အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
CHAPTER 400 ဂြိုဟ်ခေါင်းဆောင် လေးယောက်
တိတ်ဆိတ်ခြင်း။
ယခုအချိန်၌ အိမ်ဝန်းတစ်ခုလုံး အေးစက်ကာ တိတ်ဆိတ်လို့နေသည်။ ကူးရှုံးနှင့် ကူးမိန်တို့သည် ယဲ့ဖန်ရှေ့ ဒူးထောက်နေကြသော နတ်ဘုရား သေနာပတိအဆင့်များကို ငေးမော၍ ကြည့်နေမိသည်။
*သူတို့က ဒူးထောက်နေကြတယ် …*
*ကူးလန်ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်နဲ့ သူ့ရဲ့ နတ်ဘုရား သေနာပတိအဆင့်တွေက ယဲ့ဖန်ရှေ့ ဒူးထောက်နေတယ်တဲ့လား*
*ဒါ … မဖြစ်နိုင်ဘူးလေ*
သို့သော် သူတို့ အထိတ်လန့်ဆုံး အပိုင်းသည်ကား သူတို့ ခေါ်ဝေါ်လိုက်သည့် အမည်နာမပင် ဖြစ်သည်။
“သခင်ကြီး”
“အရှင်မင်းမြတ်”
ထိုအမည်နာမ နှစ်ခုကို ကြားပြီးနောက် ကူးရှုံးနှင့် ကူးမိန့်တို့ ရုတ်တရက် ခြေထောက်များ ပျော့ခွေလာကာ ကြမ်းပြင်ပေါ်သို့ ထိုင်လျက်သား လဲကျသွားသည်။
ကူးထျန်းသည်လည်း မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်ကာ မှင်တက်လို့နေ၏။ သူ့မျက်နှာတစ်ခုလုံး ဖြူစွတ်နေကာ ကြောက်စိတ်ကြောင့် တုန်ယင်လို့နေသည်။
“ဒါ … လုံးဝ မဖြစ်နိုင်ဘူး။ ဘာလို့ …”
ကူးထျန်းသည် ကူးယန်၏ ဦးလေးက သူတို့၏ ကယ်တင်ရှင် ဖြစ်လာနိုင်ပြီး ယဲ့ဖန်အား စိတ်ဓာတ်ပျက်ပြားအောင် လုပ်နိုင်မည်ဟု ထင်ခဲ့မိသည်။
သို့သော် ထိုသူက အခန်းထဲ ဝင်လာသည်နှင့် ယဲ့ဖန်ရှေ့ ဒူးထောက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။ အံ့ဩစရာ ကောင်းလှပေသည်။
“ဦးလေး၊ ခင်ဗျား … ခင်ဗျား ရူးနေပြီလား။ သူက ကူးထျန်းကို သတ်ပြီး ကျွန်တော့်ကို မသန်မစွမ်း ဖြစ်အောင် လုပ်ခဲ့တဲ့ လူသတ်သမားလေ။ ဘယ် … ဘယ်လိုလုပ် ခင်ဗျားက သူ့ရှေ့ ဒူးထောက်နေရတာလဲ”
ယခုအချိန်တွင် ကူးယန်၏ အမြင်များ ဇောက်ထိုးမိုးမျှော် ဖြစ်နေ၏။ သူ အလေးစားရဆုံး ဦးလေးက သူ အလွန်မုန်းလှသည့် လူရှေ့၌ ဒူးထောက်လို့နေသည်။
*ရူးနေပြီ*
ကူးယန်သည် သူ့ဦးလေး သွက်သွက်ခါအောင် ရူးသွားပြီဟု ထင်လိုက်မိသည်။
ဖြောင်း။
သို့သော် ကူးယန် စကားအဆုံးတွင် ကူးဖုန်းက သူ့မျက်နှာအား ရိုက်ချလာသည်။ ရုတ်တရက် ကူးယန်၏ မျက်နှာက မရှုမလှ ဖြစ်ကာ သွေးများ ဒလဟော စီးကျလာသည်။
ရက်စက်လှ၏။
ကူးယန်၌ နတ်ဘုရားအဆင့် ခန္ဓာကိုယ်သာ မရှိပါက သူ့ဦးခေါင်း ပေါက်ကွဲထွက်သွားလောက်သည်။ သူ့မျက်နှာအား ကာထားရင်း ကူးယန် နားဝေတိမ်တောင် ဖြစ်လို့နေသည်။ ထို့နောက် သူက ဂနာမငြိမ်သော အမူအရာဖြင့် ပြောလိုက်မိသည်။
“ဦးလေး ခင်ဗျား …”
သူ့အား မွေးဖွားသည့်အချိန်မှစ၍ ကူးဖုန်း ယခုမှ ပထမဆုံး ရိုက်နှက်ဖူးသည်။ ထို့အပြင် သူ့ဦးလေးသည် အလွန် ကြောက်လန့်၍ ဒေါသထွက်သလို ဖြစ်နေသည်ကို ကူးယန် သတိထားမိသွားသည်။
“မျိုးမစစ်ကောင်၊ မင်း ဘယ်သူ့ကို ရန်စလိုက်တာလဲဆိုတာကို မင်း သိရဲ့လား”
ကူးဖုန်း၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည်။ သူ့တူက သူ့အတွက် သည်လောက် ပြဿနာများကို သယ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။ အကယ်၍ ကူးဖုန်းသာ ယဲ့ဖန်၏ လူသတ်သိုင်းကွက်များအား မျက်ဝါးထင်ထင် မမြင်ခဲ့မိပါက ကူးယန်ကြောင့် သူ ငါးပါးမှောက်ပေတော့မည်။
*ဘယ်သူလဲတဲ့လား*
သူ့စကားကြောင့် ကူးယန်၊ ကူးထျန်း၊ ကူးရှုံးနှင့် ကူးမိန်တို့ ယဲ့ဖန်အား အလွန် သိချင်စိတ် ပြင်းပြသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်မိကြသည်။
မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် လူစားမျိုးက အရှင်ကူးဖုန်းအား အလွန် ထိတ်လန့်အောင် လုပ်နိုင်သလဲဆိုတာကို သူတို့ စဉ်းစားမရချေ။
ကူးယန်နှင့် အခြားသူများ၏ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော မျက်နှာများကို ကြည့်ပြီး ကူးဖုန်းက အလွန် ကြောက်လန့်နေသော အသံဖြင် ပြောလိုက်သည်။
“သူက ဟဲကလန်တစ်ခုလုံးကို သတ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ။ သူက ကူးလန်ဂြိုဟ်ရဲ့ တကယ့်ပိုင်ရှင် အစစ်ပဲ”
သူ့စကားကို ကြားပြီး အခြားသူများအားလုံး မိုးကြိုးပစ်ခံလိုက်ရသလို ခံစားသွားရသည်။
*ဟဲကလန်တစ်ခုလုံးကို သတ်ခဲ့တဲ့သူ*
*ကူးလန်ဂြိုဟ်ရဲ့ ပိုင်ရှင်အစစ်*
သူ့စကားများကို ကြားပြီး ကူးယန်၊ ကူးထျန်း၊ ကူးရှုံးနှင့် ကူးမိန်တို့အားလုံး ကြောက်လန့်ကာ တုန်ယင်လာကြသည်။
*အဲ့ဒါ သူပဲကိုး*
ယခုအချိန်၌ အခန်းထဲမှ သူများအားလုံး နဖူး၌ ချွေးစို့နေကြသည်။ ယခင်တုန်းက ကူးလန်ဂြိုဟ်မှ လူတိုင်းသည် ဟဲကလန်တစ်ခုလုံးအား သတ်ဖြတ်သွားသူက ငရဲမှ နတ်ဆိုးတစ်ကောင် ဖြစ်မည်ဟု ခန့်မှန်းနေခဲ့ကြသည်။
သို့သော် ထိုသို့ကိစ္စမျိုးအား လုပ်ဆောင်သွားသူက နတ်ဘုရား တပည့် အထွတ်အထိပ်အဆင့် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိခဲ့ကြပါ။
နတ်ဘုရား တပည့် အထွတ်အထိပ်အဆင့် တစ်ယောက်က နတ်ဘုရား အရှင်သခင် စဦးအဆင့်ရှိသည့် ဟဲလန် အပါအဝင် ထိတ်လန့်ဖွယ်ကောင်းသော ဟဲကလန်တစ်ခုလုံးအား သတ်ဖြတ်ခဲ့သည်တဲ့လား။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး ကြောက်လန့်ကာ ငြိမ်ကုပ်သွားသည်။ အစောပိုင်းက လူသတ်သမားက ယဲ့ဖန် ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေခဲ့ကြသော်လည်း သူက ဤသို့ကိစ္စမျိုးအား လုပ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။
“တ … တကယ်ပဲ သူ ဖြစ်နေတာကိုး”
ကူးမိန်သည် ယဲ့ဖန်အား တောက်ပ၍ လှပသော မျက်လုံးများဖြင့် ငေးကြည့်နေမိသည်။ မရည်ရွယ်ဘဲ ဤထူးဆန်းလှသော လူက သူမ၏ သိချင်စိတ်အား တဖြည်းဖြည်းနှင့် ပိုသိချင်လာအောင် နှိုးဆွပေးနေသလိုပင်။
ကူးယန်နှင့် ကူးထျန်တို့ နှစ်ယောက်လုံး တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
*သူက ငါ့ဦးလေးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူပါလား*
သူက ယဲ့ဖန်အား ယဲ့ဖန်၏ နာမည်ကို သုံး၍ ခြိမ်းခြောက်ခဲ့သည်ကို ပြန်သတိရမိပြီး ကူးယန်သည် သူ့ကိုယ်သူ လူနုံလူအဟု တွေးလိုက်မိသည်။
အရူးတကာ့ အရူးထိပ်ခေါင် ဖြစ်နေပါလား။
ကူးယန်သည် အလိုက်သင့် တုံ့ပြန်မှု၌ မြန်ဆန်လွန်းလှသည်။ သွေးသံတရဲရဲနှင့် ကူးယန်သည် ယဲ့ဖန်၏ ခြေထောက်ရှေ့သို့ တွားသွားလာပြီး ငိုယို၍ သနားခံလေသည်။
“အရှင်မင်းမြတ်၊ ကျွန်တော့်ကို သနားညှာတာပေးပါဗျာ။ ဒါတွေအားလုံးက ကူးထျန်း သွေးထိုးလို့ ဖြစ်တာပါ”
“ကျွန်တော့်ညီလေးကို သတ်လိုက်တဲ့သူက ခင်ဗျား ဖြစ်ရမယ်လို့ သူ ပြောခဲ့တာပါ။ ခင်ဗျားကို သတ်လိုက်ဖို့ သူကပဲ သွေးထိုးခဲ့တာပါ”
“ဒါတွေအားလုံးက သူ့အကြံပါပဲ”
*ဘာ*
ကူးယန်၏ စကားကို ကြားပြီးနောက် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ကာ မျက်လုံးကို စင်း၍ ကူးယန်အား အေးစက်သော ချီဓာတ်များဖြင့် ပြောလိုက်သည်။
“ခုနလေးတင် ငါ့ကို အပိုင်းတစ်ထောင် ခုတ်ချင်နေတာ မင်း မဟုတ်ဘူးလား*
ယဲ့ဖန်၏ အပြောကြောင့် ကူးဖုန်းနှင့် အခြား နတ်ဘုရား သေနာပတိအဆင့်များ၏ မျက်နှာများ ချက်ချင်း ပြာနှမ်းသွားသည်။
ကူးဖုန်းသည် ထခုန်မတတ် ဖြစ်ကာ ကူးယန်အား ဒေါသတကြီး မာန်မဲလေတော့သည်။
“သောက်မျိုးမစစ်လေး၊ မင်းက အရမ်း မောက်မာတာပဲ”
ကူးဖုန်း ဒေါသအမျက် ခြောင်းခြောင်း ထွက်နေသည်။ ချွင်ဟူသော အသံနှင့်အတူ သူသည် ဓားအိမ်ထဲမှ ဓားရှည်ကို ထုတ်၍ ကူးယန်၏ ပေါင်အား ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
ရွှစ်ခနဲ အသံနှင့်အတူ ကူးယန်၏ ပေါင်သည် ချက်ချင်း ပြတ်ထွက်သွားကာ သူ့အား အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်သွားစေခဲ့သည်။
ကြောက်သည်။ သူ ချေးထွက်မတတ် ကြောက်လာသည်။ သို့သော် သူ မလွဲမသွေ သေရတော့မည်ဟု ကူးယန် ထင်နေချိန်တွင် ရုတ်တရက် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။
ခြံဝန်း၏ နံရံအားလုံး အပြင်ဘက်မှ တစ်စစီ ပျက်ဆီးသွားသည်။ ထို့နောက် နတ်ဘုရားများစွာ ရောက်ရှိလာကြသည်။ သူတို့သည် နတ်ဘုရား အရှင်သခင်အဆင့်များ ဖြစ်သည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဘုရား အရှင်သခင်အဆင့် လေးယောက်လုံး ခြံဝန်းထဲသို့ ဝင်ရောက်လာသည်။
သူတို့အားလုံးသည် သွေးပျက်ဖွယ်ကောင်းသော ချီဓာတ်များကို ထုတ်လွှတ်နေ၏။ သူတို့ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးနိုင်မည့်ပုံ ပေါ်နေသည်။
“ခမ်းဂလန်ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်”
“ကျွီရာဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်”
“ဥဒေါင်းဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်”
“မီးခြင်္သေ့ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်”
ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင် လေးယောက်ကို မြင်ပြီး ကူးဖုန်း မျက်ခုံးလှုပ်လာကာ နဖူးမှ ချွေးစက်များ စီးကျလာသည်။
“သေစမ်း၊ ဂြိုဟ်ခေါင်းဆောင် လေးယောက်တောင်။ သူတို့ ဘာလို့ ဒီကို ရောက်လာတာလဲ”
ဂြိုဟ်ခေါင်းဆောင် တစ်ယောက်ချင်းစီသည် ကူးလန်ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်ဟောင်း ဟဲလန်နှင့် ခွန်အားခြင်း တူညီကြသည်။
ထို့ပြင် သူတို့သည် ဟဲလန်နှင့် အလွန် ခင်မင်ရင်းနှီးသည်။ ဟဲကလန် သုတ်သင်ခံလိုက်ရခြင်းကြောင့် သူတို့အားလုံး ကူးလန်ဂြိုဟ်သို့ ခရီးထွက်လာကြခြင်း ဖြစ်၏။
ထင်ထားသည့် အတိုင်းပင် ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံး ရောက်လာသည်နှင့် မီးခြင်္သေ့ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်က တင်းမာသော လေသံဖြင့် ပြောလာသည်။
“နတ်ဆိုးချီဓာတ်ပဲ။ ဒါ တကယ်ပဲ နတ်ဆိုးချီဓာတ်ပါလား”
မီးခြင်္သေ့ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်သည် ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်အား စိုက်ကြည့်ကာ လှောင်ရယ်၍ ပြောလိုက်သည်။
“နှစ်တွေ အကြာကြီးကြာပြီးမှ နတ်ဆိုးတွေကို ပြန်တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ နောင်တော်ဟဲက တကယ်ပဲ နတ်ဆိုးတွေရဲ့ လက်ထဲမှာ သေသွားတယ် ထင်တယ်”
*နတ်ဆိုးတဲ့လား*
ထိုစကားလုံးကို ကြားပြီး ကူးယန်နှင့် ကူးထျန်းတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။
ဂြိုဟ်ခေါင်းဆောင်လေးယောက်က ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်အား သတ်ဖြတ်တော့မည်ကို သူတို့ သတိထားမိပြီး ကူးယန်နှင့် ကူးထျန်းတို့နှစ်ယောက်လုံး တက်ကြွပျော်ရွှင်သွားသည်။
“ဂြိုဟ်ခေါင်းဆောင်တို့ ကျွန်တော့်ကို ကူပါဦး”
ကူးယန်သည် ကြမ်းပြင်အား ကျန်နေသော လက်မောင်းတစ်ဘက်ဖြင့် တဖြန်းဖြန်း ရိုက်ကာ ဂြိုဟ်ခေါင်းဆောင် လေးယောက်ထံသို့ အပူကပ်လေတော့သည်။
“ဂြိုဟ်ခေါင်းဆောင်တို့ ကျွန်တော့်ကို ကူပါဦး။ ဒီလူတွေ အားလုံးက နတ်ဆိုးတွေပါ။ သူတို့ကို နတ်ဘုရားတွေရဲ့ ဂုဏ်သတင်းအတွက် သတ်ပေးပါဗျာ”
ကူးထျန်းနှင့် ကူးယန်တို့၏ စကားများကို ကြားပြီး ကူးဖုန်းနှင့် အခြား နတ်ဘုရား ဆရာသခင်အဆင့် အယောက် ငါးဆယ်တို့အားလုံး ချက်ချင်း ဒေါပွလာကြသည်။
ယဲ့ဖန်ထံ တောင်းပန်နေသည့် ဒီခွေးမသားနှစ်ကောင်က အားထားစရာ အသစ်ရသွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။
သူတို့စကားများကြောင့် ဂြိုဟ်ခေါင်းဆောင် လေးယောက်က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်၍ အာမခံသော လေသံဖြင့် ပြောလိုက်သည်။
“စိတ်မပူနဲ့။ ငါတို့ ဒီမှာ ရှိနေသရွေ့ နတ်ဆိုးတွေ သေကိုသေရမယ်”
“ဟားဟား ... ငါတို့ နတ်ဆိုးဂြိုဟ်ကို သုတ်သင်ပစ်ခဲ့တဲ့ အချိန်တွေကို ငါ သတိရလာပြီကွာ။ ဒါပေမယ့် ငါတို့ နတ်ဆိုးတွေကို ထပ်ပြီး ရှင်းလင်းပစ်နိုင်တော့မယ်။ ကောင်းသကွာ”
“နတ်ဆိုးတွေ မခံမရပ်နိုင် ဖြစ်ပြီး သေသွားတာကို ငါ မြင်ချင်တယ်။ နောင်တော်ဟောင်းတို့၊ ကြည့်ရတာ ကျုပ်တို့ နောက်တစ်ခါ ရင်ပေါင်တန်းပြီး တိုက်ခိုက်ရဦးမယ်နဲ့ တူတယ်”
“ဟီးဟီး ... နတ်ဆိုးလား။ ငါကတော့ သူတို့ကို မသာတွေလို့ ခေါ်ရတာ ပိုသဘောကျတယ်။ ငါတို့ နတ်ဆိုးတွေကို သတ်ပစ်ကြမယ်၊ တစ်ယောက်ဖြစ်ဖြစ် ကိုးယောက်ဖြစ်ဖြစ် သတ်ကြမယ်”
CHAPTER 401 နတ်ဆိုးအိုကြီး ဘက်ခါ
မောက်မာလှသည်။
အထိန်းအကွပ်မဲ့လှသည်။
ယခုအချိန်တွင် ဂြိုဟ်သခင်ခေါင်းဆောင် လေးယောက်လုံးသည် လုံးဝကြောက်လန့်ပုံ မပေါ်ဘဲ ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်လုံးအား သူတို့မျက်လုံးထဲတွင် သေလူဟုသာ သတ်မှတ်ထားကြသည်။
သူတို့သည် သူတို့ နတ်ဆိုးများကို သတ်ဖြတ်ခဲ့သည့် ဂုဏ်ယူဖွယ်ကောင်းသော အချိန်များက သူတို့ဘဝ၏ အတောက်ပဆုံး နေ့ရက်များ ဖြစ်နေဟန်ဖြင့် ဆက်၍ ဝင့်ကြွား၊ မောက်မာစွာ လေလုံးထွား ပြောဆိုနေကြသည်။
သူတို့အားလုံး အလွန်စိတ်အားတက်ကြွနေကြသည်။
“ဟီးဟီး … အဲ့နတ်ဆိုးကောင်တွေ ပြောနေကြ ‘နတ်ဆိုးတွေက မသေနိုင်ဘူး။ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ’ ဆိုတဲ့စကားကို ငါ သတိရမိသေးတယ်၊ ပြီးတော့လည်း မကြာပါဘူး၊ သူတို့ သေသွားကြတာပါပဲကွာ။ ဟားဟား … ငါ ရယ်တာ ရပ်လို့မရတော့ဘူး”
“ဟုတ်ပါ့ကွာ။ နတ်ဆိုးတွေက မသေနိုင်ဘူး။ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေတဲ့။ စောက်ရေးမပါတာကွာ။ အခုက နတ်ဘုရားတွေရဲ့ ခေတ်ပဲ။ နတ်ဆိုးဧကရာဇ်နဲ့ နတ်ဆိုးတွေက သမိုင်းရဲ့ မြစ်ရေယာဉ်ကြောရှည်ထဲမှာ နစ်မြုပ်သွားတာ ကြာလှပြီ”
“အဟဲ၊ မင်းတို့ သိလား၊ ငါ နတ်ဆိုးဧကရာဇ်ရဲ့ မျက်နှာကို တကယ် မြင်ချင်တာကွာ၊ ငါတို့ နတ်ဆိုးဂြိုဟ်ကို ရောက်သွားတုန်းက နတ်ဆိုးဧကရာဇ်ရဲ့ ရုပ်တုက ပျက်ဆီးနေပြီ။ နောင်တော်ဟဲ တစ်ယောက်ပဲ မြင်လိုက်ရတာ”
*ဟဲလန်*
ထိုနာမည်ကို ပြောလိုက်မိသည်နှင့် ဂြိုဟ်ခေါင်းဆောင်လေးယောက်လုံး၏ မျက်နှာများ ချက်ချင်း တင်းမာသွားကာ သူတို့အားလုံးက ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်အား စိုက်ကြည့်လို့လာသည်။
“နတ်ဆိုးငယ်လေး၊ နောင်တော်ဟဲကို သတ်လိုက်တာ မင်းလား”
ရုတ်တရက် ဂြိုဟ်ခေါင်းဆောင်များက ယဲ့ဖန်အား ဝိုင်းထားကြသည်။ ယဲ့ဖန်က ထိုသူတို့၏ ခေါင်းဆောင်ဖြစ်လိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံးသည် သန်မာ၊ ကြမ်းကြုတ်သော ချီဓာတ်များကို ချက်ချင်း ထုတ်ဖော်လာကြ၏။
သူတို့စကားကို ကြားသည်နှင့် ကူးယန်နှင့် ကူးထျန်တို့က အလျင်အမြန် ပြောဆိုလာကြသည်။
“ဂြိုဟ်ခေါင်းဆောင်တို့၊ ခင်ဗျားတို့ ပြောတာ မှန်ပါတယ်။ အဲ့မျိုးမစစ်ကောင်က ဂြိုဟ်ခေါင်းဆောင်ဟောင်း ဟဲကို သတ်ခဲ့တာပါ”
“ဂြိုဟ်ခေါင်းဆောင်တို့ ကျေးဇူးပြုပြီး ဂြိုဟ်ခေါင်းဆောင်ဟောင်း ဟဲလန်ရဲ့ သေဆုံးမှုအတွက် လက်တုံ့ပြန်ပေးပါ။ ကျေးဇူးပြုပြီး သေဆုံးသွားတဲ့ ဟဲကလန်သားများ အားလုံးအတွက် လက်စားချေပေးကြပါ”
ကူးယန်နှင့် ကူးထျန်းတို့ နှစ်ယောက်လုံး အရှက်မရှိကြချေ။ ဂြိုဟ်ခေါင်းဆောင် လေးယောက်နှင့် ဟဲလန်၏ ခင်မင်မှုကို အခွင့်ကောင်းယူ၍ ဟဲလန်၏ သေဆုံးအတွက် လက်စားချေပေးရန် သွေးထိုးနေ၏။ ချက်ချင်းဆိုသလိုပင် ဂြိုဟ်ခေါင်းဆောင်လေးယောက်လုံး ဒေါသမီးတို့ တောက်လောက်လာကြသည်။
သို့သော် ယဲ့ဖန်၏ အနောက်ဘက်မှ နတ်ဆိုးရှစ်ယောက်လုံး ဒေါသထွက်နေကြသည်။
“သခင်ကြီး ကျွီရာက နံပါတ်တစ် နတ်ဆိုး ကြေးစားစစ်တပ်ကို သတ်ဖြတ်တဲ့ နေရာမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်”
လက်ခြောက်ချောင်း နတ်ဆိုးက ကျွီရာအား စိုက်ကြည့်ရင်း မုန်းတီးစွာ ပြောလာသည်။
“အဲ့အချိန်တုန်းက နံပါတစ် နတ်ဆိုး ကြေးစားစစ်တပ်ကို နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေက ဝိုင်းပြီး ချုံခိုတိုက်ခိုက်ခဲ့ကြတာပါ။ နတ်ဆိုးတွေက သူတို့ အစွမ်းကုန် ခုခံကြပင်မယ့်လည်း သူတို့ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ကြပါတယ်”
ထို့နောက် လက်ခြောက်ချောင်း နတ်ဆိုးက အံကိုကြိတ်လာသဖြင့် တကျွိကျွိအသံများ ထွက်လာသည်။ ထို့ပြင် သူသည် ဆွတ်ဆွတ်ဖြူနေသော အရိုးလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်၍ ရှက်ရွံ့ဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ကျွီရာက ကျွန်တော်တို့ ကပ္ပတိန် ဘက်ခါကို ဖမ်းပြီး အဝေးကို ခေါ်သွားတာကို ကျွန်တော် မြင်ခဲ့ရပါတယ်”
ကပ္ပတိန်ဘက်ခါ။
ထိုနာမည်ကို ကြားလိုက်သည်နှင့် အခြား နတ်ဆိုးခုနစ်ယောက်လုံး အလွန် ဝမ်းနည်းရိပ်သန်း လာကြသည်။
ဘက်ခါသည် သူတို့၏ ဆရာဖြစ်သလို သူတို့၏ ဖခင်ဆိုလည်း ဟုတ်သည်။ သူသည် နတ်ဆိုးအိုကြီး တစ်ယောက် ဖြစ်သည်။
ဘက်ခါသည် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်သည်။ သို့သော် သူ့တွင် ထူးချွန်သော ပင်ကိုယ်ပါရမီ မရှိသဖြင့် သူသည် ကျင့်စဉ်အား ဖြည်းညှင်းစွာ ကျင့်ကြံခဲ့ရသည်။ သူသည် သူ့တစ်ဘဝလုံးအား နက်ဆိုးများအတွက် ဖြည့်ဆည်းပေးခဲ့သည်။
နတ်ဆိုးများအတွက် သူ ငိုခဲ့သည်။ သူ နတ်ဆိုးများအတွက် ရယ်ခဲ့သည်။ သူသည် နတ်ဆိုးများအတွက် မွေးဖွားလာသူ ဖြစ်သည်။ သူသည် နတ်ဆိုးများအတွက် သေဆုံးခဲ့ရသည်။
သူသည် နတ်ဆိုးတိုင်း၏ လေးစားကြည်ညိုခြင်း အခံရဆုံး အစ်ကိုကြီး ဖြစ်သည်။
“လူအိုကြီး ဘက်ခါ …”
ထိုနာမည်ကို ကြားသည်နှင့် ယဲ့ဖန် ပြင်းထန်စွာ တုန်ယင်သွားသည်။ နတ်ဆိုးများကို သူ စတင်၍ စုစည်းခဲ့စဉ်အခါက မှောင်ရိပ်ကျနေသော သစ်ပင်အောက်မှ သွေးသံတရဲရဲနှင့် လူတစ်ယောက်ကို သူ ကယ်တင်ခဲ့သည်။
ထိုသူသည် သွေးအလိမ်းလိမ်းဖြစ်နေပြီး သူ၏ ကိုယ်လက်အင်္ဂါ လေးခုလုံး ကျိုးကြေနေပြီ ဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာပေါင်း တစ်ထောင်ကျော် ရှိနေ၏။
သူ သေလုမျောပါး ဖြစ်နေခဲ့သည်။ သူ့ခြေထောက်အား သူ၏ သွေးသောက် အစ်ကိုကြီးက ဖြတ်လိုက်ပြီး သူ၏ ကျန်ခြေထောက်တစ်ဖက်အား သူ၏ သွေးသောက် အစ်ကိုနှစ်က ဖြတ်လိုက်သည်ကို ယဲ့ဖန် မြင်လိုက်ရသည်။ ထို့အတူ သူ့လက်မောင်းအား သူ၏ သွေးသောက် ညီသုံးက ဖြတ်လိုက်သလို သူ၏ ကလီစာများကိုလည်း သူ့ သွေးသောက် ညီလေးက ဆွဲထုတ်လာသည်။
ထိုသို့ အန္တရာယ်ပြုရသည့် အကြောင်းရင်းကတော့ သူသည် အဖိုးအနဂ္ဃ ထိုက်တန်သော ဆေးပင်အား မတော်တဆ စားလိုက်မိသောကြောင့်ပင်။
ထိုထူးကဲသော ဆေးပင်သည် သူ့မိသားစုဝင်များအား သူတို့ဘဝတစ်လျှောက် ဂုဏ်ဝင့်၍ ချမ်းသာအောင် လုပ်ပေးနိုင်စွမ်း ရှိသည်။
ထို့ကြောင့် သွေးသောက် ညီအစ်ကိုလေးယောက်က ထိုသူအား လောဘတကြီး သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။
သူတို့က သူ၏ အစာအိမ်ကို ဖောက်၍ ထူးကဲသော ဆေးပင်ကို ထုတ်ယူကြသည်။ ထို့နောက် သူတို့သည် သူ့အား မှောင်မည်းနေသော တောအုပ်ထဲ၌ သေစေရန် ထားရစ်ခဲ့ကြသည်။
ယဲ့ဖန်က သူ့ကို ကယ်တင်ခဲ့ပြီးနောက် မေးခွန်းတစ်ခု မေးခဲ့သည်။
“မင်း သွေးသောက်ညီအစ်ကို ဖွဲ့တာကို ယုံကြည်သလား”
ယဲ့ဖန်သည် ထိုသွေးအလိမ်းလိမ်းနှင့်လူ၏ အဖြေအား ယခုထိ စိတ်ထဲစွဲနေအောင် မှတ်ထားသည်။
ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိခဲ့တာတောင်မှ ထိုအလိမ်းလိမ်းနှင့်လူက ပြုံး၍ ပြောလာသည်။
“ကျုပ် … သွေးသောက်ညီအစ်ကို တော်စပ်မှုကို ယုံကြည်ပါတယ်။ ဒါပေမယ့် ကျုပ် ကျုပ်ညီအစ်ကိုတွေကို ရှာမတွေ့သေးဘူး”
သင်းကွဲ ဝံပုလွေတစ်ကောင်က သူ၏ ညီအစ်ကိုတွေကို ရှာဖွေနေခြင်းက အချည်းနှီး ဖြစ်သွားသလိုပင်။
အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ယဲ့ဖန်က ထိုသွေးအလိမ်းလိမ်းနှင့်လူအား ပြောလိုက်သည်။
“အခုကစပြီး ငါက မင်းရဲ့ ညီအစ်ကိုပဲ”
ထိုသို့ပြောပြီး ယဲ့ဖန်က ထိုလူအား ကယ်ခဲ့ပြီး ထိုသူနှင့်အတူ များစွာသော ဂြိုဟ်များကို ဖြတ်သန်း၍ ခရီးဆန့်ခဲ့သည်။
ထို့နောက် ယဲ့ဖန်သည် ထိုလူ၏ သွေးသောက်ညီအစ်ကို လေးယောက်ကို ရှာတွေ့ခဲ့ပြီး သူတို့အား နောင်တရစွာ အော်ဟစ်ငိုကြွေး၍ သေစေခဲ့သည်။
ထိုသွေးအလိမ်းလိမ်းနှင့် လူသည် ဘက်ခါဖြစ်ပြီး ယဲ့ဖန် အမြဲတမ်း သူ၏ အစ်ကိုကြီးအဖြစ် ဆက်ဆံခဲ့သော နတ်ဆိုးအိုကြီးလည်း ဖြစ်သည်။
“ဘက်ခါ၊ ဘက်ခါ”
မျက်လုံးကို မှိတ်ထားရင်း ယဲ့ဖန်သည် တစ်ကိုယ်လုံး တုန်ယင်နေကာ သွေးများ ပွက်ပွက်ဆူနေပြီး အဆုံးမရှိလောက်အောင် ကြမ်းကြုတ်သည့် ချီဓာတ်အား ထုတ်လွှတ်လျက် ရှိသည်။
ထိုစဉ် ကျွီရာသည် ကျန်ဂြိုဟ်ခေါင်းဆောင် သုံးယောက်အား ထူးဆန်းသော အပြုံးမျိုးနှင့် ကြည့်၍ ပြောလိုက်သည်။
“ဟီးဟီး … နောင်တော်တို့။ ကျုပ်တို့အတွက် ဒီနတ်ဆိုး အသေးအမွှားလေးတွေကို သတ်ဖြတ်ရတာက အရမ်း ရှက်ဖို့ကောင်းတယ်ဗျ။ ကျွန်တော် ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရလာပြီ”
*အိုး*
ကျွီရာ၏ စကားကြောင့် ကျန်ဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံး တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူတို့ သိချင်စိတ် ပြင်းပြလာကြသည်။
“ကျွီရာ ငါတို့ကို အဲ့အကြံလေး မြန်မြန် ပြောစမ်းပါကွ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားပွဲလေးများ ရှိလို့လား”
သူတို့မျက်လုံးထဲတွင် နတ်ဆိုးများကို သတ်ဖြတ်ခြင်းက ကစားပွဲသာသာအဆင့်သာ ရှိနေသည်။
*စိတ်လှုပ်ရှားစရာ ကစားပွဲတဲ့လား*
သူတို့၏ စကားများကြောင့် ကျွီရာက မူမှန်သော အပြုံးမျိုးနှင့် ပြန်ပြောလာသည်။
“ဒါပေါ့”
“ဒီနေ့ ကျုပ်တို့က နတ်ဆိုးတွေကို နတ်ဆိုးကပဲ ပြန်သတ်ခိုင်းမှာလေ”
*ဘာ*
ကျွီရာ၏ စကားကြောင့် ကျန်ဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံး အံ့အားသင့်သွားကြသည်။ ထို့နောက် ကျွီရာက သူ၏အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။
ချွင်! ချွင်! ချွင်!
သံခြေချင်းသံ တချွင်ချွင် ထွက်ပေါ်လာပြီးနောက် အနက်ရောင် အရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရိပ်ကား သံကြိုးများနှင့် ရစ်နှောင်ထားသော လူတစ်ယောက်ပင် ဖြစ်သည်။
သူ၏ သွေးများ ခမ်းခြောက်နေသည်မှာ ကြာလှလေပြီ။ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများတောင်မှ အနာဖေး တက်လို့နေ၏။
သူ၏ တွန့်လိမ်နေသော နှုတ်ခမ်းမွေးက သူ့အား ရင့်ရော်စေပြီး စိတ်ပျက်စရာ ကောင်းလှစေသည်။
သူ၏ မျက်နှာအား ဖိုသီဖတ်သီ ဖြစ်နေသော ဆံပင်များက ဖုံးအုပ်နေသည်။ ထို့ကြောင့် သူ ဘယ်သူလဲဆိုတာကို သိနိုင်ရန် ခဲယဉ်းလှသည်။
သူ့မျက်လုံးများက မွဲခြောက်ခြောက် ဖြစ်နေ၏။
“သူက ...”
ထိုသူကို မြင်သည်နှင့် အခြားဂြိုဟ်ခေါင်းဆောင်များအားလုံး ထိတ်လန့်ကာ ကြောက်ရွံ့သွားကြသည်။
“ကျွီရာ၊ မင်း လုပ်နိုင်သွားပြီပဲ။ သူက မင်းရဲ့ အလောင်းကောင်ကျွန် ဖြစ်သွားပြီပေါ့”
*အလောင်းကောင်ကျွန်*
ထိုစကားလုံးကို ကြားသည်နှင့် ကျွီရာက ကျေနပ်သွားသလို ပြုံး၍ ပြောလိုက်သည်။
“ဟုတ်တယ်၊ သူ့စိတ်ဝိညာဉ်က အခိုးခံထားရပြီးပြီလေ။ အခု သူက ရှင်လျက်နဲ့ သေနေတဲ့ နတ်ဘုရား အရှင်သခင် အလယ်အလတ်အဆင့်တစ်ယောက်ပေါ့။ ဘယ်လိုလဲ”
*နတ်ဘုရား အရှင်သခင် အလယ်အလတ်အဆင့်*
ကျွီရာသည်လည်း နတ်ဘုရား အရှင်သခင် အလယ်အလတ်အဆင့် ဖြစ်သည်။ သူ၏ အလောင်းကောင်ကျွန်ထံမှ အကူအညီနှင့်ဆိုလျင် သူ၏ တိုက်ပွဲဝင်ခွန်အားက ပို၍ တိုးပွားလာတော့မည်။
သူသည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။
“ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
“နတ်ဆိုးလူသားတွေကို သတ်ဖို့ နတ်ဆိုး အလောင်းကောင်ကျွန်ကို သုံးမှာလား။ ဟားဟား ... စိတ်ဝင်စားဖို့တော့ ကောင်းပြီကွာ”
အခြားဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံး နတ်ဆိုးများ အချင်းချင်း ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသည်ကို ကြည့်ရှုရန် မစောင့်နိုင်တော့ဟန်ဖြင့် အလွန်အမင်း တက်ကြွလျက် ရှိနေကြသည်။
အလောင်းကောင်ကျွန် ပေါ်လာသည်နှင့် ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်လုံး ခေါင်းထဲ တဝီဝီဖြစ်သွားသလို ခံစားလိုက်ရသည်။
ဖိနှိပ်နိုင်သော ချီဓာတ်ကို ထုတ်လွှတ်နေသည့် ထိုအလောင်းကောင်ကျွန်အား သူတို့အားလုံး ငေးကြည့်နေမိသည်။
*အလောင်းကောင်ကျွန်*
*နတ်ဆိုး*
*သူက နတ်ဆိုးအိုကြီး ဘက်ခါပါလား*
CHAPTER 402 ဒီနေ့ မင်းတို့ မင်းတို့အကြွေးကို ပြန်ဆပ်ရမယ်
*ဘက်ခါ*
ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်လုံးသည် ထိုအလောင်းကောင်ကျွန်ကို မြင်သည်နှင့် သူတို့မျက်လုံးများ နီမြန်းလာသည်။
ကျွီရာက သည်လောက် ရက်စက်စွာ ပြုမူလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။ သူက ဘက်ခါကို အလောင်းကောင်ကျွန် ဖြစ်သွားအောင် ပြုပြင်ထားခဲ့သည်။
“ငါ့အလောင်းကောင်ကျွန် သွားစမ်း၊ သူတို့ကို သတ်ပစ်။ သူတို့ကို တစ်စစီဖြစ်အောင် ခုတ်ပိုင်းပစ်”
ကျွီရာက အမိန့်ပေးလိုက်သည်။ သူ့အသံတွင် မှော်ပညာများ သယ်ဆောင်ထားပုံရသည်။ သူ့အသံကို ကြားသည်နှင့် အလောင်းကောင်ကျွန်၏ မွဲခြောက်ခြောက် မျက်လုံးများက ရုတ်ချည်းဆိုသလို တောက်ပလာ၏။
ဒုန်း!
ထို့နောက် သူက ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်ထံသို့ တစ်လှမ်းချင်းလှမ်း၍ လျှောက်လာသည်။
အလောင်းကောင်ကျွန်သည် အလွန် သန်မာလှသည်။ သူ၏ အပေါ်ပိုင်း လှစ်ဟထားသော ရင်အုံ၌ ကြွက်သားများနှင့် အရွတ်များ အမြောင်းမြောင်း ထလျက်ရှိသည်။ သူသည် ဂြိုဟ်တစ်ခုလုံးအား လက်သီးတစ်ချက်ဖြင့် ပေါက်ကွဲအောင် လုပ်နိုင်ပုံရသည်။
သူသည် သန်မာ၍ အန္တရာယ်များသော ချီဓာတ်များကို ထုတ်လွှတ်နေ၏။ ဤမြင်ကွင်းကို ကြည့်ပြီး ကူးယန်နှင့် ကူးထျန်းတို့ အလွန် တက်ကြွလာကြသည်။
*အဲ့အလောင်းကောင်ကျွန်က နတ်ဘုရား ဆရာသခင် အလယ်အလတ်အဆင့်ကို ရောက်နေပြီ။ သူက ယဲ့ဖန်နဲ့ နတ်ဆိုး ရှစ်ကောင်လုံးကို သတ်ပစ်နိုင်မှာပဲ*
*သွားသေလိုက်တော့။ နောက်ဆုံးတော့ မင်း သေတော့မှာပဲ။ ဟားဟား …*
ကူးထျန်းနှင့် ကူးယန်တို့ နှစ်ယောက်လုံး ယဲ့ဖန်ကို အလွန် ကြောက်လန့်ကာ မုန်းတီးကြသည်။ သို့သော် ယခုအချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြသည်။
ဘက်ခါ ချဉ်းကပ်လာလေလေ ယဲ့ဖန်နှင့် နတ်ဆိုးရှစ်ကောင်တို့က ပိုပို၍ စိတ်ထိခိုက်လာလေ ဖြစ်နေသည်။
“ဘက်ခါ၊ ဘက်ခါ …”
ယဲ့ဖန်က သူ့နာမည်အား သူ၏ ညီအစ်ကိုနှင့် မိသားစုဝင် တစ်ယောက်အား ခေါ်ဝေါ်နေသကဲ့သို့ တိမ်ဝင်နေသော အသံနှင့် ခေါ်နေသည်။
“သွားသေလိုက်တော့”
သို့သော် ဘက်ခါက ယဲ့ဖန်၏ စကားလုံးများကို နားမလည်ဟန်ဖြင့် ရုတ်တရက် ပန်းအိုးတစ်အိုးစာ အရွယ်အစားရှိသည့် သူ၏ လက်သီးကို မြှောက်၍ ယဲ့ဖန်အား ထိုးနှက်ရန် ပြင်လာသည်။
ဝုန်းခနဲ အသံနှင့်အတူ သူ၏ လက်သီးချက်က ဖိနှိပ်နိုင်သော ချီဓာတ်နှင့်အတူ ယဲ့ဖန်ထံသို့ နီးကပ်လာသည်။
ဤလက်သီးချက်ကြောင့် နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့်သို့ ရောက်နေသောသူတောင်မှ အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။
နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့်သို့ မရောက်သေးသူများအားလုံး သေသွားပေလိမ့်မည်။
“သခင်ကြီး”
နတ်ဆိုးရှစ်ကောင်၊ ကူးဖုန်းနှင့် အခြား နတ်ဘုရား သေနာပတိအဆင့် အယောက်ငါးဆယ်လုံး ကြောက်လန့်သွားကြသည်။
သူတို့အားလုံး ယဲ့ဖန်အား အဝေးသို့ ဆွဲထုတ်ရန် ကြံစည်လာသည်။ သို့သော် ယဲ့ဖန်က ထင်းရှူးပင်အိုကြီးကဲ့သို့ မတ်မတ်ရပ်မြဲ ရပ်နေ၏။
ဘက်ခါ၏ မျက်လုံးကို စိုက်ကြည့်ရင်း သူက ဟစ်အော်လိုက်သည်။
“ဘက်ခါ၊ မင်းရဲ့ ညီအစ်ကိုတွေက ဘယ်သူလဲ။ မင်းရဲ့ ယုံကြည်ရာတွေက ဘယ်မှာ ရှိနေသလဲ”
“မင်းက … နတ်ဆိုးတစ်ကောင်ပဲ”
ဝုန်း!
ယဲ့ဖန်၏ အသံက ဖိနှိပ်နိုင်သော အသံလှိုင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်သွားပြီး လေထုအား ထိုးခွင်းသွားသည်။ လေပြင်းတိုက်နေသကဲ့သို့ ထင်မှတ်မှားရသည်။
ထိုအသံကို ဘက်ခါ ကြားလိုက်ရပြီးနောက် သူ၏ သံလက်သီးက ရုတ်တရက် ယဲ့ဖန်၏ မျက်နှာရှေ့ တည့်တည့်၌ ရပ်တန့်သွားသည်။
တစ်လက်မအလို။ တကယ်ကို တစ်လက်မလောက်သာ လိုတော့သည်။
“ညီ … ညီအစ်ကို …”
“ယုံ … ယုံကြည်ရာ …”
ဘက်ခါက မပီမပြင်ဖြင့် ရေရွတ်လာသည်။ သူ၏ မွဲခြောက်ခြောက် မျက်လုံးများက ထူးကဲသော အလင်းများဖြင့် လင်းလက်လို့လာသည်။ ထို့နောက် သူက ဆက်၍ ရေရွတ်နေသည်။
“နတ်ဆိုး … တော်တော် … တော်တော်လေး ရင်းနှီးသလိုပဲ …”
ဘက်ခါ တစ်ကိုယ်လုံး စိုးရွံ့စိတ်ကြောင့် တုန်လှုပ်နေသည်။
‘နတ်ဆိုး’ ဟူသော စကားလုံးက သူ၏ အသွေးအသားတွင်းရှိ နက်ရှိုင်းသော တည်ရှိနေသော တစ်စုံတစ်ရာကို ထိမှန်သွားသလိုပင်။
ဤသည်ကိုကြည့်ပြီး ကျွီရာ၏ မျက်နှာတွင် ဒေါသစိတ်များ ပြည့်နှက်လာကာ သူ ဟစ်အော်လိုက်သည်။
“ချီးတဲ့မှပဲ။ ဒီ … ဒီကောင် ဘာဖြစ်နေတာလဲ”
ကျွီရာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ သူ၏ အလောင်းကောင်ကျွန်က ဝိညာဉ်မရှိသလို သူ၏ ထိန်းချုပ်မှုအောက်၌ လုံးဝ ရှိနေသည် ဖြစ်သည်။
သို့သော် ရုတ်တရက် တိုက်ဆိုင်မှုတစ်ခု ဖြစ်ပွားလာခဲ့လေသည်။
“အလောင်းကောင်ကျွန် မင်း ဘာလုပ်နေတာလဲ။ သူ့ကို သတ်လေ။ သူက မင်းရန်သူပဲ။ သူ့ကို တစ်စစီ ခုတ်ပိုင်းပစ်လိုက်”
ကျွီရာ ဒေါသတကြီး ကြုံးဝါးနေသည်။ သို့သော် ဘက်ခါသည် သူ၏ စကားများကို လျစ်လျူရှုထားပုံ ပေါ်နေပြီး သူ၏ မွဲခြောက်ခြောက် မျက်လုံးများ၌ မျက်ရည်များဖြင့် ပြည့်နှက်လာသည်။
သူ ဘာကြောင့်မှန်းမသိ ငိုနေမိသည်။ သို့သော် ‘နတ်ဆိုး’ ဟူသော စကားလုံးကို ကြားသည်နှင့် သူ မငိုဘဲ မနေနိုင်ပေ။
“လူတစ်ယောက်က … ကျုပ်ကို တစ်ချိန်က ပြောခဲ့ဖူးတယ် … သူက ကျုပ်နဲ့ ညီအစ်ကို ဖြစ်ချင်တယ်တဲ့ …”
“အဲ့လူက … ကျုပ်ကို ငရဲကနေ ကယ်ခဲ့ပုံပဲ။ သူက ကျုပ်တို့ရန်သူတွေကို သတ်ဖို့အတွက် ဂြိုဟ်ပေါင်းများစွာကို ကျုပ်နဲ့အတူ ခရီးဆန့်ခဲ့တယ်”
“ကျုပ်တို့ သွားတဲ့နေရာတိုင်းမှာ သူ ပိုပြီး သန်မာလာတာကို ကျုပ် မြင်ခဲ့ရတယ်”
“သူ … ကျုပ်ရဲ့ ညီအစ်ကို ဖြစ်လာတယ် ပြီးတော့ ကျုပ်ရဲ့ ယုံကြည်ရာလည်း ဖြစ်လာခဲ့တယ်”
“သူ့နာမည်က …”
ဘက်ခါ ရုတ်တရက် ဆစ်ခနဲ ခေါင်းကိုက်လာသည်။ လက်မောင်းနှစ်ဘက်ကို ခေါင်းပေါ်မြှောက်၍ သူ့ခေါင်းအား အရူးအမူး ထုနှက်နေသည်။ ထိုသူ၏ နာမည်ကို သူ မှတ်မိရန် ကြိုးစားနေသော်လည်း သူ မတတ်နိုင်ပေ။
ဘုန်း!
သူ့ဦးခေါင်းကို ရိုက်နှက်နေပြီးနောက် သူ့မျက်လုံးများ လင်းလက်လာကာ ရုတ်တရက် ထိုသူ၏ နာမည်ကို သူ ပြန်မှတ်မိသွားသည်။
“သူက ယဲ့ဖန်ပဲ”
ထို့နောက် ဘက်ခါသည် လူတစ်ယောက်၏ ပြန်အလာကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသကဲ့သို့ ယဲ့ဖန်ကို စိုက်ကြည့်ရင်း တုန်ယင်လာသည်။ နှစ်ပေါင်းများစွာ ထိန်းချုပ်ခံနေရပြီးနောက် သူသည် သူ၏ စွဲလမ်းမှုအား ဖွင့်ထုတ်နိုင်လာခဲ့သည်။
“မင်းက ငါ့သခင်ကြီး ဖြစ်ပြီးတော့ ငါ့ညီဖြစ်တဲ့ … ယဲ့ဖန်ပဲ”
သူ့စကားကို ကြားပြီးနောက် ကျွီရာနှင့် အခြား ဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။
*မဖြစ်နိုင်ဘူး*
*စိတ်ဝိညာဉ်မရှိတဲ့ အလောင်းကောင်ကျွန်က သူ့အသိစိတ်ကို ပြန်ရလာတာလား*
ထို့ကြောင့် သူတို့ စိုးရိမ်စိတ် ဝင်လာကြသည်။
“မျိုးမစစ်ကောင်၊ သူ့ကိုတားကြ။ မဟုတ်ရင် ကျုပ်တို့ ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မယ်”
သူက အခြားဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံးကို ချက်ချင်း သတိပေးလိုက်သည်။ ကျွီရာ၏ စကားကို ကြားသည်နှင့် ဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံး ပြင်းထန်သည့် ချီဓာတ်များကို ထုတ်လွှတ် လိုက်ကြသည်။
“သွားသေလိုက်တော့”
ထိုသို့ပြောပြီး ဂြိုဟ်ခေါင်းဆောင်လေးယောက်လုံးသည် ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များထံသို့ ကြမ်းကြုတ်သော ကျားများသဖွယ် ပြေးဝင်လာကြသည်။ သူတို့သည် လျှပ်စီးကဲ့သို့နှုန်းဖြင့် လှုပ်ရှားလာသည်။
သူတို့၏ ချီဓာတ်များက တဖြည်းဖြည်းနှင့် နီးကပ်လာသည်။ သို့သော် ကျွီရာ အနားသို့ နီးကပ်လာသည်နှင့် နတ်ဆိုးအိုကြီး ဘက်ခါ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
ထို့နောက် သူက တစ်ဘက်လှည့်၍ ကျွီရာအား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဝုန်း!
ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုနှင့်အတူ ကျွီရာသည် နောက်သို့ ငါးမီတာ၊ ခြောက်မီတာခန့် လွင့်ထွက်သွားပြီး သူ၏ ခြေထောက်များကြောင့် ကြမ်းပြင်၌ မြောင်းကဲ့သို့ စင်းကြောင်းနှစ်ခု ဖြစ်လာရ၏။
ထို့နောက် ကျွီရာသည် ထိတ်လန့်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သောက်အလောင်းကောင်ကျွန်၊ မင်း ... မင်းကများ ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ”
ကျွီရာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပေ။ ဘက်ခါ၌ စိတ်ဝိညာဉ် မရှိတော့သော်လည်း သူ၏ အသွေးအသားထဲ၌ သူ၏ မှာတ်ဉာဏ်များ ကျန်ရစ်နေသည်။
မယုံနိုင်စရာ ကောင်းလှပေ၏။
လူတစ်ယောက်က ထိုမျှ ပြင်းထန်သော မှတ်ဉာဏ်မျိုးကို စိတ်ထဲ မြဲနေအောင် မှတ်ထားမှသာ ယခုကဲ့သို့ ဖြစ်လာနိုင်မှန်း သိလိုက်သည်။
ယဲ့ဖန်သည် ဘက်ခါ၏ အသိစိတ်အား လှုပ်နှိုးလိုက်သည့်သူ ဖြစ်သည်။ ကျွီရာ၏ ကြုံးဝါးသံကို ကြားပြီး နတ်ဆိုးအိုကြီး ဘက်ခါက ခက်ထန်သော အကြည့်များဖြင့် ပြောလာသည်။
“ငါ့ညီကို ထိခိုက်အောင် လုပ်ရဲတဲ့ ဘယ်သူမဆို သေကိုသေရမယ်”
*မျိုးမစစ်ကောင်*
ဘက်ခါ၏ စကားကြောင့် ကျွီရာ၏ မျက်နှာက မည်းမှောင်သွားသည်။ ကျွီရာက ယဲ့ဖန်အား အလွန်မုန်းတီးစွာ စိုက်ကြည့်နေမိသည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူ၏ အလောင်းကောင်ကျွန်သည် ဘယ်သောအခါမှ မှတ်ဉာဏ်များ နိုးထလာမည် မဟုတ်ပေ။
ထို့နောက် ကျွီရာသည် တစ်ဟုန်ထိုး တိုးပွားလာသည့်ချီဓာတ်များဖြင့် မာန်မဲလာသည်။
“နတ်ဆိုးငယ်လေး မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ထိုသို့ပြောပြီး ကျွီရာက ဘက်ခါကို လှစ်ခနဲ ကျော်ဖြတ်လိုက်ပြီး ယဲ့ဖန်အား သူ၏ ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်သည့် နတ်ဘုရားအဆင့် လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း!
ပြင်းထန်လှသည်။ ကြမ်းကြုတ်လှ၏။
ပြင်းထန်သော လက်သီးချက်က မြေကြီးကိုတောင် နိမ့်ဝင်သွားစေသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ကူးယန်နှင့် ကူးထျန်းတို့က တုန်ယင်စွာဖြင့် ကြုံးဝါးလာကြသည်။
“နောက်ဆုံးတော့ ဒီလိုအချိန်မျိုး ရောက်လာပြီပဲ”
ယခုအချိန်တွင် ကူးယန်နှင့် ကူးထျန်းတို့ နှစ်ယောက်လုံးသည် ထိုလက်သီးချက်ကြောင့် ယဲ့ဖန် ပေါက်ကွဲသွားပြီဟု ထင်မှတ်ကာ စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်လာကြသည်။
ရွှစ်!
ထိုစဉ် ကျွီရာ၏ သံလက်သီးက လေထဲ လွင့်ထွက်လာပြီး သွေးများ ပန်းထွက်လာသည်ကို မြင်လိုက်ရသဖြင့် ကူးယန်နှင့် ကူးယန်တို့၏ လှောင်ပြောင်သံများ ရပ်တန့်သွားသည်။
ထို့နောက် ယဲ့ဖန်၏ လက်ထဲ၌ ဧရာမ အနက်ရောင် ဓားတစ်လက် ရှိနေသည်ကို သူတို့ သတိထားမိသွားသည်။
ထိုဓား၏ ရွှေအိုရောင် လက်ကိုင်၌ ‘ကောင်းကင်ဘုံ’ ဟူသော ထူးဆန်းသည့် စကားလုံးကို ရေးထွင်းထားသည်။
ထိုအနက်ရောင်ဓားသည် များစွာသော ပုရွက်ဆိတ်များ၏ ချွန်ထက်သည့် လက်သည်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းလိုက်သည့် လက်နက်ပါတကား။
“အား...အား...အား”
ကျွီရာ တတ်နိုင်သမျှ မြန်မြန် နောက်သို့ ဆုတ်နေမိသည်။ သူ၏ သံလက်သီးသည် လက်ကောက်ဝတ်မှ နေ၍ ပြတ်ထွက်သွားသဖြင့် သူ့မျက်နှာ၌ မယုံနိုင်ဟန်များ ဖုံးလွှမ်းနေသည်။
“အဲ့ ... အဲ့ဒါ ဘယ်လိုဓားမျိုးလဲ”
ကျွီရာ ကိုယ့်မျက်လုံးပင် ကိုယ် မယုံနိုင်ချေ။
ကောင်းကင်လက်နက်များတောင်မှ နတ်ဘုရား အရှင်သခင် အလယ်အလတ်အဆင့်၏ အရေပြားကို ထိခိုက်အောင် မလုပ်နိုင်ပေ။
သို့သော် သူ၏ လက်သည် ထိုဧရာမ ပုရွက်ဆိတ်ဓားကြောင့် အလွယ်တကူ ပြတ်ထွက်သွားရသည်။ ထို့ကြောင့် ထိုအချက်ကို ကျွီရာ လက်သင့်မခံနိုင်ချေ။
သို့သော် ဤသည်ကား အစသာ ရှိချေသေးသည်။
ရုတ်တရက် ယဲ့ဖန်က ရှေ့သို့ တက်လာပြီး ကြမ်းကြုတ်သည့် ချီဓာတ်များဖြင့် ဟစ်အော်လိုက်သည်။
“ဒီနေ့ မင်းရဲ့သွေးကြွေးကို မင်း ပြန်ဆပ်ရမယ်”
“မင်း အဆင်သင့်ဖြစ်ပြီလား”