← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

CHAPTER 376 မင်းက တကယ့်ကို အရှက်မရှိတာပဲ

ရွှစ်!

နတ်ဘုရား ဆရာသခင်အဆင့် သုံးယောက်၏ လည်ပင်းမှ ရဲရဲနီနေသော သွေးများ ပန်းထွက်လာပြီး ထိုသွေးများက မြေကြီးပေါ်သို့ ဖြန်းပက်သွား၏။

ထို့နောက် ခေါင်းပြတ်နေသော အလောင်းသုံးလောင်းသည် စဉ့်တီတုံးပေါ်သို့ ပြုတ်ကျလာသည်။

အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံး ရင်ထဲ ဒိန်းခနဲ ဖြစ်ကာ ရင်တုန်ပန်းတုန် ဖြစ်လာကြသည်။

ဈေးတန်းတစ်ခုလုံး တိတ်ဆိတ်လို့သွား၏။

*တစ်ချက်တည်းပါလား*

*တစ်ချက်တည်းနဲ့ အသက်သုံးချောင်းတောင်*

*ဒါမဖြစ်နိုင်ဘူးလေ*

သို့သော် သားသတ်သမားက အခြားသူများ၏ အမူအရာကို ဂရုမစိုက်ပေ။ ထိုစဉ် သူက ဘောင်းဘီအိတ်ထဲမှ စီးကရက်ဘူးကို ထုတ်လာသည်။

ထို့နောက် သူက စီးကရက်တစ်လိပ်ကို ထုတ်၍ မီးခြစ်နှင့် မီးညှိလိုက်သည်။

စီးကရက်ကို မီးညှိလိုက်သည့်အသံက နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံးအား အလွန် ကတုန်ကယင် ဖြစ်သွားစေသည်။

ထို့နောက် သူတို့ သတိပြန်ဝင်လာကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ အမူအရာများကို ပြန်ထိန်းလိုက်သည်။

“မျိုးမစစ်ကောင်၊ သူ့ကို သတ်ကြ”

နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံး၏ မျက်လုံးများက ‌ဒေါသကြောင့် ပြူးကျယ်နေကြသည်။

ဒေသခံ သားသတ်သမားတစ်ယောက်က နတ်ဘုရား ဆရာသခင်အဆင့် သုံးယောက်ကို တစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

မယုံနိုင်စရာ ကောင်းလှသည်။

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံးက သားသတ်သမားကို ပြင်းထန်သော တိုက်ကွက်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

ထိုစဉ် နောက်ထပ် ထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

သားသတ်သမားသည် စီးကရက်ကို ပါးစပ်ထဲ ခဲထားရင်း အသားကို ဆက်ခုတ်ထစ်နေသည်။ သူ့ထံမှ မည်သည့် ချီဓာတ်မှ ထွက်ပေါ်လာသည်ကို မခံစားမိပေ။

နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်၏ လက်သီးချက်က သူ၏ ဦးခေါင်းနားသို့ နီးကပ်လာစဉ် သူက ရုတ်ချည်းဆိုသလို သူ၏ ဝက်သားခုတ်ဓားအား ဝှေ့ယမ်းလိုက်သည်။

ဝှစ်!

ဓားရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ထိုနတ်ဘုရား ဆရာသခင်အဆင့်သည် နှစ်ပိုင်း အပိုင်းခံလိုက်ရပြီး စဉ့်တီတုံးပေါ်သို့ ပြုတ်ကျလာ၏။

“လေးယောက်မြောက်”

သားသတ်သမားက ခက်ထန်စွာ ပြောလိုက်သည်။

ထိုတိုက်ခိုက်မှုပြီးနောက် သူသည် သူ၏ ဝက်သားခုတ်ဓားအား ဝင့်လိုက်သည်။ လေတိုးသံနှင့်အတူ သူသည် လျင်မြန်လှသည့် တိုက်ကွက်များစွာကို ထုတ်ဖော်လာသည်။

ကျန်ရှိနေသော နတ်ဘုရား ဆရာသခင် ခြောက်ယောက်သည် နီးကပ်လာသော တိုက်ခိုက်မှုများကို မခန့်မှန်းနိုင်ကြချေ။

သူတို့ ထပ်ခါထပ်ခါ ခုတ်ပိုင်းခံနေရသည်။ ထို့နောက် သူတို့၏ ပစ်မှတ်ထံသို့ ချဉ်းကပ်လာမှုက ပြီးဆုံးသွားသည်။

နတ်ဘုရား ဆရာသခင် ခြောက်ယောက်လုံး သည် အလွန် ထက်လှသော ဓားရောင်အောက်တွင် လေထဲ၌ တန့်ခနဲ ဖြစ်သွားကြ၏။

လက်ဖဝါးများ၊ လက်မောင်းများ၊ ခြေထောက်များ၊ ဝမ်းဗိုက်အောက်ပိုင်းများနှင့် ခေါင်းများ သူတို့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ အားလုံး အလွန် တောင့်တင်းလာသည်။

တောက်! တောက်!

ချင်းချင်းနီနေသော သွေးများက သူတို့ ဒဏ်ရာများမှ စိမ့်ကျလာသည်။

“မဖြစ်နိုင်ဘူး”

အဖွဲ့၏ ရှေ့ဆုံးမှ နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က ကြောက်လန့်ကာ တုန်ယင်သွားသည်။

ဤမျှ ထူးချွန်ပြောင်မြောက်သော ဓားသိုင်းကွက်များကို သူ တစ်ခါမှ မမြင်ဖူးပေ။

မြန်သည်၊ မြန်လှသည်၊ မြန်လွန်းလှသည်။

သူ၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှသဖြင့် နတ်ဘုရား ဆရာသခင်အဆင့်များ သူ၏ တိုက်ခိုက်မှုများကို ရှောင်ရှားခြင်း မပြုနိုင်တော့ချေ။

နတ်ဆိုးပါလား။

ကမ္ဘာခြား မုဆိုးခြောက်ယောက်၏ မျက်လုံးထဲတွင် ထိုသားသတ်သမားသည် နတ်ဆိုး ဖြစ်လာသည်။

သူတို့ ထွက်ပြေးချင်နေကြသည်။

သို့သော် ထိုသို့သော အချိန်၌ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံနှင့်အတူ သူတို့အားလုံး တစ်စစီဖြစ်ကာ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းက လေထဲမှနေ၍ ဒိန်ခဲများသဖွယ် အောက်သို့ ပြုတ်ကျလာသည်။

သူတို့အားလုံး ချက်ချင်း သေဆုံးသွားကြသည်။

အချိန်တိုလေးအတွင်း၌ နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး အသတ်ခံလိုက်ရပြီး သားသတ်သမား၏ စဉ့်တီတုံးပေါ်၌ အသားတုံးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

သူတို့၏ ရဲရဲနီနေသော သွေးများကြောင့် စဉ့်တီတုံးသည် နီရဲလို့နေ၏။

ထိုစဉ် သားသတ်သမားက ခေါင်းမော့လာသဖြင့် သူ၏ ရှင်းလင်း ပြတ်သား၍ ချောမောသော မျက်နှာက ထင်းခနဲ ပေါ်လွင်လာသည်။

သူ့အသွင်သည် အလွန် ဖြူစင်လှပြီး နတ်ဘုရား ဆရာသခင်များကို သတ်နေသည့်အစား ပုရွက်ဆိတ်များကို သတ်နေသကဲ့သို့ တည်ငြိမ်လှ၏။

“သားသတ်ပွဲကြီး စသင့်နေပြီ”

သားသတ်သမားက ပြုံး၍ ပြောလာသည်။

ထို့နောက် သူသည် လေထဲ ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်၏။ ပြီးနောက်တွင်မူ နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်ကို ဆွဲယူ၍ ဆက်ခုတ်နေသည်။

….

ထိုသို့သော အချိန်မှာပင် အခြား နတ်ဘုရားဆရာသခင်အဖွဲ့ တစ်ဖွဲ့က ပစိဖိတ် သမုဒ္ဒရာတွင်းမှ ကမ္ဘာမြေ အဖွဲ့အစည်း၏ လူလုပ်ကျွန်းဆွယ်ရှိ အခြေစိုက်စခန်းသို့ ရောက်လာကြသည်။

သူတို့ ထိုနေရာသို့ ရောက်နေသည်နှင့် ပူလောင်နေသော သံအား ပုံသွင်းနေသော အသံကို ကြားလိုက်ရသည်။

ချွင်!

နတ်ဘုရား ဆရာသခင်အဆင့်များ တစ်ဒင်္ဂမျှ တွေဝေသွားကြသည်။

ထို့နောက် သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် တစ်နေရာလုံးကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် မည်သူမျှ ရှာမတွေ့ပေ။

“ဘာဖြစ်နေတာလဲ။ ကျုပ် အသံကြားလိုက်တာ သေချာပါတယ်။ ဘာလို့ ဒီမှာ ဘယ်သူမှ မရှိရတာလဲ”

နတ်ဘုရား ဆရာသခင်အဆင့်များ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မျက်မှောင်ကြုတ် လာကြသည်။

ထို့နောက် သူတို့သည် အသံလာရာသို့ ချက်ချင်း ပြေးသွားကြ၏။ အသံလာရာနှင့် နီးလာသည်နှင့်အမျှ အဘိုးအိုတစ်ယောက်က ချွေးတလုံးလုံးနှင့် ဓားတစ်ချောင်းအား ထုရိုက်၍ ပုံသွင်းနေသည်ကို သူတို့ မြင်လာရသည်။

သူသည် ဓားကျိုးတစ်ချောင်းအား သူ၏ တူဖြင့် ထုနှက်နေခြင်း ဖြစ်သည်။

ထူးဆန်းလှသည်။

ထိုအဘိုးအိုထံမှ မည်သည့်အသက်ဓာတ် စွမ်းအင်ကိုမျှ သူတို့ ရှာမတွေ့သဖြင့် နတ်ဘုရား ဆရာသခင်များ၏ မျက်နှာက ချက်ချင်း တင်းမာလာသည်။

ချက်ချင်းဆိုသလိုပင် သူတို့ ထိုအဘိုးအိုအား ဝိုင်းထားလိုက်ကြသည်။

“အဘိုးအိုကြီး ရပ်လိုက်စမ်း”

နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က အဘိုးအိုအား ဝိုင်းထားပြီးသည်နှင့်‌ အော်လိုက်သည်။

သို့သော် ထိုအဘိုးအိုက ဘာမှ မမြင်သကဲ့သို့ သူ့လက်နက်ကိုသာ ဆက်၍ ပုံသွင်းနေသည်။

သူသည် ဆက်တိုက်ဆိုသလို ဓားကျိုးအား ထပ်ခါထပ်ခါ ထုဆစ်နေသည်။

*ဟမ်*

ဤမြင်ကွင်းကို ကြည့်ပြီး နတ်ဘုရား ဆရာသခင်များ၏ မျက်နှာထားများ ထိတ်လန့်လာကြသည်။ စိတ်ဆက်တတ်သော နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် လက်ကိုဆန့်၍ သူ၏ လက်သည်းများဖြင့် ထိုအဘိုးအိုထံသို့ ချဉ်းကပ်သွားသည်။

“ခွေးအိုကြီး ဒီကို လာခဲ့စမ်း”

ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ လက်သည်းတိုက်ကွက်က အလွန် ပြင်းထန်လာသည်။

ဒိန်း!

သို့သော် သူ့လက်က အဘိုးထံသို့ မရောက်ခင်တွင် သူ၏ ဦးခေါင်းသည် အဘိုးအို၏ တူဖြင့် ထုနှက်ခြင်းကို ခံလိုက်ရသည်။

ဝုန်း!

သူ့ဦးခေါင်း ပေါက်ထွက်သွားလေတော့သည်။ မြင်ကွင်းက လျှပ်တပြက် ဆန်လွန်းလှသည်။ အဘိုးအိုက တူကို မြောက်လိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ဘဲ ထိုတူက နတ်ဘုရား ဆရာသခင်အဆင့်၏ ဦးခေါင်းထက်သို့ ရောက်မှသာ သူတို့ သတိပြုမိသည်။

…

“နတ်ဘုရား သေနာပတိအဆင့်ဟ”

အခြား နတ်ဘုရား ဆရာသခင်အဆင့်များ ကြောက်ရွံ့ကာ ထိုအဘိုးအိုအား ဝိုင်းတိုက်ရန် ပြင်လာကြသည်။

ချွင်!

ထိုစဉ် ဓားကျိုးက မီးဖိုထဲမှ ပျံသန်းလာ၏။ လေတိုးသံနှင့်အတူ ထိုဓားကျိုးက နတ်ဘုရား ဆရာသခင်အဆင့်များကြား၌ ရေကူးနေသော မြွေတစ်ကောင်သဖွယ် ဖြတ်ပျံသွားသည်။

ရွှစ်! ရွှစ်! ရွှစ်!

နတ်ဘုရား ဆရာသခင်အဆင့်များ တောင့်ခနဲ ဖြစ်သွားကာ သူတို့ရင်ဘတ်၌ သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက်စီ ဖြစ်ပေါ်လာ၏။

သူတို့အားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။

“ကောင်း … ကောင်းကင် လက်နက်ပါလား။ မဖြစ်နိုင်လိုက်တာ”

မည်သည့် နတ်ဘုရား ဆရာသခင်အဆင့်မှ ကိုယ့်မျက်လုံးကိုယ် မယုံကြပေ။ သို့သော် သူတို့၏ နတ်ဘုရားအဆင့် ခွန်အားများက လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

သူတို့သည် လေထဲမှ နေ၍ ပွက်ပွက်ဆူနေသော အိုးထဲသို့ ပြုတ်ကျသွားသော ဖက်ထုပ်များသဖွယ် မြေကြီးပေါ် ပြုတ်ကျသွားသည်။

သို့သော် ကံကောင်း၍ ကျန်ရစ်နေသော နတ်ဘုရား ဆရာသခင်အဆင့် သိုင်းပညာရှင်များအားလုံး မှင်တက်ကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာပြီး ခပ်သုတ်သုတ် ထွက်ပြေးရန် ပြင်လာကြသည်။

တိုက်ပွဲကား ယခုမှ စမည်ဖြစ်သည်။

အဘိုးအိုသည် နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်အား သူ၏ သံမဏိတူဖြင့် ထုနှက်လိုက်သည်။

ဓားကျိုးသည်လည်း ဓားချက်တစ်ချက်အတွင်း လူတစ်ယောက်၏ အသက်ကို နုတ်ယူလာသည်။

ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်လုံး ကောင်းကင်မှနေ၍ ဆက်တိုက် ပြတ်ကျလာသည်။

ဘုတ်!

နောက်ဆုံးတွင် နတ်ဘုရား ဆရာသခင်အဆင့် အယောက်သုံးဆယ်ပါသော အဖွဲ့တစ်ဖွဲ့လုံး သုတ်သင်ခံ လိုက်ရလေတော့သည်။

ကြောက်မက်ဖွယ်ကောင်းလှသည်။

သာမန်လူများသာ ဤမြင်ကွင်းကို မြင်လိုက်ပါက သူတို့အားလုံး လိပ်ပြာလွင့်သွားလောက်သည်။

သို့သော် ထိုအချိန်တွင် အဘိုးအိုက မချိပြုံးပြုံး၍ ပြောလာသည်။

“ဟူး … ငါလည်း အသက်ရလာပါလား။ ငါ နတ်ဘုရား ဆရာသခင်အဆင့် ခြောက်ယောက်ပဲ သတ်နိုင်တော့တယ်”

သူ့စကားကို ကြားပြီးနောက် ဓားကျိုးက အဘိုးအိုရှေ့ ဖျတ်ခနဲ ပေါ်လာသည်။

ထို့နောက် ဓားကျိုးထဲမှနေ၍ နတ်ဆိုးနဂါး၏ အသံက ထွက်ပေါ်လာ၏။

“လူအိုကြီး ဒီနဂါးဘိုးဘိုးရှေ့မှာ မင်းအသက်ကို လာညည်းပြမနေနဲ့။ နားထောင်စမ်း၊ ဟိုးလွန်လေပြီးတဲ့အချိန်တုန်းက စကြဝဠာအနှံ့မှာ ငါ့အင်အား ကျော်ကြားနေတုန်းကဆို မင်းရဲ့ ဘိုးဘေးက ရွှံ့နွံထဲမှာပဲ ရှိနေဦးမှာ”

သူတောင်းစားအိုကြီး ပြောစရာစကား ရှာမရတော့ပေ။

ထို့နောက် ဓားကျိုးက တစ်ဘက်လှည့်ကာ မီးဖိုကို သာမန်ကာလျှံကာမျှ ကြည့်၍ ပြောလိုက်သည်။

“ဒါပေမယ့် မင်းမှာ ကောင်းမွန်တဲ့ တိုက်ပွဲဝင်ခွန်အား မရှိဘူးဆိုပင်မယ့်လည်း မင်း ငါ့ကို ကောင်းကောင်း နှိပ်ပေးနိုင်သားပဲ။ ငါ လွတ်မြောက်သွားတဲ့အချိန်ကျရင် ငါ မင်းကို ငါ့ကျောကို နှိပ်ခိုင်းဦးမယ်”

*မင်းကျောကို နှိပ်ခိုင်းမယ် ဟုတ်လား*

*ချီးပဲ ငါက သံကို ပုံသွင်းနေတာလေ*

သူ အားကုန်သုံး၍ သံတူနှင့် ရိုက်နှက်နေတာတောင်မှ ဒီနဂါး အယားပြေသလို ရှိရုံလေး ဖြစ်နေသည်ကို သူ သတိပြုမိသဖြင့် ဒေါသထွက်ကာ သွေးအန်မိမလို ဖြစ်လာသည်။

“ကဲ လူအိုကြီးရေ။ ဒီက ခံ့ညားတဲ့ နဂါးက မင်းနဲ့ အရေမရ အဖတ်မရတွေ မလုပ်ချင်တော့ဘူး”

“ငါ ငါ့ရဲ့ နဂါးပျိုမယ်လေးကို ရှာရဦးမယ်။ ခံ့ညားတဲ့ နဂါးက နဂါးပျိုမယ်လေးကို သွားကယ်မှာ။ အိုး ကြည်နူးဖို့ကောင်းလိုက်တာကွာ”

ထိုသို့ပြောပြီး ဓားကျိုးသည် ပစိဖိတ် သမုဒ္ဒရာထဲသို့ ပျံသန်းသွားသည်။

ထိုအခါမှသာ သူတောင်းစားအိုကြီးက နှုတ်ခမ်းကို မဲ့၍ တီးတိုးပြောလေတော့သည်။

“အရှက်မရှိလိုက်တဲ့ ဓားကျိုး”

CHAPTER 377 သွားစမ်းပါ

ပစိဖိတ်သမုဒ္ဒရာထဲ၌။

နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး ရေထဲသို့ ဆက်တိုက် ငုပ်လျှိုးလာကြသည်။ သူတို့သည် သမုဒ္ဒရာအောက်ခြေသို့ ကူးခတ်လာပြီး ခေလန်နှင့် အခြား ကမ္ဘာမြေသားများ၏ ခြေရာလက်ရာများကို ရှာဖွေနေကြခြင်း ဖြစ်သည်။

ထူးဆန်းလှသည်က သူတို့သည် မည်သည့် ပင်လယ်သားရဲကိုမျှ မဆိုထားနှင့် ငါးသေးသေးလေးများ သို့မဟုတ် ပုစွန်များကိုပင် မတွေ့ချေ။

“ထူးဆန်းတယ်၊ ရေနေ သတ္တဝါတွေ ဘယ်ရောက်ကုန်တာလဲ”

နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး စိတ်ရှုပ်ထွေးကာ မျက်မှောင်ကြုတ်သွားကြသည်။

သူတို့သည် မျက်လုံးများကို မှိတ်၍ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သမုဒ္ဒရာအား ဖြန့်ကျက်၍ ရှာဖွေလိုက်သည်။

*ဟမ်*

စက္ကန့်ပိုင်းအတွင်းမှာပင် နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က မျက်လုံးပြန်ဖွင့်၍ ပြောလိုက်သည်။

“သွားကြစို့၊ ရှေ့နားမှာ အသူတရာနက်တဲ့ သမုဒ္ဒရာချောက် ရှိတယ်။ ကမ္ဘာမြေသားတွေ အဲ့အောက်ခြေမှာ ပုန်းနေတာ ဖြစ်ရမယ်”

သူ့စကားကို ကြားပြီးနောက် ကျန်လူများအားလုံး ထိုသို့ ဖြစ်ရမည်ဟု ယုံကြည်သွားကြသည်။ ထို့နောက် သူတို့သည် ရှေ့နားမှ သမုဒ္ဒရာ ချောက်နက်ဆီသို့ ဦးတည်၍ ကူးခတ်လာကြသည်။

ထိုချောက်သည် မာရီယာနာချောက်ဟု အမည်တွင်ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာချောက်နက်များထဲတွင် အနက်ဆုံး ချောက်ဖြစ်သည်။

၎င်း၏ ပင်လယ်ရေ မျက်နှာပြင်အောက် အနက်သည် ဧဝရတ်တောင်၏ အမြင့်ထက် ပို၍ နက်ရှိုင်းသည်ဟု ဆိုကြသည်။

၎င်းချောက်သည် အသူတရာနက်ရှိုင်း၍ အမှောင်ထုနှင့် ဖုံးလွှမ်းနေသည်။

(စကားချပ်။ ။ မာရီယာနာချောက်သည် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းရှိ ကီလိုမီတာ ၂၀၀ ဝန်းကျင် အကွာအဝေးရှိသော မာရီယာနာကျွန်းဆွယ်၏ အရှေ့ဘက်၌ တည်ရှိသည်။ ၎င်းသည် အလျား ၂,၅၅၀ ကီလိုမီတာနှင့် အနံ ၆၉ ကီလိုမီတာ ရှိသည်။ အဆုံးစွန် သိထားကြသော အနက်သည် ၁၀,၉၈၄ မီတာ နက်သည်ဟု ဖော်ပြထားသည်။)

ထို့နောက် သူတို့သည် ချောက်နက်၏ အောက်ခြေသို့ လျင်မြန်စွာ ဦးတည်လာကြသည်။ တစ်ခဏကြာသော် ချောက်၏ အောက်ခြေသို့ သူတို့ ရောက်ရှိလာသည်။

ချောက်၏ အောက်ခြေသည် အလွန် ညစ်ပတ်ပေရေလို့နေ၏။ ကြေးခွံများနှင့် အခွံများနှင့် ပြည့်နှက်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်သားရဲတစ်သိုက် နေထိုင်ခဲ့သည်မှာ သိသာလှသည်။

“သူတို့ အနီးအနားမှာပဲ ရှိလောက်တယ်”

နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ပြောလာသည်။

“သူတို့ကို လူခွဲရှာကြ။ ဂူတွေကို လိုက်စစ်ကြည့်ဦး၊ ပင်လယ်သားရဲတွေ အထဲမှာ ပုန်းနေကောင်း ပုန်းနေလောက်တယ်”

သူ့အမိန့်အဆုံးတွင် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံးက လူခွဲ၍ ထွက်ခွာကြသည်။

မလှမ်းမကမ်းရှိ ဂူတစ်ခုကို သူတို့ ရှာတွေ့သွားကြသည်။ ထိုဂူသည် သွေးဆာနေသော ဧရာမပါးစပ်ကြီးနှင့် ဆင်တူလှပြီး မနှစ်မြို့ဖွယ်ကောင်းလှသည်။

ထိုဂူသည် ရွှံ့နွံများနှင့် ကျောက်ခဲများဖြင့် ဖုံးအုပ်နေသည်။

ဂူ၏ အဝင်ဝ အစွန်း၌ အစွယ်များကဲ့သို့ ဆူးချိတ်များပါသော ကျောက်တုံးများစွာ ရှိနေသည်။

ထိတ်လန့်ဖွယ်ကောင်းလှသည်။

“ငါးယောက်တစ်ဖွဲ့ အရင်ဝင်လိုက်၊ ကျန်တဲ့လူတွေက အရေးပေါ်အခြေအနေအတွက် အပြင်မှာ နေခဲ့ရမယ်”

နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး မကြာခင်မှာပင် သဘောတူညီချက် ရရှိသွားသည်။ အဖွဲ့နှစ်ဖွဲ့ပြန်ခွဲ၍ တစ်ဖွဲ့က ဂူထဲ ဝင်သွားသည်။

သူတို့ ဆူးထစ်များပါသော ကျောက်တုံးများ၏ အနောက်သို့ ကျော်လွန် ရောက်ရှိသွားကာ သူတို့ ချက်ချင်း မျက်မှောင်ကြုတ်မိသွားသည်။

“မင်းတို့ ညှီစို့စို့ အနံ့မျိုး ရကြလား”

နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်သည် မျက်ခုံးလှုပ်ချင်သလိုလို ခံစားလာရသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူသည် ဒုက္ခတွင်းထဲ ရောက်နေသကဲ့သို့ ရင်တုန်နေသလို ခံစားနေမိသည်။

ထို့နောက် သူသည် ဆူးထစ်များ ပါသော ကျောက်တုံးများအား သတိထား၍ စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကာ ကြက်သီးတဖြန်းဖြန်း ထလာသည်။

“သေစမ်း၊ ဒါ … ဒါ ဂူမဟုတ်ဘူးဟ။ ဒါ နဂါးတစ်ကောင်ရဲ့ ပါးစပ်ပဲ”

*ဘာ*

သူ့စကားကြောင့် ကျန် နတ်ဘုရား ဆရာသခင်အဆင့် လေးယောက်လုံး တစ်ခဏမျှ တွေဝေသွားသည်။ သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်တွင် ကမ္ဘာတုန်လောက်သည့် မာန်ဖီသံကို ကြားလိုက်ရသည်။

ဂါး။

ရုတ်တရက် ဝင်ပေါက်ပိတ်သွားကာ ဆူးထစ်များပါသော ကျောက်တုံးများပေါ်မှ ရွှံ့စေးနှင့် ကျောက်ခဲများ ကွာကျလာပြီး အလွန် ထက်၍ ဆိုးဝါးလှသော အစွယ်များ ဘွားခနဲ ပေါ်လာ၏။

ဂျွတ်!

နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး အစွယ်များ၏ ထိုးဖောက်ခြင်းကို ခံရလိုက်သည်။

“အား”

ငါးယောက်လုံး အစွယ်များ၏ ထိုးစိုက်ခြင်းကို ခံနေရသဖြင့် သွေးများ ပန်းထွက်လာပြီး မချိမဆံ အော်ဟစ်လိုက်မိသည်။

သို့သော် သည်လောက်နှင့် မပြီးသေးချေ။

ထို့နောက်တွင်မူ နဂါးသည် စတင်၍ ဝါးစားသဖြင့် ငါးယောက်လုံး၏ ခန္ဓာကိုယ်များ အပိုင်းပိုင်း အထစ်ထစ် ဖြစ်သွားရသည်။

ကျွိ! ကျွိ!

သွေးပျက်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။

ထို့နောက် နဂါးသည် ဆိုးရွားလှသည့် ခေါင်းပြတ်ငါးခုကို ထွေးထုတ်လိုက်သဖြင့် ထိုခေါင်းပြတ်များသည် ကျန်နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်၏ ရှေ့သို့ လိမ့်ဆင်းလာ၏။

ထိတ်လန့် သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုကြည့်ရင်း ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။

သူတို့လူငါးယောက်၏ ခေါင်းပြတ်ငါးခုကို ကြည့်ရင်း သူတို့ အလွန် သောကရောက်နေသည်။

ဂါး။

သူတို့၏ မျက်စိရှေ့ တည့်တည့်မှ ဂူအဝင်ဝမှ ရုတ်တရက် ရေများ မြင့်တက်လာပြီးနောက် နဂါးတစ်ကောင်၏ ပါးစပ်အသွင်သို့ ပြောင်းလဲသွား၏။

၎င်း၏ တောက်ပနေသော မျက်လုံးများက လက်ဆွဲမီးအိမ်များကဲ့သို့ ကြီးမားလှပြီး ကြမ်းကြုတ်ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

“သေစမ်း၊ အဲ့ဒါကို သတ်ကြဟေ့”

ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး ဒေါသ တထောင်းထောင်းထကာ အနက်ရောင် နဂါးထံသို့ ပြေးဝင်ရန် ပြင်လာကြသည်။

ထိုစဉ် သမုဒ္ဒရာ ချောက်နက်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ လှုပ်ခါလာသည်။ တစ်ခဏကြာသော် ဘေးပတ်လည်မှ ဧရာမ ကျောက်ဆောင်များ အက်ကွဲလာပြီး ငါးမန်းများ၊ ဧရာမ ရေဘဝဲများ၊ သွေးပျက်ဖွယ် ကောင်းသည့် လူသားစား ဝေလငါးများ စသည့် ကြောက်မက်ဖွယ် ကောင်းသည့် ပင်လယ်သားရဲများစွာ ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပင်လယ်သားရဲ ဆယ့်တစ်ကောင် ပေါ်ပေါက်လာ၏။ ထို့ပြင် သူတို့တစ်ကောင်ချင်းစီသည် သန်မာသည့် ကျင့်စဉ်များ ရှိသည့် မှော်ဝင်သားရဲများ ဖြစ်နေကြသည်။

သူတို့အားလုံးသည် နဂါးနက်ဘုရင်မ၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

အသက်ဓာတ် ပျော်ရည်များစွာကို စုပ်ယူပြီးနောက် သူတို့အားလုံးသည် မှော်ဝင်သားရဲများ အဖြစ်သို့ ကူးပြောင်းသွားကြသည်။

သူတို့အားလုံးသည် သားသတ်ပွဲ စတင်ရန် အဆင်သင့် ဖြစ်နေကြသည်။

“မဖြစ်ဘူး၊ မြန်မြန် ... မြန်မြန် ပြေးကြဟေ့”

ထိတ်လန့်ဖွယ်ကောင်းသည့် သားရဲများကို မြင်လိုက်ရသည်နှင့် နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

ရေထဲ၌ မှော်ဝင်သားရဲ ဆယ့်နှစ်ကောင်နှင့် ရင်ဆိုင်ခြင်းက နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်အတွက် ကိုယ့်သေတွင်းကိုယ်တူးနေတာနှင့် မခြားနားချေ။

နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး ကြောက်လန့်ကာ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေး ကြလေတော့သည်။

သို့သော် သူတို့ စတင်၍ လှုပ်ရှားလိုက်သည်နှင့် အလင်းရောင် တစ်ချက်က သမုဒ္ဒရာအတွင်း၌ လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားလေသည်။

ရွှစ်! ရွှစ်! ရွှစ်!

သွေးများ ပန်းထွက်လာပြီးနောက် နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး၏ ဘယ်ဘက်ရင်အုံနှင့် အပေါက်တစ်ပေါက်စီ ဖြစ်ပေါ်လာပြီး သူတို့အားလုံး တုန်ယင်သွားကြသည်။

ဓားကျိုးတစ်လက်က ရေထဲ၌ မျောလွင့်နေသည်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။

“ကောင်း … ကောင်းကင်လက်နက်”

နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး ကြောက်လန့်နေစဉ်မှာပင် အသက်ပျောက် သွားလေတော့သည်။ ထို့နောက်တွင် သူတို့၏ အလောင်းများက သမုဒ္ဒရာ ချောက်နက်၏ အောက်ခြေသို့ နစ်မြုပ်သွားသည်။

သို့သော် ဓားကျိုးက ထိုအလောင်းငါးလောင်းကို လျစ်လျူရှုထားသည်။

ရုတ်တရက် နတ်ဆိုးနဂါး ပေါ်ထွက်လာပြီးနောက် သူသည် နဂါးနက် ဘုရင်မထံသို့ အောင်မြင်ဝင့်ကြွားစွာ ချဉ်းကပ်လာသည်။

သူ့ပါးစပ်ထောင့်မှ သွားရည်များကို သုတ်လိုက်ပြီးနောက် သူသည် နဂါးနက် ဘုရင်မ၏ ကိုယ်လုံးအား တင်းကြပ်စွာ ပွေ့ဖက်၍ မဖွယ်မရာ မျက်နှာထားနှင့် ပြောလာသည်။

“ငါ့ရဲ့ နဂါးပျိုမယ်လေး ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးဝေး တွေ့ဆုံဖို့ ရေစက်ပါလာပြီးသားပဲ။ ဒီက ခံ့ချောနဂါးကြီးအတွက် မင်းနဲ့ ထပ်ဆုံတွေ့ရတာ သိပ်ကောင်းတာပဲ”

“မင်း သိရဲ့လား။ ငါ မင်းနဲ့ ဝေးနေတုန်းက ငါ အရမ်း ဝမ်းနည်းခံစားခဲ့ရတယ်ဆိုတာ။ ငါ့ကျန်းမာရေးတောင်မှ ယိုယွင်းလာရတယ်”

“ငါ မင်းကို တမ်းတလွန်းလို့ မျက်တွင်းတောင် ချောင်လာတယ်။ တမ်းတစိတ်က ငါ့ကို ဆက်တိုက် မာစတာဘိတ်အောင် ဖိအားပေးနေခဲ့တာကိုး”

“ဟူး နတ်ဆိုး ယဲ့ဖန်နောက် လိုက်ပြီးမှပဲ ငါ တကယ် ပျော်ရွှင်လာရတော့တယ်”

…

သူ့စကားကြောင့် ဘေးပတ်လည်မှ ပင်လယ်သားရဲ ဆယ့်တစ်ကောင်လုံး အူကြောင်ကြောင် ဖြစ်သွားကြသည်။

*နဂါးပျိုမယ်လေးတဲ့လား*

မှော်ဝင်သားရဲများအားလုံး သူတို့ဘုရင်မ၏ မနှစ်မြို့ဖွယ်ကောင်းလှသော မျက်နှာကိုကြည့်ရင်း ပါးစပ်ရွဲ့ချင်သလိုလို ဖြစ်လာရသည်။

သူတို့မျက်လုံးထဲတွင် နတ်ဆိုးနဂါးသည် ကန်းနေရုံသာမက ဉာဏ်လည်း ထိုင်းလှသည်ဟု ထင်မြင်မိကြသည်။

ထိုသို့သော အချိန်တွင် ဓားကျိုးက နဂါးနက်ဘုရင်မအား မဖွယ်မရာ ပွတ်သပ်ခြင်း ပြုလာ၏။

*အာ တော်စမ်းပါကွာ*

မှော်ဝင်သားရဲ ဆယ့်တစ်ကောင်လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဒါ မဖွယ်မရာ ပြုလုပ်နေတာပဲ*

*ဓားကျိုးက နဂါးနက် ဘုရင်မကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုအမူတွေ လုပ်နေတယ်*

အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းက မှော်ဝင်သားရဲများကို အလွန် ထိတ်လန့်သွားစေခဲ့သည်။

ထိုသို့သော အချိန်တွင် နဂါးနက် ဘုရင်မ၏ မျက်နှာက မည်းလာလိုက်၊ နီလာလိုက်၊ ပြာနှမ်းလာလိုက်နှင့် ထို့နောက် ထပ်မံ၍ မည်းနက်လာသည်။

နောက်ဆုံးတွင် သူမ ဒေါသတကြီး ထအော်လေတော့၏။

“သွားစမ်းပါ”

သမုဒ္ဒရာ ချောက်နက်တစ်ခုလုံး ယိုယွင်းမတတ် ဖြစ်လာပြီး ပစိဖိတ် သမုဒ္ဒရာသည် လှိုင်းထလာကာ ဧရာမ ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်လာရတော့သည်။

CHAPTER 378 မိုးကောင်းကင်အား ဆေးနီရောင် ခြယ်သခြင်း

နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် အယောက်တစ်ရာ တို့သည် မိုးကောင်းကင်၌ ရပ်တန့်လျက် ရှိနေကြသည်။

သူတို့အားလုံး ကမ္ဘာမြေအား စိတ်အားထက်သန်စွာ ငုံ့ကြည့်နေကြသည်။ ထိုစဉ် နတ်ဘုရား သေနာပတိအဆင့်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး အနည်းငယ် သုန်မှုန်နေသော မျက်နှာနှင့် စကားစလာသည်။

“ဘာဖြစ်သွားတာလဲ။ ငါတို့လူတွေရဲ့ ချီဓာတ်က တအား ထိုးကျသွားတယ်လို့ ငါ ခံစားနေရတယ်”

နတ်ဘုရား သေနာပတိအဆင့်များသည် ခပ်ဝေးဝေးမှ အခြား သက်ရှိများ၏ ချီဓာတ်ကို သူတို့၏ စိတ်ဝိညာဉ်ဖြင့် အာရုံခံ၍ ရသော်လည်း ထိုသူတို့အား သူတို့၏ မျက်လုံးဖြင့် မမြင်ရနိုင်ပေ။

သို့သော်ငြားလည်း ဤနတ်ဘုရား သေနာပတိအဆင့်သူသည် နတ်ဘုရား ဆရာသခင်အဆင့် အယောက်တစ်ရာ၏ အရေအတွက်က လျင်မြန်စွာ ကျဆင်းလာသည်ကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။

ထိုနတ်ဘုရား သေနာပတိအဆင့်၏ သတိပေးချက်ကြောင့် အခြား နတ်ဘုရား‌ သေနာပတိအဆင့်များ ချက်ချင်း မျက်နှာပျက်သွားကြသည်။

ထို့နောက် သူတို့သည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များအား ချက်ချင်းဆိုသလို ကမ္ဘာမြေပေါ်သို့ ပို့လွှတ်လိုက်ကြသည်။

ထို့နောက် သူတို့အားလုံး မှင်တက်သွားကြသည်။

တစ်ရာ၊ ရှစ်ဆယ်၊ ခြောက်ဆယ်။

….

လျင်မြန်စွာ ကျဆင်းလှသော အရှိန်ကြောင့် နတ်ဘုရား သေနာပတိအဆင့်များနှင့် နတ်ဘုရား ဆရာသခင်အဆင့်များ အလွန် ထိတ်လန့်သွားကြသည်။

နတ်ဘုရား ဆရာသခင်များ၏ အရေအတွက်က တစ်မိနစ်အတွင်း ငါးဆယ်ရာခိုင်နှုန်း လျော့ကျလာသည်။

*ဒါ … မယုံနိုင်စရာပါလား*

“သေစမ်း၊ ဒီအောက်မှာ ဘယ်လိုမကောင်းဆိုးဝါးမျိုးများ ရှိနေတာလဲ။ ဒါ ဖြစ်မှမဖြစ်နိုင်တာ”

နတ်ဘုရား သေနာပတိအဆင့်များ မျက်ခုံးလှုပ်လာကြသည်။

ကြောက်မက်ဖွယ်ကောင်းသည့် ကမ္ဘာခြား မုဆိုးများ ဖြစ်သည့်အားလျော်စွာ သူတို့သည် သယံဇာတ ပေါကြွယ်ဝသည့် ဂြိုဟ်များစွာကို သူတို့ လုယက်ဖူးပါသည်၊ သို့သော် ဤမျှ ထူးဆန်းလှသည့် ဖြစ်စဉ်ကိုတော့ သူတို့ ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

နတ်ဘုရား ဆရာသခင်အဆင့် အရေအတွက်များ လျင်မြန်စွာ လျော့ကျသွားခြင်းက မုဆိုးများအား ကြောက်လန့်ကာ တုန်ယင်သွားစေသည်။

တစ်မိနစ် ကြာပြီးနောက် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။

သူတို့အားလုံး မရှိတော့ချေ။ နတ်ဘုရား ဆရာသခင်အဆင့်များ၏ ချီဓာတ်များ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားချေပြီ။

“သေစမ်း”

နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်လုံး ထိတ်လန့်သွားသလို ဒေါသလည်း ထွက်လာကြသည်။

ထိုစဉ် နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က ထိတ်ထိတ်ပျာပျာဖြင့် ပြောလာသည်။

“အရှင် အောက်မှာ တစ်ခုခုတော့ မှားနေသလိုပဲ”

*ဘာရယ်*

အခြားသူများအားလုံး အောက်သို့ ခပ်သုတ်သုတ် ငုံ့ကြည့်လိုက်ကြသည်။

ထို့နောက် ဟိုက်ဒရိုဂျင် ဘောလုံးများစွာတို့သည် မြေကြီးပေါ်မှ လွင့်ပျံတက်လာသည်ကို သူတို့ မြင်လိုက်ရသည်။

တစ်ချို့သည် ကျန်းရှီမြို့မှ ဖြစ်သည်။ အချို့သည် ကမ္ဘာမြေ အဖွဲ့အစည်း၏ အခြေစိုက်စခန်းမှ ဖြစ်သည်။ ကျန်တစ်ချို့သည် ပစိဖိတ် သမုဒ္ဒရာထဲမှ ဖြစ်သည်။

ထို့ပြင် နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်လုံးနှင့် ကျန်

နတ်ဘုရား ဆရာသခင်အဆင့် အားလုံးတို့သည် ထိုဟိုက်ဒရိုဂျင် ဘောလုံးတစ်လုံးချင်းစီ၏ အောက်၌ တစ်စုံတစ်ခု ပါလာသည်ကို သတိပြုမိသွားသည်။

“အဲ့ဒါ လူ့ဦးခေါင်းတွေပဲ”

….

ဤသည်ကို ကြည့်ရင်း ကောင်းကင်ထက်မှ ကမ္ဘာခြား မုဆိုးများအားလုံး ပွက်လောရိုက်သွားကြသည်။

ဟိုက်ဒရိုဂျင် ဘောလုံးတစ်လုံးချင်းစီ၏ အောက်၌ လူ့ဦးခေါင်းတစ်လုံးချင်းစီပါလာပြီး စုစုပေါင်း အလုံးတစ်ရာ ရှိသည်။

“ဂူဆို၊ သူ … သူ သေသွားပြီ …”

“သမုဒ္ဒရာထဲက ဟိုဦးခေါင်းကို ကြည့်လိုက်ဦး။ အဲ့ဒါ အသန်မာဆုံး နတ်ဘုရား ဆရာသခင်အဆင့် ခါရှာလေ”

“ကမ္ဘာခြား မုဆိုးတွေ။ အဲ့ဒါတွေအားလုံးက ငါတို့ ကမ္ဘာမြေပေါ်ကို တာဝန်ပေးလိုက်တဲ့ နတ်ဘုရား ဆရာသခင်အဆင့်တွေရဲ့ ဦးခေါင်းတွေပဲ”

ဤမျှ အချိန်တိုလေးအတွင်း၌ နတ်ဘုရား ဆရာသခင်အဆင့် တစ်ဝက်ခန့် သုတ်သင်ခံလိုက်ရလေပြီ။ မယုံနိုင်စရာ ကောင်းလှသည်။

ဟိုက်ဒရိုဂျင် ဘောလုံးများစွာတို့သည် ကျန်ကမ္ဘာခြား မုဆိုးများထံသို့ မျောလွင့်လာသည်။

သူတို့အားလုံးသည် ဦးခေါင်းပြတ်များ၏ မသေခင်အချိန်၌ အလွန် သွေးပျက်ဖွယ်ကောင်းသော အခြေအနေနဲ့ တွေ့ဆုံခဲ့ပုံရသော ကြောက်ရွံ့၊ အံ့အားသင့်နေသည့် မျက်နှာထားများကို မြင်တွေ့လိုက်ရသည်။

ခေါင်းပြတ်တစ်လုံးချင်းစီသည် သွေးများဖြင့် ဖုံးလွှမ်းလို့နေသည်။ ထို့ပြင် ခေါင်းပြတ်တိုင်း၏ နဖူးအလယ်တည့်တည့်ရှိ အမြုတေသည် ထုတ်ယူထားခြင်း ခံထားရသည်။

ချောက်ချားဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။

“ညီလေး”

နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်သည် သူ့ညီ၏ ခေါင်းပြတ်ကို မြင်လိုက်ရသဖြင့် ဝမ်းနည်းစိတ်ကြောင့် စိတ်လွတ်ချင်သလို ဖြစ်ကာ ဒေါသလည်း ထွက်လာပြီး ထိုခေါင်းပြတ်ဆီ ပြေးသွား၍ မျက်ရည်များနှင့် ထိုခေါင်းပြတ်အား တင်းကြပ်စွာ ဖက်ထားလိုက်သည်။

သေဆုံးသွားသော နတ်ဘုရား ဆရာသခင်အဆင့်များသည် ကျန်ရှိနေသော ကမ္ဘာခြားမုဆိုးများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများ ဖြစ်ကြသည်။

များစွာသော နတ်ဘုရား သေနာပတိအဆင့်နှင့် နတ်ဘုရား ဆရာသခင်အဆင့်များသည် သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများ၏ ခေါင်းပြတ်များကို ပူဆွေးမှုဖြင့် ဆုပ်ကိုင်ထားလိုက်ကြသည်။

တိမ်တိုက်များတောင်မှ ပရိဒေတစိတ်များဖြင့် ပြည့်နှက်လို့လာသည်။ ထိုစဉ် နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က သေဆုံးသွားသော နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်၏ နားအောက်နားမှ ထူးဆန်းသော စာလုံးတစ်လုံးကို သတိထားမိသွားသည်။

“ဒါ … ဒါ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံးပဲ။ သေစမ်းကွာ”

ထိုမှော်စာလုံးကို သတိပြုမိပြီးနောက် ထိုနတ်ဘုရား သေနာပတိအဆင့်သည် ကြောက်စိတ်များဖြင့် ပြည့်နှက်လာပြီး အခြား နတ်ဘုရားအဆင့်များအား အော်ဟစ်သတိပေးလိုက်သည်။

“မြန်မြန်၊ အဲ့ခေါင်းပြတ်တွေကို လွှင့်ပစ်လိုက်ကြတော့။ ဝေးဝေးကို ပြေးကြတော့”

*ဘာ*

သူ့စကားကို ကြားပြီး အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။

ဝုန်း!

ထိုစဉ် နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်၏ လက်မောင်းကြားထဲမှ ခေါင်းပြတ်တစ်လုံးသည် ထပေါက်ကွဲလာပြီး ထိတ်လန့်ဖွယ်ကောင်းသော အင်အားက သူ၏ လက်မောင်းများအား ချက်ချင်း ပြတ်ထွက်သွားစေသည်။

သို့သော် ထိုပေါက်ကွဲမှုကား အစသာ ရှိချေသေးသည်။

ဝုန်း! ဝုန်း! ဝုန်း!

ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခွင်၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ပဲ့တင်ထပ်သွားပြီး လေထဲ၌ လက်မောင်းပြတ်များ လွင့်ပျံနေပြီး ဦးခေါင်းများ ပေါက်ကွဲနေကြ၏။

အသက်ရှင်နေသေးသော ကမ္ဘာခြားမုဆိုးများသည် သွေးများနှင့် ပေကျံလို့နေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ခေါင်းပြတ်အလုံးတစ်ရာသည် မုန့်မုန့်ညက်ညက် ကြေအောင် ပေါက်ကွဲထွက်သွားသည်။

“အား”

စူးရှသော အော်သံများက ကောင်းကင်အနှံ့ ပျံ့နှံ့လျက် ရှိသည်။ နတ်ဘုရား ဆရာသခင်အဆင့် တစ်ဝက်ခန့် အသတ်ခံလိုက်ရလေသည်။

နတ်ဘုရား သေနာပတိအဆင့် တစ်ယောက် သေသွားပြီး နတ်ဘုရား သေနာပတိအဆင့် နှစ်ယောက် ထိခိုက်သွားရသည်။

ကောင်းကင်တစ်ခွင်လုံး၌ သွေးများဖြင့် ပျံ့နှံ့နေလေသည်။ သွေးပျက်ဖွယ်ကောင်းလှသည်။

ကမ္ဘာတစ်ခုလုံးသည် သွေးများနှင့် ရဲရဲနီလျက်ရှိ၏။

“သေစမ်း”

နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်သည် သူ့လူများ တစ်စစီ ပေါက်ကွဲထွက်သွားရသည်ကို ကြည့်ပြီး ဒေါသစိတ်ကြောင့် မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေသည်။

“နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံး။ အဲ့ဒါ နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံး မဟုတ်လား။ အဲ့ဒါက ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲ”

နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံးသည် နတ်ဆိုးများ၏ မှော်စာလုံး ဖြစ်သည်။

နတ်ဆိုးများ ၎င်းတို့၏ အောင်မြင်ကျော်ကြားချိန်သို့ ရောက်ရှိနေခဲ့စဉ်က သူတို့သည် ဂြိုဟ်တစ်ခုလုံးအား နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံးကို သုံး၍ ဖောက်ခွဲခဲ့ဖူးသည်။

သို့သော် နတ်ဆိုးများ မျိုးသုဉ်းနေခဲ့သည်မှာ အချိန်အတော်ကြာလှပြီ ဖြစ်သည်။

နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်ချင်းစီသည် ကြောက်စိတ်ကြောင့် တုန်ယင်လာကြ၏။

အကယ်၍ သူတို့သာ အနည်းငယ် နှေးကွေးခဲ့ပါက သူတို့အားလုံးသည် အခြားသူများကဲ့သို့ နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံးကြောင့် သေဆုံးသွားလောက်သည်။

သူတို့၏ ကျဉ်းတည်းကျပ်ထဲမှ လွတ်မြောက်လာမှုက သူတို့အား ခေါင်းမွေးထောင်သွားစေခဲ့သည်။

သို့သော် ထိုစဉ် ဘေးပတ်လည်ရှိ နီရဲနေသော သွေးများကြားထဲမှ ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘာလို့လဲဆိုတော့ နတ်ဆိုးတွေက မင်းကို သတ်ဖို့ကြိုးစားနေတာလေ”

ရွှစ်!

ထိုထိတ်လန့်ဖွယ်ကောင်းသော အသံအဆုံး၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ ဦးခေါင်းသည်လည်း လွင့်ထွက်သွားလေတော့သည်။

လေတိုးသံနှင့်အတူ များစွာသော နတ်ဆိုးလူသားများသည် ဘေးပတ်လည်ရှိ သွေးမြူခိုးကြားထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့၏ အေးစက်သော ဓားမော့များက အသက်ရှင်ကျန်သူများအား ခုတ်ပိုင်းလာ၏။

ရွှစ်! ရွှစ်! ရွှစ်!

အသက်ရှင်နေသော နတ်ဘုရား ဆရာသခင်အဆင့်များ တိုက်ခိုက်မှုအား သတိမပြုလိုက်ခင်မှာပင် နှစ်ပိုင်းပိုင်းခံလိုက်ရသည်။

နတ်ဘုရား သေနာပတိများတောင်မှ သဲကြီးမဲကြီး တိုက်ခိုက်မှုမှ အသက်ရှင် ကျန်ရစ်ခြင်း မရှိပေ။

နတ်ဘုရား သေနာပတိအဆင့်တစ်ယောက် သုတ်ခြေတင်ပြေးသွားပြီး မကြာလိုက်ချေ၊ သူ့ဦးခေါင်းအား သူတောင်းစားအိုကြီးက လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားလေသည်။

ထိုစဉ် အခြား နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က သူတောင်းစားအိုကြီးအား ခုတ်ထွင်းရန် ပြင်လာသည်။

ထိုစဉ် သွေးမြူခိုးများကြားမှ ဓားကျိုးတစ်လက်က လှစ်ခနဲ ပျံသန်းလာ၏။

ရွှစ်!

ထိုနတ်ဘုရား သေနာပတိအဆင့်၏ ဦးခေါင်းသည် ပြတ်ထွက်သွားပြီး သွေးများက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

သွေးမြူခိုးများ လွင့်ပြယ်သွားပြီးနောက် ကျန်ရှိနေသော ကမ္ဘာခြားမုဆိုးများသည် မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်ကြလေသည်။

ထိုသို့သောအချိန်၌ သူတို့၌ နတ်ဘုရား သေနာပတိအဆင့် ဆယ်ယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်သာ ကျန်ရှိနေတော့သည်ကို သတိပြုလိုက်မိသည်။

အသက်ရှင်ကျန်ရစ်သူများအားလုံး ဒဏ်ရာဗလပွနှင့် ဖြစ်နေကြသည်။ ထို့အပြင် အသက်ရှင် ကျန်ရစ်သူအားလုံးအား လူသား သိုင်းပညာရှင်များနှင့် မကောင်းဆိုးဝါးများက ဝိုင်းထားကြသည်။

ရန်သူများ၏ လက်မောင်းများနှင့် ချပ်ဝတ်များနှင့် သူတို့၏ ချီဓာတ်များအား ဖုံးကွယ်ပေးထားနိုင်သော တူညီသည့် မှော်စာလုံးများ ရှိနေသည်။

အလွန် နီးကပ်သော အကွာအဝေး၌ ရှိနေလျင်တောင်မှ သူတို့၏ ချီဓာတ်ကို အာရုံခံ၍ ရနိုင်မည် မဟုတ်ချေ။

“အံ့ဩစရာကောင်းလိုက်တာ။ ဘယ်လိုလုပ်”

ကျန်ရစ်နေသော ကမ္ဘာခြားမုဆိုးများ ကြောက်စိတ်ကြောင့် ကတုန်ကယင် ဖြစ်နေသည်။ သူတို့ ရောက်လာခဲ့စဉ်က နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် အယောက် နှစ်ရာကျော် ပါလာခဲ့သည်။

သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် နတ်ဘုရား သေနာပတိ သုံးယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်သာ ကျန်ရှိတော့သည်။

*မယုံနိုင်စရာ ကောင်းလိုက်တာ*

ထိုသို့သော အချိန်၌ အသက်ရှင်သူများသည် အလွန်တရာ မုန်းတီးစိတ်များဖြင့် ပြည့်နှက်လျက် ရှိသည်။

သူတို့အားလုံး ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များအား ဒေါသတကြီး စိုက်ကြည့်နေကြသည်။

“စောက်ကမ္ဘာမြေသားတွေ၊ နောက်ဆုံးတော့ မင်းတို့ ပေါ်လာပြီပေါ့လေ”

ထို့နောက် အသက်ရှင်နေသူများက ခေါင်းကိုမော့၍ လေထုအလွှာထက်သို့ ဟစ်အော်လိုက်ကြသည်။

“မုဆိုးခေါင်းဆောင် သခင်မ ကျေးဇူးပြုပြီး သူတို့ကို သတ်ပေးပါ”

All Chapters