အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
CHAPTER 391 လက်ခြောက်ချောင်း နတ်ဆိုး
ဟဲဟွိုက်သည် ကူလန်ဂြိုဟ်၏ လမ်းကြားလေးတစ်ခု၌ ဂုဏ်ယူနေသော မျက်နှာထားဖြင့် မြောက်ကြွမြောက်ကြွ လျှောက်နေသည်။
လွန်ခဲ့သည့် ရက်အနည်းခန့်က သူ့အား ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်အဖြစ် အသိအမှတ် ပြုခဲ့ပြီး ရာထူးအဆင့်အတန်း မြင့်မားလာသည်ဟူသော အဓိပ္ပာယ်ဖြင့် ကျက်သရေဆောင်အရိုးအား ရရှိခဲ့လေသည်။
သူ့ခါးမှ ကျက်သရေဆောင် အရိုးကို မြင်သည့်သူတိုင်း သူ့အား တအံ့တဩနှင့် လေးစားစွာ ဆက်ဆံကြလေသည်။
ဟဲဟွိုက်သည် အရိုးကို သယ်ဆောင်ထားခြင်းကြောင့် ရရှိလာသည့် ခံစားချက်ကို သဘောကျသည်။
ကျက်သရေဆောင်အရိုးသည် သူ၏ ထင်ရှားသော သင်္ကေတ ဖြစ်သလို သူ့ရာထူးဖြင့် ဖိနှိပ်ညှင်းပန်းနိုင်သည်ဟု သက်သေပြနေသော ပစ္စည်းလည်း ဖြစ်သည်။
ကျက်သရေဆောင်အရိုးနှင့် ရင်ဆိုင်ရသဖြင့် မည်သူမျှ သူ့အမိန့်ကို မနာခံဘဲ မနေရဲချေ။
ထို့နောက် ဟဲဟွိုက်သည် သူ့ခါးမှ ကျက်သရေဆောင်အရိုးကို ထိကြည့်လိုက်သည်။ ထိုသို့သောအချိန်၌ သူ့မျက်နှာက တစ်ခဏမျှ အေးခဲသလို ဖြစ်သွားသည်၊ အဘယ်ကြောင့်ဆိုသော် သူ ဘာကိုမျှ ထိသလို မခံစားလိုက်ရသောကြောင့်ပင်။
*ဘာဖြစ်တာလဲဟ*
ဟဲဟွိုက် မျက်နှာပျက်သွားပြီး ခပ်သွက်သွက် ခေါင်းငုံ့၍ သူ့ခါးကို ငုံ့ကြည့်လိုက်သည်။
ထိုအခါမှသာ သူ၏ ကျက်သရေဆောင်အရိုး ပျောက်သွားပြီး သလင်းကျောက် ကြိုးလေးသာ ယိမ်းထိုးနေသည်ကို သူ သတိပြုမိလိုက်သည်။
ထို့ကြောင့် ဟဲဟွိုက်၏ မျက်နှာက ချက်ချင်း ဖြူရော်လာသည်။
“ငါ့ရဲ့ ကျက်သရေဆောင်အရိုး ဘယ်ရောက်သွားတာလဲ”
ဟဲဟွိုက်သည် တုန်လှုပ်ပြီး ဒေါသတကြီး ရေရွတ်လိုက်မိသည်။ ဘယ်ကိုရောက်သွားသလဲဆိုတာကို သူ စဉ်းစားလို့မရပေ။
ထိုစဉ် လမ်းကြားလေးတစ်ခုလုံး၌ ဆိုးယုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။
ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုကို ဟဲဟွိုက် သတိထားမိလိုက်သည်။ ထိုအရာကား အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ပင်။
မားမားမတ်မတ် ရပ်နေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးသည် အဖြူရောင် လက်ချောင်းရိုး အပိုင်းအစတစ်ခုကို ကိုင်ထားသည်။
ထိုအရိုးအပိုင်းအစလေးကို ကြည့်ရင်း ယဲ့ဖန်သည် သူ၏ မိသားစုဝင်အား ကြည့်နေရသလို ခံစားလာမိသည်။
သူသည် ဆိုးယုတ်သော ချီဓာတ်များအား ဆက်တိုက် ထုတ်လွှတ်နေမိသည်။
“မင်း ဘယ်သူလဲ”
ဟဲဟွိုက်သည် ခက်ထန်သော မျက်နှာထားဖြင့် မာန်မဲလိုက်သည်။
ကူးလန်ဂြိုဟ်ပေါ်တွင် တစ်စုံတစ်ယောက်က ကျက်သရေဆောင်အရိုးကို လုယက်မည်ဆိုပါက ထိုသူ၏ ကလန်တစ်ခုလုံး သုတ်သင်ခံရလိမ့်မည်။
သို့သော် ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဟဲဟွိုက်သည် ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို ကြည့်နေရင်း တစ်ဟုန်ထိုး တိုးပွားလာသည့် ဆိုးယုတ်သော ချီဓာတ်များကို ခံစားမိရင်း ထိုလူက လူသား မဖြစ်နိုင်ဘဲ ရှေးဦးသားရဲကောင်သာ ဖြစ်မည်ဟု ခံစားမိနေသည်။
သူ ကြောက်စိတ်မွှန်လာသည်။ ဟဲဟွိုက်၏ အသံကို ကြားသော်လည်း ယဲ့ဖန်က ပြန်မဖြေပေ။
သူသည် စွတ်စွတ်ဖြူနေသော အဖြူရောင် လက်ချောင်းရိုးအပိုင်းအစကိုသာ ပူဆွေးနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
“နတ်ဆိုးရဲ့ လက်ချောင်းရိုး။ ဒါက လက်ခြောက်ချောင်း နတ်ဆိုးရဲ့ အရိုးပဲ”
နတ်ဆိုးဂြိုဟ်ပေါ်၌ နတ်ဆိုးများ သန်းရာနှင့်ချီ၍ ရှိသည်။ သို့သော် ယဲ့ဖန်သည် သူတို့အားလုံး၏ မျက်နှာနှင့် ချီဓာတ်များကို မှတ်မိသည်။
ဤလက်ချောင်းရိုး အပိုင်းအစလေးသည် နတ်ဆိုး စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သည့် လက်ခြောက်ချောင်း နတ်ဆိုး၏ အရိုးအပိုင်းအစ တစ်ခု ဖြစ်သည်။
လက်ခြောက်ချောင်း နတ်ဆိုးသည် တစ်ချိန်တုန်းက နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲ၊ နတ်ဘုရား သုတ်သင်ခြင်း စစ်ပွဲနှင့် အင်မော်တယ် သုတ်သင်ခြင်း စစ်ပွဲ စသည့် ကြမ်းကြုတ်သော စစ်ပွဲများစွာ၌ ပါဝင်ခဲ့သူ ဖြစ်သည်။
သူသည် သွေးဆာ၍ ရက်စက်တတ်သည်။ သူသည် နတ်ဆိုးများအတွက် ဒဏ်ရာများစွာ ရရှိခဲ့ပြီး နတ်ဆိုးဧကရာဇ်အတွက် သူ့အသက်အား အကြိမ်ကြိမ် စွန့်လွှတ်ခဲ့သူ ဖြစ်သည်။
သို့သော် သူသည် တိုက်ပွဲတိုင်း၌ အသက်ရှင်ခဲ့သည်။ သူ့စိတ်ထဲတွင် နတ်ဆိုးများသည်သာ သူ့ဘဝဖြစ်ပြီး နတ်ဆိုးဧကရာဇ်သည်သာလျင် သူ၏ ယုံကြည်ရာ ဖြစ်သည်။
သို့သော် ဤမျှ သွေးဆာသော နတ်ဆိုး စစ်မှုထမ်းဟောင်းကြီးက နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ သေဆုံးသွားလိမ့်မည်ဟု ယဲ့ဖန် ဘယ်သောအခါကမှ ထင်မထားခဲ့မိပါ။ သူ၏ အရိုးစုတောင်မှ အပိုင်းပိုင်း ကျိုးပဲ့ကာ လူများစွာထံသို့ ကျက်သရေ ထွန်းတောက်သော သင်္ကေတအဖြစ် လွှဲအပ်ခြင်း ခံနေရသည်။
“သိပ်ကောင်းတဲ့ ဟဲလန်။ သိပ်ကောင်းတဲ့ နတ်ဘုရားကလန်တစ်ခုပဲ”
ယဲ့ဖန်၏ ချီဓာတ်က ပွက်ပွက်ဆူလာသည်။ ဆိုးယုတ်သော ချီဓာတ်ကို ခံစားမိပြီးနောက် ဟဲဟွိုက်တစ်ယောက် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထကာ တုန်ယင်လာသည်။
ထို့နောက် သူသည် ကြောက်လန့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည်။
“မ …မစ္စတာ၊ ခင်ဗျား ကျွန်တော့ကို ကျက်သရေဆောင် အရိုးလေး ပြန်ပေးလို့ရမလားခင်ဗျ။ ခင်ဗျား လိုချင်တဲ့ ဘယ်အရာမဆို ပေးမယ်လို့ ကျွန်တော် ကတိပေးနိုင်ပါတယ်”
ဟဲဟွိုက် ကြောက်လန့်နေသည်။ သူ၏ ဝမ်းတွင်းအသိကို သူ ယုံကြည်သည်။ ရှေ့၌ ရပ်နေသော လူက သာမန်လူ မဟုတ်မှန်း သူ ရိပ်စားမိနေ၏။
သို့သော် သူ့စကားအဆုံး၌ ယဲ့ဖန်က ရုတ်တရက် ဟဲဟွိုက်ကို စိုက်ကြည့်လာသဖြင့် သူ ကြောက်လန့်ကာ တုန်ယင်သွားသည်။ ဟဲဟွိုက် ဘောင်းဘီတောင် စိုရွှဲတော့မလို ဖြစ်သွားသည်။
ယဲ့ဖန်၏ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များဖြင့် တောက်ပလျက် ရှိသည်။ သူသည် လူသားတစ်ယောက် ဆိုတာထက် သေချာပေါက် နတ်ဆိုးတစ်ကောင်ပင် ဖြစ်မည်။
“မင်း … မင်း”
ဟဲဟွိုက် ချက်ချင်း နောက်ဆုတ်ကာ တစ်ဘက်လှည့်၍ ထွက်ပြေးချင်လာသည်။
“မင်းက ဒီနတ်ဆိုးရဲ့ အရိုးအပိုင်းအစကို လိုချင်တာလား”
ဟဲဟွိုက်သည် ယဲ့ဖန်၏ ခက်ထန်သော အသံကို ကြားလိုက်ရသည်နှင့် ထိတ်လန့်ကာ ရင်တုန်လာသည်။
ဂလု!
ဟဲဟွိုက် ခေါင်းညိတ်ပြလိုက်သည်။
“ငါ မင်းကို ပြန်ပေးလို့ရတယ်၊ ဒါပေမယ့် သူ ဆန္ဒရှိ၊မရှိဆိုတာကိုတော့ မင်း မေးကြည့်မှရမယ်”
ယဲ့ဖန်က ပြောရင်း သူ့လက်ထဲမှ လက်ချောင်းရိုး အပိုင်းအစကို ညွှန်ပြလာသည်။
*ဘာ*
ဟဲဟွိုက် ကြောင်အသွားသည်။
*အဲ့အရိုးအပိုင်းအစက သဘောတူလား၊ မတူဘူးလားဆိုတာကို မေးကြည့်ရမယ် ဟုတ်လား*
*ဒါ ဖြစ်မှမဖြစ်နိုင်တာ*
စွတ်စွတ်ဖြူနေသော အဖြူရောင် အရိုးသည် သက်မဲ့အရာတစ်ခု ဖြစ်သည်။ ထိုအရိုးက ဘယ်လိုလုပ် အသိစိတ် ရှိနေပါမည်နည်း။
ဟဲဟွိုက်က ယဲ့ဖန်ကို ပြန်ချေပရန် ကြံစည်လိုက်သည်။ ထိုစဉ် ဖျောက်ခနဲ မြည်သံတစ်ခုကို သူ ကြားလိုက်ရသည်။
ထို့နောက် လက်ချောင်းရိုး အပိုင်းအစလေးက တုန်ခါလာသည်ကို ဟဲဟွိုက် မြင်လိုက်ရလေသည်။
ဝုန်း!
ဤမြင်ကွင်းကို ကြည့်ပြီး ဟဲဟွိုက် မှင်တက်သွားသည်။ ထို့ပြင် ထိုလက်ချောင်းရိုး အပိုင်းအစက နတ်ဆိုးချီဓာတ်ကို ထုတ်ဖော်ရင်း လေထဲ မျောလွင့်လာသည်ကို ဟဲဟွိုက် မြင်တွေ့လိုက်ရသည်။
ထို့နောက် တစ္ဆေရိုင်းတစ်ကောင် နိုးထလာသကဲ့သို့ အသက်အရွယ် ရနေပြီး ထိတ်လန့်ဖွယ်ကောင်းသည့် အသံတစ်သံက လက်ချောင်းရိုးထဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
“ငါ့ … အရိုး … ငါ့အရိုး …”
လမ်းကြားလေးတစ်ခုလုံး၌ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။ ဤသည်မှာ အစသာ ရှိချေသေးသည်။
ထို့နောက် ထိုစွတ်စွတ်ဖြူနေသော အရိုးဖြူ လက်ချောင်းရိုးသည် ယဲ့ဖန်အား တွေ့သွားဟန်ဖြင့် ပြင်းထန်စွာ တုန်ယင်လာသည်။ ၎င်း၌ ကိုယ်ပိုင် အသိစိတ် ရှိနေပုံရသည်။
ထိုစဉ် ခပ်အက်အက် အသံတစ်သံက စိတ်လှုပ်ရှားမှုနှင့်အတူ ညှိုးငယ်စွာ ထွက်ပေါ်လာသည်။
“သ…သခင်ကြီးလား”
ထိုစွတ်စွတ်ဖြူနေသော အရိုးဖြူ လက်ချောင်းရိုးသည် အလွန် ထိတ်လန့်ကာ စိတ်လှုပ်ရှားဟန်ဖြင့် ထပ်ပြောလာသည်။
“ခင်…ခင်ဗျားလား”
ထိုအသံသည် အလွန် ပူဆွေးသံပေါက်သော်လည်း ထိုအသံထဲ၌ ယဲ့ဖန်အား နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ဟန်ဖြင့် အလွန် မျှော်လင့်နေဟန်များ ပါဝင်နေသည်။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်သည် တနုံ့နုံ့ ခံစားလာရကာ ပြန်ဖြေလိုက်သည်။
“လက်ခြောက်ချောင်း၊ ငါပါကွာ”
…
သူ့စကားကို ကြားသည်နှင့် စွတ်စွတ်ဖြူနေသော အရိုးသည် ထိတ်လန့်သွားလေတော့သည်။ ထို့နောက် ထိုအသံက ပို၍ စိတ်လှုပ်ရှားနေသော အသံဖြင့် ဆက်ပြောလာသည်။
“သခင်ကြီး တကယ်ပဲ ခင်ဗျားကိုး။ သခင်ကြီး ကျွန်တော့်နာမည်ကို အခုထိ မှတ်မိနေသေးတယ်နော်”
“ဟားဟား … နောက်ဆုံးတော့ ကျွန်တော် သခင်ကြီးနဲ့ ပြန်တွေ့ရပြီပဲ။ နတ်ဆိုးတွေ သွေးသစ်လောင်း နိုင်တော့မယ်”
လက်ချောင်းရိုးသည် အလွန် ဝမ်းသာပီတိ ဖြစ်လာပြီး ချက်ချင်းပင် ယဲ့ဖန် ခြေထောက်ရှေ့ တည့်တည့်၌ မတ်မတ်ထောင်၍ နှုတ်ဆက်လာသည်။
“သခင်ကြီးကို ဂါရဝ ပြုပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး။ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ဟဲဟွိုက် အလွန် မှင်တက်သွားသည်။ သူ၏ ကျက်သရေဆောင်အရိုး၌ နတ်ဆိုးတစ်ကောင်၏ စိတ်ဝိညာဉ် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ထိတ်လန့်စရာ အကောင်းဆုံး အချက်သည်ကား ထိုနတ်ဆိုး၏ စိတ်ဝိညာဉ်သည် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ ရှေ့မှောက်၌ ဝပ်တွားနေသည်ကို မြင်လိုက်ရခြင်းပင်။
*နတ်ဆိုး ဧကရာဇ်တဲ့လား*
“မင်း … မင်းက နတ်ဆိုးဧကရာဇ်လား”
ယခုအချိန်၌ ဟဲဟွိုက်သည် ကြက်သီးတဖြန်းဖြန်း ထကာ ခေါင်းမွေးများပင် ထောင်လာတော့သည်။
ထို့နောက် သူသည် သုတ်သီးသုတ်ပျာဖြင့် အသားကုန် ထွက်ပြေးလေတော့သည်။
*ပြေး၊ပြေး၊ပြေး*
ယခုလိုအချိန်တွင် ဟဲဟွိုက်သည် ကြောက်လန့်ကာ ရူးမတတ် ဖြစ်နေ၏။ သူ ယုံတောင်မယုံနိုင်ချေ။ သူသည် ကြောက်သည်ထက် ပို၍ ကြောက်နေ၏။
နတ်ဆိုး ဧကရာဇ် ပြန်လာပြီဟူသော အဓိပ္ပာယ်သည် နတ်ဘုရားနှင့် နတ်ဆိုးများကြားမှ စစ်ပွဲသည် ပြန်လည်ပေါ်ပေါက်လာမည်ဟု ဆိုလိုနေလေပြီ။
ဟဲဟွိုက် မြန်နိုင်သမျှမြန်မြန် အစွမ်းကုန် ပြေးနေသည်။ သို့သော် ဟဲဟွိုက်၏ အပြုအမူကို ကြည့်ပြီး ယဲ့ဖန်က ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူ့ကိုသွားဖမ်းလိုက်၊ ဒါ ပါးကိုက်နားကိုက်ပဲ”
“ဟုတ်ကဲ့ပါ သခင်ကြီး”
စွတ်စွတ်ဖြူနေသော အရိုးဖြူ လက်ချောင်းရိုးသည် လက်ခြောက်ချောင်း နတ်ဆိုး စိတ်လှုပ်ရှား နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အလင်းနှင့်အတူ ပြေးထွက်သွားသည်။
ထို့နောက် ဤသည် ဟဲဟွိုက်အား တစ်ဟုန်ထိုး ဝင်တိုက်လာသည်။ ထိုတိုးသံကို ကြားသည်နှင့် ဟဲဟွိုက် သေမတတ် ကြောက်လန့်လာသည်။
“မဖြစ်ဘူး”
သူ ရှောင်ရှားချင်သည်။ သို့သော် ထိုလက်ချောင်းရိုး အပိုင်းအစက ထင်မှတ်မထားနိုင့် မြန်နှုန်းဖြင့် ရွေ့လျားနေသည်။
ရွှစ်!
လက်ချောင်းရိုး အပိုင်းအစက ဟဲဟွိုက်၏ ကိုယ်ထဲသို့ ဥက္ကာပျံပမာ ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်လာ၏။ ထို့အပြင် ဟဲဟွိုက်၏ ပခုံး၌ သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
သူ၏ လက်ပြင်ရိုး လုံးဝကို ကြေမွသွားလေတော့သည်။
“အား…အား…အား….”
ဟဲဟွိုက် ကြောက်လန့်ကာ တုန်လှုပ်နေသော်လည်း သူ၏ အိပ်မက်ဆိုးကား ယခုမှ စမည်ဖြစ်သည်။ လေတိုးသံများနှင့်အတူ လက်ချောင်းရိုး အပိုင်းအစက သူ့ထံသို့ ဆက်တိုက် ထိုးဖောက်လာသဖြင့် သွေးများ ဆက်တိုက် ပန်းထွက်လာသည်။
တစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟဲဟွိုက်၏ ကိုယ်၌ သွေးသံတရဲရဲနှင့် အပေါက်များစွာ ဖြစ်ပေါ်လာလေသည်။
ထိုအပေါက်တစ်ခုတိုင်းက ဟဲဟွိုက်၏ အရိုးများ ကျိုးကြေနေသည်ကို ကိုယ်စားပြုနေ၏။
အဆုံးတွင်။
ရွှစ်!
သူ၏ ဦးခေါင်းခွံ ကျိုးကြေသွားချိန်တွင် ဟဲဟွိုက်၏ ကြောက်လန့်၍ စိတ်ဓာတ်ကျနေသော မျက်နှာက ချက်ချင်း တောင့်တင်းသွားသည်။
သူသည် ရေစစ်သဖွယ် ဖြစ်သွားရ၏။ မြေကြီးပေါ် လဲကျသွားပြီးနောက် သူ၏ အရိုးများအားလုံး တစ်စစီ ကျိုးပဲ့သွားလေတော့သည်။
CHAPTER 392 နတ်ဆိုးတွေကို သတ်ခဲ့တဲ့သူတွေအားလုံး သွေးကြွေးပြန်ဆပ်ရမည်
လက်ခြောက်ချောင်း မိစ္ဆာ၏ စိတ်ဝိညာဉ် နိုးထလာပြီးနောက် ကူးလန်ဂြိုဟ် အနှံ့အပြားမှ ဟဲကလန် ဂိုဏ်းသားများ၏ ကျက်သရေဆောင် အရိုးက ဖျတ်ခနဲ လင်းလာပြီး လှုပ်ခါသွားသည်။
ဟဲကလန်ဂိုဏ်းသား တစ်ဖွဲ့သည် ထမင်းစားဆောင်၌ ညစာစားလျက် ရှိနေသည်။
“အာ၊ မင်းတို့ ခံစားမိကြလား။ ငါ့ရဲ့ ကျက်သရေဆောင်အရိုးက အခုလေးတင် လှုပ်သွားသလားလို့”
ဂိုဏ်းသားတစ်ယောက်က အခြားသူများအား ဇဝေဇဝါဖြင့် မေးလိုက်သည်။
သူ့စကားကြောင့် အခြား ကလန်၏ တိုက်ရိုက်မျိုးဆက်များက တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူတို့အားလုံး ဟားတိုက်ရယ်မောကြလေသည်။
“ဟဟ … ဟဲရှန် မင်း မူးနေတာပဲ ဖြစ်မယ်။ ကျက်သရေဆောင် အရိုးတွေက သက်မဲ့တွေလေကွာ၊ ဘယ်လိုလုပ် လှုပ်နိုင်မှာလဲ”
“ဟုတ်တယ်၊ ငါတို့ရဲ့ အရိုးတွေက သေသွားတဲ့ နတ်ဆိုးတွေရဲ့ အကြွင်းအကျန်တွေပဲ။ သူတို့သာ လှုပ်ရှားလို့ရတယ်ဆိုရင် ငါတို့ သေနေလောက်ပြီ”
“ဟီးဟီး ဟဲရှန် မင်းက အရက်ဂျိုး မဟုတ်ဘူးလား။ ဘယ်လိုလုပ် နည်းနည်းလေးသောက်ပြီး မူးနေရတာလဲ”
….
ယခုအချိန်တွင် အခြားသော ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်များက ထိုလူငယ်လေးအား ပြက်ရယ်ပြုလာကြသည်။
သို့သော် သူတို့စကားကို ကြားပြီးနောက် ဟဲရှန်က မျက်မှောင်ကြုတ်၍ သူ့ခါးမှ ကျက်သရေဆောင်အရိုးကို စိုက်ကြည့်လိုက်သည်။
အရိုးအပိုင်းအစလေးက တုပ်တုပ်တောင် မလုပ်သည်ကို အတည်ပြုပြီးမှ ဟဲရှန် စိတ်အေးသွားသည်။
“သေစမ်း၊ နည်းနည်းလေး သောက်ပြီး ငါ့ကိုယ်ငါ အရူးလုပ်နေမိလိမ့်မယ်လို့တောင် ထင်မထားမိဘူး”
ဟန်ရှန်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းနေသည်။
ထို့နောက် သူက ခွက်ကိုကောက်ကိုင်၍ အခြားသူများနှင့် ဆက်သောက်နေလိုက်သည်။ တစ်ခွက်ပြီး တစ်ခွက် မော့နေကြ၏။
ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်များသည် ပို၍ စိတ်အားတက်ကြွလာပြီး သူတို့၏ မျက်နှာများက နီမြန်းလာသည်။
“ဟားဟား … နတ်ဆိုးတွေက ကြောက်စရာကောင်းပြီးတော့ အင်အားကြီးတယ်လို့ သူတို့တွေက ပြောကြတာပဲ။ ငါကတော့ သူတို့က သာမန်ပဲလို့ ထင်တာပဲ”
လူငယ်တစ်ယောက်က အရက်မူးနေဟန်ဖြင့် ပြောရင်း သူ၏ ကျက်သရေဆောင်အရိုးကို ဖြုတ်၍ စားပွဲပေါ် ကောက်တင်လိုက်သည်။
“မင်းတို့ မြင်ကြလား။ နတ်ဆိုးတွေက ဘယ်လောက်ပဲ အင်အားကြီးပါစေ သူတို့ရဲ့ အရိုးတွေက ငါတို့ဘိုးဘေး ဟဲလန်ကြောင့် တစ်စစီ ကျိုးပဲ့ပြီး ငါတို့ရဲ့ ဆွဲသီးလေးတွေ ဖြစ်သွားတာပဲ”
“ဟုတ်ပါ့ကွာ”
ဟဲကလန်၏ အခြားဂိုဏ်းသားတစ်ယောက်ကလည်း ရယ်ရယ်မောမောနှင့် သဘောတူလာသည်။
သူသည်လည်း သူ၏ ကျက်သရေဆောင်အရိုးအား မြေကြီးပေါ် ဗြုန်းခနဲ ပစ်ချ၍ စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ပြောလာသည်။
“နတ်ဆိုးတွေက သာမန်ပဲ။ နတ်ဆိုးဧကရာဇ်ကလည်း သေသွားပြီ။ နတ်ဆိုးတွေ အားလုံး လူစုကွဲနေကြပြီ။ အခု နတ်ဘုရားတွေက စကြဝဠာကြီးကို အုပ်စိုးနေကြပြီ”
“အမှန်ပဲ”
ဟဲကလန်၏ အခြားဂိုဏ်းသားများကလည်း သူတို့၏ ကျက်သရေဆောင်အရိုးများကို စားပွဲပေါ် ပစ်တင်ရင်း မူးမူးရူးရူးနှင့် ပြောလာသည်။
“နတ်ဘုရားတွေက စကြဝဠာကြီးရဲ့ အုပ်ချုပ်သူပဲ။ နတ်ဆိုးတွေက အရှုံးသမားတွေပဲ”
“ဟားဟား … ရယ်ချင်စရာ အကောင်းဆုံး အပိုင်းက ‘နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး’ ဆိုတဲ့ စကားပဲကွ။ အဲ့စကားကြောင့် ငါ့မှာ ရယ်လိုက်ရတာ အူတောင်နာတယ်”
“ဟက် ငါတို့ဘိုးဘေး ဟဲလန်လို ငါလည်း နတ်ဆိုးတွေကို သတ်ရဖို့ မျှော်လင့်တယ်ကွာ။ အဲ့ဒါက ငါ့ကို ကျော်ကြားလာအောင် လုပ်ပေးနိုင်တယ်”
…
ဂိုဏ်းသားများက မောက်မာသော အမူအရာဖြင့် နတ်ဆိုးများအား သတ်ရသည်မှာ ပုရွက်ဆိတ်များကို သတ်ဖြတ်သကဲ့သို့ လွယ်ကူလှဟန်ဖြင့် ပြောနေကြသည်။
ဝီ!
ထိုစဉ် သူတို့သည် ဝီခနဲ အသံကို ကြားလိုက်ရပြီး သူတို့အားလုံး မှင်တက်သွားကြသည်။
ထို့နောက် သူတို့သည် သူတို့၏ အရိုးအပိုင်းအစများက အသက်ရှိနေသကဲ့သို့ တုန်ခါနေသည်ကို မြင်လိုက်ကြရသည်။
ဟဲကလန်ဂိုဏ်းသားများ ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
သူတို့အားလုံး ချက်ချင်း အမူးပြေသွားကြသည်။
“အဲ့ဒါတွေက လှုပ်နေတယ်။ အဲ့ဒါ … အဲ့ဒါတွေက တကယ်ပဲ လှုပ်နေတယ်ဟ”
ဂိုဏ်းသားများ မယုံနိုင်သလို ဖြစ်သွားကြသည်။ ထို့နောက် သူတို့သည် ပုံရိပ်ယောင်ထဲ ပိတ်မိနေသည်ဟု ထင်သွားကြသည်။
သို့သော် ရူးချင်စရာကောင်းလှသည့် အဖြစ်ကား မပြီးသေးချေ။
ထို့စဉ် အနက်ရောင် ဝတ်စုံနှင့် လူစိမ်း အမျိုးသားတစ်ယောက် အခန်းထဲ ရောက်နေသည်ကို သူ သတိထားမိသွားသည်။
ထို့နောက် သူ ချက်ချင်း မျက်နှာပျက်သွားကာ အော်ဟစ်လိုက်သည်။
“မင်း … မင်းဘယ်သူလဲ”
ဟဲလန်သည် ထိုလူငယ် ဝင်လာသည်ကို သူ သတိမထားမိခဲ့သဖြင့် ထိတ်လန့်သလို ဒေါသလည်း ထွက်သွားသည်။
သူ့စကားများက အခြား ဟဲကလန် ဂိုဏ်းသားများအား ချက်ချင်း သတိပေးသလို ဖြစ်သွားသည်။
ချွင်ခနဲ အသံနှင့်အတူ သူတို့အားလုံးသည် ဆိုးယုတ်သော မျက်နှာထားများဖြင့် ထိုလူငယ်အား စိုက်ကြည့်ကာ ဓားအိမ်ထဲမှ ဓားများကို ဆွဲထုတ်လိုက်ကြသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတို့အားလုံး ကြက်သီးတဖြန်းဖြန်းထကာ ကြောက်စိတ်ဝင်၍ တုန်ယင်လာကြသည်။
“ငါလား”
ယဲ့ဖန်က ခက်ထန်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“ငါက မင်းတို့ ပါးစပ်ကနေ ပြောနေတဲ့ နတ်ဆိုးလေ”
*ဘာ*
သူ့စကားကို ကြားပြီးနောက် ဟဲလန်၏ ဂိုဏ်းသားများ အလွန် ကြောက်လန့်သွားကြသည်။
ထိုစဉ် ယဲ့ဖန်က တစ်ဘက်လှည့်၍ စားပွဲပေါ်မှ နတ်ဆိုးများ၏ အရိုးအပိုင်းအစများကို စိုက်ကြည့်လာသည်။ ထို့နောက် သူက စိတ်အားငယ်၍ အတိတ်ကို တသသဖြစ်နေသော အသံဖြင့် ကြွေးကြော်လိုက်သည်။
“ငါ့ရဲ့ အစေခံတွေ၊ အိမ်ပြန်ဖို့ အချိန်ကြပြီ”
ထိုစကားသည် ငရဲတံခါးဝအား ဖွင့်လိုက်သလိုပင်။ တဖျောက်ဖျောက် မြည်သံနှင့်အတူ စားပွဲပေါ်မှ အရိုးအပိုင်းအစများ ထပ်၍ တုန်ခါလာသည်ကို ဟဲကလန်ဂိုဏ်းသားများ မြင်တွေ့လိုက်ရသည်။
ထို့အပြင် အနက်ရောင်ချီဓာတ်များက ထိုနတ်ဆိုးများ၏ အရိုးအပိုင်းအစများမှ ထွက်ပေါ်လာသည်။
ထိုစဉ် သူတို့သည် အလွန် ကြောက်မက်ဖွယ်ကောင်း၍ ဩရှရှနှင့် တက်ကြွနေသော အသံများကို ကြားလိုက်ရသည်။
“သ…သခင်ကြီးလား။ ဟားဟား ငါ့သခင်ကြီး ပြန်လာပြီကွ”
“သခင်ကြီး နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ။ ကျွန်တော်က သွေးစွန်း ဝိညာဉ်ပါ”
“အိမ်ပြန်မယ်။ ငါတို့ နောက်ဆုံးတော့ အိမ်ပြန်နိုင်ပြီကွ။ ငါတို့သခင်ကြီး ရှိနေသရွေ့ ဘယ်နေရာမှာမဆို ငါတို့အတွက် အိမ်ဆိုတာ ရှိစမြဲပဲကွ။ ဟားဟား ….”
အသံတစ်သံချင်းစီက ငရဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာဟန်ရပြီး အခြားသူများအား ကြောက်လန့်ကာ အော်ဟစ်သွားစေသည်။
ထို့အပြင် နတ်ဆိုးများ၏ အရိုးအပိုင်းအစများ တစ်ခုနှင့်တစ်ခု ပေါင်းစပ်နေသဖြင့် ဖျစ်ဖျစ် ဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာသည်ကို မြင်နေ၊ ကြားနေရသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် အရိုးစု လေးခု ဖြစ်တည်လာ၏။ ဒုန်းခနဲ အသံနှင့်အတူ သူတို့အားလုံးသည် ယဲ့ဖန်ရှေ့ ဝပ်တွားသွားကြသည်။
“ကျွန်တော် လက်ခြောက်ချောင်း နတ်ဆိုးက သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“ကျွန်တော် နတ်ဆိုး သွေးစွန်းဝိညာဉ်က သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“မြေကမ္ဘာ နတ်ဆိုး ….”
“စိတ်ဝိညာဉ် ဖမ်းဆီးခြင်း နတ်ဆိုး ….”
အရိုးစုလေးခုလုံးက အလွန် ရူးသွပ်၍ လေးစား နေပုံပေါ်သည်။ သူတို့၏ စကားသံများကို ကြားပြီး အခန်းထဲမှ ဟဲကလန်ဂိုဏ်းသားများ ခေါင်းထဲ ဝီခေါ်သွားသည်။
သူတို့ အသက်ရှိနေပါလား။
သူတို့၏ နတ်ဆိုးအရိုးများက သူတို့၏ စိတ်ဝိညာဉ်များ ပြန်လည်ရှင်သန်စေပြီး နတ်ဆိုး လေးကောင်အား ဖြစ်တည်လာစေသည်။
ထို့နောက် သူတို့အားလုံး အနက်ရောင်ဝတ်စုံနှင့် လူငယ်ရှေ့မှောက်၌ ဒူးထောက်လိုက်ကြသည်။
ဟဲကလန်သားတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။
နတ်ဆိုးဧကရာဇ်တဲ့။
သူက နတ်ဆိုးဧကရာဇ်တဲ့လား။
“ပြေး”
ချက်ချင်းဆိုသလိုပင် ဟဲကလန်၏ ဂိုဏ်းသားတိုင်း သူတို့ ကပ်ဘေးထဲ ရောက်နေသည်ကို သတိထားမိသွားသည်။
ထို့နောက် သူတို့သည် အခန်းထဲမှ သုတ်ခြေတင် ပြေးလေတော့သည်။ သူတို့သည် နတ်ဆိုးများနှင့် မတိုက်ခိုက်ရဲသလို တိုက်ခိုက်လိုစိတ်လည်း မရှိချေ။
ထိုစဉ် ယဲ့ဖန်၏ မျက်လုံးများက အေးစက်စက် အလင်းတန်းများဖြင့် တောက်ပလာပြီး အမိန့်ပေးလိုက်သည်။
“အစုလိုက် အပြုံလိုက် သုတ်သင်ပွဲကြီး စကြရအောင်”
“ဟုတ်ကဲ့ပါ သခင်ကြီး”
ပြင်းထန် ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ အရိုးစု လေးစုသည် လှစ်ခနဲ ပျောက်ကွယ်သွားသည်။
“မလုပ်ပါနဲ့”
ဟဲရှန်သည် သူ့အား ပြင်းထန်သော ချီဓာတ်က ဖုံးလွှမ်းလာသလို ခံစားလိုက်မိပြီးနောက် လက်ချောင်း ခြောက်ချောင်းပါသော အဖြူရောင် လက်ဝါးတစ်ချက်က သူ့ဦးခေါင်းထက်သို့ ဦးတည်လာသည်ကို သတိပြုလိုက်မိသည်။
ရွှစ်!
သူ၏ ဦးခေါင်းသည် ထိုအဖြူရောင် လက်ဝါးစုအောက်၌ ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
အလောင်းက လဲကျသွားတာတောင်မှ ဟဲရှန်၏ မျက်လုံးက ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသေးသည်။
သို့သော် အစုလိုက် အပြုံလိုက် သုတ်သင်ပွဲကြီးကား ယခုမှ စမည်ဖြစ်၏။
ဂျွတ်ခနဲ အသံနှင့်အတူ နောက်ထပ် ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက် တစ်စစီ ဖြစ်သွားပြီး သွေးများ ပန်းထွက်သွားသည်။
တစ်ချိန်တည်းမှာပင် မြေကမ္ဘာနတ်ဆိုးက ဟဲကလန်၏ ဂိုဏ်းသားနှစ်ယောက်အား ကြမ်းပြင်ပေါ် ဖိချထားလိုက်သည်။
ထို့နောက် သူ၏ ကြီးမားသော အရိုးဖြူ ခြေဖဝါးဖြင့် ထိုဂိုဏ်းသားများအား နင်းခြေလိုက်လေသည်။
ဂျွတ်! ဂျွတ်!
သူတို့၏ အရိုးများ ချက်ချင်းဆိုသလို အက်ကွဲသွားသည်။
….
သတ်ဖြတ်သူများ။
ဤသည်ကား လက်စားပြန်ချေသည့် သွေးဆာနေသော သတ်ဖြတ်ပွဲကြီးပင်။
ဟဲကလန်၏ ဂိုဏ်းသားများ ကြောက်လန့်၍ စိတ်ဓာတ်ကျကာ ဆိုးရွားစွာ သေဆုံးသွားခဲ့ကြသည်။
စက္ကန့်ပိုင်းမျှ အကြာတွင်တော့ အခန်းထဲ၌ ကိုယ်လက်အင်္ဂါ မစုံလင်သော အလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။
သွေးပျက်ဖွယ်ကောင်းသည့် သားသတ်ရုံကြီးအလား ထင်မှတ်ရသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ပြုံးကာ ပြောလိုက်သည်။
“သွားကြစို့ နတ်ဆိုးတွေကို သတ်ခဲ့သမျှ သူတွေအားလုံး အကြွေးပြန်ဆပ်ချိန်တန်ပြီ”
CHAPTER 393 လုံးဝ မဖြစ်နိုင်ဘူး
ဂြိုဟ်ခေါင်းဆောင်၏ အိမ်တော်။
ဤအိမ်တော်သည် ကူးလန်ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင် ဟဲလန်၏ အိမ်တော်ဖြစ်သည်။
ယခုညတွင် ဟဲအိမ်တော်အား ဂုဏ်ယူဝင့်ကြွားစွာဖြင့် အလှပြင်ဆင်ထားကြသည်။ အနီရောင် လက်ဆွဲမီးအိမ်များနှင့် အရောင်စုံ ပန်းဆိုင်းများဖြင့် ပြည့်နှက်နေပြီး မြူးထူးသာယာလှသည်။
ယနေ့ညသည် ကူးလန်ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်ဖြစ်သူ ဟဲလန်၏ နှစ်ငါးရာပြည့် မွေးနေ့ဖြစ်သည်။ ဂြိုဟ်ခေါင်းဆောင်၏ အိမ်တော်၌ မီးများ ထွန်းလင်းတောက်ပလျက် ရှိ၏။
ဟဲကလန်၏ ဂိုဏ်းသားများစွာ စုဝေး၍ ထိုင်နေကြပြီး သေရည်သောက်လျက် ရှိကြသည်။ သူတို့သည် သူတို့၏ ဘိုးဘေးဖြစ်သူ ဟဲလန်အား မွေးနေ့ ချီးကျူးထောမနာ ဩဘာပေးမည့် ညကိုးနာရီအချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဟဲကလန်၏ ဂိုဏ်းသားများသည် ဟဲလန်၏ ဂုဏ်ဝင့်ဖွယ်ဖြစ်သော ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ဝင့်ကြွားစွာ ပြောဆိုနေကြသည်။
သူသည်ကား တစ်ချိန်က နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ ပါဝင်ခဲ့သည် မဟုတ်ပါတကား။
*နတ်ဆိုးတွေလား*
ဘေးပတ်လည်မှ နတ်ဆိုးများနှင့် ပတ်သက်၍ အထင်သေး ရွံရှာသယောင် ပြောဆိုနေသံများကို ကြားပြီး အိမ်တော်၏ တန်ဆောင်းအတွင်းရှိ အစောင့်ခေါင်းဆောင်က မချိပြုံး ပြုံးလိုက်သည်။
သူသည် ဂြိုဟ်ကလန် ခေါင်းဆောင်၏ အိမ်တော်ရှိ နံပါတ်တစ် အစောင့်ခေါင်းဆောင် ကူးဖုန်းပင် ဖြစ်လေသည်။
ကူးဖုန်းမှလွဲ၍ အိမ်တော်ထဲမှ လူတိုင်း နတ်ဘုရားများကို ယုံကြည်ကြသည်။ သူကတော့ နတ်ဆိုးများကိုသာ ယုံကြည်သည်။
ဟဲကလန်၏ ဂိုဏ်းသားများက နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲအကြောင်း ပြောနေသည်ကို ကြားသည့်အခါတိုင်း သူ အလွန် ဂနာမငြိမ် ဖြစ်လာရသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူသည် အရေးပါသော တစ်စုံတစ်ခု ဖြစ်ပျက်တော့မလို သူ ခံစားမိပြီး စိုးရိမ်လာသည်။
ထို့နောက် ကူးဖုန်းသည် သူ့ရင်ဘတ်ပေါ်မှ ကျက်သရေဆောင် အရိုးကို ပွတ်သပ်လိုက်သည်။
ထိုအရိုးသည် ဟဲလန်က လက်ဆောင်ပေးထားခြင်း ဖြစ်သည်။ ကူးဖုန်းသည် ထိုကျက်သရေဆောင် အရိုးအား သူ့ကိုယ်နှင့် နီးကပ်စွာ ဆောင်ထားလေ့ ရှိသည်၊ ထိုအခါမှသာ သူ ဤအရိုးကို ဂရုစိုက်နိုင်မည် ဖြစ်သည်။
နေ့တိုင်း သူ နိုးထလာသည့်အခါတိုင်း သူသည် အမွှေးတိုင်ထွန်း၍ ဤနတ်ဆိုး၏ အရိုးအပိုင်းအစအတွက် ဆုတောင်းပေးလေ့ရှိသည်။
သေဆုံးသွားသော နတ်ဆိုးများအား သူကဲ့သို့ နိမ့်ကျသော နောက်လိုက်တစ်ယောက်အား ခွင့်လွှတ်ပေးပါရန် သူ ဆုတောင်းလေ့ရှိသည်။
“ကျေးဇူးပြုပြီး ဒီည ကျွန်တော့်ကို စောင်မပေးတော်မူပါ”
ကူးဖုန်းသည် ထိုသို့ တီးတိုးရေရွတ်ရင်း အရိုးအပိုင်းအစအား ပွတ်သပ်လိုက်သည်။
ဝီ!
ထိုစဉ် ထိုအရိုးအပိုင်းအစက ပြင်းထန်စွာ တုန်ခါလာသည်။ ကူးဖုန်း ထိတ်လန့်ကာ တုန်ယင်သွားသည်။
“မဟုတ်သေးဘူး …”
သူသည် မိမိ အမြင်အာရုံကို မယုံနိုင်သလို ဖြစ်နေသည်။ နတ်ဆိုး၏ အရိုးအပိုင်းအစ လှုပ်ရှားလာသည်ကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထိုအရိုးအပိုင်းအစသည် နိုးထလာတော့မတတ် ပြင်းထန်စွာ တုန်ခါလာသည်။
သို့သော် ဤသည်က အစသာ ရှိသေးသည်။
တန်ဆောင်းတစ်ခုလုံး သဲသဲကွဲကွဲ မကြားရသော အသံများဖြင့် ပဲ့တင်ထပ်လာသည်။
ကူးဖုန်း မှင်တက်သွားရသည်။ ထို့နောက် သူ ခန်းမပတ်လည်အား လှည့်ပတ်ကြည့်လိုက်မိသည်။ ထိုအခါတွင်တော့ သူ့တစ်ဘဝလုံးတွင် ထိတ်လန့်ဖွယ်အကောင်းဆုံးသော မြင်ကွင်းအား မြင်တွေ့ လိုက်ရလေတော့သည်။
နတ်ဆိုးအရိုးအပိုင်းအစများစွာက အသက်ရှိနေသကဲ့သို့ ဟဲကလန်၏ ဂိုဏ်းသားများထံသို့ ပျံသန်းဝင်ရောက်လာသည်ကို သူ မြင်လိုက်ရသည်။
ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို သတိမပြုနိုင်ခင်မှာပင် ဟဲကလန်၏ ဂိုဏ်းသားများအားလုံး ထုတ်ချင်းဖောက်ခြင်း ခံလိုက်ရ၏။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။
….
စက္ကန့်ပိုင်းအတွင်းမှာပင် ဟဲကလန်၏ ဂိုဏ်းသားများ မည်သို့မျှ မအော်လိုက်ရဘဲ ဆက်တိုက် ခံလိုက်ရသည်။
“အမ် …. “
ကူးဖုန်းသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ စက္ကန့်ပိုင်းမျှ အကြာတွင် တန်ဆောင်းတစ်ခုလုံး ပွက်လောရိုက်လာသည်။
တန်ဆောင်းတစ်ခုလုံး အလောင်းများနှင့် ပြည့်နှက်လို့လာလေတော့သည်။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
တောက်! တောက်!
ပဲသီးစေ့အရွယ် ချွေးစက်များက ကူးဖုန်း၏ နဖူးထက်၌ စို့တက်လာ၏။ သို့သော် ထူးဆန်းသော ဖြစ်စဉ်ကား မပြီးဆုံးသေးပေ။
ထိုအချိန်တွင် ကူးဖုန်းသည် ခြေသံများစွာကို ကြားလိုက်ရသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က မပြည့်စုံသော အရိုးစုလေးခုနှင့်အတူ ဟဲအိမ်တော်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထိုလူငါးယောက် တန်ဆောင်းထဲ ဝင်ရောက်လာသည်နှင့် လေထဲမှ နတ်ဆိုးအရိုး အပိုင်းအစများအားလုံးသည် မပြည့်စုံသော အရိုးစုလေးခုထံသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိုးစုလေးခုလုံး ကိုယ်လက်အင်္ဂါ စုံလင်သွားလေတော့သည်။
လေထဲမှ ကျန်ရှိနေသော နတ်ဆိုးအရိုးများသည်လည်း ပေါင်းစပ်သွားပြီးနောက် ရုတ်ချည်းဆိုသလို နောက်ထပ် အရိုးစုလေးခု ဖြစ်တည်လာသည်။
ထိုအရိုးစုသည် ပေါင်းစပ်ဖြစ်တည်ပြီးသည်နှင့် ချက်ချင်း ယဲ့ဖန်ထံသို့ တက်ကြွပျော်ရွှင်စွာဖြင့် ဝပ်တွားလာကြသည်။
“ကြိုဆိုပါတယ် သခင်ကြီး”
ထိတ်လန့်စရာ ကောင်းလိုက်လေခြင်း။
ထူးဆန်းသော ဤဖြစ်ရပ်ကို ကြည့်ရင်း ကူးဖုန်း ကြောက်စိတ်မွှန်ကာ တုန်ယင်လာသည်။
*နတ်ဆိုးတွေရဲ့ အရှင်သခင်လား*
*ဒါ … ဒါဆို နတ်ဆိုးဧကရာဇ်ပေါ့*
ကူးဖုန်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပေ။
နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် ပြန်လာချေပြီ။
….
ကူးဖုန်း တွေဝေနေသည်။ ထိုစဉ် ယဲ့ဖန်က သူ့အား စေ့စေ့ကြည့်လာ၏။
ယဲ့ဖန်၏ တလက်လက်တောက်နေသော မျက်လုံးများကြောင့် ကူးဖုန်း တုန်ယင်လာပြီး တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာရသည်။ ထို့ကြောင့် ကူးဖုန်း ချက်ချင်း ခေါင်းငုံ့ထားလိုက်မိသည်။
“ငါ့ကိုပေး”
*ဘာရယ်*
ကူးဖုန်း တစ်ဒင်္ဂမျှ မှင်တက်သွားရသည်။ ယဲ့ဖန် လက်ညှိုးထိုးလိုက်သည့် နေရာကို သတိပြုမိပြီးနောက် သူ ချက်ချင်း လက်ချောင်းရိုး အပိုင်းအစကို ဆုပ်ကိုင်လိုက်မိသည်။
ထို့နောက် သူသည် ကိုယ်ကိုရို့ကာ ထိုအရိုးအပိုင်းအစအား ယဲ့ဖန်ထံသို့ တလေးတစားဖြင့် လှမ်းပေးလိုက်သည်။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က ခပ်တည်တည် မျက်နှာထားဖြင့် ပြောလိုက်သည်။
“မင်း အဲ့အရိုးကို ကျေးဇူးတင်သင့်တယ်။ အဲ့ဒါကြောင့်သာ မဟုတ်ဘူးဆိုရင် မင်း သေနေလောက်ပြီ”
ထိုသို့ပြောပြီး ယဲ့ဖန်က ထိုအရိုးအပိုင်းအစအား နောက်လို့ လွှင့်ပစ်လိုက်ပြီးနောက် လက်ခြောက်ချောင်း နတ်ဆိုး၏ ခြောက်ချောင်းမြောက် လက်ချောင်းအဖြစ် ဖြစ်တည်သွားသည်။
ထို့နောက် ယဲ့ဖန်နှင့် နတ်ဆိုး ရှစ်ယောက်တို့သည် ကူးဖုန်းအား တစ်ချက်ပင် မကြည့်ဘဲ ပျောက်ကွယ်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့နောက် ကူးဖုန်းသည် ခွန်အားများ အကုန် လျော့ကျသွားဟန်ဖြင့် ဝုန်းခနဲ လဲကျသွားသည်။ သူ့ကျောတွင် ချွေးများဖြင့် ရွှဲနစ်လို့နေ၏။
ပြီးခဲ့သည့် အဖြစ်အပျက်များကို ပြန်သတိရမိပြီးနောက် မြေအောက်ကမ္ဘာမှ ချက်ချင်းလက်ငင်း ပြန်ရောက်လာသလို ခံစားလိုက်ရသည်။
ကူးဖုန်းသည် အလွန်တရာမှကို ကြောက်လန့်လို့နေသည်။
….
ထိုသို့သောအချိန်တွင် ဟဲကလန်၏ အင်အားစုများစွာတို့သည် ဟဲအိမ်တော်၏ ဧည့်ခန်းမထဲ၌ ထိုင်နေကြသည်။
အဓိကခုံ၌ ထိုင်နေသော သူသည် ကူးလန်ဂြိုဟ်ခေါင်းဆောင် ဖြစ်သူ ဟဲလန်ပင်။
ဖြူစွတ်နေသော ဆံပင်နှင့် နုပျိုသော မျက်နှာရှိသည့် သူသည် အလွန်တရာမှကို စိတ်အားတက်ကြွလို့နေ၏။
သူသည် နတ်ဘုရား အရှင်သခင်အဆင့် ဖြစ်သည်။
တစ်ချိန်က သူသည် အလွန်သန်မာခဲ့သော်လည်း သူ၏ အသက်အရွယ်အရ သူ၏ သွေးများ ခြောက်ခမ်းလာသည်၊ ထို့ကြောင့် သူ၏ သိုင်းအဆင့်သည်လည်း နတ်ဘုရား အရှင်သခင် အစောပိုင်းအဆင့်သို့ လျော့ကျသွားသည်။
“ဂြိုဟ်ခေါင်းဆောင်၊ ခမ်းဂလန်ဂြိုဟ်ကိုယ်စား ကျွန်တော်က ခင်ဗျားရဲ့ နှစ်ငါးရာပြည့် မွေးနေ့ကို ချီးကျူးဂုဏ်ပြုပါတယ်”
“ဂြိုဟ်ခေါင်းဆောင်၊ ကျူးလောဂြိုဟ်ကိုယ်စား ကျွန်တော်က ခင်ဗျားရဲ့ နှစ်ငါးရာပြည့် မွေးနေ့ကို ချီးကျူးဂုဏ်ပြုပါတယ်”
…
ယခုအချိန်တွင် တစ်ခြားဂြိုဟ်မှ သံတမန်များက သူတို့ဂြိုဟ်များကိုယ်စား သူတို့၏ လက်ဆောင်များအား ကူးလန်ဂြိုဟ်ခေါင်းဆောင် ဟဲလန်အား ဆက်သနေကြသည်။
တစ်ပါးဂြိုဟ်မှလူများအား ကြည့်ပြီး ဟဲလန်က အပြုံးကြီးပြုံး၍ ပြောလိုက်သည်။
“ကျုပ်နောင်တော်တို့က သိပ်ကို ကြင်နာတတ်တာပဲ။ ကျုပ်မွေးနေ့ကို အခုထိ မှတ်မိနေသေးတဲ့အတွက် ကျုပ် သိပ်ဝမ်းသာမိပါတယ်။ နောင်အနာဂတ်မှာ ကျုပ် ခင်ဗျားတို့ဆီကို လာဖြစ်အောင် လာပါဦးမယ်”
ဟဲလန် သိပ်ကို ပျော်ရွှင်လို့နေသည်။
သံတမန်များ စေလွှတ်၍ မွေးနေ့ဆုတောင်းစကားပြောဆိုစေသော ဂြိုဟ်ခေါင်းဆောင်များသည် နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ၌ သူနှင့်အတူ ဆင်နွှဲခဲ့သော သူ၏ နောင်တော်များသာ ဖြစ်သည်။
သူတို့အားလုံးသည် အလွန်အင်အားကြီးမားလှသည်။
သူတို့သည် ဟဲလန်အား လေးစားသမှုနှင့် သူ့အတွက် လက်ဆောင်များကို သံတမန်များဖြင့် ထည့်ပေးလိုက်ကာ ကိုယ်စားကာ ကိုယ်စားစေလွှတ်လိုက်ခြင်း ဖြစ်သည်။
အချိန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဟဲလန်သည် တစ်ခဏမျှ တွေဝေသွားကာ ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိသည်။
“အာ … ဟဲရှန်နဲ့ အခြားလူငယ်တွေ ဘာလို့ ပြန်မလာသေးတာလဲ။ သူတို့ ညစာစားလို့ မပြီးကြသေးဘူးလား”
“အချိန်ကျနေပြီကို”
သူ့စကားကို ကြားပြီး တခြားဂြိုဟ်မှ သံတမန်က ပြုံး၍ ပြောလိုက်သည်။
“ဂြိုဟ်ခေါင်းဆောင် လူအိုကြီးရာ၊ လူငယ်တွေက အမြဲ အပျော်အပါး မက်တယ်လေဗျာ”
“ဒီကို မလာခင်တုန်းက ကျုပ်တို့ ဂြိုဟ်ခေါင်းဆောင်တွေက ကျုပ်တို့ကို ပြောလိုက်သေးတယ်ဗျ၊ အဲ့ဒါကတော့ အရှင်က နတ်ဆိုးဧကရာဇ် ပန်းပုရုပ်ရဲ့ မျက်နှာတစ်ဝက်ကို ထုလို့ပြီးပြီတဲ့။ ကျုပ်တို့ကို မပြချင်ဘူးလားဗျာ”
*နတ်ဆိုးဧကရာဇ် ပန်းပုရုပ်ရဲ့ မျက်နှာတစ်ခြမ်း*
သူ့စကားကို ကြားပြီး အခြားဂြိုဟ်မှ သံတမန်များအားလုံး လျင်မြန်စွာဖြင့် ကြားဖြတ်ပြောလာကြသည်။
“ဟုတ်တယ်၊ ဂြိုဟ်ခေါင်းဆောင်။ ကျုပ်တို့ နတ်ဆိုး ဧကရာဇ်အဖြစ် သရုပ်ဆောင်တဲ့ ကစားပွဲလေး ကစားကြတာပေါ့”
“ဟဟ … သိပ်ကောင်းတဲ့ ကစားပွဲလေးပဲ။ အရှင်က အမြဲ အခြားဂြိုဟ်ခေါင်းဆောင်တွေနဲ့ အမြဲ ဒီကစားပွဲလေး ကစားလေ့ရှိတယ်လို့ ပြောကြတယ်”
“ဟုတ်ပါတယ်၊ ကျွန်တော်တို့က နတ်ဆိုးဧကရာဇ်အဖြစ် သရုပ်ဆောင်မယ်။ ဘယ်သူက နတ်ဆိုးဧကရာဇ်နဲ့ အတူဆုံးလဲဆိုတာကို အရှင်က ဆုံးဖြတ်ပေါ့။ နတ်ဆိုးဧကရာဇ်နဲ့ အတူဆုံးသူက ဆုကြီးကြီး ရရမှာပေါ့၊ ဘယ်လိုလဲ”
လက်ရှိအချိန်တွင် ခန်းမထဲ၌ အလွန် မြူးထူးတက်ကြွလို့နေ၏။
ဟဲလန်က အပြုံးကြီးပြုံး၍ လက်ကို လှုပ်၍ အချက်ပြလိုက်သည်။ ရုတ်တရက် ဟဲကလန်၏ အစေခံတစ်ယောက်က သေတ္တာတစ်ခုကို သယ်လာပြီး ဖွင့်လိုက်သည်။
သေတ္တာထဲ၌ ထူးဆန်းသော သတ္တုဖြင့် ပြုလုပ်ထားသည့် မျက်နှာတစ်ခုရှိနေသည်ကို သူတို့ ချက်ချင်း သတိပြုမိသွားသည်။
ဟဲလန်က ထိုမျက်နှာတစ်ခြမ်းကို ကောက်ယူလိုက်စဉ်တွင် ဘေးပတ်လည်မှ အခြားသူများအားလုံး တိတ်ကျသွားသည်။
*အဲ့ဒါ နတ်ဆိုးဧကရာဇ်ရဲ့ မျက်နှာပဲ ဖြစ်မယ်*
အခြားသူများ သိချင်စိတ်များဖြင့် ပြည့်နှက်သွားကြသည်။ ထို့နောက် အစေခံတစ်ယောက်က ဟဲလန်၏ လက်ထဲမှ မျက်နှာကို ယူ၍ အခြားတစ်ယောက်အား ဂြိုဟ်ကလန် ခေါင်းဆောင်၏ အကဲဖြတ်မှုကို ခံယူရန် တပ်ဆင်ခိုင်းလိုက်သည်။
“မတူဘူး၊ နောက်တစ်ယောက်”
ဟဲလန်က ပြုံး၍ ပြောလိုက်သည်။ ထိုသူက ဟဲလန်၏ စကားကို ကြားသည်နှင့် စိတ်ပျက်သွားကာ ထိုမျက်နှာတစ်ခြမ်းကို ဘေးလူအား ပေးလိုက်သည်။
“မတူဘူး”
“မတူဘူး”
“မတူသေးဘူး”
….
ကစားပွဲက ဆက်၍ ဖြစ်ပျက်နေပြီး ဂြိုဟ်ခေါင်းဆောင်က ဆက်တိုက် ခေါင်းခါနေသည်။ အဆုံးတွင် သူက အမိန့်ပေးလိုက်သည်။
“သူ့ကို အဲ့ဒါပေးလိုက်”
ထို့နောက် သိုင်းပညာရှင်တစ်ယောက်သည် သူ့ဘေးမှ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးအား ထိုမျက်နှာတစ်ခြမ်းကို လှမ်းပေးလိုက်သည်။
ထိုလူငယ်လေးက ယူ၍ ဖြည်းဖြည်းချင်း တပ်ဆင်လိုက်သည်။ ထိုမျက်နှာတစ်ခြမ်းအား သူ ဝတ်ဆင်လိုက်သည်ကို ကြည့်ပြီး ဂြိုဟ်ခေါင်းဆောင် လူအိုကြီး လုံးဝ မှင်တက်သွားသည်။
ထို့နောက် သူသည် ကြောက်စိတ်မွှန်ကာ တုန်ယင်သွားသည်။
“မ … မဖြစ်နိုင်ဘူး”