အခန်း (၃၇၉-၃၈၁)
Vol. 26 Ch. 379-381
CHAPTER 379 သူ့ကို ပုရွက်ဆိတ်တွေက စားသွားပြီ
*မုဆိုးခေါင်းဆောင် သခင်မလား*
ကျယ်လောင်သော ဟစ်ကြွေးသံကို ကြားလိုက်ရသဖြင့် ကမ္ဘာမြေသားများအားလုံး မှင်တက်သွားကြသည်။
ဝုန်း!
ထိုစဉ် ကမ္ဘာ့လေထုအလွှာတစ်ခုလုံး အပြင်ဘက်မှနေ၍ ပေါက်ပြဲကာ ဖိနှိပ်နိုင်သော ချီဓာတ်တစ်ခု ကျရောက်လာသည်။
ကမ္ဘာမြေသားများ၏ အံ့ဩနေသော အကြည့်များအောက်တွင် အလွန် အိုမင်းသော်လည်း ရှေးရိုးဆန်သော ထိပ်တန်း စစ်သင်္ဘောတစ်စီးက ကမ္ဘာသို့ ရောက်ရှိလာသည်။
ထိုစစ်သင်္ဘောသည် အလွန် လျင်မြန်စွာ ရွေ့လျားပြီး ကမ္ဘာမြေအား ဝင်ဆောင့်သဖြင့် ပြင်းထန်သော ဝင်တိုက်သံတစ်သံ ဖြစ်ပေါ်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ကမ္ဘာခြား နတ်ဘုရား သေနာပတိအဆင့်များ၊ နတ်ဘုရား ဆရာသခင်အဆင့်များနှင့် ကမ္ဘာပေါ်မှ မှော်ဝင်သားရဲများ အရပ်မျက်နှာအနှံ့ လွင့်ထွက်သွားသည်။
ထိပ်တန်း စစ်သင်္ဘော၏ ရှေ့မှောက်တွင်တော့ သိုင်းပညာရှင်များသည် သေးနုပ်သော ပုရွက်ဆိတ်များလိုပင်။
နတ်ဘုရား ဆရာသခင်များအဖွဲ့ တစ်စစီ ဖြစ်သွားသည်။
အခြား မှော်ဝင်သားရဲများ အဖွဲ့သည်လည်း ပေါက်ကွဲသွားပြီး ၎င်းတို့၏ အသွေးအသားများက အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွား၏။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ပြင်းထန်လှ၏။
ထိပ်တန်း စစ်သင်္ဘောက သူ့လူများကိုပင် ဝင်တိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။
နတ်ဘုရား ဆရာသခင်အဆင့်များနှင့် မှော်ဝင်သားရဲများကို ဝင်တိုက်ပြီးနောက် ထိပ်တန်း စစ်သင်္ဘောက ရပ်မသွားချေ။
စစ်သင်္ဘောက နတ်ဘုရား သေနာပတိအဆင့်များကို လွင့်ထွက်သွားစေပြီး သူတောင်းစားအိုကြီးအား နောက်ဆုတ်စေကာ နဂါးနက်ဘုရင်မနှင့် အခြား ကမ္ဘာ့ထိပ်သီး သိုင်းပညာရှင်များအား သတိလစ်သွားအောင် ဖိအားပေးလုနီးပါး ဖြစ်နေသည်။
အဆုံးတွင် ကမ္ဘာမြေသားသည် စူးရှစွာ အော်ဟစ်၍ ယဲ့ဖန်ထံသို့ လှစ်ခနဲ ပြေးဝင်သွားကြသည်။
“ယဲ့ဖန်”
“သခင်ကြီး”
ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေသားများ၏ မျက်နှာ၌ ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်လာကာ သွေးအန်လာကြသည်။
ကမ္ဘာမြေသားများသည် သေရေးရင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရသည်။ စစ်သင်္ဘောက သူတို့ကို ပစ်မှတ်ထားခဲ့လျင် သူတို့အားလုံး သေသွားလောက်သည်ကို သူတို့ သတိပြုမိကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထို့အပြင် ထိတ်လန့်ဖွယ်ကောင်းသော ပွတ်တိုက်အား တစ်ခုက ယဲ့ဖန်ထံသို့ ဖိနှိပ်နိုင်သော အမူအရာဖြင့် နီးကပ်လို့လာသည်။
“မဖြစ်ဘူး”
ကမ္ဘာမြေသားများ အလွန် စိုးရိမ်လာကြသည်။ သို့သော် ထိုသို့သော အချိန်၌ အလွန် အံ့အားသင့်ဖွယ် ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအဖြစ်အပျက်သည်ကား ယဲ့ဖန်က တိုက်ခိုက်မှုအား ရှောင်တိမ်းရန် မကြိုးစားဘဲ မခိုးမခန့်အပြုံးနှင့် ပြုံး၍ ရပ်နေခြင်းပင်။
ထို့နောက် ယဲ့ဖန်က ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လာသည်။ ယဲ့ဖန်၏ တုံ့ပြန်မှုကို မြင်ပြီး အခြားသူများ ပွက်လောရိုက်သွားသည်။
ကမ္ဘာခြား နတ်ဘုရား သေနာပတိအဆင့်တစ်ယောက်ချင်းစီက ရက်စက်သော အပြုံးမျိုး ပြုံးလာကြသည်။ ထိပ်တန်း စစ်သင်္ဘော၏ ဝင်ဆောင့်မှုအား ခုခံခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာနှင့် မခြားနားချေ။
ဝုန်း!
ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အခြားသူများအားလုံးသည် သူတို့ ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်သော ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ကျွီ!
ကျယ်လောင်လှသော ကျွီခနဲ မြည်သံနှင့်အတူ ကမ္ဘာခြား စစ်သင်္ဘောတစ်ခုလုံးသည် ဆင်တစ်ကောင်၏ ပိတ်ဆို့ခြင်း ခံလိုက်ရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ရုတ်တရက် ထိုးရပ်သွားသည်။
အရှေ့သို့ နည်းနည်းလေးမျှ ရွေ့မလာတော့ပေ။ ထို့ပြင် စစ်သင်္ဘော၏ ဦးထိပ်ပိုင်းက ကျွံဝင်သွား၏။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
နတ်ဘုရား သေနာပတိအဆင့်တိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။
သူတို့ ခေါင်းဆောင် သခင်မ၏ ထိပ်တန်း စစ်သင်္ဘောက တစ်မူထူးခြားပြီး စကြဝဠာထဲရှိ D – class အဆင့် အမာဆုံး သတ္တုဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။
ထိုသင်္ဘောသည် သာမန် E – class အဆင့် စစ်သင်္ဘောများထက် တစ်ဆင့် ပိုမြင့်သည်။
နတ်ဘုရား အလင်းတော် အမြောက်တောင်မှ ထိုသင်္ဘော၏ မျက်နှာပြင်၌ ခြစ်ရာထင်အောင် လုပ်နိုင်ခြင်း မရှိချေ။
သို့သော် ယဲ့ဖန်၏ လက်သီးချက်က နတ်ဘုရား အလင်းတော် အမြောက်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။
နတ်ဘုရား သေနာပတိအဆင့်တိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ထိပ်တန်း စစ်သင်္ဘောထဲရှိ အမျိုးသမီးတောင်မှ ထိတ်လန့်သွားသည်။
ထို့နောက် သူမသည် ချက်ချင်း သူမ၏ ထိပ်တန်းစစ်သင်္ဘောထဲမှ ထွက်လာသည်။
သူမသည် ဆူးများပါသော အဆိပ်ရှိသည့် နှင်းဆီကဲ့သို့ အရပ်ရှည်ရှည်၊ မျည်နှာတည်၍ အစိမ်းရောင် အသားအရေရှိသည့် လှပသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
ထိုအမျိုးသမီးကို မြင်သည်နှင့် အသက်ရှင်နေသေးသော နတ်ဘုရား သေနာပတိအဆင့်နှင့် နတ်ဘုရား ဆရာသခင်အဆင့်များ မျက်ခုံးလှုပ်လာပြီး ချက်ချင်း ဒူးတစ်ဘက်ထောက်ကာ သူမအား နှုတ်ခွန်းဆက်လိုက်ကြသည်။
“မုဆိုးခေါင်းဆောင် သခင်မ”
မုဆိုးခေါင်းဆောင် ဆိုပါလား။
သူမသည် ကမ္ဘာခြား စစ်သင်္ဘောအစု၏ ဗိုလ်မှူးဖြစ်ပြီး နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့်သို့ ရောက်နေသူလည်း ဖြစ်သည်။
နတ်ဘုရား သေနာပတိအဆင့်သာ ဖြစ်သော်လည်း သူမသည် သူမနှင့် အဆင့်တူသော အခြားသူများထက် ပို၍ သန်မာနေသေးသည်။
ခေလန်သည် နတ်ဘုရား သေနာပတိ စဦးအဆင့်သာ ရှိသည်။ အခြား ကမ္ဘာခြား မုဆိုးများ၏ ကပ္ပတိန် ဆယ့်သုံးယောက်က သူ့ကို ဖိနှိပ်နိုင်လုနီးပါး ဖြစ်သည်။
အလားတူပင် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့် ရှိသော မုဆိုးခေါင်းဆောင် တစ်ဘောက်က ကမ္ဘာခြားမုဆိုးများ၏ ကပ္ပတိန်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်၏။
မတ်မတ်ရပ်နေသော်ငြားလည်း အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် ဘေးပတ်လည်မှ အခြားသူများအတွက် ရှေးဟောင်း သားရဲကောင်ကြီးနှင့် သဏ္ဍာန်တူလှသည်။
“ခေလန်ကို သတ်လိုက်တာ နင်လား”
ထိုစဉ် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ယဲ့ဖန်၏ မျက်လုံးကို စေ့စေ့ကြည့်ကာ တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။
သူမ စကားကြောင့် ယဲ့ဖန်က မျက်လုံးကို စင်း၍ သူ့လက်သီးမှ သွေးစက်များကို ခါ၍ ဖြေလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ကျုပ် သူ့ကို မသတ်ဘူး”
*ဟမ်*
သူ့စကားကြောင့် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူမသည် သူမ၏ လှပသော မျက်နှာလေးနှင့် မလိုက်ဖက်စွာပင် မနှစ်မြို့ဖွယ်ကောင်းလှသော အပြုံးမျိုး ပြုံး၍ မေးလိုက်သည်။
“နင် မသတ်ဘူးဆိုရင် ဘယ်သူ သတ်တာလဲ”
အစိမ်းရောင် အမျိုးသမီး၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် ကမ္ဘာပေါ်တွင် အသန်မာဆုံး သူပင် ဖြစ်သည်။
ကမ္ဘာခြား ထိပ်တန်း စစ်သင်္ဘောတစ်စင်းအား လက်သီးတစ်ချက်ဖြင့် ရပ်တန့်အောင် လုပ်လိုက်နိုင်သည် ဟူသည့်အချက်က သူ၏ တိုက်ပွဲဝင်ခွန်အားက နတ်ဘုရား သေနာပတိ နောက်ဆုံးအဆင့်နှင့် ယှဉ်နိုင်နေသည်ကို ညွှန်ပြနေသည်။
ယဲ့ဖန် တစ်ယောက်တည်းသာ ခေလန်ကို သတ်နိုင်စွမ်း ရှိသည်။
ထိုစဉ် ယဲ့ဖန်က ပခုံးတွန့်၍ ပြန်ဖြေလိုက်သည်။
“ခေလန်က ကမ္ဘာမြေသားအားလုံးက ပုရွက်ဆိတ်တွေဆိုပြီး ကမ္ဘာပေါ်က လူတွေကို စော်ကားတယ်လေ။ အဲ့ဒါကြောင့် သူ့ကို ကမ္ဘာမြေပေါ်က ပုရွက်ဆိတ်တွေကပဲ ဝါးမျိုသွားတာ”
*ဘာ*
သူ့စကားကြောင့် ကမ္ဘာခြား မုဆိုးများအားလုံး မှင်တက်သွားကြသည်။
*သူက ပုရွက်ဆိတ်တွေ ဝါးမျိုတာကို ခံလိုက်ရတယ်*
*ဒီကောင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ*
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် ဘေးပတ်လည်ရှိ နတ်ဘုရား သေနာပတိအဆင့်များနှင့် နတ်ဘုရား ဆရာသခင်အဆင့်များ အပါအဝင် ကမ္ဘာခြားမုဆိုးများအားလုံး မယုံသင်္ကာစိတ်များဖြင့် ပြည့်နှက်သွားကြသည်။
“ကောင်းတယ်၊ လူသား ပုရွက်ဆိတ်ကောင်”
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ယဲ့ဖန်ထံသို့ လေထဲမှ ဖြည်းဖြည်းချင်း လှမ်းလာနေရင်း သူမ၏ မျက်နှာပေါ်တွင် ကြမ်းကြုတ်သော ချီဓာတ်များ ထင်ဟပ်လို့နေသည်။
“နင်က အမှန်အတိုင်း မပြောမှတော့ ငါက နင့်ကို အမှန်အတိုင်း ပြောလာအောင် ဖိအားပေးရတာပေါ့”
ထိုသို့ပြောပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ယဲ့ဖန်ထံသို့ ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်တို့နှင့်အတူ ပြေးဝင်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
သူမသည် အဖျက်စွမ်းအင်အဟုန်ကို သယ်ဆောင်လာသည်။ သူမ တစ်လှမ်းလှမ်းလိုက်တိုင်း ဘေးပတ်လည်မှ လူများကို ကြောက်လန့်ကာ တုန်လှုပ်သွားစေခဲ့သည်။
“သူမကို တားကြ”
ယဲ့ဖန်ကို စောင့်ကြပ်နေသော သူတောင်းစားအိုကြီးနှင့် အခြားသူများအားလုံး ကြောက်လန့်သွားကြသည်။
သူတို့မျက်စိထဲတွင် ယဲ့ဖန်သည် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးထက် အဆင့်ဆယ့်နှစ်ဆင့် နိမ့်သော အစစ်အမှန် နတ်ဘုရား အလယ်အလတ်အဆင့်၌သာ ရှိသော သူဖြစ်သည်။
သူ ပို၍ အဆင့်မြင့်သော သူများကို တိုက်ခိုက်နိုင်သော်ငြားလည်း သူ့၌ ဤအမျိုးသမီးနှင့် ပတ်သက်၍ အခွင့်မသာနိုင်ပေ။
ထို့ကြောင့် သူတောင်းစားအိုကြီး၊ နဂါးနက်ဘုရင်မ၊ မိုရို သွေးစွန်းတစ္ဆေနှင့် အခြား ကမ္ဘာ့ထိပ်သီး သိုင်းပညာရှင်များက အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။
သူတို့ တစ်ယောက်ချင်းစီသည် လျှပ်စီးထက်မြန်သော နှုန်းဖြင့် လှုပ်ရှားလာကြသည်။ သူတို့ ပြိုင်တူ တိုက်ကွက်ထုတ်ဖော်သောအခါ သူတို့၏ ခွန်အားက နတ်ဘုရား သေနာပတိ နောက်ဆုံးအဆင့်၏ အစွမ်းကုန် တိုက်ခိုက်မှုကိုတောင်မှ သာလွန်နိုင်နေသည်။
ဝုန်း!
ပြင်းထန်သော တိုက်ခိုက်မှုက အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ ဦးခေါင်းနားသို့ နီးကပ်လာသည်။
သိ့သော် ဤမြင်ကွင်းကို ကြည့်ပြီး ဘေးပတ်လည်မှ မည်သည့် ကမ္ဘာခြားမုဆိုးကမျှ သူတို့၏ တိုက်ခိုက်မှုကို တားဆီးရန် မကြိုးစားကြချေ။
ထိုသို့လုပ်ရမည့်အစား သူတို့သည် အစိမ်းရောင် အမျိုးသမီးအတွက် လုံးဝ မစိုးရိမ်ဟန်ဖြင့် အပြုံးကြီးပြုံးနေကြသည်။
ထိုစဉ် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက လှောင်ရယ်၍ အော်ဟစ်လာသည်။
“ရှေးလူမျိုးတွေ။ နင်တို့ သေချင်နေတာပဲ”
သူမက ထိုတိုက်ခိုက်မှုကို ရှောင်ပင်မရှောင်ချေ၊ ထိုအစား သူမက သူမရှေ့တည့်တည့်မှ လေကို သူမ၏ လက်ဖြင့် ရိုက်ပုတ်လိုက်သည်။
“ကိုးဆင့်လေခွင်းလက်ဝါးသိုင်း”
ဘန်း!
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ ပတ်လည်ရှိ လေထုသည် အက်ကွဲသွားပုံရပြီး ဘေးပတ်လည်တစ်ခုလုံး ပေါက်ကွဲသံများနှင့် ပဲ့တင်ထပ်သွားသည်။
သူတောင်းစားအိုကြီးနှင့် အခြားသူများအားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ လေထဲမှနေ၍ နောက်သို့ လွင့်ထွက်သွားကြသည်။
သူတို့အားလုံး အနောက်သို့ မီတာ နှစ်ဆယ်ကျော် လွင့်ထွက်သွားကြသည်။
ကမ္ဘာမြေမှ သိုင်းပညာရှင်များ သွေးများနှင့် ပေကျံလာပြီး ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။
အင်အားကြီးလှသည်။
သူတောင်းစားအိုကြီးနှင့် အခြား ကမ္ဘာမြေမှ သိုင်းပညာရှင်များသည် ကမ္ဘာမြေမှ ထိပ်သီး သိုင်းပညာရှင်များအားလုံး၏ စုပေါင်း တိုက်ပွဲဝင်ခွန်အားက အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ လက်ဝါးသိုင်းကွက်တစ်ခုလေးကိုပင် မခုခံနိုင်လိမ့်မည်ဟု ထင်မှတ်မထားမိကြပေ။
*မယုံနိုင်စရာပဲ*
ဤမြင်ကွင်းကြောင့် ယဲ့ဖန်တောင်မှ တစ်ခဏမျှ မှင်တက်သွားသည်။ ယခင်တုန်းက မိုရို သွေးစွန်းတစ္ဆေနှင့် အခြား ကမ္ဘာမြေမှ ထိပ်သီး သိုင်းပညာရှင်များက အနည်းဆုံး သိုင်းကွက် အချီအနည်းငယ်မျှ တောင့်ခံနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
ထင်မှတ်မထားဘဲ အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက သူတို့ ထင်ထားသည်ထက် ပို၍ အင်အားကြီးနေ၏။
“အဆင့် ဆယ့်နှစ်ဆင့် ကွာတာလား”
ယဲ့ဖန်က နတ်ဆိုးဆန်သော အပြုံးမျိုးပြုံး၍ ရေရွတ်လိုက်သည်။ အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ကမ္ဘာ့ ထိပ်သီး သိုင်းပညာရှင်များထံသို့ အသေသတ် သိုင်းကွက် ထုတ်ဖောက်တော့မည့် အချိန်တွင် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးလာသည်။
CHAPTER 380 ကိုးဆင့်ကလန်၏ ဘိုးဘေး
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက သူတောင်းစားအိုကြီးအား သတ်တော့မည့် အချိန်တွင် ယဲ့ဖန်က မြေကြီးကို ခြေဆောင့်နင်းလိုက်ပြီး လေထဲ ခုန်တက်လိုက်သည်။
ဘန်း!
ပြင်းထန်သော ပွတ်တိုက်အားတစ်ခုက အမျိုးသမီး၏ ခန္ဓာကိုယ်ထံသို့ ဦးတည်လာသည်။ အင်အားပြင်းသော တိုက်ခိုက်မှုကို မြင်ပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး ချက်ချင်း မျက်နှာပျက်သွားသည်။
ထို့နောက် သူမသည် သူတောင်းစားအိုကြီးနှင့် အခြားသူများအား တိုက်ခိုက်မည့် အစီအစဉ်ကို လက်လျော့၍ လေထုအား သူမလက်ဖဝါးဖြင့် နောက်တစ်ကြိမ် ရိုက်ခတ်လိုက်သည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
ပြင်းထန်သော အင်အားနှစ်ခုသည် ချက်ချင်းဆိုသလို မှော်ဝင်နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး တစ်ကောင်နှင့်တစ်ကောင် ချက်ချင်း ထိပ်တိုက် တိုက်ခိုက်လေတော့သည်။
ဘန်း! ဘန်း! ဘန်း!
မိုးကောင်းကင်၌ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ပဲ့တင်ထပ်နေ၏။
ယဲ့ဖန်သည် ထိုပြင်းထန်သော ပေါက်ကွဲမှုများကြောင့် နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံနေရသည်။
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည်လည်း သူမ၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး သူမ၏ လှပသော မျက်နှာလေးက ရုတ်တရက် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
*မင်း ငါ့ကို နောက်နေတာလား*
နတ်ဘုရား သေနာပတိအဆင့်နှင့် ဆရာသခင်အဆင့်များ၏ မျက်နှာများ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်လာသည်။
ယဲ့ဖန်က မုဆိုးခေါင်းဆောင်၏ လက်ဝါးသိုင်းကို ခုခံနိုင်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ မည်သည့် နတ်ဘုရား သေနာပတိအဆင့်ကမှ မုဆိုးခေါင်းဆောင်၏ လက်ဝါးသိုင်းကို ခုခံနိုင်ခြင်း မရှိချေ။
သို့သော် သူမ၏ တိုက်ခိုက်မှုကို နိမ့်ကျသော နတ်ဘုရား တပည့်အဆင့် တစ်ယောက်က ရှောင်တမ်းနိုင်နေသည်။
*မဖြစ်နိုင်ဘူး*
မုဆိုးခေါင်းဆောင်က ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
“နိမ့်ကျတဲ့ ပုရွက်ဆိတ်လိုကောင်၊ ကြည့်ရတာ ငါ နင့်ကို အထင်သေးခဲ့မိပြီ ထင်တယ်”
*အထင်သေးတယ်*
သူမစကားကြောင့် ယဲ့ဖန်က ခေါင်းခါ၍ အသာပြုံးကာ ပြောလိုက်သည်။
“မင်း ငါ့ကို အထင်မသေးခဲ့ပါဘူး၊ မင်းက မင်းကိုယ်မင်း အထင်ကြီးနေရုံလေးပါ”
*ဘာ*
သူ၏ အထက်စီးဆန်သော စကားများကို ကြားပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။
အချိန်တော်တော်များများတွင် နတ်ဘုရား သေနာပတိအဆင့်များက သူမ၏ တည်ရှိမှုကြောင့် ကြောက်လန့်လေ့ရှိသည်။
သို့သော် နိမ့်ကျသော ရှေးလူမျိုး နတ်ဘုရား တပည့်အဆင့်လေးက သူမအား လူကြားထဲ၌ လှောင်ပြောင်ရဲနေသည်။ ထို့ကြောင့် သူမ ဒေါသမီးတို့ တောက်လောင်လာရသည်။
“နင်က အရမ်း စကားများတာပဲ။ ဒါပေမယ့် နင် ကိုယ့်သေတွင်းကိုယ်တူးနေတာ”
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက မကောင်းဆိုးဝါးဆန်သော မျက်လုံးများနှင့် ပြောလိုက်သည်။
ထို့နောက် သူမက လက်ဖဝါးကို လှုပ်ယမ်းလိုက်သဖြင့် အနက်ရောင် အလင်းတန်းတစ်ခုက သူမလက်ဝါး၌ ပေါ်ထွက်လာသည်။
ထိုအနက်ရောင် အလင်းတန်းသည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ၎င်း၏ ပြင်းထန်သော ချီဓာတ်က ဘေးပတ်လည်ရှိ ဟင်းလင်းပြင်အား ကွဲအက်စေသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်၌ သေမင်းချီဓာတ်များဖြင့် ပြည့်နှက်လာပြီး အခြားသူများအား ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်သွားစေသည်။
ထို့နောက် အခြားသူများ ကြည့်နေစဉ်တွင် အနက်ရောင် အလင်းတန်းထဲမှ သူမ၏ လက်ဝါးနှစ်ဘက်သည် လူသေကဲ့သို့ ဆိုးရွားသော အရိုးဖြူ လက်သည်းများအသွင် ပြောင်းလာသည်။
“ကိုးဆင့် အရိုးဖြူ လက်ဝါးသိုင်း”
ချောက်ချားဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး နတ်ဘုရား သေနာပတိအဆင့်များနှင့် နတ်ဘုရား ဆရာသခင်အဆင့်များ အလွန် ကြောက်လန့်သွားကြသည်။
သူတို့၏ မုဆိုးခေါင်းဆောင်က တိုက်ပွဲစပြီး မကြာခင်မှာပင် သူမ၏ အသေသတ် သိုင်းကွက်အား ထုတ်ဖော်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိကြပါ။
ချက်ချင်းဆိုသလိုပင် နတ်ဘုရား သေနာပတိအဆင့်များနှင့် နတ်ဘုရား ဆရာသခင်အဆင့်များက နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည့်ဟန်ဖြင့် နောက်သို့ အသည်းအသန် ဆုတ်သွားကြသည်။
ကိုးဆင့် အရိုးဖြူ လက်ဝါးသိုင်း၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သူတို့ သိထားကြပြီးသား ဖြစ်သည်။
မည်သူ၏ အရေပြားမဆို သူမ၏ အနက်ရောင် အလင်းတန်းနှင့် ထိမိပါက ဆွေးမြည့်၍ ပုပ်စော်နံ့ကာ အနံ့ဆိုးများ ချက်ချင်း ထွက်လာမည် ဖြစ်သည်။
အဆုံးတွင် သူတို့သည် အသေဆိုးနှင့် သေရပေလိမ့်မည်။
အင်အားကြီးသော နတ်ဘုရား သေနာပတိအဆင့်တစ်ယောက်က မုဆိုးခေါင်းဆောင်အား ဆန့်ကျင်သဖြင့် သူမက ကိုးဆင့် အရိုးဖြူ လက်ဝါးသိုင်းဖြင့် ထိုသူအား တစ်ခါ သတ်ခဲ့သည်ကို သူတို့ သတိရလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ပုပ်ပွနံ့စော်နေသော အရေပြား၏ မြင်ကွင်းကို သတိရလိုက်မိပြီးနောက် အခြားသူများ ကြောက်စိတ်များဖြင့် နစ်မြုပ်တော့မလို ဖြစ်လာသည်။
သို့သော် ထိုအမျိုးသမီး၏ တိုက်ခိုက်မှုကို မြင်သည်နှင့် ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူသည် အနည်းငယ် အံ့အားသင့်နေသော မျက်နှာနှင့် ရေရွတ်လိုက်မိသည်။
“ကိုးဆင့် အရိုးဖြူ လက်ဝါးသိုင်းလား”
ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ကိုးဆင့်ကလန်၏ လျှို့ဝှက်သိုင်းကွက်ကို တတ်မြောက်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
သို့သော် သူမသည် ယဲ့ဖန်၏ မျက်လုံးထဲတွင်တော့ အရူးသာသာမျှသာ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်သိုင်းကွက်ကို တီထွင်ခဲ့သူက သူပင်။
ကိုးဆင့်ကလန်တောင်မှ ယဲ့ဖန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များစွာခန့်က ကိုးဆင့်ကလန်၏ ကလန်သားများအားလုံးသည် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ စစ်ပွဲအတွင်း၌ အသက်ပေး၍ တိုက်ခိုက်ခဲ့ကြ၏။
ဤအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ကိုးဆင့်ကလန်၏ အခြေခံသိုင်းကွက်များကို တစ်နည်းနည်းဖြင့် ရခဲ့ပုံပေါ်သည်။
ဝုန်းခနဲ အသံနှင့်အတူ သူမက သူမ၏ ကိုးဆင့် အရိုးဖြူ လက်သည်းများအား ယဲ့ဖန်ထံသို့ ဝင့်လာ၏။
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်အား သေစေနိုင်သော ချီဓာတ်များက လွှမ်းခြုံသွားသည်။
“ရှေးလူမျိုးကောင် ငရဲကို သွားလိုက်တော့”
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက အလွန် ကျေနပ်နေသော မျက်လုံးများဖြင့် ကြုံးဝါးလာသည်။
သူမ၏ အရိုးဖြူ လက်သည်းများအောက်၌ သူမရန်သူက ဆိုးဆိုးရွားရွား တုန်ယင်၍ ဆွေးမြည့်သွားသည်အထိ ကြည့်နေရသည်ကို သူမ နှစ်သက်သည်။
သွေးသံတရဲရဲနှင့် မြင်ကွင်းက သူမကို မူမှန်သော ကျေနပ်မှုမျိုး ပေးစွမ်းနိုင်သည်။
ဘေးပတ်လည်မှ ကမ္ဘာခြားမုဆိုးများအားလုံးက ယဲ့ဖန်၏ သနားစဖွယ် အဖြစ်ကို မြင်ယောင်နေဟန်ဖြင့် အပြုံးကြီး ပြုံးနေကြသည်။
ထိုစဉ် ယဲ့ဖန်က ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ့လက်ဝါးပတ်လည်၌ အနက်ရောင် အလင်းတန်း ပေါ်ထွက်လာသည်။
ထို့နောက် သူက အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ လက်ဝါးအား ခုခံ၍ ရိုက်နှက်လိုက်သည်။
“အရူး”
ဤမြင်ကွင်းကို ကြည့်ပြီး ထိုအမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး စိတ်လှုပ်ရှားလာကြသည်။
လက်ဝါးနှင့်လက်ဝါး။
သူ ကိုယ့်သေတွင်းကိုယ်တူးနေတာပါလား။
ဘန်း!
လက်ဝါးနှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် မီးပွားများ လွင့်စဉ်လာပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ယဲ့ဖန်သာမက ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးပါ နောက်သို့ သုံးလှမ်းဆုတ်လိုက်ရ၏။
ထိုစဉ် စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လာသည်။ နတ်ဘုရား သေနာပတိအဆင့်များ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်၊ အဘယ်ကြောင့်ဆိုသော် အော်ဟစ်နေသူက ယဲ့ဖန် မဟုတ်ဘဲ သူတို့၏ မုဆိုးခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။
ထို့နောက် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ ဖြူဖွေးသော လက်နှစ်ဘက် ပြန်ပေါ်လာသည်ကို သူတို့ သတိပြုလိုက်မိသည်။ အနက်ရောင် အလင်းတန်းက လွင့်ပြယ်သွားပြီ ဖြစ်သည်။ သို့သော် သူမလက်ပေါ်၌ လျင်မြန်စွာ ပျံ့နှံ့နေသော အနက်ရောင် အစက်အပျောက် များစွာကို သူတို့ မြင်လိုက်ရသည်။
ထို့အပြင် သူမ၏ လက်များက စတင်၍ ဆွေးမြည့်လာပြီး ပုပ်အဲ့အဲ့ အနံ့မျိုး ထွက်ပေါ်လာသည်။
“ကိုးဆင့် အရိုးဖြူ လက်သည်း”
ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီး အလွန် မှင်တက်သွားကာ နာကျင်မှုကြောင့် တုန်ယင်လာသည်။
သို့သော် သူမသည် ယဲ့ဖန်အား ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်နေမိ၏။
“အံ့ … အံ့ဩစရာကောင်းလိုက်တာ။ နင်က ဘယ်လိုလုပ် ကိုးဆင့် အရိုးဖြူ လက်သည်းသိုင်းကွက်ကို သိနေတာလဲ”
သူမ မျက်ခုံးလှုပ်သလို ခံစားနေရသည်။ သူမ၏ ဘိုးဘေးသည် ကိုးဆင့် အရိုးဖြူ ကလန်၏ အိမ်တော်၌ တောက်တိုမယ်ရ ပြုလုပ်ရသူ ဖြစ်သည်။ သူသည် ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း၏ အခြေခံ သိုင်းကွက်အချို့ကိုသာ သင်ယူခဲ့ရသည်။ ထို့ကြောင့် သူ၏ နောက်မျိုးဆက်များက ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း၏ အခြေခံ သိုင်းကွက်များကိုသာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူမသည် ဂရေးကလန်အား ကိုးဆင့် အရိုးဖြူ လက်သည်းသိုင်းကွက်ဖြင့် အနိုင်ယူခဲ့ပြီး ဂရေးကလန်၏ ထိပ်တန်း ကမ္ဘာခြားမုဆိုးများ၏ စစ်သင်္ဘောအုပ်စု၏ မုဆိုးခေါင်းဆောင် ဖြစ်လာခဲ့သည်။
သို့သော် ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းကို တတ်မြောက်သူ အခြားတစ်ယောက် ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ။
ထို့အတူ ရန်သူ၏ လက်သည်းဖြူ သိုင်းကွက်က သူမသိုင်းကွက်ကိုတောင်မှ ဖိနှိပ်ထားနိုင်သည်။
“နင် … နင်က ကိုးဆင့်ကလန်ရဲ့ ကလန်သားပဲ”
ယခုအချိန်တွင် ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ မျက်လုံးများမှ ရက်စက်သော ချီဓာတ်များ ထွက်ပေါ်နေသည်။
အကယ်၍ သူသာ ကိုးဆင့်ကလန်၏ ကလန်သားတစ်ယောက် ဖြစ်နေပါက သူ သေကိုသေမှဖြစ်မည်။
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ကိုးဆင့်လျှို့ဝှက် သိုင်းကျမ်းကို တတ်မြောက်သူဟူ၍ သူမတစ်ဦးတည်းသာ ရှိစေချင်နေသည်။
သို့သော် သူမစကားကြောင့် ယဲ့ဖန်က ခေါင်းခါလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“မဟုတ်ဘူး၊ ငါက ကိုးဆင့်ကလန်ရဲ့ ကလန်သားတစ်ယောက် မဟုတ်ဘူး”
သူ့စကားကို ကြားပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက သက်ပြင်းချလာသည်။ သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ထပ်ပြောလာသည်။
“ငါက ကိုးဆင့်ကလန်ရဲ့ ဘိုးဘေးပဲ”
သူ့စကားကြောင့် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး အလွန် မှင်တက်သွားသည်။
*ကိုးဆင့်ကလန်ရဲ့ ဘိုးဘေးတဲ့လား*
*မဖြစ်နိုင်လိုက်တာ*
သူမ ငယ်ငယ်လေးကတည်းက သူမ၏ စီနီယာများထံမှ ကိုးဆင့်ကလန်၏ ဘိုးဘေးအကြောင်းကို မကြားခဲ့ဖူးချေ။
ထို့အပြင် ယဲ့ဖန်သည် အလွန်ငယ်နေပြီး ကမ္ဘာမြေပေါ်မှ လူမျိုးတစ်ဦးသာ ဖြစ်သည်။ သူမမျက်လုံးထဲတွင် ယဲ့ဖန်သည် တကယ့် ငပြောင်ကောင်သာ ဖြစ်သည်။
သူမက သူပြောတာကို မယုံမှန်း ယဲ့ဖန် ရိပ်မိသည်၊ သူမ သူ့ကို ရှင်းပြဖို့လည်း စိတ်မပါပေ။
ထို့အပြင် ကိုးဆင့်ကလန်သည် သူ လောကသခင် ဖြစ်မလာခင်က မတော်တဆ တီထွင်ခဲ့မိသည့် လျှို့ဝှက်သိုင်းကျမ်းကြောင့် အသိဉာဏ် ကြွယ်ဝလာသော လူတစ်စုသာသာ၊ သာဖြစ်သည်။
“မင်းက ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းကို သုံးပြီး ဓားပြလုပ်နေတာပဲ”
“မင်းက ချစ်ခင်တဲ့သူတွေကို တစ်ကွဲတစ်ပြား ဖြစ်စေခဲ့သလို မိသားစုဝင်တွေကိုလည်း ကွဲကွာအောင် လုပ်ခဲ့တယ်”
“မင်းက ကိုးဆင့်ကလန်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တာပဲ။ မင်း သေသင့်တယ်”
ယဲ့ဖန်က ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးအား ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သည့် မျက်လုံးများဖြင့် ကြည့်နေ၏။
သို့သော် သူ့စကားကို နားထောင်ပြီးနောက် ထို အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက မကောင်းဆိုးဝါးသဖွယ် ပြုံး၍ ပြောလာသည်။
“ဟီးဟီး … နင်က ကိုးဆင့်ကလန်ရဲ့ ကလန်သား မဟုတ်တောင်မှ ကိုးဆင့်ကလန်နဲ့ နင် ပတ်သက်မှု ရှိကိုရှိရမယ်”
“တိုက်ဆိုင်လိုက်တာ၊ ငါက ကျင့်ကြံခြင်း အဆင့်မှာ တစ်ဆို့သလို ခံစားနေရတာ။ နင့်ကို သတ်ပြီး နင့်စိတ်ဝိညာဉ်ကို ရှာဖွေလိုက်ပြီးရင် ငါ ဒီ့ထက်မြင့်တဲ့ အဆင့်ကို တက်နိုင်တော့မယ်”
“ငနာကောင် နင် သေဖို့ အချိန်တန်ပြီ”
ထိုသို့ပြောပြီး သူမက ယဲ့ဖန်ထံသို့ ပြင်းထန်၊ ကြမ်းကြုတ်သည့် ချီဓာတ်များဖြင့် ပြေးဝင်လာသည်။
“ကိုးဆင့် ဝိညာဉ်ခြွေ လက်ဝါးသိုင်း”
ထိုသိုင်းကွက်သည် သူမ၏ အသေသတ်နိုင်ဆုံးသော သိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။
CHAPTER 381 ဂရေးကလန်ခေါင်းဆောင် ရောက်ရှိလာခြင်း
ကိုးဆင့် ဝိညာဉ်ခြွေ လက်ဝါးသိုင်း။
ကောင်းကင်၌ ဖိနှိပ်နိုင်သည့် ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်နေပြီး အခြားသူများအား ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။
လေတိုးသံများစွာနှင့်အတူ သိပ်သည်းလှသည့် ကြမ်းကြုတ်သော ချီဓာတ်များက များစွာသော မကောင်းဆိုးဝါး ဦးခွံများအဖြစ် အသွင်ပြောင်းသွားပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ လက်ဖဝါး၌ စုဝေးလာသည်။
ထိုသို့ရှိနေစဉ်တွင် အခြားသူများသည် သူတို့သာ ဤတိုက်ခိုက်မှုအတွင်း ကျရောက်ခဲ့ပါက သူတို့၏ စိတ်ဝိညာဉ်နှင့်အတူ ဇီဝိန်ခြွေခံလိုက်ရလိမ့်မည်ဟု ယုံကြည်သွားကြသည်။
ထိုအမျိုးသမီးက သူမ၏ လက်များအား ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ဝင့်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်အား ကြမ်းကြုတ်သော ချီဓာတ်များက ဖုံးအုပ်သွားသည်။ သို့သော် သူမ၏ လှုပ်ရှားမှုကို ကြည့်ပြီး ယဲ့ဖန်က အထင်သေးသလို ပြုံး၍ ပြောလိုက်သည်။
“မင်းက ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းကို အသုံးပြုနေတာက တကယ်ကို ရှက်ဖို့ကောင်းတယ်”
ထိုသို့ပြောပြီး ယဲ့ဖန်သည် သူ၏ လက်ဝါးကို လှုပ်ခါ၍ ထိုအမျိုးသမီးထံသို့ ပြင်းထန်သည့် သိုင်းကွက် ထုတ်ဖော်လိုက်သည်။
ဝုန်း! ဝုန်း! ဝုန်း!
နောက်ဆက်တွဲ အဖြစ်အပျက်က အခြားသူများအား အလွန် ထိတ်လန့်သွားစေသည်။
ထိုအမျိုးသမီး၏ လက်ဝါးပတ်လည်၌ ရစ်ပတ်နေသော ချီဓာတ်များက ယဲ့ဖန်၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်နှင့် ကြေမွသွားသည်။
၎င်းသည် ဖိနှိပ်နိုင်သော ဟန်ပန်ရှိသည့် တစ်ဖက်သတ် သိုင်းကွက်ပင် ဖြစ်၏။
ထို့နောက်တွင် ယဲ့ဖန်၏ လက်ဝါးပတ်လည်၌ ရစ်ပတ်နေသည့် ချီဓာတ်များက အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ လက်ဝါးအား ဖိနှိပ်လာသည်။
ဂျွတ်ခနဲ အသံနှင့်အတူ သူမ၏ လက်ဝါးတစ်ခုလုံး တစ်လက်မချင်းစီ အက်ကွဲလာသည်။ ထို့အပြင် သူမ၏ လက်ဝါးသည် လျင်မြန်စွာ ဆွေးမြည့်လာပြီး စူးရှလှသော ပုပ်အဲ့အဲ့ အနံ့ထွက်ပေါ်လာသည်။
“မဟုတ်ဘူး”
နောက်ဆုံးတွင် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် ကြောက်လန့်လို့လာ၏။
ယဲ့ဖန်သည်လည်း ကိုးဆင့် ဝိညာဉ်ခြွေ လက်ဝါးသိုင်းကို အသုံးပြုထားသည်ကို သူမ အခုမှ ရိပ်စားမိတော့သည်။
သူမ၏ စိတ်ဝိညာဉ်သည် ဖိခြေ၍ ဆွဲဖြဲခံလိုက်ရသလို ခံစားရသဖြင့် သူမသည် စူးရှလှသော နာကျင်မှုကြောင့် တုန်ယင်လို့လာ၏။
ထို့အတူ သူမ၏ ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းသည် ယဲ့ဖန်ရှေ့တွင် ကလေးတစ်ယောက်၏ လှည့်ကွက်ကဲ့သို့ အားနည်းလွန်းလှသည်ဟု သူမ ခံစားမိသည်။ ယဲ့ဖန်၏ တိုက်ခိုက်မှုတစ်ခုကိုတောင်မှ သူမ ခုခံနိုင်ခြင်း မရှိချေ။
“မဟုတ်ဘူး။ ဒီလိုဖြစ်လာတယ်ဆိုတာကို ငါ မယုံနိုင်ဘူး”
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး ကြံရာမရ ဖြစ်လာသည်။ သူမ၏ သိစိတ်တစ်ခုလုံး ပြောင်းပြန်လှန်ပစ်ခံလိုက်ရသလို ခံစားမိသည်။
ထို့နောက် သူမက ယဲ့ဖန်အား ဆက်တိုက် တိုက်ခိုက်လေတော့သည်။
“ကိုးဆင့် လက်ချောင်းသိုင်း”
“ကိုးဆင့် သတ်ဖြတ်ခြင်း လက်သီး”
….
ပြင်းထန်ပြီး မကောင်းဆိုးဝါးဆန်သော သိုင်းကွက်များက တစ်ခုပြီးတစ်ခု ကျရောက်လာသည်။ သို့သော် ယဲ့ဖန်က တိုက်ကွက်တစ်ခုချင်းစီအား ခြံဝန်းထဲ အပျင်းပြေ လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာ ရှောင်ရှားလျက် ရှိသည်။
“မင်းရဲ့လက်ဝါးက ငါ့စိတ်ဝိညာဉ်ကို မသတ်နိုင်ဘူး။ အမှိုက်ပဲ”
“မင်းရဲ့ လက်ချောင်းသိုင်းက ငါ့အရွတ်တွေကိုတောင် ပျက်စီးအောင် မလုပ်နိုင်ဘူး။ အရူး”
“မင်းရဲ့ လက်သီးက ငါ့ရင်ဘတ်ကိုတောင် မထိုးဖောက်နိုင်ဘူး။ အသုံးမကျလိုက်တာ”
…
အထင်သေးသော စကားလုံးများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ကိုးဆင့် ပေါက်စနလေးက ကိုးဆင့် လူ့ဘီလူကြီးကို တိုက်ခိုက်နေသလိုပင်။ ထို့ကြောင့် အခြားသူများအားလုံး အလွန် ထိတ်လန့်သွားကြသည်။
ထိတ်လန့်စရာ ကောင်းလိုက်လေခြင်း။
ကမ္ဘာခြား မုဆိုးများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူတို့မျက်စိရှေ့တည့်တည့်မှာပင် သူတို့ မုဆိုးခေါင်းဆောင်သည် အရူးအမူး တိုက်ခိုက်နေသည်၊ သို့သော် သူမ၏ မည်သည့် တိုက်ကွက်ကမှ ယဲ့ဖန်အား ထိခိုက်အောင် လုပ်နိုင်ခြင်း မရှိချေ။
*ဒါ … ဒါ အံ့ဩဖို့ကောင်းလိုက်တာ*
ကမ္ဘာခြား မုဆိုးများ မယုံသင်္ကာ ဖြစ်နေကြသည်။ သူတို့ မုဆိုးခေါင်းဆောင်က သူမ၏ အသေသတ်နိုင်သော သိုင်းကွက်များနှင့် သန်မာသည့် ရန်သူများစွာအား သတ်ဖြတ်ခဲ့သည်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ဖူးသည်။
ယခင် ရန်သူများအားလုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်။ သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် …
“သူ … သူက တကယ်ပဲ ကိုးဆင့်ကလန်ရဲ့ ဘိုးဘေးလား။ မဖြစ်နိုင်ဘူးလေ”
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး ကြက်သီးမွေးညင်း ထလာရသည်။ သူမ ယဲ့ဖန်ထက် ပိုမြန်စွာ လှုပ်ရှားလိုက်သည်။
သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ရန်သူထက် ပို၍ သာလွန်နေသည်။ သို့သော် ရန်သူက သူမ၏ သိုင်းကွက်များကို လွယ်လင့်တကူ ကြိုမြင်နေပုံရသည်။
သူမ၏ သိုင်းကွက်တစ်ကွက်ချင်းစီက တစ်ဘက်ရန်သူ၏ မျက်လုံးထဲတွင် ဟာကွက်များနှင့် ပြည့်နှက်လျက် ရှိ၏။
အလွန် ထိတ်လန့်စရာကောင်းလှသည်။
သို့သော် တိုက်ပွဲကား ယခုမှ စတင်မည် ဖြစ်သည်။
“မင်း ပြီးပြီလား”
ယဲ့ဖန်က ထိုအမျိုးသမီး၏ မျက်လုံးကို ခက်ထန်စွာ စိုက်ကြည့်၍ မေးလိုက်သည်။
“အမှန်အတိုင်း ပြောရရင် မင်းက ဒီကျင့်စဉ်ကို ကျင့်ကြံတဲ့နေရာမှာ အရမ်း ညံ့ဖျင်းလွန်းတယ်။ မင်း ငါ့ကို တော်တော် စိတ်ပျက်အောင် လုပ်တာပဲ”
“ကဲ ငါ အခု မင်းကို တကယ့် ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း အစစ်ကို ပြမယ်”
ထိုသို့ပြောပြီး ယဲ့ဖန်က ရှေ့သို့ လက်ညှိုးညွှန်လိုက်သဖြင့် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“ပထမအဆင့်မှာ ငါ မင်းရဲ့ ကြွက်သားတွေကို ငါ့လက်ညှိုးနဲ့ ဖျက်ဆီးပစ်မယ်”
ဝုန်း!
အသံက ရှင်းလင်းကျယ်လောင်လှသည်။
ထိုအမျိုးသမီးက ယဲ့ဖန်နှင့် ရင်ဆိုင်မိချိန်တွင် သူမ တစ်ကိုယ်လုံးသို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုက ပျံ့နှံ့လာသလို ခံစားမိသဖြင့် ချက်ချင်း တုန်ယင်လာသည်။
ထို့နောက် သူမ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာသည်။
ဖြောက်! ဖြောက်! ဖြောက်!
သူမခန္ဓာကိုယ်သည် ပဲသီးကြော်ကဲ့သို့ တဖြောက်ဖြောက် မြည်သံထွက်လာသည်။ သူမ ခန္ဓာကိုယ်ထဲမှ ကြွက်သားတစ်ခုချင်းစီတိုင်း စုတ်ပြဲသွားသည်။
သူမ စူးရှလှသော နာကျင်မှုကြောင့် ငယ်သံပါအောင် အော်ဟစ်မိပြီး သူမ၏ ကြွက်သားများက သူမ ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရပြီး သူမ၏ အရိုးများ ရိုက်ချိုးခံလိုက်ရသည်။
“အား”
သူမ၏ ငယ်သံပါအောင် အော်နေပြီးနောက် ယဲ့ဖန်၏ ခက်ထန်သော စကားများကို ထပ်၍ ကြားလိုက်ရသည်။
“ဒုတိယအဆင့်အနေနဲ့ ငါ မင်းရင်ဘတ်ကို ငါ့လက်သီးနဲ့ ထိုးနှက်ပစ်မယ်”
ဝုန်း!
ထိုသို့ရှိနေစဉ်တွင် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် သူမ သေခြင်းတရားနှင့် နီးကပ်လို့လာပြီဟု ခံစားလိုက်မိသည်။
ထို့နောက် သူမ အားကုန်သုံး၍ သူမ ခန္ဓာကိုယ်အား တိမ်းစောင်းလေတော့သည်။
ဘန်း!
သူမ ခန္ဓာကိုယ် အနေအထား ပြောင်းလဲလိုက်သော်လည်း ယဲ့ဖန်၏ သံမဏိ လက်သီးက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဂျွတ်!
ထို့နောက် ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ နံရိုးများ တစ်စစီ ကျိုးကြေသွားသည်။ သူမ၏ ကိုယ်တွင်းအင်္ဂါများ ဆိုးရွားစွာ ပျက်ဆီးသွားလေသည်။
သို့သော် အဆိုးဆုံးသည်ကား သူမ၏ နှလုံးသား အစိတ်အပိုင်းတစ်ခု ကျိုးပဲ့သွားသည်။
“နာလိုက်တာ”
ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် အသိစိတ် လွတ်မတတ် ဖြစ်ကာ နဖူး၌ ချွေးများစို့လာသည်။
သူမ ကပ်သီးလေး လွတ်မြောက်လာခဲ့သည်။ အကယ်၍ သူမသာ အနည်းငယ်မျှ နှေးကွေးခဲ့ပါလျင် သူမ၏ နှလုံးသားတစ်ခုလုံး ယဲ့ဖန်၏ လက်သီးချက်ကြောင့် ပေါက်ကွဲသွားပေလိမ့်မည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် တစ်စုံတစ်ယောက်အား ဤမျှ မကြောက်လန့်ခဲ့ဖူးပါ။
ယခုအချိန်တွင် သူမ အမှန်တကယ် မှင်တက်လို့နေ၏။
သူမ ချက်ချင်း မြန်နိုင်သမျှမြန်မြန် နောက်ဆုတ်ရန် ကြံစည်လိုက်သည်။ သို့သော် သူမသည် သူမ၏ အိပ်မက်ဆိုးမှ ဝေးဝေးမပြေးနိုင်ချေ။
“တတိယအဆင့်နဲ့ မင်းခြေထောက်ကို ချိုးပစ်မယ်”
ဒုန်း! ဒုန်း! ဒုန်း!
ယဲ့ဖန်က ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးအား သည်းကြီးမဲကြီး ဆက်၍ တိုက်ခိုက်နေသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
နတ်ဘုရား သေနာပတိအဆင့်နှင့် နတ်ဘုရား ဆရာသခင်အဆင့်များ ကြောက်လန့်ကာ တုန်လှုပ်လာသည်။
ဤမျှ ထူးဆန်းသော လူအား သူတို့ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူတို့ မုဆိုးခေါင်းဆောင်က ဖိနှိပ်ခံထားရပြီး ပျော့ကြေသွားအောင် ထုထောင်းခံရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိချေ။
သူတို့ မုဆိုးခေါင်းဆောင်၏ ခြေထောက်နှင့် ပခုံးများ ထောက်ခနဲ၊ ဂျွတ်ခနဲ ကျိုးသွားပြီး သူမ၏ နှလုံးသားမှ သွေးများ စိမ့်ထွက်လာသည်ကို မြင်ပြီး သူတို့ ကြောက်လန့်ကာ မျက်ရည်ဝဲလာသည်။
“ဒီလူက ဘယ်လိုလုပ် ဒါကို ကျွမ်းကျင် …”
သူတောင်းစားအိုကြီးနှင့် အခြား ကမ္ဘာမြေသား သိုင်းပညာရှင်များ ထိတ်လန့်ကာ မျက်ခုံးတလှုပ်လှုပ် ဖြစ်နေကြသည်။
သူတို့ အစောပိုင်းလေးတင် ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ သန်မာသော အင်အားကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။
သို့သော် ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးအား ယဲ့ဖန်က အလွယ်တကူ အနိုင်ပိုင်းနေသည်။ သူမ တိုက်ခိုက်ဖို့ပင် မစွမ်းနိုင်ပေ။
“အား…အား…အား”
သူတို့ ထိတ်လန့်၍ မှင်တက်နေစဉ်တွင် နောက်ထက် ဆိုးရွားစွာ အော်ဟစ်နေသော အသံကို ကြားလိုက်ရသည်။
ထို့နောက် ယဲ့ဖန်က ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီးအား ခြေထောက်ဖြင့် ဖိ၍ သူမ၏ ခန္ဓာကိုယ်ထဲမှ သူမ စိတ်ဝိညာဉ်အား ဆွဲထုတ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ စိတ်ဝိညာဉ်သည် ထိတ်ထိတ်ပျာပျာနှင့် အော်ဟစ်နေသည်။
အလွန် နာကျင်လှသည်။ သူမ၏ စိတ်ဝိညာဉ်မှာတောင်မှ နာကျင်မှုများနှင့် ဖုံးလွှမ်းနေသည်။
သို့သော် တိုက်ပွဲကား မပြီးဆုံးသေးချေ။
“ငါ မင်းရဲ့ စိတ်ဝိညာဉ်ကို ငါ့လက်ဝါးနဲ့ နှုတ်ယူပစ်မယ်”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး အော်ဟစ်နေရာမှ တိတ်ကျသွားသည်။
ထို့နောက် သူမ စိတ်ဝိညာဉ်အား ကြမ်းကြုတ်သည့် ချီဓာတ်ဖြင့် လွှမ်းမိုးထားသည့် ယဲ့ဖန်၏ လက်ဝါးအား သူမ စိုက်ကြည့်လိုက်မိသည်။
“မလုပ်နဲ့”
ထိုအစိမ်းရောင် အသားအရေနှင့် အမျိုးသမီး အသည်းအသန် ဟစ်အော်လိုက်မိသည်။
ဤလက်ဝါးသိုင်းနှင့် ထိမိပါက သူမ၏ စိတ်ဝိညာဉ်နှင့်အတူ သူမ လုံးဝ ပျက်သုဉ်းသွားမည်ဆိုတာကို ရှင်းလင်းစွာ ခံစားမိနေ၏။
မျှော်လင့်ချက် ပျက်သုဉ်းနေ၏။
ကြောက်လန့်လို့နေသည်။
ယခုလိုအချိန်တွင် သူမ၌ မည်သည့်အခွင့်အရေးမျှ မရှိတော့သည်ကို သူမ သိလိုက်သည်။
သို့သော် ထိုစဉ် လွှမ်းမိုးချုပ်ကိုင်နိုင်သော အလင်းတန်းတစ်ခုက မိုးကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
ဝုန်း!
ချက်ချင်းဆိုသလိုပင် ထိုအလင်းတန်းက ယဲ့ဖန်အား ဝင်တိုးပြီး မီးပွားများ ဖြစ်ပေါ်လာသည်။
ဘုန်း!
ထို့နောက် ယဲ့ဖန်သည် ကြိုးပြတ်သွားသော စွန်သဖွယ် အနောက်သို့ လွင့်ထွက်သွားသည်။ ထို့အပြင် သူ၏ ရင်ဘတ်သည်လည်း ကျွံဝင်သွားသည်။
ထို့ပြင် ကမ္ဘာ့လေထုလွှာ တစ်ခုလုံး ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။ ထို့နောက်တွင်မူ ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့် ကမ္ဘာခြား စစ်သင်္ဘောများစွာ ကမ္ဘာမြေထံသို့ ဆင်းသက်လာသည်။
စစ်သင်္ဘောတစ်စီးချင်းစီတိုင်း၌ ‘ဂရေး’ ဟူသော စာလုံးပါသည့် ဧရာမ အလံတစ်ခုစီကို လွှင့်ထူထားသည်။