အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
CHAPTER 403 ဒါ အစပဲ ရှိသေးတယ်
“မင်း အဆင်သင့်ဖြစ်ပြီလား”
ယဲ့ဖန်၏ စကားကြောင့် ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံး သုန်မှုန်သွားကြသည်။
“သောက်နတ်ဆိုးငယ်လေး၊ မင်းကို ငါ သတ်ပစ်မယ်”
ကျွီရာသည် ယဲ့ဖန်အား အလွန်မုန်းတီးနေသည်။ ယဲ့ဖန်က သူ၏ အလောင်းကောင်ကျွန်အား နိုးထလာအောင် လုပ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။ ယဲ့ဖန်က သူ၏ သံလက်သီးကိုတောင်မှ ဖြတ်ပစ်လိုက်သေးသည်။
အလွန်ရှက်ဖို့ကောင်းလိုက်လေခြင်း။
“နောင်တော်တို့ ခင်ဗျားတို့ ခွန်အားကို အကုန်သုံးကြပါ။ ဒီနတ်ဆိုးတွေက သန်မာလွန်းတယ်။ ကျုပ်တို့ အခု သူတို့ကို သတ်ပစ်မှ ဖြစ်မယ်”
ကျွီရာက အခြား ဂြိုဟ်ခေါင်းဆောင် သုံးယောက်အား သတိပေးလိုက်သည်။
ချွင်! ချွင်! ချွင်!
ထို့နောက် လေးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်၍ သူတို့၏ လက်နက်များကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ကြသည်။
သူတို့၏ လက်နက်များသည် ထိပ်တန်း အရည်အသွေးရှိသည့် ကောင်းကင်လက်နက်များပင် ဖြစ်သည်။ ထို့အတူ သူတို့၏ ကောင်းကင်လက်နက်များမှ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များ ထွက်ပေါ်နေသဖြင့် အခြားသူများ ကြောက်လန့်ကာ တုန်ယင်သွားကြ၏။
“သွားသေလိုက်”
ဂြိုဟ်ခေါင်းဆောင် လေးယောက်သည် ယဲ့ဖန်နှင့် နတ်ဆိုး ရှစ်ကောင်အား ပြင်ဆင်ချိန် မပေးချေ။ သူတို့ ချက်ချင်း လေထဲသို့ လွှားခနဲ ပျံဝဲ၍ ယဲ့ဖန်နှင့် သူ့နောက်လိုက်များထံသို့ ခုန်ဝင်လာကြသည်။
ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံးတွင် ဖိနှိပ်ချုပ်ခြယ်နိုင်သော ချီဓာတ်များ ပါဝင်နေသည်။ သို့သော် ယဲ့ဖန်၊ နတ်ဆိုးရှစ်ကောင်နှင့် နတ်ဆိုးအိုကြီး ဘက်ခါတို့သည် ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံး၏ တိုက်ကွက်များကို လုံးဝ မကြောက်ရွံ့ပေ။
သူတို့အားလုံးသည်လည်း ဂြိုဟ်ခေါင်းဆောင်လေးယောက်ထံသို့ ပြေးတက်သွားကြသည်။
ခမ်းဂလန်ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်နှင့် တစ်ဖက်မှ ကူးဖုန်းနှင့် နတ်ဆိုးလေးကောင်တို့။
မီးခြင်္သေ့ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်နှင့် တစ်ဖက်မှ နတ်ဆိုးသုံးကောင်နှင့် လက်ခြောက်ချောင်း နတ်ဆိုး။
ဥဒေါင်းဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်နှင့် နတ်ဆိုးအိုကြီး ဘက်ခါ။
ကျွီရာဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်နှင့် ယဲ့ဖန်။
သိုင်းပညာရှင် ဆယ့်ငါးယောက်တို့က လေးဖွဲ့ခွဲ၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
ချက်ချင်းဆိုသိုပင် လျှပ်စီးတန်းများဖြင့် ပြည့်နှက်လာကာ အိမ်နှင့် နံရံများ ပြိုလဲပျက်စီးသွားသည်။ ရှုပ်ပွလို့နေလေသည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
သိုင်းပညာရှင် ဆယ့်ငါးယောက် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို ကြည့်ပြီး ကူးရှုံး၊ ကူးမိန်၊ ကူးယန်နှင့် ကူးထျန်းတို့ ဖြူဖတ်ဖြူရော် ဖြစ်နေကြသည်။
ယခင်တုန်းက ကူးယန်သည် သူ့ထက် သိုင်းအဆင့် လေးဆင့်မြင့်သော နတ်ဘုရား သေနာပတိအဆင့်မှ လူတစ်ယောက်ကို သတ်နိုင်ခဲ့သဖြင့် သူသည်သာ ကူးလန်ဂြိုဟ်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ယခုအခါတွင် နတ်ဘုရား တပည့် အထွတ်အထိပ်အဆင့်သာ ရှိသော ယဲ့ဖန်က နတ်ဘုရား အရှင်သခင် အလယ်အလတ်အဆင့် ရှိသော ဂြိုဟ်ခေါင်းဆောင် ကျွီရာအား ဖိနှိပ်နိုင်သော ပုံစံဖြင့် အနိုင်ယူထားနိုင်သည်ကို သူ သတိပြုလိုက်မိသည်။
“အဲ့ကောင်က … လူ မဟုတ်ဘူး”
ကြောက်စိတ်ကြောင့် ကူးယန် ရင်တုန်နေကာ မျက်ခုံး တလှုပ်လှုပ် ဖြစ်နေသည်။ ထို့အတူ သူ့နဖူးမှ ချွေးများ စီးကျလျက်ရှိသည်။
ယဲ့ဖန်ရှေ့တွင် သူ့ကိုယ်သူ အမှိုက်သဖွယ် ခံစားလိုက်မိသည်။
ရွှစ်!
ထိုစဉ် ယဲ့ဖန်၏ ဧရာမ ပုရွက်ဆိတ်ဓားက ကျွီရာ၏ ကောင်းကင်လက်နက်အား တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လာသည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
ကောင်းကင်လက်နက်၏ ကျိုးပဲ့သွားသော အပိုင်းအစများက လေထဲ လွင့်စဉ်လာသည်။ သို့သော် ဓား၏ အရှိန်က ရပ်မသွားချေ၊ ထိုအစား ဧရာမ ပုရွက်ဆိတ်ဓားက ကျွီရာ၏ ပခုံးအား ပြင်းထန်စွာ ခုတ်ပိုင်းလာသည်။
“မဖြစ်ဘူး”
ကျွီရာ ကြောက်စိတ်မွှန်လာသည်။ ထို့နောက် သူ အလောတကြီး ရှောင်တိမ်းလိုက်သည်။
ဝှစ်!
သူ၏ သွေးစက်များက လေထဲ ပျံ့နှံ့သွားသည်။ သူ၏ လက်မောင်းတစ်ဖက်သည် ပခုံးအထိ ပြတ်ထွက်သွားပြီး သူ၏ အလွန် ဖြူရော်နေသော လက်ပြင်ရိုးက ထင်းခနဲ ပေါ်လာသည်။
ထို့အတူ သူ့ဒဏ်ရာမှ သွေးများ တတောက်တောက်ကျနေသည်။ ထို့ကြောင့် ကျွီရာသည် နာကျင်မှုကြောင့် ရူးမတတ် ဖြစ်လို့နေ၏။
“နတ်ဆိုး၊ သောက်နတ်ဆိုးငယ်လေး”
ကျွီရာ အသိစိတ် လွတ်မတတ် ဖြစ်နေသည်။ နတ်ဘုရား တပည့်အဆင့်ထံ၌ ရှုံးသွားခြင်းက သူ့အတွက် အရှက်ကြီးရှက်ဖို့ ကောင်းလှသည်။ ယဲ့ဖန်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားပြီးနောက် သူ၏ တိုက်ပွဲကို အမြင်သည်လည်း ကပြောင်းကပြန် ဖြစ်သွားသည်။
“ငါ မင်းကို သတ်မယ်”
ကျွီရာသည် စူးရဲသော မျက်လုံးများဖြင့် ကြုံးဝါးလာသည်။ ထို့နောက် သူသည် ရုတ်တရက် သူ၏ အတွင်းအိတ်ကပ်ထဲမှ ဆေးလုံးတစ်လုံးကို ယူ၍ စားလိုက်သည်။
ဆေးကို စားလိုက်ပြီးနောက် သူ၏ နတ်ဘုရားအဆင့် စွမ်းအားများ ခန္ဓာကိုယ်တွင်း၌ တိုးပွားလာသည်ကို ကျွီရာ ခံစားလိုက်မိသည်။
ရုတ်တရက် သူ့ကိုယ်တွင်းမှ အောရှရှ ခေါင်းလောင်းသံကို သူ ကြားလိုက်ရသည်။ ထို့နောက် သူ၏ ချီဓာတ်များ တိုးပွားလာသည်။
နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့်။
ယခုအချိန်တွင် ကျွီရာသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ပြတ်သွားသော သံလက်သီးသည် သူ၏ လက်ကောက်ဝတ်မှ ပြန်ပေါက်လာသည်။
ထို့အတူ သူ့ပခုံးမှ ပျက်စီးသွားသော အရိုးများနှင့် အသားများသည်လည်း စတင်၍ ပြန်လည်ကောင်းမွန်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ တိုက်ပွဲဝင်ခွန်အားက နတ်ဘုရား အရှင်သခင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်။
“သေစမ်း”
သူ၏ မြန်ဆန်လှသော ခွန်အား တိုးပွားမှုကို ကြည့်ပြီး ကူးဖုန်း ထိတ်လန့်ကာ ယဲ့ဖန်အား သတိပေးလိုက်သည်။
“သခင်ကြီး သတိထားပါ။ ကျွီရာက နတ်ဘုရားသတ် ဆေးလုံးကို စားလိုက်ပြီ”
နတ်ဘုရားသတ် ဆေးလုံးသည် နတ်ဘုရား အရှင်သခင်များအတွက် အလွန် အဖိုးထိုက်တန်သော မှော်ဝင်ဆေးလုံး ဖြစ်သည်။
ထိုဆေးလုံးသည် နတ်ဘုရား အရှင်သခင်အဆင့်များအား ပိုမြင့်သော အဆင့်သို့ တစ်ခဏတွင်း တက်ရောက်အောင် ကူညီပေးနိုင်ရုံသာမက သူတို့၏ ဒဏ်ရာများကို ကုသပေး၍ သူတို့၏ အသားများကို ပြန်လည် ကြီးထွားလာစေသည်။
အခြားဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံး အားကျမိသွားသည်။ ကျွီရာ၌ ဤမျှ ကြီးမားသော ဝှက်ဖဲတစ်ချပ် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိပါ။
“သောက်ခွေးမသားလေး၊ မင်း သေရမယ်ကွ”
ကျွီရာက နိုင်လိုမင်းထက် ပြုမူလိုဟန်ဖြင့် ကြုံးဝါးလိုက်သည်။ ခန့်မှန်းမရနိုင်လောက်အောင် သန်မာနေသည်ဟု သူ ခံစားနေမိသည်။
ဝုန်း!
ရုတ်တရက် သူသည် အသစ်ပြန်ပေါက်လာသော သံလက်သီးဖြင့် ယဲ့ဖန်အား အားနှင့် ထိုးလိုက်သည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
တိုက်ပွဲပတ်လည်မှ လေထုသည် ကျိုးပဲ့သံများဖြင့် ပဲ့တင်ထပ်နေသည်။ ကျွီရာ၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးကြောင့် အနီးအနားမှ အိမ်များ ချက်ချင်း ပြာကျကာ ပျောက်ကွယ်သွားသည်။
ထို့အပြင် အလွန် ရက်စက်ပြင်းထန်သော စွမ်းအင်တစ်ခုက ယဲ့ဖန်၏ ဧရာမ ပုရွက်ဆိတ်ဓားအား ထိမှန်လာသည်။
ဂျွတ်!
ဧရာမ ပုရွက်ဆိတ်ဓားသည် ထိုမျှ ပြင်းထန်သော စွမ်းအင်အား မခုခံနိုင်ဟန်ဖြင့် ချက်ချင်း ပြိုပျက်သွားပြီး သေးငယ်သော ပုရွက်ဆိတ်များအဖြစ် အသွင်ပြောင်းကာ လေထဲ၌ ယိုင်တိယိုင်တိုင် ဖြစ်နေကြသည်။
သို့သော် တိုက်ပွဲကား မပြီးသေးချေ။
ဝုန်း! ဝုန်း!
လေထုသည် ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံများဖြင့် ပြည့်နှက်လာသည်။ ထို့နောက် ကျွီရာသည် ယဲ့ဖန်၏ ရင်ဘတ်အား အားနှင့် ထိုးနှက်လိုက်သည်။
ဝုန်း!
ယဲ့ဖန်တစ်ယောက် မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။ ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်သို့ ဆယ်မီတာမက လွင့်ထွက်သွားပြီး ပြန်ပြုတ်ကျလာ သွေးတစ်လုပ် အန်သွားရသည်။
ထို့အပြင် ကောင်းကင်လက်နက်များထက်တောင်မှ ပို၍ မာကြောသော သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ပြည့်နှက်လာသည်။ ထိုဒဏ်ရာများမှ သွေးများက တစိမ့်စိမ့် စီးကျနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်သည် သွေးအလိမ်းလိမ်းနှင့် ဖြစ်သွားရသည်။
“အစ်ကိုယဲ့”
ကူးမိန်သည် ထိတ်ထိတ်ပျာပျာ ဖြစ်နေသလို သူမနှင့် ကူးရှုံးတို့သည်လည်း ထိတ်လန့်နေကြသည်။
ကူးဖုန်းနှင့် နတ်ဆိုးရှစ်ကောင်လုံး ကြောက်လန့်တကြား ဖြစ်သွားသည်။
“သခင်ကြီး”
သို့သော် သူတို့ သတိလွတ်သွားချိန်တွင် အခြားဂြိုဟ်ခေါင်းဆောင် သုံးယောက်က ထိုအခွင့်အရေးကို အသုံးချ၍ နတ်ဆိုးများအား တိုက်ခိုက်လာသည်။
ခမ်းဂလန်ဂြိုဟ်ခေါင်းဆောင်က ကူးဖုန်းနှင့် နတ်ဆိုးလေးကောင်အား တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် လုပ်ခဲ့သည်။
မီးခြင်္သေ့ဂြိုဟ်ခေါင်းဆောင်က လက်ခြောက်ချောင်း နတ်ဆိုးနှင့် အခြားနတ်ဆိုးသုံးကောင်ကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
ဥဒေါင်းဂြိုဟ်ခေါင်းဆောင်က နတ်ဆိုးအိုကြီး ဘက်ခါအား တစ်ချက်တည်းဖြင့် ကြမ်းတမ်းစွာ ခုတ်ပိုင်းလိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
ခန္ဓာကိုယ်များ မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။ ထိတ်လန့်စရာ ကောင်းလှသည်။
ကူးရှုံးနှင့် ကူးမိန်တို့နှစ်ယောက်လုံး မျက်နှာများ ပြာနှမ်းလာကာ မျှော်လင့်ချက်များ ပျက်ပြယ်ကုန်သည်။
*ငါတို့တော့ ပွဲသိမ်းပြီ*
*နတ်ဆိုးအိုကြီးအား သူ့အသိစိတ် လွတ်မလို ဖြစ်နေပြီ*
*နတ်ဆိုးရှစ်ကောင်ကလည်း မြေကြီးပေါ်ကနေ ပြန်မနိုင်လောက်တော့ဘူး*
သူတို့၏ ခွန်အားများသည် ယခင်ကထက် ပို၍ အားနည်းနေသည်။ ဒဏ်ရာ အပြင်းအထန် ရပြီးနောက် သူတို့ သေလုနီးပါး ဖြစ်သွားကြသည်။
ထိုစဉ် ဂြိုဟ်ခေါင်းဆောင် လေးယောက်က ပြိုင်တူ တက်လာကြသည်။ သူတို့က ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များအား လှောင်ရယ်ကာ ကြည့်နေကြသည်။ ထိုစဉ် သူတို့ထဲမှ တစ်ယောက်က အော်ဟစ်ပြောဆိုလာသည်။
“ဟီးဟီး … နတ်ဆိုးတွေက အားနည်းပါတယ်လို့ ငါတို့ မင်းကို ပြောဖူးသားပဲ။ နတ်ဆိုးတွေ သေကိုသေရမယ်”
“ဟက်၊ နတ်ဆိုးတွေကို ထပ်သတ်ရမယ့် အချိန် ရောက်လာပြီပဲ။ ပျော်စရာ ကောင်းလိုက်တာကွာ”
…
သို့သော် ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံး ယဲ့ဖန်နှင့် သူ့လူများအား မည်သို့ သတ်မလဲဆိုတာကို စဉ်းစားနေစဉ် ခြေသံတစ်သံကို ကြားလိုက်ရသည်။
ထို့နောက် ယဲ့ဖန်က မြေကြီးပေါ်မှ ဖြည်းဖြည်းချင်း ပြန်ထလာနေသည်ကို သူတို့ မြင်လိုက်ရသည်။
“သခင်ကြီး”
နတ်ဆိုးရှစ်ကောင်က ယဲ့ဖန်အား စိတ်ထိခိုက်နေသော မျက်နှာဖြင့် ကြည့်နေကြသည်။
သူတို့ အကျဉ်းချခံထားရသည်ကို မုန်းတီးသလို တစ်နေ့ပြီးတစ်နေ့ သူတို့၏ တိုက်ပွဲဝင်ခွန်အားများ ဆုံးရှုံးလာရသည်ကိုလည်း မုန်းမိသည်။
သူတို့၏ ယုံကြည်ရာကို ကာကွယ်စောင့်ရှောက်ရန်အတွက် သူတို့ အားနည်းလွန်းနေသည်ကိုလည်း သူတို့ မုန်းသည်။
သူတို့မျက်နှာများတွင် အလွန်တရာ အရှက်ရနေဟန်များ ပေါ်လွင်နေသည်။ သူတို့ ဝမ်းနည်း၍ ဒေါသထွက်နေသော်ငြားလည်း ယဲ့ဖန်က အလွန် ရူးသွပ်နေဟန်ဖြင့် ပြောလာသည်။
“မင်းတို့ကိုယ် မင်းတို့ အနိုင်ရသူတွေလို့ ထင်နေတာလား”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ဂြိုဟ်ခေါင်းဆောင် လေးယောက်နှင့် နတ်ဆိုးရှစ်ကောင်လုံး မှင်တက်သွားကြသည်။
သူတို့၏ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလာသည်။
“ငါ့ကလေးတွေ ဒီကိုလာကြ”
“မင်းတို့ ကြီးထွားလာအောင် ငါ့ရဲ့ နတ်ဆိုးသွေးနဲ့ မင်းတို့ကို ငါ ကူညီပေးမယ်”
“မင်းတို့ ရူးမတတ် ကြီးထွားလာအောင် ငါ့ရဲ့ နတ်ဆိုးအသားတွေနဲ့ မင်းတို့ကို ငါ ကူညီမယ်”
ဝီ!
ယဲ့ဖန်၏ စကားကို ကြားလိုက်ရပြီးချိန်တွင် များစွာသော ပုရွက်ဆိတ်များက ယဲ့ဖန်ပေါ်သို့ ပျံတက်လာသည်ကို သူတို့ မြင်လိုက်ရသည်။
CHAPTER 404 လောကသခင် ရောက်ရှိလာခြင်း
ဝီ!
ထိုသို့သော အချိန်၌ အခြားသူများ၏ နားထဲ၌ ဝီခနဲ မြည်သံကို ကြားလိုက်ရသည်။
များစွာသော ပုရွက်ဆိတ်များက ယဲ့ဖန်၏ လက်နှင့် ခြေထောက်များကို ရုတ်တရက် ဖုံးအုပ်လာကြသည်။
ဆယ်ကောင်၊ အကောင်တစ်ရာ၊ အကောင် တစ်ထောင်။
….
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ခြောက်ထောင်ကျော်က ယဲ့ဖန်၏ ခြေလက်များကို လွှမ်းခြုံသွားသည်။
ပုရွက်ဆိတ်တစ်ကောင်ချင်းစီသည် ဆိုးယုတ်၍ ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်နေပြီး ရက်စက်သော ချီဓာတ်များကို ထုတ်လွှတ်နေ၏။
ပုရွက်ဆိတ် အကောင်ခြောက်ထောင်ကျော်ကို စုစည်းထားသဖြင့် သူတို့သည် ငရဲမှ ပုရွက်ဆိတ်များသဖွယ် ဖြစ်နေသည်။
“အဲ့ … အဲ့ဒါတွေက “
ယခင်တုန်းက ကျွီရာနှင့် အခြားဂြိုဟ်ခေါင်းဆောင် သုံးယောက်တို့သည် ယဲ့ဖန်နှင့် သူ့လူများကိုသာ အာရုံစိုက်နေခဲ့သဖြင့် ပုရွက်ဆိတ်များအား အထူးတလည် အရေးစိုက်ခြင်း မရှိခဲ့ချေ။
သို့သော် ထိုပုရွက်ဆိတ်များကို သူတို့ သေချာ လေ့လာကြည့်ချိန်တွင်တော့ သူတို့ ထိတ်လန့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။
“မ … မဖြစ်နိုင်ဘူး။ ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ် … ဝိညာဉ်စား ပုရွက်ဆိတ်တွေ ဒီလောက် အများကြီး ရှိနေရတာလဲ”
ဥဒေါင်းဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်က သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်လာသည်။
ဝိညာဉ်စားပုရွက်ဆိတ်တွေပါလား။
ထိုအခေါ်အဝေါ်သည် အိမ်မက်ဆိုးတစ်ခု ဖြစ်ပုံရပြီး အခြားသူများကို ကြက်သီးတဖြန်းဖြန်းထကာ တုန်ယင်သွားစေခဲ့သည်။
သူတို့သည် စကြဝဠာထဲရှိ သတ္တဝါတိုင်း၏ အိပ်မက်ဆိုး ဖြစ်သည်။
*ဒါပေမယ့် သူတို့က မျိုးသုဉ်းသွားပြီ မဟုတ်ဘူးလား*
*ဘာလို့ သူတို့က ဒီကို ... ရောက်နေရတာလဲ*
ကျွိ! ကျွိ!
ထိုသို့ရှိနေစဉ် ယဲ့ဖန်က ဝိညာဉ်စား ပုရွက်ဆိတ်များအား သူ၏ အသွေးအသားများကို ကျွေးမွေး နေသည်ကို သူတို့ မြင်တွေ့နေရသည်။
ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေ ခြောက်ထောင်ကျော်က ယဲ့ဖန်၏ ခြေလက်များကို အရူးအမူး စားသောက်နေကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အခြားသူတိုင်း မှင်တက်သွားကြသည်။
*ရူးနေပြီ*
သူတို့စိတ်ထဲတွင် ရူးနေသော သူများသာ သူတို့၏ အသွေးအသားများကို ဝိညာဉ်စား ပုရွက်ဆိတ်များအား ကျွေးလိမ့်မည်ဟု တွေးလိုက်မိကြသည်။
*အဲ့ခွေးမသား ဝါးစားခံလိုက်ရမှာကို မကြောက်ဘူးလား*
ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။ သူတို့ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထကာ နောက်သို့ ခပ်သုတ်သုတ် ဆုတ်နေကြသည်။
သူတို့အမြင်တွင် ယဲ့ဖန်သည် အရူးသာ ဖြစ်သည်။
နတ်ဆိုးအိုကြီး ဘက်ခါ၊ နတ်ဆိုးရှစ်ကောင်၊ ကူးဖုန်းနှင့် အခြားသူများအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်လို့နေသည်။
ဖောင်း!
သူတို့ ထိတ်လန့်တုန်လှုပ်နေစဉ် ပုရွက်ဆိတ်အုံထံမှ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် သစ်ကြားသီး အရွယ်အစားရှိသော ပုရွက်ဆိတ်ဘုရင် တစ်ကောင်သည် ယဲ့ဖန်၏ အသွေးအသားကို စားသောက်ပြီးနောက် တုန်လှုပ်လာသည်ကို သူတို့ မြင်လိုက်ရသည်။
ထို့နောက်တွင်မူ ပုရွက်ဆိတ်၏ ခန္ဓာကိုယ်က ရုတ်ချည်း ကြီးထွားလာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုအရာသည် ယခင်ကထက် ပို၍ ကြီးထွားလာသည်။
၎င်း၏ လက်သည်းများက ကောင်းကင်လက်နက်များကဲ့သို့ ချွန်ထက်၍ မာကြောလာသလို ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှင့်လာသဖြင့် လူတိုင်း ကြောက်လန့်ကာ တုန်ယင်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
ပုရွက်ဆိတ်ဘုရင်၏ ဆင့်ကဲပြောင်းလဲမှုအပြီးတွင် အရိုးကွဲမတတ် အေးစက်မှုကို လူတိုင်း ခံစားလိုက်ရသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ဖောင်း! ဖောင်း! ဖောင်း!
ပုရွက်ဆိတ်ဘုရင်၏ ဆင့်ကဲပြောင်းလဲခြင်းသည် ပုရွက်ဆိတ်အုံတစ်ခုလုံး၏ ငရဲမုဒ်ဝကို ဖွင့်ပေးလိုက်ပုံရပြီး ဆင့်ကဲပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာလေသည်။
လေထုထဲတွင် ပဲစေ့များ ထပေါက်သကဲ့သို့သော အသံများ ပဲ့တင်ထပ်နေ၏။ ဝိညာဉ်စား ပုရွက်ဆိတ်များစွာ ရူးချင်စရာကောင်းလှသော နှုန်းဖြင့် ကြီးထွားနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငရဲသား ပုရွက်ဆိတ်အကောင်ရေ ခြောက်ထောင်ကျော်၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များ အပြီးသတ်လို့သွားသည်။
သူတို့အားလုံး အတူတကွ စုစည်းတည်ရှိနေခြင်းက အနက်ရောင်သံမဏိကို တစ်ပုံတစ်ခေါင်းကြီး တွေ့လိုက်ရပုံနှင့် သဏ္ဌာန်တူပြီး အခြားသူများအား သေမတတ် ကြောက်လန့်သွားစေသည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက အဆုံးမသတ်သေးပေ။
ဝီ!
ပုရွက်ဆိတ်များသည် ယဲ့ဖန်၏ ကိုယ်ပေါ်မှ ခွာလာပြီးနောက် လေထဲ၌ စနစ်ကျစွာ လေ့ကျင့်ပေးထားသော နတ်ဆိုးစစ်တပ်ကဲ့သို့ စနစ်ကျစွာ ပျံသန်းနေကြသည်။
ထိုစဉ် ထိုပုရွက်ဆိတ် အကောင်ရေ ခြောက်ထောင်ကျော်က ယဲ့ဖန်အား သူတို့၏ ဘုရင်အား ဦးညွှတ်သကဲ့သို့ ဦးညွှတ်၍ ဂါဝရပြုလာသည်။
ဂြိုဟ်ခေါင်းဆောင် လေးယောက်၊ ကူးယန်နှင့် ကူးထျန်းတို့အားလုံး လိပ်ပြာလွင့်မတ် ထိတ်လန့် သွားကြသည်။
*မ…မဖြစ်နိုင်ဘူး*
*ဝိညာဉ်စား ပုရွက်ဆိတ်အုံက ယဲ့ဖန်ကို ဦးညွှတ်နေတာလား*
*ဒါ…အံ့ဩဖို့ကောင်းလိုက်တာ*
ယခုအချိန်၌ လူတိုင်းသည် သူတို့၏ အမြင်အာရုံများ ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားလိုက်ရသည်။
နတ်ဆိုးအိုကြီး ဘက်ခါ၊ နတ်ဆိုးရှစ်ကောင်၊ ကူးဖုန်း၊ ကူးရှုံးနှင့် ကူးမိန်တို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ယဲ့ဖန်သည် စကြဝဠာ၏ သမိုင်းတစ်လျှောက်တွင် ဝိညာဉ်စား ပုရွက်ဆိတ်များအား အညံ့ခံလာအောင် လုပ်နိုင်သည့် ပထမဆုံးသူပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ယဲ့ဖန်သည် အခြားသူများ၏ အပြုအမူများကို လုံးဝဂရုမစိုက်ပေ။
ထို့နောက် သူက အရိုးများ ထင်းနေသော လက်ဝါးအား ပုရွက်ဆိတ်များထံသို့ ညွှန်၍ အမိန့်ပေးလိုက်သည်။
“သွားကြ၊ ငရဲသား ပုရွက်ဆိတ်တပ်ရဲ့ ဂုဏ်ကျက်သရေကို နတ်ဘုရား အရှင်သခင်တွေရဲ့ သွေးနဲ့ ဖြန်းပက်ကြ”
*ဘာ*
ဂြိုဟ်ခေါင်းဆောင်လေးယောက်လုံးသည် ယဲ့ဖန်၏ စကားကြောင့် မှင်တက်သွားကြသည်။ ထို့နောက် သူတို့ ငေးကြည့်နေစဉ်မှာပင် ပုရွက်ဆိတ်များက သူတို့ရှိရာသို့ ပြေးဝင်လာကြသည်။
ဝုန်းခနဲ အသံနှင့်အတူ ပုရွက်ဆိတ်များက ကောင်းကင်၌ လျင်မြန်သောနှုန်းဖြင့် ဝဲပျံလာသည်။ သူတို့သည် အနက်ရောင် ဥက္ကာခဲများကဲ့သို့ ရုတ်တရက် ကျဆင်းလာသည်။
“သေစမ်း”
ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံး ထိတ်လန့်သွားကြသည်။ သူတို့ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သူတို့ အရှိန်မြှင့်၍ ထွက်ပြေးသော်လည်း ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အရှိန်က ပို၍ လျင်မြန်နေသည်။
လေတိုးသံနှင့်အတူ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်က မီးခြင်္သေ့ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်အား လွှမ်းခြုံသွားလေသည်။
သူတို့သည် သူတို့၏ ချွန်ထက်သော အစွယ်များကို ထုတ်ဖော်၍ သူ၏ အရေပြားအား ကိုက်ဖောက်လေတော့သည်။
ကျွိ! ရွှစ်!
လေထုထဲတွင် ကျယ်လောင်သော ဆွဲဖြဲသံများနှင့် အော်ဟစ်သံများဖြင့် ပြည့်နှက်လို့နေသည်။
“အား…အား…အား…”
မီးခြင်္သေ့ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်သည် အသတ်ခံရနေရသည့် ဝက်တစ်ကောက်ကဲ့သို့ ငယ်သံပါအောင် အော်ဟစ်နေသည်။
သူ၏ နတ်ဘုရားအဆင့် ခန္ဓာကိုယ်သည် တစ်စစီ ဝါးစားခံနေရပြီး သူ၏ စိတ်ဝိညာဉ်သည်လည်း ဆွဲဆုတ်ခံနေရသည်။
စိတ်ဝိညာဉ်၌ ဖြစ်တည်နေသော နာကျင်မှုက သူ့အား ရူးမတတ် ဖြစ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ခမ်းဂလန်ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်သည် ကောင်းကင်ပေါ်သို့ ပျံပြေးနေစဉ် အနက်ရောင်မြူက သူ့အား ဖုံးလွှမ်းသွားသည်။
တုံ့ဆိုင်းခြင်း အလျင်းမရှိဘဲ သူသည် သူ၏ ခွန်အားအကုန် ထုတ်ဖော်၍ သူ့ဦးခေါင်းအထက် ပတ်လည်အား တိုက်ခိုက်လိုက်သည်။
ဝုန်း! ဝုန်း! ဝုန်း!
ရုတ်တရက် ဝိညာဉ်စား ပုရွက်ဆိတ် အကောင် တစ်ရာကျော် လွင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်က သူ့အား ချက်ချင်း ဖုံးအုပ်လိုက်သည်။
လေထုထဲတွင် အော်ဟစ်သံများဖြင့် ပြည့်နှက်လာသည်။ ထို့အတူ သွေးမိုးများ ပြင်းထန်စွာ ရွာကျလာ၏။
နတ်ဘုရားများ၏ ကျိန်စာလေလားဟု မှတ်ရသည်။ ကြောက်မက်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
ဆန့်ကျင်ဘက် ခပ်လှမ်းလှမ်းနေရာ၌ ဥဒေါင်းဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်သည် ဝိညာဉ်စား ပုရွက်ဆိတ်အကောင် တစ်ထောင်ဖြင့် ပြင်းထန်သော တိုက်ပွဲအား ဆင်နွှဲလျက်ရှိသည်။
သူသည် တိုက်ကွက်တစ်ကွက်ချင်းစီဖြင့် ပုရွက်ဆိတ်တစ်သိုက်အား ခုခံတိုက်ခိုက်သည်၊ သို့သော် ချက်ချင်းဆိုသလို ကျန်ဝိညာဉ်စား ပုရွက်ဆိတ်များက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ပြန်၍ တိုက်ခိုက်လာသည်။
ဥဒေါင်းဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်သည် သိပ်မကြာမီခင်မှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဂြိုဟ်ခေါင်းဆောင်သုံးယောက်လုံးအား များစွာသော ပုရွက်ဆိတ်များက ဖုံးအုပ်ထားလျက်ရှိပြီး သူတို့အားလုံး ကြောက်အားလန့်အားဖြင့် ငယ်သံပါအောင် အော်ဟစ်နေရသည်။
ထိုသို့ရှိနေစဉ် နတ်ဘုရား အရှင်သခင်များ၏ သွေးများက လေထဲမှ မိုးကဲ့သို့ ရွာကျလာ၏။
ကောင်းကင်၌ သွေးများဖြင့် ပြည့်နှက်နေသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဂြိုဟ်ခေါင်းဆောင် သုံးယောက်၏ အော်သံများ ပျောက်ကွယ်သွားပြီး ဆွဲဆုတ်နေသော အသံများသာ ကျန်ရစ်ခဲ့သည်။
သူတို့ သေသွားလေပြီ။ ဂြိုဟ်ခေါင်းဆောင် သုံးယောက်လုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။ သူတို့၏ အသွေးအသားများ ဝါးမျိုခံလိုက်ရချေပြီ။
သူတို့၏ နတ်ဘုရားအဆင့် အရိုးများ မြေကြီးပေါ်သို့ ကျဆင်းလာပြီး ဝိညာဉ်စား ပုရွက်ဆိတ်များ၏ စားသောက်ခြင်းကို ခံနေရဆဲပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိုးများသည် ငရဲသား ပုရွက်ဆိတ်တပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး မြေကြီးပေါ်၌ သွေးအိုင်များသာ ကျန်ရစ်ခဲ့တော့သည်။
“အား…”
ထိုစဉ် ကျွီရာသည် လေထဲမှ ပြုတ်ကျလာသည်။ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်သုံးထောင်အား ခုခံခဲ့ရသဖြင့် တစ်ကိုယ်လုံး သွေးသံတရဲရဲ ဖြစ်နေပြီး သေလုနီးပါး ဖြစ်နေသည်။
“မဟုတ်ဘူး။ ငါ ဒီနေရာမှာ မသေနိုင်ဘူး။ ငါ မသေနိုင်ဘူးကွ”
ကျွီရာသည် ယခု နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် ဖြစ်သည်။ သူ၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည်။
သူ မသေချင်သေးပါ။ ထို့ကြောင့် သူ လေထဲသို့ ခုန်ပျံ၍ ထွက်ပြေးရန် ကြံစည်လိုက်သည်။ ထိုစဉ် ပေါက်ကွဲသံများနှင့်တူ အလွန် ကြောက်မက်ဖွယ်ကောင်းသော စစ်သင်္ဘောတစ်စီး ကူးလန်ဂြိုဟ်သို့ ရောက်ရှိလာသည်ကို သူ မြင်လိုက်ရသည်။
ထို့နောက် နတ်ဘုရားအဆင့် သိုင်းပညာရှင်များစွာ စစ်သင်္ဘောထဲမှ ထွက်လာကြသည်။ စစ်သင်္ဘော၏ ထိပ်ပိုင်း၌ လွှင့်ထူထားသော အလံတစ်ခုကို သူ မြင်လိုက်ရသည်။ ထိုအလံသည် လောကသခင်၏ စစ်သင်္ဘောအလံ အမှတ်အသား ဖြစ်သည်။
သူ၏ ကယ်တင်ရှင် ရောက်ရှိလာပြီဟု ယုံမှတ်ကာ ကျွီရာသည် ချက်ချင်း ပျော်ရွှင်တက်ကြွလာသည်။
“လောကသခင်၊ လောကသခင် ဒီကို ရောက်လာပြီကွ။ ဟားဟား …”
“ငါ အကယ်ခံရတော့မယ်ကွ။ ငါ နောက်ဆုံးတော့ အသက်ရှင်နိုင်ပြီ”
ကျွီရာ အလွန်တက်ကြွလာသည်။ သူ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်လုံးများ အောက်မှာပင် အိုမင်းနေသော အဘိုးအိုတစ်ယောက် စစ်သင်္ဘောထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။
CHAPTER 405 ဆာရိုဂြိုဟ်နယ်မြေ၏ လောကသခင် ထူ
နဂါးငွေ့တန်း အင်ပါယာ၌ ဂြိုဟ်နယ်မြေကြီး ခြောက်ခု ရှိသည်။ နယ်မြေတစ်ခုချင်းစီ၌ ကြယ်တာရာ အစုအဝေး တစ်ထောင်ကျော် ပါဝင်သည်။
ကူးလန်ဂြိုဟ်၊ ခမ်းဂလန်ဂြိုဟ်၊ မီးခြင်္သေ့ဂြိုဟ်၊ ကျွီရာဂြိုဟ်နှင့် ဥဒေါင်းဂြိုဟ်တို့သည် နဂါးငွေ့တန်း အင်ပါယာ၏ နယ်မြေကြီး ခြောက်ခုထဲမှ တစ်ခုဖြစ်သည့် ဆာရိုဂြိုဟ်နယ်မြေက ပိုင်ဆိုင်သည်။
ဆာရိုဂြိုဟ်နယ်မြေ၏ လောကသခင်သည် နှစ်ထောင်နှင့်ချီ၍ ရှင်သန်နေခဲ့သည့် ထိပ်တန်း လူအိုကြီးတစ်ယောက် ဖြစ်လေသည်။
သူ၏ တိုက်ပွဲဝင်ခွန်အားသည် ခန့်မှန်းလို့မရနိုင်လောက်အောင် သန်မာလွန်းလှသည်။ သို့သော် လောကသခင်သည် လူလုံးထွက်မပြသည်မှာ နှစ်တစ်ရာကျော်ခဲ့ပြီ ဖြစ်သည်။
လောကသခင်ကြီးက ဤသို့သော အချိန်၌ ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
ထိုသို့ရှိနေစဉ်တွင် ဆာရိုဂြိုဟ်နယ်မြေ၏ လောကသခင်က သူ၏ စစ်သင်္ဘောထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး သူ့နောက်မှ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက် လိုက်ပါလာသည်။
သူတို့တစ်ယောက်ချင်းစီက ကြောက်မက်ဖွယ်ကောင်း၍ ဖိနှိပ်နိုင်သော ချီဓာတ်ကို ထုတ်လွှတ်လျက် ရှိသည်။
အရှင်သခင်များကို မြင်သည်နှင့် ကူးဖုန်း၏ မျက်နှာက ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားကာ ယဲ့ဖန်ကို သူ သတိပေးလိုက်သည်။
“သခင်ကြီး မြန်မြန် ပြေးပါတော့။ သူက ဆာရိုဂြိုယ်နယ်မြေရဲ့ လောကသခင် ထူ ပါ”
ကူးဖုန်း၏ စိတ်ထဲတွင် ယဲ့ဖန်သည် နတ်ဆိုးဧကရာဇ် ဖြစ်သော်လည်း သူသည် ပြန်လည်ရှင်သန်လာခြင်း ဖြစ်ပြီး သူ၏ လက်ရှိအစွမ်းသည် သူ အထွတ်အထိပ်သို့ ရောက်ခဲ့စဉ်က အင်အား၏ တစ်သောင်းပုံ တစ်ပုံသာ ရှိသေးသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များ ရှိနေသော်ငြားလည်း ၎င်းတို့သည် သားပေါက်အဆင့်သာ ရှိသေးသဖြင့် သူတို့သည် ဆာရိုဂြိုဟ်နယ်မြေ၏ လောကသခင် ထူကို အနိုင်ယူနိုင်မည် မဟုတ်ချေ။
*ထူ*
ထိုသို့ ရိုးစင်းလှသော နာမည်ကို ကြားလိုက်ရပြီးနောက် ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး ကြောက်လန့်ကာ မျက်လုံး၌ ထိတ်လန့်နေဟန်များ စွန်းထင်းနေသည်။
“အစ်ကိုယဲ့ မြန်မြန်ပြေးပါတော့။ ကျွန်မတို့ ဆာရိုဂြိုဟ်နယ်မြေရဲ့ လောကသခင် ထူရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်ခွန်အားအကြောင်း ဒဏ္ဍာရီတွေအကြောင်း အများကြီး ကြားဖူးထားပါတယ်”
“သူက တစ်ချိန်တုန်းက သူ့နယ်မြေထဲက ဂြိုဟ်တစ်ထောင်ကျော်ပေါ်က သက်ရှိတွေကို သတ်ခဲ့ဖူးတယ်လို့ ပြောကြတယ်”
ကူးမိန်၏ မျက်နှာက အလွန် ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ ကူးရှုံးသည်လည်း ကတုန်ကယင်နှင့် ပြောလာသည်။
“နှစ်ထောင်နဲ့ချီတဲ့ အချိန်လောက်တုန်းက ဟုန်ကလန်လို့ခေါ်တဲ့ ရှေးဟောင်းကလန်ကြီးတစ်ခု ရှိခဲ့တယ်။ ဟုန်ကလန်က ဆာရိုဂြိုယ်နယ်မြေရဲ့ ဂြိုဟ်တစ်ထောင်ကျော်အပေါ်မှာ လွှမ်းမိုးမှုရှိခဲ့တယ်”
“ဒါပေမယ့် အဲ့အချိန်တုန်းက ထူက ဟုန်ကလန်ရဲ့ သေးနုပ်တဲ့ တောက်တိုမယ်ရ သမားလေးပဲ ရှိသေးတာ”
“ဒါပေမယ့် သူ့အမေကို ဟုန်ကလန်ရဲ့ ဂိုဏ်းသားတွေက မုဒိန်းကျင့်ခဲ့တယ်။ သူ့အဖေကလည်း သေတဲ့အထိ ကျာပွတ်နဲ့ အရိုက်ခံခဲ့ရတယ်။ အဲ့အချိန်ကစပြီး ထူရဲ့ ပြောဆိုပြုမူပုံက အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်”
“သူ နဂါးငွေ့တန်း အင်ပါယာကနေ နှစ်တစ်ရာလောက် ထွက်သွားခဲ့တယ်။ သူ ပြန်လာတဲ့အချိန်ကျတော့ ဆာရိုဂြိုဟ်နယ်မြေရဲ့ တောင်ဘက်စွန်းကနေ မြောက်ဘက်စွန်းအထိ ရှိနေခဲ့တဲ့ ဟုန်ကလန်သားတိုင်းကို သူ သတ်ခဲ့ပြီးတော့ ကောင်းကင်မှာ သူတို့ရဲ့ သွေးတွေနဲ့ စွန်းထင်းစေခဲ့တယ်။ သူက ဂြိုဟ်ပေါင်းတစ်ထောင်ကျော်က ကလန်သားတွေကို ဖျက်ဆီးခဲ့တယ်။ ဟုန်ကလန်တစ်ခုလုံး သုတ်သင်ခံလိုက်ရတယ်”
“သူ … သူက သရဲသဘက်ပဲ”
ကူးရှုံးနှင့် ကူးမိန်တို့သည် ထူနှင့် ပတ်သတ်သော ပုံပြင်များကို ငယ်ရွယ်စဉ် အချိန်ကတည်းက ကြားခဲ့ဖူးသည်။
သူတို့စိတ်ထဲတွင် ထူသည် သေမင်း၏ သင်္ကေတ စကားလုံးဟု ထင်မှတ်ထားကြသည်။ သို့သော် ထိုသေမင်းနတ်ဘုရားက သူတို့၏ မျက်စိရှေ့မှောက်သို့ ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားကြပါ။
ထို့ကြောင့် သူတို့ ကြောက်လန့်နေကြသည်။
ချက်ချင်းဆိုသလိုပင် ကူးဖုန်းနှင့် ယဲ့ဖန်အနီးမှ အခြားသူများအားလုံး အံ့အားသင့်နေကြရင်း မျက်နှာများ ပြာနှမ်းလာကြသည်။
သို့သော် သူ၏ စကားကို ကြားသော်လည်း ယဲ့ဖန်က ငြိမ်သက်မြဲ ငြိမ်သက်နေဆဲပင်။ သူက အဘိုးအိုအား စိတ်ဝင်စားစရာကောင်းသော တစ်စုံတစ်ခုကို ကြည့်နေသကဲ့သို့ မခိုးမခန့် မျက်နှာပေးနှင့် ကြည့်နေသည်။
ထိုစဉ် ဆာရို လောကသခင်နှင့် နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်တို့က ခြံဝန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ကျွီရာ၊ ကူးယန်နှင့် ကူးထျန်းတို့ တက်ကြွလာကြသည်။
“လောကသခင် ကျွန်တော့်ကို ကူညီပါဦး”
ကျွီရာက ထူ၏ အနားသို့ ခပ်သွက်သွက် ပြေးသွားကာ ဒူးထောက်၍ လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ အော်ဟစ်လေတော့သည်။
“လောကသခင်၊ သေကုန်ပြီ၊ သူတို့အားလုံး သေကုန်ပါပြီ”
“ကူးလန်ဂြိုဟ်၊ ခမ်းဂလန်ဂြိုဟ်၊ ဥဒေါင်းဂြိုဟ်နဲ့ မီးခြင်္သေ့ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်တွေအားလုံး … သေကုန်ပါပြီ”
*ဘာ*
ကျွီရာ၏ စကားကို ကြားပြီး ထူ တုန်လှုပ်သွားသည်။ ဟဲလန်နှင့် အခြားသူ သုံးယောက်လုံးသည် သူ၏ လက်အောက်ငယ်သားများ ဖြစ်သည်။
“ငါ့လက်အောက်ငယ်သား လေးယောက် အသတ်ခံလိုက်ရတယ်။ ဒါ … မဖြစ်နိုင်ဘူးလေ”
ထူသည် ချက်ချင်းဆိုသလို ကျွီရာအား ကြက်တစ်ကောင်ကို မသကဲ့သို့ အသာလေး မကာ ကျွီရာအား အေးစက်စက် မျက်ဝန်းများဖြင့် မေးလိုက်သည်။
“သူတို့ ဘယ်လိုသေသွားတာလဲဆိုတာ ငါ့ကို ပြောစမ်း”
ထူသည် ပြင်းထန်၍ ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်ဖော်လာသည်။ ဤသည်ကို ကြည့်ပြီး ကျွီရာ၊ ကူးယန်နှင့် ကူးထျန်းတို့ အလွန် ကြောက်လန့်သွားကြသည်။
ထို့ကြောင့် ကျွီရာသည် မနည်း ပြန်ဖြေလိုက်ရသည်။
“သူတို့ကို လူတစ်ယောက်တည်းကပဲ သတ်သွားတာပါ”
ကျွီရာ၏ စကားကြောင့် ထူ၏ မျက်လုံးများက ချက်ချင်း တောက်ပလာသည်။ သူတစ်ယောက်တည်းသာ သူ၏ လက်အောက်ငယ်သားများကို သတ်ရန် အရည်အချင်း ပြည့်မီသည်။ သူ၏ လက်အောက်ငယ်သားများကို သတ်လိုက်သည့် အခြားမည်သူမဆို သေကိုသေရမည်။
နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်လုံးကလည်း ဖိနှိပ်နိုင်သော ချီဓာတ်မျိုးကို ထုတ်ဖောက်လာကြသည်။
*သူတော့ သေမှာပဲ*
ကူးယန်နှင့် ကူးထျန်းတို့၏ စိတ်ထဲတွင် ထူ ရောက်ရှိလာခြင်းသည် ယဲ့ဖန်အတွက် သေခြင်းတရား ရောက်ရှိလာသည်ဟု ထင်မှတ်နေကြသည်။
ထို့ကြောင့် ကူးယန်နှင့် ကူးထျန်းတို့သည် ကြောက်စိတ်များ ချက်ချင်း လွင့်ပြယ်သွားကာ ချက်ချင်း တက်ကြွပျော်ရွှင်လာသည်။
သူတို့သည် ထူရှိရာသို့ ခပ်မြန်မြန် တွားသွားလာရင်း ပြောလိုက်သည်။
“အရှင် ဂြိုဟ်ခေါင်းဆောင်လေးယောက်ကို အဲ့ကောင်နဲ့ သူလူတွေက သတ်ပစ်လိုက်တာပါ။ ကျေးဇူးပြုပြီး ဂြိုဟ်ခေါင်းဆောင်လေးယောက်ရဲ့ သေခြင်းအတွက် သူ့ကို သတ်ပြီးတော့ လက်စားချေပေးပါ”
“ဟုတ်ပါတယ်။ အရှင် အဲ့ကောင်က အရှင့်ကို လုံးဝ မလေးစားပါဘူး။ သူက အရှင့်ကို သတ်မယ်လို့တောင် ကျိန်ဆဲနေပါသေးတယ်”
*ဘာ*
ကူးယန်နှင့် ကူးထျန်းတို့၏ သွေးထိုးတာကို ခံရပြီးနောက် ထူသည် ချက်ချင်း ဒေါပွလာကာ သူ၏ မုတ်ဆိတ်မွေးနှင့် ဆံပင်များပါ ထောင်လာရသည်။
“သိပ်ကောင်းတယ်၊ ပုရွက်ဆိတ်လိုကောင်ကများ”
ထို့နောက် သူသည် ယဲ့ဖန်နှင့် သူ့လူများဘက်သို့ လှည့်လာသည်။
“ဘယ်လို ပုရွက်ဆိတ်လိုကောင်တွေများက ဒီလို လုပ်ရဲလာတာလဲဆိုတာ ငါ သိချင် …”
သို့သော် ထူ စကားဆုံးအောင် မပြောလိုက်နိုင်ချေ။ သူသည် လူကြားထဲမှ ယဲ့ဖန်ကို စိုက်ကြည့်ရင်း မျက်လုံး ပြူးလာသည်။
ထို့နောက် သူသည် ယဲ့ဖန်ထံသို့ လျှပ်စီးကဲ့သို့ အလျင်ဖြင့် ပြေးလာသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ကျွီရာ၊ ကူးယန်နှင့် ကူးထျန်းတို့ အူမြူးလာ၏။
လောကသခင်၌ ဤမျှ ပြင်းထန်၊ ကြမ်းကြုတ်သော ချီဓာတ်မျိုး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိကြချေ။ သူသည် တိုက်ခိုက်ရန် တစ်စက္ကန့်လေးတောင် မစောင့်နိုင်ချေ။
*သေလိုက်တော့ကွာ*
*နောက်ဆုံးတော့ အဲ့ကောင် သေတော့မှာပါလား*
ကျွီရာ၊ ကူးယန်နှင့် ကူးထျန်းတို့သည် ယဲ့ဖန်၏ အနာဂတ်အား ကြိုမြင်နေပြီးသကဲ့သို့ စိတ်လှုပ်ရှားနေကြသည်။
ကူးဖုန်းနှင့် ယဲ့ဖန်ဘေးမှ အခြားသူများကတော့ ထိတ်လန့်ကာ ကြောက်ရွံ့သွားကြသည်။
“ငါတို့ သခင်ကြီးကို ကာကွယ်ကြ”
ကူးဖုန်း၊ နတ်ဆိုးအိုကြီး ဘက်ခါ၊ နတ်ဆိုးရှစ်ကောင်၊ ကူးရှုံးနှင့် ကူးမိန်တို့အားလုံး မတ်တပ်ရပ်ကာ ချက်ချင်း ယဲ့ဖန်ရှေ့ ပိတ်ဆို့လိုက်ကြပြီး ထူနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသည်။
သူတို့အားလုံးသည် ပိုးဖလံများကဲ့သို့ မီးကို ဝင်တိုးရန် အဆင်သင့်ဖြစ်နေကြသည်။
ဒုန်း!
လူတိုင်းသည် သူတို့ မြင်လိုက်ရသည့်အရာကြောင့် သူတို့အားလုံး မှင်တက်သွားကြသည်။
*သူက ဒူးထောက်နေတယ်*
*တကယ်ဖြစ်နေတာပါလား*
ထူသည် ယဲ့ဖန်ရှေ့သို့ ရောက်သည်နှင့် ချက်ချင်း ဒူးထောက်လာသည်။ သူ၏ အိုမင်းနေသော ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ကြောက်လန့်ကာ တုန်ယင်လို့ နေ၏။
“နတ်ဆိုး ဧကရာဇ် အရှင်မင်းမြတ်ကို အရိုအသေ ပေးပါတယ်။ ဒီကျွန်အိုကြီးက ဂရေးကလန်ရဲ့ ဘိုးဘေး ဂရေးထူပါ”
“ကျေးဇူးပြုပြီး အရှင်မင်းမြတ်ကို ရန်စမိတဲ့အတွက် ဂရေးကလန်ကို ခွင့်လွှတ်ပေးပါ”
ထိုသို့ပြောပြီး ဂရေးထူက ယဲ့ဖန်ရှေ့ မြေကြီးပေါ်သို့ ဝပ်တွားခယလာသည်။
တိတ်ဆိတ်ခြင်း။
ထိုသို့သော အချိန်၌ ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်လို့နေသည်။ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
‘နတ်ဆိုးဧကရာဇ်’ ဟူသော နာမည်ကို ကြားလိုက်ရပြီးနောက် ဂရေးထူ၏ နောက်မှ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်လုံး ကြောက်လန့်ကာ ကြက်သီး တဖြန်းဖြန်းထ လာကြသည်။
သူတို့ ရှေ့သို့ ခပ်သွက်သွက် ပြေးလာကာ ယဲ့ဖန်ရှေ့၌ ဝပ်တွားခယ၍ နှုတ်ဆက်လိုက်ကြသည်။
“နတ်ဆိုးဧကရာဇ် အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ ကျွန်တော်တို့က ဂရေးကလန်ရဲ့ မဟာအကြီးအကဲ လေးယောက်ပါ”
သူတို့ မြေကြီး၌ ဝပ်တွားနေကြသော်လည်း သူတို့သည် အလွန်အမင်း ကတုန်ကယင် ဖြစ်နေဆဲပင်။
ပို၍ တိတ်ဆိတ်သွားသည်။ ယခုအချိန်၌ ခြံဝန်းတစ်ခုလုံးသည် သုဿန်တစပြင်အလား တိတ်ဆိတ်လို့ သွားသည်။
ယခုအချိန်၌ အချိန်နေရာတို့ လုံးဝ အေးခဲရပ်တန့်သွားသလိုပင်။
“နတ်ဆိုးဧကရာဇ် ….”
ကျွီရာ၊ ကူးယန်၊ ကူးထျန်းတို့ ကိုယ့်နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်ကို မယုံနိုင်သလို ဖြစ်နေကြ၏။
ယဲ့ဖန်က နတ်ဆိုးမှန်း သူတို့ သိထားကြသော်လည်း သူက … နတ်ဆိုး ဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိကြပါ။
ကူးရှုံးနှင့် ကူးမိန်တို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ဂလု!
ကူးရှုံးသည် တံတွေးကို မနည်းမျိုချရင်း ထိတ်လန့်စိတ်ကြောင့် လျှာကို ကိုက်လုနီးပါး ဖြစ်နေသည်။ ကူးမိန်သည် သူမ၏ သေးငယ်သော ပါးစပ်လေးအား လက်ဖြင့်အုပ်ရင်း အလွန် မယုံသင်္ကာ ဖြစ်နေသော မျက်နှာလေးနှင့် ငေးကြည့်နေ၏။
စာစဉ် (၂၇) ဤတွင် ပြီးပါပြီ။