← Chapters

ဖြတ်တောက်ခြင်း

Vol. 5 Ch. 422

ဖြတ်တောက်ခြင်း

Vol. 5 Ch. 422

ဆန်းလျန်၏ ဘဝတွင် မရေမတွက်နိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

သို့သော်… ယခု ရင်ဆိုင်နေရသော အန္တရာယ် များလှသည့် အခြေအနေမျိုးကို တစ်ခါမှ ကြုံခဲ့ဖူးခြင်း မရှိပေ။ "သေခြင်းတရား" သည် သူနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။ သူ၏ ရုပ်ခန္ဓာသည် တဖြည်းဖြည်း လဲပြိုကျနေပြီး သူ၏ မူလဝိညာဉ် ခန္ဓာသည် တဖြည်းဖြည်း ပျက်ပြယ် နေခဲ့ပြီ။

သူသေဆုံး သွားသည်နှင့် သူ၏ ဒြပ်စင် ငါးပါး မှော်ဝင်ဓားသည်လည်း အချိန်နှင့် နေရာအတိအကျ မရှိခြင်းတွင် လွင့်မျော သွားပြီး ပျောက်ကွယ် သွားပေလိမ့်မည်။

ဆန်းလျန်သည် သူတစ်ဘဝလုံး ကျင့်ကြံခဲ့သမျှ အနှစ်သာရ တန်ခိုးစွမ်းအားများ အားလုံးကို သူ့နှလုံးသားဆီမှ ဖော်ထုတ် လိုက်ပြီး မှော်ဝင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလေသည်။ သူသည် နောက်ဆုံး ဓားသိုင်းကို ဖော်ထုတ် ချင်ခဲ့မိသေးသည်။ သို့သော်… ဖြစ်နိုင်ချေများ အားလုံးကို သူပြုလုပ်ခဲ့ပြီးပြီ။

"ပြီးပြည့်စုံတယ် ဆိုတာ အပြစ်ကင်းစင်တာကို ပြောတာ မဟုတ်ဘူးပဲ၊ ပြီးပြည့်စုံတယ် ဆိုတာ အဆုံးမရှိ အသုံးပြုနိုင်ခြင်းကို ဆိုလိုတာပဲ"

ဆန်းလျန် တွေးလိုက်မိသည်။

သေခြင်းတရားကို ရင်ဆိုင်နေရသည့် နောက်ဆုံး အချိန်တွင် ဆန်းလျန် ခေါင်းထဲသို့ ဝင်လာသည့် အတွေး ဖြစ်လေသည်။

ကမ္ဘာကြီးကို "ဖြစ်တည်မှု" မှ မွေးဖွား လာသည်။

"ဖြစ်တည်မှု" ဆိုသည်က "မရှိမှု" မှ လာလေသည်။

နောက်ဆုံးတော့ "မရှိမှုတရား" သည် "လွတ်လပ်ခြင်း" ပင်ဖြစ်လေသည်။

ထိုသဘောတရားသည် "ရှိခြင်းမရှိခြင်း ဓားဝိညာဉ်" ၏ အခြေခံ သဘောတရားပင် ဖြစ်လေသည်။

သူ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာသည် "ဖြစ်တည်" နေပါက သူသည် "မရှိမှုတရား" သို့ အဘယ်သို့ ပြောင်းလဲနိုင်ပါမည်နည်း။ သို့သော် "ဖြစ်တည်မှု" မှ "မရှိမှု" သို့ သွားခြင်းသည် လောကနိယာမနှင့် ဆန့်ကျင် နေလေသည်။ ဆန်းလျန်သည် သူ၏ဖြစ်တည်မှုကို "မရှိမှု" သို့ ပြောင်းလဲမည်ဆိုပါက အောင်မြင်ရန်မှာ မဖြစ်နိုင်သလောက် ရှိလေ၏။

ဆန်းလျန်၏ ရုပ်ခန္ဓာ တဖြည်းဖြည်း ပျက်စီးနေခြင်းသည် ပြန်လည် ဖြစ်တည်ရန် အတွက် အဓိက အဟန့်အတား ဖြစ်လေသည်။

အကယ်၍ သူသာ ချန်ကျင်းချင်၏ အသွေးနှင့်အသားကို ရယူခဲ့လျှင် သူ၏ ရုပ်ခန္ဓာ ပျက်စီးခြင်းကို ရင်ဆိုင်ရမည် မဟုတ်ပေ။

သို့သော်…  အပြစ်မဲ့သည့် ချန်ကျင်းချင်ကို သူအသက် ရှင်သန်ရန် အတွက် စတေးခံခိုင်းရန်မှာ ကိုယ်ကျင့်တရားနှင့် ကိုက်ညီခြင်းမရှိပေ။

ယခုတော့ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်တိုင် ဆန်းလျန်သည် လူသားဆန်မှုကို သိမြင် ခံစားနိုင်ခဲ့လေသည်။ သူသည် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် နိုင်ခဲ့သည့်တိုင် သူသည် လူသား တစ်ယောက်ပင် ဖြစ်ခဲ့သည် မဟုတ်ပါလား။

ထို့ပြင် လူတစ်ယောက်ကို သူ၏ ဆန္ဒမပါဘဲ အတင်းအကြပ် ဖိအားပေးခြင်းက အခြားသူ၏ ရပ်တည်ချက်ကို မလေးစားခြင်းပင် ဖြစ်လေသည်။

ချန်ပေသို၏ ဓားချက်ကြောင့် အေးခဲနေသော ဗလာနယ်သည် တစ်ချက် တုန်ခါ သွားလေသည်။

ဆန်းလျန် လက်ထဲမှ ဒြပ်စင်ငါးပါး မှော်ဝင်ဓားသည် အရောင်များ မှေးမှိန်သွားခဲ့ပြီ။ ဓားဆီမှ ငိုညည်းသံ သဲ့သဲ့ကဲ့သို့ အသံတစ်သံကို ကြားနေရလေသည်။

ဆန်းလျန်က လဲကျနေလျက်နှင့်ပင် သူ၏ဓားကို အသာအယာ ပွတ်သပ်လိုက်ပြီး ….

"မင်းရဲ့သခင်က သူ့ဘဝမှာ ဘာကိုမှ မကြောက်ခဲ့ဘူး၊ ဒီနေ့လည်း အဲဒီ အတွက်တော့ ခြွင်းချက် မရှိဘူး"

ဆန်းလျန်က တိုးတိတ်စွာ ပြောလိုက်သည်။

ဆန်းလျန်သည် မှော်ဝင်ဓားကို လက်ဖြင့် ဆုပ်ကိုင်ထားရင်းမှပင် ဓားသွားကို လက်ဖြင့် တစ်ချက် ခေါက်လိုက်သည်။

အဖြူရောင် မီးလျှံများ ထွက်ပေါ်လာပြီး မီးတောက်များသည် ဆန်းလျန်နှင့် သူ၏ မှော်ဝင်ဓားကို ဝါးမျိုသွားလေသည်။ မီးတောက်များအလယ်မှ ဇာမဏီ ငှက်အော်သံကို စူးရှစွာ ကြားလိုက်ရလေသည်။

ရွှမ်တယ်ဓားမှ စုပ်ယူထားသည့် ဇာမဏီငှက် ပြန်လည် မွေးဖွားရာ "ကောင်းကင်မီးတောက်" ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါး…

ချမ်းမော့သည် ကောင်းကင် ကိုးခုထိတိုင်အောင် ထိုးဖောက် ပျံသန်းသွားပြီး သူမ၏ အော်ဟစ်သံကို နေရာအနှံ့မှ ကြားနိုင်လေသည်။ အစိမ်းရောင် မီးတောက်များက သူမ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး အတောင်ပံများက တဟုန်းဟုန်း ရိုက်ခတ် နေလေသည်။

ချင်းရွှမ်တောင် တစ်ခွင်လုံးမှ မိုးမြေ စွမ်းအား လှိုင်းလုံးကြီးများသည် တလိမ့်လိမ့် တက်လာပြီး ချင်းရွှမ်တောင်မှ ကျင့်ကြံသူများမှာ ဆက်လက် ကျင့်ကြံ၍ မရကြတော့ပေ။

ကျီဖူတောင်ထိပ်တွင်တော့ ကျိလင်နတ်သမီးသည် မြောက်ဘက် အရပ်သို့ ငေးမော ကြည့်နေလေသည်။ သူမသည် မည်သည့် စကားမှ ဆိုခြင်းမရှိပေ။

မြောက်ဘက်ဆီမှ အဖြူရောင် အလင်းတန်းသဲ့သဲ့ကို မြင်တွေ့ရမည် ဖြစ်လေသည်။

လင်ကွမ်းနတ်သမီးက ကျိလင်နတ်သမီး၏ နောက်တွင် ရပ်နေလေသည်။

"အဲဒါ ကောင်းကင်ဘုံလား…"

လင်ကွမ်းနတ်သမီးက မေးလိုက်သည်။

ကျိလင်နတ်သမီးက သက်ပြင်းတစ်ချက်ချရင်း…

"အဲဒါ ကောင်းကင်ဘုံ မဟုတ်ပါဘူး၊ ရှိခြင်းကနေ မရှိခြင်းကို ပြောင်းလဲသွားပြီး တာအိုနဲ့ တစ်သားတည်း ကျသွားတာ"

ကျိလင်နတ်သမီး၏ စကားကြောင့် လင်ကွမ်းနတ်သမီးသည် ထိတ်လန့်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားလေသည်။

"ကျွန်မက ရှင်တို့လောက် နားလည်နိုင်စွမ်း မမြင့်မားပါဘူး၊ ဒါပေမယ့် ကျွန်မသိသလောက် တာအိုနဲ့ တစ်သားတည်း ကျတယ်ဆိုတာ တကယ် နက်နဲတဲ့ ကိစ္စပဲ၊ မိုးကောင်းကင် နတ်ဘုရားတွေတောင်မှ အဲဒီအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ လူတစ်ယောက် ထာဝရ ပျက်စီးသွားပြီး ပြန်လည်ဖြစ်တည်ဖို့ဆိုတာ ဘယ်လိုလုပ် လွယ်ကူမှာတဲ့လဲ"

လောကတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံးမှာ "တာအို" ပင် ဖြစ်လေသည်။

"တာအို" သည် စကြဝဠာတွင် အရာအားလုံးပင် ဖြစ်လေသည်။ ကြယ်စင် တစ်စင်းမှ မြူမှုန်လေးတစ်ခု အထိ အရာအားလုံးကို သတ်မှတ်ထားသည့် နိယာမအတိုင်း ဖြစ်တည်စေခဲ့သည်။

"တာအိုနှင့် တစ်သားတည်း ကျခြင်း" ဆိုသည်မှာ ကျင့်ကြံသူတိုင်း လိုချင်သည့် အိပ်မက်ပင် ဖြစ်လေသည်။

ကျင့်ကြံသူ တစ်ယောက်သည် "တာအိုနှင့် တစ်သားတည်း ကျသွားပြီ" ဆိုပါက ကျင့်စဉ်လမ်း အဆုံးထိ လျှောက်လှမ်းနိုင်ပြီဟု ဆိုနိုင်လေသည်။

တာအို ဆရာသခင်ကြီး (သို့မဟုတ်) ဗုဒ္ဓ မဖြစ်သေးမချင်း ထိုသို့သော အဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

သို့သော် ဆန်းလျန်ကတော့ ခြွင်းချက် ဖြစ်လေသည်။

လက်ရှိ ဆန်းလျန် ရောက်ရှိသွားသည့် အဆင့်သည် သူ့ဘဝတွင် ရောက်ရှိ တက်လှမ်း သွားနိုင်ရန် မည်သို့မျှ မဖြစ်နိုင်သည့် အဆင့်ဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်ရှိနိုင်ရန် မိုးကောင်းကင် နတ်ဘုရားများသာလျှင် ကြိုးစားနိုင်စွမ်း ရှိလေသည်။

ဆန်းလျန်သည် "ဖြစ်တည်မှု" မှ "မရှိမှုတရား" သို့ ပြောင်းလဲ သွားအောင် ကြိုးစားခဲ့သည်။

"မရှိမှုတရား" မှ "ဖြစ်တည်မှု" သို့ ပြန်လည် တည်ဆောက်သည့် ဖြစ်စဉ်တွင် ဆန်းလျန်၏ ဘဝတစ်ခုလုံး အဆုံးသတ် သွားနိုင်သေးသည်။

ရော့စွေ မြစ်ရေထက်မှ လှေငယ်လေးထက်တွင်…

ဟွမ်ကျန်းသည် သက်ပြင်း တစ်ချက် ချလိုက်မိလေသည်။

"အရင်တုန်းက ကျုပ် သူနဲ့ မိတ်ဆွေမဖွဲ့မိတာ အရမ်းမှားခဲ့တယ်…"

ဟု ပြောလိုက်လေသည်။

မြစ်ရေပြင်ထက်မှ ရေခဲအလွှာမှာ စတင် အရည် ပျော်လာခဲ့ပြီ ဖြစ်လေသည်။

မြစ်အောက်ပိုင်းရှိ မြစ်ကြမ်းပြင်တွင် ဧရာမ သားရဲကြီး တစ်ကောင် ရှိနေလေသည်။

ဆန်းလျန်သည် ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့ပါ။

သူ၏ မျက်ဝန်းထဲတွင် "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်မှ ကျောက်စိမ်း ကျိုင်းတံကို ကိုင်ထားသည့် နတ်ဘုရားကို မြင်ယောင် နေမိလေသည်။

သူ၏ စိတ်နှင့်ဝိညာဉ်သည် စကြဝဠာ မဖြစ်တည်မီ အချိန်သို့ ရောက်ရှိ နေလေသည်။

မည်သည့် အရာမှ မတည်ရှိ…

ကြည်လင်မှု မရှိ…

အလင်းမရှိ…

လမ်းကြောင်း မရှိ…

သုံးဖက်မြင် လောက၏ အမြင်များလည်း မရှိ…

"မရှိမှုတရား ဆိုသည်မှာ စတင် ဖြစ်တည်ရာ၏ အရင်းအမြစ် ဖြစ်လေသည်။ နတ်ဘုရားတို့၏ အနှစ်သာရ၊ မိုးမြေမှ အသက်ဓာတ် စွမ်းအားများ၊ သက်ရှိ သတ္တဝါ အားလုံးသည် ထို မရှိမှုတရားမှ မွေးဖွားလာခဲ့ ကြလေသည်။ ဒြပ်စင်စွမ်းအား ငါးမျိုးသည်ပင် မရှိမှုတရားမှ ဖြစ်တည် ဆင်းသက်လာခဲ့ခြင်း ဖြစ်လေသည်"

တာအိုကျမ်းစာ တစ်ပိုဒ်သည် ဆန်းလျန်၏ နှလုံးသား အတွင်းသို့ စီးဝင် လာလေသည်။

ထိုစာပိုဒ်မှ တစ်ဆင့် တာအို၏ အဓိပ္ပာယ်ကို သူ ရှင်းလင်းစွာ နားလည်ခဲ့ရသည်။

ယင်နှင့် ယန်

ဒြပ်စင်စွမ်းအား ငါးမျိုး…

သက်ရှိသတ္တဝါများ အားလုံး….

အရာအားလုံးသည် "တာအို" မှ ဆင်းသက် လာလေသည်။ "ဖြစ်တည်မှု" များအားလုံးကို မူလပုံစံသို့ ပြန်ပြောင်းမည် ဆိုလျှင် "မရှိမှုတရား" ဆီသို့ပင် ပြန်ရောက်မည် ဖြစ်လေသည်။ ထိုသို့ ပြောင်းလဲခြင်းသည်ပင်လျှင် "တာအို" ဖြစ်လေသည်။

သို့သော်…

သူမြင်ယောင်နေသည့် ကျောက်စိမ်း ကျိုင်းတံကိုင်ထားသည့် နတ်ဘုရားကတော့ "ယင်" လည်း မဟုတ်သလို "ယန်" လည်းမဟုတ်ပါ။

ထိုနတ်ဘုရားသည် အရာအားလုံးကို သိမြင်နေသည့် အထင်ကြီး လောက်ဖွယ်ရာ ဖြစ်တည်မှု တစ်ခု ဖြစ်လေသည်။

ထိုနတ်ဘုရားသည် "ဖြစ်တည်မှု" ကို ကျော်လွန်ခဲ့သည်။ ထို့ကြောင့် သေခြင်း တရားကိုလည်း ကျော်လွန် လေသည်။

လော်ဝါဒ အရှင်သခင်၊ မိုးနတ်မင်း၊ မိုးမြေ အရှင်သခင် စန့်ချင်း၊ ထုန်ထျန်း အရှင်သခင် …

ထိုနတ်ဘုရားသည် ထိုသူများအားလုံး ဖြစ်နိုင်လေသည်။

သို့သော်…

ထိုသူများ အားလုံးလည်း မဟုတ်ပြန်ပေ။

အမှန်တော့ ထိုနတ်ဘုရားသည် ကြယ်အစုအဝေးဆီမှ တာအိုတရား၏ အစိတ်အပိုင်း ဖြစ်လေသည်။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ….

အချိန်ခွဲခြားမှု မရှိ ထိုနတ်ဘုရားကို တွေ့မြင်နိုင်လေသည်။

သို့သော်… ထိုနတ်ဘုရား၏ တည်ရှိမှု နောက်ကွယ်တွင် မည်သည့် အမှတ်အသားမှ ထင်ကျန်ခဲ့မည် မဟုတ်ပေ။

ဆန်းလျန်သည် နတ်ဘုရား အဘိုးအိုသည် ရော့ရှီကို လက်ဆင့်ကမ်း အမွေပေးခဲ့သည့် အိပ်မက် လိပ်ပြာကျင့်စဉ် အကြောင်း စဉ်းစားနေမိလေသည်။

ထိုကျင့်စဉ်ထဲတွင် သူမှတ်မိနေသော စာကြောင်း တစ်ခုရှိလေသည်။

"မိုးနှင့်မြေ လောက သဘာဝများအားလုံးသည် အိပ်မက်လိုပါပဲ။ ဘဝဆိုသည်မှာလည်း အိပ်မက် တစ်ခုပင် ဖြစ်လေပြီ။ သင်.. အိပ်မက်မှ နိုးထလျှင်တော့ အမှန်တကယ် လွတ်မြောက်ခြင်းကို ခံစား ရပေလိမ့်မည်"

လွတ်မြောက်ခြင်း…

အမှန်တော့ "လွတ်လပ်ခြင်း" ဆိုသည်ကို စကားလုံးများဖြင့် ရေးသား ဖော်ပြခြင်းငှာ တတ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်သည် တကယ် လွတ်မြောက် သွားမှသာလျှင် ထိုအရသာကို သိမြင် ခံစားနိုင်သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏  "ဖြစ်တည်မှု" ကို "မရှိမှုတရား" အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။

သို့သော်… သူက တာအိုနှင့် တစ်သားတည်း ကျသွားစေရန် အတွက် ထိုသို့ ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။ သူ့အဆင့်ဖြင့် ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်သေးကြောင်းကိုလည်း သူကောင်းစွာ သိထားလေသည်။ သို့သော် သူက ကောင်းကင် မီးတောက်ကို ထုတ်ဖော် လိုက်ခြင်းဖြင့် သူ၏ "ဖြစ်တည်မှု" မှာ "မရှိမှုတရား" သို့ ပြောင်းလဲသွားမည် မဟုတ်ပါ။

ချန်ပေသိုသည် ဆန်းလျန်ပြုလုပ်နေသည့် လုပ်ရပ်များကို နားလည်ခြင်း မရှိတော့ပေ။

အဘယ်ကြောင့် ဆိုသော် ချန်ပေသိုသည် "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်ကို ဆန်းလျန် ကျင့်ကြံထားခဲ့သည်ကို မသိသောကြောင့် ဖြစ်လေသည်။

ဟိုး ယခင် အစကတည်းကပင်…

"စိတ်အာရုံများကို ထိန်းချုပ်ခြင်း" စာအုပ်သည် ဆန်းလျန်၏ ဝှက်ဖဲတစ်ချပ် ဖြစ်ခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်လေသည်။

ထိုစာအုပ်ထဲမှ ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားသည် စိတ်ကူးယဉ် သက်သက် မဟုတ်ခဲ့ပေ။

ထိုနတ်ဘုရားသည် "လောက၊ သေခြင်းတရားနှင့် ဖြစ်တည်မှု" တို့မှ ကင်းလွတ်သည့် တာအို၏ အစိတ်အပိုင်း တစ်ခု ဖြစ်လေသည်။

ထို့ကြောင့်ပင် ဆရာသခင် ကျန်းရော့ရွှီးက "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်သည် တားမြစ်ထားသည့် စာအုပ် ဖြစ်သည်ဟု ပြောခဲ့ခြင်း ဖြစ်လေသည်။

ဆရာသခင်၏စကားသည်လုံးဝမှန်ကန်ခဲ့လေသည်။

အဘယ်ကြောင့် ဆိုသော် ထိုစာအုပ်သည် "တာအို"၏ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ကြီးမြတ်သည့် ဖြစ်တည်မှု တစ်ခုမှ ခွဲထွက် လာခဲ့သောကြောင့် ဖြစ်လေသည်။ စကြဝဠာ တစ်ခုလုံးတွင် ထိုစာအုပ်မျိုး နောက်တစ်အုပ် မရှိနိုင်ပေ။

"တာအို" သည် သက်ရှိများ အားလုံး၏ အစဖြစ်ပြီး သက်ရှိများ အားလုံးသည် မူလ ဖြစ်တည်မှု ဇာစ်မြစ်ဆီသို့ ပြန်လာနိုင်လေသည်။

သို့သော်…  "မူလဖြစ်တည်ခြင်း" ကို သီးခြား ဖယ်ထုတ်လိုက်မည် ဆိုလျှင်တော့ သူနှင့် ဆက်စပ်နေသည့် "ဖြစ်တည်မှုများ အားလုံး" သည် ပျက်သုဉ်း သွားရမည် ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏ စိတ်အာရုံ အတွင်းတွင် ပုံဖော်ထားသည့် ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားနှင့် မိမိကိုယ်ကို ပေါင်းစည်းရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။ သူက စိတ်ပျံ့လွင်စရာများ အားလုံးကို ဖယ်ရှား ပစ်လိုက်ပြီး စိတ်အာရုံကို စူးစိုက်ထားလေသည်။

ထိုအခါ … ဆန်းလျန် ကိုယ်တိုင်သည် "မရှိမှုတရား" ဖြစ်သည့် တာအိုအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။

ဆန်းလျန်သည် မတည်ရှိတော့ပါ။

ကောင်းကင် မီးတောက် ငြိမ်းသွားသည်နှင့် ဆန်းလျန်၏ တည်ရှိမှုလည်း ပျောက်ကွယ် သွားလေသည်။

တိတ်ဆိတ်နေသော ဗလာနယ်ထဲတွင် ဒြပ်စင်ငါးပါး မှော်ဝင်ဓားသာလျှင် ကျန်ရစ် ခဲ့လေသည်။

ချန်ပေသိုသည် သူ၏ဓားကို ပြန်ရုတ်သိမ်း လိုက်ပြီး ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို စိုက်ကြည့် နေလေသည်။

ထိုအချိန်မှာပင်…

မိုးနှင့်မြေကိုပင် ကျော်လွန် သွားသည့် ကြီးမားသည့် စွမ်းအားတစ်ခုကို ခံစားလိုက် ရလေသည်။

မျက်နှာကို မတွေ့မြင်ရသည့် နတ်ဘုရား တစ်ပါးသည် ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို ကိုင်လျက် ထွက်ပေါ် လာလေသည်။

"ဒီဓားကို "ဖြတ်တောက်ခြင်း" လို့ခေါ်တယ်"

ထိုနတ်ဘုရားက ပြောလိုက်လေသည်။

ထိုအသံမှာ ဆန်းလျန်၏ အသံပင် ဖြစ်လေသည်။

"ဖြတ်တောက်ခြင်း" ဆိုသည်မှာ တာအိုမှ ခွဲထွက်သွားသည့် အစိတ်အပိုင်း တစ်ခုကို ကိုယ်စား ပြုလေသည်။

***

All Chapters