အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
Chapter 424
တိတ်ဆိတ်ငြိမ်သက်လို့နေ၏။
ထိုသို့သောအချိန်၌ စိတ်ဝိညာဉ်တိုက်ပွဲ ပြိုင်ကွင်းရှိ ရာနှင့်ချီသော လူများအားလုံး အသံတစ်သံပင် မထွက်ရဲကြချေ။
လူတိုင်းသည် ပြိုင်ကွင်းရှိ ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသော စိတ်ဝိညာဉ်သခင် ရက်ရှာကို ငေးမော၍ ကြည့်နေကြသည်။
အထူးသဖြင့် ရိုဒါနှင့် တဆာတို့ ညီအစ်ကိုနှစ်ယောက်က ပိုဆိုးလှသည်၊ ညီအစ်ကိုနှစ်ယောက်လုံး မယုံသင်္ကာ ဖြစ်နေကြ လေသည်။
“မဟုတ်ဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယခုအချိန်၌ သူတို့ ကြောက်လန့်နေကြသည်။
စိတ်ဝိညာဉ်သခင် ရက်ရှာသည် စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ကို တည်ထောင်ခဲ့စဉ် ကတည်းက တစ်ယောက်သော သူကို စောင့်မျှော်နေခဲ့မှန်း သူတို့ သိထားပါ၏။
သို့သော် အားလုံး၏အမြင်တွင် နှစ်တစ်ထောင့်နှစ်ရာ ကျော်ပြီဖြစ်သဖြင့် ထိုသူကို တစ်ဘဝလုံး မစောင့်နိုင်တော့ဟု ထင်ခဲ့မိ ကြသည်။ သို့သော် ယခုအခါတွင်မူ …
သူတို့ သတ်ချင်နေကြသည့်သူက စိတ်ဝိညာဉ်သခင် ရက်ရှာ စောင့်မျှော်နေခဲ့သည့်သူ ဖြစ်နေလိမ့်မည်ဟု ညီအစ်ကို နှစ်ယောက်လုံး ထင်မထားမိကြချေ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ဘာလုပ်နေကြတာလဲ၊ သခင်ကြီး ရောက်လာတာတောင် ဒူးမထောက်ကြ သေးဘူးလား”
ထိုစဉ် လူတိုင်း ငေးကြောင်ကြောင် ဖြစ်နေကြသည်ကို ရက်ရှာ သတိထားမိသွားသည်။
ဝုန်း!
သူမစကားက ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုပင်။
လူတိုင်းအား ဖြူဖပ်ဖြူရော် ဖြစ်သွားစေပြီး မလှုပ်မရှားနိုင်အောင် ဖြစ်သွားစေသည်။ ထို့နောက် လူတိုင်းက ယဲ့ဖန်ရှေ့၌ ဒူးထောက် လာကြသည်။
“နံပါတ်နှစ် စိတ်ဝိညာဉ်သခင် ဘဟာက သခင်ကြီးကို အရိုအသေ ပေးပါတယ်”
“နံပါတ်သုံး စိတ်ဝိညာဉ်သခင် ခူဟာက သခင်ကြီးကို အရိုအသေ ပေးပါတယ်”
“နံပါတ်လေး စိတ်ဝိညာဉ်သခင် ခလယ်လ်ဘီကယ်လ်က သခင်ကြီးကို အရိုအသေပေးပါတယ်”
“….”
စိတ်ဝိညာဉ်သခင် သုံးယောက်၏ အော်သံနှင့်အတူ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ မြေကြီးပေါ် ဒူးထောက်၍ ငေးမောနေကြသည်။
ထိုသို့သောအချိန်၌ ဟစ်ကြွေးသံများက မိုးခြိမ်းလုမတတ်ပင်။
ဂလု!
စိတ်ဝိညာဉ်သခင်များ၊ စိတ်ဝိညာဉ်သေနာပတိများနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ ဒူးထောက်နေ ကြသည်ကိုမြင်ပြီး နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါနှင့် တဆာတို့ မနေသာဘဲ တံတွေးမျိုချ မိကြသည်။
သူတို့၏နဖူးပေါ်မှ ချွေးများ တဒီးဒီး စီးကျလို့လာသည်။
ကြောက်လန့်ခြင်း။
သူတို့စိတ်ထဲမှ ကြောက်စိတ်ကြောင့် ခြေထောက်များ ခွေယိုင် လာပြီး အခြားသူများကဲ့သို့ ဒူးထောက်လာသည်။
သူတို့သည် ခေါင်းကိုငုံ့ထားကြပြီး ယဲ့ဖန်ကို မော့ကြည်ရဲသည့် သတ္တိပင် မရှိတော့ချေ။
ဤမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ အရှင်သခင်များက မြေကြီးပေါ်၌ ငြိမ်ဝပ်ပိပြား နေကြလေသည်။
သာမန် စိတ်ဝိညာဉ် ဆရာသခင်များသာ ဤမြင်ကွင်းကို မြင်သွားပါက သွေးပျက်သွားလောက်သည်။
ဤထိပ်သီး ပုဂ္ဂိုလ်များက လူတစ်ယောက်ထဲသို့ ဦးညွှတ်နေ ကြသည်။
“သခင်ကြီး ဒီမှာ ဘာဖြစ်ခဲ့တာပါလဲ”
ရက်ရှာ၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းနေ၏။ အထူးသဖြင့် ယဲ့ဖန်ထံမှ နတ်ဆိုးအငွေ့အသက်ကို ခံစားနေရသဖြင့် သူမရင်ထဲ သွေးဆူနေ၏။ သူမစကားကိုကြားပြီးနောက် ယဲ့ဖန်၏မျက်လုံးက ဝင်းလက်သွားသည်။
“မင်းရဲ့လက်အောက်ငယ်သားက ငါ့ကျေးကျွန်တွေကို ဖမ်းဆီးပြီး သတ်ဖြတ်တယ်”
ဝုန်း!
ထိုစကားကြောင့် ရက်ရှာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်လာပြီး မျက်နှာလည်း ပျက်သွားလေသည်။
“သခင်ကြီးကို အရဲစွန့်ပြီး မေးပါရစေ …”
ရက်ရှာသည် သူ့ကို တစ်ကြိမ်သာမြင်ဖူးပြီး သူ့နာမည် အရင်းကိုလည်း မသိပေ။ ထိုစဉ် ယဲ့ဖန်ထံမှ စကားတစ်ခွန်းက ရက်ရှာအား အမူအယာ ပျက်ယွင်းသွားစေသည်။
“ယဲ့ဖန်”
*ဘာ*
ရက်ရှာသာမက ဘေးပတ်လည်မှ စိတ်ဝိညာဉ်သခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ မှင်တက် သွားကြသည်။
*ယဲ့ဖန်လား*
*သူ့လက်အောက်ငယ်သားက နတ်ဆိုးတစ်ကောင်လား*
*ဒါဆို ဒီလူက …*
ထိုစဉ် လူတိုင်း မျက်ခုံးလှုပ်နေကြပြီး ကြောက်စိတ်တစ်ခုက သူတို့ကို လွှမ်းခြုံလာသည်။ အထူးသဖြင့် ရက်ရှာ၏နဖူး၌ ချွေးအေးများ စို့တက်လာသည်။
“သခင်ကြီးကို အရဲစွန့်ပြီး မေးပါရစေ …”
ရက်ရှာ၏အသံက ထွက်ပေါ်လာသည်။ ထိုစဉ် သူမအနောက်မှ နံပါတ်နှစ် စိတ်ဝိညာဉ်သခင် ဘဟာက ရုတ်တရက် သရဲသဘက်ကို မြင်လိုက်ရသလို ဖြစ်သွားပြီး အလန့်တကြား ထပြောလာသည်။
“သူ … သူက နတ်ဆိုးဧကရာဇ်ပဲ”
*ဘာ*
ထိုစကားက လူတိုင်းကို သွေးပျက်သွားစေသည်။ အားလုံးက ဘဟာကို စိုက်ကြည့်လာကြသည်။ မြင့်မြတ်သော နံပါတ်နှစ် စိတ်ဝိညာဉ်သခင်က ယုန်တစ်ကောင်ကဲ့သို့ တုန်ယင်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် မယုံနိုင်စရာကောင်းသော အရာတစ်ခုကို မြင်နေရသကဲ့သို့ ယဲ့ဖန်၏မျက်နှာကို ငေးကြည့်နေ၏။
“ကျုပ် အဲ့အချိန်တုန်းက ကံကောင်းထောက်မလို့ နတ်ဆိုး ဧကရာဇ်ရဲ့ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ခဲ့ရတယ်။ မင်း … မင်းက နတ်ဆိုးဧကရာဇ်ပဲ။ ဟုတ်တယ်၊ ကျုပ် ဘယ်တော့မှ အမှတ်မှားမှာ မဟုတ်ဘူး”
ဝုန်း!
ထိုစဉ် လူတိုင်း၏အတွေးများ ဝီခေါ်လာကြသည်။
*နတ်ဆိုးဧကရာဇ်တဲ့လား*
ထိုနာမည်သည် ဒဏ္ဍာရီလာနာမည်တစ်ခုဖြစ်ပြီး စကြဝဋ္ဌာထဲ၌ လူတိုင်း သိရှိကြသော နာမည်ဖြစ်လေသည်။ ထိုနာမည်သည် မိုးကောင်းကင်ကို စိုးမိုးနိုင်သော ထိပ်တန်း တည်ရှိမှုကြီးတစ်ခု ဖြစ်သည်။
ယခုအခါတွင် … ထိုသူက ဤနေရာသို့ ရောက်ရှိလာလေသည်။
တောက်! တောက်!
ထိုစဉ် ရိုဒါတို့ညီအစ်ကိုနှစ်ယောက်၏ နဖူးမှ ချွေးစေးများသည် အောက်သို့ ဆက်တိုက်ဆိုသလို စီးကျလာ လေတော့သည်။
*အံ့ဩစရာမရှိဘူးပဲ*
*သူ့မှာ ဆန်းကြယ်ရေခဲခန္ဓာကိုယ်နဲ့ ထိပ်တန်း အဆိပ်ခန္ဓာကိုယ် ရှိနေတာက အံ့ဩစရာမရှိတော့ဘူး*
*လတ်စသက်တော့ သူက ထိုဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်နေတာကိုး*
ထိုစဉ် ညီအစ်ကိုနှစ်ယောက်သည် ခန္ဓာကိုယ်ထဲမှ ခွန်အားများ ဆုတ်ယုတ်သွားသကဲ့သို့ မြေကြီးပေါ်၌ မလှုပ်မယှက် ဖြစ်နေသည်။
သူတို့ ထွက်ပြေးချင်ပါ၏။ သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦးလုံးသည် ထိန်းချုပ်ခံထားရသလို ဖြစ်နေပြီး လှုပ်ရှားရခက်နေသည်။
“အဲ့ဒီမောက်မာတဲ့ နတ်ဆိုးတွေက သူ့ကို သခင်ကြီးလို့ ခေါ်နေတာ အဲ့ဒါကြောင့်ကိုး၊ သူက …”
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါက မချိပြုံး ပြုံးလိုက်မိသည်။
“ငါ ဘာလို့ နတ်ဆိုးဧကရာဇ်ကို သတ်ချင်မိရတာလဲ”
ရိုဒါသာမက တဆာသည်လည်း အလွန်အမင်း နောင်တရနေ၏။ သူ အမုန်းဆုံးသူက စကြဝဌာကြီး၏ နတ်ဆိုးတစ်ကောင် ဖြစ်နေလိမ့် မည်ဟု သူ လုံးဝ ထင်မထားမိပါ။
*သွားပြီ၊ အားလုံး အဆုံးသတ်သွားပြီ*
ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိ ကြပြီး သူတို့၏မျက်နှာများက ပြာနှမ်းလာသည်။
သူတို့သာမက ရက်ရှာသည်လည်း ထိတ်လန့်တကြားနှင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။
သူမကို ကယ်တင်ခဲ့သည့်သူက နတ်ဆိုးဧကရာဇ် ဖြစ်နေ လိမ့်မည်ဟု သူမ ထင်မထားမိပါ။ ထိုစဉ် ရက်ရှာက မြေကြီးပေါ် ဝပ်တွား၍ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
“နတ်ဆိုးဧကရာဇ်ကို စိတ်ဆိုးအောင် လုပ်မိခဲ့ပါတယ်၊ ဒီငယ်သား သေသင့်ပါတယ်”
ထိုသို့ပြောပြီး ရက်ရှာက ရုတ်တရက် တစ်ဘက်လှည့်၍ ရိုဒါကို စိုက်ကြည့်လာသည်။
“ရိုဒါ ငါ နင့်ကို စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ရဲ့ အာဏာကို ပေးအပ်ခဲ့တယ်၊ နင်က အဲ့ဒါကို ဒီလိုတွေ စီမံနေတာလား”
သတ်ဖြတ်လိုသော အငွေ့အသက်ပါတကား။
ရက်ရှာသည် မြင့်မြတ်သော်လည်း စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်သည် သူမ ယဲ့ဖန်ကို စောင့်နေသည့် အရာဝတ္ထုတစ်ခုသာ ဖြစ်လေသည်။
ပုံမှန်အားဖြင့်ဆိုလျင် သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်မှ ကိစ္စများကို အရေးစိုက်နေမည် မဟုတ်ပါ။ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံးကို စီမံသူက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါပင်။
သို့သော် ဤမျိုးမစစ်ကောင်က သူမ၏ ကယ်တင်ရှင်ကို ရန်စလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။
ရက်ရှာ၏ လူသတ်လိုသောပုံစံကို ခံစားမိပြီး ရိုဒါက လေးဘက်ထောက်၍ ယဲ့ဖန်ရှေ့သို့ ရောက်လာသည်။
“နတ်ဆိုးဧကရာဇ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ဒီငနုံက ဒီနတ်ဆိုးတွေက အရှင့်ရဲ့ လက်အောက် ငယ်သားတွေမှန်း မသိခဲ့ပါဘူး၊ ကျွန်တော်မျိုး သေသင့်ပါတယ်”
လွန်ခဲ့သည့် မိနစ်ပိုင်းက မောက်မာခဲ့သေးသော ရိုဒါသည် ယခုအချိန်တွင် ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ မြေကြီးပေါ် ဒူးထောက်နေသည်။
“တောင်းပန်ပါတယ် ဟုတ်လား ရတာပေါ့”
ယဲ့ဖန်က ခပ်ဖွဖွပြုံးလာသည်။
သူ့စကားကြောင့် ရိုဒါတို့ ညီအစ်ကိုနှစ်ယောက် အံ့အားသင့် သွားကြသည်။ ယဲ့ဖန်က သူတို့ကို ခွင့်လွှတ်ပေးချင် နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
သို့သော် ယဲ့ဖန် ဆက်ပြောလာသော စကားကြောင့် သူတို့ မျက်နှာပေါ်မှ ပျော်ရွှင်နေမှုများက ချက်ချင်း ပျောက်ကွယ်သွားလေသည်။
“မင်းတို့က လူလူချင်း သတ်ဖြတ်တဲ့ပွဲတွေကို ဒီလောက် သဘောကျမှတော့ ငါ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေး တစ်ခုပေးမယ်”
ယဲ့ဖန်က ဒူးထောက်နေသော စိတ်ဝိညာဉ်သခင် သုံးယောက်နှင့်၊ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် များကို လက်ညှိုးထိုး ပြ၍ ပြောလိုက်သည်။
“မင်းတို့ အဲ့အဖွဲ့ကို သတ်နိုင်သရွေ့ မင်းတို့ အသက်ရှင်ခွင့်ရမယ်၊ မဟုတ်လို့တော့ မင်းတို့ သေရမယ်”
*ဘာ*
ထိုစကားကြောင့် ရိုဒါ ညီအစ်ကိုနှစ်ယောက် ရူးချင်သွားသည်။
*ရာနဲ့ချီတဲ့လူတွေကိုလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ပြောရမည်ဆိုလျင် စိတ်ဝိညာဉ်သခင်သုံးယောက်၏ ခွန်အားသည် သူတို့ထက် အားနည်းသည်။ သို့သော် သူတို့သုံးယောက်နှင့်သာ အတူတူ တိုက်ခိုက်ရပါက အခြေအနေက ဆိုးရွားသွားနိုင်သည်။
ထိုအကြောင်း တွေးမိပြီး သူတို့ ငေးငိုင်သွားကြသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်နှင့် ရက်ရှာတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်မနေကြတော့ဘဲ ဘေးချင်းယှဉ်၍ လျှောက်သွားကြသည်။
ယဲ့ဖန်တို့နှစ်ဘောက် ထွက်သွားသည်နှင့် စိတ်ဝိညာဉ်သခင် သုံးယောက်နှင့် ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် များက မတ်တပ်ရပ်လာသည်။
ဒေါသငွေ့များက မိုးမီးလောင်မတတ်ပင်။ လူတိုင်းသည် ရိုဒါတို့အား သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်လာ ကြသည်။
စိတ်ဝိညာဉ်သခင်အစား အုပ်ချုပ်နေကြသော ညီအစ်ကို နှစ်ယောက်သည် ပုံမှန်အားဖြင့် နာမည်ကြီး၍ မောက်မာကြပြီး စိတ်ဝိညာဉ်တိုက်ပွဲ ဂြိုဟ်တစ်ခုလုံးကို ချုပ်ကိုင်ကြလေသည်။
စိတ်ဝိညာဉ်သခင် သုံးယောက်ဖြစ်စေ၊ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များဖြစ်စေ အားလုံးက သူတို့နှစ်ယောက်ကို အလွန်မုန်းတီးကြသည်။
ယခုအချိန်၌ သူတို့သည် သူတို့၏ အမုန်းတရားများကို ဖြေဖျောက်ရန် လိုလိုလားလား သတ်ဖြတ်ပစ် ချင်နေကြသည်။
“မင်းတို့ … မင်းတို့ ဘာလုပ်ချင်တာလဲ၊ ငါက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိကွ၊ မင်းတို့က ပုန်ကန်ချင်တာလား”
*နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိတဲ့လား*
သို့သော် ရာနှင့်ချီသော သိုင်းပညာရှင်များက သူ့စကားကို မကြားချင် ယောင်ဆောင်နေကြပြီး သူတို့ထံသို့ ချဉ်းကပ် လာကြသည်။
“အား …”
မျက်စိတစ်မှိတ် အတွင်းမှာပင် ရိုဒါညီအစ်ကိုနှစ်ယောက်သည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်လာသည်။
အော်သံများက ပိုမိုကျယ်လောင်လာပြီး လူအုပ်ကြားထဲ၌ နစ်မြုပ်သွား လေတော့သည်။
Chapter 425
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်ရှိ အမှောင်ကျနေသော လမ်းကြား တစ်ခု၌ ခပ်ဝဝအဖိုးအိုတစ်ယောက်က ခပ်ဖြည်းဖြည်း လမ်းလျှောက်နေသည်။
ထိုသူကား ကျန့်ချမ်ပင်။ ကျန့်ချမ်သည် ယဲ့ဖန်နောက်လိုက်၍ စိတ်ဝိညာဉ်တိုက်ပွဲကွင်းပြင်လို့ မလိုက်ခဲ့ဘဲ တစ်ယောက်တည်း ဤသို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
ထိုသည်သာမကသေး သူ၏ ကိုယ်ယောင်ကိုယ်ဝါသည် ယခင်ကကဲ့သို့ စုတ်ချာချာ အရောင်အဝါနှင့် မတူတော့ချေ။
သူ့ထံမှ တော်ဝန်ဆန်သော အရိပ်အငွေ့မျိုး ထွက်ပေါ်နေပြီး သူ၏မျက်လုံးများက ဆက်တိုက် စူးရှထက်မြက်၍ ဝင်းလက် နေ၏။
ထိုသို့သောအချိန်၌ သူသည် ဘုရင်တစ်ပါးနှင့် ပို၍သဏ္ဌာန် တူနေသည်။ မဟာဘုရင်တစ်ပါးလိုပင်။
လမ်းတစ်ခု၏ ထောင့်ချိုးသို့ရောက်သောအခါ ကျန့်ချမ်က အမူအယာ ပြောင်းလဲသွားလေသည်။
“ထွက်လာခဲ့”
အေးစက်စက် လေသံက လမ်းကြားတစ်ခုလုံးအား အပူချိန် ကျဆင်း၍ အေးခဲမတတ် ဖြစ်သွားစေသည်။
သူနှင့်သိသော စိတ်ဝိညာဉ် ဆရာသခင်များသာ ယခု သူ့ကို မြင်လိုက်ပါက အံ့အားသင့်သွားလောက်သည်။
လမ်းပြအဖြစ် အသက်မွေးသော ကျန့်ချမ်၌ ဤကဲ့သို့ လွှမ်းမိုး ဖိနှိပ်နိုင်သော အရှိန်အဝါမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဝှစ်!
လေတိုးသံနှင့်အတူ မှောင်မိုက်နေသော လမ်းကြားထဲ၌ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက် ရုတ်တရက် ပေါ်ပေါက်လာသည်။
သူတို့သည် တစ္ဆေများနှင့် သဏ္ဌာန်တူပြီး ရှိနေသည်ဟုတောင် မထင်ရချေ။
ပြောရမည်ဆိုလျင် သူတို့နှစ်ယောက်သည် အသန်မာဆုံးသော နတ်ဘုရား အထွတ်အထိပ်အဆင့်များ ဖြစ်ကြပြီး သူတို့တစ်ယောက်ချင်းစီ၏ ခွန်အားက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပါတိ ရိုဒါထက် ပို၍သာလွန်လေသည်။
သူတို့သည် ရောက်လာသည်နှင့် ချက်ချင်း မှင်တက်သွားကြသည်။
“အရှင့်ကို ဂါဝရပြုပါတယ်”
*အရှင်*
ဤစကားကို စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်မှ နေထိုင်သူများ မတော်တဆ ကြားသွားပါက သွေးပျက်သွား လောက်သည်။
ဆင်းရဲသော လမ်းပြ ကျန့်ချမ်က နတ်ဘုရား အထွတ်အထိပ် အဆင့်ရှိသော သိုင်းပညာရှင်နှစ်ယောက်၏ အရှင်သခင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူတို့စကားကြောင့် ကျန့်ချမ်က ခေါင်းညိတ်ပြကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။ သူ၏မျက်နှာထား သည်လည်း ပြောင်းလဲသွားလေသည်။
ကျန့်ချမ် မျက်မှောင်ကြုတ်သွားပြီး သူ့လက်ချောင်းများကို လေဟာနယ်၌ ဝှေ့ယမ်းလိုက်သောအခါ မျက်နှာဖုံးတစ်ခု လှစ်ခနဲ ထွက်ပေါ်လာသည်။
ထိုမျက်နှာဖုံးသည် ရှာဖွေရေးကိရိယာနှင့် ဆင်တူလှသည်။
ကျန့်ချမ်၏ ခန္ဓာကိုယ်ကိုပတ်၍ ရှာဖွေလိုက်သောအခါ မှော်စာရွက် တစ်ရွက်က ချက်ချင်း ပေါ်ထွက်လာသည်။
“ဒါက ခြေရာခံစနစ်ပဲ”
ကျန့်ချမ် အနည်းငယ် တောင့်ခနဲဖြစ်သွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်၌ မထိတထိအပြုံးမျိုး ပေါ်လာသည်။
“အရှင် ဒါ ဘယ်သူလုပ်တာလဲ၊ အရှင်တောင်မှ ဒါကို သတိမထား မိပါလား”
အနက်ရောင် ဝတ်စုံနှင့် လူနှစ်ယောက်၏ မျက်နှာ၌ အံ့အားသင့်နေဟန်များနှင့် ပြည့်နှက်လာသည်။
သူတို့သည် ကျန့်ချမ်၏ အစွမ်းအစကို သိကြသည်။ သူ့၌ ခြေရာခံစနစ် ကပ်ပါလာသည်ကို ရိပ်စားမိခြင်း မရှိသဖြင့် တစ်ဘက်လူ၏ အင်အားက အံ့ဩစရာ ကောင်းလွန်းလှသည်။
သူတို့၏စကားကြောင့် ကျန့်ချမ်က ခပ်ဖွဖွပြုံးလာသည်။
“ဒါ သူ့ရည်ရွယ်ချက်ပဲ ဖြစ်မယ်၊ အဲ့ကောင်လေးက နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းသားပဲ”
ထိုသို့ပြောပြီး ကျန့်ချမ်က လက်ချောင်းများကို ဖျစ်ညှစ်လိုက် သောအခါ ခြေရာခံ မှော်စာလုံးက ပြာအဖြစ် အသွင်ပြောင်းလဲ သွားပြီးနောက် လေနှင့်အတူ လွင့်မျောသွားလေတော့သည်။
*ရည်ရွယ်ချက်တဲ့လား*
အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက်က အချင်းချင်း ကြည့်လိုက်မိ ကြသည်။ အရှင့်အား သူ၏ပုံစံအမှန်ကို ဖုံးကွယ်ခွင့်ပြုထားပြီး ဆက်သွယ်လာသည်ကို စောင့်ဆိုင်းနေသည့် ပစ်မှတ်သည် လွယ်ကူသော လူတစ်ယောက် မဟုတ်မှန်း သိသာလှပေသည်။
“အရှင်က အဲ့လူနဲ့ ပြောဆိုခဲ့တာပဲ၊ ဘယ်လိုခံစားရလဲ”
အနက်ရောင်ဝတ်စုံနှင့် နတ်ဘုရား အထွတ်အထိပ် အဆင့် တစ်ယောက်က ကျန့်ချမ်းအား သိချင်စိတ်ဖြင့် မေးလိုက်မိသည်။ သူ့စကားကြောင့် ကျန့်ချမ် မျက်မှောင်ကြုတ်သွားသည်။
“အဲ့လူက ထူးဆန်းပြီးတော့ ပဟေဠိဆန်တယ်၊ မတွေးတတ် လောက်အောင် ခက်ခဲနက်နဲတယ်။ ပြီးတော့ သူက နတ်ဆိုးဆိုတာ ကိုတော့ ကြိုပြောနိုင်တယ်”
*နတ်ဆိုးတဲ့လား*
ဤသည်ကို ကြားပြီး အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက် ချက်ချင်း မျက်နှာပျက်သွားသည်။
“အရှင် တကယ်လို့ အဲ့လူက နတ်ဆိုးမျိုးနွယ်ကဆိုရင် သခင်လေးက သူ့ကို သခင်ကြီးအဖြစ် အသိအမှတ်ပြုလိမ့်မယ်။ ဒါက ...”
အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် စိုးရိမ်ပူပန် နေသကဲ့သို့ သူ့စကားကို ဆုံးအောင်မပြောနိုင်ချေ။
*သခင်လေးလား*
ထိုစကားလုံးသုံးလုံးကြောင့် ကျန့်ချမ် ကိုယ့်ခေါင်းကိုယ် မကုတ်ဘဲ မနေနိုင် ဖြစ်သွားရသည်။
“အဲ့ကောင်စုတ်လေးက တော်တော်ဆိုးတာပဲ၊ ဘိုးဘေးဖြစ်တဲ့ငါက ကျန့်ချမ် (ပိုက်ဆံရှာတယ်) အဲ့ကောင်စုတ်လေးက ဖေးချမ် (ငွေဖြုန်းတယ်)”
“သူသာ ငါ့သား မဟုတ်လို့ကတော့ ငါ အဲ့ကောင်စုတ်ကို ရိုက်ပစ်တယ်”
ထိုသို့ပြောသော်လည်း ကျန့်ချမ်၏မျက်နှာထက်၌ ဂုဏ်ယူနေ ဟန်ဖြင့် ဖုံးလွှမ်းနေ၏။
သူသည် အလွန်အချစ်ကြီးသူဖြစ်သည်။ သူသည် ဂြိုဟ်ပေါင်း များစွာကို လှည့်လည်သွားလာခဲ့စဉ်က သူ၏သွေးမျိုးဆက်ကို မရေတွက်နိုင်သော ဂြိုဟ်များ၌ ချိန်ထားရစ်ခဲ့သည်။
သူ၏သွေးမျိုးဆက်က နိုးထရန် အလွန်ခက်ခဲလှသည်က စိတ်မကောင်းစရာပင်။
သွေးမျိုးဆက်များ မရေတွက်နိုင်အောင် ရှိသော်လည်း မည်သူမျှ အောင်မြင်စွာ နိုးထမလာခဲ့ချေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဂြိုဟ်များ၌ မျိုးဆက် တစ်ယောက်နှင့် သူ ဆုံရလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ဤသည်က သူ့အား အလွန်အံ့အားသင့်သွားစေသည်။
“အဲ့ကောင်စုတ်လေးက ငါတို့ဂြိုဟ်နယ်မြေကို သိမ်းပိုက်အုပ်စိုးဖို့ စိတ်မပါတာက စိတ်မကောင်းစရာပဲ၊ သူက အောင်အောင်မြင်မြင် ကျင့်ကြံပြီးတာနဲ့ သူ့သခင်ကြီးဆီ ပြန်မှာ၊ ချီးတဲ့မှပဲ”
ထိုသို့ပြောပြီး ကျန့်ချမ်၏မျက်နှာက သုန်မှုန်လာသည်။
သူသည် ဂြိုဟ်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးကြီးစိုးလေသည်။ သို့သော် မျိုးဆက်များထဲမှ တန်ဖိုးအထားဆုံးနှင့် လူတွေက အရေးအပါဆုံး သောသူအဖြစ် သတ်မှတ်ထားသောလူက သူ၏ သခင်ကြီးနှင့် ဆုံတွေ့ရန် ဤဂြိုဟ်နယ်မြေမှ ထွက်သွားချင် နေသည်။
ထိုသို့တွေးပြီးနောက် ကျန့်ချမ်က အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို လှည့်ကြည့်၍ မေးလိုက်သည်။
“အဲ့ကောင်စုတ်လေးရဲ့ ကျင့်ကြံခြင်းက အခု ဘယ်လို အခြေအနေရှိလဲ”
“အရှင့်ကို တင်ပြပါတယ်၊ သခင်လေးက စိတ်နှစ်ပြီး ကျင့်ကြံနေပြီး အခု သူရဲ့ခွန်အားက ထိုးတက်နေပါပြီ။ သူရဲ့ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကလည်း ပြန်လည်တိုးတက်လာပြီးတော့ အစွမ်းကလည်း အခြေအနေ ကောင်းနေပါပြီ”
သခင်လေးအကြောင်း ပြောနေစဉ်တွင် ထိုလူ၏ မျက်နှာသည် အံ့ဩမှုများနှင့် ပြည့်နှက်နေသည်။
*အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်း*
ထိုစကားလုံးက ကျန့်ချမ်ကို မျက်ခုံးလှုပ်သွားစေသည်။
“မိုးနတ်မင်းရဲ့ အမွေအနှစ်နယ်မြေက ရေတွက်မရနိုင်ဘူး၊ အဲ့ဒါက နှစ်ပေါင်းများစွာ တိမ်မြုပ်နေလို့ လောကကြီးက မေ့နေခဲ့တာ”
“ဒါပေမဲ့ ဒီကောင်စုတ်လေးက အိပ်မက်ဆိုးဘုရင်ရဲ့ အမွေအနှစ် တင်မကဘူး နတ်ဆိုးဘုရင်ရဲ့ အမွေအနှစ်ကိုပါ ဆက်ခံ ထားရတာပဲ”
“ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူက နည်းနည်းလေးတောင် မပြောပြဘူး”
ကျန့်ချမ်က ပြောရင်း သက်ပြင်းချလိုက်မသိည်။ သူသည် သခင်လေးဟူသောသူနှင့် ပတ်သက်၍ ဘာမျှပြောနိုင်ပုံ မပေါ်ချေ။
“ကောင်းပြီလေ၊ သွားကြစို့”
ထို့နောက် ကျန့်ချမ်က လက်ကိုဝှေ့၍ လေဟာနယ်ကို ထိုးခွင်း လိုက်သည်။
ရွှစ်!
ရုတ်တရက် ဟင်းလင်းပြင်တစ်ခု ထွက်ပေါ်လာသည်။ ထိုဟင်းလင်းပြင်၌ တံခါးပေါက်တစ်ခုက ဖြည်းဖြည်းချင်း ပွင့်လာ သည်။
ဤသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့်လူက ဇဝေဇဝါနှင့် မေးလာသည်။
“အရှင် ကျွန်တော်တို့ ပစ်မှတ်ကို မသတ်ဘူးလား။ သခင်လေးက အောင်အောင်မြင်မြင်နဲ့ ကျင့်ကြံပြီးတော့ ဂြိုဟ်နယ်မြေကို စွန့်ပစ်ပြီး အဲ့လူဆီ ပြန်သွားရင် ဘယ်လိုလုပ်မလဲ”
သူတို့၏သခင်လေးက အခြားသူတစ်ယောက်အား သခင်ကြီး အဖြစ် သတ်မှတ်ထားခြင်းက အနက်ရောင်ဝတ်စုံနှင့် လူများနှင့် အခြားသူများအတွက် ရှက်ဖွယ်အတိပင်။
ထိုစကားကြောင့် ကျန့်ချမ်၏ပါးစပ်ထောင့်၌ မချိပြုံးမျိုး ထွက်ပေါ်လာသည်။
“မဟုတ်ဘူး၊ ငါ မသတ်ချင်ဘူး၊ ပြောရရင် ငါ မသတ်နိုင်တာ”
“အဲ့ကောင်လေးရဲ့ ပုံစံအစစ်က နတ်ဆိုးမျိုးနွယ်လားဆိုတာကို ငါ သေချာမပြောနိုင်ပင်မယ့် သူက ထိပ်တန်း ဂြိုဟ်ကမ္ဘာ စစ်သည်တော်တွေထဲမှာ ဒုတိယအသန်မာဆုံးပဲမို့၊ သူက ပုံမှန်မဟုတ်ဘူး”
“သူ ဘယ်လောက်ထိ ကြီးထွားလာမလဲဆိုတာကို ငါ ကြည့်ချင်တယ်”
ထို့နောက် ကျန့်ချမ်က စိတ်ဝိညာဉ် တိုက်ခိုက်ရေးဂြိုဟ်ကို တစ်ချက်ကြည့်ပြီးနောက် ဟင်းလင်းပြင်၏ တံခါးပေါက်ထဲသို့ ဝင်သွားလိုက်သည်။ သူ့နောက်မှ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည် အလွန် ထိတ်လန့်လို့နေ၏။
*ထိပ်တန်း ဂြိုဟ်ကမ္ဘာစစ်သည်တော်တွေထဲက ဒုတိယ အသန်မာဆုံးသူတဲ့လား*
*ဒါ … ဒါက အတိတ်တုန်းက အရာလေ*
ထိုနှစ်ယောက်သည် သူတို့၏ ထိတ်လန့်အံ့ဩမှုကို ချုပ်ထိန်း၍ ကျန့်ချမ်နောက်မှနေ၍ ဟင်းလင်းပြင်၏ တံခါးပေါက်ထဲသို့ လိုက်ဝင်လိုက်သည်။
သုံးယောက်လုံး ဝင်ရောက်ပြီးနောက် ဟင်းလင်းပြင်မှ အလင်းများ တောက်ပစွာ ဖြာထွက်လာပြီးနောက် ဟင်းလင်းပြင်၏ တံခါးပေါက်က ချက်ချင်း ပိတ်သွားလေသည်။
ထိုအခါမှသာ လမ်းကြားလေး၏ ထောင့်တစ်နေရာမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထား က တင်းမာလှသည်။ ထိုသူကား ယဲ့ဖန်ပင်။
ကျန့်ချမ်တောင်မှ ယဲ့ဖန်၏ ခြေရာခံလိုက်ခြင်းကို နည်းနည်းလေးမှ မရိပ်မိချေ။ သူသည် ပိတ်သွားသော ဟင်းလင်းပြင် တံခါးပေါက်ကိုကြည့်ရင်း ပြုံးလာသည်။
“အဲ့လူအိုကြီးက တကယ်ပဲ ဖေးချမ်ရဲ့ ဘိုးဘေးကိုး”
“ဖေးချမ်က ဘေးကင်းတယ်ဆိုတော့ ငါ စိတ်ချရပြီ”
ယဲ့ဖန်သည် အစောကတည်းက ကျန့်ချမ်နှင့် ဖေးချမ်တို့၏ ပတ်သက်မှုကို သံသယဝင်ခဲ့ပြီး သူ မေးမြန်းခဲ့သော်လည်း တစ်ဖက်လူ၏ မလှိမ့်တပတ်စကားကိုသာ ကြားခဲ့ရသည်။
ယခုအခါတွင်တော့ သူ လုံးဝ ကောက်ချက်ချသွားနိုင်လေပြီ။
“ဥရောပ နတ်သမီးရဲ့ အမွေအနှစ်က အနောက်ဘက် ကောင်းကင်ဘုံငယ် နတ်ဘုရားနယ်မြေနဲ့ ဆက်စပ်နေတယ်၊ အိပ်မက်ဆိုးဘုရင်ရဲ့ အမွေအနှစ်နဲ့ အခြား ခမ်းနားတဲ့ စည်းမျဉ်းတွေ။ ကြည့်ရတာ ဒုစရိုက်ဧကရာဇ်ရဲ့ အမွေအနှစ်၊ ကာရိုးလ်အမွေအနှစ်၊ အလင်းတော် အမွေအနှစ်၊ ဝံပုလွေဘုရင်ရဲ့ အမွေအနှစ်တွေကလည်း သာမန်ထက် သာလွန်နေတဲ့ပုံပဲ”
ယဲ့ဖန်၏ မျက်လုံးများက တောက်ပလာသ်ည။
ထိုအမွေအနှစ်များက စကြဝဠာထဲသို့ ရောက်လာသည့်အခါမှသာလျင် စွမ်းအင်က အမှန်တကယ် ထွက်ပေါ်လာမည် ဖြစ်ကြောင်း သူ သိနေသည်။
“အခုကတော့ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ အချိန်ကျလာပြီပဲ”
ထိုသို့တွေးပြီးနောက် ယဲ့ဖန်သည် လမ်းကြားထဲမှ ထွက်လာခဲ့သည်။ သိမ်းပိုက်စိုးမိုးခြင်း ခရီးစဉ် စတင်လေပြီ။
Chapter 426
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်၌ ဘေးပတ်လည်ရှိ ဂြိုဟ်များ အားလုံးကို ပိတ်ဆို့ထားလေသည်။
အဝင်လည်းမရှိသလို အထွက်လည်းမရှိချေ။ ထိုသည်သာ မကသေး ပေါက်ကွဲလုမတတ် သတင်းတစ်ခုကလည်း ဂြိုဟ်အနှံ့ ပျံ့နှံ့သွားလေသည်။
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါ သေတဲ့အထိ ခုတ်ထစ်ခံ လိုက်ရပြီး စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရသည်။
စိတ်ဝိညာဉ်များအားလုံး လွတ်မြောက်သွားလေသည်။ နတ်ဆိုးဧကရာဇ် ရောက်ရှိလာသည်။
ထိုသို့သောအချိန်၌ ဂြိုဟ်ပေါ်တွင် ညနေသို့ ရောက်ရှိလို့နေသည်။
ဂြိုဟ်ပေါ်၌ စိတ်ဝိညာဉ် ဆရာသခင်များ၊ နတ်ဘုရားအဆင့်များ အားလုံး ဂြိုဟ်၏ မဟာခန်းမအတွင်း၌ စုစည်းနေကြလေသည်။
လူအုပ်ကြီးသည် ကျပ်ညက်နေပြီး လူ ထောင်သောင်းမက ရှိနေကြသည်။ နတ်ဘုရား ဂိုဏ်းသားအဆင့်၊ နတ်ဘုရား သေနာပတိ အဆင့်နှင့် နတ်ဘုရားဂိုဏ်းအဆင့်တို့တောင်မှ ပါဝင် နေသည်။
ယခုအချိန်၌ သူတို့သည် တက်ကြစွာ ပြောဆိုနေကြသည်။
“မြတ်စွာဘုရား နတ်ဆိုးဧကရာဇ် ရောက်လာတယ်လို့ ငါ ကြားထားတယ်ကွ၊ အဲ့ဒါ အမှန်လား ဒါမှမဟုတ် အမှားကြီးလား”
“အဲ့ဒါ အမှန်ကွ၊ ဂြိုဟ်တွေပေါ်က နတ်ဆိုးတွေအားလုံး တော်တော်များများ လွတ်မြောက်သွားပြီ။ စိတ်ဝိညာဉ် ရောင်းဝယ်ရေးကလည်း လုံးဝပျက်ဆီးသွားပြီ”
“နတ်ဆိုးဧကရာဇ်၊ ငါ့စံပြုပုဂ္ဂိုလ်ကြီး၊ သူ … အသက်ရှင်နေတာပဲ”
“ကောင်းတယ်၊ နောက်ဆုံးတော့ မင်း နတ်ဆိုးဧကရာဇ်ရဲ့ ပုံစံကို မြင်တွေ့ရတော့မှာပေါ့”
“….”
ထိုသိုင်းပညာရှင်များအားလုံးနီးပါးသည် နတ်ဆိုးဧကရာဇ်၏ ဒဏ္ဍာရီလာ ပုံပြင်များကို ကြားဖူးခဲ့ကြသည်။
လူများစွာတို့၏ စိတ်ထဲ၌ နတ်ဘုရားများကို သုတ်သင်ခဲ့သော် ထိပ်တန်း ရက်စက်ကြမ်းကြုတ်သည့်သူသည် သူတို့ အလေးစား ရဆုံး တည်ရှိမှုကြီးပင် ဖြစ်လေသည်။
ထိုသို့သောအချိန်၌ စိတ်ဝိညာဉ်သခင် ရက်ရှာနှင့်အတူ စိတ်ဝိညာဉ် သေနာပတိ သုံးယောက်၊ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များအားလုံး ရောက်လာကြသည်။
ယခုအချိန်၌ စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များ အားလုံး ရောက်ရှိလာကြလေသည်။
လူတိုင်းက မြို့လယ်ခေါင်ရှိ မြင့်မားသော မျှော်စင်ကြီးကို မော့ကြည့်နေကြသည်။ သူတို့သည် ထိုမျှော်စင်ပေါ်မှနေ၍ နတ်ဆိုး တစ်ကောင် မွေးဖွားလာတော့မည့်ဟန်ဖြင့် ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်များကို ခံစားမိလာကြသည်။
ဝုန်း!
မိုးကြိုးပစ်ချလိုက်လေသလား ထင်မှတ်ရသည်။ မည်သည့်နေရာမှ ပေါ်လာမှန်း မသိသော အနက်ရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက်က မျှော်စင်ထိပ်၌ ထွက်ပေါ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
သူသည် မားမားမတ်မတ် ရပ်ကာ ကမ္ဘာတစ်ခုလုံးကို ငုံ့ကြည့်သကဲ့သို့ ကြည့်လာသဖြင့် သိုင်းပညာရှင်များအားလုံး တုန်ယင်သွားကြသည်။
“ရွေးချယ်စရာ နှစ်ခုရှိတယ်”
မိုးခြိမ်းသံကဲ့သို့သော အသံက ထောင်သောင်းချီသော သိုင်းပညာရှင်များ၏ နားစည်ကို ရိုက်ခတ်သွားလေသည်။
“နတ်ဘုရား အဖြစ်နေမလား ဒါမှမဟုတ် နတ်ဆိုးအဖြစ် နေမလား”
*ဘာ*
ထိုစကားက မရေတွက်နိုင်သော သိုင်းပညာရှင်များအား အကြီးအကျယ် မျက်နှာပျက်သွားစေသည်။
*နတ်ဘုရား ဖြစ်မလား ဒါမှမဟုတ် နတ်ဆိုးဖြစ်မလားတဲ့*
ဤသည်ကား လူတိုင်းအတွက် နတ်ဆိုးဧကရာဇ် ပေးသော ရွေးချယ်မှုပင်။
အဓိပ္ပာယ်မရှိတာလည်း မဟုတ်သလို ပြင်းထန်သော စကားလုံးမျိုး လည်း မဟုတ်ချေ။ သေးနုပ်သော ပုရွက်ဆိတ် များအား သူတို့၏ ကံတရားကို ရွေးချယ်ခွင့် ပေးနေသည်ဟု ထင်မှတ်ရလေသည်။
ထိုသို့သောအချိန်၌ ထောင်သောင်းချီသော သိုင်းပညာရှင်များက တွေဝေနေသော မျက်နှာများဖြင့် စဉ်းစားနေကြသည်။ ထိုစဉ် ….
ဒုန်း!
စိတ်ဝိညာဉ်သခင် ရက်ရှာ၊ စိတ်ဝိညာဉ် သေနာပတိသုံးယောက်၊ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များက ယဲ့ဖန်ရှေ့၌ ဒူးထောက်လာသည်။
“ကျွန်တော်တို့ စောင့်ပါ့မယ်၊ ပြီးတော့ ကျွန်တော်တို့ နတ်ဆိုး ဖြစ်ချင်ပါတယ်”
ထိုအသံသည် စနစ်ကျ၍ သံပြိုင်ထွက်ပေါ်လာသည်။ ဤမြင်ကွင်းကို မြင်ပြီး ရာနှင့်ချီသော သိုင်းပညာရှင်အားလုံး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာကြသည်။
“ကျွန်တော်မျိုး ကဇန်က နတ်ဆိုးဖြစ်ချင်ပါတယ်”
“ကျွန်တော်မျိုး ဖီဒိုက နတ်ဆိုးဖြစ်ချင်ပါတယ်”
“ကျွန်တော်မျိုး ငရဲသွေးဝိညာဉ်က နတ်ဆိုးဖြစ်ချင်ပါတယ်”
“…”
ထိုအသံများနှင့်အတူ သိုင်းပညာရှင်များ ဒူးထောက်လာကြသည်။
မြင်ကွင်းကား ထိတ်လန့်ဖွယ်ကောင်းလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထောင်သောင်းချီသော သိုင်းပညာရှင်များက ယဲ့ဖန်ရှေ့၌ ဒူးထောက်လာကြသည်။
အယောက်ငါးရာ၊ အယောက်တစ်ထောင်၊ အယောက်သုံးထောင်၊ အယောက်ငါးထောင်။
….
အရေအတွက်က ထိုးတက်လာသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် လူအယောက် ကိုးထောင်ကျော်က ဒူးထောက်နေကြသည်။ ခပ်လှမ်းလှမ်းမှ လူအုပ်ကြီးသည်လည်း ဒူးထောက်နေကြသည်။
ဤမြင်ကွင်းက လူတစ်စုအား ထိတ်လန့်စေသည်။ ထိုသူတို့၏ မျက်နှာသည် သုန်မှုန်နေကြသည်။ ဒူးထောက်နေသော စိတ်ဝိညာဉ်သခင် ရှင်းဝေ့အား မကျေမချမ်းဖြစ်နေသော မျက်လုံးဖြင့် ကြည့်နေသည်။
“အရိုးမရှိတဲ့ကောင်တွေ၊ မင်းတို့က နတ်ဆိုးတွေ အုပ်ချုပ်တာကို ခံချင်နေကြတာလား”
နတ်ဘုရားဂိုဏ်းချုပ် အဆင့်တစ်ယောက်က အလွန်ဒေါသ ထွက်သော လေသံဖြင့် ပြောလာသည်။
“ဒီနတ်ဆိုးစိတ်ဝိညာဉ်တွေက ငါတို့ နတ်ဘုရား မျိုးနွယ်တွေ အတွက် ကစားစရာသာသာပဲ။ နတ်ဆိုးဆိုတာ နတ်ဘုရားတွေကို ဦးညွှတ်ဖို့အတွက်ပဲ၊ မင်းတို့က နတ်ဆိုးမျိုးနွယ်ထဲ ဝင်ချင်မှတော့ မင်းတို့က နတ်ဘုရား ဖြစ်ဖို့မထိုက်တန်ဘူး”
“ဟုတ်တယ်၊ အဲ့ဒီနှစ်တွေတုန်းက ငါက နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမှာ ပါဝင်ခဲ့တယ်၊ ငါက တစ္ဆေမျိုးနွယ်ပဲ”
“ဟွန့်၊ ဘာ သောက်ရေးမပါတဲ့ နတ်ဆိုးဧကရာဇ်လဲ၊ နတ်ဘုရား ဆရာသခင် အဆင့်လေးပဲကို၊ မင်းက ကြောက်နေတာလား၊ ငါ လက်မခံဘူးကွ”
ထိုရာနှင့်ချီသော လူများထဲ၌ နတ်ဘုရားဂိုဏ်းအဆင့် သိုင်းပညာရှင် သုံးယောက်ပါဝင်ပြီး ကျန်လူများအားလုံးက သန်မာသော နတ်ဘုရား သေနာပတိအဆင့်များ ဖြစ်ကြသည်။
သူတို့အားလုံးနီးပါးသည် နတ်ဆိုးမျိုးနွယ်များကို မုန်းတီးကြပြီး နတ်ဆိုးများကို သရော်ကြလေသည်။
ထိုသူများသည် မတ်တပ်ရပ်ကာ ဘေးသို့လျှောက်သွားကြသည်။
ထိုသူများကို ယဲ့ဖန်က အလွန်အထင်သေး စက်ဆုပ်သည်။ သူ့မျက်လုံးများက အောက်သို့ငုံကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးနေသည်။
“အခု လူခွဲလို့ပြီးပြီဆိုတော့ ငါတို့ စလို့ရပြီ”
ထို့နောက် ယဲ့ဖန်က သူ့လက်ဖဝါးထဲမှ အနက်ရောင် အစေ့တစ်စေ့ကို ကြည့်နေသည်။
“နတ်ဆိုးမျိုးစေ့ စတင်စမ်း”
ယဲ့ဖန်၏ စကားအဆုံး၌ ကောင်းကင်ထက်တွင် နတ်ဆိုးစွမ်းအင် အရိပ်အငွေ့များ စုစည်းလာပြီး ချက်ချင်း ရစ်ဖွဲ့စုနွယ်လာသည်။
ထူးဆန်းသော မကောင်းဆိုးဝါးများ တစ်ကောင်ပြီးတစ်ကောင် ဖွဲ့စည်းလာသည်။ ထိုသည်သာမကသေး ထိုနတ်ဆိုး မျိုးစေ့များသည် သက်ရှိများကဲ့သို့ ကောင်းကင်ထက်မှ ဆင်းသက် လာကြသည်။
နတ်ဆိုးစစ်တပ်များ ကျရောက်လာသကဲ့သို့ နတ်ဆိုးမျိုးစေ့များ သိပ်သည်းစွာ ရွာသွန်းလာသည်။
ထို့နောက် ရာထောင်နှင့်ချီသောလူများအားလုံး၏ မျက်ခုံး အလယ်၌ နတ်ဆိုးမျိုးစေ့များ ဝင်ရောက်သွားသည်။
ထိုလူများအားလုံး၏ ကိုယ်တွင်း၌ နတ်ဆိုးစွမ်းအင်များ ပျံ့နှံ့ဝင်ရောက် သွားလေသည်။ ယခုအချိန်၌ ထောင်သောင်း ချီသော လူများသည် ရုပ်တုများကဲ့သို့ မျက်လုံးကို မှိတ်၍ မတ်တပ်ပြန်ရပ်လာကြသည်။
သွေးပျက်ဖွယ်ကောင်းသော အငွေ့အသက်များက သူတို့ထံမှ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကို အုပ်မိုး၍ ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
ဤမြင်ကွင်းကိုမြင်ပြီး ရာနှင့်ချီသော သိုင်းပညာရှင်တစ်စုက ထခုန်လုမတတ် ဖြစ်သွားရသည်။
“ဒါက ဒဏ္ဍာရီလာ မကောင်းဆိုးဝါးတွေလား၊ တော်တော် ဆိုးယုတ်တာပဲ”
“ဟုတ်တယ်၊ ငါတို့ ဝင်မပူးပေါင်းမိလို့ တော်သေးတယ်၊ မဟုတ်လို့ကတော့ အဲ့လူတွေလိုမျိုး ဖြစ်နေမှာ”
“ဟမ့် အရူးတစ်သိုက်ပါလား၊ ခဏစောင့်နေလိုက်၊ ထွက်သွားဖို့ လမ်းရှာကြစို့၊ ဒီသောက်နတ်ဆိုးဧကရာဇ်ကို ခဏနားလိုက်ဦး၊ သူ တားရဲလို့ကတော့ သတ်ပစ်လိုက်”
ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ်များသည် အလွန်အမင်း သန်မာကြ လေသည်။ သူတို့သည် နတ်ဘုရား ဆရာသခင်အဆင့် ယဲ့ဖန်ကို လုံးဝ အရေးမလုပ်ကြချေ။
သို့သော် ထိုလူများ မည်သို့ထွက်ပြေးသင့်ကြောင်း ဆွေးနွေး နေစဉ်တွင် ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ် လာသည်။
“နတ်ဆိုးမဟာဝင်္ကပါ ပွင့်စေ”
ဝုန်း!
ထိုအသံသည် ငရဲမှထွက်ပေါ်လာသလိုပင်၊ ထိုအသံနှင့်အတူ ကောင်းကင် တစ်ခုလုံး ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်ပေါ် လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ကြောက်မက်ဖွယ်ကောင်းသော စုပ်အားတစ်ခုက စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ် အထက်မှ ပျံ့နှံ့လာသည်။ ထို့အတူ စကြဝဠာထဲ၌ တစ်မူထူးခြားသော စိတ်ဝိညာဉ်ချီဓာတ် နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းလာသည်။
ဂြိုဟ်ကမ္ဘာများ ခြောက်သွေ့ညှိုးနွမ်းလာပြီး အက်ကွဲ သွားလေသည်။ ယခုအချိန်၌ စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်သည် မဟာနတ်ဆိုး ရိတ်သိမ်းသူ အလား ထင်မှတ်မှားရလေသည်။
*ရူးသွပ်ဖွယ်ကောင်းသော ဝါးမျိုးခြင်း စိတ်ဝိညာဉ်များပါလား*
ဘေးပတ်လည်မှ ဂြိုဟ်ကမ္ဘာများအားလုံး ဂြိုဟ်သေများအဖြစ်သို့ ပြောင်းလဲသွားသည်။
“မြတ်စွာဘုရား ကြည့်ကြဦး၊ ဂြိုဟ်တွေပေါ်ကို ကြည့်လိုက်ဦး၊ အဲ့ဒါ ဘာကြီးလဲ”
နတ်ဘုရားဂိုဏ်းချုပ် အဆင့်တစ်ယောက်၏ မျက်ခုံးများ တဆတ်ဆတ် လှုပ်နေပြီး မိုးကောင်းကင်အား ထိတ်လန့်တကြား မော့ကြည့်နေသည်။
“အနက်ရောင်ချီမျင်စုတွေကို ကြည့်ဦး”
စုပ်ယူထားသော စိတ်ဝိညာဉ်ချီဓာတ်များနှင့် နတ်ဆိုးစွမ်းအင် များက ရုတ်တရက် ဧရာမ နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်း ပြောင်းလဲ သွားလေသည်။
၎င်း၏ တည်ရှိလာမှုကြောင့် အောက်ရှိ ကိုးထောင်သော နတ်ဆိုးများ ချွေးပြိုက်ပြိုက်ကျလာသည်။
ထိုစိတ်ဝိညာဉ်၏ ပေါများသော စိတ်စွမ်းအင်က မှင်တက်ဖွယ် ကောင်းလှသည်။ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်မှ သစ်ပင်များနှင့် ပန်းပင်များ အရူးအမူး မြင့်တက်ရှင်သန်လာကြသည်ကို သူတို့ တွေ့လိုက်ကြသည်။
ထိုသည်သာမကသေး ထိုကြောက်မက်ဖွယ်ကောင်းသော ဧရာမ နဂါးကြီးက ကိုးထောင်သော နတ်ဆိုးများ၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့ဝင်ရောက်သွားလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
အဆင့်တက်ခြင်း၊ အဆင့်တက်ခြင်း၊ အဆင့်တက်ခြင်း။
နတ်ဘုရား ဆရာသခင်များက နတ်ဘုရား သေနာပတိအဆင့်သို့ အဆင့်တက် လာသည်။ နတ်ဘုရား သေနာပတိများက နတ်ဘုရားဂိုဏ်းချုပ် အဆင့်သို့ အဆင့်တက်သွားသည်။
နတ်ဘုရားဂိုဏ်းချုပ်အဆင့်များက အထွတ်အထိပ်နတ်ဘုရား ဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက်သွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်သခင် ရက်ရှာသည် နတ်ဧကရာဇ် တစ်ဝက်အဆင့်မှနေ၍ အဆင့်ထိုး တက်သွား လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် အစစ်အမှန် နတ်ဧကရာဇ် အဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။
ကြောက်မက်ဖွယ်ကောင်းလှလေသည်။
ဤမြင်ကွင်းက ထိုရာနှင့်ချီသော နတ်ဘုရားမျိုးနွယ်တို့အား ထိတ်လန့်သွားစေသည်။
ယခုအဆင့်တက်ချင်းသည် ဆယ်နှစ် သို့မဟုတ် ဆယ်စုနှစ်နှင့်ချီအောင် ကျင့်ကြံခြင်းနှင့် ညီမျှနေ၏။ ယခုတော့ အဆင့်တက်ရန် တစ်ရက်သာ ကြာမြင့်လေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလူတွေ အရင်က ငါ့ထက်တောင် ဆိုးဝါးသေးတယ်၊ အခု … သူတို့အားလုံးက ငါ့ကို ကျော်ကုန်ပြီ”
နတ်ဘုရားဂိုဏ်းချုပ် အဆင့်တစ်ယောက်သည် အဆင့်တက်ခြင်း ဖြစ်စဉ်ကိုကြည့်ပြီး အလွန်အမင်း နောင်တရလာသည်။
“ခွေးမသား ငါ လှောင်တာကို ခံခဲ့ရတဲ့သူက အခု ငါ့ထက် သာနေပြီ၊ သောက်ကျိုးနည်း”
“သန်မာတယ်၊ တကယ် သန်မာတာပဲ၊ ငါလည်း နတ်ဆိုး ဖြစ်ချင်နေခဲ့တာကို ငါ သိလိုက်ရပြီ၊ ဒီအချိန်က ဒီအချိန်က နတ်ပြည်ရောက်သွားသလိုပဲ”
ထိုသို့သောအချိန်၌ ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ်များသည် ကိုးထောင်သော နတ်ဆိုးများအား အားကျသလို ကြည့်လာ ကြသည်။
သူတို့စိတ်ထဲတွင် ကျိတ်၍နောင်တရလုမတတ် ဖြစ်နေကြသည်။