အခန်း (၁၁၇၄-၁၁၇၆)
Vol. 79 Ch. 1174-1176
အခန်း (၁၁၇၄) - စိတ်ပျက်လက်ပျက် ထွက်ခွာခြင်း
ထိုစကားများသည် ပြောင်ပြောင်တင်းတင်း ရန်စလိုက်ခြင်းပင် ဖြစ်သည်။ ယန်မေ့ရှု၏ မျက်နှာထားသည်လည်း အနည်းငယ် မှေးမှိန်သွားသည်။
အမှန်ပင်။ ဤရွှယ်အန်းသည် အသွင်အပြင်မှစ၍ အမူအရာအထိ နေရာတိုင်းတွင် ထူးချွန်သူဖြစ်ပြီး ထို့ကြောင့်ပင် သူမ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝေခွဲမရသည့် တစ်ခုတည်းသော အရာမှာ သူ၏ ကျင့်ကြံခြင်းအဆင့်'ဖြစ်သည်။ ဤခရီးစဉ်တစ်လျှောက်လုံးတွင် ယန်မေ့ရှုသည် အကြိမ်ကြိမ် စမ်းသပ်ကြည့်ခဲ့သော်လည်း ရွှယ်အန်းထံ၌ မည်သည့် ကျင့်ကြံခြင်း စွမ်းအားကိုမျှ ရှာမတွေ့ခဲ့ပေ။ ဤအချက်က သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုအချို့ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် သူမသည် လျင်မြန်စွာပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ရေခဲတမျှ အေးစက်သော မျက်နှာထားဖြင့် ဟယ်ချွင်းထိုင်ကို ပြောလိုက်သည်။
"မစ္စတာဟယ်... ငါ့ကိစ္စတွေက နင်နဲ့ ဘာမှ မဆိုင်ဘူး၊ နင် ဆက်ပြီး ပေါက်ကရတွေ ပြောနေမယ်ဆိုရင် ငါပြန်ရောက်တာနဲ့ အဖေ့ကိုပြောပြီး နင့်ကို ချက်ချင်း နှင်ထုတ်ခိုင်းမယ်ဆိုတာ မှတ်ထားပါ"
ထိုစကားကို ကြားသောအခါ ဟယ်ချွင်းထိုင်သည် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း နာခံစွာပင် ပါးစပ်ပိတ်လိုက်သည်။ ထို့နောက် ရွှယ်အန်းကို စူးရဲစွာ စိုက်ကြည့်ပြီးမှ မြင်းကို လှည့်ကာ မည်သူ့ကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် ထွက်ခွာသွားသည်။ သူထွက်သွားပြီးနောက် ယန်မေ့ရှုသည် ရွှယ်အန်းဘက်သို့ လှည့်ကာ အားနာသည့် အပြုံးဖြင့် ပြောလိုက်သည်။
"အစ်ကိုရွှယ်... တကယ်ပဲ တောင်းပန်ပါတယ်၊ ဒီ ဟယ်ချွင်းထိုင်က အမြဲတမ်း ဒီလိုပါပဲ၊ သူ့ကို အပြစ်မယူပါနဲ့"
ရွှယ်အန်းသည် ထွက်ခွာသွားသော ဟယ်ချွင်းထိုင်ကို တစ်ချက်ကြည့်လိုက်ပြီး အသာအယာ ပြုံးလိုက်သည်။
"ရပါတယ် စကားနည်းနည်းပါပဲ၊ ကျွန်တော်က အဲဒီလောက် သဘောထား သေးသိမ်တဲ့သူ မဟုတ်ပါဘူး"
ရွှယ်အန်း၏ တုံ့ပြန်မှုကို မြင်သောအခါ မျှော်လင့်ထားပြီး ဖြစ်သော်လည်း ယန်မေ့ရှုသည် သူမ၏ မျက်လုံးထဲမှ စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ ဤနတ်ဘုရားနယ်ပယ်တွင် အသန်မာဆုံးသူသာ ရှင်သန်နိုင်ခြင်းသည် ကောင်းကင်တာအို၏ သဘောတရား ဖြစ်သည်။ အထူးသဖြင့် အမျိုးသားများအတွက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေလျှင်ပင် မလျှော့သော ဇွဲလုံ့လ စိတ်ဓာတ်တော့ ရှိရပေမည်။ ထို့ကြောင့် ပုံမှန် တုံ့ပြန်မှုအရဆိုလျှင် ရွှယ်အန်းသည် ဟယ်ချွင်းထိုင်၏ စကားများအပေါ် ဒေါသထွက်သင့်သည်။
ယခုကဲ့သို့ ပေါ့ပေါ့ပါးပါး သဘောထားလိုက်ခြင်းက သူ့ကို သူရဲဘောကြောင်သူ တစ်ယောက်ကဲ့သို့ ထင်ရစေသည်။ သို့သော် ချက်ချင်းပင် သူမ ပုံမှန်အတိုင်း ပြန်နေလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ ဒါဆိုရင် ရှင် ကျွန်မတို့ ကုန်သည်အဖွဲ့နောက်ကနေ မြို့ထဲကို လိုက်ခဲ့လိုက်ပါ"
ထိုသို့ ပြောပြီးနောက် သူမသည် မြင်းကို ဒုန်းစိုင်းနှင်ကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။ ယန်မေ့ရှုနှင့် သူမ၏ လူများ ထွက်သွားသည်နှင့် တပြိုင်နက် အန်းယန်၏ ကျီစယ်သလို အသံလေးသည် ရွှယ်အန်း၏ စိတ်အာရုံပင်လယ်ထဲသို့ ဝင်ရောက်လာသည်။
"ကျစ် ကျစ်... နောက်ထပ် မိန်းမပျိုလေးတစ်ယောက် ကျရှုံးသွားပြန်ပြီ၊ ယောင်္ကျားရေ... ရှင် အောင်မြင်မှု ခံစားချက်လေး မရဘူးလား"
သူမ၏ စကားများထဲတွင် သဝန်တိုစိတ်များ လျှံကျလုမတတ် ဖြစ်နေသည်။ ရွှယ်အန်းသည် ရယ်ရမလို ငိုရမလို ခံစားလိုက်ရသည်။
"ယန်အာ... မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ၊ လမ်းတစ်လျှောက်လုံး မင်းအကုန် မြင်နေတာပဲ၊ ကိုယ် ဘာမှ မလုပ်ခဲ့ပါဘူး၊ ပြီးတော့ မိန်းကလေးယန်နဲ့လည်း ကိုယ် အကွာအဝေး တစ်ခု ထားပြီး နေခဲ့တာပါ"
"ဟီးဟီး... ယောင်္ကျားက ဘာလို့ အသည်းအသန် ရှင်းပြနေတာလဲ၊ ကျွန်မ စိတ်မဆိုးပါဘူး၊ ပြောင်းပြန်တောင် ဖြစ်နေသေးတယ်၊ ကျွန်မက တော်တော်လေး ပျော်နေတာ... ဘာပဲဖြစ်ဖြစ် ကျွန်မ ယောင်္ကျားကို မိန်းကလေးတွေ အများကြီးက သဘောကျနေကြတယ် ဆိုတော့ ကျွန်မ ယောင်္ကျား ဘယ်လောက် ထူးချွန်လဲ ဆိုတာ ပြနေတာ မဟုတ်ဘူးလား"
အန်းယန်၏ တခစ်ခစ် ရယ်သံလေးသည် သူ့ စိတ်အာရုံပင်လယ်ထဲမှ ထွက်ပေါ်လာသည်။
"တကယ်လား၊ မင်း တကယ်ပဲ ပျော်နေတာလား"
ရွှယ်အန်းသည် အံ့သြစွာ မေးလိုက်သည်။
အန်းရန်: "…."
ထို့နောက် သူမ ဒေါသတကြီး အော်ပြောလိုက်သည်။
"ရှင်က တကယ့် အရူးကြီးပဲ၊ ကျွန်မက ဒီတိုင်း ပါးစပ်ထဲ ရှိရာ ပြောလိုက်တာကို ရှင်က တကယ် အတည်ယူနေတယ်ပေါ့"
သူမ၏ အသံမှာ ကျယ်လောင်လွန်းသဖြင့် ရွှယ်အန်း၏ စိတ်အာရုံပင်လယ်ကိုပင် တုန်ခါသွားစေသည်။ ရွှယ်အန်း အနည်းငယ် ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် မင်းပဲ ပျော်တယ်ဆို"
"ကျွန်မ ပြောလိုက်ရုံနဲ့ တကယ် ပျော်နေတယ်လို့ ရှင်ထင်နေတာလား၊ ရှင်က တကယ့်ကို ဘာမှ နားမလည်တဲ့ သစ်တုံးကြီးပဲ"
အန်းယန်က မုန်းတီးစွာ ပြောလိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် အနည်းငယ် နစ်နာသလို ပုံစံပင် ပေါက်နေသည်။
"ဒါပေမယ့် မင်းပဲ ဂုဏ်ယူတယ်၊ ပျော်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာလေ"
အန်း?န်: "…."
ရွှယ်အန်းသည် အန်းယန် ပေါက်ကွဲတော့မည့် လက္ခဏာများကို မြင်လိုက်ရသဖြင့် အလျင်အမြန် ရယ်မောလိုက်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ ယန်အာရာ၊ စိတ်မဆိုးပါနဲ့တော့၊ ကိုယ်က ခုနက မင်းကို စလိုက်တာပါ"
"ဟွန့်"
အန်းရန်က နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏ ဒေါသ မပြေပျောက်သေးပေ။
သေချာသည်မှာ သူတို့နှစ်ဦးကြား ပြောဆိုမှုအားလုံးကို နတ်ဘုရား စိတ်အာရုံဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သဖြင့် ပြင်ပလူများ လုံးဝ သတိမထားမိကြပေ။ ရွှယ်အန်းသည်လည်း အလုပ်မအားဘဲ နေနေသည် မဟုတ်ပေ။ သူသည် မြို့စွန်သို့ ဦးတည်သွားနေသော ကုန်သည်အဖွဲ့၏ နောက်မှ တစ်လှမ်းချင်း လိုက်ပါလာခဲ့သည်။
ဤကုန်သည်အဖွဲ့တွင် သူတစ်ယောက်တည်းသာ စီးစရာ အကောင်မရှိဘဲ ခရီးစဉ်တစ်ခုလုံးကို ခြေကျင်လျှောက်လာရသူ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် လူများစွာသည် ရွှယ်အန်းကို ထူးဆန်းသော၊ သနားစရာကောင်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
သို့သော် လမ်းတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြသည်။ မိန်းကလေး ယန်မေ့ရှု၏ ရွှယ်အန်းအပေါ် အထူးတလည် ဆက်ဆံမှုများကို အားလုံး သိကြသည်။ သို့သော် ဟယ်ချွင်းထိုင် ပြောခဲ့သလိုပင် ငွေကြေးလည်းမရှိ၊ ကျင့်ကြံခြင်းအဆင့်လည်း မရှိသော ရွှယ်အန်းကဲ့သို့ လူတစ်ယောက်သည် ယန်မိသားစု၏ အစိတ်အပိုင်း ဘယ်တော့မှ ဖြစ်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူအများအပြားသည် ပြက်လုံးတစ်ခုကို စောင့်ကြည့်သကဲ့သို့ ရွှယ်အန်းကို ကြည့်နေကြသည်။
သို့သော်ငြားလည်း ဤထူးဆန်းသော အကြည့်များသည် ရွှယ်အန်းအတွက် ဘာမှ အရေးမပါသလို သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးတစ်ပင်စာလောက်တောင် တန်ဖိုးမရှိပေ။ သူ့ကို ထပ်ခါတလဲလဲ ရန်စနေသော ဟယ်ချွငခးထိုင်ကို ဆုံးမရန်ပင် သူ စိတ်မဝင်စားခဲ့ချေ။ ဟယ်ချွင်းထိုင်၏ လုပ်ရပ်များကို ဉာဏ်ရည်မမီသော ကလေးတစ်ယောက်အား ကြည့်သည့် စိတ်ရှည်သော အကြည့်မျိုးဖြင့်သာ ကြည့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းအတွက် ထိုကဲ့သို့သော လူမျိုးသည် သူ့ကို လက်တစ်ဖက် ကြွလာအောင် လုပ်ရန်ပင် အရည်အချင်း မရှိသောကြောင့် ဖြစ်သည်။
သို့သော် သူ၏ တွေးခေါ်ပုံက အန်းယန် သည်းခံနိုင်သည်ဟု မဆိုလိုပေ။ အမှန်တကယ်တော့ ရွှယ်အန်းသာ မှော်ရတနာဆောင်ကို ချိတ်ပိတ်ပြီး အန်းယန် ဝင်ထွက်သွားလာခြင်း မပြုနိုင်အောင် တားဆီးမထားခဲ့လျှင် ဟယ်ချွင်းထိုင် ပထမဆုံးအကြိမ် မာနထောင်လွှားစွာ ပြောဆိုလာကတည်းက အန်းယန် ပေါက်ကွဲထွက်လာပြီး ပန်းများ အဘယ့်ကြောင့် ထိုလောက်တောင် နီရဲနေရသလဲ ဆိုတာကို ၎င်းအား ပြသမိမည်မှာ သေချာသည်။ အန်းယန်၏ မျက်လုံးထဲတွင် သူမ၏ ယောင်္ကျားကို ဆူပူကြိမ်းမောင်းပိုင်ခွင့် သူမ၌သာ ရှိသည်။ အခြား မည်သူမျှ မထိုက်တန်ပေ။
ထို့ကြောင့် သူမသည် ရွှယ်အန်း၏ ထူးဆန်းသော ဂရုမစိုက်မှုကို အနည်းငယ် နားမလည်နိုင် ဖြစ်နေပြီး မေးမြန်းလိုက်သည်။
"ယောင်္ကျား... ဒီတစ်ခါ ရှင် ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ထားရတာလဲ"
ရွှယ်အန်း ပြုံးလိုက်ပြီး မလှမ်းမကမ်းရှိ မြို့စွန်ကို မော့ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"ယန်အာ... မင်း နားမလည်ပါဘူး၊ ကိုယ့်ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် လီဟန်ကောင်းကင်ဘုံထဲကို တန်းပြီး ဝင်သွားလိုက်တာနဲ့ ဒီက ကောင်းကင်တာအို ဥပဒေသတွေရဲ့ ထောက်လှမ်းမှုကို ခံရပြီး ဖိနှိပ်ချုပ်ချယ်တာ ခံရလိမ့်မယ်"
"ဖိနှိပ်ချုပ်ချယ်တာလား"
အန်းယန်သည် အနည်းငယ် ကြောင်အသွားသည်။
"ဒါပေါ့၊ ဖိနှိပ်ခံရရုံ သက်သက်ဆိုရင် ပြဿနာ မရှိပါဘူး၊ အဓိကအချက်က လီဟန်ကောင်းကင်ဘုံကို လီဟန်သခင် ထိန်းချုပ်ထားတာ နှစ်သောင်းချီနေပြီ.၊ သူ့ရဲ့ နတ်ဘုရား စိတ်အာရုံက ဒီနေရာက ကောင်းကင်တာအိုရဲ့ အလိုဆန္ဒနဲ့ ခွဲခြားမရအောင် ဖြစ်နေပြီ၊ ဒါကြောင့် ကိုယ့်ရဲ့ မူလပုံစံအစစ်နဲ့ ပေါ်လာခဲ့ရင် သူ ချက်ချင်း သိသွားလိမ့်မယ်"
"အဲဒီကျရင် သူဖမ်းထားတဲ့ ဟွာမျိုးနွယ်နတ်ဘုရားကို ကယ်တင်ဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်"
ရွှယ်အန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် အန်းရန် ရုတ်တရက် နားလည်သွားပြီး စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
"ဒါပေမယ့် ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ထုတ်မသုံးနိုင်ရင် ရှေ့က ကြောက်စရာကောင်းတဲ့ ရန်သူတွေကို ဘယ်လို ရင်ဆိုင်မှာလဲ" ရွှယ်အန်းက ပြုံးလိုက်သည်။ သူ၏ အကြည့်များသည် ရှေ့ရှိ မြို့ကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ရှိပြီး အေးဆေးစွာ ပြောလိုက်သည်။
"ကိုယ့်ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ဒီနယ်ပယ်ထဲက နတ်ဘုရား အများစုကို သုတ်သင်ဖို့ ကျင့်ကြံခြင်းအဆင့်ကို သုံးစရာတောင် မလိုပါဘူး၊ ပြီးတော့ လီဟန်ကောင်းကင်ဘုံက ကိုယ်တို့ရဲ့ တာ၀န်မကြာခင် ပြီးဆုံးတော့မယ်လို့ ကိုယ် ခံစားနေရတယ်"
သူ၏ စကားများတွင် ယုံကြည်မှုများ ပြည့်နှက်နေသဖြင့် အန်းယန် ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ယောင်္ကျား... ရှင် နိုင်ဖို့ ခက်ခဲနေရင် ကျွန်မကို လွှတ်ပေးလိုက်နော်၊ ကျွန်မက ရှင့်ရဲ့ လျှို့ဝှက်လက်နက် ဖြစ်လာပေးမယ်"
ရွှယ်အန်း အသာအယာ ရယ်မောလိုက်သည်။
"သေချာတာပေါ့ ယန်အာက တကယ်ပဲ ကိုယ့်ရဲ့ အစွမ်းအထက်ဆုံး လက်နက်ပါ"
ထိုအချိန်တွင် ကြီးမားသော ကုန်သည်အဖွဲ့သည် မြို့စွန်သို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ၎င်း၏ ကြီးကျယ်ခမ်းနားသော အတိုင်းအတာက မြို့သူမြို့သားများ၏ အာရုံစိုက်မှုနှင့် ကြည့်ရှုမှုများကို ဆွဲဆောင်လျက် ရှိသည်။
"ယန်မိသားစုပဲ၊ ယန်မိသားစုရဲ့ ကုန်သည်အဖွဲ့ ရောက်လာပြီ"
"ဟား... နတ်ဘုရားနယ်ပယ်ရဲ့ ထိပ်တန်း ကုန်သည်မိသားစုနဲ့ တကယ် လိုက်ဖက်ပါပေတယ်၊ သူတို့ ကုန်သည်အဖွဲ့ရဲ့ အတိုင်းအတာက အံ့မခန်းပဲ"
လူအုပ်ကြီးက သူတို့၏ လေးစားမှုကို ဖော်ပြနေကြပြီး မြို့စားအိမ်တော်အတွင်း၌ ပျော်ပါးနေသော ချီယုသည်လည်း ရောက်ရှိလာသူများကို အာရုံခံမိလိုက်သည်။ သူ ခေတ္တမျှ ရပ်တန့်ပြီးနောက် သူ၏ နတ်ဘုရား စိတ်အာရုံသည် ကုန်သည်အဖွဲ့ရှိ လူတစ်ဦးချင်းစီအပေါ် ဖြတ်သန်း စစ်ဆေးလိုက်သည်။ သို့သော် သူ မူမမှန်သည့် အရာ တစ်ခုမျှ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် သူသည် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အရေးတယူ မလုပ်တော့ပေ။
သို့သော် သူ မသိလိုက်သည့် အရာမှာ သူ၏ နတ်ဘုရား စိတ်အာရုံ လူအုပ်ခေါင်းပေါ်မှ ဖြတ်ကျော်သွားချိန်တွင် ရွှယ်အန်း၏ မျက်လုံးထဲ၌ အလင်းရောင် တစ်ချက် လက်သွားပြီးနောက် မျက်နှာထား ပိုမို အေးစက်သွားခြင်းပင် ဖြစ်သည်။
"ဒါက တကယ်ပဲ ဟွာမျိုးနွယ်စု နတ်ဘုရားရဲ့ အရှိန်အဝါပဲ၊ နေဦး... ဒါက အတုလုပ်ပြီး ကူးထားတာကြီး”
အခန်း (၁၁၇၅) - ဧည့်ခံပွဲနှင့် ညအလင်းရောင် ကျောက်စိမ်းခြင်္သေ့
ယန်မေ့ရှု ပြောခဲ့သလိုပင် ယန်မိသားစုသည် ဤနယ်စပ်မြို့တွင် ကြီးမားသော လုပ်ငန်းများကို ပိုင်ဆိုင်ထားပြီး ဤကုန်သည်အဖွဲ့တစ်ခုလုံးကို နေရာချထားပေးရန် လုံလောက်သည်ထက် ပိုနေသေးသည်။ ရွှယ်အန်းသည်လည်း သဘာဝကျစွာပင် ကုန်သည်အဖွဲ့နှင့်အတူ တည်းခိုခဲ့သည်။ သို့သော် ယခုအချိန်တွင် သူသည် အခြားလူတိုင်း၏ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ လျစ်လျူရှုခြင်းကို ခံနေရပုံ ပေါက်နေသည်။ ယန်မေ့ရှုမှာမူ လက်ရှိတွင် ကုန်သည်အဖွဲ့၏ ကိစ္စရပ်များကို အလုပ်ရှုပ်စွာ ကိုင်တွယ်ဖြေရှင်းနေရသဖြင့် ရွှယ်အန်းကို ဂရုစိုက်ရန် အချိန်မရှိပေ။
သို့သော် ရွှယ်အန်းက ဤကိစ္စကို စိတ်ထဲမထားပေ။ သူ စိတ်ဝင်စားနေသည့်အရာမှာ သူ မြို့ထဲသို့ စဝင်လာစဉ်က သူ့ကို စူးစမ်းခဲ့သည့် နတ်ဘုရား စိတ်အာရုံပင် ဖြစ်သည်။ သူသည် ထိုအရာနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း မပြုခဲ့သော်လည်း ဤနတ်ဘုရား စိတ်အာရုံထဲတွင် ပါဝင်သော အရှိန်အဝါသည် ဟွာမျိုးနွယ် ပိုင်ဆိုင်ကြောင်း ရွှယ်အန်း ရှင်းလင်းစွာ ခံစားမိလိုက်သည်။
သို့သော် ဤအရှိန်အဝါသည် အနည်းငယ် ထူးဆန်းနေသည်။ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အတုလုပ်ပြီး ကူးယယထားသကဲ့သို့ ဖြစ်နေသည်။ ဤအချက်က ရွှယ်အန်း၏ စိတ်နှလုံးကို တဖြည်းဖြည်း လေးလံသွားစေသည်။ အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် လီဟန်သခင် ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ဟွာမျိုးနွယ်စု နတ်ဘုရား၏ လက်ရှိအခြေအနေသည် လုံးဝ ကောင်းမွန်မည့်ပုံ မပေါ်ပေ။ ဤအချက်က ရွှယ်အန်း၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များကို တိုးပွားလာစေသည်။
တစ်ချိန်တည်းမှာပင် ယန်မေ့ရှုသည်လည်း နယ်စပ်မြို့နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ပြီးမြောက်သွားပြီ ဖြစ်သည်။ ယန်မိသားစု ကုန်သည်အဖွဲ့မှ သယ်ဆောင်လာသော ကုန်ပစ္စည်းများသည် ပုံမှန်ထက် အဆများစွာ ပိုများသောကြောင့် ဒုတိယသခင်မ ဇွေ့မန်ပင်လျှင် ဤကိစ္စကို အလွန်စိတ်ဝင်စားခဲ့ပြီး အရောင်းအဝယ် ကိစ္စများကို ကိုယ်တိုင် ကိုင်တွယ်ရန် အိမ်တော်ထိန်း ယုယန်ကို စေလွှတ်ခဲ့သည်။
ကိစ္စအားလုံး အောင်မြင်စွာ ပြီးဆုံးသွားသောအခါ ယန်မေ့ရှု သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ သူမ ကိုယ်တိုင် စီမံခန့်ခွဲခဲ့သော ဤကုန်သွယ်ရေးခရီးစဉ်သည် ပြီးပြည့်စုံသော နိဂုံးချုပ်ခြင်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ နောက်တစ်ဆင့်မှာ ထုံးစံအရ ကုန်သည်အဖွဲ့၏ အပန်းဖြေချိန် ဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တွင် အနည်းငယ် ကွာခြားမှု ရှိသည်။
ယုယန်က ပြုံးလျက် ပြောလိုက်သည်။
"မိန်းကလေးယန်... ဒီတစ်ခါမှာ မိန်းကလေးက ဒီကုန်သွယ်ရေးလမ်းကြောင်းအတွက် ယန်မိသားစုကို ကိုယ်စားပြုပြီး ပထမဆုံးအကြိမ် လာရောက်တာ ဖြစ်ပါတယ်၊ ဒါကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျွန်တော်တို့ သခင်မက မိန်းကလေးအတွက် ဒီည ဧည့်ခံပွဲလေး တစ်ခုကို အထူးစီစဉ်ပေးထားပါတယ်၊ ကျွန်တော်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ဖော်ပြတဲ့ အနေနဲ့ ဂုဏ်ပြုတက်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်"
ဤစကားများသည် အလွန်ယဉ်ကျေးပြီး ယန်မေ့ရှုသာမက ယန်မိသားစုကိုပါ လုံလောက်သော လေးစားမှု ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယန်မေ့ရှုသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အိမ်တော်ထိန်းယု... ရှင်က ယဉ်ကျေးလွန်းပါပြီ၊ ကျေးဇူးပြုပြီး သခင်မကို ပြန်ပြောပေးပါ... ဒီည ကျွန်မ သေချာပေါက် လာခဲ့ပါ့မယ်လို့"
ယုယန်က ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားသည်။ ယန်မေ့ရှု တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အပြင်ပန်းတွင် အလွန် ရိုးရှင်းပုံရသော ယုယန်ကို သူမ အလွန် သတိထား ဆက်ဆံနေရသည်။ သူမ မထွက်ခွာမီက ယန်မိသားစု ခေါင်းဆောင်ဖြစ်သော သူမ၏ ဖခင်ကိုယ်တိုင် သတိပေးခဲ့ဖူးသည်။ ဒီနယ်စပ်မြို့မှာ ဒုတိယသခင်မကို ပြစ်မှားမိရင်တောင် အိမ်တော်ထိန်းယုကိုတော့ မထိပါးမိစေနဲ့ ဟူ၍ ဖြစ်သည်။
ယခုအခါ သူမ၏ ကုန်သွယ်ရေး တာဝန် ပြီးပြည့်စုံစွာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဤည ဧည့်ခံပွဲပြီးလျှင် မနက်ဖြန် အိမ်ပြန်နိုင်ပြီ ဖြစ်သည်။ ယန်မေ့ရှု စဉ်းစားလေ စိတ်လှုပ်ရှားလေ ဖြစ်လာပြီး ဤည ဧည့်ခံပွဲကို မမျှော်လင့်ဘဲ မနေနိုင်တော့ပေ။
သို့သော် သူမ ဘယ်သူ့ကို ခေါ်သွားသင့်သနည်း။ ယန်မေ့ရှု တွေဝေသွားသည်။ သို့သော် မကြာမီ သူမ ဆုံးဖြတ်ချက် ချလိုက်သည်။ တည်းခိုရာသို့ ပြန်ရောက်သည်နှင့် သူမသည် ရွှယ်အန်း နေထိုင်ရာ ဝင်းထဲသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
"ဧည့်ခံပွဲလား"
ရွှယ်အန်း ကြားလိုက်ရသဖြင့် အနည်းငယ် အံ့သြသွားသည်။ ယန်မေ့ရှုက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဒီတစ်ခါပွဲက နယ်စပ်မြို့ရဲ့ အာဏာရှင်အစစ် ဖြစ်တဲ့ ဒုတိယသခင်မ ကိုယ်တိုင် စီစဉ်တဲ့ပွဲပဲ။ ဒါပေမယ့် ကျွန်မနဲ့အတူလိုက်ဖို့ အမျိုးသားအဖော် တစ်ယောက်မှ မရှိလို့၊ ရှင် လိုက်ခဲ့ပေးမယ်လို့ မျှော်လင့်ပါတယ်"
ရွှယ်အန်း စကားမပြောနိုင်မီ သူ၏ စိတ်အာရုံပင်လယ်'အတွင်းမှ အန်းယန်၏ အေးစက်သော နှာမှုတ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ ရွှယ်အန်းကို လန့်သွားစေပြီးနောက် သူ အနည်းငယ် ပြုံးလိုက်သည်။
"ကြားရလို့တော့ ကောင်းသားပဲ၊ ဒါပေမယ့် မင်းမှာ ဝမ်းကွဲအစ်ကို ရှိတယ် မဟုတ်လား၊ သူက ဘာလို့ မလိုက်တာလဲ"
ယန်မေ့ရှု ခေါင်းခါလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ကျွန်မ သူ့ကို တကယ် မကြိုက်ဘူး"
"ဒါဆို မင်း ကျွန်တော့်ကိုတော့ မမုန်းဘူးပေါ့"
ရွှယ်အန်းက ပြုံးသဲ့သဲ့ဖြင့် မေးလိုက်သည်။ ယန်မေ့ရှုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဟင့်အင်း... ရှင့်ကို မမုန်းပါဘူး"
ရွှယ်အန်းသည် ယန်မေ့ရှုကို ခေတ္တမျှ တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် အဆုံးတွင် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို ကျွန်တော် မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်"
ယန်မေ့ရှု၏ မျက်လုံးများ ဝမ်းသာမှုကြောင့် တောက်ပသွားပြီး အားတက်သရော ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ အဲဒီလိုဆိုရင် ဒီည ရှင့်ကို လာခေါ်ပါမယ်"
ထိုသို့ ပြောပြီးနောက် ယန်မေ့ရှုသည် တက်ကြွစွာဖြင့် လှည့်ထွက်သွားသည်။ သူမ ထွက်သွားသည်နှင့် တပြိုင်နက် ရှာလကာရည်ပုလင်း မှောက်ကျသွားသကဲ့သို့ သဝန်တိုစိတ် ဖြစ်နေသော အန်းယန်က စူးရှသော လေသံဖြင့် မှတ်ချက်ပေးလာသည်။
"ကျစ် ကျစ်... ဧည့်ခံပွဲတောင် အဆင်သင့် ဖြစ်နေပြီပေါ့"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကဲပါ ာန်အာရာ... မင်း မပျော်ဘူးဆိုတာ ကိုယ် သိပါတယ်၊ ဒါပေမယ့် ဒီဧည့်ခံပွဲက ပျော်ဖို့ သက်သက် မဟုတ်ပါဘူး"
"ဒါဆို ဘာအတွက်လဲ၊ တကယ်ပဲ မိန်းကလေးယန် အတွက်လား"
ရွှယ်အန်း၏ အပြုံး အနည်းငယ် မှေးမှိန်သွားပြီး ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"ဒီ ယန်မေ့ရှုက အရမ်း ငယ်ပါသေးတယ်၊ သူမရဲ့ သေးငယ်တဲ့ အင်အားလောက်နဲ့ လီဟတ်ကောင်းကင်ဘုံက နတ်ဘုရားတွေရဲ့ အာရုံစိုက်မှုကို ရနိုင်မယ်လို့ တကယ် ထင်နေတာလား"
"ဒီနတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာ အင်အားကသာ အဓိကပဲ၊ ကျန်တာတွေ အားလုံးက အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ"
အန်းရန် အံ့သြသွားသည်။
"ယောင်္ကျား... ရှင် ဆိုလိုတာက..."
"ဒီဧည့်ခံပွဲက ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ သိသာတယ်၊ မမျှော်လင့်ထားတဲ့ လူတချို့ ပေါ်လာဖို့ အခွင့်အလမ်း များတယ်၊ ကိုယ်က လီဟနခကောင်းကင်ဘုံက နတ်ဘုရားတွေ ဘယ်လိုပုံစံလဲ ဆိုတာ သိရအောင် သူမနောက်ကို လိုက်သွားမလို့"
ရွှယ်အန်း၏ ရည်ရွယ်ချက်ကို ကြားရသောအခါ အန်းယန် အဆုံးတွင် နားလည်သွားပြီး နောင်တရစွာဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ် ယောင်္ကျား၊ ကျွန်မ ရှင့်ကို အထင်လွဲသွားတယ်"
ရွှယ်အန်းက ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည်။
"ကိုယ်တို့ကြားမှာ တောင်းပန်စကား ပြောဖို့ လိုလို့လား၊ တကယ်တော့ ကိုယ်က အားနေတာဆိုတော့ မိန်းကလေးယန်နဲ့ လိုက်သွားပြီး ကိုယ်တိုင် လေ့လာကြည့်ချင်တာပါ"
အန်းရန်: "…."
ထို့နောက် သူမ ဒေါသတကြီး ပြောလိုက်သည်။
"ရှင် ရဲရဲလုပ်ကြည့်လေ"
ရွှယ်အန်းသည် အားရပါးရ ရယ်မောလိုက်သည်။
"ကိုယ် လုပ်ရဲလား မလုပ်ရဲလား ခန့်မှန်းကြည့်လေ"
ရွှယ်အန်းနှင့် အန်းရန်တို့ ကျီစယ်နေကြစဉ်တွင်... ဟယ်ချွင်းထိုင်သည်လည်း ယုယန်ထံမှ ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့သည်။ အစပိုင်းတွင် ဟယ်ချွင်းထိုင် သဘောမပေါက်သော်လည်း သေချာ ဖတ်ကြည့်ပြီးနောက် မပြုံးဘဲ မနေနိုင်တော့ပေ။ ယုယန်၏ ဖိတ်စာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်မှာ ယန်မိသားစု၏ စီးပွားရေးအဖွဲ့ကို နာမည်ခံအားဖြင့် ယန်မေ့ရှု ဦးဆောင်သည် ဆိုသော်လည်း ကိစ္စရပ်များစွာအတွက် ဂုဏ်ပြုထိုက်သူမှာ ဟယ်ချွင်းထိုင် ဖြစ်ကြောင်း၊ ထို့ကြောင့် သူ့ကို ဧည့်ခံပွဲသို့ တက်ရောက်စေလိုကြောင်း ပါရှိသည်။ ဤမြှောက်ပင့်စကားများသည် ဟယ်ချွင်းထိုင်ကို အလွန်အမင်း ဂုဏ်ယူဝင့်ကြွားသွားစေပြီး အိမ်တော်ထိန်းယုသည် အမှန်တကယ်ပင် လူကဲခတ်တော်ဖြစ်သည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူသည် စောစီးစွာ ပြင်ဆင်မှုများ စတင်တော့သည်။ မကြာမီ ညအချိန် ရောက်ရှိလာခဲ့သည်။
ယန်မေ့ရှုသည် ရွှယ်အန်းရှိရာသို့ အတူသွားရန် လာခေါ်သောအခါ သူမ မျက်စိကျိန်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ရွှယ်အန်းသည် သူ ဝတ်နေကျ အနက်ရောင် ဝတ်ရုံကို လဲလှယ်လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော အဖြူရောင် ဝတ်ရုံသစ်ကို ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။ ထိုပုံစံက သူ့ကို နတ်သားတစ်ပါးအလား ပို၍ သန့်ပြန့်ခန့်ညားနေစေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယန်မေ့ရှု၏ ရင်ထဲတွင် ဗရမ်းဗတာ လှုပ်ရှားသွားပြီး စကားပင် မပြောနိုင်တော့ပေ။ ရွှယ်အန်းကသာ အရင် စတင်ပြီး ပြုံးလျက် ပြောလိုက်သည်။
"မိန်းကလေးယန်... သွားကြမလား"
"အာ..."
ယန်မေ့ရှု အံ့သြမှင်သက်နေရာမှ သတိပြန်ဝင်လာပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်... ဟုတ်ကဲ့"
သဘာဝကျစွာပင် ဤတစ်ခေါက်တွင် သူမ ရွှယ်အန်းကို ခြေကျင်လျှောက်ခိုင်း၍ မဖြစ်ပေ။ ယန်မေ့ရှုသည် ရွှယ်အန်း စီးနင်းလိုက်ပါရန်အတွက် ညအလင်းရောင် ကျောက်စိမ်းခြင်္သေ့ကို အထူးတလည် ခေါ်ဆောင်လာခဲ့သည်။
သို့သော် ထိုကဲ့သို့သော နတ်ဘုရား သားရဲများသည် သဘာဝအားဖြင့် အလွန် မာနကြီးကြသည်။ လူအများစုသည် စီးနင်းရန် မဆိုထားနှင့် အနားသို့ပင် မကပ်နိုင်ကြပေ။ ရွှယ်အန်းသည် ကျင့်ကြံခြင်းအဆင့် မရှိသော လူတစ်ယောက် ဖြစ်နေသဖြင့် သူ ထပ်မံ ထိခိုက်နာကျင်ရမည်ကို ယန်မေ့ရှု စိုးရိမ်နေပြီး ကြိုတင် သတိပေးရန် ပြင်လိုက်သည်။
သို့သော် သူမ စကားမပြောနိုင်မီ ပုံမှန်အားဖြင့် ယန်မေ့ရှုကိုပင် ဂရုမစိုက်တတ်သော ညအလင်းရောင် ကျောက်စိမ်းခြင်္သေ့သည် ရွှယ်အန်းအနားသို့ လေးစားစွာ ကပ်သွားပြီး ဦးညွှတ်ကာ ယဉ်ကျေးစွာ ဝပ်ဆင်းပေးလိုက်သည်။
အခန်း (၁၁၇၆) - သွေးစွန်းခြင်းနှင့် အမှန်တကယ်ဖြစ်လာသော ထင်ကြေးများ
ရွှယ်အန်းသည် ပြုံးလိုက်ပြီး သားရဲပေါ်သို့ တန်းတက်လိုက်သည်။ ယန်မေ့ရှုပင်လျှင် အံ့သြမှင်သက်မသွားဘဲ မနေနိုင်တော့ပေ။ ဤ ညအလင်းရောင် ကျောက်စိမ်းခြင်္သေ့မှာ ဤမျှလောက် ယဉ်ပါးနေသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဘာတွေ ဖြစ်ကုန်တာလဲ?
ရွှယ်အန်းက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကို ခေါင်းငုံ့သွားစေနိုင်တဲ့ အထူးစွမ်းအားများ ရှိနေတာလား...
ယန်မေ့ရှု၏ ဇဝေဇဝါ ဖြစ်မှုကို အာရုံခံမိသဖြင့် ရွှယ်အန်းက သူမကို အသာအယာ ပြုံးပြလိုက်သည်။
"ဒီကောင်လေးက မဆိုးပါဘူး၊ အရမ်း လိမ်မာတာပဲ"
"အာ... ဟုတ်... ဟုတ်ကဲ့... တော်တော် လိမ်မာတယ်နော်"
ယန်မေ့ရှုသည် ကြောင်အအဖြင့် ပြန်ပြောလိုက်သည်။
"သွားကြစို့"
ရွှယ်အန်းက သူ၏ စီးတော်ယာဉ်ကို ပုတ်လိုက်ရာ ညအလင်းရောင် ကျောက်စိမ်းခြင်္သေ့သည် မှန်မှန်ပင် ရှေ့ဆက်လျှောက်သွားသည်။ ယန်မေ့ရှုသည် ရွှယ်အန်း၏ ကျောပြင်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး သူမ၏ သားရဲကို ဒုန်းစိုင်းနှင်ကာ သူ့နောက်သို့ လိုက်ပါသွားတော့သည်။
ယန်မိသားစု နေအိမ်နှင့် မြို့စားအိမ်တော်မှာ သိပ်မဝေးလှပေ။ လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်လောက်သာ စီးနင်းလိုက်ပါသွားရသည်။ သို့သော် မြို့စားအိမ်တော် အဝင်ဝသို့ ရောက်သောအခါ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ဟယ်ချွင်းထိုင်သည် အလွန်တောက်ပြောင်သော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်လျက် ဝိညာဉ်သားရဲ တစ်ကောင်ကို ခွစီးကာ ဂိတ်တံခါးဝတွင် ယန်မေ့ရှု ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ ယန်မေ့ရှု၏ ပုံရိပ်ကို မြင်လိုက်သည်နှင့် သူသည် စိတ်လှုပ်ရှားစွာ ပြေးဆင်းလာပြီး နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း သူမဘေးရှိ ရွှယ်အန်းကို ရုတ်တရက် မြင်လိုက်ရသည်။ ဤအချက်က ဟယ်ချွင်းထိုင်၏ မျက်နှာထားကို အလွန်အရုပ်ဆိုးသွားစေသည်။
"ညီမဝမ်းကွဲ... ဒီတစ်ခါ ဒုတိယသခင်မရဲ့ ဧည့်ခံပွဲကို သူပါ လိုက်လာတယ်ပေါ့"
ယန်မေ့ရှုသည်လည်း မကျေနပ်သော မျက်နှာထား ဖြစ်သွားသည်။ ဟယ်ချွင်းထိုင် ထိုနေရာတွင် ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမက စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။
"နင်က တာဝန်ရှိတဲ့သူလား၊ ပြီးတော့ နင်ကရော ဘာလို့ ဒီထိ လိုက်လာတာလဲ"
ဟယ်ချွင်းထိုင်က ကျေနပ်အားရစွာ ပြုံးလျက် ပြန်ဖြေသည်။
"ငါက ဒီတိုင်း လိုက်လာတာ မဟုတ်ဘူး၊ အိမ်တော်ထိန်း ကိုယ်တိုင်က ငါ့ကို ဧည့်ခံပွဲ တက်ရောက်ဖို့ ဖိတ်ထားတာ"
ထိုသို့ပြောပြီးနောက် ဟယ်ချွင်းထိုင်သည် သူ့လက်ထဲမှ ဖိတ်စာကို ယုံကြည်မှုရှိရှိဖြင့် ထုတ်ပြလိုက်သည်။ ယန်မေ့ရှု၏ မျက်နှာထား ချက်ချင်းပင် အလွန်ဆိုးရွားသွားသည်။ သူမက အရူးမဟုတ်ပေ။ ယုယန်၏ လုပ်ရပ်သည် ဒုတိယသခင်မ၏ အမိန့်ကြောင့်သာ ဖြစ်မည်မှာ သေချာသည်။ ထိုသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာကို ချိန်ခွင်လျှာ ညှိရန်အတွက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နယ်စပ်ရှိ မြို့တစ်မြို့အတွက် အင်အားတောင့်တင်းပြီး စည်းလုံးညီညွတ်သော ယန်မိသားစု ရှိနေခြင်းသည် သူတို့အတွက် အကျိုးမရှိပေ။
သို့သော် ယခုအချိန်တွင် သူမ လုပ်နိုင်တာ ဘာမှမရှိသဖြင့် အေးစက်စွာ နှာမှုတ်လိုက်ပြီး မြို့စားအိမ်တော် အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။ သူမက ရှေ့က ဦးဆောင်သွားပြီး ရွှယ်အန်းက နောက်မှ လိုက်ပါသွားသည်။ သို့သော် ထိုစဉ်မှာပင် ဟယ်ချွင်းထိုင်က လမ်းပိတ်ရပ်လိုက်ပြီး ရွှယ်အန်းကို မုန်းတီးစွာ ကြည့်လျက် လှောင်ပြောင်လိုက်သည်။
"ဟေ့ကောင်... ငါ့ညီမဝမ်းကွဲရဲ့ မျက်နှာသာပေးမှုကို ရရုံနဲ့ နင် ဘာဖြစ်လာမယ် ထင်နေတာလဲ၊ ငါပြောလိုက်မယ်၊ အချည်းနှီးပဲကွ၊ မေ့ရှုက ငါ့လို အင်အားကြီးတဲ့ ယောင်္ကျားနဲ့ပဲ ထိုက်တန်တာ... မင်းလိုကောင်အတွက်ကတော့ စိတ်ကူးယဉ် သက်သက်ပဲ"
ရွှယ်အန်းသည် သူ၏ ညအလင်းရောင် ကျောက်စိမ်းခြင်္သေ့ကို ရပ်တန့်လိုက်ပြီး ပြုံးသဲ့သဲ့ဖြင့် မေးလိုက်သည်။
"ခင်ဗျားလို အင်အားကြီးတဲ့ ယောင်္ကျား ဟုတ်လား"
ဟယ်ချွင်းထိုင်က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဒါကြောင့် ငါ မင်းကို ခင်မင်တဲ့အနေနဲ့ သတိပေးလိုက်မယ်၊ မင်းမှာ အသိဉာဏ်ရှိရင် ဒီနေရာကနေ အမြန်ထွက်ပြီး ဝေးနိုင်သမျှ ဝေးဝေး ပြေးတော့၊ မင်းဆက်ပြီး မှားယွင်းနေဦးမယ်ဆိုရင် သွေးသံရဲရဲ ဖြစ်သွားတဲ့အချိန်ကျမှ ငါသတိမပေးဘူးလို့ မပြောနဲ့"
ရွှယ်အန်းသည် ဟယ်ချွင်းထိုင်ကို စူးစမ်းလိုစိတ်ဖြင့် အထက်အောက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
"နားထောင်လို့တော့ ကောင်းသားပဲ၊ ဒါပေမယ့် အဲဒီစကားလုံးတွေက ခင်ဗျားအတွက် ပိုသင့်တော်မယ် ထင်တယ်"
"မင်း..."
ဟယ်ချွင်းထိုင်သည် ရွှယ်အန်းက ပြန်ပြောရဲလိမ့်မည်ဟု မထင်ထားသဖြင့် မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ရွှယ်အန်းက လက်ကို ဂရုမစိုက်သလို ဝှေ့ယမ်းလိုက်ပြီး ဟယ်ချွင်းထိုင်၏ စကားကို ဖြတ်ကာ အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော့် သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်၊ ဒါကြောင့် တစ်ခါပဲ သတိပေးမယ်၊ အခုကစပြီး ဝေးနိုင်သမျှ ဝေးဝေး ပြေးတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ခင်ဗျား ကြောက်လွန်းလို့ ငိုရတဲ့အထိ ဖြစ်လာတဲ့အခါ ကျွန်တော့်ကို အပြစ်မတင်နဲ့"
ရွှယ်အန်း၏ ပြန်လည် တုံ့ပြန်မှုကြောင့် ဟယ်ချွင်းထိုင် စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ ရွှယ်အန်းသည် သူ၏ သားရဲကို နှင်ကာ တည်ငြိမ်သော ပုံစံဖြင့် မြို့စားအိမ်တော် အတွင်းသို့ ဝင်ရောက်သွားသည်။ ရွှယ်အန်း၏ ပုံရိပ် ပျောက်ကွယ်သွားမှသာ ဟယ်ချွင်းထိုင် သတိပြန်ဝင်လာပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။
"ကျင့်ကြံခြင်းအဆင့်လည်း မရှိဘဲနဲ့ ဒီလောက် မာနကြီးရဲတယ်ပေါ့၊ ငါ့ကို ငိုအောင် မင်း ဘယ်လိုလုပ်မလဲ ဆိုတာ ကြည့်ချင်သေးတယ်"
ထိုသို့ ပြောပြီးနောက် သူသည်လည်း ဒေါသတကြီးဖြင့် မြို့စားအိမ်တော် အတွင်းသို့ လိုက်ပါသွားသည်။ ဤဧည့်ခံပွဲ၏ အတိုင်းအတာမှာ မကြီးမားလှပေ။ ယန်မေ့ရှုကို ကြိုဆိုပြီး ဇွေ့မန်မှ အထူး စီစဉ်ပေးထားသော လွတ်လပ်သည့် ညစာစားပွဲ တစ်ခုသာ ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား ဧည့်ခံပွဲ ခန်းမကြီးသည် တောက်ပစွာ လင်းထိန်နေသည်။ နယ်စပ်မြို့အတွင်းရှိ အဓိက အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များ တစ်ဖွဲဖွဲ ရောက်ရှိနေကြပြီ ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်း၊ ယန်မေ့ရှုနှင့် အခြားသူများ ခန်းမထဲသို့ ဝင်ရောက်လာသောအခါ တောက်ပသော မီးရောင်များနှင့် ပျော်ရွှင်မြူးထူးမှုများဖြင့် စည်ကားနေပြီ ဖြစ်သည်။ သခင်မ ဇွေ့မန် မရောက်ရှိလာသေးပဲ အိမ်တော်ထိန်းယုယန်သာ ဤနေရာရှိ အခြေအနေကို ဦးစီးနေသည်။
ခမ်းနားစွာ ဝတ်ဆင်ထားသော ယန်မေ့ရှုကို မြင်လိုက်ရသောအခါ လူတိုင်း ချက်ချင်း မျက်စိကျိန်းသွားကြသည်။ ဤသည်မှာ ယန်မိသားစု ကုန်သည်အဖွဲ့ရဲ့ တက်သစ်စ ကြယ်ပွင့်လေး ယန်မေ့ရှု ဖြစ်ရမည်ဟု အားလုံး နားလည်လိုက်ကြသည်။ ယန်မိသားစုသည် အသန်မာဆုံး မဟုတ်ကောင်း မဟုတ်နိုင်သော်လည်း သေချာပေါက် အချမ်းသာဆုံး ဖြစ်ကြသည်။ ထို့ကြောင့် ခန်းမထဲရှိ မျက်လုံးများအားလုံး သူမထံသို့ စုပြုံကျရောက်လာသည်။
ထိုအချိန်တွင် ယုယန်က ပြုံးလျက် ရှေ့တိုးလာပြီး ပြောလိုက်သည်။
"မိန်းကလေးယန်က တကယ်ပဲ နတ်ဘုရားမလေးလို ကျက်သရေရှိပြီး လှပတာပဲ၊ ကျေးဇူးပြုပြီး ဒီဘက်မှာ နေရာယူပါ"
ထိုသို့ ပြောပြီးနောက် သူသည် ယန်မေ့ရှုကို ထိပ်ဆုံး စားပွဲဝိုင်းဆီသို့ ဖိတ်ခေါ်လိုက်သည်။ ယန်မေ့ရှု အနည်းငယ် ကြောင်အသွားပြီး သူမဘေးရှိ ရွှယ်အန်းဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ ရွှယ်အန်းက အပြုံးဖြင့်သာ တုံ့ပြန်ပြီး ကြွပါဟူသော လက်ဟန်ခြေဟန် ပြလိုက်သည်။
ထိုအခါမှသာ ယန်မေ့ရှုသည် ယုယန်ဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီလိုဆိုရင်လည်း ကျွန်မကထု ထိုင်ခွင့်ပြုပါ"
ဤဖြစ်ရပ်မှာ ထူးခြားမှု မရှိသော်လည်း အကဲခတ်တော်သော လူအချို့သည် ယန်မေ့ရှုက ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည့် အခိုက်အတန့်ကို ဖမ်းမိလိုက်ကြပြီး အံ့သြမှုနှင့် သံသယများ ဖြစ်ပွားသွားကြသည်။ ဒီအဖြူရောင် ဝတ်စုံနှင့် လူငယ်က ဘယ်သူလဲ၊ ယန်မိသားစု မိန်းကလေးရဲ့ အလေးထားမှုကို သူက ဘာကြောင့် ရရှိထားတာလဲ...
ယုယန်သည်လည်း ရွှယ်အန်းကို အံ့သြစွာ တစ်ချက် ကြည့်လိုက်သော်လည်း ရွှယ်အန်းထံတွင် ကျင့်ကြံခြင်း စွမ်းအားအရှိန်အဝါ တစ်စက်မှ မတွေ့ရသောအခါ ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ယန်မေ့ရှုကို ခန်းမထဲရှိ မြင့်မားသော စင်မြင့်ထက်သို့ ခေါ်ဆောင်သွားတော့သည်။ ရွှယ်အန်းကို လေကဲ့သို့ သဘောထားလိုက်ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းက နောက်မှ ဝင်ရောက်လာသော ဟယ်ချွင်းထိုင်ကို စိတ်ထဲတွင် ကျေနပ်သွားစေပြီး ရွှယ်အန်းကို အေးစက်စွာ ပြုံးပြလိုက်ကာ ခန်းမထဲရှိ မြင့်မားသော စင်မြင့်ထက်သို့ မာနကြီးစွာ လျှောက်လှမ်းသွားတော့သည်။ ရွှယ်အန်းကမူ ပြုံးရုံသာ ပြုံးလိုက်ပြီး ဧည့်ခံပွဲ ခန်းမ၏ အစားအသောက် ဧရိယာသို့ သွားရောက်ကာ သူကြိုက်နှစ်သက်ရာများကို ရွေးချယ်ပြီး စတင် စားသောက်တော့သည်။
ဤအပြုအမူက အစပိုင်းတွင် ရွှယ်အန်းကို စူးစမ်းနေကြသော လူများစွာကို တိတ်တဆိတ် ခေါင်းခါသွားစေသည်။ ဤကဲ့သို့သော ဧည့်ခံပွဲများသည် မိတ်ဖွဲ့ရန်အတွက် ဖြစ်ပြီး မည်သူမျှ စားသောက်ရန် သက်သက် လာရောက်ကြခြင်း မဟုတ်ပေ။ လူငယ်လေးသည် ရုပ်ရည်ချောမောသော်လည်း လောကကြီးကို မမြင်ဖူးသော တောသားတစ်ယောက်နှင့် တူနေသည်။ ဤအချက်က အစပိုင်းတွင် စမ်းသပ်ကြည့်ချင်စိတ် ရှိနေကြသော အမျိုးသမီးပျိုလေးများကို စိတ်ပျက်သွားစေသည်။
သို့သော် ရွှယ်အန်းသည် ထိုအရာအားလုံးကို သတိမထားမိဘဲ ကိုယ့်ဘာသာကိုယ် ဆက်လက် စားသောက်နေသည်။ ထိုကဲ့သို့သော သဘောထားကြောင့် သူ့ကို ရံဖန်ရံခါ လှမ်းကြည့်နေသော ယန်မေ့ရှုကို စိတ်ပျက်မိသွားသည်။ သူမ၏ ယခင် အထင်အမြင်များက မှားယွင်းနေခဲ့ပြီး သူသည် ရုပ်ချောတာကလွဲလျှင် လုံးဝ အသုံးမကျတဲ့သူ ဖြစ်နေမည်လား။
သူမ ထိုအကြောင်း တွေးတောနေစဉ်တွင် ဧည့်ခံပွဲ ခန်းမ အဝင်ဝမှ ရုတ်တရက် တီးတိုးပြောဆိုသံများ ထွက်ပေါ်လာပြီးနောက် လူတိုင်း ခေါင်းငုံ့အရိုအသေ ပေးလိုက်ကြသည်။
"ဒုတိယသခင်မကို နှုတ်ခွန်းဆက်သပါတယ်"
ထိုအသံနှင့်အတူ ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော အလှပဂေးတစ်ဦး ကျက်သရေရှိစွာ ဝင်ရောက်လာသည်။ သူမ၏ ခမ်းနားသော အရှိန်အဝါသည် ပွင့်လန်းနေသော နှင်းဆီပန်းတစ်ပွင့်ကဲ့သို့ပင် ခြိမ်းခြောက်နိုင်စွမ်းရှိပြီး တည့်တည့်ကြည့်ရန် ခက်ခဲလှသည်။ သို့သော် သူမ၏ နောက်တွင် ဒေါင်လိုက်မျက်ဆန်များ ရှိပြီး မျက်နှာတစ်ခုလုံး ရက်စက်သည့် အငွေ့အသက်များ ဖုံးလွှမ်းနေသော လူတစ်ယောက် လိုက်ပါလာသည်။
ဒုတိယသခင်မသာ နှင်းဆီပန်း တစ်ပွင့်ဆိုလျှင် ဤလူသည် ရှူးရှူးရှားရှား မြည်သံပေးကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ကျောချမ်းစရာကောင်းသည့် အဆိပ်ပြင်း မြွေတစ်ကောင်နှင့် တူနေသည်။
ခန်းမတစ်ခုလုံး တုန်သွားကြသည်။ ထိုလူကို မြင်လိုက်သည်နှင့် ရွှယ်အန်းသည် ပန်းကန်ပြားကို ဖြည်းညှင်းစွာ ချလိုက်ပြီး သူ၏ အကြည့်များ တဖြည်းဖြည်း အေးစက်လာသည်။
ဒေါင်လိုက်မျက်ဆန်လား၊ ဟက်... ငါ့ရဲ့ ထင်ကြေးက တကယ် မှန်နေတာပဲ၊ အဲဒီလိုဆိုရင်တော့... မင်းတို့အားလုံးသေချင်နေတာကိုး