← Chapters

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

Chapter 433

ဝုန်း!

ယဲ့ဖန်က ပီခမ်း၏ ပခုံးကို ထပ်မံ၍ ထိုးနှက်လိုက်သည်။

ဂျွတ်!

ပီခမ်း၏ ပခုံးရိုးတစ်ခုလုံး ကျိုးသွားလေသည်။ ထို့အတူ ပေါက်ကွဲထွက်သွားသော ဘောလုံးကဲ့သို့ မီတာတစ်ထောင်အထိ လွင့်ထွက်သွားသည်။

ထိုသို့လွင့်ထွက်သွားရာမှ ဥက္ကာခဲတစ်ခုနှင့် တိုက်မိကာ ထိုဥက္ကာပျံ ပေါက်ကွဲသွား၏။

ပီခမ်းခန္ဓာကိုယ်က ဆိုးဆိုးရွားရွားကို ဒဏ်ရာရထားသည်။

ပီခမ်း၏ လည်ချောင်းထဲမှတစ်ဆင့် သွေးတစ်လုပ် အန်ထွက် လာသည်။ သူ၏ မျက်နှာသည်လည်း သေခါနီးကဲ့သို့ ဆိုးရွားနေသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါက နတ်ဘုရား ဆရာသခင် အဆင့်လေးကို မရှုံးနိုင်ဘူး”

ယခုအချိန်၌ ပီခမ်းသည် ရူးမတတ် ဖြစ်နေသည်။

နဂါးငွေ့တန်း အင်ပါယာ၏ ဒုတိယ အင်အားကြီးသောသူ ဖြစ်သည့် သူသည် ဘဝတစ်လျှောက်လုံး ပြိုင်ဘက်ကင်းခဲ့ပြီး ဘယ်သောအခါ ကမှ မရှုံးနိမ့်ခဲ့ဖူးပါ။

သို့သော် ယခုအခါတွင် သူသည် နတ်ဘုရား ဆရာသခင် အဆင့်လေး၏ အနိုင်ယူခြင်းကို ခံနေရသဖြင့် သူ၏ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းတို့က ပြင်းထန်စွာ ပျက်ဆီးသွားလေတော့သည်။

သူသည်သာမက ကောင်းကင်ထက်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်နေကြသည်။

ပထမဆုံးအကြိမ်ပင်၊ ဤသည်ကား နဂါးငွေ့တန်း အင်ပါယာ သာများ ရှုံးနိမ့်ရသည့် ပထမဆုံးအကြိမ် ဖြစ်လေသည်။

ဤသည်မှာ လုံးဝကို ထင်မှတ်မထားနိုင်စရာ ကောင်းလှပေ၏။

“သောက်ခွေးမသား သူက ဘယ်လိုလုပ် ဒီလောက် သန်မာရတာလဲ”

အနက်ရောင် ဝတ်ရုံနှင့်လူသည် နဖူးမှနေ၍ ချွေးအေးများ တတောက်တောက် စီးကျနေသည်။

အစပိုင်း၌ သူသည် နှစ်ဝက်မကကြာပြီးနောက် သူ၏ ခွန်အားက တိုးတက် သန်မာလာပြီး အခြေခိုင်ကာ ယဲ့ဖန်အား ပုရွက်ဆိတ် တစ်ကောင်ကို နင်းခြေသကဲ့သို့ နင်းခြေနိုင်မည်ဟု ထင်ခဲ့မိသည်။

သို့သော် မြင့်မြတ်သော နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ရှိသူ ပီခမ်းက ဖိနှိပ်ခံနေရသည်။

ထိုသို့သောအချိန်၌ ယဲ့ဖန်က ခေါင်းတခါခါ ဖြစ်နေပြီး အလွန်အမင်း အထင်သေးနေသည့်ပုံပင်။

“အိုး … နတ်ဧကရာဇ်တစ်ပိုင်းအဆင့်ကို ချေမှုန်းဖို့ သိပ်တောင် မကြာလိုက်ပါလား၊ ကြည့်ရတာ သူ တော်တော် အိုနေပြီထင်တယ်”

*ဘာ*

ထိုစကားကြောင့် ပီခမ်းသည် လည်ချောင်းထဲ ပူနွေးလာသလို ခံစားမိပြီးနောက် နောက်တစ်ခါ ထပ်၍ သွေးအန်မိလေသည်။

“ခွေးမသား”

ယဲ့ဖန်က သူ့အား ပုရွက်ဆိတ်တစ်ကောင်သဖွယ် သတ်မှတ်ပြီး သူ့အား စော်ကားလာလိမ့်မည်ဟု သူ ထင်မထားမိပါ။

သူ့အား သေအောင်မလုပ်နိုင်သဖြင့် အလွန် မကျေမနပ် ဖြစ်မိသည်။

“ယဲ့ဖန် မင်း ငါ့ကို ဒီအခြေအနေထိ ရောက်လာအောင် တွန်းပို့ခဲ့လို့ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်လို့ ငါ ပြောရမှာပဲ”

နဂါးငွေ့တန်း ဧကရာဇ် ပီခမ်း အလွန် အံ့အားသင့်နေ၏။ ထို့နောက် သူသည် သူ့ရှေ့မှ ရွှေအိုရောင်ဓားအား ဝှေ့ယမ်းလိုက်သည်။

“အရည်ပျော်စမ်း”

ထိုစကားသံနှင့်အတူ နတ်ဘုရားလက်နက်ဖြစ်သော ရွှေအိုရောင် ဓားက ချက်ချင်း ဝဲပျံနေသော ရွှေအိုရောင် အရည်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး ပီခမ်း၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပေါင်းစပ်ဝင်ရောက်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရည်များက ပီခမ်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ့အရေပြားသည် ရွှေအိုရောင် တောက်ပလာသည်။

ဖျက်ဆီးမရနိုင်သော ရွှေအိုရောင်ခန္ဓာကိုယ်အလား ထင်မှတ်ရသလို ကြောက်မက်ဖွယ်ကောင်းသော လေထုက လူအများအား တုန်ယင်အောင် ပြုလုပ်နေလေသည်။

“ဓားသိုင်းပေါင်းစပ်ခြင်း သိုင်းကွက်”

ဤမြင်ကွင်းကိုမြင်ပြီး ငရဲဝံပုလွေဆိုး၏ မျက်နှာက ပြာနှမ်းသွားလေသည်။

“ဒီသိုင်းကွက် ၊ သူ … သူ တကယ်ပဲ ဒီသိုင်းကွက်ကို သုံးလိုက်တာပဲ”

ပီခမ်း၏ ကျင့်ကြံခြင်း သိုင်းကွက်များကို ငရဲဝံပုလွေဆိုး အသိဆုံးဖြစ်သည်။ ဓားအား အရည်ပျော်အောင် လုပ်သည့် သိုင်းကွက်နှင့် နတ်ဘုရားလက်နက်အား အရည်ဖျော်၍ မိမိခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။ ထိုအခါ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်၏ လူသားခန္ဓာကိုယ်သည် နတ်ဘုရားလက်နက်ထက် ပို၍တောင်မှ သန်မာသွားလေသည်။

ဤသည်ကား လူပုံပေါက်သော နတ်ဘုရားလက်နက်ပင်။

အင်အားက ကြောက်ခမန်းလိလိ အစွမ်းထက်လှသည်။

ဝုန်း! ဂျွတ်!

ထိုသို့သောအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော ပီခမ်း၏ အောက်၌ ရှိနေသည့် ဂရေးဂြိုဟ်သည် ဂြိုဟ်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ ဝုန်းခနဲ ထပေါက်ကာ မြေဆီလွှာ အက်ကွဲသွားလေသည်။

ဂရေးကလန်သားတိုင်း တစ်ကိုယ်လုံးအား ခံ့ညားထည်ဝါသော အရှိန်အဝါ၏ နှိပ်စက်ညှင်းပန်းခြင်းကို ခံစားလိုက်ရသလိုပင်။

ဝုန်း! ဝုန်း! ဝုန်း!

သိုင်းပညာရှင်တိုင်း ကြောက်စိတ်တို့ စိုးမိုးလာကြသည်။

ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့တောင်မှ တုန်ယင်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

“တော်တော် သန်မာတဲ့ ဓားသိုင်းပေါင်းစပ်ခြင်း သိုင်းကွက်ပါလား”

ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ အမူအရာများက မဟန်တော့ဘဲ ယခုအချိန်၌ သူတို့သည် တိုက်ပွဲဖြစ်ရာနှင့် ဝေးရာ၌သာ နေနိုင်လေတော့သည်။

သူတို့သာ ထိုနေရာ၌ ဆက်နေပါက နှစ်ယောက်လုံး ပေါက်ကွဲထွက်သွားလောက်သည်ဟု ခံစားမိနေသည်။

ဒုန်း!

ထိုသို့သောအချိန်၌ ပီခမ်းက ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။ သူ ခြေချလိုက်သည်နှင့် ဟင်းလင်းပြင်က ထပ်မံ၍ ဟက်တက်ကွဲလာသည်။

အောက်ဘက်ရှိ ဂရေးဂြိုဟ်သည်လည်း အက်ကွဲပြီးရင်း အက်ကွဲလာသည်။

“ခွေးမသားလေး၊ ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ မင်း တောင်းဆိုလို့ ဒီလိုဖြစ်တာ”

ပီခမ်း၏ မျက်လုံးထဲ၌ ရူးနှမ်းနေဟန်များ ထင်ဟပ်နေ၏။ ထိုသို့သောအချိန်၌ သူ၏ခန္ဓာကိုယ်သည် တဖြောင့်တည်း ဖြစ်နေကာ ယဲ့ဖန်ထံသို့ ထပ်မံ၍ တိုးဝင်လာလေသည်။

“စိတ်ဝင်စားစရာပဲ၊ ဒါတော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ”

ယဲ့ဖန်က ရယ်မောပြီးရင်း ရယ်မောနေ၏။ သို့သော် မကြောက်ချေ။

သူ၏ခန္ဓာကိုယ်က ပီခမ်း၏ ပြင်းထန်သော တိုက်ကွဲများအတွင်းသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

ဝုန်း! ဝုန်း! ဝုန်း!

နှစ်ယောက်သား ထပ်မံ၍ တိုက်ခိုက်ကြပြန်သည်။ ထိုသို့သောအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော ဂြိုဟ်ကမ္ဘာ သားရဲနှစ်ကောင် တိုက်ခိုက်နေသည်ဟု ထင်မှတ်မှားရလေ၏။

တိုက်ကွက်တိုင်း၊ ထိပ်တိုက်တွေ့ဆုံချိန်တိုင်း၌ ပြင်းထန်သော တိုက်ခိုက်ခြင်း လှိုင်းများ ဘေးသို့ ပျံ့နှံ့သွားသည်။

ကြီးမြတ်သော သိုင်းပညာရှင်နှစ်ယောက် တိုက်ခိုက်နေသည့် ကောင်းကင်၌ ရှုပ်ထွေးလို့နေ၏။

ဥက္ကာခဲများ ကြေမွ၍ ဟင်းလင်းပြင် အက်ကွဲလာသည်။ စစ်သင်္ဘောများ တစ်စီးပြီးတစ်စီး မီးလောင်သွားကြသည်။

ဤမြင်ကွင်းသည် ကမ္ဘာပျက်သကဲ့သို့ မှင်တက်စရာ ကောင်းလှ၏။

ထိုစဉ် ပို၍ ထိတ်လန့်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာလေသည်။

“မင်းရဲ့ ဓားသိုင်းပေါင်းစပ်ခြင်း သိုင်းကွက်က ဒီလောက်ပဲလား”

*ဘာ*

ယဲ့ဖန်၏ အထင်သေးသော စကားလုံးများ ထွက်ပေါ်လာသောအခါ ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များ အားလုံး မှင်တက်သွားကြသည်။

ဓားသိုင်းပေါင်းစပ်ခြင်း သိုင်းကွက်သည် လူသတ်သိုင်းကွက်တစ်ခု ဖြစ်လေသည်။

နတ်ဘုရားလက်နက်နှင့် လူ့ခန္ဓာကိုယ်တို့ ပေါင်းစပ်ထားခြင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ယဲ့ဖန်က “ဒါပဲလား” ဟု ပြောနေလေသည်။

ရူးချင်စရာ ကောင်းလှသည်။ မောက်မာလှသည်။

အနက်ရောင်ဝတ်ရုံနှင့်လူသာမက တစ်သောင်းနီးပါးသော သတ်ဖြတ်သူ တို့သည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

ထိုသို့သောအချိန်၌ အံ့အားသင့်နေသော စကားသံတစ်သံ ထွက်ပေါ်လာသည်။

“ကြည့်ဦး၊ သူ့ဘယ်လက်နဲ့ ညာလက်ပေါ်က ဘာကြီးလဲ”

ထိုအသံနောက်တွင် လူတိုင်း ထူးခြားချက်ကို မြင်သွားကြသည်။

ထူးဆန်းသော ရေခဲချီဓာတ်များက ယဲ့ဖန်၏ ဘက်ဘက်လက်၌ တရစ်ရစ် ဝဲနေသည်။ သေစေနိုင်လောက်သော အဆိပ် ဓာတ်ငွေ့များက သူ၏ညာဘက်လက် အထက်၌ ရစ်ဝဲနေ၏။

တစ်ဖက်ကအဖြူ၊ တစ်ဖက်က အနက်ပါလား။

ထူးဆန်းသော စွမ်းအင်နှစ်ပါတကား။

ဤသည်ကား လူတိုင်းအား ခေါင်းမွေးထောင်သွားစေသည်။

“ဒါ … ဒါ ဆန်းကြယ် ရေခဲချီဓာတ်နှင့် ထိပ်တန်း အဆိပ်ချီဓာတ်ပဲ”

အနက်ရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် ထအော်လာသည်။

“ဧကရာဇ် သတိထားပါ၊ အဲ့မျိုးမစစ်ကောင်မှာ ဆန်းကြယ် ရေခဲခန္ဓာကိုယ်နဲ့ ထိပ်တန်းအဆိပ်ခန္ဓာကိုယ် ရှိနေပါတယ်”

ထိုစကားက ကောင်းကင်တစ်ခုလုံးကို ပွက်လောရိုက် သွားစေသည်။ ထောင်သောင်းချီသော သိုင်းပညာရှင်များ ထိတ်လန့်သွားကြသည်။

စကြဝဠာထဲ၌ ထိပ်တန်း ခန္ဓာကိုယ်ဆယ်မျိုးသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် ယခုအခါတွင် လူတစ်ယောက်တည်းက သူ၏ခန္ဓာကိုယ်ထဲ၌ ထိုလွှမ်းမိုးနိုင်သော ခန္ဓာကိုယ် နှစ်မျိုးလုံး ရှိနေသည်။

လက်ခံရ ခက်ခဲလွန်းလှသည်။ ဤမျှနှင့် မပြီးသေးချေ။

ဆန်းကြယ် ရေခဲချီဓာတ်များနှင့် ထိပ်တန်းအဆိပ်ချီဓာတ်များက တစ်နေရာတည်း၌ ပေါင်းစည်း သွားကြသည်။

နဂါးနှစ်ကောင်က အနက်နှင့် အဖြူရောင် ဘောလုံးကဲ့သို့ ပေါင်းဆုံနေကြသည်။ ပျက်စီးစေနိုင်သော မြင်ကွင်းတစ်ခုက ဆက်တိုက် ထွက်ပေါ်လာသည်။

“ချီးတဲ့မှ”

ထိုသို့သောအချိန်၌ ဧကရာဇ် ပီခမ်း ကြက်သီးမွေးညင်း ထနေသည်။ ယခုအချိန်၌ သူသည် လှစ်ခနဲ ထွက်ပြေးချင်စိတ် ပေါက်နေ၏။

သို့သော် သူ ထိုသို့မလုပ်နိုင်ခင်မှာပင် ထိုအဖြူနှင့် အနက်‌ရောင် ဘောလုံးက သူ့ထံ ရုတ်တရက် ပျံသန်းလာသည်။

မျက်စိတစ်မှိတ်အတွင်း မိုးကြိုးပစ်ချလိုက်သလိုပင်။

“မကောင်းတော့ဘူး”

သေခြင်းတရား ဆိုက်ရောက်လာလေပြီ။ ပီခမ်း တစ်ကိုယ်လုံး ဇောချွေးပြန်လာပြီး ခေါင်းမွေးထောင် လာသည်။

သူ ထင်မှတ်မထားချိန်မှာပင် သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး သူ့ကိုယ်ထဲမှ ရွှေအိုရောင်အရည်များ အပြင်သို့ ပြန်ထွက်လာပြီး နတ်ဘုရား လက်နက်အသွင်သို့ ပြန်ပြောင်းသွားသည်။

ထို့နောက်တွင်မူ နတ်ဘုရား လက်နက်နှင့် အဖြူနှင့် အနက်ရောင် ဘောလုံးထံသို့ တိုးဝင်သွားလေသည်။

ဝုန်း!

ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ဆန်းကြယ်ရေခဲချီဓာတ်နှင့် ထိပ်တန်း အဆိပ်ချီဓာတ်တို့က နတ်ဘုရား လက်နက်ကို ချက်ချင်း ဝါးမျိုသွားသည်။ ထို့နောက် အက်ရာများ ထင်ဟပ်လာသည်။

ထို့နောက်တွင်မူ နတ်ဘုရား လက်နက်တစ်ခုလုံး ကြေမွသွား လေတော့သည်။

နတ်ဘုရား လက်နက်ကို ဖျက်ဆီးသွားသော စွမ်းအင်သည် ဧကရာဇ် ပီခမ်း၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားလေသည်။

အား!

အော်သံများက ဂြိုဟ်တစ်ခွင် ပျံ့နှံ့သွားသည်။

ပီခမ်း၏ လက်မောင်းတစ်ဘက်လုံး ချက်ချင်း အေးခဲသွားသည်။ အေးခဲစွမ်းအင်က လက်မောင်းမှနေ၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

“သေစမ်း”

ပီခမ်း၏ မျက်လုံးထဲ၌ ရူးသွပ်နေဟန်များ ထင်ဟပ်နေသည်။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် ထိုလက်မောင်းကို ဖြတ်ထုတ်လိုက်သည်။

အား!

သွေးများက မိုးစက်များကဲ့သို့ ကျဆင်းလာသည်။ ပီခမ်း၏ လက်မောင်းတစ်ဘက်လုံး ပြတ်ထွက် သွားလေသည်။ ပြတ်ထွက်သွားသော လက်မောင်းသည်လည်း ချက်ချင်း ပြာဖြစ်ကာ ပျောက်ကွယ် သွားသည်။

“ကပ်သီးလေးပါလား”

ပီခမ်း၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။ အကယ်၍ သူသာ တွေဝေနေမိပါက ထိုထူးဆန်းသော စွမ်းအင်နှစ်ခုပါသည့် ချီဓာတ်က သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလောက်ပြီး သူ သေသွားလောက်သည်။

ထိုသို့တွေးမိသည်နှင့် ယဲ့ဖန်ကို ကြည့်နေသော ပီခမ်း၏ မျက်လုံးများက ထိတ်လန့်၊ တုန်လှုပ်နေဟန်များ ပါဝင်နေသည်။

“အလောင်းကောင် ငါ အခု ဘာမှမလုပ်နိုင်တော့ဘူး၊ ငါ အချိန်ယူမှ ရမယ်”

ဝုန်း!

သူ၏ အသံအဆုံး၌ အနက်ရောင်ဝတ်ရုံနှင့်လူ၏ ဝတ်စုံက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ဖန်ကို စိုက်ကြည့်နေသည့် သူ၏ ရက်စက်သော မျက်လုံးများက မလိုမုန်းတီးစိတ်များနှင့် ပြည့်နှက်နေ၏။

“ယဲ့ဖန် မတွေ့ရတာ ကြာပြီနော်”

Chapter 434

“ယဲ့ဖန် မတွေ့ရတာ ကြာပြီနော်”

ထိုစကားသံနှင့်အတူ အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာကို သိုင်းပညာရှင်တိုင်း မြင်တွေ့လိုက်ရသည်။

ရုပ်ဆိုးလှသည့် မျက်နှာပါတကား။

မျက်နှာတစ်ပြင်လုံးများမှ အရေပြားနှင့် သွေးများက အောက်သို့ တွဲကျနေပုံပေါ်ပြီး ကြောက်စရာ ကောင်းလှပေသည်။

ပြောရလျင် ဤလူ၌ လက်တစ်ဘက်နှင့် ခြေတစ်ဘက်သာ ရှိနေသည်။

ဒုက္ခိတတစ်ယောက် ဖြစ်နေသည်။ သို့သော် သူ့ကိုယ်ပေါ်က အငွေ့အသက်သည်ကား နတ်ဧကရာဇ် တစ်ပိုင်းအဆင့်၏ အငွေ့အသက် ဖြစ်နေ၏။

ဤမြင်ကွင်းက ဘေးပတ်လည်မှလူတိုင်းအား ဆူညံသွားစေသည်။

ပီခမ်းဘေးတွင် အနက်ရောင်ဝတ်ရုံနှင့်လူ ရှိကြောင်း လူအနည်းငယ်သာ သိကြလေသည်။

ယခုအကြိမ်သည် သူ၏ ပထမဆုံးအကြိမ် လူလုံးထွက်ပြခြင်း ဖြစ်သည်။ ထင်မှတ်မထားဘဲ သူသည် ဒုက္ခိတတစ်ယောက် ဖြစ်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်းသည့် ဒုက္ခိတ တစ်ယောက် ဖြစ်နေသည်။

“မင်းကိုး”

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်၊ ထို့နောက်တွင်မူ သူ့ နှုတ်ခမ်းထောင့်က တွန့်ကွေးလာသည်။

“ဒီလိုကိုး၊ ဒါတွေအားလုံးက မင်းရဲ့လူတွေကိုး”

ထိုလူသည် ကောင်းကင်အလင်းသခင်ပင်။

ထိုသူ အသက်ရှင်နေသေးမည်ဟု ယဲ့ဖန် ထင်မထားမိပါ။ စကြဝဌာထဲရှိ ထိပ်တန်း ခန္ဓာကိုယ် ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် မသေမျိုး ခန္ဓာကိုယ်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းကြောင်း ဝန်ခံရပေမည်။

မသေနိုင်သလို ဖျက်ဆီး၍လည်း မရနိုင်ချေ။ နက်ရှိုင်းစွာ မွမ်းမံနိုင်ပြီး သွေးတစ်စက်မှနေ၍ ပြန်လည် မွေးဖွားနိုင်သည်။

နတ်ဘုရား စိတ်ဝိညာဉ်က သေဆုံးသွားလျင်တောင်မှ သွေးတစ်စက်နှင့် အသားတစ်စတို့မှနေ၍ နတ်ဘုရား စိတ်ဝိညာဉ် အသစ်ကို ပြန်လည်မွေးဖွားနိုင်သည်။ အထူးသဖြင့် ထိုသူဘဝ၏ မှတ်ဉာဏ်နှင့် ခွန်အားများအားလုံးကို အပိုင်ရနိုင်၏။

ထိုသည်သာမကသေး ကောင်းကင်အလင်းသခင်သည် နတ်ဘုရားတို့ ကျဆုံးရာ နယ်မြေ၌ မွေးဖွားခဲ့ပြီး အလင်းသခင်၏ အမွေဆက်ခံသူလည်း ဖြစ်သည်။

ဤအမွေဆက်ဆံမှုက စကြဝဠာထဲသို့ ရောက်လာသောအခါ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော အတည် စွမ်းအင်များ ပေါ်ပေါက်လာပြီး အလင်းသခင်အား တစ်နေ့ပြီး တစ်နေ့ မြင့်တက်လာစေသည်။

“အင်း …”

ကောင်းကင် အလင်းသခင်၏ မျက်နှာ မလိုမုန်းတီးဟန်နှင့် သောကများ ပြည့်နှက်နေ၏။

“ယဲ့ဖန် မင်းက ငါ့ရဲ့ အလင်းသခင်ဘဝမှာ အသန်မာဆုံး ရန်သူဆိုတာကိုတော့ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ အခုတော့ ဘာလုပ်ရမှာလဲ”

“ကမ္ဘာဂြိုဟ်ပေါ်မှာတုန်းက မင်း ငါ့ကို မသတ်နိုင်ခဲ့ဘူး။ ဒီဂြိုဟ်တွေ ဆီမှာတော့ ငါ မင်းကို သတ်ပစ်မယ်”

ထိုသို့ပြောပြီး ကောင်းကင်အလင်းသခင်က လှစ်ခနဲ ပြေးဝင် လာသည်။ လူတစ်ကိုယ်လုံးက သရဲတစ္ဆေကဲ့သို့ ချက်ချင်း ပျောက်ကွယ် သွားလေသည်။

သူ ပြန်ပေါ်လာချိန်တွင် သူသည် ယဲ့ဖန်၏ အနောက်ဘက် မီတာ ရာနှင့်ချီသော နေရာသို့ ရောက်နေလေသည်။

နေရာ ကူးပြောင်းသွားသလိုပင်။ အံ့ဩဖွယ် ကောင်းလှပေ၏။

ဝုန်း!

ထိုစဉ် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်က ရှေ့နှောက် ညှပ်၍ တိုက်လာသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက လူတိုင်းကို ကြက်သီးမွေးညင်း ထသွားစေသည်။

“ခွေးမသား”

ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသလို ဂရေးကလန်သားများ အားလုံး မျက်နှာ ဖြူစုတ် နေကြသည်။

*ဘယ်လိုလုပ်ကြမလဲ*

လူတိုင်း၏ နဖူး၌ ချွေးများ စို့နင့်လာသည်။

စိုးရိမ်နေကြသည်။ ဆာရိုဂြိုဟ်နယ်မြေမှ လူများအားလုံး ယဲ့ဖန်အတွက် စိုးရိမ်နေကြသည်။

ထိုသို့သောအချိန်၌ ကြေးစား သတ်ဖြတ်သူအဖွဲ့များက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ထိုသူတို့အားလုံးက လက်နက်များကို မြှောက်၍ အားပေး ဟစ်အော်နေကြသည်။

“သတ်”

“သတ်”

“သတ်”

ထိုအသံက အလွန် ကျယ်လောင်လှသည်။ ဤမြင်ကွင်းကိုမြင်ပြီး နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းက သူ့နှုတ်ခမ်းထောင့်မှ သွေးကို လျှာဖြင့်သပ်၍ ပြောလိုက်သည်။

“ယဲ့ဖန် မင်းတော့ ပွဲသိမ်းပြီ။ မင်းက နဂါးငွေ့တန်း အင်ပါယာကို တစ်ယောက်တည်း ဆန့်ကျင်ချင်နေတယ်၊ အဲ့ဒါက ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲကွ”

“မင်းကို ပြောလိုက်ဦးမယ်၊ မင်းတင်မကသေးဘူး ဒီနေ့ ဂရေးမိသားစုပါ အမြစ်ဖြတ် ချေမှုန်းခံရမယ်၊ ပြီးတော့ ဆာရိုဂြိုဟ် နယ်မြေတစ်ခုလုံး မင်းအတွက် သေရတော့မှာကွ၊ ဟားဟားဟား …”

ဧကရာဇ်ပီခမ်းက ရူးသွပ်စွာ ရယ်မောနေသည်။ သူ အလွန် ပျော်နေလေသည်။

သူသည် ရန်သူ၏ သေရမလို ဖြစ်နေသော အမူအရာကို ကြည့်ရသည်ကို သဘောကျသည်။ ထိုခံစားချက်က သူ့အား သက်တောင့်သက်သာ ရှိသလို ခံစားရစေသည်။

သို့သော် ယဲ့ဖန်၏ အမူအရာက တည်ငြိမ်နေသည်မို့ သူ စိတ်ပျက်သွားလေသည်။

ယဲ့ဖန်က သူ့အား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့သာ ကြည့်နေလေသည်။

“အချိန်ကျတော့မှာပဲ”

ယဲ့ဖန်က တစ်ကိုယ်တည်း ပြောဆိုနေ၏။ ထိုစကားကို ကြားပြီး ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့ အံ့ဩသွားကြသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ပီခမ်းသည် နိမိတ်မကောင်း သလို ခံစားမိနေသည်။

“မင်း ဘာပြောချင်တာလဲ”

“ဘာမှမဟုတ်ပါဘူး”

ယဲ့ဖန်၏ မျက်နှာသည် လှောင်ပြောင်သရော်ဟန် ပေါ်နေသည်။

“မင်းရဲ့ နောက်ဆုံးသော ပျော်စရာ အချိန်လေး ရောက်လာ တော့မှာကို ထိုင်တွက်နေရုံလေးပါ”

*ဘာ*

လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။

ယဲ့ဖန်သည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်၏ ဝိုင်းထားခြင်းကို ခံထားရသည်။ ဂရေးကလန်သားများသည်လည်း ထောင်နှင့်ချီသော သတ်ဖြတ်သူများ၏ ဝိုင်းထားခြင်းကို ခံထားရသည်။

ဆာရိုဂြိုဟ်နယ်မြေတွင်းမှ မရေတွက်နိုင်သော ဂြိုဟ်ပေါင်း များစွာတို့သည် နဂါးငွေ့တန်း အင်ပါယာကြောင့် သတ်ဖြတ်ခံလိုက်ရသည်။

*ဒီလူက ပီခမ်းရဲ့ နောက်ဆုံးသော အချိန်လေးကို ရေတွက်နေတာတဲ့လား*

*သူ ရူးများသွားပြီလား*

ထိုစဉ် ဧကရာဇ်ပီခမ်းက အေးစက်စက် လှောင်ပြောင်လိုက်ပြီး ခနဲ့လိုက်ချင်သည်။

သို့သော် ထိုသို့သောအချိန်၌၊

ဝီ!

ထွက်ပြေးလာသော စစ်သင်္ဘောတစ်စီးက ခပ်လှမ်းလှမ်းမှ ပျံသန်းလာပြီး မျက်စိတစ်မှိတ် အတွင်း အရှေ့သို့ ရောက်လာသည်။

*ဒါက … *

ထိုထွက်ပြေးလာသော သင်္ဘောသည် နဂါးငွေ့တန်း အင်ပါယာမှ ကြေးစားစစ်တပ်၏ စစ်သင်္ဘော ဖြစ်လေသည်။

သွေးနှင့်ရေချိုးရသည်ကို သဘောကျသည့် သတ်ဖြတ်သူ တစ်ယောက်သည် လမ်းဘေးခွေး တစ်ကောင်ကဲ့သို့ စစ်သင်္ဘောထဲမှ ထွက်ပြေးလာသည်။

သူသည် ရုတ်တရက် ဧကရာဇ် ပီခမ်းရှေ့၌ ဒူးထောက်လာ၏။

“အရေးပေါ်သတင်းပါ၊ ပထမကြေးစား စစ်တပ်က သတ်ဖြတ်သူတွေနဲ့ စစ်တပ်ကြီးတစ်ခုလုံး သုတ်သင်ခံ လိုက်ရပါပြီ”

*ဘာ*

ထိုစကားက ဧကရာဇ် ပီခမ်းနှင့် ထောင်ချီသော သတ်ဖြတ်သူ များအား မျက်နှာပျက် သွားစေသည်။

*ပထမ ကြေးစားစစ်တပ်လား*

*အဲ့ဒါက လူသုံးထောင်ကျော် ပါတဲ့ ကြောက်စရာကောင်းတဲ့ စစ်တပ်လေ*

ထို နတ်ဆိုး ကြေးစားစစ်တပ်၌ မရေတွက်နိုင်သော နတ်ဘုရား ဂိုဏ်းချုပ်အဆင့်၊ နတ်ဘုရား သေနာပတိအဆင့်များ ပါရှိသည်။

သို့သော် ယခုအခါတွင် ဘယ်လိုလုပ် …

ယခုအချိန်၌ ပီခမ်းသည် ရူးမတတ် ဖြစ်နေပြီး သူ့မျက်လုံးများက မီးဝင်းဝင်း တောက်နေသည်။

သူ မှင်တက်နေပြီးနောက် ထိုသတ်ဖြတ်သူအား ရှုံ့မဲ့နေသော မျက်နှာနှင့် မေးလိုက်သည်။

“ဘာဖြစ်ခဲ့သလဲ ငါ့ကို ပြောစမ်း။ ပထမ ကြေးစားစစ်တပ်က ဘယ်လိုလုပ် ဖျက်ဆီးခံ လိုက်ရတာလဲ”

ပီခမ်း ကိုယ့်နားကိုယ်မယုံနိုင် ဖြစ်နေသည်။ ထိုစစ်တပ်သည် အင်ပါယာက နှစ်ပေါင်းများစွာ လေ့ကျင့် ပျိုးထောင်ခဲ့သည့် ထိပ်တန်း ကြေးစား စစ်တပ် ဖြစ်သည်။

*အဲ့စစ်တပ်က ပြိုင်ဘက်ကင်းတာကို*

*ဘယ်လိုလုပ် ဒီဆာရိုဂြိုဟ်နယ်မြေ သေးသေးလေးထဲမှာ သုတ်သင်ခံလိုက်ရတာလဲ*

“နတ်ဆိုး၊ ကျွန်တော်တို့ … နတ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ”

ထိုသတ်ဖြတ်သူသည် အလွန် ကြောက်လန့်နေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်အေးစက်နေ၏။

*နတ်ဆိုးတဲ့လား*

သူ၏စကားက လူတိုင်းကို နောက်တွန့်သွားစေသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

ဝီ! ဝီ! ဝီ!

ရုတ်တရက် လေကို ထိုးခွင်းလာသည့် အသံများ ထွက်ပေါ်လာသည်။

ထွက်ပြေးလာသော စစ်သင်္ဘောများသည် ဥက္ကာပျံများသဖွယ် ဤနေရာသို့ ရောက်ရှိ လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သင်္ဘော ဆယ်စင်းမက ရောက်ရှိလာ၏။

တစ်ကိုယ်လုံး သွေးများနှင့် ဒဏ်ရာဒဏ်ချက် ဗလပွ ဖြစ်နေသော သတ်ဖြတ်သူတစ်ယောက်က အသည်းအသန် ပြေးထွက်လာပြီး ဒူးထောက်လာသည်။

“ဧကရာဇ် မကောင်းတော့ပါဘူး၊ ဒုတိယ ကြေးစားစစ်တပ် တစ်ခုလုံး မရှိတော့ပါဘူး”

“တတိယစစ်တပ်က အကြီးအကျယ် ထိခိုက်၊ သေကျေခဲ့ပါတယ်”

“စတုတ္ထစစ်တပ်က ချုံခိုတိုက်ခိုက်ခံရပါတယ်၊ ဘာတိုက်ပွဲမှ အနိုင်မယူနိုင်ခဲ့ပါဘူး”

“...”

ထိတ်လန့်တကြား အသံများ ထွက်ပေါ်လာသည်။ စကားတိုင်းက ဧကရာဇ်ပီခမ်း၏ ဦးခေါင်းထဲ၌ ဗုံးပေါက်သလို ခံစားရစေသည်။

*သေကုန်ပြီ*

*အားလုံး သေကုန်ပြီ*

သူ၏ နဂါးငွေ့တန်း စစ်တပ်၊ ကြေးစားစစ်တပ်အားလုံး၊ ထောင်သောင်းချီသော သတ်ဖြတ်သူများ အားလုံး သတ်ဖြတ်ခံလိုက်ရသည်။

*ဒါက …*

ပီခမ်းသာမက သူ့ဘေးမှ ကောင်းကင်အလင်းသခင်သည်လည်း မျက်ခုံးတလှုပ်လှုပ် ဖြစ်နေပြီး သူ့မျက်နှာတစ်ခုလုံး မယုံသင်္ကာဟန်နှင့် ထိတ်လန့်နေဟန်များဖြင့် ပြည့်နှက်နေ၏။

ထောင်နှင့်ချီသော သတ်ဖြတ်သူများအားလုံး ရေခဲကန်ထဲ ပစ်ချခံလိုက်ရသကဲ့သို့ အေးစက် သွားကြလေသည်။

“မင်းကိုး”

ထိုစဉ် ဧကရာဇ် ပီခမ်းက ယဲ့ဖန်အား မကျေမနပ် ကြည့်လာသည်။

“ဒါတွေအားလုံးက မင်းလက်ချက်ကိုး”

ပီခမ်း မယုံကြည်နိုင်သေးပါ။ သေးနုပ်သော ကမ္ဘာမြေသားတစ်ယောက်က မည်သို့သော နည်းလမ်းများ သုံး၍ ထောင်သောင်းချီသော သတ်ဖြတ်သူ ကြေးစားစစ်တပ်အား သတ်ဖြတ်ခဲ့ သနည်း။

ကျန်လူတိုင်း၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာပြီး အားလုံးက သရဲသဘက်ကို မြင်တွေ့ရသကဲ့သို့ ကြည့်နေကြသည်။

ဤမြင်ကွင်းကြောင့် ယဲ့ဖန် ရယ်မောလာသည်။ ထိုရယ်မောသံက ခြောက်ခြားဖွယ် ကောင်းလှပေ၏။

“ဒါနဲ့တင် ပြီးပြီလို့ မင်း ထင်နေလား”

ယဲ့ဖန်က ခေါင်းခါ၍ ခပ်လှမ်းလှမ်းရှိ ကောင်းကင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

“ကြည့်လိုက်လေ၊ အဲ့ဒါ ဘာလဲလို့”

*ဟမ်*

ထိုစကားက လူတိုင်းကို မှင်တက်သွားစေသည်။ ထို့နောက် ပီခမ်းနှင့် အခြားသူများအားလုံး ဘေးသို့ လှည့်ကြည့်လာကြသည်။

သို့သော် ထိုသို့ လှမ်းကြည့်ပြီးနောက် လူတိုင်း ခေါင်းမွေး ထောင်လာကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

သွေးပျက်ဖွယ်ကောင်းသော စစ်သင်္ဘောများက တိမ်စိုင် တိမ်တိုက်များကို ဖြတ်၍ လျင်မြန်စွာ ရောက်ရှိလာလေသည်။

စစ်သင်္ဘောတိုင်း၌ နတ်ဆိုးများနှင့် ပြည့်နှက်နေ၏၊ လူပေါင်း တစ်သောင်းနီးပါး ရှိလေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ကား ရှေ့ဆုံးမှ စစ်သင်္ဘော လေးစီး ဖြစ်လေသည်။

ထိုစစ်သင်္ဘောထဲ၌ ကြောက်မက်ဖွယ်ကောင်းသော လူ လေးယောက် ပါလာသည်။ တစ်ယောက်ချင်းစီက နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ဖြစ်နေပါလား။

Chapter 435

“သူတို့ပဲ၊ ပထမ ကြေးစားစစ်တပ်ကို ချေမှုန်းခဲ့တာ အဲ့အဖွဲ့ပါပဲ”

“မြတ်စွာဘုရား၊ နတ်ဆိုးတွေပါလား။ ဒီနတ်ဆိုးအဖွဲ့ကြီးက အမဲလိုက် နေတာလား၊ သွားပါပြီ … သွားပါပြီကွာ”

“ဒုတိယ ကြေးစားစစ်တပ်က သတ်ဖြတ်သူအားလုံး သူတို့ လက်ထဲမှာ သေသွားခဲ့ကြတာပါ။ အဲ့ဒီ စိတ္တဇ လူသတ်သမားတွေ ကြောင့်ပါ”

“….”

ယခုအချိန်၌ ခပ်လှမ်းလှမ်းမှ စစ်သင်္ဘောများ ပျံသန်းလာသည် ကိုမြင်ပြီး ထွက်ပြေးလာသော ဒါဇင်ကျော်သည့် သတ်ဖြတ်သူတို့ အားလုံး သွေးပျက်လာကြသည်။

ထို့အပြင် သူတို့၏ ပေါင်ခြံကြားမှ ဆီးများပင် ထွက်ကြ လာသေး၏။ သူတို့ ကြောက်လွန်းသဖြင့် ဆီးပါ ထွက်ကြနေသည်။

ဤမြင်ကွင်းက ထောင်သောင်းချီသော သတ်ဖြတ်သူများကို ကြက်သီးမွေးညင်း ထသွားစေသည်။

သောင်းချီသော ကြေးစား စစ်တပ်များ ဖျက်ဆီးခံလိုက်ရလေပြီ၊ သူတို့၏ အဖွဲ့များ ပျက်ဆီးသွားလေသည်။

သတ်ဖြတ်သူတိုင်းသည် သူတို့၏ ဆိုးရွားလှသော ကံကြမ္မာဆိုးကို မြင်ယောင်ပြီး ကြောက်စိတ်များဖြင့် ပြည့်နှက်လာကြသည်။

ဧကရာဇ် ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့တောင်မှ ကျောချမ်း နေကြသည်။ ထိုစဉ် …

ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ယောက်က စစ်သင်္ဘောထဲမှ ခုန်ဆင်းလာသည်။

တစ်ဆက်တည်းမှာပင် လူပေါင်းများစွာတို့ ထွက်ပေါ်လာကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင်အနက်ရောင် အရိပ်များက ကောင်းကင်ထက် ပြည့်နှက်လို့သွားလေသည်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းက လူတိုင်းကို ကတုန်ကယင် ဖြစ်သွားစေသည်။

နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင် လေးယောက် နှင့်အတူ ထောင်ပေါင်းများစွာသော နတ်ဆိုးတို့က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက် လာကြသည်။

“ရန်သူတွေကို သတ်ဖြတ်ပြီးပါပြီ။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ သခင်ကြီးဆီ ပြန်လာပါပြီ”

တိတ်ဆိတ်လို့သွားသည်။

သူတို့၏အသံများက ဂြိုဟ်များထံသို့ ပဲ့တင်ထပ်သွားလေသည်။ ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံး တိတ်ဆိတ်လို့နေ၏။

သတ်ဖြတ်သူများအားလုံး မှင်တက်နေကြသည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများကို ကြည့်လိုက်၊ ယဲ့ဖန်ကို ကြည့်လိုက်နှင့် ဖြစ်နေပြီး ခေါင်းမှခြေဆုံး ရေအေးများနှင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားနေရလေသည်။

*သခင်ကြီးတဲ့လား*

*လတ်စသက်တော့ ဒီလူက နတ်ဆိုးတွေရဲ့ သခင်ကိုး*

ပြောရလျင် ထိုနတ်ဆိုးများကြား၌ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်တောင် ရှိနေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဂလု!

သတ်ဖြတ်သူများ မနည်းကို တံတွေးမျိုချမိနေသည်။ သူတို့၏ ခြေထောက်များ ခွေယိုင်လာကာ နောက်လှည့်၍ ထွက်ပြေးချင်စိတ် ပေါက်နေ၏။

ဧကရာဇ် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တောင်မှ ဆီးထွက်ကျ မတတ် ဖြစ်နေသည်။

တောက်! တောက်!

အေးစက်သော ချွေးစေးများက သူတို့နှစ်ယောက်၏ နဖူးပြင်မှ ကျဆင်းလာပြီး အရိုးခိုက်ခိုက်တုန်မတတ် ချမ်းအေးသလို ခံစားနေမိသည်။

“ဘာလို့လဲ၊ ဘယ်လိုလုပ် ဒီ့ကောင်မှာ အစေခံ တစ်သောင်းနီးပါး ရှိနေတာလဲ”

ဧကရာဇ် ပီခမ်း ရူးမတတ် ဖြစ်နေသည်။

သူသည် သတ်ဖြတ်သူ ကြေးစား တပ်ဖွဲ့ကို မတည်ထောင်နိုင်ခင်က နှစ်ရာနှင့်ချီ၍ ကြိုးစားအားထုတ်ခဲ့ရသည့် မြင့်မြတ်သော နဂါးငွေ့တန်း ဧကရာဇ် ဖြစ်သည်။

သို့သော် ထိုသတ်ဖြတ်သူများကို သတ်ဖြတ်ခဲ့သည့် နတ်ဆိုးများက ဘာမဟုတ်သည့် ကမ္ဘာမြေသား ပုရွက်ဆိတ်လိုကောင်၏ ကျေးကျွန်များ ဖြစ်လို့နေသည်။

ဤသည်က ပီခမ်းအား မယုံကြည်လောက်အောင် ဖြစ်စေ၏။ ထို့အတူ သူ့ဘေးမှ ကောင်းကင် အလင်းသခင်သည်လည်း တုန်ယင်လို့နေသည်။

“ဒီကောင် …”

သူ မျက်ခုံးလှုပ်နေပြီး သူ့မျက်လုံးများက နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်ထံ အကြည့်ရောက်နေသည်။

ထိုလူလေးယောက်၏ ခွန်အားက သူ့အောက်မနိမ့်ကြောင်း သူ ရှင်းလင်းစွာ ခံစားရနေသည်။ အထူးသဖြင့် လှပ၍ လွှမ်းမိုးနိုင်သည့် အမျိုးသမီးပင်။

သူမသည် စစ်မှန်သော နတ်ဧကရာဇ် သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ကောင်းကင်ထက်၌ သားရဲများသဖွယ် ရပ်နေသောကြောင့် လူများအား တုန်ယင်စေသည်။

သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးက ဘယ်လိုလုပ် ယဲ့ဖန်ထံ၌ လိုလိုလားလားနှင့် ကျွန်ခံ၍ ဦးညွှတ်နေရသနည်း။

“ဒီသောက်ခွေးမသား …”

ကောင်းကင်အလင်းသခင်သည် ယဲ့ဖန်အား မနာလိုဖြစ်နေသည်။

သို့သော် ထိုစဉ် ယဲ့ဖန်က ပီခမ်းထံသို့ ခြေတစ်လှမ်း တိုးလာသည်။ သူ့နောက်မှ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်နှင့် ထောင်ချီသော နတ်ဆိုးများကလည်း ရှေ့သို့ တိုးလာသည်။

ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။

“လာ တိုက်ကြမယ်”

ထိုရိုးစင်းသော စကားနှစ်ခွဣ်းက လူတိုင်းကို သွေးပျက် သွားစေသည်။

ထိုစကားကိုကြားပြီး ဧကရာဇ် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တို့ မနေနိုင်ဘဲ အချင်းချင်း လှမ်းကြည့်မိကြသည်။

သူတို့ အချင်းချင်း နားလည်လိုက်ကြသည်။

*ထွက်ပြေးရမယ်*

ချက်ချင်းဆိုသလိုပင် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်က လမ်းဘေးခွေးကဲ့သို့ လှစ်ခနဲ ပြေးထွက်ကာ ပျောက်ကွယ် သွားကြလေသည်။

သူတို့ ပြန်ပေါ်လာသောအခါ စစ်သင်္ဘောများ ရှိရာအရပ်၌ ပြန်ပေါ်လာကြပြီး ထွက်ပြေးနေကြသည်။

*ထွက်ပြေးမလို့လား*

ဤမြင်ကွင်းက သတ်ဖြတ်သူများကို မှင်တက်သွားစေသည်။ မြင့်မြတ်သော နဂါးငွေ့တန်း ဧကရာဇ်က အရင်ဆုံး ထွက်ပြေး လိမ့်မည်ဟု သူတို့ ထင်မှတ်မထားကြပါ။

“ပြေး”

ထိုအခါမှသာ သူတို့ အသိဝင်လာပြီး တစ်သောင်းနီးပါးသော သတ်ဖြတ်သူများ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးကြလေသည်။

ဤမြင်ကွင်းကို မြင်သော်လည်း ယဲ့ဖန်နှင့် တစ်သောင်းသော နတ်ဆိုးတို့က ဤသို့ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိပြီးပုံ ပေါ်နေသည်။

ရွှစ်! ရွှစ်! ရွှစ်!

နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်က ရိပ်ခနဲ ပျောက်ကွယ် သွားပြီးနောက် ဧကရာဇ် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်အရှေ့၌ ပြန်ပေါ်လာပြီး သူတို့နှစ်ယောက်ကို ဝိုင်းထားကြသည်။

ထောင်ချီသော နတ်ဆိုးများက ထွက်ပြေးနေသော သတ်ဖြတ် သူများအား အရူးအမူး လိုက်လံ သတ်ဖြတ် ကြလေသည်။

သတ်! သတ်! သတ်!

ထိုသို့သောအချိန်၌ သတ်ဖြတ်သံများနှင့် စူးရှစွာ အော်ဟစ် နေသံများသာ ပဲ့တင်ထပ်နေ၏။

ရဲရဲနီသော သွေးများက မိုးရွာသွန်းသကဲ့သို့ ကောင်းကင်ထက်၌ ရွာသွန်းနေသည်။

အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီးပါတကား။

ထောင်ချီသော နတ်ဆိုးမျာသည် ကြောက်မက်ဖွယ် ကောင်းလှပါ၏။

သူတို့သည် သတ်ဖြတ်သူများထံသို့ တစ်ဟုန်ထိုး ပျံသန်း၍ အရူးအမူး သတ်ဖြတ်နေကြသည်။

သတ်ဖြတ်သူတစ်ယောက် သေဆုံးသွားလေသည်။

နတ်ဘုရားအဆင့် အလောင်းများ ကောင်းကင်ပေါ်မှ တဖြုတ်ဖြုတ် ပြုတ်ကျလာ၏။

ဤသည်ကိုမြင်ပြီး ဂရေးကလန်သားတိုင်း စိတ်လှုပ်ရှား လာကြသည်။

လူတိုင်းသည် ဓားကိုဝင့်၍ သတ်ဖြတ်သူများအား သည်းကြီးမဲကြီး သတ်ကြ လေသည်။

သေခြင်းတရားက ဂြိုဟ်နယ်မြေတစ်ခုလုံးသို့ စိမ့်ဝင်ပျံ့နှံ့ သွားလေသည်။ သတ်ဖြတ်သူများ နည်းသထက်နည်းလာသည်။

လူတစ်သောင်း၊ ရှစ်ထောင်၊ ခြောက်ထောင်၊ လေးထောင်။

….

အရေအတွက်က ဆက်တိုက် ကျဆင်းလာ၏။

ဤကောင်းကင်တစ်ခွင်သည် သတ်ဖြတ်သူတို့၏ သင်္ချိုင်းမြေ ဖြစ်လာသည်။

“ငါ့ရဲ့ တော်ဝင်စစ်တပ်”

ထိုစဉ် ဧကရာဇ် ပီခမ်း သွေးစိမ်းရှင်ရှင် စီးကျလာသည်။ ထိုစစ်တပ်သည် အင်ပါယာ၏ အလေးထားရသော စစ်တပ် ဖြစ်သည်၊ ယခုအခါတွင်မူ စစ်ပွဲကြီးက ပြီးဆုံးလုနီးပါး ဖြစ်နေ၏။

မြန်ဆန်လှပေသည်။

သို့သော် သူ စဉ်းစားချိန်တောင် မရလိုက်ဘဲ ထက်ရှသော ဓားတစ်လက်က သူ့လည်ပင်းအား အရူးအမူး ခုတ်ပိုင်းလာ၏။

“သေစမ်း”

ဧကရာဇ် ပီခမ်း တုန်ယင်သွားလေသည်။ ထို့အတူ ရက်ရှာတို့ လေးယောက်ကလည်း ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တို့ကို သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ခြောက်ယောက်တို့သည် ကောင်းကင် ထက်၌ ပြင်းထန်စွာ တိုက်ခိုက်နေကြလေသည်။

ဧကရာဇ် ပီခမ်း၏ သွေးများ ပန်းထွက်လာ၏။

ဤသည်ကား နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တို့၏ စစ်မှန်သော တိုက်ပွဲပင် ဖြစ်လေသည်။

ဂြိုဟ်များ တုန်ခါသွားပြီး ဥက္ကာခဲများ လွင့််စဉ်သွားသည်။ ဤသို့သော အချိန်၌ ကမ္ဘာပျက်ကိန်း ရောက်ရှိလာသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

*ဟာ*

အော်ဟစ်သံများ ပဲ့တင်ထပ်လာ၏။ မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တို့ သွေးများနှင့် ရွှဲနစ်လို့နေသည်။

လူနှစ်ယောက်က လေးယောက်ကို အနိုင်ယူနိုင်ရန် ခက်ခဲလှပေ၏။

ပြောရလျင် ဧကရာဇ် ပီခမ်းသည် ယဲ့ဖန်ကြောင့် ဒဏ်ရာ အပြင်းအထန် ရထားသည်။ ယခုအခါတွင်လည်း ရက်ရှာတို့ လေးယောက်၏ ဝိုင်းထားခြင်းကို ခံနေရသဖြင့် တိုက်ခိုက် ပြီးနောက် မောပန်းလို့နေသည်။

ဂျွတ်!

ရက်ရှာကြောင့် ပီခမ်း၏ ပခုံးရိုး ကျိုးသွားလေသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား ခိုက်ခိုက်တုန်စေ၏။

တစ်ဘက်တွင်လည်း ကောင်းကင်အလင်းသခင်သည် နတ်ဆိုးသုံး ကောင်၏ ဝိုင်းတိုက်ခြင်းကို ခံနေရပြီး ပေါက်ကွဲကာ သေဆုံးလို့နေသည်။

သူ တစ်ကြိမ်ပြန်၍ ရှင်သန်လာတိုင်း သူ့မျက်နှာတစ်ခုလုံး ဖြူစုတ်လာသည်။

ကြောက်စိတ်။

ယခုလိုအချိန်၌ ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့၏ ရင်ထဲတွင် ကြောက်စိတ်များနှင့် ပြည့်နှက်လို့နေ၏။

သူတို့ ပြေးချင်သည်၊ သို့သော် ထွက်ပြေးမရပေ။ သူတို့ တိုက်ခိုက်ချင်သော်လည်း မတိုက်ခိုက်နိုင်တော့ပါ။

ဤသို့သော စိတ်ပျက်စရာ ကောင်းသည့် အခြေအနေက သူတို့အား ရူးမတတ် ဖြစ်စေသည်။

သူတို့တစ်ကိုယ်လုံး၌ ဒဏ်ရာဗလပွ ဖြစ်နေပြီး သွေးများက ဆက်တိုက် စီးကျနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ယောက်လုံး သွေးသံတရွှဲရွှဲနှင့် ဖြစ်နေ၏။

“မဟုတ်ဘူး၊ ငါ လက်မခံဘူး”

ဧကရာဇ် ပီခမ်းသည် သွေးပျက်နေပြီး မိစ္ဆာတစ်ကောင်နှင့် တူနေ၏။ သူ့မျက်နှာ၌ မလိုလားဟန်များဖြင့် ပြည့်နှက်နေသည်။

သေခြင်းတရား ကျရောက်လုနီးပါး ဖြစ်နေ၏။

ထိုစဉ် … ဝုန်း!

ကောင်းကင်ထက်၌ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ စစ်သင်္ဘော တစ်စင်း ရုတ်တရက် ပေါ်ပေါက်လာ၏။

စစ်သင်္ဘောတစ်စီးလုံးသည် ခရမ်းပြာနှင့် ရွှေရောင် ရောစပ်ထားသည်။ သင်္ဘောထိပ်၌ အလံတစ်ခု လွှင့်ထူထားသည်။

*နဂါးငွေ့တန်း အလံပါလား*

ထိုစစ်သင်္ဘောကိုမြင်ပြီး ဧကရာဇ် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တို့ မှင်တက်သွားကြသည်။

“ဒါ … ဒါ ဘုရင်မရဲ့ စစ်သင်္ဘောပဲ၊ သူ … သူ တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီပဲ”

နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်လုံး တုန်ယင် သွားကြသည်။

ပြီးဆုံးလေပြီ၊ အရာအားလုံး ပြီးဆုံးပေတော့မည်။

ဤသို့သော သေရေးရှင်ရေး အခြေအနေ၌ သူတို့နှစ်ယောက် ယဲ့ဖန်နှင့် တိုက်ခိုက်နေသည်ကို ဘုရင်မက သိသွားပြီး ဤနေရာသို့ ရောက်ချလာလေသည်။

သူတို့အတွက် ဆိုးရွားလှသော အဆုံးသတ်ကသာ စောင့်မျှော်နေ၏။

ထိုသို့တွေးမိပြီးနောက် သူတို့နှစ်ယောက်၏ မျက်နှာက သေမတတ် ပျက်ယွင်းလာကြသည်။

ကျွီ!

ထိုစဉ် တံခါး ပွင့်လာ၏။

ခရမ်းရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖီးနစ်သရဖူကို ဆောင်းထားသော တော်ဝင်မိန်းမပျို တစ်ယောက် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူမက တစ်လှမ်းချင်းစီ လျှောက်၍ ထွက်လာလေသည်။

ထိုမိန်းမပျိုကိုမြင်ပြီး လူတိုင်း ရင်ထဲ တုန်ခါလှိုက်မောသလို ခံစားလာရသည်။

လှပ၍ ဆွဲဆောင်မှုရှိလှပေသည်။

အထူးသဖြင့် ယဲ့ဖန်ပင်။ သူ့တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့နှုတ်ခမ်းထက်၌ ဝမ်းမြောက် ပျော်ရွှင်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။

စာစဉ် (၂၉) ဤတွင် ပြီးပါပြီ။

All Chapters