အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
Chapter 445 ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တိုးတက်လာမှု
ဒေါက်!
ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ ဦးခေါင်းက မြေကြီးပေါ် ပြုတ်ကျ လာချိန်တွင် ပုရွက်ဆိတ်အသိုက်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်လို့သွားသည်။
ထိတ်လန့်၍ နေ၏။ ဘေးပတ်လည်မှ ကြည့်နေကြသော ထောင်သောင်းချီသည့် ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး ထိတ်လန့်၍ နေကြသည်။
ထိုဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် သူမ နိုးထလာပြီးသည်နှင့် ပုရွက်ဆိတ်အသိုက်ကို စိုးမိုးခဲ့သည်။ သူမသည် အလွန် ကြမ်းကြုတ်၍ ရက်စက်လွန်းသည်။
သူမ၏ စွမ်းအားကို ပြန်လည်ရရှိရန် သူမသည် ထောင်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များကိုတောင်မှ သတ်ဖြတ်ခဲ့ပြီး အစိမ်းလိုက် ဝါးစားခဲ့သည်။
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ စိတ်ထဲတွင် ပုရွက်ဆိတ်မိခင်သည် အစဉ် လေးစား လိုက်နာအပ်သောသူ ဖြစ်ပြီး မစော်ကားအပ်သောသူ ဖြစ်သည်ဟု တွေးထင်ထားကြသည်။
သို့သော် ယခုအခါတွင် မိစ္ဆာကဲ့သို့သော တည်ရှိမှုအား ပုရွက်ဆိတ်လေးက ခေါင်းဖြတ်သတ်လိုက်သဖြင့် ထောင်သောင်း ချီသော ပုရွက်ဆိတ်များ မယုံနိုင်လောက်အောင် အံ့အားသင့် နေကြသည်။
ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ အလောင်းက မြေကြီးပေါ်သို့ ပြုတ်ကျလာလေသည်။ သူမ၏ မျက်လုံးထဲ၌ အဆုံးမရှိနိုင်သော ကြောက်စိတ်များ၊ ထိတ်လန့်စိတ်များနှင့် ပြည့်နှက်နေ၏။
သေသွားသည့်အချိန်မှာ တောင်မှ ပုရွက်ဆိတ်လေး၏ သတ်ဖြတ်ခြင်း ခံရသည်ကို မယုံနိုင်သေးပုံရသည်။
ပုရွက်ဆိတ်လေးသည် တကယ့် ဘုရင်တစ်ပါးလိုပင်။ တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနစ်နေပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေကာ ယခုလေးတင် စစ်နိုင်လာသော ဘုရင်တစ်ပါးကဲ့သို့ ထောင်သောင်းချီသည့် ပုရွက်ဆိတ်များထံသို့ လျှောက်လှမ်းသွားသည်။
ရူးသွပ်ဖွယ်ကောင်းသော အရှိန်အဝါက ထောင်သောင်းချီသော ပုရွက်ဆိတ်များကို ထိတ်လန့်စေသည်။
လွန်ခဲ့သော နှစ်များထက်တောင်မှ ပို၍ ကြောက်လန့်ဖွယ် ကောင်းနေပြီး ပုရွက်လေးကို ကြည့်နေသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကြည့်တွင် လေးစားအံ့ဩစိတ်များနှင့် ပြည့်နှက်နေ၏။
ကျွိ! ကျွိ!
ပုရွက်ဆိတ်လေးသည် အစွယ်များကို လှစ်ဟာပြ၍ ထောင်သောင်း ချီသော ပုရွက်ဆိတ်များရှေ့၌ ကြွေးကြော် နေပုံရသည်။
ပုရွက်ဆိတ်လေး၏ ကြွေးကြော်သံကို နားထောင်ပြီးနောက် ထောင်သောင်း ချီသော ပုရွက်ဆိတ်များက ယဲ့ဖန်ကို ချီတုံချတုံနှင့် ကြည့်လာကြသည်။
နောက်ဆုံးတွင် သားလောင်းအရွယ် အင်အားအကြီးဆုံး ဝိညာဉ်စား ပုရွက်ဆိတ်များသည် မြေကြီးပေါ် ဒူးထောက် ဝပ်တွား လာသည်။
ထို့နောက်တွင်မူ ပုရွက်ဆိတ်အသိုက်ထဲရှိ ထောင်သောင်းချီသော ပုရွက်ဆိတ်များအားလုံး မြေကြီးပေါ် ဒူးထောက်လာသည်။
အံ့မခန်းဖွယ်ရာ ကောင်းလှပါပေ၏။
ဤမြင်ကွင်းအရဆိုလျင် ပုရွက်ဆိတ်အသိုက်ထဲမှ ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးက အလွန်အမင်း လေးစားကြည်ညိုဟန်နှင့် သူတို့၏ ဘုရင်ကို ဒူးထောက်နေသည့်ဟန်နှင့် ဆင်တူနေသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
အစောပိုင်းက ကောင်းကင်ခွင်းခေါင်းလောင်းကို မကြာခဏ သုံးခဲ့ရသောကြောင့် သူ၏ စိတ်ဝိညာဉ်က အတော်လေး ထိခိုက်နေသည်။
အကယ်၍ ပုရွက်ဆိတ်လေးသာ ဤဝိညာဉ်စား ပုရွက်ဆိတ်များကို အညံ့ခံအောင် မလုပ်နိုင်ခဲ့ပါက သူသည် အတိတ်က ပုံစံအတိုင်း ဤချောက်ကမ်းပါးထဲ၌ ပိတ်မိနေဦးမှာ ဖြစ်လေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် အကြံတစ်ခု ရလာပြီး ထိုအကြံကို အကောင်အထည် ဖော်လိုက်သည်။
ထောင်သောင်းချီသော ပုရွက်ဆိတ်များက ဒူးထောက်ရာမှ ပြန်ထ၍ လေထဲ ဝဲပျံလာကြသည်။ ထိုပုံစံက တိမ်မည်းတိမ်စိုင်များနှင့် သဏ္ဌာန်တူလှပေသည်။
“ပုရွက်ဆိတ်မိခင်ကို စားပြီးနောက် နောက်တစ်ခါ ဆင့်ကဲ ပြောင်းလဲကြတော့”
ဝီ! ဝီ! ဝီ!
ယဲ့ဖန်၏ စကားအဆုံး၌ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ပုရွက်ဆိတ်မိခင်၏ အလောင်းထံသို့ အရူးအမူး ပျံသန်း ဝင်ရောက်သွားကြသည်။
ဂျွတ်! ဂျွတ်!
ပုရွက်ဆိတ်အသိုက်ထဲ၌ ကိုက်ဖြတ်စားသောက်သံများသာ ပဲ့တင်ထပ် နေသည်။ ပုရွက်ဆိတ်မိခင်၏ အလောင်းမှ အသားနှင့် သွေးများသည် စုပ်ယူစားသောက်ချင်း ခံနေရသည်။
၎င်းသည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် ဖြစ်သောကြောင့် ၎င်း၏ကိုယ်တွင်း၌ စွမ်းအင်များက အလွန်အမင်း ပေါကြွယ်ဝသည်။
၎င်းကိုယ်ထဲ၌ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကြိုက်ဆုံး အရာဖြစ်သည့် သွေးအဆိပ်ပါ ပါဝင်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ ခန္ဓာကိုယ်တစ်ခုလုံး ဝါးမျိုခြင်း ခံလိုက်ရလေသည်။
စားသောက်ပြီးနောက် ထိုထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လက်သည်းများက ချွန်ထက်လှပြီး တောက်ပလာသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ လက်သည်းထိပ်၌ အစိမ်းရောင် သန်းနေသည်ကိုလည်း တွေ့လိုက်ရလေသည်။
ထိုအရာက သွေးအဆိပ်မှန်း ယဲ့ဖန် သိလိုက်သည်။
ဤဝိညာဉ်စား ပုရွက်ဆိတ်များက လက်သည်းနှင့် အစွယ်များကို ဝင့်၍ ရန်သူကို ကုတ်ခြစ်ကိုက်ဖဲ့ပါက ပြင်းထန်သည့် အဆိပ်ဖြစ်သော သွေးအဆိပ်အား နတ်ဧကရာဇ် တစ်ပိုင်းအဆင့် တောင်မှ ခုခံရန် ခက်ခဲပေမည်။
“အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်မိခင်က သူတို့ ဆင့်ကဲ ပြောင်းလဲဖို့ မလုံလောက်ဘူးလား”
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တိုက်ပွဲဝင် ခွန်အားက မြင့်တက်လာသော်လည်း တစ်ကောင် ချင်းစီ၏ ခွန်အားက အဆင့်တက်မလာသေးသည်ကို မြင်ပြီး ယဲ့ဖန် မျက်မှောင်ကြုတ်မိသွားသည်။
“မင်းတို့တွေ ဂြိုဟ်နယ်မြေတွေကို သိမ်းပိုက်ပြီး ဝါးမျိုလာရင် ဘာဖြစ်လာမလဲဆိုတာကို ငါ မသိတော့ဘူး”
ယဲ့ဖန် မျက်ခုံးလှုပ်လာသည်။ ထို့နောက် သူ လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝှစ်! ဝှစ်! ဝှစ်!
ဆန်းကြယ်ရေခဲချီဓာတ်၊ ထိပ်တန်း အဆိပ်ချီဓာတ်နှင့် မသေမျိုး စွမ်းအင်ချီဓာတ် အစရှိသော ထိပ်တန်း ပြိုင်စံရှားခန္ဓာကိုယ်သုံးခု၏ မူလအရင်းအမြစ်များ ပျံ့နှံ့လာပြီး ပေါင်းစပ်လာသည်။
မူလအရင်းအမြစ်များက ပေါင်းစပ်လာပြီးနောက် လေထုထဲ၌ လွှမ်းမိုးနိုင်သော ဘောလုံးများ ဖြစ်ပေါ်လာသည်။
“သွား၊ အဲ့ဒါတွေကို စားကြ”
ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်စား ပုရွက်ဆိတ်များက ထိုဘောလုံးများထံသို့ ပြေးဝင်သွားကြသည်။ အဖြူနှင့် အနက်ရောင် ဘောလုံးများ တစ်လုံးပြီးတစ်လုံး ဝါးမျိုခံလိုက်ရသည်။
ဂျွတ်! ဂျွတ်!
ကိုက်ဖြတ် စားသောက်သံများနှင့်အတူ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက အဖြူနှင့် အနက်ရောင် ရောစပ်ထားသော ဘောလုံးများအား တစ်လုံးပြီးတစ်လုံး ဝါးမျိုနေ လေတော့သည်။
ငါးမိနစ်ကြာပြီးနောက် ဘောလုံးများအားလုံး ဝါးမျိုခံလိုက် ရလေသည်။
ဖျောက်! ဖျောက်!
တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံနှင့်အတူ ဝိညာဉ်စား ပုရွက်ဆိတ်များက ထပ်မံ၍ ဆင့်ကဲ ပြောင်းလဲလာကြသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက အခြေအနေတစ်ခုထိ တိုးတက်လာပြီး သူတို့၏ အတောင်ပံများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။
အဆုံးမဲ့သာ နတ်ဘုရား စွမ်းအင်များ ပြည့်နှက်နေသလိုပင်။
ထိုပုရွက်ဆိတ်စစ်တပ်၏ ဦးခေါင်းထက်၌ အေးစက်၍ မိစ္ဆာဆန်သော အရိပ်အငွေ့များ ပျံ့နှံ့နေ၏။
ထို့အတူ တစ်ကောင်ချင်းစီ၌ ဆန်းကြယ်ရေခဲချီဓာတ်နှင့် ထိပ်တန်းအဆိပ် ချီဓာတ်များ ပါဝင်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များက မသေမျိုး ခန္ဓာကိုယ်များအဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ဤသည်ကိုမြင်ပြီး ယဲ့ဖန်တောင်မှ မျက်ခုံးလှုပ်သွဦးသည်။
“သူတို့ကို နေ့တိုင်း ဒီဘောလုံးတွေ ကျွေးလို့ကတော့ သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းအင်မှာ ဆန်းကြယ်ချီဓာတ်နဲ့ ထိပ်တန်း အဆိပ် ချီဓာတ်တွေ ပါနေမှာပဲ။ ဒါက အထင်ကြီးရလောက်တဲ့ ခွန်အားပဲ။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်က သေမင်းနတ်ဘုရားတောင် မထိပါးနိုင်တဲ့ မသေမျိုးခန္ဓာကိုယ်တွေ ဖြစ်ကုန်ပြီ”
ဖြစ်လာနိုင်သည့် အလားအလာကို တွေးမိပြီးနောက် ယဲ့ဖန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်လာသည်။
ထိုနေ့ကိုသာ ရောက်လာပါက ဤထောင်သောင်းချီသော ပုရွက်ဆိတ်များသည် မိုးကောင်းကင်တစ်ခွင်၌ ပြိုင်ဘက်ကင်း လာပေတော့မည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ထိုသို့သောအချိန်၌ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် ကြွေးကြော်လာကြပြီးနောက် သူတို့၏ ခွန်အားကလည်း ယခင်ကထက် အကြိမ်အနည်းငယ် ပို၍ သာလွန်နေလေသည်။
အကယ်၍ ယဲ့ဖန်သာ ဧကရီဟောင်းနှင့် ထပ်ဆုံပါက သူသည် ဤဝိညာဉ်စား ပုရွက်ဆိတ်များကို အားကိုး၍ သူမအား တစ်ချက်တည်းဖြင့် သတ်နိုင်မည် ဖြစ်သည်။
“ပြီးတော့ အဲ့တွင်းနက်ထဲမှာ ဘာတွေ ဖုံးကွယ်ထားတာပါလိမ့်”
ယဲ့ဖန်သည် သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်၍ တွင်းနက်၏ အဝကို စိုက်ကြည့်နေမိသည်။
ထိုနေရာသည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်မိခင် ထွက်လာသော နေရာဖြစ်သည်။ ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်သည် တွင်းနက်၏ အပေါက်ဝသို့ လှစ်ခနဲ ပြေးသွားလိုက်သည်။
ယဲ့ဖန် တွင်းနက်၏ အောက်ခြေသို့ ငုံ့ကြည့်လိုက်မိချိန်တွင် တစ်ကိုယ်လုံး ရေခဲထုထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ချွေးပြန်လာကာ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယဲ့ဖန် တုန်လှုပ်သလို ခံစားလာရသည်။ တွင်းနက်၏ အောက်ခြေ၌ သွေးပျက်ဖွယ် ကောင်းသော စည်းတံဆိပ်တစ်ခုကို သူ တွေ့လိုက် ရသည်။
ထိုစည်းတံဆိပ်၏ အောက်ခြေ၌ ရာချီသော အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များက မျက်လုံးကိုမှိတ်၍ ခံစားချက် ကင်းမဲ့စွာ လှဲလျောင်းနေကြသည်။
ထိုရာချီသော အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် များက အိပ်မောကျနေမှန်း သိသာလှသည်။
ထို့အပြင် စည်းတံဆိပ်၌ ဘောလုံးအရွယ် အပေါက်တစ်ပေါက် ရှိနေ၏။ ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် သူတို့ထဲမှ တစ်ကောင် ဖြစ်ပြီး အားလုံးထက် စောနိုးလာပြီး စည်းတံဆိပ်ကို ဖျက်ခဲ့ပုံရသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရာနဲ့ချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ဂြိုဟ်တွေကို သုတ်သင်ရှင်းလင်းခဲ့တယ်”
“အင်မော်တယ်တွေ၊ နတ်ဆိုးတွေ၊ တစ္ဆေတွေက အဲ့ဒီ ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ ဝါးမျိုခြင်းကို ခံရလုမတတ် ဖြစ်ခဲ့ရတယ်”
“နောက်တော့ စစ်ပွဲကြီး မပြီးခင်မှာပဲ ရာနဲ့ချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ရုတ်တရက် ပျောက်သွားခဲ့တယ်။ ဖြစ်နိုင်တာက …”
ထိတ်လန့်ဖွယ်ကောင်းသော အတွေးတစ်ခုက သူ့စိတ်ထဲ ဝင်လာပြီးနောက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။
ဖြစ်နိုင်သည်။ ယခုအကြိမ်တွင် သူ့အထင်က မှန်နိုင်နေသည်။
ယခု အိပ်ပျော်နေသော ရာနှင့်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် လွန်ခဲ့သည့် နှစ်များစွာက ဂြိုဟ်များကို ရှင်းလင်းခဲ့သော ဝိညာဉ်စား ပုရွက်ဆိတ်များပင် ဖြစ်လေသည်။
သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသော ထိပ်သီးပုဂ္ဂိုလ် တစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီးနောက် ကမ္ဘာဂြိုဟ်၌ ချိပ်ပိတ်ခြင်း ခံထားခဲ့ရသည်။
ထို့နောက် မရေတွက်နိုင်သော အလောင်းများ ပစ်ချ၍ သူတို့ကို အစာကျွေးခဲ့သည်။ သူ၏ စေလွှတ်ခြင်း ခံခဲ့ရသော ရှေးဟောင်း သိုင်းပညာရှင်က သူတို့ကို ကျွေးမွေးရန် စီစဉ်နိုင်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် ထိုရှေးဟောင်း သိုင်းပညာရှင်ပါ ဤဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်းကို ခံခဲ့ရသလို သူကလည်း ဒါဇင်နှင့်ချီသော ပုရွက်ဆိတ်များကို ပြန်သတ်ခဲ့သည်။
ကျန်အကောင်များက ယခုအချိန်ထိ စည်းတံဆိပ်အောက်၌ အိပ်ပျော်သွားခဲ့လေသည်။
“ဒီလိုဆိုရင် သူတို့ နိုးထလာဖို့ သိပ်မလိုတော့ဘူးပဲ”
ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်သည် တစ်ခဏမျှ ကြက်သီးထသလို ခံစားလိုက်ရသည်။
Chapter 446 နတ်ဆိုးသတ်ဖြတ်ပွဲ
“သူတို့ကို နိုးထလာခွင့် ပေးလို့မရဘူး”
ယဲ့ဖန်သည် စည်းတံဆိပ်ထဲမှ ရာနှင့်ချီသော အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များကို အလွန် သုန်မှုန်နေသော မျက်နှာထားဖြင့် ကြည့်နေမိသည်။
ယခင်အချိန်တုန်းက ဤဝိညာဉ်စား ပုရွက်ဆိတ်များသည် ပြိုင်ဘက်ကင်းခဲ့ပြီး ယခုအခါတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့ ပြန်လည်နိုးထလာပြီး သူတို့၏ ခွန်အားကို ပြန်လည်ရရှိလာပါက သူတို့သည် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာပေတော့မည်။
သူတို့ တစ်ဖန်ပြန်လည် နိုးထလာသည်နှင့် ကမ္ဘာဂြိုဟ်တစ်ခုလုံး ပျက်စီးရုံသာမက စကြဝဠာတစ်ခုလုံး မုန်တိုင်းထန်၍ သွေးမိုးရွာပေတော့မည်။
ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန်သည် တွေဝေခြင်းမရှိဘဲ စည်းတံဆိပ်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
လျှို့ဝှက်သော မှော်စာလုံးများက လေထဲ ထွက်ပေါ်လာပြီးနောက် ထိုမှော်စာလုံးများသည် ပျက်စီးနေသော စည်းတံဆိပ်နားသို့ ဝဲပျံသွားသည်။
ထို့နောက်တွင်မူ စည်းတံဆိပ်သည် ကျိုးပေါက်နေသော နေရာအား ဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်လာသည်။
တစ်နာရီကြာပြီးနောက် စည်းတံဆိပ်တစ်ခုလုံး ပြန်လည် ပြင်ဆင်၍ ပြီးသွားလေသည်။ ထိုသည်သာမက စည်းတံဆိပ် အပေါ်မှ မှော်စာလုံးများ ဆက်တိုက် ပေါ်ထွက် လာသောကြောင့် စည်းတံဆိပ်၏ အစွမ်းက ယခင်ကထက် ပို၍ သန်မာလာသည်။
ထိုအချိန်ထိ ယဲ့ဖန်က စိုးထိတ်နေသေးသည်။ ထို့နောက် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်။
ပြိုင်စံရှား ခန္ဓာကိုယ်သုံးမျိုး၏ ချီဓာတ်များ ဆက်တိုက် ပျံ့လွင့်လာသည်။
ပုရွက်ဆိတ် အသိုက်တစ်ခုလုံး ရုတ်ချည်းဆိုသလို အေး ခဲသွားသည်။
တစ်ခု၊ ဆယ်ခု၊ အခု ငါးဆယ်၊ အခု တစ်ရာ။
…
ယဲ့ဖန်၏ နဖူးမှ ချွေးများက တဒီးဒီး စီးကျလာသည်။ ပြိုင်စံရှား ခန္ဓာကိုယ်သုံးခု၏ ချီဓာတ်က သူ၏ခွန်အားကို အလွန်အမင်း စုပ်ယူသုံးစွဲသောကြောင့် သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူရော်လာသည်။
မကြာခင်မှာပင် ပုရွက်ဆိတ်အသိုက်တစ်ခုလုံး၌ ပြိုင်စံရှား ခန္ဓာကိုယ်သုံးခု၏ ချီဓာတ်ဘောလုံးများက နေရာအနှံ့၌ ထွက်ပေါ်လာသည်။
ဤချီဓာတ်ဘောလုံးများ ပေါက်ကွဲသွားသည်နှင့် အိပ်မက်ဆိုး မြစ်ဝကျွန်းဒေသတစ်ခုလုံး တည်ရှိတော့မည် မဟုတ်ပါ။
ထောင်ချီသော ချီဓာတ်ဘောလုံးများကို ထုတ်ဖော်ပြီးနောက် ယဲ့ဖန်သည် သတိပေးချက် အမှတ်အသားတစ်ခုကို ရေးဆွဲ လိုက်သည်။
အောက်ဘက်ရှိ စည်းတံဆိပ် ပျက်ဆီးသွားသည်နှင့် ဤချီဓာတ်ဘောလုံးများ သည်လည်း ပေါက်ကွဲလာပေလိမ့်မည်။
ဤရာနှင့်ချီသော အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် များအား သူတို့ အားအနည်းဆုံးအချိန်၌ သေစေနိုင်သော ဖောက်ခွဲမှုနှင့် သတ်ပစ်လိုက်သည်က ပိုကောင်းလေသည်။
“သွားကြ”
အားလုံး လုပ်ဆောင်ပြီးနောက် ယဲ့ဖန်သည် ဆက်လက်၍ မနေတော့ဘဲ လက်ကိုဝင့်ကာ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များကို ခေါ်ဆောင်၍ ချောက်ကမ်းပါးထက်သို့ ခုန်ဝဲ၍ ပျံတက်လိုက်သည်။
….
နေ့လည်ခင်းအချိန်၌။
ကမ္ဘာဂြိုဟ်သို့ မထင်မှတ်ထားသော ဧည့်သည်တစ်ယောက် ရောက်ချလာလေသည်။
ကြောက်မက်ဖွယ် ကောင်းသော Cအဆင့် ကမ္ဘာခြား စစ်သင်္ဘောတစ်စီးက ကမ္ဘာဂြိုဟ်၏ ကောင်းကင်ထဲ၌ လာရပ်လေ၏။
Cအဆင့် ကမ္ဘာခြား စစ်သင်္ဘောသည် စကြဝဠာသုံး ဒင်္ဂါး တစ်ဘီလီယံမျှ တန်ဖိုးရှိပြီး ၎င်း၌ ပါရှိသော နတ်ဘုရား အလင်းတော် အမြောက်သည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ကို သတ်ပစ်နိုင်၏။
ထိုနတ်ဘုရား အလင်းတော်အမြောက်အား ဆယ်ချက်ဆက်တိုက် ပစ်ပါက နတ်ဧကရာဇ်အဆင့်ပင်လျင် သေသွားလောက်သည်။
အလွန့်ကို ထိတ်လန့်ဖွယ်ကောင်းလှသည်။
နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးတွင်တောင်မှ C အဆင့် စစ်သင်္ဘော တစ်စီးပင် မရှိချေ။ ယခုအခါတွင်မူ …
တစ်ချိန်တည်းမှာပင် ကျန်းရှီမြို့၏ ခမ်းနားသော အိမ်တော် တစ်ခုအတွင်း၌။
“ကျားနက်အင်ပါယာရဲ့ တတိယမင်းသား အဆုံးမဲ့မဟူရာ ဟေးဟန်ထိုက်နဲ့ နတ်သမီး နာတာရှာတို့ ကြွချီလာပြီ”
“နဂါးငွေ့တန်း အင်ပါယာသားတွေ အရိုအသေပေးကြ”
ထိုအသံနှင့်အတူ အမျိုးသားတစ်ယောက်၊ အမျိုးသမီး တစ်ယောက်တို့နှင့်အတူ ကမ္ဘာခြား သိုင်းပညာရှင်များ လျှောက်လှမ်း လာကြသည်။
ရွှေအိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေး၍ တော်ဝင်ဆန်သော အသွင်အပြင် ရှိလေသည်။
ဘုရင်တစ်ပါးကဲ့သို့ တော်ဝင်ဆန်သည့် အရိပ်အငွေ့များဖြင့် ပြည့်နှက်နေ၏။
သူသည် အဆင့်သုံး ဂြိုဟ်နယ်မြေ အင်အားစုရှိသည့် ကျားနက် အင်ပါယာ၏ တတိယမြောက်မင်းသား မဟူရာအဆုံးမဲ့ ဟေးဟန်ထိုက် ဖြစ်လေသည်။
သူ့ဘေးမှ နတ်မိမယ်လေးသည် နတ်သူငယ်မျိုးနွယ်မှ နတ်သမီးလေး နာတာရှာ ဖြစ်လေသည်။
ထိုသည်သာ မကသေးချေ။ သူတို့နောက်၌ အသန်မာဆုံးသော နတ်ဧကရာဇ် စဦးအဆင့် လေးယောက်၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ် အဆင့် များစွာ လိုက်ပါလာသည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ဤအင်အားစုနှင့်တင် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးကို အမှုန့်ခြေနိုင်နေသည်။
ဤလူစုကိုမြင်ပြီး ဧကရာဇ် အကြီးအကဲ ငရဲဝံပုလွေဆိုး မသိမသာ မျက်နှာပျက်သွားပြီး မရှုစိမ့်ဟန် ပေါ်လာသည်။
သူက လင်းလန်ကို အလျင်အမြန် အသိပေးလိုက်သည်။
“ဧကရီ၊ ကျားနက်အင်ပါယာက အဆင့်သုံး ဂြိုဟ်နယ်မြေ အင်အားစုထဲမှာ ပါဝင်ပါတယ်။ အဲ့ဒီ့အင်အားစုမှာ အဆင့်နှစ် နယ်မြေနှစ်ခုနဲ့ အဆင့်တစ်နယ်မြေ ဆယ့်လေးခု ပါရှိပါတယ်”
“ကျွန်တော်တို့ နဂါးငွေ့တန်း အင်ပါယာက ဂြိုဟ်နယ်မြေ အင်အားစုရဲ့ အဆင့်တစ် နယ်မြေမြေထဲမှာ ပါဝင်ပြီးတော့ ကျားနက်အင်ပါယာရဲ့ လက်အောက်ခံနယ်မြေထဲက တစ်ခုပါ”
“သူက တတိယမင်းသား အဆုံးမဲ့မဟူရာ ဟေးဟန်ထိုက်ပါ။ ကျားနက်အင်ပါယာကို ဆက်ခံဖို့ နံပါတ်တစ် ပြေးနေတဲ့ ဆက်ခံသူလို့လဲ ပြောကြပါတယ်”
ဂြိုဟ်နယ်မြေအင်အားစုကို အသန်မာဆုံးသော သိုင်းပညာရှင်များပေါ် မူတည်၍ အဆင့်ခွဲခြားလေသည်။
ဥပမာအားဖြင့်ဆိုရလျင် နဂါးငွေ့တန်း အင်ပါယာ၌ ဧကရီဟောင်း ဖြစ်စေ၊ လင်းလန်ဖြစ်စေ နတ်ဧကရာဇ် စဦးအဆင့်သာ ရှိလေသည်။
ထို့ကြောင့် နဂါးငွေ့တန်း အင်ပါယာသည် အဆင့်တစ် ဂြိုဟ်နယ်မြေ အင်အားစုသာ ဖြစ်သည်။
ထို့အတူ နတ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိသော အင်ပါယာကို အဆင့်နှစ် ဂြိုဟ်နယ်မြေအင်အားစုဟု သတ်မှတ် လေသည်။
ကျားနက် အင်ပါယာကဲ့သို့သော အဆင့်သုံး ဂြိုဟ်နယ်မြေ အင်အားစုများ၌ နတ်ဧကရာဇ် နောက်ဆုံးအဆင့်ရှိသည့် မကောင်းဆိုးဝါးအိုကြီးများ ရှိကိုရှိနေပေမည်။
ကြောက်လန့်ဖွယ်ကောင်းလောက်အောင် တုနှိုင်းမဲ့လှသည်။
“မင်းသားနဲ့ နတ်မိမယ်တို့ ကြွချီလာပြီ၊ နဂါးငွေ့တန်း အင်ပါယာသားတွေ ဒူးထောက်စမ်း”
ထိုအသံက ထပ်မံ၍ ထွက်ပေါ်လာသည်။
သို့သော် ထူးဆန်းစွာပင် လင်းလန်နှင့် နဂါးငွေ့တန်း သိုင်းပညာရှင်များအားလုံးက ခံစားချက်မဲ့သလို ရပ်မြဲတိုင်း ရပ်နေကြသည်။
*ဟမ်*
ဤမြင်ကွင်းကြောင့် တတိယမင်းသား ဟေးဟန်ထိုက်နှင့် ကျန်လူများ မျက်မှောင်ကြုတ်သွားကြသည်။
လက်အောက်ခံနိုင်ငံ၏ သိုင်းပညာရှင်များက သူတို့ကို တွေ့ချိန်၌ ဒူးမထောက်ဘဲ နေရဲကြလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ယခုအချိန်၌ ဟေးဟန်ထိုက်၏မျက်နှာက သုန်မှုန်လို့နေသည်။ သို့သော် လင်းလန်၏ လှပချောမောသော မျက်နှာသို့ အကြည့် ရောက်သွားသည်နှင့် သူ့တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။
*လှလိုက်တာ*
ယခုအချိန်၌ ဟေးဟန်ထိုက်သည် ရင်ခုန်လို့နေ၏။ ဤမျှလှပ၍ ဆွဲဆောင်မှုရှိသော အမျိုးသမီးမျိုးကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
လင်းလန်နှင့်ယှဉ်လိုက်လျင် သူ့ဘေးမှ နတ်မိမယ် နာတာရှာသည် အလွန့်ကို ရိုးစင်းလှပြီး ကြည့်ရန်ပင် မထိုက်တန်ချေ။
ယခုအချိန်၌ ဟေးဟန်ထိုက်၏ ပြင်းပြသော မျက်နှာထား ကိုကြည့်ပြီး သူ့ဘေးရှိ နတ်သူငယ်မျိုးနွယ်မှ နတ်မိမယ် နာတာရှာသည် မနာလိုဖြစ်လာလေသည်။
“ရဲတင်းလွန်းတဲ့ နဂါးငွေ့တန်း ပုရွက်ဆိတ်တွေ”
နာတာရှာက ထရပ်၍ လင်းလန်ကို အော်ငေါက်လေသည်။
“ဧကရီ ဖြစ်နေပြီးတော့ အင်ပါယာရဲ့ မင်းသားကို မြင်ရဲ့သားနဲ့ ဒူးထောက်မခစားဘူး။ ဒါ သေဒဏ်ပေးသင့်တယ်”
“လာစမ်း သူ့ကို သတ်ပစ်လိုက်”
ဝှစ်!
သူမစကားအဆုံး၌ အနောက်တွင် ရပ်နေသော နတ်ဧကရာဇ် စဦးအဆင့် လေးယောက်က ရှေ့သို့ ထွက်လာသည်။ ဤသည်ကို မြင်ပြီး ဟေးဟန်ထိုက်၏အကြည့်က ခက်ထန်လာသည်။
“ရပ်လိုက်”
ထိုသို့ပြောပြီး ဟေးဟန်ထိုက်က လင်းလန်ရှေ့၌ရပ်ကာ ပြုံး၍ ပြောလိုက်သည်။
“ဧကရီကို အပြစ်မတင်နဲ့၊ ငါ ယဉ်ကျေးမှုကို မသိသလို ဖြစ်သွားခဲ့တာ”
*ဘာ*
ဟေးဟန်ထိုက်က လင်းလန်ကို ကာပြောပေးသည်ကိုကြားပြီး နာတာရှာ၏ မျက်နှာထားက ပျက်ယွင်းသွားသည်။
“မင်းသား၊ ရှင် …”
“အင်း၊ ဧကရီက ကောင်းကင်ဘုံ အင်မော်တယ်တွေလို လှပပြီးတော့ မထီမဲ့မြင် ပြုမူလို့ မရဘူးပဲ”
ဟေးဟန်ထိုက်သည် နာတာရှာအား ပျင်းရိပျင်းတွဲဟန်နှင့် ကြည့်လိုက်ပြီးနောက် လင်းလန်ကိုကြည့်ကာ ခေါင်းတညိတ် ညိတ်နှင့် ပြောလိုက်သည်။
“ကိုယ့်ရဲ့ဖခင် ဘုရင်မင်းမြတ်အစား ကိုယ်က သတင်းစကား ပါးဖို့အတွက် ကိုယ် ဒီကို လာတာ”
ထိုသို့သောအချိန်၌ ဟေးဟန်ထိုက်၏ မျက်နှာက အလေးအနက် ဖြစ်နေ၏။
“လွန်ခဲ့တဲ့ အချိန်တွေတုန်းက ကျားနက်အင်ပါယာက နတ်ဆိုး နယ်မြေတစ်ခုကို သိမ်းယူနိုင်ခဲ့ပြီးတော့ နတ်ဆိုးဧကရာဇ် အသုံးပြုခဲ့တဲ့ နတ်ဆိုးအရိုးဓားကို ရရှိခဲ့တယ်”
“အခု ကိုယ့်ရဲ့ ခမည်းတော်က အဆင့်နှစ် အင်ပါယာခြောက်ခုနဲ့ အဆင့်တစ် အင်ပါယာ ဆယ့်လေးခုက ပါရမီရှင်တွေကို နတ်ဆိုး သတ်ဖြတ်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်တယ်”
“နတ်ဆိုးသတ်ဖြတ်ပွဲမှာ အနိုင်ရရင် နတ်ဆိုးဓားကို ဆုလာဘ်အနေနဲ့ ရရုံသာမကဘူး၊ အနိုင်ရတဲ့ ချန်ပီယံက ဖမ်းဆီးထားတဲ့ နတ်ဆိုးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခွင့် ရပြီးတော့ နတ်ဘုရားအားလုံးရဲ့ လေးစားခြင်းကို ရရှိလိမ့်မယ်”
*ဘာ*
တတိယမင်းသား၏ စကားအဆုံး၌ လင်းလန်နှင့် အခြားသူများ အားလုံး ချက်ချင်း မျက်နှာပျက်သွားကြသည်။
*နတ်ဆိုးတွေကို ဖမ်းတယ်”
*နတ်ဆိုး အရိုးဓား*
*နတ်ဆိုး သတ်ဖြတ်ပွဲ*
ထိုစကားများကို နားထောင်ပြီးနောက် လင်းလန်သာမက ဘေးပတ်လည်မှ နတ်ဆိုးအိုကြီး ဘက်ခါနှင့် ကျန်လူများ အားလုံး၏ မျက်လုံးများက အလွန်အမင်း အေးစက်လာကြသည်။
သို့သော် ဟေးဟန်ထိုက်က လူတိုင်း၏ အမူအရာကို အရေးမစိုက်ချေ။ သူက လင်းလန်၏ မျက်ဝန်းကိုသာ စိုက်ကြည့်၍ ပြောလာသည်။
“ပြီးတော့ ဒီမင်းသားက ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခုကို လုပ်ချင်တယ်၊ ဧကရီက ဒီတောင်းဆိုမှုကို ဖြည့်ဆည်း ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
*ဟမ်*
လင်းလန် မျက်မှောင်ကြုတ်သွားပြီး သူမ၏ လှပသော မျက်ဝန်း၌ သံသယဖြစ်ဟန်များ ယှက်သန်းလာသည်။
သို့သော် တတိယမင်းသား ထပ်ပြောလာသောစကားကြောင့် လူတိုင်း၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။
“ဒီမင်းသားက ဧကရီကို မြင်မြင်ချင်း ချစ်မိသွားတယ်။ ဧကရီက ကိုယ်နဲ့အတူတူ သေမတူ ရှင်မကွာ တာအိုလက်တွဲဖော်အဖြစ် ရှိပေးပြီးတော့ အောင်မြင်မှုကို အတူမျှဝေချင်မယ်လို့ မျှော်လင့်ပါတယ်”
Chapter 447 သူ … သူက နတ်ဆိုးပဲ
*တာအိုလက်တွဲဖော် ဖြစ်ပေးရမယ်၊ အောင်မြင်မှုကို အတူတူ မျှဝေချင်မယ်*
တတိယမင်းသား၏ စကားအဆုံး၌ ဘေးပတ်လည်မှ လူတိုင်း၏ မျက်နှာထားက သုန်မှုန်လာသည်။
နတ်မိမယ် နာတာရှာတောင်မှ မယုံနိုင်ဟန်များဖြင့် ပြည့်နှက် သွားသည်။
သူမသည် ဟေးဟန်ထိုက်ကို သုံးနှစ်လုံးလုံး နေ့ရောညပါ မြှူဆွယ်ခဲ့ရသော်လည်း သူက သူမကို တစ်ခါမှ ကတိမပေးခဲ့ချေ။
သို့သော် ဟေးဟန်ထိုက်သည် လင်းလန်ကို ယခုမှ ပထမဆုံး အကြိမ် မြင်ဖူးချင်ဖြစ်သော်လည်း လင်းလန်အား တာအို လက်တွဲဖော် ဖြစ်ပေးရန် တောင်းဆိုနေသည်။
ဒါက ...
ထိုခဏ၌ နာတာရှာ၏ နှလုံးထဲ၌ မနာလိုဝန်တိုစိတ်က မြင့်တက်လာသည်။ လင်းလန်၏မျက်လုံးကို ကြည့်နေသော သူမအကြည့်၌ မကျေမချမ်းဖြစ်ဟန်နှင့် မနာလိုဟန်များဖြင့် ပြည့်နှက် နေသည်။
သူမသည်သာမက သန်မာသော နဂါးငွေ့တန်း အင်ပါယာသားများ သည်လည်း အလွန်အမင်း သုန်မှုန်နေကြသည်။
အားလုံးက ဟေးဟန်ထိုက်အား လူသေတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“စိတ်မကောင်းပါဘူး”
လင်းလန်၏ လှပသော မျက်နှာလေးသည် မသာမယာ ဖြစ်နေပြီး ဟေးဟန်ထိုက်အား အေးစက်သော အကြည့်များဖြင့် ပြန်ကြည့် လိုက်သည်။
“ကျွန်မမှာ တာအို လက်တွဲဖော် ရှိတယ်”
*ဘာ*
ထိုစကားကြောင့် ဟေးဟန်ထိုက် အလွန် မျက်နှာပျက် သွားလေသည်။
*ငါ့ကို ငြင်းတယ်တဲ့လား*
သူသည် တစ်ခါမှ အခြားသူများထံမှ ငြင်းပယ်ခြင်း မခံရဖူးချေ။ ယခုအခါတွင်တော့ ပထမဆုံးအကြိမ်အဖြစ် သူ ငြင်းပယ်ခံ လာရသည်။
ဤသည်က ဟေးဟန်ထိုက်၏ လင်းလန်ကို အပိုင်ရလိုစိတ်အား ပို၍တိုးလာစေသည်။
“ဧကရီ၊ မင်း သေချာစဉ်းစားလိမ့်မယ်လို့ ငါ ထင်ပါတယ်။ ငါက ကျားနက်အင်ပါယာရဲ့ တတိယမြောက် မင်းသား ဖြစ်သလို ပထမဆုံး ဆက်ခံသူပဲ”
“အချိန်ကျလာရင် ငါက ကျားနက်အင်ပါယာကို ပြန်သွားပြီးတော့ ဂြိုဟ်ပေါင်းတစ်သိန်းကို စိုးမိုးရမှာ”
“မင်းသာ ဆန္ဒရှိတယ်ဆိုရင် မင်းရဲ့ တာအိုလက်တွဲဖော်ကို စွန့်ပစ်ပြီးတော့ ငါနဲ့အတူ ကျားနက် အင်ပါယာကို လိုက်ခဲ့လို့ရတယ်”
“မင်းသာ တစ်ခွန်းပြောလိုက်ရင် ငါ ဒီကိစ္စကို လျှို့ဝှက် ဆောင်ရွက်ပြီးတော့ မင်းရဲ့ နဂါးငွေ့တန်း အင်ပါယာကို ကျားနက် အင်ပါယာလက်အောက်က နံပါတ်တစ် အင်ပါယာ ဖြစ်အောင် လုပ်ပေးမယ်။ ဂြိုဟ်အားလုံးရဲ့ ကြည်ညိုလေးစားခြင်းကို ခံရပြီးတော့ အောင်မြင်မှုကို အတူမျှဝေမယ်”
“ဘယ်လိုလဲ”
ထိုသို့ပြောနေချိန်၌ ဟေးဟန်ထိုက်၏ နှုတ်ခမ်းထက်၌ ယုံကြည်မှု ရှိသော အပြုံးမျိုး ဖြစ်တည်နေသည်။ သူ၏ အတွေ့အကြုံအရ မြင့်မြတ်သော နတ်မိမယ်တောင်မှ သူ၏ မင်းသားဟူသော နောက်ခံကို အသုံးပြု၍ ဖြားယောင်းလိုက်ပါက သေချာပေါက် နာခံလာလေသည်။
ဤလှည့်ကွက်ကို သူ အမြဲ အသုံးပြုခဲ့သည်။ ထိုစဉ် ...
“မဖြစ်နိုင်ဘူး”
*ဘာ*
လင်းလန်၏ အလွန်အမင်း အေးစက်လှသော မျက်နှာထားကို ကြည့်ပြီး ဟေးဟန်ထိုက် အလွန် မျက်နှာပျက်သွားသည်။
သူ့မျက်နှာထက်၌ နှိပ်ကွပ်လိုဟန် အရိပ်အယောင်များ ပေါ်ပေါက်လာသလို မျက်မှောင်ကြုတ်လာပြီး အကြည့်များ ကလည်း အေးစက်လာသည်။
“ဧကရီ၊ မင်း ငါ့ကို ငြင်းပယ်လိုက်တာ ကျားနက်အင်ပါယာရဲ့ တော်ဝင်မိသားစု မျက်နှာကို ဖျက်လိုဖျက်ဆီး လုပ်လိုက်တာပဲ ဆိုတာကို မင်း သိတယ်မလား”
“အဲ့ဒါအပြင်ကိုမှ မင်းရဲ့ တာအိုလက်တွဲဖော်က ဘာမဟုတ်တဲ့ သေးငယ်တဲ့ နဂါးငွေ့တန်း ပုရွက်ဆိတ်လေးပဲ”
“ငါက တော်ဝင် မင်းသားတစ်ပါး၊ သူက ပုရွက်ဆိတ် သာသာကောင်ပဲ၊ သူက ငါနဲ့ ဘယ်လိုတောင် ယှဉ်ဝံ့မှာလဲ”
*ပုရွက်ဆိတ်လိုကောင်*
တတိယမင်းသား ဟေးဟန်ထိုက်၏ စကားအဆုံး၌ ခြံဝန်း တစ်ခုလုံး၏ အပူချိန်သည် ရုတ်ချည်းဆိုသလို သုညမှတ်သို့ ကျဆင်းသွားလေသည်။
ဘေးပတ်လည်မှ နတ်ဆိုးတိုင်း၌ သတ်ဖြတ်လိုသော အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။
ထိုစဉ် လင်းလန်က ပြုံးလာသည်။ သူမ၏ အပြုံးသည် လောကထဲ၌ ပွင့်လန်းလာသော ပန်းလေးတစ်ပွင့်လိုပင်။
“သူက ရှင်နဲ့ ယှဉ်လို့မရဘူး”
လင်းလန်၏ စကားကြောင့် ဟေးဟန်ထိုက် မှင်တက် သွားပြီးနောက် သူ့မျက်နှာ၌ ကျေနပ်သွားသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ လင်းလန်၏ စကားကို သူ အကျေနပ်ကြီး ကျေနပ်နေပုံရသည်။
သို့သော် လင်းလန် ထပ်ပြောလိုက်သော စကားကြောင့် ဟေးဟန်ထိုက် ရုတ်တရက် မျက်နှာ မည်းမှောင်သွားသည်။
“ဘာလို့လဲဆိုတော့ ရှင်က သူ့ဖိနပ်လောက်နဲ့တောင် မယှဉ်နိုင်လို့ပဲ”
*ဘာ*
လင်းလန်၏ စကားကြောင့် ဟေးဟန်ထိုက်၊ နာတာရှာနဲ့ အခြားသူများ မျက်နှာများ သုန်မှုန်လာသည်။
*ရဲတင်းလိုက်တာ*
အဆင့်တစ် အင်ပါယာ၏ ဧကရီက အဆင့်သုံး အင်ပါယာ၏ မင်းသားတစ်ပါးကို ထိုသို့ပြောရဲလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“သေစမ်း၊ နင်ကများ တတိယမင်းသားကို စော်ကားဝံ့ တယ်ပေါ့လေ”
နတ်မိမယ် နာတာရှာသည် စိတ်ထဲ၌ ကျိတ်ပျော်နေသော်လည်း အပေါ်ယံတွင်မူ ဟေးဟန်ထိုက်အတွက် မကျေမချမ်း ဖြစ်ပုံပေါ်နေသည်။
သူမသည် လင်းလန်၏ လှပသော မျက်နှာကိုကြည့်ရင်း စိတ်ထဲ၌ မနာလိုဖြစ်နေသည်။
“နင် ပါးရိုက်ခံရသင့်တယ်”
ထိုသို့ပြောပြီး နတ်မိမယ် နာတာရှာက လက်ကိုမြှောက်လိုက်ပြီး လင်းလန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
နာတာရှာသည်လည်း နတ်ဧကရာဇ်အဆင့် ဖြစ်သောကြောင့် သူမခွန်အားက လင်းလန်နှင့် ယှဉ်၍ရနေသည်။
ဤလက်ဝါးချက်၌ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပါဝင်နေသည်။ လေခွင်းသံနှင့်အတူ လက်ဝါးချက်က လင်းလန်၏ ပါးထက်သို့ ကျရောက်လာသည်။
ဖြောင်း!
ပါးရိုက်သံက ကျယ်လောင် ပြင်းထန်လှပြီး ရင်တုန်ဖွယ် ကောင်းလှသည်။ သို့သော် မျက်စိရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
လင်းလန်သည် ယခင်အတိုင်း ထိခိုက်ဒဏ်ရာမရှိဘဲ ရပ်မြဲတိုင်း ရပ်နေ၏။ ထိုအစား နာတာရှာသည် ပါးရိုက်ခံလိုက်ရပြီး ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားလေသည်။
ဘုန်း!
နာတာရှာသည် ပြန်ပြုတ်ကျလာပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လေသည်။ ထိုသည်သာမသေးချေ။
သူမပါးသည် ရဲရဲနီနေပြီး လက်ဝါးရာက ထင်းနေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဟေးဟန်ထိုက်နှင့် ကျားနက်အင်ပါယာမှ သိုင်းပညာရှင်များ အားလုံး မှင်တက်သွားကြသည်။
မြင့်မြတ်သော နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို လွင့်ထွက်သွားအောင် ရိုက်နှက်နိုင်သည့် အလွန် သန်မာသော တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
“ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း”
ဟေးဟန်ထိုက်သည် အလွန်အမင်း သုန်မှုန်နေပြီး ဘေးဘီကို ဝေ့ကြည့်လေသည်။ သူသည်သာမက နတ်ဧကရာဇ်အဆင့် လေးယောက်၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ဆယ့်လေးယောက်တို့က ဟေးဟန်ထိုက်ကို ကာကွယ်ရန် အသင့်ပြင်ထားကြသည်။
ထိုသို့သောအချိန်၌ အရိုးခိုက်မတတ် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ့ကျေးကျွန်တွေကို ဖမ်းဆီးပြီးတော့ လူသတ်ပွဲ ကျင်းပါတယ်”
“ငါ့ရတနာ ဖြစ်တဲ့ နတ်ဆိုးဓားကို သိမ်းယူသွားတယ်”
“ငါ့မိန်းမကို လုယူပြီး တာအိုလက်တွဲဖော် လုပ်ချင်တယ်”
“ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ကောင်နဲ့ သေချင်နေတဲ့ နိုင်ငံပါလား”
*ဘာ*
ထိုအသံသည် အလွန်မာန်ပါ၍ အားကြီးလှသဖြင့် ဟေးဟန်ထိုက်နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။
*ကျေးကျွန်*
*ရတနာ*
*မိန်းမ*
*ဒီလူက ဘယ်သူလဲ*
လူတိုင်း မယုံသင်္ကာ ဖြစ်နေချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး တစ်ယောက်က တံခါးဝကို ဖြတ်၍ လျှောက်လှမ်း လာသည်။
သူ့ခန္ဓာကိုယ်က ပိန်ပါးသော်လည်း နတ်ဆိုး အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ သူ၏ပုံစံက ငရဲမှ နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပြီး လူတိုင်းကို တုန်ယင် သွားစေသည်။
အနက်ရောင်ဝတ်စုံနှင့်လူငယ်၏ ချီဓာတ်ကို အာရုံခံမိပြီးနောက် ဟေးဟန်ထိုက်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
“နတ်ဆိုးစွမ်းအင်၊ မင်း … မင်းက နတ်ဆိုးပဲ”
နတ်ဘုရားမျိုးနွယ် နဂါးငွေ့တန်း၌ နတ်ဆိုးမျိုးနွယ် ရှိနေလိမ့်မည်ဟု ဟေးဟန်ထိုက် ထင်မှတ်မထားမိချေ။
ထို့အပြင် ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက လင်းလန်ထံသို့ လှမ်းသွားပြီး သူမအား ရင်ခွင်ထဲထည့်၍ ပွေ့ဖက်လိုက်သည်ကို ဟေးဟန်ထိုက် တွေ့လိုက်ရသည်။
ယဲ့ဖန်က ဟေးဟန်ထိုက်ကို စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။
“မင်း မှန်တယ်၊ ငါက နတ်ဆိုးပဲ၊ ပြီးတော့ သူ့ယောက်ျား”
ဝုန်း!
ထိုစကားက ဟေးဟန်ထိုက်နှင့် အခြားသူများကို တွေဝေ၍ ရေထဲ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားသွားရစေသည်။
*ဧကရီရဲ့ တာအိုလက်တွဲဖော်က နတ်ဆိုးတစ်ကောင် ဖြစ်နေတယ်*
ဤသည်မှာ သုတ်သင်ခံရမည့် ပြစ်မှုပင်။
“ဧကရီ၊ ဒါက တာအို လက်တွဲဖော်လား၊ မင်းက နတ်ဘုရား ပြီးတော့ သူက … နတ်ဆိုးတစ်ကောင်ဆိုတာ မင်း သိရဲ့လား။ နတ်ဘုရားနဲ့ နတ်ဆိုးတွေက ဆန့်ကျင်ဘက်တွေလေ။ မင်း …”
ဟေးဟန်ထိုက်က လင်းလန်ကို မာန်မဲလေသည်။ သူ ထိတ်လန့်၍နေသည်။
*နတ်ဆိုးတဲ့လား*
သူ့စကားကြောင့် နဂါးငွေ့တန်း သိုင်းပညာရှင်များ ပြုံးလာကြသည်။
နဂါးငွေ့တန်း သိုင်းပညာရှင်များထံမှ နတ်ဆိုးစွမ်းအင်များ ပျံ့လွင့်လာသည်။
ဆယ်ယောက်၊ အယောက်ငါးဆယ်၊ တစ်ရာ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးငွေ့တန်း အင်ပါယာ၏ သန်မာသော အဖွဲ့များကြား၌ နတ်ဆိုးစွမ်းအင်များက မိုးထိမတတ် ထွက်ပေါ်လာ၏။
ဒုန်း!
ဤမြင်ကွင်းကြောင့် ဟေးဟန်ထိုက်၊ နာတာရှာနှင့် ကျားနက်အင်ပါယာမှ သိုင်းပညာရှင်များအားလုံး မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
*နတ်ဆိုးတွေ*
*အားလုံးက နတ်ဆိုးတွေပဲ*
နဂါးငွေ့တန်း အင်ပါယာကို နတ်ဆိုးမျိုးနွယ်က စိုးမိုးနေလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမှ မျှော်လင့်မထားမိချေ။
“ချီးတဲ့မှ၊ သူတို့ကို သတ်ပစ်ကွာ”
ဟေးဟန်ထိုက်သည် သူ့အနောက်မှ ကျားနက်အင်ပါယာ၏ သိုင်းပညာရှင်များကို ဒေါသတကြီး အမိန့်ပေးလိုက်သည်။
သူ့စကားကို ကြားပြီးသည်နှင့် နတ်ဧကရာဇ်အဆင့် လေးယောက်၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် နတ်ဘုရား ဂိုဏ်းချုပ်အဆင့် အယောက်သုံးဆယ်ကျော်တို့က ယဲ့ဖန်နှင့် အခြားသူများအား သတ်ဖြတ်ရန် ရှေ့သို့ ပြေးတက်လာကြသည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုသို့သောအချိန်၌ ဟင်းလင်းပြင် အက်ကွဲလာပြီး ဥပဒေသများ လွတ်ကင်းလာသည်။ ပြင်းထန်သော အင်အားများက ကမ္ဘာတစ်ခုလုံးကို ပေါက်ကွဲစေနိုင်သည်။
ထိုသို့သောအချိန်၌ ဝီခနဲ မြည်သံများ ထွက်ပေါ်လာလေသည်။
ဝီ! ဝီ! ဝီ!
အနက်ရောင် ပုရွက်ဆိတ်များက တိမ်စိုင်တိမ်မည်းများကဲ့သို့ ကောင်းကင် ထက်သို့ ပျံသန်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အင်အားကြီးသော ကျားနက် အင်ပါယာမှ သိုင်းပညာရှင်များကို ပတ်ရံသွားသည်။
နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက ဟေးဟန်ထိုက်နှင့် နာတာရှာတို့ကို သေမတတ် ကြောက်လန့်သွားစေသည်။