တိုက်ပွဲ
Vol. 5 Ch. 421
အမှန်တော့ ဗလာနယ်တစ်ခု ဖန်ဆင်းပြီး တိုက်ခိုက်မှ ဖြစ်တော့မည့် အခြေအနေသို့ ရောက်ရှိသွားသည့် အတွက် ချန်ပေသိုက ဗလာနယ် တစ်ခုကို ဖန်ဆင်းလိုက်ရခြင်း ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ကျုန်းစန်းတောင် တစ်ခွင်မှ သက်ရှိသတ္တဝါများမှာ သူတို့ နှစ်ယောက်၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ဓားသိုင်း စွမ်းအားများကို မခံနိုင်ကြတော့ပေ။
ဆန်းလျန်၏ "အစမရှိ၊ အဆုံးမရှိ" သိုင်းကွက်မှာ ချန်ပေသို၏ ဓားသိုင်းအောက်တွင် ပျောက်ဆုံး သွားရလေသည်။
ချန်ပေသို၏ ဓားသိုင်းမှာ အထွတ်ထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထိုသို့ ဓားတန်ခိုး စွမ်းအား မြင့်မားစေရန်အတွက် ချန်ပေသိုကလည်း ယဇ်ပူဇော်ရာ မိုးကို ရွာချပေးခဲ့ခြင်း ဖြစ်လေသည်။
ချန်ပေသိုဆိုသည်က တန်ခိုးစွမ်းအားကို ရွေးခြယ်ခဲ့သူဖြစ်ပြီး သူရွေးချယ်ခဲ့သည့် အရာကို သူယုံကြည်လေသည်။
ဆန်းလျန် အနေဖြင့် ပြေးစရာ နေရာမရှိတော့ပေ။ ထို့ကြောင့် သူကလည်း မပြေးခဲ့ပါ။
ချန်ပေသို၏ ဓားဝိညာဉ်သည် အချိန်နှင့် နေရာကို ဂရုမစိုက်ဘဲ ဒီရေကဲ့သို့ ဆန်းလျန်၏ နှလုံးသားဆီသို့ ဝင်ရောက် လာလေသည်။
ဆန်းလျန်သည် ချက်ချင်းပင် နှလုံးသားထဲတွင် ရေခဲအလင်းကို ဖန်ဆင်း လိုက်လေသည်။
ချန်ပေသို၏ ဓားဝိညာဉ်က ဆန်းလျန်၏ နှလုံးသားသို့ ထိုးစိုက်မိချိန်တွင် နတ်ဘုရား ထောင်ချောက်ဓားက ဆန်းလျန်၏ မျက်ခုံး နှစ်ခုကြားသို့ ချိန်ရွယ် ထားလေသည်။
ဆန်းလျန်မှာ သူ၏ မူလဝိညာဉ်ခန္ဓာ ပျောက်ကွယ် သွားတော့မည့် အလား ခံစား လိုက်ရလေသည်။
သူ၏ ဝိညာဉ် စွမ်းအားများသည် မူလဝိညာဉ် ခန္ဓာအတွင်းသို့ ဝင်ရောက်ကာ တဖြည်းဖြည်း မှေးမှိန် သွားလေသည်။
ဆန်းလျန် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
ထိုအချိန်မှာပင်…
ဆန်းလျန်၏ ဒြပ်စင်ငါးပါး မှော်ဝင်ဓားသည် ရေအသွင်သို့ ကူးပြောင်း သွားလေသည်။ ထို့နောက် ဗလာနယ် တစ်ခုလုံး ရေများ ပြည့်လျှံသွားပြီး ရေစင်များထဲတွင် လရောင်ခြည်ကို တွေ့မြင် နိုင်လေသည်။
ထိုသိုင်းကွက်မှာ ဆန်းလျန်၏ တတိယအဆင့် ဓားသိုင်းဖြစ်သည့် "ထိုက်ယင်းဗလာနယ်" ဓားသိုင်းပင် ဖြစ်လေသည်။ ဆန်းလျန်က ထိုဓားသိုင်းဖြင့် ချန်ပေသို၏ ဓားကို ခုခံလိုက်လေသည်။
ဗလာနယ်သည် စကြဝဠာ ထဲတွင် သီးခြား ဖြစ်တည်နေသည့် တွင်းနက်ကြီး တစ်ခုအလား ဖြစ်လေသည်။ အလင်းအလျင် သည်ပင်လျှင် ထိုဗလာနယ်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ပတ်ဝန်းကျင် တစ်ခုလုံးသည် မှောင်မိုက် တိတ်ဆိတ်နေလေသည်။
ရုတ်တရက်…
ပတ်ဝန်းကျင် တစ်ခုလုံး အေးစိမ့် လာလေသည်။
ရော့စွေမြစ်သည်ပင်လျှင် အေးစိမ့်မှုကြောင့် ရေခဲ အလွှာလေးများဖြင့် ဖုံးလွှမ်း နေလေတော့သည်။
တာအိုဆရာ ဟွမ်ကျန်းနှင့် ချင်းယင်းသည် ရော့စွေ မြစ်ရေပြင် ထက်ရှိ လှေငယ်လေး ပေါ်တွင် ထိုင်နေကြလေသည်။ ရေခဲ အလွှာများကြောင့် သူတို့၏ လှေငယ်လေးသည် ရွေ့လျားနိုင်ခြင်း မရှိဘဲ ငြိမ်သက် နေလေ၏။
ပင့်သက်ရှိုက်သံ အဆုံးတွင် ဆန်းလျန်၏ အော်ဟစ် လိုက်သံကို နေရာတိုင်းမှ ကြားလိုက် ရလေသည်။
ဆန်းလျန်၏ အော်သံသည် စကြဝဠာ ထောင့်တိုင်းမှ ပဲ့တင်ထပ်ကာ ထွက်ပေါ် လာသကဲ့သို့ ဖြစ်ပြီး အအေးဓာတ်မှာလည်း လူတိုင်း၏ နှလုံးသားကိုပင် အေးခဲသွားတော့မည့် အလား ဖြစ်လေသည်။
အေးခဲစေခြင်းသည် အရာအားလုံးကို ခဏတော့ ရပ်တန့် သွားစေလေသည်။ အေးခဲမှု အောက်တွင် ဖုံမှုန့်လေးတစ်မှုန်ပင်လျှင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
ရေခဲအလင်း စွမ်းအားကြောင့် ချန်ပေသို၏ ဓားဝိညာဉ်သည် ဆန်းလျန်၏ နှလုံးသားထဲတွင် ပေါက်ကွဲ မသွားတော့ဘဲ ငြိမ်သက် သွားလေသည်။ ဆန်းလျန်၏ မျက်ခုံးနှစ်ခု ကြားသို့ တိုးဝင်လာသည့် နတ်ဘုရား ထောင်ချောက်ဓားမှာလည်း အအေး ဒဏ်ကြောင့် နှေးကွေး သွားလေသည်။
ဆန်းလျန် ပထမဆုံး အသုံးပြုသည့် ဓားသိုင်းမှာ "စတင်မွေးဖွားခြင်း" ဆိုသည့် ဓားသိုင်းဖြစ်ပြီး မိုးနှင့်မြေတွင် ယန်စွမ်းအားကို ကိုယ်စားပြုလေသည်။
ဒုတိယဓားသိုင်းမှာ " အစမရှိ၊ အဆုံးမရှိ" ဖြစ်ပြီး တာအို၏ အစမရှိ၊ အဆုံးမရှိ နက်ရှိုင်းခြင်းကို ဆိုလိုလေသည်။ တာအိုသည် အစမရှိ၊ အဆုံးမရှိသလို နတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းသည်လည်း အစမရှိ၊ အဆုံးမရှိ နိုင်ပေ။ ထိုနတ်ဘုရားဂိုဏ်းသည် ချင်းရွှမ် နတ်တံခါးဖြစ်ပြီး ထိုဓားသိုင်းထဲတွင် ချင်းရွှမ် နတ်တံခါး၏ ဓလေ့ထုံးတမ်းများ ပါဝင်လေသည်။
တတိယအကြိမ် အသုံးပြုလိုက်သည့်ဓားသိုင်းမှာ "ထိုက်ယင်းဗလာနယ်" ဓားသိုင်းဖြစ်ပြီး ထိုဓားသိုင်းထဲတွင် ဆရာဘွားဘွား ကျိလင်နှင့်အတူ ဖြတ်သန်းခဲ့ကြရသည့် သေခြင်းရှင်ခြင်း တိုက်ပွဲများမှ အတွေ့အကြုံများကို ထည့်သွင်း ထားလေသည်။ အထူးသဖြင့် ထိုဓားသိုင်းတွင် ထိုက်ရွှီးနည်းဗျူဟာ၏ နက်ရှိုင်းသည့်တန်ခိုးစွမ်းအားများ ပါဝင်လေသည်။
ထိုဓားသိုင်း အဆင့်သုံးဆင့်ကို တစ်ခုချင်း ဆန်းလျန်က ထုတ်ဖော် အသုံးပြုလိုက်ခြင်း ဖြစ်ပြီး ထိုဓားသိုင်း အဆင့်များ၏ အဓိကအခြေခံမှာ "အစမရှိ၊ အဆုံးမရှိ" ကို အခြေခံထားခြင်း ဖြစ်လေသည်။ ထိုဓားသိုင်း အခြေခံတွင် ယန်ကို ယင်အဖြစ် ပြောင်းလဲနိုင်လေသည်။ ထိုဓားသိုင်းသည် မိုးမြေ သဘာဝတရားများ၏ စည်းကမ်းများအတိုင်း မပျက်စီးနိုင်သည့် ထာဝရ တာအိုကို တည်ဆောက်နိုင်ခဲ့သည်။
ထို့ကြောင့် ဆန်းလျန်သည် တကယ်တမ်း သေရေးရှင်ရေးနှင့် ကြုံတွေ့ရသည့် အခါတွင် ဓားသိုင်း တန်ခိုးစွမ်းအားကို ရေခဲအလင်းဖြင့် ပေါင်းစပ်ကာ ဗလာနယ် တစ်ခုလုံးကို အေးစက်သည့် အမှောင်ထုအဖြစ် အသွင်ပြောင်း ပစ်လိုက်ခြင်း ဖြစ်လေသည်။
သို့သော်… ချန်ပေသို၏ဓားကတော့ ရေခဲထုကို ဖြတ်သန်းကာ ဆန်းလျန်ဆီသို့ ဖြည်းဖြည်းချင်း လာနေလေသည်။
ဆန်းလျန်သည် ရသမျှအချိန်တွင် ချန်ပေသို၏ဓားသိုင်းမှ ဟာကွက်ကို မရ ရအောင် ရှာဖွေ နေခဲ့လေသည်။
နောက်ဆုံးတွင်တော့ ချန်ပေသို၏ ဓားသိုင်းတွင် ဟာကွက်တစ်ခုကို ဆန်းလျန် တွေ့မြင် ခဲ့ရလေသည်။ ထိုဟာကွက်သည် သူ လွတ်မြောက်ရန် အတွက် လမ်းစပင် ဖြစ်လေသည်။
သို့သော်… ထိုဟာကွက်ကို အသုံးပြုကာ လွတ်မြောက်ရန် ကြိုးစားခြင်းမှာ လွယ်ကူ လှသည်တော့ မဟုတ်ခဲ့။ ဆန်းလျန်သာ တစ်ချက် ပေါ့ဆ မိသွားပါက တစ်ချက်တည်းနှင့် အသက်ပျောက် သွားမည် ဖြစ်လေသည်။
မည်သို့ပင် ဖြစ်စေ လက်ရှိ အချိန်တွင်တော့ ဆန်းလျန်သည် အဆုံးသတ် အချိန်နှင့် ရင်မဆိုင်ရသေးပေ။
ဆန်းလျန်သည် သူ၏ မှော်ဝင်ဓားကို ဝှေ့ယမ်းလိုက်လေသည်။
သူက ပုံမှန်ထက် ငါးဆမြန်အောင် ဓားကို ဝှေ့ယမ်းလိုက်ခြင်း ဖြစ်သည့်အတွက် ဓားသွားမှ ရောင်စဉ် ငါးမျိုးသည် ဓားသွား ငါးခုအလား ဖြာထွက် လာလေသည်။ မှောက်မိုက်နေသည့် ဗလာနယ်ထဲတွင် ဓား၏ အလင်းရောင်များကိုသာ တွေ့မြင်ရလေသည်။
ထိုဓားသိုင်းသည် ဆန်းလျန်၏ ဓားသိုင်း ခုနစ်ဆင့်တွင် နောက်ဆုံး အဆင့် ဓားသိုင်း ဖြစ်လေသည်။ ထိုဓားသိုင်းကွက် ထဲတွင် ဒြပ်စင် စွမ်းအားငါးမျိုးလုံး ပါဝင်လေသည်။
နတ်မိစ္ဆာပင် ဖြစ်စေ၊ နတ်ဘုရားပင် ဖြစ်စေ ထိုဓားသိုင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ချန်ပေသိုသည် ဆန်းလျန်၏ ဓားရောင်စဉ်များ ကြားတွင် ပိတ်မိ နေလေတော့သည်။
တိုက်ပွဲကို ကြည့်နေကြသူများမှာ ဆန်းလျန် ထိုကဲ့သို့ ပြန်လည် တိုက်ခိုက်မည်ဟု ထင်မှတ် မထားခဲ့ကြပေ။ သူတို့သည် မယုံကြည်နိုင်စွာဖြင့် တိုက်ပွဲကို ငေးကြည့် နေကြလေသည်။
ဓားရောင်စဉ်များကို တွေ့မြင်ရသည်နှင့် ဆန်းလျန်၏ အလျှော့ မပေးသည့် စိတ်ဓာတ်ကို အားလုံးက သိမြင်နားလည် သွားကြရသည်။
ကိုယ်ပျောက် ဓားဝိညာဉ်ကို အခြေခံကာ တီထွင်ထားသည့် ဆန်းလျန်၏ ဓားသိုင်း အဆင့်ခုနစ်ဆင့်သည် အလွန်မှ မကြုံစဖူး ထူးခြားလွန်းသော ဓားသိုင်း ဖြစ်လေသည်။ ဓားသိုင်း ကျင့်ကြံသူ လောကတွင် မှတ်ကျောက်တင် နိုင်မည့် ဓားသိုင်းဟုပင် ဆိုနိုင်လေသည်။
ဟွမ်ကျန်းနှင့် ချင်းယင်းသည် ဓားသိုင်း ယှဉ်ပြိုင်နေရာ ကျုန်းစန်းတောင်ဆီသို့ ကြည့်နေ ကြလေသည်။
တိုက်ပွဲကို မမြင်ရသည့်တိုင် ရောင်စဉ် ငါးမျိုးကိုတော့ သူတို့ တွေ့မြင် နေကြရလေသည်။
ဆန်းလျန်သည် သူ၏ မူလတန်ခိုး စွမ်းအား အရင်းအမြစ် ငါးခုကို အသုံးပြုနေဟန် ရှိလေသည်။ ထို့ပြင် ထိုတိုက်ကွက်သည် ဆန်းလျန်၏ နောက်ဆုံး တိုက်ကွက် ဖြစ်လေသည်။
ချန်ပေသိုသည် ဆန်းလျန်ကို မည်သည့် နည်းနှင့်မျှ အလွတ်ပေးမည် မဟုတ်ပေ။
ဆန်းလျန် နောက်ဆုံး သုံးလိုက်သည့် ဓားသိုင်းသည် ချန်ပေသိုကို မတားဆီး နိုင်ခဲ့လျှင် ဆန်းလျန်တွင် နောက်ထပ် တိုက်ခိုက်စရာ သိုင်းကွက် ကုန်သွားပြီ ဖြစ်လေသည်။
"ဆန်းလျန်သာ ရှုံးသွားခဲ့ရင် ကျုပ်က သူ့ကို ဒီလှေနဲ့ ကယ်ထုတ် သွားမယ်၊ မင်းက ကျန်တာ ဆက်လုပ်လိုက်"
ဟွမ်ကျန်းက ချင်းယင်းကို အလေးအနက် ပြောလိုက်လေသည်။
"ဟွမ်ကျန်းအရှင်၊ ကျွန်မတို့က ဘာလို့ သူ့ကို ကယ်ရမှာလဲ"
ချင်းယင်းက နားမလည်နိုင်စွာဖြင့် ပြန်မေး လိုက်သည်။
"ကျုပ် သူ့ကိုကယ်ရတာ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းအတွက်ပါပဲ"
ဟွမ်ကျန်းက သက်ပြင်းချရင်း ပြန်ပြောလိုက်လေသည်။
ဟွမ်ကျန်းသည် နာကျင် ဝမ်းနည်းနေသည့်ဟန် ရှိနေပြီး သူ၏ မျက်ဝန်းများထဲတွင် ယူကျုံးမရ ဖြစ်မှုများကို တွေ့မြင် နိုင်လေသည်။
တိတ်ဆိတ်သည့် အမှောင်ထုထဲတွင်တော့ စိတ်ကူးကြည့်၍ပင် မရနိုင်သော ပြင်းထန်သည့် တိုက်ပွဲ တစ်ခုသည် ဆက်လက် တိုက်ခိုက်လျက် ရှိလေပြီ။
ဆန်းလျန်၏ ဓားရောင်ခြည် ငါးခုသည် ချန်ပေသိုကို ဝန်းရံထားပြီး အရှိန်အဟုန် ပြင်းစွာဖြင့် တိုက်ခိုက် နေလေသည်။
နတ်ဘုရားနှစ်ပါး၏ အကွာအဝေးမှာ မယုံနိုင်စရာ ကောင်းလောက်အောင် နီးကပ်လျက် ရှိလေသည်။
သူတို့ နှစ်ယောက်သည် လောကတစ်ခွင်ရှိ ကျင့်ကြံသူ အများစုထက် သာလွန်သည့် နတ်ဘုရားများ ဖြစ်ကြလေသည်။ သူတို့ နှစ်ဦးလုံးထံတွင် တန်ခိုးစွမ်းအား၏ အနှစ်သာရကို တွေ့မြင်နိုင်သည်။
ချန်ပေသို၏ သွေးနီရောင် ဓားသွားသည် ဆန်းလျန်၏ ဓားရောင်စဉ် ငါးခုကို တဖြည်းဖြည်းချင်း ထိုးဖောက် ဝင်ရောက် လာလေသည်။
သွေးနီရောင် ဓားသွား၏ သက်ရောက်မှု စွမ်းအားမှာ အလွန် ကြီးမားလွန်းသည့် အတွက် ရေခဲ အလင်း စွမ်းအားများသည် တဖြည်းဖြည်း ပျက်ပြယ် လာရလေသည်။
ဆန်းလျန်သည် သူ၏ နေရာတွင် ရပ်နေဆဲ ဖြစ်လေသည်။
သူ၏ မူလဝိညာဉ် ခန္ဓာမှာ ထုံကျဉ်နေလေပြီ။ သူက ချန်ပေသို၏ သွေးနီရောင် ဓားသွားကို တားဆီးရန် အတွက် သူ၏ ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို အစွမ်းကုန် အသုံးပြုနေလေသည်။
တစ်ချိန်တည်းမှာပင်…
ဆန်းလျန်၏ အရိုးကျနေသည့် ညာဘက်လက်ဆီမှ အသားစများသည် စတင်ပြီး ပုပ်လာ လေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း လဲကျ သွားလေတော့သည်။
ဆန်းလျန် ရရှိထားသည့် ဒဏ်ရာသည် ကြီးမားသည့် အကျိုးဆက်ကို ဖြစ်စေခဲ့လေပြီ။
ကုသ၍ မရတော့သည့် ဆန်းလျန်၏ ညာဘက်လက်သည် တိုက်ပွဲတွင် အကြီးမားဆုံး အားနည်းချက် ဖြစ်ခဲ့ရလေပြီ။
ဆန်းလျန်သည် မှော်ဝင်ဓားကို ထိန်းချုပ်ထားနိုင်စွမ်း ပျောက်ဆုံး သွားရပြီး ဗလာနယ်ထဲမှ မှော်ဝင်ဓား၏ ရေစွမ်းအားသည် အက်ကွဲ သွားရလေတော့သည်။
***