အခန်း (၃၈၈-၃၉၀)
Vol. 26 Ch. 388-390
CHAPTER 388 ကမ္ဘာမြေမှ ထွက်ခွာခြင်း
ကမ္ဘာမြေပေါ်မှ ရုတ်တရက် တိုက်ပွဲဖြစ်ပွားပြီးနောက် သတင်းများစွာက နဂါးငွေ့တန်း အင်ပါယာသို့ ပျံ့နှံ့သွားသည်။
“ခေလန်က နတ်ဘုရားတို့ သေဆုံးရာ နယ်မြေကို ရှာတွေ့ခဲ့ပင်မယ့် ပြန်ရောက်မလာသေးဘူး”
“ဂရေးကလန်က သူ့ကို ကူညီပေးဖို့အတွက် သူတို့ ကမ္ဘာခြားမုဆိုးတွေ အားလုံးကို နေအဖွဲ့အစည်းထဲကို လွှတ်လိုက်တယ်တဲ့”
“ဂရေဆန်ကလည်း နတ်ဘုရားတို့ သေဆုံးရာနယ်မြေထဲကို စူးစမ်းချင်လို့ သွားတယ်လို့ ပြောကြသေးတယ်”
“နတ်ဘုရားတို့ သေဆုံးရာ နယ်မြေက နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေရဲ့ သင်္ချိုင်းမြေလို့ ဆိုကြတယ်။ အဲ့နယ်မြေမှာ သိပ်တန်ဖိုးကြီးတဲ့ ရတနာတွေ ရှိတယ်တဲ့”
….
နံရံတိုင်းတွင် နားများ ရှိကြလေသည်။
နတ်ဘုရားတို့ သေဆုံးရာ နယ်မြေသို့ မထွက်ခွာခင်တွင် ကမ္ဘာခြားမုဆိုးများက သတင်းများစွာကို သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေတို့အား ပြောပြခဲ့ပြီးသား ဖြစ်သည်။
ဤသည်ကား အလွန်အရေးကြီးသော သတင်းပင်။
အချိန်တိုလေးအတွင်းမှာပင် နတ်ဘုရားတို့ သေဆုံးရာ နယ်မြေကို ရှာတွေ့ပြီဟူသော သတင်းနှင့် ကမ္ဘာခြား စစ်သင်္ဘောများစွာတို့ နေအဖွဲ့အစည်းသို့ ထွက်ခွာသွားကြသည် ဟူသည့် သတင်းက နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးအား ထိတ်လန့်သွားစေခဲ့သည်။
နေအဖွဲ့အစည်းနှင့် နီးကပ်သော အင်အားကြီးသည့် ဂြိုဟ်များမှ သိုင်းပညာရှင်များ ဒေါသူပုန်ထသွားကာ သူတို့အားလုံးက ကမ္ဘာမြေသို့ သွားရာတွင် သူတို့နှင့်အတူ ပူးပေါင်းပေးဖို့ သူတို့၏ မိတ်ဆွေများကို ဖိတ်ခေါ်လိုက်သည်။
….
သို့သော် အသစ်လာရောက်မည့် သိုင်းပညာရှင်များနှင့် ပတ်သက်၍ ယဲ့ဖန် ဘာတစ်ခုမျှ မသိချေ။
ထိုသို့သော အချိန်၌ သူသည် အခန်းဟောင်းတစ်ခု၌ ထိုင်လျက်ရှိနေသည်။
အသက်ဓာတ် ပျော်ရည်များက အပြင်ဘက်၌ ရွာသွန်းလျက် ရှိသည်။
ကမ္ဘာတစ်ခုလုံးသည် ရူးချင်စရာ ကောင်းသည့် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် အလယ်အလတ်သို့ ရောက်နေကြသည်။
ကမ္ဘာပေါ်မှ သက်ရှိများအားလုံး ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ကြီးထွားလျက် ရှိကြသည်။
သို့သော် ယဲ့ဖန်သည် အပြင်ဘက်မှ မည်သည့်အရာကိုမျှ ဂရုစိုက်ခြင်း မရှိပေ။
သူသည် ဒိုင်ယာရီတစ်ခုကို ဖတ်လို့နေ၏။ သူ တစ်မျက်နှာပြီး တစ်မျက်နှာ ဖတ်လို့နေသည်။
ဒိုင်ယာရီထဲတွင် ရေးထားသည့် အကြောင်းအရာများကြောင့် ယဲ့ဖန် စိတ်ထိခိုက်သွားရသည်။ နောက်ဆုံးတွင် သူသည် ဒိုင်ယာရီကို ပိတ်ကာ မျက်လုံးမှိတ်ထားလိုက်သည်။
ထိုအချိန်အတောအတွင်း၌ မျက်ရည်လည်ရွဲ ဖြစ်နေသော မျက်နှာလေးတစ်ခု သူ့စိတ်ထဲ စွဲထင်လာသည်။
“မောင်ငယ်လေး မင်း တကယ် ငါ့ကို စွန့်ပစ်ချင်နေတာလား”
ယန်ကျင့်ဂီတပွဲတော်တုန်းက ထိုဖြူစင်လှသော မိန်းကလေး၏ အော်ငိုသံများကို ယဲ့ဖန် ယခုထိ မှတ်မိနေပါသေးသည်။
ဝမ်အာ။
ဖျောင်ကျိုးဝမ်၊ ကလေးဘဝက သူနှင့် သုံးလအတူတူ နေခဲ့ဖူးပြီး သူ့အား ဆယ်နှစ်ကျော် ပြန်လိုက်ရှာနေခဲ့သည့် မိန်းကလေး။
“ဝမ်အာ ဘယ်မှာလဲ”
ယဲ့ဖန်က ခပ်အက်အက် အသံနှင့် မေးလိုက်သည်။
သူ့အမေးကြောင့် သူ့ဘေးမှ သူတောင်းစားအိုကြီးက ခါးသီးစွာ ပြုံးလာသည်။ ထို့နောက် သူသည် သနားနေသော မျက်နှာနှင့် ပြောလာသည်။
“မင်း သေမင်းမြစ်ဝကျွန်းပေါ် ဒေသကို ရောက်နေတုန်းက မင်း သေသွားပြီးဆိုတဲ့ သတင်းက ဝမ်အာကို ရင်ကွဲစေခဲ့တယ်”
“သူမက ကျန်းရှီမြို့ကို သွားပြီး မင်း နေခဲ့ဖူးတဲ့ နေရာကို ပြန်သွားခဲ့တယ်။ မင်း ချန်ထားရစ်ခဲ့တဲ့ ခြေရာလက်ရာတိုင်းကို သူမ ရှာဖွေခဲ့တယ်”
“အဲ့ကနေ ပြန်လာပြီးနောက်ပိုင်း သူမ သုံးရက်နဲ့ သုံးညတိတိ ငိုကြွေးခဲ့တယ်။ နောက်တော့ သူမက သူမကို …. စကြဝဠာထဲ ပို့ပေးဖို့ ငါ့ဆီမှာ လာတောင်းဆိုတယ်”
စကြဝဠာထဲကိုလား။
အဘိုးအို၏ စကားကို နားထောင်ရင်း ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
ဝမ်အာ၌ ပျက်သုဉ်းခြင်း ခန္ဓာကိုယ် ရှိသော်လည်း ထိုအရာက မနိုးထသေးပေ။ အကယ်၍ သူမတစ်ယောက်တည်း စကြဝဠာထဲ ခရီးထွက်လျင် သူမ သေချာပေါက်ကို သေရေးရှင်ရေး အခြေအနေများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
“မင်း သူမကို စိုးရိမ်နေမှန်း ငါ သိပါတယ်။ ငါလည်း သူမကို မသွားဖို့ ဖျောင်းဖျပါသေးတယ်”
သူတောင်းစားအိုကြီးက သူ သဘောတူလာအောင် သူမ မည်သို့ တောင်းပန်ခဲ့သည်ကို သတိရလာသကဲ့သို့ သက်ပြင်းချလာသည်။ ထို့နောက် သူက မချိပြုံးပြုံး၍ ဆက်ပြောလာသည်။
“ဒါပေမယ့် သူမ သန်မာချင်တယ်လို့ ပြောတယ်၊ အခြား ဘယ်သူမဆိုထက် သူမက ပိုပြီး သန်မာချင်နေတယ်၊။ သူမက … မင်းကို ပြန်အသက်သွင်းဖို့အတွက် သူမ အင်အားကို တိုးလာအောင် အားထုတ် ကြိုးပမ်းချင်နေခဲ့တာ”
….
အဘိုးအို၏ စကားကို ကြားပြီး ယဲ့ဖန်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
သူ့အတွက်တဲ့လား။
သူက သူမရဲ့ မိသားစုဝင်တွေကို သတ်ခဲ့ပြီးတာတောင်မှတဲ့လား။
သူမ သူ့ကို အလွန် မုန်းနေတာတောင်မှတဲ့လား။
သူမက သူ့ကို ကယ်ချင်နေသေးသည်တဲ့။
သေလူအား ပြန်ရှင်သန်စေသည့် နည်းလမ်းကို ရှာဖွေရန်အတွက် သူမအသက်ကိုရင်း၍ စကြဝဠာထဲသို့ ထွက်ခွာရန် ရွေးချယ်ခဲ့သေးသည်။
“ဖြူစင်လွန်းလိုက်တဲ့ မိန်းကလေး”
ယဲ့ဖန် မချိတင်ကဲ ပြုံးလိုက်မိသည်။ သူမအပေါ် သူ အကြွေးတင်တာ များနေပါပေါ့လား.
“စကြဝဠာထဲမှာလား”
ယဲ့ဖန်သည် ခန်းဆီးအပြင်ဘက်၌ မိုးရွာနေသော ကောင်းကင်အား မျှော်လင့်တကြီး ဖြစ်နေသော မျက်လုံးနှင့် တင်းမာစွာ ကြည့်နေသည်။
သူ့ညီအစ်ကိုများက စကြဝဠာထဲ ရှိနေကြသည်။ သူ အချစ်ရဆုံး သူကလည်း စကြဝဠာထဲမှာပင်။
နတ်ဆိုးများကလည်း သူပြန်အလာကို စကြဝဠာထဲ၌ စောင့်နေကြသည်။ နတ်ဆိုးများက သူ့ကို ဆင့်ခေါ်နေလေပြီ။
“ငါလည်း ထွက်ခွာသင့်ပြီ ထင်တယ်”
ထိုသို့ပြောပြီး ယဲ့ဖန်သည် မတ်တပ်ထရပ်ကာ အခန်းဟောင်းလေးထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
….
နေစကြဝဠာ အဖွဲ့အစည်း အပြင်ဘက်၌။
ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းသည် နေအဖွဲ့အစည်း ဝန်းကျင်၌ မြန်ဆန်လှသော အရှိန်ဖြင့် ကူးသန်းလို့နေသည်။
အကွာအဝေးတစ်ခု ရောက်တိုင်း လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများက စစ်သင်္ဘောထံမှ ထွက်ပေါ်လာသည်။
တစ်ခုပြီးတစ်ခု။
ကမ္ဘာခြား စစ်သင်္ဘောက နေအဖွဲ့အစည်းအား လှည့်ပတ်၍ ပြီးသွားချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများက နေအဖွဲ့အစည်းတစ်ခုလုံး၏ မျက်နှာပြင်အား ဖုံးအုပ်သွားလေတော့သည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် စစ်သင်္ဘောထဲမှ လှစ်ခနဲ ထွက်လာသည်။
စစ်သင်္ဘော၏ ထိပ်၌ ရပ်နေရင်း ယဲ့ဖန်သည် ဇဝေဇဝါဖြစ်နေသော မျက်လုံးများနှင့် ကမ္ဘာဂြိုဟ်အား အချိန်အတော်ကြာအောင် ကြည့်လို့နေ၏။
ထို့နောက် သူသည် နေအဖွဲ့အစည်းအား သူ့လက်ဝါးဖြင့် ချိန်ရွယ်လိုက်သည်။
ဝုန်း!
ရုတ်တရက် မှော်စာလုံးတိုင်းမှ ပြင်းထန်သော အလင်းများ ထွက်ပေါ်လာ၏။
ထိုအလင်းသည် ပို၍ တောက်ပလာပြီး ထင်းခနဲ မြင်သာလာသည်။ နောက်ဆုံးတွင်မူ ထိုတောက်ပနေသော အလင်းများသည် နေအဖွဲ့အစည်းတစ်ခုလုံးနှင့်အတူ ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။
“ကိုယ်ရောင်ဖျောက် နတ်ဆိုးသွေး ဖွဲ့စည်းခြင်း။ ဒါက ကမ္ဘာဂြိုဟ်ကို နတ်ဘုရား အရှင်သခင်အဆင့်တွေရဲ့ ရှာဖွေမှုကနေ ကာကွယ်ပေးပြီးတော့ ကမ္ဘာဂြိုဟ်ကို ဘေးကင်းအောင် လုပ်ပေးနိုင်တယ်”
ထို့အပြင် အမှောင်ဘုရင်၏ လက်မောင်းတစ်ဘက်က စည်းတံဆိပ်ထဲမှ လွတ်မြောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာဂြိုဟ်အတွက် ယဲ့ဖန် လုံးဝ စိုးရိမ်စရာ မလိုချေ။
ဤအကြိမ်တွင် ယဲ့ဖန်သည် သူနှင့်အတူ မည်သူ့ကိုမျှ ခေါ်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာဂြိုဟ်သည် သူတို့ ခွန်အားတိုးလာရန်အတွက် အကောင်းဆုံးနေရာ ဖြစ်လေသည်။
ပြင်ဆင်မှုများစွာ ပြုလုပ်ပြီးနောက် ယဲ့ဖန်သည် ထွက်ခွာရန် အဆင်သင့် ဖြစ်လာသည်။
ထိုစဉ် ကမ္ဘာခြား စစ်သင်္ဘောတစ်စီးသည် သိပ်မဝေးသော နေရာမှနေ၍ နေအဖွဲ့အစည်းထံသို့ ဦးတည်လာနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် နေအဖွဲ့အစည်းနားသို့ နီးကပ်လာသည်။ ထို့နောက် နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်သည် သူတို့၏ စစ်သင်္ဘောထဲမှ ထွက်လာပြီး ရှေ့သို့ ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
“အာ၊ စကြဝဠာ ကိုဩဒိနိတ်အရဆို အဲ့ဒါက ဒီနားဝန်းကျင်လောက်မှာ ရှိသင့်တာလေ။ နေအဖွဲ့အစည်းက ဘယ်မှာလဲဟ”
နတ်ဘုရား ဆရာသခင်အဆင့် လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်၍ ညည်းတွားနေသည်။
ထို့အတူ သူသည် ဘေးပတ်လည်အား အလွန် စိုးရိမ်၍ စိတ်ရှုပ်နေသော အမူအရာဖြင့် လှည့်ပတ်ကြည့်နေသည်။
ထိုသိုင်းပညာရှင်များအား မြင်သည်နှင့် ထိုသူတို့သည် ရတနာသိုက်များကို လိုက်ရှာသည့် ကမ္ဘာခြား သိုင်းပညာရှင်များ ဖြစ်သည်ကို ယဲ့ဖန် ရိပ်မိလိုက်သည်။ ထို့ကြောင့် သူသည် သူတို့အား လျစ်လျူရှုလိုက်ပြီး သူ၏ ကိုယ်ပိုင်စစ်သင်္ဘောထဲ ဝင်ကာ စကြဝဠာအတွင်း ခရီးဆန့်လေတော့သည်။
ယဲ့ဖန် ထွက်သွားချိန်တွင် နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က ထိုလူငယ်လေးအား စကားစလာသည်။
“ဒုတိယသခင်လေး၊ စစ်သင်္ဘောနဲ့ အခုလေးတင် ထွက်သွားတဲ့လူကို သတိထားမိလား”
*ဟမ်*
သူ့စကားကြောင့် လူငယ်လေး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူက ခေါင်းခါ၍ အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူက နတ်ဘုရား တပည့်အဆင့်လေးပဲ ရှိတာပါ။ ဘာမှ အရေးမကြီးပါဘူး”
ယခုအချိန်တွင် ထိုလူငယ်လေးသည် နတ်ဘုရားတို့ သေဆုံးရာနယ်မြေကိုသာ အာရုံစိုက်နေသည်။ ထို့ကြောင့် သူသည် ယဲ့ဖန်ကို လုံးဝ စိတ်ဝင်စားခြင်း မရှိချေ။
သို့သော် နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်၏ နောက်ဆက်တွဲ စကားကို ကြားလိုက်ရချိန်တွင် သူ ထိတ်လန့်သွားသည်။
“သူက ခေလန်ရဲ့ စစ်သင်္ဘောကို မောင်းနေတာ”
*ဘာ*
လူငယ်လေးသာမက ကျန်နတ်ဘုရား ဆရာသခင်အဆင့် ခြောက်ယောက်တို့သည်လည်း အံ့ဩသွားသည်။
“ဆိုဒါ မင်း သေချာလား”
လူငယ်လေးက ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် မေးလိုက်သည်။
ခေလန်သည် နတ်ဘုရားတို့ သေဆုံးရာ နယ်မြေထဲ၌ ပျောက်ဆုံးနေသည်၊ သို့သော် သူ၏ စစ်သင်္ဘောကမူ နတ်ဘုရား တပည့်အဆင့်တစ်ယောက်၏ လက်ထဲ ကျရောက်လို့နေ၏။
ဤအဖြစ်အပျက် နှစ်ခုကြားမှ ဆက်နွယ်မှုက သိသာလှသည်။
“ဒုတိယသခင်လေး၊ ကျွန်တော် ဘယ်လိုလုပ် မှားနိုင်ပါ့မလဲ။ ကျွန်တော် အရင်က ခေလန်ရဲ့ ကျွန်းဆွယ်အဖွဲ့ထဲ ဝင်လုနီးပါး ဖြစ်ခဲ့တာလေ။ ကျွန်တော် သေချာပေါက် သူ့စစ်သင်္ဘောကို မှတ်မိတာပေါ့ဗျာ”
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က ခပ်သွက်သွက် ရှင်းပြလေသည်။
သူ့စကားအဆုံးတွင် လူငယ်လေးနှင့် ကျန်နတ်ဘုရား ဆရာသခင်အဆင့် ခြောက်ယောက်တို့၏ မျက်နှာ၌ လောဘရိပ်များ ဖုံးလွှမ်းလာသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
လူငယ်လေးက အလွန်စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ပြောလာသည်။
“ငါတို့ ကူးလန်ကလန်က နေအဖွဲ့အစည်းနဲ့ အနီးဆုံး အင်အားကြီးဂြိုဟ်ပဲ။ အခြားအင်အားကြီးဂြိုဟ်က သိုင်းပညာရှင်တွေ ရောက်လာမှာကို ငါ စိုးရိမ်မိတယ်”
“သွားကြစို့၊ ခေလန်ရဲ့ စစ်သင်္ဘောကို အခြားသူတွေ မတွေ့ခင် ငါတို့ အဲ့ကောင်ကို တားမှဖြစ်မယ်”
“နတ်ဘုရားတို့ သေဆုံးရာနယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို သူ သိကိုသိနေရမယ်”
သူ့အမိန့်ကို ကြားပြီးနောက် ကျန်နတ်ဘုရား ဆရာသခင်အဆင့်များတွင် ခိုင်မာစွာ စိတ်ပိုင်းဖြတ်လိုက်ကြသည်။
ထို့နောက် သူတို့သည် သူတို့၏ စစ်သင်္ဘောတွင်း ချက်ချင်း ပြန်ဝင်၍ ယဲ့ဖန်နောက်သို့ အရှိန်မြှင့်၍ လိုက်ကြတော့သည်။
CHAPTER 389 ငါက ငရဲကလာတာ
“ငါ သူ့ကိုမြင်နေရပြီ။ အဲ့ဒါ တကယ်ပဲ ခေလန်ရဲ့ စစ်သင်္ဘောပဲ”
လူငယ်လေးနှင့် နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်က ယဲ့ဖန်၏ စစ်သင်္ဘောနောက်သို့ အရှိန်မြှင့်၍ လိုက်နေကြသည်။
အချိန်တစ်ခဏမျှ ကြာပြီးနောက် သူတို့သည် သူတို့ပစ်မှတ်ကို လှမ်းမြင်လိုက်ကြ၏။ ထို့နောက် သူတို့ ချက်ချင်း တက်ကြွလာကြသည်။
လူငယ်လေးက အားပါးတရ ပြုံးလာသည်။ ထို့နောက် သူသည် အဓိက ထိန်းချုပ်ခန်းထဲရှိ ထောင့်တစ်နေရာတွင် ကြိုးတုပ်ထားသည့် လူသန်ကြီးတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်ကို မနှစ်မြို့ဖွယ်ကောင်းသော မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။
ထိုလူနှစ်ယောက်အား ကြိုးများဖြင့် တုပ်နှောင်ထားသဖြင့် သူတို့သည် အကျဉ်းသားများမှန်း သိသာလှသည်။
မိန်းမပျိုလေးသည် အလွန်တရာမှကို လှပလှ၏။ သူမ၏ သေးငယ်သော ပါးစပ်လေးနှင့် ကျဉ်းမြောင်းသော နှာတံလေးတို့က နှစ်သက်ချင်စရာ ကောင်းလှသည်။
ထိုလူငယ်သည် မိန်းမပျိုလေးအား ကြည့်နေရင်း အသာပြုံး၍ မေးလိုက်သည်။
“ကူးမိန် ငါ ဘာတွေးနေသလဲဆိုတာ မင်း သိလား”
“ငါတို့ ပစ်မှတ်ကို ငါတို့ လိုက်မီလာပြီ။ တကယ်လို့ ငါ သူ့ကိုသတ်ပြီး နတ်ဘုရားတို့ သေဆုံးရာနယ်မြေက လျှို့ဝှက်ချက်တွေကို ရလိုက်မယ်ဆိုရင် အခြားကမ္ဘာက မိန်းမလှလေးတွေက ငါ့ကို လက်ထပ်ဖို့ စိတ်ကူးယဉ်လာကြတော့မှာ”
“အဲ့အခါကျရင် ငါနဲ့ လက်ထပ်ဖို့ မင်း တောင်းပန်ခယနေရင်တောင်မှ ငါ မင်းကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး”
လူငယ်လေးက ပြောရင်း ညစ်ညမ်းသော အပြုံးမျိုး ပြုံးလိုက်သည်။ သို့သော် သူ့စကားကို ကြားပြီးနောက် လူသန်ကြီးက ချက်ချင်း ဒေါပွသွားသည်။
“ထွီ ကူးထို့ မေ့လိုက်တော့။ ငါ့ညီမလေးက မင်းကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး”
“မင်းက လူယုတ်မာကွ”
လူသန်ကြီးသည် ထိုလူငယ်အား အလွန်တရာမှ မျက်မုန်းကျိုးလှသည်။
သူ့စကားကြောင့် ကူးထို့က မာထန်သော လေသံဖြင့် ပြောလိုက်သည်။
“ငါက မင်းညီမကို ပြောနေတာလေ။ ပါးစပ်ပိတ်ထား”
ထို့နောက် ကူးထို့က လက်မြှောက်လိုက်သည်။
ဖြောင်း။
သူက လူသန်ကြီး၏ မျက်နှာအား နတ်ဘုရားအဆင့် စွမ်းအင်ဖြင့် ရိုက်ချလိုက်ခြင်းပင်။
ချက်ချင်းဆိုသလိုပင် လူသန်ကြီး၏ ပါးစပ်၌ သွေးများနှင့် ပြည့်နှက်လာသည်။
“အစ်ကိုကြီး”
ဤအဖြစ်ကြောင့် မိန်းမလှလေး ကူးမိန် ဒေါသထွက်သွားရသည်။ ထို့နောက် သူမက ကူးထို့ကို စေ့စေ့ကြည့်၍ အော်ဟစ်လိုက်သည်။
“ကူးထို့ အဲ့အကြောင်း စိတ်ကူးတောင် ယဉ်မနေနဲ့။ ငါ ကူးမိန်က နင့်ကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး။ ငါ အသေပဲခံလိုက်မယ်”
ကူးမိန်၏ အသံက အလွန် ပြတ်သားလှ၏။ သူမသည် ကူးထို့အား အလွန်တရာမှ မုန်းတီးသည်။
သူမ စကားကြောင့် ကူးထို့၏ မျက်နှာသည် ချက်ချင်း တင်းမာသွားကာ ပြန်ပြောလိုက်သည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ထို့နောက် ကူးထို့က ကြမ်းကြုတ်သော ချီဓာတ်များ ဖြာထွက်နေသည့် အကြည့်များဖြင့် ပြောလိုက်သည်။
“မင်းက ဒီလောက်မောက်မာနေမှတော့ ငါနဲ့လက်ထပ်ဖို့ မင်းကို အတင်းဖိအားမပေးတော့ဘူး။ အဲ့ကောင်ကို သတ်ပြီး နတ်ဘုရားတို့ သေဆုံးရာ နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို သိမ်းယူနိုင်တဲ့အခါကျရင် မင်းရဲ့ ဆုံးဖြတ်ချက်အတွက် မင်း နောင်တရလာလိမ့်မယ်”
ထိုသို့ပြောပြီး ကူးထို့က သူ့နောက်လိုက် ခုနစ်ယောက်အား အချက်ပြ၍ အမိန့်ပေးလိုက်သည်။
“အဲ့ကောင်ကို တားကြစို့”
ထို့နောက်တွင်မူ နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်လုံးက သူတို့၏ စစ်သင်္ဘောထဲမှ ချက်ချင်း ထွက်ခွာလာကြသည်။
….
ထိုသို့သောအချိန်တွင် ယဲ့ဖန်သည် သူ့စစ်သင်္ဘောအတွင်း၌ ထိုင်နေပြီး မျက်လုံးကို မှိတ်၍ သူ၏ စိတ်ဝိညာဉ်အား ပြန်လည်အားဖြည့်နေသည်။
ဝုန်း!
ထိုစဉ် သူ၏ ကမ္ဘာခြား စစ်သင်္ဘောက တစ်စုံတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် စစ်သင်္ဘော၏ ဉာဏ်ရည်မြင့် သက်ရှိဖြစ်သော မိုတာက စိုးရိမ်တကြီး ပြောလာသည်။
“သခင် ကမ္ဘာခြား စစ်သင်္ဘောတစ်စီးက ကျွန်တော်တို့ကို ပိတ်ဆို့ထားပါတယ်”
*ဟမ်*
ယဲ့ဖန် မျက်လုံးဖွင့်လိုက်ရင်း မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် အပြင်ဘက်မှ ကျိန်းဝါးသံတစ်သံ ထွက်ပေါ်လာ၏။
“ဒီကို ထွက်လာခဲ့စမ်း”
စီ!
လွှမ်းမိုးနိုင်သော အသံလှိုင်းက ထိုနေရာတစ်ခုလုံးက စီခနဲ အသံမြည်သွားစေသည်။
ထို့နောက် နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်က သူ၏ ကမ္ဘာခြားစစ်သင်္ဘောရှေ့ ပိတ်ရပ်နေသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။
သူ့မျက်လုံးများ ချက်ချင်း အေးစက်သွားသည်။ ထို့နောက် သူသည် ထိုင်ရာမှထ၍ သင်္ဘောအပြင်ဘက်သို့ ထွက်လာခဲ့သည်။
“သူ ထွက်လာပြီ”
ယဲ့ဖန်ကို မြင်သည်နှင့် ကူးထို့နှင့် အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံး ချက်ချင်း တက်ကြွလာကြသည်။
“ဟေ့ကောင် မင်း ဘယ်ကလာတာလဲ”
ကူးထို့က ယဲ့ဖန်ကို စေ့စေ့ကြည့်ကာ မာဆတ်ဆတ်လေသံဖြင့် မေးလိုက်သည်။
ကူးထို့၏ အမေးကြောင့် ယဲ့ဖန်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
“ဘာကိစ္စလဲ”
“ဟ မင်းက အလာကြီးပါလား”
သေးနုပ်သော နတ်ဘုရား တပည့်အဆင့်တစ်ယောက်က နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်၏ ရှေ့၌ တည်ငြိမ်နေလိမ့်မည်ဟု ကူးထို့နှင့် သူ့လူများ ထင်မှတ်မထားမိကြချေ။
သူ့ပုံစံက လုံးဝ ကြောက်လန့်ပုံမပေါ်ချေ။
ကူးထို့က အေးစက်စက် မျက်လုံးများဖြင့် ထပ်ပြောလိုက်သည်။
“ဟေ့ကောင် ငါပြောတာ နားမလည်ဘူးလား။ မင်း ဘယ်ကလာတာလဲဆိုတာ ပြောစမ်း”
ကူးထို့၏ စကားအဆုံးတွင် ဘေးပတ်လည်မှ အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်က သူတို့လက်နက်များကို ချွင်ခနဲ ထုတ်လိုက်ကြသည။
သူတို့အားလုံးက ယဲ့ဖန်၏ အဖြေကို တင်းမာသော မျက်နှာထားများဖြင့် စောင့်နေကြပြီး သူ အခြားစကားပြောသည်နှင့် သူ့အား သူတို့ နုတ်နုတ်စင်းတော့မလိုပင်။
ဤမြင်ကွင်းကိုကြည့်ပြီး အဖမ်းခံထားရသည့် သူနှစ်ယောက်၏ မျက်နှာများက ချက်ချင်း ဖြူရော်သွားသည်။
“သူတော့ သေပြီပဲ။ ငယ်ရွယ်တဲ့ နတ်ဘုရား တပည့်အဆင့်လေး သေသွားမှာကို ငါ စိုးရိမ်မိတယ်”
အကျဉ်းသား နှစ်ယောက်သည် သင်္ဘောအပြင်ဘက်မှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။
ယခုအချိန်၌ သူတို့နှစ်ယောက်လုံးက ခေါင်းကိုယ်စီခါ၍ စိတ်ညစ်သလို သက်ပြင်းချလိုက်ကြသည်။
ထိုစဉ် ရုတ်တရက် ခက်ထန်သော အသံတစ်သံကို သူတို့ ကြားလိုက်ရသည်။
“ငါ လာတာက …”
“ငရဲက”
ထိုသို့ပြောပြီးနောက် အေးစက်စက် အလင်းတန်းတစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားသည်။
*ဟမ်*
ကူးထို့နှင့် အခြားသူများ ထိုသူစိမ်း၏ စကားကို မည်သို့မျှ မတုံ့ပြန်သည်ကို အကျဉ်းသား နှစ်ယောက်လုံး မြင်လိုက်ရသဖြင့် ချက်ချင်း အံ့အားသင့်သွားကြသည်။
*ဒါ … မဖြစ်နိုင်ဘူး*
အကျဉ်းသား နှစ်ယောက်လုံး လူရှစ်ယောက်အား ကပျာကယာနှင့် အာရုံစိုက်၍ ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး မှင်တက်သွားကြ၏။
နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်၏ မျက်နှာ၌ ဆိုးရွားလှသော အပြုံးမျိုုး ဖြစ်ပေါ်လာသည်ကို သူတို့ မြင်လိုက်ကြရသည်။
ထိုစဉ်။
ရွှစ်!
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ ထို့နောက် ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ ဦးခေါင်းက လည်ပင်းမှ တိခနဲ ပြတ်ကျလာသည်ကို အကျဉ်းသား နှစ်ယောက်လုံး မြင်တွေ့လိုက်ရ၏။
“သေစမ်း”
လူသန်ကြီးသည် ထိတ်လန့်နေသော မျက်နှာထားဖြင့် ညည်းတွားလိုက်မိသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ရွှစ်! ရွှစ်! ရွှစ်!
အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်၏ လည်ပင်းမှလည်း သွေးများ ပန်းထွက်လာသည်။ ထို့နောက် သူတို့၏ ဦးခေါင်းများသည်လည်း သူတို့လည်ပင်းမှ ပြတ်ကျသွားသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ခေါင်းပြတ်ရှစ်လုံးနှင့် ခေါင်းမပါသော အလောင်းရှစ်လောင်းတို့က စကြဝဠာ၏ အမှောင်ထုတွင်း၌ ပျောက်ကွယ်သွားသည်။
ဂလု!
ကူးမိန် မနည်းကို တံတွေးမျိုချလိုက်မိသည်။ သူမ၏ လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူမ မြင်တွေ့လိုက်ရသည်က ပုံရိပ်ယောင်များ ဖြစ်သည်ဟု ထင်လိုက်မိသည်။
*သေသွားပြီလား*
သူတို့ ယဲ့ဖန်၏ တိုက်ခိုက်မှုကို သတိမထားလိုက်မိချေ။
*အံ့ဩစရာကောင်းလိုက်တာ*
ဘာတွေ ဖြစ်သွားခဲ့သည်ကို သတိပြုမိပြီးနောက် အကျဉ်းသား နှစ်ယောက်လုံး ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
ထိုသူသည် နတ်ဆိုးဆန်သော နည်းလမ်းများကို သုံးခဲ့ပုံရသည်။ ထို့နောက် ယဲ့ဖန်က တိုက်ခိုက်မှုအတောအတွင်း ပုရွက်ဆိတ်များအား သူ့ခြေထောက်ဖြင့် နင်းခြေလိုက်သကဲ့သို့ တောက်လျောက် တည်ငြိမ်နေခဲ့သည်ကို သူတို့ သတိထားလိုက်မိသည်။
ထို့နောက် ယဲ့ဖန်သည် သူ့သင်္ဘောသို့ ပြန်သွားရန် ကြံရွယ်လိုက်သည်။ ဤသည်ကို မြင်ပြီး အကျဉ်းသား နှစ်ယောက်က အသည်းအသန် အော်ပြောတော့သည်။
“ဆာ ကျွန်တော်တို့ကို ကယ်ပါဦး”
အကျဉ်းသား နှစ်ယောက်လုံး စိုးရိမ်နေကြသည်။ သူတို့ ထိုသူစိမ်းအား ကြောက်သော်လည်း သူတို့သာ သည်သင်္ဘောထဲ နေနေခဲ့ပါက ပို၍ ဆိုးရွားသော အခြေအနေများနှင့် ကြုံရမည်ကို သူတို့ ရိပ်မိနေသည်။
ယဲ့ဖန်ကသာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု မှတ်ယူထားကြသည်။
သူတို့အသံကို ကြားပြီး ယဲ့ဖန် ရပ်တန့်သွားသည်။ သို့သော် သူသည် ထိုသူနှစ်ယောက်အား ဥပေက္ခာပြု၍ သူ့သင်္ဘောသို့ ဆက်သွားလိုက်သည်။
“သူ ငါတို့ကို မကယ်ဘူးလား”
ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး သူတို့ သေရတော့မည်ကို သတိပြုမိပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
ထိုစဉ် သူတို့ ဂျွတ်ခနဲ မြည်သံကျယ်ကြီးကို ကြားလိုက်ရသည်။ ထို့နောက် ကမ္ဘာခြား သင်္ဘောတစ်စီးလုံး နှစ်ပိုင်း ပြတ်သွားသည်ကို အူကြောင်ကြောင် မျက်နှာထားဖြင့် ကြည့်နေမိသည်။
သင်္ဘော၏ ကိုယ်ထည်သည် အလွန်ခိုင်ခံသော သတ္တုဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် ဓားကျိုး၏ ရှေ့မှောက်တွင်တော့ သစ်သားကဲ့သို့ မခိုင်ခံလှပေ။
အလွန် အဖျက်စွမ်းအင်များသော ဓားချက်ပါတကား။
…
ဖျတ်ခနဲ တိုက်ခိုက်မှုကြောင့် အကျဉ်းသားနှစ်ယောက်လုံး သတိလစ်တော့မလို ဖြစ်သွားသည်။
ထိုစဉ် ပိန်းမှောင်နေသော နတ်ဆိုးချီမျှင်စုနှစ်ခုက အကျဉ်းသားနှစ်ယောက်ထံသို့ တိုးဝင်လာသည်။ သူတို့ကို ဖုံးအုပ်သွားပြီးနောက် ထိုအနက်ရောင်ချီဓာတ်သည် သူတို့ကို ကောက်ယူ၍ အဝေးသို့ ခေါ်ဆောင်သွားသည်။
CHAPTER 390 ကျက်သရေဆောင်အရိုး
ကမ္ဘာခြား စစ်သင်္ဘောတွင်း၌ ကုံးရှုံးနှင့် ကုံးမိန်တို့သည် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးအား ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
နတ်ဘုရား တပည့်အဆင့်တစ်ယောက်က နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်လိုက်ပြီး ကမ္ဘာခြား စစ်သင်္ဘောတစ်စီးအား ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သည်။
ဤအကြောင်းကိုသာ အခြားတစ်ယောက်ယောက်ဆီက သူတို့ ကြားခဲ့မိလျင် သူတို့ ယုံနိုင်မည် မဟုတ်ချေ။
သို့သော် ပြီးခဲ့သည့် ဖြစ်ရပ်များအားလုံးက တကယ်ဖြစ်ခဲ့တာတွေချည်းပင်။
ဂလု!
ကုံးရှုံး မနည်းကို တံတွေးမျိုချလိုက်ရသည်။ သူသည် ယဲ့ဖန်၏ မျက်လုံးကိုတောင်မှ စေ့စေ့မကြည့်ရဲပေ။ သူသည် ခေါင်းကိုငုံ့၊ ကိုယ်ကိုကိုင်း၍ ယဲ့ဖန်အား ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကျုပ်တို့ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆာ”
“ကျုပ်ညီမနဲ့ ကျုပ်တို့ ခင်ဗျားရဲ့ သနားညှာတာမှုကို တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး”
ကုံးရှုံးနှင့် ကုံးမိန်တို့နှစ်ယောက်လုံး ယဲ့ဖန်အား အလွန်ကျေးဇူးတင်နေမိကြသည်။ ရက်စက်သော်ငြားလည်း သူသည် သူတို့၏ အသက်ကို ကယ်ခဲ့သေးသည်။
သူတို့၏ စကားကို ကြားပြီး ယဲ့ဖန်က ခေါင်းအသာညိတ်ပြလိုက်သည်။
သူသည် အမြဲ သေသင့်သည့်သူများကိုသာ သတ်လေ့ရှိသည်။ အသက်ရှင်သည့်သူများကိုလည်း သူ အမြဲ ကယ်လေ့ရှိ၏။
ယဲ့ဖန်၏ ဖြူစင်၍ ချောမောသော မျက်နှာကို ငေးကြည့်ရင်း ကုန်းမိန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဆာ ဘယ်ကိုသွားမလို့ပါလဲ။ ရှင် ကူးလန်ဂြိုဟ်ကို ဦးတည်သွားမလို့လား”
*ကူးလန်ကလန်လား*
ယဲ့ဖန် မှင်တက်သွားသည်။ ယဲ့ဖန်၏ အမူအရာကို သတိထားမိပြီး ကူးမိန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဆာ ကူးလန်ဂြိုဟ်ကို မသိတာလား”
ထို့နောက် သူမက ခပ်ဖွဖွပြုံး၍ ယဲ့ဖန်အား သေချာ ရှင်းပြလေသည်။
“ကူးလန်ဂြိုဟ်က နေအဖွဲ့အစည်းနဲ့ အနီးဆုံး အင်အားကြီးဂြိုဟ်တစ်ခုပါ”
“နတ်ဘုရားတို့ သေဆုံးရာ နယ်မြေအကြောင်း သတင်းရပြီးနောက် ကျွန်မတို့က နေအဖွဲ့အစည်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် နီးနေတော့ ကျွန်မတို့ ကံများကောင်းမလားလို့ စမ်းကြည့်ချင်ခဲ့ကြတာ”
“မမျှော်လင့်ဘဲ ကျွန်မတို့က လမ်းမှာ ကူးထို့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်”
ထိုသို့ပြောပြီး ကူးမိန်က ယဲ့ဖန်အား အလွန်ကျေးဇူးတင်ဟန်ဖြင့် ပြောလာသည်။
“သခင်လေး တကယ်လို့ သခင်လေးက ကူးလန်ဂြိုဟ်ကို သွားချင်တယ်ဆိုရင် ကျွန်မတို့ ရှင့်ကို လမ်းပြပေးပါ့မယ်”
*နေအဖွဲ့အစည်းနဲ့ အနီးဆုံး အင်အားကြီးဂြိုဟ်တဲ့လား*
ထို့နောက် ယဲ့ဖန်က မသိမသာ မျက်လုံးမှေး၍ မေးလိုက်သည်။
“ကူးလန်ဂြိုဟ်ပေါ်မှာ ထူးခြားတဲ့ လူတစ်ယောက် ဒါမှမဟုတ် ပုံပြင်လိုမျိုး အရာရှိလား”
ယဲ့ဖန်သည် သူ၏ ကမ္ဘာခြား ခရီးစဉ်၌ ရည်ရွယ်ချက် နှစ်ခုသာ ရှိသည်။ ပထမ ရည်ရွယ်ချက်က သူ့အင်အားကို တိုးပွားလာစေချင်၍ ဖြစ်ပြီး ဒုတိယတစ်ခုကား နတ်ဆိုးများအား ဆင့်ခေါ်နိုင်ရန်ပင်။
ထို့ကြောင့် ယဲ့ဖန်သည် နတ်ဆိုးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးချင်နေခဲ့သည်။
ကူးရှုံးက ကူးမိန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ယဲ့ဖန်ကို ပြောပြလာ၏။
“ခင်ဗျားပြောတဲ့ ထူးခြားတဲ့သူဆိုတာ ကူးလန်ဂြိုဟ်ရဲ့ ဂြိုဟ်သခင်ကြီး ဟဲလန်ပဲ ဖြစ်ရမယ်။ သူက တစ်ချိန်တုန်းက နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမှာ ပါဝင်ခဲ့တာလေ”
*နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ*
သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးများ ချက်ချင်း အေးစက်ကာ လင်းလက်လို့လာ၏။
ကူးရှုံး ဆက်ပြောလာသည်။
“နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေက နတ်ဆိုးတွေကို သုတ်သင်ဖို့ သိုင်းပညာရှင်အားလုံးကို ဆင့်ခေါ်ခဲ့တုန်းက ကူးလန်ဂြိုဟ်သခင်ကြီး ဟဲလန်က ချက်ချင်း တုံ့ပြန်ပြီးတော့ နတ်ဆိုးတွေရဲ့ နယ်မြေကို ထိုးဖောက်တဲ့ အင်အားစု သုံးခုနောက်ကို လိုက်ခဲ့ပြီးတော့ နတ်ဆိုးဂြိုဟ်ကို ဖျက်ဆီးခဲ့တာ”
“နှစ်တွေ ကြာနေပင်မယ့်လည်း ကူးလန်ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်က သူ့ရဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူအတွက် အမြဲ ဂုဏ်ယူနေခဲ့တာ”
သူ၏ ရှင်းပြချက်ကိုကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက ပို၍အေးစက်လာကာ ပြန်ပြောလိုက်သည်။
“ကောင်းတယ်၊ သူ ဂုဏ်ယူနေတဲ့အတွက် ငါ ဝမ်းသာတယ်”
“သူ ပိုပြီး ဂုဏ်ယူရအောင် ငါ လုပ်သင့်တယ်ထင်တယ်”
ထိုသို့ပြောပြီး ယဲ့ဖန်၏ မျက်နှာသည် သွေးဆာ၍ ခက်ထန်သော မျက်နှာထားမျိုး ဖြစ်လာသည်။
ယဲ့ဖန်၏ အပြုအမူကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန့်တို့ ကြောက်လန့်ကာ တုန်ယင်သွားသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဤလူသည် ကူးလန်ဂြိုဟ်ထံသို့ သွေးဆာနေသော လူသတ်သမားအား ခေါ်ဆောင်လာတော့မလို ခံစားမိပြီး ရုတ်တရက် နှစ်ယောက်လုံး ခေါင်းမွေးထောင်လာသည်။
ကူးမိန်သည် ခေါင်းခါရင်း ထိုအတွေးကို မေ့ဖျောက်လိုက်သည်။ ထို့နောက် သူက ယဲ့ဖန်အား လေးနက်သော မျက်နှာဖြင့် ကြည့်၍ ပြောလိုက်သည်။
“သခင်လေး၊ ရှင်က ကူးလန်ဂြိုဟ်ကို ဦးတည်နေပြီဆိုမှတော့ ရှင် လူတစ်ယောက်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ထားရမယ်”
“သူက ကူးထို့ရဲ့ အစ်ကို ကူးယန်ပဲ ပြီးတော့ သူက ကူးလန်ဂြိုဟ်ရဲ့ နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့်ပါ”
ကူးရှုံးနှင့် ကူးမိန်တို့နှစ်ယောက်လုံး ယဲ့ဖန်အတွက် အလွန်စိုးရိမ်နေကြသည်။
“ကူးယန်နဲ့ ကူးထို့က သိပ်ကိုချစ်ခင်ကြတဲ့ ညီအစ်ကိုတွေ။ အကယ်၍ ခင်ဗျားက ကူးထို့ကို သတ်လိုက်တာကို ကူးယန် သိသွားရင် သူ ခင်ဗျားကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး”
ကူးရှုံးနှင့် ကူးမိန်တို့က ယဲ့ဖန်ကို အလေးအနက် သတိပေးလာသည်။
ယဲ့ဖန်က လုံးဝ ဂရုမစိုက်ဟန်ဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။
သူသည် နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ ပါဝင်ခဲ့သည့် ဟဲလန်အကြောင်း စဉ်းစားနေဆဲ ဖြစ်သည်။
“ငါ့ရန်သူရဲ့ သွေးကိုသောက်ပြီး သူတို့ရဲ့ အသားကို စားသောက်ပစ်မယ်။ ဒါကို ငါ မင်းနဲ့ စရမှာပေါ့”
….
ကူးလန်ဂြိုဟ်၌။
ကမ္ဘာခြား စစ်သင်္ဘောတစ်စီးက ဖြည်းညင်းစွာ ဆင်းသက်လာသည်။ ထို့နောက် ယဲ့ဖန်၊ ကူးရှုံးနှင့် ကူးမိန်သို့ သင်္ဘောထွက်ပေါ်မှ ဆင်းလာကြသည်။
သူတို့အောက်မှ အင်အားကြီးသော ဂြိုဟ်ကို ငုံ့ကြည့်ရင်း ကူးရှုံးက မျက်မှောင်ကြုတ်၍ ယဲ့ဖန်အား သတိပေးလိုက်သည်။
“မစ္စတာယဲ့၊ ဒီသင်္ဘောက ပြဿနာပဲ။ သည်လောက် ကြီးတဲ့အရာဝတ္ထုက အရမ်း မျက်စိဖမ်းစားနိုင်တယ်။ အကယ်၍ တစ်စုံတစ်ယောက်က ဒါကို ခေလန်ရဲ့ စစ်သင်္ဘောမှန်း မှတ်မိသွားရင် ခင်ဗျား ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်”
ကူးရှုံး၏ စိုးရိမ်မှုက ကျိုးကြောင်းသင့်လျော်သည်။ သို့သော် ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။
“သင်္ဘော၊ ဘာသင်္ဘောလဲ”
“ခင်ဗျား ….”
ကူးရှုံးက ပြောရင်း နောက်လှည့်ကာ သူတို့နောက်မှ ကမ္ဘာခြား စစ်သင်္ဘောအား လက်ညှိုးထိုးပြရန် ကြံရွယ်လိုက်သည်။
သို့သော် သူ စကားတောင်မဆုံးလိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့နောက်၌ ဘာမှရှိမနေတော့သောကြောင့်ပင်။
ဧရာမ ကမ္ဘာခြားစစ်သင်္ဘောက ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။
*မဖြစ်နိုင်လိုက်တာ*
ထိုစဉ် ကူးမိန်က ထိတ်လန့်နေသော မျက်နှာထားလေးဖြင့် သူမပါးစပ်လေးကို လက်ဖြင့် အုပ်ရင်း ရေရွတ်လိုက်မိသည်။
“ဘယ်လိုလုပ် စစ်သင်္ဘောက …”
ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ စစ်သင်္ဘော၏ ပျောက်ကွက်သွားမှုက သူတို့၏ အသိပညာ ဗဟုသုတကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
သူတို့ ထင်မထားသည့်အချက်က ယဲ့ဖန်သည် ခေလန်၏ စစ်သင်္ဘောအား ကမ္ဘာမြေမှ ထွက်ခွာမလာခင်ကတည်းက ကောင်းကင်လက်နက်အဖြစ် မွမ်းမံခဲ့ပြီးပြီ ဆိုတာပင်။
သူ ထိုသင်္ဘောကို ဘယ်အချိန်မဆို ဖျောက်ထားလိုက်လို့ ရသည်။
“သွားကြစို့”
ယဲ့ဖန်က သူတို့နှစ်ယောက်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူသည် ကူးလန်ဂြိုဟ်ပေါ်သို့ ခြေချလိုက်၏။
ဤသည်ကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန်တို့သည် ယဲ့ဖန်နှင့် ပတ်သက်၍ ပိုပြီး သိချင်လာသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် နတ်ဘုရား တပည့်အဆင့် ဆိုတာထက် ပို၍ ထူးဆန်းသော လူတစ်ယောက်ဟု ထင်နေမိသည်။
ယဲ့ဖန်၏ တစ်မူထူးခြားသော အပြုအမူများက သူတို့ ထင်ထားသည်ထက် ပို၍ လွန်နေသည်။
….
ညအချိန်အခါသို့ ရောက်ရှိလာ၏။
ကူးလန်ဂြိုဟ်ရှိလသည် အနီရောင် ဖြစ်သည်။ ဂြိုဟ်သည် ညနေခင်းဘက်တွင် သွေးရောင်လွှမ်းသလို ရဲရဲနီနေ၏။
သူတို့သုံးယောက်လုံး ကူးလန်ဂြိုဟ်၏ လမ်းတစ်ခုပေါ်သို့ ရောက်ရှိလာသောအခါ ဘေးတစ်ဘက်တစ်ချက်မှ ရှေးဟောင်းသားရဲများကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဧရာမ အိမ်တော်များစွာကို သူတို့ မြင်တွေ့လိုက်ရသည်။
“မစ္စတာယဲ့၊ အဲ့ဒါက ကူးလန်ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင် ဟဲလန်ရဲ့ အိမ်တော်ပါ”
ကူးရှုံးက ယဲ့ဖန်ကို ပြောပြလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်သည်။
အိမ်တော်ထဲမှ တည်ငြိမ်စွာ ထွက်လာသော လူတစ်ယောက်ကို သူ မြင်လိုက်ရသည်နှင့် သူ့မျက်လုံးမှ ပြင်းထန်၍ အေးစက်သော အလင်းတန်းများ ဖြာထွက်လာသည်။
ထိုသို့ရှိနေစဉ်တွင် ကူးရှုံးနှင့် ကူးမိန်တို့သည် ဘေးပတ်လည်မှ အပူချိန် ထိုးကျလာသည်ဟု ခံစားလာမိသည်။
လေထုသည် အေးခဲလုမတတ် ဖြစ်နေ၏။
အရိုးကွဲမတတ် ဆိုးရွားလှသော လေထုက ကူးရှုံးနှင့် ကူးမိန်တို့အား တုန်ယင်သွားစေသည်။
ထို့နောက် ယဲ့ဖန်က လူတစ်ယောက်ကို စိုက်ကြည့်နေသည်ကို သူတို့ သတိပြုမိသွားသည်။ အတိအကျပြောရလျင် သူသည် ထိုလူ၏ ခါးမှ အရိုးအပိုင်းလေးကို စိုက်ကြည့်နေခြင်း ဖြစ်သည်။
ထိုအရာသည် သလင်းကျောက်နှင့် ချိတ်ထားသော လက်ချောင်းရိုးလေးတစ်ခု ဖြစ်သည်။
ကုံးရှုံးသည် ကြောက်လန့်သွားပြီး ထိတ်ထိတ်ပျာပျာဖြင့် မေးလိုက်သည်။
“မစ္စတာယဲ့၊ ခင်ဗျား ကျက်သရေဆောင် အရိုးကို စိတ်ဝင်စားနေတာလား”
*ကျက်သရေဆောင်အရိုး*
သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးများက တောက်လာသည်။ ယဲ့ဖန် သိချင်နေသည်ကို သတိထားမိသဖြင့် ကုံးရှုံးက ဆက်ပြောလိုက်သည်။
“ကျက်သရေဆောင်အရိုးက တကယ်တော့ နတ်ဆိုးတစ်ယောက်ရဲ့ အရိုးအပိုင်းအစ တစ်ခုပါ။ အဲ့ဒါက ဟဲလန် နတ်ဆိုးဂြိုဟ်ကနေ ပြန်သယ်လာတဲ့ အရိုးစုတွေထဲက ပါလာတာလေ”
“ဟဲလန်ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်တိုင်း နတ်ဆိုးရဲ့ အရိုးအပိုင်းအစတစ်ခုကို သူတို့ရဲ့ ကျက်သရေဆောင်အနေနဲ့ ရကြတယ်”
…
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက ချက်ချင်း သွေးဆာလာသယောင် ဖြစ်နေသည်။
*ဒါက တကယ်ပဲ နတ်ဆိုးတစ်ကောင်ရဲ့ အရိုးအပိုင်းအစပဲ*
ဟဲလန်က နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ ပါဝင်ရုံသာမက နတ်ဆိုးများ၏ အရိုးစုများကိုပါ ပြန်သယ်လာလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့မိပါ။
သူက အရိုးစုတွေကို အပိုင်းအစများ ဖြစ်အောင် ဖျက်ဆီး၍ သူ၏ ကလန်သားများကိုတောင်မှ လက်ဆင့်ကမ်းပေးလိုက်သေးသည်။
တစ်ဟုန်ထိုး တက်လာသော ကြမ်းကြုတ်သည့် ချီဓာတ်များဖြင့် ယဲ့ဖန်သည် ရှေ့သို့ ချက်ချင်း ပြေးတက်သွားပြီး ကူးရှုံးနှင့် ကူးမိန်တို့အား လှမ်းအော်ပြောလိုက်သည်။
“ကျုပ် ရှင်းစရာ ကိစ္စလေး ပေါ်လာလို့။ ကျုပ် ပြီးမှပဲ ခင်ဗျားတို့ဆီ ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီး ယဲ့ဖန်သည် လှစ်ခနဲ ပျောက်ကွယ်သွားသည်။ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန်တို့သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်၍ ရှောင်တိမ်းမရသော ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာမည်ဟု ခံစားမိသကဲ့သို့ နှစ်ယောက်လုံး ရင်တုန်လာကြသည်။
စာစဉ် (၂၆) ဤတွင် ပြီးပါပြီ။