← Chapters

အခန်း (၂၀၂၃-၂၀၂၆)

Vol. 107 Ch. 2023-2026

အခန်း (၂၀၂၃-၂၀၂၆)

Vol. 107 Ch. 2023-2026

အခန်း (၂၀၂၃) - မြင်ကွင်းက အရမ်း အနေရခက်သွားတယ်

~ဝုဖ်ဂန်းသည် အာလ်တစ်ဦး၏ မျိုးဆက်သစ်သာ ဖြစ်သော်လည်း အန်းကျူမြို့စားကြီး မိသားစုနှင့် ဆက်ဆံရေးက ထူးခြားသည်။ အဆင့်အတန်းအရဆိုလျှင် ပတ်ထျန်းရီထက် မနိမ့်ကျပေ။

ထို့ပြင် ဒါက ပတ်ထျန်းရီ၏ ကိုရီးယားနိုင်ငံရှိ အဆင့်အတန်းနှင့် ဒီနေရာရှိ ဝုဖ်ဂန်း၏ အဆင့်အတန်းကို နှိုင်းယှဉ်မှသာ ဖြစ်သည်။

နေမဝင်အင်ပါယာ နယ်မြေအတွင်းမှာ ဆိုရင်တော့ ပတ်ထျန်းရီနှင့် သူ့ကြားတွင် ကွာဟချက် ရှိနေသေး၏။

အာဂျိုင်းဟန်ဆန် အကြောင်းကတော့ ပြောစရာပင် မလိုတော့ချေ။

သူ့အဆင့်အတန်းက ကိုရီးယားနိုင်ငံရှိ ပတ်ထျန်းရီ၏ အဆင့်အတန်းထက် အများကြီး ပိုမြင့်လေ၏။

ယခုအချိန်တွင် ဒီလူနှစ်ယောက်က ယဲ့ဖန်ကို ဝိုင်းရံထားကြ၏။ ဒါက ပတ်ထျန်းရီနှင့် သူ့အဖွဲ့ကို ပါးရိုက်လိုက်သလို ဖြစ်နေသည် မဟုတ်ပါလော။

ပတ်ထျန်းရီ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့ဘေးနားရှိ လူများ အံ့သြစွာဖြင့် စတင်ဆွေးနွေးလာကြ၏။

"ဘာဖြစ်တာလဲ"

"ဒီ ယဲ့ဆိုတဲ့ လူက နေမဝင်အင်ပါယာမှာ အဆင်ပြေနေတာ အန်းကျူမြို့စားကြီး မိသားစုကို ကပ်စားနေလို့ပါဆို"

"ဘာလို့ သခင်လေး အာဂျိုင်းဟန်ဆန်နဲ့ သခင်လေး ဝုဖ်ဂန်းတို့က သူ့ကို ဒီလောက်ယဉ်ကျေးပြီး ရင်းနှီးနေကြတာလဲ"

"လူအများစုက အန်းကျူမြို့စားကြီး မိသားစုကို မျက်နှာသာပေးပြီး ယဲ့ဖန်ကို ထောက်ခံကြတယ် ဆိုရင်တောင်... ဒီသခင်လေး နှစ်ယောက်ကတော့ လုပ်စရာ မလိုပါဘူး"

ဘယ်သူမှ ဘာဖြစ်နေလဲ မသိကြပေ။

ပတ်ထျန်းရီကို မျက်နှာလိုမျက်နှာရ လုပ်နေသော အမျိုးသမီး တစ်ဦးက မျက်လုံးလှန်ကြည့်လိုက်ပြီး ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားသည်။

"အာဂျိုင်းဟန်ဆန်နဲ့ ဝုဖ်ဂန်းတို့က ဖော့ခ်စီးတီးရဲ့ နာမည်ကြီး ဒုတိယမျိုးဆက် အမွေဆက်ခံသူတွေလေ"

"ယုတ္တိအရ ပြောရရင်... ဒီဒုတိယမျိုးဆက် အမွေဆက်ခံသူတွေ အကုန်လုံးက ပျော်ပါးရတာ ကြိုက်တဲ့သူတွေပဲ... ယဲ့ဖန်က သူတို့ထက်တောင် ပိုပြီး ပျော်ပါးတတ်လို့များလား"

"ကိုရီးယားက သခင်လေးပတ်လိုမျိုးပေါ့... သူ့မှာလည်း သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းတဲ့၊ ဒါပေမယ့် အတူတူ ကစားလေ့ရှိတဲ့ မိတ်ဆွေတချို့ ရှိတတ်တယ်မလား"

ထိုအခါမှ လူတိုင်း ရုတ်တရက် သဘောပေါက်သွားပြီး ဆက်လက် ပြောဆိုကြ၏။

"ဖြစ်နိုင်တယ်"

"ဒီလို ဒုတိယမျိုးဆက်တွေက တကယ်ပဲ ကစားရတာ ကြိုက်ကြတယ်... ယဲ့ဖန်က သူတို့နဲ့ အတူတူ လျှောက်လည်နိုင်တယ်ဆိုရင်... သူတို့ အချင်းချင်း ပိုရင်းနှီးတာ ပုံမှန်ပါပဲ"

"ဘာပဲဖြစ်ဖြစ် ယဲ့ဖန်က အန်းကျူပရင့်စ်ရဲ့ ချစ်သူလေ... သူတို့နဲ့ အတူတူ လျှောက်လည်နိုင်ရင် သူတို့က သူ့ကို မိတ်ဆွေလို ဆက်ဆံတာ နားလည်ဖို့ မခက်ပါဘူး"

ယဲ့ဖန်ကို သွားမထိနှင့်ဟု သူ့မိတ်ဆွေဆီက ကြားထားသည့် နာမည်ကျော်ကြားသူ တစ်ယောက်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်လေ၏။

"ကျွန်တော့်မိတ်ဆွေက ဒီအချက်ကြောင့် ယဲ့ဖန်ကို လုံးဝ မစော်ကားနဲ့လို့ ပြောတာ ဖြစ်လောက်တယ်ဗျ"

"သူ့မှာ အန်းကျူမြို့စားကြီး မိသားစု နောက်ခံ ရှိတယ်... ပြီးတော့ သခင်လေး ဝုဖ်ဂန်းနဲ့ အာဂျိုင်းဟန်ဆန်တို့နဲ့လည်း မိတ်ဖွဲ့နိုင်တယ်... သာမန်လူတစ်ယောက်က သူ့ကို စော်ကားမိရင် တကယ်ပဲ ပြဿနာ တက်နိုင်တာကိုး"

"အဲ့ဒီလိုဆိုရင်တော့... ဒီလူက ကောင်းကွက် တချို့ ရှိတယ်လို့ပဲ ပြောလို့ ရမယ်... ကျွန်တော်တို့ သခင်လေးပတ်နဲ့ ယှဉ်ဖို့တော့ အများကြီး လိုပါသေးတယ်"

ပတ်ထျန်းရီ၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသည်ကို တွေ့လိုက်ရသောအခါ သူ့အနားရှိ လူများ အလျင်အမြန် ထောက်ခံလိုက်ကြ၏။

"ဟုတ်တယ်... သူ့ရဲ့ လူမှုအဆင့်အတန်းနဲ့ လူအချင်းချင်း ဆက်ဆံရေးက တကယ်တော့ အရမ်းအားနည်းပါတယ်"

"အဓိကကတော့ အန်းကျူပရင့်စ်က သူ့ချစ်သူ ဖြစ်နေလို့ရယ်... သခင်လေး အာဂျိုင်းဟန်ဆန်၊ သခင်လေး ဝုဖ်ဂန်းတို့နဲ့ မခိုင်မာတဲ့ ခင်မင်ရင်းနှီးမှု ရှိနေလို့ရယ်ပါ... တစ်နေ့နေ့ကျလို့ အန်းကျူပရင့်စ်က သူ့ကို ကစားရတာ ငြီးငွေ့သွားရင် အကုန်လုံး ပြန်ရုပ်သိမ်းသွားမှာပါ"

"ရေကန်ငါးကန် ကော်ပိုရေးရှင်းရဲ့ ဒုတိယ သခင်လေးဖြစ်တဲ့ သခင်လေးပတ်နဲ့ မတူဘူးလေ... သူက မွေးကတည်းက အထောက်အထားနဲ့ အဆင့်အတန်း ပါလာပြီးသား... ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူး"

"အားလုံးက ကျွန်တော့်ကို သိပ်ပြီး ချီးကျူးလွန်းနေပါပြီ"

ပတ်ထျန်းရီ နှိမ့်ချစွာ လက်ကာပြလိုက်သော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်၍ မရနိုင်ပေ။

သူ့အနားရှိ လူများက သူ သဘောကျနေသည်ကို မြင်လိုက်ရသဖြင့် ဆက်လက်မြှောက်ပင့်ရန် ပြင်လိုက်ကြ၏။ ထိုအချိန်တွင် သိုသိပ်သော ဗော်လ်ဗို ကားတစ်စီးလည်း ဆိုသဘီး လေလံအိမ်တော် ဌာနချုပ်အဝင်ဝသို့ ရောက်ရှိလာလေ၏။

ထို့နောက် အထူး ဗလ တုတ်ခ်ိုင်ပြီး သဘောထားကြီးပုံ ရသော လူကြီး တစ်ဦးသည် ကလေး တစ်ယောက်နှင့် အတူ ကားပေါ်မှ ဆင်းလာသည်။

လူကြီးနှင့် ကလေး ကားပေါ်မှ ဆင်းလိုက်သည်နှင့် တပြိုင်နက် မူလက အန်းကျူပရင့်စ်၊ အာဂျိုင်းဟန်ဆန်၊ ယဲ့ဖန်၊ ဝုဖ်ဂန်းနှင့် အခြားသူများကို ဝိုင်းရံထားသော ဧည့်သည်များနှင့် သူဌေးများသည် အန်းကျူပရင့်စ်၊ အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်းတို့ အပါအဝင် အားလုံး သူတို့နှစ်ဦးဆီသို့ ပြေးဝင်သွားကြ၏။

ယဲ့ဖန်ပင်လျှင် ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်၏။

"ဘတ်ကင်ဟမ် မြို့စားကြီး...မဂ်လာပါ ဝီလျံလေးရေ…"

ထိုလူကြီးမှာ ဘတ်ကင်ဟမ်မြို့စားကြီး ဖြစ်ပြီး ကလေးလေးမှာ ဘတ်ကင်ဟမ်မြို့စားကြီး၏ မြစ်ဖြစ်သူ ဝီလျံလေး ဖြစ်သည်။ ယဲ့ဖန် ဘတ်ကင်ဟမ်မြို့စားကြီးအတွက် ကန့်သတ်ထုတ်လုပ်ထားသော ဝိတိုရိယ သူရဲကောင်းတံဆိပ်ကို ရှာဖွေပေးစဉ်က တွေ့ဆုံခဲ့ဖူးလေ၏။

ဘတ်ကင်ဟမ်မြို့စားကြီး ယဲ့ဖန်ကို မြင်သောအခါ ချက်ချင်း ပြုံးလိုက်ပြီး သူ့ဆီသို့ လျှောက်လာသည်။

ဝီလျံလေးပင်လျှင် ဘတ်ကင်ဟမ်မြို့စားကြီး၏ လက်ကို ရုန်းထွက်ပြီး ယဲ့ဖန်ဆီသို့ ပြေးဝင်လာတော့သည်။

“အစ်ကိုကြီးယဲ့ဖန်... မတွေ့တာ ကြာပြီနော်”

အခန်း (၂၀၂၄) - မကြွားနဲ့တော့... ငါ ယုံသွားပြီ

~သည်ကောင်လေးက ယဲ့ဖန်ကို အလွန် သဘောကျကြောင်း သိသာလှသည်။ သူ ပြေးဝင်လာသောအခါ၊ ပွေ့ဖက်ခံချင်သကဲ့သို့ လက်နှစ်ဖက်ကို ဖြန့်ကားထားလိုက်လေ၏။

"ဝီလျံလေး... မတွေ့တာ ကြာပြီ... ပိုပြီး ချောလာပါလား"

ယဲ့ဖန် ပြုံးလျက် ထိုင်ချလိုက်သည်။ ကောင်လေးကို ပွေ့ချီလိုက်ပြီး ကစားလိုက်၏။

"အစ်ကိုကြီး ယဲ့ဖန်... ဝီလျံက ဒီရက်ပိုင်း နဂါးနိုင်ငံ ဘာသာစကား သင်နေတာ... နည်းနည်း ပြောတတ်နေပြီ"

ယဲ့ဖန်၏ ပွေ့ချီထားမှုကို ခံရသောအခါ၊ ဝီလျံလေးက သူ့အကြောင်းများကို ယဲ့ဖန်အား ပျော်ရွှင်စွာ ပြောပြနေသည်။

ဘတ်ကင်ဟမ် မြို့စားကြီး၏ မျက်နှာတွင်လည်း ကြင်နာသော အပြုံးများ ပြည့်နှက်နေသည်။ သူ ယဲ့ဖန် ရှေ့သို့ လျှောက်လာပြီး ပြုံးလျက် ပြောလိုက်၏။

"ဝိတိုရိယ သူရဲကောင်း တံဆိပ်(လက်ဝါးကပ်တိုင်) (Victoria Cross) ကိစ္စ ဖြစ်ပြီးကတည်းက... ဝီလျံလေးက မင်းရဲ့ အမာခံ ပရိသတ် ဖြစ်သွားပြီ... သူက မျက်နှာလက္ခဏာ ဖတ်နည်း သင်ပေးဖို့ အမြဲ ပူဆာနေပြီး၊ မင်းရဲ့ တပည့် အဖြစ် ခံယူချင်နေတာ"

"ငါတို့လည်း ရွေးချယ်စရာ မရှိတော့ဘဲ နဂါးနိုင်ငံ ဆရာ တချို့ကို ငှားပြီး ဘာသာစကား သင်ပေးနေရတယ်"

"ဒီနေ့၊ ဒီကလေးက ခင်ဗျား ပရဟိတ လေလံပွဲကို လာနိုင်ချေ ရှိတယ် ဆိုတာ ကြားတော့၊ သူ့ကို ခေါ်လာပေးဖို့ ငါ့ကို အတင်း ပူဆာနေတာလေ... သူ့ရဲ့ လတ်တလော လေ့လာထားတဲ့ ရလဒ်တွေကို အစ်ကိုကြီးယဲ့ဖန်ကို ပြချင်လို့တဲ့"

ယဲ့ဖန် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

နေမဝင်အင်ပါယာ၏ အနာဂတ်ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် သက်ရောက်မှု ရှိစေခဲ့သော ထိုအချိန်က စူပါ အထက်တန်းလွှာများသည် သူ့ကိုရော၊ နဂါးနိုင်ငံ၏ ယဉ်ကျေးမှုကိုပါ နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားနေကြလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။

ဘတ်ကင်ဟမ် မြို့စားကြီးက ဝီလျံလေးကို ချစ်ခင်စွာ ကြည့်ပြီး ပြောလိုက်သည်။

"ဝီလျံလေး... သားရဲ့ အစ်ကိုကြီး ယဲ့ဖန် နဲ့ နောက်ဆုံးတော့ တွေ့ရပြီ ဆိုတော့... သားရဲ့ အရည်အချင်းကို ထုတ်မပြတော့ဘူးလား"

သူက နဂါးနိုင်ငံ ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

သူ့အသံထွက်က သိပ်မပီသဘဲ၊ အချို့သော အသံထွက်များက တော်တော်လေး ထူးဆန်းနေသော်လည်း၊ အင်္ဂလိပ်စာ လေ့လာနေကြသော နဂါးနိုင်ငံသား အများစု ကဲ့သို့ပင်၊ ယဲ့ဖန် နားလည်နိုင်ပါသည်။

အရေးကြီးဆုံး အချက်မှာ ဘတ်ကင်ဟမ် မြို့စားကြီးက ဒီအရွယ် ရောက်နေပြီ ဖြစ်သည်။ စွမ်းအင် အပြည့်ရှိပြီး သင်ယူနိုင်စွမ်း မြင့်မားသော လူငယ်များနှင့် မတူပေ။

တခဏချင်းတွင် ယဲ့ဖန် သာမက၊ အန်းကျူပရင့်စ် အပါအဝင် ဘေးနားရှိ လူများ အားလုံး အံ့အားသင့်စွာဖြင့် သူ့ကို ကြည့်လိုက်ကြ၏။

ရောက်ရှိနေသော မှူးမတ် အများအပြားသည် ဘတ်ကင်ဟမ် မြို့စားကြီးက နဂါးနိုင်ငံ ဘာသာစကား ပြောနေသည်ကို မြင်လိုက်ရပြီး၊ သူနှင့် သူ့မြစ်လေးက ယဲ့ဖန်နှင့် အလွန် ရင်းနှီးနေကြသည်ကို တွေ့လိုက်ရသောအခါ၊ သူတို့လည်း နဂါးနိုင်ငံ ဘာသာစကားကို စတင် လေ့လာသင့်ပြီလား ဟု တွေးတောနေမိကြ၏။

ဝီလျံလေး ကတော့ ခဏတာ စဉ်းစားပြီးနောက်၊ ဘတ်ကင်ဟမ် မြို့စားကြီးက အင်္ဂလိပ်လို သတိပေးလိုက်မှသာ သူ့ဘေး (Great-grandfather) ၏ ဆိုလိုရင်းကို နားလည်သွားတော့သည်။ သူလည်း သူ၏ နဂါးနိုင်ငံ ဘာသာစကား စွမ်းရည်ကို ထုတ်ပြလိုက်သည်။

"ယဲ့... ဖန်... အစ်ကိုကြီး... ခင်ဗျား... မင်္ဂလာပါ... နွေ... မိုး... ဆောင်း... ပျော်ရွှင်ဖွယ် နှစ်သစ်ပါ... ကျွန်တော် ခင်ဗျားကို ချစ်တယ်..."

ယဲ့ဖန် ဒါကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။ ကောင်လေးကို အားပေးလိုက်သည်။

"တော်လိုက်တာ... ဝီလျံလေးက ဒီရက်ပိုင်း တော်တော် ကြိုးစားထားပုံ ရတယ်... နောင်ကျရင် နဂါးနိုင်ငံ ကျွမ်းကျင် ပညာရှင် တစ်ယောက် ဖြစ်လာမှာ သေချာတယ်ကွာ"

ယဲ့ဖန်၏ အားပေးစကားကို ကြားလိုက်ရသောအခါ ဝီလျံလေး၏ မျက်လုံးများ အရောင်လက်လာသည်။

"တကယ်လား... ဒါဆို အစ်ကိုကြီး ယဲ့ဖန်... ကျွန်တော် နဂါးနိုင်ငံ ဘာသာစကား တတ်သွားရင်၊ ကျွန်တော့်ကို ဆန်းကြယ်တဲ့ မျက်နှာလက္ခဏာ ဖတ်နည်း သင်ပေးနိုင်မလားဗျ"

ထိုအခါ ကလေးအား ယဲ့ဖန် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒါပေါ့... မျက်နှာလက္ခဏာ ဖတ်နည်း၊ ဆေးပညာ၊ သိုင်းပညာ... အစ်ကိုကြီး မင်းကို အကုန် သင်ပေးမယ်"

ဝီလျံလေး ပျော်သွားပြီး သူ၏ ပန်းရောင် လက်သန်းလေးကို ယဲ့ဖန် ဆီသို့ အမြန် ဆန့်ထုတ်လိုက်သည်။

"ကတိပေးနော်... လက်သန်း ချိတ်ကြကြေး"

"ကတိပေးပါတယ်... နှစ်တစ်ရာ ကြာတောင် မပြောင်းလဲဘူး"

ယဲ့ဖန် ပြုံးလိုက်ပြီး လက်သန်း ချိတ်လိုက်သည်။

ဘတ်ကင်ဟမ် မြို့စားကြီးက ဘေးကနေ ကြင်နာစွာ ကြည့်နေသည်။

သို့သော် ဘေးနားရှိ လူများ ဤမြင်ကွင်းကို သတိထားမိလိုက်သောအခါ၊ သူတို့၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားကြပြီး ယဲ့ဖန်ကို လေးစားသမှုဖြင့် ကြည့်လိုက်ကြ၏။

အကယ်၍ ဝီလျံလေးက ယဲ့ဖန်နှင့် သီးသန့် နောက်ပြောင်နေခြင်း သက်သက် ဆိုလျှင်၊ နှစ်တစ်ရာ ကြာတောင် စိတ်မပြောင်းလဲဘူးဟု ပြောနေတာ၊ ယဲ့ဖန်ရဲ့ တပည့် ဖြစ်ချင်သည်ဟုသာ ပြောနေတာတွေက ကလေး စကားဟု သတ်မှတ်၍ ရနိုင်ပါသည်။

သို့သော် ယခု လူအများကြီး ရှေ့မှာ ဖြစ်နေပြီး၊ ဘတ်ကင်ဟမ် မြို့စားကြီး ကိုယ်တိုင်ကလည်း တိတ်တဆိတ် သဘောတူထားသလို၊ အားတောင် ပေးနေသေးသည် ဆိုတော့... သဘောသဘာဝက လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။

ရှုထောင့် တစ်ခုကနေ ကြည့်မယ် ဆိုလျှင်၊ ဒါက ဘတ်ကင်ဟမ် မြို့စားကြီး ကိုယ်တိုင်က ယဲ့ဖန်ကို နောင်တစ်ချိန် ဝီလျံလေး၏ ဆရာ ဖြစ်လာစေချင်သည်ဟု မျှော်လင့်နေသည်နှင့် အတူတူပါပင်။

နေမဝင်အင်ပါယာ၏ ဩဇာအာဏာ အကြီးဆုံး မြို့စားကြီး မိသားစု၏ အနာဂတ် ဆက်ခံသူ၏ ဆရာသခင် ဆိုတာ... သာမန် အဓိပ္ပာယ် မဟုတ်ပါချေ။ ဒါက လူတစ်ယောက်၏ ၏ စွမ်းရည်နှင့် အကျင့်စာရိတ္တကို အသိအမှတ်ပြုရာ ရောက်ရုံတင် မကဘဲ၊ အတိုင်းအတာ တစ်ခုထိ သူတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ကြေညာလိုက်ခြင်းပါပဲ။

"သခင်လေး ပတ်..."

ပတ်ထျန်းရီ အနားရှိ သူဌေးများနှင့် နာမည်ကျော်ကြားသူ အများအပြား ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာထားများ ပြောင်းလဲကုန်ကြ၏။

—

အခန်း (၂၀၂၅) - ခုနက ငါ အသံနည်းနည်း ကျယ်သွားတာ ဝန်ခံပါတယ်

~အစပိုင်းတွင် သူဌေးများနှင့် နာမည်ကျော်ကြားသူ တစ်စုက ယဲ့ဖန်နှင့် အန်းကျူပရင့်စ် တို့ အနားတွင် ဝိုင်းရံနေကြသောအခါ၊ ယဲ့ဖန်သည် အန်းကျူပရင့်စ်၏ ဩဇာအရှိန်အဝါကြောင့် အကျိုးကျေးဇူး ရရှိနေခြင်း ဖြစ်ကြောင်း၊ လူတိုင်းက အန်းကျူ မြို့စားကြီး မိသားစုကြောင့်သာ သူ့ကို သွားရောက် ထောက်ခံကြပြီး ဆက်ဆံနေကြခြင်း ဖြစ်ကြောင်း ရှင်းပြ၍ ရနိုင်သေးသည်။

နောက်ပိုင်းတွင် သခင်လေး ဝုဖ်ဂန်း နှင့် သခင်လေး အာဂျိုင်းဟန်ဆန် တို့ ရောက်လာပြီး ယဲ့ဖန် အနားသို့ သွားသောအခါ၊ သူတို့က ကစားရတာ ကြိုက်သူတွေ ဖြစ်လို့၊ ကစားဖော်တွေ ဖြစ်လောက်တယ် လို့ ရှင်းပြလို့ ရနိုင်သေးသည်။

ထို့ပြင် အခြားသူများက ယဲ့ဖန်ကို လေးစားနေကြခြင်းမှာလည်း၊ သူက အန်းကျူ မြို့စားကြီး မိသားစု၊ ဝုဖ်ဂန်း နှင့် အာဂျိုင်းဟန်ဆန် တို့ကြားက ဆက်ဆံရေးကို အသုံးချနေခြင်း ဖြစ်သည်ဟု လူများက အဓိပ္ပာယ် ဖွင့်ဆိုနိုင်သေးသည်။

သို့သော် ယခု ဘတ်ကင်ဟမ် မြို့စားကြီးနှင့် ဝီလျံလေး ပေါ်လာကြပြီ ဖြစ်၏။

သူတို့ နှစ်ဦးစလုံး ယဲ့ဖန်နှင့် အရမ်း ရင်းနှီးကြ၏။

အထူးသဖြင့် ဘတ်ကင်ဟမ် မြို့စားကြီး ဆိုလျှင် အချို့သူများကို အကျဉ်းချုံး နှုတ်ဆက်ပြီးနောက် ယဲ့ဖန် အနားသို့ တန်းသွားလိုက်သည်။

ဒါက ခန့်မှန်းချက်တွေ၊ ဆွေးနွေးချက်တွေ အားလုံးကို ရိုက်ချိုးပစ်လိုက်တာနှင့် အတူတူပါပင်။

ဘတ်ကင်ဟမ် မြို့စားကြီး ဆိုတာ အင်ပါယာ တော်ဝင် မိသားစုနှင့် အနီးစပ်ဆုံး မြို့စားကြီး ဖြစ်သည်။

မြို့စားကြီးတွေ အားလုံး ထဲမှာ သူ၏ ဩဇာအာဏာက သံသယ ဖြစ်စရာ မလိုအောင် ပထမ နေရာမှာ ရှိနေသည်။

သူ့ သဘောထားက ယဲ့ဖန်ဟာ သူ့ရင်ထဲမှာ အန်းကျူပရင့်စ်၊ အာဂျိုင်းဟန်ဆန် တို့ထက်တောင် ပိုမြင့်မားသော နေရာမှာ ရှိနေသည် ဆိုတာကို ပြသဖို့ လုံလောက်နေသည်။

"ငါတို့က အဲ့ဒီ မစ္စတာ ယဲ့ဖန် အကြောင်း သိပ်မသိသေးတာ ဖြစ်နိုင်တယ်"

"သူ့သတင်းအချက်အလက်တွေ နဲ့ ပတ်သက်ပြီး... ငါတို့ မိတ်ဆွေက နှုတ်ပိတ်နေတာ... ငါတို့ ခန့်မှန်းသလို မဟုတ်ဘဲ... ဒီလူက ရိုးရှင်းတဲ့သူ မဟုတ်လို့ ဖြစ်နိုင်တယ်"

"ငါ အင်တာနက် ပေါ်မှာ သတင်းအချက်အလက် တချို့ တွေ့တယ်"

လူတိုင်းက ပတ်ထျန်းရီ ၏ မျက်နှာထားကို သတိထား ကြည့်ရင်း တိုးတိုးလေး ဆွေးနွေးနေကြ၏။ တချိန်တည်းမှာပင် လေးနက်သော မျက်နှာထား ရှိသူ တစ်ဦးက သူ့ဖုန်း မျက်နှာပြင်ကို ပတ်ထျန်းရီ နှင့် လူတိုင်းကို ပြသလိုက်သည်။

"ဒီသတင်း အရ ဆိုရင်... မကြာသေးခင်က နေမဝင်အင်ပါယာမှာ အာဏာပိုင် မီဒီယာ အားလုံးက သတင်းကြီး တစ်ပုဒ်ကို ဖော်ပြခဲ့ကြတယ်"

"သတင်း အရ... မစ္စတာ ယဲ့ဖန် က ဒီဗွန်ရှိုင်းယား မိသားစုရဲ့ တရားမဝင် လုပ်ရပ်တွေ အများကြီးကို မတော်တဆ ရှာဖွေ တွေ့ရှိခဲ့တယ်... သူက သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ပြီး၊ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ လက်နက်ကိုင် ဖိအားတွေကို ကြံ့ကြံ့ခံခဲ့တယ်တဲ့... နောက်ဆုံးမှာ ပြီးပြည့်စုံတဲ့ သက်သေ အထောက်အထား ကွင်းဆက်တွေနဲ့ ဒေတာ (Data) တွေကို တော်ဝင် မိသားစုဆီ တင်ပြခဲ့ာတဲ့... ဒါ့အပြင် မစ္စတာ ယဲ့ က ဒီဗွန်ရှိုင်းယား မိသားစု နဲ့ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း ထဲက အထက်ပိုင်း ခေါင်းဆောင် တချို့ ပူးပေါင်း ကြံစည်ပြီး အကျိုးစီးပွား ကွန်ရက် တစ်ခု ဖွဲ့စည်းထားတာကိုလည်း ရှာဖွေ တွေ့ရှိခဲ့တယ်ဗျ..."

"နေမဝင်အင်ပါယာ ဘုရင်မကြီး ကိုယ်တိုင် မစ္စတာ ယဲ့ ကို တော်ဝင် မိသားစု ညစာစားပွဲ ဖိတ်ကြားခဲ့တယ်... ဘုရင်မကြီး ကိုယ်တိုင် မစ္စတာ ယဲ့ ကို ဂုဏ်ထူးဆောင် သူရဲကောင်း တံဆိပ် ချီးမြှင့်ခဲ့ပါတယ်"

"ရှုထောင့် တစ်ခုကနေ ကြည့်မယ် ဆိုရင်... ယဲ့ဖန် က အခု နေမဝင်အင်ပါယာ တော်ဝင် မိသားစုရဲ့ မိတ်ဆွေကောင်း ဖြစ်နေပြီ"

ထို့နောက် ပတ်ထျန်းရီ အနားတွင် အသက်ရှူသံ ပြင်းပြင်းများ ထွက်ပေါ်လာသည်။

ယဲ့ဖန်က မြို့စားကြီး မိသားစု တစ်ခုလုံးကို ဖြိုချခဲ့သည်... တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းမှ အထက်လူကြီးတွေ၏ ပြဿနာတွေကို ရှာဖွေ ဖော်ထုတ်ခဲ့သည်... အင်ပါယာ ဘုရင်မကြီး၏ ညစာစားပွဲ ဖိတ်ကြားခံရသည်... ဘုရင်မကြီး ကိုယ်တိုင် ချီးမြှင့်သော ဂုဏ်ထူးဆောင် သူရဲကောင်း တံဆိပ် ရရှိခဲ့သည်။

ဒီမှတ်တမ်းတွေနှင့်ပင် ဒီ ယဲ့ဖန် ဆိုသည့် လူက သူတို့ကို မော့ကြည့်ရုံတင် မကဘဲ၊ ကြောက်လန့်သွားစေဖို့ လုံလောက်နေ‌၏။

သူ့မှာ နောက်ခံ မရှိလျှင်တောင်၊ နေမဝင်အင်ပါယာမှာ ရှိသော သူ့အဆင့်အတန်းက ဘတ်ကင်ဟမ် မြို့စားကြီးက လွဲလျှင် ဤနေရာမှာ ရှိသည့် ကျန်သော လူတိုင်းကို ဖိနှိပ်ဖို့ လုံလောက်နေ‌၏။

ကိုရီးယားက ရေကန် ငါးကန် ငွေကြေး အုပ်စု၏ ဒုတိယ သားလောက်ကိုတော့ ဆိုဖွယ်ရာ မရှိတော့ချေ။

"အာ... သခင်လေး ပတ်... ကျွန်တော်လည်း နဂါးနိုင်ငံမှာ စီးပွားရေး လုပ်ငန်း တချို့ ရှိတယ်... ခင်ဗျားမှာ တခြား ညွှန်ကြားစရာ မရှိရင်... ကျွန်တော် ဟိုဘက် သွားပြီး မိတ်ဆက်လိုက်ပါဦးမယ်"

"သခင်လေး ပတ်... ကျွန်တော့် အဘိုးက နဂါးနိုင်ငံက လာတာလေ... မစ္စတာ ယဲ့ က ကျွန်တော့် ဆွေမျိုး လိုပါပဲ... ကျွန်တော် သွားပြီး နှုတ်ဆက်လိုက်ဦးမယ်ဗျ"

"ကျွန်တော်လည်း နောင်ကျရင် နဂါးနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ် ရှိပါတယ်... သခင်လေး ပတ်...ကျွန်တော် သွားပြီး ဂုဏ်ပြုလိုက်ဦးမယ် နော်"

"..."

ဉာဏ်ပြေးသူ အများအပြားသည် ပတ်ထျန်းရီ ၏ မျက်နှာထားကို ဂရုမစိုက်တော့ဘဲ၊ ယဉ်ကျေးစကား အနည်းငယ် ပြောဆိုပြီးနောက်၊ ပြုံးရွှင်သော မျက်နှာထားများ၊ ဝိုင်ခွက်များ ကိုင်ဆောင်လျက် ယဲ့ဖန် အနားသို့ အမြန် လျှောက်သွားကြတော့သည်။

"သောက်ကျိုးနည်း..."

သူ့အနားတွင် လူနည်းသွားသည်ကို မြင်သောအခါ၊ ပတ်ထျန်းရီ ကျွဲမြီးတိုသွားသည်။

သို့သော် သူ ဒေါသထွက်ရုံသာ တတ်နိုင်ပြီး၊ ပေါက်ကွဲပိုင်ခွင့်ပင် မရှိတော့ပေ။

ဘာကြောင့်လဲ ဆိုတော့ ယဲ့ဖန်၏ နောက်ခံကို နားလည်သွားပြီးနောက်၊ သူ တကယ်ပဲ အနည်းငယ် ကြောက်သွားမိ၍ ဖြစ်သည်။

သူ့လုပ်ရပ်တွေက ယဲ့ဖန်၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားမှာ၊ ပြီးတော့ တစ်ယောက်ယောက်က ယဲ့ဖန်ကို မျက်နှာလိုမျက်နှာရ လုပ်ပြီး ခုနက ဖြစ်ပျက်ခဲ့တာတွေကို သွားပြောပြမှာကို သူ လန့်နေမိသည်။

ဧည့်သည် အားလုံး ရောက်ရှိလာပြီး ပရဟိတ လေလံပွဲ တရားဝင် စတင်သည့် အချိန်တွင်ပင်၊ ပတ်ထျန်းရီ တစ်ယောက် အသံကျယ်ကျယ် မထွက်ရဲတော့ချေ။

—

အခန်း (၂၀၂၆) - နွေဦးမှာ ငါ အရင် စကားမပြောရင်... ဘယ်ပိုးကောင်က အသံထွက်ရဲမှာလဲ

~အခြား တစ်ဖက်တွင်၊ ဆိုသဘီး လေလံ အိမ်တော်၏ အခြား ဘက်ခြမ်း၌ ဤမျှလောက် ကိစ္စများ ဖြစ်ပျက်နေသည်ကို ယဲ့ဖန် မသိရှာပေ။

ဘတ်ကင်ဟမ် မြို့စားကြီးနှင့် ဝီလျံလေး တို့ သူ့အနားတွင် ဝိုင်းရံနေကြသဖြင့်၊ လာရောက် နှုတ်ဆက်ကြသော၊ လိပ်စာကတ် ပေးကြသော သူဌေးများနှင့် နာမည်ကျော်ကြားသူ အရေအတွက် သိသိသာသာ များပြားလာသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။

ထို့ပြင် လေလံ အိမ်တော် ဌာနချုပ် ထဲသို့ ဝင်ရောက်ပြီး လေလံပွဲ တရားဝင် စတင်သောအခါ၊ သူ့ဘေးနားရှိ လူများသည် သူ့လှုပ်ရှားမှု တိုင်းကို အထူး အာရုံစိုက်နေကြသည်ကို သိသာစွာ တွေ့မြင်နေရသည်။

ယဲ့ဖန် ပစ္စည်း တစ်ခုခုကို စိတ်ဝင်စားကြောင်း ပြသလိုက်တိုင်း၊ အခြားသူများက ဈေးမပြိုင်ကြတော့ဘဲ၊ သူ့တုံ့ပြန်မှုကို စောင့်ကြည့်နေကြ၏။ သူ လေလံ မဆွဲတော့ဘူး ဆိုတာ သေချာမှသာ သူတို့ ရွေးချယ် လေလံဆွဲကြ၏။

အတော်လေး ဟိတ်ဟန်ထုတ်တတ်သော ကိုရီးယား လူမျိုး တစ်ယောက် ပင်လျှင် သူ့ကို မကြာခဏ အာရုံစိုက်နေသည်။

သူ့အကြည့်နှင့် ယဲ့ဖန်၏ အကြည့် ဆုံမိသောအခါ၊ ထိုလူ ခဏတာ ကြောင်သွားပြီးမှ မျက်နှာလိုမျက်နှာရ အပြုံးတစ်ခု ပြုံးပြလေ၏။

ယဲ့ဖန် ရယ်ချင်သွားသည်။

သူ့ဘေးနားရှိ အန်းကျူပရင့်စ် ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကြည့်ရတာ ကိုယ်က နေမဝင်အင်ပါယာမှာ ဆယ်လီ ဖြစ်နေပြီ ထင်တယ်"

ထိုအခါ၊ အန်းကျူပရင့်စ် သူ့ကို တချက် ကြည့်လိုက်ပြီး၊ သူမ၏ ခေါင်းကို သူ့ပခုံးပေါ် သဘာဝကျကျ မှီလိုက်သည်။

"ရှင်က ဆယ်လီ တင် မဟုတ်ဘူး... နေမဝင်အင်ပါယာရဲ့ ထိပ်ဆုံးကို ရောက်လုနီးပါး ဖြစ်နေပြီ... သိရဲ့လား"

"အရင်တုန်းက နေမဝင်အင်ပါယာမှာ ရှိတုန်းက... လူတိုင်းက ရှင်က အန်းကျူ မြို့စားကြီး မိသားစုကို မှီခိုနေတယ်လို့ ထင်ခဲ့ကြတာ... အခုတော့ လူတိုင်းက ကျွန်မမှာ အမြော်အမြင် ရှိတယ်... ရှင့်လို အလားအလာ ရှိတဲ့သူ ကို စောစောစီးစီး ရွေးချယ်နိုင်ခဲ့တယ် လို့ ထင်နေကြပြီရှင်"

ယဲ့ဖန် ပြုံးလိုက်ပြီး သူမ ခါးကို ဖက်ကာ တိုးတိုးလေး မေးလိုက်သည်။

"ဒါက ကိုယ့်ကို ချီးကျူးတာလားကွ"

အန်းကျူပရင့်စ် အခွင့်ကောင်းယူပြီး သူ့အနားသို့ ပိုမို တိုးကပ်လိုက်ကာ၊ နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး... ကျွန်မက ယထာဘူတကျတဲ့ အမှန်တရားကို ပြောပြနေတာပါ"

" မောင်နဲ့ ဆုံတွေ့ရတာ ကျွန်မ ဘဝရဲ့ ကံအကောင်းဆုံး ကိစ္စပါပဲ"

"ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ဝန်ခံလိုက်ရတာလဲ"

ယဲ့ဖန် ခေါင်းလှည့်ပြီး သူမ၏ နဖူးကို ဖွဖွလေး နမ်းလိုက်သည်။ သူမ၏ ကျောကို ပွတ်သပ်ပေးရန် ပြင်လိုက်စဉ်၊ စင်မြင့် အလယ်ရှိ ပရဟိတ လေလံပွဲ တင်ဆက်သူ (Host) က ရုတ်တရက် ကြေညာလိုက်သည်။

"လူကြီးမင်းတို့ ခင်ဗျာ..နောက်ထပ်... လေလံ ပစ္စည်း အမှတ် (၁၆)ကတော့... 'ချင်မင် ပွဲတော် ကာလ မြစ်ကမ်းတလျှောက်' "

"'ချင်မင် ပွဲတော် ကာလ မြစ်ကမ်းတလျှောက်' ဟာ နဂါးနိုင်ငံရဲ့ အကျော်ကြားဆုံး ပန်းချီကား (၁၀) ချပ် ထဲက တစ်ချပ် ဖြစ်ပါတယ်... မြောက်ပိုင်း စုန့် မင်းဆက် က ပန်းချီဆရာ ကျန်းဇီသွမ့် ရေးဆွဲခဲ့တာ ဖြစ်ပြီး... ဒီအနုပညာ လက်ရာဟာ ရှည်လျားတဲ့ စာလိပ် ပုံစံ ဖြစ်ပါတယ်... (၁၂) ရာစု က မြို့ပြ အသွင်အပြင်နဲ့ လူတန်းစား ပေါင်းစုံရဲ့ နေထိုင်မှု ဘဝတွေကို ကွက်ကွက်ကွင်းကွင်း ဖမ်းယူ ရေးဆွဲထားပါတယ်... ပန်းချီကားဟာ အမြင့် (၂၄.၈) စင်တီမီတာ နဲ့ အလျား (၅၂၈.၇) စင်တီမီတာ ရှိပါတယ်... ပိုးသား ပေါ်မှာ ရေးဆွဲထားပြီး... ကြီးမားတဲ့ သမိုင်း တန်ဖိုးနဲ့ အနုပညာ တန်ဖိုးတွေ ပါဝင်ပါတယ်ခင်ဗျာ"

"ပန်းချီကား တစ်ခုလုံးကို အပိုင်း သုံးပိုင်း ခွဲခြားနိုင်ပါတယ်... ပထမ အပိုင်းက မြို့စွန် ရှုခင်းတွေကို ဖော်ပြထားပါတယ်... အလယ်ပိုင်းက ရှန်တူ တံတားကို ဗဟိုပြုပြီး၊ ပိအန်းမြစ်နဲ့ မြစ်ကမ်း နှစ်ဖက်က ရှုခင်းတွေကို ပုံဖော်ထားပါတယ်... နောက်ဆုံး အပိုင်းက မြို့ပြ လမ်းမတွေကို ဖော်ပြထားပါတယ်... ဇာတ်ကောင်တွေ၊ တိရစ္ဆာန်တွေ၊ ယာဉ်တွေ နဲ့ အဆောက်အအုံတွေရဲ့ အသေးစိတ် အချက်အလက်တွေက ယုံနိုင်စရာ မရှိလောက်အောင် ကြွယ်ဝပါတယ်... (၁၂) ရာစု မြောက်ပိုင်း စုန့် မင်းဆက်ရဲ့ မြို့တော် ပြန်ကျင်းက ဘဝကို တကယ် ပြန်လည် ဖန်တီးပြထားသလိုပါပဲ... ပန်းချီကားမှာ ဇာတ်ကောင်ပေါင်း (၅၀၀) ကျော် ပါဝင်ပြီး၊ ယှက်နွယ်နေတဲ့ ဇာတ်လမ်း အကြောင်းအရာ အမျိုးမျိုး ပါဝင်ပါတယ်"

"ဒီပစ္စည်းက အလွန် တန်ဖိုးကြီးပါတယ်... စဖွင့်ဈေးက အင်ပါယာ ပေါင် (၄၅) သန်း ပါ(နဂါးနိုင်ငံ ယွမ် သန်း ၄၀၀ နှင့် ညီမျှပါတယ်)... လေလံ တစ်ခါ ခေါ်ရင် အင်ပါယာ ပေါင် (၁) သန်းထက် မနည်းရပါဘူး... ကဲ... လေလံပွဲ စတင်ပါပြီခင်ဗျာ"

အစီအစဉ် တင်ဆက်သူ၏ စကား အဆုံး၌၊ ယဲ့ဖန် အန်းကျူပရင့်စ် ထံမှ လက်ကို အမြန် ရုပ်သိမ်းလိုက်သည်။

လေလံ ကတ်ပြားကို မြှောက်လိုက်ပြီး ဈေးခေါ်လိုက်၏။

"အင်ပါယာ ပေါင် (၄၆) သန်း..."

"အရမ်း ကောင်းပါတယ်... ဧည့်သည်တော် အမှတ် (၁၂) က အင်ပါယာ ပေါင် (၄၆) သန်း ပေးပါတယ်... (၄၆) သန်း ပါ... ဒီထက် ပိုပေးမယ့်သူ ရှိပါသလား"

လေလံဆွဲသူက ဒါကို ကြားသောအခါ၊ လူတိုင်း၏ စိတ်ခံစားမှုများကို ချက်ချင်း စတင် လှုံ့ဆော်လိုက်သည်။

"ကျွန်မတို့ရဲ့ တော်ဝင် တန်ဖိုးဖြတ် ပညာရှင်တွေ အဆိုအရ... ဒီ 'ချင်မင် ပွဲတော် ကာလ မြစ်ကမ်းတလျှောက်' အနုပညာ လက်ရာရဲ့ ဈေးကွက် တန်ဖိုးက အင်ပါယာ ပေါင် သန်း (၁၂၀) လောက် ရှိပါတယ်... ပိုမြင့်တဲ့ ဈေး ပေးချင်တဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များ ရှိပါသလားရှင်"

လေလံဆွဲသူက သူမ လူတိုင်း၏ စိတ်လှုပ်ရှားမှုများကို လှုံ့ဆော်ပြီးနောက်၊ အပြင်းအထန် လေလံဆွဲခြင်းများ ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် သူမ အံ့သြသွားသည်မှာ၊ မြင်ကွင်း တစ်ခုလုံး လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားခြင်းပင်။

လူတိုင်းက ဈေးခေါ်လိုက်သော ယဲ့ဖန်ကို တစ်ချက်သာ လှမ်းကြည့်လိုက်ကြပြီး၊ အားလုံး ခေါင်းငုံ့သွားကြ၏။ လုံးဝ မမြင်ချင်ယောင် ဆောင်နေကြသည်။

လေလံ ကတ်ပြားကို မြှောက်ရန် ပြင်နေသော ပတ်ထျန်းရီ ပင်လျှင်၊ ကတ်ပြား မြှောက်လိုက်သူမှာ ယဲ့ဖန် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အမြန် ပြန်ချလိုက်လေ၏။

လေလံဆွဲသူ ကြောင်အသွားသည်။

သူမ၏ စကားများကို အကြိမ်အနည်းငယ် ထပ်မံ ပြောဆိုပြီးနောက်၊ အခြား ဘယ်သူမှ ဈေးမခေါ်တော့ကြောင်း သေချာသွားမှသာ၊ သူမ ယဲ့ဖန် ရှိရာ ဘက်သို့ ကြည့်ပြီး လေလံ တူကို ထုချလိုက်လေ၏။

"ကောင်းပါပြီရှင်... နေမဝင်အင်ပါယာ ပေါင် (၄၆) သန်း ပါ... VIP အမှတ် (၁၂) က 'ချင်မင် ပွဲတော် ကာလ မြစ်ကမ်းတလျှောက်' ကို (၄၆) သန်း နဲ့ အနိုင်ရရှိသွားတဲ့ အတွက် ဂုဏ်ပြုလိုက်ကြရအောင်ရှင့်"

ခန်းမ တစ်ခုလုံးတွင် နွေးထွေးသော လက်ခုပ်သံများ လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။

All Chapters