← Chapters

အခန်း (၁၁၈၃-၁၁၈၅)

Vol. 79 Ch. 1183-1185

အခန်း (၁၁၈၃-၁၁၈၅)

Vol. 79 Ch. 1183-1185

အခန်း (၁၁၈၃) - ဒါတွေအားလုံးက အထင်လွဲမှု သက်သက်ပါ၊ အမုန်းတရားဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး

"ရှောင်ထျန်"

ရွှယ်အန်းသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ရယ်မောလျက် ခေါင်းခါလိုက်သည်။

"ငါ စောစောကတည်းက တွေးမိသင့်တာ"

တစ်ချိန်တည်းမှာပင် ကျန်းရွှင်းနန်သည်လည်း အပြေးအလွှား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် သူမသည် အကွာအဝေး တစ်ခုတွင် ရပ်တန့်နေပြီး ရွှယ်အန်းကို ကြောက်ရွံ့သော မျက်နှာထားဖြင့် ကြည့်ကာ အနားသို့ မကပ်ရဲဘဲ ဖြစ်နေသည်။ ရွှယ်အန်းသည် သဘာဝကျစွာပင် သူမကို သတိထားမိသည်။ အဘယ်ကြောင့်ဆိုသော် စောစောက မလုပ်ပါနဲ့ဟု အော်ဟစ်တားဆီးလိုက်သော အသံသည် သူမဆီမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဤအချက်က ရွှယ်အန်းကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေသဖြင့် ထိုအမျိုးသမီးကို အကြိမ်အနည်းငယ် ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို့နောက် သူ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။

ကျန်းရွှင်းနန်သည် အဖမ်းခံထားရသော ရှောင်ထျန်ကို ရံဖန်ရံခါ လှမ်းကြည့်နေပြီး မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ သူမသည် နှုတ်ခမ်းကို လှုပ်ရှားနေသော်လည်း အသံထွက်မလာပေ။ ရှောင်ထျန်သည်လည်း ထိုစကားများကို ကြားရပုံပေါ်ပြီး သူတို့နှစ်ဦးသည် ထိုနည်းလမ်းဖြင့် အပြန်အလှန် ဆက်သွယ်နေကြပုံရသည်။

ဤသည်ကို မြင်လိုက်ရသောအခါ ရွှယ်အန်း စိတ်ထဲတွင် ရယ်မောလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤ ကျန်းရွှင်းနန် သည် လူသားမျိုးနွယ် မဟုတ်ဘဲ၊ ရွှေရောင်ခွေးတစ်ကောင်မှ လူအသွင် ပြောင်းလဲထားခြင်း ဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်လိုက်သည်။ သူမနှင့် ရှောင်ထျန် ဆက်သွယ်နေသော နည်းလမ်းမှာ ခွေးမျိုးနွယ်စု၏ လျှို့ဝှက်နည်းပညာ ဖြစ်ရပေမည်။

သို့သော် ၎င်းတို့နှစ်ဦးကို ကြည့်ရသည်မှာ နက်ရှိုင်းသော သံယောဇဉ် ရှိပုံရသည်။ ရွှယ်အန်း တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် ကျန်းရွှင်းနန်ကို ပြုံးပြလိုက်သည်။

"မိန်းကလေး... ရှေ့ထွက်လာပြီး ဗိုလ်ချုပ်ရှောင်ထျန်နဲ့ စကားလာပြောလို့ ရပါတယ်၊ ဘာပြဿနာမှ မရှိပါဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းရွှင်းနန် လန့်သွားသည်။ ဤရွှယ်အန်းက မိတ်ဆွေလား ရန်သူလား ဆိုသည်ကို သူမ မသေချာသဖြင့် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းသည် ရှောင်ထျန်ကို ထိခိုက်အောင် မလုပ်သေးပေ။ အစောက ဖြစ်ပျက်ခဲ့သမျှကို သူမ အကုန် မြင်တွေ့ခဲ့ရသည်။ အကယ်၍ ရွှယ်အန်းသာ ရှောင်ထျန်ကို သတ်ချင်ခဲ့လျှင် ယခုအချိန်၌ အကြိမ်ပေါင်းများစွာ သေဆုံးပြီးလောက်ပြီ ဖြစ်သည်။

ဒါဆိုရင်... သူက တကယ်ပဲ မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာများလား...

ကျန်းရွှင်းနန်သည် အခြေအနေကို ချိန်ဆပြီးနောက် သတိထားကာ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး"

ထိုသို့ပြောပြီးနောက် သူမသည် ရှောင်ထျန် အနားသို့ ကပ်သွားပြီး စိုးရိမ်ပူပန်သော မျက်နှာဖြင့် ကြည့်ရှုစစ်ဆေးနေတော့သည်။ ရွှယ်အန်းသည် ဂရုမစိုက်သလို ပြုံးလိုက်ပြီးနောက် ခေါင်းမော့ကာ ကောင်းကင်ထက်ရှိ ချီယုကို ကြည့်၍ ပျင်းရိစွာ ပြောလိုက်သည်။

"မင်းမှာ တခြားအကွက်တွေ ကျန်သေးရင် အခု အကုန်ထုတ်သုံးလိုက်တော့၊ ငါ စိတ်မရှည်တော့ဘူး... ဒါကြောင့် နောက်ဆက်တွဲ ရလာမယ့် အချိန်တွေကို ကောင်းကောင်း တန်ဖိုးထားတာ ပိုကောင်းလိမ့်မယ်"

ရွှယ်အန်း၏ စကားများကြောင့် ချီယု ဒေါသထွက်သွားပြီး မျက်ခုံးမွှေးများပင် လှုပ်ခါသော်လည်း သူ၏ ရင်ထဲတွင်မူ အမှန်တကယ် ကြောက်ရွံ့နေမိသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ သူသည် ရွှယ်အန်း၏ အင်အားကို အကဲမခတ်နိုင်သေးပေ။ အထူးသဖြင့် ရွှယ်အန်းသည် အစမှအဆုံး သူ၏ ကျင့်ကြံခြင်းအဆင့် တစ်စက်မျှ မပြသခဲ့သော်လည်း လူအုပ်ကြီးကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ဤအရာသည် ဒဏ္ဍာရီတစ်ပုဒ်ပမာ ဖြစ်နေသော်လည်း သူ့မျက်စိရှေ့တွင် တကယ် ဖြစ်ပျက်နေသည်။

ဤအချက်က ချီယု၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားစေသည်။ သူ လုပ်ခဲ့သည်များကို ချိန်ဆပြီးနောက် အံ့ကို စေ့ကာ လေးနက်စွာ ပြောလိုက်သည်။

"မိတ်ဆွေ... ငါတို့ကြားမှာ အထင်လွဲမှု တစ်ခုခု ရှိနေတယ်လို့ ငါထင်တယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့က အရင်တုန်းက ဘာရန်ငြိုးမှ မရှိခဲ့ဘူးလေ၊ မိန်းမတစ်ယောက် ကိစ္စနဲ့ ဒီလိုဖြစ်ရတာ တကယ် မတန်ပါဘူး"

သူ၏ လေသံသည် ယခင်ကနှင့် လုံးဝ ကွာခြားသွားသဖြင့် လူများစွာ၏ မျက်နှာထား ပြောင်းလဲသွားပြီး အံ့သြစွာ အချင်းချင်း ကြည့်လိုက်မိကြသည်။

နတ်ဘုရား စစ်သူကြီး ချီယုက အလျှော့ပေးနေတာလား၊ သူတို့ ဒီလိုဖြစ်လာမယ်လို့ လုံး၀ မထင်ထားဘူး

သို့သော် ရွှယ်အန်းသည် ချီယု၏ စကားများကြောင့် စိတ်လှုပ်ရှားပုံ မရပေ။ ထိုအစား သူသည် ပခုံးတစ်ဖက်ကို ဂရုမစိုက်သလို တွန့်ပြလိုက်သည်။

"အော်... မတန်ဘူး ဟုတ်လား"

ချီယုသည် ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒီကိစ္စ အစကတည်းက အထင်လွဲမှုကြီး တစ်ခုပါပဲ၊ ပြီးတော့ မိတ်ဆွေက ဒီယန်မေ့ရှုကို အရမ်း တန်ဖိုးထားမှတော့ ငါလမ်းဖယ်ပေးပါ့မယ်၊ ထပ်ပြီး ဒုက္ခပေးတော့မှာ မဟုတ်ပါဘူး၊ ဘာလို့ အကြမ်းဖက်တဲ့ နည်းလမ်းတွေကို သုံးနေရမှာလဲ၊ တကယ်တော့..."

သူစကားမဆုံးခင် ရွှယ်အန်းက စိတ်မရှည်စွာ လက်ကာပြလိုက်သည်။

"လိုရင်းကိုပဲ ပြောစမ်းပါ"

ချီယု၏ မျက်လုံးထဲတွင် ဒေါသရိပ် တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူ လျင်မြန်စွာပင် စိတ်ကို ပြန်ထိန်းလိုက်သည်။

"မိတ်ဆွေ... မင်းက ငါ့နှလုံးသား တစ်ခုကို ချေမွပစ်ခဲ့သလို ငါ့လက်အောက်ငယ်သား ဒါဇင်ကျော်ကိုလည်း ဒဏ်ရာရစေခဲ့တယ၊ ဒါပေမယ့် ဒီကိစ္စကို ငါ အပြစ်မယူတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်၊ အားလုံး မေ့ပျောက်လိုက်ကြရအောင်၊ မင်း အခု ယန်မေ့ရှုကို ခေါ်ပြီး ထွက်သွားလို့ရပြီ၊ ငါ မတားတော့ဘူး၊ ဘယ်လိုသဘောရလဲ"

ဤကမ်းလှမ်းချက်ကို ကြားလိုက်ရသောအခါ နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အမြင်တွင် နတ်ဘုရား စစ်သူကြီး ချီယုသည် အလွန်ကြီးမားသော လိုက်လျောမှု ပြုလုပ်လိုက်သည်မှာ ထင်ရှားနေသောကြောင့် ဖြစ်သည်။

မည်သူမှားတယ် မှန်သည်ဆိုတာကို မကြည့်ဘဲ ရွှယ်အန်းက ချီယု၏ နှလုံးကို ချေမွပစ်ပြီး လူအများအပြားကို ဒဏ်ရာရစေခဲ့ခြင်း ဖြစ်ရာ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ယခုအခါ ချီယုက ဆက်လက် အပြစ်မယူတော့ဘူးဟု ပြောလာခြင်းသည် ရွှယ်အန်းကို မျက်နှာသာ အကြီးအကျယ် ပေးလိုက်ခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။

ဤအဆင့်တွင် ရွှယ်အန်းသည် ဤကမ်းလှမ်းချက်ကို လက်ခံလိမ့်မည်ဟု လူတိုင်း သေချာပေါက် တွေးထင်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ချီယု ပြောသကဲ့သို့ပင် ပြဿနာ၏ အရင်းအမြစ်သည် မိန်းမတစ်ယောက် ကိစ္စထက် မပိုဘဲ ရွှယ်အန်းနှင့် ချီယုကြားတွင် အမှန်တကယ် ရန်ငြိုးရန်စ မရှိခဲ့ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပုံမှန်အသိရှိသူ မည်သူမဆို ငြိမ်းချမ်းရေးကို ရွေးချယ်ကြမည်သာ ဖြစ်သည်။

ယန်မေ့ရှုပင်လျှင် သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ ရွှယ်အန်းသာ ဝင်မပါခဲ့လျှင် သူမသည် ချီယု၏ ကစားစရာ ဖြစ်သွားလောက်ပြီ ဖြစ်သည်။ ထိုအတွေးဖြင့် ယန်မေ့ရှုသည် ရွှယ်အန်းကို ကြည့်ကာ မျက်နှာရဲသွားပြီး နှလုံးခုန်များ ပိုမြန်လာသည်။

အစက သူမသည် ရွှယ်အန်းကို အလွန် သဘောကျခဲ့သော်လည်း ရွှယ်အန်း၌ ကျင့်ကြံခြင်းအဆင့် မရှိသောကြောင့် သူအ လည်ချောင်းထဲတွင် ငါးရိုးစူးနေသကဲ့သို့ ခံစားရပြီး နောင်တရစရာ ဖြစ်ခဲ့သည်။ ဒါပေမယ့် အခု သူမ နားလည်သွားပြီ၊ ရွှယ်အန်းက အင်အားမရှိတာ မဟုတ်ဘဲ၊ သူမရဲ့ အမြင်ကသာ ကျဉ်းမြောင်းလွန်းခဲ့တာပဲ...

ကျင့်ကြံခြင်းအဆင့် အတွက်တော့...၊ ကျင့်ကြံခြင်းအဆင့် မရှိရင်ရော ဘာဖြစ်လဲ၊ သူက နာမည်ကျော် နတ်ဘုရား စစ်သူကြီး ချီယုကိုတောင် အရှုံးပေးအောင် လုပ်နိုင်ခဲ့တယ် မဟုတ်လား၊ သူမ စဉ်းစားလေ သူမ တစ်ကိုယ်လုံး ပူနွေးလာလေ ဖြစ်ပြီး ရွှယ်အန်းကို ချစ်ရည်ရွှန်းသော မျက်လုံးများဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။

သို့သော် ထိုအချိန်တွင် မမျှော်လင့်ထားသော အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာသည်။ လူတိုင်းသည် ကိစ္စပြီးသွားပြီဟု ထင်မှတ်နေချိန်တွင် ရွှယ်အန်းက ပြုံးလိုက်သည်။ သို့သော် ဤအချိန်တွင် သူ၏ အပြုံး၌ နွေးထွေးမှု တစ်စက်မျှ မပါဝင်ဘဲ ကျောချမ်းစရာ ကောင်းသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"နားထောင်လို့တော့ တော်တော် ကျိုးကြောင်းဆီလျော်သားပဲ၊ ဆိုးတာက... ငါ လက်မခံနိုင်သေးဘူး"

ယခုအခါ နေရာတစ်ခုလုံး ပေါက်ကွဲသွားတော့သည်။

"ဘာလဲ၊ သူက ဒီဟာကိုတောင် သဘောမတူဘူးလား၊ သူက တကယ်တမ်း ဘာလုပ်ချင်နေတာလဲ၊ နတ်ဘုရား စစ်သူကြီး ချီယုနဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာလား"

လူတစ်ယောက်က အံ့သြတကြီး အော်ပြောလိုက်သည်။

"ဒီလူငယ်လေးက တကယ်ပဲ အစွမ်းထက်ပေမယ့် အရမ်းငယ်သေးတယ်၊ နတ်ဘုရား စစ်သူကြီး ချီယုက ဒီလောက် လိုက်လျောပေးတာတောင် သူက မလျှော့ပေးဘူး၊ တကယ်လို့ နတ်ဘုရား စစ်သူကြီးကို ဖိအားပေးလိုက်ရင် ရလဒ်က မသေချာတော့ဘူး"

လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။ ချီယုသည် ရွှယ်အန်းက သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ရှက်စိတ်နှင့်အတူ ဒေါသစိတ်များ ရောပြွမ်းကာ အော်ဟစ်လိုက်သည်။

"မိတ်ဆွေ... ငါက မင်းကို တကယ် ကြောက်နေတယ်လို့ မထင်နဲ့၊ မိန်းမတစ်ယောက်အတွက်နဲ့ ဒီလောက် အင်အားသုံးရတာ မတန်ဘူးလို့ ခံစားရလို့ပါ၊ ဘာပဲဖြစ်ဖြစ် မင်းနဲ့ ငါကြားမှာ ရန်ငြိုးမှ မရှိတာ"

"ရန်ငြိုး မရှိဘူး ဟုတ်လား..."

ရွှယ်အန်း၏ အပြုံးမှာ ပိုမို အေးစက်လာသည်။

"ငါနဲ့ မင်းကြားမှာ ရန်ငြိုးမရှိဘူးလို့ ဘယ်သူပြောလဲ"

"ဟမ်"

ချီယုမှာ လန့်သွားပြီး ရွှယ်အန်းကို သေချာ ကြည့်လိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ၊ မင်း သိထားဖို့က ဒီနေ့မတိုင်ခင်အထိ မင်းနဲ့ ငါ တစ်ခါမှ မဆုံဖူးဘူးလေ၊ ရန်ငြိုးဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

ရွှယ်အန်းသည် ပြုံးလိုက်သော်လည်း ချီယု၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ အေးစက်စွာ ပြောလိုက်သည်။

"ရန်ငြိုးလား၊ မကြာခင် မင်း အလိုလို သိလာမှာပါ... ငါ မင်းကို အသက်ရှူချိန် သုံးကြိမ်စာ ပေးမယ်၊ သုံးကြိမ် ပြည့်တဲ့အထိ မင်း မလှုပ်ရှားသေးဘူး ဆိုရင်တော့... ငါ့ဘက်က မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့"

ရွှယ်အန်း၏ စကားကို ကြားသောအခါ ချီယု ဒေါသ ပေါက်ကွဲသွားသည်။

"ဟေ့ကောင်... မင်းက တကယ့်ကို မောက်မာလွန်းအားကြီးတယ်၊ ကောင်းပြီ... ဒီနေ့ နတ်ဘုရားတစ်ပါးရဲ့ အစွမ်းကို မင်း မြင်စေရမယ်"

ထိုသို့ ပြောပြီးနောက် သူသည် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်သည်။

"'ထျန်ကု... ဘယ်မှာလဲ"

သူ၏ အသံနှင့်အတူ မူလက ကြည်လင်နေသော ညကောင်းကင်ကြီးသည် ရုတ်တရက် မည်းမှောင်သွားတော့သည်။

အခန်း (၁၁၈၄) - ထျန်ကု ထိတ်လန့်သွားခြင်း၊ ချီယု မျက်လုံးကန်းသွားခြင်း

ထို့နောက် ရက်စက်ကြမ်းကြုတ်ပြီး စူးရှသော အသံတစ်ခုမှာ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

"နတ်ဘုရား စစ်သူကြီး... ခဏလောက် သည်းခံပါ၊ ထျန်ကု လာနေပါပြီ"

ထို့နောက် အမည်းရောင် အလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ချီယု၏ ဘေးတည့်တည့်သို့ ကျရောက်ကာ ငြိမ်သက်သွားသည်။ ၎င်းသည် သူနှင့် ယခင်က တွေ့ခဲ့ဖူးသော ထို ထျန်ကုပင် ဖြစ်သည်။

ထျန်ကုဆိုသည်မှာ ရှေးခေတ်ကတည်းက ရှိခဲ့သော မျိုးနွယ်စုတစ်ခု ဖြစ်ပြီး များသောအားဖြင့် ကောင်းကင်တွင် နေထိုင်ကာ နေနှင့် လတို့၏ အနှစ်သာရကို စားသုံးလေ့ရှိကြောင်း သိထားကြသည်။ အထူးသဖြင့် ယခင်က ရှောင်ထျန်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားသော ဤထျန်ကုသည် ပြန်လည်သက်သာလာစေရန် စွမ်းအင်အနှစ်သာရများကို ပိုမို စုပ်ယူရန် လိုအပ်နေသည်။ ထိုနေ့ကတည်းက သူသည် ကောင်းကင်ထက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီး ပြန်ဆင်းမလာခဲ့ပေ။

သူသည် ချီယု၏ ခေါ်သံကို ကြားမှသာ အိပ်ရာမှ နိုးထလာပြီး ဆင်းသက်လာခြင်း ဖြစ်သည်။ ဤအချိန်တွင် ထျန်ကု ရောက်ရှိလာခြင်းက လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ရွှယ်အန်း၏ မျက်လုံးများသာ အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ ရေရွတ်လိုက်သည်။

"စိတ်ဝင်စားစရာပဲ၊ ရှေးခေတ်မျိုးနွယ် ထျန်ကုပါလား၊ သွေးနှောနေတာ နှမြောစရာပဲ၊ မဟုတ်ရင် သူ့အင်အားက ဒီလောက်ပဲ ရှိမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ရဲ့ အရှိန်အဝါက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ"

ရွှယ်အန်း၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာပင် ထျန်ကုသည် ချီယုကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"နတ်ဘုရား စစ်သူကြီး... ဘာအမိန့် ရှိလို့ပါလဲ"

ချီယုသည် ထျန်ကုကို တစ်ချက်ကြည့်လိုက်ရာ သူ၏ လက်အောက်ငယ်သားမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်နေပြီး စိတ်ဓာတ်တက်ကြွနေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ အစက စိုးရိမ်နေသော စိတ်များ လျင်မြန်စွာ ငြိမ်သက်သွားသည်။ ထို့နောက် မြေကြီးပေါ်ရှိ ရွှယ်အန်းကို လက်ညှိုးထိုးပြပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒီလူက ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို ဒဏ်ရာရစေခဲ့သလို၊ ငါ့လက်အောက်ငယ်သားတွေကိုလည်း သတ်ဖြတ်ခဲ့တယ်၊ ပြီးတော့ အရမ်းကို မောက်မာလွန်းတယ်၊ ဒီနေ့ သူ့ကို သတ်ရမယ်"

"ဟုတ်ကဲ့ပါ"

ထျန်ကုက ပြန်ဖြေပြီးနောက် ရွှယ်အန်းဘက်သို့ လှည့်ကာ ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။

"ဒီ တောသားက ဘယ်က..."

ထျန်ကု လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် သူ ရုတ်တရက် အေးခဲသွားပြီး သူ့မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သို့သော် ချီယုသည် ထိုမြင်ကွင်းကို သတိမထားမိပေ။ သူ၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေပြီး ရွှယ်အန်းကို လှောင်ပြောင်လိုက်သည်။

"မိတ်ဆွေ... ဒါတွေ အကုန်လုံးက မင်းကိုယ့်ဘာသာ လုပ်ယူလိုက်တာပဲ"

ရွှယ်အန်းသည် ချီယုကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ထျန်ကုကို အဘယ်ကြောင့် ရင်းနှီးနေရသလဲ ဆိုတာ သူ ရုတ်တရက် သတိရသွားသောကြောင့် ဖြစ်သည်။

ဒါက ထျန်ကျောက် နတ်ဘုရားမီးတောက် ချောက်နက်ထဲမှာ သူ့ကို ချိပ်ပိတ်ခဲ့တဲ့ ထျန်ကု စိတ်ဝိညာဉ် အပိုင်းအစပဲ မဟုတ်လား...

ထိုအတွေးနှင့်အတူ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။

"မတွေ့ရတာ ကြာပြီပဲ"

သူ၏ အသံမှာ တည်ငြိမ်သော်လည်း ထျန်ကုအတွက်မူ နေသာသော နေ့တစ်နေ့တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ကြောင်အနေရာမှ ချက်ချင်း သတိဝင်သွားစေသည်။ ထို့နောက် သူသည် စူးရှစွာ အော်ဟစ်လိုက်သည်။

"မင်းပဲ၊ တကယ် မင်းကိုး၊ မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

ထိုသူ၏ အသံတွင် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းများ ပြည့်နှက်နေသည်။ ချီယုသည်လည်း ကြောင်သွားသည်။

"သူက ဘယ်သူလဲ? "

ထျန်ကုသည် စိတ်တည်ငြိမ်အောင် မနည်း ကြိုးစားလိုက်ရသော်လည်း ရွှယ်အန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေဆဲ ဖြစ်ပြီး အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

"နတ်... နတ်ဘုရား စစ်သူကြီး၊ ဒီလူက ကျွန်တော် အရင်က ပြောဖူးတဲ့ ကျွန်တော့်ရဲ့ ချိပ်ပိတ်မှုကို လက်သီးတစ်ချက်တည်းနဲ့ လုံးဝ ဖျက်ဆီးပစ်ခဲ့တဲ့ သူပါ"

ချီယု၏ ပါးစပ် တဖြည်းဖြည်း ဟသွားသည်။ အခြေအနေများမှာ ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် မကြာမီပင် သူ တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။

"ထျန်ကျောက် နယ်ပယ်လား၊ မင်းက ထျန်ကျောက် နယ်ပယ်က လာတာလား"

ရွှယ်အန်း တခစ်ခစ် ရယ်လိုက်ပြီးနောက် မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်သည်။

"မှန်တယ်၊ မင်းအတွက် ဆုအနေနဲ့ လက်သီးတစ်ချက်ရမယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ချီယုနှင့် ထျန်ကု ရှေ့တည့်တည့်သို့ ချက်ချင်း ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးလိုက်သည်။

ဤလက်သီးချက်၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်သွားစေပြီး လူတိုင်းကို တုန်လှုပ်သွားစေသည်။ ထျန်ကုသည် သနားစဖွယ် အော်ဟစ်လိုက်သည်။ သူသည် ရွှယ်အန်းကို အလွန် သတိထားနေရသဖြင့် တိုက်ခိုက်ရန်ပင် မရဲတော့ဘဲ လှည့်ပြေးတော့သည်။

ချီယုသည်လည်း ထွက်ပြေးချင်သော်လည်း တိုက်ခိုက်မှု လမ်းကြောင်းတည့်တည့်တွင် ရှိနေသဖြင့် ရှောင်တိမ်း၍ မရတော့ပေ။ ထို့ကြောင့် စိတ်ကို တင်းကာ အော်ဟစ်လိုက်သည်။

"သေလိုက်စမ်း"

ထိုသို့ ပြောပြီးနောက် သူ၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးသည် ရုတ်တရက် ကျယ်လောင်စွာ ပွင့်လာသည်။ သူ၏ အကြည့်သည် ဓားတစ်စင်းကဲ့သို့ ထက်ရှပြီး သူ့ရှေ့ရှိ လေထုကို ရှည်လျားသော အက်ကြောင်းကြီး ဖြစ်အောင် ခွဲပစ်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်း၏ လက်သီးသည်လည်း ရောက်ရှိလာပြီး သူ၏ လက်မောင်းတစ်ခုလုံးသည် နေရာလပ် အက်ကြောင်းထဲသို့ မျိုချခံလိုက်ရသည်။

ချီယုသည် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အလွန် ဝမ်းသာသွားသည်။

"ဟားဟားဟား... ဟေ့ကောင်၊ မင်း ငါ့ထောင်ချောက်ထဲ မိသွားပြီ၊ အခု မင်း ဘယ်လောက် မောက်မာနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

သူ့အမြင်တွင် လူတစ်ယောက် မည်မျှပင် သန်မာပါစေ၊ ဤ နေရာလပ် အက်ကြောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ရွှယ်အန်းကို ရိုက်ချရန် လက်ဝါးကို မြှောက်လိုက်သည်။

သို့သော် သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် ရွှယ်အန်း အက်ကြောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်၌ ပေါ်လာသော အေးစက်သည့် အပြုံးကို သတိမထားမိလိုက်ပေ။

ချီယု၏ စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများသည် ကြာရှည်မခံလိုက်ပေ။ သူ၏ ရင်ဘတ်ထဲတွင် အေးခနဲ ဖြစ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုခံစားချက်က ထူးဆန်းစွာ ရင်းနှီးနေသည်။ သူ ငုံ့ကြည့်လိုက်မိသည်။

အမှန်ပင်။ သွယ်လျရှည်လျားသော လက်တစ်ဖက်သည် မည်သည့်အချိန်ကမှန်း မသိလိုက်ပဲ သူ့ရင်ဘတ်ကို ဖောက်ထွက်နေပြီး တောက်ပသော အနီရောင် နှလုံးသား တစ်ခုကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ဤရင်းနှီးသော မြင်ကွင်းက ချီယု၏ ခန္ဓာကိုယ်ကို တုန်ခါသွားစေပြီးနောက် ကောင်းကင်ကို တုန်ဟည်းသွားစေသော အော်သံကြီးတစ်သံဖြင့် ထအော်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ခါတွင် ရွှယ်အန်းသည် တုံ့ဆိုင်းမနေဘဲ သူ၏ လက်ထဲရှိ နှလုံးကို ချေမွပစ်လိုက်သောကြောင့် ဖြစ်သည်။

ချီယုသည် နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ခါသွားပြီး နောက်ဆုံးလက်ကျန် အင်အားကို အသုံးပြုကာ ပေတစ်ရာခန့် ရှေ့သို့ ပြေးထွက်သွားသည်။ ထို့နောက် သူ လှည့်ကြည့်လိုက်ရာ ရွှယ်အန်းကို အကန့်အသတ်မရှိ ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ ချီယုသည် နှလုံးကို နှစ်ကြိမ်ဆက်တိုက် ချေမွခံလိုက်ရသဖြင့် သူ့ အင်အားသည် အကြီးအကျယ် ကျဆင်းသွားပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

ထိုအချိန်တွင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါတို့ကြားက ရန်ငြိုးအကြောင်း မင်းမေးနေတာလား၊ အခု ငါပြောပြမယ်... ဒီအရာကြောင့်ပဲ"

ရွှယ်အန်းသည် လက်ကို မြှောက်ကာ ချီယု၏ မျက်ခုံးနှစ်ခုကြားရှိ ဒေါင်လိုက်မျက်လုံးကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းနဖူးပေါ်က ဒေါင်လိုက်မျက်လုံး ဘယ်လိုရလာသလဲ ဆိုတာ ငါပြောပြဖို့ လိုသေးလား"

ချီယု၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။

"မင်း... မင်းက..."

ရွှယ်အန်းသည် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ငါပဲ"

ချီယုသည် ရုတ်တရက် သဘောပေါက်သွားသဖြင့် သေလုမတတ် ကြောက်လန့်သွားသည်။ ကောင်းကင်ဘုံသခင်သည် အဘယ့်ကြောင့် အလွန်အမင်း စိုးရိမ်ပူပန်ပြီး သူ့ကို ဤနယ်စပ်အား စောင့်ကြပ်ရန် လွှတ်လိုက်ရသနည်း ဆိုသည်မှာ ထိုလူငယ်လေးကြောင့်ဖြစ်သည်။

ဒါဆိုရင် သူ့ရဲ့ ဇာစ်မြစ်က ရှင်းသွားပြီ၊သူက ဟွာမျိုးနွယ်စုက ဖြစ်နိုင်တယ်...

ထိုအတွေးနှင့်အတူ ချီယုသည် ဦးရေပြား ကျဉ်သွားသည်ကို ခံစားလိုက်ရပြီး တုန်ယင်လျက် ထစ်ငေါ့စွာ ပြောလိုက်သည်။

"မင်း... မင်း..."

သူ ဆက်ပြောရန် ကြိုးစားသော်လည်း စကားဆုံးအောင် မပြောနိုင်တော့ပေ။ ရွှယ်အန်းက လေဟာနယ် အထက်တွင် ရပ်နေကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီဒေါင်လိုက်မျက်လုံးရဲ့ ပိုင်ရှင်အစစ် ဘယ်မှာလဲဆိုတာ အခု ပြောစမ်း၊ ဒါဆို ငါမင်းကို လွှတ်ပေးမယ်"

ချီယု တစ်ကိုယ်လုံး တုန်ယင်နေပြီး အဆုံးတွင် သတိပြန်ဝင်လာသည်။ သို့သော် သူသည် ရွှယ်အန်း၏ စကားကို ပြန်မဖြေဘဲ လှည့်ပြေးတော့သည်။ လီဟန်ကောင်းကင်ဘုံတွင် ဤမျှ ကြာရှည်စွာ အသက်ရှင်ရပ်တည်နိုင်ပြီး လီဟန်သခင်၏ အစွမ်းအထက်ဆုံး နတ်ဘုရား စစ်သူကြီးများထဲမှ တစ်ဦး ဖြစ်လာရခြင်းသည် သူ၏ အင်အားကြောင့် သက်သက် မဟုတ်ဘဲ အခြေအနေကို သုံးသပ်နိုင်စွမ်းကြောင့် ဖြစ်သည်။ ဤလူငယ်သည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာသည်မှာ ထင်ရှားပြီး အသက်ရှင်ရန် အကောင်းဆုံး နည်းလမ်းမှာ ဝေးနိုင်သမျှ ဝေးဝေး ထွက်ပြေးခြင်း ဖြစ်သည်။

သူ ပြန်ရောက်မှ ကောင်းကင်သခင်ကို ဒီကိစ္စ ပြောမယ်...

ချီယုသည် စိတ်ထဲတွင် ထိုသို့ တွေးတောကာ ထွက်ပြေးရန် သူ၏ ကျင့်ကြံခြင်း စွမ်းအား အပြည့်အဝကို ထုတ်သုံးလိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူ့ရှေ့မှ သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့က ဘာလို့ စကားနားမထောင်ကြတာလဲ၊ ငါက တကယ် လက်ပါမှ ရမှာလား"

ချီယုသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသော်လည်း သူ၏ လက်ကို လျင်မြန်စွာ မြှောက်ပြီး ရွှယ်အန်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ သို့သော် ရွှယ်အန်းက ရှောင်ပင် မရှောင်ဘဲ လက်ချောင်းများကို ပေါ့ပေါ့ပါးပါး တောက်လိုက်ရာ ချီယု၏ လက်ဝါးမှာ လွင့်ထွက်သွားသည်။ ထို့နောက် လျှပ်စီးကဲ့သို့ အရှိန်ဖြင့် သူ၏ လက်ချောင်းနှစ်ချောင်းသည် ချီယု၏ နဖူးရှေ့သို့ ရောက်ရှိလာပြီး တွန့်ဆုတ်ခြင်းမရှိဘဲ ထိုးစိုက်လိုက်သည်။

ချီယုသည် သနားစဖွယ် အော်ဟစ်လိုက်ပြီး သွေးများ စီးကျနေသော နဖူးကို လက်ဖြင့် အုပ်လျက် ထိတ်လန့်တကြား နောက်ဆုတ်သွားသည်။ ရွှယ်အန်းသည် တောက်ပနေသော နတ်ဘုရား မျက်လုံးကို လက်ထဲတွင် ကိုင်ထားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလို နတ်ဘုရား မျက်လုံးမျိုးကို ပိုင်ဆိုင်ဖို့ မင်းက တန်လို့လား”

အခန်း (၁၁၈၅) - ဘယ်သူပဲဖြစ်ဖြစ် အားလုံးကို ခုတ်ပိုင်းပစ်မယ်

ပြင်းထန်သော နာကျင်မှုအောက်တွင် ချီယု ၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ဤကျင့်ကြံခြင်း စွမ်းအားအရှိန်အဝါ အတက်အကျ တစ်စက်မျှ မရှိသော လူငယ်သည် မည်သို့သော နည်းလမ်းဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ပိုင်ဆိုင်ထားသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။

ထိုစဉ်မှာပင် ရွှယ်အန်းက ရုတ်တရက်ပင် ချီယုကို ပြုံးပြလိုက်သည်။

"ခဏလေး စောင့်ဦး"

ထိုသို့ပြောပြီးနောက် သူသည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ ချီယုလည်း အံ့သြသွားသည်။ သူသာမက ရှိနေသူ အားလုံးလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ သို့သော် ချီယုချက်ချင်း သတိဝင်လာပြီး ထိုသည်မှာ ထွက်ပြေးရန် ရှားပါးသော အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူ လှည့်ထွက်ကာ ဤနေရာမှ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားပြီး ရွှယ်အန်းသည် ကွင်းအလယ်တွင် ပြန်လည် ပေါ်လာသည်။ သို့သော် ယခု သူ၏ လက်ထဲတွင် အခြားလူတစ်ယောက် ပါလာသည်။ ထိုလူသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး နဖူးမှ သွေးများ စီးကျနေသည်။ သို့သော်ငြားလည်း သူ၏ မျက်လုံးထဲရှိ မျှော်လင့်ချက် ကင်းမဲ့နေမှုကို ဖုံးကွယ်၍ မရပေ။

ထိုလူကို မြင်လိုက်ရသောအခါ လူအုပ်ကြီးသည် အစပိုင်းတွင် တိတ်ဆိတ်သွားပြီးနောက် တီးတိုး ဆူညံသံများ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း ဖမ်းဆီးခေါ်ဆောင်လာသူမှာ အစောက ထွက်ပြေးသွားသော ထျန်ကုပင် ဖြစ်နေသောကြောင့် ဖြစ်သည်။ ထျန်ကု အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားပြီဟု လူတိုင်း ထင်မှတ်ထားခဲ့သော်လည်း အားလုံး အံ့သြသွားစေသည်မှာ ရွှယ်အန်းသည် လက်ဖျစ်တစ်ချက် တီးလိုက်ရုံ အချိန်လေးအတွင်းမှာပင် ထျန်ကုကို ပြန်ဖမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အမြန်နှုန်းသည် တုန်လှုပ်ဖွယ်ရာနှင့် အံ့သြဖွယ်ရာ ကောင်းလှသည်။ ချီယု မှင်သက်သွားသည်။ ရွှယ်အန်းသည် ထျန်ကုကို ဖမ်းမိနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ချီယု၏ စိတ်ထဲတွင် သံသယ အရိပ်အယောင်တစ်ခု ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ထျန်ကုကို ငုံ့ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။

"'ထျန်ကျောက် နယ်ပယ်တုန်းက မင်းအသက်ကို ငါ ချမ်းသာပေးခဲ့တယ်၊ မင်းက နောင်တမရတဲ့အပြင် ပိုပြီးတော့တောင် ရိုင်းစိုင်းလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ အခုတော့ ငါ့ကို အပြစ်မတင်နဲ့တော့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လက်ကို ကြမ်းတမ်းစွာ မြှောက်လိုက်ပြီး ထျန်ကုကို သူ့ရှေ့သို့ မြှောက်တင်လိုက်သည်။

ထျန်ကု၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး အလွန်အမင်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"အသက်ချမ်းသာပေးပါ သခင်ကြီးရယ်ထ သခင်ကြီးမှန်း ကျွန်တော် တကယ် မသိခဲ့လို့ပါ၊ နောက်မလုပ်ရဲတော့ပါဘူး၊ တောင်းပန်ပါ..."

ရွှယ်အန်းက ထျန်ကု၏ ခေါင်းကို လက်သီးဖြင့် ထိုးခွဲပစ်လိုက်သဖြင့် စကားသံများ ရုတ်တရက် ရပ်တန့်သွားသည်။ သွေးမြူမှုန်များလည်း လွင့်ပျံသွားကာ ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးသည် အနည်းငယ် တုန်ခါသွားသည်။

သို့သော် ရွှယ်အန်းသည် ရုတ်တရက်ပင် သူ့လက်ထဲတွင် အနီရောင် မီးတောက်တစ်ခုကို ဖန်တီးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်သည်။ မီးတောက်သည် ထျန်ကု၏ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း တွယ်ကပ်သွားပြီး ပြင်းထန်စွာ စတင် လောင်ကျွမ်းတော့သည်။ အပူချိန် မြင့်မားမှုကြောင့် အရေပြားများ ကွဲထွက်သံနှင့် အရိုးများ ကျိုးပဲ့သံများသည် နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး ကြားရသူတိုင်းကို ကျောချမ်းသွားစေသည်။ ထို့နောက် အနီရောင် မီးတောက်များကြားမှ သနားစဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားသည်။

ထိုတွင် ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များသာ ကျန်ရစ်ပြီး အသားကင်နံ့ ထူးထူးဆန်းဆန်း တစ်မျိုး နေရာအနှံ့ ပျံ့နှံ့လာသည်။ ထိုအနံ့သည် ခွေးသားရောင်းသော အသားဆိုင်မှ အနံ့နှင့် တူနေသည်။ လူများစွာသည် မရွံဘဲ မနေနိုင်ပဲ နေရထိုင်ရ ခက်လာသဖြင့် တံတွေးကို အလိုအလျောက် မျိုချလိုက်မိကြသည်။

ထိုကဲ့သို့ ပြတ်သားသော ကွပ်မျက်မှုသည် လူတိုင်း၏ ရင်ထဲသို့ ကြောက်ရွံ့မှုကို သဘာဝကျစွာ ရိုက်သွင်းလိုက်သလို ဖြစ်သွားသည်။ ထျန်ကုသည် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ဤလူငယ်၏ လက်ထဲတွင်မူ သူသည် သားသတ်ရုံရောက် သိုးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး လွယ်ကူစွာ သုတ်သင်ခံလိုက်ရသည်။

အထူးသဖြင့် ချီယုအတွက်မူ သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အဆုံးတွင် ရွှယ်အန်း အသုံးပြုလိုက်သော အနီရောင် မီးတောက်သည် သူ၏ ကိုယ်ပိုင် သက်စောင့်မီးတောက်ဖြစ်ကြောင်း ထင်ရှားနေသောကြောင့် ဖြစ်သည်။ လီဟန်ကောင်းကင်ဘုံ တစ်ခုလုံးတွင် သူမှလွဲ၍ ဤမီးတောက်ကို ပိုင်ဆိုင်သူ ဒုတိယလူ မရှိနိုင်ပေ။ သို့သော် ဤရွှယ်အန်းမှာ ၎င်းစုပ်ယူထားသော မီးတောက် အနည်းငယ်မျှဖြင့် ထိုအရာကို အပြစ်ကင်းစင်စွာ အသုံးပြုနိုင်ခဲ့ပြီး သူ့ထက်ပင် ပို၍ အားကောင်းနေသေးသည်။ ဤအချက်က ချီယုကို သူ၏ ဘဝအပေါ် သံသယ ဝင်လာစေသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် လက်ကို ဂရုမစိုက်သလို ခါလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ကဲ... ပြောစမ်း၊ ဒီ နတ်ဘုရား မျက်လုံးရဲ့ ပိုင်ရှင်အစစ် ဘယ်မှာလဲ၊ မဟုတ်ရင်... မင်းရဲ့ ဇာတ်သိမ်းကလည်း ဒီကောင်လိုပဲ ဖြစ်သွားလိမ့်မယ်"

ချီယု၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြောက်ရွံ့စွာ ခေါင်းခါလိုက်သည်။

"ကျွန်တော် မသိပါဘူး... နတ်ဘုရား မျက်လုံးကို ကောင်းကင်အရှင် ကိုယ်တိုင် တပ်ဆင်ပေးခဲ့တာ၊ ပိုင်ရှင်အစစ်က ဘယ်သူလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး"

ရွှယ်အန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ချီယုကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ဤဖိအားပေးသော တိတ်ဆိတ်မှုအောက်တွင် ချီယုသည် ချွေးစေးများ စီးကျလာသော်လည်း တည်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည်။

"မိတ်ဆွေ... ငါ တကယ် မသိတာပါ၊ ဒါပေမယ့် ငါ အာမခံနိုင်တာက မင်းရှာနေတဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ် လီဟန်သခင်ရဲ့ လက်ထဲမှာ ရှိနေမှာ သေချာတယ်၊ ပြီးတော့ မင်း ငါ့ကို ယုံမယ်ဆိုရင်... ငါမင်းကို ကောင်းကင်အရှင်ဆီ ခေါ်သွားပေးမယ်လေ"

ဤအကြံပြုချက်တွင် ယုတ်မာသော ရည်ရွယ်ချက်များ ဖုံးကွယ်ပါဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဖြူရောင် ဝတ်စုံနှင့် လူငယ်သည် အလွန် ထက်မြက်လွန်းပြီး သူ ယှဉ်နိုင်မည့်သူ မဟုတ်ကြောင်း ချီယု ကောင်းစွာ သိရှိထားသည်။ အသက်ရှင်ရန် အကောင်းဆုံး အစီအစဉ်မှာ အန္တရာယ်မှ ဦးစွာ ရှောင်တိမ်းခြင်း ဖြစ်သည်။ သူ့ကို လှည့်စားပြီး ခေါ်သွားနိုင်သရွေ့ လီဟန်သခင်နှင့် တွေ့ဆုံပါက သူ မည်မျှပင် အစွမ်းထက်ပါစေ နာခံစွာ အရှုံးပေးရပေလိမ့်မည်။

ချီယု၏ စိတ်ကူးယဉ် အစီအစဉ်သည် တော်တော်ကောင်းသည်ဟု ပြောရမည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"မလိုဘူး၊ လီဟန်ကို တွေ့ဖို့က ငါ့အတွက် အရမ်း လွယ်ကူပါတယ်၊ မင်း လမ်းပြပေးစရာ မလိုဘူး"

ချီယုက ကြောင်သွားသည်။

"ဒါပေမယ့်..."

သူ စကားမဆုံးခင်ပင် ရွှယ်အန်းက လက်ကာပြလိုက်သည်။

"အဲဒါတွေနဲ့ ယှဉ်လိုက်ရင် မင်းကို သတ်ပစ်ဖို့က အခုလောလောဆယ် ငါ အစိတ်ဝင်စားဆုံး ကိစ္စပဲ"

ချီယု၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။ သူ၏ အင်အားသည် မဆိုးလှဟု ပြောရမည်။ အနည်းဆုံးတော့ ထိုအခိုက်အတန့်တွင် သူသည် လက်ကျန် နတ်ဘုရား စွမ်းအား အားလုံးကို စုစည်းပြီး သေမင်းတမန် တိုက်ခိုက်မှု ပြုလုပ်ရန် ကြိုးစားနိုင်ခဲ့သည်။ သို့သော် ရွှယ်အန်းက သူ့ကို ထိုအခွင့်အရေး ပေးမည် မဟုတ်ပေ။

သူ၏ အရှိန်အဝါ ပေါက်ကွဲထွက်လာရန် ပြင်လိုက်စဉ်မှာပင် ရွှယ်အန်းသည် လက်ခနဲ ဖြစ်သွားပြီး ချီယု၏ ဘေးပတ်လည် အရပ်လေးမျက်နှာတွင် ချက်ချင်း ပေါ်လာကာ လေးကြိမ် ဆက်တိုက် လက်သီးဖြင့် ထိုးလိုက်သည်။ အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်သောကြောင့် လူများ၏ အမြင်တွင် ရွှယ်အန်းသည် ရုတ်တရက် လေးယောက် ကွဲထွက်သွားပြီး ပြိုင်တူ လက်သီးဖြင့် ထိုးလိုက်သကဲ့သို့ ထင်ရသည်။ လက်သီးထိုးသံများပင်လျှင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ချီယုမှာ ရှောင်တိမ်းချင်သော်လည်း ရွှယ်အန်း၏ လက်သီးချက် အရှိန်အဝါအောက်တွင် သူ၏ ပတ်ဝန်းကျင် တစ်ခုလုံး အပြည့်အဝ ပိတ်ဆို့ခံထားရပြီး ထွက်ပြေးစရာ နေရာမရှိတော့ကြောင်း ထိတ်လန့်စွာ သဘောပေါက်လိုက်သည်။ သူသည် ရွေးချယ်စရာ မရှိတော့သဖြင့် သနားစဖွယ် စူးရှစွာ အော်ဟစ်လိုက်သည်။

"ဟေ့ကောင်... မင်း မောက်မာမနေနဲ့၊ ကောင်းကင်ဘုံအရှင်က ငါ့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်"

ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ သူလည်း ပြေးလွတ်မှာမဟုတ်ဘူး"

တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လက်သီးချက် လေးချက်၏ ပေါင်းစပ်စွမ်းအားအောက်တွင် အလယ်ဗဟို၌ ရှိနေသော ချီယုသည် ခုခံရန် အခွင့်အရေး မရှိတော့ဘဲ ရွှံ့အိုင်ကဲ့သို့ တစ်ကိုယ်လုံး စိစိညက်ညက် ကြေမွသွားသည်။ သို့သော် ထိုသို့ ဖြစ်သွားသော်လည်း သွေးမြူမှုန် တစ်စက်မျှ လွင့်စင်ထွက်လာသည်ကို မတွေ့ရပေ။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ လက်သီးစွမ်းအားသည် အလွန် ပြင်းထန်လွန်းသဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အက်ကွဲသွားစေပြီး ကြီးမားသော ဖိအားက သွေးမြူမှုန်များကို ချက်ချင်းပင် ဗလာအတိဖြင့် ပြောင်းလဲပစ်လိုက်သောကြောင့် ဖြစ်သည်။ ဤချီယု၏ ဇာတ်သိမ်းသည် အစောက သေဆုံးသွားသော ထျန်ကုထက်ပင် ပိုဆိုးရွားသည်။ အနည်းဆုံးတော့ ထျန်ကုက အော်ဟစ်နိုင်ခဲ့သေးသည်။ ချီယုမှာမူ မသေခင် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ တိုက်ရိုက် ပေါက်ကွဲပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ဤနေရာကို စောင့်ကြပ်ရန် လီဟန်သခင်ထံမှ အရေးကြီးသော တာဝန် ပေးအပ်ခံထားရသည့် နတ်ဘုရား စစ်သူကြီး ချီယုနှင့် အခြားသူများသည် သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။ ကွင်းပြင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အခြေအနေများမှာ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

အစပိုင်းတွင် လူတိုင်း လျှော့တွက်ခဲ့ကြသော ဤလူငယ်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် သက်သက်ဖြင့် ချီယုနှင့် အခြား အစွမ်းထက်သော သူများကို အမှန်တကယ် သတ်ဖြတ်ပစ်လိုက်သည်။ ဤအရာသည် လုံးဝ စဉ်းစား၍မရနိုင်သော ကိစ္စဖြစ်သည်ာ

သို့သော် ထိုအချိန်မှာပင် လူအုပ်ကြီးထဲမှ လက်ခုပ်တီးသံ တစ်ခု ထွက်ပေါ်လာပြီး လေးစားမှုများ ပြည့်နှက်နေသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

"တကယ့်ကို ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ပါပဲ၊ သူရဲကောင်းတွေက လူငယ်တွေထဲက ထွက်ပေါ်လာတယ် ဆိုတာ တကယ်ပါပဲလား”

All Chapters