အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
Chapter 436 တစ်ယောက်နှင့်တစ်ယောက် ပြန်တွေ့ကြပြီ
“ကြည့်ဦး၊ ဒါ ဧကရီပဲ”
“ဟားဟားဟား … ကောင်းတယ်ကွာ၊ ဧကရီကိုယ်တိုင် ဒီကို ရောက်လာပြီ၊ ငါတို့ လုံခြုံပြီကွ”
“ဧကရီ အသက်ရာကျော်ရှည်ပါစေ”
“…”
ထိုသို့သောအချိန်၌ စစ်သင်္ဘောထဲမှ လှပ၍ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက် ထွက်လာသည်ကို မြင်ပြီး အသက်ရှင် ကျန်နေသေးသော သတ်ဖြတ်သူများ စိတ်အား တက်ကြွ လာကြသည်။
အထူးသဖြင့် အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့ပင်။ သူတို့ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေပြီး သူတို့ သေတော့မည်ဟု ထင်ခဲ့မိကြသည်။
သို့သော် နဂါးငွေ့တန်းအင်ပါယာ၏ ပထမဆုံးအဆင့်ဖြစ်သည့် မြင့်မြတ်သော ဧကရီ ရုတ်တရက် ရောက်ချလာလိမ့်မည်ဟု ထင်မထားမိပါ။
ထိုစဉ် သတ်ဖြတ်သူ စစ်တပ်ကို ဦးဆောင်၍ အကြီးအကဲ နှစ်ယောက်က နဂါးငွေ့တန်း၏ ဧကရီရှေ့၌ ဒူးထောက်လာသည်။
“ဧကရီ ကူညီပေးပါဦး”
အရှင်နိုင်းလ်က ဧကရီကို အော်ပြောလိုက်သည်။
“အဲ့လူက နတ်ဆိုးပါ၊ ကျေးဇူးပြုပြီး ဧကရီ သူ့ကို သတ်လိုက်ပါ”
အရှင်နိုင်းလ်၏ဟစ်ကြွေးသံနှင့်အတူ သူ့နောက်၌ အရှင်ရွှမ်းမင်နှင့် ထောင်ချီသော သတ်ဖြတ်သူများက အရူးအမူး ဟစ်ကြွေး လာကြသည်။
“ကျေးဇူးပြုပြီး ဧကရီ သူ့ကို သတ်လိုက်ပါ”
“ကျေးဇူးပြုပြီး ဧကရီ သူ့ကို သတ်လိုက်ပါ”
“….”
ထိုသို့သောအချိန်၌ သတ်ဖြတ်သူ စစ်တပ်အတွင်း၌ ဟစ်ကြွေးသံများက ထိတ်လန့်စရာ ကောင်းလှသည်။
သူတို့တစ်ယောက်ချင်းစီသည် ကယ်တင်ရှင်ကို တွေ့သွားသကဲ့သို့ ဝမ်းသာနေကြသည်။
နဂါးငွေ့တန်း၏ ဧကရီ။
အစစ်အမှန် နတ်ဧကရာဇ် သိုင်းပညာရှင်အဆင့်။
နဂါးငွေ့တန်း အင်ပါယာ၏ ထိပ်ဆုံးမှလူ။
မျက်စိရှေ့မှမြင်ကွင်းကိုကြည့်ပြီး ငရဲဝံပုလွေဆိုး၊ ဂရေးထူနှင့် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်လုံး မျက်နှာပျက် သွားကြသည်။
နတ်ဧကရာဇ်အဆင့်နှင့် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တို့သည် စကားအရ အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း ခွန်အားချင်းသည်ကား မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။
နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင် တစ်ယောက်သည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ဆယ်ယောက်ကို နင်းခြေ ပစ်နိုင်သည်။
ကြောက်မက်စရာ အကောင်းဆုံးသည်ကား နတ်ဧကရာဇ် အဆင့်သည် လောက ဥပဒေသနှင့် ထိတွေ့နိုင်သည်။
မိမိကိုယ်ကို ဥပဒေသများနှင့် ကာကွယ်နိုင်ပြီး ရန်သူအား ထိုဥပဒေသ များနှင့် ဖျက်ဆီးနိုင်သည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် အားလုံး၏ စောင့်ကြည့်နေသော အကြည့်များ အောက်မှာပင် ဧကရီက ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
တော်ဝင်ဆန်လှသည်၊ ကျက်သရေရှိလှ၏။
ဧကရီသည် ပန်းတို့၏ ဘုရင်မသဖွယ် လူတို့၏ နှလုံးသားအား တစ်ချက် ကြည့်လိုက်ရုံနှင့် တုန်ခါစေသည်။
သူမအနောက်ဘက်၌ ဦးခေါင်းထက် ရောင်လျှံစက်ဝန်း အလွှာများက ရစ်ဝဲနေ၏။
မြင့်မြတ်သော ဘုရင်မတစ်ပါးအား လူတို့ မရိုမသေ မလုပ်ရဲ နိုင်ကြချေ။
“ဧကရီ တိုက်ခိုက်တော့မှာလား”
အရှင်နိုင်းလ်နှင့် အခြားသူများ စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် လက်ဖဝါးတစ်ချက်တည်းနှင့် ထိုသူအား ပေါက်ကွဲ၍ သွေးမြူခိုးများ ဖြစ်အောင် လုပ်လိုက်သည့်မြင်ကွင်းအား မြင်ယောင် နေလေသည်။
ထိုစဉ် …
“တကယ်လား … တကယ်ပဲ ရှင်လား”
တုန်ယင်နေသော အသံလေး ထွက်ပေါ်လာသည်။
တောက်! တောက်!
မြင့်မြတ်သော ဧကရီထံမှ ပုလဲလုံးလေးကဲ့သို့သော မျက်ရည်များ စီးကျလာသည်။
*ဒါက …*
အရှင်နိုင်းလ်နှင့် အခြားသူများ အလွန် မှင်တက်သွားကြသည်။
ငရဲဝံပုလွေဆိုး၊ ရက်ရှာနှင့် အခြားသူများအားလုံး အံ့အားသင့် နေကြသည်။
ထိုသည်သာမကသေး ယဲ့ဖန်ကပါ ပြုံး၍ ခေါင်းညိတ်ပြ လိုက်သည်။
ဂုဏ်သတင်းကြီးသော ဧကရီသည် ကလေးမလေးကဲ့သို့ ကိုယ်ကိုငုံ့၍ ငိုကြွေးနေ၏။ ဧကရီ၏ လှပသော မျက်ဝန်းထဲမှ မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။
ချစ်ရသောသူနှင့် ပြန်တွေ့သည့် ကလေးမလေးသဖွယ် ရင်ကွဲမတတ် ငိုကြွေးနေလေသည်။
ထိုသို့ရှိနေချိန်တွင် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်မှလွဲ၍ လူတိုင်း မှင်တက်နေကြသည်။ ဧကရီနှင့် ယဲ့ဖန်တို့၏ တွေ့ဆုံမှုက ဤအခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု သူတို့ ထင်မှတ် မထားမိကြပါ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုသည်သာမကသေး ယဲ့ဖန်က ရှေ့သို့တိုးလာပြီး ဧကရီအား ရင်ခွင်ထဲ ဆွဲသွင်း၍ တင်းကြပ်စွာ ထွေးပွေ့လိုက်သည်ကိုပါ လူတိုင်း မြင်လိုက်ရသည်။
“ရူးမိုက်လိုက်တဲ့ မိန်းကလေး၊ ငါလေ၊ ငါ အသက်ရှင်နေတယ်လေ …”
ယဲ့ဖန်က ဧကရီ၏ ဆံနွယ်များက ညင်သာစွာ ပွတ်သပ်၍ နူးညံ့စွာ တီးတိုး ပြောလာသည်။ ထိုစကားကို ကြားပြီးနောက် ဧကရီက ရုတ်တရက်ကြီး ပို၍ ငိုကြွေးလာသည်။
“ယဲ့ဖန် ရှင် သေသွားပြီလို့ ကျွန်မ ထင်ခဲ့တာ။ ရှင် ကျွန်မတို့ကို ထားခဲ့ပြီလို့ ကျွန်မတို့အားလုံး ထင်ခဲ့ကြတာ”
“ဟင့်ဟင့် … ကျွန်မ ရှင့်ကို လွမ်းတယ်၊ ကျွန်မ ရှင့်ကို သိပ်လွမ်းတာပဲ၊ ကျွန်မ … ကျွန်မ အိပ်မက်မက် နေတာလားဟင်”
“တကယ်လို့ ဒါက အိပ်မက်ဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို တစ်ဘဝလုံး နိုးခွင့်မပေးပါနဲ့”
ယခုအချိန်ထိ ဧကရီက မယုံနိုင်သေးချေ။ သူတို့ တွေးနေသောသူ၊ သူတို့ မျက်ရည်ကျခဲ့သော သူက သူမတို့ရှေ့သို့ ရောက်လာလေပြီ။
ဒီလူသည် သူမ၏ပထမဆုံးအကြိမ်ကို ရယူခဲ့သည်။ သူမ နှလုံးသားကို အပိုင်သိမ်းသွားပြီး သူမနှလုံးသားထဲ၌ သူ၏နာမည်ကို ကမ္ပည်းထိုးသွားခဲ့သည်။
ဧကရီ မှတ်မိနေပါသေးသည်။ သူမ ကုန်းယွင်ဖေး၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရစဉ်က သူမ မျှော်လင့်ချက် ပျက်လုနီးပါး ဖြစ်ခဲ့သည်။
သူတစ်ယောက်တည်းသာ။ သူ တစ်ယောက်တည်း ရောက်လာပြီး လက်ခြောက်ချောင်းမြွေနှင့် ဆရာသခင်များကို သတ်၍ သူမကို ကယ်ခဲ့သည်။
လော့စစ်၏ နှိပ်စက်ညှင်းပန်းခြင်း ခံရပြီး ကုန်းယွင်ဖေး၏ ကမ္ပည်းတိုင်နှင့်အတူ သူမ မြေမြှပ်ခံရတော့မည့်အချိန်၌ ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ရောက်လာသူက သူပင် ဖြစ်လေသည်။
သူမအား မီးတော၊ ရေတောတိုး၍ ကယ်တင်ခဲ့သည်။ သူသည် သူမ၏ နတ်ဘုရား ဖြစ်ပါ၏။
သူမ၏ အမည်ကား လင်းလန်။
ယဲ့ဖန် သေဆုံးသွားပြီဟူသော သတင်းရောက်လာခဲ့စဉ်က လင်းလန် ရင်ကွဲနာကျခဲ့ရပြီး သူမသည်လည်း လိုက်သေ ချင်ခဲ့သည်။ သို့သော် အန်းရှီနှင့် အခြားသူများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။
နောက်ဆုံးတွင် ကျန်းရှီမြို့ကြီး ပျက်ဆီးခဲ့သည်။ သူမ၊ အန်းရှီနှင့် အခြားသူများသည် တောင်ကြားထဲသို့ ထွက်ပြေးရန် ဖိအားပေးခံ ရပြီးနောက် မတော်တဆ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းမိသွားသည်။
ကမ္ဘာမြေနှင့် ဝေးကွာ၍ ကြယ်တစ်ခုနှင့် တစ်ခုအကြားသို့ ရောက်ရှိခဲ့သည်။
ယဲ့ဖန် သေသွားပြီဟု လင်းလန် အမြဲထင်နေမိသည်။ ထို့ကြောင့် သူမသည် ဘုရင်မ၏ အမွေအနှစ်ကို လက်ခံခဲ့ပြီး သေမျိုး ခန္ဓာကိုယ်နှင့် အရူးအမူး ကျင့်ကြံခဲ့မိသည်။
တစ်နေ့၌ သူမချစ်ရသောသူကို ပြန်လည်အသက်သွင်း နိုင်မည်ဟုသာ သူမ မျှော်လင့်ထားခဲ့မိသည်။ သို့သော် သူမ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာချိန်တွင် ဧကရာဇ်ပီခမ်းက ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးချင်နေသည့် သတင်းကို သူမ ကြားလိုက်ရသည်။
ထို့ကြောင့် သူမ အလျင်စလို ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ ယဲ့ဖန်ကို အသက်ရှင်လျက် တွေ့ရလိမ့်မည်ဟု သူမ ထင်မထားမိပါ။
“ဒါ အိပ်မက်မဟုတ်ပါဘူး၊ ငါက အစစ်ပါ၊ မင်းလည်း အစစ်အမှန်ပါပဲ၊ ငါတို့ ပြန်တွေ့တာကလည်း အစစ်အမှန်ပါပဲ”
ယဲ့ဖန်က ခပ်ဖွဖွပြုံး၍ လင်းလန်အား ပို၍တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
ထိုသို့သောအချိန်၌ လင်းလန်သည် မျက်ရည်များကို မထိန်းနိုင်တော့ချေ။ ပူဆွေးမှုများအားလုံးနှင့် အတွေးများ အားလုံးက ရေတံခွန်ကဲ့သို့ စီးကျလာသော မျက်ရည်နှင့်အတူ ရောပါလာ၏။
တိတ်ဆိတ်လို့နေ၏။ ထိုစဉ် ကောင်းကင်တစ်ခွင်၌ ဧကရီ၏ ငိုကြွေးသံသာ ပဲ့တင်ထပ်နေသည်။
ပီခမ်း၊ ကောင်းကင် အလင်းသခင်နှင့် အရှင်နိုင်းလ်တို့ကဲ့သို့သော သတ်ဖြတ်သူများအားလုံး ရှက်ရွံ့သွားကြသည်။
*သွားပြီ*
မြင့်မြတ်သော ဧကရီ၌ ဤကဲ့သို့ ကြေကွဲဖွယ်ကောင်းသော အခြေအနေမျိုး ရှိခဲ့လိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မှတ် မထားမိကြချေ။
*ဘယ်လိုလုပ်ရမလဲ*
ပီခမ်းနှင့် အခြားသူများ၏ နဖူး၌ ချွေးများဖြင့် စို့နင့်နေ၏။ သေခြင်းတရား ရောက်ရှိလာသလိုပင်။
တစ်ဘက်တွင်မူ လင်းလန်သည် ယဲ့ဖန်၏ရင်ခွင်ကို မှီရင်း သူမ၏ လှပသော မျက်နှာလေးက ပျော်ရွှင်စွာ ပြုံးနေပြီး ဝမ်းသာ၍ ကျလာသော မျက်ရည်များက စီးကျလို့နေသည်။
သူမသည် ယဲ့ဖန်၏ကိုယ်နံ့ကို အနံ့ခံနေမိသည်။ အလွန့်ကို စွဲမက်ဖွယ်ကောင်းလှသည်။
သူမ ချစ်ရသောသူ၊ သူ့အား သူမ သိပ်ကို … သိပ်ကို ချစ်မြတ်နိုးပါ၏။
ထိုစဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဝှစ်!
လင်းလန်၏ မျက်လုံးသည် မီးကဲ့သို့ ဝင်းလက်သွားပြီး သူမ၏ လှပသော မျက်နှာလေးက ပြောင်းလဲသွားသည်။
“မလုပ်နဲ့”
လင်းလန်သည် ယဲ့ဖန်ကို တွန်းထုတ်၍ သူမခေါင်းကို ထိန်းရင်း သူ့အား အော်ပြောလာသည်။
“ယဲ့ဖန် အဝေးကို ပြေးပါတော့၊ သူ ထွက်လာပြီ၊ ကျွန်မ သူ့ကို မထိန်းနိုင်ဘူး”
“ပြေးပါတော့”
*ဘာ*
ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်နှင့် လူတိုင်း အံ့အားသင့် သွားကြသည်။ ဤသို့သော ပြောင်းလဲမှုက ရုတ်တရက် ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။
ပြင်းထန်၍ ရင်သပ်ရှုမောဖွယ်ကောင်းလောက်သည့် အရှိန်အဝါက လင်းလန်၏ ကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်ကို ယဲ့ဖန် ခံစားမိသည်။
မိစ္ဆာစွမ်းအင်က သူမတစ်ကိုယ်လုံးကို ဝါးမျိုနေသလိုပင်။
“လင်းလန်”
ယဲ့ဖန် အကြီးအကျယ် မျက်နှာပျက်၍ ရှေ့သို့ တိုးရန်ပြင်လာသည်။
ထိုစဉ် လင်းလန်၏ ကျောက်စိမ်းကဲ့သို့သော လက်ချောင်းများက ရုတ်ချည်းဆိုသလို အရူးအမူး ရှည်လျားလာပြီး ချွန်ထွက်သော လက်သည်းများ ဖြစ်လာကာ ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွားသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်သည် နတ်ဘုရားလက်နက်များကို အံတုနိုင်သည်။ သို့သော် ချွန်ထက်သော လက်သည်း အောက်တွင်မူ စာရွက် တစ်ရွက်ကဲ့သို့ ဖြစ်နေပြီး ချက်ချင်း ထိုးဖောက် သွားလေသည်။
ရဲရဲနီသော သွေးများ ပန်းထွက်လာပြီး ယဲ့ဖန်သည် တစ်ကိုယ်လုံး အေးခဲ တောင့်တင်းသွားသည်။
“သခင်ကြီး”
နတ်ဘုရား ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်နှင့် ငရဲဝံပုလွေဆိုးတို့ ထိတ်လန့်ကာ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားကြသည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။ လင်းလန်၏ မျက်လုံးများက သရဲဝင်ပူးနေသကဲ့သို့ ရဲရဲနီနေသည်။
ကြောက်မက်ဖွယ်ကောင်းလှ၏။
ယဲ့ဖန်ကို ချေမှုန်းပြီးနောက် သူမခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်ထံသို့ ပြေးဝင်သွားသည်။
ရွှစ်! ရွှစ်! ရွှစ်!
ချွန်ထက်သော လက်သည်းများ ကျရောက်လာပြီး နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်၏ အရေပြားများ ဆွဲဆုတ်ခံရပြီး သွေးများ ပန်းထွက်လာသည်။
တစ်ယောက်ပြီးတစ်ယောက် ကြိုးပြတ်သွားသော စွန်ကဲ့သို့ အနောက်သို့ မိုင်ပေါင်းများစွာ လွင့်ထွက်သွားကြသည်။
သွေးများ စိမ့်ထွက်လာပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားကြသည်။
ဒါက …
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တောင်မှ အနည်းငယ် အံ့အားသင့် သွားကြသည်။ ထို့နောက်တွင်မူ ပီခမ်းက လင်းလန်ရှေ့၌ ဗြုန်းခနဲ ဒူးထောက်လာသည်။
“ပြန်လည်ရှင်သန်လာတဲ့ ဧကရီဟောင်းကို ပီခမ်း ဂါဝရပြုပါတယ်။ ဧကရီက ပြိုင်ဘက်ကင်းပါတယ်၊ နဂါးငွေ့တန်းကြီး အဓွန့်ရှည် ပါစေ”
ပီခမ်းက ဟစ်ကြွေးလာသည်။
Chapter 437 မသေမျိုး ခန္ဓာကိုယ်၏ မူလဇစ်မြစ်
*ဧကရီဟောင်းတဲ့လား*
ပီခမ်း၏ ဟစ်ကြွေးသံကို ကြားလိုက်ရန်ချိန်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုစဉ် ကောင်းကင် အလင်းသခင်၊ အရှင်နိုင်းလ်နှင့် ထောင်ချီသော သတ်ဖြတ်သူများက လင်းလန်ကို ဒူးထောက် အရိုအသေ ပေးလာကြသည်။
“ဧကရီဟောင်းကို ကြိုဆိုပါတယ်”
ဝုန်း!
ဤမြင်ကွင်းက ဂရေးကလန်သားများကို ထိတ်လန့်သွားစေသည်။ ယခုအချိန်၌ လင်းလန်အား တစ်စုံတစ်ယောက်က ပူးကပ် ထားလိမ့်မည်ဟု လူတိုင်း ထင်မှတ်မထားမိကြပါ။
ဒါက …
ယဲ့ဖန်၏ မျက်နှာက အလွန်အမင်း အေးစက်နေပြီး ဧကရီအား ခက်ထန်စွာ စိုက်ကြည့်နေသည်။
“မင်း ဘယ်သူလဲ၊ လင်းလန်ကို လွှတ်ပေး”
“ဟင်းဟင်း”
ထိုစကားကြောင့် ဧကရီ၏ မျက်နှာထက်၌ မခိုးမခန့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
သူမ၏ မျက်လုံးများက အလွန်အမင်း တောက်ပနေပြီး သူ့နှုတ်ခမ်းက တွန့်ရုံမျှသာ ပြုံးနေပြီး မကောင်းဆိုးဝါး ဆန်လှသည်။
“ဒီကောင်မလေးက ငါ့ဆက်ဆံသူပဲ၊ ငါ သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး”
“မင်းပဲ၊ နတ်ဆိုးမျိုးနွယ်က ကောင်စုတ်လေး၊ မင်းက ငါ့နဂါးငွေ့တန်း အင်ပါယာကို လာရှုပ်ချင်နေတာပဲ၊ မင်းက ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ”
ဝုန်း!
ဤမြင်ကွင်းကြောင့် ပီခမ်း၊ ကောင်းကင်အလင်းသခင်နှင့် သတ်ဖြတ်သူများအားလုံး တက်ကြွသွားကြသည်။
စစ်ပွဲကား ပြောင်းလဲသွားလေသည်။ ဖျက်ဆီးခံရလုနီးပါး ဖြစ်နေသော မူလ နဂါးငွေ့တန်း စစ်တပ်ကြီးသည် ဧကရီဟောင်းက ခန္ဓာကိုယ်ကို ထိန်းချုပ်သွားနိုင်ပြီး စစ်ပွဲတစ်ခုလုံး ပြောင်းပြန်လန် သွားလိမ့်မည်ဟု ထင်မထားမိကြချေ။
ယဲ့ဖန် အပြင်းအထန် ထိခိုက်သွားသည်။ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။
နဂါးငွေ့တန်း အင်ပါယာ၏ အုပ်ချုပ်သူသည် နတ်ဆိုးများကို စိစိညက်ညက် ကြေအောင် လုပ်နိုင်ပေသည်။
“ဧကရီ သူ့ကိုသတ်လိုက်ပါ၊ အဲ့နတ်ဆိုးက သတ်ဖြတ်သူ စစ်တပ်က ထောင်သောင်းချီတဲ့သူတွေကို သတ်ခဲ့ပါတယ်။ ကျွန်တော်မျိုး သူ့ကို ထောင်ချီတဲ့ဓားတွေနဲ့ အပိုင်းပိုင်း ခုတ်ဖြတ်ချင်လှပါတယ်”
ဧကရာဇ် ပီခမ်း၏ မျက်လုံးထဲ၌ မလိုမုန်းတီးစိတ်များ ပြည့်နှက်နေ၏။ ထိုစကားကို ကြားပြီး ကောင်းကင် အလင်းသခင်က မခိုးမခန့် ပြုံးလာသည်။
“ဧကရီ၊ အဲ့ဒီနတ်ဆိုးကောင်မှာ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်နဲ့ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ် ရှိနေပါတယ်။ သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး ထိပ်တန်း ခန္ဓာကိုယ် နှစ်မျိုးကို ထိန်းချုပ်နိုင်တာနဲ့ ဧကရီ လောကကြီးကို အုပ်စိုးနိုင်ပြီး ပြိုင်ဘက်ကင်းလာမှာပါ”
*ဘာ*
ထိုစကားက ဧကရီအား မျက်နှာပျက်သွားစေသည်။
*ဆန်းကြယ်ရေခဲခန္ဓာကိုယ်*
*ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်*
ထိုစဉ် ဧကရီက ကောင်းကင်အလင်းသခင်ကို သေသေချာချာ စိုက်ကြည့်လာသည်။
“လတ်စသက်တော့ မင်းလို ကောင်ငယ်လေးမှာ မသေမျိုး ခန္ဓာကိုယ် ရှိနေတာကိုး”
“ကောင်းပြီလေ၊ ငါ ဒီနတ်ဆိုးကောင်ကို သတ်လိုက်တာကို စောင့်နေလိုက်၊ ပြီးရင် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရမယ်။ ဒါဆို ငါတို့ နဂါးငွေတန်း အင်ပါယာ ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် သုံးမျိုးတောင် ရှိလာတော့မယ်၊ ဟင်းဟင်း …”
ဧကရီသည် အလွန် ပျော်ရွှင်နေလေသည်။ သူမသည် အားရပါးရ ရယ်မောပြီးသည်နှင့် လက်သည်းများကိုဝင့်၍ လီယုံကို ဆွဲစုတ်ရန် ပြေးဝင်လာသည်။
ရွှစ်!
သူမသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းလှသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏မျက်နှာထားက ခက်ထန်သွားသည်၊ ယခုအခါတွင် သူသည် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ဧကရီနှင့် သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။
ဝုန်း! ဝုန်း! ဝုန်း!
အင်အားကြီးသူနှစ်ယောက်၏ တိုက်ပွဲက ကြောက်မက်ဖွယ် ကောင်းလှသည်။
ဧကရီ၏ခွန်အားသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ခြောက်ယောက်ထက် အဆပေါင်းများစွာ ပို၍ သန်မာလေသည်။
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ၏ အောက်ခြေရှိ ဂရေးဂြိုဟ်ကြီးသည် မြေဆီလွှာများ ဆက်၍ အက်ကွဲလာသည်။
နောက်ဆုံးတွင်မူ … ဝုန်း!
ဂရေးဂြိုဟ်ကြီးတစ်ခုလုံး လုံးဝ ပျက်စီးသွားလေသည်။
ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ပို၍ ထိတ်လန့် အံ့ဩစရာ ကောင်းသည်က ယဲ့ဖန်ပင်။
သူသည် အပြင်းအထန် ဒဏ်ရာရနေသော်လည်း သူသည် ထိုဒဏ်ရာများကို လျစ်လျူရှု၍ ဧကရီနှင့် အရူးသဖွယ် အကြိမ်ကြိမ် တိုက်ခိုက်နေ၏။
ဆန်းကြယ် ရေခဲချီဓာတ်များနှင့် အဆိပ်ငွေ့များက သူ့လက်ပေါ်မှ ဆက်တိုက် ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုချီဓာတ်နှစ်မျိုးက ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် အဖြူနှင့် အနက်ရောင် ဘောလုံးအဖြစ် ပြောင်းလဲသွားသည်။
“ပေါက်ကွဲစမ်း”
ထိုစဉ် ထိုအဖြူနှင့် အနက်ရောင် ဘောလုံးက ဧကရီ၏ ဘေးနား၌ ပေါက်ကွဲသွားလေသည်။ ပေါက်ကွဲသံက ဧကရီကို ကြောက်လန့်သွားစေသည်။
သူမသည် ဥပဒေသ၏ အစွမ်းကိုကိုင်စွဲ၍ သေရေးရှင်ရေး အခြေအနေမှ လွတ်မြောက်အောင် ပြုလုပ်လိုက်ရသည်။
“သောက်နတ်ဆိုးကောင်”
ဧကရီသည် အလွန်အမင်း ဒေါသထွက်နေ၏။ သူမကဲ့သို့ မြင့်မြတ်သော နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်သည် နတ်ဘုရား ဆရာသခင်အဆင့်လေးကြောင့် ဤမျှ ဖိအားပေးခံရပြီး ပင်ပန်းခံရလိမ့်မည်ဟု ထင်မထားခဲ့မိပါ။
သူမတို့ကြားထဲ၌ အဆင့်ကွာဟချက်က အဆင့်ငယ် ဆယ့်ငါးဆင့်တောင် ရှိနေ၏။ အထူးသဖြင့် တစ်ဖက်လူက အပြင်းအထန် ဒဏ်ရာရထားသေးသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ကောင်လေး နင် ငါ့ကို ဒေါသထွက်လာအောင် လုပ်တဲ့နေရာမှာ အောင်မြင်သားပဲ”
ဧကရီ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။ သူမက သူမ၏ ချွန်ထက်သော လက်သည်းများကို ဝင့်လိုက်သည်။
“ဥဒေသ အသက်ဝင်စမ်း”
ထိုအသံနှင့်အတ ယဲ့ဖန်၏ ဘေးပတ်လည်မှ ဟင်းလင်းပြင်သည် ချက်ချင်း အေးခဲသွားလေသည်။ ဟင်းလင်ပြင် အေးခဲသွားပြီး ရုန်းကန်၍မရအောင် ထိန်းချုပ်ထားသောကြောင့် သူ့အတွက် လှုပ်ရှားရခက်နေသည်။
ထို့နောက်တွင်မူ ဧကရီ၏ ချွန်ထက်သော လက်သည်းများက ယဲ့ဖန်ကို စုတ်ဖြဲလာသည်။
“မလုပ်နဲ့”
လင်းလန်၏ ဝိညာဉ်က အော်ဟစ်၍ ထွက်ပေါ်လာသည်။ သူမသည် သူမခန္ဓာကိုယ်ကို အရူးအမူး ထိန်းချုပ်ချင်နေပြီး အရာအားလုံးကို အသည်းအသန် ရပ်တန့်ပစ်ချင်နေသည်။
သို့သော် ဧကရီဟောင်း၏ စိတ်ဝိညာဉ်က အလွန် သန်မာလွန်းနေ၏။
ယဲ့ဖန်၏ခန္ဓာကိုယ်အား ချွန်ထက်သော လက်သည်းများက တစ်စစီ စုတ်ဖြဲသွားလေသည်။ ရဲရဲနီသော သွေးများ ပန်းထွက်လာ လေတော့သည်။
*သေသွားပြီလား*
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်နှင့် ထောင်သောင်းချီသော နတ်ဆိုးများသည် မိုးကြိုးပစ်ချ ခံလိုက်ရ သကဲ့သို့ ဖြစ်သွားလေသည်။
“သခင်ကြီး”
အော်သံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်သွားလေသည်။ သူတို့သည် ယဲ့ဖန်၏ စုတ်ပြဲသွားသော ခန္ဓာကိုယ်အား မယုံနိုင်၍ အံ့အားသင့်နေသော မျက်နှာများဖြင့် ကြည့်နေမိကြသည်။
“ယဲ့ဖန်”
လင်းလန်၏စိတ်ဝိညာဉ်သည် မျှော်လင့်ချက် ပျက်သုဉ်းသလို ခံစားသွားရ လေတော့သည်။
ဧကရီ၏ နှုတ်ခမ်းထက်၌ သရော်ပြုံးကို ဆင်မြန်းထားသောလည်း မျက်ရည်များကတော့ ထိန်းမနိုင်ဘဲ စီးကျလာသည်။
ထိုမျက်ရည်များသည် လင်းလန်၏ မျက်ရည်များပင် ဖြစ်လေသည်။
*မင်း သေသွားပြီလား*
ဧကရာဇ် ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြီး သူတို့၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးနိုင်မဖိနိုင် ဖြစ်နေသည်။
“ဟားဟားဟား … နောက်ဆုံးတော့ အဲ့မျိုးမစစ်ကောင် သေသွားပြီပဲ၊ မင်း ငါ့ကို လုပ်ခဲ့တဲ့ ဒဏ်ရာတွေ၊ မင်း ငါ့ကို အရှက်ရခဲ့အောင် လုပ်ခဲ့တာတွေအားလုံး အခု ပျောက်ဆုံး သွားပြီကွ”
ကောင်းကင်အလင်းသခင်က ရူးသွပ်စွာ အော်ရယ်လေသည်။ ယခုအချိန်သည် နှစ်ဝက်အတောအတွင်း သူ့အတွက် အပျော်ဆုံး အချိန် ဖြစ်လာတော့သည်။
သူ၏ ရန်သူ သေသွားလေပြီ။ သူ၏ အာဃာတများအားလုံးကို ဖြေရှင်းပြီးသွားလေပြီ။
ဤအဖြစ်အပျက်က သူ့စိတ်ကို လုံးဝ ပေါ့ပါးသွားစေသည်။ ထိုသို့သောအချိန်၌ …
“သတိထား”
ဧကရီ၏ ထိတ်လန့်တကြား အော်ဟစ်လိုက်သံက ကောင်းကင် အလင်းသခင်ကို မှင်တက်သွားစေသည်။
သူ နောက်လှည့်ကြည့် လိုက်ပြီးနောက် သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။
ယဲ့ဖန်၏ စုတ်ပြဲသွားသော ခန္ဓာကိုယ်သည် ရုတ်တရက် အနက်ရောင် နတ်ဆိုးချီမျှင်စုများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင် အလင်းသခင်ထံသို့ လျှပ်စီးသဖွယ် ပြေးဝင်လာသည်။
သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ထိုချီမျှင်စုများက သူ့ကို ဖုံးအုပ်သွားသည်။
“မလုပ်နဲ့”
ကောင်းကင် အလင်းသခင် လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားသည်။
သူ ထွက်ပြေးရန် ကြိုးစားရုန်းကန်သော်လည်း ဆန်းကြယ်ရေခဲ ချီဓာတ်များက သူ့တစ်ကိုယ်လုံးကို အေးခဲသွားအောင် ပြုလုပ်လာသည်။
ထိုသည်သာမကသေးချေ၊ အလွန် ပြင်းထန်သော အဆိပ် ဓာတ်ငွေ့များက ကောင်းကင်အလင်းသခင်၏ ခန္ဓာကိုယ် အနှံ့သို့ ပျံ့နှံ့သွားသည်။
ရွှစ်!
ကောင်းကင်အလင်းသခင်သည် လက်မောင်းတစ်ဖက်မှနေ၍ နာကျင်မှုကို ခံစားလိုက်မိသည်။ ထို့နောက် သူ၏ မှင်တက်နေသော အကြည့်များ အောက်မှာပင် လက်မောင်းတစ်ဖက်က ပုပ်သိုး နေသော အသားစကဲ့သို့ ဆွေးမြည့်သွားလေ၏။
ထို့နောက် ထိုသို့ဆွေးမြည့်လာမှုက ပခုံးသို့ ရောက်ရှိလာသည်၊ ထို့နောက် ရင်ဘတ်၊ ဝမ်းဗိုက်၊ ခြေထောက်များထံသို့ ပျံ့နှံ့သွားတော့သည်။
“အား”
ကောင်းကင်အလင်းသခင်သည် တစ်ကိုယ်လုံး ပုရွက်ဆိတ်များ အကိုက်ခံရသကဲ့သို့ နာကျင်လာလေတော့သည်။
သူသည် ဆန်ခါဖြင့် စစ်ချသကဲ့သို့ နာကျင်နေ၏။ နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး ရွံ့စေးသဖွယ် ဆွေးမြေ့သွားလေတော့သည်။
သေမင်းချီဓာတ်များ ရစ်ပတ်နေသော နေရာ၌ ဦးခေါင်းသာ ကျန်ရစ်ခဲ့သည်။
“ယဲ့ဖန် ရပ်ပါတော့၊ ငါ အရှုံးပေးပါတယ်၊ ငါ မင်းကို သခင်ကြီးအဖြစ် အသိအမှတ် ပြုပါ့မယ်”
“မလုပ်နဲ့ မင်း … အရူး … ရပ်စမ်း”
ကောင်းကင် အလင်းသခင် သွေးပျက်နေ၏။ အဘယ်ကြောင့်ဆို သော် ယဲ့ဖန်က … သူ၏ မသေမျိုး ခန္ဓာကိုယ် ဇစ်မြစ်ကိုပါ ဝါးမျိုနေသည်ကို သူ ခံစားနေရသောကြောင့်ပင်။
ဤသည်က ကောင်းကင်အလင်းသခင်ကို သွေးပျက် ခြောက်ခြား စေသည်။
မသေမျိုး ခန္ဓာကိုယ်၏ မူလဇစ်မြစ် ဝါးမျိုခံလိုက်ရသည်နှင့် မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်တောင်မှ သေချာပေါက် သေဆုံးရ ပေမည်။
“အလင်းသခင် အဆုံးသတ်ဖို့ အချိန်တန်ပြီ”
ယဲ့ဖန်၏ အသံထွက်ပေါ်လာပြီး ထိုအသံက ကောင်းကင် အလင်းသခင်၏ နားစည်ထဲ၌ ပဲ့တင်ထပ်နေပြီး သူ၏ စိတ်ဝိညာဉ်ကိုပါ ကြောက်လန့်စေပြီး ဖျက်ဆီးလို့လာသည်။
“မလုပ်နဲ့”
သွေးပျက်မတတ် အော်ဟစ်နေသော အသံ ပဲ့တင်ထပ် လာပြီးနောက် ကောင်းကင်အလင်းသခင်၏ ဦးခေါင်းပါ ဝါးမျိုခံလိုက်ရသည်။
နောက်ဆုံးတွင် ရွှံ့စေးတစ်ခုသာ လေထဲ မျောလွင့်၍ ကျန်ရစ်ခဲ့ တော့သည်။ မသေမျိုး ခန္ဓာကိုယ်၏ မူလဇစ်မြစ်ကို နတ်ဆိုးချီဓာတ်များက ဝါးမျိုသွားလေတော့သည်။
ထိုနတ်ဆိုး ချီဓာတ်များသည် ပုံရိပ်မည်းတစ်ခုအသွင် ဖြစ်ပေါ် လာ၏။
ထိုပုံရိပ်သည်ကား … ယဲ့ဖန်ပင် ဖြစ်လေတော့သည်။
Chapter 438 အနိုင်ကျင့်သူ သုံးယောက်
*သေပြီ*
ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှ ဧကရီနှင့် အခြားသူများ အားလုံး ထိတ်လန့်သွားကြသည်။
*မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်ကို သေမျိုးက သတ်သွားတယ်*
*မသေမျိုး မူလဇစ်မြစ်က လုံးဝ စုပ်ယူခြင်း ခံလိုက်ရတယ်*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း၏ မျက်နှာထက်၌ မယုံကြည်နိုင်ဟန်များနှင့် ပြည့်နှက်နေ၏။ ကြောက်မက်ဖွယ် ကောင်းသော မသေမျိုး ခန္ဓာကိုယ် ပိုင်ရှင်၌ ပျက်စီးကိန်း ရောက်လာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားကြချေ။
အထူးသဖြင့် ဧကရီပင်။ ယခုအချိန်၌ သူမသည် မျက်ခုံး တဆတ်ဆတ် လှုပ်နေကာ နဖူးမှ ချွေးအေးများ တဒီးဒီး စီးကျနေ၏။
သူမသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို အမှတ်ရ သွားဟန် ပေါ်နေသည်။
“မူလဇစ်မြစ်ကို စုပ်ယူတယ်။ ဒါ … ဒါက သေမင်းနတ်ဆိုး ဆုဒြာပဲ”
ဧကရီသည် ယခုအချိန်၌ လုံးဝကို ထိတ်လန့်လို့နေသည်။
သေမင်းနတ်ဆိုးဆုဒြာ။
ဘယ်အရာကမှ မသတ်နိုင်၊ ဘယ်အရာမှက မဝါးမျိုနိုင်သောအရာ။
အခြေအနေ တစ်ရပ်အထိ ကျင့်ကြံပြီးပါက ၎င်းသည် လွှမ်းမိုး ချုပ်ကိုင်နိုင်သော ပြိုင်စံရှား ခန္ဓာကိုယ်၏ မူလဇစ်မြစ်ကိုတောင်မှ မလွဲမသွေ ဝါးမျိုနိုင်၏။
သို့ရာတွင်မူ ဤစကြဝဠာတစ်ခွင်၌ သေမင်းနတ်ဆိုးဆုဒြာကို ကျင့်ကြံနိုင်သူကား တစ်ဦးတည်းသာ ရှိလေ၏။ ထိုသူကား ….
“နတ်ဆိုးဧကရာဇ် … နင် … လတ်စသတ်တော့ နင်က နတ်ဆိုးဧကရာဇ်ကိုး”
ဧကရီသည် ထိုအကြောင်းကို စဉ်းစားမိသွားသည်နှင့် သူမ၏ လှပသော ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး ကြက်သီးမွေးညင်း ထလာရသည်။
ထို့အတူ သူမစကားကို ကြားပြီးနောက် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။
ဧကရာဇ်ပီခမ်း၊ အရှင်နိုင်းလ်၊ အရှင်ရွှမ်းမင်နှင့် ထောင်နှင့်ချီသော သတ်ဖြတ်သူများ ခေါင်းစခြေဆုံး အေးစက်သွားလေတော့သည်။
*နတ်ဆိုးဧကရာဇ်တဲ့လား*
လောကအုပ်ချုပ်သူ အကြီးအကဲသုံးပါးအား တိုက်ခိုက်၍ စကြဝဠာကြီးအား ဖိအားပေးနိုင်ခဲ့သည့် ထိပ်တန်း အကြမ်းကြုတ်ဆုံးသောသူ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း၏ မျက်နှာထက်၌ အံ့ဩစိတ်များနှင့် ပြည့်နှက်နေသည်။ အချို့သော သတ်ဖြတ်သူများသည် ဝိညာဉ်လွင့်မတတ် ကြောက်လန့် လာကြသည်။
“နတ်ဆိုးဧကရာဇ် … သူ … သူက နတ်ဆိုးဧကရာဇ်လား”
ဧကရာဇ်ပီခမ်း အလွန် အလန့်တကြား ဖြစ်နေသည်။ ထိုသို့သောအချိန်၌ သူ လုံးဝ နားလည်သွားလေတော့သည်။
ဘာကြောင့် သေးနုပ်သော ကမ္ဘာမြေသားက ငရဲဝံပုလွေဆိုးကို ဒူးထောက်အောင် လုပ်နိုင်ပြီး ဂရေးထူအား သစ္စာခံခိုင်းပြီး နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်အား သူ့ကို သခင်ကြီးအဖြစ် အသိအမှတ်ပြုလာအောင် လုပ်နိုင်ခဲ့သလဲ ဆိုတာကို သူ သဘောပေါက်သွားသည်။
*လတ်စသက်တော့ သူက နတ်ဆိုးဧကရာဇ် ဖြစ်နေတာကိုး*
ယခင်က သူ နတ်ဆိုးဧကရာဇ်ကို သတ်ချင်ခဲ့သည်ကို ပြန်တွေးမိပြီးနောက် ဧကရာဇ်ပီခမ်းသည် တစ္ဆေမျိုးနွယ်ထဲမှ ထွက်ပြေး လာသကဲ့သို့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထကာ တုန်ယင်လာလေတော့သည်။
“မင်း ထင်တာမှန်တယ်”
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ခန္ဓာကိုယ် ပြန်လည် ဖြစ်တည်လာပြီးနောက် သူ့နှုတ်ခမ်းထက်တွင် မခိုးမခန့်အပြုံးမျိုး ဆင်မြန်းထားသည်။
သူ့လက်ဝါးတစ်ဖက်ပေါ်၌ မူလဇစ်မြစ် သုံးခု၏ ချီမျှင်စုများ ရစ်ဝဲနေ၏။ သူ့မျက်လုံးများက ဧကရီကို ခက်ထန်၊ ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည်။
“လင်းလန်ကို ပေးမလား၊ အသတ်ခံမလား”
ဝုန်း!
ထိုစကားက ဧကရီကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။ သူမသည် သူမရင်ထဲမှ အကြောက်တရားကို အတင်းဖိနှိပ်ကာ ယဲ့ဖန်ကို ပြန်စိုက်ကြည့်၍ ပြောလိုက်သည်။
“နင်က နတ်ဆိုးဧကရာဇ် ဖြစ်တော့ရော ဘာဖြစ်သလဲ၊ နင်က ဒီအတိုင်း ပြန်လည်မွေးဖွားလာတာလေ”
“အခု နင်က နတ်ဘုရား ဆရာသခင်အဆင့်၊ ငါက နတ်ဧကရာဇ်အဆင့်၊ ငါ နင့်ကို မသတ်နိုင်ဘူးဆိုတာကို ငါ မယုံဘူး”
ထိုသို့ပြောပြီး ဧကရီက ရှေ့သို့တိုး၍ ယဲ့ဖန်ထံသို့ ထပ်မံ၍ ပြေးဝင်လာသည်။
“ဥပဒေသ ချုပ်နှောင်စမ်း”
ဧကရီ၏ ချွန်ထက်သော လက်သည်းများက ယဲ့ဖန်ထံသို့ ကြမ်းကြုတ်စွာ ဝှေ့ယမ်း၍ ကျရောက်လာသည်။
ယဲ့ဖန်ပတ်လည်မှ ဟင်းလင်းပြင်က ထပ်မံ၍ ချုပ်နှောင်ခြင်း ခံလိုက်ရသည်။
ထိုသို့သောအချိန်၌ သူ့ဘေးပတ်လည်မှ လေဟာနယ်သည် ကြီးမားသော ထောင်လှောင့်ချိုင့် တစ်ခုအသွင်ကဲ့သို့ ဖြစ်ပေါ် လာပြီး ယဲ့ဖန်၏ခန္ဓာကိုယ်အား မာကြောစေပြီး သူ့အား ရုန်းကန်ရ ခက်ခဲစေသည်။
သူမတိုက်ကွက် အောင်မြင်တော့မည်ကိုမြင်ပြီး ဧကရီ၏ မီးဝင်းဝင်း တောက်နေသော မျက်လုံးများက ဝမ်းနည်းရိပ် သန်းလာသည်။
“နတ်ဆိုးဧကရာဇ် သေလိုက်တော့”
“ပေါက်ကွဲစမ်း”
ထိုအသံနှင့်အတူ ယဲ့ဖန်၏ ပတ်လည်မှ လေဟာနယ်သည် အရူးအမူး ပေါက်ကွဲထွက်သွားလေသည်။
ဝုန်း!
ယဲ့ဖန်တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။
*အောင်မြင်သွားပြီလား*
ဤမြင်ကွင်းကိုကြည့်ပြီး ဘေးပတ်လည်မှ လူများသာမက ဧကရီ သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
နတ်ဆိုးဧကရာဇ်ကို အခက်အခဲမရှိဘဲ အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ထင်မထားမိချေ။
“မဟုတ်ဘူး၊ သူ မသေဘူး”
ဧကရီ၏ မျက်နှာထားက သုန်မှုန်လာသည်။ ထိုသို့သောအချိန်၌ အနက်ရောင် ချီမျင်စုများက လှစ်ခနဲ ဖြစ်ပေါ်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်လာပြန်သည်။
ခန္ဓာကိုယ်က မှင်ကဲ့သို့ မည်းနက်နေပြီး အရိပ်အငွေ့က ယခင်ကထက် သန်မာလာသည်။
“မျိုးမစစ်ကောင်”
ဤမြင်ကွင်းက ဧကရီကို ကြက်သီးထသွားသေည်။
ထိုသို့သောအချိန်၌ သူမသည် ဟင်းလင်းပြင် ဥပဒေသကိုသာ ထပ်ခါထပ်ခါ အသုံးချ၍ ယဲ့ဖန်ကို အရူးအမူး သတ်ဖြတ် လေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုစဉ် လူတိုင်းကို ထိတ်လန့်စေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။
ယဲ့ဖန်ကို သတ်ဖြတ်ရန် ဧကရီက ဟင်းလင်းပြင် ဥပဒေသကို ထပ်ခါထပ်ခါ အသုံးပြုနေမှန်း လူတိုင်း မြင်နေရသည်။ သို့သော် တစ်ခါသတ်လိုက်တိုင်း ယဲ့ဖန်က ပြန်လည် ဖြစ်ပေါ်လာသည်။
တစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
….
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်သည် အကြိမ်နှစ်ဆယ်မက အသတ်ခံလိုက်ရသည်။
သို့သော် လူတိုင်းကို ထိတ်လန့်စေသည်က တစ်ခါ အသတ်ခံ လိုက်ရတိုင်း ယဲ့ဖန်၏ ပြန်လည်မွေးဖွားလာခြင်းက ပိုပို၍ သန်မာလာ၏။
သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော ချုပ်ကိုင်နိုင်မှု အရိပ်အငွေ့ များက ဆက်တိုက် ထွက်ပေါ်လာသည်။
“သေနာကောင်၊ သူ … သူ ပြိုင်စံရှား ခန္ဓာကိုယ် မူလဇစ်မြစ်သုံးခုကို တကယ်ကြီး ပေါင်းစပ်လိုက်ပြီပဲ”
ဧကရီ၏မျက်နှာထက်၌ အကြီးအကျယ် ထိတ်လန့်နေဟန်များ ထင်ဟပ်နေသည်။
မသေမျိုး ခန္ဓာကိုယ်သည် တစ်ကြိမ် အသတ်ခံလိုက်ရတိုင်း အားနည်းလာတတ်သည်။
သို့သော် ယဲ့ဖန်အတွက်ကတော့ ဆန့်ကျင်ဘက်ပင်။
သူသည် တစ်ခါ အသတ်ခံလိုက်ရတိုင်း ပို၍သန်လာလာသည်။ ထိုအတွက် ရှင်းပြချက်ကား တစ်ခုတည်းသာ ရှိသည်။
ဤသည်မှာ ယဲ့ဖန်က ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၊ ပြိုင်စံရှား ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်နှင့် မသေမျိုး ခန္ဓာကိုယ်တို့ကို ပေါင်းစပ်လိုက်သောကြောင့်သာ ဖြစ်လေသည်။
ပြိုင်စံရှား ခန္ဓာကိုယ်သုံးခုက လူတစ်ယောက်တည်း၌ ဖြစ်နေ၏။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
စကြဝဠာထဲ၌ တစ်စုံတစ်ယောက်က ပြိုင်စံရှား ခန္ဓာကိုယ်၏ မူလဇစ်မြစ်သုံးခုကို ပေါင်းစပ်နိုင်သည်ဟု ဧကရီ တစ်ခါမှ မကြားခဲ့ဖူးချေ။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဝုန်း!
သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်၏ခန္ဓာကိုယ်မှ ရုတ်တရက် မာန်ဖီသံ ထွက်ပေါ်လာ၏။ သူ၏ အသက်ရှူသံက ချက်ချင်း ပြင်းထန်လာသည်။
နတ်ဘုရား ဆရာသခင် အလယ်အလတ်အဆင့်။
လောက၏ မကောင်းဆိုးဝါး သားရဲများကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည့် လွှမ်းမိုးမှုက လူတိုင်းကို တုန်ယင်သွားစေသည်။
“ပြေး”
ဧကရီ ကြောက်လန့်လို့နေ၏။ သူမဘဝ၌ ပထမဆုံးအကြိမ်ဖြစ် သူမရင်ထဲ၌ ကြောက်လန့်၊ သွေးပျက်မှု ဖြစ်ပေါ်လာသည်။
ယခုအချိန်၌ ယဲ့ဖန်သည် သူမ ထင်ထားသည်ထက် သာလွန်နေမှန်း သူမ ရှင်းလင်းစွာ ခံစားမိနေသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုစဉ် ဧကရီ၏ ထွက်ပြေးနှုန်းက အလွန်အမင်း လျင်မြန်လှသည်။
သို့သော် ထိုသို့ဖြစ်နေစဉ်တွင် သူမ၏ ခြေလှမ်းများက ရုတ်ခနဲ တန့်သွားသည်။ သူမမျက်လုံးများက အရှေ့မှ အနက်ရောင် ချီမျှင်စုကို ကြည့်နေမိသည်။
ထိုချီမျှင်စုများထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုသူကား ယဲ့ဖန်ပင်။ သို့သော် သူ၏ခန္ဓာကိုယ်အား ရေခဲတမျှ အေးစက်ခြင်းများ ဖုံးလွှမ်းနေ၏။
“ဒါ … ဒါက ဆန်းကြယ်ရေခဲခန္ဓာကိုယ်”
ဧကရီ ကြက်သီးမွေးညင်း ထလာသည်။ သူ တစ်ဘက်လှည့် လိုက်သောအခါ ဘယ်၊ညာ နှစ်ဘက်၌ ယဲ့ဖန်နှစ်ယောက် ထပ်ပေါ်လာလေ၏။
“ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်၊ မူလမသေမျိုး ခန္ဓာကိုယ်”
ထိုယဲ့ဖန်နှစ်ယောက်ထဲ၌ တစ်ယောက်သည် အဆိပ်ရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နှိုင်းယှဉ်မရသည့်သူ ဖြစ်သည်။
ကျန်တစ်ယောက်သည် မသေနိုင်၍ ဖျက်စီးမရနိုင်သကဲ့သို့ သွေးဆာနေသည့် အသက်ရှူသံများ ပျံ့နှံ့နေ၏။ ထိုအရာသည်ကား မသေမျိုး ခန္ဓာကိုယ်ပင်။
“ဒီကောင် ဒီလောက် အချိန်တိုလေးအတွင်းမှာ ပြိုင်စံရှား ခန္ဓာကိုယ်သုံးခုကို ပေါင်းစပ်လိုက်နိုင်တာပဲ။ သူက မကောင်းဆိုးဝါးပါလား”
ယခုအချိန်၌ ဧကရီသည် ထိတ်လန့်တုန်လှုပ်နေ၏။ သို့သော် ဤသည်မှာ အစသာရှိသေးသည်။
ယဲ့ဖန်ကိုယ်ခွဲ သုံးခုလုံး၏ လက်တစ်ဖက်စီ၌ အလုံးတစ်လုံး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်၌ လှိုင်းထလာ၏။
ဆန်းကြယ်ရေခဲ ဘောလုံး။
ကိုးမျိုးအဆိပ်ဘောလုံး။
မသေမျိုး ဘောလုံး။
ထိုဘောလုံး သုံးလုံးလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဧကရီ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာပြီး တစ်နေရာတည်း၌ ပေါင်းစပ်သွားသည်။ ထို့နောက် အောက်ဘက်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။
“မလုပ်နဲ့”
ဧကရီသည် ခြောက်ခြားသွားပြီး ဥပဒေသများကိုသုံး၍ ခုခံလေသည်။
ဝုန်း!
ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် သူမဦးခေါင်းထက်မှ ဟင်းလင်ပြင် ဥပဒေသက တစ်စစီ ပျက်စီးသွား လေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဘောလုံးက သူမကိုယ်သို့ ပြင်းထန်စွာ ထိမှန်လာ၏။
ဝုန်း!
ဧကရီသည် မီတာတစ်ထောင်အထိ လွင့်ထွက်သွားပြီး သွေးအန် လာသည်။ သူမတစ်ကိုယ်လုံး အားနည်းလို့ သွားသည်။
သို့သော် ယဲ့ဖန်သည် ဝိညာဉ်စား မကောင်းဆိုးဝါးလိုပင် သူမ မသေမချင်း မကျေအေးနိုင်ချေ။
“မင်း အားနည်းရင် မင်း သေကိုသေရမယ်”
“ပေါင်းစပ်စမ်း”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်ကိုယ်ခွဲ သုံးယောက်သည် တစ်ယောက်တည်းအဖြစ် ပေါင်းစပ် သွားလေတော့သည်။ ထို့နောက်တွင်မူ သူ့လက်ဖဝါးထက်၌ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ဧကရီထံသို့ ပြေးဝင်သွားကာ သူမအား ရက်စက်စွာ စုတ်ဖြဲလေတော့သည်။
“အား”
လင်းလန်၏ ချစ်စဖွယ်ကောင်းသော ခန္ဓာကိုယ်ထဲမှ ဖောက်ထွင်းမြင်ရသည့် စိတ်ဝိညာဉ်တစ်ခု စုတ်ဖြဲခံလိုက် ရလေသည်။