အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
CHAPTER 409 ဧကရာဇ် အကြီးအကဲ __ ငရဲဝံပုလွေဆိုး
*ကမ္ဘာဂြိုဟ်ရယ်၊ ယဲ့ဖန်နဲ့အတူ ရှင်သန်ပြီး သေဆုံးမယ်တဲ့လား*
ဂရေးထူနှင့် ဂရေးကလန်၏ မဟာအကြီးအကဲ လေးယောက်တို့၏ စကားကို ကြားလိုက်ရပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။
ဘေးပတ်လည်မှ ဂရေးကလန်သားများအားလုံး မှင်တက်လို့ နေ၏။ ယဲ့ဖန်က ဒီအတိုင်း အရေးကြီးပုဂ္ဂိုလ် တစ်ယောက်သာ ဖြစ်လောက်သည်ဟု သူတို့ အမြဲ ယုံကြည်ထားသော်လည်း မမျှော်လင့်ဘဲ သူသည် ဂရေးကလန်၌ အလွန် မြင့်သော အဆင့်အတန်းတစ်ခုတွင် ရှိလို့နေသည်။
ယခုအခါတွင်မူ ဂရေးကလန်တစ်ခုလုံးက သူနှင့်အတူတကွ ရှင်သန်၍ သေဆုံးချင်နေသည်။ ထို့နောက်တွင် ဂရေး ကလန်သားတိုင်း ယဲ့ဖန်၏ အနောက်၌ ရပ်တည်လိုက် ကြသည်။
ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံးအား သူတို့၏ ပြင်းထန်သော ချီဓာတ်များက ဖုံးလွှမ်းသွားသည်။ ထို့ကြောင့် ပီယားနှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲတို့ ထိတ်လန့်သွားပြီး ဒေါသထွက်သွားကြသည်။
“သူတို့ ပုန်ကန်တာပဲ။ သူတို့အားလုံး ပုန်ကန်နေကြပြီ”
ပီယား ဒေါသူပုန်ထသွားသည်။ ဂြိုဟ်အသေးလေး တစ်ခုကို ဖျက်စီးစေလိုခြင်းမှနေ၍ ဂြိုယ်နယ်မြေကြီး တစ်ခုလုံး ဆူပူအုံကြွမှု ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။
အံ့ဩစရာ ကောင်းလှသည်။
“ဂရေးထူ မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို မင်း သိလား”
ပီယားက ဂရေးထူအား စူးစူးဝါးဝါး စိုက်ကြည့်၍ မေးလိုက်သည်။ သူ့အမေးကြောင့် ဂရေးထူက ပြုံး၍ ပြောလိုက်သည်။
“သိတာပေါ့၊ ကျုပ် သိပ်သိတာပေါ့”
“တော်ဝင်မျိုးနွယ်က သက်ရှိအားလုံးကို နိမ့်ကျတဲ့ ပုရွက်ဆိတ်လို ဆက်ဆံပြီးတော့ သူတို့ရဲ့ လက်အောက် ငယ်သားတွေကို သားသတ်သမားတွေရဲ့ ဓားအဖြစ် အသုံးချတာကို ကျုပ် သိတာပေါ့”
“ဂရေးကလန်ကို ခင်ဗျားရဲ့ သားသတ်ဓားလို အသုံးချပြီး ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေကို သတ်ပစ်ဖို့ ဘယ်တော့မှ စိတ်ကူးယဉ်မနေနဲ့”
ယခင်တုန်းက ဂရေးထူသည် နတ်ဘုရားများအပေါ် ယုံကြည်မှု ကြီးမားခဲ့သည်။ သို့သော် ယခုအခါတွင်တော့ သူ လုံးဝ စိတ်ပျက်လို့သွားလေပြီ။
တော်ဝင်မျိုးနွယ်က သူတို့၏ ကိုယ်ပိုင် အကျိုးအမြတ် အတွက် ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ် လိမ့်မည်။ ဤအချက်က ဂရေးထူအား စိတ်တိုသွား စေခဲ့သည်။
ထို့အပြင် ဂရေးထူသည် ယဲ့ဖန်၏ လက်အောက် ငယ်သားများကို မြင်ခဲ့ပြီးပြီ ဖြစ်သည်။ သူတို့အားလုံးသည် ယဲ့ဖန်အတွက် သေသည်အထိ တိုက်ခိုက်ရဲသော ရက်စက်သည့် နတ်ဆိုးများ ဖြစ်ကြ၏။
နတ်ဆိုးဧကရာဇ်ဖြစ်သည့် ယဲ့ဖန်သည်လည်း သူ၏ ကျေးကျွန်များကို သူ့အသက်ကိုရင်း၍ ကယ်တင် ပေလိမ့်မည်။
ထို့ကြောင့် ဂရေးထူ၏ ယဲ့ဖန်အပေါ် ယုံကြည်မှုက ပို၍ တိုးပွားခိုင်မြဲလာသည်။
ဂရေးထူ၏ စကားကို ကြားပြီးနောက် ပီယား၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာသည်။
“ကောင်းတယ်၊ ဂရေးကလန်က ဒီလောက်နဲ့ ဇာတ်သိမ်း သင့်ပြီ”
ပီယားက ကြမ်းကြုတ်သော အကြည့်များဖြင့် ဆက်ပြောလာသည်။
“အခု မင်းတို့က ပုန်ကန်တယ်ဆိုမှတော့ မင်းတို့အားလုံး သေကိုသေရမယ်”
ထိုသို့ပြောပြီး ပီယားက လက်ကိုဝှေ့ယမ်း၍ အမိန့်ပေး လိုက်သည်။
“ဧကရာဇ်အကြီးအကဲ သူတို့အားလုံးကို သတ်လိုက်ပါ။ သူတို့အားလုံး သေကိုသေရမယ်”
*ဘာ*
*ဧကရာဇ် အကြီးအကဲလား*
ပီယား ခေါ်ဆိုလိုက်သော ဘွဲ့အမည်နာမကို ကြားပြီး ဂရေးထူနှင့် ဂရေးကလန်၏ မဟာအကြီးအကဲ လေးယောက်လုံး တုန်လှုပ်သွားကြသည်။
နဂါးငွေ့တန်း အင်ပါယာ၌ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက် ရှိသည်၊ ထိုသူကား __ ဝံပုလွေဆိုးပင်တည်း။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာတုန်းက နဂါးငွေ့တန်း အင်ပါယာ၏ အထွတ်အထိပ်ကာလသို့ ရောက်နေချိန်တွင် ကောင်လေးတစ်ယောက် ရောက်လာခဲ့သည်။
ထိုကောင်လေးသည် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာဗလပွ ဖြစ်နေသည်။ ထိုစဉ်အချိန်က သူသည် သတိလစ် မေ့မျောခဲ့ပြီး သူ၏ ဦးခေါင်းတွင် သွေးသံတရဲရဲနှင့် အပေါက် တစ်ပေါက် ရှိနေပြီး သူ့မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့သည်။
နောက်ဆုံးတွင် သူ့အား ကမ္ဘာခြား ဓားပြများက ဖမ်းဆီးခဲ့ပြီး ကျွန်ပိုင်ရှင် တစ်ယောက်ထံသို့ ကမ္ဘာခြား ပြိုင်ကွင်း တစ်ခုစာဖြင့် ပြန်ရောင်းခဲ့သည်။
ထို့နောက် သူသည် ကျွန်နပမ်းသမားတစ်ယောက် ဖြစ်လာခဲ့၏။ နောက်ပိုင်းတွင် သူ့ဒဏ်ရာများ တဖြည်းဖြည်း ပျောက်ကင်းလာပြီး သူ့မှတ်ဉာဏ်များ ပြန်ရလာသည်။
ထိုကောင်လေးက သူ့ကိုယ်သူ ငရဲဝံပုလွေဆိုးဟု ခေါ်ဆိုခဲ့သည်။ ထိုနယ်မြေအတွင်း၌ သူသည် သူ၏ ထိပ်တန်း တိုက်ရည်ခိုက်ရည်များကို ပြသခဲ့သည်။ သူ ပို၍ပို၍ သန်မာလာ၏။
သန်မာသော နပမ်းသမားများအား သူ တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခဲ့သည်။ သူ ရူးသွပ်သလို ဖြစ်လာ၏။ သူ ရက်စက်လာသည်။
သူသည် လူငယ်ဘဝမှာပင် နပမ်းသမားများ ထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။
သူသည် နဂါးငွေ့တန်း အင်ပါယာတစ်ဝိုက်ရှိ ပြိုင်ကွင်းများ အားလုံး၌ နပမ်းဘုရင် ဖြစ်လာခဲ့သည်။
ထို့နောက်တွင်မူ သူ ပုန်ကန်ခဲ့သည်။ သူသည် ကမ္ဘာခြား ပြိုင်ကွင်းများစွာကို ဖျက်ဆီး၍ ကျွန်ပိုင်ရှင်များစွာကို သတ်ဖြတ်ခဲ့သည်။
အဆုံးတွင် သူသည် နဂါးငွေ့တန်း အင်ပါယာ၏ တော်ဝင် မျိုးနွယ်များကြားမှ လူများကိုပါ သတ်ဖြတ်လာခဲ့သည်။
သူသည် နဂါးငွေ့တန်း အင်ပါယာရှိ အလွှမ်းမိုးနိုင်ဆုံး ကျွန်ပိုင်ရှင်ကို သတ်ဖြတ်ခဲ့သလို နဂါးငွေ့တန်း အင်ပါယာ၏ အရင်ဧကရာဇ်ကိုလည်း သတ်ဖြတ်ခဲ့သေးသည်။
နဂါးငွေ့တန်း အင်ပါယာ၏ အရင်ဧကရာဇ် သေဆုံးသွားခဲ့ သောကြောင့် ဧကရာဇ်အသစ်က ထီးနန်းပုလ္လင်ကို ဆက်ခံခဲ့သည်။
ထို့နောက်တွင် ထိုလူငယ်လေးအား လက်ရှိဧကရာဇ်က ဧကရာဇ် အကြီးအကဲဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ သူ့အား နဂါးငွေ့တန်း အင်ပါယာ၏ တိုင်းသူပြည်သားများအားလုံးက ငရဲဝံပုလွေဆိုးဟု တလေးတစားဖြင့် ခေါ်ဝေါ်ကြသည်။
သူသည် နဂါးငွေ့တန်း အင်ပါယာတွင် စောင့်ရှောက်သူ မျိုးဆက် ဖြစ်သည်။
ဧကရာဇ် အကြီးအကဲဟူသော နာမည်ကို ကြားလိုက် ရချိန်တွင် ဂရေးထူနှင့် အခြားဂရေး ကလန်သားများ ထိတ်လန့်ကာ မျက်နှာများ ပြာနှမ်း လာကြသည်။
“မဖြစ်နိုင်ဘူး။ ဘာလို့ ငရဲဝံပုလွေဆိုးက ဒီကို ရောက်လာ ရတာလဲ”
ဂရေးထူသည် အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲကို ဇဝေဇဝါဖြင့် စိုက်ကြည့်နေမိသည်။ ဧကရာဇ် အကြီးအကဲသည် အသက်ရာချီရုံသာ ရှိသေးသော်လည်း အသက်တစ်ထောင်ရှိနေပြီ ဖြစ်သော သူ့အား အနိုင်ယူ နိုင်သည်ကို သူ သိနေသည်။
သို့သော် ဧကရာဇ်အကြီးအကဲသည် လူငယ်ပုံစံသာ ဖြစ်သည်။
*ဘာလို့ သူက အသက်ကြီးပုံ ပေါက်နေရတာလဲ။ ဒါ … မဖြစ်နိုင်ဘူးလေ*
ထိုစဉ် အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲက ရှေ့သို့ တိုးလာပြီး သူ၏ မျက်လုံးမှ မနှစ်မြို့ဖွယ်ကောင်းသော အလင်းတန်း တစ်ချို့ ဖြတ်ပြေးသွားသည်။
ထို့နောက် သူသည် လက်ကိုဆန့်၍ သူ၏မျက်နှာအား ဆတ်ခနဲ ဆွဲလိုက်သည်။ ဖြောက်ခနဲ မြည်သံနှင့်အတူ သူသည် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ဖောက်ထွင်း မြင်နိုင်သည့် ပါးလွှာသော အရေပြားကို သူ ဆွဲခွာလိုက်သည်။
အဲ့ဒါက ဒီအတိုင်း မျက်နှာဖုံးသက်သက်ပါတကား။
ရုတ်တရက်ဆိုသလိုပင် အနက်ရောင် ဝတ်ရုံအောက်၌ အစိမ်းရောင် အသားအရေရှိသော လူငယ်တစ်ယောက် ပေါ်လာသည်။
အင်အားကြီးလှသည်။ ကြောက်မက်ဖွယ်ကောင်းလှ၏။
ခန်းမတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်သည့် ချီဓာတ်များဖြင့် ပြည့်နှက်သွားသည်။ သူသည် ရက်စက်သော ဝံပုလွေတစ်ကောင်နှင့် သဏ္ဌာန်တူနေသဖြင့် လူတိုင်း ကြောက်လန့်ကာ တုန်ယင်သွားရသည်။
“ဧကရာဇ် … ဧကရာဇ် အကြီးအကဲ”
ထိုသို့သော အချိန်၌ ဂရေးထူနှင့် ဂရေးကလန်သားများတွင် ကြောက်စိတ်များဖြင့် ဖုံးလွှမ်းလာသည်။ သို့သော် ဧကရာဇ် အကြီးအကဲသည် ဂရေးထူ သို့မဟုတ် ဂရေးကလန်သား များကို လုံးဝ အရေးမစိုက်ပေ။
သူက ယဲ့ဖန်အား မှုန်ကုပ်ကုပ်နှင့် ကြည့်နေသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်မျက်နှာကို ကြည့်ရင်း အရင်က တစ်နေရာရာ၌ တွေ့ခဲ့ဖူးသလို ရင်းနှီးနေသည့် ခံစားချက်မျိုး ခံစားမိနေသည်။
သို့သော် ယဲ့ဖန်၏ မျက်နှာသည်လည်း တစ်မျိုးဖြစ်နေသည်။
“ဧကရာဇ် အကြီးအကဲ သူတို့အားလုံးကို သတ်လိုက်ပါ”
ဧကရာဇ် အကြီးအကဲ ချီတုံချတုံ ဖြစ်နေချိန်တွင် ရုတ်တရက် ပီယား၏အသံကို သူ ကြားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ငရဲဝံပုလွေဆိုးက ရှေ့သို့ တစ်လှမ်းတိုးကာ ဂရေးထူနှင့် အခြားသူများထံသို့ ပြေးဝင်ရန် ပြင်လာသည်။
“သေစမ်း”
ဤမြင်ကွင်းကို ကြည့်ပြီး မဟာအကြီးအကဲ လေးယောက်၏ မျက်နှာ၌ ကြောက်လန့်နေဟန်များ ပေါ်ပေါက်နေကာ ဧကရာဇ် အကြီးအကဲအား သံမဏိလက်သီးဖြင့် ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။
မဟာအကြီးအကဲ လေးယောက်လုံးသည် နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့်များ ဖြစ်ကြသည်။ သူတို့ အတူပူးပေါင်း၍ တိုက်ခိုက်လာလျင် သူတို့၏ ချီဓာတ်များက ဖိနှိပ်ထားနိုင်လာ၏။
ထို့ကြောင့် ခန်းမတစ်ခုလုံး၌ ကျိုးပဲ့သံများ ပဲ့တင်ထပ်နေ၏။ မည်မျှ ထိတ်လန့်ဖွယ် ကောင်းလိုက်သနည်း။
“အားနည်းတယ်၊ အားနည်းတယ်၊ အားနည်းလွန်းတယ်”
သို့သော် သူတို့၏ တုံ့ပြန်မှုကို ကြည့်ပြီး ငရဲဝံပုလွေဆိုးက အထင်သေးသော အကြည့်များဖြင့် ပြောဆိုလာသည်။
သူ ဒီအတိုင်း ရပ်မြဲရပ်နေသည်။ သံမဏိ လက်သီး လေးချက်က သူ့နားသို့ နီးကပ်လာစဉ်တွင် ရုတ်တရက် သူ့ခန္ဓာကိုယ်အား တစ်ချက်လှုပ်ခါလိုက်သည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
ဂရေးကလန်၏ မဟာအကြီးအကဲ လေးယောက်လုံး ပြင်းထန်သော ဖိအားတစ်ခုကို ခံစားရလိုက်သလို သူတို့၏ လက်မောင်းများ ကျိုးသွားလေသည်။
ပြင်းထန်လှသော ဖိအားကြောင့် သူတို့အားလုံး နောက်သို့ လွင့်ထွက်သွားသည်။ ဘုန်းခနဲ အသံနှင့်အတူ မဟာ အကြီးအကဲ လေးယောက်လုံး ပြိုင်တူ ပြန်ပြုတ်ကျလာ၏။
ယဲ့ဖန်၏ အနောက်မှ အခြားသူများ မှင်တက်သွားကြသည်။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
အခြားသူများအားလုံး မယုံသင်္ကာ ဖြစ်နေကြသည်။ ဧကရာဇ် အကြီးအကဲသည် နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်၏ လက်မောင်းအား လက်ဖြင့် လှုပ်ရှားစရာ မလိုဘဲ ခန္ဓာကိုယ်တစ်ချက် လှုပ်လိုက်ရှုံဖြင့် ချိုးပစ်နိုင် နေသည်။
အံ့ဩစရာကောင်းလှပေ၏။
ယခုအချိန်၌ ဂရေးထူ၏ မျက်နှာတောင်မှ သုန်မှုန်နေသည်။ သူတောင်မှ ဧကရာဇ် အကြီးအကဲအား မဖိနှိပ်နိုင်သည်ကို သူ သိနေသည်။
“ဟဟ … ဧကရာဇ် အကြီးအကဲ ခင်ဗျားက တကယ့်ကို တော်ဝင်မျိုးနွယ်ရဲ့ စောင့်ရှောက်သူပါပဲ”
ပီယား အလွန်ပျော်နေသည်။ ထို့နောက် သူက ဂရေးထူအား မခိုးမခန့် မျက်နှာပေးဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“သစ္စာဖောက် လူအိုကြီး ဂရေး၊ ဂရေးကလန်က ဧကရာဇ် အကြီးအကဲကြောင့် သုတ်သင်ခံရတော့မှာကို ခင်ဗျား ထင်မထားမိဘူး မဟုတ်လား”
သူ့စကားကြောင့် ဂရေးထူနှင့် ဂရေးကလန်သားများ၏ မျက်နှာများ ပြာနှမ်းလာသည်။
“ဂရေးကလန်က သုတ်သင်ခံရမယ် ဟုတ်လား။ အဲ့လို ဖြစ်ရင်ကော ဘာဖြစ်လဲ”
ဂရေးထူက ချက်ချင်း ရှေ့တိုးကာ ဧကရာဇ် အကြီးအကဲနှင့် မျက်နှာချင်းဆိုင်၍ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သူ၏ အိုမင်းနေသော မျက်နှာပေါ်မှ အမူအရာအရ သူသည် ဧကရာဇ် အကြီးအကဲနှင့် အသက်ကိုစွန့်၍ တိုက်ခိုက်ရန် ဆုံးဖြတ်ထားမှန်း သိသာလှသည်။
“အခုချိန်ကစပြီး ဂရေးကလန်က နတ်ဘုရားတွေကို မခစားတော့ဘူး၊ ကျုပ်တို့ နတ်ဆိုးတွေကိုပဲ ခစားတော့မယ်”
သူ့စကားအဆုံးတွင် ဒဏ်ရာရနေသော မဟာအကြီးအကဲ လေးယောက်နှင့် ဘေးပတ်လည်မှ ဂရေးကလန်သားများ စိတ်အားတက်ကြွလာကာ လက်သီးလက်မောင်းတန်း၍ ကျယ်လောင်စွာ ဟစ်ကြွေးလေတော့သည်။
“ဟုတ်တယ်၊ ကျုပ်တို့ နတ်ဘုရားတွေကို ထပ်ပြီး မခစားနိုင်တော့ဘူး၊ အခုချိန်ကစပြီး ကျုပ်တို့ နတ်ဆိုးတွေကိုပဲ ခစားတော့မယ်”
CHAPTER 410 ဒါ တိုက်ဆိုင်တာပဲ ဖြစ်ရမယ်
“ကျုပ်တို့ နတ်ဘုရားတွေကို ထပ်ပြီး မခစားနိုင်တော့ဘူး၊ အခုချိန်ကစပြီး ကျုပ်တို့ နတ်ဆိုးတွေကိုပဲ ခစားတော့မယ်”
ဂရေးထူ၏ စကားများက ခန်းမတွင်း ပဲ့တင်ထပ်သွားချိန်တွင် ပီယား၏ မျက်နှာက ပြာနှမ်းလို့သွားသည်။
*မဖြစ်နိုင်ဘူး*
*သူတို့ စိတ်လွတ်သွားတာလား*
*ဘာလို့ သူတို့က ကမ္ဘာဂြိုဟ်နဲ့ ယဲ့ဖန်လို့ပြောတဲ့ အညတရ လူသားတစ်ယောက်အတွက် ပုန်ကန်ရတာလဲ*
*အံ့ဩဖို့ကောင်းတယ်*
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ထို့နောက် ပီယား၏ ငရဲဝံပုလွေဆိုးအား ကြမ်းကြုတ်သော အကြည့်များဖြင့် အမိန့်ပေးလိုက်သည်။
“ဧကရာဇ် အကြီးအကဲ သစ္စာဖောက်အားလုံးကို သတ်လိုက်ပါ။ ဂရေးကလန်တစ်ခုလုံးနဲ့ ဆာရိုဂြိုဟ်နယ်မြေ တစ်ခုလုံးကို ရှင်းလင်းပစ်လိုက်ပါ”
သူ့စကားလုံးများက ဗုံးတစ်လုံးကို မီးစညှိပေးလိုက်သလိုပင်။ ငရဲဝံပုလွေဆိုး၏ မျက်လုံးများက ချက်ချင်း တောက်ပလာကာ ရှေ့သို့ ခုန်ဝင်သွားသည်။
ဝုန်း!
သူ၏ ပထမဆုံး သိုင်းကွက်ကို ထုတ်ဖော်လိုက်သောအခါ သူ၏ ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့်ချီဓာတ်များက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကြောက်မက်ဖွယ်ကောင်းလှသော ချီဓာတ်က ခန်းမတွင်းရှိ ဂရေးကလန်သားများအား ချက်ချင်း ဖုံးလွှမ်းသွားသည်။
ဝုန်းခနဲ အသံနှင့်အတူ ဂရေးကလန်သားများ မြေကြီးပေါ် လဲကျသွားကာ သွေးများ အန်ထွက်လာကြသည်။
မဟာအကြီးအကဲ လေးယောက်သည် သူတို့၏ ခွန်အားကို အစွမ်းကုန် ထုတ်ဖော်ထား၍သာ သူ၏ သိုင်းကွက်ကို ခုခံနိုင်ခဲ့သည်။
သူတို့ကိုယ်သူတို့ ကြောက်မက်ဖွယ်ကောင်းသော သားရဲ တစ်ကောင်နှင့် ရင်ဆိုင်နေရသော အညတရကောင် များအဖြစ် ခံစားမိသည်။
“သေစမ်း”
ဤမြင်ကွင်းကြောင့် ဂရေးထူ၏ မျက်နှာက လေးနက် သွားကာ လျှပ်စီးကဲ့သို့နှုန်းဖြင့် ရှေ့သို့ ပြေးတက်၍ ဧကရာဇ် အကြီးအကဲအား သိုင်းကွက်များ ထုတ်ဖော်ပြီး တိုက်ခိုက် လေတော့သည်။
ဝုန်း! ဝုန်း! ဝုန်း!
ထို့နောက်တွင်မူ နတ်ဘုရား အရှင်သခင် အထွတ်အထိပ် အဆင့် နှစ်ယောက်၏ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပေါ်လာ လေတော့သည်။
သူတို့သည် ကြောက်စရာကောင်းသော နဂါးများလိုပင်။ သူတို့ ဖြတ်သွားသည့် နေရာတိုင်း၌ အရာရာတိုင်း အမှုန့် ဖြစ်သွားသည်။
မြေကြီးများ နစ်ဝင်သွားသည်။ လေထု အက်ကွဲလာ၏။
ဂရေးဂြိုဟ်တစ်ခုလုံး သူတို့နှစ်ယောက်ကြောင့် ပျက်စီးခြင်း များနှင့် ပြည့်နှက်လာသည်။
ကမ္ဘာပျက်သောနေ့ပါတကား။
ဂရေးဂြိုဟ် ကမ္ဘာပျက်သောနေ့သို့ ရောက်နေသလား အောက်မေ့ ရသည်။
တိုက်ပွဲကို ကြည့်ရင်း ဂရေးကလန်သားများ ထိတ်လန့်ကာ မျက်နှာများ ပြာနှမ်းနေကြသည်။
တစ်ဖက်သတ် တိုက်ပွဲပင်။
ငရဲဝံပုလွေဆိုးက ဂရေးကလန်၏ ဘိုးဘေးအား အသာစီး ဖိနှိပ်ထားနိုင်သည်ကို လူတိုင်း မြင်နေရသည်။
ငရဲဝံပုလွေဆိုး၏ လက်သီးချက်တိုင်း၌ စကြဝဠာ၏ ဥပဒေသများ ပါဝင်နေပုံရပြီး ဂရေးကလန်၏ ဘိုးဘေး ရှောင်တိမ်းလို့ မရသလို ခုခံနိုင်ပုံမရချေ။
ဝုန်း! ဝုန်း! ဝုန်း!
ချက်ချင်းဆိုသလိုပင် ဂရေးကလန်၏ ဘိုးဘေး ဒဏ်ရာ အပြင်းအထန် ရလာသည်။ သူ၏ ရင်ညွန့်ရိုးများ ကျိုးကြေ နေသည်။
သူ၏ ဝမ်းဗိုက်အောက်ပိုင်း စုတ်ပြဲနေ၏။ သူ၏ ရဲရဲနီနေသော သွေးများက ကောင်းကင်ပေါ်မှ စီးကျလာသဖြင့် ဂရေးကလန်သားတိုင်း၏ မျက်နှာ၌ ဝမ်းနည်းရိမ်များ ပို၍ ထင်ဟပ် လာသည်။
“ဘိုးဘေး”
ဂရေးကလန် သုတ်သင်ခံရခြင်းက ဖြစ်ပေါ်လာတော့မည် ထင်သည်။ ထို့ကြောင့် ဂရေးကလန်သားများစွာတို့သည် အလွန် ပူဆွေးနေသော မျက်နှာများဖြင့် အော်ဟစ် ငိုကြွေးနေကြသည်။
ဝုန်း! ဂျွတ်!
ထိုစဉ် ငရဲဝံပုလွေဆိုးက ဂရေးထူ၏ လက်ပြင်ရိုးအား တစ်စစီ ကျိုးကြေသွားအောင် လက်သီးတစ်ချက်တည်းဖြင့် ထိုးနှက်လာသည်။
ထို့ကြောင့် ဂရေးထူသည် မြေကြီးပေါ်သို့ ဥက္ကာခဲကဲ့သို့ ပြန်ပြုတ်ကျလာ၏။
ဝုန်း!
မြေကြီး၌ ဧရာမ တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။ ဂရေးထူ ထိုတွင်းချိုင့်ထဲမှ ထွက်လာသည်နှင့် သွေးတစ်လုပ် အန်လာသည်။
သူ အပြင်းအထန် ဒဏ်ရာရနေပြီ ဖြစ်သည်။ ဤသည်ကို ကြည့်ပြီး ပီယား ဝမ်းသာသွားကာ ပြောဆိုလာသည်။
“ဟားဟား … သစ္စာဖောက် ဂရေးအိုကြီး ခင်ဗျား ဒီနေ့ သေတော့မှာ”
ကိုးယောက်မြောက် တော်ဝင်သခင် အလွန် ပျော်မြူးနေသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဧကရာဇ် အကြီးအကဲ၏ ကြမ်းကြုတ်သော တိုက်ကွက် များကို မြင်တိုင်း သူ အလွန် ပျော်မြူးသလို ခံစားရသည်။
သို့သော် ငရဲဝံပုလွေဆိုးက ပီယား၏ ခံစားမှုကို အရေးမစိုက်ပေ။ သူက သူ့ခြေထောက်အောက်မှ ဂရေးထူအား စိုက်ကြည့်၍ ဒေါသတကြီး ပြောလိုက်သည်။
“ဂရေးထူ၊ ခင်ဗျားက ကိုယ့်ကျင့်တရားနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ ဆာရိုဂြိုဟ်နယ်မြေ တစ်ခုလုံးက သက်ရှိတိုင်းက ခင်ဗျားကို သေမင်းနတ်ဘုရား အဖြစ် အသိအမှတ်ပြုထားတာကို ကျုပ် သိတယ်”
“ဒါကြောင့် ခင်ဗျား အခွင့်အရေးတစ်ခု ရမယ်၊ ကျုပ်ဆီမှာ အညံ့ခံလိုက်”
သူ့စကားကြောင့် ဂရေးထူသည် သွေးတစ်လုပ် ထပ်အန် လိုက်မိပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံး များဖြင့် ပြန်ပြောလိုက်သည်။
“ဟားဟား … ဧကရာဇ် အကြီးအကဲ၊ ခင်ဗျား နတ်ဆိုးတွေ ဘယ်လောက် အချိန်ကြာကြာ စောင့်နေခဲ့ကြသလဲ သိသလား။ နတ်ဆိုးတွေရဲ့ ယုံကြည်မှု ခွန်အားကိုရော သိသလား”
“နတ်ဘုရားတွေက နိုင်လိုမင်းထက်ဆန်ပြီးတော့ စကြဝဠာ ထဲက သက်ရှိအားလုံးကို မစင်လောက်တောင် တန်ဖိုးမရှိ သလိုမျိုး မြင်နေကြတယ်”
“နတ်ဆိုးတွေက ကောင်းကင်ဘုံနဲ့ မြေကြီးအတွက် ရှင်သန်ကြပြီးတော့ သက်ရှိအားလုံးကို ခင်တွယ်ပြီး မြတ်မြတ်နိုးနိုး ဆက်ဆံကြတယ်”
“အခုကစပြီး ကျုပ် ဂရေးထူက နတ်ဘုရားတွေကို ထပ်ပြီး ယုံကြည်မှာ မဟုတ်တော့ဘူး။ အဲ့ဒီအစား ကျုပ် နတ်ဆိုးတွေနဲ့ပဲ ပူးပေါင်းမယ်”
ထိုသို့ပြောပြီး ဂရေးထူသည် ကောင်းကင်သို့ သွေးသံ တရဲရဲနှင့် ပြေးတက်ကာ ဧကရာဇ် အကြီးအကဲထံသို့ အရူးအမူး ပြေးဝင်သွားသည်။
ခေါင်းမာလှပါတကား။ ဘယ်လိုလူပါလိမ့်။
“ကျုပ် ခင်ဗျားကို အတော်လေး လေးစားပါတယ်၊ အဲ့ဒါကြောင့် ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”
ထိုသို့ပြောပြီး ငရဲဝံပုလွေဆိုးက ဂရေးထူထံသို့ အရှိန်မြှင့်၍ တိုးဝင်လိုက်သည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဘုရား အရှင်သခင် အထွတ်အထိပ်အဆင့် နှစ်ယောက်၏ နောက်ဆုံးတိုက်ပွဲ စတင်လာလေသည်။
အခြားသူများအားလုံး စိုးရိမ်ပူပန်လာနေကြသည်။ ယဲ့ဖန်တစ်ယောက်တည်းသာ တည်ငြိမ်နေသည်။
ယဲ့ဖန်သည် ငရဲဝံပုလွေဆိုးအား တအံ့တဩနှင့် စိုက်ကြည့်ကာ ရေရွတ်နေသည်။
“တကယ်ပဲ မိဘမဲ့တစ်ယောက် ကျန်နေခဲ့တာကိုး”
“ဒါပေမယ့် ဒီကောင်လေးရဲ့ လမ်းကြောင်းက မှားယွင်းတဲ့ လမ်းကြောင်းပေါ် ရောက်နေတာပဲ။ ငါတောင်မှ သူ့ကြောင့် ကြံရာမရ ဖြစ်သွားရသေးတယ်”
ယဲ့ဖန်က မခိုးမခန့် မျက်နှာပေးနှင့် ရေရွတ်နေသည်။
“သေလိုက်တော့”
ထိုစဉ် ငရဲဝံပုလွေဆိုး၏ လက်ဖဝါးမှ အလင်းတန်းမှ ထွက်ပေါ်လာပြီး ဂရေးထူ၏ လည်ပင်းအား လျှပ်စီးကဲ့သို့ အရှိန်နှင့် ခုတ်ပိုင်းလာသည်။
သူ၏ လက်ဖဝါးက လေထုအား ထိုးခွင်းလာ၏။ ဂရေးထူသည် ထိတ်လန့်၊ ကြောက်ရွံ့ကာ ငြိမ်သက် နေမိသည်။
*ငါတော့ သေမှာပဲ*
ဂရေးထူ ကျိတ်၍ သက်ပြင်းချလိုက်သည်။ သူ ထိုသိုင်းကွက်ကို မရှောင်တိမ်းနိုင်ချေ။ သို့သော် သူသည် ကြောက်ရွံ့နေပုံ မပေါ်ဘဲ ခပ်ဖွဖွ ပြုံးနေသည်။
*နတ်ဘုရားတွေအတွက်သာ သေပေးရရင် ငါ့အတွက် စိတ်မကောင်းစရာပဲ*
*ဒါပေမယ့် နတ်ဆိုးတွေအတွက် သေရမှာမို့ ဂုဏ်ယူမိတယ်*
*ဒီ့အတွက် စိုးရိမ်စရာမလိုတော့ပါဘူး*
ထို့နောက် သူသည် မျက်လုံးကိုမှိတ်ကာ သေခြင်းတရားကို စောင့်နေလိုက်သည်။ ထိုစဉ် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံကို သူ ကြားလိုက်ရသည်။
“မင်းရဲ့ခွန်အားတွေကို နဖူးတည့်တည့်မှာ စုစည်းပြီးတော့ သူ့နှလုံးသားကို မင်းရဲ့လက်ညှိုးနဲ့ ထိုးလိုက်”
ထိုအသံက မိုးကြိုးပစ်ချလိုက်သလိုပင်။ သူ့တစ်ကိုယ်လုံး ထိုအသံ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသလိုမျိုး ဂရေးထူ ခံစားလိုက်ရသည်။
ရုတ်တရက် ထူးကဲသော ခွန်အားများက သူ၏ နဖူးအလယ် တည့်တည့်သို့ စီးဝင်လာသည်။ ထို့နောက် သူ၏ နဖူးအလယ် တည့်တည့်သည် အလင်းတန်းများဖြင့် တောက်ပလာသည်။
တစ်ခဏကြာသော် သူ သတိမထားမိဘဲ သူ့လက်ညှိုးအား ရှေ့သို့ ထိုးလိုက်မိသည်။ ထိုသို့သောအချိန်၌ ဧကရာဇ် အကြီးအကဲ၏ လက်ဖဝါးချက် ကျရောက်လာသည်။
ဒုန်း!
ထိုလက်ဖဝါးသည် လက်ညှိုးနှင့် ထိပ်တိုက် ရင်ဆိုင်မိသွားသည်။
“ဘိုးဘေး”
ဂရေးကလန်သားတိုင်း သူတို့ဘိုးဘေး၏ သွေးများ ကောင်းကင်မှ စီးကျလာသည်ကို ကြည့်နေမိသကဲ့သို့ ကြောက်လန့် နေကြသည်။ သို့သော်ငြားလည်း ပီယားက လှောင်ရယ်၍ ပြောဆိုလာသည်။
“သူ နောက်ဆုံးတော့ သေတော့မှာလား”
ထိုသို့ပြောပြီး မကြာခင်မှာပင် ပီယား၏ လှောင်ရယ်သံ တိတ်ဆိတ် သွားသည်။
ရွှစ်!
သွေးများ ကောင်းကင်မှ အမှန်တကယ် စီးကျလာသည်။ ထို့အတူ အရိပ်တစ်ခုက နောက်သို့ လွင့်ထွက်သွားသည်။
သို့သော် ထိုအရိပ်သည် ဂရေးကလန်၏ ဘိုးဘေး မဟုတ်ဘဲ ... ဧကရာဇ် အကြီးအကဲ ဖြစ်လို့နေ၏။
တိတ်ဆိတ်လို့သွားသည်။
ထိုသို့သော အချိန်၌ ခန်းမတစ်ခုလုံး တိတ်ဆိတ်လို့ သွားသည်။ ဂရေးထူသည် လေထဲတွင် ရပ်တန့်နေဆဲ ဖြစ်ပြီး သူ့ပုံစံကလည်း ယခင်ကကဲ့သို့ အကောင်းပတိပင်။ တစ်ဘက်တွင်တော့ ဧကရာဇ် အကြီးအကဲ၏ လက်ဖဝါး၌ သွေးအလိမ်းလိမ်းနှင့် အပေါက်တစ်ပေါက် ဖြစ်နေ၏။
ထိုအပေါက်၏ ပတ်လည်၌ အလင်းတစ်ချို့ ရှိနေပြီး သူ၏ အနာက ပြန်မကောင်းသွားချေ။
*အံ့...အံ့ဩဖို့ကောင်းလိုက်တာ*
ပီယား မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။ သို့သော် ဘေးပတ်လည်မှ ဂရေးကလန်သားများကတော့ တက်ကြွလို့ နေသည်။
ဤသည်ကား တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန် ပစ်လိုက်သည့် ဖြစ်စဉ်ပင်။
လူတိုင်းသည် ထိုအသံလားရာသို့ ကြည့်လိုက်ကြသောအခါ အသံပိုင်ရှင်က ယဲ့ဖန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“မဖြစ်နိုင်ဘူး။ ဘယ် ... ဘယ်လိုလုပ် မင်းက ငါ့တိုက်ကွက်ရဲ့ လွတ်ပေါက်ကို သိနေတာလဲ”
ငရဲဝံပုလွေဆိုးက ထိတ်လန့်နေသော မျက်နှာနှင့် ဟစ်အော် လိုက်သည်။ သူ၏ တိုက်ပွဲဝင် စွမ်းရည်သည် သူ၏ ပင်ကိုဗီဇ၊ လျှို့ဝှက်သိုင်းကွက်နှင့် သွေးနှင့်ရင်း၍ ရလာသည့် တိုက်ပွဲအတွေ့အကြုံများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
သူ ယခင်က တစ်ခါမှ မရှုံးခဲ့ဖူးချေ။ သို့သော် သူသည် လူတစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သွားရသည်၊ ဤသည်မှာလည်း ဘေးကနေ မြင်၍ပြောနေသော အပြောကြောင့်ပင်။ ထို့ကြောင့် မယုံသင်္ကာ ဖြစ်နေသည်။
“တိုက်ဆိုင်တာ။ ဒါ တိုက်ဆိုင်တာပဲ ဖြစ်ရမယ်”
ဧကရာဇ် အကြီးအကဲက ထိုသို့ကြုံးဝါးရင်း ကြမ်းကြုတ်သော မျက်လုံးများဖြင့် ဂရေးထူထံသို့ ထပ်၍ ပြေးဝင်သွားသည်။
သူက ပြိုင်ဘက်ကင်း ဖြစ်သည်ကို သူ သက်သေပြ ချင်နေသည်။ သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က သူ့အား သေမတတ် ထိတ်လန့် သွားစေခဲ့သည်။
CHAPTER 411 ငရဲနတ်မြွေနဂါး
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဘုရား အရှင်သခင်အဆင့်နှစ်ယောက်၏ တိုက်ပွဲက ထပ်မံ၍ ဖြစ်ပွားလာသည်။ သို့သော် တိုက်ပွဲအခြေအနေအား ထူးဆန်းသော အသံတစ်သံက ဝင်နှောက်နေ၏။
“မင်းရဲ့သွေးကို နဂါးတစ်ကောင်လို ဖျန်းပက်လိုက်၊ မင်းရဲ့ ချီဓာတ်ကို လက်ဖဝါးရဲ့ အလယ်ဗဟိုမှာ စုစည်းထားလိုက်”
“လက်သီးကို အသာဆုပ်ပြီးတော့ မင်းရဲ့သွေးကို ပြောင်းပြန်စီးဆင်းစေလိုက်”
‘….’
စကားတစ်ခွန်းချင်းစီနှင့်အတူ တိုက်ကွက်တစ်ကွက်က လိုက်ပါလာသည်။ ဂရေးထူသည် ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်မှု လွတ်သွားသလို ခံစားလိုက်မိသည်။
သူသည် ထိုအသံ၏ ကြိုးကိုင်ခြင်းကို လုံးလုံးလျားလျား ခံနေရသည်။ သူ၏ သွေးများသည် အရွတ်များနှင့် သွေးကြောများမှ လျင်မြန်စွာ စီးဆင်းလာသည်။ ထို့အတူ သူ၏ လက်ဖဝါးအလယ်၌ အနက်ရောင် အလင်းတစ်ချို့ ဖြာထွက်လာသည်။
ဝှစ်!
ဧကရာဇ်အကြီးအကဲ၏ လက်သီးအား သူ၏ လက်ဖဝါးနှင့် ရင်ဆိုင်လိုက်ပြီးချိန်တွင် ဧကရာဇ် အကြီးအကဲ၏ လက်သီးတစ်ခုလုံး ပျက်ဆီးသွားပြီး သွေးများ ပန်းထွက်လာသည်။
ငရဲဝံပုလွေဆိုး နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသည်။ အခြေအနေ အလွန်ဆိုးရွားနေပြီး သူ၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ရေချိုးထားသလို ဖြစ်နေ၏။
သူ၏ မျက်လုံးတွင်းမှ ထိတ်လန့်မှုက ပို၍ ကြီးမားလာသည်။
“ဝိညာဉ်သတ် လက်ဝါး”
“လျှပ်တစ်ပြတ် လက်သီး”
“ငရဲလက်ချောင်း”
“မဟုတ်ဘူး၊ ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ငရဲဝံပုလွေဆိုးသည် သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ အလွန် ထိတ်လန့်၍ သံသယဝင်နေသော အသံဖြင့် ဟစ်အော်လာသည်။
ဤမြင်ကွင်းကြောင့် မြေပြင်ပေါ်မှ အခြားသူများ ပွက်လောရိုက် လာကြသည်။ ဂရေးကလန်သားများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် နတ်ဘုရားသာ ဖြစ်သည်။ သူတို့၏ ဘိုးဘေးက ဧကရာဇ် အကြီးအကဲအား ဖိနှိပ်နိုင်အောင် ကူညီပေးခဲ့သူက သူပင် ဖြစ်လေသည်။
ဂရေးကလန်၏ ဘိုးဘေးနှင့် ဧကရာဇ် အကြီးအကဲကြားမှ ကွာဟမှုကို သူက စကားလုံးအချို့ဖြင့် ကူညီထောက်ပြ ပေးခဲ့သည်။ အံ့ဩစရာကောင်းလှပေ၏။
ကိုးယောက်မြောက် တော်ဝင်သခင် ပီယားသည်လည်း နားဝေတိမ်တောင် ဖြစ်နေသည်။
“သူ ရှုံးသွားတယ် … ဧကရာဇ် အကြီးအကဲ ရှုံးသွားတယ်။ ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ”
ကိုးယောက်မြောက် တော်ဝင်သခင် အလွန် ထိတ်လန့်လို့ နေသည်။ သူ့စိတ်ထဲတွင် သူ၏ အစ်ကိုကြီး ဖြစ်သူ၊ လက်ရှိ နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်နှင့် ထူးဆန်းသော နဂါးငွေ့တန်း ဘုရင်မ ပြီးလျင် မည်သူမျှ ဧကရာဇ် အကြီးအကဲကို အနိုင်မယူနိုင်ဟု ထင်ထားမိသည်။
ဂြိုဟ်နယ်မြေ ခေါင်းဆောင် ခြောက်ယောက်လုံး ဧကရာဇ် အကြီးအကဲအား အနိုင်မယူနိုင်ပေ။
သူ မျက်ဝါးထင်ထင် မြင်နေရသည့် ဖြစ်ရပ်က သူ၏ အသိအမြင်အား ဖျက်ဆီးလိုက်သလိုပင်။
ဘုန်း!
ထိုသို့သောအချိန်၌ ဂရေးထူက ဧကရာဇ်အကြီးအကဲ၏ ရင်ဘက်အား ပြင်းထန်စွာ ထိုးနှက်လာသည်။
ဂျွတ်!
သူ၏ ရင်ဘတ် ယိုယွင်းသွားကာ ရင်ညွန့်ရိုးများ ကျိုးကြေသွားသည်။
ဧကရာဇ် အကြီးအကဲသည် မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။ သို့သော် သူသည် သူ၏ နာကျင်မှုအား လျစ်လျူရှုကာ ယဲ့ဖန်ကိုသာ ထိတ်လန့်တကြားနှင့် တုန်ယင်စွာ စိုက်ကြည့် နေသည်။
“ဘယ် … ဘယ်လိုလုပ် မင်းက ငါ့ကလန်ရဲ့ လျှို့ဝှက် သိုင်းကွက်တွေကို တတ်မြောက်နေရတာလဲ”
လျှို့ဝှက်သိုင်းကွက်တွေတဲ့လား။
ငရဲဝံပုလွေဆိုး မယုံသင်္ကာစိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုသိုင်းကွက်များသည် သူတို့ကလန်သားများသာ သင်ယူ တတ်မြောက်နိုင်သော လျှို့ဝှက်သိုင်းကွက်များ ဖြစ်သည်။
သို့သော် သူသည်သာ သူ့ကလန်၏ နောက်ဆုံးကျန်ရစ်ခဲ့သူ ဖြစ်သည်။
….
တိတ်ဆိတ်လို့နေသည်။
ယခုအချိန်၌ အားလုံးသည် ယဲ့ဖန်အား စိုက်ကြည့် နေကြသည်။ ဘယ်လိုကြောင့် ငရဲဝံပုလွေဆိုးက ဒီလောက် တုန်လှုပ်နေရသလဲဆိုတာကို သူတို့ နားမလည်ကြပေ။
ဂရေးကလန်၏ ဘိုးဘေးတောင်မှ သူ့ကိုယ်သူ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု မေးခွန်းထုတ် နေမိသည်။
“ဘာလို့လဲ ဟုတ်လား”
ယဲ့ဖန်သည် ငရဲဝံပုလွေဆိုးအား သူ၏ ဂျူနီယာ တစ်ယောက်ကို ကြည့်နေသကဲ့သို့ အံ့ဩ၊ စိုးရိမ်၍ တင်းမာစွာ ပြောလိုက်သည်။
“ဒါကြောင့်လေ”
ယဲ့ဖန် ပြန်ဖြေလိုက်သည်။
ဂါး။
သားရဲရိုင်းတစ်ကောင်၏ မာန်ဖီသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ အခြားသူများ၏ တုန်လှုပ်နေသော အကြည့်များအောက်မှာပင် ယဲ့ဖန်သည် သူ၏ နောက်ကျောဘက်မှ အနက်ရောင်အလင်းတစ်ချို့ကို ထုတ်လွှတ်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော အစိမ်းရောင် နတ်မြွေနဂါးတစ်ကောင်က ယဲ့ဖန်၏ ကျောဘက်မှ ထွက်ပေါ်လာသည်။
လေထဲ ရစ်ဝဲနေသော ထိုမြွေနဂါးသည် ဧရာမ နဂါးတစ်ကောင်နှင့် ဆင်တူနေသည်။ ၎င်း၏ကြေးခွံတစ်ခု ချင်းစီတိုင်းက မီတာခန့် ရှည်လျားသည်။ သို့သော် ၎င်း၌ လူဦးခေါင်းရှိနေသည်။
ထိုလူဦးခေါင်း၏ မျက်နှာက … ယဲ့ဖန်၏ မျက်နှာပါတကား။
ထိုမြင်ကွင်းကြောင့် လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ မည်သည့် လျှို့ဝှက်သိုင်းကွက်ကို သူ အသုံးပြုနေသလဲဆိုတာကို သူတို့ နားမလည်ချေ။
သို့သော် ငရဲဝံပုလွေဆိုးသည် ထိုလျှို့ဝှက်သိုင်းကွက်ကို ကောင်းကောင်း သိနားလည်နေသကဲ့သို့ ကြောက်လန့်ကာ တုန်ယင်လာသည်။
ထိုသိုင်းကွက်ကို သူ မြင်ခဲ့ဖူးသည်မှာ နှစ်ရာချီကြာခဲ့ပြီ ဖြစ်သည်။ ထိုစဉ်အခါက သူသည် ကျေးလက်မိသားစုလေးမှ ကောင်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ သူသည် ရွာသူရွာသားများ၏ စောင့်ရှောက်မှုနှင့်အတူ ကြီးပြင်း လာခဲ့သည်။
သူ့မိသားစုမှလွဲ၍ ရွာသူရွာသားများအားလုံးသည် သာမန် လူများသာ ဖြစ်သည်။ သူ့အိမ်အပေါက်ဝ၌ ရုပ်တု တစ်ခုရှိသည်၊ ထိုရုပ်တုသည် လူ့ဦးခေါင်းရှိသော နတ်မြွေ နဂါး၏ ရုပ်တု ဖြစ်သည်။
သူ့အဘိုးက ဆေးရွက်ကြီးကို သောက်ရင်း သူ့အား ထိုရုပ်တု၏ ပုံပြင်များကို ပြောပြခဲ့သည်။ ထိုရုပ်တုသည် သူတို့၏ ဘိုးဘေးဖြစ်သလို သူတို့၏ ယုံကြည်ရာလည်း ဖြစ်သည်ဟု သူ့အဘိုးက သူ့ကို ပြောပြခဲ့သည်။
ကလန်သားများအားလုံး ထိုရုပ်တုအတွက် ရှင်သန်၍ အသက်ပေးခဲ့ကြသည်။ သူတို့၏ ဘိုးဘေးများသည် နတ်ဘုရားနှင့် နတ်ဆိုးများ စစ်ပွဲ၌ အသက်ပေး၍ တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။
သူ၏ မိသားစုသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူ အသက်ရှစ်နှစ်သို့ ရောက်သောအခါ နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။
ထိုသတင်းကို ကြားပြီးနောက် သူ့အဘိုးနှင့် သူ့အဖေသည် တစ်ခုခုကို လျှို့ဝှက်စွာ စီစဉ်နေသကဲ့သို့ တစ်နေ့လုံး၊ တစ်ညလုံး တိတ်ဆိတ်နေကြသည်။
နောက်ဆုံးတွင် သူ့ကို ထားခဲ့ပြီး သူတို့ ပျောက်ကွယ် သွားကြသည်။ ငရဲဝံပုလွေဆိုးသည် သူ့အဘိုးနှင့် အဖေ ထွက်မသွားခင် သူ မေးခဲ့သည့် ရိုးစင်းသော မေးခွန်းကို ယခုထိ မှတ်မိနေသေးသည်။
“ဘိုးဘိုး၊ အဖေ၊ ဘယ်သွားကြမလို့လဲဟင်”
ငရဲဝံပုလွေဆိုးသည် သူတို့ ပြန်ဖြေသော စကားများကို စိတ်ထဲ စွဲနေအောင် မှတ်မိနေသည်။ သူ့အဘိုးက ပြုံး၍ ပြန်ဖြေခဲ့သည်။
“ဘိုးဘိုးတို့က ဘိုးဘေးအတွက် တိုက်ပွဲဝင်ကြမလို့လေ”
သူ့အဖေကလည်း မျက်ရည်များနှင့် ပြောလာသည်။
“အဖေတို့ ငရဲကလန်အတွက် အဖေတို့ အသက်နဲ့ရင်းပြီး တိုက်ခိုက်ကြတော့မှာ”
မှန်၏။ သူ၏ ကလန်ကို ငရဲကလန်ဟု ခေါ်တွင်ကြသည်။
နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲကြီးအပြီးတွင် နတ်ဆိုးများ စစ်ရှုံးသွားသည်ကို သူ သိလိုက်ရသည်။ သူ့အဘိုးနှင့် အဖေတို့ ဘယ်သောအခါမှ ပြန်မလာခဲ့ဘဲ နတ်ဘုရား စစ်သားတစ်ဖွဲ့သာ ရောက်လာခဲ့သည်။
သူတို့သည် ရွာထဲမှ သာမန်အမျိုးသားများ၊ လှပသော အမျိုးသမီးများနှင့် အပြစ်မရှိသော ကလေးငယ်များကို သတ်ဖြတ်ခဲ့သည်။
တစ်ရွာလုံး သွေးများ၊ မီးများနှင့် ပြည့်နှက်နေသည်။ အသက်ရှစ်နှစ်သာ ရှိသေးသော ကောင်ငယ်လေး ရူးမတတ် ဒေါသထွက်သွားသည်။
ထိုစဉ်က သူသည် သူ ပါရမီပါသော ငရဲလျှို့ဝှက် သိုင်းကွက်ကို သုံး၍ ရွာထဲမှ နတ်ဘုရား စစ်သားများ အားလုံးကို သတ်ခဲ့သည်။
သို့သော် သူသည်လည်း ဒဏ်ရာများစွာ ရခဲ့သည်။ ထို့နောက်တွင်မူ သူသည် နဂါးငွေ့တန်း အင်ပါယာသို့ ထွက်ပြေးလာနိုင်ခဲ့ပြီးမှ ငရဲဝံပုလွေဆိုးဟူသော သူ၏ ဒဏ္ဍာရီဘဝခရီး စတင်လာခဲ့ရသည်။
သို့သော် ဧကရာဇ်အကြီးအကဲသည် ငရဲနတ်မြွေနဂါး၏ ရုပ်တု၊ ငရဲကလန်ဘိုးဘေး ပြန်လည် ဝင်စားသူနှင့် ဆုံတွေ့ရ လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားမိချေ။
“အဲ့ … အဲ့ဒါ ငရဲနတ်မြွေနဂါးပဲ”
ဧကရာဇ် အကြီးအကဲသည် ယဲ့ဖန်အား ထိတ်လန့်၊ ကြောက်ရွံ့စွာ စိုက်ကြည့်ရင်း တုန်ယင်လာသည်။
*ဟုတ်တယ်*
ယဲ့ဖန်၏ မျက်နှာသည် အလွန်ရင်းနှီးနေသော်လည်း ထူးဆန်း နေသေးသည်။ ယဲ့ဖန်၏ မျက်နှာသည် ဧကရာဇ် အကြီးအကဲ၏ တံခါးဝ၌ ထားရှိသော ရုပ်တုမှ လူသား မျက်နှာနှင့် တစ်ထပ်တည်း တူညီနေ၏။
တကယ့်ကို တစ်ထပ်တည်းပင်။
“မင်းက တကယ်ပဲ …”
ဧကရာဇ် အကြီးအကဲ အမှန်တရားကို မယုံကြည် နိုင်သေးပေ။ သို့သော် အမှန်တရားကတော့ သူ့မျက်စိရှေ့၌ ရှိလို့နေသည်။
ယဲ့ဖန်က ပြုံး၍ ခေါင်းညိတ်လာသောအခါ ငရဲဝံပုလွေဆိုး ချက်ချင်း တက်ကြွပျော်ရွှင်လာသည်။ ငရဲဝံပုလွေဆိုးသည် ယဲ့ဖန်ထံသို့ အရူးအမူး ပြေးဝင်လာသည်။ ထို့နောက် ယဲ့ဖန်ရှေ့ ဒူးထောက်ချလာ၏။
“ဘိုးဘေးကို ဂါဝရပြုပါတယ်”
တိတ်ဆိတ်လို့သွား၏။ ထိုသို့သော အချိန်၌ လူတိုင်း တိတ်ဆိတ်သွားကြပြန်သည်။ လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။
*ဘိုးဘေးတဲ့လား*
*ယဲ့ဖန်ကလေ*
*ဒါ မဖြစ်နိုင်ဘူး*
လူတိုင်း ထိတ်လန့်နေသော မျက်နှာထားများ ဖြစ်လာသည်။
ငရဲဝံပုလွေဆိုးသည် နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ် အကြီးအကဲ ဖြစ်သည်။ သို့သော် ယဲ့ဖန်က သူ၏ ဘိုးဘေးဖြစ်နေ၏။
*ဒါ … ဒါက လူတိုင်းရဲ့ အထင်အမြင်ကို ဝင်နှောက်လိုက်သလိုပဲ*
လူတိုင်း အသိစိတ် ပြန်ဝင်လာချိန်တွင် အားလုံး ပွက်လောရိုက် လာသည်။ ကိုးယောက်မြောက် တော်ဝင်သခင် ပီယားသည် ထိတ်လန့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။
*အံ့ဩစရာကောင်းလိုက်တာ*
*သူက ဘယ်လိုလုပ် ဧကရာဇ် အကြီးအကဲရဲ့ ဘိုးဘေး ဖြစ်နေတာလဲ*
“မဟုတ်ဘူး၊ ဒါ အမှန်မဟုတ်နိုင်ဘူး”
ထိုသို့သော အချိန်၌ ပီယားသည် မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်နေသည်။ ထို့နောက် ဂရေးထူက လင်းလက်သွားသော မျက်လုံးများဖြင့် ရေရွတ်လိုက်မိသည်။
“ငရဲကလန်လား။ လတ်စသတ်တော့ နတ်ဆိုးဧကရာဇ်က ငရဲကလန်ရဲ့ ဘိုးဘေး ဖြစ်နေတာကိုး”
ဘာကြောင့် ငရဲကလန်က နတ်ဆိုးတွေအတွက် အသက်ပေး၍ တိုက်ခိုက်ခဲ့ရသလဲဆိုတာကို ယခုအချိန်မှသာ ဂရေးထူ နားလည်သွားရသည်။
သူတို့က ယဲ့ဖန်အတွက် အရာအားလုံးကို လုပ်ခဲ့ကြတာကိုး။