← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

CHAPTER 385 ငါ့အစေခံ ဘယ်ရောက်နေလဲ

ဝုန်း!

ဂရေဆန်၏ ခြေဖဝါးနှင့် ယဲ့ဖန်၏ သံမဏိ လက်သီးတို့ ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

ရုတ်တရက် ပြင်းထန်သော နတ်ဘုရားအဆင့် လှိုင်းလုံးများက ကောင်းကင်တစ်ဝိုက် ပျံ့နှံ့လာပြီး နတ်ဘုရား သေနာပတိအဆင့်များနှင့် ဆရာသခင်အဆင့်များအား သေးနုပ်သော ပုရွက်ဆိတ်များကဲ့သို့ ဆန့်ကျင်ဘက်အရပ်မျက်နှာသို့ လွင့်ထွက်သွားစေ၏။

ထို့အတူ သူတို့တစ်ယောက်ချင်းစီတိုင်း သွေးအန်မိကြသည်။

“တအား … တအား အင်အားကြီးတာပဲ”

အခြားသူများအားလုံး ထိတ်လန့်၊ ကြောက်ရွံ့သွားကြသည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိနေကြသည်။

“သူ သေသွားပြီလား”

အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများသည် ချက်ချင်းပင် နတ်ဘုရားစွမ်းအင်ကြောင့် မြူခိုးထူနေသော တိုက်ပွဲနေရာအား ဝိုင်းကြည့်မိကြသည်။

မြူခိုးများ ကွယ်ပျောက်သွားသောအခါ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

သူသည် လေထဲ၌ ထင်းရှူးပင်ကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေသည်။

“သူ … သူ အသက်ရှင်နေသေးတာပဲ”

အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး ချက်ချင်း ထိတ်လန့်သွားကြသည်။

အဲ့ဒါက နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုလေ။

အဲ့ဒါက နတ်ဘုရား သေနာပတိအဆင့်တွေကို စက္ကန့်ပိုင်းအတွင်း ဖိချေနိုင်တာလေ။

ဒါပေမယ့် ယဲ့ဖန်က ဘာမှမဖြစ်ပါလား။

*ဒါ … မဖြစ်နိုင်ဘူး*

ထို့ပြင် အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး စူးရှသော အော်သံကြောင့် မှင်တက်သွားကြသည်။

“အား…အား…အား…”

ထို့နောက် အခြားသူများသည် အသံလာရာသို့ လှမ်းကြည့်လိုက်သောအခါ ဂရေဆန်၏ ခြေဖဝါးသည် လုံးဝ ပျက်ဆီးလို့နေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရ၏။

သူ၏ အရိုးများအားလုံး ကျိုးကြေသွားလေတော့သည်။ ထို့အပြင် သူ့ပါးစပ်မှ သွေးများ စီးကျလျက် ရှိသည်။

ဆိုးရွားလိုက်သည့် မြင်ကွင်းပါတကား။

“မဖြစ်နိုင်ဘူး။ ဘယ် … ဘယ်လိုလုပ် မင်းက ငါ့ကို ထိခိုက်အောင် လုပ်နိုင်တာလဲ”

ဂရေဆန်သည် ယဲ့ဖန်အား သရဲသဘက်ကို မြင်တွေ့လိုက်ရသည့်နှယ် ထိတ်လန့်တကြားနှင့် ကြည့်နေမိသည်။

ဤမြင်ကွင်းကို ကြည့်ပြီး အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများ အားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။

သူ ဒဏ်ရာရသွားတာပါလား။

နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့် တစ်ယောက်၏ စိတ်ဝိညာဉ်က နတ်ဘုရား တပည့်အဆင့်တစ်ယောက်၏ ခိုးယူခြင်းကို ခံလိုက်ရတာပါလား။

အိပ်မက်မက်နေသလိုပင်။ အခြားသူများအားလုံး မယုံသင်္ကာစိတ်များနှင့် ပြည့်နှက်လာကြသည်။

ထိုစဉ် ယဲ့ဖန်၏ ခက်ထန်သော အသံ ထွက်ပေါ်လာ၏။

“အတိအကျ မဟုတ်သေးဘူး”

“သေချာပြောရမယ်ဆိုရင် ကျုပ် ခင်ဗျားကို သတ်နိုင်တယ်”

ကျယ်လောင်သော အသံနှင့်အတူ ယဲ့ဖန်သည် ရုတ်တရက် ရှေ့သို့ ပြေးတက်လာပြီး ဂရေဆန်၏ ပုံဆိုးပန်းဆိုး ဖြစ်နေသော ခန္ဓာကိုယ်အား သူ၏ ထိတ်လန့်ဖွယ် သံမဏိလက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ပုရွက်ဆိတ်လိုကောင် မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

ဂရေဆန် ရူးမတတ် ဖြစ်လာသည်။ ထို့နောက် သူသည် လက်သီးကိုဆုပ်၍ ယဲ့ဖန်အား ပြန်၍ ထိုးနှက်လိုက်သည်။

သူသည် သူ့ဒေါသ ပျောက်ပျက်သွားရန် သူ၏ လက်သီးဖြင့် ယဲ့ဖန်အား ပေါက်ကွဲသွားစေချင်နေသည်။

“ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း”

ထိုစဉ် ယဲ့ဖန်က တင်းမာစွာ ရေရွတ်လာသည်။ လက်သီးနှစ်ခုသည် ချက်ချင်း ထိပ်တိုက်ဆုံ သွားလေသည်။

ရုတ်တရက် ဂရေဆန်သည် ယဲ့ဖန်၏ သံမဏိ လက်သီးမှ နတ်ဘုရားအဆင့် စွမ်းအင်များက သူ့ကိုယ်ထဲ တိုးဝင်လာသလို ခံစားမိသဖြင့် ထိတ်လန့်လို့လာသည်။

ဝုန်း!

ဂရေဆန်၏ လက်သီးသည် ယဲ့ဖန်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး သွေးများ လွင့်စဉ်လာသည်။

သို့သော် သူ မအော်ဟစ်နိုင်ခင်တွင် ယဲ့ဖန်၏ လက်သီးက သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

အခြားသူများအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လို့လာသည်။

ဒါက တစ်ဖက်သက် တိုက်ခိုက်မှုပါလား။ တစ်ဘက်သက် ဖိနှိပ်နေခြင်းပင်။

ယဲ့ဖန်သည် ဂရေဆန်၏ ခန္ဓာကိုယ်အား လက်သီးတစ်ချက်ချင်းစီဖြင့် ဖျက်ဆီးလို့နေသည်။

လက်၊ လက်မောင်း၊ ပခုံး၊ ဝမ်းဗိုက်၊ ရင်ဘတ်၊ ....

အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။ ထို့နောက် သူတို့ ကြည့်နေစဉ်မှာပင် ဂရေဆန်၏ ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်လာ၏။

ထို့အပြင် ဂရေဆန်သည် ဆက်တိုက် အော်ဟစ်နေသည်။

“မဖြစ်နိုင်ဘူး။ မင်း ဘယ်သူလဲ။ မင်း ဘယ်လိုလူစားလဲ”

ဂရေဆန်သည် အလွန် ထိတ်ထိတ်ပျာပျာဖြစ်ကာ ထိတ်လန့်လို့နေ၏။

ယဲ့ဖန်၏ လက်သီးချက်များသည် ခန့်မှန်းရခက်လှသည်ဟု သူ ခံစားမိနေသည်။ ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းတွင် စကြဝဠာ၏ လျှို့ဝှက်ချက်များ ပါဝင်နေပုံရသည်။

ဂရေဆန် ပြန်၍ တိုက်ခိုက်ချင်သော်လည်း အခွင့်အရေး မရပေ။

ထို့ကြောင့် သူသည် နတ်ဘုရား စွမ်းအင်အပြည့် ရှိနေသော်လည်း ဒေါသနှင့် နာကြည်းစိတ်တို့နှင့်အတူ သွေးအန်လုမတတ် ဖြစ်နေသည်။

သို့သော် ဂရေဆန်၏ စကားများကို ကြားပြီးနောက် ယဲ့ဖန်က မပြောင်းလဲသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။

“ငါက မင်းကို သတ်မယ့်သူလေ”

သူသည် ဂရေဆန်အား သူ၏ နောက်ခံ ဒါမှမဟုတ် နာမည်ကို မပြောပြဘဲ ရက်စက်သော စကားများကိုသာ ပြောလိုက်သည်။

ယဲ့ဖန်၏ စကားကို ကြားပြီး အခြားသူများအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားသည်။

ရက်စက်လှသည်။

ရက်စက်လှသည့် အာဏာရှင်ပါတကား။

“မဖြစ်ဘူး”

ဂရေဆန်၏ ကိုယ်အောက်ပိုင်း ပေါက်ကွဲသွားသလို သူသည်လည်း နာကျင်စွာ အော်ဟစ်လိုက်မိသည်။

“သောက်ရှေးလူမျိုးကောင်။ ငါ့ကို သတ်ဖို့ ဘယ်တော့မှ အိပ်မက်မက်မနေနဲ့”

“ငါက ကြီးမြတ်တဲ့ ဂရေးကလန်ရဲ့ ခေါင်းဆောင်ကွ။ ငါက ဂရေးကလန် ဘိုးဘေးရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်”

“မင်း ငါ့ကို အနိုင်ယူလို့ရတယ် ဒါပေမယ့် မင်း ငါ့ကို သတ်လို့မရနိုင်ဘူး”

ထိုသို့ပြောပြီး ဂရေဆန်က မသိမသာ လှောင်ရယ်၍ ထပ်ပြောလာသည်။

“ဂရေးကလန်ရဲ့ အမည်နာမနဲ့ ကျုပ်ဘိုးဘေးရဲ့ စိတ်ဝိညာဉ်ကို ဆင့်ခေါ်မယ်”

“ဘိုးဘေးခင်ဗျား ကျွန်တော့ကို ကယ်တင်ပေးပါဦး”

*ဘာ*

သူ့စကားကြောင့် အခြားသူများ အကြီးအကျယ် ထိတ်လန့်သွားကြသည်။

*ဘိုးဘေးလား*

*သူ ပြောချင်နေတာက ...*

အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများ အားလုံး အံ့အားသင့် သွားကြသည်။

*လူထူးလူဆန်းကြီးမလား*

*ဂရေးကလန်ရဲ့ ထိတ်လန့်စရာကောင်းတဲ့ ထိပ်တန်း ဘိုးဘေးကြီးက အသက်ရှင်နေသေးတာလား*

*ဒါ ဖြစ်နိုင်စရာ မရှိဘူးလေ*

အခြားသူများအားလုံ ထပ်မံ၍ မယုံသင်္ကာ ဖြစ်သွားကြသည်။

ထိုစဉ် နေသာနေသော ကောင်းကင်ယံ၌ မိုးခြိမ်းသံနှင့်အတူ ငွေရောင်မြွေတစ်ကောင်ကဲ့သို့ လျှပ်စီးတန်းတစ်ခု ဖြတ်သန်းလာသည်ကို သူတို့ မြင်လိုက်ရသည်။

ထို့နောက်တွင် လေထဲ၌ မျောလွင့်နေသော ဂိတ်ပေါက်တစ်ခု ဖြည်းညင်းစွာ ပွင့်လာသည်။

ထို့နောက်တွင်မူ နတ်ဘုရားတစ်ပါး ဒေါသထွက်နေသည့်အသံအလား ကျယ်လောင်သော ပြစ်တင်ရှုတ်ချသံနှင့်အတူ ချောက်ချားဖွယ်ကောင်းသည့် ခြေဖဝါးတစ်ဘက်က ဂိတ်ပေါက်ဝမှ ထွက်ပေါ်လာသည်။

“ဘယ်ကောင်က ငါ့မျိုးဆက်တွေကို ထိခိုက်အောင် လုပ်ရဲတာလဲ”

အခြားသူများသည် သူတို့၏ နားစည်များ ကွဲမတတ် ဖြစ်ကာ ခေါင်းထဲ ဝီခနဲ ဖြစ်သွားရသည်။

ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။

ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်အား မြင်တွေ့လိုက်ရပြီးနောက် သူတို့သည် သရဲသဘက်နှင့် နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရသကဲ့သို့ မျက်နှာများ ပြာနှမ်းလာကြသည်။

“ဂရေးကလန်ဘိုးဘေးရဲ့ ကိုယ်ပွား။ အိုး ... ဝိုး ... သူ တကယ် အသက်ရှင်နေသေးတာကိုး”

“မယုံနိုင်စရာပဲ။ ကမ္ဘာဂြိုဟ်တော့ သေချာပေါက် သုတ်သင်ခံရတော့မှာပဲ”

....

အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများ အားလုံး ဝမ်းမြောက် ပျော်ရွှင်လာကြသည်။

သူတို့ လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က မျှော်လင့်ချက် ပျက်သုဉ်းနေခဲ့ကြသည်။ သို့သော် သူတို့ ဘယ်သောအခါကမှ တွေးထင်မထားမိသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

သူတို့အားလုံး ဘိုးဘေး၏ ကိုယ်ပွားအား ပုရွက်ဆိတ်များက ဆင်တစ်ကောင်ကို ကြည့်သကဲ့သို့ လေးစားအားကျစွာ ကြည့်နေကြသည်။

“သွားသေလိုက်တော့။ ဟားဟား ... ငါ့ဘိုးဘေးက လက်သီးတစ်ချက်တည်းနဲ့ မင်းတို့ဂြိုဟ်တစ်ဝက်ကို ဖျက်ဆီးနိုင်တယ်ကွ”

ဂရေဆန်က ကျေနပ်စွာ ပြောလိုက်သည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်အား သေပြီးသားလူဟုသာ မှတ်ထင်ထားသည်။

“သောက်ရှေးလူမျိုးကောင်၊ ကြီးမြတ်တဲ့ ဂရေးကလန်ရဲ့ အင်အားကို မင်း မသိဘူးမလား။ မင်းအတွက် နောက်ကျသွားပြီကွ”

“မင်း သေကိုသေမှာ။ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိအားလုံး သုတ်သင်ခံရလိမ့်မယ်”

ဂရေဆန်က ချုပ်ကိုင်လိုသော ကြမ်းကြုတ်သည့် ချီဓာတ်ဖြင့် ဟစ်အော်လာသည်။ သူ့စကားကို ကြားပြီး အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများ အားလုံး အလွန် စိတ်လှုပ်ရှားလာကြသည်။

ကမ္ဘာမြေသား သိုင်းပညာရှင်တိုင်း စိတ်ဓာတ်ကျလာကြသည်။

လူထူးလူဆန်း အဘိုးကြီးတစ်ယောက်က လက်သီးတစ်ချက်တည်းဖြင့် ဂြိုဟ်တစ်ဝက်ခန့်ကို ဖျက်ဆီးနိုင်သတဲ့။

သည်လောက် အင်အားကြီးသော လူအကြောင်းကို သူတို့ တစ်ခါမှ မကြားခဲ့ဖူးပါ။

သို့သော် ထူးဆန်းစွာပင် ယဲ့ဖန်၏ အမူအရာက မပြောင်းမလဲ ရှိနေသေးပြီး ဂရေဆန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေသည်။

“မင်းရဲ့ ဘိုးဘေးလား။ သူက အဲ့သလောက် သန်မာလို့လား”

*ဘာ*

မည်သူမျှ နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည်ကို မယုံနိုင်သလို ဖြစ်နေ၏။

*ဒီလူက သေမင်း နှုတ်ခမ်းဝကို ရောက်နေတာတောင်မှ ခေါင်းမာနေတုန်းပါလား*

ထိုအချိန်တွင် ဂရေဆန်၊ အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများ အားလုံး ယဲ့ဖန် ရူးသွားပြီဟု ယုံကြည်သွားကြသည်။

သို့သော် ဤသည်ကား အစသာ ရှိသေး၏။

“မင်းမှာ ဘိုးဘေးတစ်ယောက် ရှိတယ်၊ ဒါပေမယ့် ငါ့မှာ အစေခံ တစ်ယောက် ရှိတယ်”

“ငါ့ရဲ့အစေခံကတောင်မှ မင်းရဲ့ ဘိုးဘေးကို သတ်နိုင်တယ်”

“လက်လေးနှစ်ချောင်းတည်းနဲ့လေ”

....

ကောင်းကင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

*ငမိုက်သား*

*အရူး*

ထိုသို့သော အချိန်တွင် ဂရေဆန်နှင့် အခြားသော ကမ္ဘာခြားမုဆိုးများအားလုံး သူတို့ စိတ်ကူးယဉ် အိပ်မက်ထဲ ရောက်နေသည်ဟု ထင်မိသွားကြသည်။

သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်ကိုကား သူတို့ တစ်သက်တာလုံး အမြဲ အမှတ်ရသွားနေလောက်ပေ၏။

“ငါ့အစေခံ ဘယ်ရောက်နေလဲ”

ယဲ့ဖန်၏ လွှမ်းမိုးနိုင်သော စကားသံက ကမ္ဘာ၏ အဆုံးစွန်ထိတိုင်အောင် ချက်ချင်း ပျံ့နှံ့သွားလေတော့သည်။

ဝုန်း! ဝုန်း! ဝုန်း!

သူ့စကားအဆုံးတွင် ကမ္ဘာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသည့် ထိပ်တန်း နတ်ဆိုးဘုရင်တစ်ပါး ပြန်လည်ရှင်သန်လာသကဲ့သို့ တုန်ခါလို့သွားလေတော့သည်။

CHAPTER 386 မင်းလို ပုရွက်ဆိတ်ကောင်က အသက်မရှင်သင့်ဘူး

*ငါ့အစေခံ ဘယ်ရောက်နေလဲ*

ယဲ့ဖန်၏ လွှမ်းမိုးနိုင်သော အသံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားပြီးနောက် အခြားသူများသည် သူတို့၏ လက်ကျန်ဘဝတွင် ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့သည်။

ဝုန်း! ဝုန်း! ဝုန်း!

ထို့သို့သော အချိန်၌ ကမ္ဘာတစ်ခုလုံး တုန်ယင်လာသည်။ ထို့နောက်တွင်မူ ကမ္ဘာဂြိုဟ်၏ မြေမျက်နှာပြင်သည် ပေါက်ကွဲလာသဖြင့် ကောင်းကင်ထက်သို့ ဖုန်မှုန့်များ ပျံ့နှံ့လာပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်က ကမ္ဘာ့မြေမျက်နှာပြင်ထဲမှ လွတ်မြောက် လာသလိုပင်။

“အဲ့ … အဲ့ဒါ ဘာကြီးလဲ”

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် အဖြူရောင် ဆံပင်နှင့် မုတ်ဆိတ်မွေးတို့ ရှိသော အိုမင်းနေသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်။

သူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေခဲ့ပုံပေါ်နေပြီး အိုမင်း၍ ဆွေးမြည့်နေသော ချီဓာတ်မျိုးကို ထုတ်လွှင့်လျက် ရှိသည်။

သူသည် ထိတ်လန့်ဖွယ် အင်အားရှိသော နတ်ဘုရားတစ်ပါးလိုပင်။

သို့သော် ယခုအချိန်၌ သူသည် အောက်ဘက်မှ ကမ္ဘာမြေအား သံသယဝင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လျက် ရှိ၏။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူသည် သူ့ကိုကြောက်လန့်၍ တုန်ယင်စေသော တစ်စုံတစ်ရာက ထိုနေရာ၌ ရှိနေသလို ခံစားနေမိသည်။

ဂရေဆန်၊ အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး အလွန် မှင်တက်သွားကြသည်။

ဤဂြိုဟ်ပေါ်၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိကြချေ။

ကမ္ဘာ့မြေမျက်နှာပြင် အက်ကွဲ၍ ပွင့်ထွက်လာချိန်တွင် သွေးပျက်ဖွယ်မြင်ကွင်းတစ်ခုက လူတိုင်းအား ကြောက်လန့်ကာ တုန်လှုပ်သွားစေခဲ့သည်။

“အမှောင်သခင် ဒီမှာပါ”

….

ထိုသို့သောအချိန်တွင် ငရဲမှ ထွက်ပေါ်လာဟန်ရသည့် အလွန့်ကို ကြောက်လန့်ဖွယ်ကောင်းသော အသံကို လူတိုင်း ကြားလိုက်ရည်။

သူတို့နားစည်ထဲ ဗုံးပေါက်သလို ဖြစ်သွားပြီး သူတို့၏ နားများမှ သွေးများ စီးကျလာသည်။

ထို့ကြောင့် သူတို့သည် ထိုထိတ်လန့်ဖွယ်ကောင်းသည့် အသံလှိုင်းကြောင့် အသည်းအသန် နောက်ဆုတ်လိုက်ရသည်။

“မ …. မဖြစ်နိုင်ဘူး”

ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး အလွန် ချောက်ချားသွားကြသည်။

လူပုဂ္ဂိုလ်တစ်ယောက်က စကားလုံး အနည်းငယ်ဖြင့် သူတို့၏ နားစည်အား ပျက်ဆီးအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့မိပါ။ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ထို့နောက် ဟွာရှနိုင်ငံရှိ တောင်ပေါင်းများစွာ ပေါက်ကွဲလာပြီးနောက် လွှမ်းမိုးနိုင်သော နတ်ဆိုးချီမျှင်စုများ တစ်ရှိန်ထိုး တက်လာသည်။

ဝုန်း!

ထို့နောက်တွင်မူ ဧရာမ လက်ဝါးတစ်ဘက်က ကမ္ဘာမြေပေါ်သို့ ဗြုန်းခနဲ လက်ထောက်လာသည်။

ချောက်ချားဖွယ်ကောင်းလှ၏။

ထိုလက်ဖဝါးသည် ကမ္ဘာခြား စစ်သင်္ဘောတစ်စီးထက် ပို၍ ကြီးမားနေသေးသည်။ ထို့ပြင် ထိုလက်ဖဝါး၌ နတ်ဆိုးချီဓာတ်များက ပေါများစွာ ဖုံးအုပ်နေသဖြင့် လူတိုင်း ကြောက်လန့်ကာ တုန်လှုပ်လာသည်။

သို့သော် ဤမျှနှင့် မပြီးသေးချေ။

ထိုလက်ဖဝါးသည် လက်မောင်းတစ်ဘက်နှင့် ဆက်သွယ်ထား၏။

၎င်း၏ ရှုပ်ယှက်ခတ်နေသော ကြွက်သားများနှင့် အရေပြားများအရ ဤသည် ကမ္ဘာတစ်ခုလုံးအား လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်ပုံပေါ်နေ၏။

ဤသည်မှာ လက်မောင်းတစ်ဘက်သာ ရှိသေးသည်။

လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်လာစဉ်တွင် ဧရာမလက်မောင်းတစ်ဘက်သည မိုးကောင်းကင်သို့ ထိုးတက်လာသည်။

ချက်ချင်း ဆိုသလိုပင် ကောင်းကင်ပေါ်မှ နတ်ဘုရားအဆင့် သိုင်းပညာရှင်တိုင်းသည် ထိုလက်မောင်းရှေ့တွင် သေးနုပ်သော ပုရွက်ဆိတ်များကဲ့သို့ တုန်ယင်ကာ ကြောက်လန့်လာကြသည်။

“အံ့ …. အံ့ဩဖို့ကောင်းလိုက်တာ။ ဘယ်လိုလုပ် လက်မောင်းတစ်ဘက်က သည်လောက် ကြီးနေရတာလဲ။ ဘာ … ဘာကြီးလဲဟ”

“အိုး … ဝိုး။ နတ်ဆိုးတစ်ကောင်က ဒီဂြိုဟ်ပေါ်မှာ ပုန်းနေတာပဲ ဖြစ်မယ်”

“ကြယ်တာရာတွေနဲ့ လဗိမာန်တွေကို ဖမ်းဆုပ်နိုင်တဲ့ လက်မောင်းတစ်ဘက်ပါလား။ သေလိုက်ပါတော့ကွာ”

…

ထိုသို့ ရှိနေစဉ်တွင် ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုများ အလွန် မှင်တက်လို့နေကြသည်။

ထိုလက်မောင်းသည် ကြီးမား၍ အကန့်အသတ်မဲ့လှသည်။

ကမ္ဘာမြေမှ ထိုးဖောက်၍ ထွက်လာပြီးနောက် ၎င်းသည် ချက်ချင်း ကောင်းကင်ထက်တိုင်အောင် ရောက်ရှိလာသည်။

ထို့ကြောင့် ကမ္ဘာတစ်ခုလုံးအား အမှောင်ထုက ဖုံးလွှမ်းသွားသည်။

ထို့နောက်တွင်မူ ထိုထိတ်လန့်ဖွယ်ကောင်းသည့် လွှမ်းမိုးနိုင်သော ဧရာမလက်ကြီးက ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားထံသို့ တိုးတင်လာသဖြင့် လေဟာနယ်အား တစ်လက်မချင်းစီ ကွဲအက်လာစေသည်။

“ဒါ …. ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ထိုစဉ် ဂရေးကလန်၏ ဘိုးဘေးသည် အလွန်တရာ ထိတ်လန့်နေသေးသည်။

“နတ်ဆိုးချီဓာတ်ပါလား။ ဒါက ….”

ဂရေးကလန်၏ ဘိုးဘေးသည် အလွန်တရာ ထိတ်လန့်၍ မယုံသင်္ကာ ဖြစ်နေကာ မျက်လုံးပြူး၍ ရေရွတ်နေမိသည်။

ဖြစ်နိုင်ချေတစ်ခုကို သူ တွေးမိပြီးနောက် သူ ချက်ချင်း ကြောက်ရွံ့ကာ တုန်ယင်လာသည်။

*အမှောင်ဘုရင်လား*

*ဒါ ဖြစ်နိုင်စရာ မရှိဘူးလေ*

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ထိုထင်မြင်ချက်ကြောင့် အံ့အားသင့်နေသည်။

အမှောင်ဘုရင်သည် လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်က ထိပ်တန်း နတ်ဆိုးတစ်ကောင် ဖြစ်သည်။

သူသည် ရက်စက်၏။

နတ်ဘုရားများနှင့် နတ်ဆိုးများ၏ စစ်ပွဲတွင် အမှောင်ဘုရင်သည် နတ်ဘုရားအားများ ချပ်ဝတ်တန်ဆာနှင့် ခမောက်တို့အား ပစ်ချ၍ ထွက်ပြေးအောင် ဖိအားပေးနိုင်ခဲ့သည်။ သူတို့၏ သွေးများဖြင့် မြစ်တစ်စင်း ဖြစ်လာအောင် ဖန်တီးခဲ့သည်။

စကြဝဠာထဲ၌ နာမည်ကျော်ကြားသော အော်ရိုရာ ကြယ်စုနယ်မြေမှ ပင်မနတ်ဘုရားဟောင်းသည် သူ၏ လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ဟု ပြောစမှတ်ပြုကြသည်။

အော်ရိုရာ ကြယ်စုနယ်မြေတစ်ခုလုံး အမှောင်ဘုရင်ကြောင့် ပျက်ကိန်းဆိုက်သွားခဲ့သည်။

သို့သော် အမှောင်ဘုရင် သေဆုံးသွားခဲ့သည်မှာ နှစ်တစ်သောင်း ရှိခဲ့ပြီဖြစ်သည်။

*ဘယ်လိုလုပ် …*

သို့သော် ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ယဲ့ဖန်၏ စကားကို ပြန်အမှတ်ရသွားချိန်တွင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားလေတော့သည်။

“ငါ့အစေခံတဲ့လား … သူ … သူက အမှောင်ဘုရင်ကို အစေခံလို့ ခေါ်တယ်ဆိုတော့ …”

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ချက်ချင်း တစ်ဘက်လှည့်ကာ ယဲ့ဖန်ကို စိုက်ကြည့်လိုက်မိသည်။

ယဲ့ဖန်၏ မျက်နှာက သူ့အတွေးထဲမှ ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာတစ်ခုနှင့် ထပ်တူကျလာချိန်တွင် သူ ညည်းတွားလိုက်မိသည်။

“သေစမ်း”

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ချက်ချင်း ဒူးထောက်ကျမလို ဖြစ်သွားသည်။

“အဲ့ဒါ … အဲ့ဒါ သူပါလား။ သူ အသက်ဆက်ရှင်သေးတာပါလား … သူ ပြန်လာပြီပဲ”

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ကြောက်လန့်မှုများနှင့် ပြည့်နှက်လာကာ ခေါင်းမွေးထောင်တော့မလို ဖြစ်လာသည်။

ထို့နောက် သူသည် ချက်ချင်း ဂိတ်ပေါက်သို့ ပြန်ပြေးသွားသည်။

*မြန်မြန်၊ မြန်မြန်၊ မြန်မြန်*

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ကြောင်ကို မြင်လိုက်သော ကြွက်သဖွယ် ကြောက်လန့်လို့နေသည်။

ယခုအချိန်တွင် သူ့ကိုယ်ပွား၏ အမြန်နှုန်းသည် မူလကိုယ်ထက်တောင်မှ ပိုမြန်နေသေး၏။

ဤသည်ကို ကြည့်ပြီး ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုးများ အားလုံး အလွန် အံ့အားသင့်သွားကြသည်။

“မ … မဖြစ်နိုင်လိုက်တာ”

ဂရေဆန် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ထွက်ပြေးနေသည်တဲ့လား။

*ခင်ဗျား ကျုပ်ကို နောက်နေတာလား*

ထိုစဉ် ချောက်ချားဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ငါ့သခင်ကြီးက မင်းကို သေစေချင်ရင် မင်းလို ပုရွက်ဆိတ်ကောင်က အသက်မရှင်နိုင်ဘူး”

သူတို့၏ အံ့ဩနေသော အကြည့်များအောက်တွင် နတ်ဆိုးချီဓာတ်များဖြင့် ဖွဲ့စည်းထားသည့် အကန့်အသတ်မဲ့သော လက်မောင်းတစ်ဘက်က ရုတ်တရက် ကိုယ်ပွားကို ဖမ်းဆီးလာသည်။

စက္ကန့်ပိုင်းမျှ အကြာတွင် ၎င်းသည် ၎င်း၏ လက်မနှင့် လက်ညှိုးကို သုံး၍ ကိုယ်ပွားအား ဖျစ်ညှစ်လာသည်။

ဒုန်း!

ကိုယ်ပွားသည် ပုရွက်ဆိတ်ကဲ့သို့ ချက်ချင်း ဖမ်းဆီးခံလိုက်ရလေတော့သည်။

“သေစမ်း”

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးပေါက်ချမလို ဖြစ်နေ၏။

အမှောင်ဘုရင်၏ လက်ချောင်းများကြားထဲ ပိတ်မိနေစဉ် ပုရွက်ဆိတ်ထက်တောင် အားနည်းလာသည်ဟု သူ ခံစားမိနေသည်။ အကယ်၍ လက်ချောင်းနှစ်ချောင်းက ထပ်၍ အားစိုက်လာပါက ထိုလက်ချောင်းများက သူနှင့် သူ့စိတ်ဝိညာဉ်အား ချက်ချင်း သတ်ဖြတ်သွားနိုင်သည်။

“အရှင်မင်းမြတ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ခွင့်လွှတ်ပေးပါရန် တောင်းပန်တိုးလျှိုးလာသည်။ ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး သူတို့၏ ဘိုးဘေးက ကြောက်မက်ဖွယ်ကောင်းသည့် လက်မောင်းပိုင်ရှင်ထက် ယဲ့ဖန်ကို ခွင့်လွှတ်ပေးပါရန် တောင်းပန်နေသည်ကို မယုံနိုင်သလို ဖြစ်နေသည်။

ထိတ်လန့်စရာကောင်းလှသည်။

ထိုသို့ရှိနေစဉ်တွင် ဂရေဆန်နှင့် အခြားကမ္ဘာခြားမုဆိုးများ၏ လောကအမြင်နှင့် ယုံကြည်မှုများ လုံးဝဥဿုံ ဖျက်ဆီးခံလိုက်ရလေတော့သည်။

“အရှင်မင်းမြတ် နိမ့်ကျတဲ့ ဒီလူက အရှင် အသက်ရှင်နေသေးတာကို သတိမပြုခဲ့မိလို့ပါ၊ အဲ့ဒါကြောင့် ကျွန်တော်မျိုး အရှင့်ကို မခန့်မှန်းမိတာပါ။ ကျွန်တော်မျိုး ကန်းနေခဲ့တာပါ”

“ဂရေးကလန်တစ်ခုလုံး သုတ်သင်ခံရမယ်ဆိုရင်တောင်မှ ကလန်က ဘယ်ကလန်သားကမှ အရှင့်ကို မတိုက်ခိုက်ရဲပါဘူး”

“အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး … ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”

ထိုစဉ် ကိုယ်ပွား၏ အသံသည် လူတစ်ယောက်ထံမှ ခွင့်လွတ်မှုရရန် တောင်းခံနေခြင်းထက် နတ်ဆိုးတစ်ကောင်ထံမှ ခွင့်လွှတ်မှုရရန် တောင်းခံနေသကဲ့သို့ တုန်ယင်လို့နေသည်။

*အရှင်မင်းမြတ်တဲ့လား*

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

ဂရေဆန်နှင့် အခြားကမ္ဘာခြားမုဆိုးများအားလုံး တုန်လှုပ်သွားကြသည်။

ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ‘အရှင်မင်းမြတ်’ ဟု ခေါ်ဆိုသော ပုဂ္ဂိုလ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုမှန်း လူတိုင်း သိကြသည်။

ထို့နောက် ဂရေဆန်သည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း မျက်နှာတစ်ခုကို မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

ဂရေးကလန်က ဈေးကြီးပေး၍ ဝယ်ခဲ့သော မှတ်တမ်းတင် ဗွီဒီယိုအတိုလေးတစ်ခုကို သူ ပြန်အမှတ်ရသွားပြီးနောက် သူ ချက်ချင်း တုန်ယင်သွားသည်။

“နတ်ဆိုးဧကရာဇ်၊ သူ … သူက နတ်ဆိုးဧကရာဇ်ပဲ”

တိတ်ဆိတ်ခြင်း။

ဂရေဆန်၏ ကြောက်စိတ်မွှန်နေသော အသံထွက်ပေါ်လာပြီးနောက် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများအားလုံး မှင်တက်သွားကြသည်။

*နတ်ဆိုးဧကရာဇ်တဲ့လား*

*သည်လောက် ရှေးကျတဲ့ နာမည်မျိုးနဲ့ စကြဝဠာထဲက ထိပ်တန်း ဒဏ္ဍာရီလာလို ပုဂ္ဂိုလ်မျိုးက ဒီမှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ*

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

အစိမ်းရောင် အသားအရေရှိ အမျိုးသမီး၏ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖတ်ဖြူရော် ဖြစ်လာရသည်။

ထိုစဉ် ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ယဲ့ဖန်၏ ခက်ထန်သော အသံကို ကြားလိုက်ရလေသည်။

“မင်းက လူမှားပြီး ရန်စမိပြီးမှတော့ မင်း အပြစ်ခံရမှာပေါ့”

ရွှစ်!

ယဲ့ဖန်၏ စကားအဆုံးတွင် ဧရာမလက်ကြီး၏ လက်မနှင့် လက်ညှိုးက အသာအယာ ဖိညှစ်လိုက်သဖြင့် ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ပေါက်ကွဲကာ သေဆုံးသွားလေတော့သည်။

CHAPTER 387 အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်

“အား…အား…အား…”

ငယ်သံပါအောင် အော်နေသော အော်သံများနှင့်အတူ နတ်ဆိုး လက်ချောင်းနှစ်ချောင်းက ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားအား ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလို သတ်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ဝှစ်!

ထို့ပြင် သွေးစက်များက ဂရေဆန်နှင့် အခြားကမ္ဘာခြားမုဆိုးများ၏ မျက်နှာနှင့် ခန္ဓာကိုယ်များထံသို့ စဉ်လာသဖြင့် သူတို့အားလုံး ကြောက်လန့်ကာ တုန်ယင်လာသည်။

*သူ သေသွားပြီ*

*ဂရေးကလန်က ဘိုးဘေးရဲ့ ကိုယ်ပွားက လက်ချောင်းနှစ်ချောင်းတည်းနဲ့ အသတ်ခံလိုက်ရတယ်*

ဂရေဆန်နှင့် အခြားမုဆိုးများ ရုတ်တရက် ထိတ်လန့်လာကာ တုန်လှုပ်လာကြ၏။

ဂရေဆန် အလွန် သွေးပျက်လို့နေသည်။

သူ ကြောက်လန့်နေသည်။ သူ အလွန် နောင်တရလို့နေ၏။

ထိုကဲ့သို့ ‘ရှေးလူမျိုး ပုရွက်ဆိတ်လိုကောင်’က စကြဝဠာထဲရှိ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သော နတ်ဆိုးဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

ဝုန်းခနဲ အသံနှင့်အတူ ဂရေဆန်သည် သူ့ခြေထောက်များ ပျော့ခွေလာသလို ခံစားမိသဖြင့် သူ ယဲ့ဖန်ရှေ့ ဒူးထောက်ကျသွားသည်။

ထို့နောက် သူသည် ယဲ့ဖန်ရှေ့ ဝပ်တွားကာ ကြောက်စိတ်ကြောင့် မျက်ရည်များ စို့တက်လာသည်။

ထို့အပြင် သူသည် ဝမ်းပမ်းတနည်း အော်ပြောလာသည်။

“အ … နတ်ဆိုး ဧကရာဇ် အရှင်မင်းမြတ်ခင်ဗျား။ ကျွန်တော် တကယ့်ကို မျက်စိကန်းနေခဲ့ပါတယ်။ ခင်ဗျား ကမ္ဘာဂြိုဟ်ပေါ်မှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ဒီဘာမဟုတ်တဲ့ လူက ကျန်ဘဝသက်တမ်း တစ်လျှောက်လုံး အရှင့်အပေါ် သစ္စာရှိရှိနဲ့ အမှုထမ်းချင်ပါတယ်”

ဂရေဆန်သည် ယဲ့ဖန်ထံမှ ခွင့်လွှတ်မှုတောင်းခံရင်း သူ၏ ခြေထောက်များသည် ကြောက်စိတ်ကြောင့် တုန်ယင်လို့နေ၏။ သူ့ဘောင်းဘီခွကြားမှ ကျင်ငယ်ရည်များတောင် စီးကျနေသည်။

ဂရေးကလန်၏ ကလန်ခေါင်းဆောင်က ကြောက်လန့်ပြီး ဘောင်းဘီထဲ အပေါ့စွန့်မိသည်တဲ့လား။

ယခုအချိန်၌ ဂရေဆန်သည် အလွန်တရာမှကို နောင်တရလို့နေသည်။

*နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ တစ္ဆေတွေအားလုံး နတ်ဆိုးဧကရာဇ်ကို သေမတတ် ကြောက်ကြတာ*

*ဒါပေမယ့် ငါက သူ့ကို ပုရွက်ဆိတ်လို့ ခေါ်လိုက်မိတယ်။ ငါက သူ့ကို သတ်တောင်သတ်ချင်ခဲ့မိတယ်။ ငါ အသိစိတ်တွေ လွတ်နေတာပဲ ဖြစ်မယ်*

ယခုအချိန်၌ ယဲ့ဖန်၏ အပြုအမူများက အလွန် လျှို့ဝှက်ဆန်းကြယ်နေသည်ကို ဂရေဆန် နားလည်သွားတော့သည်။

*နိမ့်ကျတဲ့ လူသားတစ်ယောက်က သက်ရှိတွေရဲ့ ပါးကွက်သားဖြစ်တဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ဘယ်လို ကျွန်ပြုနိုင်သလဲဆိုတာကို ငါ သိချင်နေခဲ့မိတာ*

*လတ်စသတ်တော့ သူက … *

*နတ်ဆိုးဧကရာဇ် ဖြစ်နေလို့ကိုး*

အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများ လိပ်ပြာလွင့်မတတ် ဖြစ်နေသည်မှာ ကြာလှလေပြီ။

ထို့နောက်တွင်မူ ကမ္ဘာခြားမုဆိုးတိုင်းက ယဲ့ဖန်ရှေ့ မြေကြီးပေါ်၌ ပြားနေအောင် ဝပ်တွားနေတော့သည်။

သူတို့အားလုံး ကြောက်လန့်ကာ ပွက်ပွက်ဆူနေသော ထမင်းအိုးထဲမှ ဆန်စေ့များကဲ့သို့ တုန်ယင်နေကြသည်။

ထို့အပြင် သူတို့နဖူး၌ ချွေးများစို့နေသေးသည်။

အကြောက်တရား။

အခြားသူများ၏ နှလုံးသားထဲ၌ အကြောက်တရားက စိုးမိုးလျက် ရှိသည်။

ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပင်။

ဂရေးကလန်၏ ခေါင်းဆောင်က ဘောင်းဘီထဲ မစင်စွန့်မိသည်။ မုဆိုးခေါင်းဆောင်နှင့် အခြားကမ္ဘာခြားမုဆိုးများအားလုံးသည်လည်း ယဲ့ဖန်ရှေ့ ပြားပြားဝပ်လို့နေသည်။

အကယ်၍ လက်ရှိအခြေအနေကိုသာ စကြဝဠာတစ်ခွင်လုံး သိရှိသွားပါက နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံး ထိတ်လန့်သွားပေလောက်သည်။

ဂရေးကလန်မှ ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင်များက ကမ္ဘာမြေသား တစ်ယောက် ရှေ့မှောက်၌ ပြားပြားဝပ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

သူတောင်းစားအိုကြီးနှင့် အခြား ကမ္ဘာမြေသား သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။

ယခင်က သူတို့သည် အလွန် ဖြစ်အံ့ဆဲဆဲ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရပြီး သေလုနီးပါး ဖြစ်နေပြီဟု ယုံကြည်ခဲ့ကြသည်။

သို့သော် ထိုသိုင်းပညာရှင်များအားလုံးက အချိန်တိုလေးအတွင်း၌ အညံ့ခံလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြချေ။

အံ့ဩစရာကောင်းလှ၏။

ကမ္ဘာမြေသားတိုင်း ယဲ့ဖန်အား အလွန် ရူးသွပ်စွဲလမ်းစွာ ကြည့်နေကြသည်။ ချက်ချင်းဆိုသလိုပင် ထိုနတ်ဆိုးသည် ကမ္ဘာမြေသားများ၏ ရင်ထဲ၌ နတ်ဘုရားတစ်ပါး ဖြစ်လာလေတော့သည်။

သူသည် ထိပ်သီးပုဂ္ဂိုလ်ပင်။

“ခင်ဗျားကို ခွင့်လွှတ်ပေးရမှလား”

ထိုစဉ် ယဲ့ဖန်က ဂရေဆန်အား စိုက်ကြည့်၍ တင်းမာသော အပြုံးဖြင့် ဆက်ပြောလိုက်သည်။

“မင်း ကမ္ဘာခြားမုဆိုးတွေကို မီးလောင်တိုက်သွင်းတာ၊ သတ်ဖြတ်တာနဲ့ စကြဝဠာအတွင်း လုယက်ဖျက်ဆီးတာတွေ အဲ့လိုဆိုးယုတ်တဲ့ ကိစ္စတွေ လုပ်အောင် နည်းပေးလမ်းပြလုပ်ခဲ့တုန်းက မင်း ပစ်မှတ်ထားတဲ့ ဂြိုဟ်တွေကို သက်ညှာခွင့်လွှတ်ပေးမယ်လို့ မင်း တွေးခဲ့ဖူးလို့လား”

“မင်း ကမ္ဘာဂြိုဟ်ပေါ် ဆင်းလာပြီး ကမ္ဘာပေါ်က လူသားအားလုံးကို သတ်ပစ်ပြီးတော့ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးဖို့ ကြံခဲ့တုန်းက မင်း သူတို့အတွက် နည်းနည်းလေးတောင် သနားခဲ့မိလို့လား”

ယဲ့ဖန်၏ စကားလုံးတိုင်းက ဂရေဆန်အား တုန်လှုပ်သွားစေခဲ့သည်။

“မင်း နည်းနည်းလေးတောင် မသနားခဲ့တာ။ ဘာလို့ သူတို့က မင်းအပေါ် သနားရမှာလဲ”

ရွှစ်!

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် သူ၏ လက်ဝါးနှင့် ဂရေဆန်၏ ဦးခေါင်းအား ဖောက်ထွင်းလိုက်သဖြင့် နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်၏ ဦးခေါင်းသည် စက္ကန့်ပိုင်းအတွင်း ပေါက်ထွက်သွားလေသည်။

တောက်!

ယဲ့ဖန်၏ လက်ဝါးတစ်ခုလုံး ရဲရဲနီသော သွေးများဖြင့် ပေကျံနေ၏။

ဂရေဆန်၏ မျက်လုံးသည် ထာဝရ ကြောက်လန့်၍ ပြာနှမ်းနေသည့် အသွင်သို့ ပြောင်းလဲသွားသည်။

သူ သေသွားလေပြီ။

ဂရေးကလန်၏ ခေါင်းဆောင် သေသွားချေပြီ။

ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန်သည် သူ့လက်ဝါးအား ထိုဦးခေါင်းတွင်းမှ ပြန်ထုတ်လိုက်ချိန်တွင် နတ်ဘုရားအဆင့် အမြုတေပါ အတူပါလာ၏။

ထို့နောက် နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်၏ အလောင်းသည် မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။

ဤမြင်ကွင်းကိုကြည့်ပြီး အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများ ကြောက်စိတ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

သစ်ပင်တစ်ပင် လဲသွားသည်နှင့် မျောက်များ အုတ်အော်သောင်းနင်း ဖြစ်သွားသကဲ့သို့ပင်။

ထို့နောက်တွင်မူ မုဆိုးများသည် လမ်းဘေးခွေးများသဖွယ် သူတို့၏ စစ်သင်္ဘောများဆီသို့ ထွက်ပြေးသွားကြသည်။

သို့သော် ထိုသို့သော အချိန်တွင် သူတို့ ဝီခနဲ အသံကို ကြားလိုက်ရသည်။

ရုတ်တရက် ကောင်းကင်သည် မည်းမှောင်သွားပြီး များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက လွှမ်းမိုးနိုင်သော ဟန်ပင်နှင့် ပျံဝဲလာကြသည်။

“အား”

နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက် စူးရှစွာ အော်ဟစ်လာသည်။

ကမ္ဘခြားမုဆိုးများ တစ်ယောက်ပြီးတစ်ယောက် တစ်စစီ ဆွဲဖြဲခံလိုက်ရပြီး သူတို့၏ သွေးများက ကမ္ဘာမြေအား ဖုံးလွှမ်းလာသည်။

မျှော်လင့်ချက် ပျက်သုဉ်းခြင်း။

အော်သံများ။

ကမ္ဘာတစ်ခုလုံးသည် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ မရဏနယ်မြေအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

နတ်ဘုရားအဆင့် အမြုတေများစွာကို ပုရွက်ဆိတ်များက သယ်ဆောင်လာပြီး ယဲဖ့န်၏ လက်ထဲသို့ ထည့်ပေးလာသည်။

ယခုအခါတွင်တော့ ကမ္ဘာမြေပေါ် ကျူးကျော်ဝင်ရောက်ချင်သည့် ကမ္ဘာခြားမုဆိုးများ သုတ်သင်ခံ လိုက်ရလေသည်။

ထို့နောက် သူတောင်းစားအိုကြီးသည် ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်လာပြီး သူ့နောက်မှ အခြားကမ္ဘာမြေသားများကလည်း ထိုသို့ပြုမူလာကြသည်။

“အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်”

သူတို့၏ ကျယ်လောင်သော အသံများက မိုးတိမ်တိုက်များထက်သို့ တိုင်အောင် ပဲ့တင်ထပ်သွားသည်။

သူတို့၏ အသံကြောင့် သတ္တုများနှင့် ကျောက်ဆောင်များပင် အက်ကွဲသွားလောက်သည်။

ထို့နောက်တွင်မူ ကမ္ဘာမြေရှိ ကျန်ရှိနေသော အခြားသူများအားလုံး သူတို့၏ အခြေစိုက်စခန်းများသို့ ပြန်လည်ရောက်ရှိသွားကြသည်။

သူတို့အားလုံး ကောင်းကင်ပေါ်မှ ဝတ်စုံအနက်နှင့်လူအား ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မော့ကြည့်နေကြသည်။

ဝုန်းခနဲ အသံနှင့်အတူ သူတို့အားလုံး မြေကြီးပေါ် ဒူးထောက်လိုက်ကြသည်။

ထို့နောက်တွင်မူ ညီညာသော အသံက ကောင်းကင်ထက်သို့တိုင်အောင် ထိတ်လန့်သွားစေခဲ့သည်။

“အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်”

ယခုအချိန်တွင် ထိုနတ်ဆိုးသည် ကမ္ဘာမြေသားတိုင်း၏ ရင်ထဲ၌ နတ်ဘုရားတစ်ပါးသား ဖြစ်လာခဲ့သည်။

….

ဂရေးကလန်၏ တားမြစ်နယ်မြေအတွင်း၌ အဘိုးအိုတစ်ယောက်သည် ရွှေရောင်စည်းထဲရှိ ကြမ်းပြင်ပေါ်တွင် တင်ပုလ္လင်ချိတ် ထိုင်လျက် ရှိသည်။

သူ ဤပုံစံအတိုင်း ထိုင်နေခဲ့မှာ နှစ်တစ်သောင်းတိုင်ခဲ့ပြီ ဖြစ်သည်။

သူ၏ တစ်ကိုယ်လုံးပေါ်မှ ဖုန်မှုန့်များသည် နှစ်စင်တီမီတာခန့် ထူထပ်လို့နေသည်။

ဂရေးကလန်၏ မဟာအကြီးအကဲနှစ်ယောက်က သူ့ဘေး၌ ငြိမ်သက်စွာ အဖော်ပြုပေးလျက် ရှိသည်။

ကိုယ်ပွား ဖျက်ဆီးခံလိုက်ရချိန်တွင် အဘိုးအိုသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သွေးတစ်လုပ် အန်လာသည်။

“ဘိုးဘေး။ ဘာဖြစ်တာလဲ”

ဤသည်ကို ကြည့်ပြီး သူ့ဘေးဘက်မှ မဟာအကြီးအကဲနှစ်ယောက် အလွန် ထိတ်လန့်သွားကြသည်။

သို့သော် အဘိုးအိုက သူတို့၏ စိုးရိမ်သောစကားများကို လျစ်လျူရှုထားသည်။

သူသည် အသိစိတ်လွတ်သွားသကဲ့သို့ ကြောက်လန့်ကာ တုန်ယင်နေသည်။ သူ့မျက်လုံး၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်လို့နေ၏။

“ငါ့ကိုယ်ပွား အသတ်ခံလိုက်ရပြီ”

*ဘာ*

သူ့စကားကြောင့် မဟာအကြီးအကဲနှစ်ယောက် ကြောက်လန့်သွားသည်။

“ဘိုးဘေး ဘယ်သူလုပ်တာလဲ။ ဂရေးကလန်ရဲ့ အင်အားစုကို သူ့ကို သတ်ဖြတ်ဖို့အတွက် ဆော်ဩကြရအောင်”

“ဟုတ်တယ်။ ဂရေးကလန်မှာ သိုင်းပညာရှင်တွေ အများကြီး ရှိတာ။ ဘယ်သူက ဘိုးဘေးရဲ့ကိုယ်ပွားကို သတ်ရဲတာလဲ။ သူက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

မဟာအကြီးအကဲနှစ်ယောက်လုံး ဒေါသအမျက် ခြောင်းခြောင်းထွက်နေကြသည်။

သို့သော် သူတို့၏ စကားများကို နားထောင်ပြီးနောက် ဂရေးကလန်၏ ဘိုးဘေးသည် အလွန် သောကရောက်သွားသည်။

ထို့နောက် သူသည် ထိတ်လန့်၍ ကြောက်လန့်နေသော မျက်လုံးများနှင့် ပြောလိုက်သည်။

“ငါ့ကိုယ်ပွားကို သတ်လိုက်တဲ့သူက ….”

“နတ်ဆိုးဧကရာဇ်ပဲ”

သူ၏ စကားကို ကြားပြီး မဟာအကြီးအကဲနှစ်ယောက်လုံး ချက်ချင်း ငြိမ်ကျသွားသည်။

သူတို့သည် လည်မျိုအညှစ်ခံထားရသော ဘဲများကဲ့သို့ ပါးစပ်အဟောင်းသားနှင့် ငြိမ်သက်နေကြသည်။

“နတ်ဆိုး … နတ်ဆိုးဧကရာဇ်လား”

မဟာအကြီးအကဲနှစ်ယောက်လုံး ကိုယ့်နားနှင့် ကြားလိုက်ရသည့်စကားများကို မယုံကြည်နိုင် ဖြစ်နေ၏။

သို့သော် ဂရေးကလန်၏ ဘိုးဘေးသည် သူတို့၏ အပြုအမူကို ခန့်မှန်းခဲ့မိပြီးပုံပေါ်သည်။

ထို့နောက် သူသည် မျက်ခုံးတလှုပ်လှုပ်နှင့် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အခုချိန်ကစပြီး ကမ္ဘာမြေရဲ့ နေအဖွဲ့အစည်းကို အာရုံစိုက်ကြ။ အကယ်၍ တစ်ခုခု ထွက်လာရင် အဲ့အရာက ပုရွက်ဆိတ်လို သေးနုပ်နေရင်တောင်မှ မင်းတို့ မင်းတို့ကလန်ခေါင်းဆောင်ကို နှုတ်ဆက်သလို လေးစားသမှု ပြုရမယ်”

*အဲ့က ထွက်လာတာက ပုရွက်ဆိတ်လို သေးနုပ်တဲ့အရာမျိုး ဖြစ်နေရင်တောင်မှလား*

သူ၏ အမိန့်ကြောင့် မဟာအကြီးအကဲနှစ်ယောက် မှင်တက်သွားကြသည်။

All Chapters