← Chapters

အခန်း (၂၀၂၇-၂၀၃၀)

Vol. 107 Ch. 2027-2030

အခန်း (၂၀၂၇-၂၀၃၀)

Vol. 107 Ch. 2027-2030

အခန်း (၂၀၂၇) - လူကဲခတ် တော်လိုက်တာ

~ပတ်ထျန်းရီ နှင့် အခြားသူများမှာ လက်ခုပ်တီးပြီး အားပေးနေကြသည်မှာ "ချင်မင် ပွဲတော် ကာလ မြစ်ကမ်းတလျှောက်" ပန်းချီကားကို ယဲ့ဖန် အနိုင်ရရှိသွားသည့် အတွက် အထူး ပျော်ရွှင်နေကြသည့်ဟန် ပေါက်နေသည်။

ယဲ့ဖန် ခိုး ရယ်မိ၏။ နဂါးနိုင်ငံက ပုဂ္ဂိုလ်ကြီး တစ်ဦး ရေးသားခဲ့သော ကဗျာ တစ်ပုဒ်ကို ရုတ်တရက် သတိရသွားရသည်။

'ရေကန်ထဲမှာ တစ်ယောက်တည်း ထိုင်ရင်း... သစ်ပင်ရိပ်အောက်မှာ ဝပ်နေတဲ့ ကျားတစ်ကောင်လို စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်နေတယ်'

'နွေဦးမှာ ငါ အရင် စကားမပြောရင်... ဘယ်ပိုးကောင်က အသံထွက်ရဲမှာလဲ'

‘စာလုံး တစ်လုံးတည်းနဲ့ ပြောရရင်... "မိုက်တယ်"... တကယ် မိုက်တယ်ဟ။’

ပရဟိတ လေလံပွဲ ပြီးဆုံးပြီးနောက်၊ ငွေပေးချေမှု ပြီးစီး၍ "ချင်မင် ပွဲတော် ကာလ မြစ်ကမ်းတလျှောက်" ပန်းချီကားကို လက်ခံရရှိသည့် အခါ၊ ယဲ့ဖန် လူတိုင်းကို ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး အန်းကျူပရင့်စ် နှင့် အတူ ပြန်ရန် ပြင်လိုက်သည်။

သို့သော် အန်းကျူပရင့်စ်၏ ကား ဆိုသဘီး လေလံ အိမ်တော် ဌာနချုပ်မှ မထွက်ခွာမီ၊ ရင်းနှီးသော စနစ်၏ အသိပေးသံက ရုတ်တရက် ထွက်ပေါ်လာလေ၏။

[အခွင့်အလမ်း လမ်းညွှန်ချက် တစ်ခု စတင်ပါပြီ... လက်ရှိ လမ်းအတိုင်း ညာဘက်သို့ ဦးတည်သွားပါ... (၈၉၂) မီတာ တည့်တည့်သွားပြီးနောက် ညာဘက်သို့ ကွေ့ပါ... ဒုတိယ မီးပွိုင့်ကို ဖြတ်ကျော်ပြီးနောက် ဘယ်ဘက်သို့ ကွေ့ပါ... (၅.၇) ကီလိုမီတာခန့် ဆက်လက် သွားပြီးနောက် ဘယ်ဘက်သို့ ကွေ့ပါ...]

ယဲ့ဖန်၏ အကြည့်များ ပြောင်းလဲသွားသည်။

ဖုန်းကို ကောက်ကိုင်လိုက်ပြီး မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသကဲ့သို့ ဟန်ဆောင်ကာ၊ ဖုန်းကို အမြန် ပြန်ပိတ်လိုက်သည်။ ထို့နောက် အန်းကျူပရင့်စ် ကို ပြောလိုက်သည်။

"အန်းကျူ... ကိုယ့်မှာ အရေးပေါ် ကိစ္စလေး တစ်ခု ပေါ်လာလို့... ကိုယ် သွားရတော့မယ်... ဒီ 'ချင်မင် ပွဲတော် ကာလ မြစ်ကမ်းတလျှောက်' ပန်းချီကားကို ပြန်ယူသွားပေးပါ... ပြီးတော့ နဂါးနိုင်ငံကို ပြန်ပို့ပေးဖို့ ဆိုသဘီး နဲ့ စီစဉ်ပေးပါဦးနော်"

"ပို့ရမယ့် လိပ်စာကို နောက်မှ ပို့ပေးလိုက်မယ်နော်"

အန်းကျူပရင့်စ် ထပ်မမေးတော့ပေ။ သူမက ကားကို အမြန် ရပ်လိုက်ပြီး မေးလိုက်သည်။

"ကား လိုသေးလား မောင်.."

ယဲ့ဖန်က တုံ့ဆိုင်းမနေပေ။

"မလိုတော့ဘူးကွ"

သူမ၏ နဖူးကို နမ်းလိုက်ပြီး ကားပေါ်မှ အမြန် ဆင်းလိုက်သည်။ ထို့နောက် တက္ကစီ တစ်စီး တားပြီး အခွင့်အလမ်း လမ်းညွှန်ချက် ပြသရာ နေရာသို့ သွားရန် ပြင်လိုက်သည်။

သို့သော် ထိုနေရာက အနည်းငယ် ထူးခြားပုံ ရသည်။ တက္ကစီ ယာဉ်မောင်းက လိပ်စာကို ကြားလိုက်ရသောအခါ၊ ခဏတာ ကြောင်သွားပြီးမှ ခေါင်းခါလိုက်သည်။

"ဆောရီးပါ ဆရာ... ကျွန်တော်တို့ အဲ့ဒီကို မသွားပါဘူး"

ယဲ့ဖန် နောက်ထပ် တက္ကစီ တစ်စီး တားလိုက်သော်လည်း၊ ရလဒ်က အတူတူပင်။

လိပ်စာ ပြောလိုက်သည်နှင့် တက္ကစီ ယာဉ်မောင်းက အမြန် မောင်းထွက်သွားသည်။

"ဘာဖြစ်တာလဲ... အဲ့ဒီ လိပ်စာမှာ ထူးခြားတာ တစ်ခုခု ရှိလို့လားဗျ"

ယဲ့ဖန် တတိယမြောက် ကားတစ်စီးကို တားလိုက်ပြီး၊ တစ်ဖက်လူက လိပ်စာကြားပြီး ထွက်ခွာရန် ပြင်လိုက်သောအခါ အမြန် မေးလိုက်သည်။

သို့သော် ယာဉ်မောင်းက ခေါင်းခါလိုက်ပြီး ဘာမှ မပြောဘဲ ထွက်ခွာရန် ပြင်နေသည်။

ယဲ့ဖန် နေမဝင်အင်ပါယာ ပေါင် (၁၀၀) တန် ငွေစက္ကူ တစ်ရွက်ကို ထုတ်ပြီး ကမ်းပေးလိုက်၏။

ဒါက နဂါးနိုင်ငံ ငွေစက္ကူ (၉၀၀) နှင့် ညီမျှပြီး၊ နေမဝင်အင်ပါယာ တက္ကစီ ယာဉ်မောင်း တစ်ယောက်၏ တစ်နေ့တာ ဝင်ငွေ ရှိသည်။

တက္ကစီ ယာဉ်မောင်းသည် ဆုကြေးငွေ ရရှိပြီးနောက် မောင်းထွက်မသွားတော့ပေ။ သူ စိတ်ရှည်လက်ရှည် ဖြေကြားလိုက်၏။

"ညသန်းခေါင်ကြီး အာရှသား မျက်နှာနဲ့ အဲ့ဒီကို သွားမယ် ဆိုကတည်းက... ခင်ဗျားက နေမဝင်အင်ပါယာ၊ အထူးသဖြင့် ဖော့ခ်စီးတီးရဲ့ အခြေအနေကို မရင်းနှီးဘူး ဆိုတာ ကျွန်တော် ပြောနိုင်တယ်"

"ခင်ဗျား သွားမယ့် နေရာက နှင်းဆီ လမ်းလို့ ခေါ်ပါတယ်... ဖော့ခ်စီးတီးက လူတွေကတော့ ကျဆုံးခြင်း လမ်းမ လို့ နောက်ပြောင် ခေါ်ကြတယ်... အဲ့ဒီမှာ ပြည့်တန်ဆာတွေ၊ ဆေးခြောက်တွေ၊ အရက်တွေ၊ သေနတ်တွေ၊ လောင်းကစားတွေ... ဥပဒေကလွဲရင် အကုန် ရှိတယ်ဗျ"

"ည (၁၀) နာရီ မတိုင်ခင် ဆိုရင်တော့ အဆင်ပြေပါတယ်... အနည်းဆုံးတော့ အနီးနားမှာ သူတို့ကို ထိန်းချုပ်ထားတဲ့ ရဲစခန်းတွေ ရှိတော့ သူတို့ နည်းနည်းတော့ စိုးရွံ့ကြတယ်... ည (၁၀) နာရီ ကျော်သွားရင်တော့ ရဲအများစုက အလုပ်ဆင်းသွားပြီ... အဲ့ဒီ နေရာက လုံးဝ ယုတ်မာတဲ့ နေရာ ဖြစ်သွားပြီ"

"ကျွန်တော်တို့ ဖော့ခ်စီးတီးက လူဟောင်းတွေက သီးသန့် ပြောလေ့ ရှိကြတယ်... (၁၀) နာရီ မတိုင်ခင်က ဥပဒေ ဘောင်အတွင်းမှာ... (၁၀) နာရီ ကျော်ရင်တော့ ရာဇဝတ်ကောင်တွေရဲ့ နိမ္ဗာန်ဘုံ ပဲ... မြေအောက်လောက၊ သေနတ်၊ ဆေးခြောက်၊ အရက်... အဲ့ဒီမှာ ဘာတွေ ကြုံရမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... ပျော်ပါးဖို့ သွားတာတောင်မှ၊ အရမ်း အစွမ်းထက်တဲ့ သူတွေ မဟုတ်ရင် တိုက်ရိုက် မောင်းမဝင်ရဲကြဘူး"

"ဘာမှ မသိတဲ့ တက္ကစီ ယာဉ်မောင်း မဟုတ်ရင်... ဘယ်သူမှ ဒီအချိန်ကြီး ဧည့်သည်ကို အဲ့ဒီ ပို့ပေးချင်မှာ မဟုတ်ဘူး"

ထိုအခါမှ ယဲ့ဖန် အကြောင်းရင်းကို သိလိုက်ရသည်။ သူက ပေါင် (၂၀၀) တန် ငွေစက္ကူများကို ထပ်ထုတ်လိုက်၏။

"ပိုက်ဆံ ပိုပေးပါ့မယ်... ကျွန်တော့်ကို ကူညီပြီး အဲ့ဒီ ပို့ပေးနိုင်မလားဗျ"

"ဆရာ..."

တက္ကစီ ယာဉ်မောင်း သိသိသာသာ ယဉ်ကျေးလာသည်။ သူ ငွေသားများကို စိုက်ကြည့်နေပြီး ယဲ့ဖန်ကို 'ဆရာ' ဟုပင် ခေါ်ဝေါ်လိုက်၏။

သို့သော် သူ တွန့်ဆုတ်နေဆဲ ဖြစ်သည်။ စွန့်စားသင့် မသင့် စဉ်းစားနေပုံ ရသည်။

ထိုအခါ၊ ယဲ့ဖန်က ထပ်ဖြည့်ပြောလိုက်၏။

"ကျွန်တော့်ကို အတွင်းထဲထိ မောင်းပို့စရာ မလိုပါဘူး... အဲ့ဒီ လမ်းနား အထိပဲ ပို့ပေး... ကျန်တာ ကျွန်တော် လမ်းလျှောက်သွားပါ့မယ်"

တက္ကစီ ယာဉ်မောင်း ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး ကားပေါ်မှ ဆင်းကာ၊ ယဲ့ဖန် အတွက် တံခါးဖွင့်ပေးလိုက်သည်။

"ကြွပါ ခင်ဗျာ"

ယဲ့ဖန် အသံထွက် မရယ်ဘဲ မနေနိုင်တော့ပေ။ နေရာတိုင်းမှာ ငွေက အရေးအကြီးဆုံး ဆိုတာ သူ တွေးမိလိုက်တော့သည်။

တချိန်တည်းမှာပင်၊ ကျဆုံးခြင်း လမ်းမ ၌ မည်ကဲ့သို့သော အခွင့်အရေးမျိုး ရှိနေမည်နည်း ဟု သူ စတင် တွေးတောနေမိသည်။

---

အခန်း (၂၀၂၈) - အားပါးတရ ဖျော်ဖြေမှု

~တက္ကစီဖြင့် ကျဆုံးခြင်း လမ်းမနှင့် မီတာ ရာဂဏန်း အကွာသို့ ရောက်သည်နှင့် တပြိုင်နက်၊ ညလေညင်းနှင့် အတူ ပါလာသော သွေးညှီနံ့ကို ယဲ့ဖန် အဝေးကပင် ရလိုက်သည်။

သွေးနံ့က အရမ်း လတ်ဆတ်နေသည်။ လွန်ခဲ့တဲ့ ခဏလေးကမှ ဖြစ်ပျက်ခဲ့ပုံ ရသည်။

ဒါတင် မကဘဲ၊ အဝတ်အစား နည်းပါးစွာ သို့မဟုတ် ဖရိုဖရဲ ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီး အများအပြားသည် ကြောက်စရာ ကောင်းသော အရာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ ထွက်ပြေးနေကြ၏။ အချို့က ဝိုင်ပုလင်းများကို ကိုင်ထားကြသည်၊ အချို့က ဘောင်းဘီ ဝတ်ဖို့ အချိန်မရလိုက်၊ အချို့က ဖိနပ်များ ကျွတ်ထွက်သည်အထိ ပြေးနေကြသည်... အားလုံး ရူးသွပ်သွားသကဲ့သို့ ထွက်ပြေးနေကြ၏။

လူတိုင်း ပြေးရင်း လွှားရင်း ကြောက်လန့်တကြား အော်ဟစ်နေကြ၏။

"ပြေးကြ... ဒီည ကျဆုံးခြင်း လမ်းမမှာ ပြဿနာ အကြီးကြီး တက်တော့မယ်"

"နည်းနည်းလေး နှေးသွားရင်... ငါတို့ ဒီမှာ သရဲတစ္ဆေ ဖြစ်ကျန်ရစ်ခဲ့လိမ့်မယ်"

"သောက်ကျိုးနည်း... ငါ ပြည့်တန်ဆာမ ကို ဒေါ်လာ (၁,၀၀၀) ပေးပြီး ဒီည ငါ့ညီလေးကို ဆုချဖို့ ပြင်နေတာ... သူ အားပါးတရ ကပြ ဖျော်ဖြေတာလေး ကြည့်ပြီးကာစ ရှိသေး... ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

မြင်ကွင်းက အလွန် ရှုပ်ထွေးပြီး ဆူညံနေသည်။

ယဲ့ဖန်၏ အစွမ်းထက်သော အာရုံငါးပါး ပင်လျှင် သူတို့ကြောင့် အနှောင့်အယှက် ဖြစ်သွား၏။

အသက်ကို အောင့်ထားပြီး အာရုံစိုက်လိုက်သောအခါ၊ ဆူညံသံများ၏ နောက်ကွယ်မှ သေနတ်သံများ၊ အရက်နံ့၊ ဆေးခြောက်နံ့၊ ရေမွှေးနံ့၊ ဟော်မုန်းနံ့ နှင့် သွေးနံ့များကို ယဲ့ဖန် ဝါးတားတား

အာရုံခံလိုက်ရသည်။

သိသာထင်ရှားစွာပင်၊ ကျဆုံးခြင်း လမ်းမပေါ်တွင် လူများ တိုက်ခိုက်နေကြပြီး၊ အလွန် ပြင်းထန်သော တိုက်ပွဲ တစ်ခု ဖြစ်နေ၏။

"ဟေ့ လူကြီးမင်း... ကျဆုံးခြင်း လမ်းမမှာ ဘာဖြစ်တာလဲ"

တက္ကစီ ယာဉ်မောင်းက အခြေအနေ မကောင်းသည်ကို မြင်သောအခါ၊ တက္ကစီကို ချက်ချင်း ရပ်လိုက်ပြီး အဝေးမှ ထွက်ပြေးလာသော ကိုယ်လုံးတီး အမျိုးသား တစ်ဦးကို မေးလိုက်သည်။

ကိုယ်လုံးတီး အမျိုးသားက သူ့လက်ရှိ အခြေအနေကို ဂရုစိုက်ချိန် မရပေ။ ပြေးရင်း လွှားရင်း ပြန်ဖြေလိုက်သည်။

"ငါလည်း ဘာဖြစ်လဲ မသိဘူး"

"ငါ အခုမှ တွေ့တဲ့ ဘားကောင်မလေး တစ်ယောက်နဲ့ ပျော်ပါးနေတုန်း... ရုတ်တရက် သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ အကျယ်ကြီး ကြားလိုက်ရတယ်... ပြီးတော့ လူတိုင်း ထွက်ပြေးနေကြတာ... ဒါနဲ့ ငါလည်း အမြန် ဆွဲထုတ်ပြီး ထွက်ပြေးလာခဲ့တာပဲ"

"ကြည့်ရတာ နာရေး အဖွဲ့အစည်း ရဲ့ ရန်သူတွေ လာရှာကြပုံပဲ... နာရေး အဖွဲ့အစည်းက ရန်စလိုက်ပြီး တစ်ဖက်လူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်"

"နှစ်ဖက်စလုံးမှာ လူတွေ အများကြီးပဲ... အပြန်အလှန် ပစ်ခတ်မှုကလည်း တော်တော် ပြင်းထန်တယ်... သေနတ်တွေ အများကြီး ပါရုံတင် မကဘူး... RPG ဒုံးပျံတွေ၊ လက်ပစ်ဗုံးတွေလည်း ပါတယ်။"

"သောက်ကျိုးနည်း..."

တက္ကစီ ယာဉ်မောင်း ဒါကို ကြားသောအခါ၊ ချက်ချင်း ကားလှည့်ပြီး မောင်းထွက်ရန် ပြင်လိုက်သည်။

"နေဦး..."

ယဲ့ဖန် ငွေစက္ကူများကို အမြန် ကမ်းပေးလိုက်၏။

"ကျွန်တော့် ကို အရင် ဆင်းခွင့်ပေးပါဦး"

တက္ကစီ ယာဉ်မောင်း သိသိသာသာ မှင်သက်သွားသည်။

"မလုပ်ပါနဲ့ ညီလေးရာ... ခုနက ဟိုလူ ပြောတာ မကြားဘူးလား... ကျဆုံးခြင်း လမ်းမမှာ တိုက်ပွဲ ဖြစ်နေတာ... နာရေး အဖွဲ့အစည်းက တခြား မြေအောက် အင်အားစုတွေနဲ့ ချနေတာ... ဒုံးပျံတွေတောင် သုံးနေတာကွ"

"ဒီနေရာက ဖော့ခ်စီးတီး ခွင့်ပြုထားတဲ့ မီးခိုးရောင် နယ်မြေ လေ... ကိစ္စက ကျဆုံးခြင်း လမ်းမ အပြင်ဘက်ကို မရောက်သရွေ့... မင်း အဲ့ဒီမှာ သေသွားရင်တောင် တရားမျှတမှု ရှာဖို့ ခက်လိမ့်မယ်..."

"ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"

ဒီယာဉ်မောင်းက စေတနာ ကောင်းတယ် ဆိုတာ ယဲ့ဖန် သိပါသည်။

သူ ပိုက်ဆံ ပေးလိုက်ပြီး တစ်ဖက်လူ၏ ပခုံးကို ပုတ်ကာ၊ တံခါးဖွင့်ပေးရန် မျက်ရိပ်ပြလိုက်သည်။ တစ်ဖက်လူ တံခါးဖွင့်ပေးလိုက်သည်နှင့် တပြိုင်နက်၊ သူ ကျဆုံးခြင်း လမ်းမ ဆီသို့ မီတာ (၁၀၀) အပြေးပြိုင်ပွဲ ဝင်နေသကဲ့သို့ အမြန် ပြေးထွက်သွားတော့၏။

လမ်းညွှန်ချက်မှာ ပြသထားသော အခွင့်အလမ်း၏ ပန်းတိုင်က အထဲမှာ ရှိနေသည်။

ထို့ထက်ပို၍၊ လမ်းညွှန်ချက် သတင်းအချက်အလက် အရ၊ အခွင့်အလမ်းက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေသော နေရာ၏ အလယ်ဗဟိုမှာ ရှိနေသည်။

ဒီတိုက်ပွဲ အတွင်းမှာ အခွင့်အလမ်း ပေါ်ပေါက်လာတာ ဖြစ်လောက်၏။

"ဟေ့..."

တက္ကစီ ယာဉ်မောင်းက ယဲ့ဖန် သူ့စကား နားမထောင်သည်ကို တွေ့သောအခါ လက်လျော့လိုက်သည်။ သူ ခဏတာ ကြောင်သွားပြီးမှ လီဗာ နင်းလိုက်ပြီး တက္ကစီကို တတ်နိုင်သမျှ မြန်မြန် မောင်းထွက်သွားတော့၏။

တချိန်တည်း နီးပါးမှာပင်၊ ယဲ့ဖန်လည်း ကျဆုံးခြင်း လမ်းမသို့ ရောက်ရှိလာသည်။

ဒီဘက်မှာ လူမရှိတော့ပေ။ အဝေးရှိ အလယ်ခေတ် ဥရောပ စတိုင်လ် အဆောက်အအုံ အုပ်စုများ ထဲမှ သေနတ်သံများနှင့် အော်ဟစ်သံများသာ ထွက်ပေါ်နေလေ၏။

လမ်းမများ ပေါ်တွင် ကျည်ဆန်ရာများနှင့် သွေးကွက်များ ပြည့်နှက်နေသလို၊ သွေးအိုင်ထဲတွင် လဲကျနေသော အမျိုးသား အမျိုးသမီး အချို့လည်း ရှိနေသည်။

ထိုအထဲတွင် နာရေး အဖွဲ့အစည်းဝင်များ ပါဝင်သလို၊ အာရှသား မျက်နှာ အချို့လည်း ပါဝင်နေ၏။

"ဟမ်..."

"အာရှသား မျက်နှာ ဟုတ်လား"

ယဲ့ဖန် သေချာ စစ်ဆေးကြည့်လိုက်ရာ၊ လဲကျနေသူများ ထဲတွင် အာရှသား မျက်နှာ အများအပြား ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

ထို့ပြင် သူတို့က နည်းနည်း ရင်းနှီးနေသလိုပင်။ ကြွယ်ဝခြင်း အသင်း ဝင်တွေနှင့် တူနေသည်။

"နာရေး အဖွဲ့အစည်း... ရန်ဘက်တွေ... ကြွယ်ဝခြင်း အသင်း..."

ဒီသော့ချက်စာလုံးတွေကို ဆက်စပ်ကြည့်လိုက်တော့၊ ယဲ့ဖန် အမြန် ခန့်မှန်းမိလိုက်သည်။

ယွီဖုန်းရှန်းနှင့် တခြားလူတွေ နာရေး အဖွဲ့အစည်းကို လက်စားချေဖို့ လာကြတာများလား။

---

အခန်း (၂၀၂၉) - မင်းတို့ သေပြီ

~ထိုသို့ တွေးတောလိုက်မိသည်နှင့် တပြိုင်နက်၊ယဲ့ဖန် သူ၏ အာရုံငါးပါးကို အမြင့်ဆုံး အထိ မြှင့်တင်လိုက်ပြီး၊ လမ်းညွှန်ချက် ညွှန်ပြရာ နေရာ ဖြစ်သည့် တိုက်ပွဲ ဧရိယာ၏ အလယ်ဗဟို ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားလိုက်သည်။

"ဒိုင်း... ဒိုင်း..."

ယခု အချိန်မှာ ကျဆုံးခြင်း လမ်းမ ပေါ်က သွေးနံ့တွေက အထွတ်အထိပ် ရောက်နေပြီ ဖြစ်သည်။ အပြန်အလှန် ပစ်ခတ်မှု ဧရိယာ၏ အလယ်ဗဟိုနှင့် နီးလေလေ၊ ကျည်ဆန်ရာတွေ ပိုများလေလေ၊ ဂိုဏ်းသားတွေ ပိုလဲကျလေလေ ဖြစ်၏။

သို့သော် သေနတ်သံများကို နားထောင်ကြည့်ခြင်းအားဖြင့်၊ အပြန်အလှန် ပစ်ခတ်မှုက ပြီးဆုံးတော့မည့် အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း သိသာသည်။ အသက်ရှင် ကျန်ရစ်သူ နည်းပါးလာပြီး၊ စစ်မြေပြင် ဗဟိုချက်က ရွေ့လျားသွား၏။

သို့သော်၊ အမှောင်ထဲမှာ ပုန်းအောင်းနေပြီး မလှုပ်ရှားသေးသည့် တခြား အင်အားစု နှစ်ခု ရှိနေသေးသည် ဆိုတာ ယဲ့ဖန် အာရုံခံမိနေသည်။

တစ်ခုက ကနဦး အဆင့် အတွင်းအား ရှိသော သိုင်းပညာရှင် တစ်ယောက်။

နောက်တစ်ခုက ကနဦး အဆင့် အတွင်းအား ရှိသည့် သိုင်းပညာရှင် သုံးယောက်။

မည်သည့် အဖွဲ့အစည်း၏ ဝှက်ဖဲတွေလဲ ဆိုတာတော့ သူ မသိပေ။

ယဲ့ဖန် ထိုအင်အားစု နှစ်ခု အာရုံခံမိနိုင်သော၊ ကြည့်ရှုနိုင်သော အကွာအဝေးကို တတ်နိုင်သမျှ ရှောင်ကွင်းပြီး၊ တိုက်ပွဲ ဗဟိုချက် ဆီသို့ သတိထားပြီး တိုးကပ်သွားလိုက်သည်။

ထိုအချိန်တွင် ယွီဖုန်းရှန်း၊ ယွီကျင်းနမ် နှင့် ကြွယ်ဝခြင်း အသင်း၊ ဇာမဏီသုံးကောင် ဂိုဏ်းတို့မှ အမာခံ အဖွဲ့ဝင် (၂၀) ကျော်သည် နာရေး အဖွဲ့အစည်းမှ ကျန်ရစ်သူများကို ကျဆုံးခြင်း လမ်းမ ပေါ်ရှိ လေဟာပြင် ကားပါကင် တစ်ခု အတွင်းသို့ မောင်းသွင်းလိုက်ကြပြီ ဖြစ်သည်။

ယွီဖုန်းရှန်းသည် AK သေနတ် နှစ်လက်ကို ကိုင်ဆောင်ထားပြီး ကျည်ကာအင်္ကျီ ဝတ်ဆင်ထား၏။ သူမ၏ လည်ပင်းနှင့် ကိုယ်ပေါ်တွင် ကျည်ဆန်များ တွဲလောင်းကျနေသည်။ သူမ တစ်ကိုယ်လုံး သွေးများ ပေကျံနေသည်။ ထွက်ပြေးနေဆဲ ဖြစ်သော နာရေး အဖွဲ့အစည်းဝင်များကို ပစ်ခတ်နေစဉ်၊ သူမသည် စစ်နတ်ဘုရားမ တစ်ပါး ကဲ့သို့ပင်။

သူမ၏ လက်အောက်ငယ်သားများနှင့် ကြွယ်ဝခြင်း အသင်းမှ အမာခံ အဖွဲ့ဝင်များသည်လည်း အလွန် ကျွမ်းကျင်ကြ၏။ နာရေး အဖွဲ့အစည်းဝင်များ ပုန်းခိုနေသော ကားအချို့၏ တာယာများကို ပူးပေါင်း ဖြိုခွဲလိုက်ကြ၏။ ထို့ပြင် ယွီဖုန်းရှန်းနှင့် ညှိနှိုင်းပြီး ပစ်ခတ်အားကို အသုံးပြုကာ နာရေး အဖွဲ့အစည်းဝင်များကို လွတ်မြောက်ခွင့် မပေးပေ။

"မာဖီးယား... ခွေးကောင်... ဒီည နင် ပြေးလို့ မလွတ်စေရဘူး"

"နာရေး အဖွဲ့အစည်းရဲ့ နောက်ခံ ဖြစ်တဲ့ ဒီဗွန်ရှိုင်းယား မိသားစု ပြိုလဲသွားပြီ... ခရစ္စတယ် အဆင့် တိုက်ခိုက်ရေးသမား အများစုလည်း ထောင်ကျသွားပြီ... အခု နင်တို့က အိမ်ခြေရာမဲ့ လူမိုက်တွေပဲ"

"ဒီည နင်တို့ အဖွဲ့အစည်းရဲ့ အတော်ဆုံး တိုက်ခိုက်ရေးသမားတွေကို ဆေးခတ်ပြီး ငါတို့ ရှင်းပစ်လိုက်ပြီ...နင်တို့မှာ ပြန်လှန်နိုင်မယ့် အခွင့်အရေး မရှိတော့ဘူး"

ယွီဖုန်းရှန်း၏ အသံတွင် ဒေါသ၊ စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသည်။

နာရေး အဖွဲ့အစည်း၏ အထက်တန်း အရာရှိ အနည်းငယ်နှင့် ကျန်ရစ်သော လက်အောက်ငယ်သားများသည် ကားအချို့၏ နောက်ကွယ်တွင် ပုန်းခိုနေကြ၏။ သူတို့၏ အသက်ရှူသံများ မြန်ဆန်နေပြီး၊ အသံများ အက်ကွဲနေသည်။

"အဲ့ဒီတုန်းက ငါ ပိုပြီး ရက်စက်ခဲ့သင့်တာ...မင်းတို့ အကုန်လုံးကို ရှင်းပစ်ဖို့ အသေခံ လုပ်ကြံသူတွေ ပိုလွှတ်ခဲ့သင့်တာ"

"ဟွန့်၊ အခုမှ နောင်တရနေလို့ အလကားပဲ"

ယွီဖုန်းရှန်း၊ ယွီကျင်းနမ် နှင့် အခြားသူများ သူတို့၏ အသက်ရှူသံ မြန်ဆန်နေသည်ကို ကြားလိုက်ရသဖြင့်၊ မူလက တင်းမာနေသော ခန္ဓာကိုယ်များ ချက်ချင်း အများကြီး လျော့ကျသွားသည်။

ကစဉ့်ကလျား ဖြစ်နေသော ဝိုင်းရံမှုသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး၊ နာရေး အဖွဲ့အစည်း၏ အထက်လူကြီးများနှင့် အကြွင်းအကျန်များကို ဝိုင်းထားလိုက်ကြ၏။

"လခွမ်း... မင်းတို့က ငါတို့ကို မိပြီလို့ တကယ် ထင်နေတာလား"

ဝံပုလွေ မျက်လုံးများ ကဲ့သို့ မျက်လုံးများ ပိုင်ဆိုင်ထားသော အသက် (၅၀) အရွယ် ပုံရိပ်တစ်ခုသည် နာရေး အဖွဲ့အစည်း အကြွင်းအကျန်များ ကြားမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါတို့ဆီမှာ လူ (၁၀) ယောက် ကျန်သေးတယ်... ငါတို့ အသက်ဆုံးရှုံးရရင်တောင်... မသေခင် မင်းတို့ထဲက ကောင်တွေကို ပိုပြီး ဆွဲခေါ်သွားနိုင်သေးတယ်"

ပြောရင်းနှင့် သူ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ယွီဖုန်းရှန်း ဆီသို့ သေနတ်ဖြင့် အကြိမ်အနည်းငယ် ပစ်ခတ်လိုက်သည်။

သူ့လက်အောက်ငယ်သား အချို့လည်း ခေါင်းပြူပြီး ပစ်ခတ်ကြ၏။

သို့သော် သူတို့၏ ပစ္စတို သေးသေးလေးများက ယွီဖုန်းရှန်း၏ ပစ်ခတ်အားကို ဖိနှိပ်နိုင်စွမ်း မရှိသည်မှာ သိသာလှသည်။

သူ ပစ်ခတ်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ ယွီဖုန်းရှန်း၏ ပစ်ခတ်အား ဖိနှိပ်မှု အောက်တွင်၊ သူ ခေါင်းနှင့် ကိုယ်ကို ပြန်လည် ကျုံ့ဝင်လိုက်ရပြီး ပုန်းခိုစရာ နေရာ ရှာလိုက်ရ၏။

"နင်တို့ကို ဖျက်ဆီးပစ်မယ်"

ယွီဖုန်းရှန်း သူမ၏ လက်အောက်ငယ်သားများကို ဝိုင်းရံမှု ကျဉ်းမြောင်းစေရန် မျက်ရိပ်ပြလိုက်ပြီး၊ လိုက်ကျီချန်းကိုလည်း မျက်ရိပ်ပြလိုက်သည်။

မကြာမီ လိုက်ကျီချန်း ဖုန်းထုတ်ပြီး မက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်သည်။

ကြွယ်ဝခြင်း အသင်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်း၏ ဝိုင်းရံမှု ကျဉ်းမြောင်းလာသည်နှင့်အမျှ၊ နာရေး အဖွဲ့အစည်းဝင်များ ပိုမို သေးငယ်သော ဧရိယာ အတွင်း၌သာ လှုပ်ရှားနိုင်တော့ ၏။ ထိုအချိန်တွင် အသက်ကြီးသော ပုံရိပ်တစ်ခု အဆောက်အအုံ တစ်ခု၏ အပေါ်ထပ်မှ မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပျံဆင်းလာပြီး ဝိုင်းရံမှု အလယ်ဗဟို ဆီသို့ ဝင်ရောက် တိုက်ခိုက်လိုက်သည်။

လူကြီး၏ အမြန်နှုန်းက အလွန် မြန်ဆန်လှပြီး၊ ပထမဆုံး လှုပ်ရှားမှုကပင် သေစေနိုင်သော တိုက်ကွက် ဖြစ်သည်။ ယာဉ်များ အကာအကွယ် ရှိနေသော ပတ်ဝန်းကျင်တွင်၊ နာရေး အဖွဲ့အစည်း၏ ပစ္စတိုများကို သူ လျစ်လျူရှုထားနိုင်သည်။ လှုပ်ရှားမှု တစ်ခုတိုင်းတွင် နာရေး အဖွဲ့အစည်း အကြွင်းအကျန် တစ်ယောက်ကို သူ အလွယ်တကူ သတ်ဖြတ်နိုင်နေသည်။

ဒါကို မြင်သောအခါ၊ ကြွယ်ဝခြင်း အသင်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်း အဖွဲ့ဝင်များသည် သေနတ်များကို ချလိုက်ပြီး အနိုင်ရသူများ ကဲ့သို့ ပြုံးလိုက်ကြ၏။ မာဖီးယားနှင့် အခြားသူများကို စတင် ပိတ်ဆို့လိုက်ကြ၏။

သို့သော် ထိုအချိန်တွင်၊

“ဝှစ်..ဝှစ်..ဝှစ်..”

သရဲတစ္ဆေ ကဲ့သို့သော ပုံရိပ် သုံးခု နောက်ကျောဘက်မှ မြေလျှိုးမိုးပျံသလို ထွက်ပေါ်လာကြလေ၏။

အခန်း (၂၀၃၀) - ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကို ချောင်းနေသော်လည်း၊ နောက်ကျောဘက်က စာဝါငှက်ကို သတိမမူမိလေ

~ [ T.N - ဓားခုတ်ကောင်၊ ပုစဉ်းရင်ကွဲနဲ့ စာဝါငှက်)

"ဒီစကားပုံလေးက ရှန်းရှလောကမှာတော့ ဂန္ထဝင် စကားပုံပါပဲ။ ဇာတ်လမ်းလေးက ဒီလိုဗျ...

သစ်ပင်ပေါ်မှာ ပုစဉ်းရင်ကွဲလေး တစ်ကောင်က သစ်ရည်လေး သောက်ပြီး အေးဆေး ဇိမ်ကျနေတယ်။ အဲ့ဒီအချိန်မှာ သူ့ကို စားဖို့အတွက် 'ဓားခုတ်ကောင်' တစ်ကောင်က အသာလေး ချောင်းနေတယ်။ ဓားခုတ်ကောင်က သူ့သားကောင်ကိုပဲ အာရုံစိုက်နေတော့ သူ့နောက်ကျောဘက်မှာ သူ့ကို ပြန်စားဖို့ ချောင်းနေတဲ့ 'စာဝါငှက်' ကို သတိမထားမိလိုက်ဘူး။

ဆိုလိုချင်တာကတော့ - 'မိမိရှေ့က အမြတ်အစွန်း (ဒါမှမဟုတ်) ရန်သူတစ်ယောက်တည်းကိုပဲ အာရုံစိုက်လွန်းအားကြီးပြီး၊ နောက်ကွယ်မှာ ကျရောက်လာမယ့် ပိုကြီးမားတဲ့ အန္တရာယ်ကို သတိမထားမိတဲ့ အခြေအနေ' မျိုးကို ပြောချင်တာပါ။

တနည်းအားဖြင့် ပြောရရင်တော့ 'သူများအသက် ကိုယ်ကချောင်း၊ ကိုယ့်အသက်ကို ငှက်ကချောင်း' ပေါ့ဗျာ။ လူတစ်ယောက်ကို ကိုယ်က အကွက်ချ ကြံစည်နေပေမဲ့၊ ကိုယ့်ထက်သာတဲ့ နောက်တစ်ယောက်က ကိုယ့်ကို ပြန်ပြီး အကွက်ချနေတာမျိုးမှာ သုံးလေ့ရှိပါတယ်။]

သူတို့ ပေါ်လာသည့် အချိန်ကိုက်ပုံက အလွန် ကောင်းမွန်လွန်းသည်။

ယွီဖုန်းရှန်း ဘက်က ပိတ်ဆို့မှု ပုံစံ ဖွဲ့စည်းပြီးချိန်နှင့် ကွက်တိပင်။ အဖွဲ့ဝင်များ အချင်းချင်း နီးကပ်စွာ ရှိနေသဖြင့်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ရန် အဆင်မပြေတော့ပေ။ ထို့ပြင် အားလုံးက အောင်ပွဲကို ဆုပ်ကိုင်ထားနိုင်ပြီဟု ခံစားနေရချိန် ဖြစ်သည်။

ရလဒ် အနေဖြင့် အားလုံး မတုံ့ပြန်နိုင်ခင်မှာပင်၊ သူတို့ အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ပြင် အနီးကပ် ရောက်သွားပြီးနောက်၊ ထိုသူတို့ကို စိတ်ကြိုက် ပစ်ခတ်ဖို့ ဆိုတာ မလွယ်ကူတော့ပေ။

"ဟိုက်..."

ယွီဖုန်းရှန်းနှင့် ယွီကျင်းနမ် တို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားသည်။

"လူစုခွဲလိုက်... အားလုံး အမြန် လူစုခွဲလိုက်ကြ"

"ဒီလူတွေနဲ့ အကွာအဝေးကို သတိထားကြ"

သူတို့ နှစ်ဦး အလွန် လျင်မြန်စွာ တုံ့ပြန်ပြီး အမိန့်ပေးလိုက်သော်လည်း၊ အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

အတွင်းအား အဆင့် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်သော မျိုးရိုးဗီဇ ပြုပြင်ထားသူ တစ်ယောက်သည် သရဲတစ္ဆေ တစ်ကောင် ကဲ့သို့ လျင်မြန် ဖျတ်လတ်သည်။ သူတို့၏ သတ်ဖြတ်နိုင်စွမ်းသည်လည်း သာမန်လူ သို့မဟုတ် သာမန် တိုက်ခိုက်ရေးသမားများ စိတ်ကူးနိုင်သည်ထက် အများကြီး ပိုသာလွန်နေ၏။

ကြွယ်ဝခြင်း အသင်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်းမှ လူမိုက် အများစု မတုံ့ပြန်နိုင်ခင်မှာပင်၊ ပုံရိပ် သုံးခုသည် သူတို့ အဖွဲ့ဝင် တစ်ယောက်စီကို အလွယ်တကူ သတ်ဖြတ်လိုက်ကြ၏။

ထို့နောက် အားလုံးက အလျင်စလို လူစုခွဲချင်ကြသော်လည်း၊ သူတို့၏ ခြေလှမ်းများကို လုံးဝ မမီနိုင်ကြပေ။

မျိုးရိုးဗီဇ ပြုပြင်ထားသူ သုံးဦးသည် ကြွယ်ဝခြင်း အသင်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်း၏ ဘေးဘက်သို့ ရောက်ရှိသွားပြီးနောက်၊ လူသူကင်းမဲ့သော နယ်မြေ တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။

အသင်း နှစ်သင်း အားကိုးနေရသော စက်သေနတ်များ၊ လက်ပစ်ဗုံးများနှင့် ဒုံးပျံများပင်လျှင် ယခုလို အခြေအနေမျိုးမှာ အသုံးမဝင်တော့ပေ။

"သတ်ကြစမ်း..."

ဇာမဏီသုံးကောင် ဂိုဏ်းနှင့် ကြွယ်ဝခြင်း အသင်းမှ တိုက်ခိုက်ရေးသမား တစ်ဝက်ကျော်ကို လျင်မြန်စွာ ဇီဝိန်ခြွေပြီးနောက်၊ ယွီဖုန်းရှန်း၊ ယွီကျင်းနမ်၊ လိုက်ကျီချန်း နှင့် အခြား လူနည်းစုသာ ကျန်ရစ်တော့သည်။

မျိုးရိုးဗီဇ ပြုပြင်ထားသူ သုံးဦးသည် အဖွဲ့ နှစ်ဖွဲ့ ခွဲလိုက်ကြ၏။

နှစ်ဦးက အချင်းချင်း ပူးပေါင်းပြီး ယွီဖုန်းရှန်း၊ ယွီကျင်းနမ် နှင့် အခြားသူများကို ဘေးဘက် နှစ်ဖက်မှ ညှပ်တိုက်ကြ၏။

ကျန်တစ်ဦးက ယွီဖုန်းရှန်းနှင့် ယွီကျင်းနမ် တို့ဘက်မှ ကူညီရန် ပုန်းခိုနေသော လူကြီး ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

အတွင်းအား အဆင့် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်သော မျိုးရိုးဗီဇ ပြုပြင်ထားသူ နှစ်ဦးသည် ယွီဖုန်းရှန်း၊ ယွီကျင်းနမ်၊ လိုက်ကျီချန်း နှင့် အခြားသူများ ယှဉ်ပြိုင်နိုင်သော လူစားမျိုးများ မဟုတ်ပေ။

မကြာမီ သူတို့ အန္တရာယ်နှင့် ရင်ဆိုင်ရတော့သည်။

ကနဦး အဆင့် အတွင်းအား ရှိသော လူကြီး ကတော့ သူ့ကို တိုက်ခိုက်လာသော မျိုးရိုးဗီဇ ပြုပြင်ထားသူနှင့် အန်တု တိုက်ခိုက်နိုင်သော်လည်း၊ မာဖီးယားနှင့် အခြားသူများ ခေါင်းပြူထွက်လာပြီး ပစ္စတိုများဖြင့် ချိန်ရွယ်လိုက်သောအခါ၊ သူ အင်အား အပြည့်ဖြင့် မတိုက်ခိုက်နိုင်တော့သည်မှာ သိသာလှသည်။ သူလည်း အားနည်းသော အခြေအနေသို့ ရောက်ရှိသွားရ၏။

ဒီအခြေအနေ အတိုင်းသာ ဆက်သွားမည် ဆိုလျှင်၊ ကြွယ်ဝခြင်း အသင်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်းတို့ ချေမှုန်းခံရတော့မည်။

နောက်ထပ် လက်အောက်ငယ်သား တစ်ယောက်၏ နှလုံးသားကို မျိုးရိုးဗီဇ ပြုပြင်ထားသူ တစ်ဦးက လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်လိုက်ပြီး သွေးများ ပန်းထွက်ကာ လဲကျသွားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ယွီဖုန်းရှန်း၏ မျက်နှာပေါ်တွင် ပေါက်ကွဲထွက်လာသော ဒေါသနှင့် နာကျည်းမှုများကို ဖုံးကွယ်၍ မရနိုင်တော့ပေ။

"မာဖီးယား က ဒီလောက် အစွမ်းထက်တဲ့ အလစ်အငိုက် တပ်သားတွေကို တိတ်တဆိတ် ဝှက်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"နာရေး အဖွဲ့အစည်းမှာ တခြား ဝှက်ဖဲတွေ ရှိနိုင်တယ်လို့ တွေးမိပြီး... ငါတို့က ကျွမ်းကျင် ပညာရှင်တွေကို အထူး ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တာ... ဒါပေမယ့် တစ်ဖက်လူရဲ့ ဝှက်ဖဲက ဒီလောက်ထိ အစွမ်းထက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ကောင်းကင်ကြီးက မျက်လုံး မပါတာလား... ဒီလို လူယုတ်မာမျိုးကို လောကကြီးမှာ ဆက်လက် လွတ်မြောက်ခွင့် ပေးထားဖို့ ကံပါလာတာများလား"

ထိုလူ၏ မျက်လုံးများသည် ဆူးများ ပါသော ဝံပုလွေ မျက်လုံးများ ကဲ့သို့ပင်။ ယခုအချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး လှောင်ပြောင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ငါ ပြောသားပဲ... မင်းတို့ ငါတို့ကို တကယ် ဖြိုချနိုင်မယ်လို့ မထင်နဲ့"

"နေမဝင်အင်ပါယာရဲ့ လမ်းမတွေပေါ်မှာ နှစ် (၂၀) ကျော် ရပ်တည်နိုင်ခဲ့တာ အကြောင်းပြချက် ရှိတယ်"

"ဒီ မျိုးရိုးဗီဇ ပြုပြင်ထားသူ သုံးယောက်ကို ဖန်တီးဖို့ ငါ ငွေအမြောက်အမြား သုံးခဲ့ရတာ... သူတို့က ငါ့ကို ကာကွယ်ပေးမယ့် ဝှက်ဖဲ အနေနဲ့ အမြဲ ရှိနေခဲ့တာကွ... သူတို့ လက်ချက်နဲ့ သေရတာ မင်းတို့ အတွက် မတရားဘူးလို့ မဆိုနိုင်ပါဘူး"

ပြောပြီးသည်နှင့် တပြိုင်နက်၊ ယွီဖုန်းရှန်း၊ ယွီကျင်းနမ် နှင့် လိုက်ကျီချန်း တို့ ဘက်တွင် စုစုပေါင်း လူ (၄) ယောက်သာ ကျန်တော့သည်ကို သူ တွေ့လိုက်ရသည်။ သူ ကားနောက်ကွယ်မှ ထွက်လာလိုက်သည်။ သူ့မျက်လုံးများ ရက်စက် ကြမ်းကြုတ်နေပြီး ပြောလိုက်သည်။

"ဒီတစ်ခါတော့... နွေဦးလေညင်းနဲ့ အတူ ပြန်လည် မွေးဖွားခွင့် (ပြန်လည် နာလန်ထူခွင့်) ငါ ပေးမှာ မဟုတ်ဘူး"

"ပြီးတော့... မင်းတို့ မသေခင်... ငါ မင်းတို့နဲ့ ကစားဦးမယ်... ဒီလောကကြီးထဲ လူဖြစ်လာရတာကို နောင်တရတယ် ဆိုတာ ဘာလဲ ဆိုတာ မင်းတို့ သိသွားစေရမယ်... ဟားဟားဟားဟား..."

"ငါ နင့်ကို အသေအကြေ ပြန်တိုက်မယ်"

ယွီဖုန်းရှန်းက ခုခံကာကွယ်မှုကို စွန့်လွှတ်လိုက်ပြီး မာဖီးယား ကို သေနတ်ဖြင့် တိုက်ရိုက် ချိန်ရွယ်လိုက်သည်။

"ရွှစ်..."

လေကို ခွင်းသွားသံ တစ်ခုနှင့် အတူ ကျောက်ခဲ တစ်လုံးက ကျည်ဆန် တစ်တောင့် ကဲ့သို့ သူမ လက်ကို လာမှန်သည်။ သူမ နာကျင်သွားပြီး လက်ထဲမှ AK ကို အလိုအလျောက် လွှတ်ချလိုက်မိသည်။

ထို့နောက် သူမ အချိန်မီ ပြန်လည် မပြင်ဆင်နိုင်ခင်မှာပင်၊ သရဲတစ္ဆေ ကဲ့သို့သော ပုံရိပ်တစ်ခု သူမ ရှေ့သို့ ရောက်ရှိလာပြီး၊ သူမ၏ AK ကို ချိုးဖျက်ကာ သူမ၏ လည်ပင်းကို ညှစ်ထားလိုက်လေ၏။

မိုးနတ်မင်းရေ... ငါ့မှာ နောက်ဆုံး တိုက်ခိုက်ခွင့်တောင် မရှိတော့ဘူးလား’

ယွီဖုန်းရှန်း ရုတ်တရက် မျှော်လင့်ချက် ကင်းမဲ့သွားသည်ဟု ခံစားလိုက်ရသည်။

"ရွှစ်..."

"ခွပ်..."

သို့သော် ထိုအချိန်တွင် လေတိုးသံ တစ်ခုနှင့် ကွဲအက်သံ တစ်ခု တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

သူမ၏ လည်ပင်းကို ညှစ်ထားသော မျိုးရိုးဗီဇ ပြုပြင်ထားသူ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး၊ ခေါင်းနောက်ဘက်မှ သွေးများ ပန်းထွက်လာသည်။ ထို့နောက် သူ၏ မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားပြီး၊ သူမ၏ လည်ပင်းကို လွှတ်ပေးလိုက်ကာ တည့်တည့်မတ်မတ် လဲကျသွားတော့သည်။

All Chapters