အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 397-399
CHAPTER 397 မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာဆိုရင် ငါ မင်းအိပ်မက်ကို တကယ် ဖြစ်လာအောင် ဖြည့်ဆည်းပေးနိုင်တယ်
ခြေသံကို ကြားလိုက်ရချိန်တွင် အခန်းထဲမှ လူများအားလုံး ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
ကူးယန်တောင်မှ မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်ကာ လေထဲမှ သူ့လက်သည်လည်း တန့်ခနဲ ဖြစ်သွားရသည်။
“အဲ့နားက ဘယ်သူလဲ”
ကူးယန် ချက်ချင်း တစ်ဘက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြည်းဖြည်းချင်း ဝင်လာသည်ကို မြင်လိုက်ရသည်။
ရှင်းလင်း ပြတ်သားသည့် မျက်နှာထား ရှိသည့်အပြင် ထိုလူငယ်၏ မျက်နှာက အလွန်အေးစက်ကာ ရက်စက်လှသည်။
နတ်ဆိုးဘုရင်တစ်ပါး ငရဲမှနေ၍ မော်တယ်ကမ္ဘာသို့ တက်လာသကဲ့သို့ သူ၏ မျက်လုံးများက ကြမ်းကြုတ်သော ချီဓာတ်များဖြင့် တလက်လက်တောက်ပလျက် ရှိသည်။
*အနက်ရောင်ဝတ်စုံနဲ့လူငယ်*
*အဲ့ဒါ သူပဲကိုး*
ကူးယန်၊ ကူးထျန်းနှင့် အခြား နတ်ဘုရား ဆရာသခင်အဆင့်များ အားလုံးက ချက်ချင်းဆိုသလို ယဲ့ဖန်အား ဝိုင်းထားလိုက်ကြသည်။
“အစ်ကိုယဲ့”
“ယဲ့ဖန်”
ကူးရှုံးနှင့် ကူးမိန်တို့ ပြာနှမ်းနေသော မျက်နှာများဖြင့် အော်ဟစ်လိုက်ကြသည်။
ယဲ့ဖန်က ကိုယ်လွတ်ရုန်းပြေးနိုင်သည့် အခွင့်အရေးကို အသုံးမချဘဲ ငါးစာကို လာကိုက်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြပါ။
ကူးယန်နှင့် သူ့လူများက မျက်လုံးမှတစ်ဆင့် ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်နေရင်း ကူးယန်က အော်ပြောလိုက်သည်။
“ဟေ့ကောင် မင်း ကူးထို့ကို သတ်တာလား”
ယခုအချိန်တွင် ကူးယန်၏ လွှမ်းမိုးနိုင်သော ချီဓာတ်များက ယဲ့ဖန်အား ချက်ချင်း ဖုံးလွှမ်းသွားသည်။
ယဲ့ဖန်သာ တစ်ချက်လှုပ်လိုက်ပါက ဘေးပတ်လည်မှ နတ်ဘုရား ဆရာသခင်အဆင့်များက ရှေ့သို့ ပြေးတက်လာပြီး သူ့ကို တိုက်ခိုက်ပေလိမ့်မည်။
*ကူးထို့လား*
ထိုနာမည်ကို ကြားပြီးနောက် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။
“ငါ မနေ့က ပုရွက်ဆိတ်တစ်ချို့ကို သတ်လိုက်တာတော့ အမှန်ပဲ၊ ဒါပေမယ့် ငါ သူတို့နာမည်တွေကို လုံးဝ မမေးလိုက်မိဘူး”
ယဲ့ဖန်က ပခုံးတွန့်ပြလိုက်သေးသည်။ သူ့စကားအဆုံးတွင် ကူးယန်နှင့် ဘေးပတ်လည်မှ နတ်ဘုရား ဆရာသခင်အဆင့်များ မျက်နှာပြာနှမ်းသွားသည်။
*ပုရွက်ဆိတ်တွေတဲ့လား*
*ဒီမျိုးမစစ်ကောင်က ဒုတိယသခင်လေး ကူးထို့ကို ပုရွက်ဆိတ်လို့ ခေါ်လိုက်တာလား*
*ရူးလိုက်တဲ့ကောင်*
ထိုသို့သော အချိန်တွင် ကူးထျန်းက ခက်ထန်သော မျက်နှာထားဖြင့် ကူးရှုံးနှင့် ကူးမိန်တို့ဘက် လှည့်ကာ ပြောလိုက်သည်။
“ရှုံး၊ မိန်။ မင်းတို့ ဘယ်ကနေ ဒီလိုအရူးကို ရှာတွေ့ခဲ့တာလဲ။ သူက ကူးထို့ကို သတ်ခဲ့တာမို့လို့ သူ သေကိုသေရမယ်။ မင်းတို့နှစ်ယောက် သူနဲ့ ပတ်သက်ပြီး ဝင်ပါချင်လို့ကတော့ မင်းတို့လည်း သေရမယ်”
ထိုသို့ပြောပြီး ကူးထျန်းက ကူးယန်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“သခင်လေး၊ အပိုတွေ ပြောမနေပါနဲ့တော့။ သူ့ကို သတ်ပြီး ဒုတိယသခင်လေး သေဆုံးမှုအတွက် လက်စားချေလိုက်ပါတော့”
*လက်စားချေမယ်*
ကူးယန်၏ မျက်လုံးထဲမှ မီးတောက်သည် မသိမသာ တောက်ပလာသည်။ သူ့ညီလေးကို သူ သိပ်ချစ်သည်။ သူတို့သည် အလွန်ရင်းနှီးချစ်ခင်ကြသော ညီအစ်ကိုများ ဖြစ်ခဲ့ကြသည်။
သို့သော် သူ့ညီငယ်က အနက်ရောင်ဝတ်စုံနှင့် လူ၏ သတ်ခြင်းကို ခံလိုက်ရသည်၊ ထို့ကြောင့် ကူးယန်သည် ထိုသူအား တစ်စစီဖြစ်အောင် ခုတ်ပိုင်းပစ်မည်ဟု ဆုံးဖြတ်ထားသည်။
ထို့နောက် ကူးယန်က လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သူ့ကို သတ်လိုက်၊ သူ့ကို အပိုင်းတစ်ထောင်အထိ ဖြစ်အောင် ခုတ်ပိုင်းလိုက်ကြ”
ကူးယန်၏ စကားကို ကြားသည်နှင့် အခြား နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်က ချက်ချင်း ချီဓာတ်များကို ထုတ်ဖော်လာကြသည်။
လေတိုးသံနှင့်အတူ သူတို့အားလုံး ယဲ့ဖန်ထံသို့ ပြေးဝင်သွားကြသည်။
“သွားသေလိုက်တော့”
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်ချင်းစီသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားများ ပိုင်ဆိုင်ထားကြသည်။
သူတို့အားလုံး စုပေါင်း၍ တိုက်ခိုက်လာသောအခါ သူတို့၏ လွှမ်းမိုးနိုင်သော ချီဓာတ်များက ယဲ့ဖန်အား ဖုံးအုပ်သွားသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန်တို့ အလွန်အမင်း ထိတ်လန့်သွားကြသည်။
ယဲ့ဖန်၌ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားရှိပြီး နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်အား တစ်ခါက သတ်ခဲ့ဖူးမှန်း သူတို့သိသော်လည်း လူဆယ်ယောက်၏ တိုက်ခိုက်မှုက လူရှစ်ယောက်ထက် ပို၍ သန်မာသည်ကိုလည်း သူတို့ သိထားသည်။
သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်က အခြားသူများအား ကြောက်လန့်သွားစေခဲ့သည်။
ယဲ့ဖန်သည် သူတို့၏ ဖိနှိပ်နိုင်သော တိုက်ခိုက်မှုအား တားဆီးရန် ကြံစည်ခြင်း မရှိသည့်အပြင် အင်္ကျီလက်ပင် ပင့်တင်လိုက်သေးသည်။
*ချီးပဲ*
*သူက သေမင်းခံတွင်းဝ ရောက်နေတာတောင်မှ အင်္ကျီလက် ပင့်တင်နေလိုက်သေးတယ်*
ကူးရှုံး၊ ကူးမိန်၊ ကူးယန်နှင့် ကူးထျန်းတို့အားလုံး မှင်တက်သွားကြသည်။
ကူးယန်နှင့် ကူးထျန်းတို့သည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။
*သူတော့ သေမှာပဲ*
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် အပိုင်းတစ်ထောင်အထိ ခုတ်ပိုင်းခံရတော့မည်ဟု ထင်နေကြသည်။
ထိုစဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ယဲ့ဖန် အင်္ကျီလက် ပင့်တင်လိုက်သောအခါ သူ့လက်မောင်းမှ သေးငယ်သော အနက်ရောက် တက်တူး ရှစ်ခု ပေါ်လာသည်။
ထိုတက်တူး ရှစ်ခုက ရုတ်တရက် တောက်ပလို့လာသည်။ ထို့နောက် အနက်ရောင် ဝတ်ရုံနှင့် နတ်ဆိုး ရှစ်ကောင်က ယဲ့ဖန်ရှေ့ မားမားမတ်မတ် ရပ်လာလေ၏။
ထိုအချိန်တွင် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်၏ တိုက်ခိုက်မှုက စတင်လို့လာသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထို့နောက် အခန်းထဲတွင် တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများ ပဲ့တင်ထပ်လာသည်။ ထို့ကြောင့် အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြတော့သည်။
ထိုအသံများ ရပ်တန့်သွားသောအခါ အခန်းတွင်း၌ သွေးနံ့များဖြင့် လှိုင်လှိုင်ထသွားသည်။ အခန်းထဲမှ မြင်ကွင်းကို ကြည့်ပြီး အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်ကာ ကြောက်လန့်စိတ်ကြောင့် သူတို့ခေါင်းတွေ ပေါက်ကွဲမတတ် ဖြစ်လာရသည်။
သွေးများနှင့် အသားတွေပါလား။
အခန်း၏ ကြမ်းပြင်တွေ သွေးများ၊ အသားများနှင့် ပြည့်နှက်လို့နေသည်။ အသားစတွေ တစ်ပုံကြီးပါတကား။
အသားစတစ်ခုချင်းစီတိုင်းသည် သွေးသံတရဲရဲနှင့် ပုံသဏ္ဍာန် ဆိုးရွားလှသည်။
အခန်းတစ်ခုလုံးသည် သားသတ်ရုံအလား ထင်မှတ်မှားရသည်။ သွေးသံတရဲရဲနှင့် အသားစများကို ကြည့်ပြီး ကျန်သူများအားလုံး ကြောက်လန့်ကာ တုန်လှုပ်လာကြသည်။
ထို့ပြင် ယဲ့ဖန်နှင့် အနက်ရောင်ဝတ်စုံနှင့် လူရှစ်ယောက်က သွေးအိုင်ထဲ ရပ်လျက်ရှိသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ခက်ထန်သော မျက်လုံးများနှင့် ယဲ့ဖန်သည် ကူးယန်နှင့် ကူးဖုန်းတို့အား အရူးကို ကြည့်သလို ကြည့်၍ ပြောလိုက်သည်။
“မင်းဆန္ဒအတိုင်းပဲ တစ်ယောက်ကို အပိုင်းတစ်ထောင်စီပဲ”
တိတ်ဆိတ်လို့သွားသည်။
ယဲ့ဖန်၏ စကားကို ကြားပြီး အခန်းတစ်ခန်းလုံး တိတ်ဆိတ်လို့သွားသည်။
လူတစ်ယောက်ကို အပိုင်းတစ်ထောင်စီတဲ့လား။
အသားစများ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်ကို မြင်ပြီး အခြားသူများအားလုံး ခေါင်းစခြေဆုံး အေးစက်သွားကြသည်။
သူတို့အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
“ဒါ … ဒါ မဖြစ်နိုင်ဘူးလေ”
ကူးယန်တောင်မှ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်ကာ တုန်ယင်လာသည်။
*သူတို့ သေသွားပြီ*
သန်မာသော နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး စက္ကန်ပိုင်းအတွင်း တစ်ယောက်ကို အပိုင်းတစ်ထောင်စီ ခုတ်ဖြတ်ခံလိုက်ရသည်။
*နတ်ဆိုးဆန်တဲ့ နည်းလမ်းတွေပါလား*
“ဘယ်လိုလုပ် လူရှစ်ယောက်က …”
ကူးယန် ရေရွတ်နေရင်း မျက်ခုံး လှုပ်လာရသည်။ ထို့နောက် သူက နတ်ဆိုးရှစ်ကောင်အား ထိတ်လန့်တကြား ငေးကြည့်နေမိသည်။
ကူးထျန်းက ပို၍ ထိတ်လန့်နေသေးသည်။ ဒုန်းခနဲ အသံနှင့်အတူ ကူးထျန်းသည် ခြေမခိုင်ချင်သလို ဖြစ်ကာ လဲကျသွားသည်။ ကြမ်းပြင်ပေါ်မှ ရဲရဲနီနေသောသွေးများနှင့် ထိမိပြီး သူ အန်ချင်သလို ဖြစ်သွားသည်။
“ရူးနေပြီ၊ သူ … သူ … စောက်ရမ်း ရူးနေပြီ”
ကူးထျန်း အစာအိမ်ထဲ ရှိသမျှ အကုန် အန်ထုတ်မိမလို ဖြစ်သွားသည်။ သည်လောက် ရက်စက်သော မြင်ကွင်းမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
*သတ်ဖြတ်ပွဲကြီးလိုပါပဲလား*
*သွေးသံတရဲရဲနဲ့ လူသတ်ပွဲကြီးပါလား*
ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူတို့နှစ်ယောက်လုံး အနက်ရောင် ဝတ်ရုံနှင့် လူရှစ်ယောက်အား ဝင်းပသော မျက်နှာများဖြင့် ကြည့်နေမိကြသည်။
ယဲ့ဖန်၌ ဝှက်ဖဲအနေနှင့် နတ်ဆိုးရှစ်ကောင် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားကြချေ။ နတ်ဆိုးရှစ်ကောင်၏ ရက်စက်မှုသည် သူတို့ ထင်ထားသည်ကို ပို၍ ရက်စက်နေ၏။
သူတို့သည် မိစ္ဆာများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ရက်စက်မှုကား မပြီးဆုံးသေးချေ။
ထို့နောက် ယဲ့ဖန်က ကူးယန်၏ မျက်လုံးကို စေ့စေ့ကြည့်ကာ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
“နားထောင် ငါ မင်းညီကို သတ်ခဲ့တယ်”
“မင်း ငါ့လုပ်ရပ်ကို လက်ခံလား”
မောက်မာလွန်းလှသည်။ နိုင်လိုမင်းထက် ဆန်လှ၏။
*ငါ မင်းညီကို သတ်ခဲ့တယ်၊ မင်း ငါ့လုပ်ရပ်ကို လက်ခံလားတဲ့*
*ဒါက သောက်ရမ်းတွေ …*
ယဲ့ဖန်၏ မောက်မာ၍ အေးစက်သော စကားလုံးများက ကူးထျန်းအား သေမတတ် ကြောက်လန့် သွားစေသည်။
ဤမျှ မောက်မာသော သူအား ကူးထျန်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျင် ကူးထျန်း၏ စိတ်ထဲတွင် ယဲ့ဖန်ကို လူသားတစ်ယောက်ဟုပင် မမြင်မိချေ။
ကူးယန် ကြောက်လန့်လာသည်။
ကူးယန်သည် တကယ့်ကို ပါရမီရှင် ဖြစ်သည်၊ သို့သော် နတ်ဆိုးရှစ်ကောင်နှင့် ရင်ဆိုင်ရသောအခါ သူသည် ပုရွက်ဆိတ်ကဲ့သို့ အားနည်းသွားသယောင် ခံစားမိသွားသည်။
အကယ်၍ သူသာ စ၍ တိုက်ခိုက်လိုက်လျင် သူသည်လည်း အပိုင်းပိုင်း ခုတ်ဖြတ်ခံရလိမ့်မည်ဟု ကူးယန် သေချာပေါက် သိနေသည်။
ထို့ကြောင့် သူ့နဖူးတွင် ချွေးများ စို့လာသည်။ ထို့နောက် သူ စကားစလာ၏။
“ဟေ့ကောင် မင်းက တယ်လာပါလား”
“မင်းသာ ယောကျ်ားဆိုရင် အခြားသူတွေနောက်မှာ ပုန်းမနေနဲ့ကွာ။ မင်းသာ ယောကျာ်းစစ်စစ်ဆိုရင် ငါနဲ့ လာတိုက်”
ကူးယန်၏ စကားကို ကြားပြီး ကူးမိန်နှင့် ကူးရှုံးတို့ မှင်တက်သွားသည်။ ထို့နောက် သူတို့ ယဲ့ဖန်အား ခပ်သွက်သွက် သတိပေးလိုက်သည်။
“အစ်ကိုယဲ့၊ သူ့ထောင်ချောက်ထဲ မဝင်လိုက်နဲ့နော်။ သူက အစ်ကို့ကို ဆွပေးနေတာ”
“ယဲ့ဖန် သူ့စကားတွေကို လုံးဝ မယုံနဲ့နော်။ ကူးယန်က သူ့ထက် အဆင့်လေးဆင့် မြင့်တဲ့ နတ်ဘုရား သေနာပတိအဆင့်ကို သတ်နိုင်တယ်။ သူနဲ့ လုံးဝ မတိုက်ပါနဲ့”
ကူးရှုံးနှင့် ကူးမိန်တို့ အလွန် စိုးရိမ်လာကြသည်။
သို့သော် ယဲ့ဖန် ပြောလာသည့် စကားများကို ကြားပြီးနောက်တွင် သူတို့နှစ်ယောက်လုံး ချက်ချင်း မျက်နှာ ပြာနှမ်းသွားသည်။
“ငါ့ကို ဆွပေးနေတာတဲ့လား”
ယဲ့ဖန်က ခေါင်းခါ၍ ပြုံးကာ ပြောလိုက်သည်။
“ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို ဆွပေးလည်း အသုံးမဝင်ဘူး။ အဲ့လိုပဲ တီကောင်တစ်ကောင်က နတ်ဆိုးတစ်ကောင်ကို ဆွပေးနေလည်း အပိုပဲ”
“မင်း ငါ့ကို လာဆွပေးစရာမလိုဘူး။ တကယ်လို့ မင်း ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာဆိုရင် ငါ မင်းအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးမယ်”
CHAPTER 398 ငရဲလိုပဲ
*ငါ မင်းအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးမယ်*
ယဲ့ဖန်၏ စကားကို သူတို့ ကြားလိုက်ရပြီးနောက် ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး ကြောက်စိတ်များဖြင့် ပြည့်နှက်သွားကြသည်။
*သူ သဘောတူလိုက်တယ်*
သူတို့ သတိပေးစကားကို ကြားပြီးတာတောင်မှ ယဲ့ဖန်က ကူးယန်၏ တောင်းဆိုချက်ကို လက်ခံလိုက်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြချေ။
ကူးရှုံးနှင့် ကူးမိန်တို့ ချက်ချင်းဆိုသလို အလွန် ဝမ်းနည်းသွားကြသည်။ သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ ကူးယန်နှင့် ကူးထျန်းတို့က တက်ကြွပျော်ရွှင်လို့နေ၏။
ကူးထျန်းသည် သေခါနီးလူတစ်ယောက် နောက်ဆုံး အသက်ကယ်နိုင်သည့် ကောက်ရိုးမျှင်ကို ရရှိလိုက်သကဲ့သို့ စိတ်လှုပ်ရှားလာသည်။
“အရူး၊ နတ်ဘုရား တပည့်အဆင့်ကများ ကူးလန်ဂြိုဟ်ရဲ့ နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့်ကို စိန်ခေါ်ရဲသေးတယ်လား။ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။
ကူးထျန်းက အလွန် ရက်စက်ဟန်ရသော အကြည့်များဖြင့် ရေရွတ်လိုက်သည်။
ကူးယန်က တိုက်ပွဲအတွင်း ယဲ့ဖန်အား ဖိနှိပ်ထားနိုင်သရွေ့ အနက်ရောင် ဝတ်ရုံနှင့် လူကိုးယောက်က သူတို့ မည်မျှ သန်မာနေပါစေ ဝင်၍ တိုက်ခိုက်ရဲမည် မဟုတ်ပေ။
သူတို့၏ မျှော်လင့်ချက်များ မြင့်မားရင့်သန်လာသဖြင့် ကူးထျန်းသည် စိတ်လှုပ်ရှားကာ တုန်ယင်လို့လာသည်။
ကူးယန်၏ မျက်လုံးသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလျက် ရှိသည်။
ဒါ အခွင့်အရေးပင်။ ဤသည်ကား သူ့အတွက် အနက်ရောင် ဝတ်ရုံနှင့် လူရှစ်ယောက်၏ လက်မှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးပင်။
သူ ယဲ့ဖန်ကို ဖိနှိပ်ထားနိုင်သရွေ့ သူသည် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်ပြီး သူ့ဦးလေးအား ကူးလန်ဂြိုဟ်မှ သိုင်းပညာရှင်များကို စည်းရုံး၍ အနက်ရောင် ဝတ်ရုံနှင့် လူရှစ်ယောက်ကို ဝိုင်း၍ တိုက်ခိုက်ပေးရန် သိမ်းသွင်း စည်းရုံနိုင်မည် ဖြစ်သည်။
*သူတို့ ဘယ်လောက်ပဲ သန်မာနေပါစေ သူတို့ သေကိုသေရမယ်ကွာ*
ကူးယန် ပိုပို၍ စိတ်လှုပ်ရှားလာကြသည်။ ထို့နောက် သူသည် ယဲ့ဖန် နောင်တရသွားမည်ကို စိုးရိမ်သဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
“လာလေ၊ နိုင်တဲ့သူပဲ အသက်ရှင်ခွင့်ရှိမယ်။ မင်း ယောကျ်ားတစ်ယောက်လို သေဆုံးမယ်လို့ ငါ မျှော်လင့်ပါတယ်”
ကူးယန်က လူမဆန်စွာ လှောင်ရယ်၍ ပြောလိုက်သည်။ သူ၏စကားကို ကြားပြီး ကူးရှုံးနှင့် ကူးမိန်တို့ ကြောက်လန့်ကာ တုန်လှုပ်လာကြသည်။
*သူတော့ သေတော့မှာပဲ*
ကူးယန်သည် သူ၏ ခွန်အားကို အကုန်ထုတ်ဖော်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူ၏ စွမ်းရည်အရ သူသည် ယဲ့ဖန်အား လွယ်လင့်တကူ အနိုင်ယူနိုင်သည်။
ကူးရှုံးနှင့် ကူးမိန်တို့ ဖြစ်လာမည့် အကျိုးဆက်ကို တွေးပင်မကြည့်ရဲတော့ချေ။
“သူတောင်းစား သေလိုက်တော့”
ကူးယန်သည် ယဲ့ဖန်အား ပြင်ဆင်ချိန်တောင် မပေးပေ။ သူ၏ လက်ဖဝါးကို တစ်ချက် လှုပ်ခါလိုက်သောအခါ ဓားရှည်တစ်လက် ပိုလာသည်။ ထို့အတူ သူသည် ထိုဓားရှည်ဖြင့် ယဲ့ဖန်၏ နဖူးအလယ်တည့်တည့်အား ထိုးခုတ်လိုက်သည်။
လေတိုးသံနှင့်အတူ သူသည် သူ၏ ခွန်အားအကုန်ကို ထုတ်ဖော်ထားသည်။ ထို့အတူ ဓားရှည်မှ မြွေပွေးတစ်ကောင် လျှာထုတ်ထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်း ထွက်ပေါ်နေသည်။
“မဖြစ်ဘူး”
ကူးရှုံးနှင့် ကူးမိန်တို့ ထိတ်လန့်၍ နောင်တရပြီး သံကုန်အော်ဟစ်လိုက်မိသည်။
ဤမျှ ပြင်းထန်သော တိုက်စစ်နှင့် ရင်ဆိုင်ရပါက နတ်ဘုရား သေနာပတိအဆင့်တောင်မှ သေနိုင်လောက်သည်။
သို့သော် ယဲ့ဖန်သည် ရှောင်တိမ်းရန်ပင် မကြိုးစားဘဲ ရပ်မြဲတိုင်းရပ်ကာ ဓားရှည် ကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းလို့နေသည်။
….
ထိုသို့သော အချိန်၌ ကူးရှုံးနှင့် ကူးမိန်တို့သည် ချေးထွက်ကျမတတ် ကြောက်ရွံ့လာကြသည်။
*သူက အသတ်ခံရဖို့ လည်စင်းပေးနေတာပဲ*
*သူက …. ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ*
ကူးထျန်း တက်ကြွလာသည်။
*အရူး*
*သူက ငါထင်ထားသလိုမျိုး တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ အရူးပဲ*
*သူက ကူးယန်၏ တိုက်ခိုက်မှုကြောင့် ကြောက်ပြီး ရူးကြောင်ကြောင် ဖြစ်သွားတာပဲ*
ကူးထျန်း၏ စိတ်ထဲတွင် ယဲ့ဖန်သည် ကြောက်၍ ရူးသွားသည်ဟု ထင်နေမိသည်၊ ထိုသို့မဟုတ်ပါက သူက အဘယ်ကြောင့် တိုက်ခိုက်မှုကို မခုခံရသနည်း။
ဝုန်းခနဲ အသံနှင့်အတူ ဓားရှည်သည် ယဲ့ဖန်၏ နဖူးအလယ်တည့်တည့်သို့ စက္ကန့်ပိုင်းအတွင်း နီးကပ်လာ၏။
“သေစမ်း”
ကူးယန်သည် သူ ယဲ့ဖန်ကို တစ်ချက်တည်းဖြင့် သတ်လိုက်မိမည်ကို စိုးရွံနေသည်။ ထိုသို့ဖြစ်သွားပါက သူသည် အနက်ရောင် ဝတ်ရုံနှင့် လူရှစ်ယောက်၏ ဒေါသကို သေချာပေါက် သွားဆွမိသလို ဖြစ်သွားလောက်သည်။
“မျိုးမစစ်ကောင်”
ကူးယန်သည် သူ၏ တိုက်ခိုက်မှုအား ချုပ်တည်းချင်သော်လည်း နောက်ကျသွားချေပြီ။
ကျယ်လောင်သော ပွတ်တိုက်မိသံနှင့်အတူ သူ၏ ဓားရှည်က ယဲ့ဖန်၏ နဖူးအလယ်တည့်တည့်အား ခုတ်ပိုင်းလုနီးပါး ဖြစ်လာသည်။
ထိုအသံကို ကြားပြီး ကူးရှုံးနှင့် ကူးမိန်တို့သည် သူတို့ နှလုံးခုန်မြန်လာသလို ခံစားမိပြီး မျက်နှာများ ပြာနှမ်းလာကြသည်။
*မဖြစ်ဘူး*
ထိုစဉ် သူတို့သည် ချွင်ဟူသော အသံကို ကြားလိုက်ရသလို မီးပွားများလည်း လွင့်စဉ်ထွက်လာသည်။
ထို့ကြောင့် အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ထိုသို့ရှိနေစဉ်တွင် အခန်းထဲမှ လေထုသည် အေးစက်လို့နေပြီး ကျန်သူများအားလုံး ကူးယန်၏ ဓားရှည်က ယဲ့ဖန်၏ နဖူးအလယ်တည့်တည့်နှင့် ဆက်စပ်နေသည်ကို မြင်လိုက်ရသည်။
သို့သော် ဓားရှည်သည် သံမဏိနှင့် ထိသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကာ မီးပွားများ လွင့်စဉ်လာ၏။
….
လူတိုင်း မှင်တက်သွားကြသည်။ ကူးရှုံးနှင့် ကူးမိန်တို့၏ မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်လို့နေသည်။
ကူးထျန်း၏ လှောင်ပြုံးသည်လည်း ချက်ချင်း အေးခဲသွားသည်။ သို့သော် ကူးယန်ကတော့ အထိတ်လန့်ဆုံး ဖြစ်နေသည်။ သူ အားကုန်ထုတ်သုံးထားမှန်း သူသာ သိသည်.
ယခင်တုန်းက ယဲ့ဖန်၏ ဦးခေါင်းကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။ သို့သော် သူသည် တစ်ဖက်လူ၏ အရေပြားကို ခြစ်ရာထင်အောင်တောင်မှ မလုပ်နိုင်ပေ။
*ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ထိုစဉ် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ခက်ထန်သော အကြည့်များဖြင့် ပြောလိုက်သည်။
“ကူးလန်ဂြိုဟ်ရဲ့ နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့်က တိုက်ပွဲဝင် ခွန်အားမှာ အားနည်းလှချည်လား။ အမှိုက်ပဲ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ကူးယန်၏ မျက်လုံးများ ဒေါသကြောင့် ပြူးကျယ်လို့နေသည်။
*အမှိုက် ဟုတ်လား*
*တစ်ယောက်ယောက်က ငါ့ကို အဲ့လိုခေါ်တာမျိုး ငါ အခုမှ ကြားဖူးတာပဲ*
“ကောင်းပြီလေ၊ အစကတော့ ငါက မင်းကို သတ်မယ့်အစား ထိခိုက်ရုံလောက်ပဲ လုပ်ချင်ခဲ့တာ။ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ကူးယန် ဒေါသကြောင့် လောင်မြိုက်မတတ် ဖြစ်နေ၏။ ထို့နောက် သူသည် ဓားကို ပြန်ရုတ်လိုက်ပြီး သူ၏ နတ်ဘုရားအဆင့် အလင်းတန်းအား ဓားရှည်ထဲသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူက သူ၏ ဓားနှင့် ယဲ့ဖန်၏ ဦးခေါင်းအား ခုတ်ပိုင်းလာသည်။
“အလုံးစုံ သတ်ဖြတ်ခြင်း ဓားချက်”
ထိုဓားချက်သည် ကူးယန်၏ လူသတ်သိုင်းကွက်များထဲမှ တစ်ခု ဖြစ်သည်။ ထိုသိုင်းကွက်ဖြင့် သူသည် နတ်ဘုရား သေနာပတိအဆင့်များစွာတို့ကို သတ်ဖြတ်ခဲ့သည်။
ယခု သူသည် ထိုသိုင်းကွက်ကို သုံး၍ ယဲ့ဖန်ကို သတ်ဖြတ်တော့မည် ဖြစ်သည်။
အလင်းတန်းများစွာက ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျဆင်းလာသည်။ ထိုအလင်းတန်းများက ဖိနှိပ်နိုင်လွန်းလှသည်။
အလင်းတန်းတစ်ခုချင်းစီသည် နတ်ဘုရား သေနာပတိအဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်ပြီး ထိတ်လန့်ဖွယ်ကောင်းသော အလင်းတန်းများစွာဆိုလျင် ပြောနေစရာတောင် မလိုတော့ချေ။
သို့သော် နောက်ဆက်တွဲ အဖြစ်က မယုံနိုင်စရာ ကောင်းလှသည်။
ချွင်ဟူသော အသံများစွာနှင့်အတူ ယဲ့ဖန်၏ ဦးခေါင်းသည် အလင်းတန်းများစွာနှင့်အတူ ပေါက်ကွဲမတတ် ဖြစ်လာသည်။
မီးပွားများက မျက်စိပြာသွားလောက်သည်။ များစွာသော ဓားချက်များ ကျရောက်လာသည်။
သို့သော် သူတို့ မြင်လိုက်ရသည့် အရာကြောင့် အခြားသူများအားလုံး အလွန်ထိတ်လန့်သွားကြသည်။
ယဲ့ဖန်သည် ဆံပင်တစ်ချောင်းတောင်မှ မဆုံးရှုံးချေ။ ဤသည်ကို ကြည့်ပြီး အခြားသူများ ထိတ်လန့်ကာ ကြောက်ရွံ့သွားသည်။
“ဒါ …. ဒါ မဖြစ်နိုင်ဘူးလေ”
ကူးယန် မှင်တက်သွားသည်။ သူ၏ ပုံသေသိထားသမျှအားလုံး ပြောင်းပြန် ဖြစ်သွားသလို ခံစားသွားရသည်။
သူ၏ ဓားချက်တစ်ခုချင်းစီသည် နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်ကို သတ်နိုင်လောက်သည်အထိ ထက်လွန်းလှသည်။
သို့သော် ထိုဓားချက်များက သူ၏ ဆံချည်မျှင်တစ်ချောင်းတောင်မှ မထိချေ။ အံ့ဩစရာ ကောင်းလှသည်။
ယဲ့ဖန်ပြောလာသည့် စကားများက ကူးယန်အား ကြောက်လန့်ကာ တုန်ယင်သွားစေသည်။
“မင်းက ငါ့ခေါင်းကိုတောင်မှ ကောင်းကောင်းမနှိပ်ပေးနိုင်ဘူး၊ မင်း တော်တော် အသုံးမကျတာပဲ”
*ဘာ*
*ခေါင်းကိုနှိပ်ပေးတယ် ဟုတ်လား*
*ဒီကောင်က ကူးယန်ရဲ့ လူသတ်သိုင်းကွက်ကို သူ့ခေါင်းကို နှိပ်ပေးဖို့အတွက် အသုံးချနေတယ် …*
အခြားသူများ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထသွားကြသည်။ ယဲ့ဖန်ကို လူသား မဖြစ်နိုင်ဟု ထင်မိသွားသည်။
ထိုစဉ် ယဲ့ဖန်က ကူးယန်ကို ဖမ်းဆုပ်ရန် ကြံစည်လာသည်။
“မလုပ်နဲ့”
ကူးယန် ခေါင်းမွေးထောင်သွားသလို ခံစားရပြီး သေရေးရှင်ရေး အခြေအနေသို့ ဇောက်ထိုးမိုးမျှော် ကျရောက်သွားသလို ခံစားလိုက်ရသည်။
လက်ကိုရုတ်၍ ဓားကို ပြန်ဆွဲလိုက်ပြီး ကူးယန်သည် ယဲ့ဖန်၏ လက်ဖဝါးအား အားနှင့် ခုတ်ချလိုက်သည်။
ချွင်ဟူသော အသံများစွာနှင့်အတူ ကူးယန်၏ ဓားရှသည် ယဲ့ဖန်၏ လက်ဝါးအား ခုတ်ပိုင်းလာသည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
ဓားရှည်သည် ယဲ့ဖန်၏ လက်ဝါးနှင့် ထိမိသည်နှင့် ဆွေးမြည့်နေသော သစ်သားကဲ့သို့ တစ်စစီ ဖြစ်သွားသည်။
တစ်ဖက်သတ် ဖိနှိပ်နိုင်သော တိုက်ကွက်ပါတကား။
ဓားရှည်တစ်ခုလုံး တစ်စစီဖြစ်သွားပြီးနောက် ယဲ့ဖန်သည် ကူးယန်၏ လက်ကောက်ဝတ်အား လျင်မြန်စွာ ဖမ်းဆွဲလာသည်။
“မင်း လက်ကောက်ဝတ်ရဲ့ လှုပ်ရှားမှုက မတိကျဘူး၊ သွားလိုက်တော့”
ထိုသို့ပြောပြီး ယဲ့ဖန်က ကူးယန်၏ လက်ကောက်ဝတ်ကို ဆွဲဖြုတ်လိုက်သဖြင့် တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများစွာ ထွက်ပေါ်လာပြီး ချင်းချင်းနီနေသော သွေးများက ကြမ်းပြင်ပေါ် ကျဆင်းလာသည်။
ထို့နောက် ယဲ့ဖန်က ဆက်ပြောလာသည်။
“မင်းရဲ့ လက်ဖျံက အားနည်းလွန်းတယ်၊ မင်းရဲ့ တိုက်ခိုက်မှုက သုံးစားမရဘူး”
“မင်းရဲ့ လက်မောင်းက ခွန်အားကို မှန်မှန် မထိန်းချုပ်ထားနိုင်ဘူး၊ ပြီးတော့ မင်းရဲ့ ပစ်မှတ်ကိုလည်း တိတိကျကျ မထိဘူး။ အားလုံးက အလကားပဲ”
….
ယဲ့ဖန်၏ ခက်ထန်သော လေသံနှင့်အတူ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများစွာ ထွက်ပေါ်လာပြီး တစ်ခန်းလုံးသည် ငရဲတွင်းထဲ ကျရောက်နေသကဲ့သို့ ထင်မှတ်မှားရသည်။
CHAPTER 399 ကူးလန်ဂြိုဟ်၏ အနာဂတ် ဂြိုဟ်ခေါင်းဆောင်
“အား…အား…အား…”
အခန်းထဲတွင် ငယ်သံပါအောင် အော်ဟစ်နေသံများဖြင့် ပြည့်နှက်လို့နေသည်။ ထိုသို့သော အချိန်၌ ကူးရှုံး၊ ကူးမိန်နှင့် ကူးထျန်းတို့ လုံးဝကို မှင်တက်လို့နေသည်။
ကူးလန်ဂြိုဟ်၏ နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့် ပါရမီရှင်က အမှိုက်ထုပ်ကဲ့သို့ တစ်စစီ ဆွဲဖြုတ်ခံနေရသည်။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ*
ယခုအချိန်တွင် အခြားသူများအားလုံး သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ မျက်ခုံးတလှုပ်လှုပ် ဖြစ်လာကြသည်။
ကူးယန် ရူးမတတ် ဖြစ်လို့နေ၏။ လက်ဖဝါး၊ လက်ဖျံ၊ ပခုံး …
သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ယဲ့ဖန်ကြောင့် တစ်ခုပြီးတစ်ခု ဆွဲဖြုတ်ခံနေရသည်။ ချင်းချင်းနီနေသော သွေးများက ကြမ်းပြင်ပေါ် ဖုံးလွှမ်းလို့နေ၏။
သူသည် တစစ်စစ်နှင့် ကိုက်ခဲနေသော နာကျင်မှုကြောင့် တုန်လှုပ်နေသည်။
*လူထူးလူဆန်းပဲ*
ကူးယန်၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် ရက်စက်သော လူထူးလူဆန်းတစ်ယောက် ဖြစ်သည်။
“မလုပ်နဲ့”
ဂျွတ်ခနဲ အသံနှင့်အတူ ကူးယန်၏ ခြေထောက်တစ်ဘက်သည် ယဲ့ဖန်ကြောင့် ပြုတ်ထွက်သွားလေ၏။
နာကျင်မှုကြောင့် သူ၏ နဖူးတွင် ချွေးများစို့လို့နေသည်။ ကြောက်နေသည်။
ကူးယန်အတွက် မွေးဖွားပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် စိတ်ဓာတ်ကျသလို ခံစားနေရသည်။ သူသည် ကျားခံတွင်းဝသို့ သက်ဆင်းနေရသော သိုးပေါက်ကဲ့သို့ အားနည်းလို့နေသည်။
“ရပ်လိုက်၊ မြန်မြန် ရပ်လိုက်တော့”
ကူးယန်သည် ယဲ့ဖန်က သူ၏ ကျန်ခြေထောက်တစ်ဘက်ကို ဆွဲဖြုတ်တော့မည်ကို သတိပြုမိပြီး အသည်းအသန် အော်ဟစ်လေတော့သည်။
“မင်း ငါ့ကို သတ်လို့မရဘူးကွ။ ငါက ကူးလန်ဂြိုဟ်ရဲ့ အနာဂတ် ဂြိုဟ်ခေါင်းဆောင် ဖြစ်လာမယ့်သူရဲ့ တူတော်ကွ။ မင်း ငါ့ကို သတ်ရင် ငါ့ဦးလေးက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
*ကူးလန်ဂြိုဟ်ရဲ့ အနာဂတ် ဂြိုဟ်ခေါင်းဆောင်*
သူ့စကားကို ကြားပြီး ယဲ့ဖန်က သူ့လက်ဝါးကို ချက်ချင်း ရပ်လိုက်သည်။ ကူးရှုံးနှင့် ကူးမိန်တို့သည်လည်း အလွန် ထိတ်လန့်သွားကြသည်။
*သူက …. ဟိုလူကို ပြောချင်နေတာများလား*
ကူးရှုံးနှင့် ကူးမိန်တို့သည် ထိုသူက ဟဲလန်၏ သေဆုံးမှုနောက်ပိုင်းတွင် ကူးလန်ဂြိုဟ်၏ ထိပ်သီး ပုဂ္ဂိုလ်ဖြစ်လာသည်ကို သိထားကြသည်။ ကူးလန်ဂြိုဟ်၏ အင်အားစုများစွာက ထိုသူ ဂြိုဟ်ခေါင်းဆောင် နေရာကို ဆက်ခံခြင်းနှင့် ပတ်သက်၍ ထောက်ခံကြပြီး သူတို့၏ ရပ်တည်ချက်ကို ဖော်ပြကြသည်။
သို့သော် ယခုအချိန်တွင် ….
“သေစမ်း၊ ကူးယန်က ဒီလောက် မောက်မောက်မာမာနဲ့ ပြုမူနေတာ အံ့ဩစရာ မရှိတော့ဘူး။ နတ်ဘုရား သေနာပတိအဆင့်တွေတောင်မှ သူ့ကို အာမခံရဲကြတာ။ လက်စသတ်တော့ သူက တကယ့် ပုဂ္ဂိုလ်ကြီးရဲ့ တူကိုး”
ကူးရှုံးနှင့် ကူးမိန်တို့သည် အလွန် ထိတ်လန့်သွားကြပြီး သူတို့၏ မျက်နှာများ ပြာနှမ်းလို့နေသည်။
ယဲ့ဖန်က သူ့လက်ဝါးအား ရပ်တန့်လိုက်သည်ကို သတိပြုမိပြီး ကူးထျန်းသည် နောက်ဆုံးတော့ သူ ယဲ့ဖန်ကို ကြောက်လန့်အောင် လုပ်သွားနိုင်ပြီဟု ယုံကြည်သွားသည်။ ထို့နောက် သူက ထီမထင်သော လှောင်ပြုံးမျိုးနှင့် ပြောလိုက်သည်။
“ဟေ့ကောင် သခင်လေး ကူးယန်ကို မြန်မြန် လွှတ်လိုက်စမ်း။ အဲ့ပုဂ္ဂိုလ်ကြီးက ဉာဏ်များလွန်းတယ်။ သူက နတ်ဘုရား အရှင်သခင်အဆင့်အောက်မှာဆို နံပါတ်တစ် သိုင်းပညာရှင်ပဲ။ မင်း မသေချင်ရင် ဒီနေရာကနေ အခု မြန်မြန်ထွက်သွားလိုက်”
ကူးထျန်း၏ အသံက အောင်နိုင်သူ၏ အသံကဲ့သို့ ဖြစ်နေသည်။
ကူးရှုံးနှင့် ကူးမိန်တို့သည်လည်း ကူးထျန်း၏ စကားကြောင့် အလွန်ထိတ်လန့်သွားကာ မျက်နှာများက ဖြူဖတ်ဖြူရော် ဖြစ်နေကြသည်။
သူတို့ ယဲ့ဖန်အား အသည်းအသန် သတိပေးလိုက်ကြသည်။
“အစ်ကိုယဲ့၊ ကျွန်တော်တို့ ပြေးတာပိုကောင်းမယ်ထင်တယ်။ ဂြိုဟ်ခေါင်းဆောင်အိုကြီး သေဆုံးပြီးတဲ့နောက် အဲ့ပုဂ္ဂိုလ်ကြီးက ကူးလန်ဂြိုဟ်ကနေပြီးတော့ ထောက်ခံသူ အများအပြား ရခဲ့တာပါ။ သူက သူ့လူတွေနဲ့အတူ လက်တုံ့ပြန်မယ်ဆိုရင် ကျွန်တော်တို့ သေသွားလိမ့်မယ်”
“ဟုတ်တယ်၊ အစ်ကိုယဲ့။ အဲ့လူက ရန်စလို့ မရနိုင်ဘူး”
ကူးရှုံးနှင့် ကူးမိန်တို့နှစ်ယောက်လုံး ကြောက်စိတ်မွှန်နေကြသည်။
ထိုသူသည် ကူးလန်ဂြိုဟ်အနှံ့တွင် အလွန်နာမည်ကျော်ကြားသည်။ သူသည် တစ်ချိန်တစ်ခါတုန်းက နတ်ဘုရား သေနာပတိအဆင့် ရှိသော ကြေးစား ဓားပြအဖွဲ့ အယောက်နှစ်ဆယ်ကို သုတ်သင်ခဲ့ဖူးသည်။
သူ၏ တိုက်ပွဲဝင်ခွန်အားသည် ကူးလန်ဂြိုဟ်ပေါ်မှ နတ်ဘုရား ဆရာသခင်အဆင့်အားလုံးကြားတွင် အဆင့်တစ် ဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်း နတ်ဘုရား သေနာပတိဟု လူသိများသည်။
သူသည် ကူးကလန်ဂြိုဟ်ပေါ်မှ မကောင်းဆိုးဝါးများကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့ဖူးပြီး နတ်ဘုရား လူသားများကိုသာ အသက်ရှင်လျက် ထားခဲ့ဖူး၏။
ထို့နောက် သူသည် ဂြိုဟ်ခေါင်းဆောင်၏ အိမ်တော်၌ အစောင့်များ၏ ကပ္ပတိန်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီးမှ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူလည်း ဖြစ်သည်။
ယဲ့ဖန်က အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်ကို သတိပြုမိပြီး သွေးများဖြင့် ပေကျံနေသော ကူးယန်သည် သူ၏ မျှော်လင့်ချက်ကို ဆုပ်ကိုင်မိသလို ဖြစ်သွားသည်။
ထို့ကြောင့် သူက ထပ်၍ ခြောက်လှန့်ကာ ပြောလိုက်သည်။
“ဟေ့ကောင် မင်း ဂြိုဟ်ခေါင်းဆောင်ရဲ့ အိမ်တော်က သူတွေနဲ့ ဟဲလန်ကို သတ်လိုက်တာ ဘယ်သူလဲ သိလား”
“နားထောင်၊ ဂြိုဟ်ခေါင်းဆောင်ရဲ့ အိမ်တော်က သူတွေအားလုံးကို သတ်လိုက်တဲ့ အဲ့ကြောက်စရာကောင်းတဲ့သူက ငါ့ရဲ့ ကျောထောက်နောက်ခံပဲ။ မင်း မသေချင်ဘူးဆိုရင် အခု ငါ့ကို လွှတ်လိုက်”
*ဘာ*
သူ့စကားကြောင့် ကူးရှုံးနှင့် ကူးမိန်တို့နှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားကြပြန်သည်။
….
ထူးဆန်းသည်က ကူးယန်၏ စကားကို ကြားပြီးနောက် ယဲ့ဖန်သည် ကြောက်လန့်နေပုံ မပေါ်ပေ။ သူက အနည်းငယ် ချီတုံချတုံ ဖြစ်နေပုံပေါ်သာ ပေါ်သည်။
ထိုစဉ် သူတို့ ကျယ်လောင်လှသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များနှင့် လူများ အခန်းထဲ ဝင်လာကြသည်။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက်သုံးဆယ်။
…..
အချိန်တိုလေးအတွင်းမှာပင် လူအယောက် ငါးဆယ်ကျော် အခန်းထဲ ဝင်လာကြသည်။
နတ်ဘုရား သေနာပတိအဆင့်များပါလား။
ထိုအဖွဲ့သည် နတ်ဘုရား သေနာပတိအဆင့်များနှင့် ပြည့်နေသည်။ ထိုအဖွဲ့ကို ကြည့်ပြီး ကူးရှုံး၊ ကူးမိန်၊ ကူးယန်နှင့် ကူးထျန်းတို့ မျက်ခုံးလှုပ်လာကြသည်။
ကူးလန်ဂြိုဟ် အနှံ့အပြားမှ နတ်ဘုရား သေနာပတိအဆင့်များ အားလုံးနီးပါး ရောက်ရှိလို့နေသည်။
*မယုံနိုင်စရာ ကောင်းလိုက်တာ*
တစ်ခဏကြာသော် နတ်ဘုရား သေနာပတိအဆင့် လူငါးဆယ်တို့သည် နှစ်ဘက်ခွဲ၍ လူတစ်ယောက်အတွက် လမ်းကြောင်းလုပ်ပေးလာကြသည်။
ထိုသူကို မြင်သည်နှင့် ကူးယန် ချက်ချင်း နားဝေတိမ်တောင် ဖြစ်သွားသည်။ ထို့နောက် သူ ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
“ဦးလေး”
*ဘာ*
သူ့စကားကြောင့် ကူးရှုံးနှင့် ကူးမိန်တို့ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
*ဦးလေးတဲ့လား*
“အဲ့လူက … ကူးဖုန်းပါလား*
*ငါတို့တော့ သေပြီပဲ*
ကူးရှုံးနှင့် ကူးမိန်တို့နှစ်ယောက်လုံး ကြောက်ရွံ့ကာ မျက်နှာများ ပြာနှမ်းလာကြသည်။ သူတို့ လွတ်ရန်လမ်းစ မရှိတော့မှန်း သိလိုက်သည်။
ထို့နောက် သူတို့က ယဲ့ဖန်အား ထိတ်ထိတ်ပျာပျာဖြင့် အော်ပြောလိုက်သည်။
“အစ်ကိုယဲ့ ပြေးတော့။ ကျွန်တော်တို့ နှစ်ယောက်နဲ့ ခင်ဗျားရဲ့ လက်အောက်ငယ်သား ရှစ်ယောက်တို့က သူတို့ကို တားထားလိုက်မယ်။ အခု ဒီက ထွက်ပြေးတော့”
“အစ်ကိုယဲ့၊ မြန်မြန်လုပ်ပါ။ မဟုတ်ရင် အရမ်း နောက်ကျသွားလိမ့်မယ်”
ကူးရှုံးနှင့် ကူးမိန်တို့က သူတို့၏ ခင်မင်မှုကို အလွန် တန်ဖိုးထားသည်။ ယဲ့ဖန် အသက်ရှင်နိုင်မည်ဆိုပါက သူတို့သည် သူတို့၏ အသက်ကို စွန့်၍ သူ့အား ကူညီမည် ဖြစ်မည်။
သူတို့၏ အပြုအမူကို ကြည့်ပြီး ယဲ့ဖန်စိတ်ထဲ နွေးထွေးသလို ခံစားလိုက်ရသည်။ ထို့နောက် သူက သူတို့နှစ်ယောက်၏ ပခုံးကို ပုတ်၍ ပြုံးကာ နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့။ ငါတို့ အဆင်ပြေသွားမှာပါ”
*ငါတို့ အဆင်ပြေသွားမှာတဲ့လား*
ယဲ့ဖန်၏ စကားကြောင့် ကူးရှုံးနှင့် ကူးမိန်တို့နှစ်ယောက်လုံး အပြုံးကြီးပြုံးလိုက်မိသည်။
နတ်ဘုရား သေနာပတိအဆင့် အယောက် ငါးဆယ်ကျော်နှင့် ပြိုင်ဘက်ကင်း နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်နှင့် ရင်ဆိုင်နေရတာတောင်မှ ယဲ့ဖန်က အဘယ်ကြောင့် ယုံကြည်မှု ရှိနေသေးတာလဲဆိုတာကို သူတို့ သိချင်မိသည်။
“ဦးလေး၊ မြန်မြန်၊ သူ့ကို သတ်ဖို့ ကျွန်တော့်ကို ကူညီပါဦး။ ဒီမျိုးမစစ်ကောင်က ကူးထို့ကို သတ်ပြီး ကျွန်တော့်ကို ဒုက္ခိတဖြစ်အောင် လုပ်တယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် လက်စားချေပေးပါ”
ယခုအချိန်၌ ကူးယန်သည် တက်ကြွပျော်ရွှင်လို့နေသည်။ သူ့ဦးလေးက သတင်းရပြီး သူ့ကို ကယ်ရန် ပြေးလာသည်ဟု သူ ထင်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား သေနာပတိအဆင့်များကို ကြည့်ပြီး ကူးယန်က လှောင်ပြုံးပြုံး၍ ယဲ့ဖန်အား ရက်စက်သော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် သေပြီးသားလူသာ ဖြစ်သည်။
ကူးယန် ဘက်တော်သား ကူးထျန်းတောင်မှ စိတ်လှုပ်ရှား၍ ကြမ်းကြုတ်သော ချီဓာတ်တို့နှင့်အတူ ပင့်သက်ရှိုက်လိုက်သည်။
“သွားသေလိုက်တော့ ပုရွက်ဆိတ်ကောင်။ မင်း သေသင့်တာကြာပြီ”
ကူးထျန်းက အပြုံးကြီးပြုံး၍ ပြောလိုက်သည်။ ထိုစဉ် ခြေသံများနှင့်အတူ ကူးဖုန်းက ယဲ့ဖန်ထံသို့ ကြမ်းကြုတ်သော ရှေးဦးသားရဲကဲ့သို့ ကြောက်မက်ဖွယ်ကောင်း၍ သန်မာသော ချီဓာတ်များနှင့်အတူ လှမ်းလာသည်။
“စတော့မှာလား”
ကူးယန်နှင့် ကူးထျန်းတို့ နှစ်ယောက်လုံး ပို၍ပင် ပြုံးနေကြပြီး အူမြူးလာကြသည်။
ထိုစဉ် ဝုန်းခနဲ အသံနှင့်အတူ ကူးဖုန်းက ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ နှုတ်ဆက်လာသည်။
“သခင်ကြီးကို ဂါရဝပြုပါတယ်”
ထို့နောက် နတ်ဘုရား သေနာပတိအဆင့် အယောက်ငါးဆယ်တို့ အားလုံး ဒူးထောက်၍ ကျယ်လောင်စွာ နှုတ်ဆက်လာကြသည်။
“အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်”