အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
CHAPTER 415 ပြဿနာ
နဂါးငွေ့တန်း အင်ပါယာ၏ တော်ဝင်နန်းတော်တွင်း၌ ခရမ်းရောင် ရွှေသရဖူကို ဆောင်းထားသော လူတစ်ယောက် သည် တော်ဝင်ပုလ္လင်၌ ငြိမ်သက်စွာ ထိုင်လျက် ရှိသည်။
တော်ဝင်ပုလ္လင်သည် မှော်ဝင်နဂါး၏ အရိုးစုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်း လှသော နဂါးဦးခေါင်းသည် အလွန် ခံ့ညားထည်ဝါ လှပေ၏။
ထိုသူသည် ဧကရာဇ်ကဲ့သို့ အခြားသတ္တဝါအားလုံးအား အပေါ်စီးမှ ကြည့်လျက်ရှိသည်။
သူသည် နဂါးငွေ့တန်းအင်ပါယာ၏ လက်ရှိ ဧကရာဇ်ဖြစ်သူ ပီခမ်းပင်။ ထိုစဉ် ခြေသံနှင့်အတူ တော်ဝင်အစောင့် တစ်ယောက် ခန်းမအတွင်းသို့ ဝင်လာသည်။
ထိုသူသည် ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်မိသည်နှင့် ချက်ချင်း ဒူးထောက်ကာ သတင်းပို့လေသည်။
“အရှင်မင်းမြတ် ကျွန်တော် အခုလေးတင် ဆာရိုဂြိုဟ် နယ်မြေကနေ သတင်းတစ်ခု ရလာပါတယ်”
“လျှောက်တင်စမ်း”
ပီခမ်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သူ့စကား အဆုံးတွင် တော်ဝင်အစောင့်သည် တစ်ချက်မျှ တုန်ယင် သွားပြီး လျှောက်တင်လာသည်။
“ကျွန်တော်တို့ ဆာရိုဂြိုဟ်နယ်မြေကို စေလွှတ်လိုက်တဲ့ အထောက်တော်တွေရဲ့ သတင်းအရ သိုင်းပညာရှင် တော်တော်များများက ဆာရိုဂြိုဟ်နယ်မြေမှာ လာရောက် စုစည်းနေကြပါတယ်။ သူတို့က မြင်းတွေကို အစာကျွေးနေကြ ပြီးတော့ ဖြစ်လာတော့မယ့် စစ်ပွဲအတွက် လက်နက်တွေ သွေးနေကြတယ်လို့ သတင်းရပါတယ်”
*ဟမ်*
သူ့စကားကြောင့် ပီခမ်း၏ မျက်လုံးမှ အေးစက်စက် အလင်းများ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ဒေါသတကြီး မေးလိုက်၏။
“ငါ့ညီ ပီယားနဲ့ ဧကရာဇ် အကြီးအကဲတို့ကရော ဘယ်မှာလဲ။ သူတို့ ဘယ်ရောက်နေလဲ”
“ပြောစမ်း”
သူ၏ ပြင်းထန်သော အသံကို ကြားပြီး တော်ဝင်အစောင့် တုန်ယင်သွားကာ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။
“အရှင်မင်းမြတ် အထောက်တော်တွေရဲ့ သတင်းအရဆိုရင် ဧကရာဇ် အကြီးအကဲက ဂရေးကလန်ရဲ့ အိမ်တော်ထဲမှာ တံခါးမရှိ ဓားမရှိ သွားလာနေတယ်လို့ သိရပါတယ်။ သူက ဆာရိုဂြိုဟ်နယ်မြေနဲ့ ပူးပေါင်းသွားပါပြီ”
“ကိုးယောက်မြောက် တော်ဝင်သခင် ပီယားက .... သေသွားပါပြီ”
ပြောပြီးသည်နှင့် တော်ဝင်အစောင့်၏ မျက်နှာက ဖြူဖပ် ဖြူရော် ဖြစ်လာကာ ကြမ်းပြင်ပေါ် လေးဘက်ထောက် လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
သူပြောတာကို နားထောင်ပြီးသည်နှင့် ပီခမ်း၏ မျက်လုံးများက နီရဲလာကာ ကြိမ်းဝါးလာသည်။
“ကောင်းတယ်၊ ဂရေးထူ သေနေ့စေ့ပြီပဲ။ ဧကရာဇ် အကြီးအကဲလည်း အဲ့အတိုင်းပဲ”
“မင်းက ငါ့ကို သစ္စာဖောက်ရဲမှတော့ မင်း သေသင့်တယ်”
ပီခမ်းသည် အလွန် ဖိနှိပ်နိုင်သည့် ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှတ်လာသည်။ ထိုသို့သော အချိန်၌ တော်ဝင် အစောင့်က ကြောက်လန့်တကြား ပြောလာသည်။
“အရှင်မင်းမြတ် ဧကရာဇ် အကြီးအကဲရဲ့ သစ္စာဖောက်မှုနဲ့ ကိုးယောက်မြောက် တော်ဝင်သခင်ရဲ့ သေဆုံးမှုက အတော်လေး အရေးကြီးပါတယ်။ ကျွန်တော်မျိုးတို့ ဘုရင်မကို သတင်းပို့ဖို့ လိုအပ်ပါသလား”
*ဟမ်*
အစောင့်၏ စကားကြောင့် ပီခမ်း၏ မျက်လုံးများ ပြင်းထန်သော ချီဓာတ်များ အနည်းငယ် ထွက်ပေါ်လာသည်။ သို့သော် သူက နွေးထွေးစွာ ပြုံး၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ဘုရင်မကို သတင်းပို့လိုက်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်”
တော်ဝင်အစောင့်က ချက်ချင်း မတ်တပ်ရပ်၍ အပြင်သို့ ပြန်ထွက်ရန် ပြင်လိုက်သည်။ ထိုစဉ် ပီခမ်းသည် သူ၏ လက်ဖဝါးမှ အဖြူရောင် အလင်းတန်းကို ထုတ်ဖော်၍ တော်ဝင်အစောင့်အား ပြင်းထန်သော အဖျက်စွမ်းအင်ဖြင့် ထက်ပိုင်းပိုင်းလိုက်သည်။
ဝှစ်!
တော်ဝင်အစောင့်သည် ချက်ချင်း အပိုင်းပိုင်း ဖြစ်သွားပြီး အော်တောင်မအော်လိုက်နိုင်ပေ။ သူ၏ ပြာမှုန့်အချို့က လေထဲ လွင့်ပါလာသည်။
နတ်ဘုရား အရှင်သခင်အဆင့်တစ်ယောက် လောကထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအခါမှသာ ပီခမ်း၏ မျက်နှာက ပုံမှန်ပြန်ဖြစ်လာသည်။
ထို့နောက် သူသည် သူ့ဘေးမှ မှောင်ရိပ်ကျသော ထောင့်တစ်ခုအား လှမ်းကြည့်၍ ပြောလိုက်သည်။
“မင်းရဲ့ အကြံကောင်းလေးကို ကြည့်စမ်းပါဦး”
သူ့စကားအဆုံးတွင် မှောင်ရိပ်ထဲမှ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် ထွက်လာသည်။ သူသည် ဆိုးယုတ်သော ချီဓာတ်များကို ထုတ်လွှတ်လျက် ရှိသည်။
အနက်ရောင်ဝတ်ရုံနှင့် ဖုံးကွယ်နေသဖြင့် သူ၏ မျက်နှာက မသဲကွဲချေ။ သူသည် လက်တစ်ဖက်နှင့် ခြေထောက် တစ်ဖက်ကိုသာ ထုတ်ဖော်ထားသည်။
“အရှင်မင်းမြတ် စိတ်အပင်ပန်းမခံပါနဲ့”
ထောင့်ထဲမှ ထွက်လာပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် လူသည် ဧကရာဇ်အား ရှင်းပြလာသည်။
“ဒါ တိုက်ဆိုင်ရုံလေးပါ။ ဘယ်သူကမှ ဧကရာဇ်အကြီးအကဲနဲ့ ဂရေးထူတို့ အရှင့်ကို တစ်ချိန်တည်း သစ္စာဖောက် လိမ့်မယ်လို့ ထင်မထားမိကြပါဘူး”
သူ့စကားကြောင့် ပီယားသည် သက်ပြင်းချ၍ သူ့ကို ပြန်ပြောလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်သလဲ။ ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးပစ်မယ့် ငါတို့အကြံကို ဘုရင်မ လုံးဝ သိသွားလို့ မဖြစ်ဘူး။ မဟုတ်ရင်တော့ ငါတို့ ပြဿနာ အကြီးအကျယ် တက်မှာပဲ”
“ဟားဟား … စိတ်မပူပါနဲ့၊ အရှင်မင်းမြတ်။ ဘုရင်မက ကျွန်တော်မျိုးတို့ အစီအစဉ်တွေကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး”
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် လူက မနှစ်မြို့ဖွယ် ကောင်းသော အပြုံးမျိုးနှင့် ဆက်ပြောလာသည်။
“ဘုရင်မရဲ့ အချစ်ကို လိုချင်ရင် အရှင် ကမ္ဘာဂြိုဟ်နဲ့ ယဲ့ဖန်ကို သုတ်သင်ပစ်မှ ရမယ်လို့ ကျွန်တော်မျိုး အရှင့်ကို ပြောခဲ့ပြီး သားပဲလေ”
“ဒီလိုကိစ္စကို ကျော်ဖြတ်ပြီးမှသာ သူမက သူ့ကို တမ်းတ နေတာ ရပ်သွားမှာ”
*ယဲ့ဖန်*
*ကမ္ဘာဂြိုဟ်*
ထိုစကားလုံး နှစ်လုံးကို ကြားသည်နှင့် ပီခမ်းက ချက်ချင်း ဆိုသလို ပြင်းထန်၍ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်လာ၏။
“ဟမ့် ဘုရင်မက ဘာလို့ ဒီလောက် နိမ့်ကျတဲ့ ကမ္ဘာမြေသား အကောင်ကို ချစ်နေရတာလဲဆိုတာကို ငါ နားမလည်နိုင်ဘူး။ ဘာလို့ သူမက သူ့ကို ဒီလောက် တမ်းတ လွမ်းဆွတ် နေရတာလဲ။ ဘယ်လိုလုပ် နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်ဖြစ်တဲ့ ငါက နိမ့်ကျတဲ့အကောင်ကိုတောင်မှ မယှဉ်နိုင်ရတာလဲ”
ပီခမ်း၏ မျက်နှာက မနာလိုမှုကြောင့် သုန်မှုန်၍ ထိတ်လန့်ဖွယ် ကောင်းလာသည်။
လက်ရှိ ဘုရင်မက ယခင်ဘုရင်မထံမှ လျှို့ဝှက်သိုင်းကျမ်းနှင့် ထီးနန်းကို ဆက်ခံပြီးကတည်းက ဧကရာဇ်သည် ဘုရင်မ အသစ်အား ချစ်မြတ်နိုးမိသွားသည်။
သို့သော် သူ ဘယ်လောက်ပဲ ပိုးပန်းပါစေ၊ သူသည် ကမ္ဘာဂြိုဟ် တိုးတက်လာသည့် သတင်းကို မယှဉ်နိုင်ခဲ့ပေ။ ထို့ကြောင့် ပီခမ်းသည် အလွန် ဒေါသထွက်၍ မုန်းတီး နေသည်။
“အရှင်မင်းမြတ် စိတ်ကို အေးအေးထားပါ”
အနက်ရောင်ဝတ်ရုံနှင့် လူက ပီခမ်းက မိစ္ဆာဆန်သော အပြုံးဖြင့် နှစ်သိမ့်လာသည်။
“အရှင်မက ဘုရင်မဟောင်း ချန်ရစ်ခဲ့တဲ့ အတွင်းစိတ် အလင်းပွင့်မှုကို ဆင်ခြင်သုံးသပ်ပြီး တံခါးပိတ် ကျင့်ကြံ နေတာပါ။ ဒီအချိန်အတွင်းမှာ ကျုပ်တို့ အင်ပါယာကို ထိန်းချုပ် ထားနိုင်ပါတယ်”
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် လူသည် ပီယား၏ အနား၌ ကိုယ်ကိုကိုင်း၍ အကြံပေးလာသည်။
“အရှင်မင်းမြတ်၊ လက်အောက်ငယ်သား လောကသခင် ငါးယောက်ဆီကို ဆာရိုဂြိုဟ်နယ်မြေကို သူတို့ အင်အားနဲ့ ရှင်းလင်းပစ်ဖို့ ပြောလိုက်ပါ”
“ဆာရိုဂြိုဟ်နယ်မြေကို ကျွန်တော်တို့ ရှင်းလင်းပစ် သွားနိုင်ပြီဆိုရင် ကျုပ်တို့ နေအဖွဲ့အစည်း တစ်ခုလုံးကို ဖျက်ဆီး နိုင်ပါပြီ။ ဒီလိုဆိုရင် ယဲ့ဖန်နဲ့ ကမ္ဘာဂြိုဟ်ကလည်း ဒုက္ခတွေ့သွားမှာပဲ”
*ဟမ်*
အနက်ရောင်ဝတ်ရုံနှင့် လူ၏ အကြံကို နားထောင်ပြီးနောက် ပီခမ်း အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။
အကယ်၍ သူသာ အခြားလောကသခင် ငါးယောက်ကို စုစည်းခိုင်း လိုက်ပါက ဤအဖြစ်သည် ဆာရိုဂြိုဟ်နယ်မြေကို တိုက်ခိုက်ရန် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံး၏ အင်အားကို အသုံးချရသလို ဖြစ်သွားပေလိမ့်မည်။
ပေးဆပ်ရမည့် တန်ဖိုးက မြင့်လွန်းလှ၏။
ပီခမ်း ချီတုံချတုံ ဖြစ်နေသည်ကို သတိထားမိပြီး အနက်ရောင် ဝတ်ရုံနှင့်လူက အလျင်စလို သတိပေး လိုက်သည်။
“အရှင်မင်းမြတ် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကို မဖျက်ဆီးဘူး ဆိုရင် ကမ္ဘာဂြိုဟ် အင်အားကြီးလာတဲ့အချိန် ရောက်လာတဲ့ အခါမှာ ဘုရင်မက အားလုံးကို ပစ်ထားခဲ့ပြီးတော့ ယဲ့ဖန် ဘေးနားကို ပြန်သွားမှာပဲ”
“အရှင် အဲ့လို အဖြစ်ခံနိုင်လို့လား”
သူ၏ သတိပေးစကားကို ကြားပြီး ပီခမ်း ချက်ချင်း ဝမ်းနည်းသလို ဖြစ်ကာ သုန်မှုန်လာသည်။
“မဖြစ်ရဘူး။ ဘုရင်မက ငါ့အပိုင်ပဲ။ ငါဆိုတဲ့ ပီခမ်း တစ်ယောက်တည်းကပဲ တော်ဝင်ဘုရင်မနဲ့ လိုက်ဖက်ညီတာ”
ထို့နောက် ပီခမ်းက ဆုံးဖြတ်ချက် ပြတ်သားသော မျက်လုံး များဖြင့် ပြောလာသည်။
“ငါ မင်းအကြံကို လက်ခံမယ်။ လောကသခင် ငါးယောက်လုံးနဲ့ နဂါးငွေ့တန်း အင်ပါယာအနှံ့က သိုင်းပညာရှင် အားလုံးကို စုစည်းခိုင်းပြီးတော့ ဆာရိုဂြိုဟ် နယ်မြေကို ရှင်းလင်းပစ်လိုက်။ သူတို့ကို ကမ္ဘာဂြိုဟ်ကိုပါ ဖျက်ဆီးဖို့ အမိန့်ပေးလိုက်”
သူ့စကားကို ကြားပြီးနောက်တွင် အနက်ရောင်ဝတ်ရုံနှင့် လူသည် မကောင်းဆိုးဝါးသဖွယ် ပြုံးလိုက်ပြီး သူ့မျက်လုံးမှ မကောင်းသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
အနက်ရောင်ဝတ်ရုံနှင့် လူ၏ စိတ်လှုပ်ရှားနေသော အပြုအမူကို သတိထားမိပြီး ပီခမ်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“အလောင်းကောင် ဘာလို့ ဘုရင်မဆီကနေ မင်းကို ဖုံးကွယ်ထားဖို့ အမြဲ ငါ့ကို တောင်းဆိုရတာလဲ။ မင်းက သူ့မိသားစုထဲကလား”
ပီခမ်း၏ စကားကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူက ပြုံးလာသည်။
“အရှင်မင်းမြတ် ကျွန်တော်မျိုးက ဘုရင်မနဲ့ မရင်းနှီးပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုး ယဲ့ဖန်နဲ့တော့ သိပါတယ်”
“ကျွန်တော်ရဲ့ ဒီအခြေအနေဆိုးကြီးက သူ့ကြောင့် ဖြစ်ခဲ့ရတာပါ”
အလောင်းကောင်။ မှန်၏။ သူ တစ်ကြိမ် သေခဲ့ဖူးသည်။
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် လူက ထိတ်လန့်ဖွယ် ကောင်းသော အကြည့်မျိုးနှင့် ဖြစ်လာသည်။ သူသည် ကမ္ဘာမြေနှင့် ယဲ့ဖန်ကို စောင့်ကြည့်နေသကဲ့သို့ ခပ်လှမ်းလှမ်း ကနေ ရှာဖွေ စောင့်ကြည့်နေခဲ့သည်။
*ယဲ့ဖန် ငါတို့ မကြာခင် ပြန်တွေ့ရလိမ့်မယ်လို့ မင်း ထင်ထားမိမှာ မဟုတ်ဘူး*
*ငါက ပါရမီရှင် ကောင်းကင်သားတော်ပါလို့ မင်းကို ငါ ပြောခဲ့ဖူးသားပဲ။ နောက်ဆုံးအချိန်ရောက်ရင် မင်းက ငါ့လက်ထဲမှာ သေရမှာပဲ*
*အိုး ပြီးတော့ မင်း မိန်းမ၊ ဘုရင်မလေ။ မင်းကို သတ်ပြီးရင် မင်းကို အဖော်လုပ်ဖို့ ငါ သူ့ကို ပို့လိုက်ပါ့မယ်။ ဟဟ…*
ထိုသို့သော အချိန်၌ အနက်ရောင်ဝတ်ရုံနှင့် လူသည် သွေးပျက်ဖွယ် ကောင်းသော အမူအရာဖြင့် ခေါင်းမီး တောက်အောင် တွေးတောနေသည်။
…
မကြာခင်မှာပင် အရှင်မင်းမြတ်၏ အမိန့်က နဂါးငွေ့တန်း အင်ပါယာအနှံ့သို့ ပျံ့နှံ့သွားလေ၏။
ဟိုဒါ ဂြိုဟ်နယ်မြေ။
နီလိုဂြိုဟ်နယ်မြေ။
ဖစ်ခ် ဂြိုဟ်နယ်မြေ။
…
လောကသခင် ငါးယောက်လုံး တော်ဝင်အမိန့်ကို ရရှိခဲ့သည်။ ထို့နောက် သူတို့သည် ဆာရိုဂြိုဟ်နယ်မြေအား ရှင်းလင်းရန် သူတို့၏ လက်အောက်ငယ်သား အင်အားစုများကို စုစည်းလိုက်ကြသည်။
ထိုသတင်းကို ရရှိပြီးနောက် နဂါးငွေ့တန်း အင်ပါယာ တစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။
သိုင်းပညာရှင်များစွာ စုစည်းလာကြပြီး စစ်သင်္ဘော များစွာတို့က အာကာသထဲ ခရီးထွက်လာကြသည်။
လူတိုင်းသည် ဆာရိုဂြိုဟ်နယ်မြေအား ပစ်မှတ်ထား ထားကြ၏။ အကယ်၍ ဆာရိုဂြိုဟ်နယ်မြေသာ ချေမှုန်းခံ လိုက်ရပါက ကမ္ဘာဂြိုဟ်လည်း ဖျက်ဆီးခံရပေလိမ့်မည်။
CHAPTER 416 နှစ်တစ်သောင်းကျော်ကြာ ခါးသီးသော ချစ်ခြင်းမေတ္တာ
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်သည် နဂါးငွေ့တန်း အင်ပါယာနှင့် အခြား အင်ပါယာ၏ နယ်စပ်ကြား၌ ရှိနေသော ဂြိုဟ်တစ်ခု ဖြစ်သည်။
၎င်းကို မည်သည့်အင်ပါယာကမှ မပိုင်ပေ။ တကယ်တမ်းတွင် ၎င်းသည် တစ်သီးပုဂ္ဂလ တိုင်းပြည်တစ်ခု ဖြစ်သည်။
နဂါးငွေ့တန်း အင်ပါယာနှင့် အခြား အင်ပါယာများက စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်အား ကျူးကျော်ရန် တစ်ချိန်က ကြိုးပမ်းခဲ့ဖူးသည်။
သို့သော် သူတို့ လူတစ်ယောက်ကြောင့် ရှုံးနိမ့်ခဲ့ကျသည်။ ထိုသူသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ခေါင်းဆောင်ဖြစ်ပြီး စိတ်ဝိညာဉ်သခင်ဟု ကျော်ကြားသည်။
စိတ်ဝိညာဉ်သခင်သည် အလွန် ထူးဆန်းသော အမူအကျင့် ရှိပြီး သူမကိုယ်သူမ လူလုံးထွက်ပြခဲလှသည်။
စိတ်ဝိညာဉ်ဂြိုဟ်၏ သာမန်ကိစ္စများကို သူမ၏ လက်အောက်ငယ်သား စိတ်ဝိညာဉ် သေနာပတိ လေးယောက်က ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။
….
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ဆိတ်ငြိမ်သော လက်ဘက်ရည် စံအိမ်အတွင်း၌ လှပသော မိန်းမပျိုတစ်ယောက်သည် ထိုင်ခုံ၌ ထိုင်နေရင်း လက်ဘက်ရည်တစ်ခွက်ကို စိမ်ပြေနပြေ အရသာခံ၍ သောက်နေသည်။
သူမသည် ခါးသက်စွဲ လက်ဘက်ရည်ကို သောက်နေခြင်း ဖြစ်သည်။ ဤစံအိမ်တစ်ခုတည်းကသာ ထူးကဲသော လက်ဘက်ရည်ကို စီမံပေးနိုင်သည်။
ထိုမိန်းမပျိုလေး၏ မျက်နှာသည် ပန်းပွင့်လေးကဲ့သို့ လှပလှသည်။ သူမသည် ထိုင်လျက်နှင့် ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေသည်။
လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာများကို ကြည့်ရင်း သူမ၏ လှပသော မျက်ဝန်းတွင် အလွန်အမင်း စွဲလမ်းသော အကြည့်များဖြင့် ပြည့်နှက်လာသည်။
“နှစ်တစ်ထောင်တောင် ကျော်နေပြီ။ ငါ သူနဲ့ နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ဘူးလား”
သူမ၏ ခါးသက်စွဲ လက်ဘက်ရည်ကို သောက်လိုက် ပြီးနောက် မိန်းမပျိုလေးက မချိပြုံးပြုံး၍ ရေရွတ် လိုက်သည်။
ထိုစဉ် အစေခံတစ်ယောက်က သူမဆီ ခပ်သွက်သွက် လှမ်းလာသည်။ သူမက မိန်းပျိုလေးဆီသို့ ရောက်သောအခါ ဒူးတစ်ဘက်ထောက်၍ သတင်းပို့လာသည်။
“စိတ်ဝိညာဉ်သခင်”
ထိုလှပသော မိန်းမပျိုလေးသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ စိတ်ဝိညာဉ်သခင် ရက်ရှာ ဖြစ်သည်။ သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်အား တည်ထောင်ခဲ့ပြီး စကြဝဠာတစ်ဝိုက်က သေဆုံးသွားသော စိတ်ဝိညာဉ်များကို စုစည်းခဲ့သည်။
သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ဘုရင်ဖြစ်လေသည်။
“ဘာကိစ္စလဲ”
မိန်းမပျိုလေးက ပြန်မေးလိုက်သည်။ သူမ ခေါင်းကိုပင် မမော့ဘဲ သူမ၏ ခါးသက်စွဲ လက်ဘက်ရည်ကို အရသာခံရင်း လမ်းမပေါ်က လူများကို ငုံ့ကြည့်နေသည်။ ထိုအခါ အစေခံမလေးက အလျင်စလို သတင်းပို့လိုက်သည်။
“စိတ်ဝိညာဉ်သခင် ကျွန်မ အခုလေးတင် သတင်းတစ်ခု ရလာခဲ့ပါတယ်။ မျိုးရိုးနာမည် ယဲ့နဲ့ နောက်ထပ် သိုင်းပညာရှင်တစ်ယောက် စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ကို ရောက်လာပါတယ်”
*မျိုးရိုးနာမည်ယဲ့*
ထိုမျိုးရိုးနာမည်ကို ကြားပြီး လှပသော မိန်းမပျိုလေး၏ မျက်လုံးများ တောက်ပသွားသည်။
“ဟင်း သူက နှစ်တစ်ထောင်ကျော်အတွင်း တစ်သောင်း ခုနစ်ထောင့်နဲ့ ရှစ်ဆယ့်လေးယောက်မြောက် လူပဲ”
“ဟုတ်ပါတယ် စိတ်ဝိညာဉ်သခင်”
အစေခံလေးက မချိပြုံးပြုံး၍ ဖြေလိုက်သည်။
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်သည် စကြဝဠာထဲမှ စိတ်ဝိညာဉ် ဆရာသခင်များအတွက် အထူးတလည် တည်ထောင် ထားခြင်း ဖြစ်သည်။
သို့သော် စိတ်ဝိညာဉ်သခင်သည် မျိုးရိုးနာမည် ယဲ့ပါသော စိတ်ဝိညာဉ် ဆရာသခင် အယောက် တစ်သောင်း ခုနစ်ထောင်ကျော်နှင့် ဆုံပြီးတာတောင်မှ လူတစ်ယောက်ကို ရှာလို့မတွေ့နိုင်သေးခချေ။
“အဲ့မျိုးရိုးနာမည်ယဲ့နဲ့ စိတ်ဝိညာဉ် ဆရာသခင်အသစ်ရဲ့ သိုင်းအဆင့်က ဘယ်လိုလဲ”
မိန်းမလှလေးက မျှော်လင့်ချက် ရှိသေးဟန်ဖြင့် အေးအေး ဆေးဆေး မေးလိုက်သည်။ သူမအမေးကို ကြားပြီး အစေခံလေးက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြန်ပြော လိုက်သည်။
“သူက နတ်ဘုရား ဆရာသခင်အဆင့်ပဲ ရှိပါတယ်”
*နတ်ဘုရား ဆရာသခင်တဲ့လား*
ရက်ရှာက ခါးသီးစွာ ပြုံး၍ ခေါင်းခါကာ ပြောလိုက်သည်။
“သူ မဟုတ်ဘူးပဲ”
ထိုသို့ပြောပြီး သူမသည် ကိစ္စရပ်များကို သိမြင်နေပြီးဟန်ဖြင့် သူမ၏ ခါးသက်စွဲ လက်ဘက်ရည်ကိုသာ ဆက်၍ အရသာ ခံနေလိုက်သည်။
ထို့နောက် အစေခံမလေးက ရက်ရှာက စိတ်ဝိညာဉ်သခင်၏ ပူဆွေးမှုကို သတိထားမိကာ သနားစိတ်ဖြင့် မေးလိုက်သည်။
“စိတ်ဝိညာဉ်သခင်၊ မျိုးရိုးနာမည်ယဲ့နဲ့ စိတ်ဝိညာဉ် ဆရာသခင်ကို ရှာနေတာ နှစ်တွေပဲ ကြာနေပြီ၊ ဒါပေမယ့် သူ့နာမည် အပြည့်အစုံကို သခင်မ တစ်ခါမှ ထုတ်မပြော ဖူးဘူးနော်”
*သူ့နာမည်အပြည့်အစုံလား*
သူမစကားကြောင့် ရက်ရှာက ခါးသက်စွဲ လက်ဘက်ရည်က ပို၍ ခါးလာဟန်ဖြင့် မချိပြုံးပြုံး၍ ပြောလိုက်သည်။
“ငါ … သူ့နာမည်ကို အပြည့်အစုံ မသိဘူး”
*ဘာ*
အစေခံမလေး တွေဝေသွားရသည်။
*စိတ်ဝိညာဉ်သခင်က သူ့မျိုးရိုးနာမည်ပဲ သိတာလား။ ဒါပေမယ့် သူမက သူ့ကိုရှာနေတာ နှစ်တစ်ထောင် ကျော်နေပြီလေ*
အစေခံမလေး မယုံသင်္ကာ ဖြစ်သွားရသည်။ သူမစိတ်ထဲတွင် စိတ်ဝိညာဉ် သခင်မသည် စကြဝဠာထဲတွင် အပြတ်သားဆုံး သူ ဖြစ်သည်။
သူမသည် ရက်စက်၍ အကြင်နာတရား ကင်းမဲ့သည်။
သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ကို တည်ထောင်ခဲ့ပြီး ထောင်နှင့်ချီသော စိတ်ဝိညာဉ်များကို သူမထံ အညံ့ခံ လာအောင် လုပ်နိုင်ခဲ့သည်။
သို့သော် သူမက အမည်မသိသော ယောကျာ်းတစ်ယောက်ကို နှစ်တစ်ထောင်ကျော်ကြာအောင် စောင့်မျှော်နေခဲ့လေသည်။ အံ့ဩစရာ ကောင်းလှပေ၏။
ထို့နောက် ရက်ရှာက သူမအစေခံ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို ရိပ်မိဟန်ဖြင့် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင့်နှစ်ရာကျော်တုန်းက ယိုမင် ကလန်က ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ် ဆရာသခင် တွေရဲ့ သုတ်သင်ခြင်းကို ခံခဲ့ရတယ်။ အဲ့တုန်းက ယိုမင် ကလန်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ငါ့နောက်ကို သူတို့က ဂြိုဟ်ပေါင်းများစွာ ဖြတ်ပြီး လိုက်လံဖမ်းဆီးခဲ့တယ်”
“အဲ့အချိန်တုန်းက ငါက ကောင်မလေးသာသာပဲ ရှိသေးတာ။ ငါ့မှာ ထူးချွန်တဲ့ လျှို့ဝှက်သိုင်းကျမ်း ရှိပေမယ့်လည်း ငါ့ခွန်အားက အရမ်းအားနည်းလွန်းခဲ့တယ်”
“နောက်ဆုံးကျတော့ ငါက အရမ်းအင်အားကြီးတဲ့ စိတ်ဝိညာဉ် ဆရာသခင် အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်”
“အဲ့အချိန်မှာ လူတစ်ယောက်က ကောင်းကင်ကနေ ဆင်းလာတယ်”
ထို့နောက် ရက်ရှာက ထိုထူးကဲသော အခိုက်အတန့်လေးကို အမှတ်ရလာဟန်ဖြင့် နွေးထွေးစွာ ပြုံးလာသည်။
“အဲ့လူက ငရဲက လာသလားတောင် မှတ်ရတယ်”
“သူက အဲ့အင်အားကြီးတဲ့ စိတ်ဝိညာဉ် ဆရာသခင်တွေကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာ”
“သန်မာလွန်းတယ်။ ထိတ်လန့်စရာ ကောင်းတယ်။ အဲ့အချိန် ကတည်းက စပြီး သူက ငါ့ရင်ထဲက နတ်ဘုရား ဖြစ်လာတာပဲ”
သူမစကားကြောင့် အစေခံမလေးက ခေါင်းတဆတ်ဆတ် ညိတ်ကာ သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
“နောက်တော့ ဘာဖြစ်လဲဟင်”
“နောက်တော့ …”
ရက်ရှာ၏ နွေးထွေးသော အပြုံးက ခါးသီးသော အပြုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ဆက်ပြောလာသည်။
“သူက ယိုမင်ကလန်ရဲ့ နောက်ဆုံးမျိုးဆက် ငါက မိဘမဲ့တစ်ယောက် ဖြစ်နေခဲ့တာကို သနားခဲ့တယ်။ အဲ့ဒါကြောင့် သူက လျှို့ဝှက်သိုင်းကျမ်းတစ်ခုနဲ့ လက်ဘက် ရွက်တစ်ထုပ်ကို ထားခဲ့ပြီးတော့ ထွက်သွားခဲ့တယ်”
“ငါ သူ့နာမည်မေးပင်မယ့်လည်း သူက သူ့မျိုးရိုးနာမည်က ယဲ့ဆိုတာကိုပဲ ပြောပြခဲ့တယ်”
“သူက ခါးသက်စွဲ လက်ဘက်ရည်က ယိုမင်ကလန်က ထူးကဲတဲ့အရာတစ်ခု ဖြစ်တယ်လို့ ငါ့ကို ပြောခဲ့တယ်”
*နားလည်သွားပြီ*
သူမ၏ စိတ်ဝိညာဉ်သခင်က ဘယ်လိုပဲဖြစ်နေပါစေ ခါးသက်စွဲ လက်ဘက်ရည်ကိုသာ သောက်ဖို့ မလျှော့တမ်း ပြောနေခဲ့သလဲဆိုတာကို အစေခံမလေး နားလညသ်ွားသည်။
ခါးသက်စွဲ လက်ဘက်ရည်၌ အခါးသီးဆုံး စွဲလမ်းမှု ပါဝင်နေသည်ကိုး။
“စိတ်ဝိညာဉ် သခင်။ သူ့ကို ထပ်စောင့်မနေပါနဲ့တော့။ သူက သခင်မကို လွန်ခဲ့တဲ့နှစ် ထောင့်နှစ်ရာကတည်းက မေ့သွား လောက်ပါပြီ”
အစေခံမလေးက စိတ်ဝိညာဉ်သခင်ကို သနားသလို ကြည့်၍ ဖြောင်းဖြလိုက်သည်။ သူမ၏ အကြံပေးစကားကို နားထောင်ပြီးနောက် ရက်ရှာက စိတ်ဓာတ်ကျသလို သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။
“ကြည့်ရတာ စောင့်နေရတာက ငါ့ရဲ့ စိတ်ရဲ့ ကဏ္ဍတစ်ခုလို ဖြစ်နေပြီ ထင်ပါရဲ့။ အခု ငါစောင့်နေတာ နှစ်လည်း ထောင်ကျော်နေပြီဆိုတော့ ဆက်စောင့်နေရလည်း ငါ့အတွက် ဘာမှမဖြစ်ပါဘူး …”
ရှက်ရှာက ပြောရင်း ခါးသက်စွဲ လက်ဘက်ရည်ကို ဆက်သောက်နေလိုက်သည်။ လက်ဘက်ရည်က ပို၍ ခါးနေသလိုပင်။
လက်ဘက်ရည်ကို တစ်ငုံသောက်ပြီးနောက် သူမက ပြတင်းပေါက်မှတစ်ဆင့် လမ်းမထက်ကို လှမ်းကြည့် လိုက်သည်။
ခွမ်း!
သူမ၏ လက်ဘက်ရည်ခွက်သည် သူမလက်ထဲမှ လွတ်ကျသွားပြီး ကွဲကြေသွားသည်။ တစ်ချိန်တည်းမှာပင် သူမသည် ရုပ်သေးရုပ်ကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေသည်။
“စိတ်ဝိညာဉ်သခင်။ ဘာ …. ဘာဖြစ်လို့လဲ”
သူမ၏ စိတ်ဝိညာဉ်သခင်က ဤကဲ့သို့ မူမမှန်သော အပြုအမူဖြင့် ပြုမူနေသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး အလွန်ထိတ်လန့်သွားသည်။
“အဲ့လူက …”
ထိုအချိန်တွင် ရက်ရှာသည် လမ်းမပေါ်မှ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်ကို ကြည့်နေသည်။
ထို့နောက်တွင်မူ သူမ၏ သေးသွယ်သော ကိုယ်လုံးလေးက ထိတ်လန့်မှုကြောင့် တုန်ယင်လာသည်။
ထိုသူသည် သူမ အမြဲအိပ်မက်မက်နေခဲ့သည့်လူနှင့် အလွန် တူလွန်းလှသည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် အား မြင်ခဲ့ရသည်ဟု သူမ အကြိမ်ပေါင်း များစွာ အိပ်မက်မက်ခဲ့ဖူးသည်။
လမ်းမပေါ်မှလူသည် သူမအိမ်မက်ထဲမှ ယောကျ်ား တစ်ယောက်နှင့် တစ်ထပ်တည်း တူလှသည်။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
“အဲ့ဒါ သူလား။ သူ တကယ်ပဲ ဒီကိုရောက်နေတာလား”
ရက်ရှာ သူမမျက်လုံးနှင့် မြင်ရသည်ကို မယုံနိုင်သေးပေ။ သူမသည် ချက်ချင်း ပြတင်းပေါက်မှ ခုန်ဆင်းကာ လူအုပ်ထဲမှ လူတစ်ယောက်ကို အရူးအမူး လိုက်ရှာနေသည်။
*ရှင် ဘယ်မှာလဲ*
*ကျွန်မ ရှင့်ကို အခုလေးတင် မြင်လိုက်တာလေ*
သူမနဖူးမှ ချွေးများ စီးကျလာသည်။ ထို့အတူ သူမသည် လူအုပ်ထဲ လိုက်ရှာနေခြင်းက အလကား ဖြစ်လာသည်။
ထိုသို့သော အချိန်တွင် သူမအစေခံက သူမဘေးသို့ အပြေး လာကာ စိုးရိမ်တကြီးနှင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“စိတ်ဝိညာဉ်သခင် ဘာဖြစ်လို့လဲ။ ဘာမြင်လိုက်လို့လဲ”
အစေခံမလေး မယုံနိုင်သလို ဖြစ်နေ၏။ သူမ၏ စိတ်ဝိညာဉ်သခင်က ဒီလောက် ပျော်မြူးနေတာ သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူမစကားကို ကြားပြီး ရက်ရှာသည် စိတ်ပျက်သွားသော မျက်နှာနှင့် သက်ပြင်းချလိုက်သည်။
“ငါ အခုလေးတင် ငါ ရှာနေတဲ့ လူကို မြင်လိုက်ရသလိုပဲ”
“ဒါပေမယ့် သူက မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတယ်”
စိတ်ဝိညာဉ်သခင်၏ စကားကြောင့် အစေခံမလေး မှင်တက်သွားသည်။ ထို့နောက် သူမ ပြန်မေးလိုက်သည်။
“စိတ်ဝိညာဉ်သခင် သခင်မ အထီးကျန်နေလို့ ထင်ယောင် ထင်မှား ဖြစ်နေတာလား”
“ဖြစ်နိုင်တယ်”
ရက်ရှာသည်လည်း ထိုသို့ယုံကြည်မိသွားသည်။
သူမ လိုက်ရှာနေသည်မှာ နှစ်တစ်ထောင် ကျော်နေပြီ ဖြစ်သဖြင့် သည်လို တိုက်ဆိုင်မှုမျိုး ရှိနေလိမ့်မည်ဟု သူမ ထင်မထားမိပေ။
ထို့နောက် ရက်ရှာသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါ၍ ပြောလိုက်သည်။
“ပြန်ကြစို့”
CHAPTER 417 နတ်ဆိုးစိတ်ဝိညာဉ်တွေ
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်ရှိ လမ်းမထက်တွင် ယဲ့ဖန်ဘေး၌ ခပ်ဝဝလူတစ်ယောက်က ကပ်၍ လိုက်ပါ လာသည်။
“ညီလေးယဲ့၊ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်မှာ နတ်ဘုရား အဆင့် စိတ်ဝိညာဉ်တွေ ရှာထားတာ မင်းအတွက် ပိုကောင်း မယ်နော်။ စကြဝဠာထဲက ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ် အားလုံးနီးပါး ဒီမှာ လာစုစည်းနေတာ”
မုတ်ဆိတ်မွေးများနှင့် ထိုလူဝကြီးသည် အလွန် ချမ်းသာ၍ လူညစ်ပုံပေါက်သည်။
သို့သော် ယဲ့ဖန် သူ့ကို လှည့်ကြည့်လိုက်ပြီးချိန်တွင် ထိတ်လန့်သွားရသည်။ ထိုလူဝကြီး၏ မျက်နှာသည် လောဘအိုး ဝံပုလွေ ဖေးချမ်နှင့် အတော်လေး ဆင်တူနေသည်။
အကယ်၍ ထိုလူကြီးသာ သူ၏ မုတ်ဆိတ်မွေးများကို ရိတ်လိုက်ပါက ယဲ့ဖန် သူ့ကို ဖေးချမ်နှင့် လူမှား လောက်သည်။
သို့သော် ထိုလူကြီးသည် ယဲ့ဖန်၏ သိချင်စိတ် ပြင်းပြ နေခြင်းကို လုံးဝအဖတ်မလုပ်ချေ။
သူက ဘေးချင်းယှဉ်လျှောက်ရင်း အသံပြဲဖြင့် ပြောနေသည်။
“ဟီးဟီး … လူအိုကြီးကျန့်က စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်မှာ နာမည်အကြီးဆုံး လမ်းပြပဲကွ”
“ဩဇာကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေက သူတို့ ငါတို့ဂြိုဟ်ကို ရောက်လာရင် ငါ့ကိုပဲ လိုက်ရှာနေကြ”
“အမှန်အတိုင်းပြောရရင် ညီလေးယဲ့ မင်း ငါ့ကို မင်းလမ်းပြအဖြစ် ရွေးချယ်လိုက်တာက အတော်လေး အမျှော်အမြင်ရှိတယ်လို့ ပြောရမယ်”
သူ့စကားကို ကြားပြီး ယဲ့ဖန်၏ မျက်နှာက နီမြန်းသွားသည်။
*ဘယ်သူက ခင်ဗျားကို လမ်းပြအဖြစ် ရွေးလို့လဲ။ ကျုပ်ဘေးနားမှာ အရှက်မရှိ လာကပ်နေတာ ခင်ဗျားလေ*
သို့သော် ယဲ့ဖန်သည် အဘိုးအိုအား စိတ်မခုချေ။ ထို့နောက် သူက အဘိုးအိုအား သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အဘိုးကျန့် ခင်ဗျား ဖေးချမ်လို့ခေါ်တဲ့လူကို သိလား”
*ဖေးချမ် (ပိုက်ဆံကို ကူညီထောက်ပံ့တာတွေ မလုပ်ဘဲ အသားကုန် သုံးဖြုန်းတာလား*
သူ့မေးခွန်းကြောင့် ခပ်ဝဝ အဘိုးအိုက အားပါးတရပြုံး၍ ပြောလိုက်သည်။
“ညီလေးယဲ့ နားထောင် ငါက ဖေးချမ် မဟုတ်ဘူး၊ ဒါပေမယ့် ငါ ပိုက်ဆံရှာပေးနိုင်တယ်”
“ငါ့နာမည်က ကျန့်ချမ် (ပိုက်ဆံရှာခြင်း) ပဲ။ ငါ ပိုက်ဆံရှာပေးနိုင်တယ်”
သူ့အဖြေစကားကို ကြားပြီး ယဲ့ဖန် ပြောစကား မရှိတော့ လောက်အောင်ကို ဆွံ့အသွားရသည်။ ထို့ကြောင့် သူ ထပ်မမေးတော့ချေ။
သို့သော် ခပ်ဝဝ အဘိုးအိုသည် ကျေနပ်သေးပုံ မပေါ်ဘဲ အားပါးတရ ပြုံး၍ ဆက်ပြောလာသည်။
“ညီလေးယဲ့ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ အများကြီး ရှိတယ်”
“မင်း ဒီမှာ လက်နက်တွေ၊ ထူးကဲတဲ့ ဆေးဝါးတွေ၊ တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေ၊ အဲ့လိုမျိုး အမျိုးစုံ အားလုံး ဝယ်လို့ရတယ်”
ထို့နောက် ထိုခပ်ဝဝ အဘိုးအိုက ပြီတီတီ အပြုံးဖြင့် ပြောလာ၏။
“အဲ့ဒါအပြင် မင်း ညဘက်တွေမှာ အထီးကျန်၊ ဗလာနတ္ထိ ဖြစ်ပြီး အေးသလို ခံစားနေရရင် မင်းကို ဝိညာဉ်ကလန်က လှပတဲ့ မိန်းကလေးတွေနဲ့ ပန်းပွင့်ကလန်က မိန်းမပျိုလေး တွေဆီကို ငါ ခေါ်သွားပေးနိုင်တယ်။ မင်း သူတို့နဲ့ စကားပြောလို့ ရတယ်။ တစ်နာရီကို စကြဝဠာသုံး ဒင်္ဂါး တစ်ရာပဲ။ မင်း လျော့ဈေး နှစ်ဆယ်ရာခိုင်နှုန်းလည်း ခံစားခွင့် ရှိဦးမှာ။ ဘယ်လိုလဲ။ ဈေးချိုတယ်မလား”
*ပြည့်တန်ဆာတွေဆီ အလည်သွားရမယ် ဟုတ်လား*
ယဲ့ဖန် ဆွံ့အသွားလေတော့သည်။ ဤလူအိုကြီးက သည်လောက် အရှက်မရှိလိမ့်မည်ဟု သူ ထင်မထားမိပါ။
ထိုစဉ် ယဲ့ဖန်၏ အင်္ကျီလက်ထဲမှ အနက်ရောင် ချီမျှင်တန်း တစ်ခု ထွက်ပေါ်လာပြီး ချက်ချင်း ဧရာမ နဂါးဦးခေါင်းအဖြစ် အသွင်ပြောင်းသွားသည်။
ထိုနဂါးကား နတ်ဆိုးနဂါးပင် ဖြစ်သည်။
နတ်ဆိုးနဂါးသည် ပေါ်လာသည်နှင့် သွားရည်တမြားမြား ဖြစ်နေပြီး ကျန့်ချမ်အား တောက်ပနေသော မျက်လုံးများနှင့် မဖွယ်မရာ ပြုံး၍ မေးလိုက်သည်။
“နောင်တော်ကြီး၊ အဲ့မှာ စွဲမက်စရာကောင်းတဲ့ နဂါးပျိုမယ်လေး တွေကော ရှိလား”
“ဟူး ဒီခံ့ချောနဂါးကြီး အထီးကျန်နေခဲ့တာ အတော် ကြာနေပြီ။ ကျုပ် တကယ့်ကို နဂါးပျိုမယ်လေးတွေနဲ့ ဆက်ဆံချင်လိုက်တာ”
*ချီးတဲ့မှ*
ကျန့်ချမ် မှင်တက်သွားရသည်။ ဤသို့ ထူးဆန်းသော နဂါးတစ်ကောင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ ထင်မထားမိချေ။
“ကောင်း … ကောင်းကင်လက်နက်”
ကျန့်ချမ် ဗဟုသုတ ကြွယ်ဝသောသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဒါက ကောင်းကင်လက်နက်၏ စိတ်ဝိညာဉ်မှန်း သူ ချက်ချင်း ရိပ်မိသွားသည်။
သူ ထိတ်လန့်နေသော အကြည့်များဖြင့် ပြန်ပြောလိုက်သည်။
“ဟီးဟီး … နဂါးလေးရေ မင်းကတော့ တကယ့်လူကို ရှာတွေ့တာပဲကွ။ နားထောင် အဲ့မှာ ထိပ်တန်း နဂါးညီအစ်မတွေ ရှိတယ်။ မြူဆွယ်ဖြားယောင်းနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးလေးရယ်၊ ခက်ထန်တဲ့ နဂါးဦးခေါင်းတွေနဲ့။ အိုး … တအား လန်းတာကွ”
သူ့စကားကြောင့် နတ်ဆိုးနဂါး၏ မျက်လုံးက ချက်ချင်း အရောင်တောက်လာ၏။ သူ တစ်ခုခု ပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ယဲ့ဖန်၏ တင်းမာနေသော မျက်နှာထားကို သတိပြုမိသွားသည်။
ချက်ချင်းဆိုသလိုပင် နတ်ဆိုးနဂါး ကျောချမ်းသွားသည်။ ထို့နောက် သူက ယဲ့ဖန်အား ပြန်ကြည့်၍ အင်တင်တင် အပြုံးဖြင့် ရှင်းပြလိုက်သည်။
“အဟမ်း အဟမ်း … ငယဲ့ကြီး။ ငါ့ … ငါ့ကို အထင်မလွဲပါနဲ့ကွာ။ ငါက အဲ့လိုလူမျိုး လုံးဝ မဟုတ်ဘူး။ ငါ့နှလုံးသားထဲမှာ နဂါးပျိုမယ်လေးက တစ်ယောက်တည်း ရှိတာပါ။ ငါ အခြားသူတွေနဲ့ လွန်လွန်ကျူးကျူး နေမှာ မဟုတ်ဘူး”
“ငါက ဒီလူကြီးကို စမ်းသပ်ချင်ရုံလေးပါ။ မထင်ထားရ လောက်အောင်ကို သူက အရှက်မရှိတာပဲကွ”
“နဂါးတစ်ကောင် ဖြစ်တဲ့ ငါက မင်းကို အတော်လေး ရွံရှာမိတယ်”
နတ်ဆိုးနဂါးက ကျန့်ချမ်အား ဘာမှမသိဟန်ဖြင့် စိုက်ကြည့် နေသည်။ ထို့နောက် သူသည် ဓားကျိုးထဲသို့ လှစ်ခနဲ ပြန်ဝင်သွားသည်။
*သောက်ကျိုးနည်း*
ကျန့်ချမ်း ရူးမတတ် ဒေါသထွက်သွားသည်။
*ဒီမျိုးမစစ်နဂါးက အရှက်မရှိပြုံးပြီး သွားရည်တောင် ကျနေသေးတာ။ ဘယ်လိုလုပ် သူက ငါ့ကို စမ်းသပ်တာလို့ ပြောနေရတာလဲ*
*ဘာလဲဟ*
သို့သော် ကျန့်ချမ်၌ ထိတ်လန့်စိတ်များ စိုးမိုးနေသေးသည်။ ယဲ့ဖန်လို နိမ့်ကျသော နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က ကောင်းကင်လက်နက်နှင့် ကောင်းကင် လက်နက်အတွင်းမှ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိချေ။ အံ့ဩစရာ ကောင်းလှပေ၏။
“ကျုပ်ကို တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေပြ”
ယဲ့ဖန်က လိုရင်းကို ဒဲ့ပြောလိုက်သည်။ ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး ကျန့်ချမ် ချက်ချင်း တည်ကြည်လာကာ ခပ်သွက်သွက် ပြောလိုက်သည်။
“ညီလေးယဲ့ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်က တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေက စကြဝဠာအနှံ့မှာ နာမည်ကြီးပဲ”
“အကြမ်းဆုံး တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေက နတ်ဆိုး စိတ်ဝိညာဉ်တွေပဲ”
*နတ်ဆိုးစိတ်ဝိညာဉ်တွေလား*
ကျန့်ချမ်၏ စကားကို ကြားပြီး ယဲ့ဖန်၏ မျက်လုံးများက အေးစက်သွားသည်။
“ဒီမှာ နတ်ဆိုးစိတ်ဝိညာဉ်တွေ အများကြီး ရှိတာလား”
ကျန့်ချမ်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
“အရမ်း မများဘူး။ နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲအတွင်းမှာ နတ်ဆိုးတွေ အတော်လေး သေကျေ ပျက်စီးခဲ့ကြတယ်။ သူတို့ အများစုက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သေဆုံးသွားကြတယ်။ နတ်ဆိုး စိတ်ဝိညာဉ် အနည်းစု လောက်ပဲ ဒီဂြိုဟ်မှာ ရောင်းချခြင်း ခံရတာ”
“အမှန်အတိုင်းပြောရရင် နတ်ဆိုးစိတ်ဝိညာဉ်တွေက တကယ် ကြမ်းတာ။ နှစ်စဉ် စိတ်ဝိညာဉ် ပြိုင်ပွဲတွေမှာ နတ်ဆိုး စိတ်ဝိညာဉ်တွေက အမြဲ ဗိုလ်စွဲနေတာ”
သူ့စကားကို ကြားပြီး ယဲ့ဖန်၏ မျက်နှာက ပို၍ အေးစက်လာပြီး တောင်းဆိုလိုက်သည်။
“ကျုပ်ကို အကြီးဆုံး တိုက်ပွဲဝင် စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာနကို ခေါ်သွားပေးပါ”
သူ့အသံသည် အလွန်တရာကိုမှ ခက်ထန်လှ၏။ ယဲ့ဖန်၏ စကားကြောင့် ကျန့်ချမ် တစ်ကိုယ်လုံး တုန်ယင်သွားသည်။
အဘယ်ကြောင့် သေးနုပ်သော နတ်ဘုရား ဆရာသခင် အဆင့်လေး၌ ဤမျှ ပြင်းထန်သော ချီဓာတ်ရှိနေရသလဲ ဆိုတာကို သူ သိချင်နေမိသည်။
ထို့နောက် ကျန့်ချမ်သည် ယဲ့ဖန်အား အကြီးဆုံး စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာနသို့ ခေါ်သွားလိုက်သည်။
သူတို့ အထဲဝင်လိုက်သည်နှင့် စိတ်ဝိညာဉ်များ၏ အလွန် ပြင်းထန်သော ပျက်စီးမှုကို ခံနေရဟန်ဖြင့် အသားကုန် အော်ဟစ်နေသံများကို ယဲ့ဖန် ချက်ချင်း ကြားလိုက်ရသည်။
ထို့အပြင် ပြင်းထန်သော ချီဓာတ်များက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် လေထဲ လွင့်မျောနေသည်ကိ ကြည့်ပြီး ယဲ့ဖန် ချက်ချင်း တုန်ယင်သွားသည်။
ဧရာမ ခန်းမကြီး၏ နံရံများ၌ လှောင်အိမ်များစွာ ရှိနေသည်။ လှောင်အိမ် တစ်ခုချင်းစီသည် စိတ်ဝိညာဉ်ချုပ် သံတိုင်များဖြင့် ပြုလုပ်ထား၏။
အကယ်၍ မည်သည့်စိတ်ဝိညာဉ်မဆို ထွက်ပြေးရန် ကြံစည်ပြီး လှောင်အိမ်အစွန်းသို့ ပြေးလာပါက စူးရှသော နာကျင်မှုကို ခံစာရပြီး သူတို့ကို သေချင်စိတ် ပေါက်လာအောင် လုပ်ပေလိမ့်မည်။
တစ်ခု၊ ဆယ်ခု၊ ငါးဆယ်။
…
ယဲ့ဖန် လှည့်ပတ်ကြည့်လိုက်ပြီးနောက် လှောင်အိမ်များ၌ စိတ်ဝိညာဉ် ရာနှင့်ချီ၍ ပိတ်နှောင်ခံထားရသည်ကို မြင်လိုက်ရသည်။
နတ်ဆိုး စိတ်ဝိညာဉ် ငါးဆယ်ကျော် လှောင်အိမ်ထဲ ပိတ်လှောင်ခံထားရသည်ကို မြင်ပြီး ယဲ့ဖန် ဒေါသစိတ် ကြောင့် မျက်လုံးပြူးထွက်မတတ် ဖြစ်လာသည်။
ခန်းမထဲသို့ သူ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာချိန်တွင် နတ်ဆိုး စိတ်ဝိညာဉ် အခုငါးဆယ်ကျော်သည် ဇဝေဇဝါဖြင့် ချက်ချင်း မျက်လုံး ပွင့်လာကြသည်။
ထို့နောက် သူတို့ ထိတ်လန့်သွားကြသည်။ နောက်ဆုံးတွင်မူ သူတို့အားလုံး တက်ကြွလာကြ၏။
နတ်ဆိုးစိတ်ဝိညာဉ်များက သူတို့၏ ဘုရင်အား ကြိုဆိုသကဲ့သို့ အရူးအမူး အော်ဟစ်နေသဖြင့် စိတ်ဝိညာဉ် ရောင်းဝယ်ရေး ဌာနတစ်ခုလုံး ပွက်လောရိုက်သွားသည်။
ထို့အပြင် သူတို့အားလုံးသည် သူတို့၏ ဖိနှိပ်နိုင်သော ချီဓာတ်များကို ထုတ်ဖော်လာကြသည်။
*ဟမ်*
ဤမြင်ကွင်းကို ကြည့်ပြီး ဤရောင်းဝယ်ရေးဌာန၏ အကြီးအကဲ သော့ထိန်း တဆာ ထိတ်လန့် သွားသည်။
“သောက်နတ်ဆိုးစိတ်ဝိညာဉ်တွေ”
ဝီ!
ထူထဲသော အငွေ့များ လှောင်အိမ်ငါးဆယ်ကျော်မှ ထွက်လာပြီးနောက် နတ်ဆိုးစိတ်ဝိညာဉ် အားလုံး ဆိုးရွား လှသော အခြေအနေဖြင့် မီးမြှိုက်ခံလိုက်ရသည်။
နတ်ဆိုးစိတ်ဝိညာဉ်များ ငြိမ်သက်သွားသည့်အခါမှ သော့ထိန်း တဆာက လှောင်ပြုံးပြုံးလိုက်သည်။
“အဲ့နတ်ဆိုး စိတ်ဝိညာဉ်တွေကို မျက်စိတောက်ထောက် ကြည့်ထား။ သူတို့ တစ်ခုခု ပြဿနာ ရှာရဲလို့ကတော့ သူတို့ သေသွားတာ ပိုကောင်းမယ်လို့ တွေးမိအောင် လုပ်ပေးလိုက်”
သူ့အမိန့်ကို ကြားပြီးနောက် ဘေးပတ်လည်မှ အစောင့် တစ်ရာက ချက်ချင်း ကိုယ်ကိုကိုင်း၍ ပြန်ဖြေလို က်သည်။
“ဟုတ်ကဲ့ပါ သခင်”
ထို့နောက် သော့ထိန်း တဆာသည် ရောင်းဝယ်ရေးဌာနထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ ထိုစဉ် ယဲ့ဖန်ကို လမ်းပြနေသော ကျန့်ချမ်ကို သူ သတိထားမိသွားသည်။
“ဟေး ကျန့်ချမ် မတွေ့ရတာ ကြာပြီနော်”
သော့ထိန်း တဆာသည် ကျန်းချမ့်အား အလွန် အထင်သေးသည်။ ထို့နောက် သူက မခိုးမခန့်အပြုံးဖြင့် လှမ်းအော်လိုက်သည်။
“မင်း အခု တိုက်ပွဲဝင် စိတ်ဝိညာဉ်တစ်ကောင် တတ်နိုင်ပြီလား”
ကျန့်ချမ်က ဆင်းရဲပြီး လမ်းပြအဖြစ် အလုပ်လုပ်နေသည်ကို သော့ထိန်း တဆာ သိထားသည်။ ထို့ကြောင့် သူသည် ကျန့်ချမ်အား ဆက်တိုက် စနောက်နေသည်။
သော့ထိန်း တဆာ၏ စကားကို ကြားပြီး ကျန့်ချမ် ဝမ်းနည်းသွားကာ ယဲ့ဖန်ကို ဂရုတစိုက် သတိပေးလိုက်သည်။
“အဲ့လူက စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ရဲ့ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ လိုဒါရဲ့ ညီပဲ။ ငါတို့ သူ့ကို အာခံလို့ မဖြစ်ဘူး၊ မဟုတ်ရင် ငါတို့ အဖြစ်ဆိုးနဲ့ ကြုံရလိမ့်မယ်”
ထိုသို့ပြောပြီး ကျန့်ချမ်က ထောင်မှူးတဆာအား သူ၏ ရည်ရွယ်ချက်ကို ရှင်းပြရန် ပြင်လိုက်သည်။
ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုး၍ ပြောလိုက်သည်။
“ကျုပ် အဲ့ဒီစိတ်ဝိညာဉ်အားလုံးကို ယူမယ်”