မတော်တဆ ရှာဖွေ တွေ့ရှိခဲ့ပါသည်။ တော်ဝင် မိသားစု၏ ဆွေးနွေး တိုင်ပင်မှု အရ၊ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း၏ အထက်ပိုင်း ခေါင်းဆောင် အချို့ကို ရာထူးမှ ချက်ချင်း ဖယ်ရှားလိုက်ပြီး၊ စေ့စပ်သေချာသော စုံစမ်းစစ်ဆေးမှု တစ်ခုကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်]

[နဂါးနိုင်ငံမှ ကျွန်ုပ်တို့၏ မိတ်ဆွေ ယဲ့ဖန် ၏ အောင်မြင်မှုများနှင့် ဤစစ်ဆင်ရေးတွင် အထူးအေးဂျင့် အစ္စဘယ်လ်လာ ၏ ထူးချွန်သော စွမ်းဆောင်ရည်များကို အသိအမှတ်ပြုသော အားဖြင့်၊ တော်ဝင် မိသားစုသည် မစ္စတာ ယဲ့ဖန် အား ဂုဏ်ထူးဆောင် သူရဲကောင်း တံဆိပ် နှင့် အစ္စဘယ်လ်လာ အား အထူးအေးဂျင့် သူရဲကောင်း ဘွဲ့တို့ကို အထူး ချီးမြှင့်ရန် ဆုံးဖြတ်လိုက်ပါသည်]

[...]

သတင်း အစီရင်ခံစာတွင် စတန့်စ်လေဆိပ်၌ ဖုံးကွယ်ထားသော ရာဇဝတ်မှုများ၊ ဒီဗွန်ရှိုင်းယား မိသားစုက နှစ်များတစ်လျှောက် ကျူးလွန်ခဲ့သော ယုတ်မာမှုများကို အသေးစိတ် ဖော်ပြထားသလို၊ ယဲ့ဖန်နှင့် အစ္စဘယ်လ်လာ တို့ စတန့်စ်လေဆိပ်တွင် သေဘေးနှင့် ရင်ဆိုင်ခဲ့ရပုံများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် စုံစမ်းစစ်ဆေး ခံနေရပြီး ထောင်ချခံထားရသော ဒီဗွန်ရှိုင်းယား မိသားစုဝင်များနှင့် နေမဝင်အင်ပါယာ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း၏ အထက်ပိုင်း ခေါင်းဆောင်များ၏ အမည်စာရင်းများကိုပါ ဖော်ပြထားပြီး၊ ဘုရင်မကြီး ကိုယ်တိုင် ယဲ့ဖန်အား သူရဲကောင်းဘွဲ့ ချီးမြှင့်နေပုံ ဓာတ်ပုံကိုလည်း ဖော်ပြထားလေ၏။

တခဏချင်းတွင် နေမဝင်အင်ပါယာ၏ အင်တာနက် ကမ္ဘာကြီး တစ်ခုလုံး အုံကြွသွားတော့သည်။

"ဘုရားရေ... မြို့စားကြီး မိသားစု တစ်ခုလုံးကို ဖြိုချလိုက်တယ် ဟုတ်လား... ဒါ နေမဝင်အင်ပါယာ သမိုင်းမှာ ပထမဆုံး အကြိမ်ပဲ မလား"

"ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစု ဆိုတာ သာမန် မိသားစု မဟုတ်ဘူးနော်... နေမဝင်အင်ပါယာရဲ့ ထိပ်တန်း မြို့စားကြီး မိသားစုတွေထဲက တစ်ခုပဲ"

"ဒီလို မိသားစုမျိုးက မျိုးရိုးစဉ်ဆက် ချမ်းသာပြီး အာဏာကြီးခဲ့တာလေ... ဘာလို့များ ဒီလောက် ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ချင်ရတာလဲ ဆိုတာ ငါ တကယ် နားမလည်တော့ဘူး"

"လက်ရှိ စည်းစိမ်ချမ်းသာနဲ့ မလုံလောက်သေးလို့လား... ဒါမှမဟုတ် တော်ဝင် မိသားစုရဲ့ ထီးနန်းကိုပါ မျှော်မှန်းနေကြတာများလား"

"လူကုန်ကူးတာ... ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်တာ... ဒါတွေ အကုန်လုံးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပဲ"

"အင်ပါယာ တော်ဝင် အေးဂျင့်တွေနဲ့ ပူးပေါင်း ကြံစည်ခဲ့တဲ့ အထက်လူကြီးတွေလည်း ရှိသေးတယ်... ဒါက တော်ဝင် မိသားစု အကြောက်ဆုံး စည်းနီပဲ"

"ဒါကြောင့်လည်း တော်ဝင် မိသားစုက သူတို့ရဲ့ မြို့စားကြီး ဘွဲ့ကို ရုပ်သိမ်းလိုက်ပြီး၊ ဒီဗွန်ရှိုင်းယား မြို့စားကြီးရဲ့ မျိုးဆက်သစ် အားလုံးကို ညတွင်းချင်း ဖမ်းဆီးလိုက်တာကိုး"

"ဒါက နိုင်ငံရေးနဲ့ စီးပွားရေး လောကမှာ ငလျင်ကြီး လှုပ်လိုက်တာပဲ"

"နောင်ကျရင် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အများကြီး စစ်ဆေးခံရပြီး အမှုပတ်ကုန်ကြလိမ့်မယ်လို့ ငါ ထင်တယ်"

"ဆုချီးမြှင့်ခံရတဲ့ နဂါးနိုင်ငံသား ယဲ့ဖန် ဆိုတဲ့ လူကတော့ အင်ပါယာ သမိုင်းမှာ မှတ်တမ်းတင် ခံရတော့မယ်"

"တကယ် အံ့သြစရာ ကောင်းတယ်ဟယ်"

"ယဲ့ဖန်... ဒီလူက နေမဝင်အင်ပါယာ သမိုင်းမှာ ဂုဏ်ထူးဆောင် သူရဲကောင်းဘွဲ့ ရရှိတဲ့ ပထမဆုံး နိုင်ငံခြားသား ဖြစ်လောက်တယ်"

"သမိုင်းမှာ ငါ အားအကျဆုံးနဲ့ အလေးစားဆုံး အခန်းကဏ္ဍ တစ်ခုပါပဲ..သူငယ်ချင်းတို့ရယ်"

"..."

---

အခန်း (၂၀၁၂) - ကောင့်စီဘီ မိသားစု ထိတ်လန့်ခြင်းနှင့် ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ကြောင်အသွားခြင်း

~တချိန်တည်း နီးပါးမှာပင်၊ ကောင့်စီဘီ၏ အိမ်တော်၌ ဖြစ်သည်။

ယောကျာ်း တစ်ယောက်နှင့် မိန်းမ တစ်ယောက် ကောင့်စီဘီကို မရပ်မနား တောင်းပန်နေကြပြီး ကောင်းသော စကားများ ပြောဆိုကာ၊ ထိုမိန်းမနှင့် သူမ၏ သားကို ကောင့် မိသားစုမှ မထုတ်ပယ်ဘဲ စိတ်ပြောင်းပေးပါဟု တောင်းပန် အသနားခံနေကြ၏။

သူတို့ နှစ်ဦးသည် ယခင်က သူ့ကောင်မလေး၏ လမ်ဘော်ဂီနီ ကားဖြင့် လူသတ်ခဲ့ပြီး၊ သူ့ကို ဝိုင်းရံထားသော စိတ်အားထက်သန်သည့် ကားပိုင်ရှင်များကို ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့သော ထူးဆန်းသည့် လူငယ်၏ ဖခင်နှင့် မိခင်တို့ ဖြစ်ကြ၏။

ယခုအချိန်တွင် ထိုလူငယ်၏ ဖခင်သည် လူကြီးမင်း၏ အားနာတတ်သော စိတ်ကို ထိခိုက်စေမည့် စကားများကို ဆက်တိုက် ပြောဆိုနေသည်။

"အဖေ... ယူးလ် (Yuls) က အမှားတချို့ လုပ်မိပေမယ့်... သူ့ပင်ကိုယ်စိတ်က မဆိုးပါဘူး"

"ကျွန်တော်တို့ မျိုးဆက်မှာ သားသမီး တစ်ယောက်တည်း ရှိတာလေ... မျိုးဆက် ဆက်ခံဖို့ သူ့ကိုပဲ အားကိုးနေရတာ"

...

"အဖေ... ကျွန်တော်တို့ မိသားစု မျိုးဆက်ပြတ်သွားမှာကို မမြင်ချင်ပါဘူး မဟုတ်လား"

သူ၏ ဇနီးသည် ဖြစ်သော သူကောင်းမျိုးနွယ် ကတော် (Noblewoman) လည်း ရှိုက်ကြီးတငင် ငိုကြွေးနေသည်။

"ကျွန်မတို့ စီဘီ မိသားစုက မသေးငယ်ပေမယ့်၊ အဖေ မှာ သားသမီးတွေ အများကြီး ရှိပေမယ့်... ကျွန်မတို့ အားလုံးက သွေးသားတွေပါပဲ"

"ယူးလ် အမှား လုပ်မိပါတယ်... အဖေ သူ့ကို အပြစ်ပေးချင်တယ် ဆိုတာ ကျွန်မတို့ အားလုံး နားလည်ပါတယ်... သူ့ကို အပြစ်မပေးရင် ဒီကလေး သင်ခန်းစာ ရမှာ မဟုတ်ဘူး ဆိုတာလည်း မှန်ပါတယ်... ဒါပေမယ့် သူ့ကို ထောင်ချတာ၊ ဒါမှမဟုတ် လူသိရှင်ကြား ကွပ်မျက်တာမျိုး လုပ်ဖို့ အဖေ ရက်စက်နိုင်ပါ့မလားရှင်"

"ယူးလ်က အမြဲတမ်း အဖေ့ကို ဂုဏ်ယူနေခဲ့တာပါ... အဖေ ငယ်ငယ်တုန်းက ပေးခဲ့တဲ့ လက်ဆောင်တွေကို အမြဲတမ်း တန်ဖိုးထား သိမ်းဆည်းထားတတ်တယ်... သူက အဖေ့ကို အတုယူချင်တယ် လို့ ပြောဖူးတယ်..."

ကောင့်စီဘီသည် သူ့ဘေးနားတွင် သားနှင့် ချွေးမတို့ ဂျီကျနေခြင်းကို စိတ်ညစ်နေသော်လည်း၊ ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ပြောင်းလဲစရာ အကြောင်း မရှိဘူး"

"ယူးလ် ဒီတစ်ခါ လုပ်လိုက်တဲ့ ပြဿနာက ကြီးမားလွန်းတယ်... အရေးမယူရင် ပြည်သူတွေကို နှစ်သိမ့်နိုင်မှာ မဟုတ်သလို၊ ငါတို့ စီဘီ မိသားစု အတွက်လည်း ကပ်ဘေးကြီး ဆိုက်ရောက်လာနိုင်တယ်"

သူကောင်းမျိုးနွယ် ကတော်နှင့် သူမ၏ ခင်ပွန်းတို့က သနားစရာ ကောင်းအောင် ဆက်လက် ဟန်ဆောင်နေကြ၏။

"အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး အဖေရယ်"

"ကျွန်မတို့ စုံစမ်းပြီးပါပြီ... သေသွားတဲ့သူနဲ့ ဒဏ်ရာရတဲ့သူက သာမန် အရပ်သား သားအမိတွေပါ... တစ်ယောက်ယောက်ကို လွှတ်ပြီး ခြိမ်းခြောက်တာ၊ လာဘ်ထိုးတာတွေ လုပ်လိုက်ရင်၊ သူတို့ မိသားစု ဘာမှ မဖြစ်ခဲ့သလို နေကြပါလိမ့်မယ်"

"သူတို့က တရားမစွဲသရွေ့၊ ကားမောင်းတဲ့ ယူးလ်ရဲ့ ကောင်မလေးကို အဓိက တာဝန်ယူခိုင်းလိုက်ရင်... ယူးလ်က မူးယစ်ဆေး သုံးထားရင်တောင် အများဆုံး လအနည်းငယ်လောက်နဲ့ ပြန်လွတ်လာမှာပါ... ဘာပြဿနာကြီးမှ မရှိပါဘူး..."

ကောင့်စီဘီ ထပ်မံ ငြင်းပယ်လိုက်ပြီး၊ အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့၏ အရေးပါပုံကို ထောက်ပြကာ၊ မကောင်းသော ရည်ရွယ်ချက်များ မရှိကြရန် ပြောလိုက်သည်။

သို့သော် သူကောင်းမျိုးနွယ် ကတော်နှင့် သူမ၏ ခင်ပွန်းတို့က ဒါကို အလေးအနက် မထားကြသည်မှာ သိသာလှသည်။

ကောင့်စီဘီ မိသားစု၏ အစေခံများက သတင်း လာပို့ပြီး၊ နေမဝင်အင်ပါယာ တော်ဝင် မိသားစုက ဒီဗွန်ရှိုင်းယား မိသားစုကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် ယဲ့ဖန်ကို ဆုချီးမြှင့်လိုက်ကြောင်း ကြေညာလိုက်သည့် အချိန်ထိပင်။

သူတို့ နှစ်ဦး မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ကြရသည်။

"ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစု ပြိုလဲသွားပြီ ဟုတ်လား"

"အဲ့ဒီ နိုင်ငံခြားသား ယဲ့ဖန် တစ်ယောက်တည်းကြောင့်လား"

ကောင့်စီဘီ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

"ကဲ... အခု ငါ့ရဲ့ အခက်အခဲကို နားလည်ကြပြီလား"

"ယူးလ် ကိစ္စက ဒီမှာတင် ပြတ်ပြီ"

"ဒါ့အပြင်... သူ့မိဘတွေ အနေနဲ့ သူ့ကို မဆုံးမနိုင်ခဲ့တာ မင်းတို့ အပြစ်ပဲ... ပစ္စည်းတွေ သိမ်းပြီး မိသားစု အိမ်တော်ကနေ ထွက်သွားဖို့ ပြင်ကြတော့"

ပြောပြီးသည်နှင့် သူ သူတို့၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ပေ။ မိသားစုဝင်များကို ချက်ချင်း စုရုံးလိုက်ပြီး ဤကိစ္စကို ပြင်ပလောကသို့ ကြေညာလိုက်သည်။ ဤကိစ္စကို သတိပေးချက် အဖြစ် မှတ်ယူပြီး နောင်တွင် မိမိတို့၏ အပြုအမူများကို ဆင်ခြင်ကြရန်လည်း မှာကြားလိုက်လေ၏။

...

အခြား တစ်ဖက်တွင်၊ ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ဌာနချုပ်၌၊ စီဘီယူးလ် နှင့် သူ့ကောင်မလေး၏ မူးယစ်ဆေး သုံးစွဲပြီး ကားမောင်းမှု၊ ရဲမှူး ဟာရစ်၏ တရားမဝင် ဥပဒေ စိုးမိုးမှု စသည့် အမှုတွဲများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ပို ဆင်းနေသော ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်သည်လည်း သူ့လက်အောက်ငယ်သားများထံမှ သတင်း ရရှိသောအခါ မှင်သက်အံ့သြသွားရသည်။

မြို့စားကြီး မိသားစု တစ်ခုလုံးကို ဖြိုချလိုက်ပြီး၊ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း၏ အထက်ပိုင်း ခေါင်းဆောင် အများအပြားကို သန့်ရှင်းရေး လုပ်လိုက်ခြင်းသည် သူ စိတ်ကူးတောင် မယဉ်ရဲသော စွမ်းဆောင်ရည် တစ်ခု ဖြစ်သည်။

သို့သော် ယခု နိုင်ငံခြားသား တစ်ယောက်က ဒါကို အမှန်တကယ် ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့၏။

ထို့ပြင် ဒီနိုင်ငံခြားသားသည် နိုင်ငံအတွင်းရှိ မြို့စားကြီး အချို့နှင့်လည်း ထူးခြားသော ဆက်ဆံရေး ရှိပုံ ရသည်။ ဒီညတွင် သူသည် ဘုရင်မကြီး ကိုယ်တိုင် ချီးမြှင့်သော ဆုကိုပင် ရရှိခဲ့ပြီး၊ နေမဝင်အင်ပါယာ သမိုင်းတွင် ဂုဏ်ထူးဆောင် သူရဲကောင်းဘွဲ့ ရရှိသော ပထမဆုံး နိုင်ငံခြားသား ဖြစ်လာခဲ့သည်။

"ဒါက စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်လိုပါပဲ"

လက်အောက်ငယ်သား ပေးလာသော သတင်းကို ကြည့်ပြီး၊ ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ မျက်နှာထား ထူးဆန်းနေသည်။ တချိန်တည်းမှာပင် ကောင့်စီဘီ ဒီနေ့ ဘာကြောင့် ဒီလောက် ပြတ်သားနေရသလဲ ဆိုတာကို သူ ရုတ်တရက် နားလည်သွားတော့၏။

သူ့လက်အောက်ငယ်သားများကို အမြန် ပြောလိုက်သည်။

"စီဘီယူးလ် နဲ့ သူ့ကောင်မလေး အမှုကို အလေးအနက်ထားပြီး ဖိဖိစီးစီး ကိုင်တွယ်ရမယ်... ပြီးတော့ ဥပဒေ ချိုးဖောက်တဲ့ ဟာရစ် ကိုလည်း သေချာ စစ်ဆေးရမယ်... ဘာ လျော့ပေါ့မှု၊ သည်းခံမှုမှ မရှိစေနဲ့"

—

အခန်း (၂၀၁၃) - ဒီဗွန်ရှိုင်းယား အိုင်ဗင် ကြောက်လန့်ခြင်းနှင့် ရှယ်လီ အံ့ဩသွားခြင်း

~ကောင့်စီဘီ မိသားစု ထိတ်လန့်နေချိန်နှင့် ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ အလုပ်ရှုပ်နေချိန်တွင်၊ CBC ဌာနချုပ်၌ အချိန်ပို ဆင်းနေသော ဒီဗွန်ရှိုင်းယား အိုင်ဗင် သည်လည်း တော်ဝင် မိသားစုမှ တိုက်ရိုက် ပေးပို့လာသော သတင်းကို မြင်လိုက်ရသောအခါ အချိန်အကြာကြီး မှင်သက်နေမိသည်။

သူ့မိသားစုဝင်များ၏ ဖုန်းခေါ်ဆိုမှုများမှ တဆင့် ယဲ့ဖန်၏ လုပ်ရပ်များကို ကြားသိခဲ့ရသော်လည်း၊ အကြမ်းဖျင်း ရလဒ်ကိုသာ သိခဲ့ရပြီး အသေးစိတ် အချက်အလက်များကို မသိခဲ့ပေ။

ဒီတစ်ခါ တော်ဝင် မိသားစုက ထုတ်ပြန်လိုက်သော သတင်းအချက်အလက်များတွင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို အသေးစိတ် ဖော်ပြထားသည်။

ယဲ့ဖန်သည် စတန့်စ်လေဆိပ် လုံခြုံရေး တပ်ဖွဲ့များကို တစ်ယောက်တည်း မည်သို့ ခုခံခဲ့ကြောင်း၊ ဒီဗွန်ရှိုင်းယား မိသားစု လက်ရွေးစင်များ၏ ဖိအားကို မည်သို့ ကြံ့ကြံ့ခံခဲ့ကြောင်း၊ ဒီဗွန်ရှိုင်းယားဟွတ်ခ် နှင့် လုံခြုံရေး အဖွဲ့ (၃) ဖွဲ့ကိုပါ အနိုင်ယူခဲ့ကြောင်း တို့ ပါဝင်သည်။

သူ့အတွက်တော့ ဒီသတင်းအချက်အလက်တွေက ကျောချမ်းစရာ ကောင်းပြီး ခေါင်းရေခွံ ထုံကျင်သွားစေ၏။

...

အဘယ်ကြောင့်ဆိုသော် ဒီဗွန်ရှိုင်းယား မိသားစု၏ ဘေးထွက်မျိုးနွယ် တစ်ဦး ဖြစ်သည့်အားလျော်စွာ မိသားစုအင်အား၊ အထူးသဖြင့် စတန့်စ်လေဆိပ်ရှိ လက်နက်ကိုင် အင်အားအကြောင်းကို သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။

ယင်းအင်အားစုသည် ကမ္ဘာ့ကြေးစားစစ်သည် အဖွဲ့အစည်း အများစုထက် အဆပေါင်းများစွာ သာလွန်ပေသည်။ အထူးသဖြင့် မိမိနယ်မြေ၌ တိုက်ခိုက်ရခြင်း ဖြစ်၍ အားသာချက် ပိုရှိလေ၏။ ခေတ်မီ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုလျှင်ပင် ချဲ့ကားရာ ရောက်မည် မဟုတ်ပေ။

သို့သော် ထိုကဲ့သို့သော တပ်ဖွဲ့ကြီးသည်ပင် ယဲ့ဖန်၏ ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။ ယဲ့ဖန်ဟူသော လူတစ်ယောက်တည်း၏ လက်ချက်ဖြင့်သာ ဖြစ်သည်။

ဤသည်က အဘယ်အရာကို ဆိုလိုသနည်း။

ယဲ့ဖန်သာ ဆန္ဒရှိပါက စကားတစ်ခွန်းပင် ဆိုရန်မလိုဘဲ၊ ဒီဗွန်ရှိုင်းယား မြို့စားမိသားစု မဆိုထားနှင့်၊ အင်ပါယာအတွင်းရှိ မည်သည့် သူကောင်းမျိုးနွယ်ကိုမဆို အလွယ်တကူ မျိုးဖြုတ်ပစ်နိုင်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်ချေသည်။

သူကောင်းမျိုးနွယ်တို့ ဂုဏ်ယူကြသော လုံခြုံရေးတပ်ဖွဲ့များ၊ သတ်ဖြတ်ရေး စက်ယန္တရားများ ဆိုသည်မှာ သူ့ရှေ့မှောက်တွင် စက္ကူစများပမာသာ ဖြစ်ပြီး မည်သို့မျှ ခုခံနိုင်စွမ်း မရှိကြပေ။

ဒီဗွန်ရှိုင်းယား အိုင်ဗင် သတင်း အကြောင်းအရာများကို အကြိမ်ကြိမ် ဖတ်ရှုလိုက်သည်။

အချိန်အတော်ကြာမှ သူ တံတွေး တစ်ချက် ခက်ခဲစွာ မြိုချလိုက်မိသည်။ ထို့နောက် သူ့စားပွဲပေါ်ရှိ ကြိုးဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ် တစ်ခုကို အမြန် ခေါ်လိုက်သည်။

"အမိန့်ပေးလိုက်... CBC အတွင်းမှာ နဂါးနိုင်ငံကို ပုံဖျက်တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေ အကုန်လုံးကို အခုချက်ချင်း ဖျက်သိမ်းလိုက်... ပြီးတော့ အရင်က လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေ၊ ခြေရာလက်ရာတွေ အကုန်လုံးကို အမြန်ဆုံး ဖျက်ပစ်လိုက်"

"တကယ်လို့ ဖျက်လို့ မရဘူး ဆိုရင်... တာဝန်ရှိသူကို ရှာပြီး အမြန်ဆုံး ပြင်းပြင်းထန်ထန် အရေးယူလိုက်"

"..."

အတွင်းပိုင်း ဖုန်းခေါ်ပြီးနောက်၊ သူ အိမ်ကို အမြန် ဖုန်းခေါ်လိုက်သည်။

"အဖေ... ဒီဗွန်ရှိုင်းယား မိသားစုနဲ့ အမြန်ဆုံး အဆက်အသွယ် ဖြတ်လိုက်ပါတော့... အသက်ရှင်ဖို့ အတွက် လက်ကောက်ဝတ်ကို ဖြတ်ဖို့ (စွန့်လွှတ် အနစ်နာခံဖို့) ပြင်ဆင်ထားပါ"

"နောက်တစ်ခု... မိသားစုဝင်တွေ အားလုံးကို ပြောလိုက်ပါ... ဆရာယဲ့ နဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်ကြလို့ဗျာ... ဆက်ဆံရေး ကောင်းအောင် မတည်ဆောက်နိုင်ရင်တောင်၊ သူ့ကို လုံးဝ မစော်ကားမိစေနဲ့လို့"

"..."

တချိန်တည်း နီးပါးမှာပင်၊

ဖော့ခ်စီးတီးရှိ အလွန် နူးညံ့ပြီး ဓနရှင်ဆန်သော ဗီလာ တစ်လုံး၌၊ သစ်မွှေးနံ့များ ရှူရှိုက်ရင်း ယောဂ ကျင့်နေသော ရှယ်လီသည် သူမ၏ လက်အောက်ငယ်သားထံမှ သတင်းကြားလိုက်ရသောအခါ သတင်းလင့်ခ်ကို အမြန် ဖွင့်ကြည့်လိုက်လေ၏။

ယဲ့ဖန် သူမကို အရင် ပြန်ခိုင်းလိုက်ပြီးနောက်၊ ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့ကြောင်း၊ ယဲ့ဖန် တစ်ယောက်တည်း ပစ်အားကို မည်သို့ ဖိနှိပ်ခဲ့ပြီး ဖိအားများစွာကို မည်သို့ ကြံ့ကြံ့ခံခဲ့ကြောင်း တွေ့လိုက်ရသောအခါ၊ သူမ မျက်လုံးများ ပြူးကျယ်သွားရသည်။

ထိုနေ့ ပြီးကတည်းက၊ ယဲ့ဖန် သူမဆီ မက်ဆေ့ခ်ျ ပို့ပြီး ဘေးကင်းကြောင်း ပြောခဲ့သော်လည်း.. ဘာမှ အသေးစိတ် မပြောပြခဲ့ပေ။

ရှယ်လီက ယဲ့ဖန် နည်းလမ်း တစ်ခုခု သုံးပြီး လွတ်မြောက်လာသည်ဟုသာ ထင်ခဲ့သည်။ ဒီလောက် တုန်လှုပ်စရာ ကောင်းသော ဇာတ်လမ်းတွေ ဖြစ်ပျက်ခဲ့လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သတင်းထဲက ဖော်ပြချက်တွေကို ကြည့်ပြီး၊ ရှယ်လီ တုန်လှုပ်သွားသလို စိုးရိမ်သွားမိသည်။ သူမ ယဲ့ဖန်၏ ဖုန်းနံပါတ်ကို အမြန် ရှာလိုက်ပြီး ဒဏ်ရာရမရ မေးမြန်းရန် ပြင်လိုက်၏။

သို့သော် မမျှော်လင့်ဘဲ၊ ဒီအချိန်မှာ ယဲ့ဖန်၏ ဖုန်းက စက်ပိတ်ထားလေ၏။

သူမ ရွေးချယ်စရာ မရှိဘဲ မက်ဆေ့ခ်ျ ပို့လိုက်ရသည်။

"ဘော့စ်... ကျွန်မ သတင်း တွေ့လိုက်တယ်ရှင့်... ကျွန်မကို အရင် ပြန်ခိုင်းပြီးနောက် ဘော့စ် တစ်ယောက်တည်း ဒီလောက် အများကြီး လုပ်ခဲ့တာကိုး"

"ရှင်က တကယ် အံ့သြဖို့ ကောင်းပြီး အစွမ်းထက်တာပဲ... ကျွန်မတို့ ဒဏ္ဍာရီ ပုံပြင်တွေထဲက ရော်ဘင်ဟုဒ်လို၊ စူပါဟီးရိုး ရုပ်ရှင်တွေထဲက လင်းနို့လူသားလိုပါပဲ"

"အဲ့ဒီနေ့က အရမ်း အန္တရာယ် များခဲ့တာပဲ... ရှင် အဆင်ပြေရဲ့လား"

မက်ဆေ့ခ်ျ ပို့ပြီးနောက်၊ ရှယ်လီ က သူမ အလွန် စိတ်ပူနေကြောင်း၊ မက်ဆေ့ခ်ျ တွေ့တာနှင့် ပြန်စာပို့ပေးပါ ဆိုပြီး ထပ်ဖြည့်ရေးချင်သော်လည်း၊ စဉ်းစားပြီးနောက် ပြန်ဖျက်လိုက်သည်။

မက်ဆေ့ခ်ျ ပို့ပြီးသွားသည့်အခါ၊ သူမ တရားဝင် သတင်းများကို ပြန်လည် ဖတ်ရှုလိုက်ပြန်သည်။ ထိုအခါမှာ၊ သူမ၏ စိတ်ထဲတွင် ဝိညာဉ်ကို လှုပ်ခါစေသော ပုံရိပ်များ ဆက်တိုက် ပေါ်လာတော့၏။

အခန်း (၂၀၁၄) - ချန်းဖေးအယ် မှင်သက်သွားပြီး ယွီဖုန်းရှန်း စိတ်လှုပ်ရှားသွားခြင်း

~အခြားတစ်ဖက်တွင် လျန်ပြည်နယ် ဖိုကြီးအား လုံခြုံရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းစဉ် ပြီးစီးသွားပြီ ဖြစ်သော ချန်းဖေးအယ်သည် နေမဝင်အင်ပါယာမှ သတင်းများကို မြင်လိုက်ရသောအခါ မှင်သက်သွားလေ၏။

"ဒီလူက လျန်ပြည်နယ် ဖိုကြီးကို ဒီလိုနည်းနဲ့ ရလာတာလား"

"ဘာပြောလိုက်တာလဲ"

သူမ၏ လုပ်ဖော်ကိုင်ဖက်သည် အခြေအနေကို နားမလည်သဖြင့် ဇဝေဇဝါ ဖြစ်နေလေ၏။

ချန်းဖေးအယ်သည် သတင်းကို လုပ်ဖော်ကိုင်ဖက်အား ပြသလိုက်၏။

"နေမဝင်အင်ပါယာရဲ့ တရားဝင် မီဒီယာ သတင်းထုတ်ပြန်ချက်ကို ကြည့်လိုက်စမ်းပါဦး"

"ဒီလူက စတန့်စ်လေဆိပ် ဆိုတဲ့ ကျားသိုက်ထဲကို တစ်ယောက်တည်း ဝင်စီးခဲ့တာပါလား"

သူမသည် တီးတိုး ရေရွတ်လိုက်လေ၏။

...

သူမ၏ လုပ်ဖော်ကိုင်ဖက်သည် သတင်းကို မြင်လိုက်ရသောအခါ အသက်ပြင်းပြင်း ရှူမိတော့သည်။

"ဒရုန်းတပ်ဖွဲ့ တစ်ခု၊ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ လက်ရွေးစင် တပ်ဖွဲ့ တစ်ခု နဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ လူသား တပ်ဖွဲ့ တစ်ခု... ဒီ မစ္စတာ ယဲ့ က သတ္တိကောင်းလွန်းတယ်နော်"

"ဒီလောက် ကြောက်စရာ ကောင်းတဲ့ တပ်ဖွဲ့တွေကို သူ တစ်ယောက်တည်း အစွမ်းနဲ့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တာလား"

"ရှင်..."

ချန်းဖေးအယ်သည် ဘာဖြစ်ပျက်နေမှန်း မသိတော့ချေ။ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ ယဲ့ဖန် အန္တရာယ် ကျရောက်မည်ကို စိုးရိမ်ခြင်း ဖြစ်၏။ သူ ဤကဲ့သို့ အန္တရာယ် များသော လုပ်ရပ်မျိုး လုပ်ဆောင်သည်ကို သူမ မလိုလားပေ။

လုပ်ဖော်ကိုင်ဖက်ကမူ ထူးခြားမှု တစ်စုံတစ်ရာကို သတိမထားမိပေ။ ဘုရင်မကြီးက ယဲ့ဖန်အား ဂုဏ်ထူးဆောင် သူရဲကောင်း ဘွဲ့ ချီးမြှင့်နေသည့် ဓာတ်ပုံကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် မင်း ကိုယ်တိုင် မြင်တဲ့ အတိုင်းပဲ... မစ္စတာ ယဲ့ က အဆင်ပြေနေပုံ ရပါတယ်ကွာ"

"နေမဝင်အင်ပါယာ ဘုရင်မကြီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်ပါဦး... ဓာတ်ပုံထဲမှာ သူ စိတ်ဓာတ် နည်းနည်း ကျနေပုံ ပေါက်ပြီး မျက်နှာ နည်းနည်း ဖြူဖျော့နေတာကလွဲရင်... ဒဏ်ရာရတဲ့ လက္ခဏာ လုံးဝ မတွေ့ရဘူးဟယ်"

ချန်းဖေးအယ်သည် ဓာတ်ပုံကို ကြည့်လိုက်ပြီး အလိုအလျောက် ပြန်လည် ချေပလိုက်လေ၏။

"သူ စိတ်ဓာတ်ကျပြီး မျက်နှာ ဖြူဖျော့နေပြီ ဆိုကတည်းက ပြဿနာ ရှိနေတယ် ဆိုတာ သက်သေပြနေတာ မဟုတ်ဘူးလား"

"ငါ ဒီလူ့ အကြောင်း နားလည်တယ်... တကယ် ဖုံးကွယ်ထားလို့ မရတော့တဲ့ အခြေအနေ မဟုတ်ရင်... သူ တခြားသူတွေ ရှေ့မှာ အားနည်းချက် ပြမှာ မဟုတ်ဘူး"

"အခု သူ ဒီလို ပုံစံ ဖြစ်နေတယ် ဆိုကတည်းက... စတန့်စ်လေဆိပ် တိုက်ပွဲမှာ သူ ဒဏ်ရာ ရခဲ့တာ သေချာတယ်... မဟုတ်ရင် နေမဝင်အင်ပါယာ တော်ဝင် မိသားစုက သူ့ကို စားသောက်ပွဲ ဖိတ်ပြီး... ပထမဆုံး အကြိမ် အဖြစ် ဂုဏ်ထူးဆောင် သူရဲကောင်း ဘွဲ့ ချီးမြှင့်စရာ အကြောင်း မရှိဘူး"

လွှဲပြောင်းမှု လုပ်ငန်းစဉ် ပြီးစီးပြီးနောက်၊ သူမသည် ယဲ့ဖန်၏ ဖုန်းနံပါတ်ကို အမြန် ရှာဖွေပြီး ခေါ်ဆိုလိုက်လေ၏။

ဖုန်းမဝင်သည်ကို တွေ့သောအခါ၊ သူမ စာတို တစ်စောင် အမြန် ပေးပို့လိုက်၏။

"ရှင် ဘယ်မှာလဲ"

စာတို ပို့မရသည်ကို တွေ့သောအခါ၊ ချန်းဖေးအယ်သည် ညနက်နေပြီ ဖြစ်ကြောင်းကို ဂရုမစိုက်တော့ဘဲ ဧကရီ ဟိုတယ် (Empress Hotel) သို့ တန်းတန်းမတ်မတ် မောင်းနှင် ထွက်ခွာသွားလေတော့သည်။

...

ချန်းဖေးအယ် အလွန် စိုးရိမ်ပူပန်နေချိန်တွင်၊ ကြွယ်ဝခြင်း အသင်း ၌ ယွီကျင်းနမ် သည် ယဲ့ဖန်အား ချီးကျူးမခန်း ဖြစ်နေလေ၏။

"ဒီ မစ္စတာ ယဲ့ က တကယ် ထူးဆန်းတဲ့ လူပဲ"

"သူက နိုင်ငံခြားသား ဆိုတာ သိသာနေတာကို... ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုလို ဧရာမ ဘီလူးကြီးကို တစ်ယောက်တည်း ဖြိုချနိုင်ခဲ့တယ်... တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း ထဲက အဆင့်မြင့် ပိုးမွှားတွေကိုတောင် တူးထုတ်နိုင်ခဲ့သေးတယ်"

"နေမဝင်အင်ပါယာရဲ့ တရားဝင် မီဒီယာ အမျိုးမျိုးက ဒါကို လူသိရှင်ကြား ကြေညာမထားရင်... ငါ တကယ် ယုံမှာ မဟုတ်ဘူး"

ယွီဖုန်းရှန်း၏ မျက်လုံးများတွင်လည်း အံ့သြမှုများ ပြည့်နှက်နေလေ၏။

"ဒီလူက မကြာခဏ မျှော်လင့်မထားတာတွေ လုပ်တတ်တယ်... သာမန် အသိဥာဏ်နဲ့ သူ့ကို တိုင်းတာလို့ မရပါဘူး၊ ဦးလေးရယ်"

"ဂုဏ်ထူးဆောင် သူရဲကောင်း ဘွဲ့... တကယ်တော့ ဒါက နေမဝင်အင်ပါယာရဲ့ ဗိုင်းကောင့် ရာထူးထက်တောင် ပိုအရေးပါတယ်"

ယွီကျင်းနမ် သက်ပြင်းချလိုက်၏။

"အင်း…နေမဝင်အင်ပါယာ တော်ဝင် မိသားစု အတွက်တော့ ဒါက မကြုံစဖူး ထူးခြားမှု တစ်ခုပဲ"

"သတင်းထဲက ဓာတ်ပုံတွေကို ကြည့်ရတာ... ဘုရင်မကြီးက ယဲ့ဖန်ကို တော်တော် သဘောကျနေပုံ ရတယ်... ဓာတ်ပုံထဲမှာ သူတို့ နှစ်ယောက် အရမ်း နီးကပ်နေရုံ သာမက... ကိုယ်နေဟန်ထားကလည်း အရမ်း ရင်းနှီးနေတယ်ကွ"

"သတင်းတွေ အပြင်... သူနဲ့ ဘုရင်မကြီး ကြားမှာ တခြား အကြောင်းရင်း တစ်ခုခု ရှိကို ရှိရမယ်၊၊ တူမလေး"

ယွီဖုန်းရှန်း ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက်၊ အသက်ပြင်းပြင်း ရှူလိုက်လေ၏။

"ဒါ့အပြင်... ကျွန်မ နောက်ထပ် တစ်ခု တွေးမိပါတယ်.. ဦးလေး"

"အော်..."

ယွီကျင်းနမ် သည် သတင်းမှ အာရုံ ခေတ္တ လွှဲလိုက်ပြီး၊ ယွီဖုန်းရှန်းအား ဇဝေဇဝါနှင့် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။

"ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစု ပြိုလဲသွားတာနဲ့... နာရေး အဖွဲ့အစည်းရဲ့ အကြီးမားဆုံး အားကိုးရာ ပျောက်ဆုံးသွားပြီ"

ယွီဖုန်းရှန်း၏ မျက်လုံးများတွင် ဖုံးကွယ်မထားနိုင်သော ရန်လိုမုန်းတီးမှုများ ဝင်းလက်သွားလေ၏။

"နာရေး အဖွဲ့အစည်း ထဲက အဆင့်မြင့် ခေါင်းဆောင် တချို့တောင် ဒီကိစ္စကြောင့် အပြစ်ပေးခံရနိုင်တယ်"

"သူတို့ နောက်ခံ ပျောက်ဆုံးသွားပြီ... သူတို့မှာ ခေါင်းဆောင် မရှိတော့ဘူး... ဒါ သမီးတို့ လက်စားချေဖို့ အခွင့်ကောင်း မဟုတ်ဘူးလား ၊ ဦးလေး"

ထိုအခိုက်အတန့်၌၊ ယွီကျင်းနမ်၏ မျက်လုံးများလည်း လှုပ်ရှားသွား၏။ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက်၊ ရန်လိုမုန်းတီးမှု အရိပ်အယောင် တစ်ခု သူ့မျက်လုံးများတွင် ဖြတ်ပြေးသွားလေ၏။

"ဟုတ်တယ်... သူတို့နဲ့ စာရင်းရှင်းရမယ့် အချိန် ရောက်ပြီ၊ တူမလေးရေ..."

All Chapters